အခန်း (၁၄၇-၁၄၈)
Vol. 15 Ch. 147-148
147
မကြာသေးမီက ဟဲယဲ့တည်းခိုခန်းအတွင်း၌ ပျော်ရွှင်စရာ အဖြစ်အပျက်များ တစ်ခုပြီးတစ်ခု ဖြစ်ပေါ်နေသည်။ ရော့စ်ထံမှ ကြားသိရသည့် သတင်းများအရ ဥက္ကဋ္ဌချီသည် ယုံမြစ်မြို့စီမံကိန်းကို အောင်မြင်သွားခဲ့ပြီဖြစ်သည်။ စီမံကိန်း တရားဝင်စတင်သည်နှင့် ဥက္ကဋ္ဌချီသည် အလုပ်ကိစ္စဖြင့် ယုံမြစ်မြို့သို့ မကြာခဏ လာရောက်ရမည်ဖြစ်ရာ စုဟယ်၊ မစ္စကျိ၊ ရော့စ်နှင့် ချမ်းသာသော သူဌေးသားတစ်စုကို အတူတကွ ထမင်းစားရန် ဖိတ်ခေါ်မည်ဟု ဆို၏။ စုဟယ်သည် ထိုသတင်းအတွက် ဝမ်းသာမိသော်လည်း ဥက္ကဋ္ဌချီ ပေးအပ်သည့် ကျေးဇူးတင်လက်ဆောင် အနီရောင်စာအိတ်ကိုမူ ငြင်းပယ်ခဲ့သည်။ ထိုနေ့က ကံကောင်းခြင်းအခမ်းအနားအပြီးတွင် ဥက္ကဋ္ဌချီသည် သူမနှင့် မစ္စကျိကို တစ်ယောက်လျှင် ယွမ် (၁၆၀၀) စီပါသော စာအိတ်များ ပေးခဲ့ပြီးသား မဟုတ်ပါလား။
ယခုတစ်ကြိမ် အောင်မြင်မှုတွင် မစ္စကျိ၏ ဆုတောင်းအကမှာ တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်သည်ဟု ဆိုနိုင်သော်လည်း အဓိကမှာ ဥက္ကဋ္ဌချီနှင့် သူ၏အဖွဲ့သားများသည် ပြောင်မြောက်သော အဆိုပြုလွှာကို ဖန်တီးနိုင်ခဲ့ခြင်းကြောင့်သာဖြစ်၏။ ထိုက်တန်မှုမရှိဘဲ ဆုလာဘ်ကို မယူလိုသဖြင့် စုဟယ်မှာ အလေးအနက် ငြင်းဆိုလိုက်ခြင်းဖြစ်သည်။ ဥက္ကဋ္ဌချီသည် သူတစ်ပါးအပေါ် ကျေးဇူးကြွေး အတင်မခံလိုသူ ဖြစ်၏။ ထို့ကြောင့် စုဟယ်မှာ စာအိတ်ကို ငြင်းလိုက်သည့်အခါ သူသည် သူ၏ မိတ်ဆွေအသိုင်းအဝိုင်းအတွင်း ဟဲယဲ့တည်းခိုခန်းကို ကြော်ငြာပေးမည်ဟု ကမ်းလှမ်းလာသည်။ စုဟယ်မှာ ဥက္ကဋ္ဌချီ၏ အဆက်အသွယ်ကို ထည့်သွင်းပြီးနောက်တွင် ဥက္ကဋ္ဌချီသည် သူ၏ WeChat Moments ပေါ်၌ တည်းခိုခန်း၏ တည်နေရာကို နေ့စဉ်တင်ပေးကာ အမှန်တကယ်ပင် အားတက်သရော ညွှန်းဆိုပေးနေသည်ကို တွေ့လိုက်ရ၏။ ထို့အပြင် ဥက္ကဋ္ဌချီသည် သူ၏ ဗိုလ်ကျလွှမ်းမိုးလိုသော အကျင့်အတိုင်း အိပ်စက်နေသောမင်းသမီးလေးရဲ့ကုတင် အလုံး (၅၀) ကို တစ်ပြိုင်နက်တည်း အော်ဒါမှာယူလိုက်သည်။
ရှေ့တန်းသတင်းပေးချက်များအရ ဥက္ကဋ္ဌချီ၏ လက်ထောက် အတည်ပြုသည်မှာ ဥက္ကဋ္ဌချီသည် သူ မကြာခဏသွားလေ့ရှိသော အိမ်အသီးသီးနှင့် ကုမ္ပဏီရှိ အနားယူခန်းမှ ကုတင်အားလုံးကို ထိုကုတင်များဖြင့် လဲလှယ်လိုက်သည်ဟုဆိုသည်။ လက်ထောက်မှပင် လျှို့ဝှက်ချက်တစ်ခုကို ထပ်မံဖွင့်ဟ၏။ ယခုအခါ ဥက္ကဋ္ဌချီသည် ခရီးသွားရမည်ဆိုလျှင် သူတည်းခိုမည့် ဟိုတယ်သို့ ထိုကုတင်ကို ကြိုတင်ပို့ဆောင်ထားရန် အမိန့်ပေးလေ့ရှိကြောင်းပင်။ ထို့ကြောင့် ယခင်က ထွက်ပေါ်ခဲ့သော "မျက်နှာသေနှင့် ဗိုလ်ကျတတ်သည့် စီအီးအို" ဟူသည့် ကောလာဟလနောက်တွင် လောကကြီးအတွင်း ကောလာဟလအသစ်တစ်ခု ထပ်မံထွက်ပေါ်လာပြန်သည်။ ဥက္ကဋ္ဌချီသည် "ပဲစေ့မင်းသားလေး " ဖြစ်သည်ဟူ၍ပင်။ ဥက္ကဋ္ဌချီသည် သာမန်ကုတင်များမှာ ပဲစေ့တစ်စေ့ ခံနေသကဲ့သို့ ခံစားရသဖြင့် အိပ်မရဘဲ သီးသန့်မှာယူထားသော ကုတင်ပေါ်တွင်သာ အိပ်စက်နိုင်သူဖြစ်သည်ဟုဆိုကြသည်။ ဤကဲ့သို့ ခန့်ညားမှုနှင့် ဆန့်ကျင်ဘက်ဖြစ်နေသော ချစ်စရာကောင်းသည့် အချက်ကြောင့် မြို့တော်မှ အမျိုးသမီးငယ်လေးများမှာ ဥက္ကဋ္ဌချီကို ပို၍ပင် အသည်းသန်ဖြစ်ကြတော့၏။
