အခန်း (၃၉၈-၃၉၉)
Vol. 37 Ch. 398-399
အခန်း (၃၉၈) - အနန္တအသွင်ကူးပြောင်းတံခါးကို ရရှိခြင်းနှင့် ငရဲပြည်ကို တည်ဆောက်ခြင်း
လင်းယာယီသည် အံ့အားသင့်လျက် ဝေခွဲမရ ဖြစ်နေသည်။
အလင်းဗုဒ္ဓနှင့်ကျီလျန်မယ်သီလတို့မှာမူ ပို၍ပင် တုန်လှုပ်ခြောက်ခြားလျက် ဇဝေဇဝါ ဖြစ်နေကုန်၏။
ဝူထျန်းဗုဒ္ဓဆိုတာ ဘယ်သူလဲ။
နောက်ထပ် ဗုဒ္ဓတစ်ပါး ရှိနေတာလား။
ဗုဒ္ဓလောင်းလျာ၏ မျက်နှာအမူအရာမှာ အထူးပင် ကြည်ညိုလေးမြတ်နေပြီး သူ၏ မျက်လုံးအစုံထဲတွင် ကြောက်ရွံ့မှု အရိပ်အယောင်အချို့ပင် ကိန်းအောင်းနေသည်။
"ဝူထျန်းဗုဒ္ဓ ပေါ်ထွန်းလာတဲ့အချိန်မှာ နေနဲ့လဟာ အလင်းကွယ်ပျောက်သွားတယ်၊ ကောင်းကင်နဲ့ မြေကြီးဟာ တုန်ခါသွားတယ်၊ ဗုဒ္ဓနယ်မြေတစ်ခုလုံး လှုပ်ခတ်သွားပြီး ဗုဒ္ဓရုပ်ပွားတော်တွေဆီကနေ သွေးမျက်ရည်တွေတောင် ကျခဲ့တယ်၊ ဒါဟာ တကယ့်ကို..."
"ဘာ..."
အလင်းဗုဒ္ဓ၏ စိတ်နှလုံးမှာ အလွန် တုန်လှုပ်သွားသည်။
ကျီလျန်မယ်သီလသည်လည်း သူမကြားရသည့်စကားကြောင့်အလွန်အံ့ဩသွား၏။
ဒါဟာ တကယ်ပဲ ဗုဒ္ဓတစ်ပါးပေါ်လာတာမှ ဟုတ်ရဲ့လား။ ဘာလို့ ကပ်ဘေးတစ်ခုနဲ့တူနေရတာလဲ။
လင်းယာယီသည် ထိုစကားကို ကြားရသောအခါ အနည်းငယ် စိတ်မသက်မသာ ဖြစ်သွား၏။
သွေးသခင်သည် ဗုဒ္ဓနယ်မြေတစ်ခုလုံးကိုပင် ဆိတ်ဆိတ်နေရအောင် ဖိနှိပ်နိုင်သည့် ထိုမျှအစွမ်းထက်သော ပုဂ္ဂိုလ်ကြီးနှင့် မည်သို့ သိကျွမ်းသွားရသနည်း။
"နောက်ပိုင်းမှာတော့ အထွတ်အထိပ်ဗုဒ္ဓက တိုက်ခိုက်ရေးဗုဒ္ဓ၊ အတိတ်ဗုဒ္ဓ၊ ပစ္စုပ္ပန်ဗုဒ္ဓနဲ့ ဗုဒ္ဓအပေါင်းတို့ရဲ့ အရှင်သခင် အစရှိတဲ့ ဗုဒ္ဓအများအပြားကို မိတ်ဆက်ပေးခဲ့တယ်"
ဗုဒ္ဓလောင်းလျာက ပြောရင်းမှ လက်အုပ်ချီလျက် ရှိခိုးလိုက်သည်။
အနာဂတ်ဗုဒ္ဓနှင့် ပတ်သက်သည့် မှတ်ဉာဏ်မှာမူ ထိုက်ဟန် စစ်မှန်ဗုဒ္ဓက ဖျက်ဆီးခဲ့သဖြင့် သူ ဘာမှ မသိတော့ပါ။
အမှန်စင်စစ်တွင် သာမန်စစ်မှန်ဗုဒ္ဓများပင်လျှင် အနာဂတ်ဗုဒ္ဓနှင့် ပတ်သက်သည့် မှတ်ဉာဏ်များကို မိမိအလိုအလျောက် ဖျက်ဆီးခဲ့ကြ၏။
အကြောင်းမှာ... အနာဂတ်ဗုဒ္ဓသည် အလွန်ကြီးမားသော အဓိပ္ပာယ်ကို ဆောင်သောကြောင့်ပင်။
"အဲဒီဗုဒ္ဓတွေဟာ ဗုဒ္ဓနယ်မြေရဲ့ အမြင့်ဆုံးတောင်ထိပ်မှာ အနန္တသစ္စာ တရားတော်တွေကို ထွန်းလင်းစေခဲ့တယ်၊ ဗုဒ္ဓတိုင်းပြည်ရတနာဟာ ပဉ္စမမြောက်ကောင်းကင်ဘုံကနေ အောက်ကို ကျဆင်းသွားပြီး အထွတ်အထိပ်ဗုဒ္ဓရဲ့ လက်ထဲကို ရောက်သွားတယ်၊ နောက်ဆုံးမှာတော့ အထွတ်အထိပ်ဗုဒ္ဓက ဝူထျန်းဗုဒ္ဓဆီကို လွှဲပြောင်းပေးခဲ့တာပါ"
ဗုဒ္ဓလောင်းလျာက တုန်ရီနေသော အသံဖြင့် သက်ပြင်းချလိုက်သည်။
ထိုစဉ်က မြင်ကွင်းမှာ သူ၏ မှတ်ဉာဏ်ထဲတွင် ယခုထက်တိုင် လတ်ဆတ်နေဆဲပင်။
ဗုဒ္ဓတိုင်းပြည်ရတနာမှာ ထိုပုဂ္ဂိုလ်၏လက်ထဲတွင် သာမန်ပစ္စည်းနှင့်မခြားတော့ပေ ။
မည်မျှကြီးမားသော ဖိနှိပ်နိုင်စွမ်းနည်း။
ဤစကားကို ကြားရသောအခါ လင်းယာယီသည် အသက်ပြင်းပြင်း ရှူလိုက်သည်။
ဤအရှိန်အဝါမျိုးကို သူ လိုချင်နေခြင်း ဖြစ်သည်။
"ဒါဆိုရင် ကျွန်တော်ရဲ့ ဆရာဖြစ်တဲ့ အထွတ်အထိပ်ဗုဒ္ဓကရော"
သူက ရင်ဘတ်ကို မတ်လိုက်ရင်း မေးမြန်းလိုက်သည်။
သူ၏ဆရာသည် အထွတ်အထိပ်ဗုဒ္ဓ ဖြစ်နေသည့်အတွက် သူကိုယ်တိုင် ဗုဒ္ဓတစ်ပါး ဖြစ်လာရန်မှာ ခက်ခဲသော ကိစ္စမဟုတ်ဟုလည်း တွေးကာ ရင်ခုန်လာ၏။
"အဲဒါကတော့..."
ဗုဒ္ဓလောင်းလျာက စဉ်းစားနေသည်။
"ဒီဗုဒ္ဓကို မြန်မြန် ပြောစမ်းပါ"
လင်းယာယီက အမိန့်ပေးလိုက်သည်။
ကျန်ရှိနေသော မြောက်ပိုင်းစုန်းဆယ့်သုံးပါးအပါအဝင် ထိုနေရာရှိ လူအားလုံးသည် လင်းယာယီကို ကြည့်လျက်... ဤလူမှာ အတော်ပင် မျက်နှာပြောင်လှသည်ဟု တွေးနေကြ၏။
...........
