အခန်း (၃၀၇-၃၀၉)
Vol. 21 Ch. 307-309
အခန်း-(၃၀၇)
သူ့အမေရဲ့စကားတွေကိုကြားတော့ သက်လတ်ပိုင်းလူက ခေါင်းခါပြီး "အမေ၊ ကျွန်တော်တို့ အစိုးရဆီမှာ မျှော်လင့်ချက်မထားသင့်တော့ဘူး။ တစ်လနီးပါးရှိနေပြီ၊ ဒါပေမယ့် ဘယ်သူကမှ ကျွန်တော်တို့ကို ကယ်တင်ဖို့ မလာခဲ့ဘူး" လို့ ပြောလိုက်တယ်။
"အရင်က လာခဲ့တဲ့သူတွေက ကျွန်တော်တို့အိမ်ကို လုယက်ဖို့ပဲ လာကြတာလေ။ ဒီမြေအောက်ခန်းထဲမှာသာ ကျွန်တော်တို့ ပုန်းမနေခဲ့ရင် ကျွန်တော်တို့လည်း အတော်ကြာကတည်းက အသတ်ခံရပြီးပြီ"
အဘွားအိုရဲ့ မျက်လုံးတွေထဲက အလင်းရောင်က သူမရဲ့ အကြီးဆုံးသားရဲ့ စကားတွေကြောင့် မှေးမှိန်သွားပြီး "ဒါလန်း၊ ငါတို့ရဲ့ အစားအစာတွေက နောက်တစ်လအတွက်ပဲ လုံလောက်တယ်။ အမေက အခုဆို အသက်ကြီးပြီ။ မင်းရဲ့ မိသားစုကိုခေါ်ပြီး ဒီနေရာကနေ ထွက်သွားသင့်တယ်။ ဘေးကင်းတဲ့နေရာကို ရှာပြီး ဆက်လက်နေထိုင်လိုက်ပါ" လို့ ပြောလိုက်တယ်။
သူ့အမေရဲ့ စကားတွေကိုကြားတော့ အဲဒီလူရဲ့ မျက်လုံးတွေက ရဲတက်လာတယ်။ သူက ခေါင်းခါပြီး "အမေ၊ ဘာအဓိပ္ပါယ်မရှိတဲ့ စကားတွေ ပြောနေတာလဲ။ ကျွန်တော့် ညီလေးတွေနဲ့ အဖေက မရှိတော့ဘူး၊ အခုဆို အမေပဲ ကျန်တော့တယ်။ အမေကိုသာ ထားခဲ့ရင် အမေက ဘာလုပ်မှာလဲ" လို့ မေးလိုက်တယ်။
သူဒီလိုပြောပြီးတဲ့နောက်မှာ အမျိုးသမီးတစ်ယောက်ကလျှောက်လာပြီး အဘွားအိုရဲ့လက်ကိုကိုင်ကာ"အမေ၊ ကျွန်မတို့က မိသားစုဝင်တွေပါ။ အမေကို စွန့်ပစ်မှာမဟုတ်ဘူး။ ကျွန်မတို့ရဲ့အိမ်ကနေ ထွက်သွားရရင်တောင် အတူတူသွားကြမယ်" လို့ ပြောပါတယ်။
"အဖွား၊ ကျွန်တော်တို့က အဖွားနဲ့ ခွဲနေရတာ မလိုချင်ဘူး" ဟု ကလေးတွေကလည်း ဝင်ပြောကြသည်။
သူမရဲ့မိသားစုက သူမကို ချစ်ခင်ကြင်နာတာကိုမြင်ရုံနဲ့ အဘွားအိုအတွက် လုံလောက်နေပါပြီ။ သူမက ချွေးမဖြစ်သူရဲ့လက်ကို ပုတ်ပြီး "ဒါလန်းရဲ့ဇနီး၊ ငါက အသက်ရှည်ရှည်နေခဲ့ပြီးပြီ နောင်တလည်း မရှိဘူး။ ငါက အသက်ကြီးပြီမို့ မပြေးနိုင်တော့ဘူး။ မင်းတို့နဲ့အတူသာလိုက်မယ်ဆို ငါက မင်းတို့ရဲ့ဝန်ထုပ်ဝန်ပိုး ဖြစ်လာလိမ့်မယ်။ ဒါကြောင့် ငါပြောတာကို နားထောင်ပြီး မနက်ဖြန်ကြရင် ထွက်သွားပါ" လို့ ပြောလိုက်တယ်။
သူမ ဒီလိုပြောပြီးပြီးချင်းပဲ အပြင်ဘက်ကနေ အသံတစ်ခု ထွက်လာတာကို ကြားလိုက်ရတယ်။
"အာ.. အစ်ကိုပိုင် တစ်ယောက်ယောက် စကားပြောနေတာကို ကြားလိုက်လား"
ဒါကိုကြားလိုက်ရတဲ့အချိန်မှာ အဘွားအိုနှင့် သူမရဲ့မိသားစုဟာ စကားမပြောရဲတော့ပါဘူး။
အပြင်ဘက်က နတ်ဆိုးအဖွဲ့ဝင်တွေကတော့ ဇွန်ဘီတွေ မရှိ တော့ကြောင်းသေချာအောင် ပတ်ပတ်လည်ကို စစ်ဆေးနေကြတယ်။ သူတို့ ကင်းလှည့်နေတုန်းမှာပဲ ဒီဘက်ကနေ အသံတိုးတိုးလေးတွေ ကြားလိုက်ရတာကြောင့် အခြေအနေကို စစ်ဆေးဖို့ လာကြတယ်။
ကုန်းပိုင်က ပြန်မဖြေနိုင်ခင်မှာပဲ ချင်လူဇီက လျှောက်လာပြီး "ဒီနေရာမှာ စုစုပေါင်း လူငါးယောက်ရှိတယ်။ သူတို့က အိမ်ထဲမှာ မရှိတဲ့အတွက် မြေအောက်ခန်းထဲမှာ ပုန်းနေနိုင်တယ်" လို့ ပြောလိုက်တယ်။
"အစ်ကို လူဇီ၊ ဘယ်လိုသိတာလဲ" ရှောင်ချီက စပ်စုစွာ မေးလိုက်သည်။
