အပြင်ဘက်နန်းတော်တရားရုံးသို့ ဝင်ရောက်ခြင်း (၁)
Vol. 28 Ch. 280
ဝတ်ရုံပြန်အပ်ရန် သတ်မှတ်ထားသော နှစ်နာရီအချိန်ပြည့်လာသောအခါ ယန်ချင်းသည် ပိုမိုဆိုးရွားသည့် အခြေအနေများနှင့် မကြုံတွေ့ရစေရန်နှင့် ယခုအချိန်အထိ သူရှာဖွေထားသမျှ အရာအားလုံး ဆုံးရှုံးမသွားစေရန်အတွက် အမြန်ခွင့်တောင်းကာ အတွင်းပိုင်းထောက်ပံ့ရေးဌာနသို့ ဦးတည်ထွက်ခွာသွားလေ၏။
သူတော်စင်အဆင့် ရတနာသုံးပါးနှင့် နာရီအနည်းငယ်မျှသာ အချိန်ဖြုန်းခဲ့ရသော်လည်း ယန်ချင်းမှာမူ ၎င်းတို့သုံးပါးနှင့် တစ်သက်တာလုံး အတူနေထိုင်ခဲ့ရသကဲ့သို့ အချိန်ခဏလေးအတွင်းမှာ ခင်တွယ်သွားမိလေသည်။
ထိုရတနာများသည် ငယ်စဉ်ကတည်းက သူ့အား လမ်းညွှန်ပြသပေးသည့် ဂိုဏ်းတူအစ်ကိုကြီးများကဲ့သို့ ခံစားရပေ၏။
စကြဝဠာပြာသည် သူဆည်းပူးရရှိထားသော ဉာဏ်ပညာများကို ဟိုတစ်စဒီတစ်စ ဝေမျှရသည်ကို နှစ်သက်သော ဗဟုသုတကြွယ်ဝသည့် ဂိုဏ်းတူအစ်ကိုကြီးနှင့် တူပေသည်။
ယန်ချင်းအနေဖြင့် ၎င်းနှင့်သာ အချိန်ပိုဖြုန်းခွင့်ရပါက ကျင့်စဉ်များကို ခွဲခြမ်းစိတ်ဖြာသည့် သူ၏စွမ်းရည်များ ပိုမိုတိုးတက်လာနိုင်မည်ဖြစ်ကြောင်း ခံစားလိုက်ရ၏။
ကျောင်းအုပ်ကြီးကျူးလောင်သည် သူ့ကိုသာမက ကျန်သူများကိုပါ အကယ်ဒမီသို့ လာရောက်ရန် အဆက်မပြတ် တောင်းဆိုနေခဲ့ခြင်းမှာ အကြောင်းပြချက် တစ်ခုခုတော့ ရှိရပေမည်။
ကံကြမ္မာဖုံးကွယ်သည် မိမိနှင့် ကိုက်ညီမည့်လမ်းစဉ်နှင့်ကျင့်စဉ်အတွက် လိုအပ်သည့်ဆောင်ရန်ရှောင်ရန်များကို လမ်းညွှန်ပြသပေးသည့် ဂိုဏ်းတူအစ်ကိုကြီးနှင့်တူပေသည်။
စကြဝဠာပြာက ယန်ချင်း၏ ကာကွယ်ရေးကို တာဝန်ယူထားသည် ဆိုသော်ငြား ကံကြမ္မာဖုံးကွယ်၏ တည်ရှိနေမှုက သူ့ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးအတွက် ပို၍သက်တောင့်သက်သာရှိသော ခံစားချက်ကို ပေးစွမ်းနိုင်လေသည်။
