အခန်း (၃၆၉)
Vol. 37 Ch. 369
“ဘယ်လိုလုပ်ပြီး ဒီလောက်ကြောက်စရာကောင်းတဲ့ ဖိအားမျိုး ရုတ်တရက် ပေါ်လာရတာလဲ။ တကယ်တမ်း ဘာတွေဖြစ်နေတာလဲ”
“ဒီမှာ တခြားဘယ်သူမှလည်း မရှိဘူး။ မြေကမ္ဘာကြောရိုးပန်းပွင့်မှာလည်း တိုက်ခိုက်နိုင်စွမ်း မရှိပါဘူး။ ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ”
ရွှေရောင်အလင်းတန်းများ၏ ဖိအားအောက်တွင် နတ်ဘုရားအဆင့် သတ္တဝါငါးကောင်မှာ စကားပင် ကောင်းကောင်းမပြောနိုင်တော့ဘဲ ထွက်ပြေးရန် ကြိုးစားသော်လည်း မလှုပ်နိုင်တော့ချေ။
“အား...”
ရွှေရောင်အလင်းတန်းများ ပိုမိုတောက်ပလာသည်နှင့်အမျှ နတ်ဘုရားအဆင့် သတ္တဝါငါးကောင်၏ အော်ဟစ်သံများမှာလည်း ပိုမိုကျယ်လောင်လာသည်။
“ဒါက ငါတို့ မြေကမ္ဘာကြောရိုးပန်းပွင့်မျိုးနွယ်စုကို ကျူးကျော်ခဲ့တဲ့အတွက် ပေးရတဲ့ အတိုးပဲ။ ကျန်တာတွေကိုတော့ အဆပေါင်းများစွာ ပြန်ပေးဆပ်စေရမယ်”
လွင့်ပျံနေသော အသံတစ်ခု ထွက်ပေါ်လာသည်။
သေခါနီးအချိန်ရောက်မှသာ ထိုနတ်ဘုရားအဆင့် သတ္တဝါငါးကောင်မှာ သူတို့ကို သတ်လိုက်သည်မှာ အစွမ်းမဲ့လှသည်ဟု ထင်မှတ်ထားသော မြေကမ္ဘာကြောရိုးပန်းပွင့်များ ဖြစ်နေကြောင်း သဘောပေါက်သွားကြသည်။
ပထမဆုံး ဤနေရာတွင် စောင့်ကြပ်ရန် တာဝန်ပေးအပ်ခံရစဉ်က ညစ်ညမ်းမှုအခြေအနေကို ဆက်ထိန်းထားရုံသာဖြစ်၍ အလွန်လွယ်ကူသော အလုပ်ဟု သူတို့ထင်ခဲ့ကြသည်။ သို့သော် ထိုကဲ့သို့ လွယ်ကူလှသည်ဟု ထင်ရသောအလုပ်က သူတို့အားလုံးကို အစအနပင်မကျန်အောင် ချေမှုန်းပစ်လိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားခဲ့ချေ။
ရွှီရန်၏ ရှေ့တွင်မူ သူတို့ကို ကာကွယ်ပေးထားသော အပြာနုရောင် အကာအကွယ်အလွှာတစ်ခု ရှိနေသည်။
သူရေးဆွဲခဲ့သော ဗျူဟာ၏ စွမ်းအားကို ကြည့်ပြီး ရွှီရန်မှာ များစွာကျေနပ်မိသည်။ သွေးသားချီစွမ်းအင်တန်ဖိုး သန်း ၂၀ စီရှိသော နတ်ဘုရားအဆင့် သတ္တဝါငါးကောင်ကို မြေကမ္ဘာကြောရိုးပန်းပွင့် သုံးပွင့်တည်းဖြင့် တိုက်ရိုက်ချေမှုန်းနိုင်ခဲ့သည်။
