အခန်း (၁၅၅-၁၅၆)
Vol. 16 Ch. 155-156
155
ယွမ်ဒန်ချူးသည် စုဟယ်၏ အကြံပြုချက်များကို အခြေခံ၍ ဆေးဖော်နည်းကို တစ်ဖန်ပြန်လည် ဆန်းသစ်လိုက်သည်။ ယခုတစ်ကြိမ်တွင်မူ သူသည် ဖော်စပ်နည်းထဲမှ တရုတ်တိုင်းရင်းဆေးအချို့၏ အချိုးအစားကို ပြန်လည်ထိန်းညှိခဲ့ပြီး ပုလဲမှုန့်အချို့ကိုလည်း ထည့်သွင်းခဲ့၏။ ထို့ပြင် အထူးခြားဆုံးမှာ သူသည် ရှောင်ရှီး ၏ အမွှေးအမျှင်အမှုန့်များကိုပါ ထည့်သွင်းလိုက်ခြင်းပင် ဖြစ်သည်။ အမွေးအတောင်မှုန့်များကို ကြိတ်ခြေပြီး ဆေးရည်ထဲသို့ ထည့်လိုက်သည့် အချိုးအစားမှာ အလွန်ပင် သေးငယ်သော်လည်း၊ ၎င်းကို ထည့်သွင်းလိုက်ပြီးနောက် ဆေးရည်တစ်ခုလုံးမှာ ပိုမိုတည်ငြိမ်သွားခဲ့သည်။ နောက်ဆုံးတွင် ယွမ်ဒန်ချူးသည် ထိုဆေးရည်ကို သောက်ဆေးအဖြစ်မှ အပြင်သုံးပစ္စည်းဖြစ်သော ‘လက်လုပ်ဆပ်ပြာ’ အဖြစ် ပြောင်းလဲဖန်တီးလိုက်၏။
စုဟယ်သည် ယွမ်ဒန်ချူး၏ အချောသတ်ထုတ်ကုန်ကို တစ်ဖန်ပြန်မြင်ရသောအခါ အလွန်အံ့အားသင့်ဝမ်းသာသွားသည်။ ယခင်က မွမ်းမံထားခြင်းမရှိသော ဆေးလုံးများနှင့် နှိုင်းယှဉ်လျှင် ဤလက်လုပ်ဆပ်ပြာမှာ ခေတ်သစ်အလှအပစံနှုန်းနှင့် ကောင်းစွာကိုက်ညီနေ၏။ ဤဆပ်ပြာတုံးလေးမှာ အသေးစိတ် ထုဆစ်ထားသော အနုပညာလက်ရာတစ်ခုကဲ့သို့ ဖျော့တော့သော အလင်းရောင်လေးပင် ထွက်ပေါ်နေသည်။ ဆပ်ပြာမှာ ချောမွေ့နေပြီး မျက်နှာပြင်မှာလည်း ကြမ်းတမ်းသော အမှုန်အမွှားများ ကင်းစင်ကာ ကျောက်စိမ်းကဲ့သို့သော ခံစားချက်မျိုးကို ပေးစွမ်းသည်။ လက်ချောင်းဖြင့် အသာအယာ ထိတွေ့ကြည့်ရုံဖြင့် ဆိတ်နို့ကဲ့သို့ နူးညံ့ချောမွေ့သော အထိအတွေ့ကို ခံစားရမည်ဖြစ်၏။ လက်ထဲတွင် ဆုပ်ကိုင်ထားပါက နူးညံ့ပြီး ရုန်းကန်အားရှိကာ၊ ထိလိုက်ရုံဖြင့် အမှုန့်ကြွေတတ်သော သို့မဟုတ် အလွန်အမင်း ပျော့ဖတ်နေသော သာမန်ဆပ်ပြာများကဲ့သို့ မဟုတ်ပေ။ ဤနူးညံ့သော ခံစားချက်ကြောင့် လူတစ်ဦးမှာ ယင်း၏ အထိအတွေ့ကို ထပ်ခါထပ်ခါ ခံစားကြည့်ချင်စိတ် ပေါက်လာစေသည်။
ဆပ်ပြာ၏ အသွင်အပြင်မှာလည်း အလွန်လှပပြီး နို့နှစ်ရောင် ဖျော့ဖျော့လေး ရှိသည်။ အလင်းရောင်အောက်တွင်မူ ၎င်း၏အရောင်မှာ ပိုမိုကြည်လင်လာပြီး နေရောင်ခြည်ကြောင့် သက်ဝင်လှုပ်ရှားလာသကဲ့သို့ပင်။ စုဟယ်မှာ ၎င်းကို အကြိမ်ကြိမ် ပွတ်သပ်ကြည့်နေပြီး လက်မှ မချချင်လောက်အောင် ဖြစ်နေရသည်။ နူးညံ့သောအထိအတွေ့အပြင် ဤလက်လုပ်ဆပ်ပြာ၏ ရနံ့မှာလည်း အလွန်ထူးခြား၏။ ၎င်းတွင် မှိန်ဖျော့သော ဆေးနံ့လေး ရှိသော်လည်း ရိုးရာတရုတ်ဆေးများ၏ ခါးသက်သောအနံ့မျိုး မဟုတ်ဘဲ ကျန်းမာရေးနှင့်ညီညွတ်ပြီး အပင်နံ့သင်းသော ဆေးရနံ့မျိုး ဖြစ်သည်။ ဤရနံ့မှာ လတ်ဆတ်ပြီး သဘာဝဆန်ကာ မူးနောက်နောက်မဖြစ်စေဘဲ လူကို စိတ်ချမ်းမြေ့စေကာ ထပ်ခါတလဲလဲ ရှူရှိုက်ချင်စရာ ကောင်းလှ၏။
