← Chapters

မြင့်မြတ်နယ်မြေနှစ်ခုထံမှ လက်ဆောင်များ

Vol. 28 Ch. 273

မြင့်မြတ်နယ်မြေနှစ်ခုထံမှ လက်ဆောင်များ

Vol. 28 Ch. 273

"အကြီးအကဲပိုးအိမ်စိမ်း ကျုပ်ကိုများ ပစ်မှတ်‌ထားနေတဲ့ သတ်ဖြတ်လိုစိတ်တွေများ ရှိနေလား…"

မိမိကိုယ်ကိုယ် ပြင်ဆင်ရင်း ယန်ချင်းက မေးလိုက်၏။

အမှန်တရားကို ရင်ဆိုင်ရမည့် အချိန်ရောက်လာလေပြီ။ သူ ဝတ်ဆင်ထားသော သူတော်စင်အဆင့် ရတနာများနှင့် စင်မြင့်ထက်ရှိ ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျွမ်းကျင်သူများအားလုံးသည် ဤအချိန်လေးအတွက် ဤနေရာတွင် ရှိနေကြခြင်း ဖြစ်ပေသည်။

ယန်ချင်းကို ကာကွယ်ပေးရန် မလိုအပ်ဘဲ အခမ်းအနားတွင် သူ၏အဓိကအခန်းကဏ္ဍအတွက်သာ လာရောက်သူအဖြစ် တရားသူကြီးချုပ် လိုင်နင်း တစ်ဦးတည်းကိုသာ သတ်မှတ်နိုင်မည် ဖြစ်၏။ သို့တိုင်အောင် ထိုမျှ အစွမ်းထက်သော ပုဂ္ဂိုလ်တစ်ဦး ရှိနေခြင်းက ယန်ချင်း၏ ရှင်သန်နိုင်စွမ်းကို ထိခိုက်စေမည်တော့ မဟုတ်ချေ။

"သိပ်ပြင်းထန်တာမျိုးတော့ မရှိပါဘူး…ပုံမှန်ပါပဲ… မင်းက သိပ်ပြီး အချစ်ခံရတဲ့သူ မဟုတ်ဘူးမလား…"

ပိုးအိမ်စိမ်းက မေးလိုက်၏။

ထိုမေးခွန်းကို မည်သို့ ဖြေရမည်မှန်း ယန်ချင်း သိပ်မသိပေ။ အဖွဲ့အစည်းက တောင်ပိုင်းတိုက်ကြီးတစ်ဝိုက်ကို ဟန်ချက်ညီအောင် ထိန်းသိမ်းပေးပြီး ပရမ်းပတာဖြစ်မှုများကို လျှော့ချပေးသော်လည်း ကျင့်ကြံသူများစွာက သူတို့ကို အကောင်းမြင်လေ့ မရှိကြချေ။ အထူးသဖြင့် ၎င်းတို့၏ အကျိုးစီးပွားများကို အဖွဲ့အစည်းက အမြဲလိုလို တားဆီးနှောင့်ယှက်နေသောကြောင့်ပင် ဖြစ်လေသည်။

အဖွဲ့အစည်းနှင့် ပြဿနာတက်ချိန်တွင် သဘောကျသူများ၊ မုန်းတီးသူများ၊ မုန်းတီးရာမှ သဘောကျလာသူများ၊ သဘောကျရာမှ မုန်းတီးသွားသူများ စသည်ဖြင့် မျိုးစုံ ရှိကြပေသည်။

....

"တာအိုရောင်းရင်းမိုယဲ့ ရောင်းရင်းရဲ့ လူငယ်တရားသူကြီးက ထူးခြားတဲ့ စွမ်းရည်အချို့ ရှိနေပုံရတယ်… သူ့ကို ရလိုက်တာ အဖွဲ့အစည်းအတွက်တော့ တကယ်ကို ကံကောင်းတာပဲ…သူ့ရဲ့ စွမ်းရည်တွေက ကျုပ်တို့ ဂိုဏ်းအတွက်ဆိုရင် ပြီးပြည့်စုံနေမှာပဲ…"