ထို့ပြင် ဤအရာမှာ သူတို့၏ အစွမ်းကုန်ထုတ်သုံးထားခြင်းပင် မဟုတ်သေးချေ။ အကယ်၍ မြေကမ္ဘာကြောရိုးပန်းပွင့်အားလုံးကို သန့်စင်နိုးထစေပြီး ဗျူဟာများဖြင့်သာ ချိတ်ဆက်နိုင်မည်ဆိုပါက ထိုစွမ်းအားမှာ မည်သူမျှ မခန့်မှန်းနိုင်လောက်အောင် ကြီးမားပေလိမ့်မည်။
ရွှေရောင်အလင်းတန်းများ ပျောက်ကွယ်သွားသောအခါ အပြာရောင်အရိပ်သုံးခု ပြန်လည်ပေါ်လာပြီး သူတို့၏မျက်နှာတွင် အပြုံးများဖြင့် ပြည့်နှက်နေသည်။
သူတို့သည် ယခင်က တစ်ခါမျှ မတွေးဝံ့ခဲ့သော သူတို့၏ ရန်သူဟောင်းများကို ကိုယ်တိုင်ကိုယ်ကျ သတ်ဖြတ်နိုင်ခဲ့ကြပြီ ဖြစ်သည်။ ဤအရာအားလုံးကို ဖြစ်မြောက်အောင် လုပ်ဆောင်ပေးခဲ့သူမှာ အသက်တစ်ဆယ်အရွယ် ပါရမီရှင်လေး ရွှီရန်ပင်။
အပြာရောင်အရိပ်သုံးခုမှာ ရွှီရန်၏အနားသို့ ချဉ်းကပ်လာပြီး သူ့ကို အလေးအနက် အရိုအသေပြုလိုက်ကြသည်။
“ကျေးဇူးတင်ပါတယ် ရွှီရန် မင်းက ငါတို့ မြေကမ္ဘာကြောရိုးပန်းပွင့် မျိုးနွယ်စုကို ကယ်တင်လိုက်တာပဲ”
ရွှီရန်က လက်ယမ်းပြလျက် “ငါ မင်းတို့ကို ကယ်တင်တာက လူသားတွေနဲ့အတူ ပူးပေါင်းပြီး ဂြိုလ်ကြီးသုံးလုံးရဲ့ ကျူးကျော်မှုကို တွန်းလှန်ဖို့ပါပဲ။ ဒါက အပြန်အလှန် အကျိုးရှိစေမှာပါ”
ဤအရာမှာ ရွှီရန်၏ မူလအတွေးပင်။ သို့သော် မြေကမ္ဘာကြောရိုးပန်းပွင့်များအတွက်မူ ရွှီရန်မှာ သူတို့၏ ကျေးဇူးရှင်ပင်။
“ဘာပဲဖြစ်ဖြစ် မင်းဟာ မြေကမ္ဘာကြောရိုးပန်းပွင့်တွေရဲ့ ကျေးဇူးရှင်ပဲ။ ဘာတွေပဲဖြစ်လာပါစေ ငါတို့က မင်းရဲ့ဘက်မှာ အမြဲတမ်း ခိုင်ခိုင်မာမာ ရပ်တည်သွားမှာပါ”
ရွှီရန်က ခေါင်းညိတ်ပြကာ “ကောင်းပါပြီ မင်းတို့ အခုမှ နိုးထလာတာဆိုတော့ အနားယူဖို့ အချိန်လိုဦးမယ်။ ပြီးတော့ ဗျူဟာရေးထွင်းဖို့အတွက် လိုအပ်တဲ့ ပစ္စည်းတွေလည်း ကုန်သွားပြီဆိုတော့ ငါ အရင်ပြန်ရတော့မယ်။ မင်းတို့ သိတဲ့အတိုင်း ဂြိုလ်ပြင်ပစစ်မြေပြင်မှာ သားရဲလှိုင်းတွေ တိုက်ခိုက်တာ ခံနေရတယ်။ ဒုတိယလှိုင်းကလည်း မကြာခင် လာတော့မှာဆိုတော့ ငါ ပြန်မှဖြစ်မယ်”
သူတို့သည်လည်း ဂြိုလ်ပြင်ပစစ်မြေပြင်ရှိ အလွန်ကြီးမားသော သားရဲလှိုင်း အခြေအနေကို သိရှိထားကြသည်။
“ကောင်းပါပြီ။ အဲဒါဆိုရင် ငါတို့ ကောင်းကောင်းအနားယူထားလိုက်မယ်။ မင်းဘက်က တစ်ခုခု အကူအညီလိုတာနဲ့ ငါတို့ကို ချက်ချင်း အသိပေးလိုက်ပါ”
...
