← Chapters

အခန်း (၄၀၂-၄၀၃)

Vol. 37 Ch. 402-403

အခန်း (၄၀၂-၄၀၃)

Vol. 37 Ch. 402-403

အခန်း ၄၀၂ - ငါက မဟာကပ်ဘေးကြီးပဲ.. ဘယ်သူက ငါ့ကို အနိုင်ယူဝံ့သလဲ

မေလ ၁၆ ရက်နေ့တွင် ဖုန်းထျန်းနယ်မြေ၌ မိုးဖွဲဖွဲလေး ရွာသွန်းနေ၏။

သို့သော်လည်း တားဆီး၍မရသော အရှိန်အဝါနှင့်အတူ သွေးရောင်အလင်းတန်းတစ်ခုသည် မိုးရေစက်များထဲတွင် ကောင်းကင်ကို ဖြတ်သန်းလျက် အလယ်ပိုင်းကောင်းကင်နယ်မြေသို့ ဦးတည်သွားနေသည်။

ကျင့်ကြံရေးဂိုဏ်းများ၊ နာမည်ကြီးမျိုးနွယ်စုများနှင့် လူအများအပြားမှာ ထိတ်လန့်တကြား နိုးကြားလာကြ၏။

သူတို့သည် ကောင်းကင်သို့ မော့ကြည့်လိုက်ကြသော်လည်း ကျင့်ကြံသူများ၏ စူးရှသောအမြင်အာရုံနှင့်ပင် ထိုသွေးရောင်အလင်းတန်းနောက်ကွယ်မှ ပုံရိပ်ပိုင်ရှင်ကို အသေအချာ မမြင်နိုင်ကြပေ။

သို့သော် သွေးရောင်အလင်းတန်း ဖြတ်သန်းသွားသည့် နေရာတိုင်းမှာတော့ ကောင်းကင်ကြီးတစ်ခုလုံးမှာ သွေးရောင် လွှမ်းသွားခဲ့သည်။

ထိုသွေးရောင်ကောင်းကင်မှတစ်ဆင့် ကျရောက်လာသော နေရောင်ခြည်သည်လည်း သွေးရောင်သို့ ပြောင်းသွားသည်။

ရေတွက်၍မရသော ကျင့်ကြံသူများက ဤဖြစ်ရပ်ကို "သွေးရောင်နေမင်း ကောင်းကင်ကို သတ်ဖြတ်ခြင်း" ဟု ခေါ်ဆိုကြ၏။

“သွေးဝတ်စုံဓားနတ်ဘုရားကျိယွမ်ပဲ။ သူ မဟာကပ်ဘေးကြီးကို စပြီးရင်ဆိုင်တော့မယ် ထင်တယ်”

ယင်နတ်ဘုရားတစ်ပါးက သွေးရောင်ကောင်းကင်ကြီးကိုကြည့်ပြီး တုန်ရီစွာ မှတ်ချက်ချသည်။

သုံးရက်ဆိုသည်မှာ ယင်နတ်ဘုရားတစ်ပါးအတွက် အလွန်တိုတောင်းလွန်းလှသည်။

သို့သော် သွေးဝတ်စုံဓားနတ်ဘုရားမှာ တကယ့်ကို ထူးခြားဆန်းပြားသူဖြစ်ပြီး သာမန်စံနှုန်းများဖြင့် တိုင်းတာ၍မရပေ။

ကပ်ဘေးကို လျှို့ဝှက်မထားဘဲ ဗြောင်ကျကျ စိန်ခေါ်လိုက်သည်မှာလည်း ရဲတင်းလွန်းလှ၏။

အချိန်ဇယားမှာလည်း အလွန် အလောသုံးဆယ်နိုင်လွန်းသည်။

ယင်နတ်ဘုရားအားလုံးနှင့် အစည်းအဝေးလုပ်ပြီးနောက် သုံးရက်အတွင်း၌ပင် ကပ်ဘေးကြီးကို ရင်ဆိုင်ရန် သူ ဆုံးဖြတ်လိုက်ခြင်းပင်။

ပြီးတော့ သူပြောခဲ့သလိုပင် တစ်ယောက်တည်းတိုက်၏။

ဤအချက်က ယင်နတ်ဘုရားအရှင်များနှင့် မဟာအုပ်စိုးရှင်များကို အံ့အားသင့်စေသည်။

“သွေးဝတ်စုံဓားနတ်ဘုရားက တကယ်ပဲ ဒီလောက် ယုံကြည်မှုရှိတာလား။ သူက အရင်ကပါရမီရှင်လိုပဲ ယန်နတ်ဘုရားအဆင့်ကို တက်လှမ်းသွားလို့လား”

မဟာအုပ်စိုးရှင်တစ်ဦးက ဝေခွဲမရဖြစ်နေသည်။

“အရင်လူ ကျရှုံးသွားတာက ကံကြမ္မာတောင်တန်းဆီက သတင်းပေါက်ကြားသွားလို့ပဲ။ အခု ကံကြမ္မာတောင်တန်းလည်း ပျက်စီးသွားပြီဆိုတော့ ဒီတစ်ခါတော့ အခွင့်အရေးရှိနိုင်တယ်”

“မင်း အိပ်မက်မက်နေတာလား။ ကံကြမ္မာတောင်တန်းဆီက သတင်းပေါက်ကြားဖို့ မလိုဘူး၊ ကျိယွမ်ကိုယ်တိုင်က သတင်းတွေကို ကြေညာနေတာလေ”

ယင်နတ်ဘုရားတစ်ပါးက စိတ်ပျက်လက်ပျက် ပြန်ဖြေ၏။

ကန်းလန်နယ်မြေအနှံ့မှ ရေတွက်၍မရသော အကြည့်များမှာ ထိုသွေးရောင်အလင်းတန်းကို မြင်တွေ့နိုင်ရန် ကောင်းကင်သို့ အာရုံစိုက်နေကြသည်။

“မဟုတ်ဘူး... တစ်ခုခု မှားနေပြီလို့ မထင်ဘူးလား ။ လှိုင်းမိုးနယ်မြေက ငါတို့ ကောင်းကင်တွေလည်း နီလာပြီ”

“ငါ တံခါးပိတ်ကျင့်ကြံပြီး နိုးလာတော့ မြောက်ပိုင်းသဲကန္တာရနယ်မြေရဲ့ ကောင်းကင်ကြီးကလည်း နီနေပြီ။ ဘာလဲ... သွေးဝတ်စုံဓားနတ်ဘုရား ဘာတွေ လျှောက်လုပ်နေတာလဲ”

“မြောက်ပိုင်းသဲကန္တာရတင် မဟုတ်ဘူး၊ တခြားနယ်မြေတွေမှာလည်း ကောင်းကင်တွေ နီနေတယ်။ သွေးဝတ်စုံဓားနတ်ဘုရား ဘာကို အကောင်အထည်ဖော်ဖို့ ကြိုးစားနေတာလဲ”

လူအများမှာ ဇဝေဇဝါ ဖြစ်နေကြပြီး ဆွေးနွေးငြင်းခုံမှုများ ပေါ်ပေါက်လာ၏။

ခဏတာ အိပ်စက်ပြီးနောက်ဖြစ်စေ၊ ထမင်းစားပြီးနောက်ဖြစ်စေ၊ အဝတ်လျှော်ပြီးနောက်ဖြစ်စေ လုပ်စရာရှိသည်များကို လုပ်၍ပြီးတိုင်း သူတို့ ကောင်းကင်ကို တစ်ဖန် မော့ကြည့်လိုက်ကြသည်။

သွေးရောင်ကောင်းကင်ကြီးပဲ။

ကန်းလန်နယ်မြေကြီးတစ်ခုလုံးမှာ သွေးရောင်အလင်းတန်းများ လွှမ်းခြုံနေ၏။

အလင်းတန်းများ ကျရောက်လာသည်ကပင် ကောင်းကင်မှ သွေးမျှင်တန်းများ မိုးရွာချနေသကဲ့သို့ပင်။

လူအများမှာ ဇဝေဇဝါ ဖြစ်နေကြသော်လည်း အချို့မှာမူ အလွန်တုန်လှုပ်နေကြ၏။

ဤသွေးဝတ်စုံဓားနတ်ဘုရားမှာ အံ့သြစရာကောင်းလောက်အောင် မြန်ဆန်လှသည်။

သို့သော် ကျင့်ကြံသူများ၏ နှလုံးသားထဲ၌ သံသယတစ်ခုလည်း ကြီးထွားလာသည်။

“သွေးဝတ်စုံဓားနတ်ဘုရားက ဒီလောက် အစွမ်းထက်နေရင် မဟာကပ်ဘေးကြီးက ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်မလဲ”

"ဆုတောင်းရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး။ ငါတို့ မဟာကပ်ဘေးကြီးအကြောင်း ဘာမှမသိဘူး။ သူက လူလား၊ မိစ္ဆာလား ဒါမှမဟုတ် သတ္တဝါဆန်းလား။ ဘယ်လောက် အစွမ်းထက်သလဲ။ ဘာတွေလုပ်ခဲ့သလဲ။ ငါတို့ ဘာမှမသိရဘူး”

“ဖြစ်နိုင်တာက... မဟာကပ်ဘေးကြီးက ငါတို့နဲ့ ငြိမ်းချမ်းစွာ အတူနေနိုင်မလား”

တစ်ဦးက အကြံပြုသည်။

ကမ္ဘာကြီး၏ မဟာကပ်ဘေးကြီးအပေါ် နားလည်မှုမှာ အလွန်ပင် နည်းပါးလှပြီး မှန်းဆချက်များသာ လုပ်နိုင်ကြ၏။

ရှန်ကွမ်းဂိုဏ်းကဲ့သို့ ဝေးလံသောနေရာများ၌မူ မဟာကပ်ဘေးကြီးအကြောင်း ကို လုံးဝမသိကြပေ။

ကျန်းမိသားစုကဲ့သို့သော ခရမ်းရောင်နန်းတော်အဆင့်မျိုးနွယ်စုကြီးများ၌သာ ကပ်ဘေးကို တစ်ချက်မျှ မြင်နိုင်သော ရတနာများ ရှိကြသော်လည်း သူတို့၏ အသိပညာမှာလည်း နည်းပါးလှသည်။

ယင်နတ်ဘုရားများမှာလည်း မဟာကပ်ဘေးကြီးအကြောင်းကို ကြားဖူးရုံသာ ရှိကြသည်။

သူတို့သိသည်မှာ ၎င်းက အရာအားလုံးကို ရိတ်သိမ်းသွားသည်ဟူသော အချက်သာ ဖြစ်၏။

ကပ်ဘေးက အမှန်တကယ် ဘာလဲ၊ ဘယ်သူက နောက်ကွယ်ကရှိနေလဲ ဆိုသည်ကို မည်သူမှ မသိကြပေ။

ယခင်က ကန်းလန်နယ်မြေမှ ယန်နတ်ဘုရားတစ်ပါးမှာ ယင်းကို မကျော်လွှားနိုင်ခဲ့သဖြင့် ကပ်ဘေးသည် ယန်နတ်ဘုရားအဆင့်ရှိသော အရာဟုသာ ယူဆထားကြ၏။

ထို့ကြောင့် ကျိယွမ်၏ ကပ်ဘေးဖယ်ရှားခြင်းအစီအစဥ် သတင်းပျံ့နှံ့သွားသောအခါ ကန်းလန်နယ်မြေရှိ လူအများအပြားမှာ ဂရုမစိုက်ကြပေ။

အချို့က ကျင့်ကြံခြင်းနည်းစနစ်များတွင် အဆိပ်ရှိသည်ဟူသော ပြောဆိုချက်မှာ ဝိညာဉ်စွမ်းအင်တွင် အဆိပ်ရှိသည်ဟု ပြောသကဲ့သို့ လျှောက်ပြောခြင်းဟုပင် ထင်ကြသည်။ အကြောင်းမှာ ကန်းလန်နယ်မြေရှိ ဝိညာဉ်စွမ်းအင်ကို အသုံးပြုသော ကျင့်ကြံသူတိုင်း နောက်ဆုံး၌ သေဆုံးကြရသောကြောင့် ဖြစ်သည်။

လူအများစုအတွက် မဟာကပ်ဘေးကြီးမှာ ဝေးကွာသော ခြိမ်းခြောက်မှုတစ်ခုသာ ဖြစ်၏။

အချို့သော အမျိုးသမီးကျင့်ကြံသူများမှာမူ သူတို့၏ အလှအပကို ယုံကြည်ကာ မဟာကပ်ဘေးကြီးက သူတို့ကို မြင်လျှင် တာအိုလက်တွဲဖော်အဖြစ် တောင်းဆိုကောင်း တောင်းဆိုလိမ့်မည်ဟုပင် နောက်ပြောင်နေကြသည်။