မနာလိုမှု အငွေ့အသက်အချို့ ပါဝင်နေသော လေသံဖြင့် အကြီးအကဲ လော့ယုံက ပြောလိုက်၏။

ယန်ချင်း၏ စွမ်းရည်အများစုကို စကြဝဠာပြာနှင့် ကံကြမ္မာဖုံးကွယ် ရတနာနှစ်ခုစလုံးက ကာကွယ်ထားသော်လည်း အကြီးအကဲ လော့ယုံသည် သူ၏ အခြေခံစွမ်းရည်များမှတစ်ဆင့် ဟိုဟိုဒီဒီ အချက်အချို့ကို ဖမ်းယူသိရှိနိုင်ခဲ့ပြီး ၎င်းတို့သည် အလွန်လည်း နီးကပ်နေပေသည်။

အကယ်၍ ယန်ချင်းနှင့် ပတ်သက်ပြီးအကြောင်းအရာ တစ်ခုတစ်လေမျှ မခန့်မှန်းနိုင်လျှင် သူ၏ ဝိညာဉ်ဖွဲ့စည်းခြင်း ကျွမ်းကျင်သူနှင့် မြင့်မြတ်နယ်မြေ၏ အကြီးအကဲဟူသော ဂုဏ်ပုဒ်တို့ကို စွန့်လွှတ်လိုက်ရပေမည်။

ယခုတစ်ကြိမ် ဒုတိယဥက္ကဋ္ဌ မိုယဲ့နှင့် ဆက်သွယ်ရာတွင် ယခင်ကဲ့သို့ သူ၏ ဝိညာဉ်ဖွဲ့စည်းခြင်း အာရုံကို အသုံးပြု၍ ဆက်သွယ်ခြင်း မဟုတ်ဘဲ အနီးရှိ တပည့်များသာမက စင်မြင့်အလယ်ရှိ ယန်ချင်းပင် ကြားနိုင်သော စကားလုံးများကိုသာ အသုံးပြုခဲ့လေသည်။

အကြီးအကဲ လော့ယုံ၏ စကားကို ကြားသောအခါ အသက် (၂၁) နှစ်အရွယ် နန်းတော်အဆင့်၏ အထွတ်အထိပ်တွင် ရှိနေသော မြစ်ဝှမ်းစီးဝင်ဂိုဏ်းမှ တပည့်နှင့် အခြားသော သူတော်စင်သားတော် တပည့်များ၏ မျက်လုံးများတွင် စိတ်ဝင်စားမှု အရိပ်အယောင်များ လင်းခနဲပေါ်ပေါက်လာကြသည်။

အကြီးအကဲလော့ယုံသည် ၎င်းတို့ဂိုဏ်းအတွင်း၌ အထင်ရှားဆုံးသော အတွင်းပိုင်းအကြီးအကဲများထဲမှ တစ်ဦး ဖြစ်၏။ သူ၏ စကားများသည် သူတို့ကဲ့သို့ လူငယ်များအတွက် အထူးသဖြင့် အလွန်အလေးထားစရာ ဖြစ်ပေသည်။

သူက ယန်ချင်းကို ချီးမွမ်းလိုက်ခြင်းကြောင့် သူတို့အနေဖြင့် ယန်ချင်းကို အကဲဖြတ်မှု အနည်းငယ် ပြောင်းလဲသွားစေ၏။ အကြီးအကဲနှင့် မတူဘဲ သူတို့သည် ယန်ချင်းကို မစူးစမ်းနိုင်ကြပေ။

အထူးသဖြင့် သူတော်စင်အဆင့် ရတနာများကို ဝတ်ဆင်ထားသောကြောင့် ဖြစ်ပေသည်။ သူနှင့် ပတ်သက်သမျှ အရာအားလုံးသည် သူတို့၏ အာရုံများထဲတွင် ဖုံးကွယ်ထားခြင်း ခံရလေ၏။

