အခန်း (၁၄၃-၁၄၄)
Vol. 15 Ch. 143-144
143
ဥက္ကဋ္ဌချီသည် လောကကြီးကို အထင်မြင်သေးပြီး လူတို့ကို အလွယ်တကူ ဖျက်ဆီးပစ်တတ်သည့် အာဏာရှင်ဆန်သော ဥက္ကဋ္ဌမျိုးမဟုတ်ဘဲ အလွန်ပင် ရင်းနှီးဖော်ရွေသူတစ်ဦး ဖြစ်သည်။ ဟဲယဲ့တည်းခိုခန်းရှေ့တွင် ကားရပ်ရန် အလွန်ခက်ခဲလှသဖြင့် သူသည် ကားပေါ်မှပင် ကြိုတင်ဆင်းကာ လမ်းကြောင်းရှင်းပေးရန် ကိုယ်တိုင်ကူညီပေးခဲ့သေးသည်။ အကယ်၍သာ ဥက္ကဋ္ဌချီ၏နောက်တွင် အိတ်များသယ်ဆောင်လာသည့် လက်ထောက်နှစ်ဦးသာ ပါမလာခဲ့လျှင် စုဟယ်အနေဖြင့် သူ့ကို သာမန်ချမ်းသာကြွယ်ဝသူတစ်ဦးဟုသာ ထင်မိပေလိမ့်မည်။
စုဟယ်သည် ဥက္ကဋ္ဌချီနှင့် သူ၏လက်ထောက်နှစ်ဦးကို ဓာတ်လှေကားဆီသို့ ဦးဆောင်ခေါ်သွားရင်း လမ်းတစ်လျှောက်တွင် တည်းခိုခန်း၏ ထူးခြားချက်များကို မိတ်ဆက်ပေးနေခဲ့သည်။ ဓာတ်လှေကားအတွင်း ရပ်နေကြစဉ်မှာမူ စုဟယ်သည် ဥက္ကဋ္ဌချီထံမှ ထွက်ပေါ်လာသော အာဏာရှင်စီအီးအို၏ အရှိန်အဝါကို ရုတ်တရက် ခံစားလိုက်ရ၏။ ဥက္ကဋ္ဌချီသည် ဓာတ်လှေကားခန်းမအတွင်း ကျောပြင်ကို မတ်မတ်ဆန့်ကာ ရပ်နေပြီး မီးရောင်များ သူ့အပေါ်သို့ ကျရောက်နေခြင်းမှာ သူ့ကိုယ်ထည်တစ်ခုလုံးကို ရွှေရောင်အနားသတ်ပေးထားသကဲ့သို့ ရှိနေသည်။ သူ၏ ကိုယ်လုံးကိုယ်ပေါက်မှာ အရပ်ရှည်ပြီး ပုခုံးကျယ်ကာ ခါးသေး၏။ သူ၏ ကြွက်သားများမှာ ခွန်အားများဖြင့် ပြည့်ဝနေပုံရပြီး အရာအားလုံးကို အချိန်မရွေး ထိန်းချုပ်ရန် အသင့်ဖြစ်နေသည့် အလားပင်။
သူသည် သူ၏ ခန္ဓာကိုယ်နှင့် အံကိုက်ဖြစ်အောင် ချုပ်လုပ်ထားသည့် တန်ဖိုးကြီးဝတ်စုံကို ဝတ်ဆင်ထားပြီး အသေးစိတ်အချက်တိုင်းမှာ ခေတ်မီဆန်းသစ်မှုနှင့် ဈေးကြီးပေးရသည့် အသွင်အပြင်ကို ပေးစွမ်းနေသည်။ သူ၏ စိန်လက်ကြယ်သီးများမှာပင် အလွန်တောက်ပပြောင်လက်နေ၏။ သူ၏ လက်ကောက်ဝတ်တွင် အဆင့်မြင့်နွားသားရေကြိုး တပ်ဆင်ထားသည့် လက်ရာမြောက်သော နာရီတစ်လုံးကို ပတ်ထားပြီး နာရီလက်တံများမှာ တိတ်ဆိတ်စွာ လည်ပတ်နေရင်း သူ၏ အဖိုးတန်လှသော အချိန်များကို မှတ်တမ်းတင်နေကြသည်။ သူ၏ လက်ချောင်းများမှာ ရှည်လျားသွယ်လျနေပြီး နာရီမျက်နှာပြင်ကို အသာအယာ ပွတ်သပ်နေသည့် အမူအရာမှာပင် အားစိုက်စရာမလိုသော ကျော့ရှင်းမှုတို့ ကိန်းအောင်းနေ၏။
စုဟယ်သည် ဥက္ကဋ္ဌချီ၏ လက်စွပ်နှင့် လက်ပေါ်မှ တလက်လက်တောက်နေသော နာရီကို မကြာခဏ ခိုးကြည့်နေမိသည်။ ထိုအရာများမှာ အလွန်ပင် လှပလွန်းလှပြီး တောက်ပနေသော စိန်များမှာ စွဲမက်စရာကောင်းလှ၏။ ထိုစိန်လက်ကြယ်သီးများနှင့် နာမည်ကျော်နာရီတို့ထက် ဥက္ကဋ္ဌချီ၏ ရုပ်ရည်မှာလည်း ထပ်တူပင် ထူးခြားလှသည်။ သူ၏ ဓားကဲ့သို့ ထက်မြက်သော မျက်ခုံးနက်နက်များမှာ နားထင်သို့ ဝင့်တက်သွားသဖြင့် ပြတ်သားသော ခံစားချက်ကို ပေးစွမ်းသည်။ နှာတံမှာ ဖြောင့်စင်းပြီး နှုတ်ခမ်းလွှာများမှာ ပါးလွှာကာ အချိုးကျလှ၏။ သူ၏ အသားအရေမှာ အပြင်ထွက် အလုပ်လုပ်ထားသည့် အမှတ်အသားဖြစ်သော ကျန်းမာသည့် အညိုရောင်ရှိနေသဖြင့် ယောက်ျားပီသသော အလှတရားကို ပိုမိုတိုးစေသည်။ ဥက္ကဋ္ဌချီ၏ နက်တိုင်တွင် နက်တိုင်ကလစ်လေးတစ်ခု ပါသေးသည်။ အာဏာရှင်စီအီးအိုတစ်ဦး ဖြစ်သည့်အတိုင်း အမှန်တကယ်ပင် ခန့်ညားထည်ဝါလှပေ၏။ ဥက္ကဋ္ဌချီသည် ဓာတ်လှေကားထဲမှ ထွက်လာသည့်အခါ ခြေလှမ်းများမှာ ခိုင်မာပြီး အားပါလှကာ ခြေလှမ်းတိုင်းမှာ သူ၏ အာဏာနှင့် အရှိန်အဝါကို တိတ်ဆိတ်စွာ ကြေညာနေသကဲ့သို့ ရှိသည်။ သို့သော် စုဟယ်မှာမူ ဥက္ကဋ္ဌချီ၏ သားရေဖိနပ်ကိုသာ သတိထားမိလိုက်သည်။ ဖိနပ်ပေါ်တွင် တွန့်ရာတစ်ခုမျှမရှိဘဲ အရည်အသွေးမြင့် သားရေဖြင့်ချုပ်လုပ်ထားကြောင်း သိသာလှ၏။
စုဟယ်သည် အားကျနေသော သူမ၏ အကြည့်များကို ပြန်လည်ရုပ်သိမ်းလိုက်သည်။ သူမလည်း ရွှေနာရီကြီးကြီးနှင့် သားရေဖိနပ်ကောင်းကောင်း ဝတ်ချင်မိ၏။ သူမ၏ ပိုက်ဆံအိတ်ကို ပြန်တွေးမိသည့်အခါတွင်မူ အလုပ်လုပ်လိုစိတ်များ ပိုမိုပြင်းပြလာခဲ့သည်။ စုဟယ်သည် အခန်းတံခါးကို တွန်းဖွင့်လိုက်၏။
"ဥက္ကဋ္ဌချီ၊ ဒါက ဥက္ကဋ္ဌအတွက် အခန်းပါ"
တံခါးပွင့်သွားသည်နှင့်အမျှ နေရောင်ခြည်တန်းလေးတစ်ခုမှာ သူမ၏ ခြေဖဝါးဆီသို့ တိတ်တဆိတ် ရောက်ရှိလာသည်။ အခန်း၏ အပြင်အဆင်မှာ အလွန်သေသပ်လှ၏။ မူလက ခုတင်နှစ်လုံးပါ အခန်းကို တစ်လုံးတည်းပါသည့် အခန်းအဖြစ် ကျွမ်းကျင်စွာ ပြောင်းလဲထားသဖြင့် တစ်ခန်းလုံး ပိုမိုကျယ်ဝန်းသွားသလို ခံစားရစေသည်။ ပြင်သစ်စတိုင် ပြတင်းပေါက်ကြီးများမှတစ်ဆင့် နေရောင်ခြည်များ အခန်းထဲသို့ဝင်လာပြီး အလင်းနှင့်အမှောင် အရိပ်အယောင်လေးများ ဖန်တီးနေခြင်းမှာ အခန်းကို သက်ဝင်လှုပ်ရှားစေသည်။ လိုက်ကာများကို နူးညံ့သော အဖြူရောင်ဇာသားဖြင့် ပြုလုပ်ထားသဖြင့် အလင်းရောင် အလုံအလောက်ရရှိစေရုံသာမက လိုအပ်သည့်အခါတွင်လည်း လုံခြုံမှုကို ပေးစွမ်းနိုင်၏။ အခန်း၏ အလယ်တွင် ခုတင်တစ်လုံးရှိပြီး ဖြူဖွေးသန့်စင်သောအိပ်ယာခင်းနှင့် နူးညံ့သော စောင်တို့ဖြင့် ဖုံးအုပ်ထားကာ ပျော့အိနေသည့် ခေါင်းအုံးများလည်းရှိသည်။ ခုတင်ခေါင်းရင်းနံရံတွင် ဝေဖုန်းယီ ရေးသားထားသော လက်ရေးလှစာမူ တစ်ခုကို ချိတ်ဆွဲထားသဖြင့် အခန်းမှာ အနုပညာရနံ့များ သင်းပျံ့နေ၏။ အခန်း၏ ထောင့်တစ်နေရာတွင် အလုပ်လုပ်ရန်နေရာကို ပြင်ဆင်ထားပြီး ကျယ်ဝန်းသော စားပွဲနှင့် သက်သောင့်သက်သာရှိသော ရုံးထိုင်ကုလားထိုင်တို့ ပါဝင်သည်။ စားပွဲပေါ်တွင် ဘောပင်ထည့်သည့်ဗူး၊ မှတ်စုစာရွက်များနှင့် လှပသော စားပွဲတင်မီးအိမ်တို့ကို စနစ်တကျ စီစဉ်ထား၏။ အခြားတစ်ဖက် နေရောင်မကျသည့် ထောင့်တွင်မူ "မှော်မှန်" ရှိနေသည်။
"ဥက္ကဋ္ဌချီ၊ ဒီမှန်ကနေတစ်ဆင့် အခန်းထဲက လိုက်ကာတွေနဲ့ အဲယားကွန်းကို ထိန်းချုပ်လို့ ရပါတယ်၊ ဒါမှမဟုတ် ဧည့်ကြိုကောင်တာကိုလည်း တိုက်ရိုက် ဖုန်းခေါ်လို့ရပါတယ်၊ ကျွန်မတို့ မှန်မှာ လုပ်ဆောင်ချက်တွေ အများကြီးရှိတာမို့ စိတ်ဝင်စားရင် စမ်းကြည့်လို့ရပါတယ်ရှင်"
