အခန်း (၅၂၆-၅၂၈)
Vol. 36 Ch. 526-528
အခန်း (၅၂၆) - ချောင်ကျားရှီး ၏ ကျင့်ကြံခြင်း ခရီးစဉ်၊ ဒုတိယအလွှာကို ကျွမ်းကျင်ပိုင်နိုင်ခြင်း
~"စတုတ္ထအဆင့် စစ်မြေပြင်က... လောလောဆယ် ခင်ဗျားတို့ ဝင်ပြီး လေ့ကျင့်ဖို့ သင့်တော်တယ်...”
ယဲ့ဖုန်း ပြောလိုက်သည်။
ထိုစကားကို ကြားလိုက်ရသောအခါ လူအနည်းငယ်၏ မျက်လုံးများထဲတွင်
အလင်းရောင် တစ်ချက် လက်သွား၏။
"မှန်တယ်...”
"တပည့်တွေက လေ့ကျင့်ဖို့ လိုအပ်သလို... ငါတို့လည်း လိုအပ်တာပဲလေ...”
"ဟုတ်တယ်... ငါတို့ ကျင့်ကြံလို့ အားတဲ့အချိန်တွေဆိုရင်၊ စတုတ္ထအဆင့် စစ်မြေပြင်ထဲ အတူတူ ဝင်ပြီး၊ (၁၀) ဆ များတဲ့ ဆွဲအားအောက်မှာ လေ့ကျင့်လို့ ရတယ်...”
အကြီးအကဲများ အကြံဉာဏ် ရသွားကြသည်။
သူတို့သည် အနီးနားရှိ ဧရာမ ကျောက်တုံးကြီးများကို စုဆောင်းကာ၊ နေရာရွှေ့ပြောင်းခြင်း ဝဲကတော့ အနီးတွင် အနားယူရာ နေရာတစ်ခုကို စတင် တည်ဆောက်ကြ၏။ ခိုင်မာသော နံရံများ၊ ကျယ်ဝန်းသော အနားယူရန် ခန်းမ၊ ကာကွယ်ရေး ဝင်္ကပါ မျဉ်းကြောင်းများနှင့် အခြား မရှိမဖြစ် လိုအပ်သော အဆောက်အအုံများ ပါဝင်သည်။
ယဲ့ဖုန်းကမူ အကြီးအကဲများကို အာရုံမထားတော့ပေ။
သူနှင့် ဟူဖေးဖေး သည် ဆွဲအားကို လျစ်လျူရှုကာ လေထဲသို့ ပျံတက်သွား၏။ မိုင် (၅၀၀၀) အမြင့်သို့ ရောက်ရှိသွားသောအခါ စတုတ္ထအဆင့် စစ်မြေပြင် တစ်ခုလုံးကို နောက်ဆုံးတွင် မြင်တွေ့လိုက်ရသည်။
ဤနေရာသည် သက်ရှိများ နေထိုင်ရာ ကြယ်တစ်လုံး ဖြစ်၏။
သူ၏ အချင်းမှာ မိုင်ပေါင်း တစ်သောင်း သာ ရှိသည်။
ကြယ်၏ မျက်နှာပြင်ပေါ်တွင် ရေခဲမြစ်များ၊ တောင်တန်းများ၊ မြစ်ချောင်းများနှင့် အတူ၊ ထူးဆန်းစွာ ပြားကပ်နေပြီး ချပ်ဝတ် အထူစား ဝတ်ဆင်ထားသော ရှေးဟောင်း သားရဲအချို့ကို တခါတရံ မြင်တွေ့ရ၏။
ယဲ့ဖုန်းသည် လေဝိညာဉ် ပုလဲလုံး ကို ထုတ်ယူလိုက်သည်။
ယခင်က သူသည် ပထမ၊ ဒုတိယ နှင့် တတိယအဆင့် စစ်မြေပြင်များမှ ရှေးဟောင်း သူရဲကောင်း ဝိညာဉ်စွမ်းအင် အားလုံးကို စုပ်ယူပြီးပြီ ဖြစ်ရာ၊ သူ၏ ခွန်အားများ အကြီးအကျယ် တိုးတက်လာခဲ့၏။
ယခု စတုတ္ထအဆင့် စစ်မြေပြင်သို့ ရောက်ရှိလာသောအခါ၊ ဤနေရာရှိ ရှေးဟောင်း သူရဲကောင်း ဝိညာဉ်စွမ်းအင်များမှာ ပိုမို သိပ်သည်းနေကြောင်း တွေ့ရှိလိုက်ရပြီး လျင်မြန်စွာ စတင် စုပ်ယူလိုက်၏။
သူ့ခန္ဓာကိုယ်ပေါ်ရှိ အရှိန်အဝါများ တဖြည်းဖြည်း အားကောင်းလာသည်ကို ခံစားရင်း၊ ယဲ့ဖုန်း၏ အပြုံးသည် ပိုမို ဉာဏ်များလာတော့သည်။
"ကောင်းပြီ... နောက်တစ်ခုက ပဉ္စမအဆင့် စစ်မြေပြင်ပဲ...”
တစ်နာရီ ကြာပြီးနောက် ယဲ့ဖုန်း ပျောက်ကွယ်သွား၏။
သူသည် ပဉ္စမအဆင့် စစ်မြေပြင်ထဲသို့ ဝင်ရောက်သွားသည်။
ဤနေရာသည်လည်း ယခင်ကဲ့သို့ပင် သက်ရှိကြယ် တစ်လုံး ဖြစ်ပြီး၊ ဖွဲ့စည်းပုံနှင့် အရွယ်အစားမှာ စတုတ္ထအဆင့် စစ်မြေပြင်နှင့် ဆင်တူသည်။ အချင်း မိုင်ပေါင်း တစ်သောင်း ရှိပြီး (၁၀) ဆ များသော ဆွဲအား ရှိသည်။
ဤနေရာတွင် အသန်မာဆုံး သားရဲသည် ဝိညာဉ်ပင်လယ်အဆင့် ဆဋ္ဌမအလွှာသို့ ရောက်ရှိနေ၏။
ရှေးဟောင်း သူရဲကောင်း ဝိညာဉ်စွမ်းအင် များမှာလည်း ဤနေရာတွင် အလွန် ထူထပ်နေ၏။
ယဲ့ဖုန်းသည် ရယ်ရင်း စုပ်ယူလိုက်ရာ၊ သူ့ခန္ဓာကိုယ် အတွင်းရှိ စွမ်းအားများ ပေါက်ကွဲထွက်လာသကဲ့သို့ တိုးပွားလာသည်ကို ခံစားလိုက်ရသည်။ သူရဲကောင်း ဝိညာဉ်စွမ်းအင် တစ်ခုတည်းကပင် မူလနတ်ဘုရားအဆင့် ဆဋ္ဌမအလွှာ၏ ခွန်အားသို့ ရောက်ရှိနေပြီ ဖြစ်ပြီး ဆက်လက် မြင့်တက်နေဆဲ ဖြစ်သည်။
တစ်နာရီ ကြာပြီးနောက်...
ယဲ့ဖုန်းသည် ဆဋ္ဌမအဆင့် စစ်မြေပြင်ထဲသို့ ဝင်ရောက်သွားသည်။
ရုတ်တရက် ပြင်းထန်သော ဖိအားကြီး တစ်ခု ဝင်ရောက်လာရာ၊ သူပင် အနည်းငယ် အံ့အားသင့်သွားရသည်။ သို့သော် သူ၏ အရှိန်အဝါကို တစ်ချက် တုန်ခါလိုက်ပြီးနောက် ကိုယ်နေဟန်ထားကို တည်ငြိမ်သွားစေသည်။
"ဆဋ္ဌမအဆင့် စစ်မြေပြင် ကလည်း သက်ရှိကြယ် တစ်လုံးပဲ... ဒါပေမဲ့ သူ့အချင်းက မိုင်ပေါင်း ငါးသောင်း ရှိတယ်... ပြီးတော့ ဆွဲအားက... (၂၀) ဆ လား...”
ယဲ့ဖုန်း ပတ်ဝန်းကျင်ကို လေ့လာကြည့်လိုက်သည်။
ဤနေရာတွင် အသန်မာဆုံး သားရဲသည် ဝိညာဉ်ပင်လယ်အဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေ၏။
"ကြည့်ရတာ... သတ္တမအဆင့် စစ်မြေပြင်မှာတော့ မဟာတန်ခိုးရှင် အဆင့် သားရဲတွေ ရှိလောက်တယ်... မြူခိုးဂိုဏ်း တစ်ခုလုံးမှာ အဲဒီထဲဝင်ပြီး လေ့ကျင့်ဖို့ အရည်အချင်း ပြည့်မီတဲ့သူ လက်ချိုးရေလို့ ရတယ်...”
ယဲ့ဖုန်း ပြောလိုက်သည်။
ဂိုဏ်း အကျပ်အတည်း သတိပေးချက် ပေါ်လာတာ မဆန်းပါ။ တကယ်ပဲ နောက်ဆုံး သုံးဆင့် စစ်မြေပြင်တွေက ကြောက်စရာ ကောင်းလွန်း၏။
"ဒီလောက် ထူထပ်တဲ့ ရှေးဟောင်း သူရဲကောင်း ဝိညာဉ်စွမ်းအင်တွေ ပါလား..”
လေဝိညာဉ် ပုလဲလုံး ကို ကိုင်ထားသော ယဲ့ဖုန်းသည် ကြယ်၏ အောက်ခြေတွင် သိုလှောင်ထားသော ကြွယ်ဝသည့် စွမ်းအင်များကို ခံစားမိလိုက်ပြီးနောက်၊ မရယ်ဘဲ မနေနိုင် ဖြစ်သွားရသည်။
သူ အရူးအမူး စတင် စုပ်ယူတော့သည်။
တစ်နာရီ ကုန်လွန်သွား၏။
ယဲ့ဖုန်း၏ သူရဲကောင်း ဝိညာဉ်စွမ်းအင် အဆင့်သည် နောက်ဆုံးတွင် အဟန့်အတားကို ချိုးဖြတ်သွားပြီး၊ မူလနတ်ဘုရားအဆင့် သတ္တမအလွှာသို့ ရောက်ရှိသွားကာ ဆက်လက် မြင့်တက်နေဆဲ ဖြစ်သည်။
မူလနတ်ဘုရားအဆင့် အဋ္ဌမအလွှာနှင့် သိပ်မဝေးတော့ပေ။
'တကယ်လို့ ငါ နောက်ဆုံး သုံးဆင့် စစ်မြေပြင်တွေကိုပါ ဖွင့်နိုင်မယ် ဆိုရင်... ငါ့ရဲ့ သူရဲကောင်း ဝိညာဉ်စွမ်းအင်က ဟင်းလင်းပြင် ဖြိုခွဲ အဆင့် ထိတောင် ထိုးတက်သွားလောက်တယ်...'
ယဲ့ဖုန်း စိတ်ထဲတွင် တွေးလိုက်မိ၏။
သူသည် နောက်ထပ် စစ်မြေပြင် သုံးခုကို ပို၍ မျှော်လင့်လာမိသည်။
မကြာမီ...