ပါရမီထူးချွန်သော အမျိုးသားကျင့်ကြံသူအချို့မှာမူ ကပ်ဘေးက သူတို့၏ အရည်အချင်းကို သဘောကျပြီး တပည့်အဖြစ် လက်ခံကောင်း လက်ခံလိမ့်မည်ဟု ကြွားဝါနေကြ၏။

ကျိယွမ်၏ ကပ်ဘေးဖယ်ရှားခြင်းအစီအစဥ်အပေါ် တုံ့ပြန်မှုများမှာ များစွာ ကွဲပြားနေသည်။

ညနေ ၇ နာရီ ၁၅ မိနစ်တွင် ကန်းလန်နယ်မြေ၏ ကောင်းကင်တစ်ခုလုံး သွေးရောင် ပြောင်းသွားသည်။

ရေတွက်၍မရသော ကျင့်ကြံသူများမှာ သမိုင်းဝင်ဖြစ်ရပ်ကို မျက်မြင်တွေ့နေရသကဲ့သို့ လေးလံသော အမူအရာဖြင့် ကောင်းကင်ကို ကြည့်နေကြဆဲပင်။

စံအိမ်တစ်ခု၌ အစိမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသော ကျန်းလင်းစု၏ နဖူးပေါ်တွင် သောကကြောင့်ချွေးစေးများ ထွက်နေပြီး သူမ၏ လှပသော မျက်လုံးများထဲ၌ အဆုံးမဲ့ စိုးရိမ်မှုများ ပြည့်နှက်နေသည်။

သူမ၏ ကျော့ရှင်းသော အစိမ်းရောင်ဝတ်စုံအောက်၌ပင် သူမ၏ လှပသော ကိုယ်ဟန်ကို မဖုံးကွယ်နိုင်ပေ။ ဤဝတ်စုံသာ မရှိပါက သူမ မည်မျှ လှပမည်ကို စိတ်ကူးကြည့်ရန်ပင် ခက်ခဲလှသည်။

သူမ၏ စကတ်အနားသတ်မှာ ရှည်လျားသော်လည်း ရံဖန်ရံခါတွင် အတွင်းမှ အသားရောင် ခြေအိတ်များကို တစ်ချက်မျှ မြင်တွေ့နိုင်၏။

မကြာသေးမီကမှ သူမသည် ဆရာတူအစ်ကိုကြီးနှင့်အတူ ဤနေရာ၌ စစ်တုရင်ကစားခဲ့ပြီး ဆုံးဖြတ်ချက်တစ်ခု ချတော့မည့်အလား စိတ်ကူးယဉ်နေခဲ့သည်။

သို့သော် ယခုအခါ သူမ၏အစ်ကိုကြီးသည် မဟာကပ်ဘေးကြီးကို ရင်ဆိုင်ရန် ထွက်ခွာသွားပြီ ဖြစ်သည်။

သူမ တစ်ဦးတည်းသာ ကျန်ရစ်ခဲ့၏။

သူမ၏ မိသားစုရတနာမှတစ်ဆင့် မြင်ခဲ့ရသော မြင်ကွင်းကို သူမ ပြန်လည်အမှတ်ရမိသည်။

သွေးမိုးများ ရွာချခြင်း၊ ကောင်းကင်နှင့် မြေကြီး ပြောင်းပြန်ဖြစ်ခြင်း၊စသည်တို့သည် လူသားတို့၏ အစွမ်းဖြင့် မလုပ်ဆောင်နိုင်သော အရာများ ဖြစ်သည်။

သူမ သွားများကိုကြိတ်လျက် တိုးတိုးလေး ရေရွတ်လိုက်သည်။

“ဆရာတူအစ်ကိုကြီး... ရှင် ဘေးကင်းရမယ်နော်”

ထိုအချိန်တွင် မရေမတွက်နိုင်သော မျက်လုံးများမှာ ကပ်ဘေးကြီး သို့မဟုတ် သွေးဝတ်စုံဓားနတ်ဘုရား ကျိယွမ်ကို မြင်တွေ့နိုင်ရန် ကောင်းကင်သို့ စူးစိုက်နေကြသည်။

ကပ်ဘေးကြီးသည် အဘယ်အရာဖြစ်ကြောင်းနှင့် သွေးဝတ်စုံဓားနတ်ဘုရားသည် မည်မျှအထိ အစွမ်းထက်ကြောင်း သူတို့ သိချင်နေကြလေ၏။

သွေးရောင်အလင်းတန်းများ မြေပြင်ပေါ် လွှမ်းမိုးသွားသည်နှင့်အမျှ တစ်လောကလုံး ရဲရဲနီလာပြီး လူအများ၏ နှလုံးသား၌ အထီးကျန်မှုနှင့် ဝမ်းနည်းမှုများ ခံစားလိုက်ရသည်။

တစ်ချိန်တည်းမှာပင် ပြင်းထန်သော တိုက်ခိုက်လိုစိတ်များ မြင့်တက်လာကြ၏။ သွေးရောင်ကောင်းကင်ကို မော့ကြည့်သူတိုင်း ပြင်းထန်သော တိုက်ပွဲဝင်စိတ်ဓာတ်ကို ခံစားလိုက်ရသည်။

အလယ်ပိုင်းကောင်းကင်နယ်မြေ၌ သွေးရောင်ပုံရိပ်တစ်ခုသည် ရှည်လျားသော ဆံပင်များ လွင့်မျောလျက် မားမားမတ်မတ် ရပ်နေသည်။

သူ၏ ရှေ့တွင် ပုံရိပ် သုံးခု ရှိနေသည်။

ဝမ်လင်းထုံက ရိုသေစွာ ဂါရဝပြုလိုက်သည်။

“စီနီယာ... အရှင် ကပ်ဘေးကို ရင်ဆိုင်တဲ့အခါ ဒီလက်ဖွဲ့ကို အသုံးပြုပါ။ ဒါဟာ ဒဏ္ဍာရီလာအဆင့်ဆယ်ပါးရဲ့ စွမ်းအားအပြည့်ကို တစ်ချက်တည်းနဲ့ ထုတ်လွှတ်နိုင်ပါတယ်”

ဝမ်လင်းရှန်းကလည်း ခေါင်းငုံ့လျက် ဂါရဝပြုသည်။ ကျိယွမ်၏ ထူးခြားလှပသော ရုပ်ရည်ကို မြင်လိုက်ရသောအခါ သူမ အရင်က တွေးခဲ့သော ရယ်စရာအတွေးများအားလုံး ပျောက်ကွယ်သွားသည်။

“ကျွန်မမှာ ကပ်ဘေးကို ခဏတာ ပိတ်လှောင်ထားနိုင်တဲ့ အစီအရင်ပြားတစ်ခု ရှိပါတယ်။ ဒါကို စီနီယာအတွက် လက်ဆောင်ပေးပါရစေ”

နောက်ဆုံးတွင် အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသော လူတစ်ဦးသည် ကျိယွမ်ကို ကြည့်လိုက်၏။ သူ၏ မျက်လုံးများထဲ၌ သေခြင်းတရားကဲ့သို့ တိတ်ဆိတ်မှုများ ပြည့်နှက်နေသည်။

“ချန်မိုနယ်မြေရဲ့ ကံကြမ္မာက စီနီယာ့အပေါ်မှာပဲ မူတည်ပါတယ်”

ချန်မိုနယ်မြေသည် ကန်းလန်နယ်မြေကဲ့သို့ပင် "ဝက်ခြံ" သုံးထောင်ထဲမှ တစ်ခု ဖြစ်သည်။

သို့သော် ၎င်း၏ ကံကြမ္မာမှာ ပို၍ ဝမ်းနည်းဖွယ် ကောင်းလှသည်။

ကပ်ဘေးသည် ထိုနယ်မြေရှိ အလားအလာအားလုံးကို စုပ်ယူသွားပြီး လူသူကင်းမဲ့သော နေရာတစ်ခု ဖြစ်အောင် လုပ်ခဲ့သည်။ နောက်ဆုံးတွင် ကပ်ဘေးသည် ချန်မိုနယ်မြေ၏ မြေပြင်၊ တောင်တန်း၊ မြစ်ချောင်း၊ ပင်လယ်နှင့် ကောင်းကင်တို့ကိုပါ ဖြည်းဖြည်းချင်း စားသုံးလာခဲ့၏။

ယခုအခါ ထိုကမ္ဘာမှ ဤအနက်ရောင်ဝတ်စုံဝတ် လူတစ်ဦးသာ ကျန်ရှိတော့ပြီး ကြယ်ခွဲခွာရာနယ်မြေသို့ ထွက်ပြေးလာခဲ့ခြင်း ဖြစ်သည်။

သို့သော် သူသည် အခြားကမ္ဘာများသို့ လည်း သွား၍မရပေ ၊ သွားလျှင် သူ သေရလိမ့်မည်။

ထို့နောက် မတူညီသော နယ်မြေများမှ လာသော ယင်နတ်ဘုရားသုံးပါးမှာ ပြောစရာစကား မရှိတော့ပေ။ ကပ်ဘေးကို ရင်ဆိုင်တော့မည့် ကျိယွမ်အား သူတို့၏ ရတနာများကို ပေးအပ်ကာ အားပေးလိုက်ကြသည်။

ဤအချိန်ကြမှ သတိပေးချက်များ၊ အကြံပြုချက်များနှင့် ကပ်ဘေး၏ အစွမ်းအကြောင်း ပြောဆိုခြင်းမှာ အဓိပ္ပာယ် မရှိတော့ပေ။

“ကောင်းပြီ”

သွေးရောင်ပုံရိပ်က တစ်ခုခုအတွက် ပြင်ဆင်နေသကဲ့သို့ အလုပ်ရှုပ်နေသဖြင့် တိုတိုတုတ်တုတ်သာ ပြန်ဖြေလိုက်သည်။

“စီနီယာ အောင်မြင်ပါစေလို့ ဆုတောင်းပါတယ်။ သွားပြီး ကပ်ဘေးကို သတ်ဖြတ်လိုက်ပါ”

ဝမ်လင်းထုံနှင့် ဝမ်လင်းရှန်းတို့က နှုတ်ဆက်၏ ။

မျက်လုံးထဲ၌ သေခြင်းတရားများ ပြည့်နှက်နေသော အနက်ရောင်ဝတ်စုံဝတ် လူ၏ မျက်လုံးထဲ၌ ပြတ်သားသော အလင်းတန်းတစ်ခု ပေါ်လာသည်။

“စီနီယာ... သွားပြီး အဲဒီ အစုတ်အပြတ်ကပ်ဘေးကို သတ်ပစ်လိုက်ပါ”

သူက အက်ရှသော အသံဖြင့် အော်ဟစ်လိုက်သည်။

“အေး”

သွေးရောင်ပုံရိပ်သည် ကမ္ဘာကြီးကို နောက်ဆုံးတစ်ခါ ကြည့်လိုက်ပြီးနောက် အဆုံးမဲ့ဖရိုဖရဲနယ်ပယ်ထဲသို့ ခုန်ဝင်ကာ ပျောက်ကွယ်သွား၏။

ယင်နတ်ဘုရား သုံးပါးမှာ ရှုပ်ထွေးသော အမူအရာဖြင့် ရပ်လျှက်ကျန်ရစ်ခဲ့သည်။

ဝမ်လင်းရှန်းက ဖရိုဖရဲနယ်ပယ်သို့ငေးကြည့်နေရင်းမှ တိုးတိုးလေး ရေရွတ်၏။

“သူ နိုင်ပါစေလို့ မျှော်လင့်ပါတယ်”

သွေးဝတ်စုံဓားနတ်ဘုရားသာ အောင်မြင်ပါက ကြယ်ခွဲခွာရာနယ်မြေအတွက် မျှော်လင့်ချက် အလင်းရောင် ရရှိနိုင်ပေလိမ့်မည်။

သို့သော် သူရဲကောင်း အများအပြားမှာ ကပ်ဘေးကို တိုက်ခိုက်ရန် သွားခဲ့ကြပြီး ဘယ်တော့မှ ပြန်မလာခဲ့ကြသည်ကိုလည်း သူတို့ သိကြ၏။

ကမ္ဘာပေါင်း သုံးထောင်၏ သမိုင်းတစ်လျှောက်တွင် မြစ်ကြီးထဲက ငါးများကဲ့သို့ ပါရမီရှင် အများအပြား ပေါ်ထွန်းခဲ့ဖူးသည်။ အများစုမှာ ထွက်ပြေးပုန်းအောင်းရင်း သာမန်ဘဝဖြင့် နေထိုင်ခဲ့ကြသည်။

