← Chapters

အခမ်းအနား ပြီးဆုံးခြင်း

Vol. 28 Ch. 274

အခမ်းအနား ပြီးဆုံးခြင်း

Vol. 28 Ch. 274

နောက်ထပ် လက်ဆောင်ပေးအပ်မည့်အလှည့်မှာ အဆင့်(၁) အဖွဲ့အစည်းများဖြစ်ကြပြီး ၎င်းတို့၏ ဦးဆောင်သူများမှာ ခန်းမတစ်ထောင်စစ်ပွဲနန်းတော်မှ ဖြစ်ပေ၏။

လှံမြန်ခန်းမ၏ ခန်းမသခင်ဖြစ်သူ ရန်ရှင်းက ရှေ့သို့ လျှောက်လာခဲ့ပြီး သူ၏နောက်တွင် အမွေခံတပည့်နှစ်ဦးဖြစ်သည့် ဝေ့လီလင်နှင့် လျူကျွမ်းတို့က လိုက်ပါလာကြ၏။ ကျန်ရှိနေသော တပည့်များမှာမူ ၎င်းတို့၏ ထိုင်ခုံများတွင်သာ ကျန်ရစ်ခဲ့ကြလေ၏။

ဝေ့လီလင်နှင့် လျူကျွမ်းတို့ နှစ်ဦးသည် ခန်းမတစ်ထောင်စစ်ပွဲနန်းတော်၏ ကိုယ်စားလှယ်အဖွဲ့တွင် ပါဝင်လာခြင်းမှာ တိုက်ဆိုင်မှုသက်သက်မဟုတ်ဘဲ ကြိုတင်စီစဉ်ထားခြင်း ဖြစ်ပေသည်။

ယန်ချင်းသည် စစ်သည်တော်နန်းတော်တွင် ရှိနေစဉ်က အခြားသောတပည့်များထက် ထိုသူနှစ်ဦးနှင့် ပို၍ ရင်းနှီးကျွမ်းဝင်ခဲ့လေ၏။ ထို့ကြောင့် သူတို့တက်ရောက်လာမည်ကို မျှော်လင့်ထားပြီးဖြစ်သလို ခန်းမသခင် ရန်ရှင်းနှင့်အတူ ရှေ့သို့ ထွက်လာမည်ကိုလည်း ကြိုတင်တွက်ဆထားပြီး ဖြစ်လေ၏။

"ဂုဏ်ယူပါတယ် အရှင်ယန်ချင်း… မကြာခင်မှာပဲ ကျုပ်တို့ကို ကျော်တက်သွားတော့မယ့်ပုံပဲ"

ခန်းမသခင်ရန်ရှင်းက မျက်နှာပေါ်တွင် နောက်ပြောင်လိုသော အပြုံးတစ်ခုပြုံးကာ ပြောလိုက်၏။

"ခန်းမသခင်ရန်ရှင်းကတော့ နောက်နေပြန်ပါပြီ… ကျုပ်က နယ်ပယ်အဆင့်ကို ရောက်သွားရင်တောင် ခင်ဗျားရဲ့ ပြိုင်ဘက် ဖြစ်လာနိုင်မယ်မထင်ပါဘူးဗျာ"

ယန်ချင်းက ပြန်လည်တုံ့ပြန်လိုက်လေ၏။

ခန်းမသခင်တိုင်းသည် တစ်ချိန်က စစ်သည်တော်နန်းတော်၏ အမွေခံတပည့်များ ဖြစ်ခဲ့ကြပြီး ခန်းမသခင်ရာထူးအတွက် ထည့်သွင်းစဉ်းစားခံရရန်မှာ အမွေခံတပည့်များအကြားတွင် အတော်ဆုံး‌သောသူများ ဖြစ်ရပေမည်။

ထိုမျှ ကြီးမားလှသော ဂုဏ်သတင်းနှင့်အတူ သူ၏အဆင့်တွင် ခန်းမသခင်ရန်ရှင်းကို တိုက်ခိုက်ရေး၌ ယှဉ်နိုင်သူမှာ အလွန်နည်းပါးလှပြီး တရားရုံးတော်မှ နယ်ပယ်အဆင့် ကျွမ်းကျင်သူများကြားတွင်ပင် လက်ချိုးရေတွက်၍ ရနိုင်ပေ၏။