ဝမ်လင်း၊ လီဇီလုံ နှင့် အခြား အကြီးအကဲ ကောင်စီ အဖွဲ့ဝင်များသည် ပဉ္စမ နှင့် ဆဋ္ဌမအဆင့် စစ်မြေပြင်များထဲသို့ အသီးသီး ဝင်ရောက်သွားကြပြီး၊ အနားယူရာ နေရာများကို တည်ဆောက်ကြ၏။
သို့သော် သူတို့၏ ခွန်အားဖြင့်ပင်၊ ထိုစစ်မြေပြင် နှစ်ခုတွင် အကြာကြီး မနေရဲကြပေ။
မျက်စိတစ်မှိတ်အတွင်းမှာပင် တစ်ရက် ကုန်လွန်သွားခဲ့သည်။
ထိုနေ့ နံနက်ခင်းတွင်...
ချောင်ကျားရှီး သည် ဝိညာဉ်ရေကန် ဘေးတွင် သူ၏ ခန္ဓာကိုယ်ကို သန့်စင်နေစဉ်၊ သူ့ရှေ့တွင် ယဲ့ဖုန်း ရုတ်တရက် ပေါ်လာသည်ကို တွေ့လိုက်ရ၏။
"မင်္ဂလာပါ.. ဂိုဏ်းချုပ်..”
"အင်း... မင်္ဂလာပါ...”
ယဲ့ဖုန်းက လျှို့ဝှက်ဆန်းကြယ်သော အပြုံးဖြင့် ပြန်နှုတ်ဆက်လိုက်သည်။
"ကျားရှီး... မင်း ကောင်းကင်ယံကို တက်လှမ်းပြီး နေမင်းကြီးနဲ့ ပခုံးချင်း ယှဉ်ချင်လား...”
ချောင်ကျားရှီး ခဏမျှ တိတ်ဆိတ်သွား၏။
"ဂိုဏ်းချုပ်... ဘာကို ဆိုလိုတာလဲဟင်...”
သူ မေးလိုက်သည်။
ယဲ့ဖုန်း ဘာမှ မပြောဘဲ ပြုံးသာ ပြုံးနေလိုက်သည်။
သူ ချောင်ကျားရှီး ၏ ပခုံးကို ဆုပ်ကိုင်လိုက်ပြီး၊ သူတို့နှစ်ယောက် ချက်ချင်း ပျောက်ကွယ်သွားကြ၏။
သူတို့ ပြန်ပေါ်လာသောအခါ၊ ဝိညာဉ်မူလ ကမ္ဘာ ၏ တောင်တန်းများ အတွင်းရှိ ကျောက်ခန်းမ တစ်ခုထဲမှ နေရာရွှေ့ပြောင်းခြင်း တံခါးပေါက် ရှေ့တွင် ရပ်နေကြပြီ ဖြစ်သည်။
"ဒါက နေရာရွှေ့ပြောင်းခြင်း တံခါးပေါက် ပဲ... မင်းကို မတူညီတဲ့ စစ်မြေပြင် ကိုးခုဆီ ခေါ်သွားပေးနိုင်တယ်... နောက်ကျရင် ငါ မင်းကို လိုက်ပြမယ်... မင်း အဲဒီနေရာတွေကို ရင်းနှီးသွားပြီ ဆိုရင်၊ တခြားသူတွေကိုပါ ခေါ်သွားပြီး လိုက်ပြရမယ်...”
ယဲ့ဖုန်းက မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြင့် ရှင်းပြ၏။
"နေရာရွှေ့ပြောင်းခြင်း တံခါးပေါက်...”
ချောင်ကျားရှီး သည် အမြင့် မီတာ (၈၀) ရှိသော ဧရာမ နေရာရွှေ့ပြောင်းခြင်း တံခါးပေါက် ကြီးကို မော့ကြည့်လိုက်ရာ၊ သူ့မျက်လုံးများထဲတွင် အံ့အားသင့်မှုများ တဖြည်းဖြည်း ပေါ်လာသည်။
ဆယ်မိနစ် ကြာပြီးနောက်...
ပထမအဆင့် စစ်မြေပြင် ရှိ တိတ်ဆိတ်သော ချိုင့်ဝှမ်း တစ်ခု။
ချောင်ကျားရှီး သည် ရွှေရောင် အလင်းတန်းများ လွှမ်းခြုံလျက် ရပ်နေ၏။ သူ၏ ပတ်ပတ်လည်တွင် လက်သီးတစ်ချက်တည်းဖြင့် သူ ပေါက်ကွဲအောင် ထိုးသတ်ထားသော ထူးဆန်းသည့် သားရဲများ၏ အလောင်းများ ပြန့်ကျဲနေ၏။
"ဒါက ပထမအဆင့် စစ်မြေပြင် ပဲလား...”
သူ့မျက်နှာတွင် စိတ်လှုပ်ရှားမှုများ လင်းလက်နေ၏။
"ဒါပေမဲ့... ဒီ ထူးဆန်းတဲ့ သားရဲတွေက သိပ် မသန်မာဘူး... ကျွန်တော့် လေ့ကျင့်ရေး အတွက် သိပ်ပြီး အထောက်အကူ မဖြစ်ဘူး...”
"မလောပါနဲ့... ငါ့နောက် လိုက်ခဲ့...”
ယဲ့ဖုန်းသည် ချောင်ကျားရှီး ၏ ပခုံးကို ဆုပ်ကိုင်လိုက်ပြီး သူ့ကို ခေါ်ဆောင်ကာ ပျောက်ကွယ်သွား၏။ ထို့နောက်၊ ၊ တတိယအဆင့် စစ်မြေပြင် တွင် ပြန်ပေါ်လာသည်။
"ဒါက တတိယအဆင့် စစ်မြေပြင် ပဲ...”
ယဲ့ဖုန်း စတင် ရှင်းပြ၏။
"ပထမအဆင့် နဲ့ ဒုတိယအဆင့် စစ်မြေပြင်တွေမှာ အသန်မာဆုံး သားရဲတွေက ချီကျင့်ကြံခြင်းအဆင့် (၉) အလွှာ နဲ့ သဏ္ဍာန်ပြောင်း နတ်ဆိုးသားရဲ အဆင့် တွေ အသီးသီး ဖြစ်တယ်... တတိယအဆင့် စစ်မြေပြင် ကို ရောက်လာပြီ ဆိုရင်တော့၊ အသန်မာဆုံး သားရဲတွေက အဆင့်မြင့် နတ်ဆိုး ဗိုလ်ချုပ်တွေ ဖြစ်နိုင်တယ်... အဲဒါက ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် သတ္တမအလွှာ နဲ့ အထက် စံနှုန်းပဲ...”
"ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် သတ္တမအလွှာ လား...”
ချောင်ကျားရှီး စိတ်ဝင်စားသွားသည်။
ပတ်ဝန်းကျင်ကို လေ့လာကြည့်ရှုပြီးနောက် သူ ပြောလိုက်၏။
"ဂိုဏ်းချုပ်ဦးလေး... ဘာလို့ ဒီနေရာက ပထမအဆင့် စစ်မြေပြင် နဲ့ လုံးဝ မတူတာလဲဟင်...”
"စစ်မြေပြင် တိုင်းက မတူကြဘူး... စတုတ္ထအဆင့် ကို ရောက်ရင် (၁၀) ဆ များတဲ့ ဆွဲအား ကိုပါ ကြုံရလိမ့်မယ်...”
ယဲ့ဖုန်း ရှင်းပြလိုက်သည်။
"(၁၀) ဆ များတဲ့ ဆွဲအား လား... ကျွန်တော် ကြိုက်တယ်..”
ချောင်ကျားရှီး စမ်းသပ်ကြည့်ချင်စိတ် ပြင်းပြနေသည်။
ယဲ့ဖုန်း သူ့ပခုံးကို ပုတ်လိုက်ပြီး ပြော၏။
"စတုတ္ထအဆင့် မှာ အသန်မာဆုံး ထူးဆန်းတဲ့ သားရဲက နတ်ဆိုး ဗိုလ်ချုပ် အထွတ်အထိပ် ကို ရောက်တယ်... မင်း သူတို့နဲ့ ယှဉ်နိုင်မှာ မဟုတ်ဘူး... အဲဒီကို သွားတာက သေချင်လို့ သွားတာနဲ့ အတူတူပဲ... ဒီ တတိယအဆင့် မှာပဲ အရင် လေ့ကျင့်ပါ..”
"ဟုတ်ကဲ့... နားလည်ပါပြီ...”
ချောင်ကျားရှီး ခေါင်းငြိမ့်လိုက်သည်။
ဆယ်မိနစ် ကြာပြီးနောက်...
ချိုင့်ဝှမ်း တစ်ခုဝယ်၊
ချောင်ကျားရှီး သည် ထူးဆန်းသော သားရဲတစ်ကောင်ကို တွေ့ရှိသွား၏။
၎င်းသည် မိကျောင်း ခေါင်း ပါရှိသော်လည်း မတ်တတ် လျှောက်နိုင်ပြီး၊ လက်တစ်ဖက်စီတွင် အရိုးပုဆိန် တစ်လက်စီ ကိုင်ဆောင်ထားသည်။ မျက်လုံးများထဲတွင် ရက်စက်ကြမ်းကြုတ်မှုများ ပြည့်နှက်နေ၏။
ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် စတုတ္ထအလွှာ ၏ အရှိန်အဝါများ ပေါက်ကွဲထွက်လာသည်။
"သေစမ်း..”
မိကျောင်းခေါင်း သားရဲသည် ဟိန်းဟောက်လိုက်ပြီး ချောင်ကျားရှီး ထံသို့ ပြေးဝင်လာ၏။
"မပျက်စီးနိုင်သော နတ်ဘုရား လက်သီး”
ချောင်ကျားရှီး သည် ချက်ချင်းပင် ဆယ့်သုံးထပ် အရှိန်အဝါ သို့ ဝင်ရောက်လိုက်ရာ၊ သူ၏ ခွန်အားများ ထိုးတက်သွားပြီး၊ လက်သီးတစ်ချက်တည်းဖြင့် မိကျောင်းခေါင်း သားရဲ၏ ရင်ဘတ်ကို အပေါက်ကြီး တစ်ခု ဖြစ်သွားအောင် ထိုးဖောက်လိုက်၏။
"ဒုတ်"
မိကျောင်းခေါင်း သားရဲ မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။
ယဲ့ဖုန်း ကျောက်တုံးကြီး တစ်တုံးပေါ်တွင် ရပ်နေပြီး၊ ကျေနပ်စွာ ခေါင်းငြိမ့်ကာ ပြောလိုက်သည်။
"မဆိုးဘူး... တတိယအဆင့် စစ်မြေပြင်က အတွင်းစည်း တပည့် တွေအတွက် သင့်တော်တယ်... ကျားရှီး... သေချာ လေ့ကျင့်ပြီး၊ ကျင့်ကြံရေး မျှော်စင်ရဲ့ သတ္တမအလွှာကို ရှင်းလင်းနိုင်ဖို့ ကြိုးစားပါ... ပြီးတော့ အတွင်းစည်း တပည့် ဖြစ်ဖို့ တာဝန်ကို ပြီးမြောက်အောင် လုပ်ပါ...”
"တပည့် အစွမ်းကုန် ကြိုးစားပါ့မယ်..”
