အခန်း (၄၃-၄၅)
Vol. 3 Ch. 43-45
အခန်း (၄၃)
မိစ္ဆာနှိမ်နင်းရေးဌာနက ကောင်းကင်ဘုံအကျဉ်းထောင်ကို ထိန်းချုပ်ခြင်း
ကျန်းလုံက ပြောသည်။ "ဒီလူက ရှဟောက်အန်းပဲ။ သူက မူလက မဟာချင်စစ်တပ်က နာမည်ကျော် စစ်သူကြီးတစ်ဦးပေါ့။ ဒါပေမဲ့ သူက အရမ်းကို ရက်စက်ကြမ်းကြုတ်ပြီး သွေးဆာတတ်တယ်။ နောက်ဆုံးမှာတော့ သူက အောင်မြင်မှုတွေရဖို့အတွက် အပြစ်မဲ့တဲ့ ပြည်သူတွေကို သတ်ဖြတ်တဲ့အထိ ယုတ်မာခဲ့တယ်။ ငါတို့ မြို့စောင့်အကျဉ်းဌာနက သူ့ကို ဖမ်းမိတော့မှ သူက တိတ်တဆိတ် လူသားစားနေတာကို သိလိုက်ရတာ။ သူက မိစ္ဆာမဟုတ်ပေမဲ့ မိစ္ဆာနဲ့ ဘာမှမခြားပါဘူး"
"ဒါပေမဲ့ ဒီကောင် အသက်ရှည်ရှည် နေရမှာ မဟုတ်ပါဘူး။ မော်ကွန်းတိုက်ထဲမှာ သူ့ရဲ့ မှတ်တမ်းတွေက အကုန်မလောင်သွားဘူး။ တရားရေးဝန်ကြီးဌာနရဲ့ မှတ်တမ်းအရဆိုရင် ရှဟောက်အန်းကို သေဒဏ်ချမှတ်ထားပြီး ဆောင်းဦးပေါက်မှာ ကွပ်မျက်ရမယ်လို့ ဆိုထားတယ်။ ညီအစ်ကိုရွှမ်... နောက်တစ်လ နှစ်လနေရင် ခင်ဗျား သူ့ကို ခေါင်းဖြတ်ပြီး ပို့ဆောင်ပေးရလိမ့်မယ်”
"ဆောင်းဦးပေါက်မှ ကွပ်မျက်ရမှာဆိုတော့ ငါ အများကြီး တွေးနေမိတာပဲ”
ချူရွှမ်က ခေါင်းခါလိုက်သည်။ သူသည် အေးအေးဆေးဆေးသာ နေထိုင်ရန် ဆုံးဖြတ်ထားသဖြင့် ဤကိစ္စကို အာရုံမစိုက်တော့ပေ။ နေ့တိုင်း ကောင်းကင်ဘုံအကျဉ်းထောင်တွင် လမ်းလျှောက်သည်မှလွဲ၍ သူ၏ အခန်းထဲ၌ ရှစ်မျက်နှာသဲကန္တာရ ကျင့်စဉ်ကိုသာ လေ့ကျင့်နေခဲ့သည်။
သူ ကျင့်ကြံသည့် အချိန်တိုင်းတွင် ခရမ်းရွှေရောင် သွေးမြွေနဂါး ဓားဝိညာဉ် သည် သူ၏ခြေထောက်တွင် ရစ်ပတ်ကာ သူနှင့်အတူ အသက်ရှူဝင်သက်ထွက်ပြုရင်း တရားထိုင်လေ့ရှိသည်။
သို့သော်လည်း မိစ္ဆာကျင့်စဉ်များကို ကျင့်ကြံမှု မရှိဘဲနှင့် သူ၏ ခွန်အားကို လျင်မြန်စွာ တိုးမြှင့်ရန်မှာ ခက်ခဲနေဆဲပင်။ အထူးသဖြင့် မိစ္ဆာခန္ဓာကိုယ်သန့်စင်ခြင်းကျင့်စဉ် မှာ မိစ္ဆာချီမရှိသဖြင့် အလှပြသက်သက်သာ ဖြစ်နေသည်။
"တကယ်တော့ အမှန်အတိုင်း ပြောရရင် ငါ့ပတ်ဝန်းကျင်မှာ မိစ္ဆာချီတွေ မရှိတာတော့ မဟုတ်ဘူး..." ကျင့်ကြံမှု အလွန်နှေးကွေးနေသဖြင့် ချူရွှမ်သည် သူ၏ဘေးရှိ သွေးမြွေနဂါး ဓားဝိညာဉ်ကို မကြာခဏ ကြည့်မိသည်။
ထိုကျိန်စာလက်နက်ဆိုး၏ ဗီဇအရလည်း ပြင်းထန်သော စိုးရိမ်ထိတ်လန့်မှုကို ခံစားနေရပုံရသည်။ သို့သော် ပတ်ဝန်းကျင်ကို ကြည့်လိုက်လျှင် ချူရွှမ်မှလွဲ၍ အခြားသူမရှိသဖြင့် သွေးမြွေနဂါး ဓားဝိညာဉ်မှာ ဇဝေဇဝါ ဖြစ်နေတော့သည်။
ဆယ်ရက်ကျော်ကာလမှာ မျက်တောင်တစ်ခတ်အတွင်း ကုန်ဆုံးသွားခဲ့သည်။ ကောင်းကင်ဘုံအကျဉ်းထောင်အတွင်း၌ အေးဆေးငြိမ်သက်နေဆဲပင်။
မိစ္ဆာနှိမ်နင်းရေးဌာန၏ အသည်းအသန် စုံစမ်းစစ်ဆေးမှုများကြောင့် မြို့တော်၏ လုံခြုံရေးမှာလည်း ယခင်ကထက် ပိုမိုကောင်းမွန်လာခဲ့သည်။ သူတို့သည် "မှားပြီး တစ်ထောင်သတ်မိပါစေ၊ တစ်ယောက်မှ အလွတ်မပေး" ဟူသော မူဝါဒဖြင့် လုပ်ဆောင်နေကြခြင်းဖြစ်သည်။ လမ်းဘေးလူမိုက်များပင် ကြောက်လန့်တကြား အိမ်ထဲ၌ အမြီးကုပ် ပုန်းနေကြရသည်။
ထူးဆန်းသည်မှာ ထိုကာလအတွင်း ဝမ်ရှန့် သည် အလွန် အလုပ်များနေခဲ့သည်။ သူသည် လူစာရင်းစစ်ဆေးချိန်၌သာ ခဏတဖြုတ် ပေါ်လာတတ်သည်။ ထို့နောက်တွင် ဝမ်ရှန့်သည် အကျဉ်းထောင်မှ ထွက်သွားပြီး ပြန်ပေါ်မလာတော့ပေ။
ကျန်းလုံနှင့် ကျောက်ဟူတို့ ကြားခဲ့ရသော သတင်းများအရ လက်ဝဲအမတ်ချုပ်နှင့် လက်ယာအမတ်ချုပ်တို့သည် နေ့စဉ် နံနက်ခင်း ညီလာခံတွင် တစ်ဦးနှင့်တစ်ဦး ဆဲဆိုနေကြပြီး အချို့အကြိမ်များတွင် လက်သီးချင်း ပေးကြလုနီးပါး ဖြစ်ခဲ့သည်ဟု ဆိုသည်။
ကွယ်လွန်သွားသော ပညာရှိစုန့်၏ နေရာတွင်လည်း လူသစ်တစ်ဦး ချက်ချင်း ရောက်ရှိလာသည်။ ကျန်းလုံ၏ ပြောပြချက်အရ အသစ်ရောက်လာသော မှတ်တမ်းအရာရှိ၏ အမည်မှာ ကျန်းတယ်မေဖြစ်ပြီး သူသည် မဟာချင်မင်းဆက်၏ အသစ်စက်စက် အောင်မြင်ထားသော ပညာရှိတစ်ဦး ဖြစ်သည်။ သူသည် တစ်စုံတစ်ယောက်ကို ပြစ်မှားမိသဖြင့် ကောင်းကင်ဘုံအကျဉ်းထောင်သို့ စာရေးအရာရှိအဖြစ် နယ်နှင်ဒဏ် ပေးခံထားရခြင်း ဖြစ်ပုံရသည်။
ထို့ကြောင့် ပညာရှိကျန်း ၏ စိတ်နေစိတ်ထားမှာ ခန့်မှန်းရ ခက်နေသည်။ ချူရွှမ် သူနှင့် တွေ့သည့် အကြိမ်အနည်းငယ်တွင် ထိုသူမှာ မျက်နှာပျက်ပျက်နှင့်သာ ရှိနေတတ်သည်။ ချူရွှမ်လည်း သွားရောက် နှုတ်ဆက်ရန် ခက်ခဲနေခဲ့သည်။
တစ်လခွဲခန့် ကြာပြီးနောက် တစ်နေ့သောအခါ
