အခန်း (၁၄၉-၁၅၀)
Vol. 15 Ch. 149-150
149
"မင်္ဂလာပါ သူဌေးမစု"
ယွမ်ဒန်ချူး၏ ခြေလှမ်းများသည် တုံ့ဆိုင်းသွားခြင်းမရှိဘဲ ဆန်းကျုံးဘုရားကျောင်းအတွင်းသို့ ဆက်လက်ဝင်ရောက်သွားသည်။ စုဟယ်မှာ သူ့ကို အမြန်ပင် တားလိုက်ရ၏။ ယွမ်ဒန်ချူးတစ်ယောက် ခေတ်သစ်စာလုံးတွေကို မဖတ်တတ်လို့ လမ်းကြောင်းမှားနေတာများလား။
"ပညာရှင်ဒန်ချူး ဆရာဒန်ချူး ကျွန်မတို့ ဟိုတယ်က လမ်းတစ်ဖက်မှာလေ၊ ဒါက ဘုရားကျောင်းပါ"
စုဟယ် ရှင်းပြလိုက်သည်။ ယွမ်ဒန်ချူးမှာ ခေါင်းညိတ်ကာ ဆို၏။
"ကျွန်တော် နားလည်ပါတယ်"
စုဟယ်၏ စိုးရိမ်တကြီးဖြစ်နေသော အမူအရာကို မြင်သောအခါ ယွမ်ဒန်ချူးမှာ ပြုံးလိုက်ပြီး မေးလာသည်။
"ဒီဘုရားကျောင်းက ပြင်ပလူတွေကို ဝင်ခွင့်မပြုဘူးလား"
စုဟယ် ကြောင်သွားရသည်။
"မဟုတ်ပါဘူး၊ အဲဒါကြောင့်မဟုတ်ပါဘူး၊ ဆန်းကျုံးဘုရားကျောင်းက အခမဲ့ လည်ပတ်လို့ရပါတယ်၊ လက်မှတ်ဝယ်စရာမလိုပါဘူး"
"လည်ပတ်တယ် "
ယွမ်ဒန်ချူး ထိုစကားကို အတွေးနက်စွာဖြင့် ထပ်ရေရွတ်လိုက်သည်။ စုဟယ်နှင့် ယွမ်ဒန်ချူးတို့သည် ဆန်းကျုံးဘုရားကျောင်းထဲသို့ အတူတူ ဝင်လာခဲ့ကြ၏။ ဘုရားကျောင်းရှိ စေတနာ့ဝန်ထမ်း အမျိုးသမီးတစ်ဦးသည် ခေါင်းမော့ကြည့်လာပြီး ယွမ်ဒန်ချူး၏တာအိုဝတ်စုံကို တစ်ချက်ဝေ့ကြည့်ကာ သူမအလုပ်များကိုသာ ဆက်လက်လုပ်ကိုင်နေသည်။ ဝတ်ပြုဆုတောင်းပေးနေသော ဘုန်းတော်ကြီးများမှာမူ ပို၍ပင်တည်ငြိမ်လှ၏။ သူတို့သည် ယွမ်ဒန်ချူး၏ ရောက်ရှိလာမှုအပေါ် အနည်းငယ်မျှပင် တုန်လှုပ်ခြင်းမရှိကြပေ။ စုဟယ်သည် ပတ်ဝန်းကျင်ရှိလူများ၏ တည်ငြိမ်သော အမူအရာများကို မြင်မှသာ သူမ ကိုယ်တိုင် အလွန်အကျွံ တုံ့ပြန်မိသွားမှန်း သိလိုက်ရတော့သည်။
ဆန်းကျုံးဘုရားကျောင်းအတွင်း၌ အဝါရောင်နံရံများကို နောက်ခံထားကာ ဓာတ်ပုံရိုက်နေကြသော ဟန်ဖုဝတ်စုံဝတ်လူငယ်များသာမက ဆံပင်အဖြူ သို့မဟုတ် ဆံပင်ပန်းရောင်များဆိုးထားပြီး သူတို့နှစ်သက်သည့် ဇာတ်ကောင်စုံတွဲများ လက်တွေ့မှာ တကယ်ဖြစ်လာပါစေကြောင်း ဆုတောင်းနေကြသည့် အန်နီမေးရှင်းပရိသတ်များပါရှိနေသည်။ သူတို့နှင့် နှိုင်းယှဉ်ပါက ယွမ်ဒန်ချူး၏ ဝတ်စားဆင်ယင်မှုမှာ အလွန်ပင် ရိုးရှင်းနေသေး၏။ ယွမ်ဒန်ချူးသည် ရှေးဟောင်း ကျောက်ပြားချပ်များပေါ်တွင် နင်းလျှောက်ရင်း ဆန်းကျုံးဘုရားကျောင်းကို စိတ်ပါလက်ပါ လှည့်လည်ကြည့်ရှုနေသည်။ သူသည် စည်ကားလှသော လူအုပ်ကြားထဲတွင် လျှောက်လှမ်းနေသော်လည်း ရံဖန်ရံခါတွင်သာ ဝေ့ကြည့်တတ်ပြီး သူ၏ အာရုံစိုက်မှုမှာ ဘုရားကျောင်း၏ ရှုခင်းများဆီသို့သာ လျင်မြန်စွာ ပြန်ရောက်သွားတတ်သည်။ ဘုရားကျောင်း၏ အဝါရောင်နံရံများအနီးတွင် ဝါးပင်အချို့ကို စိုက်ပျိုးထား၏။ ဝါးရွက်များမှာ လေအဝေ့တွင် အသာအယာ ယိမ်းနွဲ့ကာ တရှဲရှဲ မြည်သံပေးနေခြင်းမှာ သဘာဝ၏ တေးသံတစ်ခုကဲ့သို့ပင်။ ယွမ်ဒန်ချူးသည် ထိုဝါးတောလေးထဲတွင် ဖြည်းညှင်းစွာ လျှောက်လှမ်းနေသည်။ သူ၏ ခြေဖဝါးအောက်ရှိ ကျောက်သားလမ်းလေးမှာ အချိန်ကာလ၏ ပွတ်တိုက်မှုကြောင့် ချောမွတ်နွေးထွေးနေပြီး ကျောက်ပြားများ၏ ထောင့်တိုင်းတွင် စိမ်းလန်းစိုပြေသော မှော်ပင်များ ဖုံးလွှမ်းနေ၏။