ဥက္ကဋ္ဌချီ၏ ကျေးဇူးကြောင့် ကျင့်မြို့ရှိ နေရာအတော်များများမှ ထိုကုတင်ကို မှာယူလာကြရာ စုဟယ်မှာ ယွမ်သန်းချီသော ဝင်ငွေကို လွယ်လွယ်ကူကူ ရရှိခဲ့ပြီး သူမ၏ မိဘများထံမှ ယူသုံးထားခဲ့သော အိမ်ဝယ်ယူရန် စရန်ငွေများကို နောက်ဆုံးတွင် ပြန်လည်ပေးဆပ်နိုင်ခဲ့သည်။ မှော်မှန်၏ ပြင်းထန်သော တောင်းဆိုမှုကြောင့် စုဟယ်သည် မှော်မှန်ကိုလည်း ဆုလာဘ်အချို့ ပေးခဲ့ရ၏။ မှော်မှန်မှာမူ မကြာသေးမီက အလွန်ပင် စိတ်ညစ်နေရသည်။ မည်သူမှ သတင်းလွှင့်လိုက်သည်မသိသော်လည်း နောက်ပိုင်းလာသော ဧည့်သည်များမှာ အချစ်ရေးကံဇာတာ သို့မဟုတ် ပျောက်ဆုံးပစ္စည်း ရှာခိုင်းခြင်းမျိုး မလုပ်ကြတော့ပေ။ ဧည့်သည်များသည် မှော်မှန်ကို အပတ်စဉ်အစီရင်ခံစာများ ရေးခိုင်းခြင်း၊ စာတမ်းများ ရေးခိုင်းခြင်း၊ PPT များ ပြုလုပ်ခိုင်းခြင်းနှင့် စီမံကိန်းအဆိုပြုလွှာများ ရေးခြင်းတို့ကို ခိုင်းစေလာကြသည်။ မှော်မှန်မှာ နေ့စဉ်နှင့်အမျှ အလုပ်များလွန်း၍ မောပန်းနေရပြီး ယခင်က သက်တောင့်သက်သာရှိသော ပျော်ရွှင်စရာနေ့ရက်များမှာ ပျောက်ကွယ်သွားခဲ့ပြီဖြစ်၏။
တစ်ဖက်တွင်လည်း ဝေဖုန်းယီသည် ကြင်ယာတော်နှစ်ပါး ဒဏ္ဍာရီ ဇာတ်လမ်းတွဲအတွက် သူ၏ အချိန်ပိုင်းအလုပ်များကို ပြီးစီးသွားခဲ့ပြီဖြစ်သည်။ ဒါရိုက်တာကုန်းသည် ဆရာကြီးဝေကို အတိုင်ပင်ခံအမတ်နေရာတွင် သရုပ်ဆောင်ရန် မဖျောင်းဖျနိုင်ခဲ့သော်လည်း လက်ရေးလှပညာသင်ကြားသူနှင့် ပညာရပ်ဆိုင်ရာ အကြံပေးအဖြစ် ခန့်အပ်နိုင်ခဲ့သည့်အပြင် ဝေဖုန်းယီကိုလည်း စကားပြောသင်တန်းဆရာနှင့် ယဉ်ကျေးမှုဓလေ့ထုံးစံ သင်ကြားသူအဖြစ် ငှားရမ်းနိုင်ခဲ့၏။ ရိုက်ကူးရေးအဖွဲ့သားအားလုံးမှာ ဆရာဝေ၏ အလုပ်လုပ်နိုင်စွမ်းကို ကိုယ်တိုင်မြင်တွေ့ခဲ့ရသည်။ အထူးသဖြင့် ဆရာဝေနှင့်အတူ ရိုက်ကူးရေးကွင်းသို့ နေ့တိုင်းပါလာသော မွှေးပျံ့သည့် ဆန်ပြုတ်များကြောင့် ထိုကာလအတွင်း ရိုက်ကူးရေးအဖွဲ့သားများမှာ မနက်ခင်း အလုပ်စတင်ရန် ပို၍ပင် တက်ကြွနေကြသည်။ ဆရာဝေ ယူလာသည့် ဆန်ပြုတ်ပမာဏမှာ အကန့်အသတ်ရှိရာ စောစောမထနိုင်လျှင် ဆန်စေ့တစ်စေ့၏ အရိပ်အယောင်ကိုပင် မြင်တွေ့ရမည်မဟုတ်ပေ။ ထို့ကြောင့် ဇာတ်လမ်းတွဲရိုက်ကူးမှု အရှိန်အဟုန်မှာ သိသိသာသာ မြန်ဆန်လာပြီး ယခုအခါ ရိုက်ကူးရေးအားလုံး ပြီးစီးကာ အသံသွင်းခြင်းနှင့် တည်းဖြတ်ခြင်းလုပ်ငန်းစဉ် သို့ ကူးပြောင်းနေပြီဖြစ်သည်။
ဟဲယဲ့တည်းခိုခန်းမှာ နယ်ပယ်အသီးသီးတွင် နာမည်ကျော်ကြားလာနေပြီး စုဟယ်သည် မနက်တိုင်း နိုးလာသည့်အခါ တိုးပွားလာသော လူကြိုက်များမှုနှုန်းကို မြင်တွေ့နေရသည်။ နောက်ဆုံးတွင် တည်းခိုခန်း၏ လူကြိုက်များမှုမှာ သန်းဂဏန်းကို ကျော်ဖြတ်ကာ ဆယ်သန်းဆီသို့ ဦးတည်နေပြီဖြစ်၏။