နက်နဲလှသော ကြံစည်မှုများပင်လျှင် ၎င်း၏ အာရုံခံနိုင်စွမ်းကို ရှောင်လွှဲနိုင်မည်မဟုတ်ကြောင်း ထင်မှတ်ရပေ၏။
ပိုးအိမ်စိမ်းနှင့် ပတ်သက်၍မူ ၎င်း၏ ဆက်သွယ်ပြောဆိုနိုင်စွမ်း အားနည်းမှုကြောင့် အပြန်အလှန် ဆက်ဆံရေး နည်းပါးခဲ့သော်လည်း ယန်ချင်းသည် ၎င်းနှင့် နက်နဲစွာ ဆက်သွယ်ထားမိကြောင်း ခံစားရလေ၏။
သူမသည် လှုပ်ကုလားထိုင်ပေါ်တွင် တည်ငြိမ်စွာထိုင်ကာ သူမ၏ မျိုးဆက်သစ်လူငယ်လေးများ ရယ်မောပြေးလွှား ဆော့ကစားနေသည်ကို ကြည့်နေလေသည်။
သူမကြည့်ရှုနေပုံမှာ အိပ်တစ်၀က်နိုးတစ်၀က်အခြေအနေဖြင့် စောင့်ကြည့်နေသော ဘိုးဘေးတစ်ဦးကဲ့သို့ နွေးထွေးလုံခြုံမှုရှိလှလေ၏။
အလွန်ကြည့်ကောင်းနေခြင်းအပြင် အဆမတန်များပြားလှသော ဒဏ်ကြေးများကို ပေးဆောင်ရန် သူရွေးချယ်ခဲ့သည့် နောက်ထပ်အကြောင်းရင်းတစ်ခုမှာ သူတို့နှင့် မခွဲခွာလိုသေးခြင်းကြောင့်ပင် ဖြစ်ပေ၏။ သို့သော်လည်း ကောင်းမွန်သောအရာဟူသမျှသည် အဆုံးသတ်ရှိစမြဲပင် မဟုတ်ပါလော။
ယန်ချင်းသည် သူတော်စင်အဆင့် ရတနာသုံးပါး၏ ဝိညာဉ်များကို နှုတ်ဆက်လိုက်၏။ သူသည် ၎င်းတို့ကို ထပ်မံတွေ့ဆုံခွင့်ရရန် မျှော်လင့်ချက်မရှိဘဲ တိုးတိတ်စွာ တောင်းဆိုကြည့်ခဲ့သော်လည်း ထိုသုံးဦးလုံးက သဘောတူလိုက်သည့်အတွက် အံ့ဩသွားခဲ့ရလေ၏။
၎င်းတို့ နေထိုင်ရာတောင်ထွတ်သို့ အထူးဝင်ခွင့်ရရှိရန်အတွက် သူ့ကိုယ်စား ပြောပေးမည့်အထိပင် သူတို့က လိုလားနေကြပေ၏။ သို့သော်လည်း ခွင့်ပြုချက်ရယူရန် ဝိညာဉ်ကောင်စီ သို့မဟုတ် ဒုတိယဥက္ကဋ္ဌ သုံးဦးအနက်မှ နှစ်ဦး၏ သဘောတူညီချက် လိုအပ်ပေသည်။
ယန်ချင်းအနေဖြင့် ထိုသူတော်စင်အဆင့် ရတနာသုံးပါးသည် အဆိုပါအဖွဲ့နှစ်ဖွဲ့အနက်မှ တစ်ဖွဲ့ဖွဲ့အပေါ် ဩဇာလွှမ်းမိုးမှု တစ်စုံတစ်ရာ ရှိပါစေရန်သာ မျှော်လင့်နိုင်တော့သည်။
နှုတ်ဆက်ပြီးနောက် သူသည် ပွဲသို့ ပြန်ရန် ချက်ချင်း ထွက်ခွာလာခဲ့လေ၏။ တောဝက်ကြီးကို ဖုန့်ရှင်းက ထုတ်ပြလိုက်ပြီဖြစ်ပြီး ရနံ့တစ်ထောင် စားသောက်ဆိုင်မှ ကျွမ်းကျင်စားဖိုမှူး အနည်းငယ်က ချက်ပြုတ်နေကြပြီ ဖြစ်သည်။
