အခန်း (၆၄-၆၆)
Vol. 5 Ch. 64-66
အခန်း (၆၄)
ကိုယ်ခန္ဓာနှင့် ကိုယ်ခံပညာ နှစ်ရပ်လုံး နတ်အဆင့်သို့ ရောက်ရှိခြင်း
သို့သော် အကျဉ်းထောင်မှူးချုပ်၏ မျက်နှာအမူအရာကို ကြည့်ရသည်မှာ သူသည် နောက်ပြောင်နေခြင်း မဟုတ်ဘဲ အလွန်ပင် လေးနက် တင်းမာနေသည်။ ချူရွှမ် ၏ ကိစ္စကို ဆုံးဖြတ်ပြီးသည်နှင့် အကျဉ်းထောင်မှူးချုပ်သည် လက်ကို ခပ်အေးအေးပင် ဝှေ့ယမ်းလိုက်ကာ "အခု... အကျဉ်းထောင်မှူး ဝမ်ရှန့် နဲ့ တရားရေးဝန်ကြီးဌာန အရာရှိတွေကလွဲရင် ကျန်တဲ့ မသက်ဆိုင်သူတွေ အားလုံး မြန်မြန် ထွက်သွားကြစမ်း”
ချူရွှမ်မှာ သံသယများစွာဖြင့် ကောင်းကင်ဘုံအကျဉ်းထောင်မှ ထွက်လာခဲ့ရပြီး၊ မီးလျှံတိမ်တိုက်ဂူကို စောင့်ကြပ်နေသော နတ်အဆင့်စီနီယာနှစ်ဦးဖြစ်သည့် ဝမ်ချောင် နှင့် မာဟန့် တို့နောက်သို့ လိုက်ပါသွားခဲ့ရသည်။
မှန်ပါသည်၊ ချူရွှမ်သည် ပါးနပ်စွာဖြင့် မိစ္ဆာဘုရင်၏ ဦးခေါင်းကို ခန်းမ၌ပင် ထားခဲ့သည်။ အဆုံးတွင်တော့ သူ အမှန်တကယ် လိုအပ်သည်မှာ မိစ္ဆာချီသာဖြစ်ပြီး မိစ္ဆာဘုရင်၏ ဦးခေါင်း မဟုတ်ပေ။
လူတိုင်း ထွက်သွားပြီးသောအခါ...
အကျဉ်းထောင်မှူးချုပ်၏ မျက်နှာမှာ ရုတ်တရက် တင်းမာသွားသည်။ သူသည် ဝမ်ရှန့်ကို ကြည့်ကာ ပြောလိုက်သည် "ဝမ်ရှန့်... ‘အရိပ်’ လို့ ခေါ်တဲ့ မိစ္ဆာကောင်ဟာ ငါ့ရဲ့ ကောင်းကင်ဘုံအကျဉ်းထောင်ထဲမှာ ပုန်းနေတုန်းပဲလို့ ငါ အမြဲ ခံစားနေရတယ်။ သူဟာ ငါ့ရဲ့ အကျဉ်းထောင်ဌာနထဲက တစ်ယောက်ယောက်အဖြစ် အသွင်ပြောင်းနေတာလည်း ဖြစ်နိုင်တယ်။ မင်းက ငါတို့ အကျဉ်းထောင်ဌာနမှာ အမှုစစ်တဲ့နေရာမှာ အတော်ဆုံးပဲ။ ဒီကာလအတွင်းမှာ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ဒီမိစ္ဆာကို ဖော်ထုတ်နိုင်ဖို့ ငါ မျှော်လင့်တယ်”
ဝမ်ရှန့်က ငြင်းဆိုခြင်း မရှိဘဲ သူ၏ မျက်လုံးများတွင် ရက်စက်သော အလင်းတန်းများ ပေါ်လာသည်။ "အကျဉ်းထောင်မှူးချုပ် စိတ်ချပါ၊ အခု ကျွန်တော်မျိုးနဲ့ အဲဒီ ‘အရိပ်’ ဆိုတဲ့ မိစ္ဆာကောင်ဟာ ရန်ဘက်တွေ ဖြစ်သွားပါပြီ နောက်တစ်ခါ သူသာ လူလုံးပြရဲရင်၊ သဲလွန်စ အသေးအမွှားလေးပဲ ရှိပါစေ... ကျွန်တော်မျိုး သူ့ကို အမြစ်ပြတ် စုံစမ်းပါ့မယ်"
ထိုမိစ္ဆာကောင်၏ အကြိမ်ကြိမ် လှည့်စားခြင်းကို ခံခဲ့ရသဖြင့် ဝမ်ရှန့်မှာ အကြီးအကျယ် ဒေါသထွက်နေခဲ့သည်။
အကျဉ်းထောင်မှူးချုပ်က ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ အကျဉ်းထောင်မှူး ဝမ်ရှန့်မှာ သူ၏ အတော်ဆုံး လက်အောက်ငယ်သား ဖြစ်သဖြင့် ဤကိစ္စကို ဝမ်ရှန့်အား လွှဲအပ်ရန် သူ အလွန် ယုံကြည်မှု ရှိသည်။ သို့သော် မိစ္ဆာဘုရင်၏ ဦးခေါင်းကို ကြည့်ရင်း အကျဉ်းထောင်မှူးချုပ်မှာ အနည်းငယ် ခေါင်းခဲသွားသည် "ထားလိုက်ပါတော့... နန်းတွင်းကိစ္စတွေကိုတော့ လက်ယာအမတ်ချုပ်ဆီပဲ လွှဲထားလိုက်ရုံပဲ။ ချူရွှမ်ဆိုတဲ့ ကောင်လေးကရော အဲဒီစမ်းသပ်မှုကို အောင်မြင်နိုင်ပါ့မလား..."
ဤစကားကို ကြားသောအခါ ရှိနေသော တရားရေးဝန်ကြီးဌာန အရာရှိများစွာ၏ မျက်နှာများမှာ ပျက်သွားကြသည်။
ချူရွှမ်သည် စီနီယာ ဝမ်ချောင်နှင့် မာဟန့်တို့နောက် လိုက်သွားကာ မီးလျှံတိမ်တိုက်ဂူသို့ ပြန်ရောက်သောအခါ၊ သူတို့ပြောသော ‘ရေပူစမ်း’ ကို မြင်လိုက်ရသည်နှင့် သူ၏ မျက်နှာမှာ ချက်ချင်းပင် အလွန် ဆိုးဝါးသွားတော့သည်။
ဒါက ရေပူစမ်း လုံးဝ မဟုတ်ပေ။ ဒါက အလွန် ကြောက်စရာကောင်းသော ချော်ရည်စီးကြောင်းကြီးပင် ထို့ပြင် ၎င်းမှာ မီးလျှံတိမ်တိုက်ဂူ၏ ဒသမထပ်ရှိ ကြောက်မက်ဖွယ်ကောင်းသော ချော်ရည်များ ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ချူရွှမ်သည် ချော်ရည်များ၏ ပတ်ပတ်လည်တွင် လူအရိုးများစွာ ပြန့်ကျဲနေသည်ကို တွေ့လိုက်ရသည်။
ချူရွှမ် ဆင်းမသွားမှာ စိုးရိမ်သည့်အလား စီနီယာနှစ်ဦးက ထိုလအူရိုးများကို စိတ်အားထက်သန်စွာ ညွှန်ပြရင်း မိတ်ဆက်ပေးလိုက်ကြသည် "မကြောက်ပါနဲ့ ကောင်လေး... ဒီလူအရိုးတွေက ငါတို့ အကျဉ်းထောင်ဌာနမှာ ရေပူစမ်း စိမ်ရင်း သေသွားတဲ့သူတွေရဲ့ အရိုးတွေပါ။ ဒါပေမဲ့ မင်းကတော့ ထူးခြားပါတယ်။ ငါတို့တွေက ပုခုံးချင်းယှဉ် တိုက်ခဲ့ကြတာပဲ မဟုတ်လား။ မင်း သေသွားရင်တောင် ငါတို့ အဖိုးကြီးနှစ်ယောက် မင်းရဲ့ အလောင်းကို သိမ်းပေးပါ့မယ်”
"ကဲ... မင်းရဲ့ ခြေထောက်ကို ကြည့်စမ်း"
ဘုန်း
မထင်မှတ်ထားသည်မှာ အဖိုးကြီးနှစ်ယောက်စလုံးက ချူရွှမ်ကို တစ်ပြိုင်နက်တည်း ကန်ချလိုက်ပြန်သည်။
နတ်အဆင့် နဝမအလွှာရှိသော ထိပ်တန်း ပညာရှင်ကြီးများကို ရင်ဆိုင်ရာတွင် ချူရွှမ်မှာ ခုခံရန် အချိန်မရှိသေးပေ။ သူသည် မျက်နှာကြီး ပြာနှမ်းကာ ချော်ရည်များထဲသို့ ကန်ချခြင်း ခံလိုက်ရသည်။
အမှန်အတိုင်း ပြောရလျှင် ဤ ‘ရေပူစမ်း’ ဆိုသည်မှာ ကြောက်စရာကောင်းသော ချော်ရည်များဖြစ်ကြောင်းသာ သူ ကြိုသိခဲ့လျှင်၊ သူ၏ မည်သူမည်ဝါဖြစ်ကြောင်း ပေါ်သွားမည်ကို စိုးရိမ်ရလျှင်တောင် ဤစမ်းသပ်မှုကို သူ ဘယ်တော့မှ လက်ခံခဲ့မည် မဟုတ်ပေ။ ကံဆိုးစွာပင် ယခုအခါ နောင်တရရန် နောက်ကျသွားခဲ့ပြီ။
ချော်ရည်များ၏ အပြင်ဘက် တောင်ကုန်းပေါ်တွင် ဝမ်ချောင်နှင့် မာဟန့်တို့၏ အပြင်းအထန် ငြင်းခုံသံများကို ကြားနေရဆဲဖြစ်သည် "ဒီကောင်လေးကို ငါက အရင် ကန်ချလိုက်တာ၊ ဒါကြောင့် အခေါင်းရှာရမှာက ငါ့တာဝန်ပဲ”
"မပေါက်ကရတွေ ပြောမနေနဲ့... ငါ့ခြေထောက်က မင်းထက် ဆံခြည်တစ်မျှင်စာ ပိုမြန်ခဲ့တာ သိသာပါတယ်။ ဒါကြောင့် သူ့အလောင်းကို သိမ်းရမှာက ငါပဲ”
"..."
