← Chapters

လွမ်းမောဖွယ် အမှတ်တရများ

Vol. 28 Ch. 279

လွမ်းမောဖွယ် အမှတ်တရများ

Vol. 28 Ch. 279

အသေးစိတ်ကိစ္စရပ်များ ပြီးစီးသွားပြီးနောက် ကွေ့ရှီရန်သည် ဖုန်းလဲ့၊ သူ၏ခန္ဓာကိုယ်ကို ပြန်လည်ကုစားပေးခဲ့သော ဇီးကွက်မျက်လုံးနှင့် အရပ်ပုပု အထူးစုံစမ်းစစ်ဆေးရေးမှူးရွှီလင်၊ ရွှီလင် အသုံးပြုခဲ့သော ကျင့်စဉ်ကို သိသိသာသာ စိတ်ဝင်စားသွားသဖြင့် သူတို့နှင့်အတူ လိုက်ပါသွားသော ဒုတိယအဓိပတိဝူလင်၊ နောက်ဆုံးတွင် ဒုတိယအကျဉ်းထောင်မှူးရှောင်အန်းတို့နှင့်အတူ ထွက်ခွာသွားလေသည်။

ယန်ချင်းနှင့် ကျွင်းဖေးတို့သာ ကျန်ရစ်ခဲ့၏။

"ကဲ... မင်း အခုပဲ ပြန်အပ်မလား၊ ဒါမှမဟုတ် အဆင်ပြေမယ့်အချိန်မှ လာအပ်မလား။ မင်း ဘယ်လိုရွေးရွေး ငါကတော့ အဆင်ပြေတယ်။ မင်းမှာ ပေးနိုင်တဲ့စွမ်းရည် ရှိနေပြီဆိုတာ ငါသိပြီးသားပဲ"

ကျွင်းဖေးက စနောက်သော အပြုံးဖြင့် ပြောလိုက်၏။

သူမ၏ 'ကြင်နာလှသော' အကြံပြုချက်ကြောင့် ယန်ချင်းမှာ မျက်နှာရှုံ့မဲ့သွားရပေသည်။

ဤမျှ ယုံကြည်မှုရှိပြီး လွတ်လပ်ပေါ့ပါးသည့် ခံစားချက်မျိုးကို မခံစားရသည်မှာ ကြာမြင့်နေပြီဖြစ်ကာ သိုလှောင်လက်စွပ်အတွင်း၌ ပြည့်လျှံနေသော မရေမတွက်နိုင်သည့် ရတနာများက ဤခံစားချက်နှင့် သက်ဆိုင်နေမည်ကို သူ ခံစားမိလေသည်။

ပွဲကျင်းပချိန်တွင် သူတော်စင်အဆင့် ရတနာများနှင့်အတူ အထာကျ‌နေစေရန်အတွက် သူ၏ လက်ရှိ အသွင်ပြောင်းလဲမှုနှင့် ပြန်လည်မွေးဖွားလာခြင်းကို စွန့်စားရက်ပါမည်လော။

တောင်တစ်လုံးစာမျှရှိသော အစားအသောက်များကို တစ်နှစ်ပတ်လုံး စားသောက်နေလျှင်တောင် သူ့ငွေကြေးအခြေအနေကို ထိခိုက်နိုင်မည်မဟုတ်သည့် အသိမှရလာသော လုံခြုံမှုခံစားချက်ကြီးကို အဆုံးရှုံးခံရက်ပါမည်လော။

သေချာပေါက် သူ စွန့်စားရက်ပေသည်။ ရတနာများဆိုသည်မှာ လာလိုက်သွားလိုက်သာ ဖြစ်သော်လည်း သူတော်စင်အဆင့် ရတနာများကို ဝတ်ဆင်၍ အထာကျကျဖြင့် လူတကာ၏ မျက်နှာကို ပွတ်တိုက်ကြွားဝါရခြင်းကသာ ထာဝရတည်တံ့သောအရာ ဖြစ်လေသည်။

ထို့ကြောင့်ပင် ယန်ချင်းက နောင်တရခြင်းအလျင်းမရှိဘဲ ပြောလိုက်၏။

“စီနီယာကျွင်းဖေး... အစောင့်တွေလွှတ်ပြီး ပြန်သိမ်းရမယ့်အချိန် မတိုင်ခင်အထိ ခွင့်ပြုထားတဲ့ အများဆုံးအချိန်ကို ကျုပ် ယူထားလိုက်မယ်။”