"အနန္တအသွင်ကူးပြောင်းတံခါး... မတွေ့ရတာ ကြာပြီနော်"
ကမ္ဘာမြေ၏ အဆုံးသတ်တွင်ကျိယွမ်သည် သွေးရောင်ဝတ်ရုံကို ဝတ်ဆင်လျက် တည်ငြိမ်စွာ ရပ်နေသည်။
ဗုဒ္ဓတစ်သောင်း ညီလာခံပြီးနောက် သူ၏ကြယ်အမြုတေသည် အနန္တအသွင်ကူးပြောင်းတံခါး၏ အရှိန်အဝါကို အာရုံခံမိခဲ့၏။
ယခုအခါ သူသည် ကမ္ဘာမြေ၏ အဆုံးသတ်သို့ တစ်ဦးတည်း လာရောက်ခဲ့ပြီး အနန္တအသွင်ကူးပြောင်းတံခါးရှေ့တွင် ရပ်နေသည်။
အနန္တအသွင်ကူးပြောင်းတံခါးသည် ကမ္ဘာမြေ၏ အစွန်းတွင် ရပ်တည်နေပြီး ဟင်းလင်းပြင်ထဲ၌ လွင့်မျောနေသကဲ့သို့ ဝေဝါးလှသည်။
[အနန္တအသွင်ကူးပြောင်းတံခါး... တံခါးအပေါင်းတို့၏ တံခါး။]
ကျိယွမ်သည် အနန္တအသွင်ကူးပြောင်းတံခါးကို ကြည့်လျက် သူ၏ စိတ်အာရုံဖြင့် ခေတ္တစစ်ဆေးလိုက်ရာ မျက်လုံးထဲတွင် ပြုံးယောင်သန်းသွားသည်။
"ဘယ်သူနဲ့မှ ပြိုင်စရာမလိုဘဲ ရတနာရှာရတာက ပိုကောင်းတာပေါ့"
ကန်းလန်နယ်မြေတွင် လျှို့ဝှက်နယ်မြေတစ်ခု ပွင့်လာလျှင်ဖြစ်စေ၊ ရတနာတစ်ခု ထွက်ပေါ်လာလျှင်ဖြစ်စေ လူအများအပြား လာရောက်လုယူကြလေ့ရှိသည်။
သင် အနိုင်ရလျှင်ပင် ရတနာကို မိမိလက်ထဲတွင် မြဲမြံစွာ မဆုပ်ကိုင်နိုင်သေးသရွေ့ စိတ်မချရပေ။
သို့သော် လျူဖုန်းနယ်မြေတွင်မူ ပုံစံချင်း မတူပေ။
ကျိယွမ်သည် တစ်ဦးတည်း ရှိနေသည်။
ကမ္ဘာမြေ၏ အဆုံးသတ်တွင် အခြားသော သက်ရှိများ မရှိကြပေ။
"အနန္တအသွင်ကူးပြောင်းတံခါး... မင်း ငရဲပြည်ကို မှတ်မိသေးလား"
ကျိယွမ်က တံခါးကို စမ်းသပ်ကြည့်သည့်အနေဖြင့် စကားပြောလိုက်သည်။
သူသည် အနန္တအသွင်ကူးပြောင်းတံခါးကို မည်သို့ မိမိပိုင်ဆိုင်အောင် လုပ်ရမည်ကို စဉ်းစားနေ၏။
အနန္တအသွင်ကူးပြောင်းတံခါးသည် မည်သည့်တံခါးအဖြစ်မဆို ပြောင်းလဲနိုင်သည်။
မိစ္ဆာမတစ်ဦးအတွက်မူ ၎င်းသည် မိစ္ဆာတံခါး ဖြစ်သည်။
မိစ္ဆာကြီးတစ်ပါးအတွက်မူ ၎င်းသည် နတ်ဆိုးတံခါး ဖြစ်သည်။
စစ်မှန်သော အရှင်သခင်တစ်ပါးအတွက်မူ ၎င်းသည် စစ်မှန်သော တရားတံခါး ဖြစ်သည်။
ကျိယွမ်သည် တံခါး၏ မှတ်ဉာဏ်ကို နှိုးဆွရန် ကြိုးစားလိုက်၏။
သို့သော် ကံမကောင်းစွာဖြင့် သူ၏ စကားများသည် အနန္တအသွင်ကူးပြောင်းတံခါးအပေါ် သက်ရောက်မှု မရှိပေ။
"မင်းက တကယ်တော့ ငါ့ရဲ့ ငရဲပြည်တံခါးပဲ၊ မင်း မမှတ်မိဘူးလား။ တစ်ခါက အိမ်ထဲကို သူခိုးဝင်လာတော့ မင်းကပဲ သူ့ကို ခြောက်လှန့်ပြီး လိုက်မောင်းခဲ့တာလေ။ အဲဒီအချိန်ကစပြီး ငါ မင်းကို လိုက်ရှာနေခဲ့တာပဲ"
ကျိယွမ်သည် အနန္တအသွင်ကူးပြောင်းတံခါးကို ဝမ်းနည်းဖွယ် အမူအရာဖြင့် ကြည့်လျက် သူပြောနေသည်မှာ အမှန်တရား ဖြစ်သကဲ့သို့ သရုပ်ဆောင်နေ၏။
သို့သော် သူ၏ သရုပ်ဆောင်မှုမှာ ညံ့ဖျင်းလှသဖြင့် တံခါးကို ဆွဲဆောင်နိုင်ခြင်း မရှိပေ။
ထိုအချိန်တွင် ကျိယွမ်သည် အနန္တအသွင်ကူးပြောင်းတံခါး အနီးသို့ ချဉ်းကပ်သွားပြီး သူ၏လက်ကို တံခါး၏ ပုံရိပ်ယောင်ဘောင်ပေါ်သို့ တင်လိုက်သည်။
"ကြည့်စမ်း... ဒါက သော့ပဲ၊ သက်သေပဲလေ"
သူက ပြောရင်းအနန္တအသွင်ကူးပြောင်းတံခါးသော့ကို ထုတ်ယူကာ တံခါးရှေ့တွင် ဝှေ့ယမ်းပြလိုက်၏။
ရုတ်တရက် ကျိယွမ် ကြောင်သွားသည်။
အကြောင်းမှာ သူသည် အနန္တအသွင်ကူးပြောင်းတံခါးကို တကယ်ပင် ဆုပ်ကိုင်မိသွားပြီး ၎င်းကို ယူဆောင်၍ပင် ရနေသောကြောင့် ဖြစ်သည်။
သူသည် စမ်းသပ်ကြည့်ရုံသာ ရှိသေးသော်လည်း တကယ်ပင် အနန္တအသွင်ကူးပြောင်းတံခါးကို ဆုပ်ကိုင်နိုင်လိမ့်မည်ဟု မမျှော်လင့်ထားပေ။
ကျိယွမ် အံ့ဩသွား၏။
စစ်မှန်သော တရားတံခါးသည် နတ်ဘုရားကမ္ဘာ၏ နံပါတ်တစ် ဖန်ဆင်းခြင်းအမွေအနှစ်ရတနာဖြစ်ရမည် မဟုတ်ပါလား။
သမိုင်းတစ်လျှောက်တွင် ကျင့်ကြံသူ အမြောက်အမြားသည် ဤတံခါးကို ပိုင်ဆိုင်ရန် ကြိုးစားခဲ့ကြသော်လည်း မည်သူမျှ မအောင်မြင်ခဲ့ကြပေ။
ဤတံခါးသည် နတ်ဘုရားကမ္ဘာတွင် ပိုင်ဆိုင်ရန် အခက်ခဲဆုံးသော ရတနာဟု ဆိုကြ၏။
ယခုမူ... ဤမျှ လွယ်ကူနေပါလား။
ကျိယွမ်သည် အနန္တအသွင်ကူးပြောင်းတံခါးကို ကြည့်လျက် စိတ်လှုပ်ရှားသွားသည်။
မည်သို့ပင်ဖြစ်စေ ကျိယွမ်သည် အနန္တအသွင်ကူးပြောင်းတံခါးကို မြဲမြံစွာ ဆုပ်ကိုင်ထားလိုက်၏။
"ဒါဟာ တကယ်ပဲ ငါ့မိသားစုရဲ့ တံခါးများလား"
"ဒါမှမဟုတ် ငါ့မှာ အနန္တအသွင်ကူးပြောင်းတံခါးသော့ ရှိနေလို့ ငါ ဆုပ်ကိုင်နိုင်တာလား"
သူ၏ ဘယ်ဘက်မျက်ခုံးမှာ လှုပ်ခတ်သွားရာ သူသည် တကယ်ပင် ကံကောင်းကြောင်း ပြနေသည်။
သို့သော် ကျိယွမ်သည် ယခုထက်တိုင် အပြည့်အဝ နားမလည်နိုင်သေးပေ။
"ဘာပဲဖြစ်ဖြစ်၊ အခုကစပြီး အနန္တအသွင်ကူးပြောင်းတံခါးဟာ ငရဲပြည်တံခါးပဲ"
အခွင့်အရေးရလာလျှင် အသုံးချရန် ကျိယွမ်က လုံးဝ ဝန်မလေးပေ။
သူသည် အနန္တအသွင်ကူးပြောင်းတံခါးကို ငရဲပြည်တံခါးအဖြစ် ပြောင်းလဲပစ်ရန် ဆုံးဖြတ်လိုက်၏။
ဤသည်မှာ ကျိယွမ်က ကျန်းလင်းစု၏ ဖခင်ထံမှ သင်ယူခဲ့သော မူဝါဒ ဖြစ်သည်။
တံခါး၏ မူလပိုင်ရှင်က လာရောက်တောင်းဆိုလျှင်ပင် ၎င်းမှာ ယခုအခါ ငရဲပြည်တံခါး ဖြစ်သွားပြီ ဖြစ်ကြောင်း လက်ခံရပေလိမ့်မည်။
ထို့နောက် ကျိယွမ်သည် အနန္တအသွင်ကူးပြောင်းတံခါးထဲသို့ လှမ်းဝင်လိုက်သည်။
