← Chapters

အခန်း (၁၅၁-၁၅၂)

Vol. 16 Ch. 151-152

အခန်း (၁၅၁-၁၅၂)

Vol. 16 Ch. 151-152

151

နံနက်ခင်းလေပြည်အေးသည် နှင်းစက်အနံ့သင်းသင်းလေးကို သယ်ဆောင်လာကာ ပွင့်နေသော ပြတင်းပေါက်မှတစ်ဆင့် အခန်းထဲသို့ တိုးဝင်လာကာ လန်းဆန်းမှုကို ပေးစွမ်းနေသည်။ ယွမ်ဒန်ချူး၏ အခန်းအတွင်း၌မူ အရာအားလုံးမှာ ထူးခြားစွာ တိတ်ဆိတ်ငြိမ်သက်နေ၏။ အချိန်ကုန်ဆုံးနေမှုကို သတိပေးနေသော နံရံကပ်နာရီ၏ တချက်တချက် မြည်သံမှလွဲ၍ အခြားမည်သည့်အသံမျှ မရှိပေ။ ယွမ်ဒန်ချူး၏ ကုတင်ပေါ်တွင်လည်း လူမရှိတော့ဘဲ စောင်မှာ ကုတင်ခေါင်းရင်း၌ သပ်ရပ်စွာ ခေါက်ထားပြီးသားဖြစ်နေသည်။ အခန်းပိုင်ရှင်မှာ ဤနေရာတွင် လုံးဝအိပ်မစက်ခဲ့သကဲ့သို့ပင်။

စုဟယ်သည် အိပ်ချင်မူးတူးဖြင့် မျက်လုံးများကို ပွတ်ကာ အခန်းထဲမှ ထွက်လာခဲ့သည်။ ဟဲယဲ့တည်းခိုခန်း တစ်ခုလုံးကို ဝေ့ဝဲကြည့်ရှုသော်လည်း ယွမ်ဒန်ချူး၏ အရိပ်အယောင်ကို မတွေ့ရပေ။ သူမသည် ယွမ်ဒန်ချူး၏ အခန်းတံခါးကို ခေါက်ကြည့်လိုက်သော်လည်း ထင်သည့်အတိုင်းပင် အတွင်းဘက်မှ မည်သည့်တုံ့ပြန်မှုမျှမကြားရပေ။ စုဟယ်မှာ အနည်းငယ် ဇဝေဇဝါဖြစ်သွားမိသည်။ ယွမ်ဒန်ချူးတစ်ယောက် စောစောစီးစီး အပြင်ထွက်သွားပြန်ပြီ။ သူ ဘယ်နေရာကို သွားနေတာပါလိမ့်။ ယွမ်ဒန်ချူးသည် ဟဲယဲ့တည်းခိုခန်းသို့ ရောက်ရှိလာသည်မှာ ငါးရက်ရှိပြီဖြစ်ရာ ဤငါးရက်လုံးလုံး သူသည် နံနက်တိုင်း (၉) နာရီ (၁၅) မိနစ်ဝန်းကျင်တွင် အပြင်မှ ပြန်ရောက်လာတတ်သည်။ နံနက် (၉) နာရီမတိုင်မီ သူဘယ်ရောက်နေသလဲဆိုသည်မှာ ပဟေဠိတစ်ခုသာ ဖြစ်နေခဲ့၏။

စုဟယ်သည် ဖိနပ်လဲကာ ဟဲယဲ့တည်းခိုခန်းအပြင်ဘက်သို့ ထွက်လိုက်ပြီး လတ်ဆတ်သော လေကို ဝဝလင်လင် ရှူသွင်းလိုက်သည်။ သူမ၏ အကြည့်မှာ ဘေးနားရှိ မုန့်ဆိုင်လေးဆီသို့ ရောက်သွား၏။ ယနေ့လည်း ထုံးစံအတိုင်းပင် လက်ဖက်ရည်နှင့် မုန့်များဝယ်ရန် ဧည့်သည်များ တန်းစီနေကြပြီး အချို့သော အသိဟောင်းများမှာ စုဟယ်အား နှုတ်ဆက်ကြ၏။ ဟဲယဲ့တည်းခိုခန်း၏ လုပ်ငန်းတာဝန်များ အဆင်ပြေချောမွေ့နေသည်ကို စစ်ဆေးပြီးနောက် စုဟယ်သည် ဟင်းချက်စရာများဝယ်ရန် အပြင်ထွက်ခဲ့သည်။ မကြာသေးမီက ဟဲယဲ့တည်းခိုခန်းတွင် နံနက်စာ လာစားသူ ပိုမိုများပြားလာ၏။ တည်းခိုခန်းတွင် တည်းခိုသူမဟုတ်သော ဧည့်သည်များစွာသည်ပင် ငွေပိုပေးကာ နံနက်စာ လာစားကြသည်။ မည်သူ ညွှန်းလိုက်သည်မသိ၊ တည်းခိုခန်း၏ ဟင်းချက်စရာ ကုန်ကျစရိတ်မှာလည်း အလွန်ပင် မြင့်တက်လာခဲ့၏။ တည်းခိုခန်းအတွက် ဟင်းချက်စရာ အများစုကို အသိဆိုင်များမှ မှာယူလေ့ရှိသော်လည်း လျိုရှန်းမှာ မက်မွန်ဂျယ်လီ၏ အရသာကို ပိုမိုကောင်းမွန်အောင် ပြုလုပ်ရန် အရည်အသွေးမြင့် ပျားရည်တစ်မျိုး လိုချင်သည်ဟု ပြောလာသောကြောင့် စုဟယ်မှာ အဆင့်မြင့်ပျားရည်ကို ကိုယ်တိုင်လိုက်ရှာရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

