အခန်း (၃၀၁-၃၀၃)
Vol. 21 Ch. 301-303
အခန်း-(၃၀၁)
ပြီးသွားတဲ့အခါမှပဲ ပေါင်မုန့်ပေါင်းနှစ်လုံးပါတဲ့ ပန်းကန်တစ်ချပ်ကို နောက်ဆုံးတော့မှ ဖူကွေ့က သတိထားမိလိုက်တယ်။ စက်ရုံထဲကလူတွေက ဒီဟာတွေစားနေတာကို သူအရင်က မြင်ဖူးတယ်။ အနံ့က အမြုတေတွေလောက် ဆွဲဆောင်မှုမရှိဘူးလို့ ခံစားရပေမယ့် စက်ဆုပ်ရွံရှာဖွယ် မရှိဘူးလို့လည်း ခံစားရတယ်။
စပ်စုချင်စိတ်နှင့်ပဲသူက ပေါင်မုန့်ပေါင်းတစ်လုံးကို ကောက်ယူပြီး သေချာကြည့်လိုက်တယ်။ ပေါင်မုန့်ကို ဖွဖွလေးညှစ်ကြည့်လိုက်တော့ နူးညံ့နေတာကို ခံစားလိုက်ရတယ်။ ပြီးတော့ အနံ့ကိုလည်းအကြိမ်ပေါင်းများစွာ ရှူရှိုက်ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။
ဒီအရာကနေထွက်လာတဲ့ ရနံ့လေးကို သတိထားမိပေမယ့် စားချင်စိတ်တော့ မပေါ်လာခဲ့ဘူး။ ပေါင်းထားတဲ့ ပေါင်မုန့်ကို ညှစ်လိုက်တဲ့အခါမှာတော့ ပေါင်မုန့်လုံးက ရုတ်တရက်ကြီး ကွဲသွားပြီး အသားတုံးက သူ့လက်ဖဝါးပေါ် ပြုတ်ကျလာတယ်။
အသားပေါ်လာတာနဲ့ သူ့မျက်လုံးတွေဟာ ပျော်ရွှင်မှုကြောင့် တောက်ပလို့သွားတယ်။ အသားကို စားလိုက်ပေမယ့် ပေါင်မုန့်ကိုတော့ လွှင့်ပစ်လိုက်တယ်။
ကျိူးလီဇီက ဒါကိုမြင်တော့ ဂိုဒေါင်ထဲကနေ ကင်ထားတဲ့ဘဲတစ်ကောင်ကိုယူပြီး သူ့ကိုပေးလိုက်တယ်။
ဒါကိုမြင်တော့ ဖူကွေ့ကလက်လှမ်းပြီး ကင်ထားတဲ့ဘဲကင်ကို ဆွဲယူလိုက်တယ်။ ပေါင်းထားတဲ့ပေါင်မုန့်တွေနဲ့ မတူဘဲ ၊ ဘဲကင်ကိုတော့ တွန့်ဆုတ်မနေဘဲ သူက စားပစ်လိုက်တယ်။ အရိုးတစ်ချောင်းတောင် မကျန်ခဲ့အောင် အားလုံးကိုဝါးစားပစ်လိုက်တယ်။
စားစရာအမျိုးအစားအစုံကို စမ်းသပ်ပြီးနောက်မှာတော့ ကျိူးလီဇီ ကောက်ချက်ချနိုင်ခဲ့ပါတယ်။ အမြုတေတွေအပြင် ချက်ပြုတ်ထားသော အသားကိုလည်း ဖူကွေ့က စားသုံးနိုင်တယ်။
ဒီလိုသာဆိုရင် တစ်နေ့ကြ သူမနေရာလွတ်ကနေ သူထွက်သွားတဲ့အခါကြရင် သူ့ရဲ့သရုပ်မုန်ကိုဖုံးကွယ်ထားဖို့အတွက် ပိုလွယ်ကူသွားလိမ့်မယ်။ ဘယ်သူကမှ အမြုတေတွေကို တိုက်ရိုက်မစားကြပေမယ့် လူအများစုကတော့ ဟင်းသီးဟင်းရွက်တွေ ဒါမှမဟုတ် အဓိကအစားအစာတွေထက် အသားစားဖို့ကို ပိုနှစ်သက်ကြတယ်။
နာရီပေါင်းများစွာမောင်းနှင်ပြီးလို့ နောက်ဆုံးတွင်တော့ နယ်စပ်ဒေသသို့ ရောက်ရှိလာခဲ့ကြသည်။ ယခုအခါတွင်တော့ အသက်ရှင်ကျန်ရစ်သူများသည် နယ်စပ်ရှိ အသက်ရှင်ကျန်ရစ်သူများစခန်းတွင် မနေထိုင်ကြတော့သောကြောင့် ထိုဒေသမှာလူသူကင်းမဲ့နေပြီး လှည့်လည်သွားလာနေသော ဇွန်ဘီအနည်းငယ်ကိုသာ မြင်တွေ့နိုင်သည်။
ဒါကိုမြင်တော့ ကျိူးလီဇီမှာ ပိုပြီး စိတ်အေးလက်အေးဖြစ်လာတယ်။ သူမရဲ့ အရင်ဘဝတုန်းကဆိုရင် လင်အန်းမြို့ရဲ့ နယ်စပ်ဒေသဟာ ကမ္ဘာပျက်ကပ်အစမှာတောင် အန္တရာယ်အရှိဆုံးဇုန်တွေထဲက တစ်ခုဖြစ်ခဲ့တယ်။
ထိုနေရာတွင် အသက်ရှင်ကျန်ရစ်သူ အများအပြားကစုဝေးနေခြင်းကြောင့် ဇွန်ဘီများကိုဆွဲဆောင်မိပြီး ပမာဏသေးငယ်သော အုပ်စုများစွာက စခန်းကို မကြာခဏ လာတိုက်ခိုက်ကြသည်။
ပထမခံတပ်အဖြစ် ခိုင်မာသောနံရံများမရှိဘဲ တိုက်ခိုက်မှုတိုင်းတွင်လည်း ထိခိုက်ဒဏ်ရာရမှုများက များပြားခဲ့သည်။ မြို့တော် သို့မဟုတ် အခြားစခန်းများဆီမှ အင်အားဖြည့်တင်းပေးလာမှုများမရှိသောကြောင့် ဒုတိယအကြိမ် မိုးမရွာမီတွင်တောင် အသက်ရှင်ကျန်ရစ်သူက မရှိတော့ပါ။ ကူးစက်ခံရသူအရေအတွက်က တိုးလာသည်နှင့်အမျှ ဇွန်ဘီအရေအတွက်ကလည်း သိသိသာသာ မြင့်တက်လာခဲ့သည်။
