အခန်း (၃၆၃)
Vol. 37 Ch. 363
အမှန်စင်စစ် ထိုကဲ့သို့ နောက်ကွယ်မှ ကြိုးကိုင်ခြယ်လှယ်နေသည့် တည်ရှိမှုမျိုးကို မည်သူမျှ မသိရှိကြပေ။
သူ ဘယ်လောက်အတိုင်းအတာအထိ အစွမ်းထက်သလဲဆိုသည်မှာလည်း ပုစ္ဆာတစ်ပုဒ် ဖြစ်နေဆဲပင်။ သိရှိရသမျှ တစ်ခုတည်းသော အချက်မှာမူ သူသည် သူကိုယ်သု အလွန်အမင်း အထင်ကြီး လေးစားနေခြင်းသာ ဖြစ်သည်။
တစ်ပါးကမ္ဘာ စစ်မြေပြင်တွင်မူ မဟာကရုဏာ ဗျူဟာစတင် ပေါ်ပေါက်လာပြီးနောက်ပိုင်း စစ်ရေးအခြေအနေမှာ မြေငလျင် လှုပ်ခတ်သကဲ့သို့ အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာသားရဲလှိုင်းကြီးများသည် ပြင်းအားကောင်းလှသည့် ဝိညာဉ်ချီစွမ်းအင်များနှင့် တွေ့ဆုံမိသောအခါ ပူပြင်းလှသော ဆီပူအိုးထဲသို့ နှင်းခဲများ ကျရောက်သွားသကဲ့သို့ အရည်ပျော်ကာ စင်ကြယ်သော ဝိညာဉ်ချီစွမ်းအင်များအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
ထူထပ်သိပ်သည်းလှသော ထိုဝိညာဉ်ချီစွမ်းအင်များသည် ရွှေရောင်မြူထုကြီးအဖြစ်သို့ ပြောင်းလဲသွားပြီး မိစ္ဆာသားရဲအုပ်ကြီးကို မခံမရပ်နိုင်သော ဝေဒနာများ ပေးစွမ်းနေသည်။ အဆိုးသဘောဆောင်သော အကျိုးသက်ရောက်မှုများမှာ မိစ္ဆာအုပ်ကြီးအပေါ် တစ်လွှာပြီးတစ်လွှာ ပုံကျလာပြီး ကောင်းကင်နှင့် မြေကြီးကို ဖျက်ဆီးပစ်နိုင်သည့် သူတို့၏ အရှိန်အဝါများကိုပါ အားအင်ချည့်နဲ့သွားစေတော့သည်။
တစ်ဖက်တွင်လည်း နတ်ဘုရားသတ် တပ်ဖွဲ့များသည် ပိုမိုအားကောင်းလာသော ဝိညာဉ်ချီစွမ်းအင်နှင့် ဘေးကင်းရာဇုန်များ၏ အကူအညီကို ရယူကာ ယခင်ကထက် ပိုမိုပြင်းထန်သော တိုက်ခိုက်ရေးစွမ်းရည်များကို ဖော်ဆောင်နိုင်ခဲ့ကြသည်။ ဤပေါင်းစပ်မှုမှာ တစ်ခုနှင့်တစ်ခု ပေါင်းလိုက်သောအခါ နှစ်ခုထက်မကသော အကျိုးကျေးဇူးကို ဖြစ်ထွန်းစေခဲ့၏။
နောက်ဆုံးတွင် လူသားမျိုးနွယ်တို့က ကြံ့ကြံ့ခံနိုင်ခဲ့ပြီ ဖြစ်သည်။
မိစ္ဆာသားရဲလှိုင်းကြီးများမှာ ဆုတ်ခွါသွားကြရကာ ဘေးကင်းရာဇုန်၏ အပြင်ဘက်တွင်မူ ဝိညာဉ်ချီစွမ်းအင်များမှာ တစ်နေ့ထက်တစ်နေ့ ပိုမိုအားကောင်းလာပြီး အပြာရောင်ဝတ်စုံဝတ် မိန်းကလေးငယ်မှာလည်း ထိုချီစွမ်းအင်များကို အသုံးပြု၍ လောကကြီးကို သန့်စင်ပေးနေသည်။