ဂြိုလ်ပြင်ပစစ်မြေပြင်။
ကပ်ဘေးအဆင့် ညစ်ညမ်းဇုန်။
သွေးသားချီစွမ်းအင်တန်ဖိုး သန်း ၂၀ စီရှိကြသော နတ်ဘုရားအဆင့် သတ္တဝါငါးကောင်သည် ဖြစ်လာနိုင်သမျှသော တိုက်ခိုက်မှုများကို စိုးရိမ်တကြီးဖြင့် ပတ်ဝန်းကျင်ကို သတိထား၍စောင့်ကြည့်နေကြသည်။
ဤနတ်ဘုရားအဆင့် သတ္တဝါငါးကောင်၏ အလွန်အမင်း ဂရုတစိုက်ရှိလှသော အမူအရာကို မြင်တွေ့ရသူတိုင်းမှာ ထူးဆန်းသည်ဟု ထင်ကြပေလိမ့်မည်။
ဤနေရာမှာ မိစ္ဆာသားရဲများအတွက် နိဗ္ဗာန်ဘုံသဖွယ်ဖြစ်သော ကပ်ဘေးအဆင့် ညစ်ညမ်းဇုန်ဖြစ်ရာ သွေးသားချီစွမ်းအင် ဆယ်သန်းရှိသော သတ္တဝါတစ်ကောင်ပင်လျှင် ဤမျှအထိ သတိကြီးနေစရာ မလိုပေ။
နာရီဝက်ခန့်ကြာသော် ရှေ့ဆုံးမှ ဦးဆောင်လာသည့် နတ်ဘုရားအဆင့် သတ္တဝါက ခေါင်းလှည့်ကာ “ငါ ရှေ့ကနေ ဦးဆောင်လာတာ တစ်နာရီတောင် ရှိပြီ။ အလှည့်ပြောင်းကြရအောင်”
သူပြောလိုက်သည်နှင့် ကျန်သည့် နတ်ဘုရားအဆင့် သတ္တဝါလေးကောင်မှာ နောက်သို့ ဆုတ်သွားကြကာ “ဘာပဲဖြစ်ဖြစ် တစ်နာရီတောင် ပြီးသွားပြီပဲ။ နောက်ထပ် တစ်နာရီလောက် ထပ်လုပ်လည်း ဘာမှဖြစ်မသွားပါဘူး”
“ဘာမှမဖြစ်ဘူး ဟုတ်လား ဒီတစ်နာရီလုံး ငါ ဘယ်လိုဖြတ်သန်းခဲ့ရလဲ မင်းတို့သိလား ရုတ်တရက် တိုက်ခိုက်ခံရပြီး တစ်စက္ကန့်အတွင်း အသတ်ခံလိုက်ရမလားဆိုပြီး ကြောက်နေခဲ့ရတာ။ အကြောက်တရား ရှိနေတာက သဘာဝပဲ မဟုတ်လား”
အမှန်အတိုင်းပြောရလျှင် ဤနတ်ဘုရားအဆင့် သတ္တဝါငါးကောင်မှာ ကံဆိုးကြသူများ ဖြစ်သည်။ မူလက သူတို့ကို သန့်ရှင်းသော မျက်လုံး အရှင်သခင်၏ ယုံကြည်စိတ်ချရသော နတ်ဘုရားအဆင့် လင်းနို့က အစည်းအဝေးတစ်ခုအတွက် ခေါ်ယူခဲ့ခြင်းပင်။ ဂြိုလ်ပြင်ပစစ်မြေပြင်တွင် အလှည့်ကျ ကင်းစောင့်ရန် နတ်ဘုရားအဆင့် သတ္တဝါများ လိုအပ်နေသောကြောင့်ပင်။
သို့သော် နတ်ဘုရားအဆင့် သတ္တဝါများကို မျက်စိတစ်မှိတ်အတွင်း သတ်ဖြတ်နိုင်သော လူသားပါရမီရှင်တစ်ဦး ပေါ်ထွက်လာကတည်းက သူတို့သည် စစ်မြေပြင်သို့ မသွားရဲကြတော့ပေ။ အထူးသဖြင့် အလွန်ကြီးမားသော သားရဲလှိုင်းများ ဖြစ်ပေါ်နေသည့် ယခုကဲ့သို့ အချိန်မျိုးတွင် ထိုလျှို့ဝှက်ဆန်းကြယ်သော ကျွမ်းကျင်သူမှာ စစ်မြေပြင်ကို အမြဲတစေ ပတ်ကင်းလှည့်နေပြီး ပေါ်လာသမျှ နတ်ဘုရားအဆင့် သတ္တဝါမှန်သမျှကို ရှင်းလင်းနေမည်မှာ အသေအချာပင်။
ဤကဲ့သို့သော အခြေအနေမျိုးတွင် မည်သည့်သတ္တဝါမျှ စစ်မြေပြင်သို့ မသွားရဲကြသော်လည်း စစ်မြေပြင်တွင် နတ်ဘုရားအဆင့် ကင်းစောင့်များ မရှိ၍လည်း မဖြစ်ချေ။ တရားမျှတမှုရှိစေရန်အတွက် သူတို့သည် မဲနှိုက်ရန် ဆုံးဖြတ်ခဲ့ကြသည်။
