အခန်း (၃၁၀-၃၁၂)
Vol. 21 Ch. 310-312
အခန်း-(၃၁၀)
စခန်းမှာ အကူအညီပေးမယ့်သူတွေ ပိုလိုအပ်နေတယ်ဆိုတာ စဉ်းစားရင်း ကျိူးလီဇီက ခေါင်းညိတ်ကာ "တကယ်တော့ လူတိုင်းကို လက်ခံတဲ့ စခန်းတစ်ခု ရှိတယ်။ ဒါပေမယ့် စခန်းမှာက စည်းမျဉ်းတွေ ရှိတယ်။ အဲဒီကိုသွားရင် စည်းမျဉ်းတွေကို လိုက်နာရမယ်။ မဟုတ်ရင်တော့ ပြစ်ဒဏ်ခံရလိမ့်မယ်" လို့ ပြောလိုက်တယ်။
ရွာသားတချို့က ဒီစကားကိုကြားတော့ တွန့်ဆုတ်သွားကြတယ်။ ကျိူးလီဇီက သူတို့ကိုကြည့်ပြီး မှတ်သားထားလိုက်တယ်။ ခဏအကြာမှ ရွာသားတွေက သွားဖို့ ဆုံးဖြတ်လိုက်ကြတယ်။ အဘိုးကြီးတစ်ယောက်က "ရဲဘော်၊ ငါတို့ သွားချင်တယ်။ ငါတို့ရဲ့ ကောက်ပဲသီးနှံတွေကို မင်းရဲ့ အစားအစာ တွေနဲ့ လဲလှယ်ပေးလို့ရမလား" လို့ မေးတယ်။
သူတို့ပြောပြလိုက်ပြီးကတည်းက ကျိူးလီဇီက ပစ္စည်းတွေဖလှယ်ရတာကို ဂရုမစိုက်ပါဘူး။ ဘာပဲဖြစ်ဖြစ် ကောက်ပဲသီးနှံတွေပိုရှိတာက ကောင်းတယ်။ သူမက ခေါင်းညိတ်ပြီး "လဲလှယ်မလား မလဲလှယ်ဘူးလားဆိုတာ မဆုံးဖြတ်ခင် အဘိုးရဲ့ကောက်ပဲသီးနှံတွေကို အရင်စစ်ဆေးရမယ်" လို့ ပြောလိုက်တယ်။
"အဲဒါကတော့ ဖြစ်ရိုးဖြစ်စဉ်ပါပဲ" ဟု အဘိုးကြီးက ခေါင်းညိတ်ပြီး သူမနှင့် သဘောတူလိုက်သည်။
"လမ်းပြပါ" ဟု သူမက ပြောသည်။
သူ့ရဲ့စေ့စပ်ထားသူက ဒီကိစ္စကိုလုပ်ဖို့ ဆုံးဖြတ်ပြီးသားဖြစ်တာကြောင့် ကျင်းရွှီယန်းက သူ့အဖွဲ့ကိုကြည့်ပြီး "အားလုံးပဲ၊ ဒီမှာစောင့်နေ။ ပစ္စည်းလဲလှယ်မှုပြီးသွားရင် ထွက်သွားကြမယ်" လို့ ပြောလိုက်တယ်။
"နားလည်ပါပြီ" ဟု အဖွဲ့ဝင်များက တညီတညွတ်တည်း ပြန်ဖြေကြသည်။
ကျင်းရွှီယန်းက ကျိူးလီဇီနဲ့အတူ လိုက်သွားချိန်မှာ ကျန်တဲ့အဖွဲ့ဝင်တွေက ဝင်ပေါက်မှာ စောင့်နေကြတယ်။လီချီရွှမ်က ကားတံခါးကိုမှီထားပြီး မိုဂျွန်ဂျီကိုလှမ်းကြည့်ကာ "အစ်ကို၊ ခင်ဗျားက နေမကောင်းဘူးထင်တယ်။ တိုက်ခိုက်နိုင်ရဲ့လား" လို့ မေးလိုက်တယ်။
မိုဂျွန်ဂျီက သူ့လက်ကိုင်ပုဝါကိုထုတ်ပြီး ပါးစပ်ကိုအုပ်ကာ ဖြည်းညှင်းစွာ ချောင်းအနည်းငယ်ဆိုးပြီးနောက်မှ ပြုံးရွှင်စွာပြန်မေးလိုက်သည် "ညီလေး အစ်ကို့ရဲ့လက်ရှိအခြေအနေကို မစ်ကိုကျော်လွှားနိုင်မယ်လို့ ထင်လား"
လီချီရွှမ်က သူ့ကို ခေါင်းကနေ ခြေဖျားအထိ ကြည့်ပြီးမှ သံသယနဲ့ ပြောလိုက်တယ် "မင်းက မတိုက်ခိုက်နိုင်ဘူးဆိုရင် ဘာလို့ ကပ္ပတိန်က မင်းကို အဖွဲ့ထဲဝင်ခွင့်ပြုတာလဲ။ အဖွဲ့ဝင်တိုင်းက သန်မာပြီး အရည်အချင်းလည်း အရမ်းရှိတယ်။ မင်းက နေမကောင်းဖြစ်နေရုံတင်မကဘူး အားလည်းနည်းတယ်။ မင်းနဲ့အတူဆိုရင် ငါတို့က မင်းကို ကာကွယ်ပေးရလိမ့်မယ်"
သူဒီလိုပြောပြီးတဲ့နောက်မှာတော့ မိုဂျွန်ဂျီက သူ့ရဲ့စိတ်အနှောင့်အယှက်ဖြစ်မှုကိုဖုံးကွယ်ဖို့ မျက်ခွံတွေကို နှိမ့်ချလိုက်တယ်။ လူတွေက သူ့ကို အားနည်းတယ်လို့ မှတ်ချက်ပေးတာကို သူအမုန်းဆုံးပဲ။
ဒီလိုချောမောလှပတဲ့ မျက်နှာလေးနဲ့ မွေးဖွားလာဖို့ သူ ဘယ်တုန်းကမှ မတောင်းဆိုခဲ့သလို အားနည်းတဲ့ပုံစံနဲ့လည်း မွေးဖွားလာခဲ့တာ မဟုတ်ဘူး။ သူ့မှာ ပိန်ပိန်ပါးပါး ခန္ဓာကိုယ်ရှိပေမယ့်လည်း ကြွက်သားတွေကောင်းကောင်းရှိပြီး လူတွေထင်သလောက် အားနည်းတဲ့ပုံ မပေါက်ပါဘူး။