ယန်ချင်းမှာမူ ထိုအရာကို လက်လွတ်ခံရမည့် အဖြစ်မျိုး အဖြစ်မခံနိုင်ပေ။ အပွင့်လင်းဆုံး ပြောရလျှင် ထိုဝက်သားသည် သူ့ထက်ပင် ပွဲ၏ အကြီးမားဆုံးသော ဆွဲဆောင်မှုတစ်ခု ဖြစ်နေချေ၏။
သူပြန်ရောက်သောအခါ ရိုက်နှက်ခံလိုက်ရသော်လည်း ပိုးဟပ်တစ်ကောင်ကဲ့သို့ခိုင်မာသည့် သက်စောင့်စွမ်းအင်ကြောင့် ချက်ချင်း ပြန်လည်သက်သာသွားခဲ့၏။
စားသောက်ပွဲသည် အရုဏ်တက်သည်အထိ ကျင်းပခဲ့ပြီး ဧည့်သည်များနှင့် ရုံးတော်မှ အခြားအဖွဲ့ဝင်များသည် ဖြည်းဖြည်းချင်း လူစုကွဲသွားကြလေ၏။ သို့သော်လည်း လျူကျွမ်းကဲ့သို့ မပြန်ချင်လိုသူများလည်း ရှိနေခဲ့၏။
သူသည် ရနံ့တစ်ထောင်ငှက်၏ အသိုက်အတွင်းရှိ ဇိမ်ကျကျ နေထိုင်မှုကို မြည်းစမ်းကြည့်ပြီးနောက် လုံးဝ မပြန်လိုတော့ချေ။ ဝေ့လီလင်က သူ့ကို ဖျောင်းဖျရန် ကြိုးစားသော်လည်း အောင်မြင်မှုမရရှိခဲ့သဖြင့် ခန်းမသခင်ရန်ရှင်းက သူ့ကို အတင်းအကျပ် ဆွဲထုတ်သွားခဲ့ရလေ၏။
….
ယန်ချင်းသည် သူ၏ ရွှေရောင်ရင့်ရင့် နန်းတော်တရားရုံးဝတ်ရုံသစ်ကို ဝတ်ဆင်ကာ မိမိကိုယ်ကို သဘောကျစွာ ကြည့်ရင်း သက်ပြင်းချလိုက်ကာ ပြုံးလိုက်လေ၏။
ထိုဝတ်ရုံ၏ ကျောဘက်တွင် သင်္ကေတတစ်ခု ပါရှိပြီး ၎င်းအပေါ်တွင် သူသည် အပြင်ဘက်အလယ်ဗဟို နန်းတော်တရားရုံး၏ တရားသူကြီးတစ်ဦးဖြစ်ကြောင်း ပြသသည့် ရိုမန်ဂဏန်း (I) ကို ထွင်းထုထားပေ၏။
ထိုဝတ်ရုံသည် စကြဝဠာပြာနှင့် ယှဉ်လျှင် အလှမ်းဝေးနေသေးသော်လည်း ၎င်း၏ ကိုယ်ပိုင်ဆွဲဆောင်မှု ရှိနေဆဲပင် ဖြစ်၏။ အကောင်းဆုံးအချက်မှာ ထိုဝတ်ရုံသည် သူ၏ ထာဝရပိုင်ဆိုင်မှု ဖြစ်လာခြင်းပင်တည်း။
ယမန်နေ့က သူ၏ ဝတ်ရုံဝိညာဉ်ကို ပြုစုပျိုးထောင်ခြင်းနှင့် ပတ်သက်၍ စကြဝဠာပြာနှင့် ခေတ္တမျှ ဆွေးနွေးခဲ့သည့် စကားဝိုင်းကို သူ မှတ်မိနေဆဲပင်။