စုဟယ်မှာ အခန်းအတွင်းရှိ အသုံးအဆောင်များကို မိတ်ဆက်ပေးလိုက်သည်။ ဥက္ကဋ္ဌချီ၏ အကြည့်မှာ ဦးစွာ အိပ်စက်နေသောမင်းသမီးလေးရဲ့ ကုတင် ပေါ်သို့ ကျရောက်သွားပြီး သန့်ရှင်းသပ်ရပ်သော အိပ်ယာခင်းများကို မြင်သည့်အခါ သူခေါင်းအနည်းငယ် ငြိမ့်ပြလိုက်၏။ ဥက္ကဋ္ဌချီ ခေါင်းငြိမ့်ပြသည်ကို မြင်ရသည့်အခါ စုဟယ်မှာ သူကျေနပ်သွားပြီဖြစ်ကြောင်း သိလိုက်ပြီး ဆက်ပြောသည်။
"ဒီနေ့ည (၆) ထပ်မှာ လက်ရေးလှ သင်တန်းရှိပါတယ်၊ ပြီးတော့ ကျွန်မတို့ တည်းခိုခန်းမှာ အိပ်မက်မက်ဖို့ အထောက်အကူပြုတဲ့ အပင်ထွက် အဆီအနှစ်တွေ သုံးပြီး အိပ်မက်လမ်းညွှန် ဝန်ဆောင်မှု လည်း ရှိပါတယ်၊ ဥက္ကဋ္ဌ လိုအပ်ပါသလားရှင်"
အလုပ်များလွန်းသဖြင့် ဥက္ကဋ္ဌချီသည် မည်သည့်အချိန်မှစ၍ အိပ်မပျော်သောရောဂါ စတင်ဖြစ်ပွားခဲ့သည်ကိုပင် မမှတ်မိတော့ပေ။ အနည်းငယ် ဆူညံသံကြားရုံနှင့် လန့်နိုးတတ်ပြီး ပြန်အိပ်ရန် ခက်ခဲလှသည်။ အစပိုင်းတွင် အိပ်မပျော်သည့်အခါ ထ၍ အလုပ်လုပ်လိုက်လျှင် ရသည်ဟု သူတွေးခဲ့သော်လည်း မထင်မှတ်ဘဲ အခြေအနေမှာ ပိုဆိုးလာခဲ့၏။ ဥက္ကဋ္ဌချီမှာ သူ၏ နားထင်ကို ပွတ်သပ်လိုက်ရင်း ပြောလိုက်သည်။
"မလိုပါဘူး"
သူသည် အိပ်မက်မက်ခြင်းအပေါ် ကောင်းသော အထင်အမြင်မရှိပေ။ ညဘက်တွင် အိပ်မက်မက်လိုက်သည်နှင့် နောက်တစ်နေ့တွင် သူသည် အလွန်ပင် ပင်ပန်းနွမ်းနယ်နေတတ်သောကြောင့် ဖြစ်သည်။ ပါးနပ်လှသော စုဟယ်သည် လက်ထောက်များကို ဘေးအခန်းသို့ ဦးဆောင်ခေါ်သွားလိုက်၏။
"ဒါကတော့ ရှင့်တို့အတွက် အခန်းပါ၊ မနက်ဖြန်မနက် ဥက္ကဋ္ဌချီအတွက် ကောင်းချီးပေးပွဲ အစီအစဉ်လေးတစ်ခု ပြင်ဆင်ထားပါတယ်၊ အစီအစဉ်အတိုင်း ဆက်လုပ်ရမလားရှင်"
လက်ထောက်နှစ်ဦးမှာ ခရီးစဉ်အချိန်ဇယားကို စစ်ဆေးလိုက်ပြီး ပြောလိုက်သည်။
"စီစဉ်လိုက်ပါ၊ ဒါပေမဲ့ အချိန်ကို (၁၀) မိနစ်ထက် မကျော်ရဘူးနော်"
လက်ထောက်နှစ်ဦး သိထားသည်မှာ ဥက္ကဋ္ဌချီ ဤနေရာတွင် တည်းရန် သဘောတူခဲ့ခြင်းမှာ မနက်ဖြန်မနက်အစိုးရနှင့် စီးပွားရေးလုပ်ငန်းရှင်များ ဆွေးနွေးပွဲ ပြုလုပ်မည့်နေရာနှင့် နီးသောကြောင့် ဖြစ်သလို တစ်ဖက်မှာလည်း သူဌေးသား သူငယ်ချင်းတစ်ယောက်၏ အပြင်းအထန် ဖိတ်ကြားမှုကြောင့်လည်း ပါဝင်သည်။ လက်ထောက်များမှာလည်း ထိုသူဌေးသား သူငယ်ချင်းများသည် ဥက္ကဋ္ဌချီကို အသစ်အဆန်းတစ်ခုခု ပြချင်နေသည်ဟု ကြားထားသဖြင့် စုဟယ်၏ အစီအစဉ်ကို မငြင်းခဲ့ကြပေ။
"ကောင်းပါပြီ၊ မနက်ဖြန်မနက် ကောင်းချီးပေးပွဲကို (၈) နာရီမှာ စပါမယ်, လိုအပ်တာရှိရင် ကျွန်မကို အသိပေးပါရှင်"