ဗွမ်း
ချူရွှမ်သည် ချော်ရည်များထဲသို့ တိတ်ဆိတ်စွာ ကျဆင်းသွားသည်။ ဟုန်းဟုန်းတောက်နေသော မီးလျှံများကဲ့သို့ ပူပြင်းသော အပူလှိုင်းများက သူ့ထံသို့ ချက်ချင်း တိုးဝင်လာကြသည်။
ကံကောင်းသည်မှာ ချူရွှမ်၏ ခန္ဓာကိုယ်ထဲတွင် ရေစွမ်းအင်ပုလဲ နှင့် မီးစွမ်းအင်ပုလဲ များ ရှိနေသေးခြင်း ဖြစ်သည်။
မီးစွမ်းအင်ပုလဲမှာ ပူပြင်းလှသော ချော်ရည်များကို မခုခံနိုင်သော်လည်း၊ ရေစွမ်းအင်ပုလဲမှာမူ အပူလှိုင်း အားလုံး၏ ရန်သူတော်ပင် ဖြစ်သည်။ ထို့ကြောင့် ချော်ရည်ထဲသို့ ကျသွားသော်လည်း ချူရွှမ်မှာ ကြောက်ရွံ့ခြင်း မရှိပေ။ သူသည် အနည်းငယ် စိတ်ပျက်နေရုံသာ ရှိသည်။
သို့သော် မကြာမီ ထိုစိတ်ပျက်မှုမှာ ပြင်းထန်သော အံ့အားသင့်မှုအဖြစ်သို့ ပြောင်းလဲသွားသည်။ အဘယ်ကြောင့်ဆိုသော် ဤချော်ရည်ရေပူစမ်းမှာ ကြောက်စရာကောင်းသော်လည်း၊ သူက မြင့်မားသော အပူချိန်ကို ခံနိုင်ရည်ရှိသွားသည်နှင့်... ချော်ရည်များအတွင်းမှ ထူးဆန်းသော စွမ်းအင်အချို့မှာ သူ၏ ခန္ဓာကိုယ်အတွင်းသို့ စဉ်ဆက်မပြတ် စီးဝင်လာပြီး၊ သူ၏ အရိုးများကို ကြံ့ခိုင်စေကာ သူ၏ သွေးချီ ကို မြှင့်တင်ပေးနေသောကြောင့် ဖြစ်သည်။
"ဒါကြောင့်ကိုး... ဒီချော်ရည်တွေထဲမှာ ဒဏ္ဍာရီလာ မြေကမ္ဘာ ဝိဉာဉ်ချီတွေ ရှိနေတာပဲ ဒီစွမ်းအင်ဟာ ကိုယ်ခံပညာ ကျင့်ကြံခြင်းအတွက်တင်မကဘဲ ခန္ဓာကိုယ် သန့်စင်ခြင်းအတွက်လည်း အလွန် အကျိုးရှိတာပဲ"
သို့သော် ချော်ရည်များထဲမှ မြေကမ္ဘာ ဝိဉာဉ်ချီကို ရရှိရန်အတွက် ချော်ရည်များအတွင်းရှိ ကြောက်မက်ဖွယ်ကောင်းသော အပူချိန် စမ်းသပ်မှုကို အရင် ခံနိုင်ရည်ရှိရမည် ဖြစ်သည်။ အကယ်၍ အောင်မြင်လျှင် အင်အားမှာ အဆမတန် တိုးတက်လာမည်ဖြစ်သော်လည်း၊ ကျရှုံးလျှင်မူ ပတ်ပတ်လည်ရှိ လူအရိုးဖြူများထဲမှ တစ်ခု ဖြစ်သွားပေလိမ့်မည်။
"အကျဉ်းထောင်မှူးချုပ် မသိတာက ငါ့မှာ မီးစွမ်းအင်ပုလဲတင်မကဘဲ ရေစွမ်းအင်ပုလဲပါ ရှိနေတာပဲ။ အကျဉ်းထောင်ဌာနက တခြားသူတွေအတွက် အလွန်ခက်ခဲတဲ့ ဒီစမ်းသပ်မှုဟာ ငါ့အတွက်တော့ လွယ်လွယ်လေးပဲ"
သို့သော် ပို၍ သဘာဝကျစေရန်အတွက်...
ချူရွှမ်သည် သူ အပြင်းအထန် ရုန်းကန်နေရသလိုမျိုး တစ်ချက်တစ်ချက်တွင် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ အမှန်တကယ်တွင်မူ သူသည် တိတ်တဆိတ် အကျိုးအမြတ်များ ရရှိနေပြီး ချော်ရည်များထဲရှိ မြေကမ္ဘာ ဝိဉာဉ်ချီများကို အတင်းအကျပ် စုပ်ယူနေခြင်း ဖြစ်သည်။
ဤသို့ဖြင့် အချိန်မည်မျှ ကြာသွားသည် မသိရပေ။
ရုတ်တရက် ချူရွှမ်သည် သူ၏ ခန္ဓာကိုယ်အတွင်းရှိ မြေကမ္ဘာ ဝိဉာဉ်ချီများမှာ အကန့်အသတ်တစ်ခုအထိ စုစည်းမိသွားသည်ကို ခံစားလိုက်ရပြီး၊ ထို့နောက်တွင် ကျိုးပေါက်သွားသော ဆည်တစ်ခုကဲ့သို့ သူ၏ ခြေလက်များ၊ အရိုးများ၊ ကြွက်သားများနှင့် သွေးများအတွင်းသို့ အရှိန်အဟုန်ဖြင့် စီးဝင်သွားတော့သည်။
အား
ချူရွှမ်သည် နောက်ဆုံးတွင် မိမိကိုယ်ကိုယ် မထိန်းနိုင်တော့ဘဲ ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။ သို့သော် ၎င်းမှာ ပျော်ရွှင်စွာ ဟိန်းဟောက်ခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဤမြေကမ္ဘာ ဝိဉာဉ်ချီများ၏ ဆေးကြောမှုအောက်တွင် ချူရွှမ်၏ ခန္ဓာကိုယ်မှ အညစ်အကြေးများစွာ ထွက်လာရုံတင်မကဘဲ...
သူ၏ သွေးချီတစ်ခုလုံးမှာ သွေးနီရောင် ကျားရဲ နှစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး ခေါင်းမော့ကာ ဟိန်းဟောက်နေသောကြောင့် ဖြစ်သည်။
သွေးချီ ကျားအသွင်ပြောင်းခြင်း
ဒါကတော့ နတ်အဆင့်သို့ တက်လှမ်းနိုင်ခြင်း၏ သိသာထင်ရှားသော အမှတ်အသားပင်ဖြစ်သည်။
"ဒီချော်ရည်ရေပူစမ်းကို အားကိုးပြီး ငါ တကယ်ပဲ နတ်အဆင့်ကို ရောက်သွားပြီ၊ ဒါတင်မကဘူး ကိုယ်ခန္ဓာရော ကိုယ်ခံပညာပါ နှစ်ရပ်လုံး နတ်အဆင့်ကို ရောက်သွားတာပဲ ဒါတင်မကသေးဘူး... ငါ့ကိုယ်ထဲက ရေစွမ်းအင်ပုလဲနဲ့ မီးစွမ်းအင်ပုလဲတွေကလည်း..."
