← Chapters

အခန်း (၁၅၇-၁၅၈)

Vol. 16 Ch. 157-158

အခန်း (၁၅၇-၁၅၈)

Vol. 16 Ch. 157-158

157

ဝူကျန်းကျန်းသည် အနည်းငယ် ရယ်ချင်သွားမိသည်။ ဤတည်းခိုခန်းသည် မည်မျှပင် ယုံကြည်ချက်ရှိနေ၍ လူတိုင်းမှာ ထုတ်ကုန်တူကို ဝယ်မည်ဟု ထင်နေရသနည်း။ ယနေ့ခေတ်တွင် တည်းခိုခန်း၌ တည်းခိုသူများသည် ရေခဲသေတ္တာအသေးလေးထဲမှ အအေးများကိုပင် ဝယ်သောက်လေ့မရှိကြချေ။ သို့သော်လည်း ယခုတစ်ကြိမ်တွင် ဝူကျန်းကျန်းသည် ရုပ်ရှင်မြို့တော်မှ အလျင်စလို လာခဲ့ရခြင်းဖြစ်ပြီး သူမ၏ သူငယ်ချင်းမှာ ဟဲယဲ့တည်းခိုခန်းတွင် ဓာတ်လှေကားမရှိဟု ပြောထားသဖြင့် ဝူကျန်းကျန်းမှာ သူမ အမြဲသုံးနေကျ အဆင့်မြင့် အလှကုန်ပစ္စည်းများကို သယ်မလာခဲ့မိပေ။ ရေပန်းကို စစ်ဆေးပြီးနောက် ရေချိုးခန်းမှာ အလွန်သန့်ရှင်းနေသည်ကို အတည်ပြုပြီးမှသာ သူမသည် စိတ်အေးလက်အေးဖြင့် ရေချိုးခန်းထဲသို့ ဝင်ခဲ့သည်။ ဝူကျန်းကျန်း၏ အကြည့်မှာ အသားဖြူ ရေချိုးဆပ်ပြာရည် ပုလင်းဆီသို့ ကျရောက်သွား၏။ တည်းခိုခန်း၏ ဆပ်ပြာရည်ဗူးမှာ နံရံတွင် ကပ်ထားခြင်းဖြစ်ပြီး ခလုတ်ကို နှိပ်လိုက်မှသာ ဆပ်ပြာရည်များ ထွက်လာခြင်းဖြစ်ရာ အတွင်းမှ ဆပ်ပြာရည်မှာ ပြန်လည်ဖြည့်သွင်းထားခြင်းဖြစ်ပြီး မည်သည့် ထုတ်လုပ်မှု အချက်အလက်မှ ပါဝင်ခြင်းမရှိပေ။ သို့သော် သူမကိုယ်ပိုင် အလှကုန်များ သယ်မလာခဲ့မိသည်ကို တွေးမိကာ ဝူကျန်းကျန်းသည် နောက်ဆုံးတွင်တော့ အလျှော့ပေးလိုက်ရသည်။

"ဒီတည်းခိုခန်းက တံဆိပ်မရှိတဲ့ ပစ္စည်းတွေတော့ မသုံးလောက်ပါဘူးနော်"

သူမဘာသာ နှစ်သိမ့်လိုက်သည်။ သူမသည် ဆပ်ပြာရည်တစ်ချက်ကို သူမ၏ လက်ဖဝါးထဲသို့ထုတ်လိုက်၏။ အရည်မှာ နို့နှစ်ရောင်ရှိပြီး အနည်းငယ် စေးကပ်ကပ် ဖြစ်နေသည်။ လန်းဆန်းသော ရနံ့ဖျော့ဖျော့လေးမှာ သူမ၏ နှာခေါင်းထဲသို့ တိုးဝင်လာ၏။ ၎င်းမှာ ပြင်းရှသော ဆေးဖက်ဝင်အပင်နံ့နှင့် လတ်ဆတ်သော သစ်သားနံ့တို့၏ အချိုးကျ ပေါင်းစပ်မှုပင် ဖြစ်သည်။ ၎င်းမှာ လူကို ချက်ချင်း လန်းဆန်းသွားစေပြီး တစ်နည်းအားဖြင့် 'ပရုတ်ဆီ' အနံ့နှင့် အနည်းငယ် ဆင်တူနေ၏။

