အခန်း (၉၇-၉၈)
Vol. 10 Ch. 97-98
အခန်း။ ၉၇
"သခင် ပိုင်ဆိုင်တဲ့ နယ်မြေ၊ တပည့်တွေနဲ့ ဝတ်စုံတွေက အားလုံး ထူးခြားပြောင်မြောက်လွန်းပါတယ်။ ဒါကြောင့် မသေမျိုးဂိုဏ်းက အင်အားကြီးဂိုဏ်းကြီးတစ်ခုအဖြစ် စတင်ခြေလှမ်းနိုင်ခဲ့ပြီ ဖြစ်တဲ့အတွက် ပြီးပြည့်စုံသောဂိုဏ်းဆိုတဲ့ အောင်မြင်မှုကို ရရှိသွားပါပြီ။ ဂုဏ်ယူပါတယ်"
"ဆုလာဘ်ရော ရှိလား"
ဝမ်ပင်းသည် မသေမျိုး လေညင်းဝတ်စုံကို လက်တွင်ကိုင်ထားရင်း စိတ်ထဲမှ တိတ်တဆိတ် ဝမ်းသာသွားပြီး ဝတ်စုံကို ဘေးသို့ အမြန်ချကာ အသံထွက်၍ မေးလိုက်သည်။
စနစ်က ပြန်ဖြေလိုက်သည်။
"ဟုတ်ကဲ့ ရှိပါတယ်။ အောင်မြင်မှုအတွက် ဆုလာဘ်ကတော့ အဆောက်အအုံတစ်ခုကို အခမဲ့ အဆင့်မြှင့်တင် ပြုပြင်ခွင့်ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ကန့်သတ်ချက် တစ်ခုတော့ ရှိပါတယ်။ သခင့်အနေနဲ့ ဘယ်အဆောက်အအုံကို ပြုပြင်မယ်ဆိုတာ ရွေးချယ်ခွင့်မရှိပါဘူး။ စနစ်ရဲ့ စက်ဝိုင်းလှည့်ကွက်ကနေ ကျရာတစ်ခုကိုပဲ ပြုပြင်ခွင့်ရမှာပါ"
ပထမဝက် စကားကို ကြားရစဉ်တွင် ဝမ်ပင်းမှာ အလွန်ပင် ပျော်ရွှင်သွားခဲ့သည်။ ရွှေပြား သောင်းနဲ့ချီပြီး သက်သာတော့မည်ဟု သူ ထင်လိုက်သော်လည်း နောက်ထပ်စကားတစ်ခွန်းကြောင့် သူ အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်သွားရသည်။ သူသည် အခုအချိန်တွင် တင်းယွီဆောင်ကိုသာ အဆင့်မြှင့်ချင်နေခြင်းပင်။
တင်းယွီဆောင်ကို နောက်တစ်ကြိမ် ထပ်မံပြုပြင်ရန်အတွက် ရွှေပြား တစ်သိန်းခန့် လိုအပ်နေပြီး အကယ်၍သာ အခမဲ့ အဆင့်မြှင့်ခွင့် မရပါက မကြာမီ အချိန်အတွင်း ပြီးစီးနိုင်မည် မဟုတ်ကြောင်း သူ ခန့်မှန်းထားသည်။
မိစ္စာဝိညာဉ်ဓား ပိုမို အစွမ်းထက်လာလေလေ သူ ပို၍ စိတ်ချလက်ချ ရှိလေလေပင်။
ဝမ်ပင်းက အားမလိုအားမရဖြင့် "ဘာလို့ ဒီဆုလာဘ်က ပြောင်းလဲသွားရတာလဲ" ဟု မေးလိုက်သည်။
စနစ်က ပြောလိုက်သည်။
"သခင်အနေနဲ့ စိတ်ပျက်စရာ မလိုပါဘူး။ ရွေးချယ်ခွင့် မရှိဘူးဆိုပေမဲ့ နောက်ပိုင်း ပြုပြင်မယ့် ဂိုဏ်းရဲ့ အဆောက်အအုံတွေကနေ ရရှိလာမယ့် စွမ်းရည်တွေက ပိုပြီးတော့တောင် ကောင်းမွန်လာပါလိမ့်မယ်။ ဒါကြောင့် အခုပဲ ကျရာအဆောက်အအုံကို ရွေးချယ်ဖို့ စက်ဝိုင်းကို စတင် လှည့်လိုက်တော့မလား"
"ထားလိုက်တော့လေ... ဘာမှမရတာထက်စာရင်တော့ တော်ပါသေးတယ်။ စတင်လိုက်တော့"
ဝမ်ပင်း ပြောလိုက်သည်နှင့် သူ၏ ရှေ့တွင် စက်ဝိုင်းတစ်ခု ပေါ်လာပြီး အရှိန်အဟုန်ဖြင့် စတင်လည်ပတ်တော့သည်။
အနီရောင် မြားတံလေးသည် သန့်စင်ခန်း၊ အစေခံဆောင်၊ မြင်းဇောင်း စသည်တို့ကို ကျော်ဖြတ်သွားပြီးနောက် နောက်ဆုံးတွင် အဆင့်တစ်ထောင်လှေကားရှေ့တွင် ရပ်တန့်သွားခဲ့သည်။
စနစ်က ချက်ချင်းပင် မေးသည်။
"အဆင့်မြှင့်မလား"
"အဆင့်မြှင့်မယ်"
[အဆင့်တစ်ထောင်လှေကား အဆင့်မြှင့်ရန် ကျန်ရှိသောအချိန် သုံးနာရီ]