"ရွာထဲက အိမ်အများစုမှာက ကောက်ပဲသီးနှံတွေနဲ့ တခြား အစာခြောက်တွေကို သိမ်းဆည်းထားဖို့ မြေအောက်ခန်းတွေ ရှိတယ်။ ငါ့အဘိုးအဘွားအိမ်မှာလည်း တစ်ခုရှိတယ်၊ ဒါကြောင့် ငါသိတာပါ" ဟု ချင်လူဇီက ပေါ့ပေါ့တန်တန် ပြန်ဖြေသည်။
သူဆီက လမ်းညွှန်ပေးမှုရပြီးနောက်တွင်တော့ ကုန်းပိုင်သည် မြေအောက်ခန်းသို့ ဝင်ပေါက်ကို အလွယ်တကူ ရှာတွေ့ရှိခဲ့တယ်။ တံခါးကို ဆွဲဖွင့်လိုက်သောအခါတွင် အနီရောင်လရောင်က မြေအောက်ခန်းကို လင်းလက်သွားသည်။
အထဲမှာပုန်းနေတဲ့မိသားစုက ထောင့်ကိုပြောင်းသွားပြီး သူတို့ကိုရှောင်ဖို့ အိတ်တွေနောက်မှာ ပုန်းနေခဲ့ကြတယ်။ ဒါပေမယ့်လည်း ချင်လူဇီရှိနေတော့ အရမ်းအစွမ်းထက်တဲ့ စွမ်းရည်အသုံးပြုသူတစ်ယောက်တောင် သူ့ဆီကနေ ပုန်းလို့မရဘူး။ သာမန်လူတွေဆို ပိုလို့တောင် ပုန်းလို့မရပါဘူး။
သူက ထောင့်ကို လက်ညှိုးထိုးပြီး "သူတို့က အိတ်တွေရဲ့ အနောက်မှာ ရှိနေတယ်" လို့ ပြောလိုက်တယ်။
သူ့စကားအဆုံးမှာပဲ သက်လတ်ပိုင်းလူက အံကိုကြိတ်ကာ သူ့ရဲ့ပုန်းအောင်းရာ နေရာမှထွက်လာခဲ့သည်။ သူ့မိသားစုရဲ့ အရှေ့တွင် ရပ်ကာ "ရဲဘော်၊ ပစ္စည်းတွေယူဖို့လာရင် ယူသွားလို့ရတယ်။ ဒါပေမယ့် ကျွန်တော့်မိသားစုရဲ့ အသက်ကိုတော့ ချမ်းသာပေးပါ" ဟု ပြောလိုက်သည်။
ရှောင်ချီ နှင့် ကုန်းပိုင်တို့သည် အဲဒီလူကိုမြင်တာနဲ့ သူဟာ အရင်ကတွေ့ခဲ့တဲ့ အသက်ရှင်ကျန်ရစ်သူတွေလောက် မပိန်ဘူးဆိုတာကို သတိထားမိလိုက်ကြတယ်။
ခဏတာ တိတ်ဆိတ်သွားပြီးနောက် ကုန်းပိုင်က "ရဲဘော်၊ ခင်ဗျားရဲ့ ပစ္စည်းတွေကိုယူသွားဖို့ ကျွန်တော်တို့ လာတာ မဟုတ်ပါဘူး။ အပြင်က ဇွန်ဘီတွေကို ရှင်းလင်းပြီးပြီဖြစ်လို့ အထဲမှာ လှည့်လည်သွားလာနေတဲ့ ဇွန်ဘီတွေ ကျန်ရှိနေလားဆိုတာ စစ်ဆေးနေတာပါ" ဟု ရှင်းပြလိုက်သည်။
ဤစကားကိုကြားသောအခါတွင် ထိုလူက အံ့အားသင့်သွားပြီး "ခင်ဗျားတို့က ပစ္စည်းတွေယူဖို့ လာတာမဟုတ်ဘူးလား" ဟု မေးလိုက်သည်။
ရှောင်ချီက ခေါင်းခါပြီး "ရဲဘော်၊ ကျွန်တော်တို့က ဓားပြတွေ မဟုတ်ဘူး။ မြို့ထဲမှာလည်း ရိက္ခာတွေ ရှာတွေ့နိုင်တယ်။ ဘာလို့ ခင်ဗျားရဲ့ဟာကို ယူရမှာလဲ။ ပြီးတော့ ကျွန်တော်တို့မှာက ရိက္ခာတွေ လုံလောက်ပြီး ဒီလောက်ရဲ့နည်းနည်းလေးတောင် မလျော့ပါဘူး" လို့ ပြန်ဖြေလိုက်တယ်။
သူဒီလိုပြောပြီးတဲ့နောက်မှာပဲ အဲဒီလူရဲ့မျက်လုံးတွေက တောက်ပလာပြီး "ရဲဘော်၊ ခင်ဗျားတို့က အစိုးရက ကျွန်တော်တို့ကို ကယ်တင်ဖို့ စေလွှတ်လိုက်တဲ့ စစ်သားတွေလား" လို့ မေးလိုက်တယ်။
ဒီတစ်ခါတော့ ချင်လူဇီက "ကျွန်တော်တို့က ကြေးစားအဖွဲ့ပါ။ ဘယ်သူ့ကိုမှ ကယ်တင်ဖို့ ဘာမစ်ရှင်မှ မယူခဲ့ပါဘူး" လို့ ပြန်ဖြေခဲ့တယ်။
သူဒီလိုပြောပြီးတဲ့နောက်မှာ ခဏလောက်ရပ်ပြီးခါမှ "နောက်ပြီး အစိုးရဆိုတာက မရှိတော့ဘူးလေ။ မင်းရဲ့ စိတ်ကူးယဉ်အတွေးတွေကို ရပ်လိုက်သင့်တယ်။ ဘယ်သူကမှ မင်းကို ကယ်တင်မှာ မဟုတ်ဘူး။ မင်းရှင်သန်ချင်ရင် ရှင်သန်ဖို့ မင်းကိုယ်တိုင်တိုက်ပွဲဝင်ရမယ်" လို့ ဆက်ပြောလိုက်တယ်။
နောက်တစ်ခဏမှာတော့ အဘွားအိုတစ်ယောက်က အိတ်တွေနောက်ကနေ ထွက်လာပြီး "လူငယ်လေး၊ အဲဒါက ဘာကိုဆိုလိုတာလဲ" လို့ မေးလိုက်တယ်။