ချောင်ကျားရှီး ခေါင်းငြိမ့်လိုက်ပြီး၊ မိကျောင်းခေါင်း သားရဲကို မီးပုံပေါ် တင်လိုက်ကာ၊ လီကျောက်ကျောက် ထံမှ သူ ရရှိထားသော ဟင်းခတ်အမွှေးအကြိုင် မျိုးစုံကို ထည့်၍ စတင် ကင်တော့သည်။
မကြာမီ မွှေးကြိုင်သော ရနံ့များ လေထဲတွင် ပျံ့နှံ့သွား၏။
မစားနိုင်သော အစိတ်အပိုင်းများကို လှီးထုတ်ပြီးနောက်၊ ချောင်ကျားရှီး သည် ကျန်ရှိနေသော အသားများ အားလုံး နီးပါးကို ဝါးမြိုလိုက်၏။
သူ့ခန္ဓာကိုယ် အတွင်းတွင် နောက်ထပ် ကြီးမားသော သက်စောင့်စွမ်းအားများ စုပုံလာပြန်သည်။
"ဒီနေရာက လေ့ကျင့်ဖို့ မဆိုးဘူးပဲ... ကျွန်တော် အခု ပြန်သွားပြီး လူတွေ ပိုများများ ခေါ်လာလိုက်မယ်...”
ချောင်ကျားရှီး ချက်ချင်း အကြံပြုလိုက်သည်။
"ကောင်းပြီလေ...”
ယဲ့ဖုန်း သဘောတူလိုက်၏။
ယခုအခါ ချောင်ကျားရှီး သည် ယခင် တတိယအဆင့် စစ်မြေပြင် ကို ရင်းနှီးသွားပြီ ဖြစ်၍ အဖွဲ့ခေါင်းဆောင် အဖြစ် ဆောင်ရွက်နိုင်ပြီး၊ လျှို့ဝှက်ချက် ထိန်းသိမ်းနိုင်သော ဒုတိယ မျိုးဆက် တပည့်များကို စစ်မြေပြင်ထဲသို့ လေ့ကျင့်ရန် ခေါ်ဆောင်သွားနိုင်သည်။
အခြား ပထမ မျိုးဆက် တပည့်များသည်လည်း အဖွဲ့ခေါင်းဆောင်များ ဖြစ်လာနိုင်၏။
အချိန်တန်လျှင် မြူခိုးဂိုဏ်းမှ မတူညီသော လေ့ကျင့်ရေး အဖွဲ့များသည် ပထမ သုံးဆင့် စစ်မြေပြင်များတွင် စမ်းသပ်မှုများ ခံယူကြပြီး လျင်မြန်စွာ ကြီးထွားလာကြမည် ဖြစ်သည်။
"ဒါနဲ့... ဇီလင်း က ‘အခြေခံအုတ်မြစ် အလားအလာ လက်ရေးမူ’ ကို ကျင့်ကြံတာ ဘယ်လောက် ခရီးရောက်နေပြီလဲ သွားကြည့်ရအောင်...”
ယဲ့ဖုန်း ဝိညာဉ်မူလ ကမ္ဘာ မှ ထွက်ခွာသွား၏။
ချောင်ကျားရှီး ကတော့ တတိယအဆင့် စစ်မြေပြင် တွင် ယာယီ ကျန်ရစ်ခဲ့ပြီး၊ ထူးဆန်းသော သားရဲများကို သတ်ဖြတ်ခြင်း၊ ဝါးမြိုခြင်း၊ အစာချေဖျက်ခြင်း များ ပြုလုပ်ပြီးနောက် ဆက်လက် တိုက်ခိုက်နေသည်။
မြူခိုးတောင်ထိပ် တွင်...
ကျီဇီလင်း သည် သိုင်းကျမ်းဆောင် ၏ ပထမထပ်တွင် စောင့်ကြပ်နေပြီး၊ ကျင့်ကြံနေစဉ် နေရာ၏ ပုံမှန် လည်ပတ်မှုကို ထိန်းသိမ်းပေးနေ၏။
သူမ၏ ကျင့်ကြံခြင်း ချဉ်းကပ်ပုံမှာ အခြားသူများနှင့် မတူပေ။
ကျီဇီလင်း ကျင့်ကြံသော နည်းစနစ်များမှာ "ဓာတ်ငါးပါး မူလသို့ စုစည်းခြင်း” နှင့် "ကိုးကြိမ်တိုင် ကောင်းကင် နတ်ဘုရား နည်းစနစ်” တို့ ဖြစ်ပြီး၊ ဝိညာဉ်အာရုံ စွမ်းအား နှင့် ကျင့်ကြံခြင်း စွမ်းအား တို့ကို တစ်ပြိုင်နက်တည်း တိုးတက်စေသည်။
သူမ၏ အခြေခံအုတ်မြစ်မှာ ခိုင်မာပြီး၊ ဝိညာဉ်အာရုံ စွမ်းအားမှာ မြင်လည်းမမြင်ရ၊ အရောင်လည်း မရှိသဖြင့် ရုတ်တရက် တိုက်ခိုက်မှုများတွင် ကျွမ်းကျင်၏။ တိုက်ပွဲအတွင်း ပြိုင်ဘက်များ မန္တန် ရွတ်ဆိုခြင်းကို ကန့်သတ်နိုင်သဖြင့် သူမကို အလွန် ခံနိုင်ရည် ရှိစေသည်။
အဆင့်တူ ပြိုင်ဘက်များနှင့် တိုက်ခိုက်ရာတွင် သူမ၏ အနိုင်ရနှုန်းမှာ အတော်လေး မြင့်မားသည်။
"ရေး... နောက်ဆုံးတော့ ဒုတိယအလွှာ ကို ကျွမ်းကျင်သွားပြီ..”
ထိုအချိန်၌ ကျီဇီလင်း မတ်တတ်ရပ်လိုက်၏။
သူမ၏ ချောမောသော မျက်နှာလေးတွင် စိတ်လှုပ်ရှားမှုနှင့် ဂုဏ်ယူမှုများ ပြည့်နှက်နေ၏။
"အို... မင်း တကယ်ပဲ ကျွမ်းကျင်သွားပြီလား...”
ထိုအချိန်၌ ယဲ့ဖုန်းသည် ကျီဇီလင်း ၏ ဘေးတွင် ပေါ်လာရာ၊ သူမ လဲကျမတတ် လန့်သွားရ၏။
"ဂိုဏ်းချုပ်ရယ်... လန့်သေတော့တာပဲ... နောက်တစ်ခါ ပေါ်လာရင် ကြိုပြီး အသိပေးလို့ မရဘူးလား...”
ကျီဇီလင်း သူမ၏ ရင်ဘတ်ကို ဂုဏ်ယူစွာ ပုတ်လိုက်ပြီး အသက်ရှူ မှန်အောင် ထိန်းလိုက်သည်။
စောစောက သူမ တကယ် လန့်သွားသည် လေ။
"ကျွီ...”
စက္ကန့်အနည်းငယ် တိတ်ဆိတ်သွားပြီးနောက် ယဲ့ဖုန်း အသံပြုလိုက်သည်။
ကျီဇီလင်း ရယ်လိုက်ပြီး ပြော၏။
"ဂိုဏ်းချုပ်... တကယ်ကြီး ‘ကျွီ’ လို့ အသံပြုလိုက်တာလား...”
ယဲ့ဖုန်း သူမကို မျက်စောင်းထိုးလိုက်ပြီး ပြောလိုက်သည်။
"မင်းပဲ အသိပေးဆို... ‘ကျွီ’ လို့ အသံပေးတာ မဟုတ်ဘူးလား…”
---
အခန်း (၅၂၇) - ဂုဏ်သတင်း တန်ဖိုး သန်းတစ်ရာ ကျော်လွန်ခြင်း၊ နတ်ဆိုး ဧကရာဇ် နည်းစနစ်၊ သန့်ရှင်းသော နတ်ဘုရား ပုံစံ
~ယဲ့ဖုန်းသည် အလွန် ချစ်စရာ ကောင်းကြောင်း ကျီဇီလင်း တွေ့ရှိသွား၏။
သူမက သူ့ကို အသံပြုဖို့ တောင်းဆိုလိုက်သည့် အခါ၊ သူက တကယ်ပဲ "ကျွီ” ဟု အသံထွက်လာသည်လေ။
သို့သော်၊ ယဲ့ဖုန်းဆီက ထွက်လာသော ထို "ကျွီ” ဆိုသော အသံမှာ အပြည့်အဝ ဖြစ်ကတတ်ဆန်း လုပ်ချင်သည့် ခံစားချက်ကို ကျီဇီလင်း ကြားလိုက်ရသည်။
"ဂိုဏ်းချုပ်... ကျွန်မ ‘အခြေခံအုတ်မြစ် အလားအလာ လက်ရေးမူ’ ရဲ့ ဒုတိယအလွှာကို ကျွမ်းကျင်ပိုင်နိုင်သွားပြီ... တကယ်ပဲ ကျွန်မရဲ့ ကျင့်ကြံခြင်း အရှိန်က နှစ်ဆ တိုးသွားတယ်... ဒီအတိုင်းသာ ဆက်သွားမယ် ဆိုရင်၊ တပည့်တွေ အားလုံးထဲမှာ ကျွန်မရဲ့ ကျင့်ကြံခြင်း အဆင့်က အမြင့်ဆုံး ဖြစ်လာမယ်လို့ ခံစားနေရတယ်...”
ကျီဇီလင်းက ယုံကြည်မှု အပြည့်ဖြင့် ပြောလိုက်၏။
"အင်း... မဆိုးဘူး...”
ယဲ့ဖုန်း ချီးကျူးလိုက်သည်။
ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သူ ပြော၏။
"မင်း ဒုတိယအလွှာကို ကျွမ်းကျင်ပြီး ကျင့်ကြံခြင်း အရှိန် နှစ်ဆ တိုးသွားပြီ ဆိုမှတော့... ဒီနေ့ကစပြီး၊ မင်းကို ‘အခြေခံအုတ်မြစ် အလားအလာ လက်ရေးမူ’ ရဲ့ အထောက်အကူပြု ကျင့်ကြံရေး နည်းစနစ်ကို သင်ကြားပေးဖို့ ‘စွမ်းအားဖြန့်ဝေခြင်း အကြီးအကဲ’ အဖြစ် ခန့်အပ်လိုက်တယ်...”
"ကျွန်မက အခု စွမ်းအားဖြန့်ဝေခြင်း အကြီးအကဲ ဖြစ်သွားပြီလား...”
ကျီဇီလင်း အလွန် စိတ်လှုပ်ရှားသွားသည်။
ယဲ့ဖုန်းသည် သူမ၏ စိတ်လှုပ်ရှားမှုကို ရေအေးဖြင့် ချက်ချင်း ပက်ချလိုက်ပြီး၊ လက်တွေ့ဘဝသို့ ပြန်ခေါ်လာ၏။
"မင်းက ‘အခြေခံအုတ်မြစ် အလားအလာ လက်ရေးမူ’ ကို သင်ကြားပေးတဲ့ အချိန်မှာပဲ စွမ်းအားဖြန့်ဝေခြင်း အကြီးအကဲ အဖြစ် တာဝန်ယူရမှာ... ပြီးတော့ အကြီးအကဲ တစ်ယောက်လိုပဲ အခွင့်အရေး ခံစားရမယ်... ဒါပေမဲ့ ပုံမှန် နေ့ရက်တွေမှာတော့ မင်း လုပ်စရာ ရှိတာကိုပဲ ဆက်လုပ်ရမယ်...”
"ကောင်းပါပြီရှင်...”
