အခန်း (၃၆၈)
Vol. 37 Ch. 368
အတည်ပြုချက်ရရှိသွားသည့်အခါ ရွှီရန်မှာ အလွန်စိတ်လှုပ်ရှားသွားပြီး “ဒါဆိုရင် မင်းတို့ မြေကမ္ဘာကြောရိုးပန်းပွင့်တွေရဲ့ အမြစ်တွေပေါ်မှာ ငါက ဗျူဟာမှော်စာလုံးတွေ ရေးထွင်းပြီး ဝိညာဉ်ချီစွမ်းအင် ထုတ်လွှတ်တဲ့နှုန်းကို မြှင့်တင်ပေးတာမျိုး ဒါမှမဟုတ် တခြားစွမ်းရည်တွေ ပေးအပ်တာမျိုး လုပ်လို့ရနိုင်မလား”
“ဟင် အဲဒါမျိုးတောင် လုပ်လို့ရတာလား”
အပြာရောင်ဝတ်စုံနှင့် မိန်းကလေးက အံ့အားသင့်တုန်လှုပ်စွာ အော်ဟစ်လိုက်သည်။
ထိုအချိန်မှာပင် သူတို့နှစ်ဦး၏အနားတွင် နောက်ထပ် အပြာရောင်အရိပ်သုံးခု ပေါ်လာတော့သည်။
ထိုအရိပ်သုံးခုကို မြင်သည်နှင့် အပြာရောင်ဝတ်စုံနှင့် မိန်းကလေးမှာ သူတို့၏ရင်ခွင်ထဲသို့ ချက်ချင်းပြေးဝင်သွားကာ “အစ်မတို့” ဟု နွေးထွေးစွာ ခေါ်လိုက်သည်။
အစ်မဟု ခေါ်ခြင်းခံရသော အပြာရောင်အရိပ်က သူမ၏ခေါင်းကို အသာအယာပုတ်ပေးရင်း “ဟိုးတုန်းက ကလေးမလေးက အခုတော့ အရွယ်ရောက်လာပြီး ငါတို့ကို ကယ်တင်ဖို့ နည်းလမ်းတောင် ရှာတွေ့နေပြီပဲ”
“အခုတော့ လူကြီးဖြစ်နေပြီ ခဏခဏ ငိုမနေနဲ့တော့”
အပြာရောင်ဝတ်စုံနှင့် မိန်းကလေးက ခေါင်းမော့ကာ သူမ၏မျက်ရည်များကို သုတ်လိုက်ရင်း “ငါမငိုပါဘူး”
ဤအရိပ်သုံးခုမှာ သူယခုလေးတင် သန့်စင်ပေးခဲ့သော မြေကမ္ဘာကြောရိုးပန်းပွင့်သုံးပွင့်ဖြစ်ကြောင်း ရွှီရန် ခန့်မှန်းမိလိုက်သည်။
ထိုအခါ အပြာရောင်အရိပ်က ရွှီရန်ဘက်သို့ လှည့်ကာ “ငါတို့ရဲ့ အသက်ကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်” ဟု ပြောကာ သူ့ကို အလေးအနက် အရိုအသေပြုလိုက်သည်။
ရွှီရန်က လက်ယမ်းပြလျက် “မြေကမ္ဘာကြောရိုးပန်းပွင့်တွေကို ကယ်တင်တာက လူသားမျိုးနွယ်ကို ကယ်တင်တာနဲ့ အတူတူပါပဲ။ ဒါက ကျေးဇူးတင်စရာ မဟုတ်ပါဘူး”
အပြာရောင်အရိပ်က ဆက်ပြောသည်။
