အခန်း (၉၃-၉၄)
Vol. 10 Ch. 93-94
အခန်း။ ၉၃
ညမိစ္ဆာဓားဆီမှ နက်မှောင်သော ခရမ်းရောင်အလင်းတန်းမှာ လူတိုင်း၏မျက်စိရှေ့တွင် လက်ခနဲ ဖြစ်သွားသည်။ တစ်ပြိုင်နက်တည်းမှာပင် ဝမ်ပင်းက သူ၏ပုခုံးကို လက်တစ်ဖက်ဖြင့် အေးအေးလူလူ သပ်ချလိုက်သည့် အမူအရာကိုလည်း သူတို့ သတိပြုမိသွားကြသည်။ ဤသည်ကို မြင်လိုက်ရသည့်အခါ သူတို့အားလုံး အလွန်အံ့ဩသွားကြသည်။
လီခုန်းဆန်း၏ တိုက်ခိုက်မှုမှာ ဝမ်ပင်း၏ အဝတ်အစားကိုတောင် မစုတ်ပြဲစေခဲ့ပေ။
အချို့လူများမှာ တံတွေးကို အနိုင်နိုင် မျိုချနေရပြီး ရှေ့သို့ တိုးရမလား မတိုးရဘူးလား ဝေခွဲမရ ဖြစ်နေကြသည်။
သူတို့မှာ ခန္ဓာကိုယ်လေ့ကျင့်ခြင်းအဆင့် ၁၂ ကျင့်ကြံသူများ ဖြစ်ကြပြီး လီခုန်းဆန်း၏ ခွန်အားနှင့် ယှဉ်လျှင်ပင် အတော်လေး ကွာဟချက် ရှိနေသူများ ဖြစ်သည်။
ရှေးရိုးအစဉ်အလာ အမှန်တရားတစ်ခု ရှိကာ အဆင့် ၁၃ ကျင့်ကြံသူတစ်ဦးသည် အဆင့် ၁၂ ကျင့်ကြံသူ အများအပြားကို အနိုင်ယူနိုင်သော်လည်း အဆင့် ၁၂ ကျင့်ကြံသူ အများအပြား ပေါင်းလျှင်ပင် အဆင့် ၁၃ ကျင့်ကြံသူ တစ်ဦးကို အနိုင်ယူရန် မလွယ်ကူချေ။
ဝမ်ပင်း ပြသနေသည့် ခွန်အား၊ သူ ပြောလိုက်သည့် စကား၊ နောက်ပြီး မှီခိုရာဂိုဏ်း၏ ဥပဒေစိုးမိုးရေးခန်းမတွင် ရှိနေခဲ့ဖူးသော ညမိစ္ဆာဓားဤအချက်သုံးချက်က သူတို့ကို မဆင်မခြင် မလှုပ်ရှားရဲအောင် တားဆီးထားသည်။
မည်သူမျှ ပထမဆုံး စတေးခံရသည့်လူ မဖြစ်ချင်ကြပေ။ ဝမ်ပင်းက အသက်ကိုရင်းပြီး ပြန်တိုက်ခိုက်လာပါက ပထမဆုံး ထွက်လာသည့်သူသာ သေရမည်ကို သူတို့ အားလုံး ကြောက်နေကြသည်။
ပတ်ဝန်းကျင်ရှိလူများမှာ ရှေ့သို့ မတိုးရဲသည်ကို မြင်သောအခါ လီခုန်းဆန်းမှာ ဒေါသတကြီး ဆဲဆို လိုက်သည်။
"တောက်... အသုံးမကျတဲ့ကောင်တွေ"
သူ၏စိတ်ထဲတွင် ထိုလူများကို အလွန်မုန်းတီးသွားမိသည်။ ပုံမှန်အချိန်များတွင် သူသည် မှီခိုရာဂိုဏ်းဆီမှ အကျိုးအမြတ်များစွာကို သူတို့နှင့် ဝေမျှပေးခဲ့ဖူးသည်။ ယခု သူ ဒုက္ခရောက်နေသည့်အချိန်တွင်မူ ဤနေရာမှာ သူ၏ ကိုယ်ပိုင်နယ်မြေ ဖြစ်နေပါလျက်နှင့် သူတို့အားလုံးက ဘေးကနေ ရပ်ကြည့်နေကြခြင်းပင်။
ထိုအချိန်မှာပင် မိုယွီ၏ ရယ်မောသံ ထွက်ပေါ်လာသည်။ လီခုန်းဆန်းသည် ကောက်ရိုးတစ်မျှင်ကို ဆုပ်ကိုင်လိုက်ရသကဲ့သို့ မိုယွီထံသို့ အပြေးအလွှား သွားလိုက်တော့သည်။
သူသည် ကျိုးနေသော လက်မောင်းကို တရွတ်တိုက် ဆွဲလာရင်း ချီစွမ်းအားဖြင့် သွေးကြောများကို ပိတ်ထားရသည်။
လက်မောင်းကိုတော့ အချိန်မရွေး ပြန်ကုသ၍ ရနိုင်သော်လည်း ယနေ့တွင် ဝမ်ပင်း အသတ်ခံရသည်ကို မမြင်ရဘဲနှင့်တော့ သူ ဤဒေါသကို ဖြေဖျောက်နိုင်မည် မဟုတ်ပေ။
မိုယွီသည် ရယ်မောပြီးနောက် "စိတ်ဝင်စားဖို့ ကောင်းတာပဲ... ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလောက်အထိ ခွန်အားရှိနေတာကိုး။ မင်းက ဘာပညာမှ မရှိတဲ့သူ ဆိုတာကတော့ လုံးဝ အလိမ်အညာပဲ ဖြစ်ရမယ်။ ဒါကြောင့်လည်း မင်းက အစကတည်းက တည်တည်ငြိမ်ငြိမ် ရှိနေပြီး ငါ့စကားတွေကို နားထဲက လေလို သဘောထားနေတာကိုး" ဟု ပြောလိုက်သည်။