သူ၏ ခြေလှမ်းများနောက်သို့ လိုက်ပါရင်း စုဟယ်သည် သူမ အမြဲမြင်နေကျ ဆန်းကျုံးဘုရားကျောင်းမှာ တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားသကဲ့သို့ ခံစားလိုက်ရသည်။ ဆန်းကျုံးဘုရားကျောင်း၏ ဗိသုကာလက်ရာမှာ ရိုးရှင်းသော်လည်း ကျော့ရှင်းလှ၏။ ကော့ညွှတ်နေသော ခေါင်မိုးစွန်းများ၊ အနုစိတ်ထွင်းထုထားသော ထုတ်တန်းများနှင့် ဆေးရောင်ခြယ်တိုင်လုံးကြီးများမှာ ခန့်ညားလှသည်။ ခေါင်မိုးစွန်းများပေါ်ရှိ သားရဲရုပ်ကြွများမှာ ဆေးအသစ်တင်ထားသဖြင့် မနက်ခင်းအလင်းရောင်အောက်တွင် ရွှေရောင်ဖျော့ဖျော့ တောက်ပနေသည်။ ဘုရားကျောင်း၏ အမိုးများကို မီးခိုးရောင် အုတ်ကြွပ်များဖြင့် စီရီစွာ မိုးထားသည်။ နေရောင်ခြည်မှာ ထိုအုတ်ကြွပ်များပေါ်သို့ ကျရောက်သည့်အခါ နူးညံ့သောအလင်းကို ထင်ဟပ်စေပြီး ခေါင်မိုးစွန်းမှ ရွှေရောင်အလင်းနှင့် ပေါင်းစပ်ကာ တည်ကြည်ခန့်ညားသော အငွေ့အသက်ကို ပေးစွမ်းနေ၏။ ခေါင်မိုးစွန်း၏ လေးထောင့်လေးစပ်မှာ အတောင်ပံဖြန့်ကာ ပျံသန်းတော့မည့် ဖီးနစ်ငှက်များကဲ့သို့ မြင့်မားစွာ ကော့တက်နေသဖြင့် ပေါ့ပါးကျော့ရှင်းသော ခံစားချက်ကို ပေးသည်။ ခေါင်မိုးစွန်းအောက်၌ ချိတ်ဆွဲထားသော ခေါင်းလောင်းလေးများမှာ လေတိုက်တိုင်း သာယာသော အသံလေးများ ထွက်ပေါ်နေခြင်းသည် လာရောက်လည်ပတ်သူတိုင်း၏ စိတ်နှလုံးကို ငြိမ်းချမ်းစေ၏။
ယွမ်ဒန်ချူးသည် သင်းပျံ့သော အမွှေးတိုင်နံ့နောက်သို့ လိုက်ပါရင်း ပင်မဝတ်ပြုဆောင်ကြီးအတွင်းသို့ ဝင်လာခဲ့သည်။ ကျယ်ဝန်းခန့်ညားလှသော ခန်းမဆောင်ကြီးအတွင်း၌ ရွှေရောင်တောက်ပနေသော ဗုဒ္ဓရုပ်ပွားတော်ကြီးမှာ တည်ကြည်ခန့်ညားစွာ ရှိနေ၏။ ပတ်ပတ်လည်တွင် ဘုရားလောင်းရုပ်တုအသီးသီးရှိပြီး တစ်ခုချင်းစီမှာ သက်ရှိထင်ရှားရှိနေသကဲ့သို့ အမူအရာအမျိုးမျိုးဖြင့် ထွင်းထုထားသည်။
စုဟယ်သည် ယွမ်ဒန်ချူးကို အမှီလိုက်လာပြီး သူလုပ်သကဲ့သို့ပင် ခေါင်းမော့ကြည့်လိုက်သည်။ ပင်မဆောင်ကြီးမှာ ရှေးဟောင်းသစ်သားဗိသုကာပုံစံဖြစ်ပြီး သစ်သားတိုင်လုံးကြီးများသည် အဆောက်အအုံတစ်ခုလုံးကို ထောက်ကန်ထားသည်။ တိုင်လုံးများ၏ အောက်ခြေတွင် အနုစိတ်လှသော တိမ်တိုက်ပုံစံများနှင့် ကြာပန်းပုံစံများကို ထွင်းထုထားရာ ၎င်းမှာ ဗုဒ္ဓဘာသာ၏ စင်ကြယ်ခြင်းနှင့် လောကီမှလွတ်မြောက်ခြင်းကို ဖော်ဆောင်နေသည်။ တိုင်လုံးများ၏ အထက်တွင် ထုတ်တန်းများနှင့်ထောက်တိုင်များမှာ လိမ်ယှက်နေကြ၏။ ထုတ်တန်းများပေါ်တွင် ဗုဒ္ဓဝင်ဇာတ်တော်များနှင့် မင်္ဂလာရှိသော ပုံရိပ်များ၊ ဥပမာအားဖြင့် မင်္ဂလာရှစ်ပါး၊ ကြာပလ္လင်များနှင့် ပျံလွှားနေသော နတ်သမီးရုပ်ပုံများကို ထွင်းထုထားသည်။ ထွင်းထုချက်တိုင်းမှာ သက်ဝင်လှုပ်ရှားနေပြီး အနုစိတ်ဆုံး အချက်အလက်များမှာ လက်မှုပညာရှင်များ၏ ပြောင်မြောက်သော စွမ်းရည်ကို ထင်ဟပ်နေသည်။ ဆေးရောင်ခြယ်တိုင်လုံးများပေါ်တွင် ဗုဒ္ဓဘာသာဆိုင်ရာ ဒဏ္ဍာရီလာ ပုံပြင်များ၊ ဂေါတမဗုဒ္ဓ၏ ဖြစ်စဉ်တော်နှင့် ရဟန္တာငါးရာတို့၏ ရုပ်ပုံလွှာများကို ဆေးရောင်စုံ နံရံဆေးရေးပန်းချီများဖြင့် တန်ဆာဆင်ထား၏။
