← Chapters

အခန်း (၄-၆)

Vol. 1 Ch. 4-6

အခန်း (၄-၆)

Vol. 1 Ch. 4-6

အခန်း (၄)

ထျန်းယင်ခန်းမသခင်

“ငါ ဘယ်လိုမေ့နိုင်မှာလဲ။ အကျဉ်းထောင်မှူးကြီးက ပြောတယ်၊ ငါတို့ ကောင်းကင်ဘုံအကျဉ်းထောင်ဆီကို မကြာခင်မှာ အရေးကြီးတဲ့ သေဒဏ်ကျအကျဉ်းသားတစ်ယောက် ရောက်လာတော့မယ်တဲ့။ အဲဒီအကျဉ်းသားကို တခြားအကျဉ်းထောင် အတော်များများကို လွှဲပြောင်းခဲ့ဖူးပြီး သူရောက်တဲ့နေရာတိုင်းမှာ တစ်ယောက်ယောက် သေဆုံးတတ်တယ်လို့ ငါကြားတယ်”

“အဲဒီကွပ်မျက်မှုတွေကို တာဝန်ယူခဲ့တဲ့ ကွပ်မျက်သူအတော်များများလည်း ထူးဆန်းစွာ သေဆုံးခဲ့ကြတယ်လို့ ကြားမိတယ်”

“ချူရွှမ်... မင်း သတိထားမှဖြစ်မယ်။ အခြေအနေက အရမ်းဆိုးနေရင် အကျဉ်းထောင်မှူးကြီးက မင်းကို ထပ်ပြီးကွပ်မျက်ခိုင်းမှာစိုးလို့ ကြိုတင်ပြီး ခွင့်ယူထားတာ အကောင်းဆုံးပဲ”

မိစ္ဆာအသား နှစ်ကျပ်သား၏ ကျေးဇူးကြောင့် ကျန်းလုံနှင့် ကျောက်ဟူတို့၏ လေယူလေသိမ်းမှာ အလွန်ပင် ရိုးသားလှသည်။ သို့သော် မမျှော်လင့်ဘဲ ချူရွှမ်သည် ထိုစကားကို ကြားသောအခါ ကြောက်ရွံ့ခြင်းမရှိသည့်အပြင် သူ၏မျက်နှာတွင် အပြုံးတစ်ခုပင် ပေါ်လာခဲ့သည်။

ထို့ကြောင့်လည်း ကျန်းလုံနှင့် ကျောက်ဟူတို့၏ အကြည့်များမှာ ထူးဆန်းသွားရသည် “ချူရွှမ်... ငါတို့က မင်းကို စေတနာနဲ့ သတိပေးနေတာလေ၊ မင်းက ဘာလို့ ပြုံးနေနိုင်ရတာလဲ”

မသိတဲ့သူဆိုရင် ချူရွှမ် စိတ်မမှန်ဘူးလို့တောင် ထင်မိပေလိမ့်မည်။

ချူရွှမ်က ရှင်းမပြဘဲ ရယ်မောလိုက်ကာ ကျန်းလုံနှင့် ကျောက်ဟူတို့၏ ပခုံးကို ပုတ်ပြီး ပြောလိုက်သည်။ “ငါ ပြုံးတာက စစ်မှန်တဲ့ သူငယ်ချင်းကောင်း နှစ်ယောက်နဲ့ တွေ့ရလို့ပါ”

“ကျန်တာတွေကတော့ ဘာမှအရေးမကြီးတော့ပါဘူး၊ ငါ့ကိုယ်ထဲကို မိစ္ဆာချီတွေ ဝင်သွားပြီပဲဟာ” ချူရွှမ်က တမင်တကာ ဝမ်းနည်းနေသည့် အမူအရာ လုပ်ပြလိုက်သည်။

ကျန်းလုံနှင့် ကျောက်ဟူတို့မှာ ချက်ချင်းပင် သနားသွားကြပြီး စကားလမ်းကြောင်းလွှဲကာ ကောင်းကင်ဘုံအကျဉ်းထောင်၏ အတွင်းပိုင်းဆီသို့ ဆက်လက်ခေါ်ဆောင်သွားကြသည်။

ထိုအချိန်အတွင်း ချူရွှမ်သည် ကောင်းကင်ဘုံ ပြစ်ဒဏ်ခတ်ခြင်း ရတနာနှင့် ဆက်သွယ်ရန် ကြိုးစားကြည့်ခဲ့သည်။

ကံမကောင်းစွာဖြင့် သူတို့ဖြတ်သွားသော အကျဉ်းသားတိုင်းကို ကောင်းကင်ဘုံ ပြစ်ဒဏ်ခတ်ခြင်း ရတနာက မည်သည့်တုံ့ပြန်မှုမျှ မပြခဲ့ပေ။

“အကျဉ်းသားတိုင်းက ကောင်းကင်ဘုံ ပြစ်ဒဏ်ခတ်ခြင်း ရတနာကို နိုးကြွစေနိုင်တာ မဟုတ်ဘူးပဲ၊ တစ်စုံတစ်ရာသော အခြေအနေတွေ လိုအပ်ပုံရတယ်”

ထိုအခြေအနေများမှာ ဘာလဲဆိုသည်ကို ချူရွှမ် မသိသေးပေ။

သို့သော် ကျန်းလုံနှင့် ကျောက်ဟူတို့၏ မိတ်ဆက်ပေးချက်များအရ ချူရွှမ်သည် မြို့စောင့်အကျဉ်းထောင်ဌာန၏ ကောင်းကင်ဘုံအကျဉ်းထောင် အခြေအနေကို နောက်ဆုံးတွင် နားလည်သွားခဲ့သည်။

ကောင်းကင်ဘုံအကျဉ်းထောင်တွင် အဆင့် ကိုးဆင့် ရှိသည်။

အကျဉ်းထောင်စောင့်များသည် ပထမ သုံးဆင့်တွင် လွတ်လပ်စွာ သွားလာနိုင်သော်လည်း နောက်ဆုံး ခြောက်ဆင့်သို့ သွားရန်မှာ အကျဉ်းထောင်မှူးကြီး၏ ခွင့်ပြုချက် သို့မဟုတ် အကျဉ်းထောင်မှူးကြီး ကိုယ်တိုင် ပါဝင်မှသာ သွားလာနိုင်သည်။

တစ်ချိန်တည်းမှာပင် ကောင်းကင်ဘုံအကျဉ်းထောင်၏ အဆင့် ပိုနက်လေလေ၊ စောင့်ကြပ်နေသော အကျဉ်းထောင်စောင့်များမှာ ပို၍ အစွမ်းထက်လေ ဖြစ်သည်။

ထို့ပြင် ဆဋ္ဌမအဆင့်မှစ၍ တာဝန်ယူထားသော အကျဉ်းထောင်စောင့်များအားလုံးမှာ လူသားအဆင့် ၉ ကျင့်ကြံခြင်းရှိကြပြီး ၎င်းမှာ မိစ္ဆာနှိမ်နင်းရေးဌာန၏ အဆင့် (၉) မိစ္ဆာနှိမ်နင်းရေးအရာရှိနှင့် ညီမျှသည်။

သတ္တမအဆင့်အောက်တွင်မူ နတ်အဆင့် ကျွမ်းကျင်သူများပင် စောင့်ကြပ်နေကြသဖြင့် ချူရွှမ်မှာ တိတ်တဆိတ် အံ့အားသင့်သွားရသည်။ ချင်မင်းဆက်တွင် မိစ္ဆာနှိမ်နင်းရေးဌာနမှာ တစ်ပြည်လုံးတွင် ကျော်ကြားလှသော်လည်း မြို့စောင့်အကျဉ်းထောင်ဌာနမှာမူ လူမသိအောင် နေထိုင်လေ့ရှိသည်။ သို့သော် ၎င်း၏ ဝှက်ဖုံးထားသော စွမ်းအားမှာ မိစ္ဆာနှိမ်နင်းရေးဌာနနှင့် မညီမျှလျှင်ပင် သိပ်ပြီး ဝေးကွာလိမ့်မည် မဟုတ်ပေ။

ကောင်းကင်ဘုံအကျဉ်းထောင်မှ ကွပ်မျက်သူမှာလည်း ချူရွှမ် ထင်ထားသည်ထက် ပို၍ လွတ်လပ်မှု ရှိသည်။

ကွပ်မျက်ရန် လိုအပ်သည့်အချိန်မှလွဲ၍ ကျန်သည့်အချိန်များတွင် သူသည် အလွန်ပင် သက်သောင့်သက်သာ နေနိုင်ပြီး အကျဉ်းထောင်ထဲတွင် ပျင်းလာပါက လမ်းမများပေါ်တွင်ပင် လျှောက်လည်နိုင်သည်။

ဤအချက်တစ်ခုတည်းနှင့်ပင် အခြားအကျဉ်းထောင်စောင့်များမှာ အလွန်ပင် မနာလိုဖြစ်ကြသည်။

သို့သော် ထိုခံစားခွင့်များကို ကွပ်မျက်သူ၏ အနာဂတ်နှင့် အသက်ဖြင့် လဲလှယ်ထားရခြင်းဖြစ်ကြောင်း စဉ်းစားမိသောအခါ အကျဉ်းထောင်စောင့်များမှာ မနာလိုစိတ် မရှိကြတော့ပေ။

ယင်းအစား အနာဂတ် တောက်ပလှသော အဆင့် (၉) မိစ္ဆာနှိမ်နင်းရေးအရာရှိဘဝမှ ကွပ်မျက်သူအဖြစ် ကျဆင်းသွားသော ချူရွှမ်ကို အကျဉ်းထောင်စောင့်များစွာက သနားကြသည်။ ထို့ကြောင့် ရက်အနည်းငယ်အတွင်းမှာပင် ချူရွှမ်သည် မြို့စောင့်အကျဉ်းထောင်ဌာန၏ ကောင်းကင်ဘုံအကျဉ်းထောင်နှင့် အလွန်ရင်းနှီးသွားခဲ့သည်။