စုဟယ်သည် စည်ကားလှသော လမ်းမများတစ်လျှောက် လျှောက်လှမ်းလာပြီး လမ်းဟောင်း ရှိ ဈေးသို့ရောက်ရှိလာသည်။ ပျားရည်သီးသန့်ရောင်းသော ဆိုင်တစ်ဆိုင်ကို သူမ တွေ့ရှိခဲ့ပြီး အကေရှားပင်ပျားရည်နှင့် ခရမ်းရောင်ပဲပန်းပျားရည် တို့၏ အရသာကွာခြားချက်ကို သေချာစွာ မြည်းစမ်းကြည့်နေ၏။ ထိုစဉ် ပျားရည်ဆိုင်ပိုင်ရှင်ဖြစ်သော သဘောကောင်းပုံပေါ်သည့် အဘိုးအိုတစ်ဦးမှာ လျှောက်လာပြီး သူမကို စိတ်အားထက်သန်စွာ စကားစမြည် ပြောတော့သည်။

"အို... မင်းက တည်းခိုခန်း ဖွင့်ထားတာလား၊ ဒါဆိုရင် ပျားရည် အများကြီး သုံးရမှာပေါ့၊ ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ လုပ်ငန်းကြီးကြီးမားမား လုပ်နေတဲ့ သူဌေးမလေးပဲ၊ သူဌေးမလေး ငါပြောမယ်၊ ငါတို့ ပျားရည်က အကောင်းဆုံးပဲ၊ ပျားမွေးမြူသူတွေဆီကနေ တိုက်ရိုက်ယူထားတာဆိုတော့ တကယ့်ကိုအစစ်တွေ"

အဘိုးအို တက်တက်ကြွကြွ ကြော်ငြာနေသည်။ အဘိုးအိုမှာ ရုတ်တရက် တစ်ခုခုကို သတိရသွားဟန်ဖြင့် မေးလိုက်၏။

"မင်းက ဒီနားက တည်းခိုခန်းကို ဖွင့်ထားတာလား"

စုဟယ် ခေါင်းညိတ်ပြပြီး ယဉ်ကျေးစွာ ပြန်ဖြေလိုက်သည်။

"ဟုတ်ကဲ့ အဘိုး၊ ဆန်းကျုံးဘုရားကျောင်း မျက်စိရှေ့က ဟဲယဲ့တည်းခိုခန်းပါ၊ အဘိုး သိလား"

"သိတာပေါ့၊ မသိဘဲ နေမလား၊ အရင်က မင်းမိဘတွေ ဖွင့်ခဲ့တာ မဟုတ်လား၊ မင်းအဖေက စုချန်း မဟုတ်လား၊ မင်းအဖေနဲ့ ငါနဲ့က အရင်က ဖဲအတူတူ ကစားခဲ့ကြတာ၊ သူက ငါ့ပျားရည်ကို အရမ်းကြိုက်တာလေ"

အဘိုးအိုမှာ အသိဟောင်း၏ သမီးနှင့် ဆုံရသဖြင့် အနည်းငယ် စိတ်လှုပ်ရှားသွားသည်။ မိဘများ၏ အသိမိတ်ဆွေဖြစ်နေသဖြင့် စုဟယ်မှာ ပို၍ပင် ယဉ်ကျေးစွာ ဆက်ဆံလိုက်၏။

"သမီးမိဘတွေကတော့ အနားယူဖို့ နယ်ကို ခနပြန်သွားကြပါပြီ အဘိုး၊ ဟဲယဲ့တည်းခိုခန်းကို သမီးလက်ထဲ အပ်ခဲ့တာပါ"

အဘိုးအို၏ မျက်နှာတွင် ပို၍တောက်ပသော အပြုံးများ ပေါ်လာကာ ချီးမွမ်းစကား ဆိုသည်။

"လူငယ်တွေက အတွေ့အကြုံယူရမယ်လေ၊ မင်းမိဘတွေ လုပ်တာ မှန်ပါတယ်၊ တည်းခိုခန်းကို မင်းလက်ထဲ အပ်ခဲ့လို့သာ သူတို့ စောစောစီးစီး ဘဝကို ပျော်ပျော်ပါးပါး ဖြတ်သန်းနိုင်တာပေါ့၊ သူဌေးမလေးစု မင်းက တကယ့်ကို တော်တဲ့သူပဲ"

အဘိုးအိုမှာ လက်မထောင်ပြလိုက်ရင်း ပြောလိုက်သည်။

"မင်းတို့လူငယ်တွေမှာ တကယ့်ကို ကိုယ်ပိုင်အတွေးအခေါ်တွေ ရှိကြတာပဲ၊ အားလုံးကို ထိုက်ကျိ အခမဲ့သင်ပေးဖို့ ဆရာတစ်ယောက်တောင် ငှားထားတယ်ဆိုတော့ တကယ့်ကို အထင်ကြီးဖို့ကောင်းတယ်၊ အခုဆို ဟဲယဲ့တည်းခိုခန်းရဲ့ နာမည်က အရမ်းကိုကျော်ကြားနေတာ"

စုဟယ်မှာ မှင်တက်သွားရသည်။ အဘိုးမှာ တရုတ်စကားပြောနေသော်လည်း ဘာကြောင့် သူမ တစ်လုံးမှ နားမလည်နိုင်ဖြစ်နေရသနည်း။ စကားပြောကောင်းလှသော အဘိုးအိုသည် စုဟယ် မေးမြန်းသည်ကိုပင် မစောင့်ဘဲ သူ့ဘာသာ ဆက်ပြောတော့၏။