သူမသည် လက်ချောင်းလေးများဖြင့် ဆပ်ပြာရည်ကို အသာအယာ ပွတ်လိုက်ရာ လက်ဖဝါးထဲတွင် ကြွယ်ဝသော အမြှုပ်များ ချက်ချင်း ထွက်ပေါ်လာသည်။ အမြှုပ်များမှာ သိပ်သည်းပြီး နူးညံ့လှကာ လတ်လတ်ဆတ်ဆတ် မွှေထားသော ခရင်မ် ကဲ့သို့ပင် ရှိနေသဖြင့် ထိတွေ့ချင်စရာ ကောင်းလှ၏။ ဝူကျန်းကျန်းသည် ရေချိုးဖတ်ကို မသုံးသော်လည်း ဆပ်ပြာရည်မှာ အမြှုပ်များစွာ ထွက်နေပြီး အချို့မှာ လက်ဖဝါးမှ ရေမျက်နှာပြင်ပေါ်သို့ ကျသွားသည့်တိုင် ပုံစံမပျက်ဘဲ ရှိနေသည်။ အကယ်၍ ရေချိုးကန်သာ ရှိမည်ဆိုပါက သူမသည် အမြှုပ်ရည်ချိုးခြင်း ကို အလွယ်တကူ ပြုလုပ်နိုင်ပေလိမ့်မည်။ ဝူကျန်းကျန်းသည် အမြှုပ်များကို ပခုံးမှသည် လက်မောင်း၊ ရင်ဘတ်နှင့် ဝမ်းဗိုက်အထိ တစ်ကိုယ်လုံး နေရာမကျန်အောင် အညီအမျှ လိမ်းကျံလိုက်သည်။ အမြှုပ်လေးများမှာ သူမ၏ အရေပြားပေါ်တွင် ညင်သာစွာ လျှောတိုက်သွားပြီး တစ်နေ့တာလုံး၏ ပင်ပန်းနွမ်းနယ်မှုများကို ဆေးကြောပေးနေ၏။ ဝူကျန်းကျန်းသည် ယခင်က မခံစားဖူးသော သက်တောင့်သက်သာရှိမှုကို ခံစားလိုက်ရသည်။ သူမသည် မျက်လုံးများကို မှိတ်ကာ အသက်ပြင်းပြင်း ရှူလိုက်ပြီး ထိုခဏ၌ သူမ၏ စိတ်ကို အလုံးစုံ လျှော့ချလိုက်သည်။ အမြှုပ်များမှာ သူမကို နှိပ်နယ်ပေးနေစဉ်တွင် သူမ၏ အရေပြား လက်မတိုင်းမှာ စင်ကြယ်စွာ ဆေးကြောခံနေရသည်ဟု ခံစားရ၏။ ယခင်က သူမ တစ်ခါမှ သတိမထားမိခဲ့သော ဖုန်မှုန့်များ၊ အလုပ်များလှသော ဘဝထဲတွင် လျစ်လျူရှုထားမိခဲ့သော နေရာလေးများမှာ ထူထဲသည့် အမြှုပ်များကြားတွင် ပါသွားခဲ့သည်။

ဝူကျန်းကျန်းမှာ အံ့ဩသွားရသည်။ သူမကး တကယ်ပဲ ဒီလောက်အထိ ညစ်ပတ်နေခဲ့တာလား။ သို့သော် သူမသည် နေ့တိုင်း ရေချိုးသူဖြစ်သည်။ ညဉ့်နက်သည်အထိ ရိုက်ကူးရေး လုပ်ရသည့်တိုင် သူမကိုယ်ခန္ဓာ သန့်ရှင်းရေးနှင့် အသားအရေ ထိန်းသိမ်းမှုကို တစ်ခါမှ ပေါ့ပေါ့တန်တန်မလုပ်ခဲ့ဘဲ တစ်ကိုယ်လုံး၏ နေရာတိုင်းကို သေချာစွာ ဆေးကြောခဲ့သူဖြစ်၏။ သို့သော် ယခုတစ်ကြိမ်တွင်မူ အရေပြားဆဲလ်သေအ‌မြောက်အမြား ထွက်လာခဲ့သည်။ ဤအချက်မှာ သန့်ရှင်းမှုကို အလွန်မြတ်နိုးသော ဝူကျန်းကျန်းကို အနည်းငယ် စိတ်မသက်မသာဖြစ်စေသဖြင့် သူမသည် လက်ကိုအားစိုက်ကာ ပို၍ပွတ်တိုက်လိုက်၏။ သို့သော်လည်း သူမအရေပြားပေါ်ရှိ အမြှုပ်များမှာ နူးညံ့ပြီး ရုန်းကန်အားရှိလှသည်။ ဝူကျန်းကျန်း၏ နည်းစနစ်မှာ အနည်းငယ် ကြမ်းတမ်းနေသော်လည်း များပြားလှသော အမြှုပ်များမှာ သူမအရေပြားကို ကာကွယ်ပေးထားသဖြင့် အသားနီမြန်းသွားခြင်းမျိုးမရှိခဲ့ပေ။ အမြှုပ်များ၏ အာဟာရဖြည့်တင်းမှုအောက်တွင် သူမအရေပြားမှာ ပိုမိုချောမွေ့ နုပျိုလာသည်ဟု ဝူကျန်းကျန်း ခံစားရပြီး အချိန်ကြာမြင့်စွာ မတ်တပ်ရပ်ခဲ့ရသဖြင့် တင်းကျပ်နေသော ကြွက်သားများမှာလည်း တဖြည်းဖြည်း ပြေလျော့သွားသည်။