တံခါးထဲသို့ ရောက်သွားသောအခါ မြင်ကွင်းမှာ ယခင်နှင့် မတူတော့ပေ။ ယခင်က တံခါးအတွင်း၌ မိစ္ဆာများစွာ ရှိနေခဲ့သော်လည်း ယခုအခါတွင်မူ အဆုံးမရှိသော ဟင်းလင်းပြင်ကြီးသာ ရှိတော့သည်။
"အနန္တအသွင်ကူးပြောင်းတံခါးထဲမှာ မြေနေရာ တော်တော်များတာပဲ"
ကျိယွမ်က တွေးလိုက်သည်။
"ဝူကွေ့မြို့၊အိုးကိုးလုံးတောင်၊ နောက်ပြီးရွှမ်ဟွမ် တားမြစ်နယ်မြေနဲ့ဓာတ်စင်ငါးပါး တားမြစ်နယ်မြေတွေကိုပါ ဒီထဲကို ပြောင်းရွှေ့ရင် ဘယ်လိုနေမလဲ"
လက်ရှိတွင် ကျိယွမ်၌ ကိုယ်ပိုင်မြေနေရာ မရှိပေ။ သို့သော် သူတွေးနေသော နေရာများမှာ သူနှင့် အကျွမ်းတဝင်အရှိဆုံး နေရာများ ဖြစ်သည်။
ဝူကွေ့မြို့နှင့် အိုးကိုးလုံးတောင်တို့မှာ သူနှင့် ပတ်သက်မှုရှိပြီးသား နေရာများ ဖြစ်သည်။
ထို့ကြောင့် သူသည် ဝမ်ယုကုန်းမြေတိုက်ကြီးမှ တားမြစ်နယ်မြေ လေးခုနှင့် မဟာကပ်ဘေးဆိုးကြီးတစ်ခုကိုပါ ပြောင်းရွှေ့ရန် ဆုံးဖြတ်လိုက်သည်။
၎င်းတို့သည် ငရဲပြည်အတွက် လုံလောက်သော မြေနေရာ ဖြစ်လာလိမ့်မည်။
ထိုသို့ စိတ်ကူးရရှိသွားသောအခါ ကျိယွမ်၏ ပုံရိပ်သည် မြင့်မြတ်ပြီး ခန့်ညားလာသည်။
သနားစရာကောင်းသော လူငယ်လေးအသွင်မှ ခန့်ညားထည်ဝါသော ကောင်းကင်ဘုံအရှင်အဖြစ်သို့ ပြောင်းလဲသွား၏။
ဟိန်းထွက်နေသော အသံကြီးမှာ ကောင်းကင်ယံတစ်ခုလုံးတွင် ပဲ့တင်ထပ်သွားသည်။
"အရှေ့ပိုင်းယွဲ့၊ ထိုက်ရှန်းတောင် ဧကရာဇ် (ထျန်းချီရန်ရှန်း)ငါ့ရဲ့ အမိန့်ကို နာခံပါ။ ကမ္ဘာ့အလယ်ဗဟိုကို သွားပြီး ဝူကွေ့မြို့ကို ပြည်သူတွေ ထိခိုက်မှုမရှိစေဘဲ ပြောင်းရွှေ့ပါ"
"တောင်ပိုင်းယွဲ့၊ ဟုန်ရှန်းတောင် ဧကရာဇ် (စစ်ထျန်းကျောက်ရှန်း) ငါ့ရဲ့ အမိန့်ကို နာခံပါ။ ကမ္ဘာမြေရဲ့ အဆုံးသတ်က ရေတွေကို စုစည်းပြီး ပင်လယ်မျိုးနွယ်စုတွေကို ထိခိုက်မှုမရှိစေဘဲ မေ့လျော့ခြင်းမြစ်ကို တည်ဆောက်ပါ"
"အလယ်ပိုင်းယွဲ့၊ ဆုန်းရှန်းတောင် ဧကရာဇ် (ကျုံးထျန်းဆုန်ရှန်း).. ငါ့ရဲ့ အမိန့်ကို နာခံပါ။ သစ်ပင်ပန်းမန်တွေကို ထိခိုက်မှုမရှိစေဘဲ အိုးကိုးလုံးတောင်ကို ပြောင်းရွှေ့ပါ"
"အနောက်ပိုင်းယွဲ့၊ ဟွာရှန်းတောင် ဧကရာဇ် (ကျင်ထျန်းယွမ်ရှန်း)... ငါ့ရဲ့ အမိန့်ကို နာခံပါ။ ဝမ်ယုကုန်းမြေတိုက်ကြီးကို သွားပြီး ရွှမ်ဟွမ် တားမြစ်နယ်မြေနဲ့ ဓာတ်စင်ငါးပါး တားမြစ်နယ်မြေတွေကို သက်ရှိတွေကို ထိခိုက်မှုမရှိစေဘဲ ပြောင်းရွှေ့ပါ"
"မြောက်ပိုင်းယွဲ့၊ ဟိန်ရှန်းတောင် ဧကရာဇ် (အန်းထျန်းရွှမ်ရှန်း)... ငါ့ရဲ့ အမိန့်ကို နာခံပါ။ ဝမ်ယုကုန်းမြေတိုက်ကြီးကို သွားပြီး ကောင်းကင်နဲ့ မြေကြီးရဲ့ ကပ်ဘေးဆိုးကြီးတွေကို စုစည်းပါ၊ ဘယ်သက်ရှိကိုမှ မထိခိုက်ပါစေနဲ့"
သူ၏ အမိန့်ပေးသံ ဆုံးသွားသည်နှင့် ကမ္ဘာမြေ၏ အဆုံးသတ်တွင် နတ်ဘုရားနှင့်တူသော ဧရာမ ပုံရိပ်ကြီး ငါးခု ပေါ်လာပြီး သွေးရောင်ဝတ်ရုံနှင့် ကောင်းကင်ဘုံအရှင်ကို ဦးညွှတ်လိုက်ကြသည်။
"အရှေ့ပိုင်းယွဲ့ နာခံပါမည်"
"တောင်ပိုင်းယွဲ့ နာခံပါမည်"
...........
"မြောက်ပိုင်းယွဲ့ နာခံပါမည်"
ဧကရာဇ်ငါးပါးသည် သူတို့၏ ဧရာမ ခန္ဓာကိုယ်ကြီးများဖြင့် အရပ်မျက်နှာ အသီးသီးသို့ ထွက်ခွာသွားကြသည်။
ထိုနေ့တွင် လျူဖုန်းနယ်မြေရှိ လူများသည် နတ်ဘုရားများက ငါးရောင်ခြယ်နွားကြီးများကိုစီးလျက် ဝူကွေ့မြို့ကို ကမ္ဘာ့အလယ်ဗဟိုသို့ ပြောင်းရွှေ့နေကြသည်ကို မြင်တွေ့ခဲ့ကြသည်။
အခြားသူများမှာမူ ဧရာမ နတ်ဘုရားကြီးတစ်ပါးက ရွှေရောင်မျက်လုံးရှိသော သားရဲကြီးကို စီးလျက် ပင်လယ်ရေများကို သောက်မျိုကာ သယ်ဆောင်သွားသည်ကို မြင်တွေ့ခဲ့ကြ၏။
အနောက်ပိုင်းယွဲ့နှင့် မြောက်ပိုင်းယွဲ့ ဧကရာဇ်များသည်လည်း ကန်းလန်နယ်မြေသို့ ပြန်သွားကြပြီး တားမြစ်နယ်မြေများနှင့် ကပ်ဘေးဆိုးကြီးကို သယ်ဆောင်လာခဲ့ကြသည်။
ကမ္ဘာမြေ၏ အဆုံးသတ်တွင် ရပ်နေရင်း ကျိယွမ်က တိုးညှင်းစွာ ပြောလိုက်သည်။
"တောင်ဝင်ရိုးစွန်း၊ ထာဝရသက်တော်ရှည်ဧကရာဇ်.. ငါ့ရဲ့ အမိန့်ကို နာခံပါ။ ဖန်ထုံနယ်မြေကို သွားပြီး ရှေးဦးမျိုးနွယ်စုရဲ့ မြေနေရာကို ယူဆောင်လာပါ၊ မင်းရဲ့ခြေရာကိုဘယ်သူ့မှ မပြပါနဲ့"
ကျိယွမ်၏ စကားအဆုံးတွင် အဖိုးကြီးရှန်းလဲ့ပေါ်လာသည်။
သူသည် ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး သူ၏ ဝတ်ရုံပေါ်တွင် လျှပ်စီးများ လက်လျက်ရှိသည်။ သူ၏ ခေါင်းပေါ်တွင် အာဏာစက်ရှိသော သရဖူကို ဆောင်းထားပြီး မြင့်မြတ်သော အရှိန်အဝါများ ထွက်ပေါ်နေ၏။
"ရှန်းလဲ့ နာခံပါမည်"
အခြားသူများနှင့် နှိုင်းယှဉ်လျှင် အဖိုးကြီးရှန်းလဲ့မှာ ပို၍ တက်ကြွနေသည်။
"အရှင်... ကျွန်တော့်ကို ဖန်ထုံနယ်မြေရဲ့ တည်နေရာကို ပေးဖို့ လိုပါလိမ့်မယ်"
"မလောပါနဲ့၊ မကြာခင် ရပါလိမ့်မယ်"
ကျိယွမ်က အေးအေးဆေးဆေးပြန်ပြောလိုက်သည်။
ဖန်ထုံနယ်မြေသည် အခြားနယ်မြေများနှင့် မတူဘဲ သဘာဝအတိုင်း ဖြစ်တည်နေသော မူလကမ္ဘာတစ်ခု ဖြစ်သည်။
ဤကမ္ဘာသည် အလွန်ထူးခြားသောကြောင့် အလွယ်တကူ ထုတ်မပြသင့်ပေ။ ထို့ကြောင့် ကျိယွမ်သည် ရှေးဦးမျိုးနွယ်စု၏ မြေနေရာကို ပြောင်းရွှေ့ရန် အဖိုးကြီးရှန်းလဲ့ကို စေလွှတ်ခဲ့ခြင်း ဖြစ်သည်။