ရုတ်တရက် ချူရွှမ်သည် အခြားအရာတစ်ခုကို တွေ့ရှိလိုက်ပြီး သူ၏ မျက်နှာမှာ တစ်ဖန် အကြီးအကျယ် တုန်လှုပ်သွားပြန်သည်။
တစ်ချိန်တည်းမှာပင်...
မဟာချင်မြို့တော်၏ အပြင်ဘက် တောင်ကုန်းတစ်ခုပေါ်တွင်...
မိမိ၏ မူလအသွင်ဖြစ်သော ကိုးခေါင်းငှက် အဖြစ် ပြန်လည် ပြောင်းလဲသွားသော ချင်ထျန်း မိစ္ဆာဘုရင် သည် မြို့တော်ရှိရာဘက်သို့ အမုန်းတရားများ ပြည့်နှက်နေသော မျက်လုံးများဖြင့် စူးစိုက်ကြည့်နေသည်။ မိစ္ဆာဘုရင်၏ ဘေးတွင် ဒဏ်ရာရထားသော နတ်အဆင့် မိစ္ဆာစစ်သူကြီးများစွာ ရှိနေသည်။
ကံကောင်းသည်မှာ မိစ္ဆာချီများကို အားကိုးကာ မိစ္ဆာများကို မည်သူမျှ လွယ်လွယ်နှင့် မသတ်ရဲကြပေ။ ထို့ကြောင့် မိစ္ဆာများမှာ ဒဏ်ရာသာ ရခဲ့သော်လည်း၊ မိစ္ဆာလမ်းစဉ်ကိုယ်ခံပညာရှင်များမှာမူ ဆိုးဆိုးရွားရွား ခံစားခဲ့ရသည်။ သူတို့တွင် မိစ္ဆာချီကဲ့သို့သော အကာအကွယ် မရှိသဖြင့်၊ အကျဉ်းထောင်ဌာနရော မိစ္ဆာနှိမ်နင်းရေးဌာနပါ သူတို့ကို ညှာတာခြင်း မရှိကြပေ။ ထို့ကြောင့် ဤအကျဉ်းထောင်ဖောက်မှုတွင် မိစ္ဆာလမ်းစဉ်ကိုယ်ခံပညာရှင် အမြောက်အမြားမှာ မိစ္ဆာများ ဆုတ်ခွာနိုင်ရန်အတွက် အကောင်းဆုံး ‘အမြောက်စာ’ များ ဖြစ်သွားခဲ့ရသည်။
သူတို့၏ နောက်ကွယ်တွင် မိစ္ဆာနှိမ်နင်းရေးဌာနမှ မိစ္ဆာနှိမ်နင်းရေးအရာရှိများမှာ မနားတမ်း လိုက်လံ ဖမ်းဆီးနေကြဆဲဖြစ်သည်။
လိုက်လံဖမ်းဆီးသူများ၏ မီးရောင်များမှာ နီးကပ်လာသည်နှင့်အမျှ မိစ္ဆာစစ်သူကြီးများစွာမှာ ထိတ်လန့်သွားကြပြီး ချင်ထျန်း မိစ္ဆာဘုရင်၏ ရှေ့တွင် ဒူးထောက်ကာ "ဘုရင်ကြီး... မိစ္ဆာနှိမ်နင်းရေးဌာနရဲ့ အဓိကတပ်ဖွဲ့တွေ မကြာခင် ရောက်လာတော့မယ်။ အဲဒီ လူသားကောင်တွေ အားလုံး မသေခင်မှာ ကျွန်တော်တို့တွေ မြန်မြန် ဆုတ်ခွာသင့်ပါတယ်..."
ဖူး
ထိတ်လန့်နေသော မိစ္ဆာစစ်သူကြီး စကားမဆုံးသေးခင်မှာပင် ထက်မြက်သော လက်သည်းတစ်ခုက သူ၏ ဦးခေါင်းကို ရိုက်ခွဲလိုက်သည်။ ချင်ထျန်း မိစ္ဆာဘုရင်သည် သူ၏ လက်သည်းများကို အေးစက်စွာ လျက်လိုက်သည်။ သူ၏ ခန္ဓာကိုယ်ပေါ်ရှိ မိစ္ဆာချီမှာ ပို၍ပင် ကြောက်စရာကောင်းလာသည်။
အိုမင်းနေသော မျက်နှာရှိသည့် အဘွားအိုတစ်ဦးကို ထမ်းပိုးလာသော ကြွက်အုပ်စုတစ်စု အမှောင်ထဲမှ ပြေးထွက်လာသောအခါမှသာ၊ ချင်ထျန်း မိစ္ဆာဘုရင်သည် ခေါင်းမော့ကြည့်လိုက်ပြီး ထိုအဘွားအိုကို စိုက်ကြည့်လိုက်တော့သည်။
အခန်း (၆၅)
ဧကရာဇ်မင်းမြတ်ပင် ဦးညွှတ်ခဲ့ရခြင်း
"ကြွက်အိုကြီး... စုံစမ်းတာ ဘယ်လိုလဲ၊ ဘယ်အောက်တန်းစား လူသားက ငါ့သားကို သတ်လိုက်တာလဲ"
ဟိန်း
မိစ္ဆာဘုရင်၏ ဟိန်းဟောက်သံက တောင်တောတစ်ခုလုံးကို တုန်ခါသွားစေသည်။ မိစ္ဆာစစ်သူကြီးများ အားလုံး ထိတ်လန့်တကြားဖြင့် မြေပြင်ပေါ်တွင် ဝပ်စင်းနေကြရပြီး၊ မရေမတွက်နိုင်သော ကြွက်များမှာ ထိုအသံကြောင့်ပင် အမှုန့်ဖြစ်သွားကြသည်။
သို့သော် ကြွက်အိုကြီးမှာ ဝမ်းနည်းနေရန် အချိန်မရှိပေ။ သူမသည် ကြောက်လန့်တကြား ဝပ်စင်းရင်း ပြောလိုက်သည်။ "ဘုရင်ကြီးကို လျှောက်တင်ပါတယ်... အခု အကျဉ်းထောင်ဌာနမှာ အကျဉ်းထောင်မှူးချုပ် ကိုယ်တိုင် ရှိနေပါတယ်။ ကျွန်တော်မျိုးမရဲ့ နောက်လိုက်လေးတွေကို အနားကပ်ခိုင်းဖို့ မဝံ့ရဲခဲ့ပေမဲ့၊ လိမ္မာတဲ့ နောက်လိုက်အချို့က အကျဉ်းထောင်စောင့်တွေရဲ့ စကားကို ခိုးနားထောင်ပြီး သိခဲ့ရတာကတော့... မင်းသားလေးကို သတ်လိုက်တဲ့သူဟာ ‘အရိပ်’ လို့ အမည်ရတဲ့ မိစ္ဆာတစ်ယောက်ပါပဲ။ အဲဒီမိစ္ဆာက ‘ထျန်းယင်ဂိုဏ်း’ ကနေ လာတာလို့ သိရပါတယ်ဘုရား”
"ဘာ... ထျန်းယင်ဂိုဏ်း ဟုတ်လား၊ ဟားဟားဟား... ကောင်းတယ်၊ တကယ့်ကို ရက်စက်ကြတာပဲ"
ဟိန်း
ချင်ထျန်း မိစ္ဆာဘုရင်၏ ဟိန်းဟောက်သံမှာ ပို၍ ကြောက်စရာကောင်းလာပြီး၊ သူ၏ ငှက်ခေါင်းပေါ်ရှိ လူမျက်နှာ ရှစ်ခုမှာလည်း အလွန်အမင်း ဒေါသထွက်မှုကြောင့် လုံးဝ ပုံပျက်ပန်းပျက် ဖြစ်သွားတော့သည်။
ပူပြင်းလှသော ချော်ရည်များအတွင်း၌...