အနီးအနားရှိ ကမ္ဘာလှည့်ခရီးသည်တစ်ဦးမှာ စုဟယ် ခေါင်းမော့ကြည့်နေသည်ကို မြင်သော် သူမလည်း စူးစမ်းစွာဖြင့် လိုက်ကြည့်လိုက်သည်။ ခန်းမဆောင်ကြီး၏ အမိုးပေါ်တွင် ဤမျှလှပသော လက်ရာများရှိနေသည်ကို တွေ့လိုက်ရသဖြင့် အံ့အားသင့်သွားကာ သူမ၏ သူငယ်ချင်းကိုပါ လှမ်းခေါ်၍ ကြည့်ခိုင်းတော့သည်။ ထို့ကြောင့် ခန်းမဆောင်အတွင်းရှိ လူအများအပြားမှာ အမိုးပေါ်မှ အနုစိတ်ထွင်းထုချက်များနှင့် ဆေးရောင်ခြယ်လက်ရာများကို ဝိုင်းဝန်းခေါင်းမော့ကြည့်နေကြတော့၏။ ယွမ်ဒန်ချူးသည် ရှေ့သို့ ဆက်လျှောက်သွားရာ ဘုရားကျောင်း၏ နောက်ဖေးခြံဝင်းသို့ ရောက်ရှိလာသည်။ ဤနေရာမှာ ပို၍ပင် တိတ်ဆိတ်အေးချမ်းလှ၏။ ဥယျာဉ်ထဲတွင် ပန်းပင်မျိုးစုံရှိရာ အချို့မှာ အဖူးအဖြစ်ရှိနေဆဲဖြစ်ပြီး အချို့မှာမူ ဝေဆာစွာ ပွင့်လန်းနေကြကာ တစ်ပင်နှင့်တစ်ပင် အလှချင်းပြိုင်နေကြသည်။ ဥယျာဉ်အလယ်တွင် ရေကန်လေးတစ်ခုရှိပြီး ကြာပန်းများ ပွင့်နေကာ ငါးအချို့မှာ ရေထဲတွင် အေးအေးလူလူ ကူးခတ်နေကြ၏။ ဤနေရာသည် ခရီးသွားများအတွက် အနားယူရာနေရာဖြစ်လာပြီး လူအချို့မှာ သစ်ပင်ရိပ်အောက်တွင် ထိုင်ကာ အတွေးကိုယ်စီဖြင့် နစ်မျောနေကြသည်။ သူတို့အားလုံး၏ လက်ထဲတွင် သံဘူးလေးတစ်ဘူးစီ ကိုင်ထားကြသည်ကို ယွမ်ဒန်ချူးက သတိထားမိလိုက်သည်။
ယွမ်ဒန်ချူးသည် တကယ်ပင် ဘုရားကျောင်းသို့ အလည်လာသူတစ်ဦးကဲ့သို့ တစ်ကျောင်းလုံးကို ဆက်လက်လှည့်လည်နေသည်။ စုဟယ်မှာလည်း သူ့ကို မနှောင့်ယှက်ရဲပေ။ သို့သော် ယွမ်ဒန်ချူး၏ ခြေလှမ်းများနောက်သို့ လိုက်ပါရင်း စုဟယ်သည်လည်း သူမတစ်ခါမှ သတိမထားမိခဲ့သော ရှုခင်းများကို မြင်တွေ့လာရသည်။ ၎င်းမှာ အမှန်တကယ်ပင် စိတ်ဝိညာဉ်ကို သန့်စင်စေသည့် ခရီးတစ်ခုပင်။ ဆန်းကျုံးဘုရားကျောင်းမှ ထွက်လာသည့်အခါ ယွမ်ဒန်ချူး ရုတ်တရက် မေးလိုက်သည်။
"ဒီဘုရားကျောင်းကို ပြုပြင်ထိန်းသိမ်းဖို့ဆိုရင် ငွေအမြောက်အမြား ကုန်ကျမှာပဲ မဟုတ်လား"
စုဟယ်မှာ စိတ်သန့်စင်မှုခရီးစဉ်တွင် နစ်မျောနေဆဲဖြစ်ရာမှ အသိပြန်ဝင်လာသည်။
"ဟုတ်မှာပေါ့၊ ဆန်းကျုံးဘုရားကျောင်းက သမိုင်းဝင် ရှေးဟောင်းကျောင်းတစ်ခုဖြစ်ပေမဲ့ အတွင်းထဲက အရာအတော်များများကတော့ အသစ်ပြန်ဆောက်ထားတာပါ၊ အရင်က ဒီလောက်အထိ ခမ်းခမ်းနားနား မရှိခဲ့ဘူး၊ ပင်မဆောင်ကြီး ပြုပြင်ဖို့အတွက် အလှူငွေ ယွမ် (၁၀) သန်း လိုအပ်တယ်ဆိုတဲ့ အလှူခံစာကို ကျွန်မ မြင်ဖူးတယ်၊ တစ်လတောင်မပြည့်ခင်မှာပဲ အဲဒီငွေတွေ အကုန်ရသွားတာ၊ နောက်ကျလို့ အလှူငွေ ထည့်ခွင့်မရလိုက်တဲ့သူတွေတောင် စိတ်ပျက်သွားကြသေးတယ်"
ယုံမြစ်မြို့၏ စီးပွားရေးမှာ ဖွံ့ဖြိုးပြီး လူထုကြားတွင် ငွေကြေးချမ်းသာသူများ ပေါများလှသည်။ ထို့အပြင် ဆန်းကျုံးဘုရားကျောင်းမှာလည်း ဆုတောင်းပြည့်သည်ဟု နာမည်ကြီးသဖြင့် အလှူငွေထည့်ဝင်လိုသည့် သူဌေးကြီးများ ပေါများခြင်းဖြစ်၏။ ယွမ်ဒန်ချူးမှာ ယခုခေတ် ယွမ် (၁၀) သန်းသည် မည်မျှတန်ဖိုးရှိမှန်း ကောင်းစွာနားမလည်သဖြင့် မေးပြန်သည်။
"ယွမ် (၁၀) သန်းရဖို့ ဘယ်လောက်ကြာအောင် အလုပ်လုပ်ရသလဲ"
စုဟယ် တွက်ချက်လိုက်သည်။
"သာမန်လူတစ်ယောက်အတွက်ဆိုရင်တော့ ကမ္ဘာဦးအစကတည်းက ပိုက်ဆံ စစုမှ ရလိမ့်မယ်”
"ကျွန်မတို့ တည်းခိုခန်းရဲ့ဈေးအချိုဆုံးအခန်းက (၃၆၀) ယွမ်ပဲရှိတာ၊ အခန်းငှားရုံသက်သက်နဲ့ (၁၀) သန်းရဖို့ဆိုတာ မလွယ်ဘူးလေ"