ကျန်းလုံနှင့် ကျောက်ဟူတို့သည်လည်း ချူရွှမ်နှင့် သူငယ်ချင်းကောင်းများ ဖြစ်လာကြသည်။

အားလပ်ချိန်ရတိုင်း သူတို့သုံးဦးမှာ စုပေါင်း၍ စကားပြောခြင်း၊ အရက်သောက်ခြင်းများ ပြုလုပ်ကြသည်။

ခြုံငုံကြည့်လျှင် ကောင်းကင်ဘုံအကျဉ်းထောင်မှ ဘဝမှာ အတော်လေး ကောင်းမွန်လှသည်။

တစ်နေ့တွင်

ချူရွှမ်သည် ပုံမှန်အတိုင်းပင် ပျင်းရိနေသော ကျန်းလုံ၊ ကျောက်ဟူတို့နှင့်အတူ အကျဉ်းထောင်၏ ထောင့်တစ်နေရာတွင် အရက်သောက်ကာ စကားပြောနေစဉ် အကျဉ်းထောင်စောင့်အိုကြီးတစ်ဦးမှာ ရုတ်တရက် ပြေးလာပြီး တိုးတိုးလေး ပြောလိုက်သည် “အရက်သောက်တာ ရပ်လိုက်ကြတော့၊ အကျဉ်းထောင်မှူးကြီးက သေဒဏ်ကျအကျဉ်းသားနဲ့အတူ ပြန်ရောက်လာပြီ”

“နောက်ဆုံးတော့ ရောက်လာပြီပေါ့”

ချူရွှမ်၏ စိတ်အာရုံမှာ နိုးကြားလာခဲ့သည်။

ကျန်းလုံနှင့် ကျောက်ဟူတို့၏ ထူးဆန်းသော အကြည့်ကို မြင်သောအခါ ချူရွှမ်က ချက်ချင်း ရှင်းပြလိုက်သည်။ “ငါက အကျဉ်းထောင်မှူးကြီးကို လေးစားလို့ပါ။ သူက ခန္ဓာကိုယ်ကျင့်ကြံသူတစ်ယောက် ဖြစ်ရုံတင်မက ကျားငါးကောင်အား ရှိတဲ့သူလို့ ငါကြားဖူးတယ်”

ကျားငါးကောင်အားမှာ နတ်အဆင့် စတုတ္ထအလွှာနှင့် ညီမျှသည်။

နှိုင်းယှဉ်ကြည့်လျှင် တစ်နေ့လုံး ပျင်းနေတတ်သော ကျန်းလုံနှင့် ကျောက်ဟူတို့မှာ လူသားအဆင့် ပဉ္စမအလွှာတွင်သာ ရှိကြသည်။ အရင်က ဘာမှမခံစားရသော်လည်း ယခု နှိုင်းယှဉ်ချက်ကို ကြားလိုက်သောအခါ သူတို့နှစ်ဦးမှာ ရှက်သဖြင့် ခေါင်းငုံ့သွားကြသည်။

ထို့နောက်တွင် သူတို့သုံးဦးသည် အကျဉ်းထောင်စောင့်အိုကြီးနှင့် အခြားအကျဉ်းထောင်စောင့်များနောက်သို့ လိုက်ပါကာ အကျဉ်းထောင်မှူးကြီး ပြန်လာသည်ကို ကြိုဆိုရန် သွားကြသည်။

အကျဉ်းထောင်မှူးကြီး၏ နာမည်မှာ ဝမ်ရှန့် ဖြစ်သည်။

သူသည် မျက်နှာညိုညိုနှင့် အရပ်ပုသူဖြစ်သည်။

သို့သော် သူ၏ ခြေလှမ်းတိုင်းမှာ ကျားနှင့် ဝံပုလွေကဲ့သို့ သန်မာထည်ဝါလှပြီး ခန့်ညားသော အရှိန်အဝါတစ်ခု ထွက်ပေါ်နေသည်။

အကျဉ်းထောင်မှူးကြီး၏ နောက်တွင် သူ၏ လက်အောက်ငယ်သားများက အကျဉ်းလှောင်အိမ်ကားတစ်စီးကို စောင့်ကြပ်လာကြသည်။ ချူရွှမ်က နောက်ထပ် မိစ္ဆာတစ်ကောင် ရောက်လာပြီဟု ထင်ခဲ့သော်လည်း အမှန်စင်စစ်မှာ လူသားအိုကြီးတစ်ဦး ဖြစ်နေသည်။

သူသည် အသက် ခုနစ်ဆယ် သို့မဟုတ် ရှစ်ဆယ်ခန့်ရှိပြီး ကြင်နာသော မျက်လုံးများနှင့် သဘောကောင်းမည့် မျက်နှာရှိသည်။

ထိုသို့သော သက်ကြီးရွယ်အိုတစ်ဦး လှောင်အိမ်ထဲတွင် ပိတ်လှောင်ခံထားရသည်ကို မြင်သောအခါ အကျဉ်းထောင်စောင့်များစွာ၏ မျက်လုံးများတွင် သနားစိတ်များပင် ပေါ်လာခဲ့သည်။

လူတိုင်း၏ အမူအရာကို သတိပြုမိသောအခါ အကျဉ်းထောင်မှူးကြီးက အေးစက်စွာ ကြိမ်းမောင်းလိုက်သည် “ဒီအဖိုးကြီးရဲ့ ရုပ်ကိုကြည့်ပြီး စိတ်မလှုပ်ရှားကြနဲ့။ ဒီလူက ထျန်းယင်ဂိုဏ်းရဲ့ ထျန်းယင်ခန်းမသခင် တစ်ယောက်ပဲ၊ ပြီးတော့ သူက နတ်အဆင့် ကျွမ်းကျင်သူတစ်ယောက်လည်း ဖြစ်တယ်။ ဒါတင်မကဘူး သူက လူတွေရဲ့ စိတ်နှလုံးကို လှည့်စားရာမှာလည်း အလွန်ကျွမ်းကျင်တယ်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က သူက မိစ္ဆာတွေ သောင်းကျန်းနေတာကို အခွင့်ကောင်းယူပြီး မြို့တော်ဆင်ခြေဖုံးက မွေးကင်းစကလေးငယ် ရာပေါင်းများစွာကို ဖမ်းဆီးပြီး မိစ္ဆာကျင့်စဉ်တွေ ကျင့်ကြံခဲ့တယ်။ ဒါက ပြည်သူတွေရဲ့ ဒေါသကို ဆွပေးသလို ဖြစ်ခဲ့ပြီး နန်းတော်ကတောင် အမျက်ထွက်ခဲ့ရတယ်”

“ချူရွှမ်... မင်း ရောက်လာတာ အချိန်ကိုက်ပဲ။ မင်းက ငါတို့ မြို့စောင့်အကျဉ်းထောင်ဌာနရဲ့ သီးသန့်ကွပ်မျက်သူပဲ မင်းကို အခုချက်ချင်း ကွပ်မျက်ကွင်းကို သွားပြီး ကွပ်မျက်ဖို့ ပြင်ဆင်ထားဖို့ ငါ အမိန့်ပေးတယ်”

အခုချက်ချင်း သတ်ရမှာလား။

ချူရွှမ်နှင့် အကျဉ်းထောင်စောင့်များအားလုံး ထိတ်လန့်သွားကြသည်။ ကွပ်မျက်ကွင်းတွင် စည်းမျဉ်းတစ်ခု ရှိသည်မှာ ‘မွန်းမတည့်မီ ခေါင်းမဖြတ်ရ’ ဟူ၍ ဖြစ်သည်။ အကယ်၍ မွန်းတည့်အချိန်ကျော်သွားပါက ကွပ်မျက်ခံရသူမှာ အငြိုးအတေးကြီးသော ဝိညာဉ်ဆိုးအဖြစ် ပြောင်းလဲသွားနိုင်ခြေ အလွန်များသည်။

လူတိုင်း၏ အတွေးကို သိသည့်အလား အကျဉ်းထောင်မှူးကြီးက သက်ပြင်းချကာ ထိုအဖိုးကြီးကို လက်ညှိုးထိုးပြလိုက်သည်။ “ဒီမိစ္ဆာအိုကြီးမှာ မွန်းတည့်ချိန် ကွပ်မျက်ခံရမယ့်အစား တခြားသူတစ်ယောက်နဲ့ အစားထိုးနိုင်တဲ့ မိစ္ဆာကျင့်စဉ်တစ်ခု ရှိတယ်။ အရင်က သူ့ကို ကွပ်မျက်ဖို့ ကြိုးစားခဲ့တဲ့ အကြိမ်အတော်များများမှာ ဒီမိစ္ဆာအိုကြီးက ဘာမှမဖြစ်ဘဲ ကွပ်မျက်သူတွေပဲ ခေါင်းပြတ်သွားခဲ့ကြတယ်”

ထိုစကားကို ကြားလိုက်ရသောအခါ အကျဉ်းထောင်စောင့်များအားလုံး အသက်ရှူပင် မှားသွားကြပြီး ချူရွှမ်၏ အနားမှ တဖြည်းဖြည်း နောက်ဆုတ်သွားကြသည်။

ချူရွှမ်မှာလည်း အလွန်ပင် စိတ်ဓာတ်ကျသွားသည်။

ကွပ်မျက်သူဆိုသည်မှာ အန္တရာယ်ရှိသော အလုပ်တစ်ခုထက် အသက်ရှင်ဖို့ မျှော်လင့်ချက်မရှိတဲ့ အလုပ်တစ်ခု ဖြစ်နေသည်ဟု သူ ခံစားလိုက်ရသည်။

မတတ်သာသည့်အဆုံး သူသည် သူ၏ ထိန်းချူပ်မှုအပြင်ဘက်သို့ ရောက်နေပြီဖြစ်ရာ အရိုအသေပေးကာ အမိန့်ကို နာခံလိုက်ရသည်။ “အမိန့်အတိုင်းပါ”