အသက်ကြီးကြီးအမျိုးသမီးကိုမြင်တော့ ရှောင်ချီက "အဘွား၊ ဥပဒေတွေက ပြိုလဲသွားပြီး အစိုးရကလည်း အရင်လို မလည်ပတ်တော့ဘူး။ အခုတော့ အုပ်ချုပ်သူတွေက အင်အားကြီးသူတွေဖြစ်ပြီး အင်အားနည်းသူတွေကို အနိုင်ကျင့်နေကြပြီ" လို့ ပြောလိုက်တယ်။
ဒါကိုကြားတော့ အဘွားကြီးက သားဖြစ်သူရဲ့လက်မောင်းကို ဆုပ်ကိုင်ပြီး "ဒါလန်း၊ အခု ဘာလုပ်သင့်လဲ" လို့ မေးလိုက်တယ်။
သူမရဲ့မျက်ရည်တွေကို သတိထားမိတဲ့အခါမှာ ကုန်းပိုင်က သူ့အဖွားအကြောင်းကို တွေးမိပြီး "အဖွား၊ အဖွားတို့မိသားစုမှာ ရိက္ခာတွေ ရှိနေသေးတာပဲ။ ဒီနေရာကနေ ထွက်သွားပြီး လင်အန်းမြို့ကိုသွားရင် အဲဒီက အသက်ရှင်ကျန်ရစ်သူတွေရဲ့ အခြေစိုက်စခန်းနဲ့ ပူးပေါင်းနိုင်လိမ့်မယ်" လို့ ပြောလိုက်တယ်။
"အခြေစိုက်စခန်းခေါင်းဆောင်ရဲ့နာမည်က ရွှီချွန်း ပါ၊ အဲဒီမှာ အသက်မွေးဝမ်းကျောင်းပြုလို့ရတယ်။ လင်အန်းမြို့နယ်စပ်ကနေ လင်အန်းတက္ကသိုလ်ကို ခြောက်နာရီလောက် မောင်းသွားရမယ်။ မြို့လယ်ခေါင်ကို ရှောင်ပြီး ဆင်ခြေဖုံးလမ်းကို မောင်းရမယ်"
နောက်ဆုံးတော့ အသက်လတ်ပိုင်းလူက မျှော်လင့်ချက်ကို ဆုပ်ကိုင်မိသွားပြီး "ရဲဘော်၊ ဒီစခန်းအကြောင်း ပိုပြောပြနိုင်မလား" ဟု မေးလိုက်သည်။
"ရဲဘော်၊ ဒီအခြေစိုက်စခန်းမှာ သာမန်လူတွေတောင် အလုပ်ရှာပြီး အမှတ်တွေရနိုင်တယ်။ အဲဒီအမှတ်တွေကိုသုံးပြီး အစားအစာ၊ ဆေးဝါးနဲ့ လဲလှယ်နိုင်သလို အိမ်ငှားဖို့တောင် လုပ်နိုင်တယ်။ သီးခြားကျွမ်းကျင်မှုတစ်ခုသာရှိရင် အခြေစိုက်စခန်းအတွက် အလုပ်လုပ်ပြီး လစဉ်လစာပိုရနိုင်တယ်" ဟု ရှောင်ချီက ရှင်းပြသည်။
"ရဲဘော်၊ အဲဒီမှာက အခြေအနေ ဘယ်လိုလဲ။ အဲဒီနေရာက လုံခြုံရဲ့လား" ဟု အဘွားကြီးက မေးသည်။
ဒီတစ်ခါတော့ ရှောင်ချီက ခေါင်းညိတ်ပြီး "အဘွား၊ ကျွန်တော် အရင်ကသွားဖူးသမျှ နေရာတွေအားလုံးထဲမှာ ဗိုလ်ကြီးရွှီ ဦးဆောင်တဲ့စခန်းက အကောင်းဆုံး လုံခြုံရေးရှိတယ်။ ကျွန်တော်တို့ ထွက်လာတုန်းကဆို သူတို့က နံရံတစ်ခု ဆောက်နေပြီး စခန်းတဝိုက်က ဇွန်ဘီတွေကို ရှင်းလင်းဖို့ လူတွေ စေလွှတ်နေကြတယ်။ အဲဒီမှာက အေးအေးဆေးဆေး နေလို့ရတယ်" လို့ ပြန်ဖြေလိုက်တယ်။
ထိုသူနှင့် သူ့မိသားစုသည် သူတို့ရဲ့စကားများကြောင့် သွေးဆောင်ခံရသော်လည်း မြေအောက်ခန်းထဲက ကောက်ပဲသီးနှံများနှင့် အစားအစာများကို မြင်သောအခါ တွန့်ဆုတ်သွားကြသည်။
အခန်း-(၃၀၈)
ထိုသူနှင့် သူ့မိသားစုက တွန့်ဆုတ်နေတာကို သတိပြုမိတော့ ကုန်းပိုင်က ခဏစဉ်းစားလိုက်ကာ "ရဲဘော်၊ကျွန်တော်တို့နဲ့အတူလိုက်ပြီး ကျွန်တော်တို့ရဲ့ ကပ္ပတိန်နဲ့ အရင်တွေ့လိုက်ရင်မကောင်းဘူးလား။ မိသားစုရဲ့အခြေအနေအတွက် ဖြေရှင်းချက်တစ်ခု ရှိကောင်းရှိနိုင်တယ်" ဟု ပြောလိုက်သည်။
ဒီစကားကိုကြားတော့ သက်လတ်ပိုင်းအရွယ်လူက သူ့ဇနီးကိုကြည့်လိုက်တော့ သူမက ခေါင်းခါပြနေတာကိုမြင်လိုက်တယ်။ ဒီလူတွေနောက်ကိုလိုက်ဖို့က အန္တရာယ်များတယ်ဆိုတာ သူသိပေမယ့် အခုချိန်မှာတော့ သူတို့မှာ တခြားရွေးချယ်စရာမရှိတော့ဘူး။ သူတို့က ဒီမှာပဲ ဆက်နေ,နေမယ်ဆိုရင် သေရလိမ့်မယ်။ သူတို့ထွက်သွားရင် အနည်းဆုံးတော့ အသက်ရှင်ဖို့ အခွင့်အရေးရှိတယ်။
သူ့ဇနီးရဲ့လက်ကို ဆုပ်ကိုင်ပြီး "မိန်းမ၊ ဒီမှာပဲ ငါ့ကိုစောင့်နေ။ ငါပြန်လာခဲ့မယ်" လို့ ပြောလိုက်တယ်။