“အဲဒါက မှန်ပေမဲ့ ညစ်ညမ်းမှုတွေကြားကနေ ငါတို့ကို ကယ်ထုတ်ပေးခဲ့တာကတော့ ငြင်းလို့မရတဲ့ အမှန်တရားပဲ။ မင်းရဲ့ ရည်ရွယ်ချက်က ဘာပဲဖြစ်ဖြစ် ငါတို့ ကျေးဇူးတင်ရမှာပါ”
ရွှီရန်က ပြန်ပြောသည်။
“ဒါဆိုရင် စောစောက ငါမေးတဲ့ မေးခွန်းကို ဖြေပေးနိုင်မလား”
အပြာရောင်အရိပ်က ခဏမျှ စဉ်းစားပြီးနောက် “ငါတို့ကိုယ်ပေါ်မှာ ဗျူဟာမှော်စာလုံးတွေ ရေးထွင်းဖို့ တစ်ခါမှ မစဉ်းစားဖူးဘူး။ ဒါပေမဲ့ ငါတို့ကို ချီစွမ်းအင်ကူးပြောင်းရေးစခန်းလို တင်စားတာကတော့ လုံးဝ မမှားပါဘူး”
အခြားအပြာရောင်အရိပ်တစ်ခုကလည်း စပ်စုချင်စိတ်ဖြင့် “ဗျူဟာရေးထွင်းမယ်ဆိုတာ နားထောင်လို့ တော်တော်ကောင်းတာပဲ”
ရွှီရန်က ဆက်ပြောသည်။
“တကယ်လို့သာ ဗျူဟာရေးထွင်းနိုင်ခဲ့ပြီး မြေကမ္ဘာကြောရိုးပန်းပွင့်တွေကို ဗျူဟာသယ်ဆောင်သူတွေအဖြစ် ပြောင်းလဲနိုင်ရင် မင်းတို့ဆီက ထွက်လာတဲ့ ထူထပ်တဲ့ ဝိညာဉ်ချီစွမ်းအင်တွေနဲ့ ဗျူဟာရဲ့ စွမ်းအားပေါင်းစပ်ပြီး နတ်ဘုရားအဆင့် သတ္တဝါတွေကို အလွယ်တကူ အပိုင်းပိုင်းဖြတ်ပစ်နိုင်လိမ့်မယ်။ ပြီးတော့ အဲဒီစွမ်းအားက ရွှေ့လျားလို့လည်း ရနိုင်တယ်လေ”
ရွှီရန်က ပြောရင်းဖြင့် ပိုမိုစိတ်လှုပ်ရှားလာကာ “တကယ်လို့ မြေကမ္ဘာကြောရိုးပန်းပွင့် အားလုံးပေါ်မှာ ဗျူဟာတွေ ရေးထွင်းလိုက်ရင် မင်းတို့ရဲ့ ရှုပ်ထွေးလှတဲ့ အမြစ်ကွန်ရက်ကနေတစ်ဆင့် ဗျူဟာအားလုံးကို ချိတ်ဆက်ပြီး ပိုမိုကြီးမားတဲ့ ဗျူဟာကြီးတစ်ခု ဖန်တီးနိုင်လိမ့်မယ်”
ထိုနေရာရှိ မြေကမ္ဘာကြောရိုးပန်းပွင့်လေးပွင့်စလုံးမှာ ရွှီရန်၏ ရှင်းပြချက်ကြောင့် ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။
အပြာရောင်ဝတ်စုံနှင့် မိန်းကလေးက “ဒါက တကယ့်ကို ပါရမီရှင်ဆန်တဲ့ အတွေးအခေါ်ပဲ” ဟု ပြောလိုက်သည်။
ကျန်သည့် မြေကမ္ဘာကြောရိုးပန်းပွင့် သုံးပွင့်ကလည်း အံ့အားသင့်စွာဖြင့် ထောက်ခံကြသည်။
“ဒီလို နည်းလမ်းမျိုးကို မင်း ဘယ်လို စဉ်းစားမိတာလဲ”
“သန့်စင်ခြင်းဗျူဟာတွေကို ရေးဆွဲနိုင်တဲ့ ပါရမီရှင်ဆိုတာ မဆန်းပါဘူး။ မင်းရဲ့ အတွေးအခေါ်က တကယ့်ကို ထူးခြားလွန်းတယ်”
