အခန်း (၉၉-၁၀၀)
Vol. 10 Ch. 99-100
အခန်း။ ၉၉
ဟွမ်းရှန်းက ပြန်ဖြေလိုက်သည်။
"ဒါပေါ့ မဟုတ်ပါဘူး။ ငါ့ဖေဖေက မင်းရဲ့ဖေဖေနဲ့ ရှိခဲ့တဲ့ ခင်မင်မှုကို အမှတ်ရနေတာပါ။ မနေ့က ဖြစ်ခဲ့တဲ့ ကိစ္စတွေက မင်းထိန်းချုပ်နိုင်တဲ့ အတိုင်းအတာထက် ကျော်လွန်သွားနိုင်တယ်ဆိုတာ မင်းသိအောင် ပြောပြခိုင်းလိုက်တာ။ မင်းသာ သဘောတူမယ်ဆိုရင် သူက ကြားဝင်စေ့စပ်ပေးဖို့ အဆင်သင့်ပဲတဲ့"
"မနေ့က ဘာဖြစ်လို့လဲ"
"မင်း ဂိုဏ်းပေါင်းစုံမဟာမိတ်အဖွဲ့မှာ ဘာတွေလုပ်ခဲ့သလဲဆိုတာ ငါ့ကို ပြန်မေးနေတာလား"
ဟွမ်းရှန်းသည် စကားပြောရင်း သူ၏ လေသံကို အနည်းငယ် မြှင့်လိုက်မိသည်။
"ဪ... ဒါဆိုရင် ဦးလေးကို ငါ့ကိုယ်စား ကျေးဇူးတင်စကား ပြောပေးပါ။ ဒါပေမဲ့ ဒီကိစ္စက စေ့စပ်ညှိနှိုင်းနေစရာ မလိုပါဘူး။ ငါက သူတို့ဆီမှာ မျက်နှာသာရဖို့ ဘယ်တုန်းကမှ စိတ်ကူးမရှိခဲ့လို့ပါ"
"မင်း..."
ဝမ်ပင်းက ငြင်းဆန်လိမ့်မည်ဟု ဟွမ်းရှန်း မထင်ထားခဲ့ပေ။
ထို့နောက် ဝမ်ပင်းက ဆက်ပြောသည်။
"ဟွမ်းရှန်း... ထပ်မပြောပါနဲ့တော့။ ဦးလေးရဲ့ စေတနာကို ငါ နားလည်ပါတယ်။ ငါ့ကိုယ်စား ကျေးဇူးတင်ပေးပါ။ ပြီးခဲ့တဲ့ တစ်နှစ်ပတ်လုံး မသေမျိုးဂိုဏ်းအပေါ် ဦးလေးရဲ့ စောင့်ရှောက်မှုတွေအတွက် ငါကိုယ်တိုင် လာရောက်ကျေးဇူးတင်ပါ့မယ်။ ဒီကိစ္စကိုတော့ ငါ့ဘာသာငါပဲ ကိုင်တွယ်ပါရစေ"
"မင်း သေချာလား"
"သေချာတာပေါ့"
"ကောင်းပြီလေ... ဒါဆိုရင် ငါ ထပ်မပြောတော့ဘူး။ အကယ်၍ မင်း အကူအညီလိုရင် ငါ့ကို အသိပေးဖို့ မမေ့နဲ့ဦး"
ဟွမ်းရှန်းသည် ထပ်၍ မပြောတော့ပေ။ သူကဲ့သို့ သန်မာသော လူသန်ကြီးများ၏ သဘာဝအတိုင်း ပွင့်လင်းရိုးသားသော အမူအရာ ရှိသည်။
ထိုကိစ္စကို ဆက်မပြောတော့သော်လည်း ဟွမ်းရှန်းသည် ဝမ်ပင်း၏ အဝတ်အစားများကို အားမလိုအားမရ ကြည့်ရင်း ပြောလိုက်သည်။
"ဝမ်ပင်း... မင်း အဝတ်အစားကို အခုထက် ပိုပြီး ခိုင်ခိုင်ခံ့ခံ့ မဝတ်နိုင်ဘူးလား။ ချပ်ဝတ်တန်ဆာ မဝတ်ချင်ရင်တောင် အနည်းဆုံး သားရေဝတ်စုံလောက်တော့ ဝတ်သင့်တယ်။ စက္ကူလို ပါးလွှာတဲ့ အဝတ်တွေ ဝတ်ထားရင် တောအုပ်လေးတစ်ခုကိုတောင် မင်း ကျော်ဖြတ်နိုင်မှာ မဟုတ်ဘူး"
ပြောရင်းနှင့် ဟွမ်းရှန်းက သူ၏ ရင်ဘတ်မှ ချပ်ဝတ်တန်ဆာကို ဒုန်းဒုန်း မြည်အောင် ပုတ်ပြလိုက်သည်။
ဟွမ်းရှန်းက သူ၏ ချပ်ဝတ်တန်ဆာကို ကြွားဝါနေသည်ကို မြင်သောအခါ ဝမ်ပင်းမှာ အနည်းငယ် အားမလိုအားမရ ဖြစ်သွားပြီး သူ၏ မသေမျိုး လေညင်းဝတ်စုံကို မသိမသာ ထိကြည့်လိုက်မိသည်။
သူသည် ဤလူကို စိတ်အနှောင့်အယှက် မပေးနိုင်စေရန် တောင်အောက်သို့ ပြန်လွှတ်တော့မည့် ဆဲဆဲတွင်ပင် နောက်ဘက်မှ ယွမ်လျောင်၏ အသံကို ကြားလိုက်ရသည်။
"ဂိုဏ်းချုပ်... အားလုံးကို အကြောင်းကြားပြီးပါပြီ။ သူတို့ ဒီကို လာနေကြပါပြီ။ ကျွန်တော့် ဘာလုပ်ပေးဖို့ လိုသေးလဲ"
"မလိုတော့ပါဘူး။ အဓိက ခန်းမဆောင်မှာပဲ စောင့်နေပေးပါ"
ထို့နောက် ဝမ်ပင်းက ဟွမ်းရှန်းကို ကြည့်ကာ "ငါ အခု အလုပ်ရှုပ်တော့မယ်။ ဦးလေးဆီကို နောက်ရက်မှ လာခဲ့မယ်။ ငါ့ကိုယ်စား နှုတ်ဆက်ပေးပါဦး" ဟု ပြောလိုက်သည်။