စနစ်သတိပေးချက်- ဂုဏ်ယူပါတယ် ကစားသမား၊ 'ကျော်ကြားမှုစတင်ခြင်း' တာဝန်ကို အောင်မြင်သွားပါပြီ။ ကတ်ဆွဲခွင့် (၁) ကြိမ် ရရှိပါတယ်။
စနစ်တာဝန် : ကစားသမားအနေနဲ့ ကမ္ဘာကျော်တည်းခိုခန်းဖြစ်လာဖို့ ရည်မှန်းချက်ဆီ ဆက်လက်ကြိုးစားပါ။ တည်းခိုခန်းရဲ့ လူကြိုက်များမှုကို တိုးမြှင့်ပြီး 'ဂုဏ်သတင်းကျော်စောခြင်း' အဆင့်သို့ ရောက်အောင် လုပ်ဆောင်ပါ။
ဂုဏ်သတင်းကျော်စောခြင်း : တည်းခိုခန်းလူကြိုက်များမှု (၁.၀၂၄) သန်း / (၁၀) သန်း။
တာဝန်ဆုလာဘ်- ကတ်ဆွဲခွင့် (၁) ကြိမ်
ပြီးခဲ့သည့်အကြိမ် ကတ်ဆွဲရာတွင် ရရှိခဲ့သော ဇာတ်ကောင်မှာ ဝက်သစ်ချပင် ဖြစ်သည်။ ဝက်သစ်ချပင်မှာ အလွန်ပင် ပေါ့ပေါ့ပါးပါး နေတတ်လွန်းရာ တည်းခိုခန်း၏ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဖြစ်အောင်ပင် နေနေစရာ မလိုပေ။ သူသည် ရှိသည့်နေရာမှာပင် ကျေနပ်နေတတ်ပြီး မည်သည့်နေရာမှာ ဖြစ်ဖြစ် ပျော်ပျော်ကြီး အိပ်မောကျနေတတ်သူဖြစ်၏။ ဤကာလအတွင်း စုဟယ်သည် ဝက်သစ်ချပင် နိုးလာသည်ကို နှစ်ကြိမ်သာ မြင်ဖူးသည်။ တစ်ကြိမ်မှာ မစ္စကျိ၏ ဆုတောင်းအကကြောင့် နိုးလာပြီး ကိုယ်လက်အကြောဆန့်ကာ မစ္စကျိ ကသည်ကို ခဏမျှ ကြည့်နေခဲ့ခြင်း ဖြစ်၏။ အခြားတစ်ကြိမ်မှာမူ သန်းခေါင်ယံအချိန်တွင် သူ၏ သစ်ကိုင်းများကို ဆန့်ထုတ်ကာ စုဟယ်၏ ပြတင်းပေါက်ကို လာခေါက်သဖြင့် သူမ နိုးလာခဲ့ခြင်း ဖြစ်သည်။
ထိုညမှာ ကောင်းကင်ယံတွင် ကြယ်များ တဖျတ်ဖျတ် လက်နေသည့် ညတစ်ည ဖြစ်ပြီး ဝက်သစ်ချပင်၏ သစ်ကိုင်းများမှာ လရောင်အောက်တွင် အလွန်ပင် ငြိမ်သက်နေသည်။
သူ၏ ရှည်လျားသော သစ်ကိုင်းများမှာ ရုတ်တရက် လှုပ်ရှားလာပြီး စုဟဲ၏ ပြတင်းပေါက်ဆီသို့ တိတ်တဆိတ် တိုးဝင်လာခဲ့သည်။ မှောင်မည်းနေသော ညအချိန်တွင် ဝက်သစ်ချပင်၏ သစ်ကိုင်းများမှာ နောက်ဖေးခြံဝင်းမှသည် အခန်းထဲအထိ အသာအယာ ယိမ်းနွဲ့ကာ ရောက်ရှိလာ၏။ ရုတ်တရက် ပြတင်းပေါက်ကို ခေါက်သည့် အသံလေးတစ်ခုမှာ ည၏ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။ ၎င်းမှာ ဝက်သစ်ချပင်၏ သစ်ကိုင်းသည် စုဟယ်၏ ပြတင်းပေါက်ကို လာခေါက်နေခြင်းပင်။
စုဟယ်သည် အိပ်ရာမှ နိုးလာပြီး ဝေဝါးနေသော မျက်လုံးများကို ပွတ်သပ်ရင်း အံ့သြနေမိသည်။ ရှောင်ရှီး မှာ ဗီရိုထဲတွင် ခွေအိပ်နေဆဲဖြစ်ရာ ပြတင်းပေါက်ကို ခေါက်နေသူမှာ ဘေးအန္တရာယ်မရှိကြောင်း သက်သေပြနေ၏။ စုဟယ်မှာ အိပ်ချင်နေဆဲဖြစ်နေသဖြင့် ထမကြည့်ချင်ပေ။ သူမသည် အိပ်မက်လှလှလေးများကို ဆက်မက်ရန် ပြန်လှည့်အိပ်မည်အပြုတွင် ပြတင်းပေါက် ခေါက်သံကို နောက်တစ်ကြိမ် ကြားလိုက်ရပြန်သည်။ ယခုတစ်ကြိမ်တွင်မူ သူမသည် နွေးထွေးသော အိပ်ရာထဲမှ မထချင်ထချင်ဖြင့် ထွက်လာခဲ့ရတော့၏။ ၎င်းမှာ တကယ်ပင် ဝက်သစ်ချပင် ဖြစ်နေသည်။ ဝက်သစ်ချပင်၏ သစ်ကိုင်းမှာ လေထဲတွင် အဖုအထုံးတစ်ခု ပြုလုပ်ကာ သူ၏ ပင်စည်ဘက်သို့ ညွှန်ပြနေ၏။ စုစူးစမ်းလိုစိတ်ဖြင့် စုဟယ်သည် ပြတင်းပေါက်ကို ဖွင့်လိုက်သည်။ အေးမြသော ညလေညင်းမှာ အခန်းထဲသို့ တိုးဝင်လာသဖြင့် သူမ ချမ်းတုန်သွားမိ၏။
