အခန်း (၃၆၄)
Vol. 37 Ch. 364
အချို့မှာမူ မာကျောသော ချပ်ဝတ်တန်ဆာများ ဝတ်ဆင်ထားသည့် ခရစ္စတယ်သားရဲများ ဖြစ်ကြပြီး အချို့မှာမူ စေးကပ်သော ညစ်ညမ်းမှုများကို ထုတ်လွှတ်နေသည့် နာကျည်းမှုသားရဲများ ဖြစ်ကြသည်။ ၎င်းတို့သည် တည်ကြည်လေးနက်သော မျက်နှာထားများဖြင့် တိတ်ဆိတ်စွာ ရပ်တန့်နေကြပြီး ရှေ့ရှိ အစည်းအဝေးကို ဦးဆောင်သူအား စိုက်ကြည့်နေကြ၏။
အစည်းအဝေးကို ဦးဆောင်နေသူမှာ လင်းနို့ပုံသဏ္ဍာန်ရှိသည့် အဆင့်မြင့် ခရစ္စတယ်သားရဲကြီးတစ်ကောင် ဖြစ်သည်။ ၎င်း၏ သွေးစွမ်းအင်မှာ ကောင်းကင်ယံအထိ မြင့်တက်နေပြီး ပါးလွှာသော တောင်ပံနှစ်ဖက်ကို မြှင့်တင်ထားလျက် အမွှေးအမျှင်များ ဖုံးလွှမ်းနေသော ချွန်ထက်သည့် နှာတံမှာ လှုပ်ရှားနေသည်။ ထို့နောက် ၎င်း၏ အသံကြီးမှာ ဟင်းလင်းပြင်အတွင်း တစ်လွှာပြီးတစ်လွှာ ပဲ့တင်ထပ်သွားတော့သည်။
“စောစောပိုင်းက ငါတို့က သွေးစွမ်းအင်တန်ဖိုး တစ်သန်းကျော်ရှိတဲ့ မိစ္ဆာတွေကို အလုံးအရင်းနဲ့ တိုက်ခိုက်ခိုင်းခဲ့ပေမဲ့... သူတို့တွေ လုံးဝ ရှုံးနိမ့်သွားခဲ့ရပြီ...”
“လူသားတွေက ညစ်ညမ်းမှုတွေကို အမှန်တကယ် သန့်စင်ပေးနိုင်တဲ့ အရာသစ်တစ်ခုကို ဖန်တီးလိုက်ပြီပဲ”
“ဒီအပေါ်မှာ ဘယ်သူဘာများ ပြောချင်လဲ”
ဤသတ္တဝါမှာ မြင့်မြတ်သောမျက်လုံး အရှင်သခင်၏ နောက်လိုက်တစ်ဦးဖြစ်သလို ပြောရေးဆိုခွင့်ရှိသူလည်း ဖြစ်သည့် လင်းနို့ဘုရင်ပင်။ ၎င်း၏ အစွမ်းမှာ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှသဖြင့် အစည်းအဝေးသို့ တက်ရောက်လာသော ကပ်ဘေးအဆင့်နာကျည်းမှုသားရဲများပင် ၎င်းကို မဆန့်ကျင်ရဲကြချေ။
မိစ္ဆာများမှာ တိတ်ဆိတ်နေဆဲပင်။ မည်သူမျှ စကားတစ်ခွန်းမှ မဟရဲကြသဖြင့် အခြေအနေမှာ အလွန်ပင် စိတ်အနှောင့်အယှက်ဖြစ်စရာ ကောင်းနေတော့သည်။
...