[ကျပန်းရရှိသော အထူးစွမ်းရည် - ဟင်းလင်းပြင်ကို ကျဉ်းမြောင်းစေခြင်း]
ဝမ်ပင်းက အမြဲတမ်းလိုပင် "ဟင်းလင်းပြင်ကို ကျဉ်းမြောင်းစေခြင်း ဆိုတာ ဘယ်လို အထူးစွမ်းရည်မျိုးလဲ" ဟု မေးလိုက်သည်။
"ကျယ်ပြောလှတဲ့ ကောင်းကင်ပြင်ကြီးကို အကန့်အသတ်ရှိတဲ့ နေရာလေးတစ်ခုထဲမှာ ထည့်သွင်းထားတာပါ။ အနာဂတ်ရဲ့ အင်အားကြီးဂိုဏ်းတစ်ခုအနေနဲ့ လှေကားတွေက အမြင့်နဲ့ အရှည်တင် ရှိနေလို့ မဖြစ်ပါဘူး။ ဒီစွမ်းရည်က အဆင့်တစ်ထောင်ကို ခြေတစ်လှမ်းတည်းနဲ့ ရောက်သွားအောင် လုပ်နိုင်သလို အဆင့်တစ်ထောင်ကိုပဲ အဆုံးမရှိအောင်လည်း ဖန်တီးနိုင်ပါတယ်"
စနစ်၏ ရှင်းပြချက်ကို ကြားပြီးနောက် ဝမ်ပင်းသည် ရှေ့ရှိ အလင်းမျက်နှာပြင်ပေါ်တွင် လှေကား၏ အထူးစွမ်းရည် အသေးစိတ် ရှင်းလင်းချက်ကို အသေအချာ ဖတ်ကြည့်လိုက်သည်။
မိတ်ဆက်ချက်ထဲတွင် ဖော်ပြထားသည့်အတိုင်း သူသည် အဆင့်တစ်ထောင်ကို ခြေတစ်လှမ်းတည်း ဖြစ်အောင် ပြောင်းလဲနိုင်စွမ်း ရှိသည်။
ပထမဆုံး ကျောက်လှေကားထစ်ကို နင်းလိုက်ပြီး နောက်ထပ် ခြေတစ်လှမ်း ထပ်လှမ်းလိုက်ရုံဖြင့် တောင်ထိပ်သို့ ရောက်သွားမည်ပင်။
တစ်ချိန်တည်းမှာပင် သူသည် အဆင့်တစ်ထောင်ကို အဆုံးမရှိအောင်လည်း ပြောင်းလဲနိုင်သည်။ လူတစ်ယောက်သည် လှေကားထစ်ပေါင်း တစ်ထောင်ကို တက်ပြီးသွားသော်လည်း အစအဦးမှာပင် ရပ်နေသကဲ့သို့ ခံစားရစေမည်ဖြစ်သည်။
ဝမ်ပင်းသည် နောက်ဆုံးစွမ်းရည်အတွက် သိပ်ပြီး မျှော်လင့်ချက် မထားသော်လည်း ပထမစွမ်းရည်အတွက်မူ အလွန်ပင် စိတ်လှုပ်ရှားနေသည်။ ထိုသို့ဆိုလျှင် သူသည် ရှည်လျားလှသော လှေကားထစ်များကို ပင်ပင်ပန်းပန်း တက်နေစရာ မလိုတော့ပေ။
လွန်ခဲ့သော ရက်အနည်းငယ်က လှေကားများ အလွန်ရှည်လွန်းသည်ဟု သူ ညည်းညူခဲ့ဖူးရာ ယနေ့တွင် ဤအခြေအနေကို ပြောင်းလဲရန် အခွင့်အရေး ရလာလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
ထို့ပြင် အဆင့်တစ်ထောင်လှေကားကို ပြုလုပ်ထားသော ပစ္စည်းမှာလည်း အလွန်ထူးခြားလှသည်။ ၎င်းမှာ ငရဲကျောက်တုံးပင်။
ထိုအခါ ဝမ်ပင်း၏ စိတ်ထဲတွင် ငရဲ၏ ပုံရိပ်များ တစ်ခုပြီးတစ်ခု ပေါ်လာတော့သည်။
တောက်လောင်နေသော မီးလျှံများ….
ကြောက်မက်ဖွယ် ကောင်းသော သရဲတစ္ဆေများ….
နွားခေါင်း၊ မြင်းခေါင်းနှင့် ငရဲမင်း၏ တမန်များ…
...
ကြာရှည်လှသော သုံးနာရီ ကုန်ဆုံးသွားပြီးနောက် ဝမ်ပင်းသည် ညမှောင်ချိန်တွင် အပြင်သို့ ထွက်လာခဲ့သည်။ သူ၏ အကြည့်များက လရောင်အောက်ရှိ ကျောက်လှေကားထစ်များပေါ်သို့ ကျရောက်သွားရာ ယခင်ကနှင့် ဘာမှမထူးခြားသလိုပင်။
သူသည် ရှေ့သို့ အနည်းငယ် လျှောက်သွားပြီးနောက် ပြန်လှည့်ကြည့်လိုက်ရာ ကျောက်ယီ တံမြက်စည်း မလှည်းရသေးသော နေရာများမှာ ပို၍ သန့်ရှင်းနေသည်ကို သတိပြုမိလိုက်သည်။
အခြား ပြောင်းလဲမှုတော့ မရှိပေ။
"ကတိပေးထားတဲ့ ငရဲကျောက်တုံးတွေက ဘယ်မှာလဲ"
"စနစ်... မင်းကတော့ကွာ..."