ဒုတိယအကြိမ် မိုးရွာလာတဲ့အခါမှာတော့ ဗီဇပြောင်းလဲမှု ဒုတိယလှိုင်းက စတင်လာခဲ့ပါတယ်။ သင့်တော်တဲ့ ပြင်ဆင်မှုမရှိဘဲ အားနည်းပြီး အာဟာရချို့တဲ့နေတဲ့ လူအများစုဟာ ဗီဇပြောင်းလဲမှု လုပ်ငန်းစဉ်အတွင်းမှာ မရှင်သန်နိုင်ကြဘဲ ဇွန်ဘီတွေအဖြစ် ပြောင်းလဲသွားခဲ့ကြပါသည်။
ဤအကြောင်းပြချက်အားလုံးကြောင့်ပဲ လင်အန်းမြို့ဟာ ကမ္ဘာပျက်ပြီးနောက်တွင် ပထမဆုံး S အဆင့် ဇွန်ဘီမြို့ ဖြစ်လာခဲ့သည်။
မြို့တော်အတွက်ကတော့ ရောဂါဖြစ်ပွားမှုအစမှာ ဘာတွေဖြစ်ခဲ့လဲဆိုတာကို သူမ လုံးဝမသိပါဘူး။ ဒါပေမယ့်လည်း ခေါင်းဆောင်လင်းရဲ့အဖွဲ့နဲ့ပူးပေါင်းပြီး ကျန်းနင်မြို့ကို သူတို့နောက်က လိုက်သွားတဲ့အခါမှာတော့ မြို့တော်ဟာ အစိုးရရဲ့ထိန်းချုပ်မှုအောက်မှာရှိနေပြီး အခြေအနေကတည်ငြိမ်သွားပါပြီ။
သူမရဲ့ အရင်ဘဝကအဖြစ်အပျက်တွေကိုစဉ်းစားရင်း သူမရဲ့ ချစ်သူကို ကျိူးလီဇိလှမ်းကြည့်လိုက်တယ်။ ဒီဘဝမှာ သူမတို့လုပ်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေကြောင့် အတိတ်က ဖြစ်ပျက်ခဲ့တာတွေက ထပ်မဖြစ်လာတော့ပါဘူး။ ဒီရလဒ်ကို သူမ ကျေနပ်နေပေမယ့် မသိတဲ့အရာတွေအတွက်လည်း စိုးရိမ်ပူပန်နေမိတယ်။
အနာဂတ်အကြောင်းကို မသိဘဲနဲ့ သူမ အသက်ရှင်နိုင်ပါ့မလား။ ဒါမှမဟုတ် သူမရဲ့ ဝင်ရောက်စွက်ဖက်မှုက အခြေအနေကို ပိုဆိုးသွားစေမှာလား။ ဒီအကြောင်းကို ပိုတွေးလေ၊ သူမရဲ့စိတ်တွေက မငြိမ်မသက် ခံစားရလေပဲ။
သူတို့ နယ်စပ်ကို ဖြတ်မောင်းလာအပြီးတွင် ကျင်းရွှီယန်းက ဝေါ်ကီတော်ကီကို ကောက်ကိုင်ပြီး "အဘိုးကြီးချင်၊ ပတ်ဝန်းကျင်က ဘယ်လိုလဲ" လို့ မေးလိုက်တယ်။
မကြာခင်မှာပဲ ချင်လူဇီရဲ့ အသံက ဝေါ်ကီတော်ကီကနေ ထွက်ပေါ်လာတယ် "ကပ္ပတိန် ၊ ပြန့်ကျဲနေတဲ့ ဇွန်ဘီတချို့ကလွဲရင် မီတာ ၅၀၀ အတွင်းမှာ အုပ်စုကြီးတွေရဲ့ လက္ခဏာ မတွေ့ရပါဘူး"
"ဒီနေရာကို စောင့်ကြည့်နေပြီး သံသယဖြစ်ဖွယ်တစ်စုံတစ်ရာတွေ့ရင် ချက်ချင်းသတင်းပို့ပါ" ဟု ကျင်းရွှီယန်းက ညွှန်ကြားလိုက်သည်။
"နားလည်ပါပြီ"
မကြာသေးခင်ကမှ နယ်စပ်တဝိုက်မှာလုပ်ခဲ့တဲ့ သန့်ရှင်းရေးလုပ်ငန်းတွေကြောင့် သူတို့ဟာ ဇွန်ဘီအနည်းငယ်နဲ့ပဲ ကြုံတွေ့ခဲ့ရပါတယ်။ နောက်ဆုံးမစ်ရှင်တစ်ခုကနေ ပြန်လာတုန်းကလည်း လမ်းတွေကို ပြုပြင်ခဲ့ပါသေးတယ်။
လင်းယုန်အဖွဲ့နှင့် ရွှီချွန်းရဲ့စစ်သားများကလည်း စွန့်ပစ်ထားသော ယာဉ်များနှင့် အပျက်အစီးများကို ရှင်းလင်းပေးခဲ့သောကြောင့် မျှော်လင့်ထားသည်ထက် ပိုမိုမြန်ဆန်စွာ ခရီးသွားနိုင်ခဲ့တယ်။
နေက ထိပ်တည့်တည့်ကိုရောက်တဲ့အခါမှာတော့ ကျင်းရွှီယန်းက သူ့အဖွဲ့ကိုပြောလိုက်တယ် "အရင်ဆုံး အနားယူဖို့နေရာရှာပြီး နေ့လယ်စာစားကြရအောင်"
ကားရှေ့ခန်းထဲက ချင်လူဇီကတော့ စိတ်မြေပုံကို မြန်မြန်စစ်ဆေးပြီး ဝေါ်ကီတော်ကီကနေ ပြောလိုက်တယ် "ကပ္ပတိန်၊ အရှေ့မှာ ခြံဝင်းလေးတစ်ခုရှိတယ်။ အထဲမှာတော့ ဇွန်ဘီတွေ မရှိဘူး။ ဒါပေမယ့် စွမ်းရည်အသုံးပြုသူ ၁၂ ယောက်နဲ့ သာမန်လူ ၁၀၀ ကျော်ရှိတယ်"
ကျင်းရွှီယန်းက ခဏလောက်စဉ်းစားပြီးမှ ပြောလိုက်တယ် "အရင်ဆုံး ကြည့်ကြရအောင်"
"နားလည်ပါပြီ"
အဖွဲ့က သူရဲ့အမိန့်ကိုလိုက်နာပြီး ခြံဝင်းဆီသို့ မောင်းနှင်သွားသည်။ ၁၅မိနစ်အတွင်းမှာပဲ သူတို့သည် သံဆူးကြိုးများဖြင့်ပတ်ထားသော တံခါးတစ်ခုကို တွေ့လိုက်ရတယ်။ ထိုတံခါးအနားက လူနှစ်ဦးကတော့ ရိုင်ဖယ်တစ်လက်စီကိုင်ဆောင်ထားပြီး ဂိတ်ကိုစောင့်ကြပ်နေကြသည်။