သူ ဘာမှပြန်မပြောတာကိုမြင်တော့ လီချီရွှမ်က ပြုံးပြီး ဆက်ပြောသည် "အစ်ကိုကြောက်နေလို့ရှိရင် ဇွန်ဘီတွေနဲ့ တိုက်တဲ့အခါမှာ ကျွန်တော်နောက်က နေလို့ရတယ်။ ကျွန်တော်ရဲ့ စွမ်းအားက မင်းလို ချောမောတဲ့ ကောင်လေးတစ်ယောက်ကို ကာကွယ်ဖို့ လုံလောက်ပါတယ်"
သူ့စကားတွေကို ကြားလိုက်ရတဲ့အချိန်မှာ မိုဂျွန်ဂျီရဲ့ မျက်လုံးတွေက အေးစက်သွားပေမယ့် သူ့မျက်နှာအမူအရာကတည်ငြိမ်နေပြီး နှုတ်ခမ်းမှာ အပြုံးတစ်ခု ရှိနေတယ်။ သူက ခေါင်းညိတ်ပြီး အဓိပ္ပာယ်ရှိရှိ ပြောလိုက်တယ် "ဒါဆိုရင် ငါ မင်းကို ယဉ်ကျေးမနေတော့ဘူး"
သူတို့စကားပြောနေတုန်းမှာပဲ သူ့လက်ချောင်းကနေ အနက်ရောင်မြူခိုးတွေ စိမ့်ထွက်လာပြီး လီချီရွှမ်ဆီကို ရွေ့လျားသွားတယ်။ အနက်ရောင်မြူခိုးတွေက လီချီရွှမ်ရဲ့အဝတ်အစားတွေကို ထိလိုက်တာနဲ့ အထည်က မီးလောင်သွားပြီး အရည်အဖြစ် ပြောင်းလဲသွားကာ လောင်ကျွမ်းနေတဲ့ အသံတိုးတိုးလေး ထွက်ပေါ်လာတယ်။
မိုဂျွန်ဂျီက ခေါင်းငုံ့ပြီး လီချီရွှမ်ရဲ့ အဝတ်အစားတွေကို လှမ်းကြည့်လိုက်တော့ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် အံ့အားသင့်သွားတယ်။ အတွင်းဘက်အလွှာမှာ နာနိုနည်းပညာနဲ့ ပြုလုပ်ထားတဲ့ အထည်ပါးပါးလေးတစ်လွှာ ရှိနေတယ်။
နာနိုနည်းပညာနှင့်ပတ်သက်၍ နက်နက်ရှိုင်းရှိုင်း သုတေသနပြုသူတစ်ဦးအနေဖြင့် ဤအထည်မျိုးက စမ်းသပ်တီထွင်မှုရဲ့ နောက်ဆုံးပေါ်ထုတ်ကုန်ဖြစ်ကြောင်းကို သူကောင်းစွာသိသည်။ သူနှင့် သူ့အဖွဲ့မှလွဲ၍ ဤအထည်မျိုးကို ပိုင်ဆိုင်သူမှာ တစ်ဦးတည်းသာရှိပြီး သုတေသနတွင် အကြီးမားဆုံးရင်းနှီးမြှုပ်နှံသူဖြစ်သည်။
ဒီအတွေးက သူ့စိတ်ထဲမှာ ဖျတ်ခနဲပေါ်လာတာနဲ့ သူ့ဘေးနားကလူကို သေချာကြည့်လိုက်ပြီး တစ်ချက်ရယ်လိုက်တယ်။ Global Group ရဲ့ ဥက္ကဋ္ဌက အသက်နှစ်ဆယ်ကျော် လူငယ်တစ်ယောက်ဖြစ်လိမ့်မယ်လို့ ဘယ်သူကထင်မှာလဲ။
နောက်ဆုံးတော့ သူ သဘောပေါက်သွားပြီဖြစ်သောကြောင့် အရာအားလုံးက အဓိပ္ပာယ်ရှိလာပါပြီ။ ငွေကြေးများစွာရှိသော လူငယ်တစ်ဦးကသာ နှစ်ပေါင်းများစွာ ရလဒ်မရှိသော သုတေသနအတွက် ဒေါ်လာဘီလီယံပေါင်းများစွာ အသုံးပြုရဲသော ရဲရင့်မှု ရှိလိမ့်မည်ဖြစ်သည်။
သူ့ရဲ့ ဖုံးကွယ်ထားတဲ့ စရိုက်လက္ခဏာများကို သိရှိပြီးနောက် မှာတော့ မိုဂျွန်ဂျီဟာ သူ့ရဲ့စော်ကားတဲ့ စကားတွေအတွက် ခွင့်လွှတ်နိုင်တယ်လို့ ခံစားလိုက်ရတယ်။ ဘာပဲဖြစ်ဖြစ် သူက တစ်ချိန်က သူ့ရဲ့ ရွှေရောင်အိတ်ကြီးဖြစ်ခဲ့ဖူးတယ်လေ။ အဲဒါကို ထည့်သွင်းစဉ်းစားပြီး သူ့ရဲ့ ညစ်ညမ်းတဲ့ ပါးစပ်ကို ဂရုမစိုက်တော့ပါဘူး။
အဖွဲ့ဝင်တွေက စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းနေပြီး ကျိူးလီဇီက ရွာသားတွေပိုင်တဲ့ ကောက်ပဲသီးနှံတွေကို စစ်ဆေးပြီးသွားပါပြီ။ တရားမျှတစွာပြောရရင် သူတို့အများစုမှာ အလားတူ ကောက်ပဲသီးနှံအရည်အသွေးရှိပေမယ့် တချို့မှာတော့ အနည်းငယ်သာကျန်တော့တယ်။
တစ်နာရီအကြာတွင်တော့ သူမသည် ရွာသားများနှင့် ပစ္စည်းများ လဲလှယ်လို့ပြီးသွားပါပြီ။ အချို့တွင် ပိုများပြီး အချို့တွင် နည်းသော်လည်း မိသားစုတစ်စုစီကို ကိုယ့်ကိုယ်ကိုယ်ကာကွယ်နိုင်ရန်ဆိပြီး ဓားမြှောင်တစ်ချောင်းစီ ပေးအပ်ခဲ့သည်။
ထွက်ခွာမသွားခင်မှာ သူမက ရွာသားတွေကို ကြည့်ပြီး "နယ်စပ်က ဇွန်ဘီတွေကို ရှင်းလင်းဖယ်ရှားပြီးပေမယ့်လည်း ရှင်တို့အားလုံးက အတူတူခရီးသွားတာ ပိုကောင်းတယ်။ လူပိုများလေ၊ တစ်ယောက်နဲ့တစ်ယောက် ကူညီနိုင်ပြီး ဇွန်ဘီတွေနဲ့ တိုက်ခိုက်တဲ့အခါ ရှင်သန်နိုင်ခြေ ပိုများလေပဲ" လို့ ပြောလိုက်တယ်။