မည်သူမျှ သတိမထားမိခင်မှာပင် ဘေးကင်းရာဇုန်၏ အောက်ခြေအုတ်မြစ်မှာ မြေအောက်မှတစ်ဆင့် အပြင်ဘက်သို့ တဖြည်းဖြည်း ချဲ့ထွင်လာနေတော့သည်။
အခြားတစ်ဖက်တွင်မူ ဆဋ္ဌမမြောက် ဘေးကင်းရာဇုန်၏ အပြင်ဘက်တွင် ရွှီရန်သည် ကောင်းကင်ယံကို နင်းလျှောက်လျက် ပြန်လည်ရောက်ရှိလာခဲ့သည်။ ဖုန်မှုန့်များ ပေကျံကာ ပင်ပန်းနွမ်းနယ်နေဟန် ရှိသော်လည်း သူ၏ စိတ်ဓာတ်မှာမူ ထက်သန်လျက်ရှိပြီး သူ၏ မျက်ဝန်းများမှာလည်း ကြည်လင်တောက်ပနေသည်။
ကောင်းကင်ယံ၌ ရပ်တန့်နေသော သူ၏ အရိပ်အယောင်မှာ ထင်းရှူးပင်တစ်ပင်ကဲ့သို့ မြင့်မားဖြောင့်မတ်နေပြီး ခန့်ညားထည်ဝါသော အရှိန်အဝါများကို ထုတ်လွှတ်နေ၏။
ယဲ့ဖျင်သည် မြို့ပြင်သို့ထွက်၍ ကြိုဆိုလိုက်ပြီး သူ၏ မျက်နှာတွင် အံ့အားသင့်မှုကို မဖုံးဖိနိုင်ဘဲ ဖြစ်နေသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် တစ်ချိန်က ကလေးငယ်တစ်ဦးက ယခုအခါ ညစ်ညမ်းဧရိယာအတွင်း၌ သွေးချောင်းစီးအောင် သတ်ဖြတ်နိုင်စွမ်း ရှိနေသည်။ နတ်ဘုရားအဆင့် မိစ္ဆာကောင် ဆယ်ဂဏန်းကျော်မှာ သူ၏ လက်ချက်ဖြင့် ကျဆုံးခဲ့ရခြင်းမှာ အိပ်မက်တစ်ခုကဲ့သို့ပင်။
ရွှီရန်၏ အကူအညီကြောင့် လူသားတို့သည် ရှေ့တန်းစစ်မျက်နှာပြင်ကို တည်ငြိမ်အောင် ပြုလုပ်နိုင်ခဲ့ကြပြီဖြစ်သည်။
ယဲ့ဖျင်က “သူရဲကောင်းကြီး ပြန်လာပြီပဲ အဓိက ဘေးကင်းရာဇုန် ကိုးခုစလုံးရဲ့ စစ်မျက်နှာပြင်တွေ တည်ငြိမ်သွားပြီ။ မိစ္ဆာလှိုင်းတွေလည်း ဆုတ်ခွာသွားကြပြီ။ နောက်တစ်ကြိမ်မှာတော့ ဒီထက်ပိုပြီး ပြင်းထန်လာလိမ့်မယ်လို့ ငါထင်တယ်။ ဒါပေမဲ့ ငါတို့မှာ မြေကမ္ဘာကြောရိုးပန်းရှိနေသရွေ့တော့ နောက်တစ်ကြိမ်ကိုလည်း ခုခံနိုင်မှာပါ” ဟု ပြောလိုက်သည်။
ရွှီရန်က ပြုံးလျက် “အခြေအနေကတော့ ကောင်းပါတယ်။ ဒါပေမဲ့ မိစ္ဆာတွေက နောက်ထပ် တိုက်ခိုက်မှုအတွက် ပြင်ဆင်နေကြတာ ဖြစ်နိုင်တယ်။ နောက်တစ်ကြိမ်ကျရင် ဒီထက်ပိုပြီး ပြင်းထန်လာလိမ့်မယ်” ဟု ပြောလိုက်သည်။
ယဲ့ဖျင်က ခေါင်းညိတ်လျက် “ဟုတ်တယ် သူတို့တွေ ရူးသွပ်နေကြပုံပဲ”
“မင်းရဲ့ ဗျူဟာက သူတို့ရဲ့ စိုးရိမ်ရေမှတ်ကို ကျော်သွားစေတာပဲ။ သတိတော့ ထားရမယ်နော်။ ညစ်ညမ်းဧရိယာထဲကို မဆင်မခြင် ဇွတ်မတိုးပါနဲ့ဦး။ နတ်ဘုရားအဆင့် မိစ္ဆာတွေက မင်းကို သတ်ဖို့ ထောင်ချောက်တွေ ဆင်ထားနိုင်တယ်...”
