အခန်း (၃၇၀)
Vol. 37 Ch. 370
“နည်းနည်းလောက် အပြန်အလှန် တိုက်ခိုက်ပြရအောင်။ အဓိကကတော့ ဟန်ပြလုပ်ဖို့ပဲ။ အဲဒီစက္ကူရုပ်တွေရဲ့ ဓားချက် တစ်ချက်စ၊ နှစ်ချက်စလောက် အထိခံလိုက်မှ ငါတို့ ပြန်သတင်းပို့တဲ့အခါ သက်သေပြလို့ရမှာ”
“သဘောတူတယ်”
“ဒါက တကယ့်ကို ပါးနပ်တဲ့ လုပ်ရပ်ပဲ”
ထိုနတ်ဘုရားအဆင့် သတ္တဝါငါးကောင်မှာ ဤနည်းလမ်းကိုသုံး၍ စစ်မြေပြင်မှ ခိုးထွက်ရန် ကြံစည်နေကြခြင်းပင်။ ထို့ကြောင့် သူတို့သည် မိုဓားစစ်သည်တော်၏ ဓားချက်များဆီသို့ တမင်တကာ တိုးဝင်သွားကြသည်။
“ရွှပ်”
ဓားသွားက အရေပြားကို ခုတ်ပိုင်းလိုက်သံမှာ ပုံမှန်ထက်ပင် ပို၍ကြည်လင်နေသည်။ ဒဏ်ရာရသွားသော နတ်ဘုရားအဆင့် သတ္တဝါမှာလည်း ထိုအမာရွတ်ကို ကုသရန် မကြိုးစားပေ။ အကြောင်းမှာ ဤဒဏ်ရာသည် သူတို့ တကယ်တိုက်ခိုက်ခဲ့ကြောင်း သက်သေဖြစ်နေ၍ပင်။
သို့သော် မကြာမီမှာပင် သူတစ်ခုခု မှားယွင်းနေကြောင်း သတိထားမိလိုက်သည်။ စက္ကူဓားကြောင့် ရရှိလာသော ဒဏ်ရာမှာ သာမန်မျက်စိဖြင့် မြင်နိုင်လောက်သည့် အရှိန်ဖြင့် ပျံ့နှံ့လာနေခြင်းပင်။
အခြေအနေ မဟန်တော့ကြောင်း သိသည်နှင့် သူတို့သည် ဒဏ်ရာကို ချက်ချင်း ကုသရန် ကြိုးစားကြသော်လည်း မည်သို့ပင်လုပ်စေကာမူ ဒဏ်ရာမှာ ပျံ့နှံ့မြဲ ပျံ့နှံ့နေဆဲပင်။
“မဖြစ်နိုင်တာ ဒီစက္ကူရုပ်တွေရဲ့ ဓားတွေမှာ တစ်ခုခု မှားနေပြီ”
ထိုအော်ဟစ်သံကြောင့် ကျန်သည့် နတ်ဘုရားအဆင့် သတ္တဝါလေးကောင်မှာ တုံ့ဆိုင်းသွားကြပြီး သူတို့၏ လှုပ်ရှားမှုများမှာ စက္ကန့်ပိုင်းမျှ နှေးကွေးသွားသည်။
“ရွှပ်”
“ရွှပ်”
“ရွှပ်”
“ရွှပ်”
သူတို့၏ လက်မောင်းများပေါ်တွင်လည်း ဓားချက် တစ်ချက်စီ ကျရောက်သွားပြီးနောက် ထူးဆန်းမှုကို ခံစားလိုက်ရသည်။ ဒဏ်ရာများမှာ ကုသ၍ မရနိုင်သည့်အပြင် ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများဆီသို့ အလွန်လျင်မြန်စွာ ပျံ့နှံ့သွားကြသည်။
“မထူးတော့ဘူး ငါ အစွမ်းကုန် ကြိုးစားကြည့်ပြီးပြီ။ ဒါပေမဲ့ ဒဏ်ရာ ပျံ့နှံ့တာကို တားလို့မရဘူး”
မိုဓားဒဏ်ရာကို ပထမဆုံး ရရှိခဲ့သည့် သတ္တဝါက အော်ပြောလိုက်သည်။
အခြား ရွေးချယ်စရာ မရှိတော့ချေ။
