← Chapters

အခန်း (၁၃-၁၅)

Vol. 1 Ch. 13-15

အခန်း (၁၃-၁၅)

Vol. 1 Ch. 13-15

အခန်း (၁၃)

လက်ဝဲအမတ်ချုပ်၏ သားကို နောက်တစ်ကြိမ် ရိုက်နှက်ခြင်း

"အဖေ"

မိန်းကလေးမှာ ချက်ချင်းပင် စိုးရိမ်တကြီး ဖြစ်သွားပြီး လက်ဝဲအမတ်ချုပ်၏ သား၏ လက်တွင်းမှ အသည်းအသန် ရုန်းကန်တော့သည်။ ဒေါသထွက်သွားသော လက်ဝဲအမတ်ချုပ်၏ သားသည် သူမကို နောက်ထပ် ပါးတစ်ချက် ရိုက်လိုက်ရာ၊ သူမမှာ နောက်သို့ လွင့်ထွက်သွားပြီး သွေးများပင် အန်ထွက်သွားတော့သည်။

"မင်းလို အောက်တန်းစား အစေခံက... မိန်းကလေးငယ်တွေကို အနိုင်ကျင့်ရတာ ငါ့ရဲ့ အကြီးဆုံး ပျော်ရွှင်မှုဆိုတာ မသိဘူးလား"

ထို့ပြင် အခါတိုင်း အနိုင်ကျင့်ပြီးလျှင်လည်း လက်ဝဲအမတ်ချုပ်၏ သားသည် လျော်ကြေးအဖြစ် နှုတ်ပိတ်ခအချို့ ပေးလေ့ရှိသည်။ ထို့ကြောင့် အနိုင်ကျင့်ခံရသော မိန်းကလေး အများစုမှာ အရှက်တကွဲ အကျိုးနည်း ဖြစ်ရသော်လည်း မတုံ့ပြန်ရဲဘဲ အောင့်အီး သည်းခံခဲ့ကြရသည်။

ကံဆိုးစွာဖြင့် ပြီးခဲ့သည့်အကြိမ်က ချူရွှမ်နှင့် တွေ့ခဲ့ပြီး၊ အနိုင်ကျင့်ခြင်း မအောင်မြင်သည့်အပြင် အပြင်းအထန် ရိုက်နှက်ခြင်းကိုပါ ခံခဲ့ရသည်။

သူ၏ ‘ဥနှစ်လုံး’ ပင် ထွက်ကျမတတ် ဖြစ်ခဲ့ရသည်။

အကယ်၍ ချူရွှမ်သည် အလားအလာမရှိဘဲ အချိန်မရွေး သေနိုင်သော အောက်ခြေအဆင့် ကွပ်မျက်သူတစ်ဦးအဖြစ်သာ ဆက်ရှိနေမည်ဆိုပါက လက်ဝဲအမတ်ချုပ်၏ သားသည် ဤကိစ္စကို သည်းခံကောင်း သည်းခံနိုင်ပေလိမ့်မည်။

သို့သော်လည်း သူသည် ကောင်းကင်ဘုံအကျဉ်းထောင်ထံမှ သတင်းအချက်အလက်များကို ရုတ်တရက် ရရှိခဲ့သည်။

ချူရွှမ်သည် အကျိုးဆောင်မှုများ ပြုလုပ်ခဲ့ရုံတင်မကဘဲ ရာထူးတိုးတော့မည်ဟု ဆိုသည်။

ဒါကို လက်ဝဲအမတ်ချုပ်၏ သားက လုံးဝ သည်းမခံနိုင်ပေ။

သူ၏ ဆုံးရှုံးသွားသော ဂုဏ်သိက္ခာနှင့် နာမည်ဂုဏ်သတင်းကို ပြန်လည်ရယူရန် သူ ကျိန်ဆိုလိုက်သည်။ ထိုရည်ရွယ်ချက်ဖြင့် လက်ဝဲအမတ်ချုပ်၏ သားသည် ချူရွှမ်၏ ရိုက်နှက်ခြင်းကို မခံရမီကကဲ့သို့ မိန်းကလေး အနိုင်ကျင့်သည့် မြင်ကွင်းကို အပင်ပန်းခံကာ ပြန်လည် ဖန်တီးခဲ့ခြင်း ဖြစ်သည်။

သူ့ကို တိတ်တဆိတ် လှောင်ပြောင်နေကြသော သူ၏ သူငယ်ချင်းများကိုလည်း... အရင်က လက်ဝဲအမတ်ချုပ်ရဲ့ သား ပြန်လာပြီ၊ အရင်အတိုင်း မောက်မာဆဲ၊ အရင်အတိုင်း အနိုင်ကျင့်ဝံ့ဆဲ ဆိုတာကို ပြသချင်နေသည်။

"အခုကစပြီး ငါသဘောကျတဲ့ ဘယ်မိန်းကလေးကိုမဆို ငါကြိုက်သလို အနိုင်ကျင့်မယ်။ ငါ့ကို တားဝံ့တဲ့သူ ရှိရင်လည်း ငါကြိုက်သလို ရိုက်မယ်"

ဤအကြောင်းကြောင့်ပင်... ဤတစ်ကြိမ်တွင် လက်ဝဲအမတ်ချုပ်၏ သားသည် အခေါင်းတစ်ခုကို ပြင်ဆင်ထားရုံတင်မကဘဲ၊ ထက်မြက်သော လူမိုက်များကိုလည်း အနီးအနားတွင် အုံနှင့်ကျင်းနှင့် ပုန်းအောင်း စောင့်ဆိုင်းစေခဲ့သည်။ ထို့ပြင် ချူရွှမ်က ထောင်ချောက်ထဲသို့ သက်ဆင်းကာ လူအုပ်ထဲသို့ ဝင်လာသည်ကို မြင်လိုက်ရသည့် အခိုက်အတန့်တွင်...

လက်ဝဲအမတ်ချုပ်၏ သားသည် ဒေါသတကြီး အော်ဟစ်လိုက်သည်။ "အခုပဲ သူ့ကို ပြင်းပြင်းထန်ထန် ရိုက်ကြစမ်း သရဲတောင် မမှတ်မိနိုင်တဲ့အထိ ရိုက်ပစ်လိုက်ကြ"

ထိုစကားကို ကြားသည်နှင့် လူအုပ်ထဲမှ လူမိုက်တစ်ဒါဇင်ကျော်မှာ ချက်ချင်း ထွက်ပေါ်လာပြီး ချူရွှမ်ကို အရပ်မျက်နှာ အနှံ့မှ ဝိုင်းရံလိုက်ကြသည်။

ယခင်က ရိုက်နှက်ခံရသည့် အရှက်ရမှုကို သင်ခန်းစာယူထားသဖြင့်...

ဤတစ်ကြိမ်တွင် လက်ဝဲအမတ်ချုပ်၏ သားသည် သာမန်လူမိုက်များကို ခေါ်လာခြင်း မဟုတ်ပေ။ သူတို့အားလုံးမှာ လက်ဝဲအမတ်ချုပ် အိမ်တော်မှ အထူးရွေးချယ်ထားသော အစောင့်အကြပ်များ ဖြစ်ကြပြီး၊ သူတို့ထဲတွင် အရပ်ဝတ် ဝတ်ထားသည့် မိစ္ဆာနှိမ်နင်းရေးဌာနမှ အဆင့် (၉) မိစ္ဆာနှိမ်နင်းရေးအရာရှိတစ်ဦးပင် ပါဝင်နေသည်။

ဤမျှ ပြင်ဆင်ပြီးနောက်တွင် လက်ဝဲအမတ်ချုပ်၏ သားသည် ချူရွှမ်ကို ကြည့်ပင် မကြည့်တော့ပေ။ သူသည် လက်ကြီးဖြင့် လွင့်ထွက်သွားသော မိန်းကလေးကို သူ၏ ရင်ခွင်ထဲသို့ ပြန်လည် ဆွဲသွင်းရန် ပြင်လိုက်သည်။

ချူရွှမ်၏ ဒေါသမှာလည်း ချက်ချင်းပင် တောက်လောင်လာခဲ့သည်။

ချက်ချင်းပင် လက်ဝဲအမတ်ချုပ်၏ အစောင့်အကြပ်များ ဝင်မလာခင်မှာပင်၊ ချူရွှမ်သည် ထိုအစောင့်များဆီသို့ အရင် စတင် ပြေးဝင်သွားတော့သည်။

နတ်အဆင့်နယ်ပယ်သို့ အဆင့်တက်လှမ်းခြင်း၏ အကျိုးကျေးဇူးများကို ချူရွှမ် လျင်မြန်စွာပင် တွေ့ရှိလိုက်ရသည်။ သူ၏ အသိစိတ်နှင့် တုံ့ပြန်မှုများမှာ အဆပေါင်းများစွာ မြင့်တက်လာပြီး၊ သူ၏ ခန္ဓာကိုယ်အတွင်းရှိ စစ်မှန်သောချီမှာလည်း အလွန်ပင် စွမ်းအားကြီးမားသည်။

သူသည် မည်သည့် ကိုယ်ခံပညာကိုမျှ အသုံးပြုရန်ပင် မလိုပေ။ သူ၏ တုံ့ပြန်မှုများကို အသုံးချရုံဖြင့် အစောင့်များ၏ တိုက်ခိုက်မှုအားလုံးကို လျင်မြန်စွာ ရှောင်တိမ်းနိုင်ပြီး၊ ထို့နောက် သာမန် လက်သီး၊ ခြေဦးများကို အသုံးပြုကာ ထိုအစောင့်များကို သွေးအန်ပြီး မြေပြင်ပေါ်၌ နာကျင်စွာ အော်ဟစ်နေရသည့်အထိ ရိုက်နှက်လိုက်တော့သည်။