လက်နက်တွေကိုမြင်တော့ ကျင်းရွှီယန်းက သတိပေးလိုက်တယ် "သတိထား။ သူတို့က ဆက်ဆံရလွယ်မယ့်ပုံ မပေါ်ဘူး"
မကြာခင်မှာပဲ သူတို့ရဲ့သံချပ်ကာယာဉ်တွေကို ဂိတ်ရှေ့မှာ ရပ်လိုက်ကြတယ်။ အစောင့်တွေကတော့ အံ့အားသင့်စွာဖြင့် အကြည့်ချင်းဖလှယ်လိုက်ကြသည်။ ဒီယာဉ်တွေကနေတစ်ဆင့် ဒီအဖွဲ့က စစ်တပ်ကလာတယ်ဆိုတာကို သူတို့ သိလိုက်ကြတယ်။
အစောင့်တစ်ယောက်က သူတို့ရဲ့ခေါင်းဆောင်ကို အကြောင်းကြားဖို့ မြန်မြန်ပြေးသွားပြီး ကျန်တစ်ယောက်ကတော့ ဂိတ်မှာ စောင့်ကျန်နေခဲ့သည်။
သူတို့ရဲ့ သတိထားတဲ့အပြုအမူကနေတဆင့် ဒီလူတွေဟာ သူတို့ကို ကြောက်ရွံ့တယ်လို့ ဒါမှမဟုတ် ပိုတိကျအောင်ပြောရရင် စစ်တပ်ကို ကြောက်ရွံ့တယ်ဆိုပြီး နတ်ဆိုးအဖွဲ့က မြန်မြန်ဆန်ဆန်ပဲ ကောက်ချက်ချခဲ့သည်။ သူတို့က ထွက်ပြေးလွတ်မြောက်နေတဲ့ အကျဉ်းသားတွေ ဒါမှမဟုတ် ဒေသခံ ဂိုဏ်းစတားတွေလည်း ဖြစ်နိုင်တယ်။
အထဲက လူအရေအတွက်ကိုထည့်သွင်းစဉ်းစားရင်းနဲ့ပဲ နတ်ဆိုးအဖွဲ့ဝင်တွေဟာ ကားပေါ်ကဆင်းကာ ဂိတ်ဆီကိုလျှောက်သွားလိုက်ကြသည်။
သူတို့ရဲ့ချဉ်းကပ်လာမှုကိုမြင်သော ကျန်ရှိနေတဲ့ အစောင့်ကတော့ ဤအဖွဲ့ဟာ သူ မနှောင့်ယှက်နိုင်သော အဖွဲ့ဖြစ်ကြောင်းကို ပို၍ပင် သေချာသွားသည်။ သူက မျက်နှာပေါ်တွင် အပြုံးတစ်ခုကို လျင်မြန်စွာတပ်ဆင်ပြီး နှုတ်ဆက်လိုက်တယ် "ညီအစ်ကိုတို့၊ ဘယ်သူ့ကို ရှာနေတာလဲလို့ မေးလို့ရမလား"
ကမ္ဘာရဲ့လက်ရှိအခြေနေမှာတော့ ဒီလိုမျိူးနှုတ်ဆက်သံကိုကြားရတာက ထူးဆန်းနေတယ်။ ပုံမှန်အားဖြင့်ဆိုရင်တော့ လူတွေဟာ သူစိမ်းတွေနဲ့တွေ့တဲ့အခါမှာဆို သံသယဝင်ပြီး သတိထားတတ်ကြပါတယ်။
ထိုထူးဆန်းသော အပြုအမူကြောင့်ပဲ ဤအဖွဲ့က တစ်စုံတစ်ခုကိုဖုံးကွယ်ထားသည်ဟု ကျိူးလီဇီက ပိုသေချာသွားတယ်။
ဘယ်သူကမှ ပြန်မပြောနိုင်ခင်မှာပဲ သူမက အရှေ့ကိုတိုးသွားပြီး "အစ်ကိုရေ ကျွန်မတို့က ကားမောင်းနေတာ ကြာပြီလေ။ အနားယူဖို့ နေရာတစ်ခု ရှာချင်လို့ပါ။ နေ့လည်စာစားပြီးရင်ထွက်သွားပါမယ်" လို့ ပြောလိုက်တယ်။
ဒါကိုကြားတော့မှ အစောင့်ဖြစ်သူက စိတ်သက်သာရာရသွားသလိုမျိူး တိုးတိုးလေး သက်ပြင်းချလိုက်တယ်။ သူတို့က ပြဿနာရှာဖို့ ရောက်လာတာလို့ သူထင်ခဲ့တာ။ ခဏလောက် အနားယူချင်ရုံဆိုရင်တော့ ဘာမှစိတ်ပူစရာမရှိဘူး။
အခန်း-(၃၀၂)
မကြာခင်မှာပဲ တခြားအစောင့်တစ်ယောက်က လူတစ်စုနှင့်အတူ ပြန်ရောက်လာတယ်။ အရှေ့ဆုံးက လျှောက်လာတဲ့သူက အသက်လေးဆယ်ကျော်အရွယ် အမျိုးသားတစ်ယောက်ပါ။ မုတ်ဆိတ်နှင့် ဆံပင်ရှည်တွေကြောင့် သူ့မျက်နှာအသွင်အပြင်ကို မြင်ရဖို့ကခက်တယ်။
တခြားသူတွေကသာ သူ့ကိုလေးစားသမှုမရှိရင် သူ့ရဲ့အဝတ်အစားမပြည့်စုံနှင့်ပုံစံကြောင့် သူ့ကို သူတောင်းစားလို့တောင် ကျိူးလီဇီကတော့ထင်မိမှာပဲ။
အစောင့်က သူ့ကိုမြင်တာနဲ့ "အကြီးအကဲ၊ ဒီမှာပါ" လို့ အမြန်ပြောလိုက်တယ်။
မုတ်ဆိတ်ရှည်နှင့်လူက နတ်ဆိုးအဖွဲ့ကို တစ်ချက်ကြည့်လိုက်ပြီး "မင်းတို့က ဘယ်သူတွေလဲ။ ဒီကိုလာတာ ဘာလိုချင်လို့လဲ" လို့ မေးလိုက်တယ်။
ဒါကိုကြားတော့ ကျိူးလီဇီက ခေါင်းညိတ်ပြီး 'ဒါကမှ ပုံမှန်တုံ့ပြန်မှုပဲ' လို့ တွေးလိုက်တယ်။
