အခန်း (၅၃၂-၅၃၄)
Vol. 36 Ch. 532-534
အခန်း (၅၃၂) - ဦးချို မွှေးပွ မျိုးနွယ်စု မဟာအကြီးအကဲ၏ ရည်မှန်းချက်နှင့် အဝေးမှ ခြိမ်းခြောက်မှု
~ချောင်ကျားရှီးသည် ဦးချို မွှေးပွ မျိုးနွယ်စု မိစ္ဆာဗိုလ်ချုပ်နှင့် သည်းသည်းမည်းမည်း တိုက်ခိုက်နေစဉ်အတွင်း ယဲ့ဖုန်းသည် ထိုနေရာသို့ ရောက်ရှိနေပြီ ဖြစ်၏။ သို့သော် သူသည် ဝင်ရောက်မစွက်ဖက်ဘဲ ချောင်ကျားရှီးအနေဖြင့် ပြင်ပမှ ရောက်လာသော ထိုနတ်ဆိုးသားရဲများကို မည်မျှအထိ တောင့်ခံနိုင်မည်ကိုသာ စောင့်ကြည့်လိုက်သည်။
ရလဒ်ကတော့ ယဲ့ဖုန်းကို စိတ်အေးစေခဲ့၏။
မိမိထက် စွမ်းအားများစွာ သာလွန်လှသော ရန်သူ (၅) ကောင်ကို ရင်ဆိုင်နေရသော်လည်း ချောင်ကျားရှီးသည် တည်ငြိမ်မှုကို မပျက်စေခဲ့ပေ။ သူသည် ပြင်းထန်သော ဒဏ်ရာများ ရရှိခဲ့သည့်တိုင်အောင် ရန်သူကို အထင်သေးနေသည့် ဦးချို မွှေးပွ မျိုးနွယ်စု မိစ္ဆာဗိုလ်ချုပ် တစ်ကောင်ကို အမိအရ သတ်ဖြတ်နိုင်ခဲ့သည်။
"ဦးချို မွှေးပွ မျိုးနွယ်စု ဟုတ်လား"
လူအများမှာ ထိုအမည်ကို ကြားလိုက်ရသောအခါ မျက်လုံးထဲတွင် ဝေခွဲမရသည့် အရိပ်အယောင်များ ပေါ်လာကြ၏။ သူတို့သည် ဤမျိုးနွယ်စုအကြောင်းကို တစ်ခါမျှ မကြားဖူးခဲ့ကြပေ။
"မင်း... မင်းက ငါတို့မျိုးနွယ်အကြောင်းကို တကယ်ပဲ သိနေတာလား"
မြေပြင်ပေါ်၌ လဲကျလျက် အသက်ကို လုရှူနေရသော ဦးချို မွှေးပွ မျိုးနွယ်စု မိစ္ဆာဗိုလ်ချုပ်သည် အားနည်းလှသော အသံဖြင့် မေးမြန်းလိုက်သည်။
ယဲ့ဖုန်းက သူ့ကို တစ်ချက် ကြည့်လိုက်ကာ ဖွင့်ဟလိုက်၏။
"ဒီဂိုဏ်းချုပ် သိတာကတော့ မင်းတို့ ဦးချို မွှေးပွ မျိုးနွယ်စုဟာ တစ်ချိန်က ဒီနတ်ဆိုးသားရဲ ဂြိုဟ်ပေါ်မှာ အုပ်စိုးသူ အင်အားစုကြီး တစ်ခု ဖြစ်ခဲ့တယ်။ အရမ်းလည်း ရက်စက်ကြတယ်... တခြား မျိုးနွယ်စုတွေကို အမဲလိုက်လေ့ ရှိကြတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ နတ်ဆိုးသားရဲ ဂြိုဟ်ကို ဆန်းကြယ်တဲ့ တန်ခိုးရှင် တစ်ယောက်က သိမ်းပိုက်လိုက်ပြီး အစွမ်းထက်တဲ့ မျိုးနွယ်စု အားလုံးကို ရှင်းထုတ်ပစ်လိုက်တယ်။ အဲဒီအချိန်ကစပြီး မင်းတို့ ဦးချို မွှေးပွ မျိုးနွယ်စုဟာ ကောင်းကင်ယံ ကြယ်စုတန်းတွေကြားမှာ အခြေမဲ့အနေမဲ့ လှည့်လည် နေခဲ့ရတာပေါ့။ ငါ ပြောတာ မှားလို့လား”