ကျီဇီလင်း ပခုံးတွန့်လိုက်သည်။
ယဲ့ဖုန်း တစ်ခုခု ပြောရန် ပြင်လိုက်စဉ်၊ သူ၏ စိတ်ထဲတွင် စနစ်၏ အသိပေးသံ ထွက်ပေါ်လာ၏။
(တီ..တီ... မြူခိုးဂိုဏ်း ၏ ဂိုဏ်း ဂုဏ်သတင်း တန်ဖိုး သန်း (၁၀၀) ပြည့်မြောက်သွားတဲ့အတွက် ဂုဏ်ယူပါတယ်။)
(တီ..တီ... ဝိညာဉ်သားရဲ အဆောင် သည် အဆင့် (၇) သို့ မြှင့်တင်ပြီး ဖြစ်ပါတယ်။ )
(တီ..တီ... ဝိညာဉ်သားရဲ သီးသန့် ကျင့်ကြံရေး နည်းစနစ် ‘နတ်ဆိုး ဧကရာဇ် နည်းစနစ်’နဲ့ ဆုချီးမြှင့်လိုက်ပါတယ်။)
(တီ..တီ... ဂုဏ်သတင်း ခန်းမ ကို ဖွင့်လှစ်လိုက်ပါတယ်)
စနစ်၏ အသိပေးချက် (၄) ခု ဆက်တိုက် ထွက်ပေါ်လာပြီးနောက်၊ ယဲ့ဖုန်း၏ အပြုံးသည် တဖြည်းဖြည်း ဉာဏ်များလာတော့သည်။
"ဂိုဏ်းချုပ်... ဘာ... ဘာလို့ အဲဒီလို ကောက်ကျစ်တဲ့ အပြုံးကြီး ပြုံးနေတာလဲ...”
ကျီဇီလင်းသည် သူ့ဘေးတွင် မျက်တောင်လေး ပုတ်ခတ် ပုတ်ခတ် လုပ်ရင်း အတွေးထဲ နစ်မြောနေ၏။
'ဂိုဏ်းချုပ် ရူးများ ရူးသွားပြီလား...'
သူမ မတွေးဘဲ မနေနိုင် ဖြစ်သွားရသည်။
"သေချာ လေ့ကျင့်ပါ...”
ယဲ့ဖုန်းသည် ကျီဇီလင်း၏ ခေါင်းကို အားပေးသည့် အနေဖြင့် ပုတ်လိုက်ပြီးနောက်၊ ဂိုဏ်းချုပ် ခန်းမဆောင်ကြီး အတွင်းသို့ ချက်ချင်း ပေါ်လာ၏။
သူ ဝိညာဉ်သားရဲ အဆောင် ၏ အချက်အလက်များကို ဖွင့်ကြည့်လိုက်သည်။
(ဝိညာဉ်သားရဲ အဆောင် - အဆင့် (၇))
(တောင်စောင့် ဝိညာဉ်သားရဲများ - ၅၅/၂၀၀)
(ဝိညာဉ်သားရဲ အဆောင် အဆင့်မြှင့်တင်ခြင်း ရှင်းလင်းချက် - ဂိုဏ်း ဂုဏ်သတင်း တန်ဖိုး သန်း တစ်သောင်း ပြည့်ပါက၊ ဝိညာဉ်သားရဲ အဆောင် ၏ အဋ္ဌမအဆင့်ကို ဖွင့်လှစ်ပေးမည် ဖြစ်ပြီး၊ လုပ်ဆောင်ချက် အသစ်များ ထပ်တိုးလာမည်။)
(လုပ်ဆောင်ချက် (၁) - ခွန်အား စုဆောင်းခြင်း... အဆောင် အတွင်းရှိ ဝိညာဉ်သားရဲ အားလုံးသည် ဂိုဏ်းချုပ်အတွက် အပို ကျင့်ကြံခြင်း စွမ်းအားများကို ထောက်ပံ့ပေးနိုင်သည်။)
(လုပ်ဆောင်ချက် (၂) - အဆင့်မြှင့်တင်ထားသော ထောက်လှမ်းခြင်း (လေးဆ)... နတ်ဆိုးသားရဲ အမျိုးမျိုး၏ အမည်များ၊ အမျိုးအစားများ၊ အသုံးပြုပုံများ၊ ပါရမီများနှင့် နက်နဲသော အားနည်းချက်များကို ခွဲခြား သိရှိနိုင်သည်။)
(လုပ်ဆောင်ချက် (၃) - သွေးကြော သန့်စင်ခြင်း ဆေးလုံး... ဤဆေးလုံးသည် ဝိညာဉ်သားရဲ တစ်ကောင်၏ သွေးကြောကို အကန့်အသတ်မရှိ သန့်စင်ပေးနိုင်ပြီး၊ ၎င်း၏ အလားအလာကို အမြင့်ဆုံး အထိ မြှင့်တင်ပေးနိုင်သည်။ 'အတုအယောင် ဆေးဖော်စပ်ရာ မီးဖို' ပါဝင်ပြီး၊ လိုအပ်သော ကုန်ကြမ်းများကို စုဆောင်းကာ ကိုယ်တိုင် ဆေးဖော်စပ်နိုင်သည်။ တစ်နေ့လျှင် (၁၀) ကြိမ် ဖော်စပ်နိုင်သည်။)
(လုပ်ဆောင်ချက် (၄) - ဝိညာဉ်သွေးကြော လွှဲပြောင်းခြင်း... သေဆုံးသွားသော နတ်ဆိုးသားရဲများ ထံမှ သွေးကြောကို ထုတ်ယူပြီး 'ဝိညာဉ်သွေး' အဖြစ် သန့်စင်နိုင်၏။ ၎င်းကို မည်သည့် ဝိညာဉ်သားရဲ ထံသို့မဆို လွှဲပြောင်းပေးနိုင်ပြီး၊ ပုံမှန် ဝိညာဉ်သွေးများကို အဆင့်မြင့် ဝိညာဉ်သွေးများ အဖြစ် ပေါင်းစပ်ပေးနိုင်သော လုပ်ဆောင်ချက် အသစ် ဖွင့်လှစ်ထားသည်။)
(လုပ်ဆောင်ချက် (၅) - ဝိညာဉ်သားရဲ စင်မြင့်... ဝိညာဉ်သားရဲများ အတွက် အထူး နေထိုင်ရာ နေရာ ဖြစ်ပြီး၊ စင်မြင့်ပေါ်တွင် ကျင့်ကြံပါက ဝိညာဉ်သားရဲများ၏ ကျင့်ကြံခြင်း အရှိန်ကို (၅) ဆ တိုးမြှင့်ပေးနိုင်သည်။)
(လုပ်ဆောင်ချက် (၆) - အဆင့်မြှင့်တင်ထားသော နတ်ဆိုး ဧကရာဇ် အလင်းရောင်ဝန်း.. ဂိုဏ်းချုပ်သည် နတ်ဆိုး ဧကရာဇ် အလင်းရောင်ဝန်း ၏ စွမ်းအားကို ရရှိပြီး၊ သူ၏ လက်အောက်ရှိ မည်သည့် ဝိညာဉ်သားရဲ ထံသို့မဆို အလင်းရောင်ဝန်းကို ယာယီ လွှဲပြောင်းပေးနိုင်သည်။)
(လုပ်ဆောင်ချက် (၇) - နည်းစနစ် "နတ်ဆိုး ဧကရာဇ် နည်းစနစ်”)
ဝိညာဉ်သားရဲ အဆောင် အဆင့် (၇) သို့ တက်လှမ်းသွားပြီးနောက် ပြောင်းလဲသွားသော အချက်အလက်များပင် ဖြစ်ပါ၏။ လုပ်ဆောင်ချက်တိုင်း အဆင့်မြှင့်တင်ခံလိုက်ရကြောင်းကို ယဲ့ဖုန်း ရှင်းလင်းစွာ မြင်တွေ့လိုက်သည်။
အများဆုံး ထားရှိနိုင်သည့် ဝိညာဉ်သားရဲ အရေအတွက် ကန့်သတ်ချက်က ယခင် (၁၀၀) မှ (၂၀၀) အထိ မြင့်တက်လာသောကြောင့်၊ တောင်စောင့်ဝိညာဉ်သားရဲများကို ပိုမို နေရာချထားပေးနိုင်ပြီ ဖြစ်တော့၏။
ထို့ပြင် ဝိညာဉ်သားရဲစင်မြင့်၏ ကျင့်ကြံခြင်း အရှိန်အဟုန် တိုးမြှင့်မှုကလည်း နှစ်ဆမှ (၅) ဆ အထိ ရုတ်ချည်း ခုန်တက်သွားခဲ့ရာ၊ ထိုတိုးတက်မှုက အလွန်ပင် သိသာထင်ရှားလှပါသည်။
အသေအချာပင်... အကြီးမားဆုံးသော အပြောင်းအလဲက လုပ်ဆောင်ချက် (၇) ပင် ဖြစ်တော့၏။
"ဒါဆို... အသိပေးချက်ထဲမှာ ပြောထားတဲ့ ‘နတ်ဆိုး ဧကရာဇ် နည်းစနစ်’ ဆိုတာက လုပ်ဆောင်ချက် (၇) ကို ပြောတာကိုး... ငါက အပိုဆု လို့ ထင်နေတာ...”
ယဲ့ဖုန်း မျက်လုံးလှန်လိုက်ပြီး အနည်းငယ် ဆွံ့အသွား၏။
မည်သို့ပင်ဆိုစေကာမူ သူသည် "နတ်ဆိုး ဧကရာဇ် နည်းစနစ်” ၏ မိတ်ဆက်ကို စစ်ဆေးကြည့်လိုက်သည်။
(နတ်ဆိုး ဧကရာဇ် နည်းစနစ်... တောင်စောင့် ဝိညာဉ်သားရဲများ အတွက် အထူး ကျင့်ကြံရေး နည်းစနစ် ဖြစ်ပြီး၊ အလွှာ (၅) ခု ပါရှိသည်။ ကျင့်ကြံခြင်း အဆင့်ဆင့်ကို လိုက်နာပါက၊ နတ်ဆိုး စစ်သားများ၊ နတ်ဆိုး ဗိုလ်ချုပ်များ၊ နတ်ဆိုး ဘုရင်များ၊ နတ်ဆိုး ဧကရာဇ်များ အဖြစ် ဖြတ်သန်းရပြီး၊ နောက်ဆုံးတွင် နတ်ဆိုး ဧကရာဇ် အဖြစ် အထွတ်အထိပ်သို့ တက်လှမ်းကာ ခေတ်အဆက်ဆက်ကို လွှမ်းမိုးနိုင်မည်။)
ဤအချက်အလက်များကို ဖတ်ရှုပြီးနောက်၊ ယဲ့ဖုန်းသည် သူ၏ မေးစေ့ကို ပွတ်သပ်လိုက်ပြီး အတော်လေး ကျေနပ်သွား၏။
"စနစ်... နတ်ဆိုး ဧကရာဇ် နည်းစနစ် ကို ဘယ်လို ကျင့်ကြံရမှာလဲ...”
ယဲ့ဖုန်း မေးလိုက်သည်။
"ဒီနည်းစနစ်က တောင်စောင့်ဝိညာဉ်သားရဲတွေအတွက် သီးသန့် ဖြစ်ပါတယ်။ အချက်အလက်တွေကို ဝိညာဉ်သားရဲစင်မြင့်မှာ သိမ်းဆည်းထားပါတယ်။ တောင်စောင့်ဝိညာဉ်သားရဲတွေအနေနဲ့ နည်းစနစ်ရဲ့ အကြောင်းအရာတွေကို ကိုယ်တိုင် ဝင်ရောက်ဖတ်ရှုနိုင်ပြီး လမ်းညွှန်ချက်တွေအတိုင်း ကျင့်ကြံနိုင်ပါတယ်။ သိပ်တော့ မခက်ခဲပါဘူး"
"ဒါဆို တော်သေးတာပေါ့... ငါ ပူပန်နေစရာ မလိုတော့ဘူး...”