ရန်ရှင်းနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသည်ဟု ယန်ချင်း ထင်မှတ်ထားသူများမှာ အထူးစစ်ဆေးရေးမှူးများ၊ ထိပ်တန်းအဆင့် လှည့်လည်စစ်ဆေးရေးမှူးများ၊ နယ်ပယ်အဆင့် နှောင်းပိုင်း ရာဇဝတ်ကောင်များကို ထိန်းသိမ်းထားသည့် ဒေသအား စောင့်ကြပ်ရသော ဝိညာဉ်အေးချမ်းရေး သက်တော်စောင့်များနှင့် မုန့်ချောင်ကဲ့သို့သော အထက်နယ်ပယ် တရားရုံးတော်မှ တရားသူကြီးများ၊ သို့မဟုတ် တိုက်ခိုက်ရေးဘက်တွင် အထူးကျွမ်းကျင်သည့် အကယ်ဒမီမှ ဌာနမှူးအချို့နှင့် ကျူးလောင်ကဲ့သို့သော သူမျိုးတို့သာ ဖြစ်ပေလိမ့်မည်။

'အရိပ်သိမ်းငှက်အဖွဲ့ခွဲက တစ်ယောက်ယောက်တော့ ဖြစ်နိုင်လောက်တယ်…ဒါပေမဲ့ သူတို့က မျက်နှာချင်းဆိုင် တိုက်ခိုက်တာကို အထူးမကျွမ်းကျင်ကြတော့ တော်တော်လေး သံသယဖြစ်စရာပဲ'

ယန်ချင်းက တွေးလိုက်လေ၏။

"ဘယ်သူသိနိုင်မလဲ ခင်ဗျားတကယ်ပဲ ယှဉ်နိုင်လာချင်လည်း ယှဉ်နိုင်လာမှာပေါ့…

ထိပ်ဆုံး အယောက်နှစ်ဆယ်စာရင်းထဲ ဝင်ဖို့ဆိုတာ လွယ်ကူတဲ့ ကိစ္စမှ မဟုတ်တာ…ထားပါတော့… လျူကျွမ်းဆီက‌နေ ခင်ဗျားက ကျင့်စဉ်တွေကို အမျိုးမျိုးစမ်းသပ်ရတာ သဘောကျတယ်လို့ ကြားတယ်…

ဒါကြောင့် ခင်ဗျား မကြိုက်လောက်တဲ့ အရာတွေ ပေး‌နေမယ့်အစား ဒါလေး ပေးတာက ပိုကောင်းမယ်တွေးမိလို့…ရော့… ဒီမှာဒါယူလိုက်"

ခန်းမသခင်ရန်ရှင်းက ဟောင်းနွမ်းနေသော ဝါးစာလိပ်တစ်ခုကို ယန်ချင်းထံ ကမ်းပေးရင်း ပြောလိုက်၏။

ဝါးစာလိပ်ထံမှ အချိန်ကာလ၏ ရွေ့လျားပြောင်းလဲမှုများနှင့်အတူ အပြာရောင်အဆင့်သို့ ရောက်ရှိနေသော ကျင့်စဉ်များတွင်သာ ခံစားသိရှိနိုင်သည့် အရှိန်အဝါတစ်ခုကို ယန်ချင်း ခံစားလိုက်ရလေသည်။

"လေလွင့်ဆောင်းဦးရွက်ကြွေ ခြေလှမ်း တစ်ရာ့ရှစ်လှမ်း"

ထိပ်ဆုံးတွင် ရေးသားထားသော ဟောင်းနွမ်းနေသည့် ခေါင်းစဉ်ကို ဖတ်လိုက်ရင်း ယန်ချင်းက ခပ်တိုးတိုး ရေရွတ်လိုက်လေ၏။

ထိုစာသားများထဲတွင် ပိုင်ရှင်ဖြစ်သူ၏ ဆန္ဒအချို့ကို သူ ခံစားသိရှိနိုင်ပေသည်။ သူသည် စာလိပ်ပေါ်ရှိ စာသားများကို သူ၏ လက်ချောင်းများဖြင့် ဖြည်းညင်းစွာ ထိတွေ့လိုက်ပြီး မျက်လုံးများကို မှိတ်ထားကာ စာသားများ၏ နောက်ကွယ်ရှိ ရည်ရွယ်ချက်ကို ဖြည်းဖြည်းချင်း ခံစားလိုက်၏။

