← Chapters

အခန်း (၁၅၃-၁၅၄)

Vol. 16 Ch. 153-154

အခန်း (၁၅၃-၁၅၄)

Vol. 16 Ch. 153-154

153

ယွမ်ဒန်ချူးသည် သူ၏မျက်စိရှေ့တွင် မြူခိုးများပိတ်ဖုံးနေသကဲ့သို့ ခံစားနေရသည်။ ထို့ကြောင့် စုဟယ်သည် တည်းခိုခန်းတွင် သူဘာလုပ်ချင်သလဲဟု ရွေးချယ်ခိုင်းသည့်အခါ သူသည် အချိန်အတော်ကြာအောင် အလေးအနက် စဉ်းစားခဲ့ရသည်။ ဟဲယဲ့တည်းခိုခန်းသို့ ရောက်ရှိလာပြီးနောက် သူသည် အခြားသော ကတ်ဇာတ်ကောင်များနှင့်လည်း စကားစမြည်ပြောဖြစ်ခဲ့၏။ ဝေဖုန်းယီ၊ ရှောင်ရှီးနှင့်မစ္စကျိတို့အားလုံးတွင် ရှင်းလင်းသော ရည်မှန်းချက်များရှိကြသည်။ အကြောင်းပြချက်ချင်း မတူညီကြသော်လည်း သူတို့အားလုံးမှာ အဆင့်တက်လိုကြ၏။ ဟုန်လျန်မှာမူ မုန့်များပြုလုပ်ရသည်ကို ပျော်ရွှင်နေသူဖြစ်သည်။ သူမသည် လက်ရှိအလုပ်ကို နှစ်သက်ပြီး မကြာသေးမီကပင် အားလပ်ချိန်များ၌ အနောက်တိုင်းမုန့် ပြုလုပ်နည်းများကို လေ့လာနေသဖြင့် အဆင့်တက်ရန် ထိုမျှလောက် စိတ်မလောပေ။

ဟင်းသီးဟင်းရွက်ဥယျာဉ်လေးထဲတွင် အိပ်မောကျနေတတ်သော ဝက်သစ်ချပင်ကြီးမှာမူ အရာအားလုံးကို လျစ်လျူရှုထားသည်။ အကယ်၍ သူဌေးမစုသည် လီရှု အိပ်မက်ပေးပို့ခြင်း စွမ်းရည်အတွက် သူ၏သစ်ကိုင်းများကို မလိုအပ်ပါလျှင် ထိုဝက်သစ်ချပင်သည် ဥယျာဉ်ထဲ၌ မလှုပ်မယှက်ဘဲ ထာဝရအိပ်စက်နေရန် ဆန္ဒရှိနေသူဖြစ်၏။ အမှန်စင်စစ် ၎င်းအတွက် ရည်မှန်းချက်မှာ ရှင်သန်ရန်သာဖြစ်ပြီး ကတ်ဇာတ်ကောင်ဖြစ်လာခြင်းမှာပင် ထိုရည်မှန်းချက်ကို အောင်မြင်ပြီးသားဟု ဆိုနိုင်သည်။ သူဌေးမစု၏ တာဝန်များ ပြီးမြောက်သည်ဖြစ်စေ၊ မပြီးမြောက်သည်ဖြစ်စေ ဝက်သစ်ချပင်မှာမူ အမြဲတမ်း အသက်ရှင် နေမည်သာ ဖြစ်၏။ အကယ်၍ သူဌေးမစု၏ တာဝန်များ ကျရှုံးပြီး စနစ် နှင့် လမ်းခွဲခဲ့ရလျှင်ပင် ဤလျှို့ဝှက်ဆန်းကြယ်သော စနစ်သည် အခြားသူတစ်ဦးကို ထပ်မံရွေးချယ်မည်ဖြစ်ပြီး ဝက်သစ်ချပင်သည်လည်း တစ်နေ့နေ့တွင် ပြန်လည်နိုးထလာဦးမည် ဖြစ်သည်။ ထို့ကြောင့် ဝက်သစ်ချပင်သည် သူ၏ဘဝရည်မှန်းချက်နှင့် အကိုက်ညီဆုံးသော သဘောထားကို ရွေးချယ်ခဲ့၏။ ၎င်းမှာ တာဝန်များကို တက်ကြွစွာ မလုပ်ဆောင်ခြင်းပင် ဖြစ်သည်။

ဟဲယဲ့တည်းခိုခန်းရှိ ကတ်ဇာတ်ကောင်များ၏ ကွဲပြားခြားနားသော နေထိုင်မှုပုံစံများသည် ယွမ်ဒန်ချူးကို မိမိကိုယ်တိုင် မည်သို့ရွေးချယ်သင့်သလဲဆိုသည်ကို တွေးတောစေခဲ့သည်။ ယွမ်ဒန်ချူးသည် ဟဲယဲ့တည်းခိုခန်းသို့ ရောက်လာပြီးနောက် တစ်ခါမျှမကြုံဖူးသော တုန်လှုပ်မှုကို ခံစားရသလို၊ တစ်ဖက်တွင်လည်း လမ်းပျောက်နေသကဲ့သို့ ခံစားချက်လေးတစ်ခု ရှိနေခဲ့၏။ ထန်မင်းဆက်ခေတ်တွင် သူလိုက်စားခဲ့သော အတတ်ပညာများသည် ထူးခြားဆန်းကြယ်ပြီး သဘာဝလွန်အတတ်များဟု ယူဆခဲ့ကြသော်လည်း ဤနေရာတွင်မူ နည်းပညာ၏ စွမ်းအားကို သူ မြင်တွေ့နေရသည်။ သာမန်လူသားများမှာ ဉာဏ်ပညာနှင့် တီထွင်ဖန်တီးမှုများဖြင့် ဖန်တီးထားသော အံ့ဖွယ်များကို မြင်တွေ့နေရ၏။ သူစတင်စဉ်းစားမိသည်မှာ 'မသေမျိုး' ဖြစ်တည်မှုနှင့် မည်သည့်အရာက ပိုနီးစပ်သနည်း။ သူတစ်ချိန်က လိုက်စားခဲ့သော လမ်းစဉ်လော သို့မဟုတ် ခေတ်သစ်လူ့အဖွဲ့အစည်း၏ နည်းပညာလော။