ဝမ်ပင်းမှာမူ အမူအရာ ပြောင်းလဲခြင်း မရှိဘဲ ထိုင်ခုံတစ်ခုကို ဆွဲကာ အေးအေးဆေးဆေး ထိုင်လိုက်သည်။ ထို့နောက် မိုယွီကို ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။
"မိုယွီ... မင်း သိရဲ့လား။ မင်းရဲ့သား အဖွဲ့ခွဲဥက္ကဋ္ဌ မိုလင်က ရွှေတစ်သိန်း အကုန်အကျခံပြီး မသေမျိုးဂိုဏ်းကနေ ငါ့ကို ကိုယ်တိုင်လာဖိတ်ပြီး မင်းကို တစ်ခေါက်လောက် ကယ်ခိုင်းခဲ့တာ။ စိတ်မကောင်းစရာပဲ... မင်းကတော့ ဒီအခွင့်အရေးကို ဘယ်လိုတန်ဖိုးထားရမလဲဆိုတာ မသိဘူး ဖြစ်နေတယ်"
"ဟွန်း... ဒီလောက်ငယ်ငယ်နဲ့ ငါ့ကို ဒီလိုလေသံနဲ့ စကားပြောရဲတာ။ မင်းက တကယ်ကို သေချင်နေတာပဲ။ မင်းရဲ့ ခွန်အားကို ကြည့်ပြီးတဲ့နောက် လီခုန်းဆန်းပြောတာ မှန်တယ်ဆိုတာ ငါ ပိုယုံသွားပြီ။ မင်းက ဆေးဖက်ဝင်ဟင်းလျာ အတတ်ပညာကို လုံးဝ နားမလည်တာ သေချာတယ်"
မိုယွီက နှာခေါင်းရှုံ့လိုက်သည်။
အကယ်၍ ဤကမ္ဘာပေါ်တွင် ငယ်ရွယ်စဉ်မှာပင် တစ်သက်တာ ကျင့်ကြံအားနှင့် ညီမျှသော ခွန်အားကို ပိုင်ဆိုင်ထားသည့် ပါရမီရှင်များ ရှိနေခဲ့ပါလျှင် သူတို့သည် အခြားသော ပါရမီတစ်ခုကိုတော့ ပိုင်ဆိုင်နိုင်မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်ဘုံဆိုသည်မှာ အမြဲတမ်း မျှတတတ်သောကြောင့်ပင်။
မိုယွီ စကားပြောပြီးနောက် ဝမ်ပင်းက ဘာမှ ပြန်မပြောဘဲ ပြုံးနေလိုက်သည်။ သူ၏ အကြည့်များမှာ လီခုန်းဆန်း၏ ဖြူလျော့နေသော မျက်နှာထံသို့ ရောက်ရှိနေသည်။
မိုယွီက ဆက်ပြောသည်။
"မင်းရဲ့ ခွန်အားကို ပြလိုက်ရင် ငါက အခွင့်အရေး တစ်ခုပေးမယ်လို့ ထင်နေရင်တော့ မင်း မှားသွားပြီ။ ငါ့သားကတော့ အဲဒီလို လုပ်ကောင်းလုပ်လိမ့်မယ် ဒါပေမဲ့ ငါကတော့ ငါ့ကို စော်ကားတဲ့သူကို ဘယ်တော့မှ ဒုတိယအကြိမ် အခွင့်အရေး မပေးတတ်ဘူး"
စကားအဆုံးတွင် မိုယွီသည် သူ၏ရင်ဘတ်ထဲမှ သွေးရောင်လွှမ်းနေသော အမိန့်ပေးတံဆိပ်တစ်ခုကို ထုတ်ယူလိုက်သည်။
ဒိုင်း…
ထိုတံဆိပ်ကို စားပွဲပေါ်သို့ ဝုန်းခနဲ ရိုက်ချလိုက်သည်။
ထို့နောက် မိုယွီက "ဘယ်သူပဲဖြစ်ဖြစ် သူ့ကို သတ်နိုင်တဲ့သူက အရှေ့အိုင်ဒေသရဲ့ စစ်ဆေးရေးမှူးအသစ် ဖြစ်လာစေရမယ်" ဟု ကြေညာလိုက်တော့သည်။
သွေးရောင်တံဆိပ်ကို မြင်လိုက်ရသည့်အခါ အခန်းထဲရှိ လူအားလုံး၏ မျက်လုံးများမှာ လိုချင်တပ်မက်မှုများဖြင့် တောက်ပလာသည်။ ဝမ်ပင်းကို ကြည့်လိုက်သည့် အကြည့်များတွင်လည်း အစောပိုင်းက တုံ့ဆိုင်းမှုများ ပျောက်ကွယ်သွားတော့သည်။
အစောပိုင်းက ပထမဆုံး တိုက်ခိုက်ခံရမည်ကို ကြောက်နေကြသော်လည်း စစ်ဆေးရေးမှူးရာထူးမှာမူ သူတို့၏ အသက်ကိုပင် ရင်းရန် လုံလောက်သည်။
စစ်ဆေးရေးမှူးဆိုသည်မှာ အဖွဲ့ခွဲဥက္ကဋ္ဌထက်ပင် အဆင့်မြင့်သော၊ အရှေ့အိုင်ဒေသတစ်ခုလုံးကို လှည့်လည်သွားလာနိုင်သည့် အင်ပါယာအထူးကိုယ်စားလှယ်ကဲ့သို့သော ရာထူးဖြစ်သည်။ ထိုရာထူးသည် ခန္ဓာကိုယ်လေ့ကျင့်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးကို နက်နဲသောနယ်ပယ်နှင့် ကြယ် ၂ ပွင့်အင်အားစုများ၏ အထက်တွင် ရပ်တည်နိုင်စေရန် လုံလောက်သည်။
"စစ်ဆေးရေးမှူးရာထူးက ငါ့ဟာပဲ"
"ငါ့ဟာ"
လူတိုင်း ဝမ်ပင်းထံသို့ အလုအယက် တိုးဝင်သွားကြသည်။ သို့သော် ထိုအချိန်မှာပင် အခန်းအပြင်ဘက်မှ ဟောင်သံတစ်ခု ထွက်ပေါ်လာတော့သည်။
ဝုတ် ….ဝုတ်…ဝုတ်….