"ကူညီပါဦး"
ဝက်သစ်ချပင်သည် ကိုယ်တိုင်ကိုယ်ကျ စကားပြောလာခြင်းမှာ အလွန်ပင် ရှားပါးလှသည်။ စုဟယ်သည် လက်နှိပ်ဓာတ်မီးကို ယူကာ အိမ်ပြင်သို့ ထွက်လာပြီး အပင်အနားသို့ လျှောက်သွားလိုက်၏။
"မြန်မြန်၊ ဒီနားမှာအရမ်းယားနေလို့"
ဝက်သစ်ချပင်မှာ သူ၏ သစ်ကိုင်းများဖြင့် တစ်ကိုယ်လုံးကို ပွတ်တိုက်ချင်နေပြီး တကယ်ပင် လုပ်ဆောင်နေသဖြင့် မြေပြင်ပေါ်တွင် သစ်ရွက်များ ဖုံးလွှမ်းနေတော့သည်။ စုဟယ်မှာ လက်နှိပ်ဓာတ်မီးဖြင့် ဝက်သစ်ချပင်၏ ပင်စည်ကို ထိုးကြည့်လိုက်သောအခါ ဝက်သစ်ချပင်အား ယားယံစေသည့် တရားခံကို ရှာတွေ့သွားသည်။ ၎င်းမှာ ပင်စည်ပေါ်တွင် ကျွမ်းကျင်စွာ တွားသွားနေသည့် ပိုးကောင်အကြီးကြီး တစ်ကောင်ပင် ဖြစ်၏။ ဝက်သစ်ချပင်၏ သစ်ကိုင်းများမှာ ဝိုင်းပတ်ပိတ်ဆို့ပေးထားသဖြင့် စုဟဲသည် ထိုပိုးကောင်လေးကို ခက်ခက်ခဲခဲ ဖမ်းယူပေးလိုက်ရာ ဝက်သစ်ချပင်မှာ ပြန်လည်အေးချမ်းသွားတော့သည်။ ဤသို့ အပြန်အလှန် ကူညီမှုကြောင့် ဝက်သစ်ချပင်နှင့် စုဟယ်တို့၏ ဆက်ဆံရေးမှာ များစွာ ပိုမိုနီးကပ်လာခဲ့၏။
ဝက်သစ်ချပင်မှာ အလုပ်ထလုပ်ရန် ငြင်းဆန်နေဆဲဖြစ်သော်လည်း စုဟဲအား ရွေးချယ်စရာ သစ်ရွက်အပြည့်ပါသော သစ်ကိုင်းသစ် နှစ်ကိုင်းကို ပေးအပ်ခဲ့သည်။ ထို့ကြောင့် စုဟယ်သည် ထိုသစ်ကိုင်းများကို အသုံးပြုကာ ဝက်သစ်ချ အိပ်မက်ပေးပို့ခြင်း ဟူသော အထူးစွမ်းရည်ကို လွတ်လပ်စွာ အသုံးပြုနိုင်ပြီဖြစ်၏။ ထို့အပြင် ဝက်သစ်ချပင်သည် တည်းခိုခန်းအတွင်းတွင်လည်း သူ၏တည်ရှိမှုကို တစ်နည်းတစ်ဖုံဖြင့် ပြသနိုင်ခဲ့လေတော့သည်။
148
စုဟယ်သည် ဟဲယဲ့တည်းခိုခန်းအတွက် ပိုမိုထိရောက်စွာ အလုပ်လုပ်နိုင်မည့် ဝန်ထမ်းတစ်ဦးကို ရှာဖွေရန် လိုအပ်နေပြီဖြစ်သည်။ တည်းခိုခန်းမှာ နေ့စဉ်နှင့်အမျှ ဧည့်သည်များဖြင့် အမြဲပြည့်နှက်နေပြီး အလုပ်တာဝန်မှာလည်း သိသိသာသာ များပြားလာ၏။ ထို့ကြောင့် အစ်မကျန်း ကဲ့သို့ပင် တုန်းကျင့်နှင့်မေကျဲ တို့ကိုလည်း အချိန်ပြည့်ဝန်ထမ်းများအဖြစ် ပြောင်းလဲခန့်အပ်ထားရသည်။ ဟဲယဲ့တည်းခိုခန်းရှိ ဝက်သစ်ချပင်ကြီးမှာမူ လောကကြီးနှင့် အဆက်အသွယ်ဖြတ်ထားသော ရဟန်းတစ်ပါးကဲ့သို့ပင် အပြင်သို့ ထွက်ခဲလှသည့်အပြင် ခေတ်သစ်ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဖြစ်အောင် နေထိုင်ရန်လည်း မလိုအပ်ပေ။ ထို့ကြောင့် စုဟယ်သည် ဇာတ်ကောင်ကတ်အသစ်တစ်ခုကို ဆင့်ခေါ်ရန် ဆုံးဖြတ်လိုက်တော့သည်။
ကတ်ဆွဲခြင်းဆိုသည်မှာ ကံတရားအပေါ်တွင်သာ လုံးလုံးလျားလျား မူတည်နေသဖြင့် စုဟယ်သည် စာအုပ်ကို သေချာရွေးချယ်မနေတော့ဘဲ လက်ကိုသာ စင်ကြယ်အောင် ဆေးကြောပြီးနောက် ပုံမှန်အတိုင်းသာ ဆောင်ရွက်လိုက်သည်။ စုဟယ်သည် စာအုပ်တစ်အုပ်ကို ကြုံရာကျပန်း ကောက်ယူလိုက်ပြီး စာမျက်နှာများကို စတင်လှန်လှောတော့မည့်အချိန်တွင် အခန်းထဲရှိ ဗီရိုပေါ်၌ အေးအေးလူလူ လှဲလျောင်းရင်း ဖုန်းပွတ်နေသော ရှောင်ရှီးကိုမြင်လိုက်ရ၏။ ရှောင်ရှီးသည် အပြင်ထွက်၍ အလုပ်တစ်ခါ လုပ်ဖူးပြီးနောက်တွင် လှဲလျောင်းရင်း ဖုန်းပွတ်ခြင်း အပါအဝင် ကျွမ်းကျင်မှုအသစ်များစွာကို တတ်မြောက်သွားခဲ့သည်။