ယွမ်ဒန်ချူး၏ နှလုံးသားထဲတွင် ရှုပ်ထွေးသော ခံစားချက်များ စီးဆင်းနေသည်။ သူသည် ခေတ်သစ်လူသားများသည် သူတစ်ချိန်က တောင့်တခဲ့သော 'အတတ်' များကို အလွယ်တကူ ခံစားနိုင်ကြသည်ကို မနာလိုဖြစ်မိသလို၊ တစ်ဖက်တွင်လည်း ယဉ်ကျေးမှုအရ ကွာဟချက်နှင့် မိမိကိုယ်မိမိ မည်သူမည်ဝါဖြစ်ကြောင်း ဝေခွဲမရသည့် ခံစားချက်ကို ခံစားနေရ၏။ သူတစ်ချိန်က ကိုင်စွဲခဲ့သော ကျင့်ကြံခြင်းလမ်းစဉ်သည် အဓိပ္ပာယ်ရှိပါဦးမည်လောဟု သူ သံသယဝင်လာမိသည်။ သူ၏ စိတ်အတွင်းပိုင်းမှာ တုန်လှုပ်မှုမှသည် လက်ခံနိုင်မှု ထို့နောက် မိမိကိုယ်ကိုယ် တန်ဖိုးဖြတ်မှုဟူသော ဖြစ်စဉ်များကို ဖြတ်သန်းခဲ့ရ၏။

လွန်ခဲ့သော ရက်အနည်းငယ်၌ သူသည် သက်ကြီးရွယ်အိုများ၏ ဘဝကို စောင့်ကြည့်လေ့လာခဲ့ပြီး အချိန်ကုန်ဆုံးလာသည်နှင့်အမျှ ယွမ်ဒန်ချူးသည် ဤကမ္ဘာသစ်၏ ဗဟုသုတများကို နားလည်ရန်နှင့် သင်ယူရန် ကြိုးစားလာခဲ့သည်။ နည်းပညာဖွံ့ဖြိုးတိုးတက်မှုကြောင့် များစွာအဆင်ပြေချောမွေ့လာသော်လည်း လူသားတို့၏ အတွင်းစိတ်ဆန္ဒများနှင့် ပိုမိုကောင်းမွန်သော ဘဝကို လိုလားတောင့်တမှုများမှာမူ ပြောင်းလဲခြင်းမရှိသည်ကို သူ ရှာဖွေတွေ့ရှိခဲ့၏။ ယွမ်ဒန်ချူး၏ စိတ်နေစိတ်ထားမှာ တဖြည်းဖြည်း တည်ငြိမ်လာခဲ့သည်။ ကျင့်ကြံခြင်းလမ်းစဉ်၏ အရေးကြီးဆုံးအချက်မှာ စိတ်ကို ကျင့်ကြံခြင်းဖြစ်၏။ ရှေးခေတ်လူသားများမှာ နတ်ဘုရားတောင်နှင့် ဝိညာဉ်ရေစင်များကို ရှာဖွေကြသည်ဖြစ်စေ ခေတ်သစ်နည်းပညာများ တိုးတက်လာသည်ဖြစ်စေ နှစ်ခုစလုံးမှာ မိမိကိုယ်ကိုယ်ကျော်လွှားလိုပြီး ပိုမိုမြင့်မားသော နယ်ပယ်ကို ရယူလိုသည့် လူသားတို့၏ ဆန္ဒများပင် ဖြစ်သည်။ သူသည် သူ၏ကျင့်ကြံခြင်း အတွေ့အကြုံများနှင့် ခေတ်သစ်နည်းပညာများကို ပေါင်းစပ်ကာ ဘဝလမ်းစဉ်သစ်တစ်ခုကို ရှာဖွေရန် ဆုံးဖြတ်လိုက်၏။ သူ၏ အတွေးအမြင်များ ရှင်းလင်းသွားပြီးနောက် သူဌေးမစု၏ မေးခွန်းကို သူနောက်ဆုံးတွင် အဖြေပေးနိုင်ခဲ့သည်။

"ကျွန်တော် ခေတ်သစ်ကာလမှာ ကျင့်ကြံခြင်း လမ်းစဉ်သစ်တစ်ခုကို ရှာဖွေကြည့်ချင်ပါတယ်၊ ဒါကြောင့် သူဌေးမစု ကျွန်တော် အဆင့်တက်ဖို့အတွက်တော့ မလောပါဘူး၊ ဒါပေမဲ့ တည်းခိုခန်းမှာ ရှိတဲ့ ဘယ်အလုပ်ကိုမဆို ကျွန်တော့်ကို ခိုင်းနိုင်ပါတယ်၊ သူဌေးမရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို ကူညီထမ်းပိုး‌ပေးရမှာကို ကျွန်တော် ဝမ်းသာပါတယ်"

ယွမ်ဒန်ချူး ရိုးသားစွာ ပြောကြားလိုက်သည်။ သူသည် ကတ်ဇာတ်ကောင် မဖြစ်လာမီက သေဆုံးသွားခဲ့ပြီဟု သူယူဆထား၏။ ကတ်ဇာတ်ကောင်အဖြစ် ပြန်လည်အသက်ရှင်ခွင့် ရရှိလာသည့်အတွက် ကျင့်ကြံခြင်းလမ်းစဉ်တွင် ပိုမိုဝေးကွာသော ခရီးကို လျှောက်လှမ်းနိုင်မည်ဟု သူ ယုံကြည်ချက်ရှိနေသည်။ စုဟယ်သည် ယွမ်ဒန်ချူးမှာ သူအလိုရှိသော နေထိုင်မှုပုံစံကို ရှာတွေ့သွားသည့်အတွက် အလွန်ဝမ်းသာသွားသည်။