အေးစက်ခြောက်ခြားဖွယ်ရာ ဟောင်သံသုံးကြိမ် ထွက်ပေါ်လာပြီးနောက် ဝါဖန့်ဖန့် ခွေးကြီးတစ်ကောင်သည် တံခါးဝတွင် ပေါ်လာပြီး လူအများကြားမှ တစ်လှမ်းချင်း လျှောက်လှမ်းလာခဲ့သည်။
တိရစ္ဆာန်တစ်ကောင် ဖြစ်သော်လည်း ၎င်း၏ မျက်လုံးများထဲရှိ တည်ငြိမ်မှုမှာ လူတိုင်းကို ရင်ဆိုင်နေသော ဝမ်ပင်း၏ အမူအရာနှင့် အလားသဏ္ဌာန်တူလှသည်။
တစ်စုံတစ်ယောက် ကျူးကျော်ဝင်ရောက်လာသည်ဟု ထင်မှတ်ထားသော လူအုပ်ကြီးမှာ ခွေးတစ်ကောင် ဖြစ်နေသည်ကို မြင်သောအခါ ဒေါသတကြီးဖြင့် ချက်ချင်း တိုက်ခိုက်ရန် ပြင်လိုက်ကြသည်။
ထိုအချိန်တွင် ဝမ်ပင်း၏ အသံ ထပ်မံ ထွက်ပေါ်လာသည်။
"ငါ တစ်ခုတော့ သတိပေးလိုက်မယ်... အသက်ဆိုတာ တစ်ခါပဲ ရတာနော်"
သို့သော် ထိုလူများမှာ ဘာမှမကြားသည့်အလား ဓားများကိုယ်စီဖြင့် ဝမ်ပင်းထံသို့ တဟုန်ထိုး ပြေးဝင်သွားကြတော့သည်။ သူတို့၏ ရည်ရွယ်ချက်မှာ ဝမ်ပင်းကို တစ်စစီ ပိုင်းဖြတ်ပစ်ရန်ပင်။
ထိုစဉ်မှာပင် ကြိုးကြာလုံး တစ်ခုကဲ့သို့သော နီရဲသည့် အရိပ်တစ်ခုမှာ လေထဲတွင် ဝေ့ဝဲကာ ဝမ်ပင်း၏ ရှေ့မှောက်တွင် ရုတ်တရက် ပေါ်ထွက်လာသည်။ ၎င်း၏ ပစ်မှတ်မှာ ရှေ့သို့ တိုးလာနေသော စီမံခန့်ခွဲသူများသာမကဘဲ ရှေ့တွင် ရှိသမျှ အရာအားလုံး ဖြစ်နေသည်။
ဤသည်ကို ရိပ်မိလိုက်သော မိုလင်မှာ ထိတ်လန့်သွားပြီး မျက်တောင်တစ်ခတ်အတွင်း ကျန်းယွီယဲ့ကို ဆွဲဖက်ကာ အခန်းထောင့်ရှိ ပြတင်းပေါက်ဆီသို့ အားကုန် ခုန်လွှားလိုက်တော့သည်။
ဘုန်း….
သူတို့နှစ်ဦး အခန်းထောင့်သို့ ရောက်ရှိသွားသော်လည်း မိုလင်၏ အရှိန်မှာ ပြင်းထန်လွန်းသဖြင့် ပြတင်းပေါက်ကိုပါ ဖောက်ထွက်ကာ နောက်ဖေးမြက်ခင်းပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သည်။
မြေပြင်ပေါ်သို့ ရောက်သည့်အခါ သူတို့နှစ်ဦးမှာ တစ်ဦးကိုတစ်ဦး တင်းကြပ်စွာ ဖက်ထားမိလျက်သား ဖြစ်နေပြီး မျက်နှာချင်းမှာ အလွန်နီးကပ်နေသဖြင့် တစ်ဦး၏ အသက်ရှူသံကို တစ်ဦးက ခံစားနေရသည်။
ကျန်းယွီယဲ့၏ မျက်နှာမှာ ရင့်မှည့်နေသော ပန်းသီးနီလေးတစ်လုံးကဲ့သို့ ချက်ချင်း နီမြန်းသွားပြီး မိုလင်၏ ခါးကို ဆိတ်ကာ ဒေါသတကြီး တိုးတိုးလေး ပြောလိုက်သည်။
"ရှင်... ရှင် ဘာလုပ်တာလဲ"
မိုလင်က အလျင်အမြန် ရှင်းပြရင်း ကျန်းယွီယဲ့ကို ဖက်ထားသော လက်ကို ဖြည်းဖြည်းချင်း လွှတ်လိုက်သည်။
"အရမ်း အန္တရာယ်များလို့ပါ ကျွန်တော် ဒီလိုမှ မလုပ်ရင် မဖြစ်လို့"
"ဘာအန္တရာယ်က..."