"တည်နေရာက ဒါပဲ၊ ဒါပေမဲ့ မင်းရဲ့ တည်နေရာကိုမသိအောင် သတိထားပါ။ တကယ်လို့ ရန်သူတွေက မင်းကို ပစ်မှတ်ထားလာရင် ငါ ကူညီနိုင်မှာ မဟုတ်ဘူး"
ကျိယွမ်က တိုးတိုးလေး ပြောလိုက်သည်။
သူသည် အောက်ခြေကမ္ဘာများအထိ အစွမ်းကုန် မကူညီနိုင်သေးပေ။
သူသည် မဟာကပ်ဘေးအတွက် ပြင်ဆင်နေရဆဲ ဖြစ်သောကြောင့် ယခုအချိန်တွင် ပြဿနာများကို ရှောင်ရှားခြင်းက အကောင်းဆုံး နည်းဗျူဟာ ဖြစ်သည်။
"စိတ်မပူပါနဲ့၊ ကျွန်တော် သတိထားပါ့မယ်"
အဖိုးကြီးရှန်းလဲ့က သူ၏ ရင်ဘတ်ကို ပုတ်လျက် အာမခံလိုက်သည်။
တည်နေရာကို ရရှိပြီးနောက် သူသည် ခရမ်းရောင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွား၏။
ယခုအခါ ကမ္ဘာမြေ၏ အဆုံးသတ်တွင် ကျိယွမ် တစ်ဦးတည်းသာ ကျန်တော့သည်။
"နှမြောစရာပဲ... ကောင်းကင်က ကြယ်တွေတောင် ကုံရှင်းဂြိုဟ်ကို မရှာနိုင်ကြဘူး။ ဟူး... ငါ အိမ်ကမထွက်ခင် မီးပိတ်ခဲ့လား မသိဘူး။ တကယ်လို့ အမြဲပွင့်နေရင် မီးဖိုးက ဘယ်လောက်တောင် ကျမလဲ"
ကျိယွမ်သည် မီးဖိုးအတွက် စိတ်မကောင်း ဖြစ်နေသည်။ လျှပ်စစ်မီးကို ဖြုန်းတီးခြင်းမှာ အရှက်ရဖွယ် ကိစ္စဖြစ်သည်ဟု သူက တွေးနေ၏။
အကြောင်းမှာ သူသည် အမြဲတမ်း ခြိုးခြံချွေတာတတ်သူ ဖြစ်သောကြောင့် ဖြစ်သည်။
"တစ်နေ့ကျရင် ငါဟာ မဟာနတ်ဘုရားအဆင့်ကို ရောက်မယ်၊ အမြင့်ဆုံးသော တာအိုဘိုးဘေး ဖြစ်လာမယ်၊ ပြီးရင် ကုံရှင်းဂြိုဟ်ကို ပြန်ပြီး အဲဒီမီးကို ပိတ်မယ်"
ကျိယွမ်သည် ဘဝအတွက် ကြီးမားသော သစ္စာဓိဋ္ဌာန်တစ်ခုကို ပြုလုပ်လိုက်၏။
နောက်ပိုင်းရက်များတွင် ကျိယွမ်သည် နန်ကုန်းသာ့ကွေ၊ အရူးတာအိုနှင့်ပိုင်ကျိတို့အား တွေ့ဆုံခဲ့သည်။
နန်ကုန်းသာ့ကွေသည် ယခုအခါ သူ့ကိုယ်သူ ဗုဒ္ဓနယ်မြေ၏ အရှင်သခင်ငယ်လေး လင်းယာယီဟု ခေါ်ဆိုနေပြီး အလွန်ကြွားဝါနေ၏။
ဗုဒ္ဓနိုင်ငံတော်ရှိ လူများမှာ ကျိယွမ်၏မျက်နှာကြောင့် လင်းယာယီကို ဘာမှမတတ်နိုင်ကြပေ။
သူ၏ ဆရာမှာ အခြားသူမဟုတ်ဘဲ သွေးသခင် သို့မဟုတ် အထွတ်အထိပ်ဗုဒ္ဓ ဖြစ်နေသောကြောင့် ထိုင်သာကြည့်နေရကုန်၏။
ထို့အပြင် သူ၏ တပည့်ကို အရှင်သခင်ငယ်လေးဟု ခေါ်ဆိုခြင်းမှာ သင့်တော်သည်ဟုသာ ဖြေတွေးလိုက်ကြသည်။
တစ်ချိန်တည်းမှာပင် အထက်ကမ္ဘာတွင် မျက်လုံးပေါင်းများစွာသည်လည်း ဗုဒ္ဓနယ်မြေကို စောင့်ကြည့်နေကြ၏။
ဗုဒ္ဓနယ်မြေသည် အထက်ကမ္ဘာမှ စောင့်ကြည့်သူများကို ရုတ်တရက် ပိတ်ပင်လိုက်ပြီး ဗုဒ္ဓနိုင်ငံတော် ရတနာကြီးသည်လည်း တုန်ခါနေသည်။
ဗုဒ္ဓနိုင်ငံတော်အတွင်းရှိ အပြောင်းအလဲများကို အင်အားကြီးအဖွဲ့အစည်းများစွာက စိတ်ဝင်စားနေကြသည်။
မကြာမီတွင် ဗုဒ္ဓနိုင်ငံတော်ရှိ စစ်မှန်ဗုဒ္ဓ ကိုးဆယ့်ခုနစ်ပါးက ပူးတွဲကြေညာလိုက်သည်။
ဗုဒ္ဓနိုင်ငံတော်သည် တစ်စုတစ်တည်း ဖြစ်သွားပြီဖြစ်ကြောင်းနှင့် ဗုဒ္ဓသည် ပစ္စုပ္ပန်ဗုဒ္ဓသာကျမုနိအဖြစ် နန်းတက်ပြီ ဖြစ်ကြောင်း ကြေညာလိုက်ခြင်းပင်။
အတိတ်ဗုဒ္ဓ၊ တိုက်ခိုက်ရေးဗုဒ္ဓ၊ ဝူထျန်းဗုဒ္ဓနှင့် ဗုဒ္ဓအပေါင်းတို့၏အရှင်သခင်တို့မှာမူ သူတို့၏ မည်သူမည်ဝါဖြစ်ကြောင်းကို ဖုံးကွယ်လျက် ဗုဒ္ဓနိုင်ငံတော်ထဲသို့ ဝင်ရောက်သွားကြသည်။
ဤသတင်းသည် ဆဋ္ဌမမြောက်ကောင်းကင်ဘုံကို တုန်လှုပ်သွားစေခဲ့သည်။
ဗုဒ္ဓသခင်တစ်ပါး၏ အဓိပ္ပာယ်မှာ အလွန်ရှင်းလင်းလှသည်။
၎င်းသည် ဗုဒ္ဓနိုင်ငံတော်တွင် အလွန်အစွမ်းထက်သော ဗုဒ္ဓတစ်ပါး ရှိနေပြီဖြစ်ကြောင်း ပြသနေခြင်းပင်။
ဤဗုဒ္ဓသည် အစွမ်းကုန် ကြီးထွားလာပါက ဗုဒ္ဓနိုင်ငံတော်ကို ပဉ္စမမြောက်ကောင်းကင်ဘုံမှ ဆဋ္ဌမမြောက်ကောင်းကင်ဘုံသို့ ပို့ဆောင်ပေးနိုင်လိမ့်မည် ။
မကြာမီတွင် ဗုဒ္ဓနိုင်ငံတော်၏ ပစ္စုပ္ပန်ဗုဒ္ဓသည် မိုလိုမျိုးနွယ်စုကို စစ်ကြေညာလိုက်၏။
"ငါသည် အတိတ်နှင့် ပစ္စုပ္ပန်ကို လေ့လာခဲ့ပြီး အနာဂတ်ကိုလည်း မြင်တွေ့ခဲ့သည်။ မိုလိုမျိုးနွယ်စုသည် ငါ၏ အနာဂတ်အတွက် အဟန့်အတား ဖြစ်နေသည်။ သူတို့ကို ဖျက်ဆီးပစ်ရမည်"
ဤကြေညာချက်သည် နတ်ဘုရားကမ္ဘာတစ်ခုလုံးကို တုန်လှုပ်သွားစေသည်။ အထူးခြားဆုံးမှာ ဤဗုဒ္ဓသစ်သည် စစ်မှန်သော အဆင့်သို့ပင် မရောက်သေးသော်လည်း အခြားဗုဒ္ဓများက သူ့ကို ဆန့်ကျင်ခြင်း မပြုကြခြင်း ဖြစ်သည်။
အထက်ကမ္ဘာရှိ လူများက အမျိုးမျိုး ပြောဆိုနေကြတော့သည်။
"ဗုဒ္ဓနိုင်ငံတော်က ထိုက်ဟွမ်နန်းတော်ကို မတော်လှန်နိုင်တော့ မိုလိုမျိုးနွယ်စုကို ရန်ရှာနေတာပဲ"
"မိုလိုမျိုးနွယ်စုက ထိုက်ဟွမ်နန်းတော်ရဲ့ အသစ္စာအရှိဆုံး ခွေးပဲလေ။ ဒါက မထူးဆန်းပါဘူး"
"နတ်ဘုရားကမ္ဘာကြီးတော့ ရှုပ်ထွေးတော့မှာပဲ"
အထက်ကမ္ဘာတစ်ခုလုံး ဆူညံနေသည်။
မိုလိုမျိုးနွယ်စု၏ အရှင်သခင်ကလည်း မာန်ပါပါဖြင့် ပြန်လည် တုံ့ပြန်လိုက်သည်။
သို့သော် သူသည် ထိုညမှာပင် ဆဋ္ဌမမြောက်ကောင်းကင်ဘုံရှိ ထိုက်ဟွမ် နန်းတော်သို့ စိုးရိမ်တကြီး သွားရောက်ခဲ့သည်ကို အချို့က မြင်တွေ့ခဲ့ကြ၏။
အင်အားအရ ကြည့်လျှင် ဗုဒ္ဓနိုင်ငံတော်သည် မိုလိုမျိုးနွယ်စုထက် ပို၍ အစွမ်းထက်လှသည် မဟုတ်ပါလား။
သူ အားကိုးမရှိဘဲ မနေရဲပေ။
..............