"အစ်ကိုရေ ၊ ကျွန်မတို့က လင်အန်းမြို့က လာတာပါ။ ခဏနားဖို့ နေရာရှာနေတာလေ ။ နေ့လည်စာစားပြီးရင် ကျွန်မတို့ ပြန်ထွက်သွားမှာပါ။ ရှင်နဲ့ ရှင်ရဲ့လူတွေကို မနှောင့်ယှက်ပါဘူး" ဟု ကျိူးလီဇီက ပြုံးပြီး ပြောလိုက်သည်။
တခြားတစ်ယောက်သာဆိုရင် ငယ်ရွယ်လှပတဲ့ မိန်းကလေးတစ်ယောက်ကိုမြင်တဲ့အခါမှာ သူတို့ရဲ့ သတိထားမှုကို လျော့ချကြလိမ့်မယ်။ ဒါပေမယ့် မုတ်ဆိတ်ရှည်နဲ့လူကတော့ မျက်လုံးတွေကိုကျဉ်းမြောင်းပြီး သူတို့ကို အေးစက်စက်နဲ့ကြည့်လိုက်တယ်။
သူသည် သူတို့ရဲ့သံချပ်ကာယာဉ်များနှင့် သန့်ရှင်းသော အဝတ်အစားများကို သတိပြုမိတယ်။ လူများသည် ကမ္ဘာပျက်ကပ်တွင် ဤမျှသန့်ရှင်းပြီး ကောင်းစွာလက်နက်တပ်ဆင်ထားန်ိုင်ရန်မှာ သန်မာရမည်။ သူ့မှာက ဖုံးကွယ်စရာ ဘာမှမရှိသော်လည်း ဤအဖွဲ့တွင် မကောင်းတဲ့ ရည်ရွယ်ချက်များ ရှိနေမည်ကို စိုးရိမ်မိသည်။
သူနှင့် သူ့ညီအစ်ကိုတွေအတွက်တော့ ဒီနေရာကိုရှာတွေ့ပြီး နံရံတွေပြန်တည်ဆောက်နိုင်ဖို့အတွက် မလွယ်ကူခဲ့ပါဘူး။ သူတို့သာဆိုရင်လည်း ဒီအဖွဲ့ကို တစ်နာရီ နှစ်နာရီလောက်တောင် အနားယူခွင့်ပေးမှာ မဟုတ်ဘူး။ ဒီမှာက အမျိုးသမီးတွေ၊ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေ အများကြီးရှိနေတယ်။
ဒီအဖွဲ့မှာက ယောက်ျားတွေ ဒီလောက်များနေတာ အမျိုးသမီးတွေကိုသဘောကျသွားပြီး ပြောမပြနိုင်တဲ့ တစ်ခုခု လုပ်လိုက်ရင် ဘယ်လိုလုပ်မလဲ။
ရွာသူကြီးဖြစ်တဲ့သူ့မှာ လူတိုင်းကိုကာကွယ်ဖို့ တာဝန်ရှိတယ်။ သူတို့ရဲ့ မူလရွာကနေထွက်ပြေးပြီး ဒီနေရာကိုရောက်လာနိုင်ဖို့က ခက်ခဲမှုတွေရှိခဲ့ဒါကြောင့် သူက အန္တရာယ်တွေ ထပ်မယူလိုပါဘူး။
အရာအားလုံးကို စဉ်းစားပြီးနောက်မှ “ရဲဘော်၊ မင်းတို့အတွက် နေရာမရှိဘူး။ မင်းတို့ထွက်သွားသင့်တယ်”ဟု သူက ပြောလိုက်သည်။
သို့သော် ကျင်းရွှီယန်းသည် ထိုလူမှာက
ကြမ်းတမ်းသောအသွင်အပြင်ရှိသော်လည်း သူရဲ့မျက်လုံးများက ကြည်လင်နေတာကို သတိပြုမိတယ်။ ထိုမျက်လုံးများကဖြောင့်မတ်ပြီး ရိုးသားသူတစ်ဦးရဲ့ မျက်လုံးများဖြစ်သည်။ သူသည် လူများစွာနှင့်တွေ့ဆုံခဲ့ဖူးပြီး အခြားသူများထက်ပို၍ စရိုက်လက္ခဏာများကို ပိုမိုကောင်းမွန်စွာ ဆုံးဖြတ်နိုင်သည်။
"ရဲဘော်၊ ကျွန်တော်တို့က ကြာကြာမနေပါဘူး၊ ငွေပေးချေဖို့လည်း အသင့်ပါပဲ" ဟု သူက ပြောလိုက်သည်။
ဒါကိုကြားတော့ အဲဒီလူက “ခင်ဗျားတို့ရဲ့ငွေကို ကျွန်တော်တို့ မလိုအပ်ပါဘူး” လို့ ပြန်ဖြေတယ်။
သူက ပေးချေမှုကို လုံးဝငြင်းဆန်ခြင်းမရှိဘဲ ငွေကိုသာမပေးစေလိုကြောင်း သတိပြုမိသောအခါတွင်တော့ ကျိုးလီဇီသည် သူမနေရာလွတ်မှ ၂၅ ကီလိုဂရမ်အလေးချိန်ရှိသော ဆန်အိတ်နှစ်အိတ်ကို ထုတ်ယူလိုက်တယ်။
ထိုသူနှင့်သူ့အဖွဲ့သည် ဆန်ကိုမြင်လိုက်တာနဲ့ သူတို့ရဲ့မျက်လုံးများက အရောင်လက်သွားတယ်။
"ကျွန်မတို့က ဒါလေးနဲ့ ပေးချေပါမယ်" ဟု ကျိူးလီဇီက ပြောလိုက်သည်။
ဒီတစ်ခါမှာတော့ အဲဒီလူက ခဏလောက်တွန့်ဆုတ်သွားပြီးမှ "ကောင်းပြီ။ တံခါးဖွင့်ပါ" လို့ ပြောလိုက်တယ်။
အစောင့်များကလည်း သူရဲ့စကားအတိုင်းပဲ အတားအဆီးများကိုလျင်မြန်စွာဖယ်ရှားကာ တံခါးကို ဖွင့်ပေးခဲ့သည်။ တံခါးဖွင့်လိုက်တာနဲ့ ကျိူးလီဇီက သံချပ်ကာယာဉ်များကို သူမရဲ့နေရာလွတ်တွင် ပြန်သိမ်းလိုက်ပြီး အဖွဲ့နဲ့အတူ ခြံဝင်းထဲသို့ ခြေလျင်ပဲ ဝင်သွားသည်။