အသွင်အပြင်ကို ကြည့်ရှုပြီးနောက် စုဟယ်သည် ဆပ်ပြာ၏ အာနိသင်ကို စမ်းသပ်ရန်အတွက် သူမ၏ဆံပင်ကို စည်းနှောင်လိုက်သည်။ စုဟယ်မှာ လက်လုပ်ဆပ်ပြာကို ရေအနည်းငယ်ဖြင့် စိုစွတ်လိုက်သောအခါ ကြွယ်ဝသော အမြှုပ်များ ချက်ချင်းထွက်ပေါ်လာ၏။ ထိုလက်လုပ်ဆပ်ပြာမှာ အမြှုပ်ထွက်လွယ်ပြီး အသာအယာ ပွတ်လိုက်ရုံဖြင့် များပြားပြီး နူးညံ့သော အမြှုပ်လေးများကို ထုတ်ပေးသည်။ ဤအမြှုပ်များသည် အရေပြား၏ သဘာဝအလွှာကို မထိခိုက်စေဘဲ အရေပြားပေါ်ရှိ ဖုန်မှုန့်နှင့် အဆီများကို အလွယ်တကူ ဖယ်ရှားပေးနိုင်၏။ အသုံးပြုပြီးနောက်တွင် စုဟယ်သည် သူမ၏ အရေပြားမှာ အလွန်လန်းဆန်းသွားပြီး မည်သည့်အဆီပြန်သော ခံစားချက်မျိုးမှ မရှိတော့သည်ကို ခံစားလိုက်ရသည်။ အဆီများကို ဖယ်ရှားပေးသော်လည်း ဆပ်ပြာမှာ ခြောက်သွေ့သော ခံစားချက်မျိုး မပေးပေ။ အချို့သော ဆပ်ပြာ သို့မဟုတ် မျက်နှာသစ်ဆေးများသည် အဆီဖယ်ရှားရာတွင် အလွန်ထိရောက်သော်လည်း မျက်နှာကို တင်းကျပ်ပြီး ခြောက်သွေ့စေတတ်၏။ အထူးသဖြင့် စုဟယ်ကဲ့သို့ ခြောက်သွေ့သော အရေပြားပိုင်ရှင်များအတွက် မျက်နှာပေါ်ရှိ ရေဓာတ်အားလုံးကို စုပ်ယူခံလိုက်ရသကဲ့သို့ ခံစားရစေသည်။ ထို့ကြောင့် စုဟယ်သည် မျက်နှာသစ်ဆေး သုံးရသည်ကို မနှစ်သက်ဘဲ အမြဲတမ်း ရေဖြင့်သာ မျက်နှာသစ်လေ့ရှိ၏။
သို့သော် ယွမ်ဒန်ချူး ဖော်စပ်ထားသော လက်လုပ်ဆပ်ပြာမှာမူ အစိုဓာတ်ထိန်းပေးသည့် အာနိသင် အထူးကောင်းမွန်လှသည်။ ဆပ်ပြာထဲတွင် သန့်စင်ပေးနေစဉ်အတွင်း အရေပြားအတွက် လိုအပ်သော အာဟာရကို ဖြည့်တင်းပေးပြီး ခြောက်သွေ့မှုကို ကာကွယ်ပေးသည့် ပစ္စည်းများ ပါဝင်နေမည်မှာ သေချာ၏။ ယခုအခါ သူမ၏ မျက်နှာအရေပြားမှာ ထိတွေ့လိုက်လျှင် အလွန်နူးညံ့ချောမွေ့နေပြီး ပါးလွှာသော အကာအကွယ်အလွှာလေးတစ်ခုမှ လွှမ်းခြုံထားသကဲ့သို့ စုဟယ် ခံစားနေရသည်။ စုဟယ်သည် မှန်ရှေ့တွင် ရပ်လိုက်သည်။ အမှန်တကယ်တော့ သူမသည် လက်လုပ်ဆပ်ပြာ၏ အသားဖြူစေသော အာနိသင်အပေါ် ထိုမျှမမျှော်လင့်ထားပေ။ အသားဖြူခြင်းဆိုသည်မှာ ရလဒ်ကိုမြင်နိုင်ရန် ရေရှည်စွဲမြဲစွာ လုပ်ဆောင်ဖို့ လိုအပ်သောအရာဖြစ်သည်။ ၎င်းမှာ ယွမ်ဒန်ချူး ဖော်စပ်ထားသော ရှေးဟောင်းအသားဖြူဆေးဆပ်ပြာကို သူမ ပထမဆုံးအကြိမ် သုံးစွဲခြင်းလည်း ဖြစ်၏။ မျက်နှာကို တင်းမသွားစေဘဲ အစိုဓာတ် အလွန်ထိန်းပေးနိုင်ခြင်းမှာပင် တော်တော်လေး အထင်ကြီးစရာ ကောင်းနေပြီဟု သူမ တွေးထားသည်။
သို့သော် စုဟယ်သည် သူမ၏မျက်နှာမှာ သိမ်မွေ့သော အပြောင်းအလဲများ ဖြစ်ပေါ်နေသည်ကို တွေ့လိုက်ရသဖြင့် အံ့အားသင့်သွားသည်။ သူမ၏ မူလက ညိုညစ်ညစ်ဖြစ်နေသော အသားအရေမှာ ယခုအခါ သိသိသာသာလျော့ပါးသွားပြီး ကျန်းမာသော အရောင်အသွေးဖြင့် အစားထိုးဝင်ရောက်လာ၏။ ရေချိုးခန်း၏ နူးညံ့သောအလင်းရောင်အောက်တွင် သူမ၏မျက်နှာမှာ ပုလဲမှုန့်အလွှာလေးတစ်ခု အသာအယာ လွှမ်းခြုံထားသကဲ့သို့ တဖိတ်ဖိတ်တောက်နေပြီး အရေပြားမှာ ပိုမိုနူးညံ့ချောမွေ့ကာ ကြည်လင်နေသည်။ သူမသည် မှန်နားသို့ မသိမသာ တိုးကပ်သွားပြီး သူမ၏ အရေပြားကို သေချာစွာ စူးစိုက်ကြည့်မိ၏။ အရေပြားအရောင် ပြောင်းလဲသွားရုံတင်မကဘဲ သေးငယ်သော ချွေးပေါက်လေးများပင် ပိုမိုကျဉ်းသွားပြီး အရေပြားဖွဲ့စည်းပုံမှာ ပိုမိုညီညာသွားသည်ကို သူမသတိထားမိလိုက်သည်။ သူမ၏ လက်ချောင်းများဖြင့် ပါးပြင်ကို အသာအယာ ထိတွေ့ကြည့်ရာတွင် ကျောက်စိမ်းကဲ့သို့ နွေးထွေးချောမွေ့သော ခံစားချက်ကြောင့် သူမ အံ့ဩသွားရ၏။ အဆင့်မြင့် အလှပြင်ခန်းတစ်ခုတွင် မျက်နှာပေါင်းတင်ခြင်း လုပ်ထားရသကဲ့သို့ပင်။ ဤလက်လုပ်ဆပ်ပြာကို သုံးပြီးနောက် သူမ၏မျက်နှာမှာ beauty filter ခံထားသကဲ့သို့ ဖြစ်နေရာ ၎င်းမှာ အမှန်တကယ်ပင် အံ့ဖွယ်ကောင်းလှသည်။ စုဟယ်၏ မျက်လုံးများ တောက်ပသွား၏။
"ဆရာဒန်ချူး ရှင်က တကယ်ကို အံ့ဩစရာကောင်းတာပဲ၊ ကျွန်မ အရင်က သုံးဖူးတဲ့ ဈေးကြီးပေးရတဲ့ မျက်နှာသစ်ဆေးတွေတောင် ရှင့်ရဲ့ လက်လုပ်ဆပ်ပြာလောက် အာနိသင်မရှိဘူးလို့ ထင်တယ်"
ယွမ်ဒန်ချူးသည် စုဟယ်၏ မျက်နှာကို သေချာစွာ စူးစိုက်ကြည့်ပြီး ဆပ်ပြာမသုံးမီနှင့် သုံးပြီးနောက် အခြေအနေကို နှိုင်းယှဉ်ကာ ဖြည်းဖြည်းချင်း ခေါင်းညိတ်လိုက်သည်။ သူသည် ဆပ်ပြာ၏ အာနိသင်ကို တော်တော်လေး စိတ်ကျေနပ်မှု ရှိနေ၏။
"ဒါက အဓိကအားဖြင့် ရှန်းချင်းဂိုဏ်းရဲ့ အလှအပနဲ့ နုပျိုစေတဲ့ ဆေးဖော်နည်းကို အသုံးချထားတာပါ"
ယွမ်ဒန်ချူး နှိမ့်ချစွာ ပြောဆိုသည်။ စုဟယ်မှာ အထင်ကြီးလေးစားစွာဖြင့် ပြောလိုက်၏။
"ဆရာဒန်ချူး အဲဒီလို မပြောပါနဲ့၊ ရှင်က ဘာမှမရှိတဲ့နေရာကနေ စမ်းသပ်ခန်းကို တည်ဆောက်ပြီး ဒီလို ထူးကဲတဲ့ ထုတ်ကုန်ကို အောင်အောင်မြင်မြင် ဖန်တီးနိုင်ခဲ့တာပဲ၊ စစ်မှန်တဲ့ ခေတ်သစ်လူသားဖြစ်တဲ့ ကျွန်မတောင် အဲဒါကို မလုပ်နိုင်ပါဘူး"
ယွမ်ဒန်ချူးမှာ ပြုံးလျက် ခေါင်းခါလိုက်သည်။
"ကျွန်တော် ထပ်ပြီး စမ်းသပ်မှုတွေ လုပ်ပါဦးမယ်၊ သူဌေးမ ပြောတဲ့ ရေဓာတ်ဖြည့်တင်းတာနဲ့ တခြားအာနိသင်တွေကိုလည်း ကြိုးစားကြည့်ပါ့မယ်"
"ကောင်းပါပြီ၊ ဒါပေမဲ့ ဆရာဒန်ချူး အနားယူဖို့လည်း မမေ့ပါနဲ့ဦး"
စုဟယ်မှာ စိုးရိမ်တကြီး ပြောလိုက်သည်။ ယွမ်ဒန်ချူးသည် နေ့စဉ် စောစောထပြီး ညဉ့်နက်မှ အိပ်ကာ အလုပ်လုပ်ခြင်း သို့မဟုတ် စာလေ့လာခြင်းများကိုသာ လုပ်ဆောင်နေ၏။ သူ၏ လုပ်ကိုင်နိုင်စွမ်းမှာ လူငယ်တစ်ဦးဖြစ်သော သူမထက်ပင် များစွာ သာလွန်နေသော်လည်း သူသည် မိမိကိုယ်ကိုယ် အလွန်အမင်း တွန်းအားပေးနေသည်။ သူမသည် ယွမ်ဒန်ချူးနှင့်အတူ ကျင့်ကြံကြည့်ရန်ပင် စဉ်းစားမိလိုက်၏။ ကျင့်ကြံခြင်းမှာ အိပ်စက်ရန် မလိုတော့အောင် လုပ်ပေးနိုင်မလားဟု သူမ သိချင်နေမိသည်။ သို့သော် ယွမ်ဒန်ချူးမှာမူ သူလုပ်ဆောင်နေသည်မှာ လုံလောက်ရန် ဝေးသေးသည်ဟု ခံစားနေရသည်။ ဤကာလအတွင်း သိပ္ပံပညာရပ်များကို