ရွှီရန်က ခေါင်းညိတ်ပြလိုက်ပြီး “ကျွန်တော် နားလည်ပါတယ် သတိထားပါ့မယ်။ တစ်ပါးကမ္ဘာ ကြယ်စင်သုံးခုကနေ တစ်ပြိုင်တည်း တိုက်ခိုက်လာတာက သေချာပေါက် ကျွန်တော့်ကို ဦးတည်နေတာပဲ”
ဘေးကင်းရာဇုန် ကိုးခုစလုံးရှိ စစ်မျက်နှာပြင်များကို ဟိုဘက်ဒီဘက် ကူးချည်သန်းချည်ဖြင့် ကူညီရင်း သူ သတိပြုမိခဲ့သည်မှာ ယခုတစ်ကြိမ် မိစ္ဆာလှိုင်းများတွင် ခရစ္စတယ်သားရဲများသာမက၊ နာကျည်းမှုသားရဲများနှင့် ဝိညာဉ်မိစ္ဆာများပါ ပါဝင်နေခြင်းပင်။
ထူးဆန်းအံ့သြဖွယ်ကောင်းသော ဤတစ်ပါးကမ္ဘာ ကြယ်စင်သုံးခုမှ မိစ္ဆာသားရဲများသည် အချိန်ကိုက် ညှိနှိုင်း၍ တစ်ပြိုင်နက်တည်း တိုက်ခိုက်ခဲ့ကြခြင်းပင်။ ၎င်းတို့နောက်ကွယ်တွင် အခြားသော အကြံအစည်များ မရှိဟုဆိုလျှင် ရွှီရန် အနေဖြင့် လုံးဝ ယုံကြည်နိုင်မည်မဟုတ်ပေ။
သေချာပေါက် ပူးပေါင်းကြံစည်မှုတစ်ခု ရှိနေရမယ်။
သို့သော် ထိုအရာမှာ ဘာလဲဆိုသည်ကိုမူ ရွှီရန် မသိရှိသေးချေ။ ခြုံငုံကြည့်ရလျှင်တော့ ဤအခြေအနေမှာ လုံးဝ မရိုးရှင်းသည်မှာ အမှန်ပင်။
ယဲ့ဖျင်၏ မျက်နှာမှာ အလေးအနက်ဖြစ်သွားပြီး “တစ်ပါးကမ္ဘာ ကြယ်စင်သုံးခုရဲ့ ပူးပေါင်းမှုဆိုတာ အပြာရောင်ကြယ်ဂြိုလ်အတွက်တော့ တကယ်ကို ထိတ်လန့်စရာကောင်းတဲ့ ဖိအားပဲ” ဟု ပြောကာ ခေါင်းကို ဖြည်းညင်းစွာ ခါယမ်းလိုက်သည်။
ခရစ္စတယ်သားရဲဂြိုလ် တစ်ခုတည်းနှင့်တင် ခေါင်းခဲစရာ ကောင်းလှပြီဖြစ်သည်။ နာကျည်းမှုသားရဲဂြိုလ်ကား ပို၍ပင် ကြောက်မက်ဖွယ်ကောင်းလှ၏။ ဝိညာဉ်မိစ္ဆာဂြိုလ်မှာမူ သူတို့၏ အစွမ်းအစအစစ်အမှန်ကို ထုတ်မသုံးရသေးပုံပေါ်သည်။
ရွှီရန်၏ စွမ်းအားများ မြင့်တက်လာသည်ဟု ဆိုသော်ငြားလည်း အခြေအနေအရပ်ရပ်မှာမူ လွန်စွာ စိတ်အေးရမည့် အနေအထား မဟုတ်သေးချေ။ ရွှီရန်သည် အဆင့်မြင့် တိုက်ခိုက်ရေးစွမ်းအား အဆင့်မှာသာ ရှိသေးသည်။ အလယ်အလတ်နှင့် အောက်ခြေ တိုက်ခိုက်ရေးစွမ်းအားများကို တစ်ပါးကမ္ဘာ ကြယ်စင်သုံးခုနှင့် နှိုင်းယှဉ်ပါက လုံးဝ အားနည်းနေဆဲဖြစ်သည်ဟု ဆိုရပေမည်။
ယဲ့ဖျင်က သက်ပြင်းတစ်ချက်ချလျက် “အချိန်ဆွဲနိုင်သမျှ ဆွဲထားရမယ်။ အချိန်ကြာကြာ ဆွဲထားနိုင်လေ ငါတို့အတွက် အားသာချက်ရှိလေပဲ။ ကောင်းကင်ဘုံအထွတ်အထိပ် နန်းဆောင်ရဲ့ ဗျူဟာကလည်း ဒီလိုပဲ မင်းကိုယ်တိုင်လည်း ဘေးကင်းရာဇုန်တွေကို ဒီအတိုင်းပဲ လမ်းညွှန်ထားခဲ့တာပဲ မဟုတ်ဘူးလား...”