ဤမြင်ကွင်းကို ကြည့်နေသော လက်ဝဲအမတ်ချုပ်၏ သားမှာ အလွန်ပင် အံ့အားသင့်သွားရသည်။

ကောင်းကင်ဘုံအကျဉ်းထောင်က ရတဲ့ သတင်းတွေအရဆိုရင် ချူရွှမ်က မိစ္ဆာတွေကို သတ်ရင်းနဲ့ မိစ္ဆာစွမ်းအင်တွေ ဝင်သွားပြီး ဒုက္ခိတလို ဖြစ်နေပြီဆို ဘယ်လိုလုပ် သူက ဒီလောက်အထိ အစွမ်းထက်နေရတာလဲ။

သာမန်အစောင့်တွေကတော့ ထားပါတော့ အရေးကြီးဆုံးအချက်က အရပ်ဝတ်နဲ့ အဆင့် (၉) နတ်ဘုရားအရာရှိတောင်မှ ချူရွှမ်ရဲ့ လက်ချက်နဲ့ မြေပြင်ပေါ်မှာ ဖိခြေခံထားရပြီး၊ ခေါင်းကို အကြိမ်ကြိမ် အနင်းခံနေရတာပဲ။

အခြေအနေ မဟန်တော့မှန်း သိလိုက်ရသဖြင့် လက်ဝဲအမတ်ချုပ်၏ သားသည် လှည့်၍ ထွက်ပြေးရန် ပြင်သည်။

သို့သော် သူ ခြေလှမ်းအနည်းငယ်မျှပင် မလှမ်းရသေးမီမှာပင်၊ ချူရွှမ်၏ ပုံရိပ်မှာ သူ၏ရှေ့တွင် ပေါ်လာခဲ့ပြီ ဖြစ်သည်။ "လူကြီးလူကောင်းတစ်ယောက်ရဲ့ ကလဲ့စားက ဆယ်နှစ်ကြာရင်တောင် မနောက်ကျဘူးလို့ ဆိုကြတယ်လေ။ ဒါပေမဲ့ ငါ ချူရွှမ်ရဲ့ ကလဲ့စားကတော့ စောလည်းမစောဘူး၊ နောက်လည်း မကျဘူး"

"မင်းကိုယ်တိုင်က ငါ့ကို လာရိုက်ပါလို့ ပြောခဲ့တာပဲ ဒီလောက် ထူးဆန်းတဲ့ တောင်းဆိုမှုကို ငါ အခုပဲ ဖြည့်ဆည်းပေးမယ်"

ဖြန်း

ကောင်းကင်ဘုံအကျဉ်းထောင်မှာ အကျဉ်းကျခံခဲ့ရပြီး ကွပ်မျက်ခံရလုနီးပါး ဖြစ်ခဲ့တဲ့ အတွေ့အကြုံကို တွေးမိရင်း၊ ချူရွှမ်သည် ပြင်းထန်သော ပါးရိုက်ချက် တစ်ချက် ကျွေးလိုက်ရာ လက်ဝဲအမတ်ချုပ်၏ သားမှာ နေရာတင် သုံးပတ်ခန့် လည်သွားပြီး မျက်နှာမှာ ချက်ချင်းပင် နီရဲ ဖူးရောင်လာတော့သည်။

သူ၏ အကြည့်များမှာ ရက်စက်လာပြီးနောက် အော်ဟစ်လိုက်သည်။ "ချုလို့ နာမည်ရတဲ့ကောင်... မင်းတော့ သွားပြီ မင်းတော့ သွားပြီ ငါ့အဖေက လက်ဝဲအမတ်ချုပ်ကွ မင်း ငါ့ကို တစ်ချက်ရိုက်ရင် မင်းအသက်ကို ယူမယ်။ နှစ်ချက်ရိုက်ရင် မင်းကို သတ်... အား..."

သူ၏ ခြိမ်းခြောက်စကားများပင် မဆုံးသေးပေ။

နောက်ထပ် ပါးရိုက်ချက် တစ်ချက်က လက်ဝဲအမတ်ချုပ်၏ သားကို အော်ဟစ်လျက် သွေးများ အန်ထွက်သွားစေပြန်သည်။

ချူရွှမ်၏ မျက်လုံးများမှာလည်း လုံးဝ အေးစက်သွားခဲ့သည်။

လက်ဝဲအမတ်ချုပ်၏ သား ပေါ်လာခြင်းက ရာထူးတိုးခြင်းကို ရှောင်လွှဲရန်နှင့် ထွက်ပြေးရန် အကောင်းဆုံးနည်းလမ်းကို သူ့ကို တွေးမိသွားစေသည်။ ချက်ချင်းပင် ပါးရိုက်ချက်များမှာ မိုးသီးများကဲ့သို့ ဆက်တိုက် ကျရောက်လာတော့သည်။

ထိုနေရာမှာတင် လက်ဝဲအမတ်ချုပ်၏ သားမှာ အဖေခေါ် အမေခေါ် အော်ဟစ်နေရပြီး အသည်းအသန် အကူအညီ တောင်းနေတော့သည်။ "ကယ်ကြပါဦး... ငါက လက်ဝဲအမတ်ချုပ်ရဲ့ သားပါ..."

"မဟုတ်ဘူး... မင်း မဟုတ်ဘူး။ တကယ့် လက်ဝဲအမတ်ချုပ်ရဲ့ သားက လွန်ခဲ့တဲ့ အချိန်ကတည်းက သေသွားပြီ။ ပြောစမ်း... မင်းက အယောင်ဆောင် မဟုတ်လား"

"ငါက လက်ဝဲအမတ်ချုပ်ရဲ့ သားအစစ်ပါ"

ဖြန်း

ချူရွှမ်သည် ပါးရိုက်ချက် တစ်ဒါဇင်ခန့်ကို ချက်ချင်းပင် ကျွေးလိုက်ပြန်သည်။ "ပြောစမ်း... မင်း မဟုတ်ဘူးလို့ မင်းသာ မပြောရင် မင်းရဲ့ ပါးစပ်ကို အမှုန့်ဖြစ်အောင် လုပ်ပစ်မယ်လို့ ယုံလား"

သူ ပြောနေစဉ်မှာပင် သွေးစွန်းနေသော သွားကျိုးအချို့မှာ ထွက်ကျလာခဲ့သည်။

ဒါဟာ လက်ဝဲအမတ်ချုပ်၏ သားကို ချက်ချင်းပင် ထိတ်လန့်သွားစေသည်။ ဆက်ပြီး ခေါင်းမာနေဦးမည်ဆိုပါက ပိုပြီး အပြင်းအထန် အရိုက်ခံရမည်ကို သူ သိသွားသည်။ သူသည် ချက်ချင်းပင် အလျှော့ပေးလိုက်ပြီး။ "မိစ္ဆာနှိမ်နင်းရေးအရာရှိ ချူ... ကျွန်တော် မှားပါပြီ။ ကျေးဇူးပြုပြီး ကျွန်တော့်ကို လွှတ်ပေးပါ"

သို့သော် ချူရွှမ်က မရပ်တန့်ခဲ့ပေ။ ယင်းအစား သူက ရိုက်ရင်းဖြင့် ဆက်မေးနေသည်။ "ပြောစမ်း... မင်းက လက်ဝဲအမတ်ချုပ်ရဲ့ သားလား"

"ကျွန်တော်... မဟုတ်ပါဘူး..."

ချူရွှမ်၏ မြှောက်ထားသော လက်သီးကို မြင်လိုက်ရသဖြင့် လက်ဝဲအမတ်ချုပ်၏ သားသည် ကြောက်လန့်တုန်ရီစွာဖြင့် ခေါင်းကို အမြန် ခါလိုက်သည်။ ဒါကို ကြားလိုက်ရသဖြင့် ချူရွှမ်သည် တရားမျှတမှုကို ဖော်ဆောင်နေသည့်အလား လက်ဝဲအမတ်ချုပ်၏ သားကို မကာ လူအုပ်ထဲသို့ ပစ်ထည့်လိုက်သည်။

"အားလုံးပဲ... သူပြောတာကို ကြားကြတယ် မဟုတ်လား။ မိစ္ဆာနှိမ်နင်းရေးအရာရှိ တစ်ယောက်ဖြစ်တဲ့ ငါ့ရဲ့ ပြင်းထန်တဲ့ စစ်ဆေးမေးမြန်းမှုအပြီးမှာတော့ သူဟာ လက်ဝဲအမတ်ချုပ်ရဲ့ သားအယောင်ဆောင်ဆိုတာ ဝန်ခံသွားပြီ"

"ငါ သူ့ကို ရိုက်တာဟာ လူထုအတွက် အန္တရာယ်ကို ဖယ်ရှားပေးတာတင်မကဘဲ လက်ဝဲအမတ်ချုပ် အိမ်တော်ရဲ့ ဂုဏ်သိက္ခာကိုပါ ပြန်လည် ဆယ်တင်ပေးလိုက်တာပဲ ပထမပိုင်းကိုတော့ ငါ ပြီးအောင် လုပ်ပေးခဲ့ပြီ၊ ဒုတိယပိုင်းကိုတော့ မင်းတို့ပဲ အားရပါးရ ပျော်ပါးလိုက်ကြတော့"

"ပြီးတော့ အဘိုး... ဒီအယောင်ဆောင် သခင်လေးကို လူတွေ ဝိုင်းထားတုန်းမှာ မင်းရဲ့သမီးကို ခေါ်ပြီး မြို့တော်ကနေ အမြန် ထွက်သွားတော့" ချူရွှမ်သည် သမီးဖြစ်သူနှင့် ရှိနေသော အဘိုးအိုကို ကြည့်ကာ ပြောလိုက်သည်။

မူလက လက်ဝဲအမတ်ချုပ်၏ သား၏ နှိပ်စက်မှုကို ခံနေရသဖြင့် အဘိုးအိုနှင့် မိန်းကလေးမှာ မျှော်လင့်ချက် ကင်းမဲ့နေခဲ့ကြသည်။ မိန်းကလေးမှာမူ သူမ၏လက်ထဲတွင် ကပ်ကြေးတစ်စင်းကိုပင် တင်းကျပ်စွာ ဆုပ်ကိုင်ထားခဲ့သည်။

ချူရွှမ်၏ သတိပေးစကားကို ကြားမှသာ...