စုဟယ်သည် လက်ထောက်များနှင့် ညှိနှိုင်းပြီးနောက် ကောင်းချီးပေးပွဲ အစီအစဉ်အတွက် မစ္စကျိနှင့် သွားရောက်တိုင်ပင်ရန် ပြင်ဆင်လိုက်သည်။ ဤသည်မှာ ဧည့်သည်များအတွက် မနက်ခင်းတွင် ကောင်းချီးပေးပွဲ ပထမဆုံးအကြိမ် ပြုလုပ်ခြင်း ဖြစ်သောကြောင့် အသေးစိတ်အချက်အလက်များကို သေချာပြင်ဆင်ရန် လိုအပ်၏။ ဥက္ကဋ္ဌချီသည် အခန်းထဲတွင် တိတ်ဆိတ်စွာ ရပ်နေရင်း အသံများကို နားစွင့်နေမိသည်။ အချိန်ကာလကြီးမှာ ရပ်တန့်သွားသကဲ့သို့ ရှိနေပြီး ပြင်ပမှ နှောင့်ယှက်မှု တစ်ခုမျှမရှိဘဲ လွန်စွာအေးချမ်းလှ၏။
အခန်း၏ အသံလုံစနစ်မှာ အံ့အားသင့်စရာကောင်းလောက်အောင် ကောင်းမွန်လှသည်။ ဥက္ကဋ္ဌချီသည် မည်သည့်ခြေသံမျှ မကြားရသလို ဘေးပတ်ဝန်းကျင် အခန်းများမှလည်း ထူးဆန်းသော အသံများ ထွက်မလာပေ။ အသံအားလုံးကို ထူထဲသော နံရံများမှာ ပြီးပြည့်စုံစွာ ပိတ်ဆို့ထားသဖြင့် စိတ်အေးချမ်းစွာ အနားယူနိုင်သည့် နေရာတစ်ခုသာ ကျန်ရစ်သည်။ အပြင်ဘက် လမ်းဟောင်းပေါ်တွင်မူ လူများမှာ သွားလာနေကြ၏။ လျှပ်စစ်စကူတာများနှင့် လမ်းလျှောက်သူများမှာ လမ်းဟောင်း၏ အရှင်သခင်များဖြစ်ကြပြီး လမ်းထောင့်တိုင်းတွင် စိတ်ကြိုက် ရပ်နားနေကြသည်။ ယင်းမှာ ကားမောင်းသမားများကို အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်စေသည်။ အချို့မှာ ခေါင်းပြူထွက်ကာ စကူတာများကို ဖယ်ပေးရန် ပြောနေကြပြီး အချို့မှာမူ ဟွန်းကို အဆက်မပြတ် တီးနေကြ၏။ မြို့ပြလမ်းမများပေါ်တွင် ကားဘီးများ လည်ပတ်နေပြီး ကားများစွာ ဖြတ်သန်းနေသော်လည်း ထိုအသံများမှာ မမြင်ရသော အတားအဆီးတစ်ခုကြောင့် ပိတ်ဆို့နေသကဲ့သို့ ရှိသည်။ အင်ဂျင်သံများ သို့မဟုတ် လမ်းနှင့် တာယာပွတ်တိုက်သံများကို အခန်းထဲတွင် လုံးဝမကြားရပေ။ ဆန်းကျုံးဘုရားကျောင်း နံရံများမှ ထွက်ပေါ်နေသော သစ်ပင်များပေါ်တွင် ငှက်အချို့ နားနေကြသော်လည်း ထိုငှက်များ၏ တေးဆိုသံကိုပင် သူ မကြားရဘဲ စိတ်အေးချမ်းမှုကို ခံစားနေရသည်။
ဥက္ကဋ္ဌချီသည် နေရောင်ခြည်၏ သင်းပျံ့သောရနံ့ကို ရလိုက်ပြီး ရုတ်တရက် အိပ်ငိုက်လာသလို ခံစားလိုက်ရသည်။ ခရီးပန်းလာသည်မှာလည်း အမှန်ပင်။ ဥက္ကဋ္ဌချီသည် ကုတင်ပေါ်တွင် လဲလျောင်းလိုက်ရာ သူ၏ ခန္ဓာကိုယ်ကို နူးညံ့သော မွေ့ရာနှင့် နွေးထွေးသော စောင်တို့မှ အသာအယာ ထွေးပွေ့လိုက်သည်။ မျက်လုံးများကို မှိတ်လိုက်သည့်အခါ သူ၏ အသက်ရှူသံနှင့် နှလုံးခုန်သံတို့ကို ခံစားမိပြီး ပတ်ဝန်းကျင်၏ တိတ်ဆိတ်မှုနှင့်အတူ သာယာသော ဟန်ချက်တစ်ခုဖြစ်ပေါ်လာ၏။ ဤနေရာတွင် ပြင်ပမှ နှောင့်ယှက်မှုများကို ခေတ္တမေ့လျော့သွားပြီး အတွင်းစိတ်၏ ငြိမ်းချမ်းမှုမှာ အတိုင်းအဆမရှိ ကြီးမားလာခဲ့သည်။ သူ၏အသက်ရှူသံမှာ တဖြည်းဖြည်း မှန်ကန်တည်ငြိမ်သွားလေတော့၏။
144