ကျန်းယွီယဲ့၏ စကားမှာ ရုတ်တရက် ရပ်တန့်သွားသည်။ အဘယ်ကြောင့်ဆိုသော် သူမ အမှတ်မထင် လှည့်ကြည့်လိုက်သည့်အခါ သူတို့ အစောပိုင်းက ရှိနေခဲ့သော အခန်းမှာ ဓားနှင့် အလှီးခံလိုက်ရသကဲ့သို့ ဖြစ်နေသည်ကို မြင်လိုက်ရသောကြောင့်ပင်။ ထိုအရာက ဖြတ်သန်းသွားသည့် နေရာရှိ ကျောက်နံရံများမှာ ရေခဲကဲ့သို့ အရည်ပျော်ကျနေသည်။
ဝက်ခြံတစ်ဝက်ခန့် အကျယ်ရှိပြီး ဆယ်မီတာခန့် ရှည်လျားသော အက်ကြောင်းကြီးမှာ လူတိုင်းကို အံ့အားသင့်သွားစေသည်။ တစ်ပြိုင်နက်တည်းမှာပင် အခန်းထဲရှိ စီမံခန့်ခွဲသူများ၏ ခြေလှမ်းများမှာ ရုတ်တရက် ရပ်တန့်သွားပြီး လေပြင်းတစ်ချက်နှင့်အတူ အခန်းတစ်ခုလုံး တုန်ခါသွားကာ လူတိုင်းမှာ မီးသွေးခဲများကဲ့သို့ မည်းနက်သွားပြီး ကြမ်းပြင်ပေါ်သို့ ပြန့်ကျဲသွားတော့သည်။
ဂျောက်…
မီးသွေးခဲများမှာ တစ်ခုပြီးတစ်ခု ပြုတ်ကျကာ အက်ကွဲသွားပြီး၊ ကျောက်မီးသွေးမှုန့်များကဲ့သို့ မည်းနက်သော အမှုန့်များအဖြစ် ပြောင်းလဲသွားသည်။
အခန်းထဲတွင် ထိတ်လန့်ခြောက်ခြားဖွယ်ရာ အငွေ့အသက်များ လွှမ်းမိုးသွားတော့သည်။ မမြင်ရသော အရာထက် ကြောက်စရာကောင်းသည်မှာ မရှိတော့ချေ။
လီခုန်းဆန်းသည် ထိုနေရာတွင်ပင် အသက်ရှူရန်ပင် မဝံ့ရဲဘဲ ငြိမ်သက်နေမိသည်။ ဝမ်ပင်းကို ကြည့်နေသော သူ၏ အကြည့်များတွင် ကြောက်ရွံ့မှုများနှင့် ထွက်ပြေးချင်စိတ်များသာ ပြည့်
နှက်နေသည်။
ယခုအချိန်တွင် ဟန်ကျိယွီ ပေးထားသော တာဝန်များကိုလည်းကောင်း မိုယွီကို အသုံးချကာ ဝမ်ပင်းကို သတ်မည့် အစီအစဉ်ကိုလည်းကောင်း သူ အလုံးစုံ မေ့လျော့သွားပြီဖြစ်သည်။
မိုယွီသည် အကြီးအကဲထိုင်ခုံတွင် ထိုင်နေရင်း လေတိုးသဖြင့် သူ၏မျက်နှာတစ်ဝက်ကို ဖုံးအုပ်သွားသော ဆံပင်များကြားမှ မျက်မှောင်ကြုတ်လျက် ရှိနေသည်။ သူသည် တံတွေးကို ခက်ခဲစွာ မျိုချလိုက်ပြီး သာမန်တောင်ခွေးတစ်ကောင်ဟု ထင်ရသော ထိုတိရစ္ဆာန်ကို စိုက်ကြည့်နေမိသည်။
နီရဲသော အလင်းတန်း ပေါ်လာပြီးနောက် စီမံခန့်ခွဲသူ အားလုံး သေဆုံးသွားခဲ့ကာ အခန်းထဲတွင်လည်း အပေါက်ကြီးတစ်ခု ဖြစ်သွားခဲ့သည်။
သူ၏ နက်နဲသောနယ်ပယ်စွမ်းအားဖြင့် ကြည့်လျှင်ပင် ထိုနီရဲသော အလင်းမှာ ခွေး၏ကျောပေါ်မှ ထွက်ပေါ်လာခြင်းဖြစ်ကြောင်း မသဲမကွဲသာ မြင်လိုက်ရသည်။
မိုယွီ၏ မျက်နှာမှာ ပျက်ယွင်းနေပြီး အချိန်အတော်ကြာ စကားမပြောနိုင်ဘဲ ရှိနေသည်။ သူ ဝမ်ပင်းကို ပြန်ကြည့်သည့်အခါ သူ၏ အကြည့်များမှာ လုံးဝ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ သူက အားယူကာ တစ်ခွန်းသာ ပြောနိုင်တော့သည်။
"ကောင်လေး... ဒီနေ့ မင်း ဂိုဏ်းပေါင်းစုံမဟာမိတ်အဖွဲ့ဝင်တွေကို သတ်လိုက်တာက မင်းနောက်ကွယ်ကလူတွေက မင်းကို ကာကွယ်ပေးနိုင်မယ်လို့ တကယ်ထင်နေတာလား"
"ကာကွယ်ပေးနိုင်ပါတယ်"
ဝမ်ပင်းက တိုတိုတုတ်တုတ်ပင် ပြန်ပြောလိုက်သည်။
ထို့နောက် သူ မတ်တပ်ရပ်လိုက်ပြီး လီခုန်းဆန်းကို တစ်ချက်ဝေ့ကြည့်ကာ အဓိပ္ပာယ်ပါသော အပြုံးတစ်ခု ပြုံးလိုက်သည်။ ထိုအပြုံးကြောင့် လီခုန်းဆန်းမှာ တစ်ကိုယ်လုံး တုန်တက်သွားတော့သည်။ လီခုန်းဆန်း သတိပြန်ဝင်လာသည့် အချိန်တွင်မူ ဝမ်ပင်းက အခန်းထဲမှ ထွက်ခွာသွားပြီ ဖြစ်သည်။
အခန်း။ ၉၄
လေပြင်းများသည် ပျက်စီးသွားသော အခန်း၏ အပေါက်များမှတစ်ဆင့် အတွင်းသို့ အတားအဆီးမရှိ တိုးဝင်လာပြီး လီခုန်းဆန်း၏ ဖြူလျော့နေသော မျက်နှာနှင့် ဒေါသကြောင့် တုန်ရီနေသော မိုယွီ၏ မျက်ခုံးတန်းများကို ဖြတ်သန်းတိုက်ခတ်သွားသည်။
ဝမ်ပင်း၏ ကျောပြင်မှာ တံခါးဝမှ ပျောက်ကွယ်သွားသည်နှင့်အမျှ မိုယွီသည် သူ၏အကြည့်ကို အခန်း၏ နံရံဆီသို့ ပို့လိုက်သည်။
ဆန်းဝူမြို့၏ ခမ်းနားထည်ဝါသော အဆောက်အအုံများမှာ မြင်ကွင်းထဲသို့ တဖြည်းဖြည်း ဝင်ရောက်လာသကဲ့သို့ပင် ဆန်းဝူမြို့၏ တစ်ဝက်ခန့်မှာလည်း ယခုအချိန်တွင် ဖောက်ထွက်ပျက်စီးသွားသော ဤအခန်းကြီးကို လှမ်းမြင်နေရမည်ကို သူ ကောင်းကောင်းသိသည်။