သို့သော် ရံဖန်ရံခါတွင်မူ သွေးဝတ်စုံဓားနတ်ဘုရားကဲ့သို့ သူရဲကောင်းများ ပေါ်လာတတ်ပြီး ကပ်ဘေးကို ရင်ဆိုင်တိုက်ခိုက်ရန် အခြားသူများကို စုစည်းတတ်ကြသည်။

“ဒီတိုက်ပွဲက... နိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ ငါတို့နှလုံးသားမှာ သွေးဝတ်စုံဓားနတ်ဘုရားကို အမြဲမှတ်မိနေမှာပါ”

အလယ်ပိုင်းကောင်းကင်နယ်မြေ၏ မသိနိုင်သော နေရာတစ်ခုအတွင်း၌ အဆုံးမဲ့ဖရိုဖရဲ နယ်ပယ်တစ်ခု ရှိနေသည်။

ရုတ်တရက် ထိုဖရိုဖရဲမှုများအတွင်း၌ နတ်ဘုရားအလင်းတန်းတစ်ခု လက်ခနဲ ပေါ်လာ၏။

မဟာကပ်ဘေးကြီးဟု သိထားသော ဖြစ်တည်မှုကြီးသည် အချိန်၏ ၉၉ ရာခိုင်နှုန်းခန့်ကို တိကျသော အသိစိတ်မရှိဘဲ အိပ်စက်ခြင်းဖြင့် ကုန်ဆုံးစေသည်။

ဖြစ်တည်မှုမှာ ကြာမြင့်နေပြီဖြစ်၍ ၎င်း၏ ဖြစ်တည်မှုအတွင်း၌ နတ်ဘုရားအလင်းတန်းတစ်ခု ပေါ်လာပြီး အသိစိတ်အနည်းငယ် နိုးထလာခြင်း ဖြစ်နိုင်သည်။

ထိုအချိန်တွင် အဆုံးမဲ့ သတင်းအချက်အလက်များမှာ ၎င်း၏အတွင်းသို့ စီးဝင်လာ၏။

မဟာကပ်ဘေးကြီးက မျက်လုံးဖွင့်လိုက်သည်။

၎င်း၏ အကြည့်မှာ ဝေဝါးနေသော်လည်း အတွင်း၌ နက်ရှိုင်းသော အဓိပ္ပာယ်များ ရှိနေသည်။ ၎င်းမှာ တစ်ဝက်တစ်ပျက် အိပ်မောကျနေဆဲ ဖြစ်ပုံရသည်။

“ကျိယွမ်က... ကပ်ဘေးကို ဖယ်ရှားဖို့ စီစဥ်နေတာလား”

မဟာကပ်ဘေးကြီးက ခြင်တစ်ကောင်၏ အသံထက် မပိုသော အသံဖြင့် ရေရွတ်လိုက်၏။

၎င်းမှာ လက်သည်းခွံအရွယ် ခဲတစ်လုံးကို ကြီးမားသော ပင်လယ်ထဲသို့ ပစ်ချလိုက်သကဲ့သို့ပင်။

အစပိုင်း၌ သေးငယ်သော လှိုင်းကြက်ခွံလေးများသာ ပေါ်လာသော်လည်း မကြာမီ ထိုလှိုင်းများသည် မိုင်ပေါင်းများစွာ မြင့်သော ဆူနာမီလှိုင်းကြီးများအဖြစ် ပြောင်းလဲသွားသလိုပင်။

မိုးကြိုးပစ်သံကဲ့သို့သော အသံကြီးသည် ကန်းလန်နယ်မြေရှိ သက်ရှိတိုင်း၏ နားထဲ၌ ဟိန်းထွက်သွားသည်။

“ကပ်ဘေးကို ရင်ဆိုင်သူတွေဟာ အပြစ်ရှိသူတွေပဲ၊ သွေးစွန်းတဲ့ အပြစ်တွေကို ထမ်းပိုးထားကြတာ။ သူတို့ဟာ ကောင်းကင်နဲ့ မြေကြီးရှေ့မှာ သူတို့ရဲ့ အပြစ်တွေအတွက် တစ်စစီ ပေးဆပ်ရမယ်”

ဤအသံကို ကြားရသော ကန်းလန်နယ်မြေရှိ ကျင့်ကြံသူတိုင်း မျက်နှာ ပျက်သွားကြ၏။

မဟာကပ်ဘေးကြီး၏ အသံသည် သူတို့၏ နှလုံးသားထဲသို့ တိုက်ရိုက် ထိုးဖောက်ဝင်ရောက်သွားပြီး လူပေါင်းများစွာကို အပြစ်ရှိစိတ်နှင့် ထိတ်လန့်မှုများ ဖြစ်ပေါ်စေသည်။

“ငါတို့ တကယ်ပဲ အပြစ်တွေနဲ့ သွေးစွန်းမှုတွေကို ထမ်းပိုးထားရတာလား”

“မဟာကပ်ဘေးကြီးဆိုတာ ကောင်းကင်ဘုံက ပေးတဲ့ စမ်းသပ်မှုလား”

“ငါတို့ မှားနေခဲ့တာလား”

ကပ်ဘေး၏ အသံသည် ကြားရသူတိုင်းကို မသက်မသာ ဖြစ်စေပြီး ကြောက်ရွံ့မှုများ ပေးစွမ်းသည်။

ထိုအချိန်၌ ကျင့်ကြံသူအားလုံးသည် မဟာကပ်ဘေးကြီး၏ ကြောက်မက်ဖွယ် အစွမ်းကို အနည်းငယ်မျှ မြင်တွေ့လိုက်ရသည်။

၎င်း၏ အသံတစ်ခုတည်းနှင့်ပင် ကန်းလန်နယ်မြေ၏ ထောင့်တိုင်း၌ ပဲ့တင်ထပ်သွားသည် မဟုတ်ပါလား။

ထိုကဲ့သို့သော အစွမ်း၊ ထိုကဲ့သို့သော ကြီးမားမှုမှာ လုံးဝ အနိုင်မတိုက်နိုင်သော အရာဟု ထင်ရသည်။

ထိုအချိန်၌ ပို၍ ကျယ်လောင်သော အသံတစ်ခု ကောင်းကင်တွင် ဟိန်းထွက်လာသည်။

“ကပ်ဘေးကို ရင်ဆိုင်သူတွေဟာ နောင်တမရကြဘူးပဲ ။ သူတို့ဟာ သတ်ဖြတ်လိုစိတ်တွေ ထားရှိပြီး ငါ့ဆီချဉ်းကပ်ဝံ့ကြတယ်။ သူတို့ဟာ ချန်မိုနယ်မြေလိုပဲ ပျက်စီးရလိမ့်မယ်”

ကပ်ဘေး၏အသံကြီး ပဲ့တင်ထပ်သွားသည်နှင့်အမျှ လူတိုင်း၏ စိတ်ထဲ၌ မြင်ကွင်းတစ်ခု ပေါ်လာသည်။

တောင်တန်းများ ပြိုလဲခြင်း၊ ပင်လယ်ရေများ မြေပြင်ပေါ်သို့ ပြန်လည် စီးဝင်လာခြင်း၊ ကုန်းမြေတိုက်ကြီးများ ပြတ်တောက်သွားခြင်းနှင့် ကမ္ဘာကြီး၏ ဝိညာဉ်စွမ်းအင်များ ပြိုလဲသွားခြင်းတို့ ဖြစ်သည်။

ရေတွက်၍မရသော သတ္တဝါများမှာ အော်ဟစ်နေကြပြီး ဝိညာဉ်များမှာ လွင့်မြောနေကြကာ ကူကယ်ရာမဲ့နေကြ၏။

ကြောက်မက်ဖွယ် ကပ်ဘေးများနှင့် ရက်စက်သော တာအိုများက ကမ္ဘာတစ်ခုလုံးကို ဖျက်ဆီးပစ်သည်။

ထိုကဲ့သို့သော ပျက်စီးခြင်း မြင်ကွင်းကို မြင်ရသောအခါ ကျင့်ကြံသူတိုင်း တုန်လှုပ်လျက် မျက်လုံးထဲ၌ မျှော်လင့်ချက်မဲ့မှုများ ပြည့်နှက်သွားတော့သည်။

“ကပ်ဘေးကြီးကို... တားဆီးလို့ မရဘူး”

“ဒါကို ဘယ်လိုများ အနိုင်ယူနိုင်မှာလဲ”

“ငါတို့ မှားသွားပြီ၊ ကပ်ဘေးကသာ အမှန်ပဲ”

အချို့သော ကျင့်ကြံသူများမှာ အလွန်အမင်း ထိတ်လန့်ကာ ငိုကြွေးကုန်ကြသည်။

ယင်နတ်ဘုရားများသည် တစ်ချက်တည်းနှင့် နိုင်ငံတစ်ခုလုံးကို ဖျက်ဆီးနိုင်သော အစွမ်းရှိပြီး ကန်းလန်နယ်မြေ၏ အထွတ်အထိပ် အစွမ်းကို ကိုယ်စားပြု၏။

သို့သော် ကမ္ဘာတစ်ခုလုံး ပျက်စီးခြင်းနှင့် နှိုင်းယှဉ်လျှင် နိုင်ငံတစ်ခုမှာ ကမ်းခြေက သဲပွင့်လေးတစ်ပွင့်မျှသာ ဖြစ်သည်။

မည်သူက ကပ်ဘေးကို ရင်ဆိုင်နိုင်မည်နည်း။

မည်သူက အောင်မြင်နိုင်သော အစွမ်းရှိသနည်း။

ဖုန်းထျန်းနယ်မြေ၌ ရေခဲတောင်သခင်မ၏ မျက်လုံးထဲ၌ အဆုံးမဲ့ ကြောက်ရွံ့မှုများ ပြည့်နှက်နေ၏။

“ဒါက... ကပ်ဘေးလား။ ယင်နတ်ဘုရားတွေတောင် နားမလည်နိုင်တဲ့ ဖြစ်တည်မှုမျိုးပဲ”

ယင်နတ်ဘုရားအဆင့်သို့ တက်လှမ်းခါစ ဖြစ်သဖြင့် သူမသည် ရည်မှန်းချက်ကြီးမားနေပြီး သူမသည် ခရမ်းရောင်နန်းတော်အဆင့်နှင့် မတူတော့ကြောင်း၊ လက်တစ်ချက် ဝေ့ယမ်းရုံနှင့် နိုင်ငံတစ်ခုကို နစ်မြုပ်စေနိုင်ကြောင်း ယုံကြည်ချက် ရှိနေခဲ့သည်။

သို့သော် ကမ္ဘာတစ်ခုလုံးကို ဖျက်ဆီးရန်မှာမူ လုံးဝ ခြားနားသော အတိုင်းအတာ ဖြစ်သည်။

မဟာသခင်ငါးဖြူ၏ မျက်နှာမှာလည်းရှုံးနိမ့်မှုများ ပြည့်နှက်နေ၏။

“ငါ့ရဲ့ အသက်စွမ်းအင်အားလုံးကို ပုံအောလိုက်ရင်တောင် အဲဒီအရာကို ဒဏ်ရာရအောင် လုပ်နိုင်ပါ့မလား မသိဘူး”

အခြား မဟာအုပ်စိုးရှင်တစ်ဦး၏ မျက်နှာမှာလည်း ခါးသီးမှုများ ပြည့်နှက်နေသည်။

“ပုရွက်ဆိတ်တစ်ကောင်လား... အဲဒါ ငါပဲ”

မြေခွေးမလေးမှာ မြေပြင်ပေါ်၌ မှိုင်တွေစွာ ထိုင်နေပြီး ဆုတောင်းနေသည်အလား တတွတ်တွတ်ရေရွတ်နေလေသည်။

“အဆင်ပြေမှာပါ၊ စီနီယာက အစွမ်းထက်တာပဲ၊ သူ သေချာပေါက် ကပ်ဘေးကို ဖျက်ဆီးနိုင်မှာပါ”

“ပြီးပြီ၊ အားလုံး ပြီးသွားပြီ။ သွေးဝတ်စုံဓားနတ်ဘုရားက ဒီလို ကပ်ဘေးမျိုးကို ဘာလို့ စိန်ခေါ်ရတာလဲ ။ ကန်းလန်နယ်မြေတော့ ပျက်စီးပြီ”

ကျင့်ကြံသူတစ်ဦးက ရူးသွပ်စွာ အော်ဟစ်လိုက်သည်။

“ဒါက ကပ်ဘေးပဲ...”