အဆုံးစီရင်ရမယ့် မစ်ရှင်တစ်ခုကို သွားနေသလိုဖြစ်နေတဲ့ အဲဒီလူက နတ်ဆိုး အဖွဲ့ဘက်ကိုလှည့်ပြီး "ရဲဘော်၊ ငါ ၊ မင်းနဲ့အတူ လိုက်မယ်" လို့ ပြောလိုက်တယ်။
သူ့ရဲ့အမူအရာကိုမြင်တော့ အဖွဲ့ဝင်တွေက အကြည့်ချင်းဖလှယ်လိုက်ပြီး မြေအောက်ခန်းထဲကနေ တက်လာကြတော့ အဲဒီလူကလည်း အနောက်လိုက်လာတယ်။
သူတို့ထွက်လာပြီးနောက်မှာတော့ သက်လတ်ပိုင်းအမျိုးသားရဲ့ဇနီးက တံခါးကိုပိတ်ပြီး သော့ခတ်လိုက်တယ်။ နတ်ဆိုး အဖွဲ့က သော့ကိုဖျက်လိုက်ပေမယ့် သံချောင်းတစ်ချောင်းကိုသုံးပြီး တံခါးကို ပိတ်လိုက်တယ်။
အပြင်ကိုရောက်တော့ သက်လတ်ပိုင်းလူက ရပ်တန့်ကာ ခေါင်းမော့ကြည့်လိုက်တော့ လနီကိုမြင်လိုက်ရသည်။ အရင်ကနဲ့မတူဘဲ ဇွန်ဘီတွေရဲ့ ဟိန်းဟောက်သံတွေက မရှိတော့ဘူး။ သူက အဲဒီမှာရပ်နေပြီး ထူးဆန်းတဲ့ တိတ်ဆိတ်မှုတွေက ဝန်းရံထားတယ်။ သူတို့ရဲ့ အသက်ရှူသံတွေကလွဲလို့ တခြားအသံတွေ မရှိဘူး။
"သွားကြစို့" ဟု ချင်လူဇီက ပြောသည်။
ပြောရင်းနဲ့ပဲ ရွာဝင်ပေါက်ဆီကို ပြန်လျှောက်သွားကြတယ်။ ပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ သူ့ရွာဟာ လူသူကင်းမဲ့နေပြီး သေဆုံးသွားပြီဆိုတာမြင်တော့ သက်လတ်ပိုင်းအရွယ် အမျိုးသားက သက်ပြင်းချလိုက်သည်။ အရင်ကလို ပျော်ရွှင်ပြီး သက်ဝင်လှုပ်ရှားနေတဲ့ ပတ်ဝန်းကျင်ကို မတွေ့ရတော့ဘူး။
သူတို့ ၁၅ မိနစ်လောက် လမ်းလျှောက်အပြီးတွင် ရွာအဝင်နားက နှစ်ထပ်အိမ်တစ်လုံးကို ရောက်လာကြတယ်။ ဒီအိမ်ကိုမြင်တော့ သက်လတ်ပိုင်းလူရဲ့မျက်လုံးထဲမှာ နာကျင်မှုတွေ ဖြတ်ပြေးသွားတယ်။
သူ့မိသားစုဝင်တွေ ဘီလူးတွေဖြစ်မသွားခင်ကဆို ဒီအိမ်ကို သူ့ရဲ့ဒုတိယအစ်ကိုပိုင်ခဲ့တယ်။ အခုလို အိမ်ပေါ်မှာ သူစိမ်းတစ်စုနေထိုင်တာကိုမြင်တော့ သူ မပျော်မရွှင်ဖြစ်နေပြီး အကူအညီမဲ့သလိုလည်း ခံစားရတယ်။
သူတို့ အိမ်ထဲကိုဝင်လာတဲ့အခါတွင် သက်လတ်ပိုင်းလူကိုမြင်တော့ ကျင်းရွှီယန်းက မျက်ခုံးပင့်လိုက်ပေမယ့် ဘာမှမပြောဘူး။ သူ့အဖွဲ့ဝင်တွေရဲ့ ဆုံးဖြတ်ချက်ကို သူယုံကြည်တယ်။
ထိုင်ခုံတွေမှာ သူတို့နေရာယူပြီးတဲ့နောက်မှာပဲ ချင်လူဇီက စပြောတယ်"ကပ္ပတိန် ၊ ဒီလူနဲ့ သူ့မိသားစုကို အိမ်တစ်အိမ်ရဲ့ မြေအောက်ခန်းထဲမှာ ကျွန်တော်တို့ တွေ့ခဲ့တယ်။ သူ့တို့မိသားစုကို ကူညီနိုင်မယ့် နည်းလမ်းရှိမရှိကြည့်ဖို့ သူ့ကို ခေါ်လာခဲ့တာပါ"
ဒါကိုကြားတော့ ကျိူးလီဇီရဲ့ စိတ်ဝင်စားမှုက မြင့်တက်သွားပြီး "အစ်ကို လူဇီ၊ သူ့မိသားစုရဲ့ အခြေအနေက ဘယ်လိုလဲ" လို့ မေးလိုက်တယ်။
သူမရဲ့မေးခွန်းကို မဖြေခင်မှာ ချင်လူဇီက ထိုလူကို လှမ်းကြည့်ပြီး "ဒီလူက စွမ်းရည်အသုံးပြုသူပါ၊ ဒါပေမယ့် သူကိုယ်တိုင်တောင် သတိမထားမိလောက်ဘူး" လို့ ပြန်ဖြေလိုက်သည်။
ဒီစကားတွေကိုကြားတော့ သက်လတ်ပိုင်းလူက အံ့သြသွားတယ်။ ဘာထူးခြားမှုကိုမှ သူမခံစားရဘူး။ ဒီစွမ်းရည်အသုံးပြုသူလို့ ဆိုတဲ့စကားကိုတော့ အရင်လူတစ်စုလာပြီး သူတို့ရွာကို လုယက်တုန်းက ဒီအသုံးအနှုန်းကို ကြားဖူးတယ်။