"ဒါပေမယ့် လူအများအပြားစုစည်းနေတာကလည်း အားနည်းချက်တွေရှိတယ်။ ဘာလို့လဲဆိုတော့ ဇွန်ဘီတွေကို ဆွဲဆောင်မိဖို့ ပိုလွယ်လို့ပါ။ ဒါကြောင့် သေချာစဉ်းစားပြီးမှ ဆုံးဖြတ်ပါ။ ကံကောင်းပါစေလို့ ဆုတောင်းပေးပါတယ်" ဟု သူမက ထပ်လောင်းပြောကြားခဲ့သည်။
ဒီလိုပြောပြီးတဲ့နောက်မှာပဲ ကျိူးလီဇီက သူမရဲ့ စေ့စပ်ထားသူဘက်လှည့်ပြီး "အစ်ကိုယန်း ၊သွားကြရအောင်" လို့ ပြောလိုက်တယ်။
ရွာသားများက ထွက်ခွာရန် ၎င်းတို့ရဲ့ အစီအစဉ်များကို ဆွေးနွေးနေကြဆဲတွင် နတ်ဆိုးအဖွဲ့ကတော့ ခြံဝင်းမှ ထွက်ခွာပြီး မြို့လယ်သို့ မောင်းနှင်သွားနှင့်ပြီးဖြစ်သည်။
လမ်းတစ်လျှောက်ရှိ အနီးနားက ဇွန်ဘီတွေကိုရှင်းလင်းဖို့ သူတို့ ရပ်တန့်ကြပါတယ်။ ဒါ့အပြင် စွန့်ပစ်ထားတဲ့ ကားတွေကိုလည်း ရှင်းလင်းပြီး လမ်းကိုလည်း ပြုပြင်ကြပါတယ်။
လမ်းမှာသာ အပေါက်တစ်ပေါက်ရှိရင် ကျန်းယွမ်က သူ့ရဲ့ မြေကြီးအမျိုးအစားစွမ်းရည်ကိုသုံးပြီး ဖြည့်လိမ့်မယ်၊ ပြီးရင်တော့ ဝိန့်ညီအစ်ကိုတွေက သတ္တုအလွှာတစ်ခုနဲ့ ဖုံးအုပ်လိမ့်မယ်။ ကားတွေ ချော်မထွက်အောင်ဆိုပြီး သတ္တုပေါ်မှာ ပုံစံတစ်ခု ထည့်ပြီး သေချာလုပ်ကြတယ်။
ထို့ကြောင့် မြို့လယ်ခေါင်သို့ရောက်ရှိရန် ငါးနာရီကြာခဲ့သည်။ မြို့လယ်ခေါင်ကတော့ ပုံမှန်နှင့်မတူဘဲ လူဦးရေနည်းပါးသည်။
ကျင်းရွှီယန်းက ဝေါ်ကီတော်ကီကို အသုံးပြု၍ "အဘိုးကြီးချင်၊ အခြေအနေ ဘယ်လိုလဲ" ဟု မေးလိုက်သည်။
သူ့စိတ်မြေပုံကို အမြဲအာရုံစိုက်နေတဲ့ ချင်လူဇီက "ကပ္ပတိန်၊ ဒီနေရာမှာရှိတဲ့ ဇွန်ဘီအရေအတွက်က ၁၅၀၀၀ ကနေ ၁၈၀၀၀ လောက်ရှိတယ်။ အများစုက ညာဘက် မီတာ ၃၀၀ အကွာမှာ စုဝေးနေကြတယ်" လို့ ပြန်ဖြေလိုက်တယ်။
ခရီးသွားနေစဉ်အတွင်းမှာပဲ လူတိုင်းက နေ့လည်စာစားပြီးသွားပြီဖြစ်တဲ့အတွက် အနားယူဖို့နေရာရှာစရာမလိုတော့ပါဘူး။ ကျင်းရွှီယန်းက မြေပုံကိုစစ်ဆေးလိုက်ပြီး " ဇွန်ဘီတွေကို ရှင်းလင်းပြီးရင် ငါတို့ ဆေးရုံကိုသွားမယ်" လို့ ပြောလိုက်တယ်။
အခန်း-(၃၁၁)
ကားနောက်ခန်းမှာထိုင်နေတဲ့ မိုဂျွန်ဂျီက ဒါကိုကြားတော့ ဝေါ်ကီတော်ကီကိုသုံးပြီး "ကပ္ပတိန်၊ ဆေးရုံနားမှာ သုတေသနဓာတ်ခွဲခန်းတစ်ခုရှိတယ်။ နောက်ကြသွားလို့ရမလား" လို့မေးလိုက်တယ်။
"အဲဒီမှာ တစ်ခုခု လိုအပ်လား" ဟု ကျင်းရွှီယန်းက မေးလိုက်သည်။
"ကပ္ပတိန်၊ ကျွန်တော် ကိရိယာတွေယူပြီး အချက်အလက်တွေ စုဆောင်းချင်ပါတယ်။ အဲဒီအချက်အလက်တွေက အနာဂတ်မှာ အသုံးဝင်လာလိမ့်မယ်" ဟု မိုဂျွန်ဂျီက ပြန်ဖြေသည်။
အားသာချက်၊ အားနည်းချက်တွေကို စဉ်းစားပြီးတဲ့နောက်မှာ ကျင်းရွှီယန်းက သဘောတူလိုက်တယ်"ကောင်းပြီ။ ဆေးရုံမသွားခင် ဓာတ်ခွဲခန်းကို အရင်သွားမယ်"
ကားတွေရပ်ခင် နောက်ထပ်ငါးမိနစ်လောက်ဆက်မောင်းလာကြတယ်။လူတိုင်းက သံချပ်ကာယာဉ်တွေပေါ်ကဆင်းလာပြီးနောက်တော့ ကျိူးလီဇီက ကားတွေကို သူမရဲ့နေရာလွတ်မှာ သိမ်းထားလိုက်တယ်။ လူတိုင်းက သူတို့ရဲ့လက်နက်တွေကို ထုတ်ပြီး စုရုံးလိုက်ကြတယ်။
မြို့လယ်ခေါင်ကို လျှောက်ဝင်သွားချိန်မှာ ကျန်းယွမ်က ကျင်းရွှီယန်ဆီ လျှောက်သွားပြီး "ကပ္ပတိန်၊ ကျွန်တော် မှတ်မိသလောက်ဆိုရင် ဒီနေရာလေးမှာ လျှို့ဝှက်စစ်စခန်းတစ်ခု ရှိတယ်။ ဇန်ဇီရေကန်နားမှာ ရှိသင့်တယ်" လို့ ပြောလိုက်တယ်။