အကယ်၍ သူက ထိုသို့ပြုလုပ်ရန် ရွေးချယ်ခဲ့ပါက နယ်ပယ်တရားရုံးများသို့ ရာထူးတိုးမြှင့်ခံရချိန်တွင် အခြားဝတ်ရုံအသစ်တစ်ခုကို ရရှိတော့မည် မဟုတ်ပေ။ သူသည် လက်ရှိဝတ်ရုံကိုသာ ဆက်လက်အသုံးပြုရမည် ဖြစ်ပေ၏။
စကြဝဠာပြာနှင့် အပြန်အလှန် ဆက်သွယ်ပြီးနောက်တွင် ယန်ချင်းသည် ထိုဆုံးဖြတ်ချက်ကို ချရန်အနည်းငယ်စိတ်တိမ်းညွှတ်လာခဲ့ပြီး နယ်ပယ်တရားရုံးများအတွက် ရရှိလာနိုင်မည့် ဝတ်ရုံ၏ အရည်အသွေးကို တွေးကာ လက်တွန့်နေဆဲပင် ဖြစ်၏။ အကယ်၍ သူသာ လက်ရှိဝတ်ရုံ၏ ဝိညာဉ်ကို ပြုစုပျိုးထောင်ရန် သဘောတူလိုက်ပါက ထိုအခွင့်အရေးကို လက်လွတ်ဆုံးရှုံးရပေမည်။
သို့သော်လည်း ယခုအချိန်တွင် ဝတ်ရုံကို ဝတ်ဆင်လိုက်သည်နှင့် တစ်ပြိုင်နက် ၎င်း၏ ပြီးပြည့်စုံသော တောက်ပမှုကိုခံစားလိုက်မိသဖြင့် ယန်ချင်းသည် အဆုံးထိ စွန့်စားကြည့်ရန် ဆုံးဖြတ်လိုက်ချေ၏။
အကယ်၍ သူသည် နယ်ပယ်အဆင့်သို့ ရောက်ရှိချိန်တွင် ဝတ်ရုံမှ မပေးစွမ်းနိုင်သော ပြင်ပအကူအညီများ လိုအပ်လာပါက ကုသိုလ်ရမှတ်များကို အသုံးပြု၍ ရယူနိုင်ပေ၏။ ရုံးတော်သည် ကပ်စေးနှဲလှသော်ငြား တောင်လိုပုံနေသည့် ရတနာများစွာကို ပိုင်ဆိုင်ထား၏။ လုပ်နိုင်စွမ်းသာရှိမည် ဆိုပါက ၎င်းတို့ထံမှ မည်သည့်အရာကိုမဆို ရယူနိုင်လေ၏။
'ငါ့ရဲ့ အချိန်ဇယားလေး နည်းနည်းအားလပ်သွားတဲ့အထိတော့ ပေါင်းစပ်တဲ့လုပ်ငန်းစဉ်ကို စောင့်ရဦးမှာပဲ'
ယန်ချင်းက တွေးတောလိုက်ပြီးနောက် အပြင်ဘက်နန်းတော်တရားရုံးသို့ ဝင်ရောက်ရန် အုပ်ချုပ်ရေးခန်းမဆီသို့ မထွက်ခွာမီ ဝတ်ရုံကို နောက်တစ်ကြိမ် သပ်ရပ်အောင် ပြင်ဆင်လိုက်လေ၏။
သူသည် အပြင်ဘက်နန်းတော်တရားရုံး၏ တရားသူကြီးများ ဖြစ်နေကြပြီဖြစ်သော တိုင်ချန်၊ ကျန်းချင်းကောတို့နှင့် အပြန်အလှန် ဆက်သွယ်မှုများမှတစ်ဆင့် သူ၏ အခန်းကဏ္ဍနှင့် တာဝန်အသစ်များအကြောင်းကို အကြမ်းဖျင်း သိရှိထားပြီးဖြစ်၍ ဤလုပ်ငန်းစဉ်ကိုတော့ ကျော်လွှား၍ မရနိုင်ပေ။
….