ခဏတာ ငြိမ်သက်သွားပြီးနောက် ချင်လူဇီက ဆက်ပြောသည် "သူ့ရဲ့မိသားစုမှာတော့ အဘွားအိုတစ်ယောက်၊ အသက်လတ်ပိုင်းအမျိုးသမီးတစ်ယောက်နဲ့ နောက်ထပ်လူသုံးယောက်ရှိသေးပေမယ့် သူတို့ကို ကျွန်တော်တို့မတွေ့ခဲ့ရဘူး။လက်ရှိအခြေအနေကို ကြည့်ရသလောက်တော့ သူဟာ ဒီမိသားစုမှာ ကျန်ရစ်ခဲ့တဲ့ တစ်ဦးတည်းသော အမျိုးသား ဖြစ်နိုင်ပါတယ်"
"သူတို့မိသားစုရဲ့ မြေအောက်ခန်းထဲမှာ ရိက္ခာတချို့ရှိတယ်။ လူအရေအတွက်နဲ့ ရိက္ခာပမာဏအရဆို နောက်တစ်လလောက်အထိ အသက်ရှင်ဖို့က သူတို့အတွက် ပြဿနာမရှိဘူး"
"အဲဒီလိုဆိုရင် သူက ကျွန်မတို့ဆီက ဘာလိုအပ်တာလဲ" ကျိူးလီဇီက စပ်စုစွာ မေးလိုက်သည်။
ဒီတစ်ခါတော့ ရှောင်ချီက "မရီး ကျွန်တော်တို့က ဗိုလ်ကြီးရွှီ ရဲ့ အခြေစိုက်စခန်းအကြောင်း သူတို့ကို ပြောပြပြီးပြီ၊ သူတို့က အဲဒီကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားပုံရတယ်။ ဒါပေမယ့် အဲဒီအစေ့တွေနဲ့ဆိုရင် အရာအားလုံးကို ရွှေ့ပြောင်းဖို့က ခက်ခဲနိုင်တယ်" လို့ ရှင်းပြတယ်။
ဒီစကားကိုကြားလိုက်တာနဲ့ ကျိူးလီဇီက သက်လတ်ပိုင်းလူရဲ့ အခြေအနေကို နားလည်သွားတယ်။ သူမရဲ့စေ့စပ်ထားသူကို လှမ်းကြည့်ပြီး "အစ်ကိုယန်း ၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လိုထင်လဲ" လို့ မေးလိုက်တယ်။
သူမရဲ့အကြည့်ကိုတွေ့တာနဲ့ သူမမှာ အကြံတစ်ခုရှိပြီးသားဆိုတာကို ကျင်းရွှီယန်းက သိတယ်။ ဒါနဲ့ပဲ သူက "အာဇီ၊ ဒီကိစ္စကို မင်းကိုင်တွယ်နိုင်တယ်" လို့ ပြန်ဖြေလိုက်တယ်။
ကပ္ပတိန်က သူမကို ဆုံးဖြတ်ချက်ချခွင့်ပေးပြီးဖြစ်တဲ့အတွက် ကျိူးလီဇီက တွန့်ဆုတ်မနေတော့ဘဲ "ရဲဘော်၊ ရှင့်ရဲ့ပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းတစ်ခုတော့ ရှိပါတယ်" လို့ ပြောလိုက်တယ်။
သက်လတ်ပိုင်းအရွယ်လူရဲ့ မျက်လုံးများက တောက်ပသွားပြီး "ရဲဘော်၊ ဘယ်လိုမျိူးလဲ" ဟု မေးလိုက်သည်။
"အခုချိန်မှာ ရှင့်ရဲ့ပြဿနာက ရှင့်ရဲ့ပစ္စည်းတွေကို ဘယ်လိုသယ်ယူပို့ဆောင်ရမလဲဆိုတာပဲ။ ဒီလောက်အများကြီးယူသွားမယ်ဆိုရင် ရှင့်မိသားစုကိုတောင် ဒုက္ခပေးနိုင်တာမို့ ကောင်းတဲ့ကိစ္စမဟုတ်ဘူး" ဟု ကျိူးလီဇီက ပြောသည်။
ထိုလူက ခေါင်းညိတ်ပြီး "အဲဒါက ငါ့ရဲ့ စိုးရိမ်မှုပါပဲ" လို့ ပြောလာတယ်။
"ဒါကြောင့် ရှင့်ရဲ့ကောက်နှံတွေကို အစာခြောက်ရယ်တွေရယ် ၊ အမြုတေတွေနဲ့ လဲလှယ်ပေးရင်ကောင်းမလားလို့ပါ။ အမြုတေတွေနဲ့ဆိုရင် အခြေစိုက်စခန်းကိုရောက်တာနဲ့ အစားအစာတွေနဲ့ ပြန်လဲလှယ်လို့ရတယ်။ အစာခြောက်တွေကတော့ သယ်ယူပို့ဆောင်ရာမှာ ရှင့်ကိုပိုလွယ်ကူစေတယ်" ဟု ကျိူးလီဇီက အကြံပြုသည်။
ထိုသူက အတော်ကြာ တွန့်ဆုတ်နေခဲ့ပြီးမှ "ဘယ်လို အစာမျိုးလဲ။ ပြီးတော့ ငါတို့က အစားအစာ ဘယ်လောက်နဲ့ အမြုတေ ဘယ်နှစ်ခု လဲလှယ်နိုင်မှာလဲ" လို့ မေးလိုက်တယ်။
ကျိူးလီဇီက သူမရဲ့မေးစေ့ကိုပွတ်သပ်လိုက်ပြီး "ဆုံးဖြတ်ချက်ချနိုင်ဖို့ ရှင့်ရဲ့ကောက်နှံတွေကို အရင်စစ်ဆေးကြည့်ဖို့ လိုတယ်" လို့ ပြောလိုက်တယ်။
ဒါကိုကြားတော့ ထိုလူက ခဏလောက်တိတ်ဆိတ်သွားပြီးမှ ခေါင်းညိတ်ကာ "မင်း ငါနဲ့အတူ ကောက်နှံတွေကို အရင်သွားကြည့်လို့ရတယ်" လို့ ပြောလိုက်တယ်။
"ကောင်းပြီ" ကျိူးလီဇီက မတ်တပ်ထရပ်လိုက်သည်။
