နယ်ပယ်အဆင့် ပညာရှင်များ၏ ဆရာလော
Vol. 28 Ch. 272
သူ၏ရုပ်သွင်ကို မည်သူမျှ မမြင်ဖူးကြသော်ငြား ယခုကဲ့သို့ပင် အခမ်းအနားတိုင်း၌ သူက ထွက်ပေါ်လာတတ်မြဲပင် ဖြစ်ချေ၏။
ကျောင်းတော်မှ အခုမှ ဘွဲ့ရကာ အမြုတေဖွဲ့စည်းခြင်း တရားရုံးများတွင် စတင်တာဝန်ထမ်းဆောင်မည့် ကျောင်းသားသစ်ပင်ဖြစ်စေ၊ နယ်ပယ်အဆင့် တရားရုံးများသို့ ရာထူးတိုးမြှင့်ခံရသည့် တရားသူကြီးပင်ဖြစ်စေ၊ ဥက္ကဋ္ဌက ချီးကျူးဂုဏ်ပြုကြောင်းနှင့် အတည်ပြုကြောင်း စကားတစ်ခွန်းကို အမြဲတမ်း ပေးပို့လေ့ရှိလေသည်။
ထို့အပြင် သူ၏အသံသည် သက်မဲ့အရာဝတ္ထုများအပါအဝင် ထိုနေရာရှိ အရာအားလုံးအပေါ်၌ အမြဲတမ်း တူညီသော သက်ရောက်မှုမျိုး ရှိနေတတ်ပေ၏။
မြင့်မြတ်နယ်မြေနှစ်ခုမှ အကြီးအကဲနှစ်ဦးနှင့် သူတို့ဂိုဏ်း၏ တပည့်များမှာ ထိုခဏတာ အတွေ့အကြုံကြောင့် အံ့ဩတုန်လှုပ်သွားကာ မျက်လုံးများပင် ပြူးကျယ်သွားကြလေ၏။ အထူးသဖြင့် အကြီးအကဲနှစ်ဦးမှာ ပို၍ပင် အံ့ဩနေကြတော့သည်။
တပည့်များ၊ အထူးသဖြင့် နန်းတော်အဆင့် တပည့်များ ထိုအသံ၏ လွှမ်းမိုးမှုကို ခံရခြင်းက ထူးဆန်းလှသည်တော့ မဟုတ်ပေ။ အကယ်၍ သူတို့သာ အလိုရှိပါက ထိုအတိုင်း အတိအကျ လုပ်ဆောင်နိုင်စွမ်း ရှိကြသော်လည်း သူတို့ကိုယ်တိုင်ပင် ထိုအသံ၏ သက်ရောက်မှုကို ခံလိုက်ရကြောင်း သိလိုက်ရချိန်တွင်မူ အလွန်အမင်း အံ့ဩမှင်တက်သွားကြလေတော့၏။
သူတို့သည် တောင်ပိုင်းတိုက်ကြီး တစ်ခုလုံးတွင် ထိပ်တန်းနယ်ပယ်အဖြစ် လူအများက လက်ခံထားကြသော ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ပညာရှင်များ ဖြစ်ကြပေသည်။
ထို့ပြင် သူတို့က မြင့်မြတ်နယ်မြေများမှ ဝိညာဉ်ဖွဲ့စည်းခြင်း ကျွမ်းကျင်သူများ ဖြစ်သည့်အတွက် အခြားသော ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ပညာရှင်များထက်ပင် တစ်ပန်းသာနေသေး၏။ သို့ရာတွင် ထိုအသံ ရိုက်ခတ်လာချိန်၌ သူတို့သည်လည်း ချီသန့်စင်ခြင်းအဆင့် ဧည့်သည်များနည်းတူ မည်သို့မျှ ခုခံနိုင်စွမ်း မရှိခဲ့ကြချေ။