စုဟယ်သည် တည်းခိုခန်းတွင် အခြားဝင်ငွေလမ်းကြောင်းများရှိနေသဖြင့် ကံကောင်းသည်ဟု ခံစားလိုက်ရသည်။ ယွမ်ဒန်ချူး သက်ပြင်းချကာ မေး၏။
"သူဌေးမစု၊ ရှန်းချင်းဂိုဏ်း ရဲ့ တာအိုကျောင်းက ဘယ်မှာရှိသလဲဆိုတာ သိပါသလား"
စုဟယ် ဖုန်းထုတ်၍ သတင်းအချက်အလက်များကို ရှာဖွေပြီး ယွမ်ဒန်ချူးကို ပြလိုက်သည်။
"စုပြည်နယ်က မောင်းတောင် ဟာ တာအိုရှန်းချင်းဂိုဏ်းရဲ့ အစပြုရာနေရာပါ၊ အခုတော့ အဲဒီနေရာဟာ ကြယ်ငါးပွင့် အဆင့်ရှိတဲ့ အပန်းဖြေစခန်း တစ်ခု ဖြစ်နေပါပြီ၊ စိတ်ချပါ ကြယ်ငါးပွင့်အဆင့်ရှိတဲ့နေရာကို ရင်းနှီးမြှုပ်နှံမှုဆိုတာ ယွမ်သန်းပေါင်း ရာနဲ့ချီရှိတာမို့ ဆန်းကျုံးဘုရားကျောင်းထက် ပိုပြီးတော့ ခမ်းနားထည်ဝါမှာ သေချာပါတယ်"
"အို ဟုတ်ပါ့မလား"
ယွမ်ဒန်ချူးမှာ စုဟယ်၏ 'သံဘူးလေး' အနားသို့ တိုး၍ကြည့်လိုက်သည်။ ဤသံဘူးလေးမှာ တကယ်ပင် ထူးဆန်းလှသည်။ ရုပ်ပုံများကို တိုက်ရိုက် ပြသနိုင်သည် မဟုတ်ပါလား။ စုဟယ်သည် ယွမ်ဒန်ချူး ဘာတွေးနေသည်ကို အကြမ်းဖျင်း ခန့်မှန်းမိလိုက်သည်။
"သေချာတာပေါ့၊ ကြယ်ငါးပွင့်အဆင့်ရှိတဲ့နေရာက ပိုခမ်းနားမှာပါ၊ ဝင်ကြေးတင် (၉၀) ယွမ် ပေးရတာလေ၊ အခမဲ့ဝင်လို့ရတဲ့ ဆန်းကျုံးဘုရားကျောင်းထက်တော့ ပိုကောင်းမှာ အမှန်ပဲ"
ယွမ်ဒန်ချူး ဇဝေဇဝါဖြစ်သွားသည်။
"ဝင်ကြေး (၉၀) ယွမ်လား"
"ဟုတ်တယ်လေ၊ အပန်းဖြေစခန်းထဲ ဝင်ဖို့ဆိုရင် ဝင်ကြေးပေးရတာပေါ့၊ အခုဆိုရင် လုံဟူတောင်၊ လောင်ကျွင်းတောင် နဲ့ ချင်းချန်တောင် စတဲ့ တာအိုအထွတ်အမြတ်နေရာ အတော်များများက နာမည်ကြီး ကမ္ဘာလှည့်ခရီးသွားနေရာတွေ ဖြစ်ကုန်ပါပြီ"
စုဟယ်အပန်းဖြေစခန်း ဆိုသည့် အဓိပ္ပာယ်ကို ရှင်းပြလိုက်သည်။ ယွမ်ဒန်ချူးမှာ လျင်မြန်စွာ နားလည်သွားသော်လည်း သူ၌ သံသယတစ်ခု ကျန်နေသေး၏။
"ကျွန်တော်လည်း ဝင်ကြေးပေးရမှာလား"
150
ယွမ်ဒန်ချူးအတွက်မူ တာအိုကျောင်းတစ်ခုသို့ ဝင်ရန် ဝင်ကြေးပေးရသည်ဟူသော အချက်မှာ အမှန်တကယ်ပင် နားလည်ရခက်လှသည့် ကိစ္စဖြစ်နေသည်။ အဘယ်ကြောင့်ဆိုသော် သူသည် နှစ်ပေါင်းများစွာတိုင်အောင် နာမည်ကျော်တောင်ကြီးတောင်ငယ်များနှင့် မြစ်ကြီးများတစ်လျှောက် လှည့်လည်သွားလာရင်း တာအိုတရား ကျင့်ကြံခဲ့သော်လည်း တစ်ပြားတစ်ချပ်မျှ ပေးခဲ့ရဖူးခြင်း မရှိသောကြောင့်ပင်။ ယွမ်ဒန်ချူး၏ မူလအမည်မှာ ယွမ်လင်းကျုန်း ဖြစ်သည်။ သူသည် ထန်မင်းဆက်ခေတ်မှ အရာရှိမျိုးနွယ် မိသားစုတွင် ဆင်းသက်လာသည့် လူငယ်တစ်ဦးဖြစ်၏။ ထန်မင်းဆက်တွင် ထွန်းကားလှသော တာအိုယဉ်ကျေးမှု၏ လွှမ်းမိုးမှုကြောင့် သူသည် ငယ်စဉ်ကတည်းကပင် လောကီအာရုံများကို စွန့်ပယ်လိုသော ဆန္ဒရှိခဲ့သည်။ ချမ်းသာကြွယ်ဝသော မိသားစုနောက်ခံ ရှိသော်လည်း ရုပ်ဝတ္ထုပစ္စည်းများအပေါ်၌ မတင်းတိမ်နိုင်ဘဲ စိတ်ဝိညာဉ်သန့်စင်မှုနှင့် မသေနိုင်သော နတ်ဝိဇ္ဇာဖြစ်တည်မှုကိုသာ တောင့်တခဲ့သူ ဖြစ်၏။