အမြှုပ်များကို ရေဖြင့် ဆေးချလိုက်သောအခါ သူမ၏ ခန္ဓာကိုယ်ထဲမှ အညစ်အကြေးများစွာကို ပွတ်တိုက်ဆေးကြောလိုက်ရသကဲ့သို့ လန်းဆန်းပြီး သက်တောင့်သက်သာရှိသော ခံစားချက်ကို ရရှိလိုက်သည်။ နွေးထွေးသော ရေများမှာ သူမ၏ ဦးခေါင်းပေါ်မှ စီးကျလာ၏။ သူမသည် မျက်လုံးကိုမှိတ်ကာ ရေမှ ပေးစွမ်းသော သက်တောင့်သက်သာရှိမှုကို အပြည့်အဝ ခံစားလိုက်သည်။ သူမသည် လက်ကိုဆန့်ကာ သူမ၏ ခန္ဓာကိုယ်ကို အသာအယာ ပွတ်သပ်ပြီး အမြှုပ်များကို ဆေးချလိုက်၏။ ဤရေချိုးဆပ်ပြာရည်၏ အမြှုပ်များသည် အခြားသော ဆပ်ပြာရည်များကဲ့သို့ ဆေးရခက်ခဲခြင်းမရှိဘဲ ဆေးကြောပြီးနောက်တွင်လည်း သူမအရေပြားမှာ ထူးထူးခြားခြား သန့်စင်သွားသည်ကို တွေ့ရသဖြင့် သူမ အံ့အားသင့်ဝမ်းသာသွားရသည်။ ဆပ်ပြာရည်များမှာ ရေနှင့်အတူ အလုံးစုံ ပါသွားသကဲ့သို့ မည်သည့် အဆီပြန်ခြင်း သို့မဟုတ် ချွဲကျိကျိ ဖြစ်နေခြင်းမျိုးမှ မကျန်ခဲ့ဘဲ စင်ကြယ်သွား၏။ သူမအရေပြားရှိ ချွေးပေါက်တိုင်းမှာ အသက်ရှူနေပြီး ရေ၏အာဟာရကို ခံစားနေရသကဲ့သို့ပင်။ ဂျိုင်းကြားနှင့် ဒူးခေါင်းနောက်ကဲ့သို့ ဆေးကြောရခက်သော နေရာများတွင်ပင် ဆပ်ပြာရည်အမြှုပ်များမှာ လွယ်ကူစွာ ပါသွားသည်။

ဝူကျန်းကျန်းသည် သူမ၏ ခန္ဓာကိုယ်မှာ ပေါ့ပါးပြီး တက်ကြွမှုများ ပြည့်နှက်နေသည်ဟု ခံစားရကာ စိတ်အခြေအနေမှာလည်း လန်းဆန်းသွားသည်။ သူမသည် ရေချိုးခန်းထဲမှ ထွက်လာပြီး အလင်းရောင်အောက်တွင် ကျန်းမာသော အရောင်အသွေးဖြင့် တောက်ပနေသည့် သူမ၏ အရေပြားကို ကြည့်ကာ သူမခြေဖမိုးကို မယုံနိုင်လောက်အောင် စူးစိုက်ကြည့်နေမိ၏။ လက်ရှိ သူမရိုက်ကူးနေသော သမိုင်းနောက်ခံ ဒရာမာကားတွင် သူမမှာ အရန်မင်းသမီးနေရာမှ သရုပ်ဆောင်နေရခြင်းဖြစ်သည်။ ထိုဇာတ်ကောင်မှာ နေ့တိုင်း ကောက်ရိုးဖိနပ်စီးရသည့် ဆင်းရဲသော ရွာသူမလေးဖြစ်၏။ တစ်ခါကဆိုလျှင် ကောက်ရိုးဖိနပ်ကိုစီးပြီး (၇) နာရီကြာအောင် ရိုက်ကူးခဲ့ရသည်ကို ဝူကျန်းကျန်း မှတ်မိနေသည်။ ထို့ကြောင့် သူမခြေထောက်များတွင် နေလောင်ထားသော အစင်းကြောင်းများသိသိသာသာ ရှိနေပြီး အထူးသဖြင့် ခြေချောင်းလေးများမှာ အလွန်တရာညိုနေခဲ့သည်။ သို့သော် ယခုအခါတွင်မူ ယခင်က နေလောင်ပြီးညိုမည်းကာ အရောင်မညီညာဖြစ်နေခဲ့သော ခြေဖမိုးများမှာ သိသိသာသာ ဖြူဝင်းလာသည်ကို တွေ့လိုက်ရသဖြင့် သူမ အံ့ဩဝမ်းသာသွားရ၏။ ထို့နောက်သူမ၏ အကြည့်သည် ဒူးခေါင်းနှင့် ဂျိုင်းကြားဆီသို့ ရောက်သွားသည်။ ထိုနေရာများသည် အဝတ်အစားနှင့် ပွတ်တိုက်မှုများကြောင့် မဲနေတက်သည်။ သူမသည် ထိုနေရာများ၏အသားအရောင်‌ကြောင့်အမြဲတမ်း ကိုယ့်ကိုကိုယ် ယုံကြည်မှုအားနည်းခဲ့သော်လည်း ယခုအခါ ထိုနေရာများ၏ အသားအရောင်မှာလည်း သိသိသာသာ ဖြူဝင်းသွားသည်ကို တွေ့လိုက်ရသဖြင့် အံ့အားသင့်သွား၏။ ၎င်းမှာ စိတ်ထင်ရုံလားဆိုသည်ကို သေချာစေရန် ရေချိုးခန်းမီးကိုပိတ်ကာ အသေအချာပြန်ကြည့်လိုက်သည်။