“ဘယ်သူမှ စကားမပြောကြဘူးလား”
“ဘယ်သူ့မှာမှ အကြံဉာဏ်မရှိဘူးလား”
“ဟမ့်”
“ မြင့်မြတ်သောမျက်လုံး အရှင်သခင်က မင်းတို့ကို ပြုစုပျိုးထောင်ပေးခဲ့တာ။ အခုက အရှင်သခင်ကို ကျေးဇူးဆပ်ရမယ့် အချိန်ပဲ တစ်ခုခု စဉ်းစားကြစမ်း”
လင်းနို့ဘုရင်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
“အခု အပြာရောင်ကြယ်ဂြိုလ်က သန့်စင်ခံနေရပြီ။ ဘေးကင်းရာဇုန်တွေလည်း သန့်စင်ပြီးသားဖြစ်သလိုဒုတိယအဆင့် ညစ်ညမ်းဧရိယာတွေမှာလည်း သန့်စင်မှု လက္ခဏာတွေ ပြနေပြီ။ အကယ်၍ ဝိညာဉ်ချီစွမ်းအင်တွေသာ ပျံ့နှံ့သွားမယ်ဆိုရင် အကျိုးဆက်ကတော့ တွေးရဲစရာတောင် မရှိဘူး"
“ဘယ်သူက ရွှီရန်ကို သွားသတ်မလဲ”
ဟင် ဘာလဲ။
အစည်းအဝေး တက်ရောက်နေသော နတ်ဘုရားအဆင့် မိစ္ဆာများမှာ အသက်ပင် ဝဝ မရှူရဲကြတော့ပေ။
“ငါတို့က ရွှီရန်ကို သွားသတ်ရမယ် ဟုတ်လား”
“ငါတို့ကလား”
သဲကန္တာရ ကပ်ဘေးနတ်ဘုရားတောင် သူ၏ လက်ချက်ဖြင့် ကျဆုံးခဲ့ရခြင်းပင်။ သူတို့သွားလျှင် သေမင်းထံ တိုးဝင်သကဲ့သို့ ဖြစ်နေပေလိမ့်မည်။
အပြာရောင်ကြယ်ဂြိုလ်ပေါ်သို့ ဆင်းသက်ရန်မှာလည်း သူတို့အတွက် လုံးဝ မဖြစ်နိုင်သော ကိစ္စပင်။ နတ်ဘုရားအဆင့် တည်ရှိမှုများဖြစ်သဖြင့် သူတို့၏ ခန္ဓာကိုယ်တွင် ညစ်ညမ်းမှုများ စွဲကပ်နေပြီဖြစ်ရာ အပြာရောင်ကြယ်ဂြိုလ်ပေါ်ရှိ ဝိညာဉ်ချီစွမ်းအင်များက သူတို့ကဲ့သို့ မိစ္ဆာများအတွက် အဆိပ်ငွေ့များကဲ့သို့ပင်။
ဝိညာဉ်ချီစွမ်းအင်များ၏ အနှောင့်အယှက်ကို ရှောင်ရှားရန်အတွက် သူတို့သည် ညစ်ညမ်းမှု အထူထပ်ဆုံးသော နေရာများတွင်သာ နေထိုင်ရမည်ပင်။
"အခုဆိုရင် အပြာရောင်ကြယ်ဂြိုလ်ပေါ်မှာ ညစ်ညမ်းမှုတွေ ထူထပ်တဲ့နေရာဆိုတာ မရှိသလောက် ဖြစ်သွားပြီ။ ပင်လယ်အောက်ခြေကို သွားဖို့ဆိုရင်လည်း ရေအောက်ပိုင်းဆိုင်ရာ အထူးကျွမ်းကျင်သူတွေ လိုအပ်လိမ့်မယ်။ ငါတို့ကတော့ သေမဲ့လမ်းကို မသွားရဲပါဘူး။
အထူးသဖြင့် အခုအခြေအနေမှာ အပြာရောင်ကြယ်ဂြိုလ်ဟာ ညစ်ညမ်းမှုတွေကို ဝိညာဉ်ချီစွမ်းအင်
အဖြစ် အဆက်မပြတ် ပြောင်းလဲပေးနိုင်တဲ့ နည်းလမ်းကို ရရှိထားပုံပဲ။ ဆိုလိုတာက အပြာရောင်ကြယ်ဂြိုလ်ပေါ်က သန့်စင်ရေးကိရိယာကို မဖျက်ဆီးနိုင်သရွေ့ ဝိညာဉ်ချီစွမ်းအင်တွေက ပိုပြီးတော့ပဲ တိုးပွားလာလိမ့်မယ်။ အဲဒီ ဝိညာဉ်ချီစွမ်းအင်တွေက နတ်ဘုရားအဆင့် မိစ္ဆာတွေအတွက်တော့ အဆိပ်ထက်တောင် ပိုပြီး သေစေနိုင်စွမ်း ရှိနေတာ"
ဆောင်းရာသီတွင် ငြိမ်သက်နေသော ပုစဉ်းရင်ကွဲများပမာ တိတ်ဆိတ်နေသည့် နောက်လိုက်များကို ကြည့်ပြီး လင်းနို့ဘုရင်က အေးစက်သော အသံဖြင့်
“ဘာလဲ... မင်းတို့ထဲက တစ်ယောက်မှ အရှင်သခင်အတွက် အကျိုးဆောင်ဖို့ အလိုမရှိကြဘူးလား”
“ကျွန်တော်တို့ အလိုရှိပါတယ်...”