"ဒါပေါ့ ဆရာဒန်ချူး နေ့ဘက်မှာတော့ ရင်ပြင်လေးမှာ ထိုက်ကျိနဲ့ တခြားလေ့ကျင့်ခန်းတွေကို ဆက်ပြီး သင်ပေးနိုင်ပါတယ်၊ ကျွန်မလည်း တည်းခိုခန်းမှာ ကြေညာစာကပ်ပေးမယ်၊ စိတ်ပါဝင်စားတဲ့ ဧည့်သည်တွေကို ရှင်နဲ့အတူ ထိုက်ကျိ လာသင်ဖို့ ဖိတ်ခေါ်ပေးမယ်လေ"

စုဟယ်မှာ သူမ၏ အစီအစဉ်များကို ပြောပြလိုက်သည်။ အခုဆိုရင် သူတို့တည်းခိုခန်းမှာ လက်ရေးလှပညာ တိုက်ရိုက်ထုတ်လွှင့်မှု သင်တန်းတွေ ရှိနေပြီဖြစ်ရာ ထိုက်ကျိသင်တန်းတစ်ခု ထပ်တိုးခြင်းမှာလည်း အမှန်တကယ်ပင် ဖြစ်နိုင်ချေရှိသောအရာ ဖြစ်သည်။

"ပြီးတော့ တည်းခိုခန်းက မှော်ဆန်တဲ့ ဆန်ပြုတ်အိုးလေးက ကတ်ပစ္စည်းတစ်ခုဖြစ်နေတယ်၊ အဲဒါကို သုံးဖို့ဆိုရင် ချက်စမ်း အိုးလေးလို့အော်ရမှာဆိုတော့ ဒါက ရှင့်အတွက် နည်းနည်းတော့ အခက်တွေ့နိုင်တယ်"

နံနက်ပိုင်းတွင် ဟုန်လျန် သို့မဟုတ် မစ္စကျိ နိုးလာသည့်အခါ သူတို့သည် အိုးလေးကို အရင်ဆုံး စတင်ချက်ပြုတ်ခိုင်းလေ့ရှိသည်။ ဧည့်သည်တွေ ပိုများလာသည့်အခါ စုဟယ်မှာ စားသောက်ဆိုင်ထဲကို အကြိမ်ကြိမ်ဝင်ပြီး ဆန်ပြုတ်တွေ ပိုထွက်လာအောင် အိုးလေးကို စေခိုင်းရ၏။ သို့သော်လည်း ယခုအခါ တည်းခိုခန်းသို့ ဧည့်သည်များ ပိုမိုလာရောက်နေသဖြင့် ဆန်ပြုတ်အိုးကို ပြန်လည်အသုံးပြုရသည့် အကြိမ်ရေမှာ ပိုများလာသည်။ နာရီဝက်တစ်ကြိမ် စုဟယ်သည် ဆန်ပြုတ်အိုးကို ထုတ်လာကာ ဂါထာရွတ်ဆိုပြီးနောက် စားသောက်ဆိုင်ထဲသို့ ပြန်ထည့်သည့်ဟန် ဆောင်ရ၏။ စုဟယ်မှာ ယခုအခါ ငွေကြေးရှိနေပြီဖြစ်ရာ ဆန်ပြုတ်အိုး နောက်ထပ်နှစ်လုံး ထပ်ဝယ်ရန် စီစဉ်နေသည်။ ထိုသို့ဆိုလျှင် ဂါထာအော်ဆိုရမည့်အကြိမ်ရေ လျော့နည်းသွားမည်ဖြစ်ပြီး ဝန်ထမ်းများ၏ အလုပ်တာဝန်ကိုလည်း သက်သာစေမည်ဖြစ်သည်။

အလုပ်ရည်မှန်းချက်များကို သတ်မှတ်ပြီးနောက် ယွမ်ဒန်ချူး၏ ဘဝနေထိုင်မှုပုံစံမှာ ပြောင်းလဲခြင်း မရှိပေ။ သူသည် နံနက်တိုင်း စောစောထဆဲဖြစ်ပြီး ရင်ပြင်လေးသို့ သွားကာ လူကြီးများကို ထိုက်ကျိ သင်ပေးမြဲဖြစ်သည်။ သို့သော်လည်း လွန်ခဲ့သော ရက်အနည်းငယ်မှစ၍ ငယ်ရွယ်သော မျက်နှာအချို့ကို မြင်တွေ့လာရ၏။ ထိုသူတို့သည် ဟဲယဲ့တည်းခိုခန်းမှ ပေးထားသော အပေါ်ထပ်ဝတ်စုံလေးများကို ဝတ်ဆင်ထားပြီး၊ လူတန်း၏ နောက်ဆုံးတွင် ရပ်ကာ ယွမ်ဒန်ချူး၏ လှုပ်ရှားမှုများကို အတုယူ လေ့ကျင့်နေကြသည်။ ယွမ်ဒန်ချူး၏ ကျော်ကြားမှုကြောင့် ဟဲယဲ့တည်းခိုခန်းသို့ ဆန်ပြုတ်လာသောက်သူ ပိုမိုများပြားလာပြီး၊ စုဟယ် ဝယ်ယူထားသော မှော်ဆန်တဲ့ ဆန်ပြုတ်အိုး အသစ်အရေအတွက်မှာလည်း လေးလုံးအထိ ရှိလာခဲ့၏။ ယခုဆိုလျှင် တည်းခိုခန်းရှိ ဆန်ပြုတ်အမျိုးအစားများမှာလည်း စုံလင်လာခဲ့သည်။ လူကြိုက်များလှသော ဘဲဥငန်နှင့် အသားဆန်ပြုတ်၊ ကောက်ညှင်းနှင့် လူးဆန်ပြုတ်တို့အပြင် ကျောက်ဖရုံသီးဆန်ပြုတ်၊ ပဲနီလေးနှင့် စပါးလင်စေ့ဆန်ပြုတ်၊ ဟင်းသီးဟင်းရွက်နှင့် ကြက်သားဆန်ပြုတ်၊ မှိုနှင့် ဟင်းရွက်ဆန်ပြုတ် အစရှိသည်တို့ကိုလည်း လူများစွာ နှစ်သက်ကြ၏။