ဤအရေးကြီးသော အချိန်တွင် နတ်ဘုရားအဆင့် သတ္တဝါငါးကောင်မှာ သူတို့၏ လက်များကို မြှောက်ကာ သူတို့၏ လက်မောင်းများကို ကိုယ်တိုင် ဖြတ်တောက်လိုက်ကြတော့သည်။ ဤသို့ပြုလုပ်မှသာ ဒဏ်ရာပျံ့နှံ့မှုကို တားဆီးနိုင်ပြီး သူတို့၏ အသက်ကို ကယ်တင်နိုင်မည်ပင်။
လက်မောင်းတစ်ဖက်စီ ဆုံးရှုံးသွားသောအခါ သူတို့၏ တိုက်ခိုက်ရေးစွမ်းရည်မှာ သိသိသာသာ လျော့ကျသွားခဲ့ပြီဖြစ်ရာ သွေးသားချီစွမ်းအင်တန်ဖိုး ၁၅ သန်းစီရှိသော ပြိုင်ဘက်ငါးဆယ်ကို ဆက်လက်ရင်ဆိုင်နေခြင်းမှာ ပညာရှိရာမကျပေ။
“ဆုတ်မယ် အခုချက်ချင်း ဆုတ်ကြစို့”
တစ်နာရီအတွင်းမှာပင် သူတို့သည် ဆိုးရွားလှသော ရှုံးနိမ့်မှုနှင့် ရင်ဆိုင်ခဲ့ရပြီး နောက်ဆုတ်ခဲ့ရသည်။ သို့သော်လည်း သူတို့တွင် အခြားနည်းလမ်း မရှိခဲ့ပေ။ ဤကဲ့သို့ ကုသ၍မရသော ဒဏ်ရာမျိုးကို သူတို့တစ်ခါမှ မကြုံဖူးခဲ့သဖြင့် ထွက်ပြေးရန်သာ တတ်နိုင်ကြသည်။
ထို့ပြင် ဤအရာမှာ နည်းဗျူဟာအရ နောက်ဆုတ်ခြင်းဖြစ်ရာ နတ်ဘုရားအဆင့် လင်းနို့ဘုရင်ကပင် သူတို့ကို ပြစ်ဒဏ်ပေးရန် ခက်ခဲလိမ့်မည်ဖြစ်သည်။
လက်တစ်ဖက်စီ ပြတ်လျက် စိတ်ပျက်လက်ပျက်ဖြင့် ပြန်လာကြသော နတ်ဘုရားအဆင့် သတ္တဝါငါးကောင်၏ သတင်းမှာ နတ်ဘုရားအဆင့် သတ္တဝါများအကြား လျင်မြန်စွာ ပျံ့နှံ့သွားသည်။ ကုသ၍မရသော ဓားဒဏ်ရာများအကြောင်းမှာလည်း အားလုံး၏ကြားတွင် လူသိများသွားတော့သည်။
နတ်ဘုရားအဆင့် သတ္တဝါဆယ်ကောင်ကို မျက်စိတစ်မှိတ်အတွင်း သတ်နိုင်သည့် ထိပ်တန်းကျွမ်းကျင်သူနှင့်ပင် မတွေ့ရသေးဘဲ သူတို့ထက် အားနည်းသော စက္ကူရုပ် ငါးဆယ်ကြောင့်ပင် ဤမျှအထိ ဖြစ်သွားရခြင်းမှာ ကြောက်စရာကောင်းလှသည်။
နတ်ဘုရားအဆင့် လင်းနို့ဘုရင်မှာ မျက်လုံးများကို မှေးစပြုလျက် တစ်နာရီသာ ကြာပြီးနောက် ပြန်ရောက်လာသည့် နတ်ဘုရားအဆင့် သတ္တဝါငါးကောင်ကို စူးစိုက်ကြည့်နေသည်။
“အရှင်... ဒီစက္ကူရုပ်တွေရဲ့ နည်းလမ်းတွေက တကယ့်ကို ဆန်းကြယ်လွန်းပါတယ်။ ကျွန်တော်တို့ အသက်ရှင်ဖို့အတွက် ကိုယ့်လက်မောင်းကိုယ် ပြန်ဖြတ်ခဲ့ရပါတယ်”
“အမှန်ပါပဲ။ ဒီလိုနည်းလမ်းမျိုးကို တစ်ခါမှ မမြင်ဖူးခဲ့သလို ကျွန်တော်တို့မှာလည်း ခုခံနိုင်စွမ်း မရှိပါဘူး”