ဥက္ကဋ္ဌချီသည် နူးညံ့သော ကုတင်ထက်တွင် လဲလျောင်းလိုက်ပြီး သူ၏ခန္ဓာကိုယ်မှာ မွေ့ရာ၏ ထွေးပွေ့မှုအတွင်းသို့ ဖြည်းညှင်းစွာ နစ်ဝင်သွားသည်ကို ခံစားလိုက်ရသည်။ အိပ်ယာခင်းများကို အမျှင်ဓာတ်မြင့်မားသော ဂွမ်းစစ်စစ်ဖြင့် ပြုလုပ်ထားပြီး ထိတွေ့လိုက်လျှင် နုနယ်လှကာ တိမ်တိုက်များကဲ့သို့ ပေါ့ပါးလှ၏။ အိပ်ရာခင်းများထံမှ နေရောင်ခြည်၏ သင်းပျံ့သောရနံ့ထွက်ပေါ်နေပြီး လူ့ခန္ဓာကိုယ်အပူချိန်နှင့် နီးစပ်သော နွေးထွေးမှုကို ပေးစွမ်းနေသည်။
ဥက္ကဋ္ဌချီသည် မျက်လုံးများကို မှိတ်ကာ အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ရာ သူ၏အသက်ရှူသံမှာ တဖြည်းဖြည်း မှန်ကန်ပြီး နက်ရှိုင်းလာသည်။ အခန်းတွင်း အပူချိန်မှာလည်း အနေတော်ဖြစ်နေပြီး မှော်မှန်မှာ ဗဟိုအဲယားကွန်းကို ဖွင့်ပေးထားခြင်းဖြစ်သဖြင့် သူ၏ ပင်ပန်းနွမ်းနယ်မှုများကို ဖယ်ရှားပေးနေ၏။ သူ၏ နှလုံးခုန်သံမှာ တဖြည်းဖြည်း နှေးကွေးသွားပြီး အခန်းထဲတွင် တိတ်ဆိတ်ငြိမ်သက်သွားသည်နှင့်အမျှ သူ၏အတွေးအာရုံများမှာလည်း စတင် တည်ငြိမ်လာတော့သည်။ ဤကဲ့သို့ အေးချမ်းလှသော ပတ်ဝန်းကျင်တွင် ဥက္ကဋ္ဌချီသည် ကုမ္ပဏီအလုပ်များကို မတွေးတော့သလို သူ၏ဖုန်းကိုလည်း ခဏခဏ မစစ်ဆေးတော့ပေ။ သူသည် ငြိမ်သက်စွာ လဲလျောင်းရင်း အေးချမ်းမှုကို ခံစားနေခဲ့သည်။ သူကိုယ်တိုင်ပင် မသိလိုက်ဘဲ နှစ်ခြိုက်ချိုမြိန်သော အိပ်စက်ခြင်းသို့ ကျရောက်သွားတော့၏။
ဗိုက်ထဲမှ တဂွီဂွီနှင့်မြည်လာသည့်အခါမှသာ ဥက္ကဋ္ဌချီသည် သဘာဝအတိုင်း နိုးလာခဲ့သည်။ သူ၏ခန္ဓာကိုယ်မှာ ပုံမှန်ထက် ထူးခြားစွာ ပေါ့ပါးနေပြီး ဖိအားများနှင့် ပင်ပန်းမှုအားလုံးမှာ အိပ်စက်ခြင်းနှင့်အတူ လွင့်စင်သွားသကဲ့သို့ ခံစားရ၏။ သူသည် အကြောဆန့်လိုက်ရာ ခန္ဓာကိုယ်ရှိ အဆစ်တိုင်း၏မြည်သံကြားရခြင်းမှာ ကျေနပ်စရာပင်။ သူသည် ထထိုင်ကာ လတ်ဆတ်သော လေကို ရှူသွင်းလိုက်ပြီး တက်ကြွလန်းဆန်းမှုကို ခံစားလိုက်ရသည်။ ယခုတစ်ကြိမ်တွင် ဥက္ကဋ္ဌချီသည် ကောင်းကောင်းအိပ်ပျော်ခဲ့ရုံသာမက ကြာမြင့်စွာဝေးကွာနေခဲ့သော သက်တောင့်သက်သာရှိမှုနှင့် လန်းဆန်းသော အခြေအနေကို ပြန်လည်ရရှိခဲ့၏။ သူ၏ ဦးခေါင်းမှာလည်း ကိုက်ခဲခြင်းမရှိတော့ဘဲ ထူးထူးခြားခြား ကြည်လင်နေသည်။
ဥက္ကဋ္ဌချီသည် သူ၏ဗိုက်ကို ပွတ်သပ်လိုက်ရင်း စားပွဲပေါ်ရှိ လက်ဖက်ရည်နှင့် မုန့်များကို ကောက်ယူလိုက်သည်။ အစပိုင်းတွင် ဗိုက်ဖြည့်ရန်သာ ရည်ရွယ်သော်လည်း နူးညံ့သော မုန့်အရသာမှာ လျှာပေါ်တွင် အရည်ပျော်သွားသည့်အခါ သူ၏ မျက်ခုံးများမှာ မသိမသာ မြင့်တက်သွားပြီး အံ့သြသော အရိပ်အယောင်များ ပေါ်လာသည်။ မုန့်မှာ အပြင်သား ကြွပ်ကြွပ်လေးနှင့် အတွင်းသားမှာ နူးညံ့ကာ အီလည်လည်မဖြစ်သော အချိုဓာတ်နှင့် နို့နံ့သင်းသင်းလေး ပါဝင်သည်။ ကိုက်လိုက်တိုင်း အရသာမှာ ထူးကဲလှ၏။ သူ၏ မျက်ဝန်းထဲတွင် ကျေနပ်မှု အရိပ်အယောင်များ လက်ခနဲ ပေါ်သွားပြီး ယခင်က တင်းတင်းစေ့ထားသော နှုတ်ခမ်းလွှာများမှာ ပြေလျော့သွားကာ ပြုံးယောင်သန်းလာသည်။ ၎င်းမှာ သူ့ထံမှ တွေ့ရခဲသော နူးညံ့သည့် အမူအရာပင်ဖြစ်၏။ ဝဝလင်လင် အိပ်စက်စားသောက်ပြီးနောက် ဥက္ကဋ္ဌချီသည် အခန်းထဲရှိ မှော်မှန်ကို စစ်ဆေးရန် စိတ်ဝင်စားလာသည်။ မှော်မှန်သည် ဥက္ကဋ္ဌချီ၏ စပ်စုလိုသော အကြည့်ကို သတိပြုမိသွားပြီး စကားစတင်ပြောဆိုလာ၏။