နှစ်ပေါင်း တစ်ထောင်ကြာ ပုန်းကွယ်နေခဲ့ပြီးမှ ပါရမီရှင်အဖြစ် ပေါ်ထွက်လာသော ကျင့်ကြံသူဟောင်းတစ်ဦးမှာ လည်း မျှော်လင့်ချက်မဲ့နေသည်။

“ဘယ်သူက ဒါကို ရင်ဆိုင်နိုင်မှာလဲ”

ရှန်ကွမ်းဂိုဏ်း၌ ကန်းဖူလူသည် ဤမြင်ကွင်းကို တိတ်ဆိတ်စွာ ကြည့်နေ၏။

အရှေ့ပိုင်းနယ်မြေမှာတော့ ကျန်းရုဟွာသည် အသည်းအသန် ပျံသန်းနေသည်။

“မြန်မြန် သွားရမယ်။ အရာအားလုံး မပျက်စီးခင် အဲဒီကောင်လေးကျိယွမ်ကို တွေ့ပြီး ရအောင်ကို ဆုံးမဦးမှာ”

သူသည် သွေးဝတ်စုံဓားနတ်ဘုရားနှင့် ကျိယွမ်မှာ နာမည်တူရုံသာ ဖြစ်သည်ဟု ယုံကြည်နေဆဲပင်။

ယခု ကျိယွမ်ဆိုသူသည် ကပ်ဘေးကို ရင်ဆိုင်နေသည်။

ကမ္ဘာကြီးမှာ ရှုပ်ထွေးနေပြီး သက်ရှိပေါင်း မည်မျှ သေကြေပျက်စီးမည်ကို ဘယ်သူ သိနိုင်မည်နည်း။

ထိုအချိန်မျိုး၌ ကျိယွမ်က သူ၏ ချစ်လှစွာသောသမီးလေးကို ခေါ်သွားသည့်အတွက် ကျန်းရုဟွာ အလွန်ဒေါသထွက်နေသည်။

ဤကဲ့သို့ ဘေးဒုက္ခကြုံနေရချိန်၌ သူ၏ သမီးကိုပင် မမြင်ရသဖြင့် သူ မည်သို့ စိတ်မတိုဘဲ နေနိုင်မည်နည်း။

သူသာ ကျိယွမ်ကို ရှာတွေ့ပါက နှာခေါင်းကို တစ်ချက်လောက် ထိုးပစ်ရန် ဆုံးဖြတ်ထားသည်။

သို့သော် သူ ကောင်းကင်၌ ပျံသန်းနေရင်း ရုတ်တရက် အေးခဲသွားသည်။

ကန်းလန်နယ်မြေ၏ ကောင်းကင်တစ်ခုလုံး မှောင်မိုက်သွားသည်ကို သူ မြင်လိုက်ရ၏။

အလင်းရောင်များ မှိန်ဖျော့သွားပြီး နေရောင်ခြည် အားလုံး ကွယ်ပျောက်သွားသည်။ သွေးရောင်နေမင်းကိုပင် မမြင်ရတော့ပေ။

ကျန်းရုဟွာ ကောင်းကင်သို့ မော့ကြည့်လိုက်ရာ သူ မြင်လိုက်ရသော မြင်ကွင်းကြောင့် တစ်ကိုယ်လုံး တုန်ရီသွားသည်။

ကြီးမားလှသော ပုံရိပ်တစ်ခုသည် မြေပြင်ပေါ်သို့ အရိပ်ကြီး မိုးလျက် ဖြည်းဖြည်းချင်း မြင့်တက်လာသည်။

အရိပ်မှာ ပို၍ပို၍ ကြီးမားလာနေပြီး ထိုသတ္တဝါကြီး၏ ပုံပန်းသဏ္ဍာန်မှာ ပို၍ ရှင်းလင်းလာသည်။

“ဒါက...”

ကျန်းရုဟွာ၏ တစ်ကိုယ်လုံး တုန်ရီနေပြီး သူ၏ အတွင်းမှ ဝိညာဉ်စွမ်းအင်များမှာ ထိန်းချုပ်မရအောင် ဆူပွက်လာကုန်၏။

သူသည် ကောင်းကင်မှ ကြီးမားသော ပုံရိပ်ကို စိုက်ကြည့်ရင်း ရုတ်တရက် ပုန်းအောင်းစရာ ကျင်းတစ်ခုကို ရှာချင်စိတ်များပင် အလိုလိုပေါ်လာသည်။

ပုန်းအောင်းနေခြင်းကသာ သူ့ကို ဘေးကင်းမှု အနည်းငယ် ပေးနိုင်မည်ဟု ထင်နေမိသည်။

“အရမ်း ကြီးတာပဲ”

“အဲဒါ ဘာကြီးလဲ”

“မိစ္ဆာကြီးလား”

“အဲဒါ... သူ့ရဲ့ မျက်လုံးလား”

ရေတွက်၍မရသော ကျင့်ကြံသူများမှာ သွားကြိတ်လျက် နှလုံးသားများမှာ ထိတ်လန့်တကြား တုန်ရီနေကြသည်။

အစောပိုင်းက သူတို့၏ စိတ်ထဲ၌ မြင်ကွင်းကို မြင်ခဲ့ရစဥ်က ထိုမျှ မဆိုးလှပေ။

သို့သော် ယခုအခါ ကိုယ်တိုင် မျက်မြင်တွေ့နေရပြီး ကောင်းကင်မှ ထိုဧရာမ ဖြစ်တည်မှုကို မြင်လိုက်ရသောအခါ သူတို့မှာ အလွန်အမင်း ထိတ်လန့်သွားကြသည်။

မဟာကပ်ဘေးကြီးသည်... ကန်းလန်နယ်မြေထက်ပင် ပို၍ ကြီးမားပုံရသည်။

ယင်နတ်ဘုရားတစ်ပါး၏ တိုက်ခိုက်မှုသည် ၎င်း၏ အမွေးတစ်မျှင်ကိုပင် မထိခိုက်နိုင်ပေ။

သွေးဝတ်စုံဓားနတ်ဘုရား မည်သို့ အနိုင်ရနိုင်မည်နည်း။

ဧရာမသတ္တဝါကြီးမှာ အနန္တဖရိုဖရဲစွမ်းအင်များဖြင့် တည်ဆောက်ထားပုံရပြီး အလွန်အမင်း ကြီးမားကာ ဝေဝါးနေသော်လည်း ၎င်း၏ ဧရာမ မျက်လုံးများထဲ၌ အသိစိတ် အနည်းငယ် ရှိနေသည်။

ထိုကြီးမားလှသော မျက်လုံးများမှာ ကောင်းကင်၌ ချိတ်ဆွဲထားသကဲ့သို့ အောက်ကမ္ဘာကို ငုံ့ကြည့်နေသည်။

သက်ရှိတိုင်း တုန်လှုပ်နေကြ၏။

အချို့လူများမှာ ချက်ချင်းပင် ဒူးထောက်လိုက်ကြသည်။

“အို... မဟာကပ်ဘေးကြီး၊ တန်ခိုးကြီးလှတဲ့ နတ်ဘုရား”

“ကျွန်တော်တို့ကို ချမ်းသာပေးပါ”

ဤကဲ့သို့ ကြောက်မက်ဖွယ် မိစ္ဆာကြီးရှေ့၌ မည်သည့် ကျင့်ကြံသူမျှ ခုခံလိုစိတ် မရှိတော့ပေ။

ကျန်းလင်းစုမှာ သူမ၏ လှပသော မျက်နှာလေး ဖြူဖျော့နေသော်လည်း သူမ၏ မျက်လုံးများမှာမူ ပြတ်သားသော အလင်းတန်းများ တောက်ပနေသည်။

အကြည့်နှင့်သာသတ်၍ရပါက ကပ်ဘေးမှာ သူမ၏ လက်ထဲ၌ အကြိမ်ပေါင်းများစွာ သေဆုံးပြီး ဖြစ်ပေလိမ့်မည်။

“ကျိယွမ်... ကပ်ဘေးကို ဖျက်ဆီးလိုက်ပါ”

ကျန်းလင်းစုက တိုးတိုးလေး ဆုတောင်းနေသည်။

မဟာဉာဏ်ပညာရှိကလည်း မဟာကပ်ဘေးကြီး၏ ကြီးမားသော ပုံရိပ်ကို မော့ကြည့်ရင်း သူ၏ မျက်လုံးများမှာ နက်ရှိုင်းနေသည်။

“ပိုပြီး... ကြီးလာပြီ”

ထိုအချိန်၌ အနန္တဖရိုဖရဲဖြစ်မှုများဖြင့် တည်ဆောက်ထားသော မဟာကပ်ဘေးကြီး၏ ဧရာမကိုယ်ထည်ကြီးသည် အရာအားလုံးကို ဝါးမြိုနိုင်သော ကြယ်တာရာများကြားမှ တွင်းနက်ကြီးတစ်ခုကဲ့သို့ ပါးစပ်ကို ဖွင့်လိုက်သည်။

“ငါက မဟာကပ်ဘေးကြီးပဲ ၊ ဘယ်သူက ငါ့ကို စိန်ခေါ်ရဲသလဲ”

မဟာကပ်ဘေးကြီး၏ အသိစိတ်ရှိသောအကြည့်သည် မြေပြင်တစ်ခုလုံးကို ဝေ့ကြည့်လိုက်သည်။

၎င်းကို စိန်ခေါ်ဝံ့သူကို ရှာဖွေနေသကဲ့သို့ပင်။

ကျင့်ကြံသူအားလုံး ခဏတာ တိတ်ဆိတ်သွားကြ၏။

သွေးဝတ်စုံဓားနတ်ဘုရား ဘယ်မှာလဲ။

“ငါက... မင်းရဲ့ အထက်မှာ ရှိနေတာ”

ထိုအသံသည် ကပ်ဘေး၏ အသံထက် ပို၍ အေးစက်ပြီးစူးရှကာ လေထုကို ခွင်းလျက် ထွက်ပေါ်လာသည်။

ကျင့်ကြံသူအားလုံးမှာ ဗီဇအရ ကောင်းကင်သို့ မော့ကြည့်လိုက်ကြသော်လည်း ထိုဧရာမ သတ္တဝါကြီးမှလွဲ၍ ဘာမှ မမြင်ရပေ။

ထိုအချိန်၌ ဇဝေဇဝါ ဖြစ်နေသော မဟာကပ်ဘေးကြီးသည်လည်း အထက်သို့ မော့ကြည့်လိုက်သည်။

ထိုအခါ ၎င်း မြင်လိုက်ရသည်မှာ...

--------------------

အခန်း ၄၀၃ - မင်းတစ်ယောက်တည်းပဲ စစ်ကူခေါ်တတ်တယ် ထင်နေတာလား

မဟာကပ်ဘေးကြီးမြင်လိုက်ရသည်မှာ သူ့ကိုဦးတည်လျက် ကြောက်မက်ဖွယ်ကောင်းသော ဧရာမပါးစပ်ကြီးတစ်ခု ပွင့်ဟလာခြင်းပင်။

မဟာကပ်ဘေးကြီးကိုယ်တိုင်ကပင် ကြီးမားလှသော ဖြစ်တည်မှုတစ်ခုဖြစ်သော်လည်း ၎င်း၏အထက်ရှိ သွေးရောင်ပုံရိပ်ကြီးမှာမူ ပို၍ပင် ကျယ်ပြောကာ ခန့်ညားထည်ဝါလှ၏။

ဝေဝါးနေသော အခြေအနေ၌ဖြစ်နေသောကြောင့် မဟာကပ်ဘေးကြီးမှာ ဘာဖြစ်နေသည်ကို နားမလည်နိုင်ပုံရသည်။

၎င်းက ဗီဇအရ “မဟာ...” ဟု တိုးတိုးလေး ရေရွတ်လိုက်မိ၏။

ကန်းလန်းလောကရှိ ကျင့်ကြံသူတိုင်း၏ ခြေထောက်များမှာ ထိန်းချုပ်မရအောင် တုန်ရီသွားကြသည်။

ထို့နောက်... ကောင်းကင်တစ်ခုလုံး သွေးရောင်အလင်းများ လွှမ်းသွား၏။

လောကကြီးကို လွှမ်းမိုးထားသောအဆုံးမဲ့မှောင်မိုက်မှုများ ပျောက်ကွယ်သွားပြီး အကန့်အသတ်မရှိသော သွေးရောင်နှင့် ခရမ်းရောင်အလင်းတန်းများက အစားထိုးဝင်ရောက်လာသည်။

သူတို့ရှေ့မှ မြင့်မားထည်ဝါသော ပုံရိပ်ကြီးမှာ သွေးရောင်သံချပ်ကာကို ဝတ်ဆင်ထားပြီး ထိုသံချပ်ကာပေါ်တွင် လက်ရာမြောက်လှသော အဆင်တန်ဆာများဖြင့် ပြည့်နှက်နေ၏။

ထိုမျှကြီးမားသော အရွယ်အစားရှိသော်လည်း သံချပ်ကာ၏ အသေးစိတ်လက်ရာများမှာ အပြစ်ပြောစရာမရှိအောင်လှပ၏။