“ဒါပေမဲ့ အကြောင်းမဲ့ကြီး သေလမ်းကိုတော့ မသွားရဲဘူးဗျာ...”
“ကျွန်တော်တို့ရဲ့ အားနည်းတဲ့ စွမ်းအားတွေနဲ့ အပြာရောင်ကြယ်ဂြိုလ်ကို ဇွတ်အတင်းဝင်သွားရင် အစီအစဉ် မစခင်မှာတင် ဝိညာဉ်ချီစွမ်းအင်တွေ ဝိုင်းထားတာနဲ့ပဲ ကျဆုံးကုန်ပါလိမ့်မယ်"
“အရင်ကတော့ အပြာရောင်ကြယ်ဂြိုလ်မှာ ဝိညာဉ်ချီစွမ်းအင် အဲလောက်မများသေးလို့ တော်သေးတာပေါ့။ အခုတော့ ဝိညာဉ်ချီစွမ်းအင်တွေက မိုးရွာသလို ရွာနေတာ။ ပင်လယ်အောက်ခြေ မြစ်ကြောင်းတွေမှာတောင် သူတို့က သန့်စင်နေကြတာဆိုတော့ အပြာရောင်ကြယ်ဂြိုလ်ထဲ ဝင်ဖို့က ပိုတောင် ခက်သွားပါပြီ”
“ဒီကြီးမားတဲ့ တာဝန်ကိုတော့ လင်းနို့ဘုရင်လို အစွမ်းထက်တဲ့သူကပဲ ကျွန်တော်တို့ကို ဦးဆောင်ပြီး လုပ်ဆောင်ပေးသင့်ပါတယ်”
လင်းနို့ဘုရင် “...”
တောက် ဒီကောင်တွေ ငါ့ကို သေတွင်းထဲ တွန်းပို့နေတာပဲ။
၎င်းသည် တောင်ပံများကို ခတ်လိုက်ပြီး “ဘေးကင်းရာဇုန်ကို တိုက်ခိုက်မယ့် အစီအစဉ်က ပျက်ပြားသွားပြီဖြစ်သလို အပြာရောင်ကြယ်ဂြိုလ်ပေါ် တိုက်ရိုက်ဆင်းသက်ဖို့ကလည်း မဖြစ်နိုင်သေးတာကြောင့်... အခြားအစီအစဉ်တစ်ခုကို အကောင်အထည် ဖော်ရတော့မယ်”
ထိုနေရာရှိ နတ်ဘုရားအဆင့် သတ္တဝါများမှာ အံ့အားသင့်သွားကြပြီး “အခြားအစီအစဉ် ရှိသေးတာလား” ဟု မေးလိုက်ကြသည်။
လင်းနို့ဘုရင်က ပြုံးလျက် “သေချာတာပေါ့။ မြင့်မြတ်သောအရှင်သခင်က နတ်ဘုရားတွေရဲ့ အရှင်သခင်ပဲလေ။ အရာအားလုံးကို ကြိုတင်ပြင်ဆင်ထားပြီးသားပါ” ဟု ပြောလိုက်သည်။
“ဘယ်လိုအစီအစဉ်လဲ”
လင်းနို့ဘုရင်က ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး “ရိုးရိုးလေးပါပဲ ညစ်ညမ်းဧရိယာထဲမှာ သောင်းကျန်းနေတဲ့ ရွှီရန်ကို အပြင်ထွက်လာအောင် မျှားထုတ်မယ်။ ပြီးရင် ဝိုင်းပြီး သတ်ပစ်မယ်”
ဤစကားကို ကြားလိုက်ရုံနှင့် နတ်ဘုရားအဆင့် မိစ္ဆာများမှာ တစ်ကိုယ်လုံး စိမ့်တက်သွားကြသည်။ စစ်တပ်တစ်ခုလုံးစာ အစွမ်းရှိသော ရွှီရန်ကို သတ်ခိုင်းခြင်းမှာ သူတို့ကို သေတွင်းထဲ တိုးခိုင်းခြင်းနှင့် ဘာမျှမခြားပေ။ အကယ်၍ သူတို့သာ ပြေးသွားမိပါက အမြောက်စာဖြစ်ရန်သာ ရှိတော့သည်။