"ဘာများ ကူညီပေးရမလဲအရှင်"
ဥက္ကဋ္ဌချီ စိတ်ဝင်စားသွားကာ မေးလိုက်သည်။
"ဒါက ဉာဏ်ရည်တုလား"
"ကျွန်တော်က အရှင့်ရဲ့ မေးခွန်းအားလုံးကို ဖြေပေးနိုင်ပါတယ်"
မှော်မှန် ကြွားလုံးထုတ်လိုက်သည်။ ယခုတစ်ကြိမ် လာသည့် ဧည့်သည်မှာ ဖောက်သည်ကြီး ဖြစ်ကြောင်း ကြားထားသဖြင့် လက်လွတ်မခံနိုင်ပေ။ ဥက္ကဋ္ဌချီမှာ မျက်ခုံးတစ်ချက် ပင့်လိုက်ရင်း မေးလိုက်သည်။
"ဒါဆိုရင် အရှေ့အလယ်ပိုင်း အခြေအနေရဲ့ အနာဂတ် ဦးတည်ချက်အပေါ် မင်း ဘယ်လိုမြင်လဲ၊ အဲဒါက တရုတ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုအပေါ် ဘယ်လို သက်ရောက်မှုရှိမလဲ"
မှော်မှန်၏ အသံမှာ အနည်းငယ် ခြောက်ကပ်သွားသည်။ ဒီလူက ဘာလို့ စည်းမျဉ်းအတိုင်း မကစားတာလဲ။ ဘာလို့ဒီလိုမေးခွန်းတွေ မေးတာလဲ။ သူ့ရဲ့အချစ်ရေး ကံကြမ္မာအကြောင်းကို ဘာလို့မမေးတာလဲ။
"အရှေ့အလယ်ပိုင်းဒေသ တည်ငြိမ်မှုဟာ တရုတ်နိုင်ငံရဲ့ ပြည်ပ အကျိုးစီးပွားတွေအတွက် အလွန်အရေးကြီးပါတယ်၊ ဘာလို့လဲဆိုတော့ ဒီဒေသဟာ တရုတ်နိုင်ငံရဲ့ စွမ်းအင်တင်သွင်းမှု အရင်းအမြစ်တွေထဲက တစ်ခုဖြစ်လို့ပါပဲ၊ တကယ်လို့ ပဋိပက္ခတွေ မြင့်တက်လာပြီး ရေနံထုတ်လုပ်မှုနဲ့ သယ်ယူပို့ဆောင်ရေး လမ်းကြောင်းတွေကို ထိခိုက်လာရင် တရုတ်နိုင်ငံရဲ့ စွမ်းအင်ထောက်ပံ့မှု ကွင်းဆက်ကို ဂယက်ရိုက်စေနိုင်ပါတယ်၊ အသေးစိတ်ကို ထပ်သိချင်ရင်တော့ ကျွန်တော်အတွက် စွမ်းအင် အချို့ ထပ်ဖြည့်ပေးနိုင်ပါတယ်"
မှော်မှန် အားတင်းကာ ဖြေလိုက်ရသည်။ ဥက္ကဋ္ဌချီမှာ မေးခွန်းပြောင်းလိုက်ပြန်၏။
"ယုံမြစ်မြို့ရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အလားအလာနဲ့ မြေယာဘဏ္ဍာရေး ကြားက ဆက်စပ်မှုကို မင်း ဘယ်လိုမြင်လဲ"
မှော်မှန်မှာ ပို၍ပင် စိတ်ဆင်းရဲသွားရသည်။ ၎င်းသည် ခက်ခက်ခဲခဲပင် ဖြေကြားလိုက်၏။
"ယုံမြစ်မြို့ရဲ့ အထွေထွေ ဘတ်ဂျက်ဝင်ငွေဟာ အခွန်လျှော့ပေါ့မှု မူဝါဒတွေနဲ့ အိမ်ခြံမြေ လုပ်ငန်း ဆက်တိုက် ကျဆင်းနေမှုကြောင့် အနည်းငယ် လျော့ကျနေပေမဲ့ ဘဏ္ဍာရေးအရ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်စွမ်းကတော့ ကောင်းမွန်ပါတယ်၊ အိမ်ခြံမြေလုပ်ငန်း ကျဆင်းမှုက မြေယာအရောင်းအဝယ်ဈေးကွက်ကို တိုက်ရိုက်သက်ရောက်စေပြီး အစိုးရရဲ့ ရန်ပုံငွေကို ထိခိုက်စေတဲ့အတွက် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုမှာ"