“ကျွန်တော်တို့ ငါးကောင်စလုံး သွေးသားချီစွမ်းအင် သန်း ၂၀ စီ ရှိနေတာတောင် သူတို့ကို မနိုင်ခဲ့ဘူး”
“ဒီလို ထူးဆန်းတဲ့ နည်းလမ်းတွေကို ရင်ဆိုင်ဖို့ဆိုရင် ပိုပြီးတော့ အစွမ်းထက်တဲ့ ပုဂ္ဂိုလ်တွေ လိုအပ်မှာပါ”
ထိုထူးဆန်းသော စက္ကူရုပ်တပ်မဟာ၏ ခြိမ်းခြောက်မှုကို ဖြေရှင်းနိုင်မှသာ သူတို့၏ ရှင်သန်မှု အခြေအနေမှာ ပိုမိုကောင်းမွန်လာမည်ဖြစ်သည်။
နတ်ဘုရားအဆင့် လင်းနို့ဘုရင်မှာ သူတို့၏ စကားကို နားထောင်ပြီးနောက် အတွေးနက်သွားသည်။ အမှန်စင်စစ် သူသည် ဂြိုလ်ပြင်ပစစ်မြေပြင်တွင် ဖြစ်ပျက်သမျှကို စောင့်ကြည့်နေခဲ့ခြင်းပင်။ အစပိုင်းတွင် သားရဲများက မိုဓားများဆီသို့ တမင်တကာ တိုးဝင်သွားခဲ့သည်မှအပ အခြားဘာမှ မှားယွင်းနေပုံမပေါ်ခဲ့ပေ။
သို့သော်လည်း ထိုကဲ့သို့ တမင်တကာ မပြုလုပ်ခဲ့လျှင် ဤပြဿနာကို အချိန်မီ သတိထားမိကြလိမ့်မည် မဟုတ်ပေ။ ထို့ပြင် ထူးဆန်းသော စက္ကူရုပ်တပ်မဟာအပြင် အရိပ်ထဲတွင် ပုန်းကွယ်နေသော ဆရာကြီးတစ်ဦးလည်း ရှိနေသေးသည်။ ဤအချက်များအားလုံးကို ပေါင်းစပ်လိုက်သောအခါ လင်းနို့ဘုရင်မှာ ပို၍ သတိထားလာရသည်။
အစည်းအဝေးသို့ တက်ရောက်လာကြသော အခြားနတ်ဘုရားအဆင့် သတ္တဝါများသည်လည်း ထိုအကြောင်းကို ကြားပြီးနောက် သူတို့၏ ခေါင်းများကို တစ်ဖက်သို့ လွှဲလိုက်ကြတော့သည်။
စေလွှတ်လိုက်သည့် ငါးကောင်စလုံး ကျရှုံးသွားသည်မှာ ထင်ရှားလှပေရာ ဂြိုလ်ပြင်ပစစ်မြေပြင်အတွက် စေတနာ့ဝန်ထမ်းအသစ်များ ထပ်မံလိုအပ်လာပြီဖြစ်သည်။
ထို ဂုဏ်ထူးဆောင်တာဝန်ကလည်း သူတို့အပေါ်သို့သာ သဘာဝကျကျ ကျရောက်လာတော့မည်ပင်။
အစကမူ ဂြိုလ်ပြင်ပစစ်မြေပြင်သို့ ထိုးဖောက်ဝင်ရောက်ခြင်းမှာ ဘေးကင်းမည်ဟု ထင်မှတ်ထားခဲ့သော်လည်း ထူးဆန်းလှသော မိုဓားစက္ကူရုပ်တပ်မဟာကြောင့် ထိုမျှော်လင့်ချက်များမှာ အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားခဲ့ရပြီဖြစ်သည်။
“အရှင်... ဒီဆန်းကြယ်တဲ့ စက္ကူရုပ်တပ်မဟာဆိုတာ လူသားတစ်ယောက်ယောက်က ရရှိထားတဲ့ ကောင်းကင်ဘုံပေး ဆုလာဘ်တစ်ခု ဖြစ်ရပါမယ်။ တကယ်လို့ ကျွန်တော်တို့သာ အဲဒီလူသားကို ရှာဖွေပြီး သတ်ပစ်နိုင်ရင် ဒီပြဿနာက ပြေလည်သွားမှာပါ”