ယဲ့ဖုန်း ကျေနပ်စွာ ခေါင်းငြိမ့်လိုက်သည်။
ထို့နောက် သူသည် အသစ် ဖွင့်လှစ်လိုက်သော "ဂုဏ်သတင်း ခန်းမ” ဆီသို့ အာရုံစိုက်လိုက်၏။
(ဂုဏ်သတင်း ခန်းမ)
(ဂိုဏ်း ဂုဏ်သတင်း တန်ဖိုး - သန်း (၁၀၀))
(အသုံးပြုပြီးသော ဂုဏ်သတင်း တန်ဖိုး - နှစ်သန်း)
(ယုံကြည်မှု စွမ်းအား - သုံးသန်း)
(မှတ်ချက် - ဂုဏ်သတင်း တန်ဖိုးများကို စီမံခန့်ခွဲရာတွင် ဂိုဏ်းချုပ်အား ကူညီပေးသည့် ပုံရိပ်ယောင် ခန်းမ တစ်ခု ဖြစ်ပြီး၊ လုပ်ဆောင်ချက် တစ်ခုတည်းသာ ပါရှိသည်။)
(မြင့်မြတ်သော နတ်ဘုရား ပုံစံ - အအေးခံချိန် (၂၉ ရက်၊ ၂၃ နာရီ၊ ၅၇ မိနစ်၊ ၃၁ စက္ကန့်))
မိတ်ဆက် စာသားတွေက သိပ်ပြီး ထူးခြားမှု မရှိပေမဲ့၊ နောက်ဆုံး စာကြောင်းက ယဲ့ဖုန်း မျက်လုံးတွေကို ပြူးကျယ်သွားစေ၏။
"စနစ်... မြင့်မြတ်သော နတ်ဘုရား ပုံစံ ဆိုတာ ဘာလဲ...”
ယဲ့ဖုန်း တွေးတောလိုက်သည်။
"အဲဒါက အရမ်း ပျင်းစရာ ကောင်းလာတဲ့အခါ ဝင်သွားတတ်တဲ့ ‘ပညာရှိ မုဒ်’ လိုမျိုးလား...”
စနစ် - "...”
စနစ်၏ တွက်ချက်မှု စွမ်းရည်ဖြင့်ပင်၊ ယဲ့ဖုန်း၏ ထူးဆန်းသော တွေးခေါ်ပုံကို နားမလည်နိုင်သဖြင့် အတော်ကြာ တိတ်ဆိတ်နေရှာ၏။
ခဏအကြာတွင် စနစ်က ရှင်းပြလာသည်။
"သန့်ရှင်းသော နတ်ဘုရားပုံစံမှာ အအေးခံချိန် ရှိပါတယ်။ ရက် (၃၀) ကို တစ်ကြိမ်သာ ဒီပုံစံ ဝင်ရောက်နိုင်ပြီး (၅) စက္ကန့် ကြာမြင့်ပါမယ်။ ဒီပုံစံကို သုံးနေချိန်မှာ လက်ခံသူရဲ့ ကာကွယ်ရေးက လုံးဝ ပြိုင်ဘက်ကင်း ဖြစ်သွားမှာ ဖြစ်ပြီး၊ တိုက်ခိုက်ရေးစွမ်းအားနဲ့ ဂုဏ်သတင်းတန်ဖိုးတွေက တစ်ခုနဲ့တစ်ခု ဆက်စပ်နေပါတယ်"
"ကာကွယ်ရေးက ပြိုင်ဘက်ကင်း ဖြစ်သွားတယ်...”
ယဲ့ဖုန်း၏ အကြည့်များ စူးရှသွားသည်။
"ရှေးဟောင်း သူတော်စင် တွေတောင် ငါ့ကာကွယ်ရေးကို မချိုးဖြတ်နိုင်ဘူးလား... ဒါပေမဲ့... (၅) စက္ကန့်လေးပဲ ဆိုတော့... အရမ်း တိုလွန်းမနေဘူးလား... ဒါက တကယ့် ယောက်ျားစစ်စစ် လို့တောင် ခေါ်လို့ ရသေးရဲ့လား...”
သူ အရူးအမူး ညည်းတွားလိုက်၏။
"သန့်ရှင်းသော နတ်ဘုရားပုံစံမှာ ကာကွယ်ရေးက လုံးဝ ပြိုင်ဘက်ကင်း ဖြစ်ပါတယ်။ အဲဒီလို ပြိုင်ဘက်ကင်း ဖြစ်နေရင်တောင် ဂိုဏ်းချုပ်ရဲ့ တိုက်ခိုက်ရေးစွမ်းအားက ဂိုဏ်းရဲ့ ဂုဏ်သတင်းတန်ဖိုးနဲ့ တိုက်ရိုက် အချိုးကျပါတယ်။ ဂုဏ်သတင်းတန်ဖိုး မြင့်လာတာနဲ့အမျှ တိုက်ခိုက်ရေးစွမ်းအားကလည်း ကြီးမားလာမှာပါ"
စနစ်က ထပ်မံ ရှင်းပြလိုက်၏။
"မှတ်ချက် - ဂုဏ်သတင်းတန်ဖိုး သန်း (၁၀၀) ကျော်လွန်သွားပြီးနောက်ပိုင်း၊ နောက်ထပ် သန်း (၁၀) တိုးလာတိုင်း သန့်ရှင်းသော နတ်ဘုရားပုံစံရဲ့ ကြာချိန်က တစ်စက္ကန့်စီ ပိုကြာလာမှာ ဖြစ်ပါတယ်"
"ဪ... အဲဒီလိုကိုး... သဘောပေါက်ပြီ..”
ယဲ့ဖုန်း သူ၏ နဖူးကို ရိုက်လိုက်သည်။
"ဒါဆို... မြင့်မြတ်သော နတ်ဘုရား ပုံစံ က အအေးခံချိန် ရောက်နေတုန်း၊ ဂိုဏ်းက ပျက်စီးမတတ် ကပ်ဘေး ကြီးနဲ့ ကြုံလာရင် ဘယ်လို လုပ်မလဲ...”
သန့်ရှင်းသော နတ်ဘုရားပုံစံအတွင်းသို့သာ ဝင်ရောက်သွားပါက၊ စွမ်းအား ကြီးမားလှသော ရှေးဟောင်း သူတော်စင်ကြီးများပင် သူ့အား မည်သို့မျှ အန္တရာယ်မပြုနိုင်တော့ခြင်း ဖြစ်၏။
သို့သော်ငြား ထိုအရာက ကာကွယ်ရေး၌သာ လုံးဝ ပြိုင်ဘက်ကင်းနေခြင်း ဖြစ်တော့သည်။
တိုက်ခိုက်ရေးစွမ်းအား အဆင့်နှင့် ကြာချိန်တို့ကမူ ဂုဏ်သတင်းတန်ဖိုး ပမာဏအပေါ်၌သာ အလုံးစုံ မူတည်နေပါ၏။
ယဲ့ဖုန်း အနည်းငယ် စိုးရိမ်သွားသည်။
ရန်သူက သူ မြင့်မြတ်သော နတ်ဘုရား ပုံစံ ဝင်နိုင်သော အချိန်အထိ စောင့်ပြီးမှ လာသေပေးလောက်အောင် အရူး မဟုတ်ပါလေ။
တကယ်လို့ မြင့်မြတ်သော နတ်ဘုရား ပုံစံ ‘အအေးခံချိန် ရောက်နေတုန်း ရန်သူ လာခဲ့ရင်ရော... ဒါက ကပ်ဘေး ဆိုက်တာ မဟုတ်ဘူးလား’
(ဂုဏ်သတင်း တန်ဖိုး (၁၀) သန်း အသုံးပြုပြီး၊ ပုံမှန် အအေးခံချိန်ကို မထိခိုက်စေဘဲ မြင့်မြတ်သော နတ်ဘုရား ပုံစံ ကို ယာယီ တစ်ကြိမ် ဖွင့်လှစ် အသုံးပြုနိုင်ပါတယ်။)
စနစ်က အသိပေးလိုက်သည်။
"တော်လိုက်တာ... ငါ့ကို ပိုက်ဆံ ထပ်သုံးခိုင်းပြန်ပြီပဲ...”
ယဲ့ဖုန်း ခေါင်းကိုက်စွာဖြင့် ညည်းညူလိုက်မိ၏။
မြင့်မြတ်သော နတ်ဘုရား ပုံစံ ဆိုတာ နားထောင်၍ ကောင်းပြီး၊ ပြိုင်ဘက်ကင်း ကာကွယ်ရေး ရှိသည် ဆိုသော်ငြား၊ လောလောဆယ် (၅) စက္ကန့်ပဲ ခံတာဆိုတော့ သိပ်အသုံးမဝင်သေး။
ကိုယ့်ရဲ့ တိုက်ခိုက်ရေး စွမ်းအားက မလုံလောက်ဘဲနှင့် ၊ ဒီအချိန်တိုလေး အတွင်းမှာ ရန်သူကို အပြတ်မရှင်းနိုင်လျှင်၊ နောက်ဆုံးမှာ အရေးနိမ့်ရမည်ပင်။
"စနစ်... အခု ငါ မြင့်မြတ်သော နတ်ဘုရား ပုံစံ ထဲ ဝင်သွားရင်၊ ဘယ်လောက် အဆင့်ရှိတဲ့ တိုက်ခိုက်ရေး စွမ်းအားကို ရနိုင်မလဲ...”
ယဲ့ဖုန်း မေးလိုက်သည်။
စနစ် တိတ်ဆိတ်နေ၏။
ဒါကို မြင်တော့ ယဲ့ဖုန်း နှုတ်ခမ်းတွန့်လိုက်ပြီး ဆက်မမေးတော့ပေ။
သူ ကြိမ်ကုလားထိုင်ပေါ်တွင် ပက်လက်လှန်လိုက်ပြီး ပျော်ရွှင်ခြင်း ရေ ကို သောက်ကာ၊ "အအေးခံချိန်" နောက်က လက်သည်းကွင်းထဲရှိ အချိန်ရေတွက်နေသည်ကို ကြည့်နေလိုက်သည်။ အချိန်ကိုပဲ စောင့်တော့မည်။ သည်ကိစ္စကို လျစ်လျူရှုထားလိုက်၏။
"ငါ မြင့်မြတ်သော နတ်ဘုရား ပုံစံ ရဲ့ စွမ်းအားကို စမ်းသပ်ကြည့်ဖို့... ဂုဏ်သတင်း တန်ဖိုး (၁၀) သန်း သုံးလိုက်ရမလား...”
ယဲ့ဖုန်း ရင်ထဲမှာ အဆက်မပြတ် ယားကျိကျိ ဖြစ်နေပြီး၊ အမြဲတမ်း စမ်းသပ်ကြည့်ချင်နေမိသည်။
"ထားလိုက်ပါတော့... ဂုဏ်သတင်း တန်ဖိုး (၁၀) သန်း ဆိုတာ နည်းတာမှ မဟုတ်တာ..”