ကန်းလန်နယ်မြေတွင် ဖြစ်သည်။
ထူးဆန်းသောပန်းချီဆရာမသည် တောင်နှင့်မြစ်အင်ပါယာစုတ်တံကို ကိုင်လျက် တစ်ကိုယ်လုံး တုန်ရီနေသည်။
သူမ၏ ရှေ့တွင် နတ်ဘုရားနှင့်တူသော ဧရာမ ပုံရိပ်ကြီးငါးခု ရပ်နေ၏။
သူမသည် အစွမ်းထက်သူတစ်ဦး ဖြစ်သော်လည်း ဤပုဂ္ဂိုလ်ကြီးငါးဦး၏ ရှေ့တွင်မူ ဖုန်မှုန့်လေးတစ်ခုကဲ့သို့ ခံစားနေရသည်။
အရေးကြီးဆုံးမှာ ဤပုဂ္ဂိုလ်ကြီးများသည် သွေးရောင်ဝတ်ရုံနှင့် ဓားနတ်ဘုရားကို သူတို့၏ သခင်ကဲ့သို့ ဆက်ဆံနေကြခြင်း ဖြစ်သည်။
"ကဲ... ငါတို့ မြေနေရာကို ရှာတွေ့ပြီ၊ ငရဲပြည်တံခါးလည်း ဒီမှာ ရှိနေပြီ။ ပန်းချီဆရာ... ဒါကို မင်းဆီမှာပဲ အပ်ခဲ့မယ်။ ကောင်းကောင်းလေး ဆွဲပေးပါ"
ကျိယွမ်၏ စကားအဆုံးတွင် ဧရာမ ဧကရာဇ်ငါးပါးသည် မြို့ပျက်များ၊ တောင်များ၊ တားမြစ်နယ်မြေများ၊ ကပ်ဘေးဆိုးကြီးနှင့် ပင်လယ်ရေများကို အနန္တအသွင်ကူးပြောင်းတံခါးထဲသို့ ထည့်သွင်းလိုက်ကြသည်။
အဖိုးကြီးရှန်းလဲ့သည်လည်း အချိန်ကိုက် ပေါ်လာပြီး ရှေးဦးမျိုးနွယ်စု၏မြေနေရာကို တံခါးထဲသို့ ထည့်လိုက်၏။
ထူးဆန်းသော ပန်းချီဆရာသည် ရှုပ်ထွေးနေသော မြေနေရာများနှင့် မြစ်များကို ကြည့်လိုက်သည်။ သူမသည် အသက်ပြင်းပြင်း ရှူလိုက်သည်။
"ကျွန်မရဲ့ အသက်စွမ်းအားကို ဆေးအဖြစ် သုံးပြီး ဒီလက်ရာမွန်ကို အပြီးသတ်ပေးပါ့မယ်"
ထို့နောက် သူမသည် သူမ၏ လက်ထဲရှိ စုတ်တံကို စတင် လှုပ်ရှားလိုက်၏။
အနန္တအသွင်ကူးပြောင်းတံခါးအတွင်းရှိ ကမ္ဘာကြီးသည် ထိုအချိန်မှစ၍ စတင် ပြောင်းလဲသွားတော့သည်။
---------------
အခန်း (၃၉၉) - ခရမ်းရောင်နန်းတော် ပြီးဆုံးခြင်းနှင့် ကျိယွမ်၏စွမ်းရည်အသစ်
စုတ်ချက်တစ်ခုတည်းဖြင့်။
စုတ်တံထိပ်ဖျားတွင် သေခြင်းနှင့်ရှင်ခြင်း အရှိန်အဝါတို့ စီးဆင်းသွားသည်။
စုတ်ချက်များကြားတွင် အနက်၊ အခိုးအငွေ့၊ အနီနှင့် အဖြူရောင်တို့ တစ်လှည့်စီ ကူးပြောင်းနေ၏။
ထူးဆန်းသောပန်းချီဆရာမသည် အာရုံစိုက်ထားပြီး သူမ၏ အသက်ဓာတ်ကို ပန်းချီကားထဲသို့ လောင်းထည့်ပြီး အစွမ်းကုန်ကြိုးစားသည်။
သွေးဝတ်စုံဓားနတ်ဘုရားသည် သာမန်လူမဟုတ်ကြောင်း သူမက ကျောက်စိမ်းကညာထံမှ သိထား၏။
သွေးဝတ်စုံဓားနတ်ဘုရားအတွက် ထူးဆန်းသောပန်းချီဆရာမ လုပ်ဆောင်ပေးခဲ့သည့် အရာအချို့ကို ကျောက်စိမ်းကညာကလည်း သိလေသည်။
သွေးဝတ်စုံဓားနတ်ဘုရားသည် မြေအောက်ကမ္ဘာနှင့် ပတ်သက်သော ရတနာတစ်ခုကို သွန်းလုပ်နေခြင်း ဖြစ်နိုင်သောကြောင့် ၎င်းကို အလေးအနက်ထားရန် သူမက အလေးအနက် ပြောခဲ့၏။
သို့သော် ချီချီနှင့် မြေအောက်ကမ္ဘာမှ စွမ်းအားကြီးပုဂ္ဂိုလ်များ၏ စကားဝိုင်းများမှတစ်ဆင့် ထူးဆန်းသော ပန်းချီဆရာမသည် သွေးဝတ်စုံဓားနတ်ဘုရား၏ ရည်မှန်းချက်ကို ရှင်းလင်းစွာ ခံစားရသည်။
၎င်းသည် ရတနာတစ်ခု သွန်းလုပ်ရုံသက်သက်မဟုတ်ပါ။
သူသည် ဒဏ္ဍာရီလာ မြေအောက်ကမ္ဘာကြီးတစ်ခုကို အမှန်တကယ် တည်ထောင်ရန် ရည်ရွယ်နေခြင်းပင်။
ကျောက်စိမ်းကညာသည် ဤအကြောင်းကို ပထမဆုံးကြားရစဉ်က မယုံကြည်နိုင်ဘဲ ရယ်မောခဲ့သည်။
"စစ်မှန်တဲ့ မြေအောက်ကမ္ဘာလား။ မဟာမူလသဘောတရားနယ်ပယ်က လူတွေတောင် ဒါမျိုးကို အိပ်မက် မမက်ရဲဘူး။ ဒါက ဒဏ္ဍာရီပဲ"
မဟာမူလသဘောတရားနယ်ပယ်ရှိ ယန်နတ်ဘုရားကောင်းကင်ဘုံအရှင် တစ်ပါးသည် များသောအားဖြင့် မူလသဘောတရား တစ်ခုကိုသာ တတ်မြောက်သည်။
သို့သော် မြေအောက်ကမ္ဘာတစ်ခု တည်ဆောက်ရန်မှာ မူလသဘောတရားတစ်ခုထက်မက လိုအပ်၏။
ရှင်ခြင်း၊ သေခြင်း၊ ယင်၊ ယန်၊ သံသရာ... လိုအပ်သော မူလသဘောတရား အရေအတွက်မှာ အလွန်များပြားလှသည်။
ကောင်းကင်ဘုံ ကိုးထပ်လုံးရှိ မူလသဘောတရားပိုင်ရှင် ကောင်းကင်ဘုံအရှင်တိုင်းကို စုပေါင်းလျှင်ပင် မြေအောက်ကမ္ဘာကို ဖန်တီးနိုင်မည်မဟုတ်ပါ။
ထူးဆန်းသောပန်းချီဆရာမသည် အသေးစိတ်အားလုံးကို မသိသော်လည်း ကျိယွမ်သည် အပြောသက်သက် မဟုတ်ကြောင်းတော့ နားလည်သည်။
ယခုအချိန်တွင် သူမလက်ထဲရှိ တောင်နှင့်မြစ်အင်ပါယာစုတ်တံ တုန်ခါသွား၏။
ရုတ်တရက် ပန်းချီကား၏ မှောင်မိုက်သော အနက်ရှိုင်းဆုံးနေရာမှ မိန်းကလေးငယ်တစ်ဦး၏ အသံကဲ့သို့ ချိုသာသော အသံတစ်ခု ထွက်ပေါ်လာသည်။
"တစ္ဆေတံခါးဝ၊ ဆယ်ယောက်သွားရင် ကိုးယောက် မပြန်ဘူး"
"တစ္ဆေတံခါးဝ၊ ယင်နဲ့ ယန် လိမ်ယှက်တယ်၊ ရှင်ခြင်းနဲ့ သေခြင်း ရောထွေးတယ်၊ အဖွား ဒီမှာရှိနေပြီ၊ မအေးတော့ဘူး"
ထူးဆန်းသောပန်းချီဆရာမသည် သူ ဆွဲလိုက်သော တစ္ဆေတံခါးဝမှ ဝေဝါးသော အရိပ်များ ထွက်ပေါ်လာသည်ကို မြင်ရသောအခါ သူမ၏မျက်နှာ အနည်းငယ် ပြောင်းလဲသွားသည်။
ထိုအရိပ်များသည် ကလေးကဗျာများကို ရွတ်ဆိုနေကြ၏။ ၎င်းတို့၏ အသံမှာ အပြစ်ကင်းသော်လည်း ပတ်ဝန်းကျင်မှာမူ ထူးဆန်းပြီး ကြောက်မက်ဖွယ်ကောင်းလွန်းသည်။
သူမ၏ ကျောရိုးတစ်လျှောက် အေးစိမ့်သွားသည်။
ပန်းချီကားထဲရှိ ထိုအရိပ်များ (မိန်းကလေးငယ်များ) အားလုံးက သူမကို စိုက်ကြည့်နေသည်ဟု ထူးဆန်းသော ပန်းချီဆရာမ ခံစားရသည်။
အချို့မှာ လမ်းလျှောက်နေပြီး အချို့က ကောင်းကင်ကို ကြည့်နေကာ အချို့မှာ အိပ်ပျော်နေသော်လည်း ၎င်းတို့၏ မျက်လုံးများအားလုံးမှာ သူမထံတွင် ရှိနေကုန်၏။
ထိုအချိန်တွင် ထစ်ချုန်းသံကဲ့သို့ ခန့်ညားထည်ဝါသော အသံတစ်ခု ထွက်ပေါ်လာသည်။
"တစ္ဆေတံခါးဝ ပြီးဆုံးပြီ"
ထိုသို့ပြောသူမှာ ကျိယွမ် ဖြစ်သည်။
အနန္တအသွင်ကူးပြောင်းတံခါးအတွင်း ရပ်နေရင်း သူသည် နယ်ပယ်တစ်ခုလုံးကို ငုံ့ကြည့်နေခဲ့၏။
သူ့အသံ ဆုံးသည်နှင့် ထူးဆန်းသော ပန်းချီဆရာမ ဆွဲထားသော တစ္ဆေတံခါးဝမှာ အစစ်အမှန် ဖြစ်ပေါ်လာသည်။
ထူးဆန်းသော မိန်းကလေးငယ်ပုံစံ အရိပ်များသည် ၎င်းတို့၏ အကြည့်ကို လွှဲလိုက်ပြီး ကောင်းကင်ရှိ ကြီးမားလှသော ပုံရိပ်ကို ချောင်းကြည့်ကြ၏။
သက်ရှိထင်ရှားကဲ့သို့ ဖြစ်နေသော တစ္ဆေတံခါးဝကို ကြည့်ပြီး ထူးဆန်းသော ပန်းချီဆရာမ၏ မျက်နှာမှာ ပို၍ တည်ကြည်လာသည်။
သူမ၏ နှလုံးသားမှာတော့ စိတ်လှုပိရှားလွန်း၍ တုန်ခါနေသည်။
၎င်းကို အစစ်အမှန်ဖြစ်အောင် မည်သို့ လုပ်ဆောင်လိုက်သည်ကို သူမ နားမလည်နိုင်ပါ။
သူမသည် စိတ်ကိုစုစည်းပြီး ဆက်လက် ပန်းချီဆွဲ၏။
တောင်နှင့်မြစ်အင်ပါယာစုတ်တံသည် သူမလက်ထဲတွင် ကခုန်နေပြီး မြင်ကွင်းတစ်ခုပြီးတစ်ခု ဆက်တိုက်ဖန်တီးခဲ့သည်။
ရေတွက်မရသော ထူးဆန်းသည့် စွမ်းအင်များနှင့် မမြင်ရသော အင်အားစုများသည် ထိုအချိန်တွင် မြေအောက်ကမ္ဘာထံသို့ အပြေးအလွှား ရောက်ရှိလာကြ၏။
မြေအောက်ကမ္ဘာတွင် ထိုင်နေသော ကျိယွမ်သည် မျက်လုံးမှေးကြည့်သော်လည်း ဘာမှ မမြင်ရပေ။
"ငါ့အိမ်ကို ဧည့်သည်တွေ လာနေတာလား"
သို့သော် ထိုဧည့်သည်များမှာ မမြင်ရပေ။
အခြားသော ယန်နတ်ဘုရားကောင်းကင်ဘုံအရှင်များလည်း မျက်လုံးမှေးကြည့်ကြသည်။ ချီချီသည်လည်း တစ်ခုခုကို ခံစားမိပုံရသော်လည်း ဘာမှ မမြင်ရပေ။
"အီး... ယား... အား..."