ယွမ်ဒန်ချူးသည် နံနက်ပိုင်းတွင် အလုပ်များနေတတ်သော်လည်း မွန်းလွဲပိုင်းတွင်မူ အားလပ်ချိန်များစွာ ရှိပြီး စာအုပ်များထဲတွင် နစ်မြောနေတတ်သည်။ ဤခေတ်သစ်ကာလကြီးတွင် ယွမ်ဒန်ချူး အနှစ်သက်ဆုံးအရာမှာ လျှပ်စစ်မီး ပင် ဖြစ်သည်။ ထန်မင်းဆက်ခေတ်တွင် ညဘက်အလင်းရောင်အတွက် ဆီမီးခွက် သို့မဟုတ် ဖယောင်းတိုင်များကိုသာ အားကိုးရ၏။ ၎င်းတို့သည် အလင်းရောင် မှိန်ဖျော့ရုံတင်မကဘဲ အနီးကပ်သွားပါကလည်း မတော်တဆ အပူလောင်စေနိုင်သည်။ သို့သော်လည်း ခေတ်သစ်လျှပ်စစ်မီးများမှာမူ အသာအယာ ထိရုံမျှဖြင့် တောက်ပပြီး တည်ငြိမ်သောအလင်းရောင်ကို ပေးစွမ်းနိုင်ရာ သူ့အား ညဘက်တွင် အချိန်ကန့်သတ်ချက်မရှိဘဲ စာအုပ်များထဲတွင် နစ်မြောနေနိုင်စေ၏။ ယွမ်ဒန်ချူး လျှပ်စစ်မီးကို မြတ်နိုးရခြင်းမှာ ၎င်းမှပေးစွမ်းသော အဆင်ပြေမှုကြောင့်သာမကဘဲ ၎င်းသည် ကမ္ဘာသစ်ကို စူးစမ်းရှာဖွေမည့် သူ၏လမ်းကို လင်းထိန်စေသည့် အသိပညာအလင်းရောင်ကို ကိုယ်စားပြုသောကြောင့်လည်း ဖြစ်သည်။ သူသည် လျှပ်စစ်မီးအောက်တွင် မိနစ်တိုင်း၊ စက္ကန့်တိုင်းကို အကျိုးရှိစွာ အသုံးပြုကာ ကြိုးစားအားထုတ် လေ့လာရင်း ဤခေတ်သစ်နှင့် လိုက်လျောညီထွေဖြစ်အောင် ကြိုးစားနေ၏။

အရာရှိမျိုးရိုးမှ ဆင်းသက်လာသူဖြစ်ရာ သူသည် မူလကပင် ထက်မြက်သူဖြစ်သည်။ သူသည် ခေတ်သစ် တရုတ်စာလုံးများကို အချိန်တိုအတွင်း ဖတ်ရှုခြင်းနှင့် ရေးသားခြင်းတို့တွင် ကျွမ်းကျင်လာခဲ့၏။ ၎င်းသည် ခေတ်ဟောင်းလူတစ်ဦးအတွက် ကြီးမားလှသော စိန်ခေါ်မှုဖြစ်သော်လည်း ယွမ်ဒန်ချူးသည် သူ၏ ခိုင်မာသော စိတ်ဓာတ်နှင့် ဗဟုသုတငတ်မွတ်မှုတို့ဖြင့် ထိုအခက်အခဲကို ကျော်လွှားနိုင်ခဲ့သည်။ ထို့နောက် သူသည် အင်တာနက် အသုံးပြုပုံကိုလည်း လျင်မြန်စွာ သင်ယူခဲ့၏။ အင်တာနက်မှတစ်ဆင့် ယွမ်ဒန်ချူးသည် များပြားလှသော သတင်းအချက်အလက်များကို ရရှိခဲ့ပြီး သူ၏ အမြင်များမှာလည်း အလွန်ပင် ကျယ်ပြန့်လာခဲ့သည်။ ယွမ်ဒန်ချူးသည် များပြားလှသော မှတ်တမ်းများထဲမှ ကျင့်ကြံခြင်းလမ်းစဉ်သစ်တစ်ခုကိုလည်း ရှာဖွေတွေ့ရှိခဲ့သည်။ ၎င်းမှာ "သိပ္ပံနည်းကျ ကျင့်ကြံခြင်း" ပင် ဖြစ်တော့၏။