ချူရွှမ် ကောင်းကင်ဘုံအကျဉ်းထောင်သို့ ရောက်ရှိလာချိန်တွင် ကျန်းလုံနှင့် ကျောက်ဟူတို့မှာ စောင့်နေကြပြီဖြစ်သည်။ "ညီအစ်ကိုရွှမ်... ဘေးဒုက္ခ ကျရောက်လာပြီ၊ တစ်ချို့က ပြောနေကြတာတော့ မကြာခင်မှာ မိစ္ဆာနှိမ်နင်းရေးဌာနက ငါတို့ ကောင်းကင်ဘုံအကျဉ်းထောင်ကို လာသိမ်းတော့မယ်တဲ့”
ချူရွှမ်၏ ပထမဆုံး တုံ့ပြန်မှုမှာ ၎င်းမှာ မဖြစ်နိုင်ဟုပင်။ လက်ဝဲအမတ်ချုပ်နှင့် လက်ယာအမတ်ချုပ်တို့၏ ရန်လိုသော ဆက်ဆံရေးကြောင့်... မိစ္ဆာနှိမ်နင်းရေးဌာနနှင့် မြို့စောင့်အကျဉ်းဌာနတို့မှာ အမြဲတမ်း တစ်ဦးနှင့်တစ်ဦး အဆင်မပြေကြပေ။
ကောင်းကင်ဘုံအကျဉ်းထောင်မှာ မြို့စောင့်အကျဉ်းဌာန၏ အဓိကနယ်မြေဖြစ်သည်။ အကယ်၍ မိစ္ဆာနှိမ်နင်းရေးဌာနက လာသိမ်းမည်ဆိုလျှင် ၎င်းမှာ မြို့စောင့်အကျဉ်းဌာနကို ဗြောင်ကျကျ စစ်ကြေညာခြင်း မဟုတ်ပါလား။
"ဒါက ကောလာဟလပဲ ဖြစ်မှာပါ” ချူရွှမ်က ပြုံး၍ ပြောလိုက်သည်။
သို့သော် မကြာမီမှာပင် သူဖြစ်စေ၊ ကျန်းလုံနှင့် ကျောက်ဟူတို့ဖြစ်စေ၊ ကောင်းကင်ဘုံအကျဉ်းထောင်၏ အကျဉ်းထောင်စောင့် အားလုံးဖြစ်စေ မပြုံးနိုင်ကြတော့ပေ။ မိစ္ဆာနှိမ်နင်းရေးဌာနသည် ယခုတစ်ကြိမ်တွင် အတည်ဖြစ်နေသည်။
မွန်းတည့်ချိန်တွင် အဆင့် ၉ မိစ္ဆာနှိမ်နင်းရေးအရာရှိ များနှင့် နတ်အဆင့် အရာရှိ အုပ်စုကြီးတစ်ခုသည် ကောင်းကင်ဘုံအကျဉ်းထောင်အတွင်းသို့ တိုက်ရိုက် ချဉ်းနင်းဝင်ရောက်လာကြသည်။ သူတို့ကို ဦးဆောင်လာသူမှာ ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားပြီး မြင်းစီးလာသော လူတစ်ဦးဖြစ်သည်။
"တောက်... ဒါ မိစ္ဆာနှိမ်နင်းရေးဌာနက မိစ္ဆာနှိမ်နင်းရေး ဗိုလ်မှူးကြီးပဲ၊ သူ့ရဲ့ ရာထူးက အကျဉ်းထောင်မှူးနဲ့ အဆင့်တူတယ်"
ယခင်က မိစ္ဆာနှိမ်နင်းရေးဌာနတွင် မိစ္ဆာနှိမ်နင်းရေးအရာရှိ လုပ်ခဲ့ဖူးသဖြင့် ချူရွှမ်သည် မြင်းပေါ်မှလူကို တစ်ချက်ကြည့်ရုံဖြင့် မှတ်မိလိုက်သည်။ ဤသူမှာ အခြားသူမဟုတ်ဘဲ မိစ္ဆာနှိမ်နင်းရေး ဗိုလ်မှူးကြီး လင်းရင်ပင် ဖြစ်သည်။
လင်းရင်သည် ကောင်းကင်ဘုံအကျဉ်းထောင်သို့ ရောက်ရှိလာသည်နှင့် ပထမဆုံး လုပ်ဆောင်သည့်အရာမှာ အေးစက်စွာ အမိန့်ပေးလိုက်ခြင်း ဖြစ်သည်။ "အကျဉ်းထောင်စောင့်တွေ အားလုံး နားထောင်စမ်း ဒီနေ့ကစပြီး ငါတို့ မိစ္ဆာနှိမ်နင်းရေးဌာနက ကောင်းကင်ဘုံအကျဉ်းထောင်ကို တာဝန်ယူမယ်။ ဒီကာလအတွင်းမှာ ငါ့ရဲ့ စကားဟာ စစ်မိန့်ပဲ။ ဘယ်သူမှ မလိုက်နာဘဲ မနေရဘူး။ မလိုက်နာတဲ့သူကို ကွပ်မျက်မယ်"
"ကောင်းကင်ဘုံအကျဉ်းထောင်ရဲ့ စာရေးအရာရှိဘယ်မှာလဲ" လင်းရင်က အေးစက်စွာ မေးလိုက်သည်။
အသစ်ရောက်လာသော ပညာရှိကျန်းသည် အမြန် ရှေ့သို့တိုးကာ အောင့်သက်သက် အပြုံးဖြင့် ပြောလိုက်သည်။ "ဒီမှာ ရှိပါတယ်ခင်ဗျာ။ အရာရှိကြီးမှာ ဘာအမိန့်များ ရှိပါသလဲ"
"မင်းက စာရေးအရာရှိလား... ကောင်းပြီ။ မင်းတို့ ကောင်းကင်ဘုံအကျဉ်းထောင်ရဲ့ မော်ကွန်းတိုက်တွေ မီးလောင်သွားတယ်လို့ ငါကြားတယ်။ မင်းတို့က အသုံးမကျတဲ့ လူတစ်စုပဲ။ အခု အသစ်ပြင်ထားတဲ့ အရာရှိမှတ်တမ်းတွေ အားလုံးကို စစ်တဲဆီ ယူလာခဲ့။ ငါကိုယ်တိုင် တစ်ခုချင်းစီ စစ်ဆေးမယ်"
"ပြီးတော့ ငါ ဒီကောင်းကင်ဘုံအကျဉ်းထောင်ရဲ့ လုံခြုံရေးတွေကို ပြန်စီစဉ်မယ်။ မင်းတို့ အကျဉ်းထောင်စောင့်တွေ ကူညီရမယ်”
"ဒါနဲ့... မင်းတို့ထဲမှာ ချူရွှမ် ဆိုတာ ဘယ်သူလဲ"
ရုတ်တရက် လင်းရင်၏ အကြည့်မှာ စူးရှသွားပြန်သည်။ အကျဉ်းထောင်စောင့်များစွာမှာ ချူရွှမ်ကို သနားကရုဏာဖြင့် ကြည့်လိုက်ကြသည်။ လက်ဝဲအမတ်ချုပ်နှင့် ချူရွှမ်တို့အကြားရှိ ရန်ငြိုးကို ကောင်းကင်ဘုံအကျဉ်းထောင်၌ အားလုံး သိကြသည်။
ယခင်က လာခဲ့သော နျိုဖူမှာ ခွန်အားနည်းသဖြင့် ဘယ်သူမှ ဂရုမစိုက်ခဲ့ကြပေ။ သို့သော် ယခုတစ်ကြိမ်မှာမူ မတူညီတော့ပေ။ မိစ္ဆာနှိမ်နင်းရေးဌာနမှ ဗိုလ်မှူးကြီးအဆင့်ရှိသူပင် ရောက်လာခဲ့ပြီ ဖြစ်သည်။ ချူရွှမ်မှာ ပြောစရာ စကားမဲ့သွားသော်လည်း စိတ်ကို တင်းကာ ပြောလိုက်သည်။ "ကျနော်က ချူရွှမ်ပါပဲ”
"ဟဲဟဲ... မင်းကိုး။ ပြီးခဲ့တဲ့အကြိမ်က မိစ္ဆာကိုးကောင်ကို ဆက်တိုက် သတ်ခဲ့တာ တကယ်ကို အားရစရာပဲ ကံမကောင်းတာက မင်း လမ်းမှားရွေးခဲ့ပြီး လူမှားနောက်ကို လိုက်မိတာပဲ။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ။ ဒီရက်ပိုင်းမှာ ကောင်းကောင်းစား၊ ကောင်းကောင်းသောက်ထားပေါ့။ လက်ဝဲအမတ်ချုပ်က မင်းကို နှုတ်ဆက်ခိုင်းလိုက်သေးတယ်၊ ဟားဟားဟားဟား"
ရိုင်းစိုင်းစွာ ရယ်မောလိုက်ပြီးနောက်...