သို့သော် နောက်ဆုံးတွင် ယဲ့ဖုန်းသည် ထိုမျှ များပြားသော ဂုဏ်သတင်း တန်ဖိုးများကို မစွန့်လွှတ်ရက်သဖြင့်၊ ငွေသုံးမည့် အကြံကို စွန့်လွှတ်လိုက်၏။
သူ မတ်တတ်ရပ်လိုက်ပြီး ခန်းမကြီး အတွင်း၌ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေလိုက်သည်။
"ဂုဏ်သတင်း တန်ဖိုးတွေ တိုးလာဖို့နဲ့၊ မြင့်မြတ်သော နတ်ဘုရား ပုံစံ အောက်က တိုက်ခိုက်ရေး စွမ်းအား အမြဲတမ်း တိုးတက်နေဖို့... တပည့်တွေကို အပြင် ပိုထွက်ခိုင်းရမယ်...”
ယဲ့ဖုန်း ဆုံးဖြတ်လိုက်၏။
*ဒေါင်...*
တောင်ခြေမှ ခေါင်းလောင်းသံ ထွက်ပေါ်လာသည်။
"ဟင်...”
ယဲ့ဖုန်း ရပ်တန့်သွားပြီး ဂိုဏ်းချုပ် ခန်းမဆောင်ကြီး ထဲမှ ထွက်လာကာ၊ ဘယ်သူ လာခေါ်နေသလဲ ဆိုတာ ကြည့်ရန် ပြင်လိုက်၏။
"ဝှီး…”
"အဝင်ဝ အစောင့်” ဟူတာ့ဟုန် သည် ဘဲပေါင်ကင် တစ်ခုကို ကိုင်လျက်၊ အနီရောင် သက်တံ တစ်ခုကဲ့သို့ တောင်ထိပ်ကို ဖြတ်သန်းကာ တောင်ခြေသို့ လိမ့်ဆင်းသွား၏။
"ဒီကောင်မလေးကတော့... သန့်ရှင်းရေး လုပ်ဖို့ တခြားသူတွေကို ဒုက္ခပေးစရာ မလိုတော့ဘူး... ဟူတာ့ဟုန် ကိုပဲ လိမ့်ခိုင်းလိုက်ရင် မြေကြီး ပြောင်သွားမှာပဲ...”
ယဲ့ဖုန်းက မျက်နှာသေဖြင့် ပြောလိုက်သည်။
မကြာမီ...
ဟူတာ့ဟုန် တောင်ခြေသို့ ဆင်းသက်သွား၏။
သူမ ကိုယ်ပေါ်ရှိ ဖုန်များကို ခါထုတ်လိုက်ပြီး မတ်တတ်ရပ်ကာ၊ ဆင့်ခေါ် ခေါင်းလောင်းရှေ့တွင် ရပ်နေသော အဖြူရောင် ဝတ်စုံနှင့် လူငယ်ကို ကြည့်လိုက်သည်။
"ငါက မြူခိုးဂိုဏ်း ရဲ့ ‘အဝင်ဝ အစောင့်’ ဟူတာ့ဟုန် ပဲ... မင်းက ဘယ်သူလဲ... ဘာကိစ္စ ရှိလို့လဲ...”
ဟူတာ့ဟုန် သည် လက်တစ်ဖက်ကို ခါးထောက်ထားပြီး နောက်တစ်ဖက်က ဘဲပေါင်ကင်ကို ကိုင်ထား၏။ သူမ၏ နောက်တွင် ခမ်းနားထည်ဝါသော စက္ကူစစ်ဗိုလ်ချုပ် က ရပ်နေ၏။ သူမတွင် အစောင့်တစ်ယောက်၏ အရှိန်အဝါ အပြည့်အဝ ရှိနေလေသည်။
"ကျွန်တော်က မြင့်မြတ်သော လေ ဓားဂိုဏ်း ရဲ့ နံပါတ်တစ် အတွင်းစည်း တပည့် ပိုင်ချွန်းဖုန်း ပါ... ခင်ဗျားတို့ ဂိုဏ်းရဲ့ ထိပ်တန်း အတွင်းစည်း တပည့် မိုယင် ကို အဆင့်သတ်မှတ်ချက် တိုက်ပွဲမှာ စိန်ခေါ်ဖို့ လာခဲ့တာပါ...”
ဧည့်သည်သည် ကျောတွင် ဓားရှည်တစ်လက်ကို လွယ်ထားပြီး အသံမှာ နူးညံ့သိမ်မွေ့နေ၏။
သူသည် ယဉ်ကျေးပြီး ခန့်ညားသော ရုပ်ရည်သွင်ပြင် ရှိကာ၊ အနည်းငယ် ဦးညွှတ်ပြီး စိန်ခေါ်စာ တစ်စောင်ကို ဟူတာ့ဟုန် ထံသို့ လက်နှစ်ဖက်ဖြင့် ကမ်းပေးလိုက်၏။
"ဪ... စိန်ခေါ်စာ ပါလား..”
ဟူတာ့ဟုန် ချက်ချင်း သဘောပေါက်သွားသည်။
တောင်ထိပ်တွင်...
ယဲ့ဖုန်းသည် ထိုအသံကို ကြားလိုက်ရပြီး သူ၏ မျက်လုံးများ အရောင်တောက်သွား၏။
ပိုင်ချွန်းဖုန်း က မိုယင် ကို စိန်ခေါ်တယ် ဟုတ်လား...။
အရမ်းကောင်းတယ်..
သူ ခုလေးတင် ဂုဏ်သတင်း တန်ဖိုး တွေ ဘယ်လို ရနိုင်မလဲ ဆိုတာ စဉ်းစားနေတာ... အခုတော့ အခွင့်အရေးက သူ့ရှေ့ တည့်တည့်ကို ရောက်လာပြီ မဟုတ်လား။
"မိုယင် ဘယ်မှာလဲ... ငါ့ရဲ့ မိုယင် လေး ဘယ်မှာလဲ...”
ယဲ့ဖုန်း ရင်ထဲတွင် ကြိတ်အော်မိသွားတော့သည်။
---
အခန်း (၅၂၈) - ပိုင်ချွန်းဖုန်း ၏ စိန်ခေါ်မှု၊ မိုယင် ၏ မြန်ဆန်သော ဓား
~ပိုင်ချွန်းဖုန်း ရောက်ရှိလာခြင်းက ယဲ့ဖုန်းကို ပျော်ရွှင်သွားစေသည်။
သူသည် ချောက်ကမ်းပါး အစွန်းသို့ လျှောက်သွားကာ မြူခိုးများကို ဖယ်ရှားလိုက်ပြီး၊ တောင်ခြေရှိ ပိုင်ချွန်းဖုန်းကို ဟင်းလင်းပြင်မှတဆင့် လှမ်းကြည့်လိုက်၏။
"ဂိုဏ်းချုပ်ယဲ့ ပါလား...”
မြူခိုးများ ကွဲကွာသွားသည်ကို သတိထားမိလိုက်သော ပိုင်ချွန်းဖုန်းသည် တောင်ထိပ်အစွန်းတွင် ရပ်နေသော ယဲ့ဖုန်းကို ချက်ချင်း မြင်တွေ့လိုက်ရသည်။ သူ၏ မျက်နှာပေါ်တွင် ချက်ချင်းပင် လေးနက်ပြီး ရိုသေသော အမူအရာ ပေါ်လာကာ၊ အဝေးမှနေ၍ ခါးညွှတ် ဦးချလိုက်၏။
"တက်လာခဲ့...”
ယဲ့ဖုန်းက တည်ငြိမ်သော အသံဖြင့် ပြောလိုက်သည်။
သို့သော် ထိုစကားလုံးများသည် ပိုင်ချွန်းဖုန်းအတွက် မိုးကြိုးပစ်ချလိုက်သကဲ့သို့ ဖြစ်သွားပြီး၊ သူ အသက်ပြင်းပြင်းတောင် မရှူရဲတော့ပေ။
'ဂိုဏ်းချုပ်ယဲ့ရဲ့ ကျင့်ကြံခြင်းတွေ အကုန်လုံး ဆုံးရှုံးသွားပြီလို့ ကောလာဟလတွေ ထွက်နေတာ... ဒါပေမဲ့ ငါ့အမြင်တော့ သူ့ဆီမှာ တည့်တည့် မရင်ဆိုင်ရဲလောက်အောင်၊ ရန်သူ မဖြစ်ရဲလောက်အောင် ဆွဲဆောင်မှု ရှိတဲ့ စွမ်းအား တစ်ခု ရှိနေသလိုပဲ...'
ပိုင်ချွန်းဖုန်း စိတ်ထဲတွင် အံ့အားသင့်စွာ တွေးလိုက်မိသည်။
မကြာမီ သူ တောင်ထိပ်သို့ ရောက်ရှိလာ၏။
"ဂိုဏ်းချုပ်... ဒါက သူ့ရဲ့ စိန်ခေါ်စာပါ...”
ဟူတာ့ဟုန်သည် စိန်ခေါ်စာကို ယဲ့ဖုန်းထံ ကမ်းပေးလိုက်ပြီးနောက်၊ ဘဲပေါင်ကင်ကို ပါးစပ်တွင် ကိုက်လျက် ပြေးထွက်သွား၏။
ယဲ့ဖုန်း စိန်ခေါ်စာကို ဖွင့်ကြည့်လိုက်သည်။
"မင်း မကြာသေးခင်ကမှ ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် သတ္တမအလွှာကို ချိုးဖောက်ဝင်ရောက်နိုင်ခဲ့တယ်လို့ ကြားတယ်... ပြီးတော့ ကောင်းကင် ပါရမီရှင် စာရင်းမှာ အဆင့် (၁၈) နေရာက ပါရမီရှင်ကို စိန်ခေါ် အနိုင်ယူပြီး သူ့နေရာကို ရယူခဲ့တယ်ဆို...”
ယဲ့ဖုန်းက ဂရုမစိုက်သလို ပြောလိုက်သည်။
ဤအချက်အလက်များကို ကုန်းချင်းချိုး က စုဆောင်းထားခြင်း ဖြစ်သည်။
ဘယ်သူမှ စုဆောင်းမပေးရင်တောင်မှ၊ ယဲ့ဖုန်း အနေဖြင့် ထိုးထွင်းသိမြင်သော မျက်လုံးကို အသုံးပြုပြီး ပိုင်ချွန်းဖုန်း ၏ မကြာသေးမီက အခြေအနေကို မြင်တွေ့နိုင်သည်။
"ကျွန်တော် ကံကောင်းလို့ အနိုင်ရခဲ့တာပါ...”
ပိုင်ချွန်းဖုန်းက လက်သီးဆုပ်ပြီး ပြန်ဖြေလိုက်သည်။
ယဲ့ဖုန်း ပြုံးလိုက်ပြီး ပြော၏။
"ပါရမီရှင် စာရင်းဝင်တွေကြားက တိုက်ပွဲတွေမှာ ကံတရား ဆိုတာ မရှိပါဘူး... စစ်မှန်တဲ့ ခွန်အားကို နှိုင်းယှဉ်တာ သက်သက်ပဲ... မင်းရဲ့ အောင်ပွဲက ခွန်အား အပေါ်မှာပဲ မူတည်နေတာ... ဒါပေမဲ့ ငါ သိချင်တာက... ကောင်းကင် ပါရမီရှင် စာရင်းမှာ အဆင့် (၁၈) ရထားတဲ့ မင်းက၊ ဘာလို့ အဆင့် (၄၅) က မိုယင် ကို တကူးတက လာစိန်ခေါ်ရတာလဲ...”