ချူရွှမ်သည်လည်း တစ်စုံတစ်ယောက်က သူ့ကို နောက်ကွယ်မှ လုပ်ကြံရန် ကြံစည်နေသကဲ့သို့ တစ်ကိုယ်လုံး စိမ့်ခနဲ ခံစားလိုက်ရသည်။ ကွပ်မျက်သူ တစ်ယောက်ဖြစ်သည့်အတိုင်း သူ့တွင် ရန်သူများလွန်းလှသဖြင့် သူ ဘာမှ မတတ်နိုင်ပေ။ ချူရွှမ်သည်လည်း ထိုခံစားချက်ကို ခဏတာပင် မေ့ပျောက်လိုက်သည်။
တစ်ချိန်တည်းမှာပင် သူ၏ ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့်မှာ နတ်အဆင့်သို့ တက်လှမ်းသွားခဲ့ပြီ ဖြစ်သည်။ ယခုအခါ ချူရွှမ်သည် မဟာချင် အင်ပါယာတွင် အလွန်ရှားပါးသော ကိုယ်ခန္ဓာနှင့် ကိုယ်ခံပညာ နှစ်ရပ်လုံး နတ်အဆင့်ရောက်ရှိသူ ဖြစ်လာရုံတင်မကဘဲ၊ သူ၏ ခန္ဓာကိုယ်အတွင်းရှိ ရေစွမ်းအင်ပုလဲနှင့် မီးစွမ်းအင်ပုလဲများမှာလည်း သူ၏ နတ်အဆင့်သို့ တက်လှမ်းမှုနှင့်အတူ ပြောင်းလဲလာခဲ့သည်။
မြေကမ္ဘာ ဝိဉာဉ်ချီ အမြောက်အမြား၏ ပြုစုပျိုးထောင်မှုအောက်တွင် ပဉ္စဘူတ ဝိဉာဉ်ပုလဲ နှစ်လုံးမှာ တစ်ပြိုင်နက်တည်းတွင် နီရဲသော အလင်းနှင့် ဖြူဖွေးသော အလင်းများအဖြစ် ပြောင်းလဲသွားပြီး သူ၏ ဒန်ထျန်အတွင်းသို့ စီးဝင်သွားကြသည်။ ‘အတွင်းအမြင်’ ဖြင့် ကြည့်လိုက်လျှင် ချူရွှမ် မြင်တွေ့လိုက်ရသည်မှာ...
သူ၏ ဒန်ထျန်အတွင်း၌ ဖြစ်ပေါ်နေသော စစ်မှန်သော ချီ ဝဲကယက်အတွင်းတွင် တောက်ပနေသော ဝိဉာဉ်ပုလဲ နှစ်လုံးမှာ စစ်မှန်သော ချီများနှင့်အတူ အတက်အကျ ဖြစ်နေခြင်းပင်။ ၎င်းမှာ ရိုးရိုးတန်းတန်း ပိုင်ဆိုင်ထားခြင်း မဟုတ်တော့ဘဲ အမှန်တကယ်ပင် ‘ပေါင်းစပ်သန့်စင်ခြင်း' ပြုလုပ်လိုက်ခြင်း ဖြစ်သည်။
ဤသည်ကို တွေးမိသောအခါ အကျဉ်းထောင်မှူးချုပ်က သူ့ကို စမ်းသပ်ရခြင်း၏ တကယ့်ရည်ရွယ်ချက်ကို ချူရွှမ် နားလည်သွားတော့သည်။ ၎င်းမှာ မီးလျှံတိမ်တိုက်ဂူရှိ ထူးခြားသော ရေပူစမ်းကို အသုံးပြု၍ သူ့ကို နတ်အဆင့်သို့ တက်လှမ်းစေရန်နှင့် မီးစွမ်းအင်ပုလဲကို အပြီးတိုင် ပေါင်းစပ်သန့်စင်စေရန် ဖြစ်သည်။
"ဒီလိုဆိုရင် အကျဉ်းထောင်မှူးချုပ်က ဘာမှ မပြောရင်တောင် ငါ မသေမချင်း ဘယ်သူမှ မီးစွမ်းအင်ပုလဲကို လာလုလို့ မရတော့ဘူး”
ထို့အပြင် ဤချော်ရည်ရေပူစမ်းမှာ စမ်းသပ်မှုတစ်ခု ဖြစ်သော်လည်း၊ အမှန်တကယ်တွင်မူ လျှို့ဝှက်ဆုလာဘ်တစ်ခုပင် ဖြစ်သည်။ သို့သော် ရေစွမ်းအင်ပုလဲ ပိုင်ဆိုင်ထားသော ချူရွှမ်မှလွဲ၍ အခြားသူများအတွက်မူ ဤဆုလာဘ်ကို ရရှိရန် အလွန်ပင် ခက်ခဲလှသည်။ ထို့ကြောင့် ရေစွမ်းအင်ပုလဲ ရှိနေသည်ကို မပေါ်စေရန်...
ချူရွှမ်သည် ကိုယ်ခန္ဓာနှင့် ကိုယ်ခံပညာ နှစ်ရပ်လုံး နတ်အဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့သော်လည်း၊ ချော်ရည်ရေပူစမ်းအတွင်း၌ ဆက်လက်၍ "အော်ဟစ်" နေပြီး "ရုန်းကန်" နေခဲ့သည်။ နာကျင်မှု အမျိုးမျိုးကို အတင်းအောင့်အည်း ခံစားနေသည့်အလား...
သုံးရက် ကြာသွားသောအခါမှ...
သံသယ မဖြစ်နိုင်တော့ဟု တွက်ချက်ပြီးနောက်၊ ချူရွှမ်သည် သူ၏ နတ်အဆင့် ခန္ဓာကိုယ် စွမ်းအားကို အသုံးပြု၍ ချော်ရည်များထဲမှ ခုန်ထွက်ကာ မီးလျှံတိမ်တိုက်ဂူသို့ ပြန်လာခဲ့သည်။ သူ ပြန်ရောက်သည်နှင့် ဝမ်ချောင်နှင့် မာဟန့်တို့က အံ့သြတကြီး အော်လိုက်ကြသည်။ "ဘာတွေ ဖြစ်ကုန်တာလဲ မင်းက မီးဝိဉာဉ်ရေပူစမ်းထဲမှာ သုံးရက်ပဲ နေရသေးတာကို နတ်အဆင့်ကို တက်လှမ်းသွားပြီလား မင်းက လူထူးလူဆန်းလား"
"မြန်မြန် ပြန်ဆင်းသွားစမ်း၊ နောက်ထပ် သုံးရက် ထပ်နေဦး"
ဖြောင်း ဖြောင်း
ဘာမှ မပြောဘဲ သူတို့နှစ်ဦးက ချူရွှမ်ကို နောက်ထပ် နှစ်ချက် ကန်ချလိုက်ပြန်သည်။
ဤအဖိုးကြီး နှစ်ယောက်ကတော့ တကယ့်ကို ကောက်ကျစ်သူတွေပဲ။
ချူရွှမ်မှာ ဆဲပင် ဆဲချင်သွားမိသည်။ ထို့ပြင် ဤမီးဝိဉာဉ်ရေပူစမ်းမှာ နတ်အဆင့်သို့ တက်လှမ်းရန် အစွမ်းထက်သော်လည်း၊ တစ်ခါ တက်လှမ်းပြီးသွားပါက နောက်ထပ် အကျိုးမရှိတော့သည်ကို သူ သိရှိပြီးသား ဖြစ်သည်။ ပတ်ပတ်လည်တွင်လည်း အရိုးများ ပြန့်ကျဲနေသည် မဟုတ်ပါလား။ သုံးရက် မပြောနှင့်၊ သုံးနာရီပင် သူ ဆက်မနေချင်တော့ပေ။
သို့သော် အပေါ်တွင် နတ်အဆင့် နဝမအလွှာရှိသော ပညာရှင်ကြီး နှစ်ဦးက စောင့်ကြည့်နေသဖြင့်၊ ချူရွှမ်မှာ မီးဝိဉာဉ်ရေပူစမ်းထဲတွင် နောက်ထပ် သုံးရက် ဆက်နေလိုက်ရသည်။ တကယ့် ရေပူစမ်း စိမ်နေသလိုမျိုးသာ သူ သဘောထားလိုက်ရတော့သည်။
ထို့နောက် ချူရွှမ် ပြန်တက်လာသောအခါ ချက်ချင်းပင် ခုခံသည့် အနေအထားကို ယူလိုက်သည်။ မထင်မှတ်ထားသည်မှာ ဤတစ်ကြိမ်တွင် စီနီယာ နှစ်ဦးက သူ့ကို မတိုက်ခိုက်တော့ဘဲ လက်နှစ်ဖက်ကို ဖြန့်ကာ ပြောလိုက်ကြသည်။ "ကောင်လေး... ငါတို့ကို အပြစ်မတင်နဲ့ဦး။ အကျဉ်းထောင်မှူးချုပ်က မင်းကို ဒီမှာ ခြောက်ရက်နေဖို့ အမိန့်ပေးထားတာ။ မင်းကို ကန်ချလိုက်ရတာကလည်း ငါတို့ မတတ်သာလို့ပါ”