သူမက ယာဉ်တွေကို သိမ်းဆည်းလိုက်တာမြင်တော့ အစောင့်တွေ အံ့အားသင့်သွားကြတယ်။ သူတို့မှာလည်း အာကာသအမျိုးအစား စွမ်းရည်အသုံးပြုသူတစ်ယောက် ရှိပေမယ့် သူမရဲ့နေရာလွတ်က ဆယ်စတုရန်းမီတာပဲ ရှိတာကြောင့် အကန့်အသတ်သာရှိတယ်။
သူတို့ရဲ့အကြီးအကဲက နတ်ဆိုးအဖွဲ့ကို ဦးဆောင်ပြီးထွက်သွားတာနဲ့ အစောင့်နှစ်ယောက်က ဆန်အိတ်တွေကို တခြားလမ်းကြောင်းကနေ သယ်သွားကြသည်။ သူတို့ထွက်သွားပြီးနောက်မှာပဲ ဂိတ်ကအခြားအစောင့်တွေက သံကြိုးတွေပြန်ပတ်ပြီး အတားအဆီးတွေကို ပြန်ချထားလိုက်ကြတယ်။
နတ်ဆိုးအဖွဲ့ဝင်တွေဟာ လမ်းလျှောက်နေရင်းနဲ့ပဲ ပတ်ဝန်းကျင်ကို လေ့လာကြည့်ရှုခဲ့ကြသည်။ ခြံဝင်းလို့ခေါ်ပေမယ့် တကယ်တော့ ဒီနေရာဟာ အဆောက်အဦးအတော်များများပါတဲ့ ဗီလာတစ်လုံးပါ။ ဥယျာဉ်တစ်ခုဖြစ်ခဲ့တဲ့ နေရာဟာ အခုချိန်မှာတော့ မြေဆီလွှာအက်ကွဲကြောင်းတွေနှင့် ခြောက်သွေ့နေတဲ့ပေါင်းပင်တွေပဲ ကျန်တော့တယ်။
သူတို့ကို ဥယျာဉ်အနီးရှိ အဆောက်အအုံငယ်တစ်ခုသို့ ခေါ်ဆောင်သွားခဲ့သည်။ ၎င်းကို ယခင်ပိုင်ရှင်က ဂိုဒေါင်အဖြစ် အသုံးပြုခဲ့ဖွယ်ရှိသော်လည်း ယခုအခါတွင်တော့ အကြီးအကဲနှင့် သူ့လူများက အနားယူရာနေရာအဖြစ် အသုံးပြုလျက်ရှိသည်။
တံခါးကိုဖွင့်ပြီးတာနဲ့ အကြီးအကဲက “ဒီမှာ အနားယူလို့ရတယ်။ နှစ်နာရီကြာရင် ထွက်သွားရမယ်” လို့ ပြောပါတယ်။
ချင်လူဇီက ဝင်ပေါက်မှာရပ်နေပြီး ပတ်ဝန်းကျင်ကို ခဏလောက် စူးစမ်းပြီးနောက်မှာ ခေါင်းညိတ်ပြလိုက်တယ်။ သူ့ရဲ့ အတည်ပြုချက်ကိုရတော့မှ နတ်ဆိုးအဖွဲ့သားတွေက အထဲကိုဝင်သွားပြီး တံခါးကို ပိတ်လိုက်သည်။
အဆောက်အဦးအပြင်ဘက်တွင်တော့ အမျိုးသားတစ်ဦးက “အကြီးအကဲ၊ သူတို့ကို နေခွင့်ပေးလိုက်တာက တကယ်ပဲ အဆင်ပြေရဲ့လား” ဟု မေးလိုက်သည်။
"ကျွန်တော်တို့မှာက တခြားရွေးချယ်စရာ မရှိဘူး။ ကျွန်တော်တို့ရဲ့ ရိက္ခာတွေက နောက်တစ်ရက်စာပဲ ခံတော့မှာပါ။ ဆန်ကိုသာ မယူခဲ့ရင် ညီအစ်ကိုတွေ ပြန်လာတဲ့အထိ ကျွန်တော်တို့ မနေနိုင်ဘူး" ဟု အကြီးအကဲက ပြန်ဖြေသည်။
ခဏတာ စကားပြောဆိုပြီးနောက်မှာပဲ သူတို့က အဓိက အဆောက်အဦးဆီကို ပြန်လာခဲ့ကြသည်။
ဂိုဒေါင်ထဲမှာတော့ “ကပ္ပတိန်၊ သူတို့ထွက်သွားကြပြီ” လို့ ချင်လူဇီက ပြောလိုက်တယ်။
ချက်ပြုတ်ရန်က အဆင်မပြေသောကြောင့် သူမနေရာလွတ်ထဲမှ မနက်က ပြင်ဆင်ထားသော ပေါင်းထားတဲ့ပေါင်မုန့်များနှင့် ကြက်သားဟင်းချိုကို ကျိူးလီဇီက ယူထုတ်လိုက်သည်။
လူတိုင်းဟာ ပေါင်းထားတဲ့ပေါင်မုန့်လုံးတွေကို အများကြီးစားပြီး ၇၀% လောက် ဗိုက်ပြည့်တဲ့အထိကို စွပ်ပြုတ်နှစ်ပန်းကန် ထပ်သောက်ကြပါတယ်။ စားပြီးတဲ့နောက်မှာတော့ အလှည့်ကျ စောင့်ကြည့်ကြတယ်။ ကားမောင်းရမယ့်သူတွေက ပိုကြာကြာ အိပ်ကြပြီး တခြားသူတွေကတော့ စောင့်ကြည့်ကြတယ်။
သူတို့အနားယူနေချိန်မှာ ပင်မအဆောက်အဦး၌ အစည်းအဝေးတစ်ခု ကျင်းပနေသည်။
လူတိုင်းကရောက်ရှိနေပြီဖြစ်၍ အကြီးအကဲက “ကျွန်တော်တို့လူတွေ ရိက္ခာသွားရှာတာက ငါးရက်ကျော်နေပြီ။ အခုပဲ အဖွဲ့တစ်ဖွဲ့ကို ဝင်ခွင့်ပြုလိုက်တာကြောင့် သူတို့က ဆန် ၅၀ ကီလိုဂရမ် ပေးတယ်။ အဲဒါက နောက်ထပ်ရက်အနည်းငယ်အတွက် လုံလောက်ပါတယ်” ဟု ပြောလိုက်သည်။
"ဒါပေမယ့် ကျွန်တော်တို့ကတော့ ဒီမှာထိုင်နေပြီး ဘာမှမလုပ်ဘဲ နေလို့မရဘူး။ ပထမအသင်းကိုရှာဖို့ ကျွန်တော်တို့ရဲ့ ညီအစ်ကိုတချို့ကိုခေါ်ပြီး ထွက်သွားဖို့ စီစဉ်ထားတယ်။ ငါးရက်အတွင်းသာ ပြန်မလာဘူးဆိုရင် ခင်ဗျားတို့အားလုံးက ဒီနေရာကနေထွက်သွားပြီး မြို့ထဲကို သွားသင့်တယ်"