ရွှီရန်က ခိုင်မာစွာ ခေါင်းညိတ်လိုက်ပြီး “ဟုတ်ကဲ့ အချိန်ဆွဲထားဖို့ပဲ လိုပါတယ်။ ရေရှည်စစ်ပွဲမှာ ကျွန်တော်တို့ သေချာပေါက် အနိုင်ရလိမ့်မယ်”
တစ်ပါးကမ္ဘာ ကြယ်စင်သုံးခု၏ တစ်ပြိုင်နက်တည်း တိုက်ခိုက်မှုကို ရွှီရန်၏ လက်ရှိစွမ်းအားဖြင့် အမြစ်ဖြတ် ချေမှုန်းရန်မှာ မဖြစ်နိုင်သေးပေ။ ခံစစ်ဖြင့်သာ တောင့်ခံပြီးမှ ပြန်လည်တိုက်စစ်ဆင်ရန်သာ တတ်နိုင်သေးသည်။
မည်သို့ပင်ဆိုစေကာမူ ခံစစ်မှာမူ အသင့်အတင့် ခိုင်မာနေဆဲပင်။ အချိန်ဆွဲခြင်းဖြင့် သူကိုယ်ကိုယ် ပိုမိုသန်မာလာအောင် လုပ်ဆောင်နိုင်မည်ဆိုပါက အကြွင်းမဲ့အောင်ပွဲကို ရရှိနိုင်မည့် မျှော်လင့်ချက် ရှိနေသေးသည်။ သူ၏ သွေးစွမ်းအင်တန်ဖိုးဆယ်သန်းအထိ ရောက်ရှိရန် အချိန်လိုအပ်သည်။ ထိုအခါကျလျှင် အလင်းလိပ်ခွံသို့မဟုတ် ချက်ချင်းလက်ငင်း အမှုန့်ပြုခြင်းကဲ့သို့သော အတတ်များ မပါလျှင်ပင် အမြင့်ဆုံးသော အင်အားစုများကို သူ ဖြိုလှဲနိုင်ပေလိမ့်မည်။
ထိုအချိန်ကျမှသာ သူတစ်ယောက်တည်းနှင့်ပင် ထိုကြယ်စင်သုံးခု၏ အမြစ်အထိ ထိုးဖောက်ဖျက်ဆီးပစ်နိုင်မည်ပင်။
သို့သော်ငြားလည်း သွေးစွမ်းအင်တန်ဖိုး ဆယ်သန်းသို့ ရောက်ရှိရန် အနည်းဆုံး ခုနစ်နှစ်ခန့် အချိန်ယူရဦးမည်ဖြစ်သည်။ ထို့ကြောင့် ခုနစ်နှစ်တာ ကာလကို ပစ်မှတ်ထား၍ အကောင်းဆုံး ကြိုးစားရပေမည်။
ရွှီရန်၏ အကြည့်များမှာ တည်ကြည်နေပြီး “ မဟာကရုဏာ ဗျူဟာရဲ့ သန့်စင်ခြင်းစွမ်းအား၊ ဝိညာဉ်ချီစွမ်းအင်တွေရဲ့ ဖိနှိပ်မှု၊ ဘေးကင်းရာဇုန်ရဲ့ အကျိုးသက်ရောက်မှုတွေနဲ့အတူ မှော်လက်ဖွဲ့တွေရဲ့ စွမ်းရည်တွေကို ပေါင်းစပ်ပြီး လူသားတွေ အချိန်အတော်ကြာအောင် တောင့်ခံထားနိုင်ဖို့ ကြိုးစားရမှာပဲ”
ယဲ့ဖျင်ကလည်း အားတက်သရော ခေါင်းညိတ်ကာ “ဟုတ်တယ်။ အချိန်အကြာကြီး တောင့်ခံထားနိုင်ဖို့ ဖြစ်နိုင်ပါတယ်။ ဝိညာဉ်ချီစွမ်းအင်တွေ ပိုများလာလေ မိစ္ဆာတွေ ပိုပြီး အားနည်းလာလေပဲ။ နောက်ဆိုရင် နတ်ဘုရားအဆင့် မိစ္ဆာတွေတောင် အားနည်းသွားနိုင်တယ်”