စနစ်က ပြန်ဖြေလိုက်သည်။
"ငရဲကျောက်တုံးဆိုတာ မီးလျှံတွေနဲ့အတူ အမြဲတမ်း တောက်လောင်နေပြီး အနီရောင်တောက်တောက် ဖြစ်နေတာကြောင့် လူအများ အာရုံစိုက်တာ ခံရနိုင်ပါတယ်။ ဒါကြောင့် ပြုပြင်မွမ်းမံနေစဉ်အတွင်းမှာ အရောင်နဲ့ မီးလျှံတွေကို ဖုံးကွယ်ထားတဲ့ နည်းပညာကို အသုံးပြုခဲ့ပါတယ်။ ဒါပေမဲ့ ငရဲကျောက်တုံးရဲ့ ဂုဏ်သတ္တိတွေဖြစ်တဲ့ ဖျက်ဆီးလို့မရတာနဲ့ အချိန်ဘယ်လောက်ကြာပါစေ အစင်းရာလေးတစ်ခုတောင် မထင်ကျန်ရစ်တာမျိုးကတော့ မပြောင်းလဲဘဲ ရှိနေမှာပါ"
"ဒါဆို ခိုင်ခံ့တာတစ်ခုပဲလား တခြား ဘာမှမရှိတော့ဘူးလား"
အကယ်၍ ထိုသို့သာဆိုလျှင် ဤငရဲကျောက်တုံးဖြင့် ပြုလုပ်ထားသော လှေကားထစ်များက သိသာထင်ရှားမှုမရှိဘဲ အစွမ်းထက်နေခြင်း ဖြစ်ပေလိမ့်မည်။
သူသည်လည်း ကြွားဝါရသည်ကို မနှစ်သက်သူဖြစ်ရာ ဤအချက်မှာ သူနှင့် ကိုက်ညီလှသည်။
ထိုအချိန်မှာပင် စနစ်၏ နောက်ထပ်စကားသံ ထွက်ပေါ်လာသည်။
"ဒါတင်မကသေးပါဘူး။ သခင်အနေနဲ့ ငရဲမုဒ်ကို ဖွင့်လိုက်တဲ့အခါမှာ လှေကားထစ်တွေကို တက်လှမ်းခြင်းအားဖြင့် ငရဲမီးလျှံတွေက သခင့်ကို ပြောင်းလဲပေးပါလိမ့်မယ်။ အပေါ်ဆုံးအဆင့်ကို ရောက်တဲ့အခါမှာတော့ ငရဲကျောက်တုံးက သခင့်ကို ထူးခြားတဲ့သွေးကြောတစ်ခု ပေးအပ်မှာဖြစ်ပြီး အဲဒီကနေတစ်ဆင့် ထူးခြားဆန်းပြားတဲ့ သွေးကြောတံခါးတစ်ခုကို ဖွင့်လှစ်ပေးနိုင်မှာပါ"
"ထူးခြားတဲ့သွေးကြောလား ခြေလှမ်းအနည်းငယ် လှမ်းရုံနဲ့ ထူးခြားတဲ့ သွေးကြောတစ်ခုအထိ ပြောင်းလဲသွားနိုင်တာလား"
ဝမ်ပင်းသည် ဤစကားကို ကြားလိုက်ရသည့်အခါ မျက်နှာအမူအရာ ချက်ချင်း ပြောင်းလဲသွားတော့သည်။
"မဟုတ်ပါဘူး လူတစ်ယောက်ဟာ အဆင့်တစ်ထောင်လုံးကို ပြည့်အောင် တက်နိုင်မှသာ ထူးခြားတဲ့ သွေးကြောကို ရရှိမှာပါ။ အကယ်၍ အဲဒီသွေးကြောကို ရယူနိုင်စွမ်းမရှိဘဲ ရှေ့ဆက်မတက်နိုင်တော့တဲ့ အခိုက်အတန့်မှာ လှေကားထစ်တွေက သခင့်ကို အပြင်ဘက်ကို အလိုအလျောက် ပို့ဆောင်ပေးသွားမှာပါ"
"ဒီတစ်ခါတော့ ငါ တကယ်ပဲ ရတနာပုံကြီးကို တွေ့ပြီပဲ"
ထူးခြားသောသွေးကြောဆိုသည့် စကားလုံးမှာ ရိုးရှင်းသည်ဟု ထင်ရသော်လည်း သွေးကြောတံခါးများအကြောင်း ကောင်းစွာ နားလည်ထားသော ဝမ်ပင်းအတွက်မူ ၎င်းမှာ မည်မျှအရေးကြီးကြောင်း သိရှိပြီးဖြစ်သည်။
အကယ်၍ နက်နဲသောနယ်ပယ်ကျင့်ကြံသူတစ်ဦးမှာ မြို့တစ်မြို့တွင် တစ်ယောက်ရှိရန်ပင် ခဲယဉ်းသည်ဆိုပါက ဒဏ္ဍာရီလာ ထူးခြားဆန်းပြားသော သွေးကြောတံခါး ပိုင်ဆိုင်သူမှာ အရှေ့အိုင်ဒေသတစ်ခုလုံးတွင်ပင် လက်ချိုးရေတွက်၍ ရသည်။ ထိုသူများအားလုံးမှာလည်း အလွန်ပင် ကျော်ကြားသော ပုဂ္ဂိုလ်များ ဖြစ်ကြသည်။
သူ သိထားသလောက်ဆိုလျှင် အရှေ့အိုင် ဂိုဏ်းပေါင်းတစ်ရာ မဟာမိတ်အဖွဲ့၏ ခေါင်းဆောင်ပင်လျှင် သူဖွင့်လှစ်ထားသော သွေးကြောတံခါးမှာ ဓာတ်ကြီးငါးပါးထဲမှ ထူးခြားသော သွေးကြောတစ်ခု ဖြစ်သည်။ ထိုသွေးကြောတံခါးကို ဖွင့်လိုက်သည့်အခါ သူနှင့် ကမ္ဘာမြေကြီးမှာ တစ်သားတည်း ဖြစ်သွားသကဲ့သို့ ခံစားရစေသည်။
သူသည် သွေးကြောပညာရပ်များကို မကျင့်ကြံထားသော်လည်း ကျောက်တုံးများနှင့် မြေကြီးကို စိတ်ကြိုက် ထိန်းချုပ်နိုင်စွမ်း ရှိသည်။