ဒါကိုကြားတော့ ကျင်းရွှီယန်းလည်း သူ့ရဲ့အရင်ဘဝက အချက်အလက်တွေကို ပြန်သတိရသွားပြီး ခေါင်းညိတ်လိုက်တယ်။ သူ့ရဲ့အရင်ဘဝတုန်းကဆို ဒီလျှို့ဝှက်စစ်စခန်းကို ကမ္ဘာပျက်ကပ်ရဲ့ ဒုတိယနှစ်မှာ စွမ်းရည်အသုံးပြုသူတစ်စုက ရှာဖွေတွေ့ရှိခဲ့တယ်။
စစ်စခန်းကို ရှာတွေ့ပြီး မကြာခင်မှာပဲ သူတို့က လက်နက်တွေနှင့် စစ်ပစ္စည်းတွေကိုအသုံးပြုပြီး ပင်းကျန်းမြို့က ဇွန်ဘီတွေကို ရှင်းလင်းခဲ့ကြတယ်။
အခြေစိုက်စခန်းတည်ဆောက်ပြီး အာဏာခိုင်မာလာတဲ့အခါမှ သူတို့က ပတ်ဝန်းကျင်ဒေသတွေကို ပြန်လည်ရယူပြီး အသက်ရှင်ကျန်ရစ်သူစခန်းတွေကို သူတို့ရဲ့ကိုယ်ပိုင်စခန်းတွေအဖြစ် ပေါင်းစည်းခဲ့ကြတယ်။ ကမ္ဘာပျက်ကပ်ရဲ့ ရှစ်နှစ်မြောက်မှာတော့ ဒီအခြေစိုက်စခန်းက နိုင်ငံမှာ အခိုင်မာဆုံးအခြေစိုက်စခန်းတွေထဲက တစ်ခုဖြစ်လာခဲ့ပါသည်။
ဆုံးဖြတ်ချက်ချပြီးနောက်မှာပဲ သူကညွှန်ကြားလိုက်တယ် "မမှောင်ခင် ဒီနေရာကို ရှင်းလင်းကြရအောင်"
"နားလည်ပါပြီ" ဟု အားလုံးက တစ်ညီတစ်ညွတ်တည်း ပြန်ဖြေကြသည်။
တိုက်ခိုက်မှုကိုအရှိန်မြှင့်ဖို့အတွက် သူတို့ရဲ့စွမ်းရည်တွေနှင့် လေသေနတ်တွေကိုပါ ပေါင်းစပ်ပြီး အသုံးပြုခဲ့ကြပါတယ်။ အားလုံးရဲ့တိုက်ခိုက်မှုကြောင့် ရောင်စုံအလင်းတွေ လင်းလက်နေချိန်မှာ ယင်းယွီရှန်းကတော့ သူ့ရဲ့ဓားနဲ့ လေသေနတ်ကိုပဲအသုံးပြုပြီး ဇွန်ဘီတွေကို သတ်ပစ်ခဲ့ပါတယ်။ သူ့ရဲ့စွမ်းရည်ကို မသုံးချင်တာကြောင့် မဟုတ်ဘဲ သူ့ရဲ့စွမ်းရည်ကို တိုက်ပွဲအတွက် အသုံးမပြုနိုင်တာပါ။
စပျစ်နွယ်ပင်တွေကိုဖန်တီးနိုင်တဲ့ ကျိုးဟွာကျဲနဲ့ မတူဘဲ သူ့ရဲ့စွမ်းရည်ကတော့ သီးနှံတွေ ကြီးထွားမှုကို အရှိန်မြှင့်ပေးနိုင်ရုံပါပဲ။ ဒါ့အပြင် တခြားဘာကိုမှ မဖန်တီးနိုင်ပါဘူး။ သူ့အတွင်းစိတ်ထဲမှာတော့ စိတ်ပျက်နေပေမယ့် ဘယ်သူ့ကိုမှ မပြောခဲ့ပါဘူး။
"ပေါက် ပေါက် ပေါက်"
သူ ဇွန်ဘီတွေကို သတ်လိုက်တဲ့အခါ သူ့ဦးနှောက်ထဲမှာ ပုန်းအောင်းနေတဲ့ အစိမ်းရောင်စွမ်းအင်ငယ်လေးဟာ သူ့ခန္ဓာကိုယ်ထဲက သစ်သားစွမ်းအင်တွေနောက်ကိုလိုက်ပြီး သူ့သွေးကြောတွေတစ်လျှောက် စီးဆင်းလာပါတယ်။
သူ့လက်ချောင်းထိပ်တွေဆီ ရောက်တဲ့အခါမှာတော့ အပြင်ဘက်က အခြေအနေတွေကိုကြည့်ဖို့ သူ့ခန္ဓာကိုယ်ထဲကနေ စိမ့်ထွက်လာတယ်။ နောက်တစ်ခဏမှာတော့ လက်သည်းခွံလောက်ရှိတဲ့ နေကြာပန်းလေးတစ်ပွင့်က ယင်းယွီရှင်းရဲ့ လက်သန်းထိပ်မှာ ပေါ်လာတယ်။
"ရားးး"
"ဒုတ်"
ဇွန်ဘီက ပါးစပ်အကျယ်ကြီးဟ လာနေတာကိုမြင်တော့ နေကြာပန်းလေးကလန့်သွားတယ်။ ဒါပေမယ့် မပုန်းအောင်းနိုင်ခင်မှာပဲ သူ့သခင်က သူ့ဓားနဲ့ ဇွန်ဘီကို ခေါင်းဖြတ်လို့ပြီးသွားပြီ။
ဒါကိုမြင်တော့ နေကြာကလေးက အရမ်းပျော်သွားသည်။ သူ့သခင်က သူ့ကို သူ့ခန္ဓာကိုယ်ထဲမှာပဲ နေခွင့်ပေးရုံသာမက ကစားဖို့ထွက်လာတဲ့အခါမှာလည်း ကာကွယ်ပေးခဲ့တယ်။ သူ့ရဲ့ပျော်ရွှင်မှုကြောင့် နေကြာကလေးက အနည်းငယ် ကခုန်ခဲ့တယ်။ ယိမ်းနွဲ့ရင်း ယိမ်းနွဲ့နေရင်းနှင့် ယင်းယွီရှန်းရဲ့ လက်သူကြွယ်ကို ပွတ်သပ်လိုက်မိတယ်။
ရုတ်တရက်ကြီး သူ့လက်ချောင်းမှာ ကလိထိုးခံလိုက်ရတဲ့ အထိအတွေ့ကြောင့်လန့်သွားပြီး လက်ကိုမြှောက်လိုက်တော့ နေကြာပန်းလေးက ယိမ်းနွဲ့နေတာကို တွေ့လိုက်ရသည်။ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် သူ အရမ်းအံ့သြသွားပြီး ခဏလေးတော့ တုံ့ပြန်နိုင်စွမ်း မရှိဘဲဖြစ်သွားတယ်။