"မင်္ဂလာနံနက်ခင်းပါ ယန်ချင်း။ ကျုပ်နာမည်က ရှီထျန်းပါ။ ဒီနေ့ ခင်ဗျားရဲ့ အပြင်ဘက်နန်းတော်တရားရုံး တရားသူကြီးဆိုတဲ့ တာဝန်အသစ်ကို ထမ်းဆောင်ဖို့အတွက် ကျုပ်က လမ်းညွှန်ပေးသွားမှာပါ။ ပထမဆုံးအနေနဲ့ ရာထူးတိုးတဲ့အတွက် ဂုဏ်ယူပါတယ်"
ရှီထျန်းက ပြောလိုက်လေ၏။
ရှီထျန်းသည် နက်မှောင်သည့်ဆံပင်တိုတိုနှင့် ဆွဲဆောင်မှုရှိသော ရုပ်ရည်ရှိသည့် ပိန်သွယ်သော လူငယ်တစ်ဦး ဖြစ်လေ၏။ သူသည် ယန်ချင်း၏ အခမ်းအနားအတွက် လမ်းညွှန်မှုနှင့် ပြင်ဆင်မှုများကို တာဝန်ယူပေးခဲ့သော စံသတ်မှတ်ချက် ထိန်းချုပ်ရေးကော်မတီမှ စုန့်ကွမ်နှင့်မတူဘဲ ပေါင်းသင်းရလွယ်ကူမည့်သူတစ်ဦးအဖြစ် ထင်မှတ်ရပေ၏။
ရှီထျန်းသည် အသက်သုံးဆယ်ဝန်းကျင် အရွယ်ရှိပုံရပြီး ယန်ချင်း အကဲခတ်နိုင်သလောက်တော့ နန်းတော်အဆင့် ဒုတိယအဆင့်ရှိ ကျင့်ကြံခြင်းအခြေခံကို ပိုင်ဆိုင်ထားပုံရလေ၏။
'သူ့ရာထူးက ဌာနထဲမှာ နိမ့်ချင်မှနိမ့်မှာပဲ'
ယန်ချင်းက တွေးတောလိုက်၏။
အုပ်ချုပ်ရေးခန်းမသည် အလုပ်ပေးအပ်ရာတွင် ကျင့်ကြံခြင်းအခြေခံ သတ်မှတ်ချက်မရှိသော ရုံးတော်အတွင်းရှိ ဌာနအနည်းငယ်ထဲမှ တစ်ခုဖြစ်ပေ၏။
၎င်းတို့၏ ဝန်ထမ်းအများစုမှာ အမြုတေဖွဲ့စည်းခြင်းအဆင့်တွင် ရှိကြပြီး နန်းတော်အဆင့်ကဲ့သို့ ပိုမိုမြင့်မားသော အဆင့်ရှိသူများမှာမူ ဌာနခွဲမှူးများ ဖြစ်ကြသည် သို့မဟုတ် ရုံးတော်အတွင်းရှိ အရေးကြီးသော ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းကြရသူများ ဖြစ်လေ၏။
ဥပမာအားဖြင့် အတွင်းပိုင်း ထောက်ပံ့ရေးဌာနတွင် အလုပ်လုပ်ရန် အနည်းဆုံး အမြုတေဖွဲ့စည်းခြင်းအဆင့် အထွတ်အထိပ်တွင် ရှိနေရမည် ဖြစ်၏။
"ခင်ဗျားရဲ့ နွေးထွေးတဲ့ ဆုတောင်းစကားအတွက် ကျေးဇူးတင်ပါတယ် ရှီထျန်း။ ကျုပ် တကယ်ပဲ ဝမ်းမြောက်မိပါတယ်"
ယန်ချင်းက ကျေးဇူးတင်ဟန်ဖြင့် ပြုံးပြရင်း ပြောလိုက်လေ၏။
“ဒါဆိုရင် စလိုက်ကြရအောင်။ အခမ်းအနားအတွက် လုပ်ဆောင်ရတဲ့ ဝင်ရောက်ခြင်း လုပ်ငန်းစဉ်တွေနဲ့ မတူတာကတော့ ကျုပ်တို့တွေ သိပ်ပြီး သွားလာလှုပ်ရှားနေဖို့ မလိုတာပါပဲ။ အများစုကို ဒီမှာတင် အပြီးသတ်လို့ ရပါတယ်။”