လေ့လာခြင်းအပြင် သူသည် သမိုင်းတစ်လျှောက် ကျော်ကြားသော ပညာရှင်ကြီးများ၏ လက်ရာများကိုလည်း လေ့လာနေခဲ့၏။ အထူးသဖြင့် ဆရာကြီး ရန်မင်း ၏ 'အရာဝတ္ထုများကို စူးစမ်းခြင်းဖြင့် အသိပညာကို ရှာဖွေခြင်း' ဆိုသော စိတ်ဓာတ်နှင့် ဝါးပင်တစ်ပင်ကို ခုနစ်ရက် ခုနစ်ညတိုင်တိုင် စူးစမ်းလေ့လာခဲ့ပုံကို သူ အလွန်ပင် လေးစားမိသည်။ ယွမ်ဒန်ချူးသည် ကျင့်ကြံခြင်းဆိုသည်မှာလည်း ထိုသို့ပင် ဖြစ်သင့်သည်ဟု ခံစားရသည်။ သူ၏ အဖန်တလဲလဲ စမ်းသပ်မှု ဖြစ်စဉ်သည်လည်း မိမိကိုယ်ကိုယ် ကျင့်ကြံခြင်း ပုံစံတစ်မျိုးပင် ဖြစ်၏။ သို့သော် စုဟယ်၏ စိုးရိမ်နေသော အကြည့်ကို မြင်သောအခါ ယွမ်ဒန်ချူးက ခေါင်းညိတ်ပြလိုက်ပြီး အနားယူရန် ဂရုစိုက်မည်ဖြစ်ကြောင်း ပြောကြားလိုက်သည်။
ဟဲယဲ့တည်းခိုခန်းအတွင်းရှိ အသုံးအဆောင်ပစ္စည်းများကို အဆင့်မြှင့်တင်မှုများ ပြုလုပ်ခဲ့သည်။ မူလက သုံးပြီးလွှင့်ပစ်ရသော တစ်ခါသုံးဆပ်ပြာထုပ်များနေရာတွင် ယွမ်ဒန်ချူး ဖော်စပ်ထားသော ရှေးဟောင်းအသားဖြူဆေးဆပ်ပြာများဖြင့် အစားထိုးလိုက်၏။ လှပလက်ရာမြောက်လှသော လက်ဆေးခုံပေါ်တွင် ယွမ်ဒန်ချူး သေချာဖန်တီးထားသော လက်လုပ်ဆပ်ပြာကို တင်ထားသည်။ ဤဆပ်ပြာကို ရိုးရှင်းသော စက္ကူဖြင့် ထုပ်ပိုးထားပြီး၊ အပြင်အဆင်မှာ ရိုးရှင်းသော်လည်း ကျော့ရှင်းကာ ရှေးဟောင်း တရုတ်စတိုင်လ် အလှတရားကို ဖော်ဆောင်နေသည်။ ထုပ်ပိုးစက္ကူမှာ လှပသော နို့နှစ်ရောင်ရှိပြီး အသားမှာ အနည်းငယ် ကြမ်းတမ်းသဖြင့် သဘာဝထံ ပြန်လည်ရောက်ရှိသွားသကဲ့သို့ ခံစားချက်ကို ပေးစွမ်း၏။ ထုပ်ပိုးစက္ကူ၏ အလယ်တွင် "ရှေးဟောင်းအသားဖြူဆေးဆပ်ပြာ" ဟူသော စာလုံးကြီးများကို လက်ရေးလှပညာဖြင့် ရေးသားထားပြီး အားပါကာ မှင်အနုအရင့်မှာလည်း သင့်တင့်မျှတလှသည်။ အစင်းကြောင်းများမှာ ချောမွေ့လှပနေပြီး ၎င်းမှာ ဝေဖုန်းယီ၏ လက်ရေးဖြစ်သည်မှာ ထင်ရှားလှသည်။
ထုပ်ပိုးမှု၏ အနားသတ်များတွင် ရိုးရှင်းသော ပုံစံများဖြင့် အလှဆင်ထားသည်။ ရေလှိုင်းများနှင့် ကြာရွက်များပုံစံမှာ ထုပ်ပိုးမှုကို ပိုမိုကျော့ရှင်းပြီး ငြိမ်သက်အေးချမ်းစေသည်။ တည်းခိုခန်း၏ ဧည့်ခန်းများတွင် ထားရှိသောအခါ ဤဆပ်ပြာ၏ ထုပ်ပိုးမှုမှာ အခန်း၏ အပြင်အဆင်နှင့် လိုက်ဖက်ညီလှပြီး တစ်ခန်းလုံး၏ အဆင့်အတန်းနှင့် အရသာကို မြှင့်တင်ပေးလိုက်သကဲ့သို့ပင်။ အခန်းထဲသို့ ဝင်လာသော ဧည့်သည်များမှာ လှပစွာ ထုပ်ပိုးထားသော ထိုလက်လုပ်ဆပ်ပြာ၏ ဆွဲဆောင်မှုကိုမခံရဘဲ နေနိုင်မည်မဟုတ်ပေ။
156
“ဟဲလို ကျွန်မ ရောက်ပြီ၊ တည်းခိုခန်းမှာ အင်း မနက်ဖြန်ကျရင် အခြေအနေ ပြန်ပြောပြမယ်လေ ”