"ရှောင်ရှီး နင် အလုပ်မသွားဘူးလား"
ရှောင်ရှီး၏ ဖုန်းထဲမှ ဗီဒီယိုတိုလေးများ၏ အသံကို ကြားရသဖြင့် စုဟယ် လှမ်းမေးလိုက်သည်။ ရှောင်ရှီးမှာ ဖုန်းမျက်နှာပြင်ကို ပွတ်ဆွဲကာ နောက်ဗီဒီယိုတစ်ခုကို ပြောင်းကြည့်ရင်းပြန်ဖြေ၏။
"အိပ်ရာခင်းတွေနဲ့ အိပ်ရာအသုံးအဆောင်တွေ အားလုံးကို နေလှန်းပြီးပြီ၊ အခု ဒီမှာ ခဏလောက် စာလေ့လာမလို့"
ရှောင်ရှီးသည် အပြင်သို့ တစ်ခေါက်ထွက်ဖူးပြီးနောက်တွင် သူ၌ ကြီးမားသော အားနည်းချက်ကို ရှာဖွေတွေ့ရှိသွားခဲ့သည်။ ၎င်းမှာ သူ၏ ပညာအရည်အချင်း နိမ့်ပါးမှုပင်ဖြစ်၏။ အွန်လိုင်းဆယ်လီတစ်ယောက်အနေဖြင့် သူသည် "ကိုးနှစ်တာ မဖြစ်မနေ ပညာသင်ကြားမှု မရသူ" တစ်ယောက်ဖြစ်ကြောင်း ယခုအခါ သိရှိသွားပြီဖြစ်သည်။ ဆိုလိုသည်မှာ သူသည် ကိုးနှစ်တာ အခြေခံပညာကိုပင် မရရှိခဲ့ခြင်းပင်။ ထို့အပြင် ဖျော်ဖြေရေးလောက၏ ထွန်းသစ်စကြယ်ပွင့်တစ်ဦးအနေဖြင့် သူ၏ ပညာအရည်အချင်း နိမ့်ပါးမှုကြောင့် ခွဲခြားဆက်ဆံခံရသည်ဟု သူခံစားနေရ၏။ ပြာအရည်အချင်း နိမ့်ပါးလျှင် သရုပ်ဆောင်ရန် အခန်းကဏ္ဍများ ရရှိရန် ခက်ခဲလှသည်။
"ကြင်ယာတော်နှစ်ပါး ဒဏ္ဍာရီ" ရိုက်ကူးနေစဉ်အတွင်းက ကဗျာတစ်ပုဒ်ကို မရွတ်ဆိုနိုင်သဖြင့် သူသည် ပြိုင်ပွဲမှ ပြုတ်လုနီးပါး ဖြစ်ခဲ့ရသေးသည်။ "ထန်မင်းသားရဲ့ နန်းဆောင်နိဒါန်း" ကိုသာ ရွတ်ဆိုနိုင်သည့် ထိုသာမန်ကျီးကန်းမှာ သူ့အပေါ် ဖိအားများစွာ ပေးခဲ့၏။ ထို့ကြောင့် သိက္ခာကို အလေးထားသော ဤထွန်းသစ်စကြယ်ပွင့်လေးမှာ ရှေးဟောင်းကဗျာများကို ကိုယ်တိုင်လေ့လာရန် စိတ်အားထက်သန်လာခဲ့ခြင်း ဖြစ်သည်။ လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ရှောင်ရှီးသည် ရှေးဟောင်းကဗျာများ ရွတ်ဆိုပုံကို ဗီဒီယိုများကြည့်၍ အမြဲတစေ လေ့လာနေခဲ့၏။ ရလဒ်မှာ နည်းပါးလှသော်လည်း ဤလှပသော ရှေးဟောင်းကဗျာများကို နေ့တိုင်းနားထောင်နေခြင်းမှာ အာရုံစူးစိုက်လေ့လာမှုတစ်မျိုးဖြစ်ရာ စုဟယ်အနေဖြင့် ကလေးတစ်ယောက်၏ ပညာလိုချင်စိတ်ကို မတားဆီးလိုပေ။
သေချာသည်မှာ ရှောင်ရှီး ကြည့်နေသော ဗီဒီယိုများထဲတွင် ထိုရှေးဟောင်းကဗျာများကို လှပသော ကျီးကန်းမလေးများ ရွတ်ဆိုနေခြင်းဖြစ်ကြောင်း စုဟယ် သိသွားပါက သူမ၏ အမြင်မှာ ပြောင်းလဲသွားနိုင်ပေသည်။ စုဟယ်၏ နားထဲတွင် ရှောင်ရှီး ကိုင်ထားသော ဖုန်းမှ ရှေးဟောင်းကဗျာ ရွတ်ဆိုသံများ ဆက်တိုက် ထွက်ပေါ်နေ၏။ သူမသည် ဆူညံသံများကို လျစ်လျူရှုရန် ကြိုးစားရင်း ရှေ့ရှိ စာအုပ်ပေါ်တွင်သာ အာရုံစိုက်လိုက်လိုက်သည်။
စနစ်သတိပေးချက် - ကတ်ဆွဲခြင်း အောင်မြင်ပါသည်။