“သုံးနာရီပြည့်တဲ့အချိန်မှာ အထူးစစ်ဆေးရေးမှူးတွေကို လွှတ်မယ်လို့ စီနီယာ ပြောခဲ့တာကို ကျုပ် မှတ်မိတယ်။ အဲဒီတော့ ကျုပ်က နှစ်နာရီကြာအောင် ယူထားမယ်လေ။”

“ကျုပ်မှတ်ထားတာသာ မမှားဘူးဆိုရင် စီနီယာပြောခဲ့တဲ့ ဒဏ်ကြေးက အဆင့်မြင့် ဝိညာဉ်ကျောက်တုံး တစ်သိန်းနှစ်သောင်း မဟုတ်လား... ဟုတ်တယ်မလား စီနီယာ”

မနေ့က သူတော်စင်အဆင့် ရတနာသုံးပါးကို သွားယူစဉ်က ကြားခဲ့ရသော ရင်နင့်ဖွယ်ရာ မိတ်ဆက်စကားများကို ပြန်လည်အမှတ်ရကာ ယန်ချင်းက မေးလိုက်လေသည်။

"ဟုတ်တယ်"

ညွှန်ကြားရေးမှူးထောက် ကျွင်းဖေးက မျက်နှာပေါ်တွင် ကျေနပ်ရွှင်မြူးသော အပြုံးတစ်ခုဖြင့် ပြောလိုက်၏။

"ဒါကို ကျသင့်မယ့် ဒဏ်ကြေးအတွက် ကျုပ်ရဲ့ ပေးချေမှုအဖြစ် လက်ခံပေးပါ"

ရွှေဝါးရုံစံအိမ်၊ မေပယ်ရွက်စံအိမ်နှင့် မေပယ်နီအင်ပါယာတို့မှ ပေးအပ်ထားသော လက်ဆောင်များကို လွှဲပြောင်းပေးရင်း ယန်ချင်းက ပြောလိုက်လေသည်။

ထိုအပုံထဲသို့ အဆင့်မြင့် ဝိညာဉ်ကျောက်တုံး တစ်သိန်းနှစ်သောင်း တန်ကြေးပြည့်မီသွားစေရန်အတွက် သူ သိပ်အသုံးမလိုသော အခြားရတနာအချို့ကိုလည်း ထည့်ပေါင်းလိုက်၏။

"ဒီလောက်ဆို လုံလောက်ပြီမလား"

ယန်ချင်းက အနည်းငယ် နာကျင်နေသော မျက်နှာထားဖြင့် မေးလိုက်၏။ သူတော်စင်အဆင့် ရတနာများနှင့် ကြွားဝါခွင့်ရရေးအတွက် ရွှေဝါးရုံစံအိမ်နှင့် သူတို့၏ အပေါင်းအပါများထံမှ ရရှိသော လက်ဆောင်များကို စွန့်လွှတ်လိုက်ရခြင်းအပေါ် သူ မည်သည့်နောင်တမှ မရခဲ့ချေ။

သို့သော်လည်း ၎င်းမှာ ကောင်းမွန်သော ကိစ္စတစ်ခုအတွက် ဖြစ်ကြောင်း သိထားကာ ထိုလက်ဆောင်များကို သူ သိပ်သဘောကျသော်လည်း အဆင့်မြင့် ဝိညာဉ်ကျောက်တုံး တစ်သိန်းနှစ်သောင်းနှင့် မြေအောက်ဈေးကွက်မှ ရရှိထားသည့် အရာများဖြင့် သူ စားသောက်နိုင်မည့် အစားအစာများကို စိတ်ကူးကြည့်လိုက်မိချိန်တွင်မူ နာကျင်ရဆဲပင် ဖြစ်လေသည်။

သို့သော် ဤအရာမှာ မလုပ်မဖြစ် လုပ်ရမည့် ကိစ္စပင် ဖြစ်ချေသည်။

"အဆင်ပြေတာထက်တောင် ပိုသေးတယ်။ မင်းက အဲဒီအချိန်အတွင်းသာ ပြန်လာအပ်မယ်ဆိုရင် ဒီလောက် ပွင့်လင်းရိုးသားတဲ့မင်းကို ငါက ဆယ်ရာခိုင်နှုန်း လျှော့ပေးလိုက်အုံးမယ်"