“ဒီနည်းလမ်းသာ တကယ်အောင်မြင်ရင် ငါတို့ မြေကမ္ဘာကြောရိုးပန်းပွင့်တွေလည်း ကိုယ့်
ကိုကိုယ် ကာကွယ်နိုင်စွမ်း ရှိလာတော့မယ်”
မြေကမ္ဘာကြောရိုးပန်းပွင့်များသည် စတင်ပေါ်ပေါက်ကတည်းက ကျင့်ကြံသူများအတွက် အထောက်အပံ့ကောင်းများသာ ဖြစ်ခဲ့ကြသည်။ သူတို့ကိုယ်တိုင်တွင် မည်သည့် တိုက်ခိုက်ရေးစွမ်းရည်မျှ မရှိခဲ့သလို ထိုကဲ့သို့လည်း တစ်ခါမှ မစဉ်းစားခဲ့ဖူးချေ။ သို့မဟုတ်ပါက ဂြိုလ်ကြီးသုံးလုံးက သူတို့ကို ညစ်ညမ်းအောင် လုပ်ခဲ့စဉ်က ဤမျှအထိ ခုခံနိုင်စွမ်း ကင်းမဲ့နေမည် မဟုတ်ပေ။
ဤအချက်ကို ပြန်လည်စဉ်းစားမိသည့်အခါ အစ်မဟု ခေါ်ခြင်းခံရသော မြေကမ္ဘာကြောရိုးပန်းပွင့်က ရှေ့သို့ တက်လာသည်။
“မင်းမှာ ဒီလိုအတွေးရှိနေမှတော့ လုပ်ကြည့်ကြတာပေါ့။ ငါ့ခန္ဓာကိုယ်ကိုပဲ စမ်းသပ်ချက်အဖြစ် အသုံးပြုပါ”
အပြာရောင်ဝတ်စုံနှင့် မိန်းကလေးက “အစ်မ...” ဟု လှမ်းခေါ်လိုက်သည်။
ကျန်သည့် မြေကမ္ဘာကြောရိုးပန်းပွင့်နှစ်ပွင့်ကလည်း ရှေ့သို့ တိုးလာကြသည်။
“စမ်းသပ်မှု ကျရှုံးခဲ့ရင် ငါတို့ကိုလည်း အသုံးပြုလို့ရပါတယ်”
သူတို့သည် ရွှီရန်၏ သန့်စင်ပေးခဲ့သော ကျေးဇူးကို ဆပ်ရန်အတွက် ဤသို့ ပြုလုပ်ကြခြင်းပင်။
အပြာရောင်ဝတ်စုံနှင့် မိန်းကလေးက မျက်လုံးလေးဝိုင်းကာ ရွှီရန်ကို ကြည့်ပြီး “မင်း အောင်မြင်မှာပါ။ ဟုတ်တယ်မလား”
အားလုံးက အနစ်နာခံရန် အဆင်သင့်ဖြစ်နေသည်ကို မြင်သောအခါ ရွှီရန်မှာ ရယ်ရခက် ငိုရခက် ဖြစ်သွားသည်။
“အလောတကြီး လုပ်ဖို့မလိုပါဘူး။ ငါ့ဘာသာ အရင်စမ်းသပ်ကြည့်ဦးမယ်။ အောင်မြင်ပြီဆိုမှ မင်းတို့အပေါ်မှာ ရေးထွင်းပေးမှာပါ”
လက်ရှိတွင် ရွှီရန်သည် အသိဉာဏ်အလင်းပွင့် စွမ်းရည်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ ရှုပ်ထွေးသော ဗျူဟာစမ်းသပ်မှုများကို သူ၏ စိတ်ကူးထဲတွင်တင် လုပ်ဆောင်နိုင်သည်။