မိစ္ဆာသတ္တဝါတစ်ကောင်က အကြံပြုလိုက်သည်။
ကျန်သည့် မိစ္ဆာများအားလုံးက သူ့ကို အံ့အားသင့်စွာ စိုက်ကြည့်လိုက်ကြသည်။
“ကောင်းတဲ့အကြံပဲ တကယ့်ကို ကောင်းတဲ့အကြံ”
“ပုံမှန်ဆိုရင် ထုံထုံအအနိုင်လှတဲ့ တစ်ယောက်က အခုလို အရေးကြီးတဲ့အချိန်မှာ ဒီလိုနည်းလမ်းမျိုး စဉ်းစားမိလိမ့်မယ်လို့ မထင်ထားခဲ့ဘူး”
“ဒါဆိုရင် ဂြိုလ်ပြင်ပစစ်မြေပြင်ကို သွားဖို့အတွက် အာရုံခံနိုင်စွမ်း ကျွမ်းကျင်တဲ့ နတ်ဘုရားအဆင့် သတ္တဝါတစ်ကောင် လိုအပ်တာပေါ့”
နတ်ဘုရားအဆင့် သတ္တဝါအားလုံးက ထိုအစီအစဉ်ကို သဘောတူကြသည်။ အဘယ်ကြောင့်ဆိုသော် သူတို့ထဲတွင် အာရုံခံနိုင်စွမ်း ကောင်းသူ တစ်ကောင်မှ မရှိသောကြောင့်ပင် တစ်ကောင်မှအပပေါ့။ ထိုတစ်ကောင်မှာ အာရုံခံအတတ်တွင် အထူးကျွမ်းကျင်သူ ဖြစ်သည်။
ထင်ရှားသည်မှာ သူတို့အားလုံးက ထိုတစ်ကောင်ကို မီးပုံထဲသို့ တွန်းပို့နေခြင်းပင်။
သူ၏ အာရုံခံပါရမီက အားကောင်းသော်လည်း တိုက်ခိုက်ရေးစွမ်းရည်မှာမူ အားနည်းလှသည်။ စက္ကူရုပ်တပ်မဟာ သို့မဟုတ် ထိုနတ်ဘုရားအဆင့် ဆရာကြီးနှင့်သာ ထိပ်တိုက်တိုးပါက ထွက်ပြေးလွတ်မြောက်ရန် အခွင့်အရေးရှိမည်မဟုတ်ဘဲ အသက်ဆုံးရှုံးရနိုင်ခြေ အလွန်များသည်။
ဒါက တကယ် သေနိုင်တာပဲ။
မဖြစ်ဘူး ဘယ်လိုမှ မသွားနိုင်ဘူး။
“အရှင်... ဒီကိစ္စကို သန့်ရှင်းသော မျက်လုံး အရှင်သခင်ဆီကို သတင်းပို့ပြီး အထွတ်အထိပ် ပုဂ္ဂိုလ်ကြီးကိုပဲ ဆုံးဖြတ်ခိုင်းသင့်ပါတယ်”
လင်းနို့ဘုရင်သည်လည်း လက်ရှိရောက်နေသော နတ်ဘုရားအဆင့် သတ္တဝါများထဲတွင် သူအပါအဝင် မည်သူမျှ စွန့်စားရဲခြင်း မရှိသည်ကို သိရှိသည်။ ယခင်ကဆိုလျှင် နတ်ဘုရားအဆင့် သတ္တဝါတစ်ကောင်ကို သတ်ဖြတ်နိုင်သည့် မည်သည့်နည်းလမ်းမျှ မရှိခဲ့ပေ။
သို့သော် သဲကန္တာရ ကပ်ဘေးနတ်ဘုရားအသတ်ခံရပြီးကတည်းက ဂြိုလ်ကြီးသုံးလုံးအတွက် ဆိုးကျိုးများမှာ တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာတော့သည်။ ထို့ကြောင့် ဤပြဿနာကို အရှင်သခင်ထံ သတင်းပို့ခြင်းမှာ အကောင်းဆုံးရွေးချယ်မှု ဖြစ်ပေလိမ့်မည်။
အရှင်သခင်တွင် ဤပြဿနာကို ဖြေရှင်းနိုင်မည့် နည်းလမ်းအမှန်တကယ် ရှိကောင်းရှိပေလိမ့်မည်။
...