ထိုသို့ပြောပြီး ဝမ်ပင်းသည် တင်းယွီဆောင်သို့ တိုက်ရိုက်သွားကာ မသေမျိုး လေညင်းဝတ်စုံများ ထည့်ထားသော အဝတ်သေတ္တာကို ယူ၍ ခန်းမဆောင်ရှေ့သို့ ရောက်လာခဲ့သည်။
မကြာမီမှာပင် ရန်လီလီနှင့် အခြားသူများ ရောက်ရှိလာကြသည်။
သို့သော် ဟွမ်းရှန်းမှာ ချက်ချင်း ပြန်မသွားသေးဘဲ မသေမျိုးဂိုဏ်း၏ တပည့်အသစ်များကို အကဲခတ်နေသည်။
ဝမ်ပင်းကလည်း သူ့ကို ဂရုမစိုက်ပေ။ သူ့အတွက်မူ ဟွမ်းရှန်းမှာ သူစိမ်းမဟုတ်ပေ။ ဟွမ်းမိသားစုနှင့် သူ၏ မိသားစု ခင်မင်မှုမှာ မည်သည့်အခါမျှ မပျက်ပြယ်ခဲ့ချေ။ မသေမျိုးဂိုဏ်းသည် မှီခိုရာဂိုဏ်း၏ ဖိအားအောက်တွင် ယနေ့တိုင် တည်တံ့နေခြင်းမှာ ဟွမ်းမိသားစု၏ ကျေးဇူးကြောင့်လည်း ပါဝင်သည်။
ဂိုဏ်းဝတ်စုံမှာ လူတိုင်းအတွက် ဖြစ်သောကြောင့် ဟွမ်းရှန်း မြင်သည်ဖြစ်စေ မမြင်သည်ဖြစ်စေ ဘာမှမဖြစ်ပေ။
ဝမ်ပင်းသည် သစ်သားသေတ္တာကို ဖွင့်လိုက်ပြီး အတွင်းမှ အဝတ်အစားများကို ထုတ်ပြကာ "ဒါက ဂိုဏ်းရဲ့ ဝတ်စုံဖြစ်တဲ့ မသေမျိုး လေညင်းဝတ်စုံပဲ။ တစ်စုံကို ရွှေပြား ၁၀၀၀ တန်ဖိုးရှိပြီး မင်းတို့ တစ်ယောက်ချင်းစီအတွက် နှစ်စုံစီ ငါ လုပ်ပေးထားတယ်" ဟု ပြောလိုက်သည်။
"အဝတ်အစား တစ်စုံကို ရွှေပြား ၁၀၀၀ ဟုတ်လား... ဘာတွေ ဖြစ်ကုန်တာလဲ"
အနီးတွင် ရပ်နေသော ဟွမ်းရှန်းမှာ ကြားလိုက်ရသည့် စကားကြောင့် လန့်သွားပြီး စိတ်ထဲမှ တွေးနေမိသည်။
သူ နားကြားမှားသလားဟုပင် သံသယ ဖြစ်မိသွားသည်။
သူ ဝတ်ထားသော ချပ်ဝတ်တန်ဆာ တစ်စုံလုံးထက်ပင် ဤအဝတ်အစား တစ်ထည်က ပို၍ ဈေးကြီးနေခြင်းပင်။
ဝမ်ပင်းသည် ကျောက်ယီကို လှမ်းကြည့်လိုက်ပြီး စကားအများကြီး မပြောတော့ဘဲ အတွင်းမှ အဝတ်အစား နှစ်စုံကို ထုတ်ယူလိုက်သည်။
"ကျောက်ယီ... ဒါက မင်းအတွက်"
"ဗျာ"
ကျောက်ယီသည် ခဏမျှ ကြောင်အသွားပြီးနောက် ရှေ့သို့တက်၍ ဝတ်စုံများကို လက်ခံရယူရန် အနည်းငယ် တွန့်ဆုတ်နေမိသည်။
"မင်းရဲ့ အခြေအနေက သူတို့နဲ့ မတူဘူး။ ဒီရွှေပြား ၂၀၀၀ ကို ဂိုဏ်းကို ပေးရမယ့် အကြွေးအဖြစ် မှတ်ထားလိုက်မယ်။ နောင်ကျမှ ပြန်ဆပ်ပေါ့"
"ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်"
ကျောက်ယီက ခေါင်းညိတ်လိုက်သည်။ အဝတ်အစား နှစ်ထည်အတွက် ရွှေပြား ၂၀၀၀ အကြွေးတင်သွားသည်မှာ ထူးဆန်းသည်ဟု ခံစားရသော်လည်း သူသည် ရှေ့သို့တက်ကာ ဝတ်စုံများကို ယူလိုက်သည်။
လက်နှစ်ဖက်ကို မြှောက်၍ အဝတ်များကို လှမ်းယူသော်လည်း သူ၏ လက်ချောင်းများက အဝတ်ကို မထိရသေးမီမှာပင် ဝမ်ပင်း၏ သတိပေးသံကို ကြားလိုက်ရသည်။
"မြဲမြဲကိုင်ထားနော်"
ကျောက်ယီက ခေါင်းညိတ်ပြသည်။
ဝမ်ပင်းက ဝတ်စုံများကို သူ၏ လက်ပေါ်သို့ တင်ပေးလိုက်သည့် ခဏမှာပင် ကျောက်ယီသည် လန့်ဖျပ်သွားပြီး ရှေ့သို့ ယိုင်ထွက်သွားတော့သည်။
ကံကောင်းထောက်မစွာဖြင့် ကျောက်ယီသည် လျင်မြန်စွာ တုံ့ပြန်နိုင်ခဲ့ပြီး ဝတ်စုံများကို ကျစ်ကျစ်ပါအောင် အမြန်ဆုပ်ကိုင်လိုက်ရသည်။
ဒါကိုမြင်တော့ ရန်လီလီနှင့် အခြားသူများမှာ လက်ဖြင့် ပါးစပ်ပိတ်၍ မရယ်ဘဲ မနေနိုင်ကြတော့ပေ။