ကောင်းကင်ဘုံရှင်ကြီးရေ... ကျွန်တော်တို့ကိုတော့ အမိန့်မပေးပါနဲ့ဟု အသီးသီး ဆုတောင်းနေကြတော့သည်။
လင်းနို့ဘုရင်၏ အစီအစဉ် ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် နတ်ဘုရားအဆင့် မိစ္ဆာများသည် သူတို့ကိုယ်တိုင် အရွေးမခံရစေရန်အတွက် လင်းနို့ဘုရင်အား ဝိုင်းဝန်းမြောက်ပင့် ပြောဆိုကြတော့သည်။
“အရှင်... ရွှီရန်ကို ဝိုင်းတိုက်ဖို့ဆိုတာ အရှင့်လို ကပ်ဘေးအဆင့်ပုဂ္ဂိုလ်တွေ ဦးဆောင်မှ ဖြစ်မှာပါ။ ကျွန်တော်တို့ကတော့ သိပ်ပြီး အသုံးတည့်မှာ မဟုတ်ပါဘူး”
“ဒီလို အဆင့်မြင့် တိုက်ပွဲမျိုးမှာ ကျွန်တော်တို့ ပါသွားရင် ဝန်ထုပ်ဝန်ပိုးပဲ ဖြစ်နေပါလိမ့်မယ်”
“အရှင့်လို ပညာရှိပြီး သတ္တိရှိတဲ့ ခေါင်းဆောင်မျိုးကမှ ကိုယ်တိုင်ကိုယ်ကျ တာဝန်ယူမှ အဆင်ပြေမှာပါ...”
“ဟုတ်ပါတယ် အရှင် ရွှီရန်က သဲကန္တာရ ကပ်ဘေးနတ်ဘုရားကိုတောင် အနိုင်ယူနိုင်တာဆိုတော့ ကျွန်တော်တို့က အရှင့်ကို နောက်ကနေ ဝိုင်းဝန်းကူညီပေးရုံပဲ တတ်နိုင်မှာပါ...”
“ဒါ့အပြင် သူက နတ်ဘုရားအဆင့် ဝိညာဉ်မိစ္ဆာ ဆယ်ကောင်ကို ချက်ချင်း သတ်နိုင်တာဆိုတော့ ကျွန်တော်တို့ တကယ် မစွန့်စားရဲပါဘူး... အကယ်၍ သူက ကျွန်တော်တို့ကို သတ်ပြီး အစွမ်းတွေ ထပ်တိုးသွားဦးမယ်ဆိုရင် ကျွန်တော်တို့က သွားပြီး အတွေ့အကြုံပေးသလိုပဲ ဖြစ်နေမှာပေါ့”
ထိုစကားများ ထွက်ပေါ်လာပြီးနောက် အမည်းရောင်မြူထု ဟင်းလင်းပြင်ကြီးမှာ တိတ်ဆိတ်သွားသည်။ လင်းနို့ဘုရင်၏ မျက်ဝန်းများမှာ အေးစက်စပြုလာပြီး မကျေမနပ် ဖြစ်နေဟန်ရှိသည်။
သို့သော်လည်း ထိုနတ်ဘုရားအဆင့် မိစ္ဆာများ ပြောသည်မှာလည်း အကြောင်းရှိသည်။ ရွှီရန်မှာ ပုံမှန်မဟုတ်လောက်အောင် အစွမ်းထက်ရုံသာမက သူ၏ နည်းလမ်းများမှာလည်း အမြဲပြောင်းလဲနေပြီး ဝှက်ဖဲပေါင်းများစွာ ရှိနေသည်။
သွေးစွမ်းအင်တန်ဖိုး ၃ သန်းမျှဖြင့် သဲကန္တာရ ကပ်ဘေးနတ်ဘုရားကို သတ်ဖြတ်နိုင်ရုံသာမက ပြန်လည်ရှင်သန်ခြင်း မပြုနိုင်အောင်ပါ တားဆီးနိုင်ခဲ့ခြင်းမှာ အလွန်ပင် ထိတ်လန့်ဖွယ်ရာ ဖြစ်ရပ်ပင်။