မီးရောင်မရှိသည့်တိုင်အောင် ဝူကျန်းကျန်းသည် သူမခြေထောက်များ၊ ဒူး‌ခေါင်းနှင့် ဂျိုင်းကြားများတင်မကဘဲ လက်မောင်းနှင့် လည်ပင်းတို့၏အသားအရောင်မှာပါ ပိုမိုညီညာပြီး ဖြူဝင်းလာသည်ကို တွေ့လိုက်ရသည်။ ဝူကျန်းကျန်းသည် သူမအရေပြားကို အသာအယာ ပွတ်သပ်ကြည့်ရာ ဖော်ပြမတတ်အောင် နူးညံ့ချောမွေ့နေသည်ကို ခံစားရ၏။ ရေချိုးပြီးနောက် သူမ၏ အသားအရေမှာ ဖြူရုံတင်မကဘဲ ထူးထူးခြားခြားကို နူးညံ့သွားခြင်းဖြစ်သည်။ သူမ၏ လက်ချောင်းများမှာ အနူးညံ့ဆုံး ပိုးသားကို ထိတွေ့နေရသကဲ့သို့ အရေပြားပေါ်တွင် လျှောတိုက်သွားပြီး ထိုသိမ်မွေ့သော အထိအတွေ့မှာ သူမကို အလွန်ပင် သက်တောင့်သက်သာ ရှိစေသည်။ သူမ၏ ချွေးပေါက်များမှာ ပိုမိုကျဉ်းသွားပြီး အရေပြားဖွဲ့စည်းပုံမှာလည်း ပိုမိုညီညာလာသည်ကို သူမ ခံစားနိုင်လိုက်၏။

ဝူကျန်းကျန်းသည် မှန်ရှေ့တွင် ရပ်ကာ သူမ၏ အရေပြားကို သေချာစွာ စစ်ဆေးကြည့်မိသည်။ ကြည့်လေလေ ပို၍ စိတ်ကျေနပ်လေလေ ဖြစ်နေရ၏။ သူမ၏ အသားအရေမှာ တကယ်ကို ကောင်းလွန်းနေသည်။ အဆီပြန်ခြင်း သို့မဟုတ် ခြောက်သွေ့ခြင်း မရှိချေ။ သူမသည် တံတောင်ဆစ်နှင့် ဒူးခေါင်းကဲ့သို့သော ခြောက်သွေ့လွယ်သည့် နေရာများကို အထူးဂရုစိုက် ကြည့်ရှုသည်။ ထိုနေရာရှိ အရေပြားများမှာလည်း ထူးထူးခြားခြား နူးညံ့သွားပြီး ကြမ်းတမ်းမှု မရှိတော့သည်ကို တွေ့လိုက်ရသဖြင့် သူမ ဝမ်းသာသွားရ၏။ ယခင်က ခြောက်သွေ့လွန်း၍ အဖတ်များ ကွာတတ်သော သူမ၏ ခြေမျက်စိလေးများမှာလည်း ယခုအခါ အစိုဓာတ်အပြည့်ဖြင့် နူးညံ့နေတော့သည်။ ဝူကျန်းကျန်း၏ အကြည့်မှာ ကြီးမားသော QR code ဆီသို့ ရောက်သွားပြီး သူမ၏ ရင်ထဲတွင် လှုပ်ခတ်သွား၏။ ထိုရေချိုးဆပ်ပြာရည်၏ အာနိသင်က တကယ်ကို ကောင်းလွန်းလှသည်။ ဒါဆိုလျှင် ဟိုအသားဖြူဆေးဆပ်ပြာကရော အာနိသင်ကောင်းနေမလား။

158

ဝူကျန်းကျန်းသည် လက်ထဲရှိ အသားဖြူဆေးဆပ်ပြာကို ကိုင်ရင်း အနည်းငယ် မယုံနိုင်သလို ဖြစ်နေမိသည်။ ဤဆေးဆပ်ပြာ၏ အာနိသင်မှာ တကယ်ကို အံ့ဩစရာ ကောင်းလွန်းလှ၏။ ယနေ့ သူမသည် မျက်နှာပေါ်တွင် မိတ်ကပ်ပါးပါးတစ်လွှာအပြင် ရေစိုခံ၊ အဆီပြန်မှုကို ထိန်း‌ပေးသည့် နေလောင်ကာခရင်မ်ကို လိမ်းထားခဲ့သည်။ သူမသည် ဆပ်ပြာမှထွက်လာသော အမြှုပ်များကို မျက်နှာပေါ်တွင် အညီအမျှ လိမ်းကျံပြီး လက်ချောင်းထိပ်လေးများဖြင့် ညင်သာစွာ နှိပ်နယ်ပေးလိုက်၏။ အမြှုပ်များမှာ မိတ်ကပ်များနှင့် ထိတွေ့လိုက်သည်နှင့် မှော်ဆန်စွာပင် ရေစိုခံ နေလောင်ကာခရင်မ်နှင့် ကြာရှည်ခံနှုတ်ခမ်းနီများအပါအဝင် အလှကုန်ပစ္စည်းအားလုံးကို အလျင်အမြန် ပျော်ဝင်သွားစေသည်။ မည်သည့် အဆီပြန်သည့် ခံစားချက် သို့မဟုတ် အကြွင်းအကျန်မျှ မရှိဘဲ မိတ်ကပ်များကို စင်ကြယ်စွာ ဖယ်ရှားပေးလိုက်ခြင်း ဖြစ်၏။