154

ယွမ်ဒန်ချူးသည် သိပ္ပံပညာရပ်ဆိုင်ရာ ဗဟုသုတများထဲတွင် အလွန်အမင်း နစ်မျောနေခဲ့သည်။ သူ၏ စားပွဲပေါ်တွင် အခြေခံဓာတုဗေဒမှသည် မော်လီကျူးဇီဝဗေဒ၊ ထို့နောက် ဆေးဝါးဗေဒနှင့် တွက်ချက်ခြင်းနည်းပညာအထိ သိပ္ပံစာအုပ်မျိုးစုံမှာ တောင်ပုံရာပုံ စုပုံနေတော့၏။ သူ၏ မျက်လုံးများသည် စာမျက်နှာပေါ်ရှိ စာလုံးများပေါ်တွင် စိတ်ထဲတွင် စွဲထင်နေအောင် မှတ်သားလိုသည့်အလား စူးစိုက်ကြည့်ရှုနေ၏။ သူ၏လက်ထဲမှ အော်ဂဲနစ်ဓာတုဗေဒ အခြေခံမူများ စာအုပ်မှာ ရှုပ်ထွေးလှသော မော်လီကျူးဖွဲ့စည်းပုံများအကြောင်း အခန်းသို့ ရောက်ရှိနေပြီဖြစ်ပြီး၊ လွတ်နေသော နေရာလွတ်များတွင် မှတ်စုများဖြင့် ပြည့်နှက်ကာ မော်လီကျူးပုံစံတိုင်းကို သေချာစွာ ရေးဆွဲထားသည်။ ဓာတုဗေဒဆိုင်ရာ ပေါင်းစည်းမှုများ၏ ကွဲပြားခြားနားမှုနှင့် မော်လီကျူးအချင်းချင်း အပြန်အလှန်သက်ရောက်မှုများ၏ ရှုပ်ထွေးပုံတို့မှာ သူ့ကိုများစွာဆွဲဆောင်နေသည်။ ဤဗဟုသုတများသည် သူ့အတွက် စိမ်းသက်နေသော်လည်း အလွန်ပင် စိတ်ဝင်စားစရာ ကောင်းလှ၏။ တစ်ခါတစ်ရံတွင် သူသည် ရှေ့ရှိကွန်ပျူတာကို မော့ကြည့်တတ်သည်။ အင်တာနက်ပေါ်တွင် အမျိုးမျိုးသော သိပ္ပံဆိုင်ရာ ဝေါဟာရများနှင့် သဘောတရားများကို ရှာဖွေပြီး ခက်ခဲနက်နဲသော သိပ္ပံနိယာမများကို ပိုမိုမြင်သာအောင် အွန်လိုင်းသင်ခန်းစာများကို ကြည့်ရှုလေ့လာသည်။ အင်တာနက်သည် သူ၏ မေးခွန်းထုတ်သမျှကို ဖြေကြားပေးနိုင်သော ကြီးမားလှသည့် အသိပညာ ရတနာသိုက်ကြီးပင်ဖြစ်၏။

ကာလအတန်ကြာ လေ့လာပြီးနောက် ယွမ်ဒန်ချူးသည် သူဌေးမစုထံမှ ငွေအချို့တောင်းကာ စမ်းသပ်ခန်းသုံး ပစ္စည်းကိရိယာ အချို့ကို ဝယ်ယူခဲ့သည်။ ယွမ်ဒန်ချူးသည် သူသေချာစွာ ပြင်ဆင်ထားသော ဈေးဝယ်စာရင်းကို ဖွင့်ကြည့်လိုက်ရာ ထိုထဲတွင် စမ်းသပ်ကိရိယာများစွာ ပါဝင်နေ၏။ အီလက်ထရွန်နစ် ချိန်ခွင်၊ အပူချိန်ညှိ ရေကန် ၊ သံလိုက်မွှေစက် ၊ pH တိုင်းစက်၊ အဏုကြည့်မှန်ပြောင်း စသည်တို့ ဖြစ်သည်။ ဤအရာများသည် အွန်လိုင်းတွင် ရှာဖွေလေ့လာပြီးနောက် အရေးကြီးသည်ဟု သူယူဆထားသော အခြေခံပစ္စည်းများ ဖြစ်၏။ အမှန်တကယ်တော့ ယွမ်ဒန်ချူး၏ စာရင်းတွင် အရည်အသွေးမြင့် အရည်ဓာတ်ခွဲစက် နှင့် UV-Vis ရောင်စဉ်တိုင်းစက် ကဲ့သို့သော အဆင့်မြင့်စက်ပစ္စည်းများ ပါဝင်သော်လည်း ထိုပစ္စည်းများ၏ ဈေးနှုန်းကြီးမြင့်မှုကြောင့် သူ၏အစီအစဉ်ကို ခေတ္တလျှော့ချခဲ့ရသည်။ စက်ပစ္စည်းရှိရုံနှင့် မလုံလောက်သေးဘဲ အသုံးပြုရမည့် ကုန်ကြမ်းများကိုလည်း ဝယ်ယူရန် လိုအပ်သေး၏။ စမ်းသပ်မှုများ လုပ်ဆောင်ခြင်းသည် ငွေကို မီးရှို့နေရသကဲ့သို့ပင် ဖြစ်ရာ၊ သူသည် ရင်းနှီးမြှုပ်နှံမှုတိုင်းမှ အကျိုးအမြတ်အများဆုံး ရရှိစေရန်အတွက် အသေးစိတ် တွက်ချက်ရသည်။ ယွမ်ဒန်ချူးသည် အခြေခံမှ စတင်ရန် ဆုံးဖြတ်ခဲ့ပြီး ကန့်သတ်ထားသော အရင်းအမြစ်များကို သုံးကာ အကောင်းဆုံးရလဒ် ရရှိအောင် ကြိုးစားခဲ့၏။