သဲကန္တာရ ကပ်ဘေးနတ်ဘုရား၏ ထူးခြားလှသော ကောင်းကင်ဘုံပေး နတ်ဘုရားအတတ်မှာ လက်တွေ့တိုက်ပွဲတွင် ထင်မှတ်ထားသည်ထက်ပင် ပို၍ အစွမ်းထက်လှသည်။ ထိုကဲ့သို့သော တည်ရှိမှုမျိုးပင် ရွှီရန်၏ လက်ချက်ဖြင့် ကျဆုံးခဲ့ရသည်ဆိုလျှင် သူတို့ကို ရွှီရန်အား သတ်ရန် လွှတ်ခြင်းမှာ သေခိုင်းခြင်းနှင့် အတူတူပင်။ ဤနေရာရှိ နတ်ဘုရားအဆင့် သတ္တဝါများထဲတွင် လင်းနို့ဘုရင်နှင့် အခြားအနည်းငယ်မှလွဲ၍ ကျန်သူများမှာ ရွှီရန်ကို သတ်ရန် အလွန်ပင် ခဲယဉ်းလှပေလိမ့်မည်။
မိစ္ဆာများ၏ မျက်နှာတွင် တွန့်ဆုတ်နေကြသည်ကို မြင်သောအခါ လင်းနို့ဘုရင် တိတ်ဆိတ်သွားသည်။ သူတို့ကို အတင်းအကျပ် မခိုင်းစေနိုင်ပေ။
"အရှင်သခင်ကလည်း သူတို့ကို အတင်းအကျပ် မလုပ်စေနဲ့လို့ အမိန့်ပေးထားပြီးသားပဲ။ ဒါပေမဲ့ ရွှီရန် ဒီလောက်တောင် သောင်းကျန်းနေတာကို ဒီအတိုင်းပဲ ထိုင်ကြည့်နေရတော့မှာလား"
လင်းနို့ဘုရင်၏ မျက်ဝန်းများမှာ ရက်စက်ကြမ်းကြုတ်သော အလင်းများဖြင့် တောက်ပလာသည်။
“တော်ပြီ နောက်မှပဲ ထပ်စဉ်းစားတော့မယ် မင်းတို့လို အသုံးမကျတဲ့ အကောင်တွေ”
“ကံကောင်းလို့ အရှင်သခင်မှာ အစီအစဉ်ရှိနေတာ မဟုတ်လို့ကတော့ မင်းတို့နဲ့ဆိုရင် ဘာမှ ဖြစ်မြောက်မှာ မဟုတ်ဘူး။ အခု ထွက်သွားကြစမ်း ဘေးကင်းရာဇုန်တွေကို ဆက်ပြီး တိုက်ခိုက်ကြ။ အပြာရောင်ကြယ်ဂြိုလ်က ကျင့်ကြံသူတွေ အမြောက်အမြား သေအောင် လုပ်စမ်း”
“မှတ်ထားကြ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် သတ်ကြ”
“အမိန့်တော်အတိုင်းပါ”
နတ်ဘုရားအဆင့် မိစ္ဆာများ၏ အသံမှာ ညီညာစွာ ထွက်ပေါ်လာသည်။
"ကိုယ်တိုင် သွားသေရမယ့် တာဝန်မဟုတ်ရင် အားလုံး အဆင်ပြေတာပဲ။ လက်အောက်ငယ်သားတွေကတော့ နယ်ရုပ်တွေလိုပဲ... သေချင်သေပါစေ"
ထိုသို့ဖြင့် ကပ်ဘေးညစ်ညမ်းဧရိယာအတွင်းရှိ နတ်ဘုရားအဆင့် မိစ္ဆာများသည် တစ်ကောင်ပြီးတစ်ကောင် ပိုမိုထိတ်လန့်ဖွယ်ကောင်းသော မိစ္ဆာလှိုင်းကြီးများကို စုစည်းကာ ဘေးကင်းရာဇုန်များဆီသို့ ဦးတည်စေတော့သည်။
...