"အဲဒီလို ပြောလိုက်တော့ ခင်ဗျားတို့ရဲ့ အသိစိတ်တွေ မနာကျင်ဘူးလား"
ချူရွှမ်မှာ အလွန်ပင် စကားမပြောနိုင်လောက်အောင် ဖြစ်သွားပြီး တစ်ချိန်တည်းမှာပင် စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။ "အကျဉ်းထောင်မှူးချုပ်က ကျွန်တော့်ကို ဘာလို့ ဒီလောက်ကြာကြာ နေခိုင်းရတာလဲ ဒါကလည်း စမ်းသပ်မှု တစ်ခုပဲလား"
"မင်း အများကြီး တွေးနေတာပဲ။ အကျဉ်းထောင်မှူးချုပ်က မင်းကို ဒီမှာ အကြာကြီး နေခိုင်းတာက အမိန့်တော် လာပို့တဲ့ မိန်းမစိုး လျိုကျင်းကို စိတ်ပျက်အောင် လုပ်ဖို့ပဲ။ မင်း မသိသေးတာက လွန်ခဲ့တဲ့ ခြောက်ရက်ကတည်းက အဲဒီ မိန်းမစိုးအိုကြီး လျိုကျင်းဟာ ဧကရာဇ်ရဲ့ အမိန့်တော်နဲ့ အကျဉ်းထောင်ကို ရောက်နေတာ။ မင်းရထားတဲ့ မိစ္ဆာဘုရင် ဦးခေါင်းကို လွှဲပေးဖို့ အမိန့်တော် လာပို့တာလေ”
"ဒါပေမဲ့ ဒီဦးခေါင်းက ငါတို့ အကျဉ်းထောင်ဌာနက ခက်ခက်ခဲခဲ ရထားတာလေ၊ ဘယ်လိုလုပ် လွယ်လွယ်နဲ့ ပေးနိုင်မှာလဲ၊ ဒါကြောင့် အကျဉ်းထောင်မှူးချုပ်က မင်း ကျင့်ကြံနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အဲဒီ မိန်းမစိုး လျိုကျင်းကို အကျဉ်းထောင် အပြင်မှာ တမင် စောင့်ခိုင်းထားတာ။ တစ်ချိန်တည်းမှာပဲ ဧကရာဇ်မင်းမြတ်ကို အလျှော့ပေးလာအောင် ဖိအားပေးတာလည်း ပါတာပေါ့။ အဆုံးမှာတော့ မိစ္ဆာဘုရင်ရဲ့ ဦးခေါင်းကို ကြာကြာ ထားလေလေ၊ အထဲမှာရှိတဲ့ မိစ္ဆာဘုရင်ရဲ့ သွေးအနှစ်သာရတွေက လျော့နည်းသွားလေလေပဲ မဟုတ်လား”
ဝမ်ချောင်နှင့် မာဟန့်တို့က အတူတူ ရှင်းပြလိုက်ကြသည်။
ချူရွှမ်မှာ ရင်ထဲတွင် တုန်လှုပ်သွားမိသည်။ "ငါတို့ အကျဉ်းထောင်ဌာနက နန်းတော်ကို သစ္စာခံရတာ မဟုတ်ဘူးလား၊ အကျဉ်းထောင်မှူးချုပ်က တကယ်ပဲ ဧကရာဇ်ကို အလျှော့ပေးခိုင်းချင်တာလား၊ ဘာလို့လဲ"
ချူရွှမ်မှာ အလွန် ဇဝေဇဝါ ဖြစ်သွားသည်။ ဝမ်ချောင်နှင့် မာဟန့်တို့၏ မျက်နှာများမှာလည်း ဤအချိန်တွင် လေးနက်သွားကြသည်။ "ကောင်လေး... မှတ်ထားပါ။ ငါတို့ အကျဉ်းထောင်ဌာနရော မိစ္ဆာနှိမ်နင်းရေးဌာနပါ နန်းတော်ကို သစ္စာခံရတာ မှန်ပေမဲ့ ကွဲပြားခြားနားချက် ရှိတယ်။ အမတ်ချုပ်ရဲ့ မိစ္ဆာနှိမ်နင်းရေးဌာနက ဧကရာဇ်ကို သစ္စာခံတာ၊ ငါတို့ အကျဉ်းထောင်ဌာနကတော့ မဟာချင် တစ်ပြည်လုံးကို သစ္စာခံတာ။ အဲဒီ ကွဲပြားခြားနားချက်ကို မင်း နားလည်လား"
ချူရွှမ် ကြောင်သွားပြန်သည်။ "စီနီယာတို့ ဆိုလိုတာက နန်းတွင်းရဲ့ ‘မိုးကောင်းကင်’ က ပြောင်းလဲနိုင်ပေမဲ့၊ မဟာချင်ရဲ့ ‘မိုးကောင်းကင်’ ကတော့ ပြောင်းလဲလို့ မရဘူးလို့ ဆိုလိုတာလား"
ဤစကားက ဝမ်ချောင်နှင့် မာဟန့်တို့ကို ချက်ချင်းပင် လန့်သွားစေသည်။ "မင်း... တကယ့်ကို သတ္တိရှိတာပဲ၊ ဒီလို ပြစ်မှားတဲ့ စကားတွေကို ပြောဝံ့တယ်ပေါ့။ မြန်မြန် ထွက်သွားစမ်း။ ခုနက မင်းပြောတာကို ငါတို့ မကြားလိုက်ဘူးလို့ပဲ သဘောထားမယ်”
ပြောပြီးသည်နှင့် သူတို့နှစ်ဦးက ချူရွှမ်ကို တစ်ပြိုင်နက်တည်း ကန်လိုက်ကြသည်။ အကြိမ်ကြိမ် အကန်ခံရပြီးသော ချူရွှမ်မှာမူ ယခုတစ်ကြိမ်တွင် အကန်မခံတော့ဘဲ၊ အမြန်ပင် ရှောင်တိမ်းကာ မီးလျှံတိမ်တိုက်ဂူ အပြင်ဘက်သို့ ထွက်ပြေးသွားတော့သည်။ နတ်အဆင့် ပညာရှင်ကြီး နှစ်ဦးဖြစ်သော ဝမ်ချောင်နှင့် မာဟန့်တို့မှာ သူ့နောက်ကို လိုက်မလာကြပေ။
သူတို့သည် ထွက်ပြေးသွားသော ချူရွှမ်၏ ကျောပြင်ကို ကြည့်ရင်း မျက်နှာများမှာ အလွန် လေးနက်နေကြသည်။ "'နန်းတွင်းရဲ့ မိုးကောင်းကင်က ပြောင်းလဲနိုင်ပေမဲ့၊ မဟာချင်ရဲ့ မိုးကောင်းကင်ကတော့ ပြောင်းလဲလို့ မရဘူး' တဲ့လား..."
"ငါ မှတ်မိသေးတယ်... တစ်ခါက ငါတို့ မဟာချင် အကျဉ်းထောင်ဌာနမှာ ဒီလိုစကားမျိုး ပြောခဲ့တဲ့လူ တစ်ယောက် ရှိခဲ့ဖူးတယ်။ ဒါပေမဲ့ ရလဒ်ကတော့..." တစ်ခုခုကို သတိရသွားသည့်အလား ဝမ်ချောင်နှင့် မာဟန့်တို့၏ မျက်လုံးများမှာ ရှုပ်ထွေးသွားကြတော့သည်။
မီးလျှံတိမ်တိုက်ဂူမှ တစ်ချိုးတည်း ထွက်ပြေးလာသော ချူရွှမ်သည်လည်း သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်မိသည်။
"ဘေးဒုက္ခဆိုတာ နှုတ်ကနေ လာတာပဲ။ အခုကစပြီး အကျဉ်းထောင်ထဲမှာ ငါ့ရဲ့ အပြောအဆိုနဲ့ အပြုအမူတွေကို သတိထားမှ ဖြစ်မယ်” မဟုတ်လျှင် ခုနကလို ပုန်ကန်သော စကားမျိုးကို ပြောမိပါက ကြီးမားသော ဘေးဒုက္ခ ကြုံရနိုင်သည်။
ဤသို့တွေးရင်း ချူရွှမ်သည် ကျန်းလုံနှင့် ကျောက်ဟူတို့ကို ရှာပြီး အခြေအနေများကို စုံစမ်းရန် အကျဉ်းထောင်သို့ အလျင်အမြန် ပြန်လာခဲ့သည်။ သူ အထဲသို့ ဝင်လိုက်သည်နှင့်...