"အို ဆရာယွမ်က တကယ့်ကို စိတ်ရှည်တာပဲ၊ ငါသာ မနက်တိုင်း ဆိုင်ဖွင့်စရာ မလိုရင် ဆရာယွမ်နောက်ကိုလိုက်ပြီး (၉) နာရီအထိ နေ့တိုင်း ထိုက်ကျိ လိုက်လေ့ကျင့်မိမှာ သေချာတယ်"

အဘိုးအို၏ မျက်လုံးများထဲတွင် ကြည်ညိုလေးစားမှုများဖြင့် ပြည့်နှက်နေသည်။

"ဆရာယွမ် ဘယ်လောက် တော်သလဲဆိုတာ မင်းမသိပါဘူး၊ ဈေးထဲမှာ ငါးရောင်းတဲ့ အဘိုးလျန်လေ သူက ထိုက်ကျိနဲ့ ပတ်တွန့်ကျိန်း ကို အနှစ် (၂၀) လောက် လေ့ကျင့်လာတာလို့ ကြွားနေကျ၊ အစကတော့ ဆရာယွမ်ကို မြင်တော့ သူမကျေနပ်ဘူးလေ၊ ဒါပေမဲ့ အခုတော့ သူကပဲ ဆရာယွမ်နောက်ကို အမြဲတမ်း တကောက်ကောက် လိုက်နေတာ၊ နေ့တိုင်း 'ဆရာယွမ် ဆရာယွမ်' နဲ့ မရပ်မနား ခေါ်နေပြီး သူ့ရဲ့ လှုပ်ရှားမှုတွေကို တစ်ဦးချင်း သင်ပေးဖို့ ဇွတ်တောင်းဆိုနေတာ၊ ဆရာယွမ်က ထိုက်ကျိ တော်ရုံတင်မကဘူး၊ လူကလည်း အရမ်းကို သဘောကောင်းတာ၊ ငါတို့လို လူကြီးတွေအားလုံးက သူ့ကို တကယ့်ကို သဘောကျကြတာ"

စကားပြောရင်း စိတ်ပါလာသဖြင့် အဘိုးအိုသည် လျင်မြန်သော လှုပ်ရှားမှုအချို့ဖြင့် လက်တွေ့ပြသတော့သည်။ အဘိုးအိုမှာ သူ၏လက်မောင်းများကို ဆန့်ထုတ်ကာ လက်ဖဝါးများကို လှည့်လိုက်ရင်း ပြောလိုက်၏။

"ကြည့်စမ်း၊ ဒါက ဗျိုင်းဖြူ အတောင်ပံဖြန့်ခြင်း တဲ့"

အဘိုးအိုမှာ ပြောပြောဆိုဆိုနှင့် ပျံသန်းတော့မည့် ဗျိုင်းဖြူတစ်ကောင်ကဲ့သို့ သူ၏လက်များကို ဖြန့်လိုက်သည်။ သူ၏ လှုပ်ရှားမှုများမှာ ကျော့ရှင်း‌နေပြီး လှုပ်ရှားမှုနှင့်အတူ မျက်နှာအမူအရာမှာလည်း ပြောင်းလဲသွားကာ အလွန်ပင် စိတ်ပါဝင်စားနေပုံရ၏။ ထို့နောက် အဘိုးအိုသည် စောင်းတီးခတ်ခြင်း လှုပ်ရှားမှုကို ပြသပြန်သည်။ သူ၏ ဘယ်ဘက်လက်မှာ ညာဘက်လက်မောင်းကို အသာအယာ ပွတ်သပ်နေစဉ် ညာဘက်လက်သည် လေထဲတွင် ခပ်ဖွဖွ လှုပ်ရှားနေသည်မှာ သာယာသော စောင်းကို တီးခတ်နေသည့်အလား။ အမှန်တကယ်ပင် ပညာရှင်တစ်ဦးနှင့် တူနေတော့သည်။

"ဒီလှုပ်ရှားမှု နှစ်ခုက ငါ အကောင်းဆုံး သင်ယူထားတာတွေပဲ၊ ဆရာယွမ်က ငါ့ကို တစ်ဦးချင်း သင်ပေးထားတာ"

အဘိုးအိုမှာ စိတ်လှုပ်ရှားစွာ ပြောသည်။

"ဒါပေမဲ့ ဆရာယွမ်ကိုတော့ မမှီပါဘူး၊ ဆရာယွမ်ရဲ့ လှုပ်ရှားမှုတွေက ဘယ်လောက် လှသလဲဆိုတာ မင်းမသိဘူး"

ထို့နောက် အဘိုးအိုမှာ မျှော်လင့်တကြီးဖြင့် ဆက်ပြောသည်။

"သူဌေးမလေး တနင်္လာနေ့ကျရင် ငါ့မိန်းမ ဆိုင်လာစောင့်ပေးမှာမို့ ငါ အားသွားပြီ၊ အဲဒီကျရင် မင်းတို့ တည်းခိုခန်းမှာ နံနက်စာ လာစားချင်တယ်၊ ဆရာယွမ်က ဟဲယဲ့တည်းခိုခန်းက ဆန်ပြုတ်က အရမ်းကောင်းတာပဲလို့ ပြောတယ်၊ ငါ့အတွက် ခုံတစ်ခုံ ချန်ထားပေးဖို့ မမေ့နဲ့ဦးနော်"

အခုတော့ စုဟယ် နားလည်သွားတော့သည်။ မကြာသေးမီက တည်းခိုခန်းမှာ တည်းခိုသူမဟုတ်တဲ့ ဧည့်သည်များ ဘာကြောင့် နံနက်စာ လာစားနေကြသလဲဆိုတာ အားလုံးက ယွမ်ဒန်ချူး ညွှန်းလိုက်တာကြောင့်ကိုး။