မှော်မှန်၏ QR Code မှာ အရောင်အနည်းငယ် မှိန်သွားသည်။ သူသည် သူ၏ QR Code ကိုပင် ဝှက်ထားချင်စိတ် ပေါက်သွားတော့၏။ မှန်တစ်ချပ်ကို ဘာလို့ ဒီလောက်ခက်ခဲအောင်လုပ်ရတာလဲ။ ပိုလွယ်တဲ့ မေးခွန်းတွေ မေးရင် မကောင်းဘူးလား။ သူက ကျောင်းမတက်ဖူးတဲ့ မှန်တစ်ချပ်ပဲလေ။ ဒီလူမှာ စက်ပစ္စည်းထုတ်လုပ်ရေး နည်းပညာတွေ သို့မဟုတ် နျူကလီးယားစွန့်ပစ်ရေး ပြဿနာဖြေရှင်းနည်းတွေကိုပါ မေးတော့မည့်အတိုင်းပင်။ မှော်မှန်မှာ ဒေါသထွက်နေတော့သည်။
သို့သော် ယခုတစ်ကြိမ်တွင်မူ ဥက္ကဋ္ဌချီသည် သူ၏ဖုန်းကိုထုတ်ကာ ဝန်မလေးဘဲ QR Code ကို စကန်ဖတ်ပြီး ငွေပေးချေလိုက်သည်။ မှော်မှန်သည် တက်ကြွမှုအချို့ပြန်ရလာပြီး ခက်ခဲစွာ ပြန်လည်ဖြေကြားတော့၏။ ၎င်း၏ ချစ်ပ်ပြားမှာ အားစိုက်ရလွန်းသဖြင့် မီးခိုးပင် ထွက်တော့မည့် အခြေအနေပင်။ ဥက္ကဋ္ဌချီမှာမူ အတော်လေး ကျေနပ်သွားပုံရသည်။ ထို့နောက် မေးခွန်းပေါင်းများစွာကို ထပ်မံမေးမြန်းခဲ့၏။ လူသားနှင့် မှန်တစ်ချပ်ကြားမှ စကားပြောဆိုမှုမှာ တဖြည်းဖြည်း နက်ရှိုင်းလာခဲ့သည်။ ဥက္ကဋ္ဌချီ ပြော၏။
"ငါ့ဆီမှာရှိတဲ့ ယုံမြစ်မြို့သစ်စီမံကိန်း အဆိုပြုလွှာကို ငါ သဘောမကျဘူး၊ မင်း အဲဒါကို ပိုကောင်းအောင်ကူညီပေးနိုင်မလား"
ပြောပြီးသည်နှင့် ဥက္ကဋ္ဌချီသည် မှော်မှန်ထံသို့ ငွေအမြောက်အမြားထပ်မံလွှဲပေးလိုက်သည်။ မလုပ်နိုင်လျှင်ပင် လုပ်ရတော့မည်။ မှော်မှန်၏ မျက်နှာပြင်ပေါ်တွင် ကုဒ်စာတန်းများ လျင်မြန်စွာ ပေါ်လာပြီး ၎င်း၏ ချစ်ပ်ပြားမှာ ဥက္ကဋ္ဌ၏ မေးခွန်းများကို အံ့သြဖွယ် အရှိန်နှုန်းဖြင့် ခွဲခြမ်းစိတ်ဖြာနေတော့၏။ တစ်မိနစ်မပြည့်မီမှာပင် မှော်မှန်သည် အပြုသဘောဆောင်သော ဖြေရှင်းချက်များကို တင်ပြလာသည်။
"အို ကျွန်တော်ရဲ့ မြင့်မြတ်လှတဲ့ အရှင်၊ ကျွန်တော်အကြံပြုချက်တွေကို စာမူကြမ်းအဖြစ် ပြုစုပြီး အရှင့်ရဲ့ ဖုန်းထဲကို ပို့ပေးလိုက်ပါပြီ၊ စစ်ဆေးပေးပါဦး"
မှော်မှန်မှာ အသံပျော့လေးဖြင့်ပြောလိုက်သည်။ မှော်မှန် တင်ပြလာသည့် ဖြေရှင်းချက်များကို နားထောင်ရင်း ဥက္ကဋ္ဌချီ၏ မျက်ဝန်းများမှာ ကျေနပ်မှုများဖြင့် တဖြည်းဖြည်း လင်းလက်လာ၏။ ဤဉာဏ်ရည်တု၏ လုပ်ဆောင်နိုင်စွမ်းနှင့် အရည်အသွေးမှာ ဤမျှမြင့်မားနေသည်ကို သူ မအံ့သြဘဲ မနေနိုင်ပေ။ ဖြေရှင်းချက်များမှာ ပြည့်စုံရုံသာမက အချက်အလက်တိုင်းမှာ ထိရောက်လှသည်။ ၎င်းမှာ သူ၏ လစာကြီးပေးထားရသည့် လက်ထောက်များကို သတိရစေ၏။ ထိုသူများသည် အဆိုပြုလွှာ တစ်ခုပြင်ရန် တစ်နေ့လုံး အချိန်ယူရလေ့ရှိပြီး ထိုသို့ပြင်ဆင်လျှင်ပင် ဤမျှ နက်ရှိုင်းကျယ်ပြန့်မှုမျိုး မရရှိနိုင်ပေ။ ထို့အပြင် မှော်မှန် ပေးလိုက်သည့် ပြင်ဆင်ရန် အကြံပြုချက်များမှာ သူ့ကို အမှန်တကယ်ပင် အတွေးသစ်များ ပေးနိုင်ခဲ့သည်။ ဥက္ကဋ္ဌချီသည် ထရပ်လိုက်ပြီး စားပွဲဆီသို့ လျှောက်သွားကာ သူ၏ ကွန်ပျူတာကို ဖွင့်လိုက်ပြီး အွန်လိုင်း အစည်းအဝေးတစ်ခုကို ချက်ချင်း ပြုလုပ်တော့၏။ မနက်ဖြန် အစိုးရနှင့် စီးပွားရေးလုပ်ငန်းရှင်များ ဆွေးနွေးပွဲအတွက် သူ့တွင် အတွေးသစ်များ ရှိနေပြီဖြစ်သည်။