သူ့ပခုံးပေါ်ရှိ သွေးရောင်စူးချွန်များမှာ ဆိုလျှင် ကောင်းကင်တိုင်များထက်ပင် ပို၍ ကြီးမားလှသည်။

ကျိယွမ်သည် သူ၏ရှေ့တွင် အနန္တဖရိုဖရဲဖြစ်မှုများကို မျက်နှာချင်းဆိုင်၍ နောက်တွင်မူ အဆုံးမဲ့ကြယ်တာရာကောင်းကင်ကြီးကို ထားရှိလျက် ဟင်းလင်းပြင်ထဲ၌ ခန့်ညားအေးစက်စွာရပ်နေ၏။

ကြယ်ပွင့်များမှာ ပျံ့ကြဲနေသော ပိုးစုန်းကြူးများကဲ့သို့ တောက်ပနေပြီး ဖရဲဖရဲဖြစ်တည်မှုကြီးများမှာ အရသာရှိလှသော မုန့်စိမ်းတုံးကြီးကဲ့သို့ပင်။

သူသည် ဧရာမပါးစပ်ကြီးကို ဖွင့်ကာ ထိုဖရိုဖရဲတည်ရှိမှုများကို မညှာမတာကိုက်ဖြတ်ဝါးမြိုလိုက်သည်။

ဤမြင်ကွင်းကို ကန်းလန်နယ်မြေရှိ သက်ရှိများ မမြင်နိုင်သော်လည်း မဟာကပ်ဘေးကြီးမှာမူ မြင်တွေ့နေရ၏။

"ဂလု"

သက်ရှိတိုင်းသည် တစ်စုံတစ်ယောက်က အရာတစ်ခုကို မျိုချလိုက်သော အသံကို ကြားလိုက်ရသကဲ့သို့ ခံစားလိုက်ရ၏။

ဘာဖြစ်သွားသည်ကို သူတို့ မသိကြသော်လည်း သွေးဝတ်စုံဓားနတ်ဘုရား ပေါ်လာပြီဆိုသည်ကိုမူ သိလိုက်ကြသည်။

ထို့နောက် ဝေဝါးသော အသံကြီးတစ်ခု ကမ္ဘာပေါ်၌ ပဲ့တင်ထပ်သွားသည်။

“ကပ်ဘေးရင်ဆိုင်သူ... မင်းက... ငါနဲ့အတူ ကန်းလန်နယ်မြေကိုပါ ဝါးမြိုလိုက်တာလား”

မဟာကပ်ဘေးကြီးသည် ဝေဝါးနေဆဲဖြစ်သော်လည်း မိမိကိုယ်ကို ထူးဆန်းသော နေရာတစ်ခု၌ ရောက်သွားသည်ကိုတော့ သိလိုက်ရသည်။

ဤအသံကို ကြားလိုက်ရသော ကျင့်ကြံသူအားလုံး တုန်လှုပ်သွားကြသည်။

“ကန်းလန်နယ်မြေကြီး ဝါးမြိုခံလိုက်ရတာလား”

“ငါတို့ အစားခံလိုက်ရပြီလား”

“တစ်ယောက်ယောက် ဗိုက်ထဲရောက်သွားသလို အသံကို ငါသေချာပေါက် ကြားလိုက်တာ”

“.သွေးဝတ်စုံဓားနတ်ဘုရားက မဟာကပ်ဘေးကြီးကိုတောင် ဝါးမြိုနိုင်တာလား။ သူ ဘယ်လောက်တောင် အစွမ်းထက်တာလဲ”

မရေမတွက်နိုင်သော သက်ရှိများမှာ ဘာဖြစ်နေသည်ကို နားမလည်နိုင်ဘဲ ဇဝေဇဝါ ဖြစ်နေကြ၏။

ဝမ်လင်းထုံ၏ အမူအရာမှာ ချက်ချင်း ပြောင်းလဲသွားသည်။ သူသည် သူ၏ နယ်မြေကျော်ဖြတ်လက်ဖွဲ့ကို ချက်ချင်း အသက်သွင်းလိုက်သည်။

ထိုလက်ဖွဲ့သည် သူ့ကို ကြယ်ခွဲခွာရာနယ်မြေသို့ ပြန်လည် ပို့ဆောင်ပေးရမည် ဖြစ်သည်။

သို့သော် ယခုအချိန်တွင်မူ ၎င်းက အလုပ်မလုပ်တော့ပေ။

သူ့မျက်နှာမှာ ထိတ်လန့်မှုကြောင့် ပျက်ယွင်းသွားသည်။

“မဟာကပ်ဘေးကြီး ပြောတာ... အမှန်ပဲလား”

ဝမ်လင်းရှန်းမှာလည်း အလားတူပင် မှင်တက်နေသည်။

“ငါတို့ အစားခံလိုက်ရတာလား”

ဒါဟာ စိတ်ကူးကြည့်ဖို့တောင် ခက်ခဲလှသည်။

မဟာအုပ်စိုးရှင်များ ဖြစ်ကြသဖြင့် သူတို့၏ အကန့်အသတ်ကို သူတို့ သိ၏။

ကန်းလန်နယ်မြေသည် ကျယ်ပြောလှသော ကမ္ဘာတစ်ခုဖြစ်ပြီး သာမန် ယန်နတ်ဘုရားတစ်ပါး၏ ကိုယ်ပွားထက်ပင် များစွာ ကြီးမားလှသည်။

သို့သော်... သွေးဝတ်စုံဓားနတ်ဘုရားက နယ်မြေတစ်ခုလုံးကို ဝါးမြိုလိုက်သည် ဟုဆိုပါလား။

ဒါက ဘယ်လို အစွမ်းမျိုးလဲ။

ပြီးတော့... ဘာဖြစ်လို့ သွေးဝတ်စုံဓားနတ်ဘုရားက ဤကမ္ဘာကို ဝါးမြိုလိုက်ရတာလဲ။

အခု သူတို့တိုက်ပွဲ ဘယ်လိုအခြေအနေ ရောက်နေကြတာလဲ။

ကျင့်ကြံသူတိုင်း၏ စိတ်ထဲ၌ ထိုကဲ့သို့သော ရှုပ်ထွေးသည့် အတွေးများ ရှိနေကြသည်။

ထိုအချိန်တွင် မဟာကပ်ဘေးကြီးက မေးလိုက်သည်။

“ဒီနေရာက ဘာနေရာလဲ”

၎င်းကို ဝါးမြိုလိုက်သော သွေးဝတ်စုံဓားနတ်ဘုရားကို ၎င်းက ကြောက်ရွံ့ပုံမရပေ။

“ဒါက... ငါ့ရဲ့ ခရမ်းရောင်နန်းတော်ပဲ”

ဝေးလံသော ဟင်းလင်းပြင်ဆီမှ သွေးဝတ်စုံဓားနတ်ဘုရား၏ အေးစက်သော်လည်း ပေါ့ပါးသော အသံ ထွက်ပေါ်လာ၏။

သူသည် ကန်းလန်နယ်မြေတစ်ခုလုံးကို ဖြတ်သန်းခဲ့သည်မှာ အလကားပျံသန်းခဲ့ခြင်းမဟုတ်ပေ။ သက်ရှိအားလုံးအပေါ် သူ၏အမှတ်အသားကို ထားခဲ့ရန် ဖြစ်သည်။

မဟာကပ်ဘေးကြီးကို ရင်ဆိုင်ရာ၌ သူသည် အခြေအနေကို ထိန်းချုပ်ထားရန် လိုအပ်၏။

ထို့ကြောင့် သူသည် သူ၏ ကိုယ်ပွားကို ဖော်ထုတ်ကာ သတို့သမီးလေးနှင့် ပေါင်းစပ်လိုက်ပြီး မဟာကပ်ဘေးကြီးနှင့် ကန်းလန်နယ်မြေနှစ်ခုလုံးကို သူ၏ ခရမ်းရောင်နန်းတော်အတွင်းသို့ ဝါးမြိုလိုက်ခြင်း ဖြစ်သည်။

အနန္တအသွင်းကူးပြောင်းတံခါး ရှိနေသဖြင့် ဤနယ်မြေကို လုံးဝ ပိတ်ဆို့ထားရန် လွယ်ကူသွားလေပြီ။

ထိုက်ဟွမ်နန်းတော်မှ ပုံရိပ်ကြီးပင်လျှင် ကန်းလန်နယ်မြေရှိ သက်ရှိများကို လှမ်း၍ ဖျက်ဆီးမရနိုင်တော့ပေ။

အရေးကြီးဆုံးအချက်မှာ အနှောင့်အယှက်မရှိဘဲ မဟာကပ်ဘေးကြီးကို သူ တိုက်ခိုက်နိုင်ခြင်းပင်။

မဟုတ်ပါက ထိုက်ဟွမ်နန်းတော်မှ ထိုပုံရိပ်ကြီး ဆင်းသက်လာလျှင် သူ ရှုံးနိမ့်ရန် ၉၀ ရာခိုင်နှုန်း သေချာနေ၏။

နောက်ဆုံးတော့ သူသည် အဆင့်မြင့် ခရမ်းရောင်နန်းတော် ကျင့်ကြံသူတစ်ဦးသာ ဖြစ်သည်။

ငါက အခြေခံအားဖြင့် ရွာအဆင့် သူဌေးလေးတစ်ယောက်လေ။ သူက ကမ္ဘာ့အဆင့် သူဌေးကြီးတစ်ယောက်ကို ဘယ်လို ယှဉ်နိုင်မှာလဲ။

“ခရမ်းရောင်နန်းတော်လား”

ဝေဝါးနေသော မဟာကပ်ဘေးကြီးမှာ အံ့သြသွားသော်လည်း ထိတ်လန့်ခြင်း မရှိပေ။

“မဟာနတ်ဘုရားအဆင့် အထွတ်အထိပ်... မဟုတ်ဘူး၊ အဲဒါထက်တောင် ပိုပြီး အစွမ်းထက်တယ်”

၎င်းက ကျိယွမ်ကို ဝေဝါးစွာ ကြည့်နေ၏။

“ငါတို့လို ဖြစ်တည်မှုတွေအတွက် အရွယ်အစားက အရေးမကြီးပါဘူး။ ဘာလို့ ဒီလောက်ကြီးတဲ့ ကိုယ်ပွားကို အသုံးပြုနေတာလဲ။ ဒါက ကြည့်ရတာ တစ်မျိုးကြီးပဲ”

ကျိယွမ် ဘာမှ ပြန်မပြောပေ။

သို့သော် မဟာကပ်ဘေးကြီး၏ စကားကို သူ သဘောမတူပါ။

အထက်ဘုံရှိ သက်ရှိအများစုမှာ မဟာနတ်ဘုရားအဆင့်ကို ကျော်လွန်သွားလျှင် မူလသဘောတရားကိုသာ အလေးထားကြသည်။

မူလသဘောတရားကို မပိုင်ဆိုင်ဘဲ ကြီးမားသော ကိုယ်ပွားကို အသုံးပြုခြင်းမှာ အရုပ်ကြီးတစ်ရုပ်နှင့်သာ တူသည်ဟု သူတို့ ယူဆ၏။

သို့သော် ကျိယွမ်ကမူ ထိုအရုပ်မှာ မကြီးသေးသောကြောင့် ထိုသို့ ထင်ခြင်းဖြစ်သည်ဟု ယူဆသည်။

သူသာ နေထက် အဆပေါင်း ကုဋေကုဋာမက ကြီးမားနေလျှင်၊ စကြဝဠာကြီးထက်ပင် ပိုကြီးနေလျှင် မူလသဘောတရားဆိုသော အရာက သူ့ကို အခြစ်ရာလေးတောင် ပေးနိုင်ပါဦးမည်လော။

ရံဖန်ရံခါတွင် ပိုကြီးခြင်းကလည်း အထောက်အကူ ဖြစ်စေသည်ကို ငတုံးများက မသိနိုင်ကြပေ။

ကန်းလန်နယ်မြေကို ဝါးမြိုပြီး သူ၏ ခရမ်းရောင်နန်းတော်ထဲ ထည့်ထားပြီးနောက် သူသည် ထိုဧရာမ ကိုယ်ပွားကြီးကို ထိန်းသိမ်းထားရန် မလိုတော့ပါ။

အတွေးတစ်ချက်နှင့်အတူ သူ၏ပုံရိပ်ကြီးမှာ အဆပေါင်း ထောင်ချီ၊ သန်းချီကာ ပြန်လည် သေးငယ်သွားသည်။