"ပြီးခဲ့တဲ့ရက်အနည်းငယ်အတွင်းမှာလည်း ကျွန်တော်တို့အားလုံးက အဝေးကနေ ပေါက်ကွဲသံတွေကို ကြားခဲ့ရတယ်။ အခုဆို ဆူညံသံတွေက ရပ်သွားပြီဆိုတော့ ဇွန်ဘီတွေ ရှင်းလင်းသွားပြီလို့ ထင်တယ်။ ခင်ဗျားတို့သာ အတူတူသွားမယ်ဆိုရင် ခင်ဗျားတို့တွေ့တဲ့ ဇွန်ဘီတိုင်းကို ကိုင်တွယ်ဖြေရှင်းနိုင်မှာပါ"
သူစကားဆုံးတောပ လူအုပ်က တိုးတိုးလေးတီးတိုးပြောနေကြပြီး သူတို့ထဲကတစ်ယောက်ယောက်က “အကြီးအကဲ၊ နယ်စပ်မှာက ဇွန်ဘီတွေနဲ့ ပြည့်နေသေးရင် ဘယ်လိုလုပ်မလဲ။ ကျွန်တော်တို့သာ အဲဒီကိုသွားရင် အဲဒါက ကိုယ့်ကိုယ်ကိုယ် သတ်သေတာပဲ မဟုတ်ဘူးလား” လို့ မေးလိုက်တယ်။
"ခုနက ရောက်လာတဲ့သူတွေက လင်အန်းမြို့က လာကြတာလေ။ နယ်စပ်ကနေဝင်လာရင် အန္တရာယ်ကမရှိတော့ဘူး။ အခုက လုံခြုံနေပြီဆိုတော့ အချိန်ကုန်ခံလို့ မရတော့ဘူး" ဟု အကြီးအကဲက ပြန်ဖြေသည်။
"အကြီးအကဲ၊ ကျွန်တော်တို့က အားနည်းတဲ့လူတွေပါ။ မင်းနဲ့ တခြားသူတွေမပါဘဲ ကျွန်တော်တို့က ဘယ်လိုလုပ်ပြီးရှင်သန်နိုင်မှာလဲ" လို့ အဘိုးကြီးတစ်ယောက်က ပြောလာသည်။
အခန်း-(၃၀၃)
အဘိုးကြီးရဲ့စကားတွေကို ကြားပြီးတဲ့နောက်မှာတော့ အကြီးအကဲက ခဏလောက်တိတ်ဆိတ်သွားပြီး "အဲဒီလိုဆိုရင် မင်းတို့ကိုကာကွယ်ဖို့ ညီအစ်ကိုတွေကို ဒီမှာထားခဲ့မယ်။ ကျွန်တော်ရယ် ဒါဟွမ် ၊ ရှောင်ဟွမ်တို့နဲ့အတူပဲ ပထမအသင်းကို ရှာမယ်" လို့ ပြောလိုက်တယ်။
သူ့ရဲ့စကားကြောင့် အစောင့်တွေက အံ့အားသင့်သွားပြီး အစောင့်တစ်ယောက်က “အကြီးအကဲ ၊ ခင်ဗျားတို့သုံးယောက်တည်းနဲ့ဆို အရမ်းအန္တရာယ်များတယ်။ ကျွန်တော့်ကိုလည်း သွားခွင့်ပြုပါ” လို့ ပြောလိုက်တယ်။
ခေါင်းဆောင်က ခေါင်းခါပြီး “ကျွန်တော့်အပြင် ခင်ဗျားကသာ ကျွန်တော်တို့ထဲမှာ အင်အားအကြီးဆုံးပဲ။ ခင်ဗျားသာ သူတို့နဲ့အတူ ဒီမှာရှိနေရင် ကျွန်တော် ပိုစိတ်အေးသွားမှာပါ” လို့ ပြောပြလိုက်တယ်။
"ဒါပေမယ့် ကျွန်တော်-"
သူစကားမဆုံးခင်မှာပဲ အကြီးအကဲက “မင်းက ကျွန်တော်နဲ့ ညီအစ်ကိုတွေအတွက် သစ္စာရှိပြီး စိုးရိမ်တယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမဲ့ မင်းဆီမှာလည်း တာဝန်တွေရှိနေတယ်။ အန္တရာယ်များတဲ့ မစ်ရှင်တစ်ခုကို သွားဖို့အတွက်နဲ့ မင်းရဲ့ဇနီးနဲ့ ကလေးကို စွန့်ပစ်လို့ မရဘူး” လို့ ထပ်ပြောလိုက်တယ်။
ထိုသူက သူ့မိသားစုကိုပြန်ကြည့်လိုက်ပြီး သူ့ဇနီးရဲ့ အသနားခံနေသောအကြည့်ကို တွေ့သွားသည်။ ခဏအကြာတွင်တော့ သူသည် ခေါင်းငုံ့ကာ ဘာမှမပြောတော့ပေ။
သူတို့စိတ်ဓာတ်ကျနေတာကို သတိထားမိတဲ့ အကြီးအကဲက “ကောင်းပြီ၊ အချိန်မဖြုန်းကြနဲ့။ နေ့လည်စာ အရင်စားကြမယ်။ ပြီးရင် ပစ္စည်းတွေကို ထုပ်ပိုးပြီး ထွက်သွားဖို့ ပြင်ဆင်ကြ” လို့ ပြောလိုက်တယ်။
"နားလည်ပါပြီ" ဟု အစောင့်များနှင့် ရွာသားများက လူစုမခွဲလိုက်ခင်တွင် ပြန်ဖြေကြသည်။
အမျိုးသမီးတွေက နေ့လယ်စာ ပြင်ဆင်ဖို့ သွားနေကြပြီး အမျိုးသားတွေနှင့် ကလေးတွေကတော့ သူတို့ရဲ့ ပစ္စည်းတွေကို ထုပ်ပိုးနေကြတယ်။ ဒီနေရာက ထွက်သွားပြီးရင် သူတို့မှာ ဘာဖြစ်လာမယ်ဆိုတာ ဘယ်သူမှမသိကြတဲ့အတွက် အားလုံးက တိတ်ဆိတ်စွာ အလုပ်လုပ်နေကြသည်။
နှစ်နာရီကြာအပြီးတွင် နတ်ဆိုးအဖွဲ့က ပစ္စည်းများထုပ်ပိုးပြီး ဂိုဒေါင်အဆောက်အအုံမှ ထွက်လာသည်။ သူတို့ထွက်လာတာနှင့် အပြင်ဘက်တွင် လူအုပ်ကြီးတစ်အုပ်ကို မြင်လိုက်ရသည်။