စုဟယ်သည် စနစ် ကို နှိပ်၍ ကြည့်လိုက်သည့်အခါ ဇာတ်ကောင်ကတ်အသစ်ကို မြင်ပြီး မှင်တက်သွားရသည်။ ဘာတွေဖြစ်ကုန်တာလဲ။ သူမ ဤစာအုပ်ထဲက ဆွဲခဲ့တာမဟုတ်ပါဘူး။
ဇာတ်ကောင်ကတ်- ယွမ်ဒန်ချူး
ဇာတ်ကောင်မိတ်ဆက်- ဒန်ချူး။သောက်ကြစို့၊ ခွက်တွေကို မချလိုက်နဲ့ဦး။
ရှားပါးမှုအဆင့်- အဆင့်မြင့်
လက်ရှိအဆင့်- ကြယ်တစ်ပွင့်
ထူးခြားသောကျွမ်းကျင်မှု - မသေနိုင်သောဆေးနှင့် တရားဓမ္မကို ရှာဖွေခြင်း
ဤမျှ တိုတောင်းလှသော ဇာတ်ကောင်မိတ်ဆက် ဖြစ်သော်လည်း စုဟယ်မှာ တစ်နေရာရာတွင် ရင်းနှီးနေသကဲ့သို့ ခံစားရသည်။ ဤစာသားမှာ ကဗျာနတ်ဘုရား လီပိုင် ၏ ကျော်ကြားလှသော "အရက်ဖိတ်ခေါ်သံ" ကဗျာထဲက မဟုတ်ပါလား။ စနစ် တစ်ခုခု ချို့ယွင်းသွားတာလား။
စုဟယ် ကြောင်တောင်တောင် ဖြစ်နေစဉ်မှာပင် ထူးခြားသော အသံတစ်ခုကိုကြားလိုက်ရသည်။
"မင်းအတွက် သီချင်းတစ်ပုဒ် ငါသီဆိုမယ်၊ နားထောင်ပေးပါဦး"
၎င်းမှာ ရှောင်ရှီး ကြည့်နေသည့် ဗီဒီယိုထဲမှ အသံပင် ဖြစ်သည်။ ရှောင်ရှီးသည် အခြားကျီးကန်းများ ကဗျာရွတ်ဆိုသည့် ဗီဒီယိုကို ကြည့်နေခြင်းဖြစ်ပြီး စုဟယ်မှာ ဤကဗျာကို အလွန်ရင်းနှီးနေသဖြင့် ဗီဒီယိုသံကို ကြားသည်နှင့် စိတ်ထဲမှ အလို
အလျောက် လိုက်ဆိုမိသွား၏။ ထိုအချက်မှာ စနစ်အား သက်ဆိုင်ရာ အချက်အလက်များကို ပြန်လည်ရယူစေခဲ့ပြီး ဤကဗျာထဲမှ ဇာတ်ကောင်ကတ် ယွမ်ဒန်ချူး ကို ဆွဲယူမိသွားခြင်း ဖြစ်သည်။ ၎င်းမှာ ကဗျာနတ်ဘုရား လီပိုင်၏ မိတ်ဆွေကောင်းတစ်ဦးကို မတော်တဆ ကံကောင်းထောက်မစွာဖြင့် ဆွဲမိသွားခြင်းပင်။ စုဟယ်သည် "ဆင့်ခေါ်ခြင်း" ခလုတ်ကို နှိပ်လိုက်သည်။
စနစ်သတိပေးချက် - ဇာတ်ကောင်ကို အောင်မြင်စွာ စေလွှတ်လိုက်ပါပြီ။
စုဟယ်သည် ဇာတ်ကောင်အသစ်ကို ကြိုဆိုရန် ရှောင်ရှီးကို အတင်းဆွဲခေါ်ကာ တံခါးဝသို့ ထွက်လာခဲ့သည်။ နောက်ဆုံးတွင် ယွမ်ဒန်ချူးကို ဆင့်ခေါ်ရာ၌ ရှောင်ရှီးသည်လည်း တစ်စိတ်တစ်ပိုင်း ပါဝင်နေသည် မဟုတ်ပါလား။ ဟဲယဲ့တည်းခိုခန်း၏ လက်ဖက်ရည်နှင့် မုန့်ဆိုင်တံခါးဝတွင် လူများဖြင့် စည်ကားနေဆဲ ဖြစ်သည်။ လက်ဖက်ရည်နှင့် မုန့်များကို ဝယ်ယူရန် နေ့စဉ် တန်းစီစောင့်ဆိုင်းနေသော ဖောက်သည်ဟောင်းများမှာ ပို၍ပင် များပြားလာ၏။ ဆိုင်ထဲမှ မွှေးပျံ့လှသော လက်ဖက်ရည်နှင့် မုန့်ရနံ့များမှာ လေထုထဲတွင် ပျံ့လွင့်နေပြီး လမ်းသွားလမ်းလာများကို ဆွဲဆောင်နေရာ လူအများအပြားမှာ လူတန်းကြီးထဲသို့ ဝင်ရောက်တန်းစီကြသည်။ သို့သော် ယခုတစ်ကြိမ်တွင် တန်းစီနေသော လူများသည် အရှေ့သို့ တိုးရန် စိတ်အားထက်သန်နေမည့်အစား အပြင်ဘက်သို့ ခေါင်းစောင်း၍ ကြည့်နေကြသည်။ လက်ဖက်ရည်နှင့် မုန့်များ ဝယ်ယူပြီးသူများသည်လည်း ထုံးစံအတိုင်း အထုပ်ကို ချက်ချင်းဖောက်၍ မစားကြဘဲ ဆိုင်တံခါးဝတွင် မုန့်ထုပ်များကို ကိုင်ကာ ရပ်ကြည့်နေကြ၏။