ထို့ကြောင့် တွေ့ဆုံချိန်တွင် ယန်ချင်းသည် နန်းတော်အဆင့် ကျွမ်းကျင်သူတစ်ဦးနှင့် အဖွဲ့အစည်း၏ တရားသူကြီးတစ်ဦး ဖြစ်ကြောင်းကိုသာ သိရှိရပြီး သူ၏ အဆင့်ကိုပင် ဖုံးကွယ်ထားသောကြောင့် အခြားမည်သည့်အရာကိုမျှ မသိရှိကြချေ။

"ချီးကျူးပေးတဲ့အတွက် ကျေးဇူးပါပဲ အကြီးအကဲလော့ယုံ အဖွဲ့အစည်းက ကျုပ်တို့ရဲ့ ပါရမီရှင်တွေကို ပြုစုပျိုးထောင်ဖို့ အမြဲတမ်း အပြည့်အဝတာဝန်ယူပေးပါတယ်… ယန်ချင်းပဲဖြစ်ဖြစ်၊ အဖွဲ့အစည်းရဲ့ တံခါးကို ဖြတ်ကျော်ပြီး အဖွဲ့ဝင်ဖြစ်လာတဲ့ ဘယ်သူမဆိုအတွက် အတူတူပါပဲ…"

ဒုတိယဥက္ကဋ္ဌမိုယဲ့က ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သော်လည်း သူ၏ လေသံတွင် အကြီးအကဲ လော့ယုံအပေါ် မလိုလားအပ်သော အတွေးများ မတွေးမိစေရန် သတိပေးချက် အနည်းငယ် ပါဝင်နေသည်ကို သတိပြုမိနိုင်ပေသည်။

"စကားလွန်သွားတဲ့အတွက် တောင်းပန်ပါတယ် တာအိုရောင်းရင်းမိုယဲ့…"

အကြီးအကဲလော့ယုံက တောင်းပန်သည့်အနေဖြင့် လက်နှစ်ဖက်ကို ယှက်ကာ ယဉ်ကျေးစွာ ပြောလိုက်၏။

ကံကောင်းထောက်မစွာဖြင့် အကြီးအကဲဟန်မုန့်၏ ဝင်ရောက်ပြောဆိုမှုက မသိမသာ တင်းမာနေသော အခြေအနေကို ပြေလျော့သွားစေလေသည်။

"ကျန်တဲ့ဧည့်သည်တွေက အခမ်းအနားရဲ့ နောက်တစ်ပိုင်းကို စတင်ဖို့ ကျုပ်တို့ကို စောင့်နေကြပုံရတယ်…သူတို့ကို ထပ်စောင့်ခိုင်းဖို့ မသင့်ဘူး တာအိုရောင်းရင်း လော့ယုံ…"

အကြီးအကဲဟန်မုန့်က မတ်တတ်ရပ်ကာ ယန်ချင်းထံသို့ လျှောက်သွားရင်း ပြောလိုက်၏။

အကြီးအကဲလော့ယုံက ချက်ချင်း လိုက်ပါသွားသော်လည်း ဒုတိယဥက္ကဋ္ဌ မိုယဲ့ကို တောင်းပန်သည့်အနေဖြင့် နောက်ထပ် တစ်ကြိမ် ဦးညွှတ်လိုက်သေး၏။ မိုယဲ့က ခေါင်းညိတ်ပြကာ ကိစ္စမရှိကြောင်း လက်ခံသည့် စကားအချို့ကို ပြောကြားလိုက်လေသည်။

ထိုအကြီးအကဲနှစ်ဦး လျှောက်လာသည်ကို မြင်သောအခါ ယန်ချင်း၏ မျက်လုံးများက စိတ်လှုပ်ရှားမှုဖြင့် အရောင်လက်သွားတော့သည်။ သူတို့ကို ဤနေရာရှိ အကြီးမားဆုံးသော ရွှေတွင်းကြီးများအဖြစ် သတ်မှတ်နိုင်ပေသည်။ မြင့်မြတ်နယ်မြေများ၏ အကြီးအကဲများ ဖြစ်သည့်အတွက် သူတို့ပေးမည့် လက်ဆောင်များသည် လုံးဝအညံ့စားများ မဟုတ်ချေ။