အပြာရောင်ဝတ်စုံနှင့် မိန်းကလေးက “အော် ဒါဆိုရင်တော့ ငါ မင်းကို ယုံကြည်ပါတယ်။ မင်းရဲ့ ဉာဏ်ပညာနဲ့ဆိုရင် သေချာပေါက် အောင်မြင်မှာပါ”
ရွှီရန်က ခေါင်းညိတ်ပြကာ “ဒါပေါ့ ငါ့မှာ အံ့ဖွယ်အရိုးတည်ဆောက်ပုံ ရှိတာပဲလေ”
ထိုသို့ပြောပြီးနောက် ရွှီရန်သည် သူ၏ စိတ်အာရုံကို စုစည်းကာ အသိဉာဏ်များကို ဖော်ထုတ်လိုက်ရာ သူ၏ စိတ်ကူးထဲတွင် ပုံဖော်ထားသော ဗျူဟာများ ပေါ်ပေါက်လာတော့သည်။
တစ်နာရီအကြာတွင် ရွှီရန်က မျက်လုံးများကို ဖွင့်လိုက်ပြီး “မြေကမ္ဘာကြောရိုးပန်းပွင့်တွေရဲ့ ရှုပ်ထွေးလှတဲ့ အမြစ်ကွန်ရက်ကို အချင်းချင်း ချိတ်ဆက်နိုင်ဖို့ဆိုရင် အဲဒီပန်းပွင့်တွေရဲ့ ပင်ကိုယ်အနှစ်သာရကို အရင်ဆုံး နားလည်ဖို့ လိုတယ်”
“ပင်ကိုယ်အနှစ်သာရ အဲဒါက ဘာလဲ”
ရွှီရန်၏ မျက်လုံးများက တောက်ပနေပြီး “ပင်ကိုယ်အနှစ်သာရဆိုတာ ဝိညာဉ်ချီစွမ်းအင်ပဲ။ မတူညီတဲ့ သယ်ဆောင်သူတွေဆီက ဝိညာဉ်ချီစွမ်းအင်တွေကို အချင်းချင်း ချိတ်ဆက်ပေးနိုင်တဲ့ ဗျူဟာတွေကို သုံးပြီး ဝိညာဉ်ချီစွမ်းအင် နယ်ပယ်တစ်ခု တည်ဆောက်ရမယ်”
သူစကားပြောနေစဉ်မှာပင် ရွှီရန်သည် အသိဉာဏ်အလင်းပွင့်ခြင်းကို ခံစားလိုက်ရသည်။
တစ်ပြိုင်နက်တည်းမှာပင် သူ၏ စိတ်ကူးထဲ၌ ဗျူဟာတစ်ခုပြီးတစ်ခု ပေါ်ပေါက်လာပြီး ထိုဗျူဟာများသည် ဝိညာဉ်ချီစွမ်းအင် နယ်ပယ်မှတစ်ဆင့် အချင်းချင်း ချိတ်ဆက်မိသွားကာ ရှစ်ကွက်ပုံစံနှင့် တူသော ဗျူဟာကြီးတစ်ခုအဖြစ် ဖြည်းဖြည်းချင်း ပုံဖော်လာတော့သည်။
“တွေ့ပြီ”
ရွှီရန်က စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။
အပြာရောင်အရိပ်များ၏ စောင့်ကြည့်မှုအောက်တွင် ရွှီရန်၏ မျက်လုံးများမှ ရွှေရောင်အလင်းတန်းများ ဖြာထွက်လာပြီးနောက် သူ၏လက်များကို လေထဲ၌ ကျွမ်းကျင်ပိုင်နိုင်စွာ ဝေ့ယမ်းလျက် ဆန်းကြယ်လှသော ဗျူဟာကွက်များကို တစ်ခုပြီးတစ်ခု ရေးဆွဲတော့သည်။
မကြာမီမှာပင် ပြည့်စုံချောမွေ့သော ဗျူဟာများသည် လေထုထဲ၌ ပေါ်ပေါက်လာသည်။