မိမိ၏ "မသေနိုင်သော အိပ်မက်" ကိုသယ်ဆောင်ထားရင်း ယွမ်လင်းကျုန်းသည် ခက်ခဲကြမ်းတမ်းလှသော တာအိုကျင့်ကြံခြင်းလမ်းစဉ်ပေါ်သို့ ပြတ်ပြတ်သားသား ခြေချခဲ့သည်။ ထန်မင်းဆက်ခေတ်ဦးကာလတွင် ယွမ်လင်းကျုန်းသည် သူ၏မိသားစုကို နှုတ်ဆက်ကာ ပညာရှာရန်နှင့် ခရီးလှည့်လည်ရန် စတင်ထွက်ခွာခဲ့တော့၏။ သူသည် ထိုခေတ်မှာ အလွန်ပင် ကျော်ကြားလှသည့် ရှန်းချင်းဂိုဏ်းကို ရွေးချယ်ခဲ့သည်။ ရှန်းချင်းဂိုဏ်း၏ တပည့်အများစုမှာ မှူးမတ်မျိုးနွယ်များမှ လာကြသူများဖြစ်ပြီး ကောင်းမွန်သော ပညာရေးကို ရရှိထားကြသူများ၊ ယဉ်ကျေးမှု အဆင့်အတန်း မြင့်မားသူများနှင့် နယ်ပယ်အသီးသီးတွင် အဆက်အသွယ် ကျယ်ပြန့်သူများ ဖြစ်ကြ၏။
ထူးကဲသော ဉာဏ်ပညာနှင့် ပြည့်စုံသဖြင့် ယွမ်လင်းကျုန်းသည် စာမေးပွဲကို အောင်မြင်စွာ ဖြေဆိုနိုင်ခဲ့ပြီး ရှန်းချင်းဂိုဏ်း၏ တာအိုဆရာ ဟူကျိယန် ၏ တပည့် ဖြစ်လာခဲ့သည်။ ထိုအချိန်မှစ၍ သူသည် တာအိုတရားကို စနစ်တကျ ကျင့်ကြံခဲ့ရာ လောကတွင် ယွမ်လင်းကျုန်း ဟူသော အမည်မှာ ပျောက်ကွယ်သွားပြီး ယွမ်ဒန်ချူး သာလျှင် ကျန်ရှိတော့၏။ ခေတ်သစ်လူ့အဖွဲ့အစည်း၏ အမြင်နှင့် ပြောရလျှင် ယွမ်ဒန်ချူးသည် ကျင့်ကြံခြင်းလောက၏ ထိပ်တန်းတက္ကသိုလ်တစ်ခုသို့ ဝင်ခွင့်ရရှိကာ ပညာရှင်အဆင့်ရှိသော ဆရာတစ်ဦးအောက်တွင် တာအိုကျင့်စဉ်ကို သင်ယူနေခြင်း ဖြစ်သည်။ ထိုတက္ကသိုလ်ကြီးတွင်လည်း ဂုဏ်ထူးဆောင် ကျောင်းသားဟောင်းများအဖြစ် အင်အားကြီး ပုဂ္ဂိုလ်များစွာ ရှိနေသေး၏။ ဆရာဟူကျိယန်၏ လမ်းညွှန်မှုအောက်တွင် ယွမ်ဒန်ချူးသည် တာအိုကျမ်းစာများကို နက်နက်ရှိုင်းရှိုင်း လေ့လာခဲ့ပြီး မိမိ၏ ကျင့်ကြံမှုအဆင့်ကို အဆက်မပြတ် မြှင့်တင်ခဲ့သည်။ သူသည် တာအိုဆိုင်ရာဗဟုသုတများကို သင်ယူရုံတင်မကဘဲ နတ်ဆေးပင်များကို စားသုံးကာ ခန္ဓာကိုယ်ကို ပြုပြင်ခြင်းကဲ့သို့သော လက်တွေ့ကျင့်စဉ်များမှတစ်ဆင့် ကျင့်ကြံခြင်းအတတ်ပညာများကို တဖြည်းဖြည်း ကျွမ်းကျင်လာခဲ့သည်။ အချိန်ကြာလာသည်နှင့်အမျှ ယွမ်ဒန်ချူး၏ ကျင့်ကြံမှုမှာ နေ့စဉ်နှင့်အမျှ တိုးတက်လာခဲ့၏။ ထို့နောက် သူသည် ပိုမိုနက်ရှိုင်းသော ကျင့်ကြံခြင်းလမ်းစဉ်ကို ရှာဖွေရန်အတွက် တစ်ကိုယ်တော် ခရီးစတင်ခဲ့တော့သည်။
ရှုပြည်နယ်တွင် ကျင့်ကြံနေစဉ်အတောအတွင်း ယွမ်ဒန်ချူးသည် လီပိုင်နှင့် ဆုံတွေ့ခဲ့သည်။ သူတို့နှစ်ဦးမှာ တွေ့လျှင်တွေ့ချင်းပင် မိတ်ဆွေရင်းချာများ ဖြစ်သွားကြပြီး ကဗျာလင်္ကာများ၊ အတွေးအခေါ်များနှင့် တာအိုတရား၏ လျှို့ဝှက်ချက်များကို ဆွေးနွေးရင်း တစ်သက်တာလုံးအတွက် အရင်းနှီးဆုံး သူငယ်ချင်းများ ဖြစ်လာခဲ့ကြ၏။ လီပိုင်သည် ချန်အန်းမြို့ကို တောင့်တနေပြီး အုပ်ချုပ်ရေးလောကတွင် ကြီးမားသော အောင်မြင်မှုများ ရရှိလိုကြောင်း ယွမ်ဒန်ချူး သိထားသည်။ ထို့ကြောင့် သူသည် လီပိုင်ကို သူ၏မိတ်ဆွေဟောင်းဖြစ်သူ၊ ကျင့်ကြံခြင်းလောကတွင် ဩဇာကြီးမားသူတစ်ဦးဖြစ်သည့် ထန်ရွှမ်ကျုန်းမင်းကြီး၏ ညီမတော် မင်းသမီးယွိကျန်းထံသို့ ထောက်ခံချက်ပေးကာ မိတ်ဆက်ပေးခဲ့သည်။ ယွမ်ဒန်ချူးကိုယ်တိုင်လည်း မင်းသမီးယွိကျန်း၏ ထောက်ခံမှုဖြင့် ချန်အန်းမြို့သို့ သွားရောက်ကာ နန်းတွင်းတာအိုကျောင်းများတွင် တာအိုရေးရာများကို စီမံခန့်ခွဲခွင့်ရရှိခဲ့ပြီး အရာရှိရာထူးတစ်ခုကိုလည်းရရှိခဲ့၏။ သို့သော်လည်း သူ၏ဆရာဖြစ်သူ ဟူကျိယန် ကွယ်လွန်သွားသည့်သတင်းကို ကြားလိုက်ရသည့်အခါ ယွမ်ဒန်ချူးမှာ စိတ်နှလုံး ထိခိုက်ကြေကွဲသွားပြီး ချန်အန်းမှ ရာထူးကို စွန့်လွှတ်ကာ ရှန်သုန်းပြည်နယ်ရှိ ရှီးမန်တောင်တန်းတွင် တောထွက်ကာကျင့်ကြံနေထိုင်ခဲ့တော့သည်။