ထိုဖြစ်ရပ်၏ သက်ရောက်မှုက သူတို့၏ နှလုံးသားများဆီသို့ တုန်လှုပ်မှုလှိုင်းဂယက်များ ရိုက်ခတ်သွားစေတော့သည်။ လူတစ်ယောက်၏ ကျင့်ကြံခြင်းအဆင့် မြင့်မားလေလေ သက်ရောက်မှုများ၏ သဘောသဘာဝကို ပို၍ နားလည်လေလေ ဖြစ်ပေသည်။
ချီသန့်စင်ခြင်း ကျင့်ကြံသူများ သို့မဟုတ် အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူများအတွက်မူ ၎င်းကို အလွယ်တကူ လျစ်လျူရှုကာ စိတ်လှုပ်ရှားဖွယ် အတွေ့အကြုံတစ်ခုအဖြစ်သာ တွေးတောကြလိမ့်မည် ဖြစ်သော်လည်း သူတို့အတွက်ကမူ ထိုကိစ္စကို ရှုမြင်ပုံချင်း လုံးဝကွာခြားလှပေ၏။
အသံပိုင်ရှင်က သူတို့၏ ကာကွယ်မှုပေါင်းများစွာကြားမှ စက္ကန့်အနည်းငယ်အတွင်း အသံတစ်သံတည်းဖြင့် သူတို့ထံမှ စိတ်လှုပ်ရှားမှုအခြေအနေတစ်ခုကို လှုံ့ဆော်နိုင်ခဲ့ခြင်းကြောင့် အကယ်၍ ထိုအသံပိုင်ရှင်သာ အလိုရှိပါက သူတို့ကို လျှပ်တစ်ပြက်အတွင်း မသိမသာ တိုက်ခိုက်နိုင်စွမ်း ရှိသည်ဟူသော အဓိပ္ပာယ်ပင် ဖြစ်ချေသည်။
အကယ်၍ ထိုအသံပိုင်ရှင်ကသာ သူတို့ကို သတ်ရန် ဆုံးဖြတ်လိုက်ပါက သူတို့တွင် မည်မျှပင် စွမ်းရည်များ ရှိနေပါစေ မည်သို့သေဆုံးသွားမှန်းပင် သိလိုက်ရမည် မဟုတ်ပေ။
"တာအိုရောင်းရင်းဟန်... သူတို့ရဲ့ ဥက္ကဋ္ဌက အဲဒီအဆင့်ကို ရောက်နေပြီလို့ ခင်ဗျား ထင်သလား"
အကြီးအကဲလော့ယုံက ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ပညာရှင်တစ်ဦး၏ ဝိညာဉ်အာရုံကို အသုံးပြု၍ သူ၏အသံကို ပို့လွှတ်ကာ မေးမြန်းလိုက်လေ၏။
သူတို့၏ အဆင့်တွင် ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ပညာရှင်တစ်ဦး၏ ဝိညာဉ်အာရုံကို အသုံးပြု၍ ဆယ်စုနှစ်တစ်ခုစာမျှရှိသော အကြောင်းအရာများကို မျက်တောင်တစ်ခတ်အတွင်း ပို့လွှတ်နိုင်စွမ်း ရှိပေသည်။
"ကျုပ်လည်း မသိဘူး... ဒါပေမဲ့ ကျုပ်သိသလောက်ကတော့ ကျုပ်တို့ဂိုဏ်းထဲက ဝိညာဉ်အဆင့် ထိပ်သီးဆရာသခင်တွေရှေ့မှာတောင် အခုလိုမျိုး ဟာလာဟင်းလင်းဖြစ်နေတယ်လို့ တစ်ခါမှ မခံစားခဲ့ရဖူးဘူး...”