အဘိုးအိုနှင့် မိန်းကလေးမှာ ဝမ်းသာမျက်ရည်များ ကျလာခဲ့သည်။

စကားတစ်လုံးမျှ မပြောဘဲ အဘိုးအိုသည် မိန်းကလေးကို ဆွဲကာ ဒူးထောက်လိုက်ပြီး၊ ချူရွှမ် ထွက်ခွာသွားသော ဘက်သို့ သုံးကြိမ်တိုင်တိုင် ဦးချလိုက်သည်။ ထို့နောက်မှသာ သားအဖနှစ်ဦးမှာ မျက်ရည်များကို သုတ်လျက်၊

လူအုပ်ထဲမှ ပြေးထွက်သွားပြီး မြို့တော်မှ ထွက်ခွာသွားကြတော့သည်။

ဤအချိန်တွင် လူအုပ်ထဲသို့ ပစ်ချခြင်းခံထားရသော လက်ဝဲအမတ်ချုပ်၏ သားမှာ မတ်တတ်ရပ်နိုင်ရန် အသည်းအသန် ကြိုးစားနေဆဲဖြစ်ပြီး အဆက်မပြတ် အော်ဟစ်နေသည်။ "အောက်တန်းစားတွေ၊ ပုရွက်ဆိတ်တွေ၊ ဝက်တွေ၊ ခွေးတွေထက်တောင် နိမ့်ကျတဲ့ကောင်တွေ... ငါ့ရှေ့က ဖယ်စမ်း ငါ ကလဲ့စားချေမယ်၊ ငါ ကလဲ့စားချေမယ်"

နှစ်ကြိမ်ဆက်တိုက် ပြင်းထန်စွာ အရိုက်ခံလိုက်ရသဖြင့် လက်ဝဲအမတ်ချုပ်၏ သား၏ မျက်လုံးများမှာ ဒေါသကြောင့် စိမ်းဖန့်နေသည်။

သို့သော် ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးမှာ ဖယ်မပေးသည့်အပြင်၊ ဤဆဲဆိုသံများကို ကြားလိုက်ရသည့် အခိုက်အတန့်တွင် တစ်စုံတစ်ဦးက အော်လိုက်သည်။ "သူ့ကို ရိုက်ကြစမ်း ဘာမှ မဖြစ်ဘူး"

ချက်ချင်းပင် လက်သီးများနှင့် ခြေထောက်များမှာ လက်ဝဲအမတ်ချုပ်၏ သားအပေါ်သို့ မိုးရွာသကဲ့သို့ ကျရောက်လာတော့သည်။

အချို့က ပြဿနာတက်မှာ ကြောက်သဖြင့် မရိုက်ရဲကြသော်လည်း ကျောက်ခဲများနှင့် ပေါက်ခြင်း၊ တံတွေးနှင့် ထွေးခြင်းများကို ပြုလုပ်ကြသည်။ အခြားသူများကလည်း ထိုအတိုင်း လိုက်လုပ်ကြရာ တံတွေးများမှာ ချောင်းစီးမတတ် ဖြစ်သွားတော့သည်။

ဆိုးသွမ်းသော ကလေးတစ်ဦးမှာလည်း မည်သည့်နေရာက ရလာမှန်းမသိသော ခွေးချေးတစ်တုံးကိုတစ်ခုကို ကောက်ယူကာ ပစ်ပေါက်လိုက်ရာ၊ လက်ဝဲအမတ်ချုပ်၏ သား၏ အော်ဟစ်နေသော ပါးစပ်ထဲသို့ တည့်တည့်မတ်မတ် ဝင်သွားတော့သည်။

အော့

လက်ဝဲအမတ်ချုပ်၏ သားသည် ချက်ချင်းပင် အန်ထုတ်လိုက်ရသည်။

ပြီးတော့ သွေးစိမ်းရှင်ရှင်မှာ လူအုပ်ထဲသို့ သုံးမီတာကျော်အထိ ပန်းထွက်သွားတော့သည်။

လူအုပ်ကြီးမှာ လန့်သွားကြပြီး ထိတ်လန့်တုန်လှုပ်သွားကြသည်။

"သေပြီ... သူ သွေးအန်နေပြီ သူ သေသွားနိုင်တယ် ပြေးကြ"

လူအုပ်ကြီးမှာ အလျင်အမြန်ပင် လူစုခွဲလိုက်ကြသည်။

ခွေးချေးနှင့် ပစ်ခဲ့သော ကိုယ်လုံးတီးကလေးငယ်မှာမူ လျှာလေးထုတ်လျက် လေကဲ့သို့ လျင်မြန်စွာ ပြေးထွက်သွားပြီး လူအုပ်ထဲတွင် ပျောက်ကွယ်သွားတော့သည်။ ထိုအခါမှသာ ဒဏ်ရာရနေသော အစောင့်အကြပ်များမှာ လူအုပ်ကို တိုးထွက်ကာ လက်ဝဲအမတ်ချုပ်၏ သားအနားသို့ စုရုံးခွင့် ရကြတော့သည်။

သို့သော် သူတို့၏ သခင်လေး၏ ပါးစပ်ထဲတွင် ခွေးချေးများ ရှိနေရုံတင်မကဘဲ သွေးများ အန်ကာ ဒေါသကြောင့် သတိလစ်နေသည်ကို မြင်လိုက်ရသောအခါ...

ဒဏ်ရာရနေသော အစောင့်များမှာလည်း အလွန်ပင် ထိတ်လန့်သွားကြသည်။ ပြစ်မှုကျူးလွန်သူများကို လိုက်ဖမ်းရန်ပင် မစဉ်းစားတော့ဘဲ သတိလစ်နေသော လက်ဝဲအမတ်ချုပ်၏ သားကို အမြန်ဆုံး အရှိန်ဖြင့် လက်ဝဲအမတ်ချုပ် အိမ်တော်သို့ ပြန်လည် သယ်ဆောင်သွားကြတော့သည်။

မွန်းတည့်ချိန် ဖြစ်သည်။

လက်ဝဲအမတ်ချုပ်သည် နန်းတွင်းမှ ပြန်လာပြီး သူ၏ အိမ်တော်တွင် အနားယူနေသည်။

ယနေ့ သူ၏သားမှာ မိန်းကလေး လုရန် အပြင်ထွက်သွားပြီး ပြင်းထန်စွာ အရိုက်ခံခဲ့ရသည်ဟူသော အစောင့်များ၏ သတင်းပို့ချက်ကို ကြားလိုက်ရသောအခါ၊ လက်ဝဲအမတ်ချုပ် လင်ချူချန်မှာ အလွန်ပင် အံ့အားသင့်သွားရသည်။

သူ့တွင် သားသမီး များစွာ ရှိသော်လည်း...

တစ်ယောက်စ၊ နှစ်ယောက်စက အသုံးမကျတာ ပြဿနာမရှိသော်လည်း၊ ယခု အရိုက်ခံရသူမှာ သူ၏ လက်ဝဲအမတ်ချုပ်၏ သား မဟုတ်ပါလား။

ဒေါသထွက်နေသော လက်ဝဲအမတ်ချုပ်သည် နောက်ဖေးခြံဝင်းသို့ ချက်ချင်း ပြေးသွားပြီး နန်းတွင်းသမားတော်ကို မေးမြန်းလိုက်သည်။ "သမားတော်... ငါ့သားရဲ့ ဒဏ်ရာတွေ ဘယ်လိုလဲ ပြင်းထန်လား”

အခန်း (၁၄)

ရွှေတံဆိပ်ပြားရှေ့တွင် လူတိုင်း တန်းတူညီမျှသည်

အပြင်သို့ ထွက်လာသော နန်းတွင်းသမားတော်သည်လည်း အတွေ့အကြုံ ရင့်ကျက်သူဖြစ်ရာ လက်ဝဲအမတ်ချုပ်ကို ဦးညွှတ်၍ လျှောက်တင်လိုက်သည်။ "လက်ဝဲအမတ်ချုပ် လင်ချူချန်အနေနဲ့ စိုးရိမ်စရာ မရှိပါဘူး။ ဒီတစ်ခေါက်မှာလည်း သခင်လေးဟာ အရင်တစ်ခေါက်လိုပဲ အပေါ်ယံဒဏ်ရာတွေပဲ ရထားတာပါ။ ဒါပေမဲ့ ဒီတစ်ခေါက် အရိုက်ခံရတဲ့ လူဦးရေက များလွန်းလို့ အရင်ကမှ ကျန်းမာစပြုလာတဲ့ ‘ဥခွံ’ လေးက မတော်တဆ ထပ်ပြီး ပေါက်ထွက်သွားတာပဲ ရှိပါတယ်။ ကံကောင်းတာက ကျွန်တော်ကိုယ်တိုင် ကျွမ်းကျင်စွာနဲ့ အပ်ချည်နဲ့ ပြန်ပြီး ချုပ်ပေးထားပြီးပါပြီ။ နှစ်အနည်းငယ်လောက် အနားယူလိုက်ရင်တော့ ပြန်ပြီး အသုံးဝင်လာမှာပါ"

သမားတော်၏ စကားကို ကြားပြီးနောက် လက်ဝဲအမတ်ချုပ် လင်ချူချန်မှာ ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ရီလာတော့သည်။

သူသည် သားဖြစ်သူရှိရာ အခန်းထဲသို့ ဝင်ကြည့်လိုက်သည်။

လင်ချူချန်သည် သူ၏ မှုန်ဝါးနေသော မျက်လုံးအစုံကို သုံးကြိမ်တိုင်တိုင် ပွတ်သပ်ကြည့်ပြီးမှသာ ကုတင်ပေါ်တွင် ဝက်ခေါင်းသဖွယ် အရိုက်ခံထားရသည့် အရာမှာ သူ၏ ခုနစ်ယောက်မြောက် သားဖြစ်ကြောင်း ခဲရာခဲဆစ် မှတ်မိသွားတော့သည်။