အသားဖြူဆေးဆပ်ပြာသည် မိတ်ကပ်များကို ထိရောက်စွာ ဖယ်ရှားပေးနိုင်ရုံသာမကဘဲ၊ ဖြစ်စဉ်တစ်ခုလုံးတွင် ဝူကျန်းကျန်း၏ အရေပြားမှာ မည်သည့် စပ်ဖျဉ်းဖျဉ်းဖြစ်မှု သို့မဟုတ် မသက်မသာဖြစ်မှုကိုမျှ မခံစားရပေ။ ယင်းအစား နူးညံ့ပြီး အစိုဓာတ်ထိန်းပေးသည့် ခံစားချက်သာ သူမကို လွှမ်းခြုံထား၏။ ထို့ပြင် ရိုက်ကူးရေးလုပ်စဉ် နေပူထဲတွင် အချိန်ကြာမြင့်စွာ နေခဲ့ရသဖြင့် ဖြစ်ပေါ်နေသော ဝူကျန်းကျန်း၏ မျက်နှာပေါ်မှ အနီစက်များမှာလည်း သိသိသာသာ မှိန်ဖျော့သွားပြီး ယခင်က ယားယံနေသော အရေပြားမှာလည်း ပြန်လည်သက်သာသွားသည်။ ထိုအသားဖြူဆေးဆပ်ပြာသည် အမှန်တကယ်ပင် အစွမ်းထက်လှ၏။ မိတ်ကပ်ကို စင်ကြယ်အောင် ဖယ်ရှားပေးနိုင်ရုံတင်မကဘဲ အသားအရေကိုပါ တောက်ပလာစေသည်။

ဝူကျန်းကျန်းသည် ရေချိုးဝတ်စုံကို ဝတ်ဆင်လျက် အခန်းထဲသို့ ပြန်လာကာ သူမ၏ ဖုန်းကိုကောက်ကိုင်ပြီး QR code ကို စကန်ဖတ်လိုက်သည်။ သူမ ထိုပစ္စည်းကိုပဲ ထပ်ဝယ်ချင်နေပြီ ဖြစ်၏။ ဖုန်းဖြင့် စကန်ဖတ်လိုက်သောအခါ မီနီပရိုဂရမ်စတိုးတစ်ခု ပေါ်လာသည်။ စတိုးဆိုင်ထဲတွင် ရောင်းသည့်ပစ္စည်း များများစားစားမရှိဘဲ လေးမျိုးသာ ရှိသော်လည်း ထိုပစ္စည်းများမှာ တစ်ခုနှင့်တစ်ခု ဆက်စပ်မှုမရှိသလို ဖြစ်နေ၏။ ပစ္စည်းတစ်ခုမှာ ယွမ် (၆၀,၀၀၀) တန် ကုတင်တစ်လုံး ဖြစ်သည်။ ဝူကျန်းကျန်း အသေးစိတ်ကို နှိပ်ကြည့်လိုက်သောအခါ ၎င်းမှာ အခန်းထဲတွင် ရှိနေသော ကုတင်အမျိုးအစားနှင့် အတူတူပင် ဖြစ်နေသည်ကို တွေ့လိုက်ရ၏။ ဝူကျန်းကျန်းသည် ဖိနပ်ပါးလေးကို စီးကာ ကုတင်ဘေးသို့ လျှောက်သွားကြည့်ရာ ကုတင်၏ ထောင့်တစ်နေရာတွင်လည်း QR code တစ်ခုကို တကယ်ပင် တွေ့လိုက်ရသည်။

ဝူကျန်းကျန်းသည် ကုတင်ကို စမ်းသပ်ထိတွေ့ကြည့်လိုက်ရာ အလွန်နူးညံ့နေသည်။ မီနီပရိုဂရမ် စတိုးထဲရှိ အသေးစိတ်အချက်အလက်များကို ခဏမျှ လှန်လှောကြည့်လိုက်သောအခါ မှတ်ချက် ပေါင်း (၅၀၀) ကျော် ရှိနေသည်ကို တွေ့ရသဖြင့် အနည်းဆုံး လူ (၅၀၀) ခန့်မှာ ဤတည်းခိုခန်းမှ ကုတင်ကို ဝယ်ယူခဲ့ကြခြင်း ဖြစ်ပြီး မှတ်ချက်အားလုံးမှာလည်း အကောင်းချည်းပင်ဖြစ်၏။ အချို့မှာ ထိုကုတင်သည် ဟောက်ခြင်းကို ပျောက်ကင်းစေသည်ဟု ဆိုကြပြီး၊ အချို့မှာ အိပ်ပျော်ရန် ကူညီပေးသည်ဟု ဆိုကြကာ လူတစ်ဦးမှာဆိုလျှင် စုစုပေါင်း ကုတင် (၆) လုံး ဝယ်ယူပြီး အိမ်ရှိ အခန်းတိုင်းတွင် ထားရှိကြောင်းပင် ကြွားဝါထားသည်။ ထိုကဲ့သို့ ချဲ့ကားထားသော မှတ်ချက်များကို ကြည့်ပြီး ဝူကျန်းကျန်းသည် ဒီည အိပ်စက်သည့်အခါ သေချာပေါက် လက်တွေ့ခံစားကြည့်မည်ဟု ဆုံးဖြတ်လိုက်၏။ သူမ၏ လက်ရှိ ကြွယ်ဝမှုအရ ကုတင် (၆) လုံး ဝယ်ရန်မှာ အလွယ်လေးဖြစ်ပြီး မှတ်ချက်ပေးသည့်သူများကို သူမ အရှုံးပေးမည် မဟုတ်ပေ။