သူ ဆက်ပြီး ဟန်ဆောင်လို့ မရတော့တာကို သိသွားသောအခါ လှောင်အိမ်ထဲမှ အဖိုးကြီးသည် ရုတ်တရက် ရွံရှာဖွယ်ကောင်းပြီး ရူးသွပ်သော ရယ်မောသံကို လွှတ်လိုက်သည်။ “ကလေး... မင်း သေသေချာချာ စဉ်းစားတာ အကောင်းဆုံးပဲ။ ငါက ယင်တစ္ဆေထိန်းချုပ်ခြင်း ကောင်းကင်ဘုံလမ်းစဉ် ကို ကျင့်ကြံထားသူပဲ။ မင်းသာ ငါ့ကို မွန်းလွဲပိုင်းမှာ သတ်ရဲရင် ငါက သေချာပေါက် အငြိုးအတေးကြီးတဲ့ ဝိညာဉ်ဆိုးအဖြစ် ပြောင်းလဲပြီး မင်းကို ဘဝဆက်တိုင်း အေးအေးချမ်းချမ်း နေခွင့်ပေးမှာ မဟုတ်ဘူး”

သူ စကားပြောလိုက်သည်နှင့် တစ်ပြိုင်နက် အဖိုးကြီး၏ ပတ်ဝန်းကျင်တွင် ကြောက်မက်ဖွယ်ကောင်းသော အေးစက်သည့် လေပြင်းတစ်ခု ပေါ်လာပြီး လူတိုင်းကို ချမ်းစိမ့်သွားစေသည်။ သို့သော် ချူရွှမ်မှာမူ အလွန်ပင် ဝမ်းသာသွားသည်။ အဘယ်ကြောင့်ဆိုသော် ထိုအေးစက်သော လေကို သူ ခံစားလိုက်ရသည့် အချိန်မှာပင်၊

သူ၏ကိုယ်တွင်းရှိ ကောင်းကင်ဘုံ ပြစ်ဒဏ်ခတ်ခြင်း ရတနာမှာ နောက်ဆုံးတွင် ထပ်မံ၍ တုန်ခါလာသောကြောင့် ဖြစ်သည်။

ဒီအဖိုးကြီးကတော့ ငါ့အတွက် ရတနာပဲ။

ချက်ချင်းပင် ချူရွှမ်သည် ဘာမှမပြောတော့ဘဲ သူ၏ တစ္ဆေခေါင်းပုံပါသော ဓားမကြီးကို ဆုပ်ကိုင်ကာ ကွပ်မျက်ကွင်းဆီသို့ လျှောက်လှမ်းသွားခဲ့သည်။

အကျဉ်းထောင်မှူးကြီး ဝမ်ရှန့်သည်လည်း ထွက်ခွာသွားသော ချူရွှမ်၏ ကျောပြင်ကို ကြည့်ကာ ချီးကျူးလိုက်သည်။ “သူ့မှာ သတ္တိနဲ့ ခိုင်မာတဲ့စိတ်ရှိတာပဲ။ ငါတို့ မြို့စောင့်အကျဉ်းထောင်ဌာနက တကယ်ကို အရည်အချင်းရှိသူတစ်ယောက်ကို တွေ့လိုက်ရတာပဲ။ ဒါပေမဲ့ သူ့ကိုယ်ထဲကို မိစ္ဆာချီတွေ ဝင်သွားတာကတော့ နှမြောစရာပဲ”

သူသည် အလွန်ပင် နှမြောတသစွာဖြင့် ခေါင်းခါလိုက်မိသည်။

မကြာမီမှာပင်

အကျဉ်းထောင်မှူးကြီးသည် အကျဉ်းလှောင်အိမ်ကားကို ကွပ်မျက်ကွင်းဆီသို့ ကိုယ်တိုင် စောင့်ကြပ်ခေါ်ဆောင်လာခဲ့သည်။

ဤအချိန်တွင် ကွပ်မျက်ကွင်း၏ ပတ်ဝန်းကျင်တွင် လူအုပ်ကြီးမှာ စုရုံးနေကြပြီး ငိုကြွေးသံများမှာလည်း ဆက်တိုက် ထွက်ပေါ်နေသည်။ ထိုအဖိုးကြီး ပေါ်လာသည်ကို မြင်သောအခါ ထိုလူများမှာ ရုတ်တရက် ဒေါသထွက်လာကြပြီး ကျောက်ခဲများ၊ ဥများနှင့် လှမ်းပေါက်ကြတော့သည်။

“ဒါတွေက အဲဒီထျန်းယင်ခန်းမသခင် ဖမ်းသွားတဲ့ ကလေးငယ်တွေရဲ့ မိသားစုဝင်တွေပဲ ဒီကိစ္စက ပြည်သူတွေရဲ့ ဒေါသကို အရမ်းဆွပေးခဲ့လို့ နောက်ဆက်တွဲ ပြဿနာတွေ မဖြစ်လာအောင် သူ့ကို ချက်ချင်း ကွပ်မျက်ရမယ်”

အကျဉ်းထောင်မှူးကြီးက ချူရွှမ်၏ အနားသို့ လျှောက်လာရင်း ရှင်းပြသည်။

ချူရွှမ်က ခေါင်းညိတ်လိုက်ပြီး ငိုကြွေးနေသော ပြည်သူများကို ကြည့်ကာ မိစ္ဆာကျင့်စဉ်အတွက် အသုံးချခံခဲ့ရသော ကလေးငယ်များကို တွေးတောမိသောအခါ ယခုတစ်ကြိမ်တွင် ချူရွှမ်မှာ မည်သို့မျှ တွန့်ဆုတ်မနေတော့ပေ။

သူသည် ကွပ်မျက်ကွင်းပေါ်သို့ တိုက်ရိုက်တက်သွားပြီး အဖိုးကြီး၏ ရှေ့သို့ ရောက်ရှိလာခဲ့သည်။

ထိုအဖိုးကြီးမှာ ထူးဆန်းစွာ ရယ်မောနေဆဲပင်။ “လာလေ... ငါ့ကို သတ်လိုက်စမ်း ဒါပေမဲ့ မင်းသာ အဲဒီဓားကို ပိုင်းချရဲရင် မင်းသေမလား၊ ငါသေမလားဆိုတာ ကြည့်ရသေးတာပေါ့၊ ဟားဟားဟားဟား”

အခန်း (၅)

တစ္ဆေဖြစ်သွားခြင်းနှင့် အတွေးလွန်နေခြင်း

ချူရွှမ်၏ မျက်နှာမှာ အထင်အမြင်သေးမှုများဖြင့် ပြည့်နှက်သွားသည်။

ထိုသွေးကျားသစ်သည်လည်း တစ်ခါက ဤကဲ့သို့ပင် ပြောခဲ့ဖူးပြီး ယခုအခါတွင်မူ သူ၏သင်္ချိုင်းပေါ်၌ မြက်ပင်ပင် ပေါက်နေလောက်ပြီဖြစ်သည်။

ဒါကို တွေးမိသောအခါ ချူရွှမ်၏ သတ္တိများမှာ ထွက်ပေါ်လာပြီး သူ၏ကိုယ်တွင်းရှိ သွေးရောင်ကျမ်းစာအုပ်မှာလည်း ‘ကျားဖြူ’ တစ်ကောင် ဟိန်းဟောက်နေသည့်အလား လှုပ်ခတ်လာသည်။ “ဒီနေ့ ငါ ချူရွှမ်ဟာ ကောင်းကင်ဘုံကိုယ်စား တရားမျှတမှုကို ဖော်ဆောင်ပြီး မိစ္ဆာတွေကို သုတ်သင်မယ်”

သတ်စမ်း

တစ္ဆေခေါင်းပုံပါသော ဓားမကြီးကို အမြင့်သို့ မြှောက်လိုက်သည်။

“လာလေ”

အကျဉ်းလှောင်အိမ်ကားထဲမှ အဖိုးကြီးမှာ ကြောက်ရွံ့ခြင်းမရှိဘဲ သူ၏ဦးခေါင်းကို လှောင်အိမ်ပြင်ပသို့ တမင်ထုတ်ပေးကာ ဓားမကြီး ပိုင်းချလာသည်ကို ထူးဆန်းစွာ ပြုံးလျက် စောင့်ကြိုနေသည်။

‘ဖတ်’ ခနဲ အသံတစ်ချက် ထွက်ပေါ်လာသည်။

သွေးစိုနေသော ဦးခေါင်းတစ်ခုမှာ လိမ့်ကျသွားသော်လည်း မြေပြင်ပေါ်သို့ ကျမသွားဘဲ ဘောလုံးတစ်ခုကဲ့သို့ ခုန်တက်သွားကာ သွေးစွန်းနေသော ဦးခေါင်းခွံအတွင်းမှ အဆုံးမဲ့သော ယင်လေပြင်း များ ထွက်ပေါ်လာသည်။

“ကလေး... ငါ မင်းကို ပြောပြီးပြီပဲ၊ မင်းသာ ငါ့ကို သတ်ရင် ငါက အငြိုးအတေးကြီးတဲ့ တစ္ဆေအဖြစ် ပြောင်းလဲပြီး မင်းရဲ့ အသက်ကို နှုတ်ယူမယ်လို့ အခု မင်းရဲ့အသက်ကို ပေးလိုက်စမ်း”

ကွပ်မျက်ကွင်းပေါ်တွင် ထိုအဖိုးကြီး၏ ဦးခေါင်းမှာ ဟိန်းဟောက်နေသည်။

ကွပ်မျက်ကွင်း တစ်ခုလုံးမှာ တစ်ခဏချင်းအတွင်းမှာပင် ပြင်းထန်စွာ တိုက်ခတ်နေသော ယင်လေပြင်းများဖြင့် ပြည့်နှက်သွားသည်။

၎င်းမှာ ကွပ်မျက်ကွင်း တစ်ခုလုံးကို ဝါးမြိုတော့မည့် ဧရာမ တစ္ဆေမျက်နှာကြီးတစ်ခုနှင့် တူလှသည်။