သူ့ရဲ့စေ့စပ်ထားသူ သွားမည်ကိုမြင်တော့ ကျင်းရွှီယန်းလည်း ထရပ်ပြီး သူမနှင့်အတူ လိုက်သွားလိုက်သည်။ အဖွဲ့ဝင်များက စပ်စုချင်နေကြသော်လည်း သူတို့က မလိုက်သွားကြဘဲ ညစာပြင်ဆင်ပေးကြသည်။ လူအများကြီးအတွက် ချက်ပြုတ်ရတာက မလွယ်ကူသောကြောင့် အတူတူလုပ်ကြရသည်။
မြေအောက်ခန်းကို ပြန်မရောက်ခင် ခဏလောက် လမ်းလျှောက်ခဲ့ကြတယ်။ အမျိုးသားက တံခါးခေါက်ပြီး "မိန်းမ ၊ ငါပါ" လို့ ပြောတယ်။
ခင်ပွန်းဖြစ်သူရဲ့ အသံကိုကြားသောအခါတွင် အသက်လတ်ပိုင်းအမျိုးသမီးက တံခါးကိုအမြန်ဖွင့်ပြီး "ယောင်္ကျား၊ ပြန်လာပြီလား" ဟုပြောလိုက်သည်။
သူမရဲ့ စကားဆုံးတော့မှ လူအုပ်ကြီးက သူ့မရဲ့ယောက်ျားနောက်ကို လိုက်လာတာ တွေ့လိုက်ရသည်။ သူမက သူတို့ကို သတိထားပြီး စိုက်ကြည့်နေကာ "ယောက်ျား၊ သူတို့က ဘယ်သူတွေလဲ" လို့ မေးလိုက်တယ်။
"သူတို့က ငါတို့နဲ့ အစားအစာဖလှယ်ဖို့ လာကြတဲ့သူတွေပါ" ဟု ထိုသူက ပြန်ဖြေသည်။
ဒါကိုကြားတော့ သူမခေါင်းညိတ်ပြီး သူမရဲ့ကလေးတွေ နဲ့ ယောက္ခမကိုရှာဖို့ ထွက်သွားခဲ့တယ်။ မကြာခင်မှာပဲ သူတို့က မြေအောက်ခန်းထဲကနေ ထွက်လာခဲ့ကြတယ်။ တစ်လလောက် နေရောင်ခြည်မထိတွေ့ဘဲ အထဲမှာပုန်းနေခဲ့ရလို့ သူတို့ရဲ့အသားအရေတွေက ဖြူဖျော့နေခဲ့တယ်။
အခန်း-(၃၀၉)
ကလေးတွေကိုမြင်တော့ ကျိူးလီဇီက သနားပေမယ့် အလကားကူညီဖို့တော့ သူမမှာရည်ရွယ်ချက်မရှိပါဘူး။
ငါးမိနစ်အကြာတွင် သူမက မြေအောက်ခန်းထဲသို့ဝင်ပြီး ကောက်ပဲသီးနှံများကို စစ်ဆေးခဲ့သည်။ ဆန်အပြင် အာလူး၊ ပြောင်း၊ ကန်စွန်းဥနှင့် ဟင်းသီးဟင်းရွက်အချို့ ရှိသည်။
ဒီသီးနှံတွေရဲ့ အရည်အသွေးက သူမရဲ့နေရာလွတ်မှာ စိုက်ပျိုးထားတဲ့ အသီးအနှံတွေထက် အများကြီးပိုဆိုးပေမယ့် အရင်ဘဝက သူမစားခဲ့တဲ့ အစားအစာတွေထက်တော့ အများကြီး ပိုကောင်းပါတယ်။
ခဏအကြာမှာတော့ ကျင်းရွှီယန်းက "အာဇီ ဘယ်လိုနေလဲ" လို့ မေးလိုက်တယ်။
ကျိူးလီဇီက သူမရဲ့စေ့စပ်ထားသူကိုကြည့်ပြီး ခေါင်းညိတ်လိုက်တယ်။ ပြီးတော့ သက်လတ်ပိုင်းလူဘက်လှည့်ပြီး "ကျွန်မ ရှင့်ကို အမြုတေ ၂၀၀၊ ခေါက်ဆွဲခြောက် ၅ ပါကင်၊ ဘီစကွတ် ၁၀ ပါကင်၊ ဆေး၅ပုလင်း ၊ အမျိုးသမီးလစဉ်သုံးပစ္စည်း အထုပ်၂၀နဲ့ ရေ ၅၀ ဂါလံ ပေးနိုင်တယ်" လို့ ပြောလိုက်တယ်။
အသက်လတ်ပိုင်းအရွယ်လူက ဒါကိုကြားတော့ မျက်မှောင်ကြုတ်ပြီး "ရဲဘော်၊ ငါ့ရဲ့ ကောက်ပဲသီးနှံစုစုပေါင်းက အနည်းဆုံး ၂၅၀၀ ကီလိုဂရမ်ရှိတယ်။ ဘယ်လိုလုပ်ပြီး ဒီလောက်နည်းတဲ့ ထောက်ပံ့ရေးပစ္စည်းတွေနဲ့ လဲလှယ်နိုင်မှာလဲ" လို့ ပြောလိုက်တယ်။
သူ့ရဲ့ မေးခွန်းထုတ်တဲ့ လေသံကိုကြားတော့ ကျိူးလီဇီက စိတ်မဆိုးဘဲ "ရဲဘော်၊ အပြင်က အခြေအနေတွေကို ရှင် မသိလောက်ဘူး။ အမြုတေတွေက ရှာရခက်တယ်။ ဇွန်ဘီ ၅၀ သတ်ပြီးရင်တောင် အမြုတေ တစ်ခု ဒါမှမဟုတ် နှစ်ခု ရချင်မှ ရလိမ့်မယ်" လို့ ရှင်းပြလိုက်တယ်။
"ပြီးတော့ ဆေးဝါးတွေက အရမ်းရှားပါးပြီး ဈေးကြီးတယ်။ အရင်ကလို ယွမ်ငွေပေါင်းများစွာနဲ့ ဆေးပုလင်းတစ်လုံးဝယ်လိုက်လို့ရတဲ့အချိန် မဟုတ်တော့ဘူး။ အခုဆို အဖျားကျဆေးတစ်လုံးကို ဘီစကွတ်ထုပ်အတော်များများနဲ့ လဲလှယ် နေရပြီ"
ခဏတာ ငြိမ်သက်သွားပြီးနောက် သူမက ဆက်ပြောသည် "ခေါက်ဆွဲခြောက်တစ်ပါကင်မှာ အထုပ် ၄၀ ပါတယ်၊ စုစုပေါင်းဆို အထုပ် ၂၀၀ ပဲ။ ဘီစကွတ်တစ်ပါကင်မှာ အထုပ်ကြီး ၃၀ ပါပြီး အထုပ်ငယ်ဆို စုစုပေါင်း ဘီစကွတ် ၃၀၀ပဲ ။ တစ်ထုပ်မှာ ဘီစကွတ်အချပ် ၂၀ ပါတယ်"