အခမ်းအနားပြီးဆုံးပြီးနောက် စကြဝဠာပြာနှင့် အခြားရတနာများကို နောက်ထပ် နာရီအနည်းငယ်ကြာ ဆက်လက်ထိန်းသိမ်းထားရန်အတွက် ကုန်ကျစရိတ်များကိုပင် ကာမိနိုင်ကောင်း ကာမိနိုင်ပေမည်။ ဆိုရလျှင် သူ၏ ရန်ပုံငွေများ ကုန်ဆုံးသွားကာ ရတနာများကို ပြန်သိမ်းခံရမည့် အရေးကိုလည်း ကြောက်ရွံ့နေစရာ လိုမည်မဟုတ်တော့ချေ။

'သူတို့ ငါ့ကို ဘာပေးမလဲ မသိဘူး…'

ယန်ချင်းက စိတ်လှုပ်ရှားစွာ တွေးလိုက်ရင်း အပြင်ပန်းတွင်မူ တတ်နိုင်သမျှ အနှိမ့်ချဆုံးသော အမူအရာကို ဖော်ပြထားလိုက်၏။ မည်သည့် မိန်းမစိုး သို့မဟုတ် အစေခံကမျှ သူ၏ လက်ရှိ အမူအရာကို ယှဉ်နိုင်မည် မဟုတ်ပေ။

"လူငယ်တရားသူကြီးယန်ချင်း ဒီလက်ဆောင်လေးကို လက်ခံပေးပါ… အလင်းဖြာဓားဂိုဏ်းမှာ ဓားတာအို နားလည်မှုကို အထောက်အကူ ပြုတဲ့ ပစ္စည်းတွေ ပေါပေါများများရှိတာမို့ ဒီလောက်ကတော့ မပြောပလောက်ပါဘူး…

ဒါပေမဲ့ ဒီသံမဏိအိပ်မက်ကျောက်တုံးက မင်းအတွက် တစ်ခုခုတော့ အသုံးဝင်နိုင်ပါတယ်… အထူးသဖြင့် မင်းရဲ့ ဆန္ဒနဲ့ နည်းစနစ်တွေကို သွေးပေးရာ‌ရောက်မှာပါ…"

လေအနည်းငယ် တိုက်ခတ်ရုံဖြင့်ပင် တိုက်စားသွားနိုင်မည့်ပုံစံရှိသော သံချေးရောင်ကျောက်တုံးတစ်တုံးကို ယန်ချင်းအား ကမ်းပေးရင်း အကြီးအကဲ ဟန်မုန့်က ပြောလိုက်၏။

"မင်းရဲ့ဝိညာဉ်စွမ်းအင်ကို ကျောက်တုံးထဲ သွင်းလိုက်မယ်ဆိုရင် မင်းရဲ့စိတ်ဆန္ဒ တစ်စိတ်တစ်ပိုင်းက ကျောက်တုံးထဲက တိုက်ပွဲကွင်းပြင်တစ်ခုမှာ ပုံတူကူးခံရလိမ့်မယ်…

အဲဒီတိုက်ပွဲကွင်းပြင်ထဲမှာ သံမဏိနဲ့ လုပ်ထားတဲ့ အစောင့်အရှောက်တစ်ဦး ရှိနေလိမ့်မယ်…

ငါသိသလောက်တော့ အဲဒီအစောင့်အရှောက်က တိုက်ပွဲနန်းတော်က ကျုပ်တို့ရဲ့ မိတ်ဆွေတွေလိုပဲ တိုက်ခိုက်ရေး သိုင်းပညာ အမျိုးစုံကို ကျွမ်းကျင်တယ်… အထူးသဖြင့် ဓားနဲ့ လှံကို ပိုကျွမ်းကျင်တယ်… သူ့ရဲ့ လက်ဝါးသိုင်း၊ လက်သီးသိုင်းနဲ့ ခြေလှမ်းသိုင်းတွေကလည်း အတော်လေး ကောင်းမွန်ပါတယ်…"