အားတက်သရော ရှိလှသော အဘိုးအိုကို နှုတ်ဆက်ပြီးနောက် စုဟယ်သည် အဘိုးအို ညွှန်ပြသည့်အတိုင်း လမ်းဟောင်းရှိ ရင်ပြင်လေးဆီသို့ လိုက်ရှာခဲ့သည်။ ဤရင်ပြင်လေးမှာ ပါတီနှင့် လူထုဝန်ဆောင်မှုစင်တာ ဘေးတွင် ရှိ၏။ ရင်ပြင်လေးဟု ခေါ်သော်လည်း အမှန်တကယ်မှာမူ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းကိရိယာ အချို့ရှိသော ကွင်းပြင်လေးတစ်ခုသာ ဖြစ်သည်။ ထိုနေရာတွင် ညဘက်၌ လူစုလူဝေး ကခုန်ကြပြီး၊ နံနက်ပိုင်းတွင်မူ တက်ကြွလှသော အဘိုးအဘွားများ လေ့ကျင့်ခန်း လုပ်ကြ၏။

နေရောင်ခြည်သည် သစ်ပင်အုပ်များကြားမှ တိုးဝင်လာပြီး ရင်ပြင်လေး၏ ကွန်ကရစ်လမ်းပေါ်တွင် အလင်းနှင့်အမှောင် ပုံရိပ်လွှာများကို ထင်ဟပ်စေကာ ထိုနေရာကို ဘဝ၏ အငွေ့အသက်များဖြင့် ပြည့်နှက်စေသည်။ ယွမ်ဒန်ချူးသည် ရင်ပြင်လေး၏ အရှေ့ဆုံးတွင် ရပ်နေပြီး နံနက်ခင်း အလင်းရောင်အောက်တွင် သူ၏ ကိုယ်ဟန်မှာ အထူးပင် ထင်ရှားနေ၏။ သူသည် သူ၏ ချည်ထည်အင်္ကျီကို ဝတ်ဆင်ထားပြီး ထိုက်ကျိကို အလွန်ပင် ကျော့ရှင်းသပ်ရပ်စွာ လေ့ကျင့်နေသည်။

စုဟယ်သည် လူအုပ်၏ နောက်ဘက်တွင် ရပ်ကာ ယွမ်ဒန်ချူး၏ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေမိသည်။ သူ၏ လက်မောင်းများကို ဆန့်ထုတ်လိုက်ပုံ၊ စီးဆင်းနေသော လှုပ်ရှားမှုများ၊ အလှည့်တိုင်းမှာ အလွန်ပင် သဘာဝကျကာ ဟန်ချက်ညီလှ၏။ ကိုယ်ဟန်တစ်ခုချင်းစီမှာ ထူးခြားသော ဆွဲဆောင်မှုရှိနေသည်။ လှုပ်ရှားမှုများမှာ နူးညံ့နေသော်လည်း လက်သီးချက်များမှာ လေတိုးသံထွက်သည်အထိ အင်အားနှင့် စည်းချက်တို့ဖြင့် ပြည့်နှက်နေသည်။

ယွမ်ဒန်ချူး၏ နောက်ကွယ်တွင်မူ အဘိုးအဘွား တစ်အုပ်ကြီးမှာ သူ့နောက်လိုက်၍ ထိုက်ကျိကို စိတ်ပါလက်ပါ လေ့ကျင့်နေကြသည်။ သူတို့၏ လှုပ်ရှားမှုများမှာ ယွမ်ဒန်ချူးကဲ့သို့ တိကျမှုမရှိသော်လည်း ထိုက်ကျိ၏ အနှစ်သာရ အတော်များများကို ရရှိနေကြပြီဖြစ်၏။ အချိန်ကုန်ဆုံးလာသည်နှင့်အမျှ ထိုက်ကျိသင်ခန်းစာမှာ တဖြည်းဖြည်း ပြီးဆုံးခြင်းသို့ ရောက်ရှိလာသည်။ ယွမ်ဒန်ချူးမှာ အားလုံးကို နောက်ဆုံးပိတ် လှုပ်ရှားမှုကို ဦးဆောင်ပေးလိုက်ပြီးနောက် လက်များကို ဖြည်းဖြည်းချင်း ချလိုက်ကာ ယနေ့အတွက် လေ့ကျင့်မှုကို အဆုံးသတ်လိုက်သည်။ ထိုအချိန်တွင် အဘိုးအဘွားများမှာ ရှေ့သို့ အလုအယက် တိုးဝှေ့လာကြ၏။

"ဆရာယွမ် ပင်ပန်းသွားပြီ၊ ရေလေး သောက်ပါဦး၊ ဆရာယွမ် ကျွန်မ လုပ်တာလေး ဘယ်လိုရှိသလဲ ကြည့်ပေးပါဦး"

"ဆရာယွမ် နောက်အပတ်ကျရင် ပတ်တွန့်ကျိန်း သင်ပေးမှာလား"

"ဆရာယွမ် ထိုက်ကျိဓားသိုင်းရော သင်ပေးမှာလား"