အခြားတစ်ဖက်တွင်မူ ကောင်းကင်ဘုံအထွတ်အထိပ် နန်းဆောင်၌ ကောင်းကင်ဘုံလက်ရာ၊ ရေပြင်ကျမ်း၊ နန်းဆောင်၊ ဗေဒင်ဆရာနှင့် ဘဏ်လုပ်ငန်းရှင်တို့ ငါးဦးသည် ယခင်ကအတိုင်းပင် အစည်းအဝေးခန်းမအတွင်း၌ ဘေးကင်းရာဇုန်များမှ ပေးပို့လာသော အစီရင်ခံစာများကို ကြည့်ရှုနေကြသည်။ သို့သော် ယခင်နှင့်မတူသည်မှာ သူတို့၏ မျက်နှာတွင် စိုးရိမ်ပူပန်မှုများ မရှိတော့ဘဲ အပြုံးငယ်တစ်ခုစီ ရှိနေခြင်းပင်။
အကြောင်းမှာ သူတို့လက်ထဲတွင် ရှိနေသော သတင်းများမှာ သတင်းကောင်းများသာ ဖြစ်နေပြီး သတင်းဆိုးမှာ အလွန်ပင် နည်းပါးလှသောကြောင့်ပင်။
ကလေးငယ်တစ်ဦး၏ ခန္ဓာကိုယ်မျိုး ရှိသော ကောင်းကင်ဘုံလက်ရာက လက်ထဲမှ သတင်းလွှာကို ချလိုက်ပြီး “ဒီလောက် ပြင်းထန်တဲ့ မိစ္ဆာလှိုင်းကြီးကို ဟန့်တားနိုင်လိမ့်မယ်လို့ ကျွန်မ မထင်ထားမိဘူး တကယ်ကို ရင်သပ်ရှုမောစရာပဲ။ ရွှီရန်လေးက စစ်တပ်ကြီးတစ်ခုထက်တောင် ပိုပြီး အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်ခဲ့တာပဲ”
ရေပြင်ကျမ်းကလည်း ချီးကျူးစကား ပြောလိုက်သည်။
“ အံ့ဖွယ်အရိုးတည်ဆောက်ပုံပိုင်ရှင်ပီသပါပေတယ်။ ဒီတိုက်ပွဲက ဒီကလေးလေးရဲ့ ကြောက်စရာကောင်းတဲ့ စွမ်းရည်ကို အမှန်တကယ် ဖော်ထုတ်ပြလိုက်တာပဲ”
ဗေဒင်ဆရာက စာရွက်စာတမ်းကို ကိုင်ထားရင်း မျက်မှောင်ကြုတ်ကာ “နတ်ဘုရားအဆင့် ဝိညာဉ်မိစ္ဆာ ဆယ်ကောင်ကို တစ်ချက်တည်းနဲ့ သတ်ပစ်တာတဲ့လား။ သူက ဘယ်လိုအဆင့်
အထိ ရောက်နေတာလဲ သဲကန္တာရ ကပ်ဘေးနတ်ဘုရားတောင်မှ နတ်ဘုရားအဆင့် ဝိညာဉ်
မိစ္ဆာ ဆယ်ကောင်ကို တစ်ချက်တည်းနဲ့ မသတ်နိုင်လောက်ဘူး။ အကယ်၍ အဲဒီ ဝိညာဉ်မိစ္ဆာ ဆယ်ကောင်သာ ထွက်ပြေးမယ်ဆိုရင် သဲကန္တာရ ကပ်ဘေးနတ်ဘုရားတောင် အကုန်လုံးကို လိုက်သတ်နိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ရွှီရန်ကတော့ မျက်စိတစ်မှိတ်အတွင်းမှာတင် လုပ်ပြနိုင်ခဲ့တယ်...”