"သူ့ရဲ့ကျင့်ကြံခြင်းအဆင့်က အမြဲတမ်း မင်းနဲ့ တူညီနေလိမ့်မယ်… ပြီးတော့ မင်း တိုက်ခိုက်တဲ့ အကြိမ်တိုင်း မင်းရဲ့ နည်းစနစ်တွေကို သင်ယူပြီး အလိုက်သင့် ပြောင်းလဲတတ်ပုံရတယ်… မင်း သူနဲ့ ပိုတိုက်ခိုက်လေ၊ တစ်ခါတစ်ရံ မင်းရဲ့ နည်းစနစ်တချို့ကို သူ့ရဲ့ တိုက်ခိုက်ရေးဟန်မှာ ပေါင်းစပ်အသုံးပြုလာနိုင်တယ်…

အဲဒါက သူ့ကို ခက်ခဲတဲ့ ပြိုင်ဘက်တစ်ဦးနဲ့ ပြီးပြည့်စုံတဲ့ လေ့ကျင့်ဖော် ဖြစ်လာစေတာပဲ… စိတ်မကောင်းစရာက ရတနာကိုယ်တိုင်ရဲ့ မူလအရင်းအမြစ်က ပျက်စီးနေပုံရလို့ အစောင့်အရှောက် ရောက်ရှိနိုင်တဲ့ အမြင့်ဆုံးအဆင့်က နယ်ပယ်အဆင့်ရဲ့ ပထမအဆင့်ပဲ ဖြစ်နေတာပါပဲ…"

အကြီးအကဲဟန်မုန့်က ပြောပြလေ၏။

ယန်ချင်း၏ ရင်ဘတ်က စိတ်လှုပ်ရှားမှုကြောင့် ဒိန်းဒိန်းမည်အောင် ခုန်ပေါက်နေလေပြီ။ မြင့်မြတ်နယ်မြေများမှ ပုဂ္ဂိုလ်များသည် ၎င်းတို့ဂိုဏ်း၏ ချမ်းသာကြွယ်ဝမှုကို ပြသမည်ဟု သူ မျှော်လင့်ထားပြီး ဖြစ်သော်လည်း ဤမျှ ကြီးမားလိမ့်မည်ဟုတော့ ထင်မှတ်မထားခဲ့ချေ။

အကြီးအကဲဟန်မုန့်၏ လေသံတွင် ကျိုးပဲ့နေသော ကစားစရာတစ်ခုအတွက် နှမြောတသဖြစ်မှုများ ပါဝင်နေသည်ဟု ခံစားနေရသည်။

'သူတို့ရဲ့ အသုံးမလိုတဲ့ပစ္စည်းတွေကတောင် ဒီလောက်ကောင်းနေတာလား…'

မိမိကိုယ်ကိုယ် ၎င်းတို့နှင့် မနှိုင်းယှဉ်မိစေရန် သတိထား ကြိုးစားရင်း ယန်ချင်းက အံ့ဩတကြီး တွေးလိုက်၏။

"ရက်ရောလှတဲ့ လက်ဆောင်အတွက် အကြီးအကဲဟန်မုန့်ကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်… ဒါက ကျုပ် မျှော်လင့်ထားနိုင်တာထက် အများကြီး ပိုနေပါတယ်… ဒီအရာကို အလွန်တန်ဖိုးထား သိမ်းဆည်းထားပါ့မယ်…"

လေးစားမှုပြသသည့်အနေဖြင့် အနည်းငယ် ဦးညွှတ်ကာ ကျေးဇူးတင်စကား ဆိုရင်း ယန်ချင်းက လက်ယှက်လိုက်၏။

သူ့အား ပေးအပ်ခဲ့သော ရတနာသည် မူလအရင်းအမြစ် ပျက်စီးနေ၍ ပြန်လည်ပြုပြင်ရန် အလွန်ခက်ခဲစေမည်ဆိုလျှင်တောင်မှ ပျက်စီးနေသော အခြေအနေ၌ပင် အမြင့်တစ်ဆင့် တက်လှမ်းခြင်း ရတနာတစ်ခုအဖြစ် သတ်မှတ်နိုင်ပေသည်။