"... ယား..."
ကျိယွမ်သည် ကမ္ဘာလောက၏ အသံများကို ကြားနိုင်သော နားဖြင့် ဂရုတစိုက် နားထောင်ပြီးနောက် နောက်ဆုံးတွင် ရှုပ်ထွေးသော အသံအချို့ကို ကြားလိုက်ရသည်။
အချို့မှာ စူးရှပြီး တစ္ဆေများနှင့် ဝံပုလွေများ အူသံကဲ့သို့ ဖြစ်သည်။
မေပယ်ကိုင်းများ လောင်ကျွမ်းပြီး မီးပွားများ ထွက်ပေါ်လာသည့် အသံမျိုးကိုလည်း သူ ကြားရသည်။
ထိုငိုကြွေးသံများကြားတွင် စက္ကူငွေများ လောင်ကျွမ်းနေသည့် အသံသဲ့သဲ့ကို သူ ကြားလိုက်ရ၏။
ကျိယွမ် အံ့အားသင့်သွားသည်။
"ငါ့အိမ်ထဲကို မသန့်ရှင်းတဲ့အရာတွေ ဝင်လာတာလား"
ကျိယွမ်၏ အနားတွင် ရပ်နေသော ချီချီသည် သူမ၏ နတ်ဘုရားဓားကဲ့သို့ မျက်လုံးများဖြင့် မြေအောက်ကမ္ဘာကို ကြည့်လိုက်သည်။
"ဘယ်သူက ဒီမှာ ပြဿနာရှာရဲတာလဲ"
ဟို့ထူကို အတုယူသော မြေနတ်ဘုရားမ၏ ခန့်ညားမှုနှင့် လျှို့ဝှက်ဆန်းကြယ်မှုများက ပြင်းထန်စွာ ထွက်ပေါ်လာသည်။
တောင်နှင့်မြစ်ပန်းချီကားများထဲတွင် ဖော်ပြထားသော မြေအောက်ကမ္ဘာသည် တုန်ခါသွားပြီး သန့်စင်သွားသည်။
ထိုမသန့်ရှင်းသော အရာများသည်ပင် ဟို့ထူ၏ စွမ်းအားနှင့် သူမ ကိုယ်စားပြုသော အရာကို သိရှိပုံရသည်။
"...အ... တောင်းပန်..."
ထိုမသန့်ရှင်းသော အရာများသည် တိုးတိုးပြောခြင်းကို ရပ်လိုက်ပြီး ကျိယွမ်၊ ချီချီတို့နှင့် ဆက်သွယ်လိုပုံရသည်။
သို့သော် အချိန်နှင့် အာကာသ ကွာခြားမှုကြောင့် ဖြစ်နိုင်သည်၊ ၎င်းတို့၏ အသံမှာ ရှင်းလင်းမှု မရှိပေ။
ကျိယွမ်၏ မျက်နှာမှာ တည်ငြိမ်နေသော်လည်း သူ့အသံတွင် အားမလိုအားမရဖြစ်မှု အနည်းငယ် ပါနေသည်။
"ငါ ဘာသာစကား ဆရာလုပ်ရတော့မယ် ထင်တယ်"
သူပြောရင်းနှင့် သူ့ဝတ်စုံ ပြောင်းလဲသွားပြီး နှာခေါင်းပေါ်တွင် ရွှေရောင်မျက်မှန်တစ်စုံ ပေါ်လာသည်။
သူ့နောက်တွင် ကျောက်သင်ပုန်းတစ်ခု ပေါ်လာပြီး လက်ထဲတွင် မြေဖြူတစ်ခဲ ရှိနေ၏။
"ကဲ... မသန့်ရှင်းတဲ့ ကလေးတို့၊ ငါ့နောက်က လိုက်ဆို။ အ... အို... အီး. အူ.."
တောင်နှင့်မြစ်အင်ပါယာစုတ်တံသည် ဆက်လက် လှုပ်ရှားနေပြီး မသန့်ရှင်းသော အရာများ ပို၍ ရောက်ရှိလာသည်။
ကျိယွမ်ကတော့ ကြိုးစားအားထုတ်သော ဘာသာစကား ဆရာတစ်ဦးအဖြစ် သရုပ်ဆောင်နေ၏။
သို့သော် သင်ခန်းစာ ထက်ဝက်ခန့်တွင် သူ စိတ်မသက်မသာ ဖြစ်လာသည်။
ငါ့တွင် ဆရာဖြစ်လက်မှတ် မရှိဘူးလေ။
ဒါက တရားမဝင် စာသင်နေတာလား။
ထို့နောက် သူသည် စိတ်ကျန်းမာရေး လက်မှတ် ရှိကြောင်း သတိရလိုက်သဖြင့် အဆင်ပြေသွားသည်။
အဆုံးမရှိသော တောင်တန်းများ ပေါ်လာပြီး မြေအောက်ကမ္ဘာတွင် မြစ်များ စီးဆင်းသွားသည်။ ငရဲကြီး (၁၈) ထပ်နှင့် ကောင်းကင်ဘုံနတ်မင်းခန်းမတို့ တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာသည်။
ဤသို့ဖြင့် တစ်ကိုယ်လုံး တုန်ယင်နေသော ထူးဆန်းသော ပန်းချီဆရာမသည် ၄၄ ရက်တိုင်တိုင် ပန်းချီဆွဲခဲ့ပြီး မြေအောက်ကမ္ဘာမှာ ပြီးစီးလုနီးပါး ဖြစ်နေလေပြီ။
ဤအချိန်တွင် ကျိယွမ်သည် မြေဖြူခဲကို ချလိုက်ပြီး သူ၏ ရွှေရောင်မျက်မှန်ကိုဟန်ပါပါ ပင့်တင်လိုက်သည်။
သူသည် နတ်ဘုရား အမိန့်တော်ကဲ့သို့ ခန့်ညားပြီး မဖီဆန်နိုင်သော အသံဖြင့် ပြောလိုက်၏။
"မသန့်ရှင်းတဲ့ ကလေးတို့၊ သင်ပြီးပြီလား။ အခု ပြောကြည့်ဦး၊ မင်းတို့ ငါ့အိမ်ကို ဘာလို့ လာလည်ကြတာလဲ"
ကံမကောင်းစွာဖြင့် ကျိယွမ်သည် ၎င်းတို့ကို မမြင်ရပေ။ မဟုတ်လျှင် သူသည် တည်းခိုခ တောင်းမိပေလိမ့်မည်။
ကျိယွမ်၏ အသံဆုံးသည်နှင့် မြေအောက်ကမ္ဘာသည် တိတ်ဆိတ်သွားသည်။ ငိုကြွေးသံနှင့် ထူးဆန်းသောအသံများ မထွက်တော့ပေ။
သို့သော် မြေအောက်ကမ္ဘာတွင် ဝေဝါးပြီး အစိုင်အခဲ မဟုတ်သော ဖြူဖျော့ဖျော့ ပုံရိပ်တစ်ခု ပေါ်လာသည်။
ထိုပုံရိပ်သည် ကျိယွမ်ကို ဦးညွှတ်ပုံရသည်။
တိုးတိုးပြောသံတစ်ခု ထပ်မံထွက်ပေါ်လာသည်။
"ဝိညာဉ်... မရှိ... ငှား... ပြန်..."