လင်းရင်သည် သူ၏မြင်းကို ကောင်းကင်ဘုံအကျဉ်းထောင်အတွင်းသို့ တိုက်ရိုက် စီးဝင်ရန် ပြင်လိုက်သည်။
အကျဉ်းထောင်စောင့်များ အားလုံး ဒေါသထွက်သွားကြသည်။ ကောင်းကင်ဘုံအကျဉ်းထောင်အတွင်း၌ မြင်းစီးခြင်းကို တားမြစ်ထားသည်။ ချိုးဖောက်သူကို ညှာတာမှုမရှိဘဲ သတ်ရမည်။ လင်းရင်၏ လုပ်ရပ်မှာ ကောင်းကင်ဘုံအကျဉ်းထောင် တစ်ခုလုံးကို ဗြောင်ကျကျ စော်ကားလိုက်ခြင်းဖြစ်သည်။
ချူရွှမ်သည် ဘာမှမစဉ်းစားတော့ဘဲ သူ၏ သွေးသောက် အရူးဓားမ ကို တိုက်ရိုက် ဆွဲထုတ်ကာ မြင်းကို ခုတ်ချလိုက်သည်။
"မင်း ဘယ်လိုတောင် ရဲတင်းရတာလဲ"
"မရိုမသေ လုပ်လှချည်လား"
"အရာရှိကြီး... သတိထားပါ"
လိုက်ပါလာသော မိစ္ဆာနှိမ်နင်းရေးအရာရှိများနှင့် အရာရှိများ အားလုံး ဒေါသထွက်သွားကြသလို၊ လင်းရင်မှာလည်း ပို၍ပင် ဒေါသထွက်သွားသည်။ "မင်းလို သာမန် ကွပ်မျက်သူ တစ်ယောက်က ငါ့ကို တားဆီးဖို့ ဘယ်သူက ခွင့်ပြုချက် ပေးထားလို့လဲ"
"ငါက ပေးထားတာဟေ့"
ထိုစဉ်မှာပင် ဒေါသတကြီး အော်ဟစ်သံတစ်ခု အဝေးမှ ထွက်ပေါ်လာသည်။ ထို့နောက် အကျဉ်းထောင်မှူး ဝမ်ရှန့်သည် ခွန်အားပါပါ လှမ်းလျှောက်လာသည်ကို တွေ့လိုက်ရပြီး သူ၏နောက်တွင် မြို့စောင့်အကျဉ်းဌာနမှ ကြောက်စရာကောင်းသော နတ်အဆင့်ပညာရှင် အုပ်စုတစ်စု လိုက်ပါလာသည်။
လင်းရင်၏ မျက်နှာမှာ အကြိမ်ကြိမ် ပျက်သွားသော်လည်း တစ်စုံတစ်ခုကို သတိရသွားကာ သူ၏ ရင်ဘတ်ထဲမှ ဧကရာဇ်အမိန့်တော်စာ တစ်စောင်ကို ဆွဲထုတ်လိုက်ပြီး ပြောလိုက်သည်။ "ဝမ်ရှန့်... မင်း မကျေနပ်ရင်ရော ဘာဖြစ်မှာလဲ ဒီအမိန့်တော်စာက ငါ့ရဲ့ မိစ္ဆာနှိမ်နင်းရေးဌာနကို ကောင်းကင်ဘုံအကျဉ်းထောင်ကို တာဝန်ယူဖို့ အမိန့်ပေးထားတာ။ လက်ယာအမတ်ချုပ်တောင် လိုက်လျောခဲ့ရတာပဲ။ မင်းက ဧကရာဇ်ရဲ့ အမိန့်ကို ဖီဆန်မလို့လား"
ထိုအခါမှ ချူရွှမ် သဘောပေါက်သွားတော့သည်။ လက်ဝဲအမတ်ချုပ်နှင့် လက်ယာအမတ်ချုပ်တို့၏ ထိပ်တိုက်ရင်ဆိုင်မှုတွင် လက်ယာအမတ်ချုပ် ရှုံးနိမ့်သွားပုံရသည်။
ထိုအမိန့်တော်စာကို မြင်လိုက်ရသောအခါ ဝမ်ရှန့်၏ မျက်နှာမှာလည်း အလွန်ပင် ဆိုးရွားသွားခဲ့သည်။ သို့သော် သူက ခိုင်ခိုင်မာမာပင် ပြောလိုက်သည်။ "ကောင်းကင်ဘုံအကျဉ်းထောင်က အရေးကြီးတဲ့ နေရာပဲ။ ဘယ်သူမှ မြင်းစီးပြီး မဝင်ရဘူး။ ငါက အမိန့်ကို ဖီဆန်နေတာ မဟုတ်ဘူး၊ စည်းကမ်းကို လိုက်နာနေတာ။ လင်း... မင်းသာ မြင်းစီးပြီး နောက်ထပ်တစ်လှမ်း တိုးကြည့်လိုက်၊ ငါ မင်းနဲ့ အခုချက်ချင်း အသေအလဲ တိုက်ပွဲဝင်မယ်"
"ကျနော်တို့လည်း တိုက်မယ်" အကျဉ်းထောင်စောင့် အားလုံးက တညီတညွတ်တည်း ဟိန်းဟောက်လိုက်ကြသည်။
လင်းရင်၏ မျက်နှာမှာ ချက်ချင်းပင် အလွန် ဆိုးရွားသွားခဲ့သည်။ သူသည် ဝမ်ရှန့်ကို အရင် စိုက်ကြည့်လိုက်ပြီး၊ ထို့နောက် ချူရွှမ်ကို အေးစက်စွာ ကြည့်လိုက်သည်။ "မင်းတို့အားလုံးက တစ်ပင်တည်းက ထွက်တဲ့ အသီးတွေပဲ၊ သေဘေးနီးနေတာတောင် မသိကြဘူး"
"ဟေ့လူတွေ... ငါ့မြင်းကို ခေါ်သွားကြ။ ငါတို့ ကောင်းကင်ဘုံအကျဉ်းထောင်ထဲ ဝင်မယ်"
နောက်ဆုံးတွင် လင်းရင်မှာ ကိစ္စကြီးထွားသွားမည်ကို ကြောက်ရွံ့သဖြင့် မြင်းပေါ်မှ မကျေမနပ် ဆင်းလိုက်ရသည်။ ထို့နောက် သူသည် မိစ္ဆာနှိမ်နင်းရေးအရာရှိ အုပ်စုကို ဦးဆောင်ကာ ကောင်းကင်ဘုံအကျဉ်းထောင်အတွင်းသို့ လမ်းလျှောက်ဝင်သွားတော့သည်။ သူသည် ကောင်းကင်ဘုံအကျဉ်းထောင်၏ လုံခြုံရေး အားလုံးကို အလွန်လျင်မြန်စွာ သိမ်းပိုက်လိုက်သည်။
အကျဉ်းထောင်စောင့် အားလုံးမှာ ပထမထပ်သို့ အပို့ခံလိုက်ရပြီး ဘာမှလုပ်စရာ မရှိတော့ပေ။ သူတို့သည် ဝမ်ရှန့်ကို ကြည့်ကာ မေးလိုက်ကြသည်။ "အကျဉ်းထောင်မှူးကြီး... ဒါတွေက ဘာတွေ ဖြစ်ကုန်တာလဲ”
အခန်း (၄၄)
လွတ်နေသော ဝိညာဉ်ကမ္ပည်းပြား
အကျဉ်းထောင်မှူး ဝမ်ရှန့်၏ မျက်နှာမှာ ပြာနှမ်းနေပြီး အေးစက်သော အသံဖြင့် ပြောလိုက်သည်။ "နန်းတွင်းက ရရှိတဲ့ နောက်ဆုံး သတင်းအရ ငါတို့ မြို့စောင့်အကျဉ်းဌာနရဲ့ ကောင်းကင်ဘုံအကျဉ်းထောင်ကို မကြာခင်မှာ အလွန် အစွမ်းထက်တဲ့ မိစ္ဆာတစ်ကောင် ရောက်လာတော့မယ်။ အဆင်ပြေပြေ ကွပ်မျက်နိုင်ဖို့နဲ့ မဟာချင်အင်ပါယာရဲ့ ကောင်းကင်ဘုံအရှိန်အဝါကို ထိန်းသိမ်းဖို့အတွက်၊ ဒီနှိမ်နင်းမှုကို ငါတို့ မြို့စောင့်အကျဉ်းဌာနနဲ့ မိစ္ဆာနှိမ်နင်းရေးဌာနတို့ ပူးပေါင်း လုပ်ဆောင်ဖို့ ဧကရာဇ်က အမိန့်ထုတ်ပြန်လိုက်တယ်။ ဒါ့အပြင် မိစ္ဆာနှိမ်နင်းရေး ဗိုလ်မှူးကြီး လင်းရင်က ကြီးကြပ်ကွပ်ကဲသူ ကွပ်မျက်သူအဖြစ် တာဝန်ယူမှာဖြစ်ပြီး၊ ကြီးကြပ်နေစဉ် ကာလအတွင်း ကောင်းကင်ဘုံအကျဉ်းထောင်ရဲ့ ကိစ္စရပ်အားလုံးကို လင်းရင်ကပဲ ဆုံးဖြတ်လိမ့်မယ်။ ပိုဆိုးတာက လက်ဝဲအမတ်ချုပ်က အဆင့် ၉ ကွပ်မျက်သူ ချူရွှမ်ကို ကိုယ်တိုင် ကွပ်မျက်ဖို့ နန်းတွင်းမှာ အမည်စာရင်း တင်သွင်းခဲ့တယ်"