ကောင်းကင် ပါရမီရှင် စာရင်းကို စတင် ဖန်တီးစဉ်က၊ မိုယင် ၏ အဆင့်မှာ သိပ်မမြင့်မားခဲ့ပေ။
ထိုအချိန်က သူမ၏ ကျင့်ကြံခြင်း အဆင့်မှာ အလွန် နိမ့်ကျနေသေးသောကြောင့် ဖြစ်သည်။
သူမ၏ လက်ရှိ အဆင့် (၄၅) ဆိုသည်မှာလည်း... မကြာသေးမီက သူမ မျက်မုန်းကျနေသော ပါရမီရှင် တစ်ဦးကို သွားရောက် စိန်ခေါ်လိုက်သဖြင့်၊ အဆင့် တက်သွားခြင်းသာ။
မဟုတ်လျှင် မိုယင် ၏ အေးအေးဆေးဆေး နေတတ်သော အကျင့်စရိုက်ဖြင့် ဆိုပါက၊ သူမ စိန်ခေါ်ပွဲများတွင် ဝင်ရောက် ယှဉ်ပြိုင်ရန်ပင် စိတ်မဝင်စားပါ။
"မိတ်ဆွေ မိုယင် ရဲ့ ခွန်အားက အဆင့် (၄၅) နေရာမှာပဲ ရှိနေဖို့ မဖြစ်နိုင်ဘူးလို့ ကျွန်တော် ယုံကြည်ပါတယ်... ပြီးခဲ့တဲ့ တစ်ခေါက်က သူ..ပါရမီရှင် တစ်ယောက်ကို စိန်ခေါ်တုန်းက... တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော် အနီးနားမှာ ရှိနေခဲ့တယ်လေ... သူမက ခွန်အား တစ်စိတ်တစ်ပိုင်းလောက်ပဲ ထုတ်သုံးသွားတာ ကျွန်တော် သိလိုက်တယ်...”
ပိုင်ချွန်းဖုန်း ရှင်းပြ၏။
သူ့အမြင်တွင် မိုယင် ၏ ခွန်အားမှာ သူနှင့် မတိမ်းမယိမ်း ဖြစ်ကြောင်း သေချာနေ၏။
‘ဒါဆိုရင်... ဒီလို ပြိုင်ဘက်မျိုးကို စိန်ခေါ်ပြီး၊ တိုက်ပွဲကနေတဆင့် တိုးတက်မှုကို ဘာလို့ မရှာရမလဲ’
"မိုယင်...”
စိန်ခေါ်စာကို ကိုင်ထားလျက်၊ ယဲ့ဖုန်းသည် ခေါင်းလှည့်ကာ ဝိညာဉ်စွမ်းအင်စုစည်းခြင်း မျှော်စင် ဘေးရှိ ဝိညာဉ်ရေကန် ဘက်သို့ လှမ်းခေါ်လိုက်၏။
မကြာမီ မိုယင် တောင်ထိပ်သို့ ရောက်ရှိလာသည်။
ပိုင်ချွန်းဖုန်း ၏ စိန်ခေါ်စာကို တစ်ချက် ကြည့်လိုက်ပြီးနောက်၊ သူမ ယဲ့ဖုန်းကို တည်ငြိမ်စွာ ကြည့်ပြီး မေးလိုက်သည်။
"ဂိုဏ်းချုပ်... ကျွန်မတို့ လက်ခံမှာလား... မလက်ခံဘူးလားဟင်...”
"လက်ခံရမှာပေါ့...”
ယဲ့ဖုန်း ချက်ချင်း သဘောတူလိုက်သည်။
ဘယ်လိုလုပ် လက်မခံဘဲ နေမှာလဲ။
ငါ့ရဲ့ ဂုဏ်သတင်း တန်ဖိုးတွေကို ငါ..ဂရုမစိုက်တော့ဘူးလို့ ထင်နေတာလား...။
ယဲ့ဖုန်း စိတ်ထဲတွင် တွေးလိုက်မိသည်။
သူ့စကားကြောင့် မိုယင် အံ့အားသင့်စွာ မျက်တောင် ပုတ်ခတ် ပုတ်ခတ် ဖြစ်သွားသော်လည်း၊ ခေါင်းကို ဖွဖွလေး ငြိမ့်လိုက်ပြီး ပြော၏။
"ဂိုဏ်းချုပ်က သဘောတူတယ် ဆိုမှတော့... ဒီနေ့ပဲ ဖူယွင် မှိုင်းညို့တောအုပ်မှာ တိုက်ကြတာပေါ့...”
ထိုစကားကို ကြားလိုက်ရသောအခါ ယဲ့ဖုန်း၏ အကြည့်များ လှုပ်ခတ်သွားသည်။
ရေပေါ်ဖြူမြို့တော်၏ ဂုဏ်သတင်းတန်ဖိုးများက အလုံးစုံ ညှစ်ထုတ်ခံလိုက်ရသကဲ့သို့ ခန်းခြောက်မလို ဖြစ်နေ၏။ မိုယင်က ပိုင်ချွန်းဖုန်းအား တစ်ချက်တည်းနှင့် အနိုင်ယူလိုက်လျှင်ပင်၊ ကြီးမားသော သက်ရောက်မှု ရှိလာမည် မဟုတ်ပါ။
တစ်ဖက်တွင်မူ မြင့်မြတ်သော လေမြို့တော်၌ ဖွံ့ဖြိုးတိုးတက်ရန် အခွင့်အလမ်းများစွာ ကျန်ရှိနေသေးတော့သည်။
ယဲ့ဖုန်း ချက်ချင်း ပြောလိုက်သည်။
"ပိုင်ချွန်းဖုန်း က လာစိန်ခေါ်တဲ့သူ ဆိုတော့... မြင့်မြတ်သော လေ မြို့တော် မှာ တိုက်တာ ပိုသင့်တော်တယ်...”
"ဟင်...”
ပိုင်ချွန်းဖုန်း နှင့် မိုယင် တို့ နှစ်ဦးစလုံး ကြောင်အသွားကြ၏။
မြင့်မြတ်သော လေ မြို့တော် မှာ တိုက်မယ် ဟုတ်လား...။
ဘာကြောင့် ထိုသို့ ဖြစ်ရတယ် ဆိုတာ သူတို့ နားမလည်ကြပေမဲ့၊ ယဲ့ဖုန်းက ပြောနေမှတော့ ဘယ်သူမှ မကန့်ကွက်ကြပေ။
ဘယ်နေရာမှာ တိုက်တိုက် သူတို့အတွက် သိပ်ကွာခြားမှု မရှိဘူးလေ။
ကောင်းကင်ကို ကြည့်လိုက်ပြီး ယဲ့ဖုန်း ပြောလိုက်သည်။
"မနက်ဖြန် မွန်းတည့်ချိန် ကျမှ တိုက်ကြတာပေါ့...”
"ဟင်...”
သူတို့နှစ်ယောက် ထပ်မံ ကြောင်အသွားကြပြန်၏။
ဒီလို စမ်းသပ် တိုက်ပွဲမျိုးက ဒီနေ့ ချက်ချင်း စရမှာ မဟုတ်ဘူးလား...။
"ဒါက ကောင်းကင် ပါရမီရှင် စာရင်းဝင် တွေရဲ့ စမ်းသပ် တိုက်ပွဲ ဆိုတော့၊ သဘာဝကျကျ ပိုပြီး တရားဝင် ဖြစ်ဖို့ လိုတယ်လေ... ပြီးတော့ မြင့်မြတ်သော လေ မြို့တော် ပတ်ဝန်းကျင်က လှပပြီး ရှုခင်းတွေကလည်း သာယာတယ်... တိုက်ပွဲ အတွက် အသင့်တော်ဆုံးပဲ... ကဲ... ဆုံးဖြတ်လိုက်ပြီ... မနက်ဖြန် စမယ်..”
ထိုသို့ ပြောပြီးနောက်၊ ယဲ့ဖုန်းသည် သူတို့အား ရှင်းလင်းချက် တောင်းရန် အခွင့်အရေး မပေးတော့ဘဲ၊ ဂိုဏ်းချုပ် ခန်းမဆောင်ကြီး ထဲသို့ ပြန်ဝင်သွားပြီး တံခါးကို ပိတ်လိုက်၏။
မိုယင် နှင့် ပိုင်ချွန်းဖုန်း တို့ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး၊ နှစ်ဦးစလုံး တိတ်ဆိတ်နေကြ၏။
တစ်ယောက်က မြင့်မြတ်သော လေ ဓားဂိုဏ်း သို့ ပြန်လည် ပျံသန်းသွားပြီး၊ နောက်တစ်ယောက်က ဝိညာဉ်စွမ်းအင်စုစည်းခြင်း မျှော်စင် သို့ ပြန်သွားကာ သူမ၏ အဆင့်ကို ဆက်လက် တွန်းတင်နေသည်။
ထိုနေ့တွင် သတင်းသည် မြင့်မြတ်သော လေ မြို့တော် တစ်ခုလုံးသို့ ပေါက်ကြားသွား၏။
ကောင်းကင် ပါရမီရှင် စာရင်းတွင် အဆင့် (၁၈) ရထားသော ပိုင်ချွန်းဖုန်း က၊ အဆင့် (၄၅) ရထားသော မိုယင် ကို စိန်ခေါ်မည်တဲ့။
အချိန်က မနက်ဖြန် မွန်းတည့်ချိန်။
နေရာက မြင့်မြတ်သော လေ မြို့တော်။
ထိုသတင်းသည် အဖွဲ့အစည်း အသီးသီး အကြား ဂယက်ရိုက်ခတ်သွားစေသည်။
"အဆင့် (၁၈) က အဆင့် (၄၅) ကို လာစိန်ခေါ်တယ် ဟုတ်လား...”
"မင်း သေချာရဲ့လား... အမှားအယွင်း မရှိဘူးမလား...”
အဖွဲ့အစည်း အသီးသီးမှ ကျင့်ကြံသူများသည် သူတို့၏ အံ့သြမှုကို ဖော်ပြနေကြသည်။
သို့သော်လည်း လူအများအပြားသည် ဂုဏ်သတင်းများကြောင့် မြင့်မြတ်သော လေ မြို့တော် သို့ ဆွဲဆောင်ခြင်း ခံရကာ၊ နောက်တစ်နေ့ မွန်းတည့်ချိန်တွင် ပါရမီရှင် ကြီး နှစ်ဦး၏ တိုက်ပွဲကို စောင့်မျှော်နေကြ၏။
မြူခိုးဂိုဏ်းမှ တပည့်များသည်လည်း အခင်းဖြစ်ပွားရာ နေရာသို့ အသီးသီး သွားရောက်ကြ၏။
မြင့်မြတ်သော လေ မြို့တော်။
ထိုသတင်းကို ကြားလိုက်ရသော မူရူရွှယ် သည်လည်း သိချင်စိတ် ဖြစ်ပေါ်နေမိသည်။
နောက်တစ်နေ့ မွန်းတည့်ချိန်တွင်...