သူ့လက်ချောင်းပေါ်မှာ ပေါက်နေတဲ့ နေကြာပန်းကို မျက်လုံးပြူးကျယ်ကျယ်နဲ့ ကြည့်နေတုန်းမှာပဲ ကုန်းပိုင်ရဲ့ "အစ်မကျောင်း ၊ အစ်ကိုချန် ဒဏ်ရာရနေတယ်" လို့ ပြောတာကို ကြားလိုက်ရတယ်။
သူလှည့်ကြည့်လိုက်တော့ ချန်ကျိရိရဲ့လက်မောင်းကို ဇွန်ဘီကိုက်ထားတာ တွေ့လိုက်ရတယ်။
သူမရဲ့ခင်ပွန်း ဒဏ်ရာရနေသွားကို မြင်သည်နှင့် ကျောင်းလီရှင်းက အလျင်အမြန်ပဲ ပြေးသွားပြီး သူ့လက်မောင်းကို ကုသပေးခဲ့သည်။ သူမက သူရဲ့ဒဏ်ရာကို ကုသနေစဉ်တွင် ကုန်းပိုင်ကတော့ ကျိူးလီဇီပေးသောရေကို အသုံးပြု၍ ဒဏ်ရာကို ဆေးကြောပေးပြီး သောက်ရန်လည်း အနည်းငယ်ပေးခဲ့သည်။
ယင်းယွီရှန်းက ချန်ကျိရိနှင့် ကောင်းမွန်သောဆက်ဆံရေးရှိပြီး အားလပ်ချိန်များတွင် မကြာခဏ စကားပြောလေ့ရှိသည်။ ပြင်းထန်စွာ ဒဏ်ရာရရှိသွားတာကို မြင်သောအခါတွင် သူက လျှောက်သွားပြီး "အစ်မကျောင်း ၊ အစ်ကိုချန် ဘယ်လိုနေလဲ" ဟု မေးခဲ့သည်။
ကျောင်းလီရှင်းကတော့ စိုးရိမ်ပူပန်စွာဖြင့် ခေါင်းခါလိုက်သည်။ ဤအချိန်တွင် သူမသည် အာရုံပျံ့လွင့်နေရန် မတတ်နိုင်ပေ။ သူမရဲ့ခင်ပွန်း၏ အသားတစ်တုံးကအကိုက်ခံရသောကြောင့် လက်မောင်းတွင် ပြင်းထန်စွာဒဏ်ရာရရှိထားသည်။ အရိုးများကိုပင် မြင်နိုင်နေပြီး ဒဏ်ရာတစ်ဝိုက်တွင် အနာများပေါက်လာကာ အနံ့ဆိုးများထွက်လာနေသည်။
ချန်ကျိရိကို သူတို့ကုသနေတုန်းမှာ ကျင်းရွှီယန်းက သူ့ဓားကို ဝှေ့ယမ်းပြီး ဇွန်ဘီရဲ့ခေါင်းကို ခုတ်လိုက်တယ်။ ခေါင်းက မြေပြင်ပေါ် လိမ့်ကျသွားပြီးတဲ့အခါမှာမှ "ဒါက အဆင့်နှစ် ဇွန်ဘီ။ ချန်ကျိရိရဲ့ လက်ရှိအဆင့်နဲ့ဆိုရင် အဆင့်နှစ် ဇွန်ဘီဆီက ဇွန်ဘီဗိုင်းရပ်စ်ကို သူ ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး" လို့ ပြောလိုက်တယ်။
သူဒီလိုပြောလိုက်ပြီးတာနဲ့ အဖွဲ့ဝင်တွေရဲ့ မျက်နှာအမူအရာတွေက ပြောင်းလဲသွားတယ်။ ကျောင်းလီရှင်းကတော့ လက်မလျှော့ဘဲ ခွန်အားတွေ ကုန်ဆုံးသွားတာတောင် သူမရဲ့ခင်ပွန်းကို ဆက်လက်ကုသပေးနေခဲ့သည်။
ခေါင်းကိုက်လာသောအခါတွင်တောင် ကုသမှုလုပ်ငန်းစဉ်ကို သူမ၊မရပ်တန့်ဘဲ အမြုတေအချို့ကိုဆုပ်ကိုင်ကာ စုပ်ယူလိုက်သည်။
ဒီအခြေအနေကိုမြင်တော့ လီစီခိုင်က လက်ကိုမြှောက်လိုက်ပြီး နောက်တစ်ခဏမှာတော့ သူတို့အပေါ်မှာ မိုးကြိုးပိုက်ကွန် တွေပေါ်လာတယ်။
" ဂျက် ဂျစ် ဂျက်"
ပိုက်ကွန်တွေကပေါင်းစပ်သွားပြီး ကျယ်ပြန့်လာကာ သူတို့ကို ဝန်းရံထားတဲ့ အခုံးပုံသဏ္ဍာန် အတားအဆီးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။ အပြေးအလွှား ရောက်လာတဲ့ ဇွန်ဘီတွေက မိုးကြိုးအတားအဆီးကြောင့် မီးကျွမ်းသွားလိမ့်မယ်။ ကျင်းရွှီာန်းရဲ့ အနက်ရောင်မီးတောက်လို သူတို့ကို ပြာအဖြစ် မပြောင်းလဲနိုင်ပေမယ့် သူတို့ကို တားဆီးဖို့က လုံလောက်ပါတယ်။
ကျန်အဖွဲ့ဝင်များက အတားအဆီးများနှင့်အတူ ဇွန်ဘီများကို ဆက်လက်သတ်ဖြတ်နေကြပြီး ကျင်းရွှီယန်းနှင့် ကျိုးလီဇီတို့ကတော့ အခြေအနေကိုစစ်ဆေးရန် ရောက်လာကြသည်။
ကျင်းရွှီယန်းက ချန်ကျိရိဘေးမှာထိုင်ချပြီး သူ့ဒဏ်ရာကို စစ်ဆေးလိုက်တယ်။ ဗီဇပြောင်းလဲမှုလက္ခဏာတွေကို မြင်တဲ့အခါမှာတော့ "သူ့အသက်ကို ကယ်တင်ချင်ရင် သူ့လက်မောင်းကို ဖြတ်မှပဲရတော့မယ်" လို့ ပြောလိုက်တယ်။