ကျောက်ယီ သူတို့နား ရောက်လာသောအခါ ပြုံးစိစိဖြင့် "ညီလေးကျောက်... မင်းကလည်း အားနည်းလိုက်တာ။ အဝတ်အစားတောင် မနိုင်ဘူးလား" ဟု ဆိုကြသည်။
ကျောက်ယီက ရှက်ကိုးရှက်ကန်းဖြင့် အားနာနာ ပြုံးလိုက်ပြီး "ကျွန်တော် အားနည်းလို့ မဟုတ်ဘူးဗျ။ ဒီအဝတ်တွေက အလွန်လေးနေလို့ပါ"
ထိုစကားကို ကြားလိုက်ရသောအခါ အဝေးမှ ကြည့်နေသော ဟွမ်းရှန်းမှာ ပေါက်ကွဲမတတ် ရယ်မောတော့သည်။ ဝမ်ပင်း စုဆောင်းထားသော တပည့်များမှာ တော်တော့်ကို အရည်အချင်းရှိလိမ့်မည်ဟု သူ ထင်ထားသော်လည်း ပုစဉ်းတောင်ပံလို ပါးလွှာသည့် အဝတ်အစား နှစ်ထည်ကိုပင် မသယ်နိုင်ကြချေ။ ဤခွန်အားမျိုးမှာ သူ၏ မြင်းစာကျွေးသည့် ကလေးများလောက်ပင် မရှိဟု သူ ယူဆလိုက်သည်။
"အဝတ်အစား တစ်ထည်က ဘယ်လောက်များ လေးနေလို့လဲ"
သူက တိုးတိုးလေး ရေရွတ်လိုက်ပြီးနောက် ယွန်းလန်တောင်ပေါ်မှ ဆင်းရန် ပြင်ဆင်တော့သည်။ သူ ထွက်ခွာခါနီးတွင် ဝမ်ပင်းကို လှမ်းအော်ပြောလိုက်သည်။
"ဝမ်ပင်း... အားတဲ့အခါ ငါ့ဆီလာခဲ့ဦး။ မင်းကို တောထဲခေါ်သွားပြီး ကျားကြီးတွေ အမဲလိုက်ပေးမယ်။ ပြီးရင် မင်းရဲ့ ခန္ဓာကိုယ် အားရှိအောင် ကျားလိင်တံတွေ ဘာတွေ ရှာပေးရတာပေါ့"
ဝမ်ပင်းက လက်ယမ်းပြကာ "သွားမှာဖြင့်လည်း မြန်မြန်သွားစမ်းပါ"
အားလုံးက ဟွမ်းရှန်းကို ဂရုမစိုက်ကြဘဲ ကျောက်ယီကိုသာ ဝိုင်းရယ်နေကြသည်။ သို့သော် ချင်မိုတစ်ယောက်သာလျှင် ဤမြင်ကွင်းကို ကြည့်ပြီးနောက် တည်ကြည်သွားကာ ဝမ်ပင်းထံသို့ ရွှေလက်မှတ် နှစ်စောင် ကမ်းပေးလိုက်သည်။ ထို့နောက် လက်နှစ်ဖက်ကို ဖြန့်ကာ ဝမ်ပင်းက သူ၏ လက်ပေါ်သို့ ဝတ်စုံများကို ဖြည်းညှင်းစွာ တင်ပေးသည်ကို စောင့်ကြည့်နေသည်။
"မဖြစ်နိုင်တာ တကယ်ပဲ ဒီလောက်လေးတာလား"
သူသည် စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ထားသော်လည်း ထိုအလေးချိန်ကြောင့် ထိတ်လန့်သွားရကာ လက်ထဲတွင် မြဲမြဲကိုင်ထားနိုင်ရန် ချီစွမ်းအင်များကို အလျင်အမြန် ထုတ်သုံးလိုက်ရသည်။
ညင်သာသော လေပြေလေး တိုက်ခတ်သွားရာ မသေမျိုး လေညင်းဝတ်စုံသည် လေနှင့်အတူ လွင့်ပါးနေပြီး ငှက်မွေးတစ်ခုကဲ့သို့ ပေါ့ပါးနေပုံပင်။
ထိုအရာကို မြင်လိုက်ရသည့် ချင်မိုမှာ အနည်းငယ် စိတ်မသက်မသာ ဖြစ်သွားသည်။ အဝတ်အစားများမှာ ပေါင်ရာနှင့်ချီ၍ လေးနေမည်ဟု သူ ခန့်မှန်းထားသော်လည်း ကြည့်ရသည်မှာ အလွန်ပင် ပေါ့ပါးနေသည် မဟုတ်ပါလား။
သူသည် ပျံလွှားငါးကျွန်းပေါ်တွင် နှစ်ပေါင်းများစွာ နေခဲ့ဖူးသော်လည်း ဤကဲ့သို့သော ရက်ကန်းပညာရပ်မျိုး တစ်ခါမျှ မတွေ့ဖူးချေ။
ထို့ကြောင့် ဤဝတ်စုံများကို မသေမျိုးဂိုဏ်း၏ ကျင့်ကြံရေးကွင်းများကဲ့သို့ပင် ထူးခြားသော ပစ္စည်းများဖြင့် ပြုလုပ်ထားရမည်ဟု သူ ကောက်ချက်ချလိုက်သည်။
ချင်မို၏ မျက်နှာအမူအရာကို မြင်လိုက်ရသောအခါ ရန်လီလီနှင့် အခြားသူများ ရယ်မောခြင်း ရပ်သွားကြသည်။ ကျောက်ယီမှာ ခန္ဓာကိုယ်လေ့ကျင့်ခြင်း အဆင့် ၁ သာ ရှိသေးသောကြောင့် အဝတ်ကို မနိုင်ခြင်းမှာ ဖြစ်နိုင်သော်လည်း ချင်မိုမှာမူ ခန္ဓာကိုယ်လေ့ကျင့်ခြင်း အဆင့် ၈ ရှိသည်ကို သူတို့ မနေ့ညက စကားပြောရင်း သိရှိထားပြီးဖြစ်သည်။