ချူရွှမ်၏ မျက်ခွံများမှာ ပြင်းထန်စွာ တုန်ခါသွားသည်။

သူ ဘာလုပ်ရမှန်း မသိဖြစ်နေစဉ်မှာပင်

ရုတ်တရက် ဝုန်းခနဲ မြည်ဟည်းသံတစ်ခု ထွက်ပေါ်လာသည်။

သူ၏မျက်စိရှေ့တွင် လျှပ်စီးကြောင်းတစ်ခု ပေါ်လာပြီး ဧရာမ တစ္ဆေမျက်နှာကြီးပေါ်သို့ ပြင်းထန်စွာ ရိုက်ခတ်လိုက်သည်။ ထိုတစ္ဆေမျက်နှာကြီးမှာ စူးစူးဝါးဝါး အော်ဟစ်လိုက်ရပြီး တစ်ခဏချင်းမှာပင် တစ္ဆေမျက်နှာနှင့် အဖိုးကြီး၏ ဦးခေါင်းနှစ်ခုလုံးမှာ လျှပ်စီးကြောင့် ပြာအဖြစ် ကြွေကျပျက်စီးသွားခဲ့သည်။

သူ မော့ကြည့်လိုက်သည်။

ကွပ်မျက်ကွင်း၏ ကြည့်ရှုရာစင်မြင့်ပေါ်တွင် မည်သည့်အချိန်က ရောက်နေမှန်းမသိသော မျက်နှာဖြူဖြူနှင့် အရာရှိတစ်ဦး ပေါ်လာပြီး လျှပ်စစ်အလင်းတန်းများ ထွက်ပေါ်နေသည့် လျှပ်စီးအဆောင်တစ်ခုကို ကိုင်ဆောင်ထားသည်။

“ဒါက တရားရေးဝန်ကြီးဌာနက သခင်ကျန်းပဲ၊ သူကိုင်ထားတာက ‘ထျန်းကန်းဂိုဏ်း’ ရဲ့ ‘မိုးကြိုးငါးသွယ် တရားမျှတမှု အဆောင်’ ပဲ။ ဒါက တစ္ဆေတွေနဲ့ မိစ္ဆာတွေကို နှိမ်နင်းဖို့ သီးသန့်ပြုလုပ်ထားတာ။ ဒါကြောင့် ချူရွှမ်... မင်း ဒီမိစ္ဆာအိုကြီးရဲ့ နှောင့်ယှက်မှုကို ခံရမှာကို စိုးရိမ်စရာ မလိုတော့ဘူး။ ဒီမိုးကြိုးအဆောင်အောက်မှာ အဲဒီအဖိုးကြီးဟာ ဝိညာဉ်အဖြစ် ပြောင်းလဲဖို့တောင် အခွင့်အရေး ရမှာမဟုတ်ဘူး”

အကျဉ်းထောင်မှူးကြီး ဝမ်ရှန့်က အသံလှိုင်းဖြင့် ပို့လွှတ်ကာ ပြောလိုက်သည်။

၎င်းမှာ ရှင်းပြခြင်းဖြစ်သလို နှစ်သိမ့်ပေးခြင်းလည်း ဖြစ်သည်။

သို့သော် ချူရွှမ်မှာ မပျော်နိုင်ပေ။

နောက်ဆုံးတော့ ကောင်းကင်ဘုံ ပြစ်ဒဏ်ခတ်ခြင်း ရတနာက စိတ်ဝင်စားတဲ့အရာတစ်ခုနဲ့ တွေ့ပါပြီဆိုမှ၊ တစ်ယောက်ယောက်က လမ်းခုလတ်မှာ ငါ့သားကောင်ကို လုသွားတာပဲ။ ဒါက ငါရမယ့် ဆုလာဘ်ကို ထိခိုက်သွားစေမှာလား။

ချူရွှမ်သည် စိတ်ပျက်လက်ပျက်ဖြင့် ဘာမှမပြောဘဲ ကွပ်မျက်ကွင်းမှ ထွက်ခွာကာ ကောင်းကင်ဘုံအကျဉ်းထောင်သို့ တိုက်ရိုက်ပြန်လာခဲ့သည်။

အကျဉ်းထောင်မှူးကြီးကလည်း သူ့ကို အပြစ်မတင်ပေ။

ချူရွှမ်မှာ ထိတ်လန့်သွားသည်ဟု သူက ထင်နေခြင်းဖြစ်သော်လည်း ချူရွှမ်မှာ မကြောက်ဘဲ တစ်စုံတစ်ယောက်က သူ၏ သားကောင်ကို လုသွားမည်ကို စိုးရိမ်နေခြင်းဖြစ်ကြောင်း သူ မသိပေ။

ထို့ကြောင့် ချူရွှမ်သည် ဆိတ်ငြိမ်သော နေရာတစ်ခုသို့ ပြေးသွားကာ သူ၏ စိတ်အာရုံဖြင့် ကောင်းကင်ဘုံ ပြစ်ဒဏ်ခတ်ခြင်း ရတနာကို ချက်ချင်း ဖွင့်ကြည့်လိုက်ရာ ကျမ်းစာအုပ်အတွင်း၌ သွေးရောင်စာသားအသစ် တစ်ကြောင်း ထပ်တိုးလာသည်ကို တွေ့လိုက်ရသည်။

[ ထူယင်

ထျန်းယင်ခန်းမသခင်

ကြယ်သုံးပွင့် အပြစ်သား

သုတ်သင်ခြင်းအတွက် အနှစ်နှစ်ဆယ်စာ ကျင့်ကြံခြင်း စွမ်းအား ရရှိသည်။

‘ယင်ကိုးပါး အရိုးဖြူ လက်သည်းကျင့်စဉ်’ ကို ရရှိသည်]

“တော်သေးတာပေါ့၊ လုမခံရဘူးပဲ။ ဒီတစ်ခါ ကျင့်ကြံခြင်းအပြင် ထျန်းယင်ဂိုဏ်းရဲ့ အစွမ်းထက်ဆုံး ‘ယင်ကိုးပါး အရိုးဖြူ လက်သည်းကျင့်စဉ်’ ကိုပါ မထင်မှတ်ဘဲ ရလိုက်တယ်”

“ကြည့်ရတာ ကောင်းကင်ဘုံ ပြစ်ဒဏ်ခတ်ခြင်း ရတနာ ရှိနေသရွေ့ သားကောင်အလုခံရတာမျိုး မရှိနိုင်ဘူးပဲ။ ကျင့်ကြံခြင်းနဲ့ မှတ်ဉာဏ်တွေအပြင် တခြားသူရဲ့ ကိုယ်ခံပညာတွေကိုပါ သိမ်းပည်းနိုင်တာပဲ”

ချူရွှမ် အနည်းငယ် စိတ်လှုပ်ရှားသွားသည်။

မိစ္ဆာနှိမ်နင်းရေးကျင့်စဉ်အပြင် ဒါဟာ သူပထမဆုံး ရရှိတဲ့ ကိုယ်ခံပညာဖြစ်ပြီး ၎င်းမှာ ထျန်းယင်ခန်းမသခင်၏ ပညာရပ်လည်း ဖြစ်သည်။

သူသည် ထိုပညာရပ်၏ စွမ်းအားကို ချက်ချင်း စမ်းသပ်ကြည့်ချင်သော်လည်း ဤနေရာမှာ ကောင်းကင်ဘုံအကျဉ်းထောင် ဖြစ်နေသည်ကို သတိရကာ စိတ်ကို ထိန်းချူပ်လိုက်ပြီး အကျဉ်းထောင်မှူးကြီးထံ သွား၍ ခွင့်တောင်းလိုက်သည်။

အကျဉ်းထောင်မှူးကြီးကလည်း လွယ်လွယ်ကူကူပင် ခွင့်ပြုပေးခဲ့သည်။

နောက်ဆုံးတော့ သူဟာ လူတစ်ယောက်ကို အခုလေးတင် သတ်ထားတာပဲ မဟုတ်ပါလား။

အပြင်ထွက်ပြီး စိတ်အပန်းဖြေတာက သဘာဝကျလှသည်။

“ဒါပေမဲ့ ချူရွှမ်... ကောင်းကင်ဘုံအကျဉ်းထောင်နဲ့ အရမ်းဝေးတဲ့နေရာကို မသွားနဲ့ဦး။ အနီးအနားမှာပဲ စိတ်လျှော့ပြီး လမ်းလျှောက်ပေါ့” အကျဉ်းထောင်မှူးကြီးက စေတနာဖြင့် အကြံပေးလိုက်သည်။

သို့သော် ထျန်းယင်ခန်းမသခင် အငြိုးအတေး တ‌စ္ဆေအဖြစ် ပြောင်းလဲရန် ကြိုးစားစဉ်က ထွက်ပေါ်လာသော အေးစက်သည့် ယင်လေပြင်းများကို တွေးမိသောအခါ

ချူရွှမ်သည် လမ်းမပေါ်တွင် သူ၏ ကိုယ်ခံပညာကို မဆင်မခြင် ထုတ်မပြရဲပေ။

သူ အနည်းငယ် စဉ်းစားလိုက်ပြီး မြို့တော်ပြင်ပသို့ ထွက်လာခဲ့သည်။

ထို့နောက် ညမှောင်လာသောအခါ မြို့တော်ပြင်ပရှိ လူသေအလောင်းများ စုပုံရာ သင်္ချိုင်းကုန်းသို့ ရောက်လာခဲ့သည်။

ဤနေရာတွင် သင်္ချိုင်းဂူများစွာ ရှိသောကြောင့် ဝိညာဉ်များနှင့် တစ္ဆေများရှိသည်ဟု သတင်းကြီးလေ့ရှိကာ ထျန်းယင်ဂိုဏ်း၏ မိစ္ဆာလမ်းစဉ်အတွက် ဤနေရာမှာ အရိုးဖြူလက်သည်းကျင့်စဉ်ကို လေ့ကျင့်ရန် အကောင်းဆုံးနေရာ ဖြစ်နေသည်။