ရည်ရွယ်ချက်တစ်ခုစီတိုင်းနှင့်အတူ ထိုအထဲတွင် သိမ်းဆည်းထားသော ကျင့်စဉ်၏ နက်နဲမှုသည် ယန်ချင်းအဖို့ မအံ့ဩဘဲ မနေနိုင်အောင် ဖြစ်သွားရလေသည်။ သို့သော် ထိုခံစားမှု ပြတ်တောက်သွားချိန်တွင် သူ၏ စိတ်လှုပ်ရှားမှုများလည်း ချက်ချင်းဆိုသလို ရပ်တန့်သွားခဲ့ရချေသည်။

ယန်ချင်းက မျက်လုံးများကို ဖွင့်လိုက်ချိန်တွင် သူ၏ မျက်ခုံးများက အနည်းငယ် တွန့်ချိုးသွားလေတော့၏။

"ခင်ဗျား ခန့်မှန်းထားတဲ့အတိုင်းပဲ၊ ဒီကျင့်စဉ်က အပြည့်အစုံ မဟုတ်ဘူး… ကျုပ်တို့ ခန့်မှန်းရသလောက်ဆိုရင် ဒါက အနည်းဆုံး ရွှေရောင်အဆင့်နိမ့် ကျင့်စဉ်တစ်ခု ဖြစ်ရမယ်… ကျုပ်တို့ သိထားတဲ့ တိုက်ကြီးပေါ်က ဘယ်အဖွဲ့အစည်းမှာမှလည်း ဒီကျင့်စဉ်နဲ့ပတ်သက်တဲ့ မှတ်တမ်းမှတ်ရာတွေ မရှိဘူး…

ကျုပ်တို့ ဒါကို ပြန်လည်ပြင်ဆင်လို့ ရပေမယ့် ပြင်ဆင်ဖို့ စောင့်ဆိုင်းနေတဲ့ အလားတူ ကျင့်စဉ်ပေါင်း သိန်းနဲ့ချီပြီး ရှိနေနှင့်ပြီးသားမို့လို့ နန်းတော်က စာအုပ်စင်တွေပေါ်မှာ ဖုန်တက်နေမယ့်အစား ခင်ဗျား အသုံးချနိုင်ကောင်းရဲ့ဆိုပြီး ကျုပ် ဆုံးဖြတ်လိုက်တာပဲ…

ဒါက အဆင့်(၁)ခုစီရဲ့ အခြေခံတွေကို တည်ဆောက်ဖို့ အဓိကထားတဲ့ ကျင့်စဉ်တစ်ခု ဖြစ်ပုံရတယ်…နှစ်တွေကြာလာတာနဲ့အမျှ ကျုပ်တို့ ကိုယ်တိုင် သန့်စင်ထားတဲ့အရာတွေ အပါအဝင် တောင်တစ်တောင်စာလောက် ပြည့်လုနီးပါး ဒီလိုကျင့်စဉ်တွေ အများကြီး ရှိနေပြီလို့ ပြောရင်လည်း ချဲ့ကားပြောရာမကျဘူး.. ဒါကြောင့် ကျုပ်တို့ဆီမှာ ထားရင် အလကားဖြစ်သွားလိမ့်မယ်…

ခင်ဗျား ဒါကို အကောင်းဆုံး အသုံးချနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်… ပြီးတော့ အပြည့်အစုံဖြစ်အောင် ပြန်လည်ဖော်ထုတ်နိုင်ပါစေလို့လည်း ဆုတောင်းပေးပါတယ်"

ခန်းမသခင် ရန်ရှင်းက အားပေးတိုက်တွန်းသည့် အကြည့်တစ်ခုဖြင့် ယန်ချင်း၏ ပခုံးကို ပုတ်ကာ ပြောလိုက်လေ၏။

"ခန်းမသခင်ရန်ရှင်း ကျုပ်ကို သိပ်ပြီး အထင်ကြီးမနေလွန်းဘူးလား" ယန်ချင်းက ခါးသီးသော အပြုံးတစ်ခုဖြင့် ပြောလိုက်၏။