အဘိုးအဘွားများမှာ ယွမ်ဒန်ချူးကို ဝိုင်းအုံကာ တစ်ယောက်တစ်ပေါက် ပြောနေကြသော်လည်း ယွမ်ဒန်ချူးမှာ စိတ်မပျက်ဘဲ သူတို့၏ မေးခွန်းတိုင်းကို တစ်ခုချင်းစီ စိတ်ရှည်လက်ရှည် ဖြေကြားပေးနေသည်။ အချို့အဘိုးများမှာ မေးစရာမရှိသော်လည်း ယွမ်ဒန်ချူးကို ဘေးသို့ဆွဲခေါ်ကာ နေ့စဉ် လူမှုရေးကိစ္စလေးများ သို့မဟုတ် နိုင်ငံတကာရေးရာများကို ပြောပြနေကြ၏။ ယွမ်ဒန်ချူးမှာလည်း ပြုံးလျက် နားထောင်ပေးနေသည်။ ထိုအတောအတွင်း နှုတ်ဆက်ရန် ရှေ့သို့တိုးလိုသော စုဟယ်မှာမူ လူအုပ်ကြားထဲမှ အပြင်သို့ တွန်းထုတ်ခံလိုက်ရပြီး ယွမ်ဒန်ချူး၏ အဝတ်စကိုတောင် မထိနိုင်ဘဲ ဖြစ်နေတော့သည်။

152

နံနက် (၉) နာရီထိုးခါနီးမှပင် လူအုပ်ကြီးသည် တစ်ဦးကိုတစ်ဦး သတိပေးစရာမလိုဘဲ နားလည်မှုရှိရှိဖြင့် လူစုခွဲသွားကြသည်။ ယွမ်ဒန်ချူးသည် ပြုံးရွှင်စွာဖြင့် အဘိုးအဘွားများကို နှုတ်ဆက်လိုက်၏။ လူအုပ်ကြီး ရှင်းလင်းသွားသည့်အခါမှသာ ထောင့်တစ်နေရာတွင် ဆောင့်ကြောင့်လေး ထိုင်နေသည့် စုဟယ်ကို သူ သတိထားမိတော့သည်။

"သူဌေးမစု ဘာလို့ ဒီကို ရောက်နေတာလဲ"

ယွမ်ဒန်ချူး ရှေ့သို့လှမ်းလာရင်း မေးလိုက်သည်။ စုဟယ်မှာ စနောက်သည့် လေသံဖြင့် ပြောလိုက်၏။

"ကျွန်မသာ ဒီကို ရောက်မလာရင် ဆရာဒန်ချူး တစ်ယောက် ထိုက်ကျိဆရာကြီး ဖြစ်နေမှန်း ဘယ်သိပါ့မလဲ၊ ကျွန်မလည်း ဆိုင်မှာ ဘာလို့ ပြင်ပဧည့်သည်တွေ နံနက်စာ လာစားနေကြတာလဲလို့ တွေးနေတာ"

ယွမ်ဒန်ချူးမှာ အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားပြီး ထပ်တလဲလဲ ပြောရှာသည်။

"ဒါက မတော်တဆပါ၊ အားလုံးက မတော်တဆ ဖြစ်သွားတာပါ"

ထိုနေ့က သူသည် ချည်ထည်ဝတ်ရုံကို ဝတ်ဆင်ကာ လမ်းဟောင်း ပေါ်တွင် အေးအေးလူလူ လမ်းလျှောက်နေခြင်းဖြစ်သည်။ သူ၏ မူလရည်ရွယ်ချက်မှာ ခေတ်သစ်ပတ်ဝန်းကျင်နှင့် ရင်းနှီးကျွမ်းဝင်လာစေရန်နှင့် ယနေ့ခေတ်လူ့အဖွဲ့အစည်း၏ ကွဲပြားခြားနားမှုများကို ကိုယ်တိုင်ခံစားကြည့်ရန်သာ ဖြစ်၏။ ယွမ်ဒန်ချူးသည် မှတ်ဉာဏ်အလွန်ကောင်းသူဖြစ်ရာ လမ်းဟောင်းရှိ လမ်းကြားလေးများထဲတွင် လျှောက်သွားရင်းနှင့် မသိလိုက်ဘဲ ရင်ပြင်လေးတစ်ခုသို့ ရောက်ရှိသွားခဲ့သည်။ ထိုနေရာတွင် ထိုက်ကျိလေ့ကျင့်နေသည့် လူစုတစ်စုကို သူ တွေ့လိုက်ရ၏။ သူက ရပ်ကြည့်နေစဉ်မှာပင် အဘိုးလျန်မှာ သူ့ကို သတိပြုမိသွားခဲ့သည်။

အဘိုးလျန်သည်လည်း ချည်ထည်အင်္ကျီကို ဝတ်ဆင်ထားသူဖြစ်ရာ ယွမ်ဒန်ချူးကို သူနှင့်ဝါသနာတူ ထိုက်ကျိသမားတစ်ဦးဟု ထင်မှတ်မှားကာ စကားပြောရန် ရှေ့သို့ တက်ကြွစွာ တိုးလာခဲ့သည်။ အဘိုးလျန်သည် သူအခုလေးတင် သင်ယူထားသော ထိုက်ကျိကွက်များကို ယွမ်ဒန်ချူးအား စိတ်အားထက်သန်စွာ ကြွားလုံးထုတ်ပြခဲ့၏။ သူ၏ လှုပ်ရှားမှုများမှာ အင်အားပါသော်လည်း အနည်းငယ် တောင့်တင်းနေပြီး ထိုက်ကျိတွင် ရှိသင့်ရှိထိုက်သော စီးဆင်းမှုနှင့် နူးညံ့မှုမျိုး ကင်းမဲ့နေသည်။ ယွမ်ဒန်ချူးမှာ ပြုံးလျက် ခေတ္တစောင့်ကြည့်ပြီးနောက် အဘိုးလျန်၏ လှုပ်ရှားမှုများထဲမှ အမှားအချို့ကို အသာအယာ ထောက်ပြလိုက်၏။ သို့သော်လည်း အဘိုးလျန်မှာ ထိုစကားကို ကြားသောအခါ မကျေမနပ် ဖြစ်သွားသည်။ မိမိကိုယ်မိမိ အတော်လေး တော်နေပြီဟု ထင်မှတ်ထားသဖြင့် ယွမ်ဒန်ချူးကို သူ၏ အစွမ်းအစကို သက်သေပြရန်အတွက် လက်ဝှေ့ယမ်းကာ စိန်ခေါ်တော့သည်။