“ရွှီရန်က အသက် ၁၀ နှစ်ပဲ ရှိသေးတာ မဟုတ်လား ဒီအရွယ်နဲ့ ဒီလောက်အထိ အသိဉာဏ်အလင်းပွင့်နိုင်တာ တကယ့်ကို ပါရမီရှင်ပဲ”
“သန့်စင်ခြင်းဗျူဟာကို ရေးဆွဲနိုင်တဲ့ ပါရမီရှင်ဆိုတာ မဆန်းပါဘူး၊ အခုလည်း နာရီဝက်အတွင်းမှာ ဗျူဟာအသစ်တစ်ခုကို တီထွင်လိုက်ပြန်ပြီ”
“တကယ့်ကို အံ့ဩဖို့ကောင်းတယ်။ ငါတို့ကို ကိုယ့်ကိုကိုယ် ကာကွယ်နိုင်တဲ့ နည်းလမ်းတွေ ပေးနေတာပဲ”
သူ၏ အဖော်များ၏ ချီးမွမ်းသံများကြားမှာပင် ရွှီရန်သည် ဗျူဟာ၏ နောက်ဆုံးအစက်အပြောက်ကို အပြီးသတ်လိုက်သည်။
“ပြီးပြီ ငါ အောင်မြင်သွားပြီ”
ထို့နောက် သူက အပြာရောင်အရိပ် လေးခုဘက်သို့ လှည့်ကာ “ငါ့ရဲ့ ပါရမီနဲ့ အသိဉာဏ်အလင်းပွင့်နိုင်စွမ်းကြောင့် မင်းတို့ မြေကမ္ဘာကြောရိုးပန်းပွင့်တွေနဲ့ အသင့်တော်ဆုံးဖြစ်မယ့် ဗျူဟာကို အပြီးသတ်နိုင်ခဲ့ပြီ”
မြေကမ္ဘာကြောရိုးပန်းပွင့်များသည် ယခင်က တိုက်ခိုက်ရေးစွမ်းရည် မရှိခဲ့သော်လည်း သူတို့၏ အတွေ့အကြုံမှာမူ အခြားသူများထက် များစွာသာလွန်သည်။ ဗျူဟာတစ်ခုက အလုပ်ဖြစ်၊ မဖြစ်ဆိုသည်ကို သူတို့ ချက်ချင်း သိနိုင်သည်။
“စမ်းကြည့်ကြရအောင်”
အပြာရောင်အရိပ် သုံးခုက တညီတညွတ်တည်း ပြောလိုက်သည်။
ရွှီရန်က လက်ကို ဝေ့ယမ်းလိုက်ရာ ဗျူဟာသုံးခုမှာ မြေကမ္ဘာကြောရိုးပန်းပွင့် သုံးပွင့်ပေါ်သို့ ကျရောက်သွားသည်။ ချက်ချင်းဆိုသလိုပင် သူတို့ထံမှ ဆန်းကြယ်သော အရှိန်အဝါများ ထွက်ပေါ်လာပြီး ဝန်းကျင်ရှိ ဝိညာဉ်ချီစွမ်းအင်များမှာလည်း ပိုမိုထူထပ်လာတော့သည်။
“အင်း... ငါ့ခန္ဓာကိုယ်ထဲမှာ စီးဆင်းနေတဲ့ ချီစွမ်းအင်သုံးကြောင်းကို ခံစားနေရတယ်။ တစ်ခုနဲ့တစ်ခုလည်း ပဋိပက္ခမဖြစ်ဘဲ ဟန်ချက်ညီနေတယ်”
“ဒါ့အပြင် ဝိညာဉ်ချီစွမ်းအင်တွေကို ငါ့စိတ်ကြိုက် ထိန်းချုပ်ပြီး ဗျူဟာရဲ့ အချက်အချာဆီကို ပို့လွှတ်လို့ ရနေပြီ”
“ဗျူဟာထဲမှာ ရှိနေတဲ့ ကြောက်စရာကောင်းတဲ့ စွမ်းအားကို ငါ ခံစားမိတယ်။ ဒါက နတ်ဘုရားအဆင့် သတ္တဝါတစ်ကောင်ကို ဖျက်ဆီးပစ်ဖို့ လုံလောက်တယ်”