သူ၏ သိက္ခာနှင့် ဂိုဏ်းပေါင်းစုံမဟာမိတ်အဖွဲ့၏ ဂုဏ်သိက္ခာကို ပြန်လည်ဆယ်တင်ရန်အတွက် ဝမ်ပင်းကို သတ်ပစ်ချင်သော်လည်း သူ မလှုပ်ရှားရဲပေ။
အမှန်စင်စစ် သူ တစ်ယောက်တည်း အသတ်ခံရမည်ကို ကြောက်ရုံတင်မကဘဲ ဤနေရာတွင် ရှိနေသူအားလုံး အသတ်ခံရနိုင်သည်ကို သူ စိုးရိမ်မိသောကြောင့်ပင်။
"ဝမ်ပင်း ဘာကြောင့် ဒီလောက်ထိ အတင့်ရဲနေတာလဲ။ ဘာလို့ ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့ကိုတောင် ဂရုမစိုက်တာလဲဆိုတာကို ငါနောက်ဆုံးတော့ နားလည်သွားပြီ။ ဒီ မသေမျိုးဂိုဏ်းရဲ့ နောက်ကွယ်မှာ အင်အားကြီးမားတဲ့ တည်ရှိမှုတစ်ခု ရှိနေတာကိုး။ အဲဒါကတော့ မိစ္ဆာသားရဲကြီးအဖြစ် အသွင်ပြောင်းသွားတဲ့ ဟားဟားဆိုတဲ့ ခွေးကြီးပဲ"
တိုက်ကွက်တစ်ချက်တည်းနှင့်ပင် ခန္ဓာကိုယ်လေ့ကျင့်ခြင်းအဆင့် ၁၂ သို့ ရောက်ရှိနေသည့် ကျင့်ကြံသူ အများအပြားကို အရိုးပင်မကျန်တော့ဘဲ ပြာအဖြစ် ပြောင်းလဲပစ်နိုင်ခဲ့သည်။
သူ ကျန်းမာသန်စွမ်းနေသည့် အထွတ်အထိပ်အချိန်မှာပင် ထိုသို့သော အစွမ်းမျိုးကို သူ မပြသနိုင်ခဲ့ချေ။
"စီနီယာ..."
ထိုစဉ် လီခုန်းဆန်း၏ အားနည်းသော အသံမှာ ဘေးနားမှ ထွက်ပေါ်လာသည်။
မိုယွီသည် ချက်ချင်းပင် အေးစက်သော အကြည့်ဖြင့် လှည့်ကြည့်လိုက်ရာ သူ၏မျက်လုံးများထဲတွင် မီးတောင်တစ်ခု ပေါက်ကွဲတော့မည့်အလား ပြင်းထန်သော ဒေါသရိပ်များ ပြည့်နှက်နေသည်။ ထိုအကြည့်ကြောင့် လီခုန်းဆန်းမှာ ဦးနှောက်အတွင်း အုန်းခနဲ ဖြစ်သွားပြီး ကြမ်းပြင်ပေါ်သို့ ခွေကျသွားတော့သည်။
ဖြူလျော့နေပြီးသားဖြစ်သော သူ၏မျက်နှာမှာ သွေးစက်ပင် မရှိတော့လောက်အောင် ဖြစ်သွားခဲ့ရသည်။
လီခုန်းဆန်းသည် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ကာ အလျင်အမြန် ပြောလိုက်သည်။
"စီနီယာ... ကျွန်တော့်ကို အသက်ချမ်းသာပေးပါ။ အခြေအနေတွေ ဒီလိုဖြစ်လာမယ်လို့ ကျွန်တော် မသိခဲ့ပါဘူး။ ဒါတွေအားလုံးက စီနီယာ ဟန်ကျိယွီက ကျွန်တော့်ကို ခိုင်းတာပါ၊ အစွန်းရောက်တောင်တန်းက ကျွန်တော့်ကို ညွှန်ကြားခဲ့တာပါ"
ယခုအချိန်တွင် လီခုန်းဆန်းမှာ ဆက်လက် လိမ်ညာရန် မဝံ့တော့ဘဲ အမှန်တရားအားလုံးကို ဖွင့်ပြောလိုက်တော့သည်။
ထိုစကားကို ကြားသောအခါ မိုယွီသည် ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ရီလာတော့သည်။
အကယ်၍ လီခုန်းဆန်း ပြောသည်မှာ အမှန်ဆိုလျှင် ဝမ်ပင်းသည် ဆေးဖက်ဝင်ဟင်းလျာ အတတ်ပညာကို အမှန်တကယ် ကျွမ်းကျင်သူဖြစ်ပြီး သူ့ကို ကယ်တင်ရန်အတွက် တကယ်လာခဲ့ခြင်းပင်။
သို့သော် သူသည် လီခုန်းဆန်း၏ တစ်ဖက်သတ်စကားကို ယုံကြည်ပြီး သူ၏အသက်ကို ကယ်တင်ပေးနိုင်မည့်သူနှင့် သေလုမတတ် ရန်ငြိုးဖွဲ့မိခဲ့သည်။
မိုယွီသည် မြေပြင်ကို အားကုန်နင်းလိုက်ရာ သူ၏ခြေထောက်အောက်ရှိ ကြမ်းပြင်မှာ ချက်ချင်းပင် နိမ့်ဝင်သွားခဲ့သည်။ ထို့နောက် သူက အေးစက်စွာ ပြောလိုက်သည်။
"ဒီနေ့ကစပြီး မင်းက ဂိုဏ်းပေါင်းစုံမဟာမိတ်အဖွဲ့ဝင် မဟုတ်တော့ဘူး။ ငါ မင်းကို နောက်တစ်ခါ ထပ်တွေ့ရင် အရှင်လတ်လတ် ဝါးစားပစ်မယ်"
နာကြည်းမှုနှင့် ဒေါသ နှစ်ခုစလုံးမှာ မိုယွီ၏ ပတ်ဝန်းကျင်တွင် ဝေ့ဝဲနေသည်။
သတ်ဖြတ်လိုသော လေသံဖြင့် ထိုစကားကို ပြောဆိုပြီးနောက် သူသည် လက်သီးကို တင်းတင်းဆုပ်ကာ ခဏတာ တုံ့ဆိုင်းနေပြီးမှ ပြန်လွှတ်လိုက်သည်။
အောက်ထပ်တွင်မူ မိုလင်သည် ဝမ်ပင်း သူ၏ထံသို့ လျှောက်လှမ်းလာသည်ကို မြင်သောအခါ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီး မျက်လုံးများကို ကျဉ်းမြောင်းကာ ပြောလိုက်
သည်။
"ဂိုဏ်းချုပ်ဝမ်... ဒီနေ့ကိစ္စတွေက လီခုန်းဆန်းရဲ့ သွေးထိုးလှုံ့ဆော်မှုကြောင့် ဖြစ်ရတာပါ၊ ကျွန်တော်တို့ ဂိုဏ်းပေါင်းစုံမဟာမိတ်အဖွဲ့ရဲ့ အမှားမဟုတ်ပါဘူး... ကျေးဇူးပြုပြီး ခင်ဗျားရဲ့ လုပ်ရပ်တွေကို ရပ်တန့်ပေးပါ..."