ကံဆိုးစွာဖြင့် ဤနတ်ဘုရားအဆင့် သတ္တဝါငါးကောင်မှာ မဲပေါက်သွားခဲ့ခြင်းပင်။ သူတို့ မလာချင်သော်လည်း လာရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိခဲ့ပေ။
သူတို့ အချင်းချင်း ငြင်းခုံနေကြစဉ်မှာပင် ဝေးကွာသော အရပ်မှ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါ ငါးဆယ်ခန့် ချဉ်းကပ်လာရာ တာဝန်ရှောင်ရန် ကြိုးစားနေကြသော နတ်ဘုရားအဆင့် သတ္တဝါငါးကောင်မှာ ချက်ချင်း ထိတ်လန့်သွားကြသည်။
ကြောက်စရာကောင်းတဲ့ ကျွမ်းကျင်သူနဲ့ တိုးမိပြီလား။ တစ်နာရီပဲ ရှိသေးတယ်။ ငါတို့ရဲ့ ကံကြမ္မာက တကယ်ကို ဆိုးလွန်းတယ်။
“ကံကောင်းတာက ဒါတွေက သွေးသားချီစွမ်းအင် ၁၅ သန်းစီပဲရှိတဲ့ လူငါးဆယ်ထဲပါ။ သိပ်ပြီးတော့ ကြောက်စရာမပါဘူး”
သွေးသားချီစွမ်းအင် ၁၅ သန်းစီရှိသော လူသားကျွမ်းကျင်သူ ငါးဆယ်နှင့် ရင်ဆိုင်ရလျှင်ပင် သွေးသားချီစွမ်းအင် သန်း ၂၀ ရှိသော ဤနတ်ဘုရားအဆင့် သတ္တဝါငါးကောင်က အနည်းဆုံးတော့ အကျအဆုံးမရှိဘဲ ကိုယ့်ကိုကိုယ် ကာကွယ်နိုင်စွမ်း ရှိကြသည်။
“အခြေအနေ တစ်ခုခုထူးခြားတာနဲ့ ချက်ချင်း နောက်ဆုတ်ကြမယ်”
မကြာမီမှာပင် ထိုအရှိန်အဝါ ငါးဆယ်မှာ သူတို့ရှေ့သို့ ရောက်လာကြပြီး ထိုကျွမ်းကျင်သူ ငါးဆယ်မှာ မည်သို့ပုံစံရှိကြောင်း မြင်လိုက်ရသည်။
“စက္ကူရုပ်တွေလား ဒါတွေက စက္ကူရုပ်တွေလား”
သတ္တဝါတစ်ကောင်က အော်ဟစ်လိုက်သည်။
“ဒါက ကောင်းကင်ဘုံပေး နတ်ဘုရားအတတ်ပညာဖြစ်ရမယ်”
“ဘယ်လို အတတ်ပညာမျိုးက သွေးသားချီစွမ်းအင် ၁၅ သန်းရှိတဲ့ စက္ကူရုပ် ငါးဆယ်အထိ ဖန်တီးနိုင်တာလဲ”
အနည်းဆုံးတော့ သူတို့မှာ ထိုကဲ့သို့သော အတတ်ပညာမျိုး မရှိကြချေ။
ဤစက္ကူရုပ် ငါးဆယ်မှာ ရွှီရန်က စစ်မြေပြင်တွင် ချထားခဲ့ခြင်းပင်။ မိုဓားစစ်သည်တော် ငါးဆယ် သူတို့သည် ရွှီရန်ကဲ့သို့ စစ်မြေပြင်တစ်ခုလုံးကို မရှင်းလင်းနိုင်သော်လည်း အခြေအနေကို ထိန်းချုပ်ထားနိုင်ရန်နှင့် ရွှီရန်အတွက် သန့်စင်ခြင်းဗျူဟာများ ရေးထွင်းရန်နှင့် မြေကမ္ဘာကြောရိုးပန်းပွင့်များကို နိုးထစေရန် အချိန်ပိုရစေရန် အထောက်အကူပြုကြသည်။
မိုဓားစစ်သည်တော်များမှာ နတ်ဘုရားအဆင့် သတ္တဝါငါးကောင်၏ ရှေ့သို့ ရောက်လာသောအခါ မည်သည့်စကားမျှ မပြောဘဲ သူတို့၏ ဓားများကို မြှောက်ကာ တိုက်ရိုက် ခုတ်ပိုင်းလိုက်ကြတော့သည်။