အခြား ထုတ်ကုန်တစ်ခု၏ 'ဝယ်ယူရန်' ခလုတ်မှာမူ မီးခိုးရောင် ဖြစ်နေပြီး ၎င်း၏ စျေးနှုန်းမှာ ကုတင်နှင့် နှိုင်းယှဉ်လျှင် သိသိသာသာ သက်သာလှသည်။ ဝူကျန်းကျန်းသည် သုညတစ်လုံး ကျန်ခဲ့သလားဟု သေချာအောင် အကြာကြီး စိုက်ကြည့်ပြီးမှသာ ဤသကြားလုံးမှာ တကယ်ပင် (၁၅) ယွမ်သာ ကျသင့်သည်ကို အတည်ပြုနိုင်ခဲ့၏။ ဤမက်မွန်သကြားလုံးမှာ အသက်ရှူလမ်းကြောင်းကို လန်းဆန်းစေပြီး မက်မွန်ရနံ့ကို ပါးစပ်ထဲတွင် (၃) နာရီကြာ စွဲကျန်နေစေသည်ဟု ဆိုသည်။ ဝူကျန်းကျန်းသည် ဤသကြားလုံးကို ရင်းနှီးနေသကဲ့သို့ ခံစားရသဖြင့် အခန်းထဲသို့ ဝေ့ဝဲကြည့်လိုက်၏။ အခန်းတွင်းရှိ လင်ဗန်းပေါ်တွင် လက်ဖက်ရည်နှင့်မုန့်တစ်ဗူးနှင့် အိတ်အကြည်ဖြင့် ထုပ်ပိုးထားသော သကြားလုံး (၅) လုံး ရှိနေသည်။

ဝူကျန်းကျန်း အနည်းငယ် ဗိုက်ဆာလာသဖြင့် မုန့်ထုပ်ကို ဖွင့်လိုက်သည်။ ဝိတ်တက်မှာ စိုးရိမ်သဖြင့် ရုယီကိတ်ကို တစ်ကိုက်သာ ကိုက်ကြည့်လိုက်သော်လည်း ထိုခဏမှာပင် သူမ လုံးဝကို စွဲမက်သွားရတော့၏။ ရုယီကိတ်၏ အပြင်လွှာကို နူးညံ့လှသော ကောက်ညှင်းမှုန့်ဖြင့် ပြုလုပ်ထားပြီး ပုစဉ်းရင်ကွဲတောင်ပံကဲ့သို့ ပါးလွှာကာ ကြည်လင်နေပြီး ဆန်ရနံ့သင်းသင်းလေးပါရှိသည်။ ၎င်းမှာ ဝူကျန်းကျန်း၏ နှုတ်ခမ်းနှင့် သွားများကြားတွင် ထိတွေ့လိုက်သည်နှင့် နှင်းပွင့်များကဲ့သို့ ညင်သာစွာ ပျော်ဝင်သွားပြီး နွေးထွေးစိုစွတ်သော ခံစားချက်ကို ချန်ရစ်ခဲ့၏။ အတွင်းမှ သွပ်ထား‌သောအစာမှာမူ သေချာစွာ ပြင်ဆင်ထားသော ပဲနီလေးအနှစ် ဖြစ်ပြီး ချိုသော်လည်း မအီပေ။ ပိုးသားကဲ့သို့ နူးညံ့ကာ သူမ၏ လျှာပေါ်တွင် စီးဆင်းသွားသော ညင်သာသည့် ကဗျာတစ်ပုဒ်ကဲ့သို့ပင်။ ပဲနီလေးအနှစ်၏ ချိုမြိန်သောရနံ့နှင့် ကောက်ညှင်းဆန်၏ လတ်ဆတ်သောရနံ့တို့မှာ တစ်ခုနှင့်တစ်ခု ရောယှက်နေပြီး ရှုပ်ထွေးသော်လည်း ဟန်ချက်ညီသော အရသာကို ဖန်တီးပေးထားသည်။

ဝူကျန်းကျန်းသည် ဒုတိယတစ်ကိုက် ထပ်မစားမိစေရန် သူမကိုယ်သူမ အတော်လေး ထိန်းချုပ်လိုက်ရသည်။ လက်ရှိ သူမ သရုပ်ဆောင်နေရသည့် ဇာတ်ကောင်မှာ ကောက်ရိုးဖိနပ်စီးရသော ရွာသူမလေး ဖြစ်ပြီး ဝိတ်တက်လာရန်မှာ လုံးဝ မဖြစ်နိုင်သောအရာဖြစ်၏။ မဟုတ်ပါက အသားတွေ တက်နေလျှင် ရွာသူမလေးတစ်ယောက်၏ ပင်ပန်းဆင်းရဲလှသည့် ဘဝကို သူမ ဘယ်လိုလုပ်ပြီး သရုပ်ဖော်နိုင်တော့မည်နည်း။

"ဒီသကြားလုံးက အသက်ရှူလန်းဆန်းဖို့ပဲ ဆိုတော့ ဝိတ်မတက်လောက်ပါဘူးနော်"