ကျွင်းဖေးက ပြောလိုက်၏။

"နောက်မကျစေနဲ့နော် တရားသူကြီးလေး။ ဒါပေမဲ့ ငါ့ရဲ့ စိတ်ထဲမှာတော့ မင်း နောက်ကျပါစေလို့ မျှော်လင့်မိသား"

ကျွင်းဖေးက ဖြည့်စွက်ပြောဆိုလိုက်ကာ ယန်ချင်းကို ချန်ထားရစ်လျက် ထိုနေရာမှ ပျောက်ကွယ်သွားလေတော့သည်။

"သူက သူတစ်ပါး နာကျင်တာကို သဘောကျတဲ့သူများလား"

ယန်ချင်းက သတိထားနေသော မျက်နှာထားဖြင့် တီးတိုးရေရွတ်လိုက်၏။

သို့ရာတွင် စကြဝဠာပြာ၊ ကံကြမ္မာဖုံးကွယ်၊ ပိုးအိမ်စိမ်းတို့နှင့်အတူ သူ ကြွားဝါတော့မည့် အဖြစ်အပျက်များကို စိတ်ကူးကြည့်လိုက်ချိန်၌ သူ၏ မျက်နှာပေါ်တွင် အရောင်အဝါတစ်ခု ချက်ချင်း တောက်ပလာပေသည်။

"စီနီယာတို့... အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်"

ဤကိစ္စတွင် သက်ဆိုင်နေသော အခြားတစ်ဖက်ကို သူ တိုင်ပင်ရမည့်အချက်အား ယန်ချင်း ရုတ်တရက် သတိရသွား၏။ အကယ်၍ ၎င်းတို့ကသာ ငြင်းဆန်ခဲ့ပါက သူ စီစဉ်ထားသမျှ မလုပ်နိုင်သည့်အတွက် ရှက်ရွံ့မှုနှင့် စိတ်ပျက်မှုတို့ကို ရရှိမည့်အပြင် ငွေပြန်မအမ်းမည်ကို သူ စိုးရိမ်နေမိလေသည်။

ရုံးတော်ဟူသည်မှာ သူ သိသမျှထဲတွင် အကြီးမားဆုံး ငွေညှစ်သူများ ဖြစ်ကြပေသည်။ ဒဏ်ကြေးများ၊ ပြစ်ဒဏ်များနှင့် ရရန်ရှိသော မည်သည့်ကြွေးမြီကိုမဆို ကောက်ခံရာတွင် မည်သည့်အခါမှ အချိန်ဆွဲလေ့မရှိကြချေ။

သို့သော် စာရင်းရှင်းရန်နှင့် ငွေပြန်အမ်းရန် ကိစ္စများတွင်မူ အချိန်ဆွဲတတ်ကြပြီး အချို့သောအခြေအနေများတွင် လုံးဝလျစ်လျူရှုထားတတ်ကြပေသည်။

ယန်ချင်းမှာ သူတို့၏ လုပ်နည်းလုပ်ဟန်များကို ကောင်းစွာ ရင်းနှီးကျွမ်းဝင်နေပြီး သူတို့၏ ထိုအခြမ်းကို သူတစ်ယောက်တည်းသာ သိနေသကဲ့သို့ အမြဲတစေ ခံစားရလေ့ရှိလေသည်။

"ငါကတော့ ကိစ္စမရှိပါဘူး။ ငါ အမြဲတမ်း နေတဲ့ တောင်ကနေ ခဏတာ အနားယူဖို့ ကောင်းတဲ့အခွင့်အရေးပဲလို့ ထင်တာပဲ"

စကြဝဠာပြာက ပြောလိုက်၏။

"ဒီနေ့ ငါမြင်ခဲ့ရတဲ့ စိတ်ဝင်စားစရာ ကလေးတချို့ ရှိတယ်။ သူတို့ရဲ့ ကံကြမ္မာကို ငါ ဖတ်ချင်သေးတယ်"

ကံကြမ္မာဖုံးကွယ်က အနည်းငယ် စိတ်လှုပ်ရှားနေသော လေသံဖြင့် ပြောလိုက်၏။

"ငါကတော့ အိပ်တော့မယ်"