ပြောရင်းနှင့် မိုလင်သည် တံတွေးကို ခက်ခဲစွာ မျိုချလိုက်မိသည်။
ထို့နောက် သူ၏အကြည့်မှာ ဝါဖန့်ဖန့်ခွေးကြီးဆီသို့ ရောက်သွားပြီး ထိုနေ့က သူ၏ကျားသစ်နက်မှာ ဘာကြောင့် မြက်တောထဲတွင် ကြောက်ရွံ့နေသော ခွေးတစ်ကောင်ကဲ့သို့ ပုန်းအောင်းနေခဲ့ရသည်ကို သူ နားလည်သွားခဲ့သည်။
ဘာကြောင့်လဲဆိုတော့ ဒီသာမန်လို့ ထင်ရတဲ့ တုံးအအပုံစံရှိတဲ့ လယ်တောခွေးကြီးက အမှန်
တကယ်တော့ မိစ္ဆာသားရဲကြီးတစ်ကောင် ဖြစ်နေလို့ကိုး…..
ဝမ်ပင်းက သူ၏စကားကို ဘာမှပြန်မပြောဘဲ မိုလင် ပိတ်ဆို့ထားသော ရှေ့ဘက်လမ်းကိုသာ ကြည့်ရင်း ပြောလိုက်သည်။
"ကျွန်တော် ထွက်သွားရတော့မယ်။ ခင်ဗျားက ကျွန်တော့်ကို တားချင်လို့လား"
"မဟုတ်ပါဘူး..."
မိုလင်က ခေါင်းခါပြရင်း နောက်သို့ အမြန်ဆုတ်ပေးလိုက်သည်။ သူသည် ဂိုဏ်းခွဲမှ ထွက်ခွာမည့် လမ်းကြောင်းပေါ်တွင် ပိတ်ရပ်နေမိသည်ကို သတိပြုမိသွားခြင်းပင်။ သူက သူ၏နောက်ကွယ်မှ လူများကို လက်ရိပ်ပြလိုက်ရာ လူတိုင်းမှာ လမ်းကို ချက်ချင်း ဖယ်ပေးလိုက်ကြတော့သည်။
ဝမ်ပင်း ထွက်ခွာသွားသည်နှင့် မိုလင်သည် သူ၏ကျောပြင်ကို ကြည့်ကာ သက်ပြင်းချရင်း အပေါ်ထပ်မှ ပျက်စီးနေသော အဆောင်ကို လှမ်းကြည့်လိုက်သည်။
ဖောက်ထွက်သွားသော အပေါက်ကြီးမှာ လမ်းမဘက်သို့ တည့်တည့်မျက်နှာမူနေသဖြင့် အပြင်ဘက်တွင် မည်မျှလောက်သော လူအုပ်ကြီးက စပ်စုကြည့်ရှုနေကြမည်ကို မခန့်မှန်းနိုင်ပေ။
စိတ်ပျက်စရာ ကောင်းလှသော်လည်း သူ ဘာမှမတတ်နိုင်ခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် ထိုဝါဖန့်ဖန့်ခွေးကြီးမှာ မိစ္ဆာသားရဲကြီးတစ်ကောင် ဖြစ်နေသောကြောင့်ပင်။
ရုန်းရင်းဆန်ခတ်မှုများ ငြိမ်သက်သွားပြီးနောက် တစ်ဝက်ခွဲခန့်မျှသော ဆန်းဝူမြို့သူမြို့သားများကြားတွင် သတင်းမှာ ပျံ့နှံ့သွားခဲ့သည်။ ဂိုဏ်းပေါင်းစုံမဟာမိတ်အဖွဲ့၏ အိမ်တော်ကြီး အဖျက်ဆီးခံလိုက်ရခြင်းမှာ လူတိုင်းအတွက် အလွန်စပ်စုချင်စရာ ဖြစ်ခဲ့ရသည်။ ယခင်က မသေမျိုးဂိုဏ်း၏ ပင်မခန်းမကြီး ဖြိုချခံရစဉ်ကထက်ပင် ပို၍ စိတ်လှုပ်ရှားစရာ ကောင်းနေတော့သည်။
ရွာက အမျိုးသမီးများအဖို့လည်း ယမန်နေ့ညက ဘေးအိမ်က ဒေါ်မားတစ်ယောက် တစ်စုံတစ်ယောက်နှင့် ချိန်းတွေ့သည်ဆိုသည့် သတင်းထက်ပင် ဤသတင်းက ပို၍ ဦးစားပေး ဆွေးနွေးစရာ ဖြစ်နေခဲ့သည်။
သို့သော် ဂိုဏ်းပေါင်းစုံမဟာမိတ်အဖွဲ့ဘက်မှ တစ်စုံတစ်ယောက်က ကျင့်စဉ်အဆင့် တိုးမြှင့်ရာမှ ပေါက်ကွဲမှုဖြစ်ပြီး အဆောက်အအုံ ပျက်စီးသွားခြင်းဖြစ်ကြောင်း ကြေညာခဲ့သဖြင့် ဆန်းဝူမြို့သားတို့၏ ထင်ကြေးပေးမှုများမှာ ဝေဝါးစွာဖြင့်ပင် အဆုံးသတ်သွားခဲ့ရသည်။
ဤသည်တို့မှာ နောက်မှဖြစ်လာသော အကြောင်းအရာများသာ ဖြစ်သည်။