တစ်ချိန်တည်းမှာပင် ချူရွှမ်၏ စိတ်ထဲ၌ အံ့ဩဖွယ် အတွေးတစ်ခု ပေါ်လာသည်။

ကောင်းကင်ဘုံ ပြစ်ဒဏ်ခတ်ခြင်း ရတနာက ရရှိတဲ့ ကျင့်ကြံခြင်း စွမ်းအားတွေက ငါ့ရဲ့ ကျင့်စဉ်အဆင့်ကို မြှင့်တင်ပေးနိုင်ရင်၊ ငါ့ရဲ့ ကိုယ်ခံပညာအဆင့်ကိုရော မြှင့်တင်ပေးနိုင်မလား။

သူ ချက်ချင်းပင် လက်တွေ့စမ်းသပ်လိုက်သည်။

ချူရွှမ်သည် သူရရှိထားသော အနှစ်နှစ်ဆယ်စာ ကျင့်ကြံခြင်း စွမ်းအားများကို ယင်ကိုးပါး အရိုးဖြူလက်သည်းကျင့်စဉ်နှင့် ပေါင်းစပ်ရန် ကြိုးစားလိုက်သည်။ တစ်ခဏချင်းမှာပင် သူ၏ခန္ဓာကိုယ် ပတ်လည်၌ ယင်လေပြင်းများ စုဝေးလာခဲ့သည်။

သူ၏ စိတ်ထဲ၌ သွေးရောင်သတင်းအချက်အလက်များစွာ ပေါ်လာသည်။

၎င်းတို့မှာ ယင်ကိုးပါး အရိုးဖြူလက်သည်းကျင့်စဉ်၏ နက်နဲသော အသိအမြင်များပင် ဖြစ်သည်။

“တကယ်ပဲ အလုပ်ဖြစ်တာပဲ၊ တစ်ခဏအတွင်းမှာတင် ငါ့ရဲ့ အရိုးဖြူလက်သည်းကျင့်စဉ်အပေါ် နားလည်မှုက အနှစ်နှစ်ဆယ်စာလောက် ရုတ်တရက် တိုးတက်သွားသလို ခံစားရတယ်”

ထို့နောက် ချူရွှမ်သည် ယင်ကိုးပါး အရိုးဖြူလက်သည်းကျင့်စဉ်ကို အသုံးပြု၍ ရုတ်တရက် တိုက်ခိုက်လိုက်သည်။

တစ်ခဏချင်းမှာပင် သင်္ချိုင်းကုန်းတစ်ခုလုံးမှာ ပြင်းထန်သော ယင်လေပြင်းများနှင့် မရေမတွက်နိုင်သော လက်သည်းရိပ်များဖြင့် ပြည့်နှက်သွားရာ ချူရွှမ်မှာ ထိုအခိုက်အတန့်တွင် အေးစက်၊ ဆန်းကြယ်ပြီး အစွမ်းထက်လှသော ‘အရိုးဖြူ တစ္ဆေဘုရင်’ တစ်ပါးအဖြစ် ပြောင်းလဲသွားသည့်အလား ထင်မှတ်ရသည်။

သင်္ချိုင်းကုန်းအတွင်းရှိ လေလွင့်ဝိညာဉ်များနှင့် တစ္ဆေများမှာ ထိတ်လန့်သွားကြပြီး အရပ်ရပ်သို့ ထွက်ပြေးကြတော့သည်။

ထိုအချိန်တွင် ပြင်းထန်သော ယင်စွမ်းအင်များကို ခံစားမိလိုက်သော လူရိပ်နှစ်ခုမှာ ထိတ်လန့်သွားကြသည်။ “ဘာတွေ ဖြစ်နေတာလဲ။ ဘာလို့ ဒီသင်္ချိုင်းကုန်းက ယင်စွမ်းအင်တွေက ဒီလောက်တောင် ရုန်းရင်းဆန်ခတ် ဖြစ်နေရတာလဲ”

“ဒီမှာ လာပြီး ကျင့်ကြံနေတဲ့ လမ်းစဉ်တူညီနောင်တစ်ယောက်ယောက်များလား။ အကယ်၍ သူတို့ရဲ့ ကျင့်ကြံခြင်းက အစွမ်းထက်ရင်တော့ ထားလိုက်ပေါ့၊ ဒါပေမဲ့ သူတို့က အားနည်းနေရင်တော့... ဟဲဟဲ... ငါတို့ ညီအစ်ကိုနှစ်ယောက် ဒီညတော့ ကံကောင်းတော့မှာပဲ”

မိစ္ဆာလမ်းစဉ်ကိုယ်ခံပညာရှင်များကြားတွင် သစ္စာတရားဟူသည် မရှိပေ။

ထိုနှစ်ဦးမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး လောဘစိတ်များဖြင့် သင်္ချိုင်းကုန်း၏ အနက်ရှိုင်းဆုံးနေရာဆီသို့ တိတ်တဆိတ် ဦးတည်သွားကြသည်။ ထိုအချိန်တွင် ချူရွှမ်မှာမူ ဘာမှ သတိမထားမိပေ။

သူသည် ယင်ကိုးပါး အရိုးဖြူလက်သည်းကျင့်စဉ်ကို လေ့ကျင့်ရာတွင် လုံးဝ နစ်မြုပ်နေသည်။

ဒါဟာ မိစ္ဆာကိုယ်ခံပညာ တစ်ခုဖြစ်သော်လည်း ကောင်းကင်ဘုံ ပြစ်ဒဏ်ခတ်ခြင်း ရတနာမှတစ်ဆင့် ရရှိထားခြင်းဖြစ်ရာ ချူရွှမ်အနေဖြင့် ၎င်းကို တတ်မြောက်ရန် မည်သည့် မကောင်းမှုမျှ ပြုလုပ်ရန် မလိုပေ။

ထို့ကြောင့် ချူရွှမ်သည် ၎င်းကို ပွင့်လင်းစွာနှင့် ကြောက်ရွံ့ခြင်းမရှိဘဲ လေ့ကျင့်နေခြင်းဖြစ်သည်။

သို့သော် သူ၏ ပညာရပ်မှာ အဆင့်မြင့်သို့ ရောက်ရှိနေစဉ်၊ အဆင့် (၉) မိစ္ဆာနှိမ်နင်းရေးအရာရှိတစ်ဦး၏ အာရုံခံစားမှုအရ တစ်စုံတစ်ယောက် အနားသို့ လျင်မြန်စွာ ချဉ်းကပ်လာသည်ကို သူ ခံစားလိုက်ရပြီး ချူရွှမ်၏ နှလုံးခုန်သံမှာ မြန်သွားခဲ့သည်။

ထို့နောက် သူ ဒေါသထွက်သွားတော့သည်။

ငါ အရမ်း ပေါ့ဆသွားတာပဲ။

အကယ်၍ တစ်စုံတစ်ယောက်က ငါ မိစ္ဆာပညာ လေ့ကျင့်နေတာကို မြင်သွားရင် ငါ့ရဲ့ နာမည်ကို ဘယ်တော့မှ ပြန်ဆေးကြောလို့ ရမှာမဟုတ်ဘူး။ ချူရွှမ် အနည်းငယ် ထိတ်လန့်သွားသော်လည်း သူ မမျှော်လင့်ထားသည့်အရာ တစ်ခု ဖြစ်ပျက်လာသည်။

သူ အသုံးပြုနေသော ကိုယ်ခံပညာကို မြင်လိုက်ရသောအခါ ပေါ်လာသော လူရိပ်နှစ်ခုမှာ ပထမဆုံး ထိတ်လန့်သွားကြပြီးနောက် သူတို့၏ မျက်နှာများမှာ ဖြူဖျော့သွားကာ ကြောက်လန့်လွန်း၍ ဆီးပင် ထွက်မတတ် ဖြစ်သွားကြသည်။

သူတို့မှာ မူလက ထျန်းယင်ဂိုဏ်းမှ တပည့်များ ဖြစ်ကြရာ ချူရွှမ် အသုံးပြုနေသည်မှာ ထျန်းယင်ဂိုဏ်း၏ ခန်းမသခင်အဆင့်နှင့် အထက်မှသာ လေ့ကျင့်နိုင်သည့် ‘ယင်ကိုးပါး အရိုးဖြူလက်သည်းကျင့်စဉ်’ ဖြစ်ကြောင်း တစ်ချက်ကြည့်ရုံဖြင့် သိလိုက်ကြသည်။

ထိုပညာရပ်၏ ကျွမ်းကျင်မှုကို ကြည့်ရသည်မှာ သူတို့၏ ဆရာဖြစ်သူ ‘ထူယင်’ အသုံးပြုသည်နှင့်ပင် တန်းတူ ဖြစ်နေသည်။

ထို့ကြောင့် ချူရွှမ်မှာ အလွန်ငယ်ရွယ်ပြီး သူတို့အတွက် သူစိမ်းဖြစ်နေသော်လည်း ထိုထျန်းယင်ဂိုဏ်းတပည့် နှစ်ဦးမှာ အနည်းငယ်မျှပင် သံသယမဝင်ရဲကြပေ။

‘ဖတ်’ ခနဲ အသံနှင့်အတူ သူတို့နှစ်ဦးမှာ ချူရွှမ်၏ အဝေးမှနေ၍ ဒူးထောက်လိုက်ကြသည်။ “လက်အောက်ငယ်သားတွေက စီနီယာကို ဂါရဝပြုပါတယ်၊ စီနီယာလူကြီးမင်း ဒီမှာ ကျင့်ကြံနေမှန်း မသိလို့ ပြစ်မှားမိတာကို ခွင့်လွှတ်ပေးပါ ခင်ဗျာ”

“စီနီယာလား”