လွန်ခဲ့သော နှစ်များအတွင်း သူသည် ကျင့်စဉ်အချို့ကို ပြန်လည်တည်ဆောက်ခဲ့ပြီး ထိုရလဒ်အနေဖြင့် တရားရုံးတော်အတွင်း စွမ်းဆောင်ရည်ရမှတ်များစွာ ရရှိခဲ့ဖူးပေသည်။ သို့သော် ထိုကျင့်စဉ်အများစုမှာ အဆင့်နိမ့် အနီရောင်အဆင့်များသာ ဖြစ်ကြပြီး သူ ကိုင်တွယ်ဖူးသမျှထဲတွင် အမြင့်ဆုံးမှာ အဆင့်မြင့် လိမ္မော်ရောင်အဆင့် ကျင့်စဉ်တစ်ခုသာ ဖြစ်ပေ၏။

ထိုကျင့်စဉ်ကို သူက အဆင့်နိမ့် အပြာရောင်အဆင့်အထိ မြှင့်တင်ပေးခဲ့ပြီး တောက်ပသောအလင်းတန်း လက်သီးပညာဟု အမည်ပေးခဲ့ကာ နောက်ပိုင်းတွင် ဖန်ကျန်းကို လာမည့် ငါးနှစ်အတွင်း အကယ်ဒမီမှ ကျောင်းသားများနှင့် သေရေးရှင်ရေး တိုက်ခိုက်ရာတွင် အသုံးပြုရန် ဝေမျှပေးခဲ့ခြင်း ဖြစ်ပေသည်။

ရွှေရောင်အဆင့်ကို မဆိုထားနှင့်၊ အပြာရောင်အဆင့် ကျင့်စဉ်ကိုပင် သူ တစ်ခါမျှ မမြှင့်တင်ခဲ့ဖူးပေ။ ဌာနမှူး ကျူးလောင်ကဲ့သို့သော သူမျိုးဆိုလျှင်တော့ လုပ်နိုင်ချေရှိသော်လည်း ယန်ချင်းမှာမူ ဤနယ်ပယ်တွင် သူ၏ ခြေလှမ်းများကို ရှာဖွေနေဆဲပင် ဖြစ်လေ၏။

သူ ထိုသို့ တွေးနေမိသော်လည်း ထိုကျင့်စဉ်ထံမှ အကြည့်တို့ကို လွှဲဖယ်မသွားနိုင်ဘဲ ကျင့်စဉ်အား ပြန်လည်ပြင်ဆင်နိုင်ချေရှိသည်ဟူသော သူ၏ စိတ်လှုပ်ရှားမှုမှာ လူတိုင်းမြင်နိုင်လောက်အောင် ထင်ရှားနေလေ၏။

"လျူကျွမ်း ပြောတာ မှန်ပုံရတယ်။ ကံကောင်းပါစေ အရှင်ယန်ချင်း" ခန်းမသခင် ရန်ရှင်းက ပြောလိုက်လေ၏။

"လျူကျွမ်း၊ မင်းက တက်တက်ကြွကြွရှိတဲ့ ပုံစံမျိုးလို့ ငါ တစ်ခါမှ မတွေးဖူးသလို ငါတို့ စကားပြောရင်တောင် နားထောင်တတ်တဲ့ပုံ မပေါ်ပါဘူး။ မင်းကအချိန်တိုင်း အိပ်နေတာပဲကို" ယန်ချင်းက နားမလည်နိုင်သည့် မျက်နှာအမူအရာဖြင့် ပြောလိုက်၏။

သူသိသော လျူကျွမ်းမှာ အမြဲတမ်း ပျင်းရိနေတတ်ပြီး စွမ်းအင်ကို တတ်နိုင်သမျှ အနည်းဆုံးသာ အသုံးပြုချင်သူ ဖြစ်သည်။ အသက်ရှူခြင်းနှင့် လမ်းလျှောက်ခြင်းကပင် သူ၏အဖို့ ဝန်ထုပ်ဝန်ပိုးတစ်ခုလို ဖြစ်နေခဲ့လေ၏။ သူ့ကို အမြဲတမ်း ပေါ်တင် အိပ်ပျော်နေသည်ကို ဖြစ်စေ၊ သို့မဟုတ် တိတ်ဆိတ်စွာ တရားထိုင်ခြင်းကို အိပ်စက်ခြင်း၏ နောက်ထပ်ပုံစံတစ်မျိုးအဖြစ် အသုံးပြုနေသည်ကို ဖြစ်စေ မြင်တွေ့ရတတ်ပေသည်။