သူတို့၏ အကြည့်များမှာ မလှမ်းမကမ်းရှိ မြင်ကွင်းတစ်ခုဆီသို့ ရောက်ရှိနေကြခြင်း ဖြစ်သည်။ လူငယ်အချို့ စုရုံးနေကြပြီး သူတို့၏ အမူအရာများမှာ အံ့သြမှင်တက်နေကာ မျက်နှာများမှာ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေ၏။ အချို့မှာ နောက်ပြောင်သော အကြည့်များဖြင့် တစ်ယောက်ကိုတစ်ယောက် တွန်းထိုးနေကြပြီး နောက်ထပ် ဘာဖြစ်လာမလဲဆိုသည်ကို လောင်းကြေးထပ်နေပုံရသည်။ အခြားလူများမှာလည်း သူတို့၏ ဖုန်းများကို မြှောက်၍ ရိုက်ကူးနေကြ၏။ စုဟယ်သည် ဆိုင်တံခါးဝတွင် ယွမ်ဒန်ချူးကို မတွေ့ရဘဲ မုန့်ထုပ်ကိုင်ကာ ရပ်ကြည့်နေသော ဖောက်သည်များကိုသာ တွေ့ရသည်။ စုဟယ်သည် သူတို့အနားသို့ ချဉ်းကပ်ကာ မေးလိုက်၏။
"အားလုံး ဘာကြည့်နေကြတာလဲ"
လူငယ်များမှာ အလွန်စိတ်လှုပ်ရှားနေကြပြီး ပြန်ပြောလိုက်သည်။
"မြန်မြန် သူဌေးမ၊ ဒီကိုလာကြည့်ဦး၊ တာအိုဆရာက ရဟန်းတွေကို စိန်ခေါ်နေပြီဗျ၊ ပွဲကတော့ စတော့မယ်"
"ဘာ"
စုဟယ်မှာ ကောင်းကောင်း နားမလည်နိုင်သေးပေ။ လူငယ်များမှာ စုဟယ်ကို အရှေ့သို့ ဆွဲခေါ်သွားပြီး ဆန်းကျုံးဘုရားကျောင်း ၏ တံခါးဝသို့ ညွှန်ပြကာ ပြောကြသည်။
"ကြည့်စမ်းပါဦး သူဌေးမ၊ တာအိုဆရာတစ်ယောက်က ဆန်းကျုံး ဘုရားကျောင်းဆီကို လျှောက်သွားနေတာ"
"ဝါး ဒါမျိုး မြင်ဖူးတာ ပထမဆုံးပဲ၊ ဒီတာအိုဆရာက ဘုရားကျောင်းကို တစ်ယောက်တည်း စိန်ခေါ်တော့မှာလား"
လူငယ်၏ စကားထဲတွင် အခြေအနေကို စောင့်ကြည့်ချင်သည့် စိတ်အားထက်သန်မှုများ ဖုံးကွယ်မရအောင် ပါဝင်နေသည်။ စုဟယ်သည် သူတို့ညွှန်ပြသည့် ဘက်သို့ လိုက်ကြည့်လိုက်၏။ စည်ကားလှသော ယာဉ်ကြောများကြားတွင် တာအိုဆရာတစ်ဦးသည် ဖြည်းညင်းစွာ လျှောက်လှမ်းနေသည်။ သူ၏ ကိုယ်နေဟန်ထားမှာ စီးဆင်းနေသော မှင်ပန်းချီကားတစ်ချပ်ကဲ့သို့ပင် ပတ်ဝန်းကျင်ရှိ အင်္ဂတေတောအုပ်ကြီးနှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေ၏။ သူ၏ ခြေလှမ်းများမှာ ပေါ့ပါးပြီး စည်းချက်ကျလှရာ ခြေလှမ်းတိုင်းမှာ သဘာဝတရား၏ စည်းချက်အတိုင်း လျှောက်လှမ်းနေသကဲ့သို့ အထူးပင် ကျော့ရှင်းကာ သက်တောင့်သက်သာ ရှိလှသည်။ တာအိုဆရာ၏ မျက်နှာမှာ သွယ်လျပြီး သေသပ်လှကာ လောကီနှင့် မသက်ဆိုင်သော အငွေ့အသက်များ ထွက်ပေါ်နေ၏။ နှစ်ပေါင်းများစွာ လေဒဏ်မိုးဒဏ် ခံထားရသဖြင့် အနည်းငယ် ညိုမှောင်နေသော သူ၏ အသားအရေမှာ ရိုးရှင်းမှုနှင့် ကြံ့ခိုင်မှုကို ဖော်ပြနေပြီး ၎င်းမှာ တောင်တန်းနှင့် တောတောင်များကြားတွင် ခရီးလှည့်လည်နေထိုင်ခဲ့သည့် နှစ်ကာလများ၏ အမှတ်အသားပင် ဖြစ်သည်။ သူ၏ မျက်လုံးများမှာ နက်ရှိုင်းပြီး တောက်ပနေကာ လောကကြီး၏ အမှားအမှန်ကို ခွဲခြားသိမြင်နိုင်စွမ်းရှိပုံရ၏။ နှုတ်ခမ်းထောင့်ရှိ အပြုံးဖျော့ဖျော့လေးမှာ သူ့ကို ချဉ်းကပ်ရလွယ်ကူစေသလို တစ်ဖက်တွင်လည်း လျှို့ဝှက်ဆန်းကြယ်စေသည်။ သူ၏အနက်ရောင်ဆံနွယ်များကို သစ်သားဆံထိုးလေးဖြင့် ပေါ့ပေါ့ပါးပါး စည်းနှောင်ထားပြီး ဆံနွယ်အချို့မှာ လေထဲတွင် လွင့်ပျံနေကာ လွတ်လပ်ပြီး သဘာဝကျလှ၏။ သူ၏ မုတ်ဆိတ်မွှေးများကို သေသေချာချာ ပြုပြင်ထားပြီး အနည်းငယ် ဖြူစပြုနေသော်လည်း အိုမင်းရင့်ရော်သည့် အရိပ်အယောင်မရှိဘဲ နတ်ဝိဇ္ဇာတို့၏အငွေ့အသက်ကိုသာ ပိုမိုပေါ်လွင်စေသည်။