အဆင့် ၈ ကျင့်ကြံသူကတောင် အဝတ်အစား နှစ်ထည်ကို မနိုင်ဘူးလား။
ဟွမ်းရှန်း၏ ထွက်ခွာမည့် ခြေလှမ်းများ ရပ်တန့်သွားပြီး ဝမ်ပင်းဘက်သို့ ပြန်လှည့်ကြည့်လိုက်သည်။
တစ်ချက်ကြည့်ရုံဖြင့် ဟွမ်းရှန်းသည် ချင်မို၏ ကျင့်ကြံမှုအဆင့်ကို သိမြင်လိုက်သည်။
သူ့ထက်ပင် မြင့်မားနေပြီး အနည်းဆုံး ခန္ဓာကိုယ်လေ့ကျင့်ခြင်း အဆင့် ၇တွင်ရှိနေခြင်းပင်။
ဟွမ်းရှန်း မျက်မှောင်ကြုတ်သွားပြီး ဇဝေဇဝါ ဖြစ်သွားသည်။
"အဝတ်အစား နှစ်ထည်တည်းကိုပဲ ငါ့ထက် အဆင့်မြင့်တဲ့ ကျင့်ကြံသူတစ်ဦးက လေးတယ်လို့ ပြောနေတာလား။ သူ့ဟာက ငါဝတ်ထားတဲ့ ချပ်ဝတ်တန်ဆာလောက်တောင် လေးနေလို့လား"
ဤတစ်ကြိမ်တွင် ဟွမ်းရှန်းသည် ထွက်သွားရန် မလောတော့ဘဲ လှေကားထစ်များအနီးတွင် ရပ်ကာ အဝေးမှ လှမ်းကြည့်နေတော့သည်။
ထိုအချိန်တွင် ချင်မိုသည် ဝတ်စုံတစ်ထည်ကို လက်တစ်ဖက်တည်းဖြင့် မြှောက်လိုက်ပြီး ရန်
လီလီကို ပြောလိုက်သည်။
"စီနီယာအစ်ကိုကြီး ရန်... ကျွန်တော့်ကို ကူညီပါဦး။ အစ်ကိုကြီးရဲ့ အဝတ်တွေကို ချွတ်ပြီး ကျွန်တော့် ခြေရင်းမှာ ခင်းပေးပါလား"
ရန်လီလီက ချက်ချင်း ငြင်းလိုက်သည်။
"ဘာလို့လဲ... ဘာလို့ ငါ့အဝတ်တွေ ဖြစ်ရမှာလဲ"
ချင်မိုက ပြန်ပြောသည်။
"အစ်ကိုကြီးသာ ခင်းပေးမယ်ဆိုရင် မနေ့က ကျွန်တော့်ရဲ့ လရောင်မုန့် နှစ်လုံးကို စားလိုက်တာကို ခွင့်လွှတ်ပေးပါ့မယ်"
ထိုအရာကို ကြားသောအခါ ရန်လီလီက အားမလိုအားမရ ပြုံးလိုက်မိသည်။ အဝတ်မချွတ်ပေးရင်လည်း ထိုမုန့်များက ပြန်ရလာမည် မဟုတ်ချေ။
သူ၏ ကိုယ်ပိုင်အဝတ်များကို မညစ်ပတ်ချင်သော်လည်း ကျောက်ချင်းနှင့် ဟွမ်ယီတို့က ချွတ်ပေးရန် ပြင်နေကြပြီဖြစ်သောကြောင့် သူသည်လည်း အဝတ်ကို ချွတ်လိုက်ရတော့သည်။
အဝတ်များကို မြေကြီးပေါ်တွင် ခင်းလိုက်ပြီးနောက် ချင်မိုသည် သူ၏လက်ထဲမှ မသေမျိုး လေညင်းဝတ်စုံကို ရင်ဘတ်အမြင့်သို့ မြှောက်ကာ လက်ကို လွှတ်လိုက်တော့သည်။
အခန်း။ ၁၀၀
ဝတ်စုံက ဒေါင်လိုက်ပြုတ်ကျသွားပြီးနောက် ဒုန်းခနဲ အသံတစ်ချက် ထွက်ပေါ်လာသည်။ ကျောက်ပြားတစ်ချပ် မြေပေါ်ကျသကဲ့သို့ ထိုအဝတ်အစားများက မြေပြင်နှင့် ရိုက်မိကာ လေးလံထိုင်းမှိုင်းသော အသံကို ပေးစွမ်းလိုက်ခြင်းပင်။
လှေကားထစ်ပေါ် ခြေလှမ်းပြင်နေသော ဟွမ်းရှန်းသည် ထိုအသံကို ကြားလိုက်ရသည့်အခါ ရုတ်တရက် တန့်သွားရသည်။ သူ၏ နောက်ခြေတစ်ဖက်မှာ လေထဲတွင် ရပ်တန့်သွားပြီး အာရုံလွင့်သွားမှုကြောင့် လှေကားပေါ်မှ မှောက်ရက်လဲကျလုနီးပါး ဖြစ်သွားသည်။ ခန္ဓာကိုယ်လေ့ကျင့်ခြင်း အဆင့် ၆ ရှိသူတစ်ဦးအနေဖြင့် ကျောက်လှေကားပေါ်တွင် လဲကျခြင်းမှာ သူ၏ သိက္ခာကို အကြီးအကျယ် ကျဆင်းစေမည်ပင်။
ဟွမ်းရှန်းသည် အမြန်လှည့်ပြန်လာပြီး ဝမ်ပင်း၏အနားသို့ ခြေလှမ်းအနည်းငယ် လျှောက်လာခဲ့သည်။ မြေပြင်ပေါ်ရှိ အဝတ်အစားများကို ကြည့်ရင်း သူက မေးလိုက်သည်။
"ဝမ်ပင်း... ဒါတွေက ဘယ်လိုအဝတ်တွေလဲ။ အသံကို နားထောင်ရသလောက်ဆိုရင် ငါ့ရဲ့ ချပ်ဝတ်တန်ဆာထက်တောင် ပိုလေးနေသလိုပဲ"