ဆံပင်ဖြူဖြူနှင့် မိန်းမစိုးအိုကြီး တစ်ဦးမှာ အပြင်ဘက်တွင် စိတ်မရှည်စွာ စောင့်ဆိုင်းနေသည်ကို တွေ့လိုက်ရသည်။ သူ ချူရွှမ်ကို မြင်လိုက်သောအခါ မိန်းမစိုးအိုကြီးမှာ ဝမ်းသာလွန်းသဖြင့် မျက်ရည်ပင် ကျလုနီးပါး ဖြစ်သွားသည်။
ဧကရာဇ်၏ အယုံကြည်ရဆုံးသူ တစ်ဦးအနေဖြင့်၊ သူသည် ကွပ်မျက်သူလေး တစ်ယောက်ကို အမိန့်တော် ပေးရန်အတွက် ခြောက်ရက်လုံးလုံး စောင့်ခဲ့ရသည်မှာ မည်သူမျှ ယုံနိုင်မည် မဟုတ်ပေ။
ယခုအခါ ချူရွှမ် ပြန်လာသည်ကို မြင်လိုက်ရသဖြင့် မိန်းမစိုး လျိုကျင်းသည် မဆိုင်းမတွပင် ချူရွှမ်၏ လက်ကို လှမ်းဆွဲကာ ပွတ်သပ်ရင်း ပြောလိုက်သည်။ "သခင်လေး ချူ... အကျဉ်းထောင်မှူး ချူ... နောက်ဆုံးတော့ ပြန်လာပြီပေါ့”
"အရှင်မှာ သင့်ကို ကြီးကျယ်တဲ့ ဆုလာဘ်တွေ ပေးဖို့ အမိန့်တော် ရှိပါတယ်။ ဒူးထောက်နေဖို့ မလိုပါဘူး၊ အခုပဲ အမိန့်တော်ကို ဖတ်ပြပါ့မယ်”
အခန်း (၆၆)
အဆင့် (၇) အရာရှိနှင့် ဝိဉာဉ်ပုလဲများ၏ တုံ့ပြန်မှု
“မိုးကောင်းကင်၏ အမိန့်တော်အရ ဧကရာဇ်မင်းမြတ် မိန့်ကြားသည်မှာ - အကျဉ်းထောင်ဌာနမှ အကျဉ်းထောင်စောင့် ချူရွှမ်သည် မိမိ၏ တာဝန်ဝတ္တရားများကို ကြိုးပမ်းထမ်းဆောင်ခဲ့ပြီး ကြီးမားသော စွမ်းဆောင်မှုများကို ရရှိခဲ့သည်။ ငါကိုယ်တော်သည် အလွန်ပင် ကျေနပ်အားရမိသည်။ ထို့ကြောင့် အကျဉ်းထောင်စောင့် ချူရွှမ်ကို ရာထူးနှစ်ဆင့် တိုးမြှင့်ပေးကာ အဆင့် (၇) စစ်ဘက်ဆိုင်ရာ အရာရှိအဖြစ် ခန့်အပ်လိုက်သည်။ ဤအမိန့်ကို သိရှိစေအပ်သည်”
“သခင်လေးချူ... ဒီရာထူးအဆင့်ကို ကျေနပ်ရဲ့လား၊ တခြား တောင်းဆိုစရာ ရှိသေးရင်လည်း ကျွန်တော်မျိုး ပြန်သွားပြီး မင်းကြီးကို ပြန်လည် စဉ်းစားပေးဖို့ လျှောက်တင်ပေးနိုင်ပါတယ်နော်”
အမိန့်တော်ကို ဖတ်ပြပြီးနောက် ဧကရာဇ်၏ အယုံကြည်ရဆုံးသူ မိန်းမစိုး လျိုကျင်းသည် ချူရွှမ် မကျေနပ်မှာကို စိုးရိမ်နေသည့်အလား ညှိနှိုင်းတိုင်ပင်သော လေသံဖြင့် ပြောလိုက်သည်။
ဤသည်မှာ မိစ္ဆာဘုရင် ဦးခေါင်း၏ တန်ဖိုးပင် ဖြစ်သည်။ ယခုအခါ ‘ထာဝရအသက်ရှင်ခြင်း’ ကိုသာ ရှာဖွေနေသော ဧကရာဇ်အတွက် မည်သူက စွမ်းဆောင်မှုလုပ်သည်မှာ အရေးမကြီးပေ။ အဓိကမှာ မိစ္ဆာဘုရင်၏ ဦးခေါင်းကို တော်ဝင်မိသားစု၏ လက်ထဲသို့ အမြန်ဆုံး ရောက်ရှိစေရန်သာ ဖြစ်သည်။
ထို့ကြောင့်ပင်...
အစွမ်းထက်ပြီး ဩဇာကြီးသော မိန်းမစိုး လျိုကျင်းကဲ့သို့သော သူပင်လျှင် သူ၏ မာန်မာနများကို ခဏဘေးဖယ်ကာ အဆင့်နိမ့် ကွပ်မျက်သူလေးတစ်ဦးကို မျက်နှာချိုသွေးနေရခြင်း ဖြစ်သည်။
ဒါဟာ ဆိုလိုတဲ့ ‘ထာဝရအသက်ရှင်ခြင်း’ ရဲ့ ဆွဲဆောင်မှုလား။
ချူရွှမ်သည် သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။ အကျဉ်းထောင်ဌာနနှင့် မိစ္ဆာနှိမ်နင်းရေးဌာနတို့၏ အခြေခံကျသော ကွဲပြားခြားနားချက်ကို သူ ပို၍ ရှင်းရှင်းလင်းလင်း နားလည်သွားမိသည်။ ထို့ကြောင့် ဤရာထူးတိုးခြင်းအပေါ် သူ စိတ်ဝင်စားမှု များစွာ လျော့နည်းသွားခဲ့သည်။ ရာထူး မည်မျှပင် မြင့်မားပါစေ သူသည် ကွပ်မျက်သူ တစ်ဦးသာ ဖြစ်နေသေးသည် မဟုတ်ပါလား။
သို့သော် ၎င်းတွင် အကျိုးကျေးဇူးများလည်း ရှိနေသည်။ မဟာချင် အင်ပါယာ၏ ဥပဒေအရ အဆင့် (၇) စစ်ဘက်ဆိုင်ရာ အရာရှိတစ်ဦးမှာ အဆင့် (၇) ခရိုင်ဝန်တစ်ဦးနှင့် တန်းတူပင် ဖြစ်သည်။
“မင်္ဂလာရှိတဲ့ မြို့ဝန်အဖြစ် သုံးနှစ်နေရရင် ငွေပြား တစ်သောင်းရတယ်” ဆိုတဲ့ စကားနဲ့ မနှိုင်းယှဉ်နိုင်ပေမဲ့... တစ်နှစ်စာ လစာ ငွေပြား တစ်ထောင်မှာ အလွန် ချမ်းသာကြွယ်ဝခြင်း မဟုတ်သော်လည်း ချောင်ချောင်လည်လည် နေထိုင်နိုင်ရန် လုံလောက်လှသည်။
ထို့အပြင် အဆင့် (၇) အရာရှိ ရာထူးမှာ အဆင့် (၈) ဝန်ထမ်းထက် များစွာ သာလွန်သဖြင့် နောင်တွင် လက်ဝဲအမတ်ချုပ်နှင့် မိစ္ဆာနှိမ်နင်းရေးဌာနတို့က သူ့ကို ဒုက္ခပေးရန် လွယ်ကူတော့မည် မဟုတ်ပေ။ လက်ဝဲအမတ်ချုပ်အနေဖြင့် ပြီးခဲ့သည့်တစ်ခေါက်ကဲ့သို့ ကောင်းကင်ဘုံအကျဉ်းထောင်ထဲသို့ လူလွှတ်ကာ ဖမ်းဆီးခိုင်းရန် မဖြစ်နိုင်တော့ပေ။ လက်ဝဲအမတ်ချုပ်က သူ့ကို ကိုင်တွယ်လိုလျှင် အပြစ်ရှာကာ ‘စွပ်စွဲပြစ်တင်ခြင်း’ ပြုလုပ်ပြီး တရားရေးဝန်ကြီးဌာန၏ အကျဉ်းထောင်သို့ ပို့ဆောင်ရုံသာ ရှိတော့သည်။
သို့သော် တရားရေးဝန်ကြီးဌာန တစ်ခုလုံးသည် အကျဉ်းထောင်ဌာန၏ လက်အောက်တွင်သာ ရှိသည်။ အကယ်၍ ချူရွှမ် ထိုနေရာကို သွားရမည်ဆိုပါက သူ့အိမ်ကို သူ ပြန်သွားရသလိုမျိုးသာ ဖြစ်ပေလိမ့်မည်။
ဤသို့တွေးမိသောအခါ ချူရွှမ်သည် တစ်မျိုးဆန်းပြားသော ကျေနပ်မှုကို ခံစားလိုက်ရသည်။ ဤရာထူးတိုးခြင်းကြောင့် လက်ဝဲအမတ်ချုပ်အနေဖြင့် သူ့ကို အလွယ်တကူ ကိုင်တွယ်ရန် နည်းလမ်းမရှိတော့သည်ကို သူ သိလိုက်သည်။ သူသည် အမိန့်တော်ကို ချက်ချင်း လက်ခံလိုက်ပြီး ပျော်ရွှင်စွာဖြင့် ကောင်းကင်ဘုံအကျဉ်းထောင်သို့ ပြန်လာခဲ့သည်။