“ဒီအဖွဲ့အစည်းက သူတို့ရဲ့ အစွယ်တွေကို တကယ်ပဲ သေသေချာချာ ဖုံးကွယ်ထားတာပဲ... ဒီက ဒုတိယဥက္ကဋ္ဌတောင်မှ ခန့်မှန်းရခက်တဲ့ အငွေ့အသက်မျိုး ရှိနေတယ်"
အကြီးအကဲဟန်မုန့်က လေးနက်တည်ကြည်သော လေသံဖြင့် ပြောလိုက်လေ၏။
"အမှန်ပါပဲ"
အဖွဲ့အစည်းမှ ဝန်ထမ်းများ ထိုင်နေသည့်နေရာသို့ အကြည့်ရောက်သွားချိန်တွင် အကြီးအကဲလော့ယုံ၏ မျက်လုံးများအတွင်း၌ ခန့်မှန်းရခက်သော အလင်းရောင်တစ်ချက် လက်ကနဲဖြစ်သွားကာ ပြောလိုက်လေသည်။
"တာအိုရောင်းရင်းဟန်မုန့်၊ တာအိုရောင်းရင်းလော့ယုံ... နေကြာစေ့လေး ဘာလေး စားကြမလား"
ဒုတိယဥက္ကဋ္ဌမိုယဲ့က ဖိတ်ခေါ်လိုသော အပြုံးတစ်ခုဖြင့် မေးမြန်းလိုက်၏။
မည်သည့်အချိန်ကတည်းကမှန်း မသိရပါဘဲ သူ၏လက်ထဲတွင် ကြွပ်ရွကာ ရွှေညိုရောင်သန်းနေသော နေကြာစေ့များ အပြည့်ပါသည့် အိတ်ဖြူတစ်အိတ်က ထွက်ပေါ်နေခဲ့ချေပြီ။
“အားနာမနေကြပါနဲ့... ဒီဟာတွေက သိပ်အရသာရှိပြီး အကောင်းဆုံးတွေထဲက တစ်ခုပဲ ... ဆေးဖက်ဝင်အပင်ပညာရပ်မှာ ကျွမ်းကျင်တဲ့ ကျွန်တော်တို့ရဲ့ အကြီးအကဲတစ်ယောက်က သူ့ကိုယ်တိုင် ဂရုတစိုက် စိုက်ပျိုးထားတာဗျ…”
“ဒီနေကြာစေ့တွေ ထွက်လာတဲ့ နေကြာပင်ကို နှစ်တစ်သိန်းသက်တမ်းရှိတဲ့ ခရမ်းရောင်မိုးကောင်းကင် အင်ပါယာနွယ်သာကီပင်က ကျလာတဲ့ နှင်းပေါက်တွေနဲ့ ရေလောင်းထားတာလေ”
"ဒါက သူတော်စင်အဆင့် ရတနာတစ်ခုတော့ မဟုတ်ပေမဲ့ သူ့ရဲ့ နှင်းပေါက်တွေကတော့ အဲဒီအဆင့်လောက် ရှိတယ်ဗျ... ရော့... နည်းနည်းလောက် စမ်းစားကြည့်ပါ... ခင်ဗျားတို့ လုံးဝ နောင်တမရစေရဘူးလို့ ကျွန်တော် အာမခံတယ်"
ဒုတိယဥက္ကဋ္ဌမိုယဲ့က ပြောရင်း ထိုအိတ်ကို သူတို့နှစ်ဦးလုံးထံသို့ တွန်းပို့ပေးလိုက်၏။
"တာအိုရောင်းရင်းမိုယဲ့က အခုလို သဘောထားကြီးကြီးနဲ့ ဖိတ်ခေါ်နေမှတော့ ငြင်းဆန်လိုက်ရင် ကျုပ်ဘက်က ရိုင်းရာကျသွားမှာပေါ့"
အကြီးအကဲလော့ယုံက ပြောကာ နေကြာစေ့အနည်းငယ်ကို သပ်ရပ်လှပစွာ ကောက်ယူလိုက်လေသည်။
"ဒီလိုဆိုရင်လည်း တာအိုရောင်းရင်းမိုယဲ့ရဲ့ ကမ်းလှမ်းမှုကို အရှက်မရှိ လက်ခံရတော့မှာပဲ... ကျေးဇူးပါပဲဗျာ"
အကြီးအကဲဟန်မုန့်ကလည်း နေကြာစေ့အနည်းငယ်ကို ကောက်ယူရင်း ပြောလိုက်လေ၏။
သူတို့ နှစ်ဦးစလုံး ထိုနေကြာစေ့များကို စားလိုက်ချိန်တွင် မျက်လုံးများက အရောင်တောက်ပသွားကြလေတော့၏။
"တွေ့လား... စိတ်ပျက်စေမှာ မဟုတ်ဘူးလို့ ကျွန်တော် ပြောသားပဲ"
ဒုတိယဥက္ကဋ္ဌမိုယဲ့က တခစ်ခစ်ရယ်မောရင်း ပြောလိုက်ပြန်သည်။