"ငါ ထိုက်ကျိကျင့်လာတာ အနှစ် (၂၀) ရှိပြီ၊ ငါတို့ တစ်ပွဲလောက် ယှဉ်ကြည့်မလား"

အဘိုးလျန်သည် အသက်ကြီးသော်လည်း ကလေးနှင့် ပိုတူလာကာ ယွမ်ဒန်ချူးနှင့် ယှဉ်ပြိုင်ရန် ဇွတ်အတင်း ပြောနေတော့သည်။ ယွမ်ဒန်ချူးသည် အစမှာတော့ အဘိုးလျန်နှင့် မယှဉ်ပြိုင်လိုသော်လည်း အဘိုးအို၏ မျက်လုံးထဲမှ စိန်ခေါ်လိုစိတ်ကို မြင်သောအခါ သူ၏ စိတ်အားထက်သန်မှုကို မဖျက်ဆီးလိုသဖြင့် လက်ခံလိုက်၏။ သူတို့နှစ်ဦးသည် ရင်ပြင်လေး၏ အလယ်တွင် ရပ်နေကြပြီး နံနက်ခင်း လေ့ကျင့်ခန်းလုပ်နေကြသော အဘိုးအဘွားများမှာလည်း ဤမထင်မှတ်ထားသော ပြိုင်ပွဲကို စပ်စုသော မျက်လုံးများဖြင့် ဝိုင်းကြည့်နေကြသည်။ ထို့နောက် လူအုပ်ကြီး၏ အကြည့်အောက်တွင် သူတို့နှစ်ဦးသည် ထူးခြားသော ထိုက်ကျိပြိုင်ပွဲကို စတင်ခဲ့ကြ၏။

ယွမ်ဒန်ချူးသည် တည်ငြိမ်အေးဆေးစွာဖြင့် စီးဆင်းကျော့ရှင်းလှသော လှုပ်ရှားမှုအတွဲလိုက်ကို လုပ်ဆောင်ပြခဲ့သည်။ သူ၏လှုပ်ရှားမှုများမှာ ကျယ်ပြောပြီး အင်အားနှင့် နူးညံ့မှုတို့ကို ဟန်ချက်ညီညီ ပေါင်းစပ်ထား၏။ အဘိုးလျန်မှာမူ အနည်းငယ် ပျာယာခတ်နေပြီး တုပရန် အတတ်နိုင်ဆုံး ကြိုးစားသော်လည်း ယွမ်ဒန်ချူးကဲ့သို့ သဘာဝကျကာ ချောမွေ့သော အခြေအနေကို မည်သို့မျှ မမီနိုင်ခဲ့ပေ။ ပထမအချီတွင် ရှုံးနိမ့်သွားသော်လည်း အဘိုးလျန်မှာ မကျေနပ်သေးဘဲ ဆိုပြန်သည်။

"ငါ သွေးမပူရသေးလို့ပါ၊ ငါတို့ မျက်နှာချင်းဆိုင်ပြီး လှုပ်ရှားမှု အနည်းငယ်လောက်ပဲ လက်ရည်စမ်းကြည့်ရအောင်"

ဤတစ်ကြိမ်တွင် အဘိုးလျန်အရင် စလှုပ်ရှားသည်။ သူ၏လှုပ်ရှားမှုများမှာ ပြင်းထန်သော်လည်း အားနည်းချက်များစွာ ရှိနေ၏။ ယွမ်ဒန်ချူးမှာ ထိုက်ကျိ၏ လက်တွန်းနည်းစနစ်ဖြင့် ညင်သာစွာ တုံ့ပြန်လိုက်သည်။ ကာကွယ်ခြင်းနှင့် ပိတ်ဆို့ခြင်းတိုင်းမှာ အပြစ်ပြောစရာမရှိအောင် တိကျလှပြီး အဘိုးလျန်၏ တိုက်စစ်များကို အားစိုက်စရာမလိုဘဲ ဖယ်ရှားပစ်လိုက်သည်။ အဘိုးလျန်မှာ ပို၍ စိတ်လှုပ်ရှားလာသော်လည်း ယွမ်ဒန်ချူးမှာမူ အေးအေးဆေးဆေးပင် ရှိနေ၏။ သူ၏ လှုပ်ရှားမှုများမှာ စီးဆင်းနေသော ရေကဲ့သို့ပင် လှပသော မြင်ကွင်းတစ်ခုကို ဖန်တီးပေးနေသည်။ အဖြေမှာတော့ ရှင်းလင်းလှပါသည်။ ကြည့်နေသူများအားလုံးမှာ ယွမ်ဒန်ချူး၏ ထိုက်ကျိကျွမ်းကျင်မှုကို အံ့အားသင့်သွားကြပြီး ဝိုင်းမေးကြ၏။

"ဆရာကြီး ဆရာကြီးရဲ့ ထိုက်ကျိက တကယ့်ကို ထူးချွန်တာပဲ၊ ကျွန်တော်တို့ကို သင်ပေးလို့ ရမလား"

အဘိုးလျန်ပင်လျှင် အပြည့်အဝ အရှုံးပေးသွားကာ ယွမ်ဒန်ချူးထံတွင် ထိုက်ကျိသင်ယူရန် ဇွတ်အတင်း တောင်းဆိုတော့သည်။ ထိုနေ့က အဖြစ်အပျက်ကို ပြန်ပြောပြပြီးနောက် ယွမ်ဒန်ချူးမှာ သူ၏ အတွေးကို ရိုးသားစွာ ဖော်ပြခဲ့၏။