သူတို့ကို သူငယ်ချင်းများဟု သတ်မှတ်နိုင်သော်လည်း သူတို့သည် စကားသိပ်မပြောဖြစ်ကြဘဲ အများအားဖြင့် ယန်ချင်းကသာ စကားပြောလေ့ရှိပြီး လျူကျွမ်းမှာမူ မျက်လုံးများကို မှိတ်ထားရင်း 'အင်း... အင်း' ဟူသော အသံများကိုသာ ဖြစ်ကတတ်ဆန်း တုံ့ပြန်တတ်လေ၏။ ယန်ချင်းက ကောင်းကင်ယက်ကန်းငှက်၏ အသိုက်အကြောင်းကို ကြွားလုံးထုတ်နေချိန်တွင်မှသာ သူသည် တက်ကြွနေပုံ ပေါ်လေ၏။

ဤမျှ ပျင်းရိသောသူမျိုးက သူ နှစ်သက်တတ်သည့် လက်ဆောင်အမျိုးအစားကို ခန်းမသခင်အား တကူးတက သွားရောက်ပြောပြလိမ့်မည်ဟု သူ တစ်ခါမှမတွေးမိခဲ့ဖူးချေ။

"တစ်ခုခုကို လိုချင်ရင် တစ်ခုခုကို ပြန်ပေးရမယ်လို့ လီလင်က ငါ့ကို ပြောခဲ့ဖူးတယ်… ယန်ချင်း၊ မင်းက ကျင့်စဉ်ကို သဘောကျတယ် မဟုတ်လား" လျူကျွမ်းက မေးလိုက်၏။ သူ၏အသံမှာ အစပိုင်းတွင် လေးတွဲတွဲဖြစ်နေသော်လည်း အဆုံးသတ်ပိုင်းရောက်လာချိန်တွင်မူ ပေါက်ကွဲထွက်လာမည့် စွမ်းအင်အချို့ ပါဝင်လာချေသည်။

"ဟုတ်တယ်၊ အဲဒီအတွက်လည်း ငါ အရမ်းကို ကျေးဇူးတင်မိပါတယ်"

လျူကျွမ်း၏ မျက်လုံးများထဲတွင် လက်ကနဲ ဖြစ်သွားသော အရိပ်အယောင်တစ်ခုကို မြင်လိုက်ရချိန်တွင် ယန်ချင်း၏ ရင်ထဲ၌ မကောင်းသော သံသယတစ်ခု ဖြစ်ပေါ်လာကာ ဖြည်းညင်းစွာ ပြောလိုက်လေ၏။

"အရမ်းကောင်းတာပေါ့။ ဒါဆို အဲဒီအစား ငါ့ကို အသိုက်လေး ပေးလို့ရမလား"

ယန်ချင်း တုံ့ပြန်ရန် အချိန်ပင် မရလိုက်မီ လျူကျွမ်းက အလောတကြီး ပြောလိုက်လေတော့၏။

'ငါ ထင်သားပဲ'

"ငါ့ကို လက်ဆောင်ပေးတာ မင်းမှ မဟုတ်တာ၊ ခန်းမသခင်ရန်ရှင်းက ပေးတာလေ… အဲဒီအသိုက်ကို ဉာဏ်နီဉာဏ်နက်သုံးပြီး ရဖို့ဆိုတာကိုတော့ မေ့လိုက်တော့… မင်းက အဲဒီလောက်တောင် လိုချင်နေတယ်ဆိုရင် အဲဒီအသိုက်ရဲ့ လက်ရှိတန်ကြေးနဲ့အတူ နှစ်တွေတစ်လျှောက် ငါ အသုံးပြုခဲ့ရတဲ့ ရတနာတွေ၊ ပြီးတော့ အဲဒီထိခိုက်မှုတွေကြောင့် ငါ ခံစားခဲ့ရတဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာကြေးတွေကိုပါ လျော်ပေးရလိမ့်မယ်…