သူ၏ အကြည့်မှာ မဟာကပ်ဘေးကြီးအပေါ်၌ ကျရောက်သွား၏။

[မဟာကပ်ဘေးကြီး - နေမင်းသက်ရှိ၏ အတိတ်ဘဝခန္ဓာမှ ဆင်းသက်လာသော မူလခန္ဓာကိုယ်၊ ထူးခြားသော ဗီဇပြောင်းလဲမှုကြောင့် နေမင်းသက်ရှိထံမှ သီးခြားစီ ခွဲထွက်လာခြင်း ဖြစ်သည်။]

မဟာကပ်ဘေးကြီးနှင့် ပတ်သက်သော သတင်းအချက်အလက်များ ကျိယွမ်၏ရှေ့၌ ပေါ်လာ၏။

မဟာကပ်ဘေးကြီးမှာ ရုပ်လုံးမပေါ်သော ဖရိုဖရဲစွမ်းအင်များဖြင့် တည်ဆောက်ထားသော ခန္ဓာကိုယ်ဖြစ်ပုံရပြီး အလွန်ပင် ထူးဆန်းလှသည်။

၎င်းမှာ နေမင်းသက်ရှိ၏ အတိတ်ဘဝခန္ဓာမှ မူလခန္ဓာကိုယ်လည်း ဖြစ်သည်။

“မင်းက နေမင်းသက်ရှိရဲ့ အတိတ်ဘဝခန္ဓာကိုယ်လား”

ကျိယွမ်မှာ အံ့သြသွားပြီး စိတ်ထဲ၌ သတိထားမှုတစ်ခု ပေါ်လာသည်။

ဒါဆို ကမ္ဘာ့အဆင့် သူဌေးကြီးဖြစ်တဲ့ နေမင်းသက်ရှိက ရွာအဆင့်သူဌေးလေးဖြစ်တဲ့ သူ့အကြောင်းကို သိသွားပြီလား။

မဟာကပ်ဘေးကြီး၏ ဝေဝါးသော အကြည့်ထဲ၌ ဉာဏ်ပညာအလင်းအနည်းငယ် တောက်ပလာသည်။

“သူက ငါမဟုတ်သလို၊ ငါကလည်း သူမဟုတ်ဘူး။ ကပ်ဘေးကိုယ်တိုင်က အစွမ်းထက်တယ်”

ကျိယွမ် နားလည်သွားသည်။

မဟာကပ်ဘေးကြီးမှာ နေမင်းသက်ရှိ၏ အတိတ်ဘဝ ဖြစ်သော်လည်း သာမန် ယန်နတ်ဘုရားတစ်ပါး၏ အတိတ်ဘဝနှင့် မတူပေ။

၎င်းမှာ နေမင်းသက်ရှိထံမှ သီးခြား ခွဲထွက်လာခြင်း ဖြစ်သည်။

ဘာကြောင့်လဲဆိုသည်ကို ကျိယွမ် မသိသလို၊ ယန်နတ်ဘုရားများကလည်း သူ့ကို ပြောပြခြင်း မရှိကြပါ။

အမှန်တရားနယ်မြေမှ ဗုဒ္ဓကဲ့သို့သော ဖြစ်တည်မှုများပင်လျှင် ထိုအရာမျိုးကို သိပုံမရကြပေ။

၄င်းမှာ မူလသဘောတရားနယ်ပယ်အထွတ်အထိပ်ဘုံနှင့် ပတ်သက်သော လျှို့ဝှက်ချက်တစ်ခု ဖြစ်ပုံရ၏။

“ကဲ စကားပြောတာတွေ တော်လောက်ပြီ။ ဆက်ပြောနေရင် စကားပြောခတွေ များကုန်လိမ့်မယ်၊ ရင်းနှီးမြှုပ်နှံသူတွေလည်း စိတ်ဆိုးကုန်လိမ့်မယ်... ကဲ စလိုက်ကြရအောင် "

"ကျိယွမ်ရဲ့ မဟာကပ်ဘေးဖယ်ရှားခြင်းအစီအစဥ်လာပြီဟေ့....”

ကျိယွမ်၏ အသံမှာ ရုတ်တရက် မြင့်တက်လာပြီး ကျင့်ကြံသူတိုင်းသည် မဟာကပ်ဘေးကြီးထက် မငယ်သော သွေးဝတ်စုံဓားနတ်ဘုရား၏ မြင့်မားသော ပုံရိပ်ကို မြင်တွေ့လိုက်ရသည်။

သွေးရောင်သံချပ်ကာကို ဝတ်ဆင်ထားပြီး သူ၏ မျက်လုံးများမှလွဲ၍ တစ်ကိုယ်လုံး ဖုံးအုပ်ထား၏။

ပြင်းထန်လှသော တိုက်ခိုက်လိုစိတ်များမှာ ထိုခဏ၌ ပေါက်ကွဲထွက်လာသည်။

သူ၏ အသံကြောင့် ကန်းလန်နယ်မြေ၏ မြေလွှာချပ်ကြီးများပင် တုန်ဟီးသွားသည်။

“ကပ်ဘေးရင်ဆိုင်သူ... မင်းက ကန်းလန်မှာ အစွမ်းအထက်ဆုံး ဖြစ်နေရင်တောင် မင်းဟာ ကပ်ဘေးရဲ့ လက်ထဲမှာ သေရမှာပဲ။ ဒါဟာ ကံကြမ္မာပဲ..”

မဟာကပ်ဘေးကြီး၏ ကျယ်ပြောလှသော အသံ ပဲ့တင်ထပ်သွားသည်။

၎င်း၌ စစ်မှန်သော ဉာဏ်ပညာ မရှိဘဲ ဗီဇအရ တိုက်ခိုက်လိုသော အသိစိတ်သာ ရှိသည်။

အလွန်အမင်း အစွမ်းထက်လှသော တိုက်ခိုက်မှုတစ်ခုကို ထိုခဏ၌ပင် ၄င်းက ထုတ်လွှတ်လိုက်၏။

"ဝုန်း"

ကောင်းကင်နှင့် မြေကြီး တုန်ခါသွားသည်။

ကြီးမားလှသော လှိုင်းလုံးကြီးမှာ ကန်းလန်နယ်မြေတစ်ခုလုံးကို အစိတ်စိတ်အမွှာမွှာ ဖျက်ဆီးပစ်တော့မည့်အလား။

သို့သော် ထိုအချိန်တွင် ဝေးလံသော နေရာတစ်ခုမှ ချီချီ၏ လေးနက်သော အသံ ထွက်ပေါ်လာသည်။

“ယင်နဲ့ယန်ကို ခွဲခြားပါ၊ သူတို့ တစ်ခုနဲ့တစ်ခု အနှောင့်အယှက် မဖြစ်စေနဲ့”

သူမ၏ စကားနှင့်အတူ ကန်းလန်နယ်မြေသည် ရုတ်တရက် မြေအောက်ကမ္ဘာအတွင်းသို့ ရောက်ရှိသွား၏။

အထူးကာကွယ်ရေး အတားအဆီးတစ်ခုက ကန်းလန်နယ်မြေကို လွှမ်းခြုံထားပြီး အထက်မှ တိုက်ပွဲနှင့် ခွဲခြားလိုက်သည်။

တိုက်ပွဲမြေပြင်သည် ယန်ဘုံဖြစ်ပြီး မြေအောက်ကမ္ဘာမှာ ယင်ဘုံဖြစ်လာ၏။

နှစ်ခုစလုံးသည် တစ်ခုနှင့်တစ်ခု အနှောင့်အယှက် ပေးတော့မည်မဟုတ်ပေ။

ပြင်းထန်လှသော တိုက်ခိုက်မှုကြီး ကျရောက်လာသည်။

ကျိယွမ်သည် သွေးရောင်သံချပ်ကာအောက်၌ တည်ငြိမ်နေဆဲပင်။

“ဒါ မဟာကပ်ဘေးကြီးရဲ့ အစွမ်းလား”

မဟာကပ်ဘေးကြီး၏ အစွမ်းမှာ ကုံရှင်းကမ္ဘာမှ ရန်သူကြီးထက် များစွာ အားနည်းလှသည်။

ရိုးရှင်းသော တိုက်ခိုက်မှုတစ်ခုနှင့်ပင် ကပ်ဘေး၏ ဖရိုဖရဲခန္ဓာကိုယ်မှာ စတင် အက်ကွဲလာ၏။

ဤတိုက်ပွဲ၌ မဟာကပ်ဘေးကြီးမှာ ရှုံးနိမ့်နေသည်မှာ သိသာလှသည်။

၄င်းကို မြင်လိုက်ရသောအခါ အခြားကျင့်ကြံသူများ စိတ်လှုပ်ရှားသွားကြပြီး မယုံနိုင်စွာ အချင်းချင်းကြည့်မိကြကုန်၏။

“သွေးဝတ်စုံဓားနတ်ဘုရားက... တကယ်ပဲ မဟာကပ်ဘေးကြီးကို အနိုင်ယူတော့မှာလား”

“ကြည့်ပါဦး သူက ဘယ်လောက်တောင် အစွမ်းထက်လိုက်သလဲ”

မဟာဉာဏ်ပညာရှိ၏ မျက်လုံးများမှာလည်း တောက်ပလာသည်။

“ဒီတစ်ခါတော့ မြေအောက်ကမ္ဘာက အထက်ဘုံနဲ့ ခွဲခြားထားတာဆိုတော့ မဟာကပ်ဘေးကြီးက စစ်ကူခေါ်လို့ မရတော့ဘူး... ဖြစ်နိုင်တာက...”

ဝမ်လင်းထုံမှာ တစ်ကိုယ်လုံး တုန်ရီနေသည်။

သွေးဝတ်စုံဓားနတ်ဘုရားကဲ့သို့ ဖြစ်တည်မှုမျိုး ကန်းလန်နယ်မြေ၌ မည်သို့ ပေါ်ထွက်လာနိုင်သည်ကို သူ နားမလည်နိုင်ပေ။

သူသည် ကန်းလန်နယ်မြေကို ဝါးမြိုပြီး မဟာကပ်ဘေးကြီးနှင့် အထက်ဘုံ၏ အဆက်အသွယ်ကို ဖြတ်တောက်လိုက်ကာ ၎င်းကို စနစ်တကျ တိုက်ခိုက်နေခြင်း ဖြစ်သည်။

ယခင်က ကြယ်ခွဲခွာရာနယ်မြေမှ ယန်နတ်ဘုရား သုံးပါးသည် မဟာကပ်ဘေးကြီးကို တိုက်ခိုက်စဥ်က အားနည်းနေသော ကပ်ဘေးသည် စစ်ကူခေါ်ခဲ့သည်။

ထိုအချိန်တွင် ထိုက်ဟွမ်နန်းတော်မှ ယန်နတ်ဘုရား နှစ်ပါး ဆင်းသက်လာပြီး နတ်ဘုရားများနှင့် ဗုဒ္ဓများကိုပါ သတ်ဖြတ်ခဲ့၏။

ဒါဟာ ကမ္ဘာကြီးကို ကယ်တင်ဖို့ မှန်ကန်တဲ့ နည်းလမ်းပဲလား။

သူ၏နှလုံးသားမှာ စိတ်လှုပ်ရှားမှုကြောင့် တုန်ခါနေပြီး သွေးဝတ်စုံဓားနတ်ဘုရားကို ကြယ်ခွဲခွာရာနယ်မြေသို့ ပြန်လည် ခေါ်ဆောင်သွားရန် စိတ်ကူးနေမိသည်။

ဖြစ်နိုင်တာက သူ အဲဒီနယ်မြေကိုလည်း ဝါးမြိုပေးမှာလား။

အစွမ်းထက်သူ အများအပြားမှာ တုန်လှုပ်နေကြ၏။

မဟာကပ်ဘေးကြီးမှာ ကြောက်စရာကောင်းသော်လည်း သွေးဝတ်စုံဓားနတ်ဘုရားမှာ ပို၍ပင် အစွမ်းထက်ပုံနေသည် မဟုတ်ပါလား။

ပြီးတော့ သူတို့အားလုံးဟာ... သွေးဝတ်စုံဓားနတ်ဘုရားရဲ့ ခရမ်းရောင်နန်းတော်ထဲမှာ ရောက်နေကြတာ။

ဂူတစ်ခုအတွင်း ပုန်းနေသော မြေခွေးမလေးသည် ကောင်းကင်ကို မော့ကြည့်ရင်း ရေရွတ်လိုက်သည်။

“ငါက သွေးဝတ်စုံဓားနတ်ဘုရားရဲ့ ခရမ်းရောင်နန်းတော်ထဲမှာ ရောက်နေတာ။ ဒါဆို ငါက သူ့ရဲ့ နှလုံးသားထဲမှာ ရောက်နေတာပေါ့”