ဆန်းကြယ်၍ ကြောက်မက်ဖွယ်ကောင်းသော ဟင်းလင်းပြင်တစ်ခုထဲတွင် ထိတ်လန့်ဖွယ်ရာ ပုံရိပ်ကြီးများစွာမှာ မြင့်မားစွာ ရပ်တည်နေကြသည်။ ၎င်းတို့၏အလယ်တွင် စာလုံးအနီရောင်များ ပါရှိသော နက်မှောင်သည့် လိပ်ခွံတစ်ခုမှာ လွင့်မြောနေပြီး ရောက်ရှိနေကြသော အရှင်သခင်များကို အတွေးနက်သွားစေသည်။
အရှင်သခင်များ ကျဆုံးခြင်း….
ထိုသွေးရောင်စာလုံးလေးလုံးက သူတို့၏နှလုံးသားကို ပြင်းထန်စွာ ရိုက်ခတ်နေသည်။
သူတို့၏ အင်အားအကြီးဆုံး ပုဂ္ဂိုလ်များဖြစ်သော အရှင်သခင်များသည် သန်းပေါင်းများစွာသော နှစ်များတိုင်အောင် မသေနိုင်သော အသွင်ဖြင့် တည်ရှိခဲ့ကြသော်လည်း သူတို့၏ ပရောဟိတ်အတတ်ဟု ယူဆထားသော လိပ်ခွံကမူ ဤရလဒ်ကို ညွှန်ပြနေသည်။ သူတို့ကိုယ်တိုင်ပင် အနည်းငယ် လမ်းပျောက်သကဲ့သို့ ခံစားလိုက်ရသည်။
သန့်ရှင်းသော မျက်လုံး အရှင်သခင်က ထိုနိမိတ်ကို လေ့လာရင်း မေးလိုက်သည်။
“အရင်တုန်းကရော ဒီနိမိတ်ဖတ်တာတွေ မှားဖူးတာ ရှိသလား”
အရှင်သခင်တစ်ဦး ကျဆုံးခြင်းမှာ တစ်ခါမှ မဖြစ်ပေါ်ဖူးသလို၊ သူတို့ကိုယ်တိုင်လည်း သူတို့ကို ကျဆုံးစေနိုင်မည့် မည်သည့် အဖြစ်အပျက်မျိုးကိုမျှ အာရုံမခံမိကြချေ။ ထို့ကြောင့် ဤလိပ်ခွံမှာ ပြဿနာရှိနေသလားဟုသာ သူတို့ သံသယဝင်နေကြသည်။
ခက်ထန်သော အသံတစ်ခုက ပြန်လည်တုံ့ပြန်သည်။
“လိပ်ခွံရဲ့ နိမိတ်က ဘယ်တုန်းက မှားဖူးလို့လဲ တစ်ခါ ပေါ်လာပြီဆိုရင် အဲဒါက တကယ့်အမှနတရားပဲ။ မလွဲမသွေ ဖြစ်လာမှာပဲ”
ဤအချက်က အရှင်သခင်များကို အဖြစ်မှန်ကို လက်ခံရန်မှတစ်ပါး အခြားမရှိတော့ပေ။ ယခု ဂြိုလ်ကြီးသုံးလုံး၏ အဓိက အာရုံစိုက်ရာမှာ အပြာရောင်ကြယ်ဂြိုလ်ပင်။ သူတို့ ဘယ်သောအခါမှ ထိုးဖောက်၍ မရနိုင်သေးသော ရှေ့တန်းစစ်မျက်နှာပြင်လည်း ဖြစ်သည်။
ထို့ကြောင့် အရှင်သခင်တစ်ဦး ကျဆုံးမည်ဆိုလျှင် အပြာရောင်ကြယ်ဂြိုလ်ပေါ်မှ တစ်စုံတစ်ရာသော အပြောင်းအလဲကြောင့်သာ ဖြစ်ပေလိမ့်မည်။ ကံကောင်းသည်မှာ အပြာရောင်ကြယ်ဂြိုလ်၏ ကန့်သတ်ချက်များကြောင့် အရှင်သခင်များမှာ သူတို့၏ ခန္ဓာကိုယ်အစစ်အမှန်ဖြင့် ဆင်းသက်ရန်အတွက် ကြီးမားသော တန်ဖိုးကို ပေးဆပ်ရမည်ဖြစ်ရာ သူတို့၏ ကိုယ်ပွားများသာ ရှိနေကြခြင်းပင်။ ဆိုလိုသည်မှာ လက်ရှိတွင် သူတို့ကိုယ်တိုင် ဘေးကင်းနေသေးသည်။