ဝူကျန်းကျန်းသည် ဖုန်းချလိုက်ပြီးနောက် သူမ၏ ခရီးဆောင်အိတ်ကို ဆွဲကာ ဟဲယဲ့တည်းခိုခန်းအတွင်းသို့ ဝင်လာခဲ့သည်။ ဝူကျန်းကျန်းသည် မျက်မှန်အနက် တပ်ထားပြီး ဦးထုပ်အဝိုင်းကြီးဆောင်းထားသော်လည်း သူမ၏ ထူးခြားသော အရှိန်အဝါနှင့် တောက်ပမှုကိုမူ ဖုံးကွယ်ထားနိုင်ခြင်းမရှိပေ။ ဦးထုပ်အဝိုင်းအောက်မှ ထွက်ပေါ်နေသော နူးညံ့ရှည်လျားသည့် ဆံနွယ်အချို့မှာ ပြောင်လက်တောက်ပနေပြီး လေအဝှေ့တွင် ငြိမ်သက်စွာ ယိမ်းနွဲ့နေခြင်းမှည သူမကို ပိုမိုကျော့ရှင်းစေသည်။ သူမသည် သူမ၏ သွယ်လျလှပသော ကိုယ်လုံးကိုယ်ပေါက်ကို ပေါ်လွင်စေသည့် ရိုးရှင်းသော အနက်ရောင် ဂါဝန်တိုလေးကို ဝတ်ဆင်ထားပြီး လျှောက်လှမ်းလိုက်တိုင်း ယိမ်းနွဲ့သွားသော ဂါဝန်အနားသတ်များမှာ ဆွဲဆောင်မှုတစ်ခုကို ထုတ်လွှင့်နေ၏။ သူမ၏ ပခုံးနှင့်လည်တိုင်အလှမှာ မြင့်မြတ်သော ငန်းဖြူတစ်ကောင်ကဲ့သို့ ကျော့ရှင်းနေပြီး လှုပ်ရှားမှုတိုင်းတွင် ယုံကြည်ချက်နှင့် ဆွဲဆောင်မှုများ ပြည့်နှက်နေသည်။ သို့သော် သူမ၏ အသားအရောင်မှာ အနည်းငယ် မညီမညာ ဖြစ်နေ၏။ ခန္ဓာကိုယ် အစိတ်အပိုင်း အတော်များများက အလွန်ဖြူဖွေးသော်လည်း လက်နှင့် လည်ပင်းကဲ့သို့သော နေရာများမှာမူ အနည်းငယ် ညိုကာ နီမြန်းနေသဖြင့် သူမ၏ အလှကို အနည်းငယ် ထိခိုက်စေသည်။
လီရှီသည် ဝူကျန်းကျန်းကို ကြည့်လိုက်သည်။ သူမသည် ရိုးရိုးရှင်းရှင်း ဝတ်ဆင်ထားသော်လည်း ထူးခြားသော ကျော့ရှင်းမှုမှာ ဖုံးမရပေ။ လီရှီအတွက်တော့ မထူးဆန်းတော့ပေ။ မကြာသေးမီက သူသည် နာမည်ကြီး သရုပ်ဆောင်များ၊ ရုပ်ရှင်ထူးချွန်ဆုရှင်များ၊ နာမည်ကျော် ဒါရိုက်တာများနှင့် ထိပ်တန်းကြယ်ပွင့်များကို များစွာ မြင်တွေ့ခဲ့ရပြီးပြီ ဖြစ်သည်။ ယနေ့မနက် ဆန်ပြုတ်သောက်ရန် တည်းခိုခန်းသို့ လာစဉ်မှာပင် သူ၏ရှေ့တွင် တန်းစီနေသော သက်ကြီးရွယ်အိုတစ်ဦးကို ရင်းနှီးနေသကဲ့သို့ ခံစားခဲ့ရ၏။ နောက်ပိုင်း စားသောက်ခန်းမတွင် နေရာမလောက်သဖြင့် အတူတူ ထိုင်မိရာမှ စကားစမြည် ပြောကြည့်သောအခါ ထိုအဘိုးအိုမှာ ယုံမြစ်တစ်ဝိုက်တွင် အချမ်းသာဆုံး ပုဂ္ဂိုလ်ကြီး ဖြစ်နေသည်ကို သိလိုက်ရသည်။
လီရှီ သူ့ကို ရင်းနှီးနေသည်မှာ မထူးဆန်းပေ။ သတင်းထဲတွင် ခဏခဏ မြင်ဖူးနေခြင်း ဖြစ်သည်။ လီရှီသည် အစပိုင်းတွင် အနည်းငယ် ဂုဏ်ယူမိသော်လည်း နောက်မှ ပြန်တွေးကြည့်သောအခါ 'ယုံမြစ်ရဲ့ အချမ်းသာဆုံး ပုဂ္ဂိုလ်ကြီးတောင် ဆန်ပြုတ်သောက်ဖို့ ယွမ် (၂၀) ပေးရတယ်၊ ငါကတော့ ပေးစရာမလိုဘူး' ဟု တွေးကာ ချက်ချင်းပင် စိတ်လှုပ်ရှားမှုတို့ ပြေပျောက်သွား၏။ ယုံမြစ်၏ အချမ်းသာဆုံး ပုဂ္ဂိုလ်ကြီးမှာ သူနှင့်ဆန်ပြုတ် အတူသောက်သော်လည်း လီရှီမှာ အသားဆန်ပြုတ်ကို ပိုကြိုက်ပြီး အချမ်းသာဆုံး ပုဂ္ဂိုလ်ကြီးမှာမူ ကောက်ညှင်းဆန်နှင့် လူးဆန်ပြုတ်ကို ပိုနှစ်သက်သည်။ သူတို့နှစ်ဦးမှာ အကြိမ်အနည်းငယ်ပင် စားပွဲတစ်ခုတည်းတွင် ဆန်ပြုတ် အတူတူ သောက်ဖြစ်ခဲ့၏။ မကြာသေးမီကလည်း ထိုသူဌေးကြီးသည် မနက်ပိုင်းတွင် ယွမ်ဒန်ချူးနှင့်အတူ ထိုက်ကျိ လေ့ကျင့်နေသည်ကို လီရှီ မြင်တွေ့ခဲ့ရသည်။ ဤကဲ့သို့သော