အထူးသဖြင့် အစောင့်အရှောက်၏ သင်ယူနိုင်စွမ်း အရည်အသွေးကြောင့် ယန်ချင်းအနေဖြင့် သူအလိုရှိသည့် အချိန်တိုင်းတွင် လေ့ကျင့်ရန် ဘက်စုံစွမ်းရည်ရှိသော ပြိုင်ဘက်တစ်ဦး ရရှိနိုင်မည် ဖြစ်ပြီး သူလည်း အစောင့်အရှောက်၏ နည်းစနစ်များကို သင်ယူနိုင်ကောင်း သင်ယူနိုင်မည် ဖြစ်ပေသည်။

၎င်းက သူ၏နည်းစနစ်များကို သင်ယူနိုင်ပါက တစ်မျိုးကောင်းသည်ဟု သူ ယူဆလိုက်၏။ ထိုအရာက ကျောက်တုံး၏ စွမ်းရည်ထဲမှ တစ်ခုလည်း ဖြစ်နိုင်ပေသည်။

ယန်ချင်း ပို၍ တွေးမိလေလေ သံမဏိအိပ်မက်ကျောက်တုံးသည် မည်မျှပင်များပြားသော ဝိညာဉ်ကျောက်တုံးများဖြင့် ဝယ်ယူ၍ မရနိုင်သော တန်ဖိုးရှိသည့် ရတနာတစ်ခုအဖြစ် ပို၍ ခံစားရလေလေ ဖြစ်တော့သည်။

အကြီးအကဲဟန်မုန့်အတွက်မူ ထိုအရာက သိပ်အရေးပါပုံ မရသော်လည်း ယန်ချင်းကဲ့သို့ အဆင့်ရှိသူ တစ်ဦးအတွက်တော့ ကျောက်တုံးမှ ရရှိနိုင်မည့် အကျိုးအမြတ်များသည် အဆုံးအစမဲ့ ဖြစ်ပေလိမ့်မည်။

အထူးသဖြင့် သူ၏ နည်းစနစ်များကို ပိုမိုကောင်းမွန်လာစေရန်နှင့် သူတို့အလုပ်အကိုင်၏ သဘောသဘာဝအရ အလွန်လိုအပ်လှသော တိုက်ပွဲအာရုံကို ထက်မြက်လာစေရန်အတွက် အထူးပင် သင့်လျော်လှ၏။

အကြီးအကဲဟန်မုန့်၏ လက်ဆောင်သည် အဖွဲ့အစည်းမှ သူတစ်ဦးအတွက် အထူးသဖြင့် တရားသူကြီး သို့မဟုတ် စုံစမ်းစစ်ဆေးရေးမှူးများအတွက် အထူးသဖြင့် စုံစမ်းစစ်ဆေးရေးမှူးများအတွက်ဆိုလျှင် အလွန်ပြည့်စုံသော လက်ဆောင်တစ်ခုအဖြစ် သတ်မှတ်နိုင်ပေသည်။

အကြီးအကဲဟန်မုန့်သည် စကားများများ ပြောတတ်သူ မဟုတ်ဘဲ ခေါင်းတစ်ချက် ညိတ်ပြကာ သူ၏ ထိုင်ခုံသို့ ပြန်သွားလေ၏။

"ဂုဏ်ယူပါတယ် တရားသူကြီးယန်ချင်း၊ ဒီတောင်တန်းစမ်းရေပုလင်းကို လက်ခံပေးပါ…"

တောင်ထိပ်မှ အောက်ခြေအထိ စီးဆင်းကာ ဘူး၏အောက်ခြေတွင် စမ်းရေပေါက်တစ်ခု ဖြစ်ပေါ်နေသော မြစ်တစ်စင်းနှင့် တောင်တန်းပုံများ ရေးဆွဲထားသည့် မြေညိုရောင် ပုလင်းတစ်ခုကို ယန်ချင်းအား ကမ်းပေးရင်း အကြီးအကဲ လော့ယုံက ပြောလိုက်၏။