လက်ဝဲအမတ်ချုပ်မှာ အလွန်ပင် ဒေါသထွက်သွားသည်။

ကြောက်မက်ဖွယ်ကောင်းသော ဖိအားကြောင့် အမိုးပေါ်ရှိ အုတ်ကြွပ်ပြားများပင် အနည်းငယ် တုန်ခါသွားရသည်။ လက်ဝဲအမတ်ချုပ်ကိုယ်တိုင်ကလည်း နတ်အဆင့်ပညာရှင်တစ်ဦး ဖြစ်နေသည် မဟုတ်ပါလား။ ဤအခိုက်အတန့်တွင် သူ၏ အကြည့်များမှာ မြေပြင်ပေါ်၌ ဒူးထောက်နေသော အစောင့်အကြပ်များအပေါ်သို့ ကျရောက်သွားသည်။

"ပြောစမ်း... ဘယ်သူလုပ်တာလဲ"

အစောင့်များမှာ အသည်းအသန် ဒူးထောက်ထားခးလျက် "လက်ဝဲအမတ်ချုပ်ကြီးကို တင်ပြပါတယ်... ဒါကို လုပ်ခဲ့တဲ့သူက မိစ္ဆာနှိမ်နင်းရေးဌာနရဲ့ အဆင့် (၉) မိစ္ဆာနှိမ်နင်းရေးအရာရှိဟောင်း ချူရွှမ်ပါပဲ"

ဒါကို ကြားလိုက်ရသောအခါ လက်ဝဲအမတ်ချုပ် မှင်သက်သွားသည်။

ချူရွှမ်

ထိုနာမည်က ရင်းနှီးနေသလိုပင်။

ဪ... မှတ်မိပြီ။

ပြီးခဲ့တဲ့လက ငါ့သားကို လမ်းမပေါ်မှာ အပြင်းအထန် ရိုက်ခဲ့တာလည်း ဒီချူရွှမ်ပဲ မဟုတ်လား။

ကလဲ့စားချေဖို့အတွက် ငါကိုယ်တိုင် မိစ္ဆာနှိမ်နင်းရေးဌာနကို အမိန့်ပေးပြီး သူ့ကို ကောင်းကင်ဘုံအကျဉ်းထောင်ထဲ ပို့ပြီး စစ်ဆေးကွပ်မျက်ခိုင်းခဲ့တာပဲ။

ဒါပေမဲ့ ကောင်းကင်ဘုံအကျဉ်းထောင်မှာ လူအင်အား မလုံလောက်လို့ ဒီကောင်က မထင်မှတ်ဘဲ ကွပ်မျက်သူဖြစ်သွားပြီး မြို့စောင့်အကျဉ်းထောင်ဌာနက အကျဉ်းထောင်မှူးကြီး ဝမ်ရှန့်ရဲ့ သတိထားခြင်းကိုတောင် ခံခဲ့ရသေးတယ်။

နောက်ပိုင်းမှာ ဝမ်မိသားစုရဲ့ မျက်နှာကို ထောက်ထားပြီး ငါက ဒီကိစ္စကို ဆက်ပြီး မလိုက်တော့ဘဲ ထားလိုက်တာ။

တစ်လပဲ ရှိသေးတယ်၊ ဒါကို မမျှော်လင့်ထားဘူး။

ငါ့သားက ဒီလူ့လက်ချက်နဲ့ နောက်တစ်ကြိမ် ထပ်ပြီး အပြင်းအထန် အရိုက်ခံရပြန်ပြီပေါ့။

"ဒီတစ်ခါတော့ ငါ့သားအတွက် ကလဲ့စားချေဖို့ ဒီလူမိုက်ကို ငါကိုယ်တိုင် သတ်ပစ်မယ် လူတွေ... မိစ္ဆာနှိမ်နင်းရေးဌာနက မိစ္ဆာနှိမ်နင်းရေးအရာရှိ နျိုကို ငါ့အမိန့်ပါးလိုက်စမ်း၊ အခုချက်ချင်း ကောင်းကင်ဘုံအကျဉ်းထောင်ကို သွားပြီး အဲဒီချူရွှမ်ကို ငါ့ရှေ့ကို လာပို့ခိုင်းလိုက် ငါ့သားရဲ့ ရှေ့မှာတင် သူ့ရဲ့ အရိုးတွေကို အမှုန့်ဖြစ်အောင် ငါကိုယ်တိုင် လုပ်ပစ်မယ်"

ဤအခိုက်အတန့်တွင် လက်ဝဲအမတ်ချုပ် လင်ချူချန်မှာ လုံးဝကို ပေါက်ကွဲနေပြီ ဖြစ်သည်။

အမိန့်ထုတ်ပြန်ပြီးနောက် မကြာမီမှာပင် မြို့တော် မိစ္ဆာနှိမ်နင်းရေးဌာနမှ သန်မာထွားကျိုင်းသော မိစ္ဆာနှိမ်နင်းရေးအရာရှိ တစ်ဦး ထွက်ပေါ်လာခဲ့သည်။ ထိုသူ၏ အမည်မှာ နျိုဖူဖြစ်ပြီး မိစ္ဆာနှိမ်နင်းရေးဌာန၏ နတ်အဆင့်အဆင့် မိစ္ဆာနှိမ်နင်းရေးအရာရှိ တစ်ဦးဖြစ်သလို၊ လက်ဝဲအမတ်ချုပ်က မိစ္ဆာနှိမ်နင်းရေးဌာနအတွင်း အထူးခန့်အပ်ထားသော ယုံကြည်ရသည့် လက်ရုံးတစ်ဦးလည်း ဖြစ်သည်။

လက်ဝဲအမတ်ချုပ်၏ သား အရိုက်ခံရသည်ဟု ကြားသောအခါ နျိုဖူသည်လည်း ဒေါသထွက်သွားသည်။ သူသည် သူ၏ လက်အောက်ရှိ အဆင့် (၉) မိစ္ဆာနှိမ်နင်းရေးအရာရှိ တစ်စုကို ခေါ်ဆောင်ကာ ကောင်းကင်ဘုံအကျဉ်းထောင်သို့ တိုက်ရိုက် သွားရောက်ပြီး အကျဉ်းထောင်စောင့် တစ်ဦးကို ဖမ်းဆွဲကာ မေးမြန်းလိုက်သည်။ "ကွပ်မျက်သူ ချူရွှမ် အခု ဘယ်မှာလဲ"

"ဘာကွပ်မျက်သူလဲ ချူရွှမ်က ငါတို့ မြို့စောင့်အကျဉ်းထောင်ဌာနရဲ့ လုပ်ဖော်ကိုင်ဖက် ဖြစ်သလို၊ ငါတို့ ကောင်းကင်ဘုံအကျဉ်းထောင်ရဲ့ ကံကောင်းတဲ့ စစ်သူကြီးပဲ။ မင်းတို့ မိစ္ဆာနှိမ်နင်းရေးအရာရှိတွေ စကားပြောရင် ယဉ်ယဉ်ကျေးကျေး ပြောတာ ကောင်းမယ်"

မထင်မှတ်ဘဲ ထိုအကျဉ်းထောင်စောင့်မှာ ချူရွှမ်ဘက်မှ အပြင်းအထန် ကာကွယ်ပေးနေသည်။

အဓိက အကြောင်းရင်းမှာ ထိုအကျဉ်းထောင်စောင့်သည်လည်း ပြီးခဲ့သည့် စားသောက်ပွဲတွင် ပါဝင်ခဲ့ပြီး အကျိုးဆောင်မှုကြီး ရရှိခဲ့သောကြောင့်ပင်။

သို့သော် နျိုဖူက ဒါတွေကို ဂရုမစိုက်ပေ။

လက်ဝဲအမတ်ချုပ်၏ အမိန့်ကို ကိုင်ဆောင်ထားသဖြင့် သူသည် အကျဉ်းထောင်စောင့်ကို အတင်းအကျပ် လမ်းပြခိုင်းတော့သည်။

ဤအချိန်တွင် ချူရွှမ်သည် ကောင်းကင်ဘုံအကျဉ်းထောင်သို့ ပြန်ရောက်နေပြီ ဖြစ်သည်။ သူသည် ကျန်းလုံ၊ ကျောက်ဟူတို့နှင့်အတူ ထုံးစံအတိုင်း ထောင့်တစ်နေရာတွင် ပုန်းကာ အရက်သောက်ရင်း စကားပြောနေကြသည်။

မိစ္ဆာနှိမ်နင်းရေးအရာရှိ တစ်စု ချဉ်းကပ်လာသည်ကို မြင်သောအခါ ကျန်းလုံနှင့် ကျောက်ဟူတို့မှာ အနည်းငယ် စိုးရိမ်သွားကြသည်။ "မိစ္ဆာနှိမ်နင်းရေးအရာရှိတွေ ဒီလောက်အများကြီးပဲ၊ ကွပ်မျက်ရမယ့် ဒုက္ခပေးနေတဲ့ မိစ္ဆာကောင်တွေ ထပ်ရောက်လာတာလား မသိဘူး"

သူတို့နှစ်ဦးလုံး ချူရွှမ်ကို စိုးရိမ်တကြီး ကြည့်လိုက်ကြသည်။ ဘာပဲဖြစ်ဖြစ် မိစ္ဆာချီတွေကို များများ ကွပ်မျက်လေလေ၊ မိစ္ဆာချီရဲ့ တိုက်စားမှုကို ပိုပြီး ခံရလေလေ မဟုတ်ပါလား။

ချူရွှမ်က စကားမပြောပေ။

သူတို့ထံ လျှောက်လာသော နျိုဖူ၏ မျက်လုံးများမှာ ခေါင်းလောင်းသံကဲ့သို့ ပြူးကျယ်နေပြီး ထက်မြက်သော ဓားများကဲ့သို့ သူတို့ကို စိုက်ကြည့်နေသည်။ "ချူရွှမ်... မင်းက တကယ်ကို ရဲတင်းလှချည်လား ကွပ်မျက်သူ တစ်ယောက်အဖြစ် နိမ့်ကျသွားတာကို အားမရဘဲ၊ လက်ဝဲအမတ်ချုပ်ရဲ့ သားကိုတောင် ပေါ်တင် ရိုက်ဝံ့သေးတယ်ပေါ့ လူတွေ... သူ့ကို ဖမ်းပြီး လက်ဝဲအမတ်ချုပ် အိမ်တော်ဆီကို ခေါ်သွားကြစမ်း"