"ဆေးတစ်ပုလင်းမှာ ဆေးပြား ၁၀၀ ပါတယ်။ စုစုပေါင်းဆို ဆေးပြား ၅၀၀ ပဲ။ အမျိုးသမီးလစဉ်သုံးပစ္စည်းတွေကတော့ ရှာရတာ ပိုလွယ်တယ်၊ အခုခေတ်ရဲ့ လူအများစုက မလိုအပ်တော့လို့ ကျွန်မ အများကြီး မပေးခဲ့ဘူး"
"ရေကကော။ ငါ့မိသားစုအတွက် ဂါလံ ၅၀ က မလောက်ဘူး" ဟု ထိုသူက ပြောသည်။
ရေအမျိုးအစား စွမ်းရည်အသုံးပြုသူတစ်ယောက်ဖြစ်တဲ့ ကျိူးလီဇီဟာ အသက်လတ်ပိုင်းလူဆီကနေ ထုတ်လွှတ်နေတဲ့ သူမနဲ့ဆင်တူတဲ့စွမ်းအင်ကို ခံစားမိနိုင်ပါတယ်။
သူမက ထိုလူရဲ့ လက်ချောင်းများကို လက်ညှိုးထိုးပြပြီး "ရေအမျိုးအစား စွမ်းရည်အသုံးပြုသူတစ်ယောက်က ရေအများကြီး မလိုအပ်ဘူး။ ရှင့်ရဲ့ စွမ်းအင်တွေပြန်ရတိုင်း ရေကို ဖန်တီးနိုင်သရွေ့တော့ ရှင့်မိသားစုမှာ ရေပြတ်လပ်မှာ မဟုတ်ဘူး" ဟု ပြောလိုက်သည်။
ဒီစကားကိုကြားတော့ လူတိုင်းက အံ့သြတကြီးနဲ့ သက်လတ်ပိုင်းလူကြီးဘက်ကို လှည့်ကြည့်လိုက်ကြတယ်။ ထိုလူကြီးကတော့ မျက်မှောင်ကြုတ်ပြီး "ရဲဘော်၊ ငါ့မှာ ရေအမျိုးအစားစွမ်းရည်ရှိတယ်ဆိုတာကို ဘယ်လိုလုပ်ပြီး သေချာနိုင်ရတာလဲ" လို့ မေးလိုက်တယ်။
သူမရဲ့ လက်ဖဝါးကိုဖြန့်ပြီး ကျိူးလီဇီက ပြုံးရင်းပြန်ဖြေလိုက်တယ် "ဘာလို့လဲဆိုတော့ ရှင့်ဆီကလာတဲ့ အလားတူ စွမ်းအင်ကို ကျွန်မ မှတ်မိနိုင်လို့ပါ"
သူမရဲ့လက်ဖဝါးပေါ်တွင် ရေလုံးတစ်လုံး ပေါလောမျောနေတာကို ထိုလူမြင်သောအခါ သူ့လက်သီးကို ဆုပ်လိုက်သည်။
"ပြီးတော့ ရှင့်က ရှင့်ရဲ့အဝတ်အစားတွေမှာလည်း လက်တွေခဏခဏကို သုတ်နေတာပဲ။ ရှင့်ရဲ့စွမ်းရည်ကို ကျင့်သားမရသေးဘူးဆိုတာကို ကျွန်မမြင်နိုင်တယ်၊ ဒါကြောင့်ပဲ ရှင့်ရဲ့လက်ဖဝါးတွေက ရေတွေ အဆက်မပြတ်ဖုံးလွှမ်းနေတာ" ဟု ကျိူးလီဇီက စိုစွတ်နေသောမြေကို လက်ညှိုးထိုးပြပြီး ပြောလိုက်သည်။
ထိုလူက သူမကိုကြည့်ပြီး "စွမ်းအင်ကို ဘယ်လိုထိန်းချုပ်ရမလဲဆိုတာ ပြောပြနိုင်မလား" လို့ မေးလိုက်တယ်။
"စိတ်ကို စုစည်းပြီး ခန္ဓာကိုယ်ထဲက စွမ်းအင်ကို ခံစားကြည့်လိုက်ပါ။ စိတ်ကိုသုံးပြီးထိန်းချုပ် ပြီးရင် လက်ချောင်းထိပ်တွေမှာ အာရုံစိုက်ထား။ စွမ်းအင်အလုံအလောက်ရှိတဲ့အခါကြရင် ရေဘောလုံးရဲ့ မာကျောမှုကိုမြှင့်တင်ဖို့ ရေဘောလုံးကို ဖိသိပ်နိုင်တယ်" ဟု သူမက ရှင်းပြသည်။
"ခရစ်ပ်"
သူမရဲ့စကားအပြီး နံရံကိုလက်ညှိုးထိုးလိုက်တဲ့ နောက်တစ်ခဏတွင်ပဲ ပဲနီအရွယ် ရေဘောလုံးတစ်လုံးက နံရံဆီသို့ ပြေးဝင်သွားပြီး နံရံတွင် အပေါက်ကြီးတစ်ခု ကျန်ရစ်ခဲ့သည်။
ကျိူးလီဇီက သူမရဲ့လက်ချောင်းတွေကို လှုပ်လိုက်တယ်။ ရေလုံးက သူမဆီပြန်ပြေးလာပြီးမှ အဲဒီလူရှေ့မှာ ရပ်တန့်ကာ လေထဲမှာ ပျံဝဲနေတယ်။
ဒါကိုမြင်တော့ ထိုလူက အံ့အားသင့်သွားတယ်။ ရေဘောလုံးကို အံ့သြပြီး ပျော်ရွှင်စွာဖြင့် ကြည့်နေတယ်။ သူ့မိသားစုကို ကာကွယ်ဖို့ နည်းလမ်းရှာတွေ့သွားတဲ့အခါမှာတော့ လက်သီးကို တင်းတင်းဆုပ်လိုက်တယ်။ ရေအမျိုးအစား စွမ်းရည်ရဲ့ စွမ်းအားကို သဘောပေါက်သွားပြီးနောက်မှာတော့ အရင်ကလို အကူအညီမဲ့သလို မခံစားရတော့ဘူး။