နန်းဆောင်က လက်ကို ဘေးသို့ ဆန့်ထုတ်လိုက်ပြီး “ဘယ်သူသိမှာလဲ။ တကယ့်ကို ထူးဆန်းလွန်းတယ်။ လူသားတွေရဲ့ နားလည်နိုင်စွမ်းကို ကျော်လွန်နေပြီ...”
ဘဏ်လုပ်ငန်းရှင်ကတော့ တည်ငြိမ်နေဆဲပင် “ဟုတ်တယ် လူသားတွေရဲ့ နားလည်နိုင်စွမ်း အပြင်ဘက်ကို ရောက်နေပြီ။ ကျွန်တော်တို့ ခေတ်သစ်ထဲ ရောက်နေတာ နှစ်ပေါင်း ၂၀၀ ပဲ ရှိသေးတာ။ ကျွန်တော်တို့ မသိသေးတာတွေ အများကြီး ရှိပါသေးတယ်။ သူ့ရဲ့ အရိုးတည်ဆောက်ပုံက ဒီခေတ်ကာလအတွက်တော့ အတိုင်းအဆမဲ့ တိုက်ခိုက်မှုတစ်ခုလို ဖြစ်နေနိုင်တယ်။ ဒီလို ပါရမီရှင်မျိုး ဟွာရှမှာ မွေးဖွားလာတာက ကျွန်တော်တို့ရဲ့ ကံကောင်းခြင်းပါပဲ”
ဤအချိန်တွင် ဘဏ်လုပ်ငန်းရှင်သည် ရွှီရန်အား ဆယ်နှစ်သား ကလေးငယ်တစ်ဦးအဖြစ် မမြင်တော့ဘဲ ခေတ်တစ်ခုကို ပြောင်းလဲနိုင်သည့် စွမ်းအားရှင်ကြီးတစ်ဦးအဖြစ် လေးစားစွာ ဆက်ဆံနေခြင်းပင်။
ကောင်းကင်ဘုံလက်ရာက အံ့အားသင့်သွားပြီး “ဘဏ်လုပ်ငန်းရှင် ရှင့်ရဲ့ သဘောထားက... တစ်မျိုးကြီးပဲလား”
ဘဏ်လုပ်ငန်းရှင်က လက်ကို ဆန့်ထုတ်လိုက်ကာ “အစွမ်းထက်တဲ့သူအပေါ် ထားရှိတဲ့ လေးစားမှု သဘောထားပါ”
ရေပြင်ကျမ်းက အားရပါးရ ရယ်မောလိုက်ပြီး “ဘဏ်လုပ်ငန်းရှင်က အမြဲတမ်း တွက်ချက်မှုမှာ တော်တာလေ။ ရွှီရန်ရဲ့ အခုလို စွမ်းဆောင်မှုကြောင့် သူ့ရဲ့ အရင်းအမြစ်တွေနဲ့ ဓနဥစ္စာတွေ ဘယ်လောက်တောင် သက်သာသွားသလဲဆိုတာ သူ ကောင်းကောင်းသိတာပေါ့။ သူက ပိုက်ဆံချွေတာပေးတဲ့သူကို အမြဲတမ်း တန်ဖိုးထားတတ်တာလေ။ ဒါကြောင့်လည်း အခုလို အရမ်းချီးကျူးနေတာပေါ့”
ဘဏ်လုပ်ငန်းရှင်က နှာခေါင်းပေါ်ရှိ ရွှေရောင်မျက်မှန်ကို ပင့်လိုက်ရင်း “အဲဒါလည်း တစ်
စိတ်တစ်ပိုင်း ပါပါတယ်။ ဒါပေမဲ့ အဓိကကတော့ အစွမ်းထက်သူကို အထင်ကြီးတာပါ... ဒါပေမဲ့ ကျွန်တော်တို့ ပွဲမပြီးခင်မှာ ရှန်ပိန်ဖောက်လို့တော့ မရသေးဘူး။ ဒီထက်ပိုပြီး ပြင်းထန်တဲ့ စစ်ပွဲတွေ လာဦးမှာ...”
ရုတ်တရက်ဆိုသလိုပင် ဘဏ်လုပ်ငန်းရှင်သည် ပြန်လည် စိုးရိမ်ပူပန်လာပြန်တော့သည်။