"ဘာ ကျနော်ကိုယ်တိုင် ကွပ်မျက်ရမယ်၊ ပြီးတော့ အဲဒါကို လက်ဝဲအမတ်ချုပ်က စီစဉ်တာလား"
ချူရွှမ်သည် ဒေါသမထွက်ဘဲ တစ်စုံတစ်ရာကြောင့် ရယ်ချင်စိတ်တောင် ပေါက်သွားသည်။ သို့သော် အခြေအနေအရ မသင့်တော်သဖြင့် ထိန်းထားလိုက်ပြီး နာကျင်နေသော မျက်နှာပေးမျိုး လုပ်လိုက်သည်။ ထိုမျက်နှာပေးက အကျဉ်းထောင်စောင့်များ၏ သနားကရုဏာကို နောက်တစ်ကြိမ် ရရှိစေပြန်သည်။
ဝမ်ရှန့်ကတော့ အကြည့်စူးရှသူဖြစ်ရာ ချူရွှမ်၏ အတွေးကို ချက်ချင်း ရိပ်မိသွားပြီး အေးစက်စွာ လှောင်ပြောင်လိုက်သည်။ "မိုက်မဲလိုက်တာ မင်း ပြီးခဲ့တဲ့အကြိမ်က သတ်ခဲ့တဲ့ မိစ္ဆာကိုးကောင်ဟာ ဒီမိစ္ဆာရဲ့ အမွှေးတစ်ပင်စာလောက်တောင် အဖိုးမတန်ဘူး"
"လက်ဝဲအမတ်ချုပ်က မင်းကို လက်ဆောင်ပေးတယ်လို့ ထင်နေရင်တော့ အခုပဲ ကျောက်တုံးနဲ့ ခေါင်းကို ဆောင့်သတ်လိုက်တာ ပိုကောင်းမယ်။ အခု ငါ့နောက်ကို စစ်ဆေးရေးခန်းဆီ လိုက်ခဲ့”
ဝမ်ရှန့်၏ မျက်နှာမှာ တင်းမာနေသည်။ သူ၏ ပုံစံမှာ အလွန် အရေးကြီးနေသလို စိုးရိမ်တကြီး ဖြစ်နေပုံလည်း ပေါ်နေသည်။
ထိုအခါမှ ချူရွှမ်သည် ယခုတစ်ကြိမ်မှာ သာမန်မိစ္ဆာတစ်ကောင်ကို ကွပ်မျက်ရုံထက် ပိုသည်ကို ရိပ်မိလိုက်သည်။ မဟုတ်လျှင် သူ မိစ္ဆာချီကို သန့်စင်နိုင်သည်ကို သိထားသော ဝမ်ရှန့်က ဤကဲ့သို့ မျက်နှာထားမျိုး ရှိနေမည် မဟုတ်ပေ။
စစ်ဆေးရေးခန်းထဲသို့ ရောက်သည်နှင့် ချူရွှမ်က ချက်ချင်း မေးလိုက်သည်။ "အကျဉ်းထောင်မှူးကြီး... တကယ်တမ်း ဘာဖြစ်နေတာလဲ"
ဝမ်ရှန့်က မကျေမနပ်ဖြင့် ပြောသည်။ "ဒါတွေ အားလုံးက အဲဒီ ကျိန်စာသင့်တဲ့ လမ်းကြုံ မိစ္ဆာလမ်းစဉ်ကျင့်ကြံသူကြောင့်ပဲ၊ ပြီးခဲ့တဲ့အကြိမ် မိစ္ဆာတည်းခိုခန်း ဖြစ်ရပ်က ငါတို့ကို အောင်မြင်မှုတွေအများကြီး ရစေခဲ့ပေမဲ့ ဒုက္ခတွေလည်း အများကြီး သယ်လာခဲ့တယ်။ အခု ငါ့နောက်ကို လိုက်ခဲ့”
စစ်ဆေးရေးခန်းထဲ ရောက်သည့်တိုင် ဝမ်ရှန့်က မရပ်ဘဲ သွားကြိတ်ကာ ချူရွှမ်ကို စစ်ဆေးရေးခန်းနောက်ကွယ်မှ လျှို့ဝှက်အခန်းတစ်ခုဆီ ခေါ်သွားသည်။ အထဲရောက်သည်နှင့် ချူရွှမ်သည် ပလ္လင်ပေါ်တွင် စီရီထားသော ဝိညာဉ်ကမ္ပည်းပြား အမြောက်အမြားကို တွေ့လိုက်ရသည်။ ပလ္လင်၏ အမြင့်ဆုံးနေရာတွင် အမျိုးသမီးတစ်ဦး၏ ပုံတူပန်းချီကား ရှိနေသည်။
သေချာ ကြည့်လိုက်သောအခါ ထိုပုံတူမှာ ရင်းနှီးနေသလို ရှိသော်လည်း ဘယ်နေရာမှာ မြင်ဖူးသည်ကို သူ မမှတ်မိတော့ပေ။ ဝမ်ရှန့်က ချူရွှမ်၏ တုံ့ပြန်မှုကို မစောင့်ဘဲ ဟိန်းဟောက်လိုက်သည်။ "ဒူးထောက်၊ အမွှေးတိုင်ထွန်းပြီး ဦးတိုက်စမ်း"
ချူရွှမ် မတွန့်ဆုတ်ခဲ့ပေ။ ဝမ်ရှန့်သည် အပြင်ပန်းတွင် အေးစက်သော်လည်း စိတ်နှလုံး နွေးထွေးကာ လက်အောက်ငယ်သားများကို အမြဲ ကာကွယ်ပေးသူဖြစ်ကြောင်း သူသိသည်။ သူသည် ချက်ချင်း ဒူးထောက်ကာ သူ၏ စစ်မှန်သောချီကို သုံး၍ အမွှေးတိုင် သုံးတိုင်ကို ထွန်းညှိကာ အမွှေးတိုင်အိုးထဲသို့ ထိုးစိုက်လိုက်သည်။ ထို့နောက် သုံးကြိမ်တိုင်တိုင် ဦးတိုက်ပြီးမှ ပြန်ထကာ မေးလိုက်သည်။ "အကျဉ်းထောင်မှူးကြီး... ဒီဝိညာဉ်ကမ္ပည်းပြားတွေက..."
"ဒါတွေက မင်းလိုပဲ မိစ္ဆာခန္ဓာကိုယ်သန့်စင်ခြင်းလမ်းစဉ်ကို လျှောက်လှမ်းခဲ့ပြီး နောက်ဆုံးမှာ သေဆုံးသွားခဲ့ကြတဲ့သူတွေပဲ။ သူတို့အားလုံးဟာ ငါတို့ မြို့စောင့်အကျဉ်းဌာနရဲ့ ပါရမီရှင်တွေ၊ ထူးချွန်သူတွေ ဖြစ်ခဲ့ကြတာ" ဝမ်ရှန့်၏ လေသံမှာ လေးလံနေသည်။
ချူရွှမ်လည်း အလွန်အံ့ဩသွားသည်။ ပလ္လင်ပေါ်တွင် အနည်းဆုံး ဝိညာဉ်ကမ္ပည်းပြား သုံးရာကျော် ရှိနေသည်။ ဆိုလိုသည်မှာ သူ၏ ရှေ့တွင် မြို့စောင့်အကျဉ်းဌာနသည် မိစ္ဆာခန္ဓာကိုယ်သန့်စင်ခြင်းကျင့်စဉ်ကို လေ့ကျင့်ရန် လူပေါင်း ရာနှင့်ချီ ရွေးချယ်ခဲ့သော်လည်း အားလုံး ကျရှုံးခဲ့ကြခြင်းပင်။
"ဒါက ရက်စက်တယ်လို့ မင်း ထင်နေလား အဲဒီလောက်များတဲ့ ပါရမီရှင်တွေဟာ မိစ္ဆာခန္ဓာကိုယ်သန့်စင်ခြင်း ကျင့်စဉ်တစ်ခုတည်းအတွက်နဲ့ လမ်းဆုံးကို လျှောက်ခဲ့ကြရတာ။ ဒါပေမဲ့ ငါ မင်းကို ပြောပြနိုင်တာက... ဒီထဲက လူအများစုဟာ မင်းလိုပဲ ကွပ်မျက်သူရဲ့ ဒီလမ်းဆုံးကို ကိုယ့်သဘောနဲ့ကိုယ် ရွေးချယ်ခဲ့ကြတာပဲ" ဝမ်ရှန့်၏ မျက်လုံးထဲတွင် ဝမ်းနည်းရိပ်အချို့ ဖြတ်ပြေးသွားသည်။
ချူရွှမ် ထပ်မံ ထိတ်လန့်သွားပြန်သည်။ ဤဝိညာဉ်ကမ္ပည်းပြား ရာပေါင်းများစွာထဲတွင် 'ဝမ်' ဟူသော မျိုးရိုးအမည်များစွာကို သူ မြင်လိုက်ရသည်။ "အကျဉ်းထောင်မှူးကြီး... ဒီစီနီယာတွေ အားလုံးက..."