စမ်းသပ် တိုက်ပွဲ စတင်တော့မည် ဖြစ်သည်။
မြင့်မြတ်သော လေ မြို့တော် အပြင်ဘက်ရှိ မြေကွက်လပ် တစ်ခုပေါ်ဝယ်၊
အတောင်ပံ အကျယ် မီတာ ဒါဇင်ချီ ရှိသော အပြာရောင် ပျံသန်း သားရဲ တစ်ကောင်သည် ၎င်း၏ အတောင်ပံများကို ခတ်ကာ၊ မြေပြင်အထက် မီတာ တစ်ရာခန့်တွင် ဝဲပျံနေ၏။
၎င်း၏ ခေါင်းပေါ်တွင် ဓားကို ကိုင်ဆောင်ထားသော အဖြူရောင် ဝတ်စုံနှင့် လူငယ်တစ်ဦးသည် လက်ပိုက်လျက် ရပ်နေသည်။ သူ၏ ဆံပင်ရှည်များသည် လေထဲတွင် တဟူးဟူး လွင့်ဝဲနေသည်။
"အဲဒါ ပိုင်ချွန်းဖုန်း ပဲ... ပြီးတော့ သူ့ရဲ့ စီးတော်ယာဉ် ရွှေသရဖူ အပြာရောင် ငှက် လေ...”
လူအုပ်ကြီးက သူတို့ကို မှတ်မိသွားကြသည်။
"ဝှစ်…”
ထိုအချိန်၌ အဝေးမှ ထက်ရှသော ဓားအလင်းတန်း တစ်ချက် ပျံသန်းလာ၏။ အနက်ရောင် မျက်နှာဖုံးနှင့် ဦးထုပ်ကို ဆောင်းထားကာ၊ အနက်ရောင် ဂါဝန်ရှည် ဝတ်ဆင်ထားသော ပုံရိပ်တစ်ခု အဖြစ် ပြောင်းလဲသွားသည်။
"မိုယင် ပဲ..”
"သူမလည်း ရောက်လာပြီ...”
ကြည့်ရှုနေသော ပရိသတ် အမြောက်အမြား အားလုံး မတ်တတ်ရပ်လိုက်ကြ၏။
တိုက်ပွဲကို လာရောက် ကြည့်ရှုသူ လူအုပ်ကြီးမှာ အလွန် ကြီးမားလှသည်။ မြင့်မြတ်သော လေ မြို့တော် မှ ကျင့်ကြံသူ သိန်းချီ၊ မြင့်မြတ်သော လေ ဓားဂိုဏ်း မှ တပည့် တစ်သိန်း နှင့်၊ ပတ်ဝန်းကျင် ဒေသများမှ မရေမတွက်နိုင်သော လူများ ပါဝင်သည်။
တိမ်ဖြူ တစ်ခုပေါ်တွင်...
ယဲ့ဖုန်း နှင့် မြင့်မြတ်သော လေ ဓားဂိုဏ်း ၏ ဂိုဏ်းချုပ် တို့သည် လက်ဖက်ရည်စားပွဲ တစ်ခုရှေ့တွင် ထိုင်နေကြပြီး၊ သူတို့၏ ဘေးတွင် ဟူဖေးဖေး၊ ကုန်းချင်းချိုး နှင့် အခြားသူများ ဝိုင်းထိုင်နေကြ၏။
"ဂိုဏ်းချုပ်ယဲ့... ဘယ်သူ နိုင်မယ်လို့ ထင်လဲ...”
မြင့်မြတ်သော လေ ဓားဂိုဏ်း ၏ ဂိုဏ်းချုပ်က အလွန် ယဉ်ကျေးစွာ ပြောဆိုလိုက်သည်။
နှစ်ဦးစလုံးမှာ ကြယ်နှစ်ပွင့် အဖွဲ့အစည်း ၏ ခေါင်းဆောင်များ ဖြစ်ကြသော်လည်း၊ ယဲ့ဖုန်း၏ အဆင့်အတန်းမှာ ကြယ်လေးပွင့် အဖွဲ့အစည်း ခေါင်းဆောင် နှင့် ညီမျှနေသဖြင့် သူ မဆင်မခြင် မလုပ်ရဲပေ။
"ပြောရခက်တယ်... သူတို့ရဲ့ ခွန်အားတွေကို ကြည့်ကြတာပေါ့...”
ယဲ့ဖုန်းက အပေါ်ယံ ပြောလိုက်သော်လည်း၊ ရင်ထဲတွင်မူ မိုယင် အနိုင်ရရန် မျှော်လင့်နေမိ၏။ သို့မှသာ သူ၏ ဂုဏ်သတင်း တန်ဖိုးများ အကြီးအကျယ် ထိုးတက်သွားမည် ဖြစ်သည်။
ကောင်းကင်ယံ အမြင့်တွင်...
မိုယင် သည် သူမ၏ အလယ်အလတ် အဆင့် ဝိညာဉ်ဓားကို ဆွဲထုတ်လိုက်၏။
ထိုခဏတွင် သူမ၏ ဓားအရှိန်အဝါ သည် အဆများစွာ မြင့်တက်သွား၏။
*ချွင်...*
ပိုင်ချွန်းဖုန်း သည်လည်း လှုပ်ရှားလိုက်ပြီး သူ၏ ဓားကို ဆွဲထုတ်လိုက်သည်။ သူ၏ ထက်ရှသော ဓားချီသည် ကောင်းကင်သို့ ထိုးတက်သွားပြီး၊ အထက်ရှိ မိုယင် ၏ အရှိန်အဝါ နှင့် ထိတိုက်မိသွား၏။
"မိုယင် က တကယ်ပဲ ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် ဆဋ္ဌမအလွှာ ရဲ့ အထွတ်အထိပ် ကို ရောက်နေတာပဲ..”
"ပိုင်ချွန်းဖုန်း က ပိုတောင် သန်မာသေးတယ်... ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် သတ္တမအလွှာ တဲ့..”
"မိုယင် မှာ ပါရမီရှင် စာရင်း ရဲ့ ထိပ်ဆုံး (၂၀) အတွင်း ဝင်နိုင်တဲ့ ခွန်အား ရှိတယ်လို့ ပိုင်ချွန်းဖုန်း ပြောခဲ့တာ မဆန်းပါဘူး... တကယ်ပဲ ဟုတ်နေတာကိုး..”
သူတို့နှစ်ဦး အရှိန်အဝါများကို ထုတ်လွှတ်လိုက်သောအခါ၊ လူများက သူတို့၏ စစ်မှန်သော ကျင့်ကြံခြင်း အဆင့်များကို နောက်ဆုံးတွင် သဘောပေါက်သွားကြပြီး အံ့အားသင့်စွာ ရေရွတ်လိုက်မိကြသည်။
"ကောင်းကင်ယံ တိမ်လွှာ ဓား..”
ပိုင်ချွန်းဖုန်း က အရင်ဆုံး လှုပ်ရှားလိုက်သည်။
ဒါက အဆင့် (၃) မန္တန် တစ်ခု ဖြစ်သည်။ သူ၏ ဓားကို ရှေ့သို့ ထိုးသွင်းလိုက်သည်နှင့်၊ ဓားချီ အစုအဝေး တစ်ခုသည် ဖြူဖျော့သော တိမ်လွှာများ အဖြစ် ပြောင်းလဲသွားကာ၊ ချက်ချင်း ပျောက်ကွယ်သွားပြီး မိုယင် ၏ ဘေးတွင် ပြန်ပေါ်လာကာ သူမကို ရစ်ပတ်သွား၏။
မူရူရွှယ် ကို စိန်ခေါ်စဉ်က ဤနည်းစနစ်ကို သူ အသုံးပြုခဲ့ဖူးသည်။
"အလကားပဲ..”
မိုယင် တီးတိုး ပြောလိုက်ပြီး၊ လက်ကို မြှောက်ကာ ဓားကို ဝှေ့ယမ်းလိုက်ရာ၊ ဓားချီ တိမ်လွှာများကို အလွယ်တကူ ဖြတ်တောက်သွား၏။ ဓားရောင် တစ်ချက် ရိပ်ခနဲ ဖြစ်သွားကာ ပိုင်ချွန်းဖုန်း ၏ အနောက်တွင် ပေါ်လာ၏။
"ဒုက္ခပဲ..”
ပိုင်ချွန်းဖုန်း ၏ မျက်နှာ ချက်ချင်း ဖြူဖျော့သွားသည်။
သူ၏ ဓားနည်းစနစ်ကို လျင်မြန်စွာ ပြောင်းလဲလိုက်ရာ၊ စူးရှသော ဓားအလင်းတန်း တစ်ချက် ပေါက်ကွဲထွက်လာ၏။ တဆက်တည်း၌၊ ဓားကိုင်ဆောင်ထားသော ပုံရိပ် သုံးခု အဖြစ် ပြောင်းလဲသွား၏။ ပိုင်ချွန်းဖုန်း ကိုယ်တိုင် ပါဝင်လိုက်လျှင် စုစုပေါင်း လူလေးယောက်က မိုယင် ကို ဝိုင်းရံလိုက်သည်။
ဒါက အဆင့် (၅) မန္တန် "ဓားအရှိန်အဝါ ကိုယ်ပွား” ပဲ..
"ချွင်... ချွင်... ချွင်…”
ပိုင်ချွန်းဖုန်း လေးယောက်စလုံး တပြိုင်နက် တိုက်ခိုက်လိုက်ပြီး၊ မိုယင် ထံသို့ ထိုးသွင်းလိုက်ကြ၏။
သို့သော် မိုယင် ၏ မြန်ဆန်သော ဓားစိတ်ဆန္ဒ ဖြင့် ဆိုလျှင်၊ သူမ၏ အမြန်နှုန်းမှာ အလွန် မြန်ဆန်လွန်းလှသည်။ သူမသည် လူလေးယောက်၏ ဆက်တိုက် ထိုးနှက်ချက်များကို မျက်စိတစ်မှိတ်အတွင်း ရှောင်တိမ်းလိုက်ပြီး၊ ပေါ့ပေါ့ပါးပါး တိုက်ခိုက်မှု တစ်ချက်ဖြင့် ဓားအရှိန်အဝါ ကိုယ်ပွား သုံးခုကို ဖျက်ဆီးပစ်လိုက်၏။
နောက်ထပ် ဓားချက် တစ်ချက်ဖြင့်၊ သူမသည် ပိုင်ချွန်းဖုန်း ၏ တုံ့ပြန်နိုင်စွမ်း ကန့်သတ်ချက်ကို ကျော်လွန်သွားပြီး သူ၏ ဆံပင်တစ်ဆုပ်ကို ဖြတ်တောက်လိုက်၏။
ထို့နောက် အေးစက်သော ဓားဖျားသည် ပိုင်ချွန်းဖုန်း ၏ နဖူးမှ တစ်လက်မခန့် အကွာတွင် ရပ်တန့်သွား၏။
ကြက်သီးထဖွယ် အရှိန်အဝါက ပိုင်ချွန်းဖုန်း ကို မလှုပ်ရှားနိုင်အောင် ပြုလုပ်လိုက်သည်။
မိုယင် ၏ ဓားက အရမ်း မြန်လွန်း၏။
သူ တုံ့ပြန်ဖို့ အခွင့်အရေး လုံးဝ မရလိုက်ပေ။
"ဟူး...”
အဖွဲ့အစည်း အသီးသီးမှ ခွန်အားကြီးသူများ၏ မျက်နှာများ အကြီးအကျယ် ပြောင်းလဲသွားကြသည်။
အချို့လူများဆိုလျှင် ထိတ်လန့်တုန်လှုပ်စွာ အသက်ရှူမှားသွားကြကာ၊ သူတို့၏ မျက်လုံးများထဲတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်နေကြတော့၏။
---