ထိုသို့သောသူများသည် သဘာဝအရပင် များစွာ ပိုမိုအစွမ်းထက်ကြပြီး နယ်ပယ်တူ ကျင့်ကြံသူများကြားတွင် အနိုင်မရနိုင်သောသူများ ဖြစ်ကြသည်။ ကိုယ့်ထက် ပိုမိုအားကောင်းသော ထူးခြားသွေးကြောတံခါး ပိုင်ဆိုင်သူနှင့် မတွေ့သရွေ့ နက်နဲသောနယ်ပယ်ရှိ သာမန်သွေးကြောတံခါး ပိုင်ဆိုင်သူများကို ရှုံးနိမ့်စရာ အကြောင်းမရှိပေ။
ဝမ်ပင်း၏ အံ့အားသင့်နေမှုကို စနစ်က သတိပြုမိပြီး ပြောလိုက်သည်။
"ထူးခြားတဲ့ သွေးကြောတံခါးကို ရရှိဖို့ဆိုတာ မလွယ်ကူပါဘူး။ သခင်အနေနဲ့ စမ်းကြည့်နိုင်ပါတယ် ရကောင်း ရနိုင်တာပေါ့"
"စမ်းကြည့်ရတာပေါ့"
ဝမ်ပင်းသည် လှေကားထစ်များအပေါ် ရိုသေလေးစားမှုဖြင့် အဆင့်တစ်ထောင်မြောက် နေရာတွင် ရပ်လိုက်ပြီး ခြေတစ်လှမ်း လှမ်းလိုက်သည်။ ဟင်းလင်းပြင်ကို ကျဉ်းမြောင်းစေခြင်းစွမ်းရည်ကို အသုံးပြုလိုက်သည်နှင့် မြင်ကွင်းမှာ ချက်ချင်းပြောင်းလဲသွားပြီး သူသည် ယွန်းလန်တောင်ခြေရှိ ပထမဆုံးသော ကျောက်လှေကားထစ်ထံသို့ ရောက်ရှိသွားတော့သည်။
ဤသည်မှာ အဆင့်တစ်ထောင်ကို ခြေတစ်လှမ်းတည်းအဖြစ် ပြောင်းလဲလိုက်ခြင်းပင်။
ခဏမျှ အံ့ဩသွားပြီးနောက် ဝမ်ပင်းက စနစ်ကို ပြောလိုက်သည်။
"ငရဲမုဒ်ကို ဖွင့်လိုက်တော့"
စနစ်၏ အသံမှာ သူ၏နားထဲတွင် မြည်ဟည်းသွားသည်။
"တစ်ဦးတည်းအတွက်လား ဒါမှမဟုတ် အားလုံးအတွက်လား"
ဝမ်ပင်းက များများစားစား မစဉ်းစားဘဲ "တစ်ဦးတည်းအတွက်ပဲ" ဟု ပြန်ဖြေလိုက်သည်။
"ငရဲမုဒ်ကို ဖွင့်လိုက်ပါပြီ"
စနစ်၏ အသံဆုံးသည်နှင့် သူ၏ရှေ့ရှိ မြင်ကွင်းမှာ ရုတ်တရက် ပြောင်းလဲသွားတော့သည်။ ကောင်းကင်ယံရှိ လင်းထိန်နေသော လမင်းမှာ အဖြူရောင် အလင်းတန်းများ မပေးစွမ်းတော့ဘဲ ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းထားသော အမှောင်ထုမှာလည်း မည်းနက်မနေတော့ပေ။
သွေးရောင်လမင်းကြီးက နီမြန်းသော အလင်းတန်းများကို ဖြာကျစေသည်။
သွေးရောင်ညဉ့်ဦးယံက ဝမ်ပင်း ရပ်နေသော ကမ္ဘာကြီးတစ်ခုလုံးကို အနီရောင် ဆိုးလိုက်တော့သည်။
ကျောက်လှေကားထစ်များသည်လည်း ပြာလွင်သော ကျောက်တုံးများအဖြစ် မဟုတ်တော့ဘဲ အနီရောင် မီးလျှံများ တောက်လောင်နေသည့် နက်မှောင်သော ကျောက်တုံးများအဖြစ်သို့ ပြောင်းလဲသွားသည်။
သို့သော် ဝမ်ပင်း စမ်းသပ်ကြည့်လိုက်သည့်အခါ ထိုမီးလျှံများမှာ အပူရှိန်မရှိသကဲ့သို့ ခံစားရသည်။ မီးမြွေများ သူ၏ လက်ချောင်းထိပ်များတွင် ရစ်ပတ်နေသော်လည်း ပူလောင်နာကျင်မှုကို မပေးစွမ်းချေ။
"သခင် အပေါ်ကို တက်လှမ်းနိုင်ပါပြီ။ ငရဲကျောက်တုံးက ထွက်လာတဲ့ မီးလျှံတွေက ခန္ဓာကိုယ်ကို တိုက်ခိုက်တာ မဟုတ်ဘဲ လူတစ်ဦးချင်းစီရဲ့ နုနယ်တဲ့ ဝိညာဉ်ကို တိုက်ခိုက်တာပါ"
"ဝိညာဉ်လား"
ဝမ်ပင်းသည် တစ်စုံတစ်ခုကို နားလည်သွားသကဲ့သို့ ခြေတစ်လှမ်း တက်လှမ်းလိုက်သည်။ သူ၏ ခြေလှမ်း မြဲသွားသည်နှင့် တစ်ပြိုင်နက် ပြင်းထန်သော ဒေါသစိတ်များ ရင်ထဲတွင် တလိပ်လိပ် တက်လာတော့သည်။
သို့သော် သူ၏ ပတ်ဝန်းကျင်မှာရော၊ သူ၏ စိတ်ထဲမှာပါ ထိုအချိန်တွင် ဒေါသထွက်စရာ ဘာတစ်ခုမှ မရှိပေ။