သာမန်နေ့စဉ်ဘဝများမှာ လီရှီအပေါ် တည်းခိုခန်း ဧည့်သည်များ၏ ထူးထူးခြားခြား အရှိန်အဝါသည်သက်ရောက်ခြင်းမရှိတော့ပေ။ သို့သော်လည်း နာမည်ကျော်များနှင့် သူဌေးကြီးများကို မကြာခဏ တွေ့ဖူးလာသဖြင့် လီရှီသည် သူတို့၏ ကွဲပြားသော အမူအရာကို တစ်ချက်ကြည့်ရုံဖြင့် သိနိုင်လာသည်။ အလွန်ရိုးရှင်းသော အဝတ်အစားများမှာပင် ချမ်းသာကြွယ်ဝမှုကြောင့် ဖြစ်တည်လာသော စိတ်အေးလက်အေး ရှိသည့် အသွင်အပြင်ကို ဖုံးကွယ်ထားနိုင်ခြင်း မရှိပေ။
သူသည် မိမိ၏ မှတ်ပုံတင်ကို ကိုင်ထားကာ အခန်းယူရန် ပြင်ဆင်နေသော ဝူကျန်းကျန်းကို တစ်ချက်ကြည့်လိုက်ပြီး သူမသည်လည်း နောက်ထပ် နာမည်ကြီးသူတစ်ဦး ဖြစ်လိမ့်မည်ဟု ခန့်မှန်းလိုက်သည်။ လီရှီ ခန့်မှန်းသည့်အတိုင်းပင် ဝူကျန်းကျန်းသည် ဖျော်ဖြေရေးလောကမှ နာမည်ရစပြုနေသော သရုပ်ဆောင်တစ်ဦး ဖြစ်၏။ သူမသည် သူငယ်ချင်းတစ်ဦး၏ လမ်းညွှန်ချက်ကြောင့် ဟဲယဲ့တည်းခိုခန်းတွင် ဘွတ်ကင်တစ်ခုကို ရရှိခဲ့ခြင်း ဖြစ်သည်။ သူမသည် လက်ရှိတွင် ရုပ်ရှင်မြို့တော်တွင် ရုပ်ရှင်ရိုက်ကူးနေခြင်းကြောင့်သာ ဤတည်းခိုခန်းသို့ လာရောက်နိုင်ခြင်း ဖြစ်၏။
“မင်္ဂလာပါ အစ်မဝူ၊ အစ်မဝူ ဘွတ်ကင်လုပ်ထားတဲ့ အခန်းက (၃) လွှာမှာပါ၊ လက်ရှိ ကျွန်တော်တို့ တည်းခိုခန်းမှာ အိပ်မက်ကောင်း ဝန်ဆောင်မှု ပေးနေပါတယ်"
လီရှီ ရှင်းပြ၍ မပြီးသေးခင်မှာပင် ဝူကျန်းကျန်းမှာ ချက်ချင်း ပြောလိုက်သည်။
“ဟုတ်ကဲ့ အဲဒီ ဝန်ဆောင်မှုယူပါမယ်”
“ဟုတ်ကဲ့ပါ၊ ဒါဆို ဒီနေရာက QR code ကို စကန်ဖတ်ပြီး ငွေပေးချေနိုင်ပါတယ်၊ အိပ်မက်ကောင်း ဝန်ဆောင်မှုကို ညနေပိုင်းမှာ အသုံးပြုဖို့ အကြံပြုလိုပါတယ်၊ ညနေ (၆) နာရီမှာ အမွေးနံ့သာတွေကို အခန်းထဲ လာပို့ပေးမှာပါ၊ ဒါပေမဲ့ အစ်မဝူ လိုချင်တဲ့ အချိန်တိုင်းမှာလည်း တောင်းဆိုနိုင်ပါတယ်ခင်ဗျာ”
လီရှီ ငွေပေးချေရမည့် QR code ကို ညွှန်ပြလိုက်သည်။ ဝူကျန်းကျန်းမှာ ခရီးဆောင်အိတ်ကို တွန်းရင်း ပြောလိုက်၏။
“ကောင်းပါပြီ၊ ညနေပိုင်းမှပဲ ပို့ပေးပါ၊ အော် ပြီးတော့ ကျွန်မရဲ့ အိတ်တွေကို ကူသယ်ပေးလို့ ရမလား"
လီရှီသည် ကွန်ပျူတာမှ မျက်နှာလွှဲကာ မော့ကြည့်လိုက်သည်။
“ကျွန်တော်တို့ တည်းခိုခန်းမှာ ဓာတ်လှေကားရှိပါတယ်၊ အိတ်တွေသယ်ဖို့ အကူအညီ လိုအပ်တယ်ဆိုရင်လည်း ဝမ်းမြောက်ဝမ်းသာကူညီပေးပါ့မယ်”
ပြောပြောဆိုဆိုဖြင့် လီရှီသည် ကောင်တာနောက်မှ ထွက်လာခဲ့သည်။ ဝူကျန်းကျန်းမှာ အားနာသွားရ၏။ သူမသည် အမိန့်ပေးချင်သော သဘောဖြင့် ပြောလိုက်ခြင်းမဟုတ်ပေ။
“အိုး ဆောရီးပါ၊ ကျွန်မဘာသာ သယ်နိုင်ပါတယ်၊ ဒီမှာ ဓာတ်လှေကားရှိမှန်း မသိလို့ပါ၊ အရင်က ဒီမှာလာတည်းဖူးတဲ့ သူငယ်ချင်းက ဓာတ်လှေကားမရှိဘူးလို့ ပြောဖူးတယ်၊ ဒါကြောင့် အိတ်ကို အများကြီးမယူခဲ့နဲ့လို့ မှာဖူးလို့ပါ ”
လီရှု စိတ်မဆိုးဘဲ ပြောလိုက်သည်။