သူဌေးမစုသည် ပထမထပ်ရှိ ဂိုဒေါင်ခန်းကို ယွမ်ဒန်ချူးအား စမ်းသပ်ခန်းအဖြစ် အသုံးပြုရန် ပေးခဲ့သည်။ ကန့်သတ်ထားသော ထိုနေရာလေးအတွင်း၌ ယွမ်ဒန်ချူးသည် စမ်းသပ်ခုံ၊ အဆိပ်ငွေ့စုပ်ထုတ်စက် ၊ ဓာတုဗေဒပစ္စည်းများ ထည့်သည့် ဗီဒိုနှင့် အခြားပစ္စည်းများကို သိပ္ပံစမ်းသပ်ခန်း စံချိန်စံညွှန်းများနှင့်အညီ ပြင်ဆင်ခဲ့၏။ ပစ္စည်းကိရိယာများ ရောက်ရှိလာတိုင်း သူကိုယ်တိုင် တပ်ဆင်ခြင်းနှင့် စစ်ဆေးခြင်းများကို လုပ်ဆောင်ပြီး ၎င်းတို့ တည်ငြိမ်စွာ။လည်ပတ်နိုင်မှုကို သေချာစေခဲ့သည်။ ၎င်းသည်လည်း သူ၏ သင်ယူမှုဖြစ်စဉ်၏ အစိတ်အပိုင်းတစ်ခုပင် ဖြစ်၏။ သုတေသနလုပ်ငန်းသည် စိတ်ရှည်မှုနှင့် အချိန်လိုအပ်ကြောင်း ယွမ်ဒန်ချူး နားလည်သော်လည်း၊ ရလဒ်အချို့ကို လျင်မြန်စွာ ဖော်ထုတ်နိုင်မှသာ ရန်ပုံငွေ ပြန်လည်ရရှိမည်ဖြစ်ရာ သူစိတ်ဝင်စားသော သုတေသနများကို ပိုမိုလုပ်ဆောင်နိုင်မည်ကိုလည်း သူသိထားသည်။ ထို့ကြောင့် ယွမ်ဒန်ချူးသည် နတ်ဆေးလုံးများ ဖော်စပ်ခြင်းအပေါ် အာရုံစိုက်လိုက်၏။ သူသည် ရှေးဟောင်း နတ်ဆေးဖော်နည်းများကို ခေတ်သစ်သိပ္ပံနည်းပညာအသုံးပြု၍ မွမ်းမံလိုခြင်း ဖြစ်သည်။

အမှန်တကယ်တော့ ယွမ်ဒန်ချူးသည် ဆေးလုံးဖော်စပ်ခြင်းတွင် ကျွမ်းကျင်သူတစ်ယောက် မဟုတ်ပေ။ သို့သော်လည်း သူသည် တာအိုကျင့်ကြံမှုဆိုင်ရာ "985 တက္ကသိုလ်" (ထိပ်တန်းတက္ကသိုလ်) တစ်ခုတွင် နှစ်ပေါင်းများစွာ ပညာသင်ကြားခဲ့သူ ဖြစ်သည်။ ထိုသို့သော ထိပ်တန်းတက္ကသိုလ်မှ ထူးချွန်စွာ ဘွဲ့ရရှိခဲ့သူဖြစ်ရာ ဆေးလုံးဖော်စပ်ခြင်း၏ အခြေခံဗဟုသုတအချို့နှင့်တော့ ထိတွေ့ဖူးခဲ့၏။ ရှန်းချင်းဂိုဏ်း သည် ထန်မင်းဆက်ခေတ်၏ တာအိုဂိုဏ်းကြီးတစ်ခုဖြစ်ပြီး ၎င်း၏ နယ်မြေအကျယ်အဝန်းမှာ လက်ရှိ မောက်ရှန်းရှုခင်းသာနယ်မြေထက် များစွာ ကြီးမားခဲ့သည်။ လက်ရှိ ကြယ်ငါးပွင့်အဆင့်ရှိ မောက်ရှန်းရှုခင်းသာနယ်မြေသည် လုပ်ငန်းများ လည်ပတ်ရန်အတွက် လက်မှတ်ရောင်းရငွေ၊ ဆက်စပ်ဝင်ငွေနှင့် အစိုးရ၏ ထောက်ပံ့မှုများကို အားကိုးနေရသကဲ့သို့ပင်၊ ထန်မင်းဆက်ခေတ်မှ ရှန်းချင်းဂိုဏ်းသည်လည်း ဂိုဏ်း၏ လုပ်ငန်းဆောင်တာများနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် ရန်ပုံငွေအမြောက်အမြား လိုအပ်ခဲ့သည်။

ရှန်းချင်းဂိုဏ်း၏ ရန်ပုံငွေ အများစုမှာ အရာရှိကြီးများနှင့် မှူးမတ်များ၏ လှူဒါန်းမှု၊ ပံ့ပိုးမှုများမှရရှိသော်လည်း၊ ဂိုဏ်းသည် အပိုဝင်ငွေရရှိရန်အတွက် နတ်ဆေးလုံးများနှင့် အဆောင်များကို ရောင်းချခဲ့သည်။ ထိုဆေးလုံးအများစုမှာ အသက်ရှည်စေသော အာနိသင်ရှိပြီး၊ အဆောင်များမှာမူ မကောင်းဆိုးဝါးများကို နှင်ထုတ်ကာ ဘေးကင်းလုံခြုံစေရန်အတွက် ဖြစ်၏။ ထို့ကြောင့် ရှန်းချင်းဂိုဏ်း၏ ဆေးလုံးများနှင့် အဆောင်များမှာ အလွန်ပင် ရေပန်းစားခဲ့ပြီး ရှန်းချင်းဂိုဏ်းသည်လည်း ထိုအရာများမှ ငွေအမြောက်အမြားရရှိခဲ့သည်။ ရှန်းချင်းဂိုဏ်း၏ ကြွယ်ဝမှုကြောင့်လည်း ယွမ်ဒန်ချူးသည် ကျော်ကြားသော တောင်ကြီးတောင်ငယ်များသို့ ခရီးလှည့်လည်နိုင်ခဲ့ပြီး လီပိုင် နှင့်အတူ လျှောက်သွားနိုင်ခဲ့ခြင်းဖြစ်၏။ ထို့ကြောင့် ယခုတစ်ကြိမ်တွင် "သိပ္ပံနည်းကျ တာအိုကျင့်ကြံခြင်း" ကို သုတေသနပြုရန် စမ်းသပ်ကိရိယာများ ဝယ်ယူရန်အတွက် ရန်ပုံငွေများ ပိုမိုရရှိလိုသော ယွမ်ဒန်ချူးသည် ရှန်းချင်းဂိုဏ်း၏ အလွန်ရေပန်းစားသော "အလှအပနှင့် အိုမင်းရင့်ရော်မှု တားဆီးရေး ဆေးလုံး" များကို သုတေသနပြုရန် ရွေးချယ်ခဲ့၏။