ထိုအသေးအဖွဲ့ လုပ်ရပ်လေးကို ကျန်ဧည့်သည်များကပါ စောင့်ကြည့်နေခဲ့ကြသည်။ သူတို့က စင်မြင့်ပေါ်တွင် ရှိနေသည့်ရုံသာမက သူတို့၏ နောက်ခံသမိုင်းကြောင်းများနှင့် ရာထူးအဆင့်အတန်းများကြောင့် ဧည့်သည်များ၏ အာရုံစိုက်မှုကို အပြည့်အဝ ရရှိနေကြခြင်း ဖြစ်ပေ၏။
အဖွဲ့အစည်းမှ ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ပညာရှင်များနှင့် မြင့်မြတ်နယ်မြေနှစ်ခုမှ အဖွဲ့ဝင်များကို နှိုင်းယှဉ်လိုက်ပါက အရေးပါသော ဇာတ်ပို့တစ်ဦးအဖြစ်သာ မှတ်ယူနိုင်သည့် ယန်ချင်းထက်ပင် သူတို့က ပို၍ အာရုံစိုက်ခံနေရသည်။
ထိုပညာရှင်သုံးဦး နေကြာစေ့များ ဖလှယ်နေကြခြင်းက ဧည့်သည်များ၏ ပတ်ဝန်းကျင်ရှိ လေထုကို သိသာထင်ရှားစွာ ပေါ့ပါးသွားစေပုံရသည်။
လွန်ခဲ့သည့် တစ်မိနစ်ခန့်ကမူ အထူးသဖြင့် လက်ဆောင်ပေးမည့် အစီအစဉ် ရောက်ရှိလာတော့မည် ဖြစ်၍လေထုမှာအနည်းငယ် အသက်ရှူကြပ်ဖွယ် ဖြစ်နေခဲ့သည်။သို့သော် ဒုတိယဥက္ကဋ္ဌမိုယဲ့၏ လုပ်ရပ်က ထိုလေထုကို အနည်းငယ် သက်သောင့်သက်သာ ဖြစ်သွားစေခဲ့လေပြီ။
"တာအိုရောင်းရင်းဟန်၊ တာအိုရောင်းရင်းယုံ... ကျွန်တော်တို့ရဲ့ နောက်ပိုင်းအစည်းအဝေးမှာ ဥက္ကဋ္ဌကြီးက အားလပ်မှာ မဟုတ်ဘူးလို့ ထင်တယ်...
ဒါပေမဲ့ ကျွန်တော်နဲ့ အဓိပတိအပါအဝင် ဝိညာဉ်ကောင်စီက တခြားအဖွဲ့ဝင်တွေတော့ ရှိနေမှာမို့ ကျွန်တော်တို့နဲ့ပဲ တွေ့ဆုံရတာကို စိတ်အနှောင့်အယှက် မဖြစ်ဘူးလို့ မျှော်လင့်ပါတယ်ဗျာ"
ဒုတိယဥက္ကဋ္ဌမိုယဲ့က ပြောလိုက်လေ၏။
"အိုး... ခန့်မှန်းရခက်တဲ့ အဓိပတိကြီးက ကိုယ်တိုင် ထွက်လာမှာလား"
အကြီးအကဲလော့ယုံက သူ၏လေသံတွင် အမှန်တကယ် အံ့ဩသွားဟန်ဖြင့် မေးမြန်းလိုက်လေ၏။
"ခင်ဗျားတို့ရဲ့ နယ်ပယ်အဆင့် ပညာရှင်အများစုက တစ်ချိန်တုန်းက သူမရဲ့ တပည့်တွေ ဖြစ်ခဲ့ကြတယ်လို့ ကျုပ် ကြားဖူးတယ် ... အဲဒါက တကယ်ပဲလား" ဟု သူက ဆက်ပြောလိုက်ပြန်သည်။
"ဟားဟားဟား ... ဒါက သေချာပေါက် မဖြစ်နိုင်တာပဲလေ ... ခင်ဗျားတို့ ကောင်းကောင်းသိကြတဲ့အတိုင်း ကောလာဟလတွေက အမှန်တရားကို ပုံကြီးချဲ့တတ်ကြတယ် မဟုတ်လား ...
ကျွန်တော်တို့ဆီက နယ်ပယ်အဆင့် ပညာရှင်တချို့က တစ်ချိန်တုန်းက သူမရဲ့တပည့်တွေ ဖြစ်ခဲ့ဖူးတာ မှန်ပေမဲ့ အရေအတွက်ကတော့ သိပ်မများပါဘူးဗျာ"
ဒုတိယဥက္ကဋ္ဌမိုယဲ့က နေကြာစေ့အချို့ကို ဝါးစားရင်း ပြောလိုက်သည်။
"ကျုပ်တို့ကိုယ်တိုင်လည်း နယ်ပယ်အဆင့်ကို ဖြတ်သန်းလာခဲ့ကြသူတွေမို့လို့ ဒီအဆင့်ကို ရောက်ဖို့ဆိုတာ မလွယ်ကူဘူးဆိုတာ သိကြပါတယ် ...