နောက်ထပ် ခြေတစ်လှမ်း ထပ်လှမ်းလိုက်သည့်အခါ ပြင်းထန်သော ဝမ်းနည်းမှုများ ရုတ်တရက် တိုးဝင်လာပြီး ဘာကြောင့်မှန်းမသိဘဲ နှာခေါင်းထဲတွင် စစ်ခနဲ ဖြစ်သွားရသည်။
ခြေလှမ်း ခုနစ်လှမ်းခန့် လှမ်းပြီးနောက်တွင် ပျော်ရွှင်ခြင်း၊ ဒေါသထွက်ခြင်း၊ စိုးရိမ်ခြင်း၊ ဝမ်းနည်းခြင်း၊ ကြောက်ရွံ့ခြင်းနှင့် အံ့ဩခြင်း စသည့် ခံစားချက်ပေါင်းစုံမှာ ဝမ်ပင်း၏ ရင်ထဲသို့ ဖြတ်သန်းသွားခဲ့ကြသည်။
စနစ်က ရှင်းပြသည်။
"စိတ်ခံစားမှုတွေနဲ့ လိုအင်ဆန္ဒတွေက သခင့်ကို အကြိမ်ကြိမ် နှိပ်စက်ပါလိမ့်မယ်။ တောင်ထိပ်ကို ရောက်တဲ့အခါမှာတော့ ထူးခြားတဲ့ သွေးကြောကို ရရှိမှာပါ"
ဝမ်ပင်း ခေါင်းညိတ်လိုက်သည်။ ဤကဲ့သို့ စိတ်ခံစားမှုများ၏ အကြိမ်ကြိမ် နှိပ်စက်မှုကို ခံရသည်မှာ ခက်ခဲလှသော်လည်း ထူးခြားသော သွေးကြောတံခါးကို ရရှိရန်အတွက် သူ ကျော်ဖြတ်ရပေမည်။
တစ်နာရီခန့် ကြာပြီးနောက် ဝမ်ပင်းသည် မျက်ရည်များ၊ ချွေးများဖြင့် ရွှဲနစ်နေလျက် ယွန်းလန်တောင်ထိပ်သို့ ပြန်ရောက်လာခဲ့သည်။ သူသည် တောင်အောက်သို့ ငုံ့ကြည့်ရင်း စိတ်ခံစားမှု ပေါင်းစုံ ဖြစ်ပေါ်နေတော့သည်။
ထိုတစ်နာရီအတွင်း သူ ခံစားခဲ့ရသော စိတ်ခံစားမှုများနှင့် အတွေ့အကြုံများမှာ တစ်နှစ်စာ အတွေ့အကြုံထက်ပင် ပို၍ များပြားလှသည်။
သူ သက်ပြင်းချနေစဉ်မှာပင် သူ၏ မျက်စိရှေ့တွင် အပြာရောင် အချက်ပြမျက်နှာပြင်တစ်ခု ပေါ်လာတော့သည်။
အခန်း။ ၉၈
[ယခုတစ်ကြိမ် တက်လှမ်းမှု - အဆင့် ၆၀၀]
[တောင်ထိပ်သို့ရောက်ရန် အဆင့် ၄၀၀ လိုအပ်သည်]
ဤကိန်းဂဏန်းကို မြင်လိုက်ရသည့်အခါ ဝမ်ပင်းသည် သူ၏နဖူးပေါ်မှ ပဲကြီးစေ့ခန့်ရှိသော ချွေးစက်များကို သုတ်လိုက်ပြီး မျက်တောင်ထောင့်မှ မျက်ရည်စများကိုလည်း သုတ်လိုက်ကာ သက်ပြင်းချလိုက်သည်။
"ထူးခြားဆန်းပြားတဲ့ သွေးကြောတံခါးကို ရရှိဖို့ လမ်းခရီးက တကယ်ကို ရှည်လျားပြီး ပင်ပန်းလှချည်လား။ ဒီလိုမျိုး ငိုလိုက် ရယ်လိုက် ဖြစ်နေရတာ တကယ်ကို မခံစားနိုင်စရာပဲ"
သို့သော် သူ၏ရင်ထဲတွင်မူ တောင်ထိပ်သို့ ရောက်ရှိရန် မျှော်လင့်ချက်များ ပြည့်နှက်နေပြီ ဖြစ်သည်။
စကားပြောပြီးနောက် ဝမ်ပင်းသည် တင်းယွီဆောင်သို့ ပြန်သွားကာ ဆွဲအားစက်ကွင်းကို ဖွင့်၍ မိုးလင်းသည့်တိုင်အောင် ဆက်လက်ကျင့်ကြံနေတော့သည်။
...
တစ်ချိန်တည်းမှာပင် ဆန်းဝူမြို့ရိုး အပြင်ဘက်၌ မြင်းစီးသူရဲတစ်ဦးသည် နံနက်ခင်း အလင်းရောင်ဆီသို့ အရှိန်အဟုန်ဖြင့် ဒုန်းစိုင်းနှင်လာနေသည်။ ထိုမြင်း၏ အမြီး၊ လည်ဆံနှင့် ခန္ဓာကိုယ်တစ်ဝက်ခန့်မှာ ရွှေရောင်တောက်နေပြီး၊ အကယ်၍ မြင်းကျွမ်းကျင်သူတစ်ဦးသာ မြင်လိုက်ပါက ၎င်းမှာ မျက်နှာတစ်ဝက် ရွှေချပ်ဝတ်မြင်းဖြစ်ကြောင်း သေချာပေါက် သိရှိပေလိမ့်မည်။
ဤမြင်းသည် လေတားမြင်းကဲ့သို့ မမြန်ဆန်သော်လည်း ခွန်အားနှင့် ပေါက်ကွဲအားတွင်မူ လေတားမြင်းမှာ ဤမြင်းနှင့်ယှဉ်လျှင် မြင်းကလေးတစ်ကောင်ကဲ့သို့သာ ဖြစ်ပြီး မျက်နှာတစ်ဝက် ရွှေချပ်ဝတ်မြင်း၏ ခွာချက်တစ်ချက်ကိုပင် ခံနိုင်ရည်ရှိမည် မဟုတ်ပေ။