“ဒါပေမဲ့ ခင်ဗျားရဲ့ တာဝန်အသစ်နဲ့ ပတ်သက်တဲ့ အချို့အပိုင်းတွေကို အသေးစိတ်သိရဖို့ သက်ဆိုင်ရာဌာနဆီ လူကိုယ်တိုင် သွားရောက်ရပါလိမ့်မယ်။ ဥပမာအားဖြင့် ဝိညာဉ်ငြိမ်းချမ်းရာဌာနလိုမျိုး အချို့ကိစ္စတွေကို ခင်ဗျားသဘောပေါက်ပြီးသားဆိုတာကို ကျုပ်သိပါတယ်”
ရှီထျန်းက ရှင်းပြလိုက်၏။
ယန်ချင်းက အသိအမှတ်ပြုသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်လေ၏။ ဝိညာဉ်ငြိမ်းချမ်းရာဌာနသို့ သွားရောက်ရမည့်အကြောင်းကို တိုင်ချန်ထံမှ သူ သိရှိခဲ့ပြီး ဖြစ်၏။
ထို့ကြောင့်ပင် သူသည် ကျောင်းအုပ်ကြီးကျူးလောင်၏ အခမ်းအနားတွင် အခွင့်ကောင်းယူကာ ရှောင်အန်းနှင့် စကားစမြည် ပြောဆိုရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်လေ၏။
ရှောင်အန်းက အချိန်ကျလာပါက ကိုယ်တိုင် လမ်းညွှန်ပေးမည်ဟု ကမ်းလှမ်းခဲ့သောကြောင့် ထိုဆွေးနွေးမှုမှာ အတော်လေး အဆင်ပြေချောမွေ့ခဲ့ပေ၏။
ရှီထျန်းသည် ကျမ်းစာလိပ်အနည်းငယ်ကို ထုတ်ယူလိုက်ပြီး ၎င်းတို့အနက်မှ တစ်ခုကို ဖြန့်ကာ ယန်ချင်းထံသို့ ကမ်းပေးလိုက်လေ၏။
"ဒီထဲမှာ ခင်ဗျားရဲ့ အခန်းကဏ္ဍနဲ့ တာဝန်တွေအကြောင်း အသေးစိတ် လမ်းညွှန်ချက်တွေကို တွေ့ရပါလိမ့်မယ်။ ပြီးတော့ ခင်ဗျားရဲ့ လစာခံစားခွင့်တွေအကြောင်းလည်း ပါပါတယ်။ ကျုပ် ကြားသိရသလောက်တော့ အဲဒါက ခင်ဗျား တကယ်ကို စိတ်ဝင်စားနေတဲ့ အရာတစ်ခုပဲ မဟုတ်လား"
ရှီထျန်းက တခစ်ခစ်ရယ်မောရင်း ပြောလိုက်လေ၏။
သူ၏ လက်ရှိလစာ မည်မျှရရှိမည်ကို အသားပေးဖော်ပြထားသော နေရာကို ရှာဖွေရန် ယန်ချင်း၏ မျက်လုံးများက ကျမ်းလိပ်ပေါ်တွင် အလျင်အမြန် ပြေးလွှားနေစဉ် သူသည် အကောင်ပေါက်စ ကြက်ကလေးတစ်ကောင်ကဲ့သို့ အလိုအလျောက် ခေါင်းညိတ်ပြလိုက်မိ၏။
သို့သော်လည်း ရှီထျန်းက သူ၏ တာဝန်ဝတ္တရားအတိုင်း လစာပမာဏကို အသေးစိတ် ဆက်လက်ရှင်းပြပေးခဲ့သဖြင့် ရှာဖွေနေရန်ပင် မလိုအပ်တော့ချေ။
"အပြင်ဘက်နန်းတော်တရားရုံး တရားသူကြီးတစ်ဦးအနေနဲ့ ခင်ဗျား ရရှိမယ့် လစာခံစားခွင့်တွေကတော့..."