အဖွဲ့၏ နောက်ဆုံးအဖွဲ့ဝင်ဖြစ်သော ပိုးအိမ်စိမ်းက ပြောလိုက်လေသည်။

သူတို့အားလုံး၏ ခွင့်ပြုချက်ကို ရရှိပြီးနောက် ယန်ချင်းမှာ သိသိသာသာကို ပြုံးရွှင်သွားတော့သည်။ ပိုးအိမ်စိမ်းက မည်သည့်နေရာတွင် အိပ်သည်ဖြစ်စေ ကိစ္စမရှိသောကြောင့် သူမ၏ အဖြေကိုလည်း တိတ်တဆိတ် သဘောတူညီမှုပေးခြင်းအဖြစ် သူက အလိုက်သင့် မှတ်ယူလိုက်လေသည်။

ယန်ချင်းသည် သူ၏ စံအိမ်သို့ အမြန်ဆုံး အမြန်နှုန်းဖြင့် ပြေးသွားလိုက်၏။ ရုံးတော်မှ သူငယ်ချင်းများနှင့် အခမ်းအနားသို့ လာရောက်ကြသော ဧည့်သည်များမှာ စံအိမ်တွင် ရောက်ရှိနေကြပြီ ဖြစ်လေသည်။

ဝေ့လီလင်၏ လိုက်လံနှောင့်ယှက်ခြင်းကို ခံနေရသော ခန်းဟွေ့လန်၊ အသိုက်အတွင်းသို့ ဝင်ခွင့်ရရန် ကောင်းကင်ဘုံရက်ကန်းငှက်အား တောင်းပန်နေပုံရသည့် လျူကျွမ်းတို့ကို သူ မြင်တွေ့နိုင်ပေသည်။

အခြေအနေအရ ကြည့်မည်ဆိုပါက လျူကျွမ်းမှာ ထိုလောဘကြီးသော ငှက်၏ လိမ်လည်ခေါင်းပုံဖြတ်ခြင်းကို ခံနေရပုံပင်။

ရနံ့တစ်ထောင် စားသောက်ဆိုင်မှ ဝန်ထမ်းများသည် ဖုန့်ရှင်း၊ သစ်တောဖြူနိုင်ငံတော်၏ ဘုရင်တို့နှင့်အတူ တစ်စုံတစ်ရာကို အလေးအနက် ဆွေးနွေးနေကြပေသည်။

ဤမျှ အရေးကြီးသော ဆွေးနွေးမှုမျိုးတွင် ပါဝင်ရန် ယန်ချင်းမှာ မစောင့်ဆိုင်းနိုင်တော့ပေ။ သူ၏ အစာအိမ်ကပင် သူ့ခံစားချက်ကို သဘောတူနေပုံရလေသည်။

မော့ယွင်ရူ၊ သူမ၏ သူငယ်ချင်းများ၊ အခြားသော စုံစမ်းစစ်ဆေးရေးမှူးများ၊ တရားသူကြီး သူငယ်ချင်းများ၊ ချိုက်ယင်းနှင့် ကျန်ရှိသော အကယ်ဒမီမှ သူငယ်ချင်းများလည်း တက်ရောက်လာကြပြီး ကျိုးမောင်နှမ၊ သူ၏ အစ်ကိုနှင့်မရီးတို့လည်း ရှိနေကြပေသည်။ ကျယ်ပြန့်သော တောရိုင်းမြေပြင်ကြီးနှင့်တူသော စံအိမ်မှာ ယခုအခါ လူအများဖြင့်ပြည့်နှက်စည်ကားနေတော့သည်။

လူအုပ်ကြားတွင် ရောနှောနေသော အလင်းဖြာဓားဂိုဏ်းနှင့် မြစ်ဝှမ်းစီးဝင်ဂိုဏ်းတို့မှ နန်းတော်အဆင့် တပည့်နှစ်ဦးကိုပင် ယန်ချင်း မြင်တွေ့လိုက်ရ၏။

တက်ရောက်လာသူ အများစုမှာ ရုံးတော်မှဖြစ်ကြပြီး ၎င်းတို့သည် ဤမြင့်မြတ်နယ်မြေ နှစ်ခုစလုံးတွင် ထင်ပေါ်ကျော်ကြားနိုင်လောက်သည့် ကိုယ်ပိုင်အရည်အချင်းရှိသော ပါရမီရှင်များ ဖြစ်ကြသောကြောင့် သူတို့၏ ဆက်ဆံရေးမှာ တင်းမာမှု မရှိပေ။