ဤသို့ တွက်ကြည့်လျှင် ယွမ်ဒန်ချူးသည် ဘဝ၏ စစ်မှန်သော အောင်မြင်သူဟု ခေါ်ဆိုနိုင်သည်။ သူသည် ဉာဏ်ပညာ ထက်မြက်ပြီး စကားအပြောအဆို ကျွမ်းကျင်သူဖြစ်ကာ အခွင့်ထူးခံမိသားစုမှ ဆင်းသက်လာ၏။ တာအိုလောက၏ ထိပ်တန်းကျောင်းတွင် တက်ရောက်ခဲ့ပြီး ပညာရှင်ဆရာကြီး၏ လက်အောက်တွင် ပညာထူးချွန်သူတစ်ဦး ဖြစ်လာခဲ့သည်။ ဩဇာတိက္ကမ ရှိသော မိတ်ဆွေများနှင့် ဆုံတွေ့ခဲ့ရကာ နန်းတွင်းရာထူးကိုလည်း ရရှိခဲ့၏။ ဂုဏ်ဒြပ်နှင့် စည်းစိမ်များကို ရရှိပြီးနောက်တွင်လည်း တောင်ပေါ်သို့ပြန်ကာ ဘဝ၏ နောက်ဆုံးအချိန်များကို အေးချမ်းစွာ ကုန်ဆုံးခဲ့သူ ဖြစ်သည်။ သူ၏မိတ်ဆွေမှာလည်း ကမ္ဘာကျော် စာပေပညာရှင်ကြီး ဖြစ်နေပြီး သူ့အတွက် ကဗျာအပုဒ်ပေါင်း (၂၀) ကျော်ကို ရေးဖွဲ့ပေးခဲ့ရာ တရုတ်စာပေ ဖတ်စာအုပ်များထဲတွင် သူ၏အမည်ကို အောင်မြင်စွာ ထည့်သွင်းပေးနိုင်ခဲ့သည်။ ယွမ်ဒန်ချူး၏ ဘဝခရီးလမ်းကို သိရှိသွားပြီးနောက် စုဟယ်မှာ အလွန်ပင် အားကျသွားမိ၏။ သို့သော်လည်း သူမသည် အေးစက်စက်နှင့် သနားညှာတာမှုကင်းမဲ့စွာ ပြောလိုက်သည်။
"ဆရာဒန်ချူး ရှင့်မှာ တာအိုဆရာလက်မှတ် မရှိဘူးဆိုရင်တော့ လက်မှတ်ဝယ်ရဦးမှာပဲ"
ယွမ်ဒန်ချူး နန်းတွင်းတာအိုရေးရာများကို စီမံခဲ့သည်ဆိုသည်မှာ ရှေးဟောင်းသမိုင်းဝင် ကိစ္စသာ ဖြစ်သည်။ ခေတ်သစ်လူ့အဖွဲ့အစည်းသို့ ရောက်ရှိလာသည့်အခါတွင်မူ ခေတ်သစ်လူ့အဖွဲ့အစည်း၏ စည်းမျဉ်းများကို လိုက်နာရပေမည်။ ယခင်က နန်းတွင်းတာအိုကျောင်းများကို စီမံခဲ့သည်ထားဦး ယခုအချိန်တွင် စီမံနေသည်ဆိုလျှင်တောင်မှ တာအိုဆရာလက်မှတ် မရှိဘဲ အပန်းဖြေစခန်းများသို့ အခမဲ့ ဝင်ခွင့်ရနိုင်မည် မဟုတ်ပေ။ ထိပ်တန်းတက္ကသိုလ်မှ ထူးချွန်ကျောင်းသားတစ်ဦးမှာ ရုတ်တရက်ဆိုသလို လွတ်လပ်ရေးမရမီခေတ်သို့ ပြန်ရောက်သွားပြီး သူ၏ ဘွဲ့လက်မှတ်များမှာ အသိအမှတ်မပြုခံရတော့သည့်အလား ဖြစ်နေသည်။ ယွမ်ဒန်ချူး နှိမ့်ချစွာဖြင့် မေးလိုက်၏။
"ဒါဆိုရင် သူဌေးမစု၊ ကျွန်တော် တာအိုဆရာလက်မှတ်ကို ဘယ်လိုမျိုး ရနိုင်မလဲ"
"ရိုးရှင်းပါတယ်၊ အရင်ဆုံး မှတ်ပုံတင် လိုတယ်"
စုဟယ် ပြန်ဖြေလိုက်သည်။ ယွမ်ဒန်ချူး တိတ်ဆိတ်သွား၏။ သူ၏ အရည်အချင်းများကို အသိအမှတ်ပြုခံရရန် မလွယ်ကူးသေးပုံပေါ်သည်၊ ထို့ကြောင့် သူစကားလမ်းကြောင်းကို ပြောင်းလိုက်၏။
"သူဌေးမစု၊ ကျွန်တော်တို့ တည်းခိုခန်းအကြောင်းလေး ပြောပြပေးပါလား"
စုဟယ်သည် စိတ်ပျက်အားငယ်နေသော ယွမ်ဒန်ချူးကို တည်းခိုခန်းသို့ ခေါ်ဆောင်လာခဲ့သည်။ ဘေးမှကြည့်နေသူများမှာ လူစုမခွဲသေးဘဲ စုဟယ် တာအိုဆရာကို ခေါ်လာသည်ကို မြင်သောအခါ ချက်ချင်း ဝိုင်းအုံလာကြ၏။
"သူဌေးမ၊ သူက သူဌေးမရဲ့ သူငယ်ချင်းလား"
"မဟုတ်ပါဘူး၊ ဆရာကြီးဝေရဲ့ သူငယ်ချင်းပါ၊ ဆရာကြီးဝေနဲ့ လက်ရေးပန်းချီ အကြောင်း ဆွေးနွေးဖို့ လာတာပါ"
စုဟယ် ပြန်ဖြေလိုက်သည်။ စပ်စုနေကြသော ဧည့်သည်များကို ရှင်းလင်းပြီးနောက် စုဟယ်မှ အနည်းငယ် အားနာသောလေသံဖြင့် ပြောလိုက်၏။