အကျဉ်းထောင်စောင့် အုပ်စုတစ်စုကလည်း သူ့ကို လာရောက် ဂုဏ်ပြုကြသည်။ ထိုအထဲတွင် မျက်နှာသစ်များစွာ ပါဝင်နေသည်။
“ဒါတွေက တခြား အဓိက အကျဉ်းထောင်တွေကနေ လာတဲ့ အင်အားဖြည့်တင်းမှုတွေပါ။ ငါတို့ အကျဉ်းထောင်ဌာနမှာ အကျဉ်းထောင်အသေး သုံးထောင်နဲ့ အကျဉ်းထောင်အကြီး ရှစ်ရာ ရှိတာဆိုတော့ အကျဉ်းထောင်စောင့် အင်အားကတော့ ဘယ်တော့မှ မနည်းသွားဘူး”
ကျန်းလုံနှင့် ကျောက်ဟူတို့ကလည်း ပျော်ရွှင်စွာဖြင့် ရှင်းပြကြသည်။ ကောင်းကင်ဘုံအကျဉ်းထောင်၏ ပရမ်းပတာ ဖြစ်မှုကြောင့် သူတို့နှစ်ဦးလည်း အကျိုးကျေးဇူး ရရှိခဲ့ပြီး၊ မျိုးရိုးလိုက် အကျဉ်းထောင်စောင့်ဘဝမှ အဆင့် (၉) ထောင်မှူးများအဖြစ် ရာထူးတိုးမြှင့်ခံခဲ့ရသည်။ ထို့ကြောင့် သူတို့နှစ်ဦးလုံး ချူရွှမ်ကို အလွန် ကျေးဇူးတင်နေကြသည်။
“ညီအစ်ကိုချူရဲ့ ဓားက မိစ္ဆာဘုရင် ဦးခေါင်းကို တိတိကျကျ ဖြတ်မချနိုင်ခဲ့ရင် ငါတို့တွေ ဒီလို အကျိုးအမြတ် ရမှာ မဟုတ်ဘူး။ ဒါပေမဲ့ ဗိုလ်မှူးကြီး လင်းရင်ကတော့ တော်တော် ခံလိုက်ရတယ်။ ကောင်းကင်ဘုံအကျဉ်းထောင် ကျဆုံးသွားတယ်၊ ကွပ်မျက်ရေးကွင်းပြင် စီးနင်းခံရတယ်၊ နန်းတွင်းနဲ့ ပြည်သူတွေ အကြီးအကျယ် တုန်လှုပ်ကုန်သလို ဧကရာဇ်ကလည်း အရမ်း ဒေါသထွက်နေတာ။ ဒါကြောင့် လင်းရင်ကို ဗိုလ်မှူးကြီးရာထူးကနေ ချက်ချင်း ဖြုတ်ချလိုက်ပြီး အဆင့် (၉) 'မိစ္ဆာနှိမ်နင်းရေးအရာရှိ’ အဖြစ် ရာထူးလျှော့ချကာ သူလုပ်ခဲ့တဲ့ အပြစ်တွေကို ပြန်ပေးဆပ်ခိုင်းလိုက်တယ်”
“ဒါနဲ့... နန်းတော်ထဲမှာ မျိုးရိုးလိုက် အစောင့်အဖြစ် လုပ်နေတဲ့ ငါတို့ရဲ့ ဆွေမျိုးတွေ ပြောပြချက်အရဆိုရင် လက်ဝဲအမတ်ချုပ်တောင် ဒီတစ်ခါ ကံမကောင်းဘဲ ရာထူးကနေ ပြုတ်လုနီးပါး ဖြစ်သွားတာတဲ့။ မိစ္ဆာနှိမ်နင်းရေးဌာနက မဟာဆရာသခင် အချို့က ဝင်ရောက် တောင်းပန်ပေးလို့သာ မင်းကြီးက အမိန့်ကို ပြန်ရုပ်သိမ်းလိုက်တာ”
“ပြီးတော့ အကျဉ်းထောင်မှူးချုပ်လည်း အကျိုးအမြတ် ရလိုက်သေးတယ်။ အဆင့် (၆) အကျဉ်းထောင်မှူးချုပ်ကနေ တရားရေးဝန်ကြီးဌာနရဲ့ အမတ်တစ်ဦး အဖြစ် ရာထူးတိုးသွားပြီလေ” ကျန်းလုံနှင့် ကျောက်ဟူတို့မှာ မျိုးရိုးလိုက် အကျဉ်းထောင်စောင့်များဖြစ်သည့်အတိုင်း သတင်းအချက်အလက်များကို အလွန်ပင် နှံ့စပ်ကြသည်။
၎င်းကို ကြားသောအခါ ချူရွှမ်ပင်လျှင် အံ့သြသွားမိသည်။ “ဒါဆို အကျဉ်းထောင်မှူးချုပ်က ကောင်းကင်ဘုံအကျဉ်းထောင်ကနေ ပြောင်းသွားတော့မှာလား” အဆုံးတွင်တော့ တရားရေးဝန်ကြီးဌာန၏ အရာရှိတစ်ဦး ဖြစ်လာပြီဆိုလျှင် အကျဉ်းထောင်ဌာန၏ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး ဖြစ်သွားပြီ မဟုတ်ပါလား။
မထင်မှတ်ထားသည်မှာ ကျန်းလုံနှင့် ကျောက်ဟူတို့က ခေါင်းယမ်းလိုက်ကြသည်။ “လောလောဆယ်တော့ မပြောင်းသေးဘူး။ အကျဉ်းထောင်မှူးချုပ်က ‘အရိပ်’ လို့ခေါ်တဲ့ မိစ္ဆာလမ်းစဉ်ကိုယ်ခံပညာရှင်ကို မဖမ်းမိမချင်း ဒီရာထူးတိုးတာကို လုံးဝ လက်မခံဘူးလို့ ပြောထားတာ”
တောက်
အကျဉ်းထောင်မှူးချုပ်က တကယ်ကြီး အသေအလဲ လုပ်တော့မှာလား။
ချူရွှမ်၏ နဖူးပေါ်တွင် ချွေးအေးများ ချက်ချင်း ပေါ်လာတော့သည်။ နတ်ဘုရားတစ်ပါးလို အစွမ်းထက်သော အကျဉ်းထောင်မှူးချုပ်က သူ့ကို အမြဲ စောင့်ကြည့်နေမည်ဆိုပါက တစ်နေ့တွင် အမှတ်မထင် အမှားတစ်ခုခု ပေါ်သွားမည်ကို သူ တကယ်ပင် ကြောက်မိသည်။
ထို့နောက် သုံးရက်ဆက်တိုက်...
ချူရွှမ်သည် ဝမ်ရှန့်ကို ကောင်းကင်ဘုံအကျဉ်းထောင်တွင် မတွေ့ရတော့ပေ။ အကျဉ်းထောင်မှူးချုပ်မှာလည်း အလားတူပင်၊ တစ်ကြိမ် ပေါ်လာပြီးနောက် ပျောက်ချက်သား ကောင်းသွားပြန်သည်။ အမှန်တကယ်တွင်မူ တစ်ခုလုံးသော အကျဉ်းထောင်ဌာနမှာ ဇောက်ထိုးမိုးမျှော် ဖြစ်နေခဲ့ခြင်းပင်။
အကျဉ်းထောင်ဌာနရှိ နတ်အဆင့်ပညာရှင် အားလုံးကို အသေအချာ စုံစမ်းစစ်ဆေးနေသည်ဟု ဆိုကြသည်။ ဤစုံစမ်းမှုမှာ မိစ္ဆာနှိမ်နင်းရေးဌာနအထိပင် ကူးစက်သွားခဲ့သည်။
တစ်ချိန်တည်းမှာပင် ‘အရိပ်’ ကို ဖမ်းဆီးရန် ဆုကြေးမှာ ရွှေပြား တစ်သိန်းမှ နှစ်သိန်းအထိ တိုက်ရိုက် တိုးမြှင့်ခံလိုက်ရသည်။ ယခုအခါ အကျဉ်းထောင်ဌာနမှ ပညာရှင်များသာမက မိစ္ဆာနှိမ်နင်းရေးဌာနမှ နတ်အဆင့် အရာရှိများစွာပင်လျှင် ‘အရိပ်’ ဟု အမည်ရသော ထိုမိစ္ဆာကို ရှာဖွေပြီး ကိုယ်လက်အင်္ဂါများကို ဖြတ်တောက်ရန် ကြုံးဝါးနေကြတော့သည်။
ဤသတင်းများကို ကြားသောအခါ ချူရွှမ်သည် သုံးရက်လုံးလုံး အပြင်မထွက်ဘဲ အိမ်ထဲမှာပင် အောင်းနေခဲ့သည်။ နောင်တွင် လှုပ်ရှားသည့်အခါ၌ အခြားသော မိစ္ဆာကျင့်စဉ်တစ်ခုခုသို့ ပြောင်းလဲအသုံးပြုသင့်သလားဟုပင် သူ စဉ်းစားနေမိသည်။
ထိုအချိန်မှာပင်...