သူမ၏ ရိုမန့်တစ်ဆန်သော အတွေးများမှာ ပျံ့လွင့်နေတော့သည်။

တစ်ချိန်တည်းမှာပင် သွေးဝတ်စုံဓားနတ်ဘုရားကို အရင်က ဆဲဆိုခဲ့ကြသော ကျင့်ကြံသူများမှာမူ ငုံးလေးများကဲ့သို့ ငြိမ်သက်သွားကြ၏။

ထိုအချိန်တွင် ဝေဝါးနေသော မဟာကပ်ဘေးကြီးက တစ်ဖန် စကားပြောလာသည်။ ၎င်း၏မျက်နှာမှာ မည်သည့် ခံစားချက်မျှ မရှိဘဲ တည်ငြိမ်နေဆဲပင်။

“ငါ့ကို အထက်ဘုံနဲ့ အဆက်အသွယ် ဖြတ်လိုက်တာက မင်းရဲ့ ကောင်းမွန်တဲ့ အစီအစဥ်တစ်ခုပဲ”

“ဒါပေမဲ့ မင်း မသိတာက... မူလခန္ဓာကိုယ်တွေဟာ... အပြန်အလှန် ဆက်သွယ်နေကြတာပဲ"

မဟာကပ်ဘေးကြီး၏ ဝေဝါးသော မျက်နှာပေါ်၌ ဝမ်းမြောက်မှု အလင်းအနည်းငယ် ပေါ်လာ၏။

ရုတ်တရက် ကန်းလန်နယ်မြေနှင့် မြေအောက်ကမ္ဘာတစ်ခုလုံး၌ ကြီးမားသော ပဲ့တင်သံကြီးတစ်ခု ထွက်ပေါ်လာသည်။

နတ်ဘုရားများနှင့် ဗုဒ္ဓ သုံးထောင်တို့က တစ်ပြိုင်နက် ရွတ်ဆိုနေသကဲ့သို့ပင်။

“မူလခန္ဓာကိုယ်တွေဟာ... အပြန်အလှန် ဆက်သွယ်နေကြတယ်”

“မူလခန္ဓာကိုယ်တွေဟာ... အပြန်အလှန် ဆက်သွယ်နေကြတယ်”

အထက်ရှိ အဆုံးမဲ့ ဟင်းလင်းပြင်ထဲ၌ ဧရာမ ပုံရိပ်ကြီးတစ်ခု ရုန်းကန်လျက် ပေါ်ထွက်လာသည်။

၎င်းမှာ မဟာကပ်ဘေးကြီးနှင့် တူသော်လည်း သုံးပုံတစ်ပုံခန့် ပို၍ သေးငယ်၏။

“ဒါ ချန်မိုနယ်မြေက မဟာကပ်ဘေးကြီးပဲ”

သေခြင်းတရားများ ပြည့်နှက်နေသော မျက်လုံးနှင့် အနက်ရောင်ဝတ်စုံဝတ် လူမှာ သွေးမျက်ရည်များ စီးကျလာသည်။

သူ ထိုသတ္တဝါကို မှတ်မိပါသည် ။ ဤမဟာကပ်ဘေးအသစ်မှာ ချန်မိုနယ်မြေမှ ရောက်လာခြင်းပင်။

ဝမ်လင်းထုံ၏ မျက်လုံးများ ကျုံ့သွားသည်။

“ဒါ... ဒါက ကြယ်ခွဲခွာရာနယ်မြေက မဟာကပ်ဘေးကြီးပဲ”

ကြောက်မက်ဖွယ်ကောင်းသော အမှန်တရားတစ်ခုကို သိလိုက်ရသဖြင့် သူ၏ ခန္ဓာကိုယ်မှာ တုန်ရီသွားခဲ့သည်။

အထက်ဘုံ၏ အဆိုအရ မဟာကပ်ဘေးကြီးများ ကျရောက်နေသော ကမ္ဘာပေါင်း သုံးထောင် ရှိသည်။

မဟာကပ်ဘေးကြီး သုံးထောင်...

သူတို့ရှေ့မှ ဟင်းလင်းပြင် အနက်ရှိုင်းဆုံးနေရာမှ ရေတွက်၍မရသော ဧရာမ ပုံရိပ်ကြီးများ တစ်ခုပြီးတစ်ခု တိုးထွက်လာကြ၏။

ထိုကြောက်မက်ဖွယ်ကောင်းသော အရိပ်ကြီးများ တစ်ခုပြီးတစ်ခု ပေါ်လာကြပြီး တစ်ခုချင်းစီမှာ ကန်းလန်နယ်မြေရှိ မဟာကပ်ဘေးကြီးကဲ့သို့ပင် ကြောက်စရာကောင်းလှသည်။

အချို့မှာ ဝေဝါးနေပြီး၊ အချို့မှာ တောင့်တင်းနေကာ၊ အချို့မှာမူ ရုပ်ပျက်ဆင်းပျက်ဖြစ်နေပြီး အချို့မှာ သွေးများဖြင့် စိုရွှဲနေ၏။

သို့သော် အားလုံးကတော့ ကန်းလန်နယ်မြေ၏ ကပ်ဘေးကြီးကဲ့သို့ ကြောက်မက်ဖွယ်အစွမ်းရှိပုံချင်း တူညီကြ၏။

ခဏချင်းအတွင်းမှာပင် ကောင်းကင်တစ်ခုလုံးမှာ ထိုကြောက်မက်ဖွယ်ကောင်းသော ဖြစ်တည်မှုများ၏ ရုပ်လုံးမပေါ်သော ဖရိိုဖရဲစွမ်းအင်များဖြင့် ပြည့်နှက်သွားပြီး တစ်ခုနှင့်တစ်ခု ရောထွေးနေကြသည်။

တွန့်လိမ်နေသော မဟာကပ်ဘေးကြီးများ အုပ်စုသည် ကြီးမားလှသော မျက်လုံးပေါင်း ထောင်ချီဖြင့် ကျိယွမ်ကို ဆာလောင်မွတ်သိမ်းစွာ ကြည့်လိုက်ကြ၏။

သူတို့သည် ပါးစပ်များကို ဖွင့်လိုက်ကြရာ ထောင်ချီသော လျှာများနှင့် ထက်မြက်လှသော သွားတန်းကြီးများကို မြင်တွေ့ရပြီး မြွေကျင်းကြီးတစ်ခုနှင့်ပင် တူလှသည်။

တစ်ချက်ကြည့်ရုံနှင့်ပင် ကြက်သီးထစရာ ကောင်းလှ၏။

ထိုအချိန်တွင် ဝေဝါးနေသော မဟာကပ်ဘေးကြီးသည် ကျိယွမ်ကို လောဘဇောများဖြင့် ကြည့်လိုက်သည်။

ရေတွက်၍မရသော လောဘတကြီး အကြည့်များမှာ ကျိယွမ်အပေါ်၌ ကျရောက်နေပြီး အလွန် အရသာရှိသော ကိတ်မုန့်တစ်ခုကို ကြည့်နေသကဲ့သို့ပင်။

“မူလခန္ဓာကိုယ်တွေဟာ အပြန်အလှန် ဆက်သွယ်နေကြတယ်။ မင်းရဲ့ အစီအစဥ် ကျရှုံးသွားပြီ"

“အစွမ်းထက်သူက ကပ်ဘေးဖြစ်ပြီး၊ ကပ်ဘေးရင်ဆိုင်သူရဲ့ ကံကြမ္မာကတော့ အသားအဖြစ် အစားခံရဖို့ပဲ”

မဟာကပ်ဘေးကြီး သုံးထောင်မှာ စုပုံနေကြပြီး ပြောမပြနိုင်အောင်ပင် ကြောက်မက်ဖွယ် ကောင်းလှသည်။

ကန်းလန်နယ်မြေရှိ သက်ရှိတိုင်း မျှော်လင့်ချက်မဲ့သွားကြကုန်သည်။

မဟာကပ်ဘေးကြီး တစ်ခုတည်းနှင့်ပင် လွှမ်းမိုးနိုင်နေပြီ ဖြစ်သည်။

သို့သော် ယခုအခါ မဟာကပ်ဘေးကြီး... သုံးထောင်တောင် ရှိနေ၏။

ဒါဟာ စိတ်ကူးကြည့်ဖို့တောင် မဖြစ်နိုင်ဘဲ သူတို့မှာ သေခြင်းတရား၏ အရှိန်အဝါကိုသာ ခံစားနေရသည်။

ယင်နတ်ဘုရားများနှင့် မဟာအုပ်စိုးရှင်အများအပြားမှာမူ တွန့်လိမ်နေသော ကပ်ဘေးအုပ်စုကြီးကို ကြည့်ရန်ပင် သတ္တိမရှိကြတော့ပါ။

တစ်ချက်ကြည့်ရုံနှင့်ပင် ပျို့အန်ချင်လာပြီး မူးဝေကာ သူတို့၏ တာအိုနှလုံးသားများမှာ ပျက်စီးတော့မည့်အလားပင်။

ကျန်းလင်းစုသည် သွားကြိတ်လျက် မျက်နှာလေး ဖြူဖျော့နေသော်လည်း ကြောက်မက်ဖွယ် ကပ်ဘေးကြီးများကို ဒေါသတကြီးကြည့်နေသည်။

သို့သော် သူမ၏ မျက်လုံးများထဲ၌မူ သူမရှေ့က သွေးရောင်ပုံရိပ်ကို ကြည့်ရင်း ပြတ်သားသော သန္နိဋ္ဌာန်များသာ ရှိနေ၏။

ရှင်သာ မြေအောက်ကမ္ဘာကို သွားမယ်ဆိုရင် ကျွန်မလည်း လိုက်ခဲ့မှာပါ...။

မဟာဉာဏ်ပညာရှိ၏ နက်ရှိုင်းသော မျက်လုံးများထဲ၌ နောက်ဆုံးတွင် ခါးသီးမှု အစအနလေး ပေါ်လာသည်။

“ငါတို့ အထက်ဘုံနဲ့ အဆက်အသွယ် ဖြတ်လိုက်ပေမဲ့ မဟာကပ်ဘေးကြီး သုံးထောင် ရှိနေတုန်းပဲ...”

ဝူထျန်းအဖိုးအိုသည် တက်လှမ်းခြင်းမျှော်စင်၌ ထိုင်လျက် မျက်နှာမှာ ဝမ်းနည်းမှုများဖြင့် ပြည့်နှက်နေသည်။

“နေမင်းသက်ရှိက တကယ်ပဲ ဘာတွေ ကြံစည်နေတာလဲ”

ကျန်းရုဟွာသည် သူ၏ ဝိညာဉ်စွမ်းအင်များကို အစွမ်းကုန် ထုတ်ဖော်လျက် ကောင်းကင်ကို တစ်ချက်ကြည့်လိုက်ရာ သူ၏ သွားများပင်တစ်ဆတ်ဆတ်တုန်ရီသွား၏။

“သွေးဝတ်စုံဓားနတ်ဘုရား... ခဏလောက် ထိန်းထားပေးပါ။ ငါ ဖုန်းထျန်းနယ်မြေကို ရောက်တော့မယ် ၊ အဲဒီကို ရောက်ရင် မင်းနဲ့ နာမည်တူတဲ့ အဲဒီ လူရှုပ်ကောင်လေးကို ရှာပြီး နှာခေါင်းကို အသေထိုးပစ်မယ်”

ထိုအချိန်၌ ကျိယွမ်၏ အမူအရာမှာ တော့ တည်ငြိမ်နေဆဲပင်။

မဟာကပ်ဘေးကြီးကို မရင်ဆိုင်ခင်ကတည်းက သူ သေသေချာချာ စဥ်းစားခဲ့ပြီးသား ဖြစ်သည်။

ရလဒ်ကတော့.....