"ဟုတ်ကဲ့"

မိစ္ဆာနှိမ်နင်းရေးအရာရှိ တစ်စုမှာ ချက်ချင်းပင် ဓားများကို ဆွဲထုတ်ကာ ချူရွှမ်ထံသို့ ချဉ်းကပ်လာကြသည်။

သို့သော် သူတို့ အနားမရောက်မီမှာပင် ချူရွှမ်က အေးစက်စွာ ဟောက်လိုက်သည်။ "ရပ်လိုက်စမ်း"

နျိုဖူက ချက်ချင်းပင် မထီမဲ့မြင် ပြုလိုက်သည်။ "ဘာလဲ အခုမှ ကြောက်သွားတာလား"

ချူရွှမ်က အရေးမစိုက်သလို ခေါင်းခါပြကာ သူ၏ ရင်ခွင်ထဲမှ ပစ္စည်းတစ်ခုကို ထုတ်ယူလိုက်ပြီး ပြောလိုက်သည်။ "ငါ မကြောက်ပါဘူး။ မင်းရဲ့ ခွေးမျက်လုံးတွေကို ဖွင့်ပြီး သေချာကြည့်လိုက်စမ်း... ဒါက ဘာလဲဆိုတာ"

ရွှီး

တောက်ပနေသော ရွှေတံဆိပ်ပြား တစ်ခုမှာ ချူရွှမ်၏ လက်ထဲတွင် ပေါ်လာသည်။ ဤသည်မှာ သူ၏ ဘေးရှိ ကျန်းလုံနှင့် ကျောက်ဟူတို့ကို အံ့ဩတကြီး အော်ဟစ်သွားစေသည်။ "ဘုရားရေ... ဒါက လွတ်ငြိမ်းချမ်းသာခွင့် ရွှေတံဆိပ်ပြားပဲ"

"ဘာ... လွတ်ငြိမ်းချမ်းသာခွင့် ရွှေတံဆိပ်ပြား ဟုတ်လား"

ဆူညံသံကို ကြားပြီး ပြေးလာကြသော အခြားသော အကျဉ်းထောင်စောင့်များမှာလည်း ရုတ်ရုတ်သဲသဲ ဖြစ်သွားကြတော့သည်။

ကောင်းကင်ဘုံအကျဉ်းထောင်တွင် သေဒဏ်ကျ အကျဉ်းသားပေါင်းများစွာမှာ ဤကဲ့သို့သော ရွှေတံဆိပ်ပြားကို ရရှိရန် အသည်းအသန် တောင်းပန်ခဲ့ကြသော်လည်း မည်သူမျှ မရရှိခဲ့ကြပေ။ ဤရွှေတံဆိပ်ပြားသည် လွတ်ငြိမ်းချမ်းသာခွင့် ရရုံတင်မကဘဲ နန်းတွင်းမှာ အမှုထမ်းခွင့်ပါ ရရှိစေသည် မဟုတ်ပါလား။

သို့သော် ကောင်းကင်ဘုံအကျဉ်းထောင်သို့ ရောက်ရှိလာသည်မှာ တစ်လပင် မပြည့်သေးသော ချူရွှမ်မှာမူ ဤရွှေတံဆိပ်ပြားကို ရရှိထားလေပြီ။

ခေတ္တမျှအတွင်းမှာပင် အကျဉ်းထောင်စောင့်များစွာမှာ ချူရွှမ်ကို မနာလိုဝန်တိုသော အကြည့်များဖြင့် ကြည့်နေကြတော့သည်။

ကျန်းလုံနှင့် ကျောက်ဟူတို့မှာ ယခုမှပင် သတိရသွားကြသည်။ ချူရွှမ်က သူတို့ကို အဘယ်ကြောင့် လွတ်ငြိမ်းချမ်းသာခွင့် ရွှေတံဆိပ်ပြားအကြောင်း ကြိုတင် မေးမြန်းခဲ့သနည်းဆိုသည်ကိုပေါ့။

နျိုဖူမှာ အလွန်ပင် ထိတ်လန့်သွားပြီး ဒေါသကြောင့် သွေးပင် အန်ချင်သွားတော့သည်။

ချူရွှမ်က အဘယ်ကြောင့် လက်ဝဲအမတ်ချုပ်၏ သားကို ဒုတိယအကြိမ် ထပ်ပြီး ရိုက်ရဲသနည်းဆိုသည်ကို သူ ယခုမှပင် နားလည်သွားတော့သည်။

သူ့တွင် လွတ်ငြိမ်းချမ်းသာခွင့် ရွှေတံဆိပ်ပြား ရှိနေသောကြောင့်ပင်။

ဤအခိုက်အတန့်တွင် ချူရွှမ်သည် ရွှေတံဆိပ်ပြားကို မြှောက်ကိုင်ကာ နျိုဖူကို အေးစက်စွာ ကြည့်ရင်း ပြောလိုက်သည်။ "ဧကရာဇ်ရဲ့ အမိန့်အရ ရွှေတံဆိပ်ပြားရှေ့မှာ လူတိုင်း တန်းတူညီမျှတယ်။ ငါ့လက်ထဲမှာ ရွှေတံဆိပ်ပြား ရှိနေသရွေ့ လက်ဝဲအမတ်ချုပ်ရဲ့ သားကို ရိုက်တာ မပြောနဲ့၊ မင်းသားတစ်ပါးကို ရိုက်ရင်တောင် ငါက ပုန်ကန်တာ ဒါမှမဟုတ် လူသတ်တာမျိုး မလုပ်သရွေ့ ဘယ်သူမှ ငါ့ကို မဖမ်းနိုင်ဘူး။ ကဲ... မိစ္ဆာနှိမ်နင်းရေးအရာရှိ နျို၊ မင်း ငါ့ကို ဆက်ပြီး ဖမ်းချင်သေးတာ သေချာရဲ့လား"

ဒါ...

သူ့ကို ဝိုင်းရံထားသော မိစ္ဆာနှိမ်နင်းရေးအရာရှိများမှာ တွန့်ဆုတ်သွားကြတော့သည်။

ဘာပဲဖြစ်ဖြစ် ရွှေတံဆိပ်ပြားကို ဂရုမစိုက်ခြင်းမှာ နန်းတွင်းကို ဂရုမစိုက်ခြင်းပင် ဖြစ်သည်။

"မိစ္ဆာနှိမ်နင်းရေးအရာရှိ နျို... ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ ဒီကောင်လေးမှာ လွတ်ငြိမ်းချမ်းသာခွင့် ရွှေတံဆိပ်ပြား ရှိနေတယ်၊ ကျွန်တော်တို့ သူ့ကို ဖမ်းလို့မရဘူး" ဟု ကြောက်ရွံ့နေသော မိစ္ဆာနှိမ်နင်းရေးအရာရှိ တစ်ဦးက ပြောလိုက်သည်။

နျိုဖူ၏ မျက်နှာမှာ ပြာနှမ်းသွားသည်။

ဒါပေမဲ့ သူက လက်ဝဲအမတ်ချုပ်ရဲ့ ယုံကြည်ရတဲ့ လက်ရုံး မဟုတ်ပါလား။

အခြား မိစ္ဆာနှိမ်နင်းရေးအရာရှိတွေ ထွက်သွားလို့ ရပေမဲ့ သူ နျိုဖူကတော့ ဒီလို ပုံစံနဲ့ အရှုံးပေးပြီး မထွက်သွားနိုင်ဘူး။

ထို့ပြင် ချူရွှမ်သည် လမ်းမပေါ်တွင် လက်ဝဲအမတ်ချုပ်၏ သားကို နှစ်ကြိမ်တိုင်တိုင် ပေါ်တင် ရိုက်နှက်ခဲ့သည်။ ဤစော်ကားမှုကို လက်ဝဲအမတ်ချုပ် မပြောနှင့်၊ လက်ရုံးတစ်ဦးဖြစ်သော နျိုဖူပင် မျိုချ၍ မရနိုင်ပေ။

ဒါကို တွေးမိသောအခါ နျိုဖူသည် ရုတ်တရက် ရက်စက်သော အမူအရာ ပေါ်လာပြီး အေးစက်စွာ ဟောက်လိုက်သည်။ "ချူရွှမ်... မင်းက တကယ်ကို ရဲတင်းလှချည်လား မင်းက လက်ဝဲအမတ်ချုပ်ရဲ့ သားကို ပေါ်တင် စော်ကားတာတင် မကဘဲ လွတ်ငြိမ်းချမ်းသာခွင့် ရွှေတံဆိပ်ပြားကိုပါ အတုပြုလုပ်ဝံ့တယ်ပေါ့ ဒီနေ့ ငါကိုယ်တိုင် မင်းကို အပြစ်ပေးမယ်။ ဘာလို့ ငါ့ရှေ့မှာ ဒူးမထောက်သေးတာလဲ"

ဝုန်း

နျိုဖူ၏ ခန္ဓာကိုယ်အတွင်းမှ ကျားဟိန်းသံတစ်ခု ထွက်ပေါ်လာသည်။ သူသည် ကျားနှစ်ကောင်အားရှိသော နတ်အဆင့် ကိုယ်ခံပညာရှင် တစ်ဦး ဖြစ်သည်။ သူ၏ ဆန့်ထုတ်လိုက်သော လက်ဝါးမှာ သိန်းငှက်လက်သည်းကဲ့သို့ ချူရွှမ်၏ ပခုံးဆီသို့ ပြင်းထန်စွာ ရိုက်ချလိုက်တော့သည်။