"ကျွန်တော် ထိုက်ကျိသင်ပေးဖို့ သဘောတူခဲ့တာက လူတွေနဲ့ ပိုပြီး ထိတွေ့ဆက်ဆံချင်လို့ပါ၊ ဒီလူ့အဖွဲ့အစည်းထဲကို ပိုမြန်မြန် ဝင်ဆံ့ချင်လို့လည်း ပါပါတယ်"

သူသည် အဘိုးအဘွားများကို ကြည့်ကာ ပြုံးလျက် ပြောလိုက်သည်။

"ဒီလူကြီးတွေက အသက်ကြီးကြပြီး ဘဝအတွေ့အကြုံတွေလည်း ကြွယ်ဝကြတယ်၊ ကျွန်တော်တို့ကြားမှာ ပြောစရာ အကြောင်းအရာတွေ ပိုများတာပေါ့"

သူခဏရပ်လိုက်ပြီး ဟာသနှောကာ ထပ်ပြောလိုက်သည်။

"ဒါနဲ့ပဲ ပြောရရင် ကျွန်တော်ကလည်း အသက် (၁၀၀၀) ကျော်နေပြီဖြစ်တဲ့ အဘိုးကြီးတစ်ယောက်ပဲလေ"

သူ၏ စကားလုံးများမှာ ရိုးရှင်းသော်လည်း အချိန်နှင့်‌နေရာကို ဖြတ်ကျော်လာခဲ့သည့် ဘဝ၏ ရင့်ကျက်မှုနှင့် အပြောင်းအလဲများကို ဖော်ပြနေသည်။ ယွမ်ဒန်ချူးသည် ဤအဘိုးအဘွားများအား လေ့လာအကဲခတ်ရသည်ကို နှစ်သက်၏။ သူ၏ အကြည့်မှာ နူးညံ့ပြီး နက်ရှိုင်းကာ သူတို့၏ စကားဝိုင်းများကို အမြဲတမ်း တိတ်တဆိတ် နားထောင်ပေးတတ်သည်။ သူတို့၏ လှုပ်ရှားမှုတိုင်း၊ စကားလုံးတိုင်းမှာ ယွမ်ဒန်ချူး၏ မျက်လုံးထဲတွင် ခေတ်သစ်လူ့အဖွဲ့အစည်း၏ ပုံရိပ်လွှာလေးများအဖြစ် ထင်ဟပ်နေ၏။ အဘိုးအဘွားများမှာမူ ယွမ်ဒန်ချူးမှာ သူတို့ကို လေ့လာနေသည်ကို မသိကြပေ။ သူတို့သည် သူ့ကို သဘောကောင်းပြီး ကူညီတတ်သော ထိုက်ကျိဆရာကြီးတစ်ဦးအဖြစ်သာ မှတ်ယူထားကြသည်။ သူတို့သည် နေ့စဉ် လူမှုရေးကိစ္စလေးများ၊ ဘဝအတွေ့အကြုံများကို မျှဝေကြသလို တစ်ခါတစ်ရံတွင် လက်ရှိဖြစ်ပျက်နေသော သတင်းများ သို့မဟုတ် ခေတ်သစ်နည်းပညာများကို အံ့ဩတကြီး ဆွေးနွေးတတ်ကြ၏။ ယွမ်ဒန်ချူးမှာ သူတို့၏ စကားများကို နားထောင်ရင်း ခေတ်သစ်လူ့အဖွဲ့အစည်းအကြောင်း ဗဟုသုတများကို သင်ယူနေသည်။ ခေတ်သစ် ဆက်သွယ်ရေးနည်းလမ်းများ၊ စမတ်ဖုန်းများ၏ ခေတ်စားမှုနှင့် အင်တာနက်မှ လူသားတို့၏ နေထိုင်မှုပုံစံကို မည်သို့ ပြောင်းလဲပစ်လိုက်သည်ကို သူ လေ့လာနေခဲ့သည်။ ထို့အပြင် ကျန်းမာရေး၊ အစားအသောက်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဆွေးနွေးချက်များကိုလည်း ကြားခဲ့ရ၏။ ဤအရာအားလုံးမှာ ထန်မင်းဆက်ခေတ်တွင် သူတစ်ခါမျှ မကြုံတွေ့ဖူးခဲ့သော အရာများ ဖြစ်သည်။

နံနက်ခင်း လေ့ကျင့်ခန်းပြီးချိန်တွင် အဘွားတစ်ဦးမှာ သူမ၏ စမတ်ဖုန်းကို ထုတ်ကာ WeChat ကို အသုံးပြုပြီး ဗီဒီယိုခေါ်ဆိုမှု မည်သို့လုပ်ရသည်ကို ယွမ်ဒန်ချူးအား ပြသခဲ့သည်။ ယွမ်ဒန်ချူးမှာ စိတ်ဝင်တစားဖြင့် အနီးကပ်ကြည့်ရှုနေပြီး သူ၏ မျက်လုံးများထဲတွင် သင်ယူလိုစိတ်များ တောက်ပနေ၏။ အဘွားသည် စိတ်ရှည်စွာ သင်ပေးနေပြီး ယွမ်ဒန်ချူးသည်လည်း လိမ္မာသော ကျောင်းသားတစ်ဦးကဲ့သို့ အဆင့်တိုင်းကို သေချာစွာ လေ့လာနေသည်။ အခြားအဘိုးတစ်ဦးမှာမူ ယွမ်ဒန်ချူးကို ခေတ်သစ်ဆေးပညာ ဗဟုသုတများအကြောင်း ပြောပြနေပြီး၊ ဆေးပညာ၏ တိုးတက်လာမှုနှင့် လူကြီးများကြားတွင် အဖြစ်များသော ကျန်းမာရေးပြဿနာများကို ဆွေးနွေးကြ၏။ ယွမ်ဒန်ချူးမှာ စိတ်ပါဝင်စားစွာ နားထောင်ရင်း နားလည်ကြောင်း ခေါင်းညိတ်ပြသလို၊ ရှေးဟောင်းတိုင်းရင်းဆေးပညာအပေါ် အခြေခံသည့် အမြင်အချို့ကိုလည်း ပြန်လည်မျှဝေခဲ့ရာ ထိုအဘိုးကို အလေးအနက် စဉ်းစားစေခဲ့သည်။