တွေးကာ ဝူကျန်းကျန်းသည် သကြားလုံးတစ်လုံး စားချင်စိတ်ကို မအောင့်နိုင်တော့ပေ။ ဝူကျန်းကျန်းသည် မက်မွန်သကြားလုံးလေးကို ပါးစပ်ထဲသို့ ညင်သာစွာ ထည့်လိုက်ရာ၊ လန်းဆန်းသော မက်မွန်ရနံ့မှာ နွေဦး၏ အချိုမြိန်ဆုံးသော လေညင်းလေး ဖြတ်သန်းသွားသကဲ့သို့ သူမ၏ ခံတွင်းတစ်ခုလုံးကို ချက်ချင်း လွှမ်းမိုးသွားသည်။ သကြားလုံး၏ အပြင်ဘက် ပျားရည်အလွှာမှာ လျှာပေါ်တွင် အသာအယာ ပျော်ဝင်သွားပြီး အရမ်းမပြင်းလွန်း၊ အရမ်းမပေါ့လွန်းသော အချိုဓာတ်လေးကို ထုတ်လွှတ်ပေး၏။ မက်မွန်သကြားလုံးမှာ ပါးစပ်ထဲတွင် တဖြည်းဖြည်း ပျော်ဝင်လာသည်နှင့်အမျှ လန်းဆန်းသော မက်မွန်ရနံ့မှာ ပိုမိုပြင်းထန်လာပြီး လတ်ဆတ်သော မက်မွန်သီးတစ်လုံးလုံးကို ဤသကြားလုံးအသေးလေးထဲတွင် စုစည်းထားသကဲ့သို့ပင်။ မက်မွန်သီး၏ အသီးအရသာတွင် လီမွန်နံ့ခပ်စူးစူးလေး အနည်းငယ် ပါဝင်နေသဖြင့် အရသာခံဖုများကို ကောင်းစွာ လှုံ့ဆော်ပေးပြီး စိတ်ကို ကြည်လင်လန်းဆန်းသွားစေသည်။

ဝူကျန်းကျန်းသည် သူမ၏ အသက်ရှူသံမှာ လတ်ဆတ်သော မက်မွန်သီး တစ်ပန်းကန်လုံးကို စားသုံးပြီးစကဲ့သို့ လတ်ဆတ်ချိုမြိန်နေသည်ဟု ခံစားရပြီး ထိုသဘာဝအသီးရနံ့မှာ သူမကို ပျော်ရွှင်စေသည်။ မက်မွန်သကြားလုံး၏ အရသာရှိမှုမှာ ၎င်း၏ အရသာတင်မကဘဲ ၎င်းမှပေးစွမ်းသော လန်းဆန်းမှုတွင်လည်းရှိနေ၏။ ဤအချိုဓာတ်ကို ခံစားရင်း ဝူကျန်းကျန်းသည် အတွင်းရော အပြင်ပါ အေးမြသွားသည်ဟု ခံစားရသည်။ သူမ၏ ခံတွင်းမှာ မက်မွန်ရနံ့ဖြင့် ဆေးကြောသန့်စင်ခံလိုက်ရသကဲ့သို့ ချက်ချင်းပင် မွှေးပျံ့သွား၏။ သူမသည် ယခုချက်ချင်း ရုပ်ရှင်မြို့တော်သို့ ပြန်ပျံသွားပြီး မင်းသားနှင့် အနမ်းခန်း ရိုက်ကူးချင်စိတ်ပင် ပေါက်လာတော့သည်။

ဝူကျန်းကျန်းသည် မက်မွန်သကြားလုံးကို အမြန်ပင် နှိပ်ကြည့်လိုက်သည်။ ထိုမက်မွန်သကြားလုံးမှာ နေ့စဉ် မနက် (၁၀) နာရီတိုင်းတွင် ဝယ်ယူနိုင်ပြီး၊ ဝူကျန်းကျန်းမှာ အင်တာနက်ပေါ်တွင် ရှာကြည့်လိုက်သောအခါ ဤသကြားလုံးမှာ အလွန်ပင် ရေပန်းစားနေကြောင်း တွေ့လိုက်ရသည်။ သကြားလုံး ဝယ်မရသူအချို့မှာ စျေးကြီးပေး၍ ဝယ်ချင်နေကြပြီး၊ အချို့မှာမူ ဟဲယဲ့တည်းခိုခန်းတွင် တည်းခိုလျှင် သကြားလုံး ရနိုင်သည်ဟု ဆိုကာ တည်းခိုခန်းကို ဘွတ်ကင်လုပ်ချင်နေကြ၏။ ထိုမှတ်ချက်ကို မြင်သောအခါ ဝူကျန်းကျန်း ခေါင်းခါလိုက်မိသည်။ ဟဲယဲ့တည်းခိုခန်း၏ အခန်းကို ဘွတ်ကင်ရဖို့မှာ ဤသကြားလုံးထက်ပင် အဆပေါင်းများစွာ ပိုခက်ခဲ၏။

ဝူကျန်းကျန်းသည် နှမြောတသစွာဖြင့် သူမ၏ လက်ထောက်ဆီသို့ ဤလင့်ခ် ကို ပို့ပေးလိုက်ပြီး သူမ၏လက်ထောက်အနေဖြင့် မနက်ဖြန်တွင် သကြားလုံးရရန် ကံကောင်းပါစေဟုသာ ဆုတောင်းပေးလိုက်နိုင်သည်။ နောက်ဆုံး ပစ္စည်းနှစ်ခုမှာ အသားဖြူဆေးဆပ်ပြာနှင့် အသားဖြူ ရေချိုးဆပ်ပြာရည်တို့ဖြစ်သည်။ ဤနှစ်ခုမှာ ပို၍ စျေးကြီးသော ပစ္စည်းများဖြစ်၏။ (၅၀) ဂရမ်ရှိသော အသားဖြူဆေးဆပ်ပြာတစ်တုံးကို (၅၀၀) ယွမ်ပင် ကျသင့်၏။ ထိုစျေးနှုန်းမှာ မသက်သာပေ။ ဝူကျန်းကျန်းမှာ လက်တွေ့ဘဝနှင့် ကင်းကွာနေသူ မဟုတ်သဖြင့် သူမ သုံးနေကျ မျက်နှာသစ်ဆေးနှင့် စျေးနှုန်းကို နှိုင်းယှဉ်တွက်ချက်ကြည့်လိုက်သည်။ ဟိုင်ကျား ၏ (၁၂၅) မီလီလီတာ မျက်နှာသစ်ဆေးမှာ (၇) ယွမ် နှင့် ပြား (၂၀) သာကျသင့်သော်လည်း ဤအသားဖြူဆေးဆပ်ပြာမှာ (၁) ဂရမ်လျှင် (၁၀) ယွမ် ကျသင့်နေ၏။