ဤမြင်းအမျိုးအစားကို လူတိုင်းမသိကြသော်လည်း ဆန်းဝူမြို့တစ်ခုလုံးတွင် ဆယ်ကောင်သာ ရှိသည်။ များသောအားဖြင့် စစ်တပ်အတွင်းရှိ ခွန်အားကြီးသော စစ်သူကြီးများ၊ အထူးသဖြင့် အဆင့်အတန်း အလွန်မြင့်မားသူများသာ စီးနင်းခွင့်ရှိကြသည်။
ဤသည်မှာ ထိုမြင်းပေါ်ရှိ လူ၏ အဆင့်အတန်းကို ခန့်မှန်းနိုင်စေသည်။
"သူက ဘယ်သူလဲ။ မျက်နှာတစ်ဝက် ရွှေချပ်ဝတ်ဆင်ထားတဲ့ မြင်းကို စီးနင်းနိုင်ဖို့ဆိုရင် ဘယ်လောက်တောင် မြင့်မားတဲ့ အဆင့်အတန်းမျိုး လိုအပ်တာလဲ"
ဒုန်း
ဒုန်း
အသံနှစ်ချက်သာ ကြားလိုက်ရသော်လည်း မျက်နှာတစ်ဝက် ရွှေချပ်ဝတ်မြင်းမှာ မီတာအနည်းငယ် အကွာအဝေးမှ မြို့ရိုးခြေရင်းသို့ ရောက်ရှိသွားပြီဖြစ်သည်။ လူငယ်တစ်ဦးသည် မြင်းပေါ်မှ ခုန်ဆင်းလိုက်ပြီး မြို့ရိုးပေါ်ရှိ လူများကို အော်ပြောလိုက်သည်။
"တံခါးဖွင့်စမ်း ငါ ပြန်လာပြီ"
"မြို့တော်ဝန်သခင်လေး ပြန်လာပြီ တံခါးဖွင့်ပေးကြ"
မြို့ရိုးပေါ်ရှိ အစောင့်များက တံခါးစောင့်များထံသို့ အလျင်အမြန် အော်ဟစ်ကာ အကြောင်းကြားလိုက်ကြသည်။
ကျွီ
လေးလံသော သစ်သားတံခါးကြီးမှာ ဖြည်းဖြည်းချင်း ပွင့်လာတော့သည်။
အစောင့်တစ်ဦးသည် လူငယ်ထံသို့ ပြေးလာခဲ့ရာ သူ၏ ကိုယ်ပေါ်ရှိ ချပ်ဝတ်တန်ဆာမှာ သတ္တုချင်း ထိခိုက်သံများ ထွက်ပေါ်နေသည်။ မြင်းကို ဆွဲယူသွားပြီးနောက် သူက လူငယ်ကို ချက်ချင်း ပြောလိုက်သည်။
"သခင်လေး မြို့တော်ဝန်မင်းက သခင်လေး ပြန်လာတာနဲ့ မြို့တော်ဝန်အိမ်တော်မှာ လာတွေ့ဖို့ မှာထားပါတယ်"
"သိပြီ"
လူငယ်က သူ၏ ကျားခေါင်းဆောင်းကို ချွတ်လိုက်ပြီး အစောင့်ကို ပြောလိုက်သည်။
"ငါ့ရဲ့ ကျားခေါင်းဆောင်းကို သန့်ရှင်းရေးလုပ်ထားလိုက်ဦး။ ကျားကြီးတစ်ကောင်ရဲ့ သွေးတွေ ပေနေလို့ ညှီစော်နံနေတယ်"
"ဟုတ်ကဲ့ပါ"
ကျားကြီး၏သွေးဟု ကြားလိုက်ရသဖြင့် အစောင့်မှာ စိတ်ထဲမှ ထိတ်လန့်သွားပြီး အမြန်ပင် ခေါင်းညိတ်လိုက်သည်။
စကားပြောပြီးနောက် လူငယ်သည် မြို့ရိုးပေါ်သို့ တက်လှမ်းကာ မြို့ရိုးထိပ်ရှိ မြို့တော်ဝန်အိမ်တော်သို့ ရောက်ရှိသွားသည်။
သူ တံခါးကို ခေါက်လိုက်သည့်အခါ အတွင်းမှ အသံထွက်လာသည်။
"ရှောင်ရှန်း အမဲလိုက်ရာက ပြန်လာပြီလား"
လူငယ်သည် အခန်းထဲသို့ ဝင်သွားသော်လည်း သူ၏ဖခင်ကို မြင်သည့်တိုင် ချပ်ဝတ်တန်ဆာကို ချွတ်ရန် စိတ်ကူးမရှိပေ။
"ဟုတ်ကဲ့ မျက်ခုံးဖြူ ကျားကြီး နှစ်ကောင်ကို သတ်ခဲ့တယ်။ သူတို့ရဲ့ လက်သည်းနဲ့ အကုတ်ခံရမလို့ ဖြစ်ပေမဲ့ ဖေဖေပေးတဲ့ ကျားရွှေချပ်ဝတ်ကြောင့် အကာအကွယ် ရခဲ့တာ။ ဒီချပ်ဝတ်တန်ဆာသာ ရှိနေရင် နောက်ထပ် နှစ်နှစ်အတွင်း အပြင်ဘက် တောအုပ်ထဲမှာ သားကို ခြိမ်းခြောက်နိုင်မယ့် အရာ ဘာမှမရှိတော့ဘူးလို့ ယုံကြည်တယ်"
ပြောရင်းနှင့် လူငယ်က သူ၏မျက်ခုံးများကို မသိမသာ ပင့်လိုက်သည်။
ခန္ဓာကိုယ်လေ့ကျင့်ခြင်းအဆင့် ၆ ဖြင့် တောအုပ်တစ်ခုလုံးကို အောင်နိုင်ရန် ကြိုးစားခြင်းမှာ မကြားစဖူးသော ကိစ္စပင်။
သူ စကားပြောပြီးနောက် သက်လတ်ပိုင်းအရွယ် အမျိုးသား၏ မျက်နှာတွင်လည်း ကျေနပ်ဂုဏ်ယူရိပ်များ ယှက်သန်းသွားသည်။