ထိုအဘိုးအဘွားများနှင့် ထိတွေ့ဆက်ဆံခြင်းမှတစ်ဆင့် ယွမ်ဒန်ချူးသည် ခေတ်သစ်လူ့အဖွဲ့အစည်းအကြောင်းကို သိရှိလာရုံတင်မကဘဲ ဤပတ်ဝန်းကျင်သစ်ထဲသို့ တဖြည်းဖြည်းနှင့် စိမ့်ဝင်ပျော်ဝင်လာခဲ့သည်။ သူသည် ခေတ်သစ် ဝေါဟာရအချို့ကို သင်ယူခဲ့ပြီး၊ ခေတ်သစ်လူ့အဖွဲ့အစည်း၏ စည်းမျဉ်းအချို့ကို နားလည်လာကာ သူ၏ အမူအရာများမှာလည်း ခေတ်သစ်အမူအကျင့်များနှင့် ပိုမိုကိုက်ညီလာခဲ့၏။ ယွမ်ဒန်ချူး ပြောသည်။

"သူဌေးမစု၊ တည်းခိုခန်းမှာ ကျွန်တော် ဘာလုပ်ချင်သလဲဆိုတာ စဉ်းစားခိုင်းထားတယ် မဟုတ်လား၊ အမှန်အတိုင်းပြောရရင် ကျွန်တော် နည်းနည်းတော့ လမ်းပျောက်နေသလိုပဲ"

ကောင်းကင်ယံတွင် လေယာဉ်တစ်စင်း ဖြတ်သန်းသွားပြီး လမ်းကြောင်းဖြူဖြူလေးတစ်ခု ကျန်ရစ်ခဲ့သည်။ ယွမ်ဒန်ချူး လေယာဉ်ကို မော့ကြည့်ရင်း သက်ပြင်းချလိုက်၏။

"ထန်မင်းဆက်ခေတ်မှာ တာအိုကျင့်ကြံတာဟာ မသေနိုင်တဲ့ နတ်ဝိဇ္ဇာဖြစ်ဖို့ လမ်းစဉ်တစ်ခုလို့ မြင်ခဲ့ကြတယ်၊ ကောင်းကင်မှာ ပျံသန်းတာနဲ့ မြေကြီးထဲ ငုပ်လျှိုးတာတွေဟာ နတ်ဘုရားတွေရဲ့ ထူးခြားတဲ့ တန်ခိုးစွမ်းအားတွေပေါ့၊ ဒါပေမဲ့ အခုတော့ လူသားတွေက နည်းပညာရဲ့ စွမ်းအားကို သုံးပြီး လေယာဉ်တွေကို ဖန်တီးခဲ့ကြတယ်၊ ကျွန်တော်တို့ တစ်ချိန်က တောင့်တခဲ့တဲ့ ပျံသန်းခြင်း အိပ်မက်ကို လက်တွေ့အကောင်အထည် ဖော်နိုင်ခဲ့ကြပြီပဲ"

သူ၏ နှလုံးသားထဲတွင် ရှုပ်ထွေးသော ခံစားချက်များ စီးဆင်းလာသည်။

"ခေတ်သစ်ဆေးပညာနဲ့ ကျန်းမာတဲ့ လူနေမှုပုံစံတွေကြောင့် လူတွေရဲ့ သက်တမ်းဟာ အများကြီး ရှည်လာခဲ့ပြီ၊ အသက် (၁၀၀) ကျော်ဖို့ဆိုတာလည်း မဖြစ်နိုင်တာမဟုတ်တော့ဘူး"

တစ်ချိန်က တာအိုကျင့်ကြံသူတစ်ဦးအနေဖြင့် ယွမ်ဒန်ချူးသည် လောကီမှ လွတ်မြောက်ရန်၊ နတ်ဝိဇ္ဇာအဖြစ် တက်လှမ်းရန်နှင့် ထာဝရအသက်ကို ရရှိရန် ကြိုးပမ်းခဲ့သည်။ သို့သော်လည်း ခေတ်သစ်လူ့အဖွဲ့အစည်းသို့ ရောက်ရှိလာသည့်အခါ သူတွေ့မြင်ခဲ့ရသမျှသည် သူ၏ ရည်မှန်းချက်များကို ပြန်လည်သုံးသပ်စေခဲ့၏။ သူ စဉ်းစားနေမိသည်မှာ သူ တစ်ချိန်က လိုက်စားခဲ့သော တာအိုကျင့်ကြံခြင်း၏ အဓိပ္ပာယ်မှာ ဘာပါသနည်း။ အကယ်၍ ခေတ်သစ်လူသားများသည် နတ်ဝိဇ္ဇာများ ရှာဖွေခဲ့သောအရာအချို့ကို ရရှိနေပြီဆိုလျှင် တာအိုကျင့်ကြံခြင်း၏ တန်ဖိုးမှာ ယခင်ကဲ့သို့ပင် မြင့်မြတ်နေပါဦးမည်လော။

All Chapters