သူ ဒီလိုပြောလိုက်တာကြားတော့ ချန်ကျိရိက အံ့အားသင့်သွားတယ်။ သူက ဆရာဝန်တစ်ယောက်လည်းဖြစ်သလို သုတေသီတစ်ယောက်လည်းဖြစ်တယ်။ လက်တစ်ဖက်မရှိရင် ခွဲစိတ်မှုလုပ်လို့ မရတော့ဘူး။ သူ့လက်မောင်းကို ဖြတ်လိုက်တာက သူ့အသက်ကို သတ်လိုက်တာနဲ့ အတူတူပဲ။
သူက ခေါင်းခါပြီး "ကပ္ပတိန်၊ ကျွန်တော့်လက်မောင်းကို မဖြတ်ချင်ဘူး။ ကျွန်တော်က ဆရာဝန်ပါ" လို့ ပြောလိုက်တယ်။
ဒါကိုကြားတော့ ကျင်းရွှီယန်းက သူ့ကိုကြည့်ပြီး "ဒီလက်မောင်းကို ဆက်ထားရင် ဇွန်ဘီဖြစ်သွားလိမ့်မယ်။ အဲဒီအချိန်ကျရင်ဆရာ ဒီလက်မောင်းရှိတာက ဘာအသုံးဝင်မှာလဲ" လို့ ပြောလိုက်တယ်။
"ဒါပေမယ့် ကျွန်တော်-"
အခန်း-(၃၁၂)
ချန်ကျိရိ နောက်ထပ်စကားတစ်ခွန်းမှ မပြောနိုင်ခင်မှာပဲ ယင်းယွီရှန်းရဲ့ လက်သန်းပေါ်က နေကြာပန်းလေးရဲ့ ပါးပြင်များက ရုတ်တရက်ဖောင်းကားလာသည်။
နေကြာပန်းရဲ့ပါးတွေ ပိုဖောင်းကာလာချိန်မှာပဲ ယင်းယူရှန်းရဲ့ ခန္ဓာကိုယ်ထဲက သစ်သားစွမ်းအင်တွေဟာ လက်ချောင်းထိပ်တွေဆီ စီးဝင်လာတာကို ခံစားလိုက်ရတယ်။ ဒါကို သတိထားမိပြီး နေကြာပန်းကိုကြည့်လိုက်တော့ နေကြာပန်းဟာ မိုးပျံပူဖောင်းကြီးလို ဖောင်းပွနေတာကို တွေ့လိုက်ရတယ်။
ဘာတွေဖြစ်နေလဲဆိုတာကို သူစစ်ဆေးနိုင်ခင်မှာပဲ နေကြာပန်းလေးက ရုတ်တရက်ကြီး ပါးစပ်ဟကာ အစိမ်းရောင်အရည်တွေကို ထွေးထုတ်လိုက်တယ်။ အရွယ်အစားကသေးငယ်တာကြောင့် ယင်းယွီရှန်းရဲ့ လက်ချောင်းထိပ်တွေကနေ အစိမ်းရောင်အရည်တွေပန်းထွက်လာပြီး ချန်ကျိရိရဲ့ ဒဏ်ရာကို ဖုံးအုပ်မသွားခင်အထိကို ဘယ်သူကမှ သတိမထားမိကြပါဘူး။
"ယွီရှန်း ၊ ဒါ—" ကုန်းပိုင်က အံ့အားသင့်သွားသည်။
"အစ်ကို ၊ ဘာတွေဖြစ်နေတာလဲ ၊ဒါဘာလဲဆိုတာကို ကျွန်တော်လည်း မသိဘူး" ဟု ယင်းယွီရှန်းက အကူအညီမဲ့စွာ ပြောလိုက်သည်။
ဒီနေကြာပန်းဟာ သူ့ခန္ဓာကိုယ်ထဲမှာနေထိုင်တဲ့ ကပ်ပါးကောင်တစ်ကောင်ဖြစ်မှာကို သူစိုးရိမ်နေခဲ့တယ်။ သူသေသွားမှာကို မကြောက်ပေမယ့် ကပ်ပါးကောင်တစ်ကောင်ကြောင့်တော့ သေချင်တာမဟုတ်ဘူး။ ဒါကြောင့်ပဲ သူဟာ စိုးရိမ်ပူပန်နေပြီးရင်း စိုးရိမ်ပူပန်နေခဲ့တယ်။
လူတိုင်းက အံ့အားသင့်နေသလိုမျိူး ကျိူးလီဇီလည်း အံ့အားသင့်သွားတယ်။ နေကြာပန်းလေးက ကျိုးဟွာကျဲရဲ့ ခန္ဓာကိုယ်ထဲကို ဝင်သွားတာ သူမ အရင်က မြင်ဖူးတယ်။ အခုက ဘယ်လိုလုပ်ပြီး ယင်းယွိီရှန်းရဲ့ ခန္ဓာကိုယ်ထဲရောက်သွားနိုင်တာလဲ။
လူတိုင်းရဲ့အကြည့်အောက်မှာပဲ နေကြာပန်းလေးက အစိမ်းရောင် အရည်တွေကို ဆက်လက်ထွေးထုတ်နေတယ်။
အစပိုင်းမှာတော့ အားလုံးက အစိမ်းရင့်ရင့်အရောင်ကြောင့် အဆိပ်လို့ ထင်ခဲ့ကြတယ်။ ဒါပေမယ့် ထိုအရည်က ချန်ကျိရိ ရဲ့ဒဏ်ရာကို ဖုံးလွှမ်းသွားပြီးနောက်မှာတော့ ဗီဇပြောင်းလဲမှု ဖြစ်စဉ်က နှေးကွေးသွားတာကို သတိထားမိလိုက်ကြတယ်။
အစိမ်းရောင်အရည်တွေကို သုံးကြိမ်ထွေးထုတ်လိုက်ပြီးနောက်မှာတော့ နေကြာပန်းလေးဟာ နောက်တစ်စက္ကန့်အတွင်းမှာပဲ ညှိုးနွမ်းသွားတော့မည့်အလား ခေါင်းငုံ့သွားသည်။ ယင်းယွီရှန်းက ဒါကိုမြင်တော့ လက်လှမ်းပြီး နေကြာပန်းလေးကိုထိုးကြည့်ကာ သေနေသလား အသက်ရှင်နေသလား စစ်ဆေးလိုက်သည်။
နေကြာပန်းလေးက သူ့ရဲ့အရွက်တွေကို လက်ညှိုးမှာပတ်ပြီး သခင်ရဲ့ နူးညံ့တဲ့အထိအတွေ့ကိုခံစားရင်း ခေါင်းနဲ့ အကြိမ်အနည်းငယ် ပွတ်သပ်လိုက်ပြီးနောက်မှ အစိမ်းရောင် စွမ်းအင်အဖြစ် ပြောင်းလဲသွားကာ သူ့ခန္ဓာကိုယ်ထဲကို ပြန်ဝင်သွားသည်။