မြေကမ္ဘာကြောရိုးပန်းပွင့်များ၏ ဝမ်းသာအားရ ပြောဆိုသံများက ရွှီရန်၏ ဗျူဟာ အောင်မြင်ကြောင်း သက်သေပြနေသည်။ ဤအောင်မြင်မှုကြောင့် ယခင်က ခုခံနိုင်စွမ်းမရှိသော မြေကမ္ဘာကြောရိုးပန်းပွင့်များသည် နတ်ဘုရားအဆင့် သတ္တဝါများကို ရင်ဆိုင်နိုင်စွမ်း ရှိလာကြပြီဖြစ်သည်။
အပြာရောင်ဝတ်စုံနှင့် မိန်းကလေးကလည်း ရွှီရန်၏ အောင်မြင်မှုကို သိရှိသွားပြီး “ဂြိုလ်ကြီးသုံးလုံး ကျူးကျော်လာတုန်းကသာ မြေကမ္ဘာကြောရိုးပန်းပွင့်တွေမှာ ဒီလိုစွမ်းအားမျိုး ရှိခဲ့ရင် ငါတို့ ဒီလိုမျိုး အိပ်မောကျနေခဲ့ရမှာ မဟုတ်ဘူး” ဟု ပြောလိုက်သည်။
အပြာရောင်အစ်မက သူမ၏ခေါင်းကို အသာအယာကိုင်ကာ “ရွှီရန် ရှိနေတာဆိုတော့ တခြားမြေကမ္ဘာကြောရိုးပန်းပွင့်တွေလည်း မကြာခင် နိုးထလာမှာပါ။ အဲဒီအခါကျရင် အပြာရောင်ကြယ်ဂြိုလ်ရဲ့ နေရာတိုင်းမှာ မြေကမ္ဘာကြောရိုးပန်းပွင့်တွေ ဖူးပွင့်လာပြီး လူသားတွေနဲ့အတူ ပြင်ပရန်သူတွေကို တွန်းလှန်ကြမှာပေါ့”
သူတို့ ပျော်ရွှင်နေကြစဉ်မှာပင် အပြင်ဘက်မှ နတ်ဘုရားအဆင့် သတ္တဝါများ စုရုံးလာသည့် အသံများ ကြားလိုက်ရသည်။
ရွှီရန်က အခြေအနေကို အာရုံခံမိလိုက်ပြီး “ဒီမှာ စောင့်ကြည့်ဖို့ ချထားတဲ့ နတ်ဘုရားအဆင့် သတ္တဝါတွေ ရောက်လာပြီ”
ယခုအခါတွင်မူ မြေကမ္ဘာကြောရိုးပန်းပွင့်များသည် ယခင်ကကဲ့သို့ အနိုင်ကျင့်ခံရမည့် အားနွဲ့သူများ မဟုတ်တော့ပေ။ သူတို့သည် ယခင်က ကျူးကျော်ခံရမှုနှင့် ညစ်ညမ်းစေခြင်း ခံခဲ့ရသည့် နာကျည်းချက်များကို ပြန်လည်အမှတ်ရနေကြသည်။
“ဒီတစ်ခါတော့ ရွှီရန်ရဲ့ ဗျူဟာကို လက်တွေ့တိုက်ပွဲမှာ စမ်းသပ်ကြည့်ကြရအောင်”
မြေကမ္ဘာကြောရိုးပန်းပွင့် သုံးပွင့်စလုံး တိုက်ခိုက်လိုစိတ်များ ပြင်းထန်နေကြသည်။