အကြမ်းဖျင်း တွက်ကြည့်မယ်ဆိုရင် အဆင့်မြင့် ဝိညာဉ်ကျောက်တုံး သန်းတစ်ရာလောက်တော့ ရှိလိမ့်မယ်။ ဒါပေမဲ့ ငါတို့ရဲ့ သူငယ်ချင်း သံယောဇဉ်ရယ်၊ ပြီးတော့ ငါ အပြည့်အစုံမဟုတ်တဲ့ ရွှေရောင်အဆင့် ကျင့်စဉ်တစ်ခုကို ရဖို့ မင်း ကူညီပေးခဲ့တဲ့ ကြိုးစားအားထုတ်မှုတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ စုစုပေါင်းထဲကနေ ဆယ်သန်းကို လျှော့ပေးလိုက်မယ်။ ဆိုတော့ကာ အဆင့်မြင့် ဝိညာဉ်ကျောက်တုံး သန်းကိုးဆယ်ပဲ ကျသင့်လိမ့်မယ်။

မင်းသာ အဲဒီပမာဏကို ထုတ်ပေးနိုင်သရွေ့ ငါ မင်းကို အသိုက်ပေးဖို့ ဝမ်းသာမှာပါ။ အခမဲ့ ပို့ဆောင်ပေးတဲ့ ဝန်ဆောင်မှုတောင် ထည့်ပေးလိုက်ဦးမယ်"

ယန်ချင်းက လျူကျွမ်း၏ လက်ရှိ မှုန်ကုပ်ကုပ် မျက်နှာထားကို ကြီးစွာသော ကျေနပ်အားရမှုတစ်ခုအဖြစ် ယူကာ ကြွားဝါစွာ ပြောလိုက်လေ၏။

"မင်းက မပေးနိုင်ဘူးလို့ ငြင်းလိုက်လို့ ရသားပဲ၊ အဲဒီလောက်ထိ ရက်စက်ပြနေစရာ မလိုပါဘူး" လျူကျွမ်းက ညှိုးနွမ်းနေသော မျက်နှာအမူအရာဖြင့် ပြောလိုက်၏။

"အစ်မလီလင် လိမ်တယ်… ကျွန်တော် အစ်မနဲ့ နောက်ထပ် သိုင်းမပြိုင်တော့ဘူး"

လျူကျွမ်းက ခန်းမသခင် ရန်ရှင်းဘေးရှိ ဆံပင်နီများနှင့် မိန်းကလေးကို ပြောလိုက်လေ၏။ သူသည် ထိုနေရာတွင် ဆက်နေရန် စိတ်မဝင်စားတော့ဘဲ တက်ကြွမှုကင်းမဲ့နေသော အသွင်အပြင်ဖြင့် သူ၏ထိုင်ခုံသို့ ပြန်သွားရန်သာ ရွေးချယ်လိုက်လေတော့၏။

"ယန်ချင်း၊ မင်းလို ခွေးကောင်က သူ့ကို အသိုက်လေး မပေးလိုက်နိုင်ဘူးလား"

မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှုများအပြည့်ဖြင့် ယှဉ်ပြိုင်တိုက်ခိုက်ရန် ပစ်မှတ်များကို အလုပ်ရှုပ်နေအောင် လိုက်ကြည့်နေသော ဝေ့လီလင်မှာ လျူကျွမ်းက ၎င်းတို့၏ သိုင်းကစားမည့် အစီအစဉ်ကို ဖျက်သိမ်းကြောင်း ပြောလိုက်ချိန်တွင် ဒေါသတကြီး ဖြစ်သွားလေတော့၏။

သူမသည် ယန်ချင်းကို ထိုးကြိတ်ရန်ပင် ပြေးဝင်သွားခဲ့သော်လည်း ကံကောင်းထောက်မစွာဖြင့် ခန်းမသခင် ရန်ရှင်းက ဝင်ရောက်တားဆီးကာ သူမကို အတင်းအကြပ် ဆွဲခေါ်သွားခဲ့ရသဖြင့် အနည်းငယ် ရှုပ်ယှက်ခတ်သွားလေ၏။

ယန်ချင်းမှာ လူအုပ်ကြီးထံမှ ထူးဆန်းသော အကြည့်များကို စတင်ရရှိလာလေ၏။ အမျိုးသားများက သူ့ကို နားလည်သဘောပေါက်သည့် အကြည့်များဖြင့် ကြည့်ကြသော်လည်း အမျိုးသမီးများကမူ သူ့ကို ကြည့်သည့်အခါတွင် ၎င်းတို့၏ မျက်နှာပေါ်၌ ရွံရှာစက်ဆုပ်သည့် အမူအရာများ ရှိနေကြပေသည်။