အကယ်၍ ထိမှန်သွားပါက ချူရွှမ်၏ ပခုံးအရိုးမှာ သေချာပေါက် ကြေမွသွားပြီး မြေပြင်ပေါ်တွင် ဒူးထောက်သွားရပေလိမ့်မည်။ ချူရွှမ်၏ မျက်လုံးထဲတွင် အေးစက်သော အလင်းတစ်ခု ပေါ်လာပြီး ပြန်လည် တိုက်ခိုက်ရန် စဉ်းစားလိုက်သည်။

ထိုစဉ်မှာပင် အကျဉ်းထောင်စောင့် လူအုပ်ကြီးမှာ လမ်းဖယ်ပေးလိုက်ကြပြီး၊ တရားဝင် ဝတ်စုံဝတ်ထားကာ ကျားသစ်နှင့် ဝံပုလွေကဲ့သို့ လျင်မြန်အားပါသော ခြေလှမ်းများဖြင့် လူတစ်ဦးမှာ သူတို့နောက်ကွယ်မှ ထွက်ပေါ်လာသည်။ သူက နျိုဖူကို အော်ဟစ်လိုက်သည်။ "ငါ့ရှေ့မှာ ဒီလောက်အထိ ရဲတင်းဝံ့တာလား ဖယ်စမ်း"

ဘုန်း

ထိုသို့ပြောပြီးနောက် သူ၏ ခန္ဓာကိုယ်အတွင်းမှ ကြောက်မက်ဖွယ်ကောင်းသော စစ်မှန်သော ချီများ ထွက်ပေါ်လာပြီး သွေးရောင် ခေါင်းလောင်းပုံသဏ္ဌာန် အကာအကွယ်တစ်ခု ဖြစ်လာသည်။ သူက ၎င်းကို နျိုဖူ၏ ကျောဘက်သို့ ပြင်းထန်စွာ တွန်းထုတ်လိုက်တော့သည်။

"ဝေါ့..."

နျိုဖူမှာ သွေးစိမ်းရှင်ရှင် အန်ထုတ်လိုက်ရပြီး မြေပြင်ပေါ်၌ လိမ့်ထွက်သွားတော့သည်။ သူ ပြန်လည် ထထိုင်လိုက်သောအခါ ဒေါသနှင့် အရှက်ရမှုများ ပြည့်နှက်နေသော်လည်း၊ မကြာမီမှာပင် ထိုခံစားချက်မှာ ထိတ်လန့်မှုအဖြစ်သို့ ပြောင်းလဲသွားသည်။

အဘယ်ကြောင့်ဆိုသော် ယခု လှုပ်ရှားလိုက်သူမှာ အခြားသူမဟုတ်ဘဲ အကျဉ်းထောင်မှူးကြီး ဝမ်ရှန့် ဖြစ်နေသောကြောင့်ပင်။

နတ်အဆင့် အဆင့် (၅) ဖြစ်သော ဝမ်ရှန့်၏ ကြောက်မက်ဖွယ် ဂုဏ်သတင်းမှာ နတ်အဆင့် (၁) သာ ရှိသော နျိုဖူ ယှဉ်နိုင်သည့် အရာ မဟုတ်ပေ။ နျိုဖူသည် သူ၏ ဒေါသကို မျိုသိပ်ကာ မကျေမနပ် ဟောက်လိုက်သည်။ "ဝမ်ရှန့်... မင်းက သာမန် ကွပ်မျက်သူ တစ်ယောက်အတွက်နဲ့ ငါတို့ မိစ္ဆာနှိမ်နင်းရေးဌာနနဲ့ တကယ်ပဲ ရန်သူဖြစ်ချင်တာလား”

အခန်း (၁၅)

ငါ့ကို ရှင်းပြချက်ပေးစမ်း

အကျဉ်းထောင်မှူးကြီး ဝမ်ရှန့်က နှာခေါင်းရှုံ့ကာ လှောင်ပြောင်လိုက်သည်။ "ငါ အခုလို လုပ်တာက ချူရွှမ် အတွက် မဟုတ်ဘူး၊ သူ့လက်ထဲက လွတ်ငြိမ်းချမ်းသာခွင့် ရွှေတံဆိပ်ပြားအတွက်ပဲ။ ဒီတံဆိပ်ပြားဟာ နန်းတွင်းရဲ့ ဂုဏ်သိက္ခာနဲ့ ယုံကြည်မှုကို ကိုယ်စားပြုတယ်၊ ပြီးတော့ ဒါဟာ ငါကိုယ်တိုင် ပေးအပ်ထားတာလည်း ဖြစ်တယ်။ မင်းက သူ့ကို ဖမ်းဖို့ ကြိုးစားတာဟာ ဒီတံဆိပ်ပြားကို ဂရုမစိုက်တာပဲ၊ တစ်နည်းအားဖြင့် နန်းတွင်းကို ဂရုမစိုက်တာပဲ။ အဲဒီတော့ ငါက ရန်သူလို ဆက်ဆံမယ်ဆိုရင်ရော ဘာဖြစ်လဲ"

"မင်း... ဝမ်လို့ နာမည်ရတဲ့ကောင်..."

နျူဖူမှာ ဒေါသအလိပ်လိပ် ထွက်လာသဖြင့် နောက်ထပ် သွေးတစ်လုပ် ထပ်မံ အန်ထုတ်လိုက်ရပြန်သည်။ သာမန် ကွပ်မျက်သူတစ်ယောက်ကို ဖမ်းရတာ ဘာလို့ ဒီလောက်အထိ ခက်ခဲနေရသလဲဆိုတာ သူ လုံးဝ နားမလည်နိုင်တော့ပေ။

နောက်ဆုံးတွင် လူကိုလည်း မဖမ်းနိုင်ဘဲ အရိုက်ပင် ခံလိုက်ရသေးသည်။

နျူဖူမှာ ဒေါသထွက်လွန်းသဖြင့် သူ၏ မိစ္ဆာနှိမ်နင်းရေးအရာရှိ ဝတ်စုံမှာပင် ဖောင်းကားလာတော့သည်။ သို့သော်လည်း အကျဉ်းထောင်မှူးကြီး ဝမ်ရှန့်ကိုမူ သူ လက်မလှည့်ရဲပေ။ သူက ခြိမ်းခြောက်စကားသာ ဆိုနိုင်တော့သည်။ "ဝမ်ရှန့်... မင်း သေချာစဉ်းစားတာ ကောင်းလိမ့်မယ်။ ဒီချူရွှမ်ဆိုတဲ့ ကောင်က သူ့မှာရှိတဲ့ ရွှေတံဆိပ်ပြားကို အားကိုးပြီး လက်ဝဲအမတ်ချုပ်ရဲ့ သားကို နှစ်ကြိမ်တိုင်တိုင် လူပုံအလယ်မှာ ရိုက်ခဲ့တယ်။ မင်းက သူ့ကို အခုလို ကာကွယ်ပေးနေတာဟာ လက်ဝဲအမတ်ချုပ်ကို စော်ကားနေတာပဲ။ အကယ်၍ လက်ဝဲအမတ်ချုပ်ကြီးက အပြစ်ပေးဖို့ ဆုံးဖြတ်လိုက်ရင်တော့..."

"ထွက်သွားစမ်း"

အကျဉ်းထောင်မှူးကြီး ဝမ်ရှန့်က အေးစက်စွာ ပြောလိုက်သည်။

"မင်း ဘာပြောလိုက်တယ်"

နျူဖူမှာ ပေါက်ကွဲလုနီးပါး ဖြစ်သွားသည်။

သို့သော် သူ ဒေါသအိုး မပေါက်ကွဲမီမှာပင် အကျဉ်းထောင်မှူးကြီး ဝမ်ရှန့်၏ နောက်ကွယ်မှ အကျဉ်းထောင်စောင့် အုပ်စုကြီးသည် သံခြေချင်းများနှင့် လက်ထိပ်များကို ကိုင်ဆောင်ကာ ရုတ်တရက် ထွက်ပေါ်လာကြသည်။ အချို့မှာ ရက်စက်သော အကြည့်များဖြင့် ရှိနေကြပြီး၊ အချို့မှာမူ ယုတ်မာသော အပြုံးများ ပြုံးနေကြသည်။

ကောင်းကင်ဘုံအကျဉ်းထောင်၏ အဖွဲ့ဝင်တစ်ဦးအနေဖြင့် ချူရွှမ်သည်လည်း အကျဉ်းထောင်မှူးကြီး ဝမ်ရှန့်၏ နောက်ကွယ်တွင် ပြတ်သားစွာ ရပ်လိုက်သည်။

မိစ္ဆာနှိမ်နင်းရေးအရာရှိ တစ်စုမှာမူ အေးစိမ့်သော ချွေးများပင် ထွက်လာတော့သည်။

ဒါဟာ မိစ္ဆာနှိမ်နင်းရေးဌာနမဟုတ်ဘဲ မြို့စောင့်အကျဉ်းထောင်ဌာနရဲ့ ကောင်းကင်ဘုံအကျဉ်းထောင် ဆိုတာကို နျူဖူလည်း ရုတ်တရက် သတိဝင်သွားသည်။ အကယ်၍ ဒီနေရာမှာသာ တိုက်ပွဲဖြစ်ပွားခဲ့လျှင် အကျဉ်းထောင်စောင့်တွေရဲ့ တံတွေးနဲ့တင် သူတို့နစ်မြုပ်သွားနိုင်သည် မဟုတ်ပါလား။

နျူဖူသည် သူ၏ ရင်ထဲမှ ဒေါသကို ထပ်ခါထပ်ခါ မျိုသိပ်လိုက်ရသည်။ ဝမ်ရှန့်ကို မဆော်ကားရဲသဖြင့် သူသည် ချူရွှမ်ကိုသာ စိုက်ကြည့်လိုက်တော့သည်။ "ကောင်လေး... မင်းမှာ ရွှေတံဆိပ်ပြား ရှိနေလို့ ကံကောင်းတယ်လို့ မှတ်ထားလိုက် ဒါပေမဲ့ ဒီတံဆိပ်ပြားက မင်းကို ခေတ္တပဲ ကာကွယ်ပေးနိုင်မှာ၊ ထာဝရ မဟုတ်ဘူး။ မင်းမှာ သတ္တိရှိရင် ကောင်းကင်ဘုံအကျဉ်းထောင် တံခါးပြင်ပကို တစ်လှမ်းမှ မလှမ်းနဲ့တော့"