ချူရွှမ် မှင်သက်သွားသည်။

သို့သော် ထိုသူနှစ်ဦးထံမှ ထွက်ပေါ်နေသော အေးစက်သည့် အငွေ့အသက်မှာ နေ့လယ်က သူ ကွပ်မျက်ခဲ့သော အဖိုးကြီးနှင့် တူညီနေသည်ကို ခံစားမိသောအခါ ချူရွှမ်၏ မျက်နှာမှာ ပြန်လည် တည်ငြိမ်သွားသည်။

ငါ ဒီလောက်တောင် ကံဆိုးရတာလား။

ကိုယ်ခံပညာ လာလေ့ကျင့်တာကိုမှ ထျန်းယင်ဂိုဏ်းက လူတွေနဲ့ တိုးရတယ်လို့။

ဒါပေမဲ့ သူ ထိတ်လန့်ပြလို့ မဖြစ်ဘူး။

အကယ်၍ အခု သူ ထိတ်လန့်ပြလိုက်ရင် သူဟာ အမှားတစ်ခုခုကို ဖော်ပြမိသွားလိမ့်မည်။

ထို့ကြောင့် ချူရွှမ်သည် တည်ငြိမ်ဟန်ဆောင်ကာ အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ “မိုက်ရူးရဲဆန်လှချည်လား၊ မင်းတို့နှစ်ယောက်က ငါ့ကို ဂိုဏ်းက စီနီယာတစ်ယောက်မှန်း ဘယ်လိုသိတာလဲ၊ ပြီးတော့ ဘာအကြောင်းမှမရှိဘဲ ဘာလို့ ဒီမှာ လျှောက်သွားနေကြတာလဲ”

“ဒါနဲ့... ဒီသင်္ချိုင်းကုန်းမှာ မင်းတို့လူ ဘယ်နှယောက် ကျန်သေးလဲ”

အခန်း (၆)

ပြိုင်ဘက်ကင်း သတ်ဖြတ်သူဓား

“စီနီယာ... ကျီစယ်နေတာပဲ။ ကျွန်တော်တို့ ထျန်းယင်ဂိုဏ်းမှာ ခန်းမသခင်အဆင့်နဲ့ အထက်က အမာခံအဖွဲ့ဝင်တွေပဲ ‘ယင်ကိုးပါး အရိုးဖြူ လက်သည်းကျင့်စဉ်’ ကို အသုံးပြုနိုင်တာပါ။ ပြီးတော့ ဒီသင်္ချိုင်းကုန်းမှာလည်း ကျွန်တော်တို့နှစ်ယောက်ပဲ ရှိတာပါ”

“ကျွန်တော်တို့ ဘာလို့ ဒီကို ရောက်နေရသလဲဆိုရင်...”

“ကျွန်တော်တို့က ခန်းမသခင် ထူယင်ရဲ့ တပည့်တွေမို့လို့ပါ။ နေ့လယ်ပိုင်းက ကျွန်တော်တို့ရဲ့ ဆရာကို ကယ်တင်ဖို့အတွက် ကောင်းကင်ဘုံအကျဉ်းထောင်ရဲ့ အခြေအနေကို သွားရောက် စုံစမ်းဖို့ အမိန့်ပေးခံခဲ့ရပါတယ်။ ဒါပေမဲ့ လမ်းခုလတ်မှာတင် ကျွန်တော်တို့ဆရာ ခေါင်းဖြတ်ခံလိုက်ရပြီဆိုတဲ့ သတင်းဆိုးကို ကြားလိုက်ရလို့ပါ”

“ကျွန်တော်တို့မှာ တခြားရွေးချယ်စရာမရှိဘဲ ဒီသင်္ချိုင်းကုန်းကို လာပြီး တိုင်ပင်နေကြတာပါ။ ဆရာ့ကို မကယ်တင်နိုင်တော့တဲ့အတွက် ကျွန်တော်တို့ ကလဲ့စားပဲ ချေနိုင်ပါတော့မယ်။ ဒီည အကောင်အထည်ဖော်ဖို့ ကျွန်တော်တို့ ဆုံးဖြတ်ထားပြီးပြီ။ ချူရွှမ်လို့ခေါ်တဲ့ ကွပ်မျက်သူရဲ့ အိမ်ကို ခိုးဝင်ပြီး သူ့အရိုးတွေကို ပြာဖြစ်အောင်ကြိတ်၊ ပြီးရင် သူ့ကို အငြိုးအတေးကြီးတဲ့ ဝိညာဉ်အဖြစ် ပြောင်းလဲပြီး မသေနိုင်မရှင်နိုင်ဖြစ်အောင် နှိပ်စက်ပစ်မယ်”

သူတို့ စကားပြောနေစဉ် သူတို့၏ မျက်လုံးများထဲတွင် ယုတ်မာကောက်ကျစ်သော အရိပ်အယောင်များ ထွက်ပေါ်နေသည်။

ချူရွှမ်၏ မျက်လုံးရှေ့တွင် မြင်းပေါင်းတစ်သောင်း ပြေးလွှားနေသကဲ့သို့ ခံစားလိုက်ရပြီး သူ၏မျက်နှာမှာ အနည်းငယ် တွန့်ရှုံ့သွားသည်။ ထို့နောက် သူက အေးစက်စွာ ရယ်မောလိုက်ပြီး “ကောင်းတယ်... အရမ်းကောင်းတာပဲ။ ဒါပေမဲ့ နှမြောစရာပဲ၊ မင်းတို့ တစ္ဆေဖြစ်ဖို့ စဉ်းစားနေတာက အဝေးကြီး လိုသေးတယ်၊ အလောင်းဖြစ်ဖို့ကျတော့...”

သတ်စမ်း။

ထိုသူနှစ်ဦး တုံ့ပြန်ရန် အခွင့်အရေးပင် မရလိုက်ပေ။ သူတို့ ဒူးထောက်နေစဉ်မှာပင် ချူရွှမ်သည် ‘ယင်ကိုးပါး အရိုးဖြူ လက်သည်းကျင့်စဉ်’ ကို မတွန့်မဆုတ် အသုံးပြုလိုက်သည်။ သူတို့နှစ်ဦးမှာ သူတို့၏ ဦးခေါင်းထိပ်တည့်တည့်သို့ လက်သည်းရိပ်နှစ်ခု ချက်ချင်း ကျရောက်လာသည်ကိုသာ မြင်လိုက်ရတော့သည်။

သူတို့ အော်ဟစ်ရန်ပင် အချိန်မရလိုက်ပေ။

သူတို့၏ ဦးနှောက်များ ချက်ချင်း ပွင့်ထွက်သွားပြီး ဦးခေါင်းခွံများ ကြေမွကာ သေဆုံးသွားကြသည်။

ထိုထျန်းယင်ဂိုဏ်းတပည့် နှစ်ဦးကို တစ်ပြိုင်နက် သတ်ဖြတ်ပြီးနောက်၊ ချူရွှမ်သည် သူ၏ကိုယ်တွင်းရှိ ‘ကောင်းကင်ဘုံ ပြစ်ဒဏ်ခတ်ခြင်း ရတနာ’ ထံမှ မမျှော်လင့်ထားသော သတင်းအချက်အလက်သစ် နှစ်ကြောင်းကို ထပ်မံရရှိခဲ့သည်။

【 ကျန်းကွိုက် 】

ထျန်းယင်ဂိုဏ်းတပည့်။

ကြယ်တစ်ပွင့် အပြစ်သား။

သုံးနှစ်စာ ကျင့်ကြံခြင်းစွမ်းအား ရရှိသည်။

【 လီကွိုက် 】

ထျန်းယင်ဂိုဏ်းတပည့်။

ကြယ်နှစ်ပွင့် အပြစ်သား။

မှတ်ဉာဏ်အပိုင်းအစတစ်ခု ရရှိသည်။

ချူရွှမ်မှာ ဆွံ့အသွားရသည်။

ဒီလူနှစ်ယောက်ရဲ့ နာမည်တွေက သာမန်ဖြစ်ရုံတင်မကဘဲ သူတို့ဆီကရတဲ့ ဆုလာဘ်တွေကလည်း သာမန်ပဲ ဖြစ်နေသည်။ သို့သော် တစ်ဖက်လူမှာ ဝိညာဉ်နှင့် တစ္ဆေလမ်းစဉ်ကို ကျင့်ကြံသော မိစ္ဆာလမ်းစဉ်ကိုယ်ခံပညာရှင်များ ဖြစ်သည့်အတွက် ချူရွှမ်မှာ ပေါ့ပေါ့ဆဆ မနေရဲပေ။

သူသည် ထိုအလောင်းများကို နာရီဝက်ခန့် စောင့်ကြည့်နေခဲ့သည်။

ထိုသူနှစ်ဦးမှာ တစ္ဆေအဖြစ် ပြောင်းလဲနိုင်စွမ်း မရှိတော့ကြောင်း အတည်ပြုပြီးမှသာ ချူရွှမ်သည် သက်ပြင်းအရှည်ကြီး ချနိုင်တော့သည်။ သုံးနှစ်စာ ကျင့်ကြံခြင်းစွမ်းအားကို ‘ယင်ကိုးပါး အရိုးဖြူ လက်သည်းကျင့်စဉ်’ ထဲသို့ တိုက်ရိုက် ထည့်သွင်းလိုက်သည်။

ထို့နောက် သူသည် မှတ်ဉာဏ်အပိုင်းအစကို စတင် စစ်ဆေးကြည့်သည်။

ဤသို့ ကြည့်လိုက်ခြင်းမှာ သေးငယ်သော ကိစ္စမဟုတ်ပေ။

ဖတ်ပြီးနောက် ချူရွှမ်၏ မျက်နှာမှာ ချက်ချင်း ပြာနှမ်းသွားသည်။ အဘယ်ကြောင့်ဆိုသော် ထိုမှတ်ဉာဏ်အပိုင်းအစထဲတွင် လီကွိုက်၏ လွန်ခဲ့သော ခုနစ်ရက်တာ မှတ်ဉာဏ်များ အားလုံး ပါဝင်နေသောကြောင့် ဖြစ်သည်။