လူတစ်ယောက်တည်းကိုပဲဖြစ်ဖြစ် နယ်ပယ်အဆင့်ကို ရောက်လာအောင် လေ့ကျင့်ပေးနိုင်တယ်ဆိုတာက သူ့ရဲ့ တာအိုအပေါ် နားလည်သဘောပေါက်မှုက ဘယ်လောက်တောင် နက်ရှိုင်းသလဲဆိုတာနဲ့ အဲဒီပညာကို တစ်ပါးသူဆီ လက်ဆင့်ကမ်းပေးနိုင်တဲ့ စွမ်းရည်ကို ပြသနေတာပါပဲ"
"ကျုပ်အမြင်မှာတော့ သူ လေ့ကျင့်ပေးခဲ့တဲ့ နယ်ပယ်အဆင့် ကျင့်ကြံသူ အရေအတွက် ဘယ်လောက်ပဲရှိရှိ အခုလိုမျိုး လုပ်နိုင်ခဲ့တယ်ဆိုတဲ့ အချက်တစ်ခုတည်းနဲ့တင် ကျုပ်ရဲ့ လေးစားမှုကို ရရှိဖို့ ထိုက်တန်နေပါပြီ"
အကြီးအကဲဟန်မုန့်က ပြောလိုက်ပြန်သည်။ သူသည် မည်သည့်အခါကမျှ စကားများတတ်သူတစ်ဦး မဟုတ်သော်လည်း သူ၏ နှစ်သက်မှု၊ မနှစ်သက်မှုများနှင့် ပတ်သက်လာပါက ပုံမှန်အားဖြင့် ပွင့်လင်းစွာ ပြောဆိုတတ်သူ ဖြစ်ပေသည်။
"အဓိပတိ စုလီချိုးက ခင်ဗျားတို့ရဲ့ သဘောထားကို တန်ဖိုးထားမယ်ဆိုတာ ကျွန်တော် သေချာပေါက် ယုံကြည်ပါတယ် ...
သူမက တောက်ပသော ဓားဂိုဏ်းရဲ့ ဓားသိုင်းပညာရပ်တွေနဲ့ စည်းကမ်းပိုင်းကိုရော၊ စီးဆင်းနေသော တောင်ကြားဂိုဏ်းရဲ့ ကောင်းကင်ကို အန်တုတဲ့ ဆေးပညာရပ်တွေကိုပါ အမြဲတမ်း အထင်ကြီး လေးစားခဲ့တာပါ …
သူမအနေနဲ့ ခင်ဗျားတို့ နှစ်ယောက်စလုံးနဲ့ တွေ့ဆုံရတာကို ဝမ်းသာဂုဏ်ယူလိမ့်မယ်လို့ ကျွန်တော် သိပါတယ်"
ဒုတိယဥက္ကဋ္ဌမိုယဲ့က ပြောလိုက်၏။
"ကျုပ်တို့လည်း သူမကို သိကျွမ်းရဖို့ မျှော်လင့်နေပါတယ်"
သူတို့ နှစ်ဦးစလုံးက ပြောလိုက်ကြလေသည်။
'ဘယ်လောက်တောင် ကောက်ကျစ်တဲ့ မြေခွေးအိုကြီးလဲ' ဟု အကြီးအကဲလော့ယုံက တွေးလိုက်၏။
ဒုတိယဥက္ကဋ္ဌမိုယဲ့ ပြောခဲ့သော 'သိပ်မများပါဘူး' ဆိုသည့် စကားသည် အဓိပ္ပာယ်အမျိုးမျိုး ဖွင့်ဆိုနိုင်ရန် လမ်းဖွင့်ပေးထားခြင်းပင် ဖြစ်ချေတော့သည်။
သူတို့သုံးဦး ဤသို့ ဆွေးနွေးနေကြချိန်တွင် တရားသူကြီးချုပ် လိုင်နင်သည် အခမ်းအနား၏ နောက်ဆုံးအဆင့်ဖြစ်သော လက်ဆောင်ပေးမည့် အစီအစဉ်ကို စတင်ရန် အချက်ပြလိုက်လေပြီ။