ထို့ပြင် လူအုပ်ထဲတွင် ပါရမီချင်း ယှဉ်နိုင်သူ ငါးဦးထက်မက ရှိနေပြီဖြစ်ရာ ထိုတပည့်နှစ်ဦးမှာ မောက်မာနေ၍ မရနိုင်ချေ။

ဥပမာအားဖြင့် ကျန်းချင်းကောဆိုလျှင် ယွီဟွေ့ဖန်၏ ဝတ်ရုံကို တင်းကျပ်စွာ ဆုပ်ကိုင်ထားရင်း ရှက်ရွံ့နေပြီး စူးစမ်းလိုစိတ်၊ စိတ်လှုပ်ရှားမှု၊ အနေခက်သော စိုးရိမ်ပူပန်မှုတို့ ရောယှက်နေသည့် မျက်လုံးများဖြင့် ပတ်ဝန်းကျင်ကို ဝေ့ကြည့်နေလေသည်။

အရာအားလုံးကို ယန်ချင်းက တိတ်ဆိတ်စွာ ကြည့်ရှုလိုက်ပြီးနောက် အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်လေသည်။

"ဟေ့လူတွေ... ခင်ဗျားတို့ရဲ့ အံ့မခန်း သူတော်စင်ကြီး ရောက်လာပြီဗျို့။ ပွဲတော်ကို စလိုက်ကြရအောင်"

ယန်ချင်းထံသို့ အော်ဟစ်သံများနှင့် လှောင်ပြောင်သော မှတ်ချက်များ ချက်ချင်း ပျံဝဲလာခဲ့ပြီး ထိုမှတစ်ဆင့် ကျင့်စဉ်မှော်သိုင်းများနှင့် လက်နက်များ ပစ်လွှတ်လာသည်အထိ ဆိုးရွားသွားလေတော့သည်။

ယန်ချင်းက လူတိုင်းကို မောက်မာသော အပြုံးဖြင့် ကြိုဆိုလိုက်၏။ သူတို့အနေဖြင့် ပြင်းထန်မှုကို ပို၍မြှင့်တင်လာစေရန်ပင် သူ ဆန္ဒရှိနေသေးပေသည်။ သို့မှသာ 'သူ၏ သူတော်စင်အဆင့်ရတနာများ' ကို ကြွားဝါနိုင်ပေမည်။

သူတို့ကို ဒေါသထွက်လာစေရန်အတွက် သူက အဆုံးအစမရှိ လှောင်ပြောင် သရော်နေခဲ့လေသည်။

ထိုဆုံးဖြတ်ချက်မှာ နှစ်နာရီကြာပြီးနောက် ရတနာများကို ပြန်အပ်လိုက်ရချိန်တွင် ပွဲက ဆက်လက် ကျင်းပနေဆဲဖြစ်သောကြောင့် နောက်ပိုင်းတွင် သူ နောင်တရခဲ့ရသည့် အရာပင် ဖြစ်ပေသည်။

သို့သော် လောလောဆယ်တွင်တော့ သူက အမှတ်တရများကို ဖန်တီးတော့မည် ဖြစ်လေသည်။

ရယ်မောသံများ၊ အော်ဟစ်သံများနှင့် အားပေးသံများက နေရာအနှံ့ ပြည့်နှက်နေခဲ့ပေသည်။ နှစ်ပေါင်းများစွာ ကြာပြီးနောက် ကြီးမားသော အဖြစ်ဆိုးကြီးတစ်ခု ကျရောက်လာချိန်တွင် ဤအမှတ်တရနှင့်အခိုက်အတန့်၏ ခံစားချက်ကို ယန်ချင်းက လွမ်းမောဖွယ် ပြန်လည်ကြည့်ရှုနေမည် ဖြစ်လေသည်။

ရုံးတော်က ကြိုတင်ခန့်မှန်းထားခဲ့သော်လည်း မည်သည့်အခါမျှ ရောက်လာမည် မထင်ထားခဲ့သောကပ်ဘေးတစ်ခုကြောင့် အရာအားလုံးမပျက်စီးခင် ထိုအခိုက်အတန့်လေးကိုပင်။

ဤနေရာရှိ မျက်နှာအချို့ကို ထိုအဖြစ်ဆိုးကြီးအပြီးတွင် သူ မည်သည့်အခါမှ ပြန်လည် မြင်တွေ့ရတော့မည် မဟုတ်ချေ။

All Chapters