"မင်း အဲဒါကို သိဖို့ အရည်အချင်း မရှိသေးဘူး။ မင်း သိဖို့လိုတာက ဒီမှာ ဝိညာဉ်ကမ္ပည်းပြား ဘယ်နှခု ရှိလဲဆိုတာပဲ”
"သုံးရာ ရှစ်ဆယ့်ခုနစ်ခု။ အင်း... မဟုတ်ဘူး၊ ဘာလို့ တစ်ခု ပိုနေတာလဲ" ချူရွှမ် လန့်သွားသည်။ သူ ဝင်လာကတည်းက သေချာ ရေတွက်ခဲ့သည်မှာ ၃၈၇ ခု။ ယခုမူ အကြောင်းရင်းမရှိဘဲ တစ်ခု ပိုနေသည်။ ၎င်းမှာ လွတ်နေသော ဝိညာဉ်ကမ္ပည်းပြား ဖြစ်သည်။
ချူရွှမ် ဇဝေဇဝါ ဖြစ်နေစဉ် ဝမ်ရှန့်က ထိုကမ္ပည်းပြားကို အေးစက်စွာ ညွှန်ပြကာ ပြောလိုက်သည်။ "ဒါက ငါ မင်းအတွက် အထူးပြင်ဆင်ထားတာ။ မင်းသာ ဒီတစ်ကြိမ်မှာ ကံဆိုးပြီး သေသွားခဲ့ရင် ဒါက မင်း ဒီကို နောက်ဆုံးအကြိမ် ဝင်လာတာ ဖြစ်လိမ့်မယ် နောင်ကျရင် မင်းရဲ့နာမည်ကလည်း ဒီမှာပဲ ကျန်ခဲ့လိမ့်မယ်"
ထိုအေးစက်လှသော လေသံကြောင့် ချူရွှမ်၏ ဦးရေပြားများ ပထမဆုံးအကြိမ် ထုံကျင်သွားရသည်။ "ဒီကွပ်မျက်မှုမှာ ကျနော် သေနိုင်တယ်လို့ အကျဉ်းထောင်မှူးကြီး ထင်နေတာလား"
ဝမ်ရှန့်က နှာခေါင်းရှုံ့ကာ "ဖြစ်နိုင်တာ မဟုတ်ဘူး၊ သေမှာ သေချာတယ်။ သွေးသောက် အရူးဓားမ ထဲမှာ ဘယ်လိုလျှို့ဝှက်ချက်တွေပဲ ရှိနေပါစေ၊ ဒီတစ်ကြိမ်မှာ အဲဒါက မင်းကို ကယ်နိုင်မှာမဟုတ်ဘူးလို့ ငါ အာမခံတယ်။ ကွပ်မျက်မှု စတာနဲ့ မင်း သေရမှာပဲ"
ဤစကားများက ချူရွှမ်ကို အမှန်တကယ် ထိတ်လန့်သွားစေခဲ့သည်။ ထိုအခါမှ အခြေအနေ၏ ပြင်းထန်မှုကို သူ သဘောပေါက်လိုက်သည်။ အမှန်မှာ သူ၏ အပေါ်ယံခွန်အားမှာ လူသားအဆင့် နဝမအလွှာသာ ရှိသည် မဟုတ်ပါလား။ သူ၏ အကြီးမားဆုံး အားကိုးရာမှာ သွေးသောက် အရူးဓားမသာ ဖြစ်သည်။
ဝမ်ရှန့်၏ အဆိုအရ သူ ဤကွပ်မျက်မှုတွင် သေဆုံးခြင်းမှာ ပုံမှန်သာ ဖြစ်သည်။ အကယ်၍ သူ မသေခဲ့လျှင် အခြားသူများ၏ သံသယကို ဖြစ်စေနိုင်ပြီး သူ၏ အစစ်အမှန် ခွန်အား ပေါက်ကြားသွားနိုင်သည်။
"ကျနော့်ကို ကယ်ပါဦး အကျဉ်းထောင်မှူးကြီး" ချူရွှမ်က ထိတ်လန့်နေသော မျက်နှာပေးဖြင့် ပြောလိုက်သည်။ တစ်ဖက်တွင်လည်း ဝမ်ရှန့်က သူ့ကို ကူညီလိမ့်မည်ဟု သူ ခံစားနေရသည်။ အကြောင်းမှာ ဤဝိညာဉ်ကမ္ပည်းပြားများနှင့် ထိုအမျိုးသမီး၏ ပုံတူတို့နှင့် ပတ်သက်နေနိုင်သောကြောင့် ဖြစ်သည်။ သို့သော် ဝမ်ရှန့်က မပြောသဖြင့် ချူရွှမ်လည်း မမေးရဲပေ။
ထိုစဉ် ဝမ်ရှန့်က ချူရွှမ်ကို အကြာကြီး စိုက်ကြည့်နေပြီးနောက် ချူရွှမ်လက်ထဲမှ သွေးသောက် အရူးဓားမကိုလည်း အကြာကြီး ကြည့်လိုက်သည်။ ထို့နောက် ခက်ခက်ခဲခဲပင် ပြောလိုက်သည်။ "ဒီတစ်ကြိမ်မှာတော့ ငါ မင်းကို မကူညီနိုင်ဘူး။ မင်းကို မင်းပဲ ကူညီနိုင်လိမ့်မယ် အခု မင်းရဲ့နာမည်ကို ဒီဝိညာဉ်ကမ္ပည်းပြားပေါ်မှာ ထွင်းလိုက်၊ ပြီးရင် ငါ့နောက်ကို လိုက်ခဲ့၊ ကောင်းကင်ဘုံအကျဉ်းထောင်ကနေ ထွက်မယ်"
ဝမ်ရှန့်သည် ထပ်မပြောတော့ဘဲ စစ်ဆေးရေးခန်းထဲမှ ထွက်သွားသည်။
ကောင်းကင်ဘုံ ပြစ်ဒဏ်ခတ်ခြင်း ရတနာ ၏ လျှို့ဝှက်ချက်ကို မဖော်ပြနိုင်သဖြင့် ချူရွှမ်၏ ရင်ထဲတွင် ထူးဆန်းနေသည်။ သူသည် သူ၏နာမည်ကို ထွင်းလိုက်ပြီး ပန်းချီကားကို နောက်တစ်ကြိမ် မော့ကြည့်လိုက်သည်။ ထိုတစ်ချက် ကြည့်လိုက်ခြင်းတွင်ပင်... သူ၏ စိတ်ထဲတွင် အလောင်းတောင်ပုံ သွေးပင်လယ် မြင်ကွင်းနှင့်အတူ ငွေရောင်ဓားမကြီးကို ထမ်းထားသည့် အမျိုးသားတစ်ဦး၏ ပုံရိပ် ပေါ်လာသည်။
"ဖြစ်နိုင်တာက ဒီပန်းချီကားဟာ တကယ်တော့..."
ချူရွှမ်သည် အလွန် ရှုပ်ထွေးသော စိတ်ခံစားချက်ဖြင့် စစ်ဆေးရေးခန်းမှ ထွက်လာကာ ပထမထပ်သို့ ပြန်ရောက်လာခဲ့သည်။ ထိုအချိန်တွင် ဝမ်ရှန့်က မြင်းနှစ်ကောင်နှင့် စောင့်နေပြီဖြစ်သည်။
"အကျဉ်းထောင်မှူးကြီး... ကောင်းကင်ဘုံအကျဉ်းထောင်ထဲမှာ မြင်းမစီးရဘူးလို့ ခင်ဗျား ပြောခဲ့တာ မဟုတ်လား"
"ဘယ်သူ ပြောလဲ" ဝမ်ရှန့်က ပြန်မေးလိုက်သည်။
ချူရွှမ် ချက်ချင်းပင် ပါးစပ်ပိတ်ကာ မြင်းပေါ်သို့ လျင်မြန်စွာ ခုန်တက်လိုက်သည်။ ထို့နောက် ဝမ်ရှန့်နောက်မှ ကောင်းကင်ဘုံအကျဉ်းထောင်အပြင်ဘက်သို့ အမြန်စီးထွက်သွားခဲ့ကြသည်။ ဤမြင်ကွင်းကို မိစ္ဆာနှိမ်နင်းရေး ဗိုလ်မှူးကြီး လင်းရင် မြင်လိုက်ရသဖြင့် နှာခေါင်းရွှဲ့သွားလုမတတ် ဒေါသထွက်သွားသည်။ "တောက်... ဒီအကျဉ်းထောင်မှူး ဝမ်ရှန့်က ငါ့ကို လှည့်စားဝံ့တယ်ပေါ့"
"ဗိုလ်မှူးကြီး... သူတို့နောက်ကို လိုက်ကြမလား" အရာရှိတစ်ဦးကလည်း မကျေမနပ်ဖြင့် မေးလိုက်သည်။
"ထားလိုက်ပါတော့။ သေခါနီးလူတစ်ယောက်က မြင်းလှည်းကို တားဖို့ ကြိုးစားနေတဲ့ ပုစဉ်းရင်ကွဲလိုပါပဲ၊ အချည်းနှီးပါပဲ" လင်းရင်က ခေတ္တစဉ်းစားပြီးနောက် ခေါင်းခါလိုက်သည်။ သူသည် ကောင်းကင်ဘုံအကျဉ်းထောင်ကို သိမ်းပိုက်နိုင်ကာစ ဖြစ်သဖြင့် အရှိန်အဝါ ပြချင်နေသေးသည်။
ထိုစဉ် နောက်ထပ် အရာရှိတစ်ဦး ရှေ့သို့တက်လာပြီး။ "ဗိုလ်မှူးကြီး... ဒါက အကျဉ်းထောင်မှူး ဝမ်ရှန့် မထွက်သွားခင်က ထားခဲ့တဲ့ ဖြန့်ကျက်မှု အကြံပြုချက်တွေပါ။ ကျနော်မျိုး ထင်တာကတော့ ဒါတွေက အရမ်းကောင်းပါတယ်..."