ခက်ခဲလိမ့်မယ်။

မတော်တဆမှုတွေ မဖြစ်အောင် သူသည် ကန်းလန်နယ်မြေနှင့် မဟာကပ်ဘေးကြီးကို သူ၏ ခရမ်းရောင်နန်းတော်ထဲ ဝါးမြိုခဲ့ပြီး မဟာကပ်ဘေးကြီးက ထိုက်ဟွမ်နန်းတော်ကို အကူအညီတောင်းနိုင်သော အစွမ်းကို ဖြတ်တောက်ခဲ့သည်။

ဒါပေမဲ့ မဟာကပ်ဘေးကြီးက တခြားကပ်ဘေးအားလုံးကို စစ်ကူခေါ်လိမ့်မယ်လို့ သူ မထင်ထားခဲ့ပေ။

ကျိယွမ်သည် နေမင်းသက်ရှိ၏ အတိတ်ဘဝမှ မူလခန္ဓာကိုယ်များ ဖြစ်ကြသော မဟာကပ်ဘေးကြီး သုံးထောင်ကို ကြည့်လိုက်သည်။

အတိတ်ဘဝရဲ့ မူလခန္ဓာကိုယ်တွေကတောင် ဒီလောက် အစွမ်းထက်နေရင် နေမင်းသက်ရှိရဲ့ စစ်မှန်တဲ့ အစွမ်းကတော့... စိတ်ကူးကြည့်ဖို့တောင် ခက်ခဲလိမ့်မယ်။

ဒါပေမဲ့ အခုက ဒါတွေကို တွေးနေရမယ့် အချိန်မဟုတ်ဘူး။

ကျိယွမ်သည် မဟာကပ်ဘေးကြီးကို အေးစက်သော အမူအရာဖြင့် ကြည့်လိုက်သည်။

“တခြား မူလခန္ဓာကိုယ်တွေ ရှိသေးလား။ အားလုံးကို ခေါ်လိုက်ပါ”

“ငါတို့က နေမင်းသက်ရှိ မဟုတ်ဘူး။ ကောင်းတဲ့အရာဆိုတာ... အတူတူ မျှဝေခံစားရမှာပဲ”

ဝေဝါးနေသော မဟာကပ်ဘေးကြီး သုံးထောင်မှာ သူတို့၏ ကြီးမားလှသော ပုံရိပ်ကြီးများမှတစ်ဆင့် ဖြစ်တည်မှုတစ်ခုတည်းကဲ့သို့ တစ်ပြိုင်နက် ပြောလိုက်ကြ၏။

သူတို့ အဖြေပေးလိုက်ပြီ ဖြစ်သည်။

မဟာကပ်ဘေးကြီး အားလုံးမှာ မြေအောက်ကမ္ဘာ၌ စုဝေးနေကြလေပြီ။

ပြောရလျှင် လူစုံတက်စုံရောက်နေပြီ။

“ကောင်းပြီ။ မင်းတို့တွေ တစ်ရက်တည်းမှာ အတူတူ သေရမယ်လို့ ကျိန်ဆိုထားကြတာ ဖြစ်ရမယ်”

ကျိယွမ် အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်သည်။

ဝန်ခံရလျှင် ကန်းလန်နယ်မြေသည် ကျင့်ကြံသူများ ကစားရသော ဂိမ်းတစ်ခုသာ ဖြစ်ပါက Cheat မသုံးဘဲ အနိုင်ရရန် မည်သို့မှ မဖြစ်နိုင်ပေ...။

ထိုက်ဟွမ်နန်းတော်နှင့် အထက်ဘုံကို ဖြတ်တောက်လိုက်သည့်တိုင် မဟာကပ်ဘေးကြီးက စစ်ကူခေါ်နိုင်သေးသည်က သက်သေပင်၏။

သွေးရောင်ပုံရိပ်သည် မဟာကပ်ဘေးကြီး သုံးထောင်၏ ရှေ့၌ မားမားမတ်မတ် ရပ်လျက် ဤကြောက်မက်ဖွယ်ကောင်းသော အုပ်စုကြီးကို ရင်ဆိုင်နေသည်။

ထိုအခိုက် ကျိယွမ်က အော်ဟစ်လိုက်သည်။

“မင်းတစ်ယောက်တည်းပဲ စစ်ကူခေါ်တတ်တယ် ထင်နေတာလား”

“မင်းတစ်ယောက်တည်းပဲ မဟာကပ်ဘေးလို့ ခေါ်တာ ခံရတယ် ထင်နေတာလား”

“စစ်ကူခေါ်တာ... ဘယ်သူက မလုပ်တတ်လို့လဲ”

သူ၏ ဒေါသတကြီး အော်ဟစ်သံမှာ မြင့်မြတ်ပြီး လေးနက်လှသော အသံအဖြစ် ပြောင်းလဲသွားသည်။

“နတ်ဘုရားတွေရဲ့ အစွမ်းနဲ့၊ စိတ်ဝိညာဥ်တွေ ပုန်းအောင်းရာက ထွက်လာကြပြီး ငါ့ရဲ့ အမိန့်ကို နာခံကြစမ်း"

“နတ်ဘုရားတွေနဲ့ ဗုဒ္ဓတွေ... ဆင်းသက်ကြစမ်း”

ထိုအချိန်တွင် ကန်းလန်နယ်မြေရှိ သက်ရှိတိုင်း ကောင်းကင်သို့ မော့ကြည့်လိုက်ကြသည်။

သို့သော် သူတို့မှာ ကြောက်မက်ဖွယ်ကောင်းသော မဟာကပ်ဘေးကြီးများမှလွဲ၍ ဘာမှ မမြင်ရပေ။

သို့သော် သူတို့၏ နားထဲတွင်မူ နတ်ဘုရားများနှင့် မိစ္ဆာများ၏ ရွတ်ဆိုသံများမှာ ကောင်းကင်၌ ပဲ့တင်ထပ်နေသည်ကို ကြားနေရ၏။

“ရွှေရောင် ကျောက်စိမ်းဧကရာဇ်ရဲ့ အမိန့်အရ”

“တောင်ပိုင်းအထွတ်အထိပ် နတ်ဘုရားဧကရာဇ်ရဲ့ အမိန့်အရ”

….....

“တာဝန်ခံဧကရာဇ်သုံးပါးရဲ့ အမိန့်အရ"

“ဆယ်မျက်နှာနတ်ဘုရားအရှင်တွေရဲ့ အမိန့်အရ”

…

“နှစ်ဆယ့်ရှစ်ပါးကြယ်စုတွေရဲ့ အမိန့်အရ”

“မိုးကြိုးဌာနက စစ်မှန်တဲ့ နတ်ဘုရားတွေ၊ ငါ့ရဲ့ အမိန့်ကို နာခံပြီး နတ်ဘုရားအရှင်အတွက် တိုက်ပွဲဝင်ကြစမ်း”

“တိုက်ပွဲဌာနက စစ်မှန်တဲ့ နတ်ဘုရားတွေ၊ ငါ့ရဲ့ အမိန့်ကို နာခံပြီး နတ်ဘုရားအရှင်အတွက် တိုက်ပွဲဝင်ကြစမ်း”

….......

“နှစ်စဉ်ကြယ်စုဌာနက များစွာလှတဲ့ စွမ်းအားစုတွေ၊ နတ်ဘုရားအရှင်ရဲ့ အမိန့်ကို နာခံပြီး...တိုက်ခိုက်ကြစမ်း”

ထိုအသံများမှာ နတ်ဘုရားများနှင့် မိစ္ဆာပေါင်း သောင်းချီတို့၏ ဟိန်းဟောက်သံများကဲ့သို့ အဆုံးမရှိ ထွက်ပေါ်နေသည်။

ဝေးလံသော နေရာဆီမှ မြင်ကွင်းမှာမူ...

ယခုအခါ ကျိယွမ်၏ စစ်သည်တော်များ ဖြစ်လာကြသော ရေတွက်၍မရသော နတ်ဘုရားများနှင့် မိစ္ဆာများသည် တိုက်ပွဲဝင်ရန် ကမ္ဘာပေါ်သို့ ဆင်းသက်လာကြပြီ ဖြစ်သည်။

ထိုခဏ၌ ကျိယွမ်၏ စိတ်ဝိညာဉ် လေးထောင်မှာ တိမ်တိုက်များကို စီးနင်းလျက် ထွက်ပေါ်လာပြီး ကောင်းကင်ယံထဲသို့ ပျောက်ကွယ်သွားကြ၏။

နတ်ဘုရားနှင့် ဗုဒ္ဓတိုင်းမှာ နတ်ဘုရားအလင်းတန်းများဖြင့် တောက်ပနေပြီး သူတို့၏ တည်ရှိမှုမှာ ရိုသေကိုးကွယ်ချင်စရာ ကောင်းလောက်အောင်ပင် ခန့်ညားထည်ဝါလှသည်။

နတ်ဘုရားအပေါင်းမှာ ကျိယွမ်၏ နောက်ကွယ်၌ စစ်တပ်တစ်ခုကဲ့သို့ စုဝေးလိုက်ကြ၏။

လေးထောင်နှင့် သုံးထောင်..။

အထက်ဘုံ၌ပင် တစ်ခါမျှ မမြင်ဖူးခဲ့သော တိုက်ပွဲကြီးမှာ ကျိယွမ်၏ ခရမ်းရောင်နန်းတော်အတွင်း၌ စတင်တော့မည် ဖြစ်သည်။

“မင်းတစ်ယောက်တည်းပဲ စစ်ကူခေါ်တတ်တယ် ထင်နေတာလား”

“မင်းတစ်ယောက်တည်းပဲ မဟာကပ်ဘေးလို့ ခေါ်တာလား”

“အားလုံးကို သတ်ပစ်ကြစမ်း”

ကြောက်မက်ဖွယ်ကောင်းသော သွေးရောင်ပုံရိပ်သည် မဟာကပ်ဘေးကြီးများ ရှိရာသို့ စတင် ထိုးဖောက်ဝင်ရောက်သွား၏။

ဝေဝါးနေသော မဟာကပ်ဘေးကြီး သုံးထောင်မှာ သူတို့၏ မျက်လုံးများထဲ၌ လောဘများ ပြည့်နှက်နေသော်လည်း ယခုအခါ အမူအရာအသစ်တစ်ခု ပေါ်လာသည် ။

၎င်းမှာ အံ့သြခြင်းပင်။

“သတ်ကြ”

“သတ်ကြ”

“သတ်ကြ”

အဆုံးမဲ့သော နတ်ဘုရားအလင်းတန်းများနှင့် တိုင်းတာ၍မရသော နတ်ဘုရားစွမ်းအားများမှာ တိုက်ပွဲမြေပြင်တစ်ခုလုံးကို လွှမ်းမိုးသွားသည်။

ကောင်းကင်သို့ မော့ကြည့်လိုက်ရာ မည်သူ့ကိုမျှ အသေသေချာချာ မမြင်ရတော့ဘဲ နတ်ဘုရားနယ်ပယ်များ၊ အလင်းတန်းများနှင့် စွမ်းအားများဖြင့် ပြည့်နှက်နေသော ပရမ်းပတာ တိုက်ပွဲမြေပြင်ကြီးကိုသာ မြင်တွေ့ရကုန်သည်။

၄င်းတို့ထဲမှ စွမ်းအားအနည်းငယ် လေး ပေါက်ကြားသွားရုံနှင့်ပင် ကန်းလန်နယ်မြေကို ထိုးဖောက်သွားနိုင်အောင် ပြင်းထန်အစွမ်းကြီးကြ၏။

၄င်းမှာ ဧရာမ စွမ်းအားစုကြီးများ၏ စကြာဝဠာအဆင့် ထိပ်တိုက်တွေ့ဆုံမှုကြီးပင်။

နေရာတိုင်းမှာ ပြင်းထန်လှသော နတ်ဘုရားစွမ်းအားများနှင့် ပျက်စီးခြင်း အငွေ့အသက်များဖြင့် ပြည့်နှက်နေသည်။

ဒဏ္ဍာရီအဆင့်ရှိသော ဖြစ်တည်မှုတစ်ခုပင်လျှင် ဤတိုက်ပွဲအတွင်းသို့ ဝင်ရောက်ပါက စက္ကန့်ပိုင်းအတွင်း သေဆုံးသွားပေလိမ့်မည်။

သွေးမိုးများ ရွာချလာပြီး ယင်နှင့် ယန် နယ်နိမိတ်မျဉ်းပေါ်သို့ ကျရောက်လာသည်။

သတ်ဖြတ်မှုများ ဆက်လက် ဖြစ်ပွားနေပြီး တိုက်ပွဲမှာ ပြင်းထန်နေဆဲပင်။

သွေးနှင့် မီးတောက်များမှာ အရှိန်အဟုန်ဖြင့် လောင်ကျွမ်းနေ၏။

သက်ရှိအားလုံး ကောင်းကင်သို့ မော့ကြည့်ရင်း ဤရက်စက်ပြီး မျှော်လင့်ချက်မဲ့သော တိုက်ပွဲကို ထိတ်လန့်တကြား ကြည့်နေကြသည်။

ဝမ်လင်းထုံ၏ မျက်လုံးများထဲ၌လည်း အံ့သြတုန်လှုပ်မှုများ ပြည့်နှက်နေသည်။

မဟာကပ်ဘေးကြီးက ဒီလောက် အစွမ်းထက်လိမ့်မယ်လို့ သူ မထင်ထားခဲ့သလို... သွေးဝတ်စုံဓားနတ်ဘုရားက အဲဒါထက်တောင် ပိုပြီး အစွမ်းထက်နေလိမ့်မယ်လို့ သူ လုံးဝ မတွေးထားခဲ့ပေ။

သူက တကယ်ပဲ ဘယ်သူလဲ ။

-------------------

All Chapters