ဂိုဏ်းပေါင်းစုံမဟာမိတ်အဖွဲ့ခွဲမှ ထွက်ခွာလာပြီးနောက် ဝမ်ပင်းသည် ရန်မျိုးနွယ်စုအိမ်တော်သို့ ဦးတည်ခဲ့သည်။ ရန်ကျုံးရှန်းက ဝမ်ပင်းကို ထပ်မံဧည့်ခံခဲ့သော်လည်း သူ၏ သဘောထားမှာ သိသိသာသာ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
ယခင်က ဝမ်ပင်း၏ အဆင့်အတန်းကို ရိုသေခြင်းမျိုး ဖြစ်ခဲ့သော်လည်း ယခုမူ ခွန်အားအစစ်အမှန်အပေါ် အကြွင်းမဲ့ ကြည်ညိုလေးစားခြင်းမျိုးသို့ ပြောင်းလဲသွားခဲ့ခြင်းပင်။
သူသည် ဝမ်ပင်းအတွက် အဝတ်အထည်များကို ရထားလုံးပေါ်သို့ တင်ဆောင်ပေးရန် အမိန့်ပေးလိုက်ပြီး ကုသခအဖြစ် ပေးသော ရွှေများကိုလည်း ငြင်းပယ်ခဲ့သည်။ ထို့ပြင် ရန်မျိုးနွယ်စုကို မသေမျိုးဂိုဏ်း၏ လက်အောက်ခံ မိသားစုအဖြစ် လက်ခံပေးရန်ပင် တောင်းဆိုခဲ့သည်။
ရန်မျိုးနွယ်စု၏ ဝင်ငွေတစ်ဝက်ကို မသေမျိုးဂိုဏ်းသို့ ဆက်သမည်ဖြစ်ပြီး အပြန်အလှန်အားဖြင့် ရန်မျိုးနွယ်စု၏ ငြိမ်းချမ်းရေးကို စောင့်ရှောက်ပေးရန် ကမ်းလှမ်းခဲ့ခြင်းပင်။
မသေမျိုးဂိုဏ်း အင်အားအကြီးဆုံး အချိန်ကာလမှာပင် ရန်မျိုးနွယ်စုသည် မည်သည့်အခါမျှ လက်အောက်ခံ မိသားစု မဖြစ်ခဲ့ဖူးချေ။ အဘယ်ကြောင့်ဆိုသော် သူတို့၏နောက်ကွယ်တွင် ဟွမ်ကုန်းနှင့် သူငယ်ချင်းများ ရှိနေသဖြင့် မည်သည့်ဂိုဏ်း၏ ဖိနှိပ်မှုကိုမျှ မကြောက်ခဲ့သောကြောင့်ပင်။
သို့သော် ယခုကဲ့သို့ လက်အောက်ခံဖြစ်ရန် ကမ်းလှမ်းခြင်းမှာ မကြုံစဖူးသော လုပ်ရပ်တစ်ခု ဖြစ်သည်။ ဤသည်မှာ မသေမျိုးဂိုဏ်းအတွက် တစ်နှစ်လျှင် ရွှေတစ်သောင်းခန့် ဝင်ငွေရရှိမည်ဟု ဆိုလိုခြင်းလည်း ဖြစ်သည်။
သို့သော် ဝမ်ပင်းက ထိုကမ်းလှမ်းမှုကို လက်မခံခဲ့ပေ။ ယခုအချိန်တွင် မည်သည့် လက်အောက်ခံမိသားစုကိုမျှ လက်ခံရန် သူ အစီအစဉ်မရှိသေးချေ။
ဟွမ်ကုန်းသည်လည်း အကြောင်းပြချက် တစ်စုံတစ်ရာကြောင့် ဤကိစ္စကို သဘောမတူလိုပေ။ သူသည် အလွန်အမင်း အားနာနေမိပြီး ရန်မျိုးနွယ်စုအိမ်တော်မှ ဝမ်ပင်း ထွက်ခွာတော့မည့်အချိန်တွင် ဝမ်ပင်းကို ၉၀ ဒီဂရီအထိ ဦးညွှတ်ကာ နှုတ်ဆက်ခဲ့သည်။
"ဂိုဏ်းချုပ်ဝမ်... ဒီနေ့ဖြစ်ခဲ့တဲ့ မတော်တဆမှုတွေက ကျွန်တော့်အပြစ်တွေပါပဲ။ ကျွန်တော် မိုယွီကို ကယ်ပေးဖို့ ခင်ဗျားကို မတောင်းဆိုခဲ့သင့်ဘူး"
ဟွမ်ကုန်း၏ တောင်းပန်နေသော မျက်နှာကို ကြည့်ရင်း ဝမ်ပင်းက ဘာမှမဖြစ်သလို ပြုံး၍ ပြန်ပြောလိုက်သည်။
"စီနီယာဟွမ်ကုန်း... ဒါက မှန်တယ်၊ မှားတယ်လို့ သတ်မှတ်လို့ မရပါဘူး။ အခြေအနေတွေ ဒီလိုဖြစ်သွားတာကိုတောင် ကျွန်တော် သဘောကျမိပါတယ်။ ကျွန်တော့်မိဘတွေ အဖမ်းခံရပြီးကတည်းက မသေမျိုးဂိုဏ်းရဲ့ ခွန်အားကို တခြားလူတွေကို ပြသချင်နေတာ။ အခုတော့ အကောင်းဆုံး အခွင့်အရေး ရသွားတာပေါ့"