ဤစကားလုံးများကို ပြောဆိုခြင်းမှာ ထိုပုံရိပ်၏ အင်အားအားလုံးကို ကုန်ဆုံးစေပုံရသည်။
မသန့်ရှင်းသော အရာများသည် မြူခိုးများအဖြစ် ပြောင်းလဲသွားပြီး ထိုပုံရိပ်ထဲသို့ စီးဝင်သွားပြန်သည်။
နောက်ဆုံးတွင် ၎င်းတို့သည် ကျောက်စာတိုင်တစ်ခုအဖြစ် ပေါင်းစည်းသွား၏။
ကျောက်စာတိုင်ပေါ်တွင် "သေဆုံးခြင်း"ဟူသော စာလုံးတစ်လုံးကို ထွင်းထုထားသည်။
ထိုကျောက်တိုင်မှ ထူးဆန်းပြီး လျှို့ဝှက်ဆန်းကြယ်သော အရှိန်အဝါများ ထွက်ပေါ်နေသည်။ ၎င်းတွင် သေခြင်းတရား၏ မူလသဘောတရား ပါဝင်နေပုံရသည်။
[သေဆုံးသူတို့၏ ကျောက်စာတိုင်၊ အခြားကမ္ဘာတစ်ခုမှ ရောက်လာပုံရသည်။]
နောက်ဆုံးတွင် ကျိယွမ်၏ မျက်လုံးများက အသုံးဝင်သော အရာတစ်ခုကို မြင်လိုက်ရသည်။
"ဒါဆို... အနန္တအသွင်ကူးပြောင်းတံခါးက ငါ့အိမ်ကနေ ထွက်ပြေးသွားတဲ့ တံခါးပေါ့။ သေဆုံးသူတို့ရဲ့ ကျောက်စာတိုင်ကလည်း ငါ့အိမ်ကနေ ပြေးသွားတာလား။
ငါ့အိမ်က ရေတွင်းကော ဘယ်မှာလဲ။ ဘယ်သူ ယူသွားတာလဲ"
ကျိယွမ်သည် ပတ်ဝန်းကျင်ကို ရှာဖွေသော်လည်း ဘာမှ မမြင်ရသဖြင့် စိတ်ပျက်သွားသည်။
ဤအချိန်တွင် ထူးဆန်းသော ပန်းချီဆရာမ ဆွဲထားသည့် မြေအောက်ကမ္ဘာ၏ အဆောက်အအုံမှာ ပြီးစီးလုနီးပါး ဖြစ်နေပြီဖြစ်၏။
ကျန်ရှိသည်မှာ အသေးစိတ် အချက်အလက်များနှင့် ၎င်း၏ မြင့်မြတ်မှုတို့သာ ဖြစ်သည်။
မြင့်မြတ်မှုနှင့် နတ်ဘုရားဥပဒေများကို တော့ ကျိယွမ်က ပေးအပ်ရန် လိုအပ်သည်။
ကျိယွမ်သည် ထူးဆန်းသော ပန်းချီဆရာမကို ကြည့်လိုက်သည်။
သူမသည် တုန်ယင်နေဆဲ ဖြစ်သော်လည်း မျက်လုံးများတွင် တောက်ပမှုများ ပြည့်နှက်နေသည်။
သူမသည် သူမ၏သမိုင်းဝင်လက်ရာကို ကျေနပ်နေကြောင်း ရှင်းလင်း၏။
ထိုအချိန်တွင် ကျိယွမ်၏ ကျယ်လောင်သော အသံသည် မြေအောက်ကမ္ဘာအတွင်း မဟာလမ်းစဉ်၏ အသံကဲ့သို့ ထပ်မံ ထွက်ပေါ်လာသည်။
"တစ္ဆေနယ်ပယ် ပြီးဆုံးပြီ၊ တောင်နဲ့မြစ်တွေ ပုံဖော်ပြီ"
အလယ်ပိုင်း တစ္ဆေနယ်မြေ၊ ၎င်း၏ တောင်နှင့်မြစ်များသည် ကျိယွမ်၏ အသံနှင့်အတူ အမှတ်အသားများ ဖြစ်ပေါ်လာသည်။
တောင်တိုင်းသည် တစ္ဆေတောင်များ ဖြစ်လာ၏။
"အရှေ့ပိုင်း တစ္ဆေဧကရာဇ် ယွိလီ နဲ့ ရှန်ထု၊ ထောင်ရှီတောင် နဲ့ တစ္ဆေတံခါးဝ ကို စောင့်ကြပ်စေ"
"တောင်ပိုင်း တစ္ဆေဧကရာဇ်၊ လော့ဖူတောင် ကို စောင့်ကြပ်ပြီး တစ္ဆေတွေကို အုပ်ချုပ်စေ"
"အနောက်ပိုင်း တစ္ဆေဧကရာဇ်၊ ဖန်ကျုံးတောင် ကို စောင့်ကြပ်စေ"
"မြောက်ပိုင်း တစ္ဆေဧကရာဇ်၊ လော့ဖုန်းတောင် ကို စောင့်ကြပ်စေ"
"အလယ်ပိုင်း တစ္ဆေဧကရာဇ်၊ ပေါင်တုတောင် ကို စောင့်ကြပ်ပြီး အလယ်ပိုင်း တစ္ဆေနယ်မြေကို အုပ်ချုပ်စေ"
ကျိယွမ် လှုပ်ရှားလိုက်သည်နှင့် တစ္ဆေဧကရာဇ် ငါးပါး ပေါ်လာသည်။
၎င်းတို့၏ ကြီးမားပြီး ကြောက်မက်ဖွယ်ကောင်းသော ပုံရိပ်များသည် ကျိယွမ်ကို ဦးညွှတ်ကြသည်။
"ကျွန်ုပ်တို့ ကောင်းကင်ဘုံအရှင်ရဲ့ အမိန့်ကို နာခံပါတယ်"
တစ္ဆေဧကရာဇ် ငါးပါးသည် အလင်းတန်းများအဖြစ် ပြောင်းလဲပြီး တစ္ဆေနယ်ပယ်အတွင်းသို့ ဝင်ရောက်သွားသည်။
ကျိယွမ်က ဆက်လက်ပြောကြားသည်။
"နောင်တတံတား၊ မေ့လျော့ခြင်းနိုင်မြစ်၊ လွမ်းဆွတ်ခြင်း စင်မြင့်"
"ငရဲကြီး (၁၈) ထပ်၊ အားလုံး အစစ်အမှန် ငရဲတွေ ဖြစ်လာစေ"
........
"ကောင်းကင်ဘုံနတ်မင်းခန်းမက ယင်နဲ့ ယန်ကို ဆုံးဖြတ်ပြီး သံသရာကို အုပ်ချုပ်စေ"
"ယမမင်း (၁၀) ပါး နန်းတက်စေ"
"ယင်နတ်ဘုရားက ကောင်းကင်ဘုံနတ်မင်းခန်းမမှာ စံမြန်းစေ"
...
"ခေမိဂမ္ဘော ဘုရားလောင်း၊ ငရဲတွေကို ဝင်ရောက်စေ"
"ဟို့ထူကို အတုယူထားတဲ့ မြေနတ်ဘုရားမက သံသရာကို အုပ်ချုပ်စေ"
ကျိယွမ် ပြောလိုက်သည်နှင့် စိတ်ဝိညာဥ်များ တစ်ခုပြီးတစ်ခု ပေါ်လာပြီး တစ္ဆေအရာရှိများအဖြစ် ပြောင်းလဲသွားကြသည်။
၎င်းတို့သည် ကောင်းကင်ဘုံအရှင်ကို ဦးညွှတ်ပြီး အလင်းတန်းများအဖြစ် မြေအောက်ကမ္ဘာသို့ ဝင်ရောက်သွားကြ၏။
ချီချီ၏ အသိစိတ်သည် မြေအောက်ကမ္ဘာနှင့် ပေါင်းစည်းသွားပုံရပြီး သံသရာသည် သူမ၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာသည်။
တစ်ခါက အနှစ်မဲ့ပြီး သက်မဲ့ဖြစ်ခဲ့သော မြေအောက်ကမ္ဘာသည် ယခုအခါ စွမ်းအားကြီးသော စွမ်းအင်များဖြင့် လှုပ်ခတ်နေသည်။
အေးစိမ့်သောလေများ တိုက်ခတ်ပြီး သေခြင်းတရား၏ မီးတောက်များ လောင်ကျွမ်းနေသည်။
ဤမြင်ကွင်းကို ကြည့်နေရင်းမှ ထူးဆန်းသော ပန်းချီဆရာမသည် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။
ဤအချိန်တွင် ကျိယွမ်၏ အကြည့်သည် စင်မြင့်တစ်ခုပေါ်သို့ ကျရောက်သွားသည်။
၎င်းသည် လွမ်းဆွတ်ခြင်း စင်မြင့်မဟုတ်ဘဲ ကြိုဆိုခြင်း စင်မြင့် ဖြစ်သည်။
ဝမ်ယုကုန်းမြေကုန်းတိုက်ကြီးတွင် သူသည် ဓာတ်ကြီးငါးပါး ဘိုးဘေးများကို ပြန်လည်ရှင်သန်စေရန် စဉ်းစားခဲ့ဖူးသည်။
ကြိုဆိုခြင်း စင်မြင့်သည် ပြန်လည်ရှင်သန်ခြင်းအတွက် နေရာဖြစ်သည်။
"မျှော်လင့်ထားသလိုပဲ၊ အခုထိ မဖြစ်နိုင်သေးဘူး"
ရှင်းလင်းသည်မှာ မြေအောက်ကမ္ဘာ ပြီးဆုံးသွားသော်လည်း စနစ်တကျ မလည်ပတ်နိုင်သေးပေ။
ဝိညာဉ်များကို လက်ခံရန်ပင် မဖြစ်နိုင်သေးပါ။
သို့မဟုတ် သေဆုံးသူများမှာ အပြီးတိုင် သေဆုံးသွားခြင်း ဖြစ်နိုင်သည်။
"ဒါပေမဲ့..."
ထိုအချိန်တွင် ကျိယွမ်၏ အကြည့်မှာ အနန္တအသွင်ကူးပြောင်းတံခါးထံသို့ ရောက်သွားသည်။
"မြေအောက်ကမ္ဘာရဲ့ တံခါး၊ မင်းရဲ့နေရာကို ပြန်သွား"
သူ့စကား ဆုံးသည်နှင့် မူလ အနန္တအသွင်ကူးပြောင်းတံခါး တုန်ခါသွားပြီး ခဏချင်းမှာပင် အဆုံးမရှိသော အပြောင်းအလဲများ ဖြစ်ပေါ်လာသည်။
နောက်ဆုံးတွင် ၎င်းသည် မြေအောက်ကမ္ဘာ၏ တံခါးအဖြစ် ပြောင်းလဲသွားသည်။
အေးစိမ့်ပြီး ဖြူဖျော့ကာ ယင်နှင့် ယန် မူလသဘောတရားများ ပတ်ခွေနေသည်။ ၎င်းသည် ငရဲ၏ အနက်ရှိုင်းဆုံးနေရာသို့ တိုက်ရိုက် ဦးတည်နေပုံရသည်။
ရေတွက်မရသော မူလသဘောတရားများ၊ သတင်းအချက်အလက်များနှင့် မသိကိန်းများသည် မြေအောက်ကမ္ဘာတံခါးမှတစ်ဆင့် ကျိယွမ်၏ မြေအောက်ကမ္ဘာအတွင်းသို့ စီးဝင်သွားသည်။
၎င်းသည် ကျိယွမ်၏ အိမ်တံခါး ဖြစ်လာလေပြီ။
"ခရမ်းရောင်နန်းတော်... စုစည်းစေ"
ထိုအချိန်တွင် ကျိယွမ်သည် ပါးစပ်ကို ကျယ်ကျယ်ဖွင့်ပြီး မြေအောက်ကမ္ဘာတစ်ခုလုံးကို မျိုချလိုက်သည်။
တစ်ချိန်တည်းမှာပင် သူစုဆောင်းထားသော ခရမ်းရောင်ချီစွမ်းအင်များသည် မြေအောက်ကမ္ဘာတံခါး၏ အဝင်ဝတွင် ပျံ့နှံ့သွား၏။
"ခရမ်းရောင် ဆိုတာ ခရမ်းရောင်ချီစွမ်းအင်"
"နန်းတော် ဆိုတာ မြေအောက်ကမ္ဘာ"
"ဒါက ငါ့ရဲ့ ခရမ်းရောင်နန်းတော်ပဲ"
ကျိယွမ်၏ ကြေညာချက်နှင့်အတူ သူ့အတွင်းရှိ နတ်ဘုရားစွမ်းအား နှစ်ခု တုန်ခါသွားသည်။
သွေးနီရောင် မိစ္ဆာဓားသည် ငရဲကြီး (၁၈) ထပ်အတွင်းသို့ ပျံသန်းသွားပြီး မိစ္ဆာအကျဉ်းထောင်အဖြစ် ပြောင်းလဲသွား၏။
မဟာမေ့လျော့ခြင်းစိတ်ကျမ်းမှ မေ့လျော့ခြင်း စွမ်းအားသည် မုန့်ဖိုစွပ်ပြုတ်နှင့် ပေါင်းစည်းသွားပြီး မေ့လျော့ခြင်းမြစ်အတွင်း ပုန်းကွယ်သွားခဲ့သည်။
ခရမ်းရောင်ချီစွမ်းအင်များ စီးဆင်းနေပြီး သက်ဝင်လှုပ်ရှားနေသည်။ အေးစိမ့်သော လေများ တိုက်ခတ်နေပြီး ကြောက်မက်ဖွယ်ကောင်း၏။
ဤသို့ဖြင့် ခရမ်းရောင်နန်းတော် မွေးဖွားလာတော့သည်။
ကျိယွမ်သည် ကြိုဆိုခြင်း စင်မြင့်ကို တစ်ဖန် ပြန်ကြည့်လိုက်သည်။
သူသည် မြေအောက်ကမ္ဘာကို သူ၏ ခရမ်းရောင်နန်းတော်အတွင်း ပေါင်းစည်းလိုက်သောကြောင့် သူ့မျက်လုံးများတွင် အေးစိမ့်မှု အနည်းငယ် ဝင်လာသည်။
သူသည် ကြိုဆိုခြင်း စင်မြင့်ကို ကြည့်ရင်း နားလည်မှုတစ်ခု ရရှိလိုက်သည်။
"ယင်နဲ့ ယန် မျှခြေရှိရမယ်၊ ရှင်ခြင်းနဲ့ သေခြင်း ညီမျှရမယ်။
ဒါကြောင့် သေတဲ့လူကို ပြန်ရှင်စေချင်ရင် ရှင်နေတဲ့လူကို ဖျက်ဆီးရမယ်"
သို့သော် ဤဖျက်ဆီးခြင်းမှာ သတ်ဖြတ်ခြင်းနှင့် မတူပေ။
"အခုတော့ ဒါကို မြေအောက်ကမ္ဘာအသေးစားလို့ပဲ သတ်မှတ်လို့ရမယ်၊ လူတိုင်းကို လက်မခံနိုင်သေးဘူး"
သူ သက်ပြင်းချလိုက်သည်။
"ဓာတ်ကြီးငါးပါး ဘိုးဘေးတို့၊ ခင်ဗျားတို့ နောက်ထပ် ခဏလောက် ထပ်စောင့်ရဦးမယ် ထင်တယ်"
ကျိယွမ် အားမလိုအားမရ ဖြစ်သွားသည်။
ဤမြေအောက်ကမ္ဘာသည် သူ စိတ်ကူးထားသလောက် မဖြစ်သေးပေ။
ဥပမာအားဖြင့် သူသည် ယခု အပြာရောင်ကြယ်ကို သွားပြီး လူအားလုံးကို အမှတ်အသား လုပ်လိုက်မည်ဆိုလျှင်...