"သွားကြမယ်"

သူသည် ကြိမ်းဝါးသံများ ချန်ထားခဲ့သည်။

နျူဖူသည် ရဲရဲတောက် ရောက်ရှိလာခဲ့သော်လည်း အလွန်အမင်း စိတ်ပျက်စွာဖြင့် ပြန်လည် ထွက်ခွာသွားရတော့သည်။

ချူရွှမ်သည်လည်း သက်ပြင်းအရှည်ကြီး ချလိုက်မိသည်။ ရွှေတံဆိပ်ပြားကြောင့် လက်ဝဲအမတ်ချုပ်၏ အန္တရာယ်ကို ခေတ္တမျှ ကျော်လွှားနိုင်ခဲ့ပြီဖြစ်ကြောင်း သူ သိလိုက်သည်။ အကျဉ်းထောင်စောင့်များမှာလည်း ကြည့်စရာ မရှိတော့သဖြင့် လူစုခွဲသွားကြတော့သည်။

ကျန်းလုံနှင့် ကျောက်ဟူတို့မှာမူ ချူရွှမ်ကို အားမလိုအားမရသော အကြည့်များဖြင့် ကြည့်လိုက်ကြသည်။

ချူရွှမ် ဖန်တီးလိုက်သော ပြဿနာမှာ ကြီးလွန်းလှသည် မဟုတ်ပါလား။

ထို့ပြင် သူ ရာထူးတိုးတော့မည့် အရေးကြီးသော အချိန်လည်း ဖြစ်နေသည်။ အကျဉ်းထောင်မှူးကြီး ဝမ်ရှန့်သည် ချူရွှမ်ကို သဘောကျသော်လည်း၊ အကျဉ်းထောင်မှူး တစ်ဦးအနေဖြင့် တစ်ခုခု မှားယွင်းနေသည်ကို သူ သိမြင်နေသည်။

နျူဖူနှင့် အခြားသူများကို မောင်းထုတ်ပြီးနောက် ဝမ်ရှန့်၏ အကြည့်မှာ ရုတ်တရက် တည်ကြည်သွားသည်။ "ချူရွှမ်... ငါ့ရဲ့ ရုံးခန်း ကို အခုချက်ချင်း လိုက်ခဲ့"

"ဟုတ်ကဲ့ပါ အကျဉ်းထောင်မှူးကြီး"

ချူရွှမ် ခါးသက်စွာ ပြုံးလိုက်မိသည်။

ဤအချိန် ရောက်လာလိမ့်မည်ဟု သူ ကြိုတင် သိထားပြီးသား ဖြစ်သည်။

ကံကောင်းစွာဖြင့် လက်ဝဲအမတ်ချုပ်၏ သားကို ရိုက်ရန် ဆုံးဖြတ်ကတည်းက သူသည် ကြိုတင် ပြင်ဆင်မှုအချို့ ပြုလုပ်ထားခဲ့သည်။ ချက်ချင်းပင် ချူရွှမ်သည် စိုးရိမ်စိတ်မရှိဘဲ ဝမ်ရှန့်နောက်သို့ တရားရုံးခန်းဆီသို့ လိုက်သွားတော့သည်။

ဝမ်ရှန့်က ဘာမှ မပြောပေ။

သူသည် ချူရွှမ်ကို ၁၅မိနစ်မျှ အေးစက်စွာ စိုက်ကြည့်နေသည်။

ချူရွှမ်အနေဖြင့် သူ၏ လျှို့ဝှက်ချက် တစ်ခုခုကို သိသွားလေသလားဟု စတင် စိုးရိမ်လာသည့် အချိန်မှာပင်၊ ဝမ်ရှန့်က အေးစက်စွာ ပြောလိုက်သည်။ "ငါ့ကို ရှင်းပြချက်ပေးစမ်း"

ထိုသို့ပြောပြီးနောက် ဝမ်ရှန့်သည် ဘာမှ ဆက်မပြောတော့ပေ။

သို့သော် ဤရိုးရှင်းသော စကားတစ်ခွန်းမှာ ချူရွှမ်အတွက်မူ ပိဿာချိန် တစ်ထောင်လောက် လေးလံနေသလို ခံစားရသည်။ အကယ်၍ သူ ယနေ့ သေချာ မရှင်းပြနိုင်လျှင် ကွပ်မျက်သူ အလုပ်ကို ဆုံးရှုံးရုံတင်မကဘဲ ဝမ်ရှန့်နှင့် မြို့စောင့်အကျဉ်းထောင်ဌာန၏ ကြီးမားသော သံသယကိုပါ ခံရတော့မည် ဖြစ်ကြောင်း သူ နားလည်လိုက်သည်။

ထို့ကြောင့် ဇာတ်လမ်းဆင်ပြီး လိမ်ညာရန်မှာ လုံးဝ မဖြစ်နိုင်ပေ။

မည်သည့် ခုခံကာကွယ်မှုမျိုးမဆို ဝမ်ရှန့်ကဲ့သို့ အတွေ့အကြုံရင့် ကျွမ်းကျင်သူ ရှေ့တွင် အားနည်းလွန်းလှသည်။

ထို့ကြောင့် ချူရွှမ်သည် စကားဖြင့် မရှင်းပြတော့ဘဲ လုပ်ရပ်ဖြင့်သာ တိုက်ရိုက် ရှင်းပြရန် ဆုံးဖြတ်လိုက်သည်၊ အဘယ်ကြောင့်ဆိုသော် တစ်ခါတစ်ရံတွင် လုပ်ရပ်မှာ စကားလုံးများထက် ပို၍ အားကောင်းသောကြောင့်ပင်။

"အကျဉ်းထောင်မှူးကြီး... ခွင့်လွှတ်ပါ"

ဝူး

ချူရွှမ်သည် သူ၏ ဓားကို ပြတ်သားစွာ ဆွဲထုတ်လိုက်ပြီး ဝမ်ရှန့်ထံသို့ ဦးတည်ကာ ‘သွေးသောက်အရူးဓားမ’ ကို ပစ်လွှတ်လိုက်သည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် ၎င်းသည် သွေးရောင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ဝမ်ရှန့်၏ မျက်ခုံးနှစ်ခုကြား နဖူးတည့်တည့်ဆီသို့ တိုးဝင်သွားတော့သည်။

ဝမ်ရှန့်မှာမူ မျက်တောင်တစ်ချက်ပင် မခတ်ဘဲ ရုံးခန်းတွင် တည်ငြိမ်စွာ ထိုင်နေသည်၊ သွေးသောက်အရူးဓားမ၏ ထိပ်ဖျားမှာ သူ၏ နဖူးနှင့် လက်တစ်လုံးအကွာအထိ ရောက်ရှိလာသည်။

"ဓား... လာစမ်း"

ထိုအချိန်တွင် ချူရွှမ်က အသံနိမ့်နိမ့်ဖြင့် ဟောက်လိုက်သည်။

သူ့လက်ထဲမှ လွင့်ထွက်သွားသော ထိုကျိန်စာလက်နက်မှာ ရုတ်တရက် လမ်းကြောင်း ပြောင်းသွားပြီး လျှပ်စီးကဲ့သို့ ချူရွှမ်၏ လက်ထဲသို့ ပြန်လည် ရောက်ရှိလာတော့သည်။

ဒါ... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

ဤအခိုက်အတန့်တွင် ဓားအလင်းက သူ၏ နဖူးကို ထိလုနီးပါး ဖြစ်ချိန်မှာပင် အမူအရာ မပျက်ခဲ့သော ဝမ်ရှန့်သည် ယခုအခါတွင်မူ မျက်လုံးများထဲ၌ ထိတ်လန့်မှုများ ပြည့်နှက်သွားပြီး ရုံးခန်းရှိ ခုံရှည်ပေါ်မှ မတ်တတ်ပင် ထရပ်လိုက်မိသည်။

ဤပြိုင်ဘက်ကင်း ကျိန်စာလက်နက်၏ လျှို့ဝှက်ဆန်းကြယ်မှုနှင့် ကြောက်မက်ဖွယ်ကောင်းမှုကို သူထက် ပိုသိသူ မရှိပေ။

ဤအကြောင်းကြောင့်ပင် ဝမ်ရှန့်သည် ချူရွှမ်ကို သုံးရက် အချိန်ပေးခဲ့သော်လည်း၊ ချူရွှမ် အမှန်တကယ် အောင်မြင်လိမ့်မည်ဟု သူ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ပေ။

ဒါပေမဲ့ အခုတော့ ချူရွှမ်၏ လက်ထဲတွင် အလွန်ပင် လိမ္မာယဉ်ကျေးစွာ ရှိနေသော သွေးသောက်အရူးဓားမကို ကြည့်ရင်း၊ ပြင်းထန်သော ဖိအားအောက်မှာတောင် အမူအရာ မပျက်ခဲ့သော ဝမ်ရှန့်မှာ နောက်ဆုံးတွင် သက်ပြင်းအရှည်ကြီး ချလိုက်ပြီး ပြောလိုက်သည်။ "ချူရွှမ်... မင်း ဒီပြိုင်ဘက်ကင်း ကျိန်စာလက်နက်ကို တကယ်ပဲ ထိန်းချုပ်လိုက်နိုင်တာလား"

ချူရွှမ်သည် ဓားကို ကိုင်ဆောင်ကာ လက်အုပ်ချီလျက် တည်ကြည်စွာ ပြောလိုက်သည်။ "အကျဉ်းထောင်မှူးကြီးရဲ့ ကံကောင်းမှုတွေကြောင့်ပါပဲ၊ ကျွန်တော် ဒီကျိန်စာလက်နက်ကို ကျွန်တော့်ကို သခင်အဖြစ် အသိအမှတ်ပြုအောင် လုပ်နိုင်ခဲ့ပါတယ်။ လာပါ... အကျဉ်းထောင်မှူးကြီးအတွက် ဓားအက တစ်ခု ပြပါရစေ"