ခဏအကြာတွင် အဲဒီလူက ငြိမ်သက်သွားပြီး "ငါ မင်းနဲ့ ကောက်ပဲသီးနှံတွေ လဲလှယ်လိုက်မယ်" လို့ ပြောလိုက်တယ်။
"ကောင်းပြီ" ကျိူးလီဇီက ခေါင်းညိတ်ပြလိုက်အပြီးမှာပဲ လက်ကိုဝှေ့ယမ်းကာ အရာအားလုံးကို သူမရဲ့နေရာလွတ်ထဲသို့ စုစည်းလိုက်သည်။
ဒီမြင်ကွင်းကြောင့် ထိုလူနဲ့ သူ့မိသားစုဟာ အံ့အားသင့်သွားကြပါတယ်။
သူတို့မမေးခင်မှာပဲ သူမက သူတို့ချင်းသဘောတူထားတဲ့ ပစ္စည်းတွေအပြင် ဝိန့်ညီအစ်ကိုတွေလုပ်ထားတဲ့ ဓားမြှောငမအတော်များများကိုလည်း သူတို့ကို ပေးခဲ့ပါတယ်။
သူတို့ဟာ ဇွန်ဘီတွေနဲ့ တိုက်ခိုက်ပြီးတဲ့နောက်တွေဆို သူမရဲ့နေရာလွတ်မှာ သိမ်းဆည်းထားတဲ့ အပိုသတ္တုတွေနဲ့ ဓားတွေကို မကြာခဏ ပြုလုပ်လေ့ရှိပါတယ်။
ပစ္စညိးဖလှယ်မှုပြီးဆုံးသွားပြီးနောက်မှာတော့ နတ်ဆိုး အဖွဲ့ဝင်များက မြေအောက်ခန်းမှထွက်ခွာကာ နှစ်ထပ်အိမ်သို့ ပြန်လာခဲ့ကြသည်။
မြေအောက်ခန်းထဲမှာပုန်းနေတဲ့ ရွာသားတွေက ဒါလန်းနဲ့ သူ့မိသားစုဟာ သူစိမ်းတွေနဲ့ စကားပြောနေတာကို မြင်လိုက်ရတယ်။ သူတို့မှာ စပ်စုချင်စိတ်ရှိပေမယ့် ညဘက်မှာ အပြင်ထွက်ပြီး အန္တရာယ်နဲ့ ရင်ဆိုင်ရလောက်အောင်အထိတော့ ဘယ်သူကမှ မိုက်မဲသူ မရှိဘူး။
ဤအခြေအနေအောက်တွင် ညက ငြိမ်းချမ်းစွာ ကုန်ဆုံးသွားခဲ့သည်။
နောက်တစ်နေ့မနက်အစောပိုင်း နေမထွက်ခင်မှာပဲ နတ်ဆိုးအဖွဲ့က မနက်စာစားလို့ပြီးသွားပါပြီ။မနက် ခုနစ်နာရီအချိန်မှာ ချင်လူဇီက ရုတ်တရက်ကြီး ပြောလိုက်ပါတယ် "ကပ္ပတိန် လူတစ်စုက ကျွန်တော်တို့ဘက်ကို ဦးတည်ပြီးလာနေတယ်"
ဒါကိုကြားတော့ ကျင်းရွှီယန်းက ခေါင်းညိတ်ပြီး "သူတို့ကို မနှောင့်ယှက်နဲ့။ ပစ္စည်းတွေထုပ်ပိုးပြီး ထွက်သွားဖို့ ပြင်ဆင်ထားလိုက်ပါ" လို့ အမိန့်ပေးလိုက်တယ်။
"နားလည်ပါပြီ"
သူ့ရဲ့အမိန့်ကိုကြားတော့ အဖွဲ့ဝင်တွေက အသက်ရှင်ကျန်ရစ်သူတွေအကြောင်း မစဉ်းစားတော့ဘဲ သူတို့ရဲ့ပစ္စည်းတွေကို ထုပ်ပိုးဖို့ပဲ အာရုံစိုက်လိုက်ကြပါတယ်။ သူတို့ အိမ်ကနေ ထွက်လာတဲ့အခါမှာတော့ ရွာသားတွေက ရောက်နှင့်နေပါပြီ။
သူတို့ကိုမြင်တော့ ရွာသားတစ်ယောက်က ရှေ့ကိုတစ်လှမ်းတိုးလာပြီး "ရဲဘော်၊ ဒါလန်းရဲ့မိသားစုက ခင်ဗျားနဲ့ အစားအစာဖလှယ်ကြတယ်လို့ ကြားတယ်။ ကျွန်တော်တို့ရဲ့ အစားအစာတွေလည်း လဲလှယ်ပေးလို့ရမလား" လို့ မေးလိုက်တယ်။
ဒါကိုကြားတော့ ကျိူးလီဇီက မေးလိုက်တယ်"သူတို့က မင်းကိုပြောပြတာလား"
ခဏလောက် တွန့်ဆုတ်နေပြီးနောက် ရွာသားက ခေါင်းခါကာ "တကယ်တော့ မနေ့က မင်းကို ကျွန်တော်တို့တွေ့ခဲ့တာပါ" လို့ ပြန်ဖြေလိုက်တယ်။
ကျိူးလီဇီက သူတို့ကို စူးစမ်းကြည့်လိုက်တော့ အများစုမှာ အမျိုးသားများဖြစ်ပြီး အမျိုးသမီးနှင့် ကလေးများစွာလည်းရှိသည်ကို သတိပြုမိလိုက်တယ်။ သက်ကြီးရွယ်အို စုစုပေါင်းကတော့ ငါးဦးသာရှိသည်။
သူမက ခဏလောက် စဉ်းစားပြီးမှ မေးလိုက်တယ် "မင်းတို့က အစားအစာတွေ လဲလှယ်ပြီးရင် ထွက်သွားဖို့ စီစဉ်ထားလား"
ရွာသားတွေက ခေါင်းညိတ်ပြီး အမျိုးသမီးတစ်ယောက်က "အစ်ကိုဒါလန်းရဲ့ဇနီးက လင်အန်းမှာရှိတဲ့ စခန်းအကြောင်း ပြောပြတယ်။ ကျွန်မတို့လည်း အဲဒီကိုသွားပြီး ကံစမ်းကြည့်ချင်တယ်။ ဒီမှာနေပြီး သေဖို့စောင့်နေတာထက်စာရင် ပိုကောင်းတယ်" လို့ ပြောပါတယ်။