ဤအမျိုးသားမှာ ဆန်းဝူမြို့၏ အစစ်အမှန် အစောင့်အရှောက်ဖြစ်သူ နက်နဲသောနယ်ပယ် ခြေတစ်လှမ်းအကွာအဆင့်ရှိ ဟွမ်းချိန်ပင်။ သူသည် ဆန်းဝူမြို့၏ မြို့တော်ဝန်ဖြစ်သည်။ ခြေတစ်လှမ်းအကွာ အဆင့်ဆိုသည်မှာ သွေးကြောများကို ဖွင့်လှစ်ထားသော်လည်း သွေးကြောတံခါးကို မဖွင့်ရသေးသူကို ဆိုလိုခြင်းဖြစ်ပြီး သူ၏ အစွမ်းမှာ အဆင့် ၁၃ ရှိသူများထက် များစွာ ပိုမိုအားကောင်းသည်။
လူငယ်မှာမူ မြို့တော်ဝန်သခင်လေး ဟွမ်းရှန်းပင်။
သူ၏ဖခင် ဟွမ်းချိန်၏ ကြမ်းတမ်းသော ပုံစံနှင့် ယှဉ်လျှင် ဟွမ်းရှန်းမှာ ပို၍ စစ်သားဗီဇ ပေါ်လွင်နေပြီး ကျားရွှေချပ်ဝတ်နှင့်ဆိုလျှင် တိုက်ပွဲပေါင်းများစွာ ကျော်ဖြတ်လာသော စစ်သူကြီးတစ်ဦးနှင့်ပင် တူနေတော့သည်။
သူ၏ အသက်မှာ ၁၇ နှစ်သာ ရှိသေးသည်ဟု ပြောလျှင် မည်သူမျှ ယုံကြည်မည် မဟုတ်ချေ။
သားအဖနှစ်ဦး စကားစမြည် ပြောဆိုပြီးနောက် ဟွမ်းချိန်က ယမန်နေ့က ဖြစ်ရပ်များကို အသေးစိတ် ပြောပြလိုက်သည်။
သို့သော် ဟွမ်းချိန်၏ အမြင်မှာ ဝမ်ပင်းသည် သူ၏ဖခင် ချန်ထားခဲ့သော အရာတစ်ခုခုကြောင့်သာ ဂိုဏ်းပေါင်းစုံမဟာမိတ်အဖွဲ့မှ အန္တရာယ်ကင်းကင်း ထွက်ခွာနိုင်ခဲ့ခြင်း ဖြစ်သည်ဟု ယူဆထားသည်။
မဟုတ်ပါက ဝမ်ပင်းကဲ့သို့ ကလေးတစ်ယောက်သည် လက်ရှိ ဂိုဏ်းပေါင်းစုံမဟာမိတ်အဖွဲ့၏ အင်အားအောက်မှ အကောင်းအတိုင်း လွတ်မြောက်ရန် မလွယ်ကူပေ။
ဟွမ်းရှန်းသည် သူ၏ဖခင် စကားများကို ကြားရသော်လည်း စိတ်ဝင်စားပုံ မရပေ။ သူသည် လက်ဖက်ရည်ကို တစ်ငုံသောက်ရင်း ချပ်ဝတ်တန်ဆာပေါ်မှ ကျားကြီးကုတ်ထားသော ဖြူဖျော့ဖျော့ အရာများကိုသာ ကြည့်နေမိသည်။
"ငါပြောတာ မင်းကြားရဲ့လား"
ဟွမ်းချိန်က စားပွဲကို ပုတ်ကာ မေးလိုက်သည်။
ဟွမ်းရှန်းက ခေါင်းညိတ်ပြပြီးနောက် ဆိုလိုက်သည် "ဒါတွေကို ကျွန်တော့်ကို ဘာလို့ လာပြောနေတာလဲ။ သူ့ကို မတွေ့ရတာ နှစ်နှစ်တောင် ရှိပြီပဲကို"
ဟွမ်းချိန်သည် ထိုင်နေရာမှ ထကာ စာရေးစားပွဲကို ပတ်၍ လျှောက်နေရင်း လေးနက်စွာ ပြောလိုက်သည်။
"ငါက မင်းကို ဝမ်ပင်းနဲ့ သွားစကားပြောစေချင်တာ။ ဘာပဲဖြစ်ဖြစ် မင်းတို့က သိလည်းသိကြတယ်၊ လူငယ်ချင်းလည်း ဖြစ်တော့ စကားပြောရတာ ပိုပြီး အဆင်ပြေမှာပေါ့"
"ဘာအကြောင်း ပြောရမှာလဲ။ ကျွန်တော်တို့မှာ တူညီတာ ဘာမှမရှိဘူး။ သူက အဝတ်အစား အလှအပ ကြိုက်တဲ့ သခင်လေးတစ်ယောက် ကျွန်တော်ကတော့ ဘယ်အရာမှ မဖောက်ထွင်းနိုင်တဲ့ ချပ်ဝတ်တန်ဆာကိုမှ သဘောကျတဲ့သူ။ စကားပြောလို့ ကောင်းမယ့်သူတွေ မဟုတ်ဘူး"
"ဒါပေမဲ့ မင်းပဲ သွားလို့ရမှာ။ ဒီအခွင့်အရေးကို သုံးပြီး ဆန်းဝူမြို့ရဲ့ အရေးကိစ္စတွေမှာ ပါဝင်ဆောင်ရွက်ကြည့်။ အတွေ့အကြုံယူပြီး မြို့ထဲက အင်အားစုတွေကြားမှာ သဟဇာတဖြစ်အောင် ထိန်းသိမ်းတတ်အောင် သင်ယူရမယ်။ ဒါက မြို့တော်ဝန်တစ်ယောက်အတွက် မသင်မနေရ ဘာသာရပ်ပဲ။ ဒါကို တတ်မြောက်သွားမှ နောက်နှစ်နှစ်နေရင် ငါ့နေရာကို ဆက်ခံနိုင်မှာ။ ရန်သူကို သတ်တတ်ရုံနဲ့ မြို့တော်ဝန် ဖြစ်မလာဘူး"
ဟွမ်းချိန်၏ စကားကို ကြားရသောအခါ ဟွမ်းရှန်းက တစ်ဝက်တစ်ပျက် နားလည်သည့် အမူအရာဖြင့် ခေါင်းညိတ်လိုက်သည်။ သူ မသွားချင်သော်လည်း မေးလိုက်သည်။
"ဘာအကြောင်း ပြောရမလဲ"
ဟွမ်းချိန်က ပြန်ဖြေသည်။