ဟွမ်းရှန်း၏ မေးခွန်းမှာ ကျောက်ချင်းနှင့် အခြားသူများ သိချင်နေသော မေးခွန်းလည်း ဖြစ်သည်။
လူတိုင်း၏ မျက်နှာတွင် လေးနက်သော အမူအရာများ ဖြစ်ပေါ်နေစဉ် ဝမ်ပင်းက သူတို့အား ရှင်းပြလိုက်သည်။
"ငါမင်းတို့ကို ပေးထားတဲ့ ဝတ်စုံတွေရဲ့ အလေးချိန်က တစ်ယောက်နဲ့တစ်ယောက် မတူကြဘူး။ ဥပမာ ချင်မိုရဲ့ မသေမျိုး လေညင်းဝတ်စုံဆိုရင် အလေးချိန် ပေါင်တစ်ထောင် ရှိတယ်။ ဒါပေမဲ့ ဝတ်ထားတဲ့အချိန်မှာ လမ်းလျှောက်တာကို ထိခိုက်မှာမဟုတ်ဘူး။ အဲဒီအလေးချိန်ကို မင်းတို့ ကျင့်သားရသွားပြီဆိုရင် ပိုမိုကောင်းမွန်တဲ့ ခွန်အားနဲ့ အရှိန်အဟုန်ကို ပိုင်ဆိုင်လာပါလိမ့်မယ်"
ချင်မိုသည် ထိုစကားကို ကြားလိုက်ရသည့်အခါ မျက်နှာတွင် ဝမ်းသာရိပ်များ ယှက်သန်းသွားသည်။
ဟွမ်းရှန်းမှာမူ အံ့အားသင့်သော အမူအရာဖြင့် "ဒီလို အဝတ်အစားမျိုး တကယ်ရှိတာလား" ဟု ရေရွတ်မိသည်။
သူသည် အံ့ဩတုန်လှုပ်သွားကာ ထိုဝတ်စုံကို လက်ဖြင့် စမ်းသပ်ရန် လှမ်းလိုက်သော်လည်း ဝမ်ပင်းက သူ၏လက်ကို ဖြတ်ခနဲ ပုတ်လိုက်သည်။
"ဒါက သံချပ်ကာလည်း မဟုတ်ဘူး၊ ငွေချပ်ကာလည်း မဟုတ်ဘူး။ မင်းက ဘာလို့ လျှောက်ကိုင်နေတာလဲ"
"ဟဲဟဲ ကပ်စေးနှဲလိုက်တာကွာ ကိုင်ကြည့်ရုံနဲ့ ဘာမှမဖြစ်သွားပါဘူး။ မင်းကပဲ ငါက တကယ်ကိုင်ချင်နေတယ် ထင်နေတာလား"
ဟွမ်းရှန်းသည် ကိုင်ကြည့်ရန် စိတ်မပါတော့ဘဲ ထိုနေရာတွင် ဆက်မနေချင်တော့ပေ။
"ငါ သွားတော့မယ်။ အကူအညီလိုရင် ငါ့ဆီလာခဲ့"
ထိုသို့ပြောပြီးနောက် ဟွမ်းရှန်းသည် ယွန်းလန်တောင်ပေါ်မှ ဆင်းသွားတော့သည်။
လူတိုင်း သူတို့၏ ဝတ်စုံများကို ယူပြီးနောက် ရန်လီလီသည် ကလေးတစ်ယောက်ကဲ့သို့ လှေကားထစ်ပေါ်တွင် ခုန်ဆွခုန်ဆွ လုပ်ကြည့်နေသည်။ သူ ခုန်လိုက်တိုင်း လေးလံသော ဒုန်း ဒုန်း အသံများ ထွက်ပေါ်နေသည်မှာ နားထောင်၍ ကောင်းသည်။
ရန်လီလီတစ်ယောက် ပျော်မြူးနေစဉ် ဝမ်ပင်းက လက်မြှောက်၍ အားလုံးကို တန်းစီခိုင်းလိုက်ပြီး ပြောလိုက်သည်။
"ကဲ... ဆော့တာ တော်ကြတော့။ နောင်မှာ ဒီ မသေမျိုး လေညင်းဝတ်စုံကို ဝတ်ဆင်ထားတဲ့အခါ မသေမျိုးဂိုဏ်းရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းကြပါ"
"နားလည်ပါပြီ"
အားလုံးက ခေါင်းညိတ် လိုက်ကြသည်။
အားလုံး လူစုခွဲသွားကြပြီးနောက် မျက်နှာတစ်ဝက် ရွှေချပ်ဝတ်မြင်းကို စီးနင်းထားသော ဟွမ်းရှန်းသည် မြို့တော်ဝန်အိမ်တော်သို့ ပြန်ရာလမ်းတွင် ရောက်ရှိနေပြီဖြစ်သည်။
သို့သော်လည်း စောစောက မြင်ကွင်းမှာ သူ၏ စိတ်ထဲတွင် တဝဲလည်လည် ဖြစ်နေဆဲပင်။ ဤသည်မှာ ဝမ်ပင်းအပေါ် သူ၏ နားလည်မှုကို အသစ်တစ်ဖန် ဖြစ်စေသည်။ သိသာထင်ရှားသည်မှာ ချပ်ဝတ်တန်ဆာများသာ လေးလံနိုင်သည်မဟုတ်ဘဲ သာမန်အဝတ်အစားများမှာလည်း လေးလံနိုင်ကြောင်း သူ သိလိုက်ရပြီဖြစ်သည်။
လမ်းခရီးတွင် သာမန်ပစ္စည်းများထက် အလေးချိန်များစွာ ပိုမိုနိုင်သော အဝတ်အစား ပြုလုပ်
ရန်အတွက် အသုံးပြုနိုင်မည့် ကုန်ကြမ်းပစ္စည်းများစွာကို သူ စဉ်းစားကြည့်သော်လည်း ဤကဲ့သို့ လေးလံမှုမျိုးရှိသော မည်သည့်အရာကိုမျှ သူ ရှာမတွေ့ဘဲ ဇဝေဇဝါ ဖြစ်နေရသည်။