“ပြဿနာမရှိပါဘူးခင်ဗျာ၊ ဘာအကူအညီ လိုအပ်လိုအပ် အချိန်မရွေး တောင်းဆိုနိုင်ပါတယ်၊ ပြီးတော့ ကျွန်တော်တို့ တည်းခိုခန်းကို အစ်မဝူရဲ့ သူငယ်ချင်းတွေကို ထပ်ပြီးဖိတ်ခေါ်ပါတယ်ဗျာ ”
ဝူကျန်းကျန်းသည် ကောင်တာမှ ဓာတ်လှေကားဆီသို့ ခြေလှမ်းသွက်သွက်ဖြင့် လျှောက်သွားသည်။ သူမ၏ ခြေချောင်းလေးများမှာ ရှက်လွန်း၍ ကြမ်းပြင်ကို ကုတ်ထားမိ၏။ ဤမျှလောက် အခြေအနေရှုပ်ထွေးသွားလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။ ဓာတ်လှေကားထဲရောက်မှသာ ဝူကျန်းကျန်းသည် သက်ပြင်းချနိုင်တော့ပြီး သူမ၏နီမြန်းနေသော ပါးပြင်ကို အသာအယာ ပုတ်လိုက်သည်။ တော်သေးသည်မှာ တည်းခိုခန်းဝန်ထမ်းသည် စကားအများကြီးမပြောဘဲ လက်မှတ်ထိုးပေးဖို့လည်း မတောင်းဆိုခဲ့ခြင်းဖြစ်၏။ မဟုတ်ပါက ဝူကျန်းကျန်းမှာ ပို၍ပင် အရှက်ရတော့မယ်ဖြစ်သည်။
လေထဲတွင် ပျံ့လွင့်နေသော မှိန်ဖျော့သည့် အပင်ရနံ့လေးမှာ ဝူကျန်းကျန်းကို သူမ ဝင်ရောက်လာသော ဓာတ်လှေကား၏ထူးခြားမှုကို သတိထားမိစေသည်။ ဝူကျန်းကျန်းသည် ဓာတ်လှေကားထဲသို့ ခြေချလိုက်ခြင်း မဟုတ်ဘဲ အပူပိုင်းအပင်စိုက်ဖန်လုံအိမ်တစ်ခုထဲသို့ မတော်တဆ ရောက်သွားသကဲ့သို့ ခံစားလိုက်ရ၏။ ဓာတ်လှေကား အလယ်ဗဟိုတွင် နွယ်ပင်များမှာ ရစ်ပတ်တက်နေပြီး အပြင်ဘက်မှ သဘာဝရှုခင်းများကို ဤကျဉ်းမြောင်းသော နေရာလေးထဲသို့ ပါးနပ်စွာ သယ်ဆောင်လာသကဲ့သို့ပင်။ သူမ၏ အကြည့်သည် ခြေထောက်အောက်မှ စိမ်းလန်းနေသော သစ်ရွက်များဆီသို့ ရောက်သွားပြီး ခြေချောင်းလေးများကို လှုပ်ကြည့်လိုက်ရာ နူးညံ့သော မြက်ခင်းပြင်ပေါ်တွင် လျှောက်နေရသကဲ့သို့ ခံစားလိုက်ရသည်။ လတ်ဆတ်ပြီး သဘာဝဆန်သော အပင်ရနံ့လေးမှာ လေထဲတွင် ပျံ့လွင့်နေပြီး လူ၏စိတ်ကို မသိမသာ လန်းဆန်းစေ၏။ သူမသည် ဤမထင်မှတ်ထားသော ငြိမ်သက်မှုနှင့် သက်တောင့်သက်သာရှိမှုကို ခံစားရင်း အသက်ပြင်းပြင်း ရှူလိုက်သည်။ သူမသည် ဓာတ်လှေကားအတွင်းမှ ထူးခြားသော ဒီဇိုင်းကို ငေးမောကြည့်ရှုနေစဉ်မှာပင် ဓာတ်လှေကားတံခါးမှာ အသာအယာ ပိတ်သွား၏။ ထို့နောက်တွင် မသိမသာ အပေါ်သို့ တက်သွားသော လှုပ်ရှားမှုကို ခံစားလိုက်ရသည်။ စိမ်းလန်းသော ပတ်ဝန်းကျင်ထဲတွင် အာရုံအောက်နေစဉ်မှာပင် ဓာတ်လှေကားတံခါးမှာ တိတ်ဆိတ်စွာ ပြန်ပွင့်သွားပြီး သူမ ရောက်လိုသော (၃) လွှာသို့ ရောက်ရှိနေပြီဖြစ်ကြောင်း အံ့ဩစွာ တွေ့လိုက်ရသည်။ ဖြစ်စဉ်တစ်ခုလုံးမှာ မြန်ဆန်ချောမွေ့လှပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် ဓာတ်လှေကားမှာ ရောက်ရှိသွားခြင်းဖြစ်၏။