ကျန်းလုံနှင့် ကျောက်ဟူတို့က သူ့ကို တစ်ဖန် လာရှာကြသည်။ “ညီအစ်ကိုချူ... တရားရေးဝန်ကြီးဌာနက ရုံးစာ ရောက်လာတယ်။ ကွပ်မျက်မှုတွေ စတင်ဖို့အတွက် ကွပ်မျက်ရေးကွင်းပြင်ကို ချက်ချင်း သွားဖို့ အမိန့်ပေးထားတယ်”
အဆင့် (၇) ကွပ်မျက်ရေး အရာရှိတစ်ဦးအနေဖြင့်... ချူရွှမ် ကွပ်မျက်မှု ပြုလုပ်ရန်မှာ ကောင်းကင်ဘုံအကျဉ်းထောင်၏ ခေါ်ယူမှုမျှဖြင့် မရတော့ဘဲ၊ နန်းတွင်းမှ အမိန့်တော်၊ တရားရေးဝန်ကြီးဌာန၏ ရုံးစာနှင့် ကောင်းကင်ဘုံအကျဉ်းထောင်၏ အတည်ပြုချက်များ ရှိမှသာလျှင် ကွပ်မျက်ရန် ထွက်ပေါ်လာရခြင်း ဖြစ်သည်။
ဤကဲ့သို့သော အခြေအနေမျိုးကို မဟာချင် အင်ပါယာရှိ ကွပ်မျက်သူအားလုံးထဲတွင် ချူရွှမ်သည် ပထမဆုံး ကြုံတွေ့ဖူးသူ ဖြစ်သည်။
အထူးသဖြင့် ချူရွှမ်သည် သွေးသောက် အရူးဓားမကို ထမ်းကာ ကွပ်မျက်ရေးကွင်းပြင်သို့ တစ်ဖန် ဝင်ရောက်လာသောအခါ ကျယ်လောင်သော အားပေးကြိုဆိုသံများကိုပင် ကြားလိုက်ရသည်။
“ကြည့်စမ်း အဲဒါ ငါတို့ မဟာချင်ရဲ့ အကျဉ်းထောင်မှူး ချူပဲ”
“ငါ ကြားတာတော့ အကျဉ်းထောင်မှူး ချူက ဇာတာ အရမ်း ခိုင်တယ်တဲ့။ မိုးကြိုးငါးကြိမ် ပစ်ရင်တောင် ဆံပင်တစ်မျှင် မထိဘူးဆိုပဲ။ ပြီးတော့ သူက မျက်နှာစိမ်းနဲ့ အစွယ်တွေ ပါတဲ့ မိစ္ဆာတစ်ကောင်နဲ့ တူတယ်တဲ့။ မဟုတ်ရင် မိစ္ဆာဘုရင်ရဲ့ ဦးခေါင်းကို ဘယ်လို ဖြတ်နိုင်မှာလဲ”
“ဒါပေမဲ့ ငါတို့ ရှေ့က လူက မျက်ခုံးထူထူ မျက်လုံးကြီးကြီးနဲ့ လူရိုးကြီးတစ်ယောက်နဲ့ တူသားပဲ။ ကောင်းကင်ဘုံအကျဉ်းထောင်ကများ လူမှားနေတာလား”
ဘေးပတ်ပတ်လည်ရှိ ပြည်သူများမှာ စိတ်လှုပ်ရှားစွာ ဆွေးနွေးနေကြသည်။
လွန်ခဲ့သော ရက်အနည်းငယ်က လူပေါင်း သောင်းနှင့်ချီ၍ သေဆုံးခဲ့သော်လည်း ၎င်းမှာ ကွပ်မျက်မှုကို ကြည့်လိုသော ပြည်သူများ၏ စိတ်အားထက်သန်မှုကို မရပ်တန့်နိုင်ခဲ့ပေ။ ပြည်သူအများအပြားမှာ ဝမ်းနည်းခြင်း အထိမ်းအမှတ် အဝတ်အစားများကို ဝတ်ဆင်ထားကြပြီး သူတို့၏ ငိုကြွေးသံများမှာ ကောင်းကင်သို့ပင် လွင့်ပျံနေသည်။
အကျဉ်းထောင်စောင့်များက ဤတစ်ကြိမ် ကွပ်မျက်မည့် ရာဇဝတ်သားများကို ခေါ်ဆောင်လာသောအခါ...
ထိုငိုကြွေးသံများမှာ ချက်ချင်းပင် ဟိန်းဟောက်သံများအဖြစ်သို့ ပြောင်းလဲသွားသည်။
“အောက်တန်းစား မိစ္ဆာတွေ... ငါတို့ ဆွေမျိုးတွေရဲ့ အသက်ကို ပြန်ပေးစမ်း... ဝူးဝူးဝူး...”
မေးနေရန်ပင် မလိုတော့ပေ။ ဤသို့ ငိုကြွေးနေသော ပြည်သူများမှာ လွန်ခဲ့သော ရက်အနည်းငယ်က ကွပ်မျက်ရေးကွင်းပြင် ပရမ်းပတာ ဖြစ်မှုအတွင်း သေဆုံးသွားသူများ၏ ဆွေမျိုးများပင် ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ဤကွပ်မျက်မှုအတွက် နန်းတွင်းအရာရှိများက ကိုယ်တိုင် လာရောက် ကြီးကြပ်နေကြပြီး ရုံးစာကို ကိုင်ကာ ကျယ်လောင်စွာ ကြေညာလိုက်သည်။ “ပြည်သူအပေါင်းတို့... ဝမ်းမနည်းကြပါနဲ့”
“ဒီမိစ္ဆာတွေဟာ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကွပ်မျက်ရေးကွင်းပြင်မှာ ပရမ်းပတာ ဖြစ်အောင်လုပ်ပြီး ခင်ဗျားတို့ရဲ့ ချစ်ခင်ရသူတွေကို သတ်ခဲ့တဲ့ တကယ့် တရားခံတွေပဲ။ တရားခံ အဓိကတွေဖြစ်တဲ့ ချင်ထျန်း မိစ္ဆာဘုရင်နဲ့ မိစ္ဆာဘုရင်ရဲ့သားကိုတော့ အရင်ကတည်းက ကွပ်မျက်ပြီး လူအများ ရှေ့မှာ ပြသထားပြီးသားပါ။ ဒီနေ့မှာတော့ မင်းကြီးရဲ့ အမိန့်တော်အရ ဒီမိစ္ဆာတွေကို ကွပ်မျက်ပြီး ပြည်သူတွေရဲ့ အသက်တွေအတွက် ပြန်လည် ပေးဆပ်စေကာ ငါတို့ မဟာချင်ရဲ့ အရှိန်အဝါကို ဖော်ဆောင်မှာ ဖြစ်ပါတယ်။ ကဲ... ကွပ်မျက်စေ”
ဖြောင်း
အမိန့်ပေး အမှတ်အသား အဆောင်ကို မြေပြင်ပေါ်သို့ ချက်ချင်း ပစ်ချလိုက်သည်။
ဤမိစ္ဆာများမှာ ဧကရာဇ်အတွက် ‘အစားထိုးခံ’ များ ဖြစ်နိုင်သည်ကို ချူရွှမ် သိသော်လည်း ကွပ်မျက်ရေး အရာရှိတစ်ဦးအနေဖြင့် သူ နောက်ဆုတ်၍ မရပေ။
သူသည် သွေးသောက် အရူးဓားမကို ကိုင်ဆွဲကာ အသစ်ပြန်လည် ပြင်ဆင်ထားသော မိစ္ဆာကွပ်မျက်ရေးစင်မြင့်ပေါ်သို့ လှမ်းတက်လိုက်သည်။ သူ စတင်ရန် ပြင်လိုက်စဉ်မှာပင် ချူရွှမ်သည် သူ၏ ခန္ဓာကိုယ်အတွင်း၌ တုန်ခါမှုတစ်ခုကို ရုတ်တရက် ခံစားလိုက်ရသည်။
သို့သော် တုန်ခါနေသည်မှာ ကောင်းကင်ဘုံ ပြစ်ဒဏ်ခတ်ခြင်း ရတနာ မဟုတ်ဘဲ၊ သူ၏ ဒန်ထျန်အတွင်း၌ ပေါင်းစပ်သန့်စင်ထားသော ရေစွမ်းအင်ပုလဲနှင့် မီးစွမ်းအင်ပုလဲတို့ ဖြစ်နေသည်။