ဟွမ်းရှန်းသည် ခေါင်းခါလိုက်ပြီး ထိုအကြောင်းကို ဆက်မစဉ်းစားတော့ဘဲ မသေမျိုးဂိုဏ်းနှင့် ဂိုဏ်းပေါင်းစုံမဟာမိတ်အဖွဲ့ကြားရှိ လက်ရှိအခြေအနေကိုသာ စဉ်းစားနေတော့သည်။ သူ၏ဖခင် ပြောခဲ့သလိုပင် တိုက်ခိုက်တတ်ရုံနှင့် မြို့တော်ဝန် ဖြစ်မလာနိုင်ပေ။
အမှန်စင်စစ် သူသည် ထိုကဲ့သို့ တိုက်ခိုက်ဖို့တစ်ခုတည်း သိသူမျိုး မဟုတ်ပေ။ ဝမ်ပင်းနှင့် ဆော့ကစားချိန် နည်းပါးခဲ့သော်လည်း သူတို့မိသားစု နှစ်ခုမှာ နှစ်ရှည်လများ ခင်မင်ခဲ့ကြသူများ ဖြစ်သည်။ ဝမ်ပင်း တစ်ခုခုဖြစ်ခဲ့လျှင် မြို့တော်ဝန်အိမ်တော်က သေချာပေါက် အရေးယူဆောင်ရွက်မည်ဖြစ်သည်။
ဂိုဏ်းပေါင်းစုံမဟာမိတ်အဖွဲ့နှင့် ထိပ်တိုက် ရန်သူဖြစ်ရန်အထိ မဟုတ်သော်လည်း အနည်းဆုံး မသေမျိုးဂိုဏ်းကို ထိုအတိုင်း အဖျက်ဆီးမခံနိုင်ပေ။
မြို့တော်ဝန်အိမ်တော်သို့ ပြန်ရောက်သောအခါ ဟွမ်းရှန်းသည် သူ၏ လက်အောက်ငယ်သားထံမှ ကျားခေါင်းဆောင်းကို ပြန်ယူလိုက်ပြီး သူ၏ဖခင်ရှိရာ စာကြည့်ခန်းသို့ သွားခဲ့သည်။ တံခါးဖွင့်လိုက်သည်နှင့် ဟွမ်းရှန်းက ပြောလိုက်သည်။
"ကျွန်တော် ပြန်လာပြီ"
"ဘယ်လိုလဲ... အခြေအနေ"
ပြောရင်းနှင့် ဟွမ်းချိန်သည် သူ၏လက်ထဲမှ စာအုပ်ငယ်ကို ချလိုက်ကာ ဘေးရှိ ချပ်ဝတ်တန်ဆာဝတ် လက်အောက်ငယ်သားထံသို့ ကမ်းပေးလိုက်သည်။ ထို့နောက် ကုလားထိုင်တစ်ခုတွင် ဟွမ်းရှန်းနှင့် မျက်နှာချင်းဆိုင် ထိုင်လိုက်သည်။ သူ၏ မျက်လုံးများထဲတွင် မျှော်လင့်ချက်အရိပ်အယောင်များ ရှိနေပြီး ဝမ်ပင်းက စေ့စပ်ညှိနှိုင်းရန် သဘောတူလိမ့်မည်ဟု သူ မျှော်လင့်နေပုံပင်။
"သူ သဘောမတူဘူး"
"သဘောမတူဘူး ဟုတ်လား"
ဟွမ်းချိန် မတ်တပ်ရပ်လိုက်မိသည်။ ဟွမ်းရှန်းပြောပြသော ရလဒ်မှာ တကယ်ပင် မထင်မှတ်ထားစရာ ဖြစ်နေသောကြောင့်ပင်။
"ဟုတ်တယ်။ သူက ဒီကိစ္စကို သူ့ဘာသာသူပဲ ကိုင်တွယ်မယ်လို့ ရည်ရွယ်ထားပုံပဲ"
"ဒီကလေးကတော့ ကိုယ့်ကိုကိုယ် ယုံကြည်မှု လွန်ကဲနေတာပဲ။ ဒါက သူ ကိုင်တွယ်နိုင်တဲ့ ကိစ္စမျိုးလား"
"ဖေဖေ... အဲဒီလောက်ကြီး စိုးရိမ်မနေပါနဲ့ဦး။ ဂိုဏ်းပေါင်းစုံမဟာမိတ်အဖွဲ့က အခုထိ ဘာမှ အရေးယူတာ မလုပ်သေးဘူးပဲ။ နောက်ပြီး ကျွန်တော်တို့ ဒီမှာ ရှိနေတာပဲ မဟုတ်လား။ ဂိုဏ်းပေါင်းစုံမဟာမိတ်အဖွဲ့ရဲ့ လက်တံက ဘယ်လောက်ပဲ ရှည်ရှည် ကျွန်တော်တို့ မြို့တော်ဝန်အိမ်တော်က ကာကွယ်ပေးထားချင်တဲ့သူကို သူတို့က မဆင်မခြင် လုပ်ရဲပါ့မလား"
စကားအဆုံးတွင် ဟွမ်းရှန်းက အေးအေးဆေးဆေးပင် ရယ်မောလိုက်သည်။
ဟွမ်းမိသားစုမှာ ဆန်းဝူမြို့တွင် အနိုင်ကျင့်၍ ရသော အင်အားစု မဟုတ်ပေ။
ခွန်အားမရှိလျှင် မြို့တော်ဝန်ဖြစ်နေခြင်းမှာ အမည်ခံသက်သက်သာ ဖြစ်ပေလိမ့်မည်။
သူ၏ဖခင်က ခေါင်းခါသည်ကို မြင်သောအခါ ဟွမ်းရှန်းသည် ဤအကြောင်းအရာကို ဆက်ပြောရန် မလိုတော့ဘူးဟု ယူဆကာ အမြန်ပင် လမ်းကြောင်းလွှဲလိုက်သည်။
"ဖေဖေ... ကျွန်တော် ပြောပြဦးမယ်။ ဒီနေ့ မသေမျိုးဂိုဏ်းမှာ ထူးထူးဆန်းဆန်း အရာတစ်ခု တွေ့ခဲ့တယ်"
"ဘာတွေ့ခဲ့လို့လဲ"
"မသေမျိုးဂိုဏ်းက ဂိုဏ်းဝတ်စုံအသစ်တွေ ဝေနေတာ အသစ်စက်စက်တွေပဲ..."