ဒါကိုမြင်တော့ ယင်းယွီရှန်းက ခဏလောက် မှင်သက်သွားပြီးမှ သူ့ခန္ဓာကိုယ်ထဲက စွမ်းအင်ကို အမြန်စစ်ဆေးလိုက်တယ်။ သူ့ရဲ့ဦးနှောက်ထဲက ရင်းနှီးပေမယ့် မရင်းနှီးတဲ့ စွမ်းအင်ကို ရှာတွေ့သွားတဲ့အခါမှာမှ စိတ်သက်သာရာရသွားတယ်။ အခု သူမြင်လိုက်ရတာက ဒီနေကြာပန်းက ကပ်ပါးကောင် မဟုတ်ဘူးဆိုတာပဲ။ သူ့ရဲ့စွမ်းရည်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။
ဒီလိုအဆုံးသတ်လိုက်တဲ့အခါမှာတော့ သူဆီစိုးရိမ်ပူပန်မှုမရှိတော့ပဲ "အစ်ကိုပိုင် ၊ အစ်ကိုချန်က အခု ဘယ်လိုနေလဲ" လို့ မေးလိုက်တယ်။
ကုန်းပိုင်းက ဒဏ်ရာကို စစ်ဆေးလိုက်ပြီး "ဒဏ်ရာက ပြန်ကောင်းဖို့ အချိန်လိုသေးပေမယ့် ဗီဇပြောင်းလဲမှု လက္ခဏာကတော့ ရပ်တန့်သွားပါပြီ။ ဒါပေမယ့်လည်း ပုပ်နေတဲ့ အသားကိုတွေဖြတ်ပြီး ဒဏ်ရာကို ကုသရဦးမှာပါ" လို့ ရှင်းပြလိုက်တယ်။
ဒါကိုကြားတဲ့အခါမှာ လူတိုင်းကစိတ်သက်သာရာရသွားပြီး ယင်းယွီရှန်းဘက် လှည့်ကြည့်လိုက်ကြတယ်။
"ယွီရှန်း ၊ ဘာတွေဖြစ်နေတာလဲ" ဟု ကျင်းရွှီယန်းက မေးလိုက်သည်။
"ကပ္ပတိန်၊ ကျွန်တော်လည်း သေချာမသိဘူး။ ဒါပေမယ့် အခုနက နေကြာပန်းကတောပ ကျွန်တော့်စွမ်းရည်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်တယ်ဆိုတာတော့ ခံစားမိတယ်။ သီးနှံတွေကို ကြီးထွားစေရုံသာမကဘဲ အပင်တွေကိုလည်း ထိန်းချုပ်နိုင်တယ်" ဟု ယင်းယွီရှန်းက ခေါင်းခါရင်း ပြန်ဖြေသည်။
သူဒီလိုပြောပြီးတဲ့နောက်မှာ ကျောင်းလီရှင်းက "ယွီရှန်း၊ မင်းရဲ့စွမ်းရည်က တကယ်ကို အံ့သြစရာကောင်းတယ်။ ငါ့ရဲ့ကုသမှုက ဗီဇပြောင်းလဲမှုဖြစ်စဉ်ကို ရပ်တန့်လို့မရပေမယ့် မင်းရဲ့စွမ်းရည်ကတော့ ရပ်တန့်နိုင်တယ်။ မင်းရဲ့နေကြာပန်းကထုတ်လုပ်တဲ့ အစိမ်းရောင်အရည်တွေက ဇွန်ဘီဗိုင်းရပ်စ်ကို ဖယ်ရှားပေးနိုင်ပုံရတယ်" လို့ ပြောလိုက်တယ်။
သူမ ဒီလိုပြောလိုက်တာနဲ့ မိုဂျွန်ဂျီရဲ့ မျက်လုံးတွေက တောက်ပသွားတယ်။ သူက ယင်းယွီရှန်းရဲ့ လက်မောင်းကို ဆုပ်ကိုင်ဖို့ လက်လှမ်းလိုက်ပြီး "အစ်ကို၊ မင်းရဲ့ ခန္ဓာကိုယ်က အရည်တချို့ ကျွန်တော်ကို ပေးပါ။ ကျွန်တော် အဲဒီ အစိတ်အပိုင်းတွေကို စစ်ဆေးချင်တယ်" လို့ ပြောလိုက်တယ်။
သူ့စကားတွေကိုကြားတော့ ယင်းယွီရှန်းက တုန်ယင်သွားပြီး "အစ်ကို၊ မင်းရဲ့စကားတွေကို သတိထားပါ။ အမှန်တရားကို မသိတဲ့ လူတွေက ကျွန်တော်တို့နှစ်ယောက်ကြားမှာ တစ်ခုခုဖြစ်သွားပြီလို့ ထင်ကောင်းထင်လိမ့်မယ်။ ကျွန်တော် ဇနီးတစ်ယောက် ရှာချင်သေးတယ်၊ ကျွန်တော့ရဲ့ ဂုဏ်သတင်းကို မဖျက်ဆီးပါနဲ့" လို့ ပြန်ဖြေလိုက်တယ်။
ချန်ကျိရိ အဆင်ပြေကြောင်း သေချာစေပြီးနောက်မှပဲ ကျင်းရွှီယန်းက အားလုံးကို ပြောလိုက်တယ် "သတိထားပြီးနေကြပါ ရန်သူတွေကို လျှော့မတွက်ကြနဲ့"
သူက ဒီလိုပြောရင်းနဲ့ စစ်သားမဟုတ်တဲ့ အဖွဲ့ဝင်တွေကို လှမ်းကြည့်လိုက်တယ်။ သူ့အကြည့်နဲ့ဆုံတဲ့အခါမှာပဲ လူတိုင်းဟာ သူတို့ရဲ့ မကြာသေးမီကစွမ်းအားကြောင့် ဇွန်ဘီတွေကို လျှော့တွက်မိနေတယ်ဆိုတာကို သဘောပေါက်သွားကြတယ်။
ဇွန်ဘီတွေကို အနိုင်ယူဖို့မခက်ခဲဘူးဆိုပြီးတွေးကာ အရင်ကလို သတိမရှိတော့ဘူး။ ဒီအတွက်ကြောင့်ပဲ ချန်ကျိရိက အဆင့်နှစ်ဇွနဘီတစ်ကောင်ရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရတယ်။ အရင်ကသာဆိုရင် အဆင့်နှစ်ဇွန်ဘီတစ်ကောင်ရှိနေတယ်ဆိုတာကို သတိထားမိပြီး ကြိုပြင်ဆင်ထားခဲ့ကြလိမ့်မယ်။