လင်းရင်၏ မျက်လုံးများ ပြူးကျသွားသည်။ "မင်းက ငါ့ကို ဘယ်လိုလုပ်ရမလဲလို့ သင်ပေးနေတာလား"
"ငါက မသိဘူးလို့ မင်း ထင်နေလား အဲဒါတွေကို အမှိုက်လိုပဲ အပြင်ထုတ်ပြီး မီးရှို့ပစ်လိုက်စမ်း" လင်းရင်က အေးစက်စွာ လက်ဝှေ့ယမ်းလိုက်သည်။ နတ်အဆင့် အရာရှိမှာ အခြားရွေးချယ်စရာမရှိဘဲ ၎င်းကို ယူသွားပြီး မီးရှို့လိုက်ရတော့သည်။
တစ်ချိန်တည်းမှာပင် ချူရွှမ်သည် ဝမ်ရှန့်နောက်မှ မြင်းစီးလိုက်လာရင်း မြို့တော်ပြင်ပရှိ စစ်စခန်းကြီးတစ်ခုဆီသို့ ရောက်လာခဲ့သည်။ စစ်စခန်းကို ကျော်ဖြတ်ပြီးနောက် တောအုပ်ကြီးတစ်ခုအတွင်း ဝင်လာကြသည်။ နောက်ဆုံးတွင် ကြီးမားသော ဂူတစ်ခုရှေ့သို့ ရောက်ရှိလာသည်။ ဂူနှင့် နီးကပ်လာသည်နှင့် ချူရွှမ်၏ နှာခေါင်းမှာ လှုပ်ခတ်သွားပြီး အတွင်းမှ အလွန် ထိတ်လန့်စရာကောင်းသော အရှိန်အဝါ နှစ်ခုကို အာရုံခံမိလိုက်သည်။
ဝမ်ရှန့်က သူ့ကို ဘေးအန္တရာယ် ခံစားချက် ပေးစွမ်းနိုင်သည်ဆိုလျှင်၊ ဤအရှိန်အဝါ နှစ်ခုမှာမူ သူ့ကို အလွန်အမင်း ထိတ်လန့်မှုနှင့်အတူ သေမင်းအနီးသို့ ရောက်နေသကဲ့သို့ ခံစားရစေသည်။
အခန်း (၄၅)
အကျဉ်းထောင်မှူးကြီး၏ အမိန့်တော်
အရှိန်အဝါတစ်ခုတည်းကပင် လူတို့ကို ထိတ်လန့်မှုနှင့် သေမင်း၏အရိပ်အယောင်ကို ပေးစွမ်းနိုင်လေသည်။
"အကျဉ်းထောင်မှူးကြီး... ဒီဂူထဲမှာ ဘယ်သူရှိနေတာလဲ" ချူရွှမ် အလွန်သိချင်နေမိသည်။
ဝမ်ရှန့်၏ လေသံမှာလည်း လေးနက်သွားကာ "ဒီဂူထဲမှာ ငါတို့မြို့စောင့်အကျဉ်းဌာနက နတ်အဆင့် နဝမအလွှာ စီနီယာနှစ်ဦး ရှိနေတယ်။ သူတို့က မြို့စောင့်အကျဉ်းဌာနရဲ့ အားအကောင်းဆုံး ကျင့်စဉ်တွေထဲက တစ်ခုဖြစ်တဲ့ မီးလျှံတိမ်တိုက်ကျင့်စဉ်ကို ကျင့်ကြံနေကြတာ။ ဒီနေရာကတော့ မီးလျှံတိမ်တိုက်ဂူပဲ”
"ဒါက သူတို့ တရားထိုင်ကျင့်ကြံတဲ့နေရာ ဖြစ်သလို၊ မင်းအတွက် အသက်ကယ်လမ်းလည်း ဖြစ်လိမ့်မယ်”
သူ့စကားအဆုံးတွင် ဂူအတွင်းမှ ခြေသံများကို ကြားလိုက်ရသည်။ ထို့နောက် တောက်လောင်နေသော မီးလျှံများ ဝန်းရံထားသည့် လူရိပ်နှစ်ခု ထွက်ပေါ်လာသည်။ သူတို့မှာ မြို့စောင့်အကျဉ်းဌာနမှ နတ်အဆင့်ပညာရှင်ကြီး နှစ်ဦးပင် ဖြစ်သည်။
သူတို့၏ အရှိန်အဝါတစ်ခုတည်းနှင့်ပင် ချူရွှမ်မှာ အလွန်အမင်း ထိတ်လန့်မှုကို ခံစားလိုက်ရသည်။
ဝမ်ရှန့်သည် မြင်းပေါ်မှ အမြန်ဆင်းကာ ထိုသူနှစ်ဦးကို လက်အုပ်ချီ နှုတ်ဆက်လိုက်ပြီး "မြို့စောင့်အကျဉ်းဌာန၊ ကောင်းကင်ဘုံအကျဉ်းထောင်ရဲ့ အကျဉ်းထောင်မှူး ဝမ်ရှန့်က စီနီယာကြီးနှစ်ဦးကို ဂါရဝပြုပါတယ် ခင်ဗျာ”
"ဪ... ဝမ်မိသားစုက ကောင်လေးပဲ။ မင်း ဘာလို့ ဒီကို ရောက်နေတာလဲ"
ထိုလူရိပ်နှစ်ခု ရပ်တန့်သွားသောအခါ အိုမင်းရင့်ရော်နေသော မျက်နှာနှစ်ခု ပေါ်လာသည်။ သူတို့၏ ခန္ဓာကိုယ်များမှာ ကုန်းနေပြီး အချိန်မရွေး သေဆုံးသွားနိုင်သည့် ပုံစံမျိုး ရှိသော်လည်း ချူရွှမ်မှာမူ အနည်းငယ်မျှပင် ပေါ့ဆ၍ မရကြောင်း သိနေသည်။
အကြောင်းမှာ ဤသူနှစ်ဦးသည် ကျားဆယ်ကောင်၏ ခွန်အားကို ပိုင်ဆိုင်ထားသော နတ်အဆင့် နဝမအလွှာ စွမ်းအားရှင်ကြီးများ ဖြစ်သောကြောင့်ပင် သူတို့က လက်ဖျောက်တစ်ချက် တီးလိုက်ရုံနှင့်ပင် သူ့ကိုရော ဝမ်ရှန့်ကိုပါ အသေချေပစ်နိုင်သည်ဟု ခန့်မှန်းရသည်။
ထို့ကြောင့် ဝမ်ရှန့်၏ မျက်နှာမှာလည်း အလွန်ပင် ရိုသေကိုင်ကျွန်းမှု ရှိနေသည်။ သူက ချူရွှမ်ကို ညွှန်ပြကာ "ကျနော်မျိုး အမိန့်အရ ကွပ်မျက်သူ ချူရွှမ်ကို မီးလျှံတိမ်တိုက်ဂူထဲ ဝင်ခွင့်ပြုဖို့နဲ့ ဂူထဲမှာ စီနီယာ ကောင်းကင်ဓားမ ချန်ထားခဲ့တဲ့ ရတနာကို ရယူခွင့်ပြုဖို့ လာတာပါ ခင်ဗျာ”
ချူရွှမ် နောက်တစ်ကြိမ် အံ့ဩသွားပြန်သည်။ သို့သော် နတ်အဆင့် နဝမအလွှာ စွမ်းအားရှင်ကြီး နှစ်ဦးရှေ့တွင် စကားမပြောသင့်ပေ။
အဖိုးအိုနှစ်ဦးသည် ချူရွှမ်ကို တပြိုင်နက်တည်း အေးစက်စွာ စူးစမ်းကြည့်လိုက်ကြပြီး၊ နောက်ဆုံးတွင် ချူရွှမ်လက်ထဲမှ သွေးသောက် အရူးဓားမပေါ်သို့ သူတို့၏ အကြည့်များ ရောက်သွားကြသည်။
သူတို့နှစ်ဦးစလုံး အနည်းငယ် တုန်လှုပ်သွားကြပြီး "မမျှော်လင့်ဘဲ နှစ်ပေါင်းတစ်ရာ ကြာပြီးတဲ့နောက်မှာ ကွပ်မျက်သူရဲ့ လမ်းဆုံးကို လျှောက်မယ့် သေဘေးကို မကြောက်တဲ့သူ ရှိနေသေးတာပဲ။ ပြီးတော့ သူက ကျိန်စာလက်နက်ဆိုးရဲ့ အသိအမှတ်ပြုမှုကိုတောင် ရထားသေးတယ်။ ဝမ်မိသားစုက ကောင်လေး... မင်း အခုထိ လက်မလျှော့သေးဘူး ထင်တယ်" ဟု ဆိုကြသည်။