ရွှီရန်က ခေါင်းညိတ်ကာ “အပြင်မှာ နတ်ဘုရားအဆင့် သတ္တဝါ ငါးကောင်ရှိတယ်။ တစ်ကောင်ချင်းစီရဲ့ သွေးသားချီစွမ်းအင် တန်ဖိုးက ၂၀၀၀ ဝန်းကျင်မှာ ရှိနေတယ်။ ဗျူဟာရဲ့ စွမ်းအားနဲ့ဆိုရင် သူတို့ကို အေးဆေး ရှင်းထုတ်နိုင်လိမ့်မယ်”
ထိုသို့ပြောပြီးနောက် သူသည် အပြာရောင်ဝတ်စုံနှင့် မိန်းကလေးကို ခေါ်ကာ ကိုယ်ဖျောက်အတတ်ကို အသုံးပြု၍ နောက်ဆုတ်ပေးလိုက်ပြီး တိုက်ပွဲမြေပြင်ကို မြေကမ္ဘာကြောရိုးပန်းပွင့်များထံ လွှဲပြောင်းပေးလိုက်သည်။
မကြာမီမှာပင် နတ်ဘုရားအဆင့် သတ္တဝါ ငါးကောင်သည် ဝိညာဉ်ချီစွမ်းအင်များ ပြည့်နှက်နေသော ဟင်းလင်းပြင်ထဲသို့ ဝင်ရောက်လာကြသည်။ သူတို့ ဝင်လာသည်နှင့်အမျှ သူတို့၏ ပတ်ပတ်လည်တွင် အမည်းရောင် အကာအကွယ် အလွှာများ ပေါ်ပေါက်လာသည်။
ခေါင်းဆောင်ဖြစ်သူ နတ်ဘုရားအဆင့် သတ္တဝါက “ဒီနေရာက အဆိပ်တွေက တကယ့်ကို ထူထပ်တာပဲ။ ကံကောင်းလို့ အထွတ်အထိပ် ပုဂ္ဂိုလ်က ငါတို့ကို ခုခံနိုင်စွမ်းရှိတဲ့ ရှေးဟောင်းပစ္စည်းတွေ ပေးထားလို့သာပဲ” ဟု ပြောလိုက်သည်။
တစ်ပြိုင်နက်တည်းမှာပင် သူတို့သည် ဖူးပွင့်နေသော မြေကမ္ဘာကြောရိုးပန်းပွင့်များကို သတိပြုမိသွားကြသည်။
“တကယ်ပဲ မြေကမ္ဘာကြောရိုးပန်းပွင့်တွေ သန့်စင်ခံလိုက်ရပြီပဲ။ ဒါကြောင့်လည်း ဒီလောက်
အထိ အဆိပ်တွေ ပြင်းထန်နေတာ”
သူတို့အတွက်မူ ဝိညာဉ်ချီစွမ်းအင်မှာ အဆိပ်ဖြစ်နေသည်
အမည်းရောင် အကာအကွယ်များကို အားကိုး၍ နတ်ဘုရားအဆင့် သတ္တဝါငါးကောင်မှာ မြေကမ္ဘာကြိုးရိုးပန်းပွင့်များထံသို့ ချဉ်းကပ်လာကြသည်။
ရုတ်တရက်ဆိုသလိုပင် ပတ်ဝန်းကျင်ရှိ ဝိညာဉ်ချီစွမ်းအင်များက မြေကမ္ဘာကြောရိုးပန်းပွင့်
များ၏ အထက်တွင် ဝဲဂယက်တစ်ခုအဖြစ် ဖြစ်ပေါ်လာပြီး သူတို့၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားတော့သည်။
ထို့နောက်တွင် မြေကမ္ဘာကြောရိုးပန်းပွင့်များထံမှ ရွှေရောင်အလင်းတန်းများနှင့်အတူ ကြောက်မက်ဖွယ်ကောင်းသော ဖိအားများ ထွက်ပေါ်လာရာ နတ်ဘုရားအဆင့် သတ္တဝါငါးကောင်မှာ အသက်ရှူပင် ကျပ်လာတော့သည်။
“ဒါ... ဒါက ဘာလဲ”