သူ စကားမဆုံးသေးမီမှာပင် ဟွမ်းချိန်က စိုက်ကြည့်ကာ ငေါက်လိုက်သည်။
"ဒီလို အသေးအဖွဲတွေကို ဘာလို့ စိတ်ဝင်စားနေတာလဲ မင်းက အားနေလို့လား"
သူ့ဖခင်၏ အဆူအဆဲကို ဂရုမစိုက်ဘဲ ဟွမ်းရှန်းက ကျန်ရှိနေသော စကားကို ဆက်ပြောလိုက်သည်။
"ဒါတွေက သာမန်အဝတ်တွေ မဟုတ်ဘူး။ လေထဲမှာ ဘယ်လောက်တောင် ပေါ့ပေါ့ပါးပါး လွင့်နေနိုင်သလဲဆိုတာ ဖေဖေ ယုံမှာတောင် မဟုတ်ဘူး။ ဒါပေမဲ့ ဘာဖြစ်လဲသိလား"
ဟွမ်းချိန်က ပြန်မဖြေသော်လည်း ဟွမ်းချိန်၏ ဘေးတွင် ရပ်နေသော ချပ်ဝတ်တန်ဆာဝတ် လက်အောက်ငယ်သားက ဝင်ပြောလိုက်သည်။
"သခင်လေး... မသေမျိုးဂိုဏ်းရဲ့ ဝတ်စုံတွေက သခင်လေးကို လန့်သွားစေတာလား။ အမှန်
အတိုင်း ပြောရရင် အဲဒီဝတ်စုံတွေက တကယ်ကို အံ့ဩစရာ ကောင်းတယ်"
"မင်းလည်း မြင်ခဲ့တာလား"
"ဒါပေါ့ ငွေမျှင်ချည်နဲ့ ခြေရာမဲ့ပိတ်စတွေလေ။ တစ်ခုချင်းစီက အလွန်ရှားပါးတဲ့ ပစ္စည်းတွေပဲ။ တစ်ထည်ကို ပြုလုပ်ခ ရွှေပြားတစ်ရာလောက် ကျသင့်တယ်။ သာမန်လူတစ်ယောက်ရဲ့ နှစ်ပေါင်းများစွာစာ ဝင်ငွေကို အဝတ်တစ်ထည်တည်းအတွက် သုံးပစ်တာက တကယ်ကို ကြောက်စရာကောင်းတဲ့ ဇိမ်ခံမှုပဲ။ ပြီးတော့ ဒါကို ရန်မိသားစု မျိုးနွယ်စုခေါင်းဆောင်ကိုယ်တိုင် ဦးစီးပြီး လုပ်ပေးထားတာ။ ကျွန်တော်ကလည်း ကျွန်တော့်ဇနီးအတွက် အဲဒီခြေရာမဲ့ပိတ်စနဲ့ ဝတ်စုံတစ်ထည်လောက် လုပ်ပေးချင်လို့ လိုက်ရှာတာ ပစ္စည်း ဝယ်လို့မရဘူး။ ရန်မိသားစုက မသေမျိုးဂိုဏ်းရဲ့ မသေမျိုး လေညင်းဝတ်စုံလုပ်ဖို့အတွက် အကုန်သိမ်းဝယ်သွားလို့တဲ့"
စကားပြောပြီးနောက် ထိုအလတ်တန်းစား စစ်သည်တော်မှာ အားမလိုအားမရ ပြုံးလိုက်မိသည်။
"မင်းလည်း အားနေတာပဲလား"
ဟွမ်းချိန်သည် သူ၏ လက်အောက်ငယ်သားကို အေးစက်စက် တစ်ချက် ကြည့်လိုက်သည်။
သူ့ဖခင်၏ စကားကို ဂရုမစိုက်ဘဲ ဟွမ်းရှန်းမှာမူ အံ့အားသင့်နေမိသည်။ ထိုဝတ်စုံများကို ထူးခြားသော ပစ္စည်းတစ်ခုခုနှင့် လုပ်ထားသည်ဟု သူ အမြဲ ထင်ခဲ့ခြင်းပင်။
"ခြေရာမဲ့ပိတ်စနဲ့ ငွေမျှင်ချည်နဲ့ လုပ်ထားတာကို ဘယ်လိုဖြစ်ပြီး ပေါင်တစ်ထောင်လောက် လေးနေရတာလဲ"
"ပေါင်တစ်ထောင် ဟုတ်လား"
"ဟုတ်တယ် မသေမျိုးဂိုဏ်းက တပည့်တွေ ကိုယ်တိုင် စမ်းသပ်တာကို ကျွန်တော် တွေ့ခဲ့တာ။ မတာရော၊ မြေပေါ်ကျသွားတာရောပဲ။ ကျသွားတဲ့အချိန် အသံက ကျောက်တုံးကြီးတစ်တုံး ပြုတ်ကျသလိုပဲ။ ကျွန်တော် ကိုင်ကြည့်ချင်တာကို ဝမ်ပင်းက ပေးမကိုင်ဘူး"
သူတို့နှစ်ဦး မရပ်မနား စကားပြောနေကြသဖြင့် ဟွမ်းချိန်မှာ အနည်းငယ် စိတ်တိုလာသည်။
"ခြေရာမဲ့ပိတ်စက ဘယ်တုန်းက ပေါင်တစ်ထောင် လေးသွားလို့လဲ"
ဟွမ်းရှန်းက ချက်ချင်းပင် အကျိုးအကြောင်းပြကာ "တကယ် ပေါင်တစ်ထောင် လေးတာပါ ဖေဖေရယ် ကျွန်တော်က ဖေဖေကို လိမ်ပြောပါ့မလား။ လေတိုက်ရင် လွင့်နိုင်ပေမဲ့ အဝတ်တစ်ထည်က ပေါင်တစ်ထောင် လေးနေတာ။ ဝမ်ပင်းက အဲဒါတွေကို ဝေပေးတဲ့အခါ တပည့်တွေကတောင် တစ်ယောက်ကို ရွှေပြား ၁၀၀၀ စီ ပေးရတာဗျ"
"ဒါက..."