နောက်တစ်နေ့မနက်တွင် စုဟယ်သည် ဧည့်ကြိုကောင်တာ၌ ဥက္ကဋ္ဌချီနှင့်သူ၏လက်ထောက်များကို စောင့်နေခဲ့သည်။ လက်ထောက်များမှာ ဓာတ်လှေကားထဲမှ ထွက်လာကြရာ သိသာထင်ရှားသော ပင်ပန်းနွမ်းနယ်မှုများ ရှိနေကြ၏။ သူတို့၏ မျက်အိတ်များမှာ ဖောင်းနေပြီး မျက်ကွင်းများ ညိုနေခြင်းမှာ တစ်ညလုံး မအိပ်ခဲ့ရကြောင်း သက်သေပင် ဖြစ်သည်။ မနက်ဖြန် ဆွေးနွေးပွဲအတွက် ဥက္ကဋ္ဌချီသည် အွန်လိုင်းအစည်းအဝေး တစ်ခုကို ပြုလုပ်ခဲ့ပြီး အဆိုပြုလွှာကို အဖွဲ့နှင့်အတူ ညနက်သည့်တိုင်အောင် သေသေချာချာ ပြင်ဆင်ခဲ့ကြခြင်း ဖြစ်၏။ ရုတ်တရက် ပေါ်လာသော အလုပ်ပမာဏနှင့် ဆက်တိုက် ပြင်ဆင်ရမှုများမှာ လက်ထောက်များအပေါ် ဖိအားများစွာ ပေးခဲ့သည်။ အိပ်စက်နေသောမင်းသမီးလေးရဲ့ ကုတင် မှာသူတို့ကို ဆွဲဆောင်နေသော်လည်း သူတို့ မနားရဲကြပေ။ ကိန်းဂဏန်းများ၊ အစီရင်ခံစာများနှင့် မဟာဗျူဟာများကို ရင်ဆိုင်ရင်း မနက်အစောပိုင်းကျမှသာ ခေတ္တခဏ အနားယူနိုင်ခဲ့ကြသည်။ ဤသည်မှာလည်း အိပ်စက်နေသောမင်းသမီးလေးရဲ့ ကုတင် ကြောင့်သာ ဖြစ်၏။ သို့မဟုတ်ပါက ထိုလက်ထောက်နှစ်ဦး၏ မျက်အိတ်များမှာ ယနေ့မနက်တွင် ခြေဖဝါးအထိ ကျဆင်းနေပေလိမ့်မည်။
လက်ထောက်များနှင့် နှိုင်းယှဉ်လျှင် ဥက္ကဋ္ဌချီမှာမူ ပေါ့ပါးသော ခြေလှမ်းများဖြင့် လျှောက်လာသည်။ သူ၏ မျက်လုံးများ တောက်ပနေပြီး ခွန်အားများ ပြည့်ဝနေခြင်းမှာ လက်ထောက်များ၏ အသက်ဓာတ်ကို စုပ်ယူထားသည့် မြေဖုတ်ဘီလူး တစ်ကောင်ကဲ့သို့ပင်။ မနေ့ညက ဥက္ကဋ္ဌချီသည် ခဏတဖြုတ် အိပ်ပြီးနောက် ပြန်အိပ်မရတော့မည်ဟု ထင်ခဲ့သော်လည်း မထင်မှတ်ဘဲ ကုတင်ပေါ် လဲလျောင်းလိုက်သည်နှင့် အတွေးများ ငြိမ်သက်သွားကာ လျင်မြန်စွာပင် အိပ်ပျော်သွားခဲ့သည်။ ကြာမြင့်စွာ မျှော်လင့်ခဲ့ရသော အေးချမ်းသည့် အိပ်စက်ခြင်းကို ရရှိပြီးနောက် ဥက္ကဋ္ဌချီ၏ အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားခဲ့၏။
အလုပ်ဖိအားကြောင့် ဖြစ်ပေါ်နေသော မှိုင်းညို့ပြီး ခေါင်းမာသည့် အမူအရာများ ပျောက်ကွယ်သွားသည်။ ယခုအခါ သူ၏ မျက်နှာသွင်ပြင်မှာ ပိုမိုနူးညံ့လာပြီး တွန့်ချိုးနေသော မျက်ခုံးများမှာ ပြေလျော့သွားကာ စိုးရိမ်မှုအားလုံးမှာ ကောင်းမွန်သော အိပ်စက်ခြင်းနှင့်အတူ ပျောက်ကွယ်သွားသကဲ့သို့ပင်။
ဥက္ကဋ္ဌချီ၏ မျက်လုံးများမှာ တက်ကြွမှုနှင့် နွေးထွေးမှုတို့ဖြင့် လင်းလက်နေပြီး ထက်မြက်ကာ အကဲခတ်လိုသော အကြည့်များ မရှိတော့ဘဲ ငြိမ်းချမ်းပြီး ကြင်နာတတ်သော အသွင်သို့ ပြောင်းလဲသွားသည်။ သူ၏ နှုတ်ခမ်းတွင်လည်း မသိမသာ ပြုံးယောင်သန်းနေခြင်းမှာ သူ၏ စိတ်အခြေအနေ ကောင်းမွန်နေကြောင်းကိုပြသနေ၏။ သူသည် ခေါင်းမာသော ဥက္ကဋ္ဌကြီးအဖြစ်မှ နေရောင်ခြည်ကဲ့သို့ တောက်ပပြီး တက်ကြွသော ဥက္ကဋ္ဌကြီးအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။