မြစ်ရေစီးဆင်းမှု၊ ရနံ့မှသည် အသံအထိ အလွန်ပင် သက်ဝင်လှုပ်ရှားနေသည်ကို ယန်ချင်း မြင်တွေ့နိုင်လေ၏။ ဤသို့ အသက်ဝင်နေမှုသည် သူ၏ အမြင်အာရုံတွင်သာ ပေါ်လွင်နေခြင်း မဟုတ်ဘဲ သူ၏ နန်းတော်အာရုံဖြင့် စူးစမ်းကြည့်သောအခါ၌ပင် ထိုတောင်တန်းနှင့် မြစ်သည် အမှန်တကယ်ပင် အစစ်အမှန်ဖြစ်နေသကဲ့သို့ ခံစားလိုက်ရလေသည်။

"တိုက်ခိုက်ရေးပိုင်းမှာတော့ တာအိုရောင်းရင်း ဟန်မုန့် ပေးခဲ့တဲ့အရာနဲ့ ယှဉ်လို့ မရနိုင်ပေမဲ့ သူ့ရဲ့ သဘောသဘာဝက မင်းနဲ့ ပိုပြီး လိုက်ဖက်မှုရှိမယ်လို့ ကျုပ် ခံစားရတယ်…

ဘူးထဲမှာ ရေနဲ့မြေ တာအိုတွေ ပြည့်နှက်နေတာမို့ ဒီတာအို နှစ်မျိုးစလုံးကို ကျင့်ကြံသူတွေအတွက် အလွန်ကောင်းမွန်တဲ့ နားလည်သဘောပေါက်မှု ကိရိယာတစ်ခု ဖြစ်စေပါတယ်…

ဒါ့အပြင် သိုလှောင်ရေး ရတနာတစ်ခုအနေနဲ့ပါ အသုံးပြုနိုင်ပြီး သာမန် သိုလှောင်ရေး လက်စွပ်တွေနဲ့ မတူဘဲ သက်ရှိသတ္တဝါတွေကိုပါ ထည့်သွင်းထားနိုင်တယ်…

သူ့ရဲ့ ပမာဏကတော့ တောင်တစ်လုံးစာလောက်ရှိတယ်…"

"ဒါက ကြီးထွားနိုင်တဲ့ ရတနာတစ်ခုလည်း ဖြစ်တယ်… မင်းသာ သူနဲ့ လိုက်ဖက်ညီအောင် ညှိနှိုင်းနိုင်ရင် မင်း ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကို ရောက်ရှိသွားတဲ့အခါ အနိမ့်တန်း တက်လှမ်းခြင်းအဆင့် ရတနာတစ်ခုကနေ သူတော်စင်အဆင့် ရတနာတစ်ခုအဖြစ် အဆင့်မြှင့်တင်ဖို့ အများကြီး အထောက်အကူ ဖြစ်စေနိုင်တယ်…

နောက်ပိုင်း မင်းဘာသာမင်း ရှာဖွေတွေ့ရှိနိုင်တဲ့ အခြားသော သွယ်ဝိုက် အကျိုးသက်ရောက်မှု အနည်းငယ်လည်း ရှိပါသေးတယ်… ဒါကို သန့်စင်ရာမှာ အကောင်းဆုံး ဖြစ်ပါစေ…"

အကြီးအကဲလော့ယုံက ပြောလိုက်လေသည်။

"မင်းရဲ့ ပါရမီနဲ့ အဖွဲ့အစည်းရဲ့ ပံ့ပိုးမှုတွေနဲ့ဆိုရင် မင်း ဒါကို သေချာပေါက် လုပ်နိုင်မှာပါ…"

အကြီးအကဲ လော့ယုံက ထပ်လောင်းပြောဆိုရင်း သူ၏ ထိုင်ခုံသို့ ပြန်သွားလေ၏။

ရတနာကြောင့် ယန်ချင်းမှာ အလွန်အမင်း အံ့ဩမှင်တက်သွားခဲ့ပြီး မည်သို့ ပြောဆိုရမည်ကိုပင် စကားလုံးများ မရှာတွေ့နိုင်တော့ချေ။

သူ သတိပြန်ဝင်လာချိန်တွင်မူ အကြီးအကဲလော့ယုံသည် သူ၏ ထိုင်ခုံသို့ ရောက်ရှိနေပြီဖြစ်ကာ ဒုတိယဥက္ကဋ္ဌ မိုယဲ့၊ အလင်းဖြာဓားဂိုဏ်းမှ အကြီးအကဲဟန်မုန့်တို့နှင့်အတူ နေကြာစေ့များ ဝေမျှစားသောက်နေလေပြီ။