"ဆရာဒန်ချူး ရှင်မြင်တဲ့အတိုင်းပဲ၊ လူတိုင်းက ရှင့်ရဲ့ ဝတ်စုံကို စိတ်ဝင်စားနေကြတယ်၊ ပြီးတော့ ရှင့်ကို ဘာသာရေးပုဂ္ဂိုလ်တစ်ယောက်လို့ မြင်ရင် ရဲတွေရဲ့ အာရုံစိုက်မှုကို ခံရဖို့ လွယ်တယ်၊ ဒါကြောင့် ရှင် အဆင်ပြေမယ်ဆိုရင် သာမန်လူတွေဝတ်တဲ့ အဝတ်အစားကို လဲပေးလို့ရမလား"
စုဟယ်၏ စကားထဲတွင် အမိန့်ပေးခြင်းမျိုး မပါဝင်ဘဲ အကြံပြုချက်နှင့် လေးစားမှုတို့သာ ပါဝင်နေသည်။ ယွမ်ဒန်ချူးသည် လွတ်လပ်မှုကို မြတ်နိုးသူတစ်ဦး ဖြစ်၏။ သူ ခေါင်းကို အသာအယာ ညိတ်ကာ စုဟယ်၏ အကြံပြုချက်ကို လက်ခံလိုက်သည်။ စုဟယ် ထုတ်ပေးလာသော အဝတ်အစားပုံထဲမှ ရိုးရှင်းသော ချည်ထည်ဝတ်ရုံရှည် တစ်ထည်ကို သူက ရွေးချယ်လိုက်သည်။ ထိုဝတ်ရုံရှည်မှာ ကြွားဝါခြင်း မရှိသလို ပိတ်စမှာလည်း အလွန်ပင် သက်တောင့်သက်သာ ရှိလှ၏။ ယွမ်ဒန်ချူးသည် ထိုချည်ထည်ဝတ်ရုံရှည်ကို လဲဝတ်လိုက်သည်။ ရိုးရှင်းပြီး ကျော့ရှင်းလှသော ထိုအဝတ်အစားမှာ သူ၏ စင်ကြယ်မြင့်မြတ်လှသော ကိုယ်ရည်ကိုယ်သွေးကို အပြည့်အဝ ပေါ်လွင်စေ၏။ ဝတ်ရုံရှည်၏ အနားသတ်မှာ လေထဲတွင် အသာအယာ လွင့်နေသည်မှာ ထိုက်ကျိ ပုံရိပ်ထဲမှ ယင်နှင့်ယန် ဝင်ရိုးများကဲ့သို့ပင် လှုပ်ရှားမှုနှင့် ငြိမ်သက်မှုကို လိုက်ဖက်ညီစွာ ဟန်ချက်ညီစေသည်။
ယွမ်ဒန်ချူးတွင် ဆံပင်ရှည်များ ရှိနေသော်လည်း ၎င်းမှာ သူ၏ပုံရိပ်ကို ထိခိုက်ခြင်းမရှိဘဲ နတ်ဘုရားဆန်သော တာအိုဆရာတစ်ဦး၏ အငွေ့အသက်ကို ပို၍ပင် တိုးစေသည်။ သူသည် သူ၏ဆံပင်ရှည်များကို ဦးခေါင်းနောက်တွင် တာအိုဆရာများကဲ့သို့ ဆံထုံး ထုံးထားပြီး ရိုးရှင်းသော အနက်ရောင် သားရေကွင်းလေးဖြင့် စည်းနှောင်ထားရာ သူ၏ ဝတ်ရုံရှည်နှင့် အလွန်ပင် လိုက်ဖက်လှ၏။ ဝတ်ရုံရှည်မှာ သူ၏ လှုပ်ရှားမှုများနှင့်အတူ အသာအယာ ယိမ်းနွဲ့နေခြင်းမှာ ကျော့ရှင်းမှုကို တိုးစေသည်။ ထို့ကြောင့် ယွမ်ဒန်ချူးသည် ပြင်ပမှ ထူးခြားနေမှုများကို အပြည့်အဝ ဖယ်ရှားနိုင်ခဲ့ပြီး မနက်ခင်း လေ့ကျင့်ခန်းလုပ်ပြီး ပြန်လာသော ထိုက်ကျိဆရာကြီး တစ်ဦးနှင့်သာ တူနေတော့၏။
စုဟယ်သည် ယွမ်ဒန်ချူးကို ဝေဖုန်းယိ ၏ ဘေးခန်းတွင် နေရာချပေးလိုက်ပြီး ဝေဖုန်းယိကိုလည်း ယွမ်ဒန်ချူး၏ သိလိုသည်များကို ကူညီဖြေကြားပေးရန် တောင်းဆိုလိုက်သည်။ သူတို့နှစ်ဦးမှာ တူညီသော စိတ်ဝင်စားမှုများ ရှိလိမ့်မည်ဟု သူမ ခံစားမိ၏။ ပထမထပ်ရှိ ဧည့်ခန်းလေးထဲတွင် သူတို့နှစ်ဦး မျက်နှာချင်းဆိုင် ထိုင်နေကြသည်။ ယွမ်ဒန်ချူးနှင့် ဝေဖုန်းယိတို့ နှစ်ဦးစလုံး၏ မျက်နှာတွင် ပျော်ရွှင်သော အပြုံးများ ရှိနေကြပြီး အလွန်ပင် စကားပြောကောင်းနေကြသည်မှာ ထင်ရှားလှသည်။ သူတို့နှစ်ဦးလုံးမှာ ထန်မင်းဆက်ခေတ်၏စာပေပညာရှင်များ ဖြစ်ကြသည်။ ခေတ်ကာလတစ်ခုတည်းတွင် နေထိုင်ခဲ့ကြသူများဖြစ်ရုံသာမက ကဗျာလင်္ကာ၊ လက်ရေးပန်းချီနှင့် ပန်းချီကားများအပေါ်တွင် တူညီသော ဝါသနာပါသူများလည်း ဖြစ်ကြ၏။ ဤကဲ့သို့ တူညီသောအချက်များ ရှိနေသဖြင့် သူတို့၏ ဆက်သွယ်ပြောဆိုမှုမှာ သဘာဝကျကျနှင့် ချောမွေ့နေပြီး သူတို့၏ ခင်မင်ရင်းနှီးမှုမှာလည်း မသိမသာ နက်ရှိုင်းလာခဲ့သည်။ ယွမ်ဒန်ချူးမှာ လက်ဖက်ရည်ကို တစ်ငုံသောက်လိုက်ပြီးနောက် နံရံတွင် ချိတ်ဆွဲထားသော ဆရာကြီးဝေ၏ လက်ရေးလှပန်းချီကို ညွှန်ပြကာ ဝေဖုန်းယိကို ပြောလိုက်သည်။