ယွမ်ဒန်ချူးသည် ဆေးဖော်နည်းအမွေအနှစ်အတိုင်း ဆေးဖက်ဝင်ပစ္စည်းများကို သေချာစွာ ရွေးချယ်ခဲ့သည်။ သူသည် ဆေးသေတ္တာထဲမှ ဂျင်ဆင်း၊ လင်ဇီးမှိုနှင့် အရိုးပျော့ပင်ကဲ့သို့သော အဖိုးတန်ဆေးဖက်ဝင်ပစ္စည်းများကို ထုတ်ယူကာ အရောင်၊ အသွေးနှင့် အနံ့တို့ကို စစ်ဆေးပြီး အကောင်းဆုံးများကို ရွေးချယ်ခဲ့၏။ ထို့နောက် ဆေးဖော်နည်း တိကျစေရန်အတွက် ဆေးဖက်ဝင်ပစ္စည်း တစ်ခုချင်းစီကို အီလက်ထရွန်နစ်ချိန်ခွင်ဖြင့် တိကျစွာ ချိန်တွယ်ခဲ့သည်။ နောက်တစ်ဆင့်အနေဖြင့် ယွမ်ဒန်ချူးသည် ဆေးဖက်ဝင်ပစ္စည်းများကို ထုတ်ယူခြင်းလုပ်ငန်းကို စတင်သည်။ သူသည် ဆေးဖက်ဝင်ပစ္စည်းများကို ဖန်ဘူး ထဲသို့ ထည့်ကာ လိုအပ်သော ဖျော်ရည်များ ထည့်သွင်းပြီး သံလိုက်မွှေစက်ဖြင့် ဖြည်းဖြည်းချင်း မွှေနှောက်ခဲ့၏။ အချိန်ကြာလာသည်နှင့်အမျှ ဆေးဖက်ဝင်ပစ္စည်းများအတွင်းရှိ အာနိသင်များမှာ ဖျော်ရည်အတွင်းသို့ ပျော်ဝင်သွားသည်။ ထို့နောက် ဖန်ခွက်ဖြင့် အနည်စစ်ထုတ်ကာ ကြည်လင်သော ဆေးရည်ကို ရယူသည်။ ထို့နောက် ထိုအရည်ကို အငွေ့ပျံစက်ပေါ်တွင် တင်ကာ လေဟာနယ်ပန့်ကို အသုံးပြု၍ ပျော်ရည်များကို ဖယ်ထုတ်ပြီး ဆေးရည်ကို ပျစ်လာအောင် လုပ်ဆောင်၏။

ဖျော်ရည်များ အငွေ့ပျံသွားသည်နှင့်အမျှ အဆီအနှစ်၏ အရောင်မှာ ပိုမိုရင့်လာပြီး အနံ့မှာလည်း ပိုမိုသင်းပျံ့လာသည်။ နောက်ဆုံးတွင် သူသည် ထိုအဆီအနှစ်ကို အခြောက်ခံစက်ထဲတွင် ထည့်ကာ အပူချိန်အနိမ့်ဖြင့် အခြောက်ခံပြီးနောက် အမှုန့်ပြုလုပ်ထားသော ဆေးအနှစ်ကို ရရှိခဲ့သည်။ ရှေးဟောင်း ဆေးဖော်နည်းတွင် ပါရှိသော ဆေးဖက်ဝင်ပစ္စည်းများအပြင် ယွမ်ဒန်ချူးသည် ခေတ်သစ် ဓာတုပစ္စည်းအချို့ကိုလည်း ထည့်သွင်းရန် ကြိုးစားခဲ့၏။ အမှန်စင်စစ် ရှေးဟောင်း အလှအပနှင့် အိုမင်းရင့်ရော်မှုတားဆီးရေး ဆေးလုံးများတွင် လူ့ခန္ဓာကိုယ်ကို အန္တရာယ်ဖြစ်စေသော ခဲမှုန့်အချို့ ပါဝင်တတ်သဖြင့် ယွမ်ဒန်ချူးသည် ဆေးဖော်နည်းကို ပြန်လည်ညှိနှိုင်းရန် လိုအပ်ခဲ့သည်။ သူသည် မတူညီသော ဆေးအနှစ်များကို အချိုးအစားအလိုက် ရောစပ်ကာ လိုအပ်သော အကူပစ္စည်းများ ထည့်သွင်းပြီး၊ ရောနှောမှုမှာ ညီညာချောမွေ့သွားသည်အထိ ငရုတ်ဆုံဖြင့် သေချာစွာ ကြိတ်ချေခဲ့သည်။ ပါဝင်ပစ္စည်း တစ်ခုချင်းစီ၏ အချိုးအစား တိကျစေရန်အတွက် ချိန်ခွင်ဖြင့် မကြာခဏ ချိန်တွယ်ခဲ့၏။ နောက်ဆုံးတွင် ရောစပ်ထားသော အမှုန့်များကို ပုံစံခွက်ထဲသို့ ထည့်ကာ ဆေးပြားရိုက်စက်ဖြင့် နတ်ဆေးလုံးပုံစံ ဖြစ်အောင် ဖိသိပ်လိုက်သည်။