ဝမ်ရှန့်က ရိုသေစွာ ဦးညွှတ်လိုက်ပြီး "မျှော်လင့်ချက် အနည်းငယ် ရှိနေသရွေ့ ကျနော် ဝမ်ရှန့် ဘယ်တော့မှ လက်လျှော့မှာ မဟုတ်ပါဘူး။ ဒါတွေကတော့ လက်ယာအမတ်ချုပ်ရဲ့ အမိန့်တံဆိပ်နဲ့ အကျဉ်းထောင်မှူးရဲ့ အမိန့်တံဆိပ်တွေပါ ခင်ဗျာ"
ဝှူး
ထူးခြားသော အမိန့်တံဆိပ်နှစ်ခု ဝမ်ရှန့်၏ လက်ထဲတွင် ပေါ်လာသောအခါ နတ်အဆင့် နဝမအလွှာ အဖိုးအိုနှစ်ဦးမှာ မျက်နှာပျက်သွားကြသည်။
"တံဆိပ်နှစ်ခုလုံး ပါလာတာဆိုတော့ လက်ယာအမတ်ချုပ်တောင် ဒီတစ်ကြိမ်မှာ အစွမ်းကုန် ကြိုးစားနေတာပဲ... ကောင်းပြီ၊ ဒီလူငယ်လေးကို ထားခဲ့ပြီး တံဆိပ်တွေကို အပ်ခဲ့၊ ပြီးရင် မင်း ပြန်လို့ရပြီ”
"ဟုတ်ကဲ့... ချူရွှမ်၊ ဒီစီနီယာကြီးနှစ်ဦးနောက်ကို လိုက်ပြီး မီးလျှံတိမ်တိုက်ဂူထဲ ဝင်သွားလိုက်။ မှတ်ထားပါ၊ စီနီယာ ကောင်းကင်ဓားမ ချန်ထားခဲ့တဲ့ ရတနာကို ရအောင်ယူဖို့ အစွမ်းကုန် ကြိုးစားရမယ်။ ဒါမှသာ နောက်သုံးရက်နေရင် လုပ်မယ့် ကွပ်မျက်မှုအတွက် အသက်ရှင်ဖို့ မျှော်လင့်ချက်လေး ရှိမှာ”
ဝမ်ရှန့်သည် အလွန်လေးနက်သော မှာကြားမှုများ ပြုလုပ်ပြီးနောက် မြင်းပေါ်တက်ကာ ပြန်လည် ထွက်ခွာသွားခဲ့သည်။
အဖိုးအိုနှစ်ဦး၏ မျက်နှာမှာ ချက်ချင်းပင် တည်တင်းသွားပြီး သူတို့၏ လက်များကို အေးစက်စွာ ဝှေ့ယမ်းကာ။ "ကောင်လေး... မင်း သေရမှာ မကြောက်ဘူးဆိုရင် ငါတို့နောက်ကို လိုက်ခဲ့။ ပြီးတော့ ငါတို့ သတိမပေးဘူးလို့ မပြောနဲ့ဦး၊ မင်းက ဒီကို သေဖို့လာတဲ့သူတွေထဲမှာ ကျင့်ကြံမှုအဆင့် အနိမ့်ဆုံးနဲ့ အညံ့ဆုံးပဲ" ဟု ပြောလိုက်သည်။
"..."
ချူရွှမ် ဘာမှပြန်မပြောခဲ့ပေ။ ဤစီနီယာကြီး နှစ်ဦးမှာ အနည်းငယ် ထူးဆန်းသော စရိုက်ရှိသည်ဟု သူ ခံစားလိုက်ရသည်။ သူသည် တိတ်ဆိတ်စွာပင် မီးလျှံတိမ်တိုက်ဂူအတွင်းသို့ လမ်းလျှောက်ဝင်ခဲ့သည်။
သို့သော် ထွက်ခွာသွားသော ဝမ်ရှန့်မှာမူ ကောင်းကင်ဘုံအကျဉ်းထောင်သို့ ပြန်မသွားဘဲ လက်ယာအမတ်ချုပ်၏ အိမ်တော်သို့ တိုက်ရိုက် သွားရောက်ခဲ့သည်။
ထိုအချိန်တွင် လက်ယာအမတ်ချုပ်သည် ဧည့်ခန်း၌ လက်ဖက်ရည် သောက်နေသည်။ ဝမ်ရှန့်ကို မြင်သော်လည်း သူက မျက်တောင်ပင် မခတ်ဘဲ "သူ့ကို ပို့လိုက်ပြီလား ဝမ်ရှန့်... မင်း တကယ်ကို ရဲတင်းတာပဲ။ ငါ့ရဲ့ အမိန့်တံဆိပ်ကို ခိုးရုံတင်မကဘူး၊ အကျဉ်းထောင်မှူးရဲ့ အမိန့်တံဆိပ်ကိုတောင် မင်း ခိုးဝံ့တယ်ပေါ့" ဟု ဆိုလိုက်သည်။
လက်ယာအမတ်ချုပ်၏ ခန္ဓာကိုယ်မှ ကြီးမားသော ဖိအားများ ထွက်ပေါ်လာသည်။ သူသည်လည်း နတ်အဆင့်ပညာရှင် တစ်ဦးဖြစ်ပြီး သူ၏ အရှိန်အဝါမှာ ဝမ်ရှန့်နှင့်ပင် ယှဉ်နိုင်လေသည်။
သို့သော် ဝမ်ရှန့်မှာ အနည်းငယ်မျှပင် မကြောက်ရွံ့ဘဲ သူ၏ မျက်လုံးထဲတွင် အထင်သေးရိပ်ပင် ပေါ်နေသည်။ "လက်ယာအမတ်ချုပ်... ခင်ဗျားက တံဆိပ်နှစ်ခုလုံးကို ကျွန်တော့်ရှေ့က စားပွဲပေါ်မှာ တင်ထားတာက ကျွန်တော့်ကို ယူသွားခိုင်းတာ မဟုတ်ဘူးလား"
"ဒါ့အပြင် ကျွန်တော့်ကို ဒါတွေလုပ်ဖို့ ခင်ဗျားနဲ့ အရှင်မင်းကြီးက ဖိအားပေးခဲ့တာလေ မဟုတ်ရင် ကျွန်တော် ဘယ်လိုလုပ်ပြီး ချူရွှမ်ကို ဒီလောက်စောစော မီးလျှံတိမ်တိုက်ဂူထဲ ဝင်ခိုင်းပြီး စွန့်စားခိုင်းပါ့မလဲ"
ဝမ်ရှန့်သည် အလွန် မကျေမနပ် ဖြစ်နေပြီး သူ၏ လေသံမှာလည်း နာကျည်းမှုများ ပါဝင်နေသည်။ "ပြီးတော့ အရှင်မင်းကြီးလည်း တူတူပါပဲ၊ လက်ဝဲအမတ်ချုပ်က နန်းတွင်းကို ဖုံးကွယ်ပြီး မိစ္ဆာတွေနဲ့ တိတ်တဆိတ် ဆက်သွယ်နေတာက နန်းတွင်းကို စော်ကားတဲ့ ကြီးမားတဲ့ အပြစ်ပဲ။ အရှင်မင်းကြီးက သူ့ကို အပြစ်မပေးတဲ့အပြင် ဘက်လိုက်ပေးနေသေးတယ်။ အရှင်မင်းကြီးက တကယ်ပဲ ဝေဝါးနေပြီလား"
ဒုန်း
ဝမ်ရှန့်က စားပွဲရှည်ကို လက်သီးဖြင့် ထိုးချလိုက်သည်။ လက်ဖက်ရည်များ နေရာအနှံ့ စင်ထွက်သွားတော့သည်။
လက်ယာအမတ်ချုပ်၏ မျက်နှာ အနည်းငယ် လှုပ်ခတ်သွားသည်။ သို့သော် သူက သက်ပြင်းရှည်ကြီး တစ်ချက်ချကာ။ "အရှင်မင်းကြီးက ဝေဝါးနေတာ မဟုတ်ဘူး၊ သူ အိုမင်းသွားတာပဲ။ ဝမ်ရှန့်... ပြောစမ်း၊ လူအိုတစ်ယောက်က ဘာကို အကြောက်ဆုံးလဲ"
"လူအိုတစ်ယောက်က ဘာကို အတောင့်တဆုံးလဲ"