ထို့နောက် အပြာရောင်ကြယ်ရှိ လူအားလုံးကို သတ်လိုက်ပါက ၎င်းတို့အားလုံးသည် ဝိညာဉ်များ ဖြစ်လာပြီး သူ့မြေအောက်ကမ္ဘာတွင် အခမဲ့ လာရောက် အလုပ်လုပ်ကြပေမည်။
သူ ဆန္ဒရှိပါက ၎င်းတို့ကို သံသရာ လည်စေနိုင်သည်။
သို့သော် မြေအောက်ကမ္ဘာ၏ အမှတ်အသား မရှိသူများသည် သူ့လက်အောက်တွင် မရှိပေ။
ထို့ကြောင့် ဤအရာမှာ မြေအောက်ကမ္ဘာအသေးစားသာ ဖြစ်သည်။
အကယ်၍ ၎င်းသည် မြေအောက်ကမ္ဘာအကြီးစား ဖြစ်ပါက သူသည် ထိုက်ဟွမ်နန်းတော် ကောင်းကင်ဘုံအရှင်၏ အမည်ကို သေခြင်းရှင်ခြင်းစာအုပ်တွင် ရေးလိုက်ရုံနှင့် အနိုင်ရပေမည်။
ဟုတ်ပါသည်၊ ၎င်းမှာ စိတ်ကူးယဉ်မှုသာ ဖြစ်သည်။
ကျိယွမ်သည် သူ၏ ခရမ်းရောင်နန်းတော်ကို ကြည့်လိုက်သည်။
အဝင်ဝတွင် ခရမ်းရောင်စွမ်းအင်များ ဝဲလှည့်နေသည်။ ထိုစွမ်းအင်ကို ယန်နတ်ဘုရားကောင်းကင်ဘုံအရှင်များပင် လိုချင်တပ်မက်ကြသည်။
"ဒါပေမဲ့... ဒီမြေအောက်ကမ္ဘာတံခါးက နည်းနည်းတော့ ထူးဆန်းနေတယ်။ အနန္တအသွင်ကူးပြောင်းတံခါး၊ မူလသဘောတရားတံခါး အသွင်ပြောင်းစမ်း"
ကျိယွမ်က အမိန့်ပေးလိုက်သည်။
တံခါးသည် နားလည်သွားပြီး မူလသဘောတရားတံခါးအသွင် ပြောင်းလဲသွားသည်။
၎င်းပေါ်တွင် ရေတွက်မရသော မူလသဘောတရားများ စီးဆင်းနေသည်။ သာမန်လူတစ်ယောက် မြင်လိုက်ရုံနှင့်ပင် လမ်းပျောက်သွားပေလိမ့်မည်။
ယန်နတ်ဘုရားကောင်းကင်ဘုံအရှင် တစ်ပါးပင်လျှင် ၎င်းအတွင်းဝင်ပြီး မူလသဘောတရားများကို နားလည်ရန် ကြိုးစားချင်စိတ် ပေါက်သွားပေမည်။
မူလသဘောတရားများကို နားလည်ရန်မှာ အလွန် ခက်ခဲသောကြောင့် ဖြစ်သည်။
"ငါတောင် အထဲဝင်ချင်စိတ် ပေါက်လာတယ်"
ကျိယွမ်က မှတ်ချက်ပေးသည်။
သူသည် ထိုတံခါးအတွင်းဝင်ပြီး နှစ်ပေါင်းရာချီ၊ ထောင်ချီ အချိန်ပေးကာ မဟာမူလသဘောတရားတစ်ခုကို နားလည်ရန် ကြိုးစားသင့်သလားဟု ခဏ စဉ်းစားလိုက်မိ၏။
သို့သော် ပြန်စဉ်းစားပြီးနောက် ထိုအကြံကို လက်လွှတ်လိုက်သည်။
အခြားသော ယန်နတ်ဘုရားများအတွက် ထိုတံခါးမှာ အကြီးမားဆုံးသော ရတနာဖြစ်သော်လည်း ကျိယွမ်အတွက်မူ အချိန်ဖြုန်းခြင်းသာ ဖြစ်သည်။
သူသည် ဂိမ်းကစားခြင်းဖြင့် ပိုမိုမြန်ဆန်စွာ အဆင့်တက်နိုင်သည်။
ထို့အပြင် သူသည် အချိန်မဖြုန်းနိုင်ပေ။
အထက်ဘုံရှိ ကျင့်ကြံခြင်းလောကမှာ ပျက်စီးနေပြီဖြစ်ရာ သူသည် အဆင့်တက်ပြီး ထိုနေရာကို သန့်စင်ပေးရန် လိုအပ်သည်။
သို့သော် ထိုတံခါးသည် သူ့အတွက် အသုံးဝင်ဆဲ ဖြစ်သည်။
ပထမအချက်မှာ ၎င်းသည် မဟာကပ်ဘေးကြီး၏ ကျိန်စာအမှတ်အသားကို ပိတ်ဆို့ထားနိုင်သည်။ ဒုတိယအချက်မှာ အခြားသော မဟာမူလသဘောတရားများ၏ အားနည်းချက်များကို ရှာဖွေရန် ၎င်းကို အသုံးပြုနိုင်သည်။
သူ သတိထားရမည့် အချက်မှာ ထိုတံခါး တည်ရှိမှုကို လျှို့ဝှက်ထားရန် ဖြစ်သည်။
သတင်းပေါက်ကြားသွားပါက မဟာမူလသဘောတရားနယ်ပယ်ရှိ ယန်နတ်ဘုရားတိုင်းသည် သူ့ကို ရန်သူအဖြစ် သတ်မှတ်ကြမှာသေချာ၏။
"နောက်ဆုံးတော့ ခရမ်းရောင်နန်းတော် ပြီးဆုံးသွားပြီ။ ငါ့ရဲ့ ခွန်အားတွေလည်း အများကြီး တိုးလာတယ်"
"ပြီးတော့ ဒီတစ်ခါ ငါရတဲ့ စွမ်းရည်က... ငါ့ရဲ့ အသံလား"
"ဒါက ငါ့ရဲ့ နားနဲ့ ဆက်စပ်နေတာပဲ"
"ဒီစွမ်းရည်က နည်းနည်းတော့ နောက်ကျနေပြီ"
"ဒါက အသုံးမဝင်ဘူးလို့ ဘာလို့ ခံစားနေရတာလဲ"
ဤတစ်ကြိမ်တွင် သူရရှိသော စွမ်းရည်မှာ သူ့နားဖြင့် ကြားနိုင်သော အသံပိုင်ရှင်များနှင့် ဆက်သွယ်နိုင်ခြင်း ဖြစ်သည်။
သူသည် ၎င်းတို့ကို စကားလှမ်းပြောနိုင်သည်။
ထို့အပြင် သူ့နားနှင့် မချိတ်ဆက်ထားလျှင်လည်း သူ၏အသံကို တစ်စုံတစ်ဦးထံသို့ ကျပန်း ပေးပို့နိုင်သေးသည်။
"ငါက စကြဝဠာကြားထဲက အသံချဲ့စက် ဖြစ်လာတာလား"
ထိုသို့တွေးရင်း ကျိယွမ်သည် ချက်ချင်း စမ်းသပ်ကြည့်သည်။
"ငါက အရမ်းဆင်းရဲနေတာပဲ၊ စိတ်ကောင်းရှိသူတို့၊ ငါ့ကို ပိုက်ဆံလေး နည်းနည်းလောက် ချေးကြမလား ၊ မရှိရင်လည်း ပိုက်ဆံလေးဘာလေး ရအောင်ဖန်တီးကြပေါ့"
-------------------