ဟိုင်ကျား ပစ္စည်းများ စျေးကြီးသည်မှာ နားလည်နိုင်ပါသည်။ အကြောင်းမှာ သူတို့သည် နှစ်စဉ် နာမည်ကြီး ကြယ်ပွင့်များကို ဧည့်သည်အဖြစ် ဖိတ်ခေါ်ခြင်း၊ စျေးကွက်ရှာဖွေရေး စရိတ်များ၊ သုတေသနနှင့် ဖွံ့ဖြိုးရေး စရိတ်များအပြင် အမှတ်တံဆိပ်၏ သြဇာညောင်းမှုတို့ ရှိနေသောကြောင့် ဖြစ်သည်။ ဟဲယဲ့တည်းခိုခန်းမှ ထုတ်လုပ်သော အသားဖြူဆေးဆပ်ပြာမှာ ဤမျှအထိ စျေးကြီးသင့်သလော။ သို့သော်လည်း စျေးနှုန်းကို ပြန်တွက်ကြည့်သောအခါ တည်းခိုခန်းမှ ပေးထားသော ဆပ်ပြာမှာ စမ်းသပ်သုံး ဖြစ်ပြီး (၅) ဂရမ်ခန့် ရှိသည်။ ထို့ကြောင့် ဝူကျန်းကျန်းသည် ယနေ့ သူမ၏ အခန်းခထဲမှ ယွမ် (၅၀) ဖိုးကို အကျိုးခံစားခွင့် ရရှိသွားခြင်း ဖြစ်၏။ ဝူကျန်းကျန်း အသေးစိတ်ကို ဖတ်ကြည့်လိုက်သည်။ ထုတ်ကုန်ဖော်ပြချက်တွင် ဤအသားဖြူဆေးဆပ်ပြာ၌ သီးသန့် ဓာတ်မတည့်မှုဆန့်ကျင်ပစ္စည်း ပါဝင်သဖြင့် အသားအရေ အလွန်အထိမခံသူများပင် စိတ်ချလက်ချ အသုံးပြုနိုင်ကြောင်းနှင့် မျက်နှာသစ်ရန်အတွက် အကြံပြုထားကြောင်း ဖော်ပြထား၏။ ရေချိုးဆပ်ပြာရည်မှာမူ အနည်းငယ် ပိုသက်သာပြီး (၁၀၀) မီလီလီတာလျှင် (၄၀၀) ယွမ် ဖြစ်၏။ ဤရေချိုးဆပ်ပြာရည်တွင် သီးသန့် ဓာတ်မတည့်မှုဆန့်ကျင်ပစ္စည်း မပါဝင်သဖြင့် စျေးနှုန်းမှာ အနည်းငယ် လျော့နည်းခြင်းဖြစ်သည်။ သို့သော် ရေချိုးဆပ်ပြာရည်ကို ခန္ဓာကိုယ်ပေါ်တွင် သုံးရခြင်းဖြစ်ပြီး ခန္ဓာကိုယ်၏ အရေပြားဧရိယာမှာ မျက်နှာထက် များစွာ ပိုကြီးမားသည်။ လက်တွေ့တွင် (၁၀၀) မီလီလီတာရှိသော ရေချိုးဆပ်ပြာရည်မှာ ဆပ်ပြာတုံးလောက် အကြာကြီး အသုံးမခံသည်ကို တွေ့ရလိမ့်မည်။

မျက်နှာသစ်ဆပ်ပြာနှင့် ရေချိုးဆပ်ပြာရည် စျေးကြီးသည်ဟု ညည်းတွားနေသော်လည်း ဝူကျန်းကျန်းသည် အမြန်ပင် အော်ဒါ တင်လိုက်သည်။ သူမသည် ရေချိုးဆပ်ပြာရည်နှင့် မျက်နှာသစ်ဆပ်ပြာ (၁၀) ခုစီကို ဝယ်ယူပြီး မတူညီသော လိပ်စာများသို့ ပို့ခိုင်းလိုက်၏။ ရိုက်ကူးရေးကြောင့် သူမတွင် နေရာအနှံ့၌ နေအိမ်များ ရှိနေသဖြင့် ပမာဏများများ ဝယ်ရန် လိုအပ်ခြင်း ဖြစ်သည်။ ပစ္စည်းများ ဝယ်ယူပြီးနောက် ဝူကျန်းကျန်းသည် သူမ၏ အော်ဒါကို Screenshot ရိုက်ကာ ဝီချက် ပေါ်တွင် တင်လိုက်သည်။

"ဝါး ဟဲယဲ့တည်းခိုခန်းမှာ တည်းရုံတင်ရှိသေးတယ်၊ ပိုက်ဆံတွေ အများကြီး ကုန်သွားပြီ၊ မနက်ဖြန်ကျရင် ဘာအံ့ဩစရာတွေ ထပ်ရှိဦးမလဲဆိုတာ သိချင်နေပြီ"

All Chapters