'မြင့်မြတ်နယ်‌မြေတွေက တကယ်ကို ချမ်းသာကြွယ်ဝလွန်းတာပဲ…'

ယန်ချင်းက မနာလိုစွာ သက်ပြင်းချရင်း တွေးလိုက်မိ၏။ တောင်တန်းစမ်းရေပုလင်းကို ကိုင်လိုက်သည်နှင့် တစ်ပြိုင်နက် ၎င်းပေါ်ရှိ ရေနှင့်မြေ တာအို အမျိုးအစားကို ကျွမ်းကျင်သရွေ့ သူ၏နန်းတော်အဆင့် တိုးတက်လာမည်ဖြစ်ကြောင်း သူ အလိုလို ခံစားလိုက်ရ၏။

ပုလင်း၏ တာအိုသည် သူ၏ လမ်းစဉ်နှင့် ပိုမို ကိုက်ညီနေပုံရပြီး လိုက်ဖက်ညီမှုနှင့် ပတ်သက်၍ အကြီးအကဲလော့ယုံ၏ ပြောစကားသည် လုံးဝမှန်ကန်နေကြောင်း သူ ခံစားရလေသည်။

ညှိနှိုင်းခြင်းဆိုသည်မှာ ကျင့်ကြံသူတစ်ဦး၏ သီးခြားရတနာတစ်ခုနှင့် လိုက်ဖက်ညီစွာ ပေါင်းစပ်နိုင်သည့် စွမ်းရည်ပင် ဖြစ်ပေသည်။ ဤအခြေအနေသည် ရတနာ၏ အဆင့်သည် ကိုယ်ပိုင် ဆန္ဒနှင့် ဝိညာဉ်အချို့ ရှိနေသော ဧကရာဇ်အဆင့်နှင့်အထက်တွင် ရှိမှသာ အသက်ဝင်လာခြင်း ဖြစ်၏။

ပေါင်းစပ်မှုအတိုင်းအတာ ပိုကြီးလေလေ သန့်စင်ရ ပိုလွယ်ကူလေလေ ဖြစ်ပြီး ကျင့်ကြံသူက ထိုရတနာအပေါ် လွှမ်းမိုးနိုင်မှုနှင့် ချိတ်ဆက်မှုတို့လည်း ပိုမို အားကောင်းလေလေ ဖြစ်ပေသည်။

သူ၏ အသက်တာအိုသည် တောင်တန်းစမ်းရေပုလင်းနှင့် ကြီးမားသော ပေါင်းစပ်မှု ရှိမည်ဟု ယန်ချင်း ခံစားလိုက်ရလေ၏။

အကယ်၍ လက်ဆောင်ပေးခြင်းသည် ထိုနေရာတွင် ပြီးဆုံးသွားမည် ဆိုပါက ယင်းက တန်လွန်းနေပြီဟု ယန်ချင်း ခံစားရလေ၏။ လက်ဆောင်နှစ်ခုသည် သူ မျှော်လင့်ထားသည်ထက် များစွာ ကျော်လွန်နေပြီ ဖြစ်ပေသည်။

သူက အန္တရာယ်များကို ထပ်မံလျှော့ချရန်အတွက် ဤနေရာတွင်ပင် အဆုံးသတ်ချင်စိတ် တစ်ဝက်မျှ ရှိနေသော်လည်း သူ၏ လောဘကြီးပြီး သိချင်စိတ်ပြင်းပြနေသော နှလုံးသားကမူ အခြားမည်သည့်အရာများကိုများ ထပ်မံ ရရှိနိုင်ဦးမည်နည်းဟု တွေးတောနေမိလေတော့သည်။

ရရှိလာနိုင်မည့် လက်ဆောင်များ၏ ဆွဲဆောင်မှုက သူ၏သတိထားမှုများကို တဖြည်းဖြည်းချင်း ဝါးမြိုပစ်နေချေပြီ။

All Chapters