တာအိုဆရာသည် ပွယောင်းယောင်းနှင့် လွင့်ပျံနေသော အစိမ်းရောင်တာအိုဝတ်ရုံကို ဝတ်ဆင်ထားပြီး ၎င်းမှာ လေနှင့်အတူ အသာအယာလှုပ်ခတ်နေကာ နတ်ဘုရားတို့၏အငွေ့အသက်ကို ဆောင်ကြဉ်းပေးနေသည်။ ဝတ်ရုံ၏ ပိတ်စမှာ ပျော့ပြောင်းပြီး လေဝင်လေထွက် ကောင်းပုံရကာ ရိုးရှင်းသော တိမ်တိုက်ပုံစံများကို ပန်းထိုးထား၏။ ၎င်းမှာ အလွန်အမင်း ကြွားဝါခြင်း မရှိသလို သာမန်လည်း မကျဘဲ သူ၏ အဆင့်အတန်းကို ကောင်းစွာ ဖော်ပြနေသည်။ ခါးတွင် စည်းနှောင်ထားသော ပိုးနီကြိုးလေးတွင် ဘူးသီးခြောက်လေးတစ်လုံး ချိတ်ဆွဲထားပြီး အတွင်း၌ ဘာပါသည်ကိုမူ မသိရပေ။ ဆေးလုံးများ သို့မဟုတ် အရက်ဖြစ်နိုင်ပါသည်။ ခြေထောက်တွင်မူ တိမ်တိုက်ပုံစံထိုးထားသည့် အနက်ရောင် အဝတ်ဖိနပ်တစ်စုံကို ဝတ်ဆင်ထားပြီး တာအိုဝတ်ရုံနှင့် အလွန်လိုက်ဖက်လှ၏။ ထိုအဝတ်ဖိနပ်များမှာ ဟောင်းနွမ်းနေသည့် အရိပ်အယောင်များ ရှိနေခြင်းသည် သူ၏ ကျင့်ကြံမှုခရီးစဉ် ရှည်လျားလှကြောင်း သက်သေပြနေသည်။
တာအိုဆရာသည် သစ်သားတောင်ဝှေးတစ်ချောင်းကို ကိုင်ထားပြီး ၎င်း၏ ထိပ်ဖျားတွင် တိမ်တိုက်ပုံစံကို ရိုးရှင်းသော်လည်း သေသပ်လှပစွာ ထွင်းထုထားသည်။ သူသည် ရံဖန်ရံခါတွင် တောင်ဝှေးကို မြေပြင်ပေါ်သို့ အသာအယာ ထောက်လိုက်ရာ ကြည်လင်သော အသံတစ်ခု ထွက်ပေါ်လာ၏။ ၎င်းမှာ မြေကမ္ဘာနှင့် လျှို့ဝှက်ဆန်းကြယ်သော စကားပြောဆိုမှုတစ်ခု ပြုလုပ်နေသကဲ့သို့ပင်။ တာအိုဆရာ၏ ပတ်ဝန်းကျင်ရှိ လမ်းသွားလမ်းလာများမှာ မနေနိုင်ဘဲ ငေးကြည့်မိကြသည်။ အချို့မှာ အံ့သြနေကြပြီး အချို့မှာမူ စူးစမ်းနေကြ၏။ သို့သော် တာအိုဆရာမှာမူ ဘာကိုမျှ သတိမပြုမိသည့်အလား သူ၏ အကြည့်များမှာ တည်ငြိမ်နေပြီး ရှေ့တည့်တည့်သို့သာ အာရုံစိုက်ကာ ဆန်းကျုံးဘုရားကျောင်းဆီသို့ တန်းတန်းမတ်မတ် လျှောက်လှမ်းသွားနေသည်။ ပတ်ဝန်းကျင်ရှိ လူအားလုံးမှာ ဤတာအိုဆရာသည် ဆန်းကျုံးဘုရားကျောင်းသို့ ပြဿနာရှာရန် သွားနေသည်ဟု ထင်မှတ်နေကြခြင်းမှာ မဆန်းပေ။ အခြားအကြောင်းရင်း မရှိဘဲ တာအိုဆရာ၏ ရည်ရွယ်ချက်မှာ အလွန်ပင် ရှင်းလင်းနေသောကြောင့် ဖြစ်သည်။ သူသည် ပတ်ဝန်းကျင်တွင် ဘာဖြစ်နေသည်ကို အလေးမထားဘဲ ဆန်းကျုံး ဘုရားကျောင်းဆီသို့သာ လျှောက်လှမ်းနေ၏။
စုဟယ်မှာ ခဏမျှ မှင်တက်သွားပြီးနောက် တစ်ကိုယ်လုံး ချမ်းစိမ့်သွားမိသည်။ နေဦး တာအိုဆရာလား။ စုဟယ်သည် ဖောက်သည်များကို ပစ်ထားခဲ့ကာ တာအိုဆရာနောက်သို့ အမြန်ပြေးလိုက်သွားပြီး အသံတိုးတိုးဖြင့် လှမ်းခေါ်လိုက်သည်။
"ယွမ်ဒန်ချူး ယွမ်ဒန်ချူး"
ကျော့ရှင်းလှသော တာအိုဆရာသည် ဆန်းကျုံးဘုရားကျောင်းထဲသို့ ခြေလှမ်းလှမ်းတော့မည့် အချိန်မှာပင် စုဟယ်၏ ခေါ်သံကို နောက်ဆုံးတွင် ကြားသွားခဲ့သည်။ စုဟယ် အမောတကောဖြင့် ပြောတော့၏။
"ရှင်က ယွမ်ဒန်ချူးလား၊ ကျွန်မက ဟဲယဲ့တည်းခိုခန်းရဲ့ ပိုင်ရှင် စုဟယ်ပါ၊ ရှင် နေရာမှားနေပြီ"