သူတို့ကိုမြင်တော့ အကြီးအကဲက လျှောက်လာပြီး "ရဲဘော်၊ ကျွန်တော်တစ်ခုမေးလို့ရမလား" လို့ မေးလာတယ်။
"ပြောပါ" ဟု ကျင်းရွှီယန်းက ပြောသည်။
"မင်းတို့အဖွဲ့က လင်အန်းမြို့ကလို့ မင်းပြောခဲ့တယ်။ နယ်စပ်မှာက အခြေအနေ ဘယ်လိုလဲ" လို့ အကြီးအကဲက မေးလိုက်သည်။
သူ့မေးခွန်းကိုကြားတော့ ကျင်းရွှီယန်းက “မင်းက ဇွန်ဘီတွေအကြောင်းမေးနေတာဆိုရင် ဇွန်ဘီအုပ်ကြီးကို သတ်ပြီးသွားပြီ။ နယ်စပ်က အခုချိန်မှာ အတော်လေးလုံခြုံပါတယ်” လို့ ပြန်ဖြေလိုက်တယ်။
လူတိုင်းက ဒါကိုကြားလိုက်တဲ့အပြီးမှာပဲ သူတို့ရဲ့ မှိုင်းညို့နေတဲ့ မျက်လုံးတွေထဲမှာ မျှော်လင့်ချက်တွေကြောင့် တောက်ပလာတယ်။ သူတို့တွေ တိီးတိုးလေးပြောဆိုနေကြချိန်မှာပဲ အကြီးအကဲက ထပ်မေးလိုက်တယ် "ဒါဆို လင်အန်းမြို့ရဲ့ အခြေအနေကရော ဘယ်လိုလဲ"
သူ့ရဲ့မေးခွန်းကိုကြားပြီးတဲ့နောက်မှာပဲ ဒီလူတွေက လင်အန်းမြို့ကိုသွားဖို့ စီစဉ်နေတယ်ဆိုတာကို နတ်ဆိုးအဖွဲ့က သိလိုက်သည်။
ဒီတစ်ခါတော့ ကျန်းယွမ်ကပြန်ဖြေတယ် “ရဲဘော်၊ မင်းနဲ့ မင်းရဲ့လူတွေ လင်အန်းမြို့ကို သွားဖို့စီစဉ်ထားရင် လင်အန်းတက္ကသိုလ်နားက အခြေစိုက်စခန်းကို သွားသင့်တယ်လို့ အကြံပြုပါရစေ။ မြို့လယ်ခေါင်ကို ရှောင်ပါ”
"လောလောဆယ်မှာတော့ ကျွန်တော်တို့သိတဲ့ တစ်ခုတည်းသော ဘေးကင်းတဲ့နေရာက တောင်ထိပ်ဥယျာဉ်လူနေဧရိယာမှာရှိတဲ့ အခြေစိုက်စခန်းပဲ။ နယ်စပ်ကနေ အဲဒီကိုရောက်ဖို့ ကားမောင်းချိန် ခြောက်နာရီကနေ ခုနစ်နာရီလောက် ကြာပါလိမ့်မယ်"
သူဒီလိုပြောလိုက်တာနဲ့ အသက်ရှင်ကျန်ရစ်သူတွေဟာ တခြားပြဿနာတစ်ခုအတွက် စိုးရိမ်စပြုလာကြပါတယ်။ သူတို့ရဲ့လက်ရှိနေရာကနေဆို တစ်ရက်အတွင်းမှာပဲ အခြေစိုက်စခန်းကိုရောက်နိုင်ပေမယ့် ကားတွေ ဒါမှမဟုတ် ဘတ်စ်ကားတွေ အများကြီးလိုအပ်ပါလိမ့်မယ်။
နတ်ဆိုးအဖွဲ့က ဒီပြဿနာကို သတိထားမိပေမယ့် ဘာမှ အကူအညီမပေးခဲ့ပါဘူး။ ဘာပဲဖြစ်ဖြစ် လူတိုင်းကို ကူညီဖို့က မဖြစ်နိုင်ဘဲ သူတို့မှာလည်း ကိုယ်ပိုင်ပြဿနာတွေ ရှိကြပါတယ်။
အကြီးအကဲကလည်း ဒါကို သိတယ်။ ဒါကြောင့် မေးခွန်းအနည်းငယ် ထပ်မေးပြီးတဲ့နောက်မှာ ခေါင်းညိတ်ပြီး "ရဲဘော်၊ အချက်အလက်တွေကို မျှဝေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်" လို့ ပြောလိုက်တယ်။
ကျန်းယွမ်က ခေါင်းညိတ်ပြီး သူ့အဖွဲ့နဲ့အတူ ထွက်ခွာလာတဲ့အခါ စပ်စုတဲ့ရွာသားတွေက သူတို့နောက်ကို လိုက်လာကြပါတယ်။ ကျိူးလီဇီက သူမရဲ့လက်ကိုဝှေ့ယမ်းတော့ သံချပ်ကာကားတွေက ဘယ်ကမှန်းမသိ ပေါ်လာတာကိုမြင်တော့ အံ့သြတကြီးဖြင့် သူတို့ရဲ့ပါးစပ်တွေကအဟောင်းသား ဖြစ်သွားကြပါတယ်။
ခရီးသည်ထိုင်ခုံပေါ် မတက်နိုင်ခင်မှာပဲ သူမရဲ့ဘောင်းဘီအနားစက အဆွဲခံလိုက်ရတာကို ကျိူးလီဇီခံစားလိုက်ရတယ်။ ခေါင်းငုံ့ကြည့်လိုက်တော့ ကောင်လေးတစ်ယောက်က သူမကိုစိုက်ကြည့်နေတာ တွေ့လိုက်ရတယ်။
သူမက သူ့ကို ပြန်ကြည့်ပြီး "ဘာလိုချင်လဲ" လို့ မေးလိုက်တယ်။
သူမရဲ့အကြည့်နှင့် ဆုံတဲ့အခါမှာတော့ ကောင်လေးဟာ ကြောက်ရွံ့မှုကြောင့် တုန်ယင်သွားတယ်။ သူ့အရှေ့က အစ်မရဲ့မျက်လုံးတွေဟာ ခဏတာမျှအရောင်ပြောင်းသွားတယ်။ သူမရဲ့မျက်လုံးတွေက နိုင်ငံခြားသားတွေနဲ့ ဆင်တူပေမယ့် ပင်လယ်နဲ့ကောင်းကင်လို သန့်ရှင်းနေတယ်။