သန့်ရှင်းသော မျက်လုံး အရှင်သခင် “လောလောဆယ်တော့ မင်းတို့ရဲ့ လက်အောက်ခံတွေကို အပြာရောင်ကြယ်ဂြိုလ်ပေါ်က အခြေအနေမှန်သမျှကို အနီးကပ် စောင့်ကြည့်ခိုင်းထားပါ။ အရှင်သခင် ကျဆုံးမယ့် ကိစ္စဖြစ်လာရင် အဲဒီမှာပဲ ဖြစ်မှာ”
အခြား အရှင်သခင်တစ်ဦးကလည်း သဘောတူသည်။
“အပြာရောင်ကြယ်ဂြိုလ်ဆိုတာ ပါရမီရှင်တွေ အများကြီး ပေါ်ထွက်ခဲ့တဲ့ အံ့ဖွယ်ဂြိုလ်ပဲ။ ဒီလို စွမ်းဆောင်နိုင်စွမ်းရှိတာ မဆန်းပါဘူး”
“နိမိတ်က မပြောင်းမချင်း မမျှော်လင့်ထားတဲ့ အကျိုးဆက်တွေကို ကာကွယ်နိုင်ဖို့ အသင့်အနေအထားမှာပဲ နေကြရအောင်”
“သဘောတူတယ်”
နိမိတ်မပြောင်းမချင်း သူတို့၏ နေရာများကို ထိန်းသိမ်းထားရန် အရှင်သခင်များ အမြန်ဆုံး သဘောတူညီလိုက်ကြသည်။ အကြောင်းမှာ နိမိတ်ဟူသည် လက်ရှိအခြေအနေပေါ် မူတည်၍ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သောကြောင့်ပင်။ အပြာရောင်ကြယ်ဂြိုလ်ပေါ်တွင် တစ်ခုခုဖြစ်သွားပါက နိမိတ်၏ အကြောင်းအရာမှာလည်း ပြောင်းလဲသွားနိုင်သည်။
"ဒါ့အပြင် အနန္တကာလပတ်လုံး တည်ရှိလာခဲ့တဲ့ အရှင်သခင်တွေအနေနဲ့ ဘယ်သူကများ အလိုအလျောက် ကျဆုံးသွားချင်မှာလဲ"
ထိုအချိန်တွင် သန့်ရှင်းသော မျက်လုံး အရှင်သခင်က တစ်ခုခုကို သတိရသွားသည်။
“မသေနိုင်သော ရန်ငြိုးဖွဲ့သားရဲရော သူ ဘယ်ရောက်သွားလဲ”
မသေနိုင်သော ရန်ငြိုးဖွဲ့သားရဲမှာ သူတို့နှင့် အဆင့်အတန်းတူညီပြီး အလွန်အင်အားကြီးမားကာ အရှင်သခင်အားလုံးထဲတွင် ထိပ်ဆုံးငါးဦးစာရင်းဝင်သည်။ သို့သော် သူ၏ သတ်ဖြတ်လိုစိတ်နှင့် ခန့်မှန်းရခက်သော စိတ်နေစိတ်ထားကြောင့် အခြားအရှင်သခင်များမှာ သူနှင့် သိပ်ပြီး မပတ်သက်လိုကြပေ။ ထို့ပြင် သူသည် ယခုကဲ့သို့ အစည်းအဝေးများကို တက်ရောက်လေ့မရှိရာ တစ်ကြိမ်၊ နှစ်ကြိမ် ပျောက်နေခြင်းမှာ ထူးဆန်းသည်မဟုတ်ပေ။
“ဘယ်သူသိမှာလဲ သူလည်း အပြင်မှာ သွေးဆာပြီး အဆိပ်အတောက်တွေ ရှာဖွေနေပြန်ပြီ ထင်တာပဲ။ အစည်းအဝေး မတက်တာ သူ ပထမဆုံးအကြိမ်မှ မဟုတ်တာ”