ထိုမှတ်ဉာဏ်ထဲတွင် ထူယင်၏ တပည့်များမှာ နှစ်ဦးတည်း မဟုတ်ဘဲ ဆယ်ဂဏန်းထက်မက ရှိနေကြောင်း ချူရွှမ် သိရှိသွားသည်။

၎င်းအပြင်

မြို့တော်ရှိ စားသောက်ဆိုင်တစ်ခုတွင် ထျန်းယင်ဂိုဏ်း၏ လျှို့ဝှက်စခန်းတစ်ခု ရှိနေပြီး အတွင်း၌ ထျန်းယင်ဂိုဏ်း၏ သူလျှိုများစွာ ရှိနေကြောင်းလည်း သိရသည်။

ထို့ပြင် ထူယင် အဖမ်းခံထားရစဉ်အတွင်း ထျန်းယင်ဂိုဏ်း၏ အဆင့်မြင့်အရာရှိများက အထူးအမိန့် နှစ်ရပ်ကို ထုတ်ပြန်ခဲ့သည်။ ပထမတစ်ခုမှာ ထူယင်ကို အပြည့်အဝ ကယ်တင်ရန် ဖြစ်သည်။

ဒုတိယအမိန့်မှာ အကယ်၍ ထူယင် သေဆုံးသွားပါက ကွပ်မျက်မှုကို လုပ်ဆောင်ခဲ့သော ကွပ်မျက်သူကို သတ်ဖြတ်ပြီး ထူယင်အတွက် ကလဲ့စားချေနိုင်သူအား ကြီးမားသော ဂုဏ်ပြုဆု ချီးမြှင့်မည်ဟူ၍ ဖြစ်သည်။

ဒါကို မြင်လိုက်ရသောအခါ ချူရွှမ်၏ မျက်နှာမှာ မှောင်မည်းသွားသည်။

မိစ္ဆာနှိမ်နင်းရေးဌာနက ထူယင်ကို ဖမ်းတယ်၊ မြို့စောင့်အကျဉ်းထောင်ဌာနက စောင့်ကြပ်တယ်၊ ပြီးတော့ နန်းတော်က ကွပ်မျက်ဖို့ အမိန့်ပေးတယ်။

ဒါပေမဲ့ ကလဲ့စားချေခံရမယ့်သူကတော့ ကွပ်မျက်သူ ဖြစ်တဲ့ ငါပဲလား။

ဒါဟာ အားနည်းသူကို နှိပ်စက်ပြီး အားကြီးသူကို ကြောက်ရွံ့တဲ့ ပုံစံမျိုးပဲ။

“အခုမှပဲ ငါ နားလည်တော့တယ်၊ ဘာလို့ ကောင်းကင်ဘုံအကျဉ်းထောင်က ကွပ်မျက်သူတွေဟာ အသက် ၃၀ ထက် ပိုမရှင်ကြတာလဲဆိုတာ”

မိစ္ဆာစွမ်းအင်ကြောင့် မသေရင်တောင် ဒီမိစ္ဆာလမ်းစဉ်ကိုယ်ခံပညာရှင်တွေရဲ့ ကလဲ့စားချေခြင်းကို ခံရမှာပဲ။

ဒါက အရမ်း သနားစရာကောင်းသည်။

ပြီးတော့ သူဟာ ဒီအခြေအနေကနေ ရုန်းထွက်လို့လည်း မရပေ။

မှတ်ဉာဏ်များကို စစ်ဆေးပြီးနောက် ချူရွှမ်သည် အလောင်းနှစ်ခုကို အမြန် ရှာဖွေလိုက်သည်။

မကြာမီမှာပင် ငွေစက္ကူ ငါးရာနှင့် အချက်ပေးမီးရှူးတစ်ခုကို တွေ့ရှိခဲ့သည်။

လီကွိုက်၏ မှတ်ဉာဏ်အရ ထိုမီးရှူးကို ‘ကောင်းကင်ဝံပုလွေ မီးခိုး’ ဟု ခေါ်ပြီး ၎င်းမှာ ထျန်းယင်ဂိုဏ်းတပည့်များ အချင်းချင်း စုရုံးရန် သို့မဟုတ် တိုက်ခိုက်ရန် အချက်ပေးသည့် အရာဖြစ်သည်။

ချူရွှမ်သည် မူလက ၎င်းကို လွှင့်ပစ်ရန် ကြံရွယ်သော်လည်း

စဉ်းစားကြည့်ပြီးနောက် သိမ်းထားရန် ဆုံးဖြတ်လိုက်သည်။ တစ်ချိန်ချိန်တွင် အသုံးဝင်လာနိုင်သည် မဟုတ်ပါလား။

အရုဏ်တက်လာသောအခါ ချူရွှမ်သည် သူ၏ နေအိမ်သို့ ပြန်လာခဲ့သည်။

သူ ခဏတာ အိပ်စက်လိုက်ပြီးနောက် အလင်းရောင် အပြည့်အဝ ရောက်ရှိလာပြီး အစာစားပြီးသောအခါ ကောင်းကင်ဘုံအကျဉ်းထောင်သို့ ထပ်မံ သွားရောက်ခဲ့သည်။

ကျန်းလုံနှင့် ကျောက်ဟူတို့မှာ အလွန်ပင် အံ့အားသင့်သွားကြသည်။ “ချူရွှမ်... မင်း ဒီနေ့ တော်တော် နောက်ကျတာပဲ။ အကျဉ်းထောင်မှူးကြီးက မင်းအကြောင်း ခဏခဏ လာမေးနေတယ်”

ချူရွှမ် စိတ်အားတက်ကြွသွားသည်။ “အကျဉ်းထောင်မှူးကြီးက ငါ့ကို ရှာနေတာလား။ နောက်ထပ် ကွပ်မျက်ရမယ့် မိစ္ဆာတစ်ကောင် ရောက်လာပြန်ပြီလား”

“...”

ကျန်းလုံနှင့် ကျောက်ဟူတို့ ဆွံ့အသွားကြသည်။

သို့သော် ချူရွှမ်၏ မျက်ကွင်းညိုနေမှုနှင့် ပင်ပန်းနေသော မျက်နှာကို မြင်သောအခါ သူတို့နှစ်ဦးလုံး တစ်ခုခုကို ပြိုင်တူ တွေးမိသွားကြပြီး ရယ်မောလိုက်ကြသည်။ “အော်... အဲဒါကြောင့်ကိုး။ ဒါပေမဲ့လည်း ဖြစ်နိုင်ပါတယ်လေ။ ကွပ်မျက်သူတစ်ယောက်ရဲ့ ဖိအားက အရမ်းများတာပဲ၊ ဒါကြောင့် တစ်ခါတလေ ညဘက်မှာ အပန်းဖြေတာက သဘာဝကျပါတယ်”

“ချူရွှမ်... မင်း အားတဲ့အခါ ငါတို့ သုံးယောက် အတူတူ သွားကြတာပေါ့... ဟဲဟဲဟဲ...”

သူတို့နှစ်ဦးလုံးမှာ အဓိပ္ပာယ်ပါသော အပြုံးများကို ပြိုင်တူ ပြသလိုက်ကြသည်။

ချူရွှမ်မှာ ချက်ချင်းပင် ဆွံ့အသွားရပြန်သည်။

သို့သော် သူ ရှင်းပြ၍ မရပေ။

သူတို့ကို နှုတ်ဆက်ပြီးနောက် အကျဉ်းထောင်မှူးကြီး ရှိရာ ရုံးခန်းသို့ လျှောက်လှမ်းသွားခဲ့သည်။ အကျဉ်းထောင်မှူးကြီးမှာ အတွင်း၌ အကျဉ်းသားစာရင်းကို စစ်ဆေးနေသည်။

ချူရွှမ် ရောက်လာသည်ကို မြင်သောအခါ ဝမ်ရှန့်က အနည်းငယ် ပြုံးပြလိုက်သည်။ “ချူရွှမ်... မင်း နားနားနေနေ နေနိုင်ခဲ့ရဲ့လား။ မနေ့က ထူယင်ကို ကွပ်မျက်တဲ့ကိစ္စကို မင်း အရမ်း ကောင်းကောင်း ကိုင်တွယ်နိုင်ခဲ့တယ်။ ပြောစမ်းပါဦး... မင်း ဘာဆုလာဘ် လိုချင်သလဲ”

ဝမ်ရှန့်၏ မျက်လုံးများထဲတွင် ချီးကျူးဂုဏ်ပြုလိုသော အရိပ်အယောင်များ ရှိနေသည်။

“အကျဉ်းထောင်မှူးကြီး... အဆင်ပြေမယ်ဆိုရင် ကျွန်တော့်ကိုယ်ကျွန်တော် ကာကွယ်ဖို့အတွက် သင့်တော်တဲ့ လက်နက်တစ်ခု လိုချင်ပါတယ်”

ချူရွှမ် မတွန့်ဆုတ်ဘဲ ပြောလိုက်သည်။

သူ မလာခင်ကတည်းက ကြိုတင်စဉ်းစားထားခြင်း ဖြစ်သည်။ ကောင်းကင်ဘုံ ပြစ်ဒဏ်ခတ်ခြင်း ရတနာအကြောင်းကို လုံးဝ ထုတ်ဖော်လို့ မရသည့်အတွက် ထျန်းယင်ဂိုဏ်းအကြောင်းကို သူ မပြောနိုင်ပေ။ လောလောဆယ်တွင် သူ့အတွက် အကောင်းဆုံး ရွေးချယ်မှုမှာ မိမိကိုယ်ကိုယ် ကာကွယ်နိုင်စွမ်း ရှိရန်ပင် ဖြစ်သည်။

အကျဉ်းထောင်မှူးကြီး ဝမ်ရှန့်က ၎င်းကို ကြားသောအခါ ချူရွှမ်ကို သေသေချာချာ စိုက်ကြည့်လိုက်မိသည် “မင်းကတော့ တကယ်ကို စိတ်ဝင်စားစရာကောင်းတဲ့ ကောင်လေးပဲ”