ဆေးလုံးများ ပြုလုပ်ပြီးနောက် ယွမ်ဒန်ချူးသည် အရည်အသွေးကိုလည်း သေချာစွာ စစ်ဆေးခဲ့သည်။ သူသည် စက်ကိရိယာများကို အသုံးပြု၍ ဆေးလုံး၏ ဆေးဖက်ဝင် အာနိသင်များကို ခွဲခြမ်းစိတ်ဖြာကာ အချက်အလက်အားလုံးကို မှတ်တမ်းတင်ထားပြီး ပိုမိုကောင်းမွန်အောင် ပြုလုပ်နိုင်မည့် နေရာများကို ရှာဖွေခဲ့၏။ အကြိမ်ကြိမ် ပြုပြင်မှုများ ပြုလုပ်ပြီးနောက် ယွမ်ဒန်ချူးသည် သူဖော်စပ်ထားသော ဆေးလုံးကို သူဌေးမစုထံ ပေးအပ်လိုက်သည်။ သူ၏ ဆေးလုံးနှင့် ပတ်သက်၍ ခေတ်သစ်လူတစ်ဦး၏ အကြံပြုချက်ကို သူလိုအပ်နေခြင်းဖြစ်သည်။ ယွမ်ဒန်ချူးသည် ပြုံးလျက် သူဖော်စပ်ထားသော "အလှအပနှင့် အိုမင်းရင့်ရော်မှု တားဆီးရေး ဆေးလုံး" တစ်ပုလင်းကို သူဌေးမစုထံ ကမ်းပေးရင်း ပြောလိုက်၏။

"သူဌေးမစု ဒါက ကျွန်တော် နောက်ဆုံး ဖော်စပ်ထားတဲ့ အလှအပ နတ်ဆေးလုံးပါ၊ အကြိမ်ကြိမ် စမ်းသပ်ကြည့်ပြီးတဲ့နောက်မှာ အာနိသင်က အရမ်းကောင်းတာကို တွေ့ရပါတယ်၊ သူဌေးမ သဘောကျမယ်လို့ မျှော်လင့်ပါတယ်"

စုဟယ်သည် ဆေးလုံးပုလင်းကို ယူကာ အဖုံးဖွင့်ပြီး အသာအယာ အနံ့ခံကြည့်ရင်း ရယ်မောကာ ပြောလိုက်သည်။

"အနံ့က အရမ်းမွှေးတာပဲ၊ ကြည့်ရတာလည်း အရမ်းကို လက်ရာမြောက်တယ် ဒါပေမဲ့ ဆရာဒန်ချူး ကျွန်မမှာအကြံပြုချက် တစ်ခုရှိတယ်"

စုဟယ်မှာ ဆေးပုလင်းကို စားပွဲပေါ်တင်ကာ အလေးအနက် ပြောလိုက်သည်။

"ခေတ်သစ် လူ့အဖွဲ့အစည်းမှာ ‘အလှအပနဲ့ အိုမင်းရင့်ရော်မှု တားဆီးရေး’ ဆိုတဲ့ နာမည်မျိုးတွေက လူတွေကို ယုံကြည်မှု နည်းစေတတ်တယ်၊ အာနိသင်တွေ အများကြီး ရှိနေပေမဲ့ ဘယ်နေရာမှာ ထိရောက်မှန်း မသိသလို ခံစားရစေတယ်၊ ဒါကြောင့် ဒီဆေးလုံးကို ‘အသားအရေ စိုပြေစေတဲ့ဆေး’၊ ‘အသားဖြူဆေး’၊ ‘တင်းတိပ်ပျောက်ဆေး’ ဆိုပြီး တစ်ခုချင်းစီ ခွဲလိုက်ရင် သုံးစွဲသူတွေ ပိုပြီး လက်ခံလာလိမ့်မယ်"

စုဟယ် ဆက်ပြောသည်။

"ဒါ့အပြင် အခုလို ဆေးလုံးအနေနဲ့ဆိုရင် ဆေးဝါးစစ်ဆေးတဲ့ လုပ်ငန်းစဉ်တွေက အရမ်းတင်းကျပ်တယ်၊ ကျွန်မတို့လို အလုပ်ရုံအသေးလေးကနေ ဈေးကွက်တင်နိုင်တဲ့အထိ အရည်အသွေးပြည့်မီတဲ့ ဆေးဝါးတွေ ထုတ်လုပ်ဖို့က မဖြစ်နိုင်သလောက်ပဲ၊ ဒါကြောင့် ဒီဆေးလုံးတွေကို ပြင်ပလိမ်းဆေးတွေအနေနဲ့ ပြောင်းလဲဖို့ စဉ်းစားကြည့်ပါလား၊ ဥပမာ - မျက်နှာပေါင်းတင်ဆေး ၊ ဆီရမ် နဲ့ မျက်နှာသစ်ဆေးတွေပေါ့၊ အဲဒါဆိုရင် စစ်ဆေးမှုအောင်မြင်ဖို့ ပိုလွယ်ကူသလို ဈေးကွက်ကလည်း ပိုပြီး လွယ်လွယ်ကူကူ လက်ခံပါလိမ့်မယ်"

ယွမ်ဒန်ချူး ခေါင်းကို တဆက်ဆက် ညိတ်လိုက်သည်။ သူ အများကြီး သင်ယူလိုက်ရပြီဖြစ်၏။ ဆေးလုံးတစ်လုံးတည်းမှ ဈေးကွက် သုံးမျိုး ဖန်တီးနိုင်သည့်အပြင် ထုတ်ကုန်အမျိုးမျိုး ခွဲရောင်းပြီး ငွေရှာသည့် ခေတ်သစ်လူသားများ၏ နည်းလမ်းမှာ အမှန်တကယ်ပင် အံ့ဩစရာ ကောင်းလှပေတော့သည်။

All Chapters