"ညီအစ်ကိုဝေ၊ မင်းရဲ့ လှရေးလှပန်းချီက လွတ်လပ်ပြီး ထိန်းချုပ်မှု ကင်းမဲ့နေတယ်၊ မြင့်မားတဲ့ တောင်တန်းတွေနဲ့ လွင့်မျောနေတဲ့ မြူနှင်းတွေရဲ့ ပန်းချီကားတွေနဲ့လည်း အပြည့်အဝ လိုက်ဖက်လှတယ်၊ ဝမ်ဝေ ရဲ့ စုတ်ချက်တွေထဲက အနုပညာအငွေ့အသက်တွေကို တကယ်ပဲ ဖမ်းဆုပ်ထားနိုင်တာပဲ"
ဝေဖုန်းယိ ပြုံးကာ ခေါင်းခါလိုက်သည်။
"ညီအစ်ကိုယွမ်၊ ကျွန်တော့်ကို မြှောက်ပြောလွန်းနေပါပြီ"
သူတို့၏ စကားဝိုင်းမှာ လက်ရေးလှပန်းချီနှင့် ပန်းချီများမှသည် ကဗျာလင်္ကာများဆီသို့ ကူးပြောင်းသွားသည်။ သူတို့သည် သူတို့အကြိုက်ဆုံး ကဗျာများကို မျှဝေကြပြီး ကဗျာများထဲမှ အနုပညာရသနှင့် အတွေးအခေါ်များကို ဆွေးနွေးကြ၏။ ဝေဖုန်းယိသည် သူကိုယ်တိုင် ရေးသားထားသော ကဗျာစာမူကိုပင် ထုတ်ယူကာ ယွမ်ဒန်ချူးကို ပေးလိုက်သည်။
"ဒါတွေက ကျွန်တော် မကြာသေးခင်က ရေးထားတာတွေပါ၊ ညီအစ်ကိုယွမ်ရဲ့ လမ်းညွှန်မှုကို တောင်းခံပါရစေ"
ဆရာကြီးဝေသည် ဟဲယဲ့တည်းခိုခန်းတွင် ကဗျာအကြောင်း ဆွေးနွေးမည့်သူ တစ်ဦးမှ မရှိသဖြင့် တကယ်ပင် အခက်တွေ့ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့်ပင် ဝေဖုန်းယိ၏ ထူးခြားသော ကျွမ်းကျင်မှုမှာ ကဗျာဖန်တီးခြင်းမှသည် နွေဦးလေညင်းကဲ့သို့ လန်းဆန်းစေခြင်း ဆီသို့ ပြောင်းလဲသွားခဲ့ရခြင်း ဖြစ်သည်။ ယွမ်ဒန်ချူးသည် ကဗျာစာမူကို ယူ၍ သေချာစွာ ဖတ်ရှုပြီး ရံဖန်ရံခါတွင် ခေါင်းညိတ်ကာ ချီးမွမ်းစကား ဆိုလေ၏။ သူသည် ဝေဖုန်းယိ၏ ပါရမီကို အထင်ကြီးသွားမိသလို သူ၏ ကိုယ်ပိုင်အမြင်များနှင့် အကြံပြုချက်များကိုလည်း ပေးခဲ့သည်။ သူတို့နှစ်ဦးမှာ ရှေ့ဆင့်နောက်ဆင့်ဖြင့် အလွန်ပင် စိတ်အားထက်သန်စွာ ဆွေးနွေးနေကြတော့သည်။ ကဗျာများအကြောင်း ဆွေးနွေးနေစဉ်မှာပင် သူတို့သည် စုတ်တံနှင့် မင်များကို ကိုင်ကာ လက်ရေးလှစာလုံး ကျွမ်းကျင်မှုများကို အပြန်အလှန် ဖလှယ်ရန်လည်း မမေ့ကြပေ။ စာကြည့်ခန်းအတွင်း၌ မင်နံ့များ ဖုံးလွှမ်းသွားပြီး သူတို့၏ လက်ရေးများမှာ အားမာန်ပါကာ ထက်မြက်သည်ဖြစ်စေ၊ ကျော့ရှင်းပြီး လွတ်လပ်သည်ဖြစ်စေ တစ်ခုချင်းစီတွင် ကိုယ်ပိုင်ထူးခြားချက်များ ရှိနေကြ၏။ သူတို့၏ စကားဝိုင်းမှာ ကဗျာ၊ လက်ရေးလှစာလုံးနှင့် ပန်းချီများမှသည် ဘဝအတွေးအခေါ်များအထိ၊ သဘာဝရှုခင်းများမှသည် လူမှုဖြစ်စဉ်များအထိ ပိုမိုကျယ်ပြန့်လာခဲ့သည်။
စုဟယ်သည် ဖုန်းအသစ်နှင့် အဝတ်အစားအသစ်များကို ယူ၍ ပြန်လာသည့်အခါတွင်မူ ဆရာကြီးဝေမှာ ထုံးစံနှင့်မတူဘဲ ရှက်ကိုးရှက်ကန်း ဖြစ်နေသည်။ ယွမ်ဒန်ချူးကို ခေတ်သစ်လူ့အဖွဲ့အစည်း၏ အကြောင်းအချို့ ရှင်းပြပေးရန် စုဟယ် သူ့ကို တောင်းဆိုခဲ့သည်ကို သူ သတိရသွား၏။ သို့သော်လည်း မထင်မှတ်ဘဲ သူတို့၏ စကားဝိုင်းမှာ ထန်မင်းဆက်ခေတ်မှာတင် ရပ်တန့်နေခဲ့သေးသည်။ စုဟယ်မှာမူ ၎င်းကို အရေးမစိုက်ပေ။ ဆရာကြီးဝေနှင့် ယွမ်ဒန်ချူးတို့ သူငယ်ချင်းဖြစ်သွားကြခြင်းကိုသာ သူမ အလွန်အမင်း မျှော်လင့်ထားသည်။ သို့မှသာ ယွမ်ဒန်ချူးသည် တည်းခိုခန်းနှင့် ပိုမိုမြန်ဆန်စွာ လိုက်လျောညီထွေ ဖြစ်သွားနိုင်မည် မဟုတ်ပါလား။
"ဆရာကြီးဝေ၊ ဆရာဒန်ချူးကို ဆရာကြီးလက်ထဲပဲ အပ်ထားခဲ့မယ်နော်"
စုဟယ် ပြုံးရွှင်စွာဖြင့် မှာကြားလိုက်တော့သည်။