အခန်းထဲသို့ ရောက်သောအခါ ဝူကျန်းကျန်းသည် သူမ၏သူငယ်ချင်း ပြောခဲ့သော “မထင်မှတ်ထားတဲ့ အံ့ဩစရာ” ဆိုသည်ကို နားလည်သွားတော့သည်။ ဟဲယဲ့တည်းခိုခန်း၏ အခန်းမှာ အလွန်ပင် နေချင်စရာ ကောင်းလှ၏။ အခန်းထဲသို့ ဝင်လိုက်သည်နှင့် နွေးထွေးပြီး သက်တောင့်သက်သာရှိသော ပတ်ဝန်းကျင်ကြောင့် စွဲမက်သွားရသည်။ လေထုမှာလည်း လတ်ဆတ်နေပြီး မည်သည့်အနံ့ဆိုးမှ မရှိပေ။ တောင်ပိုင်းဒေသတွင် အလုပ်လုပ်ရစဉ်တွင် သူမသည် စိုထိုင်းပြီး မှိုနံ့နံသော အခန်းများတွင် တည်းမိမှာကို အမြဲတမ်း စိုးရိမ်ရသည်။ သူမသည် ပတ်ဝန်းကျင်အခြေအနေအပေါ် အလွန်အကဲဆတ်သူဖြစ်ပြီး၊ သူမ၏ အသားအရေမှာလည်း ထိခိုက်လွယ်သဖြင့် မသင့်တော်သော နေရာများတွင် အနီစက်လေးများ ထွက်တတ်၏။ သို့သော် ဤအခန်းမှာ သူမအတွက် အံ့ဩစရာ ဖြစ်ခဲ့ရသည်။ သန့်ရှင်းပြီး အနံ့အသက်ကင်းရုံတင်မကဘဲ နွေးထွေးခြောက်သွေ့နေကာ စိုထိုင်းသော အငွေ့အသက် အစအနပင် မရှိပေ။ ဝူကျန်းကျန်းသည် နူးညံ့သော ကုတင်ပေါ်တွင် ထိုင်လိုက်ရာ သူမ၏ ခန္ဓာကိုယ်မှာ မွေ့ရာနှင့် ခေါင်းအုံးများ၏ နူးညံ့သော ပွေ့ဖက်မှုထဲတွင် နစ်ဝင်သွားသည်။ သူမသည် မျက်လုံးကိုမှိတ်ကာ အသက်ပြင်းပြင်း ရှူလိုက်ပြီး အခန်းမှ ပေးစွမ်းသော လုံခြုံမှုနှင့် သက်တောင့်သက်သာရှိမှုကို ခံစားလိုက်၏။
ခဏတာ အနားယူပြီးနောက် ဝူကျန်းကျန်းသည် ရေချိုးခန်းထဲသို့ သွားကာ ကိုယ်လက်သန့်စင်ရန် ဆုံးဖြတ်လိုက်သည်။ မှန်ရှေ့ရှိ ဆပ်ပြာခွက်ထဲတွင် ထည့်ထားသော လက်လုပ်ဆပ်ပြာကို သူမ ချက်ချင်း သတိထားမိသွား၏။
“ရှေးဟောင်းအသားဖြူဆေးဆပ်ပြာ”
ဝူကျန်းကျန်းသည် ထုပ်ပိုးမှုပေါ်ရှိ စာလုံးများကို ဖတ်လိုက်သည်။ ဤလက်လုပ်ဆပ်ပြာသည် သူမ၏ အာရုံကို ချက်ချင်း ဖမ်းစားနိုင်ခဲ့၏။ ၎င်း၏ ထုပ်ပိုးမှုမှာ အခြားသော ဟိုတယ်များမှ ပလတ်စတစ်ထုပ်ပိုးမှုများနှင့် ကွဲပြားနေရုံတင်မကဘဲ ပို၍ အရေးကြီးသည်မှာ ၎င်း၏ ဘေးတွင် ကြီးမားသော QR code တစ်ခု ရှိနေခြင်းပင် ဖြစ်သည်။
“အသားဖြူဆေးဆပ်ပြာ၊ မျက်နှာပေါ်ရှိ အသားညစ်မှုကိုထိရောက်စွာ ဖယ်ရှားပေးသည်၊ ရှေးဟောင်းအသားဖြူ ဆေးဖော်နည်းကို အသုံးပြုထားပြီး သင့်အသားအရေကို ပြန်လည်နုပျိုစေရန် ကူညီပေးသည်၊ အလားတူပစ္စည်းကို ဝယ်ယူရန် စကန်ဖတ်ပါ ”
ဝူကျန်းကျန်းသည် QR code ဘေးရှိ စာများကို ဖတ်လိုက်သည်။ 'ဒီတည်းခိုခန်းက တကယ့်ကို စီးပွားရေးလုပ်တတ်တာပဲ' ဟု ဝူကျန်းကျန်း တွေးလိုက်မိသည်။ သို့သော်လည်း သူမသည် ဤအသားဖြူဆေးဆပ်ပြာဆိုသည်ကို သိပ်ပြီး စိတ်မဝင်စားပေ။ သူမ၏ အသားအရေမှာ အထိမခံနိုင်သဖြင့် နာမည်ကြီး တံဆိပ်များကိုသာ ပိုမိုယုံကြည်သည်။ သူမ၏ခြောက်သွေ့နေသော အသားအရေကို ထိကြည့်ပြီးနောက် ဝူကျန်းကျန်းသည် ရေချိုးရန် ဆုံးဖြတ်လိုက်၏။ ရုပ်ရှင်မြို့တော်မှ ကားစီးလာရသဖြင့် သူမ အနည်းငယ် ချွေးထွက်နေသည်။ ဝူကျန်းကျန်းသည် ရေချိုးခန်းအတွင်းရှိ ရေပန်းကို စစ်ဆေးပြီးနောက် နံရံတွင် ချိတ်ထားသော ရေချိုးဆပ်ပြာရည် ကို မြင်သွား၏။ ထိုရေချိုးဆပ်ပြာရည် ဘေးတွင်လည်း ရေစိုခံ QR code တစ်ခု ကပ်ထားသည်။
“အသားဖြူ ရေချိုးဆပ်ပြာရည်၊ အလားတူပစ္စည်းကို ဝယ်ယူရန် စကန်ဖတ်ပါ ”