သူ့အစ်မနှင့် အစ်ကိုအကြောင်းကို စဉ်းစားမိတော့ လက်သီးကို တင်းတင်းဆုပ်ကာ "အစ်မ ၊ အဖျားအတွက် ဆေးရှိလားဗျ။ ကျွန်တော့်ရဲ့ အစ်မနဲ့ အစ်ကိုက ရက်အတော်ကြာ နေမကောင်းဖြစ်နေတာ၊ အဖျားက မသက်သာဘူး" လို့ ပြောလိုက်တယ်။
ဒါကိုကြားတော့ ကျိုးလီဇီက သူတို့ကိုကြည့်နေတဲ့လူတွေကို လှမ်းကြည့်ပြီး ကောင်လေးကို "ဘာလို့ ငါကမင်းကိုကူညီရမှာလဲ" လို့ မေးလိုက်တယ်။
ကောင်လေးက ဒါကိုကြားတော့ သူမရဲ့ဘောင်းဘီကို ဆုပ်ကိုင်ထားတဲ့လက်ကို ဖြည်ပြီး "ကျွန်တော်... ကျွန်တော်မသိဘူး" လို့ ပြောလိုက်တယ်။
ထိုကောင်လေးက သူမထံမှ ဘာတစ်ခုမှ ရနိုင်တော့မည်မဟုတ်ကြောင်းကို မြင်လိုက်ရသောအခါတွင်တော့ ရွာသားများသည် ဤမိန်းကလေးဟာ ကိုယ်ကျင့်တရားဖြင့် ဖိအားပေး၍ အနိုင်ယူရန် မဖြစ်နိုင်တော့ကြောင်းကို သဘောပေါက်သွားကြသည်။ ထိုသို့ဖြစ်လာသည့်အတွက် သူတို့လည်း စိတ်ပျက်သွားကြပြီး နောက်သို့ပင် လှည့်မကြည့်တော့ဘဲ ထွက်ခွာသွားကြလေတော့သည်"
သူတို့ထွက်သွားပြီးနောက်မှာပဲ ကျိူးလီဇီက ခေါင်းလှည့်ပြီး "အစ်ကိုချင်၊ တစ်ယောက်ယောက် ပုန်းနေလား" လို့ မေးလိုက်တယ်။
ချင်လူဇီက သူ့စိတ်မြေပုံကို စစ်ဆေးပြီး “မရှိဘူး” လို့ ပြောလိုက်တယ်။
သူ့စကားတွေကို ကျိုးလီဇီက ခေါင်းညိတ်ကာတုံ့ပြန်လိုက်ပြီး သူမရဲ့နေရာလွတ်ကနေ ကျောပိုးအိတ်တစ်လုံးကို ထုတ်ယူကာ အစာခြောက် ၊ ဆေးဝါးနှင့် သူမရဲ့ကန်ရေ ပုလင်းအတော်များများကို ထည့်လိုက်တယ်။
ကောင်လေးရဲ့ မောင်နှမတွေက သူတို့ရဲ့ စွမ်းရည်တွေ နိုးထဖို့လုပ်နေတယ်လို့ ခန့်မှန်းမိတာကြောင့် ကျောပိုးအိတ်ရဲ့ အကန့်တစ်ခုမှာလည်း သူမက အမြုတေတချို့ ထည့်လိုက်သည်။
ပြီးသွားတဲ့အခါမှာတော့ ကျောပိုးအိတ်ကို ကောင်လေးဆီပေးပြီး "ဒါကိုပြန်ယူသွားပြီး မင်းရဲ့အစ်ကိုနဲ့အစ်မကိုဆေးတိုက်လိုက်။ ရေထပ်တိုက်ဖို့ကို မမေ့ပါနဲ့။ အဖျားကျသွားရင် သူတို့နိုးလာလိမ့်မယ်" လို့ ပြောလိုက်တယ်။
ကောင်လေးက ကျောပိုးအိတ်ကိုဖက်ပြီး ဒူးထောက်လိုက်တယ်။ သူက ဦးညွှတ်ပြီး “ကျေးဇူးတင်ပါတယ် အစ်မ။ တစ်နေ့နေ့မှာတော့ အစ်မရဲ့ကြင်နာမှုကို ကျွန်တော် သေချာပေါက် ပြန်ဆပ်ပါ့မယ်” လို့ ပြောလိုက်တယ်။
ထိုကဲ့သို့ ကြီးမားသောဂါဝရပြုမှုကို ခံရသည့်အတွက် ကျိူးလီဇီက မသက်မသာဖြစ်နေပြီး ကောင်လေးကို ဆွဲထူလိုက်သည်။ သူမက ကောင်လေးရဲ့နဖူးပေါ်ရှိ သဲများကို သုတ်ပေးပြီး "ကျောပိုးအိတ်ကို ကောင်းကောင်းဝှက်ထားပြီး တခြားသူတွေ လုယူမသွားစေနဲ့" ဟု ပြောလိုက်သည်။
ဒီလိုပြောပြီးတဲ့နောက်မှာတော့ သူမက ကောင်လေးရဲ့ခေါင်းကိုပုတ်ပြီး ကားပေါ်တက်လိုက်သည်။ မကြာခင်မှာပဲ သူတို့နှစ်ယောက်က ကားဝင်းထဲကနေ ထွက်သွားကြသည်။
သူတို့ရဲ့ကားတွေကို မမြင်ရတော့တဲ့အထိ ကောင်လေးက အဲဒီမှာ ရပ်နေခဲ့တယ်။ အစောင့်တွေက သူ့မှာကျောပိုးအိတ်ကိုင်ထားတာမြင်တော့ သူတို့ထဲကတစ်ယောက်က “မြန်မြန်ပြန်သွားသင့်တယ်နော်။ ဘေးအဆောက်အဦးထဲက လူတွေကို သတိထား” လို့ ပြောလိုက်တယ်။
ကောင်လေးက ခေါင်းညိတ်ပြီး "သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အစ်ကို" လို့ ပြန်ဖြေတယ်။
ကောင်လေးဟာ သူ့ရဲ့ပစ္စည်းတွေကို တစ်ယောက်ယောက်က ပစ်မှတ်ထားမှာ စိုးရိမ်တာကြောင့် လမ်းတစ်လျှောက်လုံးမှာ လုံးဝ အရှိန်မလျှော့ရဲခဲ့ပါဘူး။ သူကစိုးရိမ်နေပေမယ့် တကယ်တမ်းမှာတော့ ဘယ်သူကမှ သူ့ကို ဂရုမစိုက်ခဲ့ပါဘူး။