သို့သော် ဟွမ်ကုန်း၏ စိတ်မကောင်းဖြစ်မှုမှာ ဝမ်ပင်း၏ စကားကြောင့် လျော့ပါးမသွားခဲ့ပေ။
ဝမ်ပင်းက ဂရုမစိုက်သော်လည်း ဂိုဏ်းပေါင်းစုံမဟာမိတ်အဖွဲ့၏ အကာအကွယ် မရှိတော့သော ဂိုဏ်းတစ်ခုမှာ အရှေ့အိုင်ဒေသတွင် ရှင်သန်ရန် ခက်ခဲသည်ကို သူ သိထားသည်။ အဆိုးဆုံးမှာ မဟာမိတ်အဖွဲ့ဝင် ဂိုဏ်းများ၏ ပစ်မှတ်ထားခြင်းကို ခံရတော့မည်ဖြစ်သည်။
အကယ်၍ ရန်သူများ ကျူးကျော်လာခဲ့လျှင် မသေမျိုးဂိုဏ်းဘက်မှ ပြန်မတိုက်နိုင်ပါက မဟာမိတ်အဖွဲ့က ချက်ချင်း စစ်ကူလွှတ်မည် ဖြစ်သော်လည်း ယခုမူ သူတို့သည် အထီးကျန်စွာဖြင့် တိုက်ခိုက်မှုအားလုံး၏ ဗဟိုချက် ဖြစ်လာတော့မည်ဖြစ်သည်။
မိစ္ဆာသားရဲကြီးတစ်ကောင် ရှိနေသော်လည်း ဂိုဏ်းပေါင်းစုံမဟာမိတ်အဖွဲ့ နောက်ကွယ်ရှိ မရေမတွက်နိုင်သော ကျွမ်းကျင်သူများကို ယှဉ်နိုင်ရန် ခက်ခဲလိမ့်မည်ဟု သူ ယူဆထားသည်။ ထို့ကြောင့်ပင် ရန်မျိုးနွယ်စုကို လက်အောက်ခံ မိသားစု မလုပ်ရန် ရန်ကျုံးရှန်းကို သူ တားမြစ်ခဲ့ခြင်းပင်။ သူသည် ရန်မျိုးနွယ်စုကို ဤဝဲဂယက်ထဲတွင် မပါဝင်စေချင်ပေ။
ဝမ်ပင်းသည် ဟွမ်ကုန်း၏ အတွေးများကို မသိသော်လည်း စိုးရိမ်ပူပန်နေသော ဟွမ်ကုန်းကို ကြည့်ကာ ပြောလိုက်သည်။
"နောက်ထပ် ဘာမှမရှိတော့ရင် ကျွန်တော် သွားတော့မယ်။ နောက်မှ ပြန်ဆုံကြတာပေါ့"
ဝမ်ပင်း ရထားလုံးပေါ်သို့ တက်ရန် ပြင်လိုက်စဉ်မှာပင် ဟွမ်ကုန်းက ဝမ်ပင်းကို အမြန်လှမ်းခေါ်လိုက်ပြီး သူ၏ရင်ဘတ်ထဲမှ ကျောက်စိမ်းပြားတစ်ခုကို ထုတ်ပေးလိုက်သည်။
"ဂိုဏ်းချုပ်ဝမ်... ဒါက ကျွန်တော့်ရဲ့ မိစ္ဆာသားရဲကြီးသူငယ်ချင်းတစ်ယောက် ပေးထားတဲ့ အမှတ်အသားပါ။ အကယ်၍ အသက်အန္တရာယ်နဲ့ ကြုံလာရရင် ဒါကို ခွဲလိုက်ပါ။ သူ နာရီဝက်အတွင်း ရောက်လာပါလိမ့်မယ်။ ကျွန်တော့်နာမည်ကို ပြောလိုက်ရင် သူ မသေမျိုးဂိုဏ်းကို သေချာပေါက် ကာကွယ်ပေးပါလိမ့်မယ်"
"မလိုပါဘူး စီနီယာပဲ သိမ်းထားလိုက်ပါ။ ကျွန်တော့်လို ကြယ်မဲ့ဂိုဏ်းလေးကို ဂိုဏ်းပေါင်းစုံမဟာမိတ်အဖွဲ့က အချိန်ကုန်ခံပြီး လာတိုက်မှာ မဟုတ်ပါဘူး"
ဝမ်ပင်းသည် ထိုအရာကို ပြန်ပေးလိုက်ပြီး စိတ်ထဲမှ သက်ပြင်းချရင်း သူ၏ဘေးရှိ တောင်ခွေးကြီး ဟားဟားနှင့် အပြာရောင်မီးတောက်များ တောက်လောင်နေသော မိစ္စာဝိညာဉ်ဓားကို ကြည့်ကာ ထွက်ခွာလာခဲ့တော့သည်။
တစ်ဖက်တွင်မူ စီမံခန့်ခွဲသူ ရာထူးမှ အထုတ်ခံလိုက်ရသော လီခုန်းဆန်းသည် ကျိုးနေသော လက်မောင်းနှင့်အတူ မှီခိုရာဂိုဏ်းသို့ ရောက်ရှိသွားခဲ့သည်။ သူသည် ပင်မခန်းမကြီးအတွင်း ဂိုဏ်းချုပ် ဝမ်မို နှင့် ဟန်ကျိယွီတို့၏ ရှေ့တွင် ဒူးထောက်နေရသည်။ သို့သော် သူတို့ရှေ့ရှိ ဂိုဏ်းချုပ်၏ ရွှေရောင်ပလ္လင်ပေါ်တွင်မူ သူ မမြင်ဖူးသော လူငယ်တစ်ယောက် ထိုင်နေသည်။