“တစ်လကို အဆင့်မြင့် ဝိညာဉ်ကျောက်တုံး နှစ်သောင်း ဖြစ်ပါတယ်။ အဲဒီ နှစ်သောင်းက အခြေခံလစာဖြစ်ပြီး ခင်ဗျားကိုင်တွယ်ရတဲ့ အမှုအခင်းတွေနဲ့ တာဝန်တွေရဲ့ အကဲဖြတ်ရမှတ်က ကောင်းမွန်တယ်ဆိုရင် လစာတိုးမြှင့်ခံရမှာ ဖြစ်ပါတယ်။”
“အဲဒီအဆင့်သတ်မှတ်ချက်နဲ့ဆိုရင် အပိုဆုကြေးအဖြစ် အဆင့်မြင့် ဝိညာဉ်ကျောက်တုံး တစ်သောင်းကို ရရှိမှာဖြစ်ပြီး အလွန်ကောင်းမွန်တယ်ဆိုရင်တော့ အဆင့်မြင့် ဝိညာဉ်ကျောက်တုံး နှစ်သောင်းကို ဆုကြေးရရှိပါလိမ့်မယ်။”
“တကယ်လို့ စံပြအဖြစ် သတ်မှတ်ခံရမယ်ဆိုရင်တော့ ခင်ဗျားရဲ့ အခြေခံလစာ နှစ်သောင်းအပြင် အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ငါးသောင်းကို ဆုကြေးအနေနဲ့ ရရှိမှာ ဖြစ်ပါတယ်”
"ခင်ဗျားအနေနဲ့ အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ငါးသိန်းနဲ့ ညီမျှတဲ့ တန်ဖိုးရှိတဲ့ အပြာရောင်အဆင့် ဆေးရည်တွေနဲ့ ဆေးလုံးတွေကိုလည်း ရရှိပါလိမ့်မယ်"
“ခင်ဗျားရဲ့ တရားသူကြီးအခန်းကလည်း လစဉ်ကြေးအနေနဲ့ အရှင်အဆင့် ဆေးဘက်ဝင်အပင်တွေ ဒါမှမဟုတ် ခင်ဗျားရွေးချယ်ထားတဲ့ သဘာဝရတနာ အခုတစ်ရာကို ရရှိပါလိမ့်မယ်။”
“အဲဒါတွေကို ပြန်လည်ရောင်းချခြင်းကိုတော့ တင်းကျပ်စွာ တားမြစ်ထားပါတယ်။ တကယ်လို့ အဲဒီလိုလုပ်တာကို တွေ့ရှိခဲ့ရင် ခင်ဗျား အပြင်ဘက်နန်းတော်တရားရုံး တရားသူကြီးအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ကာလတစ်လျှောက်လုံး ခွဲဝေပေးမယ့် ပမာဏကို ထက်ဝက် လျှော့ချခံရပါလိမ့်မယ်”
"နောက်ဆုံးအနေနဲ့ ခင်ဗျားဟာ အဆင့်မြင့် ဝိညာဉ်ကျောက်တုံး သန်းလေးဆယ်ကိုလည်း ရနိပုံငွေအနေနဲ့သုံးစွဲခွင့် ရရှိပါလိမ့်မယ်။ အဲဒီပမာဏက ခင်ဗျားရဲ့ အပြင်ဘက်နန်းတော်တရားရုံး တရားသူကြီး တာဝန်တွေကို ထမ်းဆောင်တဲ့အခါမှာ ထုတ်ပေးရနိုင်တဲ့ ကော်မရှင်ခတွေ အားလုံးကို ပေးချေဖို့အတွက် ဖြစ်ပါတယ်"
“အဲဒီပမာဏကို တစ်ခါတည်း ထုတ်ပေးမှာ မဟုတ်ဘဲ သုံးလတစ်ကြိမ် ခွဲပြီး ထုတ်ပေးသွားမှာ ဖြစ်ပြီး သုံးစွဲမှုမှတ်တမ်းတွေကိုလည်း ရှင်းလင်းစွာ သိမ်းဆည်းထားဖို့ လိုအပ်ပါတယ်။”
“ တကယ်လို့ အဲဒီငွေတွေကို ခင်ဗျားမှန်မှန်ကန်ကန်သုံးစွဲတယ်လို့ သက်သေပြနိုင်ရင် ကန့်သတ်ချက်ကို ထပ်တိုးပေးနိုင်ပါတယ်…”
"တရားသူကြီး… တရားသူကြီး…တရားသူကြီး…”
“တရားသူကြီးယန်ချင်း... ခင်ဗျား နားထောင်နေရဲ့လား"
ယန်ချင်းတစ်ယောက် ထိန်းမနိုင်သိမ်းမရ ရူးသွပ်စွာ ရယ်မောနေသည်ကို မြင်လိုက်ရသဖြင့် ရှီထျန်းက သူ၏ ရှင်းပြချက်ကို တစ်ဝက်တစ်ပျက်ဖြင့် ရပ်တန့်လိုက်လေ၏။ ထို့နောက်တွင်တော့ ယန်ချင်းသည် ကျမ်းစာလိပ်ကို နမ်းရှုံ့နေတော့၏။