သူတို့ရဲ့ အပြုအမူတွေအပေါ်မှာ သူတို့ရဲ့ အသင်းခေါင်းဆောင်ရဲ့ မကျေနပ်မှုကို နားလည်တဲ့အနေနဲ့ အဖွဲ့ဝင်တွေက တစ်ပြိုင်နက်တည်း "နားလည်ပါတယ်" လို့ ပြန်ဖြေခဲ့ကြပါတယ်။
ဒီမတော်တဆမှုကို သင်ခန်းစာတစ်ခုအဖြစ်ထားလိုက်ပြီး ဘယ်သူကမှ သူတို့ရဲ့သတိကို လျှော့ချဖို့ ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုယ် အထင်ကြီးဖို့ မဝံ့ရဲကြတော့ပါဘူး။ အထူးသဖြင့် စစ်သားမဟုတ်တဲ့ အဖွဲ့ဝင်တွေပေါ့။
ထိုဒေသရှိ ဇွန်ဘီများကို သတ်ပြီးနောက်မှာတော့ ချင်လူဇီကသတင်းပို့တယ် "ကပ္ပတိန်၊ အရှေ့နားမှာ ဇွန်ဘီတွေ ရှိသေးတယ်"
ကျင်းရွှီယန်းက ဧရိယာကို စစ်ဆေးလိုက်ပြီး "ဒီကန့်သတ်ထားတဲ့နေရာမှာ ငါတို့ရဲ့စွမ်းရည်ကို အပြည့်အဝအသုံးမပြုနိုင်ဘူး။ အနီးအနားမှာ လစ်လပ်နေတဲ့နေရာရှိလား" လို့ မေးလိုက်တယ်။
အနီရောင်အစက်များအပြင် ၊ ချင်လူဇီဟာ GPS နှင့်ဆင်တူသော မြေပုံကိုမြင်နိုင်သည်။ လမ်းများ၊ အဆောက်အအုံများနှင့် ကွင်းပြင်ကျယ်ကြီးများလည်း ရှိသည်။ ခဏအကြာတွင်မှ သူက "ကပ္ပတိန် ၊ ဒီလမ်းတည့်တည့်ရဲ့ မီတာလေးရာအကွာမှာ လယ်ကွင်းတစ်ခုရှိတယ်။ ကျောင်းတစ်ကျောင်းဖြစ်သင့်တယ်" ဟု ပြန်ဖြေသည်။
ကျင်းရွှီယန်းက ခေါင်းညိတ်ပြီး "လူတိုင်းပဲ၊ ငါက ဇွန်ဘီတွေကို အဲဒီနေရာဆီကို ဆွဲဆောင်မယ်။ ကျန်တဲ့သူတွေကတောါ အဲဒီနေရာကို အရင်သွားသင့်တယ်" လို့ ပြောလိုက်တယ်။
"နားလည်ပါပြီ"
ဒီလိုပြောပြီးတဲ့နောက်မှာပဲ ကျင်းရွှီယန်းက ဒူးကွေးပြီး အနီးဆုံးအဆောက်အဦးရဲ့ အမိုးပေါ်ကို ခုန်တက်သွားလိုက်သည်။ ဒါကိုမြင်တော့ အဖွဲ့ဝင်တွေကလည်း ကျောင်းဘက်ကို ပြေးသွားကြတယ်။ သူတို့ပြေးနေတုန်းပဲ ကျိူးလီဇီက လက်ကိုဝှေ့ယမ်းပြီး သူတို့နောက်က လိုက်လာတဲ့ ဇွန်ဘီတွေဆီကို ရေဘောလုံးတွေ ပစ်လွှတ်လိုက်တယ်။
" ဘွမ်း ဘွမ်း ဘွမ်း "
တခြားရေအမျိုးအစားစွမ်းရည်အသုံးပြုသူများနှင့်မတူဘဲ သူမရဲ့ရေဘောလုံးများကတော့ ထိမိတာနှင့်ပေါက်ကွဲသွားပြီးဇွန်ဘီများရဲ့ဦးခေါင်းများကို ဖောက်ခွဲပစ်လိုက်သည်။ပေါက်ကွဲမှုရဲ့ ကျယ်လောင်သောအသံများကြောင့်အနီးအနားရှိဇွန်ဘီများဟာ အဆွဲဆောင်ခံရပြီး အပြေးအလွှားရောက်လာကြသည်။
တစ်ချိန်တည်းမှာပဲ၊ ကျင်းရွှီယန်းကလည်း သူ့လက်ကို မြှောက်လိုက်တဲ့အခါ အနက်ရောင်မီးလုံးအတော်များများက ဇွန်ဘီတွေဆီကို မြန်နှုန်းမြင့်မြင့်နဲ့ ပျံသန်းသွားကြသည်။
" ဘုန်း ဘုန်း ဘုန်း "
အနက်ရောင်မီးလုံးတွေက ပေါက်ကွဲသွားပြီး ဇွန်ဘီအုပ်စုတစ်စုကို သတ်ပစ်လိုက်တယ်။ အဆောက်အဦးရဲ့ အမိုးပေါ်မှာ ခဏရပ်ပြီး ဇွန်ဘီတွေကို သူစောင့်နေခဲ့တယ်။
"ဂါးးး"
ဇွန်ဘီတွေ ပိုပိုပြီး စုဝေးလာတာကို သူမြင်တဲ့အခါမှာတော့ အဆောက်အဦးပေါ်ကနေ ခုန်ဆင်းပြီး သူ့ရဲ့ ဓားရှည်ကို ဝှေ့ယမ်းလိုက်တယ်။
" ဝှစ်ရှ် ဘုန်းး"
သူ့ရဲ့ လှုပ်ရှားမှုတစ်ချက်တည်းနဲ့ ဇွန်ဘီအတော်များများရဲ့ ခေါင်းတွေကို ဖြတ်တောက်လိုက်တယ်။
" ခရစ်ပ်"
သူခြေချလိုက်တဲ့အခါမှာ ပုပ်နေတဲ့ ဦးခေါင်းတစ်လုံးကို နင်းမိသွားပြီး စစ်ဖိနပ်အောက်မှာ ကြိတ်ချေမိသွားတယ်။ ဇွန်ဘီတွေ သူ့အနားမရောက်နိုင်ခင်မှာပဲ ကျောင်းဆီကို ဦးတည်ကာ သူကပြေးသွားလိုက်တယ်။