ရွှီး၊ ရွှီး၊ ရွှီး။

ချူရွှမ်၏ အမိန့်အောက်တွင် သွေးသောက်အရူးဓားမမှာ မတတ်သာဘဲ လည်ပတ်နေသည်ကို ကြည့်ရင်း၊ ၎င်း၏ အတွင်းမှ ‘သွေးမြွေနဂါး ဓားဝိညာဉ်’ ၏ အရှက်ရပြီး ညည်းညူသံ သဲ့သဲ့ကို ကြားနေရသည်။

ဝမ်ရှန့်၏ မျက်နှာမှာ ချက်ချင်းပင် စိတ်လှုပ်ရှားမှုနှင့် ထူးဆန်းသော အမူအရာတို့ ဖြစ်ပေါ်လာသည်။ "ဒါကြောင့်လည်း မင်းက ရာထူးတိုးတာကို ငြင်းပြီး လက်ဝဲအမတ်ချုပ်ရဲ့ သားကို ဒုတိယအကြိမ် ရိုက်ဖို့ ဝန်မလေးခဲ့တာပေါ့ ဒါပေမဲ့ ဒီရှင်းပြချက်ကတော့ မလုံလောက်သေးဘူး"

ဝမ်ရှန့်သည် အတွေ့အကြုံရင့် ကျွမ်းကျင်သူ တစ်ဦးဖြစ်ရာ ဤမျှနှင့် လွယ်လွယ်ကူကူ အယုံအကြည် မရှိပေ။

ချူရွှမ်ကလည်း ခေါင်းညိတ်လိုက်သည်၊ သူ၏ ဝှက်ဖဲအချို့ကို ထုတ်ပြမှ ဖြစ်တော့မည်ကို သူ သိလိုက်သည်။

သူသည် အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး အသံလေးလေးဖြင့် ပြောလိုက်သည်။ "အကျဉ်းထောင်မှူးကြီး... ကျွန်တော် လက်ဝဲအမတ်ချုပ်ရဲ့ သားကို ရိုက်ရတဲ့ အကြောင်းရင်း သုံးချက် ရှိပါတယ်"

"ပထမ... သူ့ကို ကြည့်ရတာ ကျွန်တော့်မျက်စိထဲမှာ အဆင်မပြေလို့ပါ"

"ဒုတိယ... ကျွန်တော် ရာထူးတိုးတာကို မလိုချင်လို့ပါ"

"တတိယ... သွေးသောက်အရူးဓားမကို ထိန်းချုပ်ပြီးတဲ့နောက်မှာ ဒီဓားထဲမှာ ဝှက်ထားတဲ့ လျှို့ဝှက်ချက်ကြီးတစ်ခုကို ကျွန်တော် တွေ့လိုက်ရတယ်၊ အဲဒါကတော့ ဒီဓားဟာ မိစ္ဆာချီတွေကို စုပ်ယူပြီး ကျွန်တော့်ရဲ့ ကိုယ်ခန္ဓာကို သန့်စင်ကြံ့ခိုင်စေနိုင်တာပါပဲ"

ဝုန်း

စကားသံ ဆုံးသည်နှင့် ချူရွှမ်သည် သူ၏ သက်စောင့်အားနှင့် သွေးချီများကို ထုတ်ဖော်လိုက်ပြီး၊ လက်သီးတစ်ချက်ကို ပြင်းထန်စွာ ထုတ်ဖော်လိုက်သည်။ ချက်ချင်းပင် ရှေ့ရှိ လေထုမှာ တုန်ခါသွားပြီး လှိုင်းတွန့်များ ဖြစ်ပေါ်လာတော့သည်။

ဝမ်ရှန့်မှာ နောက်တစ်ကြိမ် ထိတ်လန့်သွားရပြန်သည်။ ခန္ဓာကိုယ်ကျင့်ကြံသူတစ်ဦးအနေဖြင့် ချူရွှမ် ထုတ်ဖော်လိုက်သော သက်စောင့်အားမှာ ‘ကျားနှစ်ကောင်အား’ နှင့် ညီမျှပြီး 'နတ်အဆင့် ဒုတိယအလွှာ’ သို့ ရောက်ရှိနေကြောင်း သူ တစ်ချက်ကြည့်ရုံဖြင့် သိလိုက်သည်။

မြို့စောင့်အကျဉ်းထောင်ဌာန၏ စုံစမ်းစစ်ဆေးမှုများအရ ချူရွှမ်သည် မိစ္ဆာနှိမ်နင်းရေးဌာနတွင် ‘မိစ္ဆာနှိမ်နင်းရေး ကျင့်စဉ်’ ကိုသာ ကျင့်ကြံခဲ့ပြီး ခန္ဓာကိုယ် သန့်စင်ခြင်းအတွေ့အကြုံ လုံးဝ မရှိခဲ့ပေ။

"မင်းရဲ့ ခန္ဓာကိုယ် ကျင့်ကြံခြင်းအဆင့်က ဒီပြိုင်ဘက်ကင်း ကျိန်စာလက်နက်ဆီက ရခဲ့တာလား" ဝမ်ရှန့်က အံ့ဩတကြီးဖြင့် သွေးသောက်အရူးဓားမကို စစ်ဆေးရန် ကြိုးစားသော်လည်း ၎င်းက အနားသို့ အကပ်မခံပေ။

သွေးသောက်အရူးဓားမမှာ အပြင်းအထန် တုန်ခါနေပြီး ရူးသွပ်တော့မည့်အလား ဖြစ်နေသည်။

ပြိုင်ဘက်ကင်း ကျိန်စာလက်နက် တစ်ခုသည် သခင်ကို အသိအမှတ်ပြုပြီးပါက၊ မူလသခင် မသေဆုံးမချင်း အခြားသူ မည်သူမျှ အသုံးပြု၍ မရနိုင်ပေ။

ဒါဟာ ချူရွှမ်အနေဖြင့် သူ၏ ခန္ဓာကိုယ် သန့်စင်နိုင်စွမ်းကို ထုတ်ဖော်ပြသဝံ့သည့် ယုံကြည်ချက်လည်း ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ‘ကောင်းကင်ဘုံ ပြစ်ဒဏ်ခတ်ခြင်း ရတနာ’ မှလွဲ၍ မည်သည့်အရာကမျှ သွေးသောက်အရူးဓားမကို မနှိမ်နင်းနိုင်သလို၊ ဤကျိန်စာလက်နက်ကို အညံ့ခံအောင်လည်း မလုပ်နိုင်သောကြောင့်ပင်။ ထို့ကြောင့် ဤဓားထဲတွင် အမှန်တကယ် မည်သည့်လျှို့ဝှက်ချက် ရှိနေသနည်းဆိုသည်ကို မည်သူမျှ သိနိုင်မည် မဟုတ်ပေ။

အကယ်၍ တစ်စုံတစ်ဦးက သံသယရှိခဲ့လျှင်ပင် ချူရွှမ်သည် အရာအားလုံးကို ဤကျိန်စာလက်နက်ပေါ်သို့ လွှဲချလိုက်ရုံသာ ရှိသည်။

ထို့ကြောင့် ချူရွှမ်က မိစ္ဆာချီကို အသုံးပြု၍ ခန္ဓာကိုယ် သန့်စင်နိုင်ကြောင်း ထုတ်ဖော်လိုက်သော်လည်း၊ ပြင်ပလူများက ဒါဟာ သွေးသောက်အရူးဓားမကြောင့်ဟုသာ ထင်ကြပေလိမ့်မည်။ ချူရွှမ်အနေဖြင့်လည်း ဤအကြောင်းကြောင့် ကောင်းကင်ဘုံ ပြစ်ဒဏ်ခတ်ခြင်း ရတနာကို ထုတ်ဖော်မိမည်ကို စိုးရိမ်စရာ မလိုတော့ပေ။

ဝမ်ရှန့်သည်လည်း ယခုအခါ ထိုအတိုင်းပင် ထင်မှတ်နေသည်။

ဆယ်စုနှစ်များစွာ အကျဉ်းသားပေါင်းများစွာကို စစ်ဆေးခဲ့သည့် အတွေ့အကြုံရင့် ကျွမ်းကျင်သူ တစ်ဦးပင် ဖြစ်သော်လည်း၊ ပထမအချက်အနေဖြင့် ချူရွှမ် ထုတ်ဖော်လိုက်သော လျှို့ဝှက်ချက်မှာ အလွန် အံ့ဩစရာ ကောင်းလွန်းနေခြင်းနှင့်၊ ဒုတိယအချက်မှာ သူကိုယ်တိုင် သွေးသောက်အရူးဓားမကို မထိန်းချုပ်နိုင်သဖြင့် ဤဓားထဲမှ စစ်မှန်သော လျှို့ဝှက်ချက်ကို သူ မသိနိုင်သောကြောင့်ပင်။

ဝမ်ရှန့်၏ နောက်ဆုံး သံသယကို ဖြေဖျောက်ရန်အတွက် ချူရွှမ်သည် သွားကို တင်းတင်းစေ့ကာ အသံလေးလေးဖြင့် ထပ်ပြောလိုက်သည်။ "အကယ်၍ အကျဉ်းထောင်မှူးကြီး မယုံဘူးဆိုရင်၊ ကျွန်တော့်ကို ကောင်းကင်ဘုံအကျဉ်းထောင်မှာပဲ ထားပေးပါ၊ ပြီးတော့ မိစ္ဆာတစ်ကောင်ကို ထပ်ပြီး ကွပ်မျက်ခွင့် ပေးပါ။ အဲဒီအခါကျရင် ကျွန်တော်ပြောတာ အမှန်လား၊ အမှားလားဆိုတာ အကျဉ်းထောင်မှူးကြီး သိရမှာပါ”

All Chapters