"ပြီးတော့ လင်ချူချန်ရဲ့ လက်ထဲမှာ အရှင်မင်းကြီး အကြောက်ဆုံးနဲ့ အတောင့်တဆုံး အရာတစ်ခု ရှိနေတယ်။ အရှင်မင်းကြီးက ဘယ်လိုရွေးချယ်မလဲ ငါရော ဘယ်လိုရွေးချယ်နိုင်မှာလဲ"
"ချူရွှမ်ကို အသက်ရှင်ဖို့ နောက်ဆုံးအခွင့်အရေး တစ်ခု ပေးလိုက်တာက ငါနဲ့ မင်း လုပ်ပေးနိုင်တဲ့ အစွန်းကုန်ပဲ"
ဤနေရာသို့ ရောက်သောအခါ လက်ယာအမတ်ချုပ်သည် သူ၏လက်ထဲမှ လက်ဖက်ရည်ခွက်ကို အစအနမကျန် ချေမွပစ်လိုက်တော့သည်။
မီးလျှံတိမ်တိုက်ဂူအတွင်း၌ ချူရွှမ်သည် လမ်းလျှောက်ဝင်လေလေ အံ့ဩလေလေ ဖြစ်နေသည်။ ထိုဂူမှာ အလွန်ပင် ရှည်လျားလှသည်။ မြေအောက် မီတာပေါင်း သောင်းနှင့်ချီသည့်တိုင်အောင် အဆုံးသို့ မရောက်သေးဘဲ ကောင်းကင်ဘုံအကျဉ်းထောင်ကဲ့သို့ပင် အဆင့်များစွာ ခွဲခြားထားသည်။
ချူရွှမ်၏ ဇဝေဇဝါ ဖြစ်နေမှုကို မြင်ပုံရသဖြင့် ရှေ့မှ ဦးဆောင်နေသော အဖိုးအိုနှစ်ဦးက မကောင်းဆိုးဝါးဆန်ဆန် ရှင်းပြကြသည်။ "မီးလျှံတိမ်တိုက်ဂူက ငါတို့ မြို့စောင့်အကျဉ်းဌာနရဲ့ တားမြစ်ထားတဲ့နေရာပဲ၊ စုစုပေါင်း ဆယ့်ရှစ်ထပ် ခွဲထားတယ်"
"ဒါက ငရဲဆယ့်ရှစ်ထပ်ကို ကိုယ်စားပြုတာပဲ"
"အောက်ထပ်ကို ရောက်လေလေ ဘေးအန္တရာယ်က ပိုကြီးလေလေပဲ။ နတ်အဆင့်ပညာရှင်တစ်ယောက်တောင် အောက်ကို အရမ်းဆင်းမိရင် အလောင်းတောင် ရှာမရဘဲ သေရလိမ့်မယ် မင်း ကံမကောင်းတာက စီနီယာ ကောင်းကင်ဓားမရဲ့ အရင်က ကျင့်ကြံတဲ့နေရာဟာ ဒီဂူရဲ့ ဆဋ္ဌမထပ် ဖြစ်နေတာပဲ။ အဲဒီနေရာကို မာယာမီးလျှံအကျဉ်းထောင်လို့ ခေါ်ပြီး အဲဒီမှာ ထူးခြားတဲ့ စည်းမျဉ်းတွေ ရှိတယ်”
"အဲဒီစည်းမျဉ်းတွေက ဘာလဲဆိုတာ မင်းရဲ့ ကျင့်ကြံမှုအဆင့်နဲ့ဆို ရှင်းပြနေလည်း အလကားပဲ”
"မင်း သိထားဖို့က အထဲကို ရောက်တာနဲ့ မင်းရဲ့ စွမ်းအားတွေ အကုန် ဆုံးရှုံးသွားပြီး သာမန်လူတစ်ယောက် ပြန်ဖြစ်သွားမယ်။ ဒါ့အပြင် မင်းရဲ့ စိတ်ဓာတ်ကို ပြာဖြစ်သွားအောင်အထိ တောက်လောင်စေမယ့် အဆုံးမရှိတဲ့ မီးလျှံတွေ ရှိနေမယ်”
"မင်းမတိုင်ခင်က ငါတို့မြို့စောင့်အကျဉ်းဌာနက လူပေါင်း ထောင်နဲ့ချီပြီး ဒီအကျဉ်းထောင်ထဲ ဝင်ခဲ့ဖူးတယ်၊ ဒါပေမဲ့ တစ်ရာတောင် မပြည့်တဲ့လူတွေပဲ အသက်ရှင်ခဲ့ပြီး၊ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာက စီနီယာ ကောင်းကင်ဓားမ တစ်ယောက်ပဲ အဆုံးထိ ရောက်နိုင်ခဲ့တာ"
သူ စကားပြောအဆုံးတွင်...
ချူရွှမ် ဘာမှ မတုံ့ပြန်နိုင်ခင်မှာပင် နောက်ဘက်မှ လေပြင်းတစ်ချက် တိုက်ခတ်လာသည်ကို ခံစားလိုက်ရသည်။ ထိုအဖိုးအိုနှစ်ဦးမှာ ရုတ်တရက် ခိုးကြောင်ခိုးဝှက် တိုက်ခိုက်လိုက်ခြင်းဖြစ်ပြီး၊ သူတို့က ချူရွှမ်ကို အနားရှိ ချော်ရည်များထဲသို့ တစ်ယောက်တစ်ချက် ကန်ချလိုက်ကြသည်။
ထိုသို့ လုပ်ဆောင်ပြီးနောက် သူတို့နှစ်ဦးမှာ လက်ခုပ်တီးကာ အော်ဟစ်ရယ်မောလိုက်ကြပြီး "ငါက အရင်ကန်ချလိုက်တာဟေ့ ဒီတစ်ခါ ငါနိုင်တယ်"
"မင်းက လျှောက်ပြောနေတာပဲ ငါက အရင်ကန်လိုက်တာ သိသိကြီးနဲ့။ မင်း မယုံရင် ငါ မင်းကို ယုံသွားအောင်အထိ ရိုက်ပစ်မယ်"
ဘုန်း
ဘာမှ မပြောတော့ဘဲ မီးလျှံတိမ်တိုက်ဂူကို စောင့်ကြပ်နေသည့် အစွမ်းထက်ဆုံး နတ်အဆင့်ပညာရှင်ကြီး နှစ်ဦးမှာ လမ်းဘေးလူမိုက်များကဲ့သို့ တစ်ဦးနှင့်တစ်ဦး စတင် သတ်ပုတ်ကြတော့သည်။
ချော်ရည်ထဲသို့ ပြုတ်ကျသွားသော ချူရွှမ်မှာမူ ထိုနတ်အဆင့်ပညာရှင်ကြီးများ၏ စရိုက်မှာ မည်မျှ ထူးဆန်းကြောင်း ယခုမှ သိလိုက်ရသည်။ ကံကောင်းသည်မှာ ထိုချော်ရည်များသည် ကြည့်ရုံနှင့်ပင် ကြောက်စရာကောင်းနေခြင်း ဖြစ်သည်။
သူ ပြုတ်ကျသွားသောအခါ သူ၏ ခန္ဓာကိုယ်မှာ အနည်းငယ်မျှပင် အလောင်မခံရပေ။ သို့သော် သူ၏ တစ်ကိုယ်လုံးမှာ ပူလောင်နေသည်ကိုတော့ အထင်အရှား ခံစားနေရသည်။
အံ့ဩစရာ အကောင်းဆုံးမှာ...
သူ ဤချော်ရည်ထဲသို့ ပြုတ်ကျသွားသောအခါ ပြင်းထန်သော မီးလျှံများရှိသည့် ထူးခြားသော နယ်မြေတစ်ခုအတွင်းသို့ ရောက်ရှိသွားခြင်းပင်။ သူ၏ ပတ်ဝန်းကျင်တစ်ခုလုံးမှာ ကြောက်မက်ဖွယ် မီးလျှံများဖြင့် ပြည့်နှက်နေသည်။
သူသည် အလိုအလျောက် သူ၏ စစ်မှန်သောချီကို သုံးပြီး ခုခံရန် ကြိုးစားလိုက်သောအခါ၊ ရုတ်တရက် တစ်ကိုယ်လုံး မီးလောင်ကျွမ်းခံရသကဲ့သို့ ပြင်းထန်သော နာကျင်မှုတစ်ခု တိုးဝင်လာခဲ့သည်။
"အား..."
ချူရွှမ် မအောင့်နိုင်တော့ဘဲ အော်ဟစ်လိုက်တော့သည်။