အကယ်၍ အခြား မိစ္ဆာနှိမ်နင်းအရာရှိတွေသာ ကွပ်မျက်သူအဖြစ် အနှိမ့်ခံလိုက်ရရင် ကောင်းကင်ဘုံကနေ ငရဲပြည်ကို ကျသွားသလို ခံစားရပြီး စိတ်ဓာတ်ကျနေကြမှာပဲ။ ချူရွှမ်လိုမျိုး ကွပ်မျက်တဲ့ အလုပ်ကို တက်ကြွရုံတင်မကဘဲ အားတက်သရော လုပ်ဆောင်နေတဲ့သူမျိုး ဘယ်ရှိပါ့မလဲ။

အကျဉ်းထောင်မှူးကြီး အနေဖြင့် ဝမ်ရှန့်မှာ ချူရွှမ်၏ ဤအချက်ကို အလွန်ပင် သဘောကျနေခြင်း ဖြစ်သည်။

ခဏမျှ စဉ်းစားပြီးနောက် ဝမ်ရှန့်က ခေါင်းညိတ်ကာ ဆိုလိုက်သည်။ “မင်းကို ငါ သဘောကျတယ် ကောင်လေး။ ငါ့နောက် လိုက်ခဲ့... မင်းကို ပြစရာ တစ်ခုရှိတယ်”

ဝမ်ရှန့်သည် ထိုင်ရာမှထကာ ရုံးခန်းမှ ထွက်ခွာသွားသည်။

ချူရွှမ်မှာလည်း အမြန်ပင် နောက်မှ လိုက်သွားခဲ့၏။

လမ်းတစ်လျှောက်တွင် သူတို့နှစ်ဦးလုံး စကားမပြောကြပေ။

သို့သော် လမ်းတွင် ကင်းလှည့်နေသော အကျဉ်းစောင့်များကို တွေ့ရပြီး သူတို့တစ်ဦးချင်းစီ၏ အရှိန်အဝါမှာ မိစ္ဆာနှိမ်နင်းရေးဌာန၏ မိစ္ဆာနှိမ်နင်းရေးအရာရှိများထက် မနိမ့်ကျလှပေ။

နောက်ဆုံးတွင် ဝမ်ရှန့်သည် ဧရာမ သံတံခါးကြီးတစ်ခုရှေ့တွင် ရပ်တန့်လိုက်ပြီး လက်နှစ်ဖက်ဖြင့် တွန်းလိုက်ရာ ပေါင်ချိန် ထောင်ချီလေးသော သံတံခါးကြီးမှာ ဝုန်းခနဲ အသံနှင့်အတူ ဘေးတစ်ဖက်တစ်ချက်စီသို့ ပွင့်သွားခဲ့သည်။

ဒါဟာ နတ်အဆင့် ကိုယ်ခံပညာရှင်တစ်ဦး၏ ‘ကျားငါးကောင်အား’ ပင် ဖြစ်သည်။

သံတံခါးအတွင်းသို့ ကြည့်လိုက်သောအခါ ချူရွှမ်မှာ ထပ်မံ အံ့အားသင့်သွားရပြန်သည်။ အတွင်း၌ အမျိုးမျိုးသော လက်နက်များမှာ စီတန်းလျက် တောက်ပနေသည်။ အကျဉ်းထောင်မှူးကြီး ဝမ်ရှန့်က ဂုဏ်ယူစွာဖြင့် လက်ညှိုးညွှန်ပြကာ ဆိုလိုက်သည်။ “ချူရွှမ်... ဒါက ငါတို့ မြို့စောင့်အကျဉ်းထောင်ဌာနရဲ့ လက်နက်တိုက်ပဲ”

“ဒီထဲမှာရှိတဲ့ လက်နက်အချို့က မြို့စောင့်ဌာနရဲ့ စီနီယာတွေ ထားခဲ့တာတွေ ဖြစ်သလို၊ အချို့ကတော့ ကောင်းကင်ဘုံအကျဉ်းထောင်မှာ ကွပ်မျက်ခံခဲ့ရတဲ့ သေဒဏ်ကျအကျဉ်းသားတွေ ထားခဲ့တဲ့ လက်နက်တွေ ဖြစ်တယ်။ တစ်ခုချင်းစီက ထူးခြားလှပြီး မြို့စောင့်ဌာနအတွက် ကြီးမားတဲ့ အမှုထမ်းခဲ့သူတွေပဲ ဝင်ခွင့်ရှိတာ။ ဒါပေမဲ့ မင်းက ကွပ်မျက်သူ ဖြစ်နေတဲ့အတွက် ငါက အထူးအခွင့်အရေးအနေနဲ့ မင်းကို တစ်ခု ရွေးခွင့်ပေးမယ်”

ဝမ်ရှန့်သည် သူ့အား အထူးကျေးဇူးပြုလိုက်ခြင်း ဖြစ်သည်။

ချူရွှမ်က အမြန်ပင် ကျေးဇူးတင်စကား ဆိုလိုက်ပြီး စိတ်အားထက်သန်စွာဖြင့် အတွင်းသို့ ဝင်လာခဲ့သည်။ ဓား၊ လှံ၊ ပုဆိန်၊ ကြိမ်လုံး၊ တူ - ကိုယ်ခံပညာ၏ လက်နက် (၁၈) မျိုးစလုံး စုံလင်စွာ ရှိနေသည်။

၎င်းတို့အနက် အများစုမှာ ပြင်းထန်သော သတ်ဖြတ်လိုသည့် အရှိန်အဝါများ ကိန်းအောင်းနေသည်။

သိသာထင်ရှားသည်မှာ ဤလက်နက်များသည် အလှပြရန် သက်သက်မဟုတ်ဘဲ လူသတ်ခဲ့ဖူးပြီး သွေးစွန်းခဲ့ဖူးသော လက်နက်များ ဖြစ်ကြသည်။

ချူရွှမ်သည် တစ်ခုချင်းစီကို ကြည့်ရှုနေစဉ်။

ရုတ်တရက် သူ၏ အကြည့်မှာ သွေးရောင်လွှမ်းနေသော ဓားရှည်တစ်လက်ပေါ်သို့ ကျရောက်သွားခဲ့သည်။

ထိုဓားမှာ တစ်လက်လုံး သွေးရောင်ဖြစ်နေပြီး ဓားရိုးနှင့် ဓားကျောတစ်လျှောက်တွင် ရွှေရောင်နဂါးနှင့် မြွေနဂါးရုပ်များမှာ တွန့်လိမ်နေကာ ဆန်းကြယ်သော အလင်းတန်းများ ဖြာထွက်နေသည်။

ချူရွှမ်က ထိုဓားကို ကြည့်လိုက်သောအခါ သူ၏ကိုယ်တွင်းရှိ ‘ကောင်းကင်ဘုံ ပြစ်ဒဏ်ခတ်ခြင်း ရတနာ’ မှာ အနည်းငယ် တုန်ခါသွားခဲ့သည်။

ချူရွှမ်မှာ အံ့ဩသွားရ၏။

ထို့နောက် သူသည် မတွန့်ဆုတ်တော့ဘဲ ထိုသွေးရောင်ဓားရှည်ကို ကောက်ကိုင်လိုက်သည်။ “အကျဉ်းထောင်မှူးကြီး... ကျွန်တော် ရွေးချယ်ပြီးပါပြီ။ ဒီဓားကိုပဲ လိုချင်ပါတယ်”

သို့သော် အကျဉ်းထောင်မှူးကြီး ဝမ်ရှန့်က ထိုသွေးရောင်ဓားကို မြင်လိုက်ရသောအခါ သူ၏ မျက်နှာမှာ သိသိသာသာ ပျက်ယွင်းသွားသည် “ချူရွှမ်... မင်း ဒီဓားကို ရွေးလို့ မဖြစ်ဘူး ဒါက ‘သွေးသောက်အရူးဓားမ’ ပဲ ဒါဟာ ငါတို့ ကောင်းကင်ဘုံအကျဉ်းထောင်ရဲ့ နာမည်ကျော် ပြိုင်ဘက်ကင်း မိစ္ဆာဓားတစ်လက်ပဲ။ ကောင်းကင်ဘုံအကျဉ်းထောင်က လူအများအပြား ဒီဓားကို ပိုင်ဆိုင်ချင်ခဲ့ကြပေမယ့် နောက်ဆုံးမှာတော့ အားလုံးဟာ ဒီဓားရဲ့ ကျိန်စာဒဏ်ကို ခံရပြီး လူသတ်ဖို့ပဲ သိတဲ့ ရူးသွပ်သူတွေ ဖြစ်သွားခဲ့ကြရတယ်”

ချူရွှမ်မှာ ထပ်မံ အံ့အားသင့်သွားပြီး သူ၏လက်ထဲမှ ပြိုင်ဘက်ကင်း မိစ္ဆာဓားကို ပြန်လည် ကြည့်ရှုလိုက်သည်။ သို့သော် သူ၏လက်ထဲရှိ ထိုဓားမှာ မည်သည့် မိစ္ဆာအငွေ့အသက်မျှ ရှိမနေသည်ကို တွေ့လိုက်ရသည်။

ယင်းအစား သူ ထိုဓားကို ဆုပ်ကိုင်လိုက်သည့် ခဏ၌ သူနှင့် ဓားမှာ သွေးချင်းဆက်နွှယ်နေသကဲ့သို့ ခံစားလိုက်ရပြီး ၎င်းမှာ သူ၏ လက်မောင်းတစ်ခုကဲ့သို့ပင် ဖြစ်နေသည်။

ချူရွှမ်သည် လက်မလွှတ်နိုင်ဖြစ်နေပြီး ဝမ်ရှန့်ကို ကြည့်ကာ မေးလိုက်သည်။ “အကျဉ်းထောင်မှူးကြီး... ဒီပြိုင်ဘက်ကင်း မိစ္ဆာဓားရဲ့ နောက်ခံသမိုင်းကြောင်းက ဘယ်လိုမျိုးလဲ”

All Chapters