'သူတို့က ငါ ဘာလုပ်လိုက်တယ်လို့ ထင်နေကြတာလဲ'

ယန်ချင်းက ရှက်ကိုးရှက်ကန်း အပြုံးတစ်ခုဖြင့် တွေးတောလိုက်လေ၏။

"ကျွမ်း၊ လီလင်၊ မင်းတို့ နောက်မှ ငါ့အိမ်ကို လာခဲ့လို့ရတယ်… အဲဒီမှာ ငါ အခမ်းအနားပြီးရင် ပွဲလေးတစ်ခု လုပ်မှာ… အသိုက်ကို မပေးနိုင်ရင်တောင် မင်း ဒီကိုရောက်တဲ့အခါ စမ်းကြည့်လို့ ရပါတယ် ကျွမ်းရာ"

ယန်ချင်းက ပြောလိုက်၏။

သူ၏ စကားက သေလူလို ဖြစ်နေသော လျူကျွမ်းအား အသက်ပြန်သွင်းပေးလိုက်သကဲ့သို့ပင် ဖြစ်သွားလေ၏။

"အို... ပြီးတော့ လီလင်၊ နယ်ပယ်အဆင့်(၁)ခု ကွာဟနေရင်တောင် သူ့ကို ဘယ်တော့မှ အနိုင်မယူနိုင်မယ့် ကျင့်ကြံသူတွေ စစ်သည်တော်နန်းတော်ထဲမှာ ရှိတယ်လို့ ဟွေလန်က ပြောခဲ့ဖူးတယ်…ငါ ဒီလိုပြောရတာ ဝမ်းနည်းပေမယ့် မင်းကလည်း အဲဒီထဲက နာမည်တစ်ခုပဲ"

ယန်ချင်းသည် လီလင်၏ အမျက်ဒေါသကို အခြားတစ်ယောက်ဆီသို့ လွှဲပြောင်းရန် ဆုံးဖြတ်လိုက်ပြီး ထိုသူအတွက် ခန်းဝေ့လန်ထက် ပိုကောင်းသောသူ မရှိနိုင်ပေ။

"မင်း လိမ်နေတယ်ဆိုတာ ငါ သိတယ်… ဒါပေမဲ့ သူ့ကို လက်စားချေဖို့အတွက်တော့ ဒါက အတော်လေး ကောင်းတဲ့ အကြောင်းပြချက်တစ်ခုပဲ"

ဝေ့လီလင်က မကောင်းဆိုးဝါးဆန်ဆန် အပြုံးတစ်ခုဖြင့် ပြောလိုက်လေ၏။

ခန်းဝေ့လန်မှာ ရယ်မောနေစဉ်အတွင်းမှာပင် အန္တရာယ်များသော အရှိန်အဝါတစ်ခုက သူ့ထံ ကျရောက်လာသည်ကို သိရှိလိုက်ရသည်။

သူက နားမလည်နိုင်သည့် မျက်နှာအမူအရာဖြင့် ခေါင်းလှည့်ကြည့်လိုက်ရာ ဝေ့လီလင်က သူ့ထံသို့ ရန်လိုသော အကြည့်များဖြင့် ကြည့်နေပြီး ယန်ချင်းကမူ ဝမ်းသာအားရ ပြုံးရွှင်နေသည်ကိုသာ မြင်လိုက်ရလေတော့၏။

'ဒီနှစ်ယောက်က ဘာဖြစ်နေကြတာလဲ'

သူက တွေးလိုက်ပြီးနောက် ထိုကိစ္စကို ခေါင်းထဲမှ ထုတ်ပစ်လိုက်ကာ သူ လုပ်နေသည့်အလုပ်ကိုသာ ဆက်လက်လုပ်ဆောင်နေလေတော့၏။

ခန်းမတစ်ထောင်စစ်ပွဲနန်းတော်၏ အလှည့် ပြီးဆုံးသွားပြီးနောက် ကျန်ရှိနေသော လက်ဆောင်ပေးအပ်သည့် လုပ်ငန်းစဉ်များမှာမူ အဆင်ပြေချောမွေ့စွာဖြင့် ပြဿနာတစ်စုံတစ်ရာ မရှိဘဲ ဆက်လက်လည်ပတ်သွားလေတော့၏။

All Chapters