"သူသာ သဘောတူမယ်ဆိုရင် ငါတို့ မြို့တော်ဝန်အိမ်တော်ကနေ ကြားဝင်စေ့စပ်ပေးပြီး ဂိုဏ်းပေါင်းစုံမဟာမိတ်အဖွဲ့နဲ့ ဖြစ်နေတဲ့ ပဋိပက္ခကို ဖြေရှင်းပေးမယ်လို့ ပြောလိုက်"
"သူ သေချာပေါက် သဘောတူမှာပါ။ အဲဒီလူက တခြားသူတွေနဲ့ ပြဿနာတက်ရတာ ဘယ်တုန်းကမှ မကြိုက်ဘူး။ အခုကိစ္စက ဒီလောက်ထိ ကြီးကျယ်သွားတာဆိုတော့ ပြဿနာအကြီးကနေ အသေးဖြစ်သွားဖို့ သူ အလိုချင်ဆုံး ဖြစ်နေမှာပေါ့။ ရပါတယ်... အခုပဲ ကျွန်တော် သွားလိုက်မယ်"
ထိုသို့ပြောပြီး ဟွမ်းရှန်း မတ်တပ်ရပ်လိုက်သည်။
သူ ထွက်ခွာခါနီးတွင် ဟွမ်းချိန်က အဝတ်အစား လဲသွားရန် ပြောသော်လည်း ဟွမ်းရှန်းက ငြင်းဆန်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူ၏ စည်းကမ်းမှာ ချပ်ဝတ်တန်ဆာကို အပျော်အပါးအတွက်နှင့် မည်သည့်အခါမျှ မချွတ်ခြင်းကြောင့်ပင်။
ဟွမ်းရှန်းသည် မျက်နှာတစ်ဝက် ရွှေချပ်ဝတ်မြင်းကို စီးကာ မသေမျိုးဂိုဏ်းသို့ လာသောအခါ လမ်းလျှောက်မလာဘဲ ယွန်းလန်တောင်ထိပ်အထိ မြင်းစီး၍ တက်လာခဲ့သည်။ မီးဖိုချောင်ဘက်မှ ထွက်လာသော ဝမ်ပင်းနှင့် သူတို့ မျက်နှာချင်းဆိုင် ဆုံမိကြသည်။
အမှန်စင်စစ် ဝမ်ပင်းမှာ ဟွမ်းရှန်း ရောက်လာသည်ကို သိရှိပြီးဖြစ်သည်။
ဝမ်ပင်းကို မြင်လိုက်ရသည့်အခါ ဟွမ်းရှန်းက တစ်ချက်ကြည့်ကာ အထက်အောက် အကဲခတ်ပြီးနောက် လွန်ခဲ့သော နှစ်နှစ်ကကဲ့သို့ပင် အထင်သေးသော အမူအရာကို ပြသလိုက်သည်။ သို့သော် ဝမ်ပင်းက ၎င်းကို ရန်စသည်ဟု မမှတ်ယူပေ။ အဘယ်ကြောင့်ဆိုသော် ဟွမ်းရှန်းမှာ အမြဲတမ်း ဤကဲ့သို့ပင် ဖြစ်သောကြောင့်ပင်။
ငယ်စဉ်ကတည်းက သေခြင်းတရားများကြားတွင် ရှင်သန်လာခဲ့သူပီပီ သူသည် ဆန်းဝူမြို့ရှိ မည်သည့် အနုပညာဆန်သော လူကုံထံ သခင်လေးများကိုမဆို အထင်သေးတတ်သည်။
ကံမကောင်းစွာဖြင့် ဝမ်ပင်းမှာလည်း ယခင်က ထိုသခင်လေးများထဲမှ တစ်ဦး ဖြစ်ခဲ့ဖူးသည်။
သူငယ်ချင်းချင်း ပြန်ဆုံသော်လည်း လေပေါနေခြင်း မရှိဘဲ ဟွမ်းရှန်းက သူ၏ ထုံးစံအတိုင်း လှောင်ပြောင်စကားဖြင့် စတင်လိုက်သည်။
"ဝမ်ပင်း... မင်းတို့က အသက်ကြီးနေပြီကို အခုထိ အဝတ်အစားတွေကို အလှအပအတွက်ပဲ ဝတ်နေတုန်းလား။ ယောက်ျားဆိုတာ ဘယ်သူမှ မဖောက်ထွင်းနိုင် မထိခိုက်နိုင်တဲ့ ချပ်ဝတ်တန်ဆာကိုပဲ ဝတ်ရတယ်"
ထိုသို့ပြောပြီးနောက် ဟွမ်းရှန်းက သူ၏ ချပ်ဝတ်တန်ဆာကို ပုတ်ပြလိုက်သည်။
သူသည် ခန္ဓာကိုယ်လေ့ကျင့်သူများက သခင်လေးများကဲ့သို့ ဝတ်စားထားသည်ကို မြင်ရသည်မှာ တောအုပ်ထဲတွင် ကျားတစ်ကောင်က အသွားပြနေသည်ကို မြင်ရသကဲ့သို့ပင် မနှစ်မြို့ပေ။
သူ့အမြင်တွင် ယောက်ျားတစ်ယောက်သည် လေးလံသော ချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားမှသာ လမ်းလျှောက်ရာတွင် ပို၍ တည်ငြိမ်မည်ဟု ယူဆသည်။ ဝမ်ပင်းကဲ့သို့ အဖြူရောင်ဝတ်စုံနှင့် ချောမောသော ပုံစံမှာ မည်သို့ကြည့်ကြည့် သူ့ကို စိတ်အနှောင့်အယှက် ဖြစ်စေသည်။
ဝမ်ပင်းက ဟွမ်းရှန်းကို ကြည့်ကာ အားမလိုအားမရ ပြုံးလိုက်ပြီးနောက် မေးလိုက်သည်။
"ဟွမ်းရှန်း... ငါတို့ မတွေ့ရတာ နှစ်နှစ်ရှိပြီနော်။ မင်း ဒီနေ့ ဒီအကြောင်းတွေ ပြောဖို့ပဲ သီးသန့် လာခဲ့တာလား"