ဟွမ်းချိန်၏ ဘေးမှ လူယုံ၏ မျက်နှာအမူအရာမှာ အနည်းငယ် ပြောင်းလဲသွားသည်။ ဟွမ်းရှန်း၏ စကားကို သူသည် နောက်ပြောင်မှုဟု မမှတ်ယူပေ။ သို့သော် သူ စုံစမ်းထားသမျှ မသေမျိုး လေညင်းဝတ်စုံ၏ ကုန်ကြမ်းပစ္စည်းများမှာ ဈေးကြီးသော်လည်း ထူးခြားဆန်းပြားခြင်း မရှိချေ။
သူ စုံစမ်းခဲ့ရခြင်းမှာလည်း သူ၏ ဇနီးအတွက် မွေးနေ့လက်ဆောင် ပေးချင်သောကြောင့်ပင်။
ခေတ္တမျှ စဉ်းစားပြီးနောက် တစ်စုံတစ်ခုကို သတိပြုမိသွားကာ သူက ဟွမ်းချိန်ကို ကြည့်၍ ပြောလိုက်သည်။
"မြို့တော်ဝန်မင်း... ဒီကိစ္စနောက်ကွယ်မှာ တစ်ခုခု ရှိနေတယ်။ ကျွန်တော် စုံစမ်းခဲ့တဲ့ လေညင်းဝတ်စုံက ပေါင်တစ်ထောင် လေးဖို့ မဖြစ်နိုင်ဘူး။ ရန်မိသားစု လုပ်ပေးတဲ့ ဝတ်စုံတွေက အပေါ်ယံ ဟန်ပြသက်သက်ပဲ ဖြစ်ရမယ်။ တကယ့် မသေမျိုး လေညင်းဝတ်စုံအစစ်တွေက မသေမျိုးဂိုဏ်းမှာ ရှိပြီးသား ဖြစ်လိမ့်မယ်။ အခုက လူအများရှေ့မှာ ထုတ်ပြရုံသက်သက်ပဲ။ ဘယ်သူမှလည်း အဲဒီဝတ်စုံတွေရဲ့ ထူးခြားမှုကို အတွင်းကျကျ လိုက်စုံစမ်းမှာ မဟုတ်ဘူးလေ"
ထိုစကားကို ကြားသောအခါ ဟွမ်းချိန်၏ မျက်နှာမှာလည်း လေးနက်သွားတော့သည်။ ခဏမျှ စဉ်းစားပြီးနောက် သူက ပြောလိုက်သည်။
"ငါ့ညီ ဝမ်ပင်းရဲ့ဖခင် အဖမ်းခံရတာက သံသယဖြစ်စရာတွေ အများကြီးပဲ။ အဲဒီနောက်ကွယ်မှာ ဘာတွေရှိသလဲဆိုတာ ပြောဖို့ခက်တယ်။ ဒါပေမဲ့ အခုကြည့်ရတာ ငါ့ညီက သူ့သားအတွက် အများကြီး ချန်ထားခဲ့ပုံပဲ။ မသေမျိုးဂိုဏ်းကနေ ထွက်ခွာပြီးတဲ့နောက်မှာ အဲဒီအရာတွေကို တစ်ခုပြီးတစ်ခု ထုတ်ပြလာတာပဲ။ ဒါကြောင့်လည်း ဝမ်ပင်းက ဘယ်သူ့ကိုမှ အလျှော့မပေးတာ ဖြစ်လိမ့်မယ်"
ပထမဆုံးအနေဖြင့် ဂိုဏ်းပေါင်းစုံမဟာမိတ်အဖွဲ့မှ မိုယွဲ့၏ လက်အောက်တွင် လှုပ်ရှားနိုင်သော အကာအကွယ် အဆောင်လက်ဖွဲ့ပေါ်လာသည်။ ထို့နောက် အံ့ဖွယ်ကောင်းသော ဂိုဏ်းဝတ်စုံပေါ်လာပြန်သည်။
ဤနှစ်ခုကြားရှိ ဆက်နွှယ်မှုမှာ သိမ်မွေ့လှသည်။
အမှန်စင်စစ် ဆန်းဝူမြို့တွင် မသေမျိုးဂိုဏ်းအကြောင်း မကြာသေးမီက ပျံ့နှံ့နေသော သတင်းများမှာ အမှန်တကယ် ဖြစ်ပေလိမ့်မည်။ ဝမ်ပင်း၏ဖခင် ချန်ထားခဲ့သော အရာများမှာ ခန္ဓာကိုယ်လေ့ကျင့်ခြင်း အဆင့် ၁၃ ရှိသူများကိုပင် မသေမျိုးဂိုဏ်းသို့ ဝင်ရောက်လာစေရန် ဆွဲဆောင်နေခြင်းပင်။