သူသည် နောင်လာမည့် တိုက်ပွဲများအတွက် တောက်ပသော မျှော်လင့်ချက်များကို ဆုပ်ကိုင်ထားသည်။ သန့်စင်ခြင်းဗျူဟာ ရှိနေသောကြောင့် လူသားကျင့်ကြံသူများအပေါ် ဖိစီးနေသည့် ညစ်ညမ်းမှုဒဏ်ကို ပြောင်းပြန်လှန်ပစ်နိုင်ခဲ့ပြီ ဖြစ်သည်။ လူသားတို့၏ အစွမ်းအစကို လျော့နည်းစေသော အနှုတ်လက္ခဏာ ဆိုးကျိုးများသည် ယခုအခါ မိစ္ဆာများထံသို့ ကူးပြောင်းသွားခဲ့ပြီ ဖြစ်သည်။
ဤအပြောင်းအလဲမှာ လူသားတို့အတွက် နှစ်ဆသော အင်အားတိုးပွားမှုကို ဖြစ်ပေါ်စေခဲ့၏။
ယဲ့ဖျင်က ရွှီရန်၏ ပုခုံးကို ပုတ်လျက် “ကဲ... စကားတွေ အများကြီး ပြောနေတာ တော်ပြီ။ မင်း ဝန်ဆောင်မှုဌာနကို သွားပြီး အစားကောင်းကောင်းစား၊ ရေချိုးပြီး ကောင်းကောင်း အနားယူဦး။ ကျင့်ကြံခြင်းကိုလည်း အာရုံစိုက်ပါဦး”
ရွှီရန်က “ကောင်းပါပြီ။ ကျွန်တော် တကယ်ပဲ အိပ်ရေးဝဝ အိပ်ဖို့ လိုနေတာ”
“ကောင်းပြီလေ ငါကတော့ ရှေ့တန်းကို ဆက်ပြီး စောင့်ကြပ်နေဦးမယ်”
ယဲ့ဖျင်ကို နှုတ်ဆက်ပြီးနောက် ရွှီရန်သည် ဝန်ဆောင်မှုဌာနရှိရာသို့ လျင်မြန်စွာ ထွက်ခွာသွားတော့သည်။
...
အခြားတစ်ဖက်တွင်မူ ဝေးကွာလှသော ညစ်ညမ်းဧရိယာ၏ အနက်ရှိုင်းဆုံးနေရာတွင် ထူထပ်လှသော အမည်းရောင်မြူထုများ ဖုံးလွှမ်းနေသည့် ထူးဆန်းသော ဟင်းလင်းပြင်ကြီးအတွင်း၌ ထူးဆန်းထွေလာ ပုံသဏ္ဍာန်ရှိသည့် နတ်ဘုရားအဆင့် မိစ္ဆာကောင်ကြီးများက ပင်လယ်နက်အတွင်းရှိ သတ္တဝါကြီးများပမာ လေထဲတွင် ဝဲပျံနေကြသည်။ ၎င်းတို့သည် နေရာအနှံ့တွင် ပျံ့နှံ့နေကြပြီး အစည်းအဝေးတစ်ခု ကျင်းပနေဟန် ရှိသည်။
အနီးကပ် ကြည့်ရှုမည်ဆိုပါက ထိုမိစ္ဆာကောင်ကြီးများ၏ သွေးစွမ်းအင်တန်ဖိုးမှာ ဆယ်သန်းကျော်နေပြီး အချို့မှာ သန်းသုံးဆယ်ပင် ကျော်လွန်နေကြောင်း တွေ့ရှိရပေလိမ့်မည်။ အချို့မှာမူ ဝိညာဉ်သဏ္ဍာန် မိစ္ဆာများအဖြစ် ချီစွမ်းအင်ကိုယ်ထည်များသို့ အဆက်မပြတ် ကူးပြောင်းကာ လေထဲတွင် ဝဲပျံနေကြတော့သည်။