ယဲ့ဖုန်းသည် လက်နှစ်ဖက်ကို နောက်ပစ်လျက် အမြဲလိုလိုပင် တည်ငြိမ်နေ၏။ သူသည် အရာရာကို ပုံဖော်နိုင်သော မျက်လုံး နှင့် ဉာဏ်အလင်းပွင့် နှလုံးသား တို့၏ တွက်ချက်မှုများမှတစ်ဆင့် ထိုမျိုးနွယ်စု၏ သမိုင်းကြောင်းကို အလွယ်တကူပင် သိရှိလိုက်ရလေ၏။ သူသည် အသေးစိတ် အချက်အလက်များကိုတော့ မသိနိုင်သေးပေ။ သို့သော်လည်း ဦးချို မွှေးပွ မျိုးနွယ်စု၏ အခြေအနေအရပ်ရပ်ကို သိရှိနေခြင်းကပင် အခြားသူများကို အံ့အားသင့်စေရန် လုံလောက်နေတော့၏။
ယဲ့ဖုန်း မျှော်လင့်ထားသည့်အတိုင်းပင် သူ၏ စကားကို ကြားလိုက်ရသောအခါ မြေပြင်ပေါ်မှ မိစ္ဆာဗိုလ်ချုပ်သည် မျက်နှာပျက်သွားကာ ထိတ်လန့်တုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်တော့သည်။
"ကြည့်ရတာ မင်းက အဲဒီဆန်းကြယ်တဲ့ တန်ခိုးရှင်ရဲ့ မျိုးဆက်ပဲ ဖြစ်ရမယ်။ ဒါမှမဟုတ်ရင် သာမန်လူတစ်ယောက်က ဒီလောက်များပြားတဲ့ လျှို့ဝှက်ချက်တွေကို သိနိုင်စရာ အကြောင်းမရှိဘူး"
ယဲ့ဖုန်းက ဘာစကားမှ မဆိုဘဲ ခပ်ပြုံးပြုံးသာ နေလိုက်သည်။ သူသည် မည်သည့် တန်ခိုးရှင်၏ မျိုးဆက်မှ မဟုတ်ပေ။ ဤအချက်အလက်များကို သိရှိရခြင်းမှာ သူ၏ တွက်ချက်နိုင်စွမ်းကြောင့်သာ ဖြစ်၏။
ခဏမျှ စဉ်းစားပြီးနောက် ယဲ့ဖုန်းသည် မိစ္ဆာဗိုလ်ချုပ်ကို ငုံ့ကြည့်ကာ မေးလိုက်သည်။
"မင်းတို့ ဦးချို မွှေးပွ မျိုးနွယ်စုက ဘာလို့ ပြန်လာကြတာလဲ"
သူသည် မိမိ၏ ခြေဖဝါးအောက်ရှိ စစ်မြေပြင် အဆင့် (၁) ကို အကဲခတ်ကြည့်လိုက်၏။ ဤနေရာကို ယခင်က နတ်ဆိုးသားရဲ ဂြိုဟ် ဟု ခေါ်ဆိုခဲ့ကြသည်။ စစ်မြေပြင်ကို ဖန်တီးခဲ့သည့် ဆန်းကြယ်သော တန်ခိုးရှင်က အစွမ်းထက် မျိုးနွယ်စုများကို ရှင်းထုတ်ပြီးသည့် နောက်ပိုင်းမှသာ စစ်မြေပြင် အဆင့် (၁) ဟု အမည်ပြောင်းလဲခဲ့ခြင်းပင်။
လက်ရှိ နတ်ဆိုးသားရဲ ဂြိုဟ်ပေါ်တွင် ကျင့်ကြံခြင်းအတွက် အရင်းအမြစ်များစွာ မကျန်ရှိတော့ပေ။ ကျိုးကြောင်းဆင်ခြင်ကြည့်လျှင် အစွမ်းထက်လှသော ဦးချို မွှေးပွ မျိုးနွယ်စုသည် ဤနေရာကို စိတ်ဝင်စားစရာ အကြောင်းမရှိပေ။ သို့သော် ၎င်းတို့သည် နယ်ပယ်များကို ဖြတ်ကျော်ကာ ဤနေရာသို့ ဆင်းသက်လာကြခြင်းမှာ အလွန်ပင် နားလည်ရ ခက်ခဲလှ၏။ ယဲ့ဖုန်းကို အံ့အားသင့်စေဆုံး အချက်မှာ ၎င်းတို့ နယ်ပယ်ဖြတ်ကျော်လာသည့် နည်းလမ်းပါပင်။
ဦးချို မွှေးပွ မျိုးနွယ်စုနှင့် အမျိုးတော်စပ်သော ဦးချိုပါ မြင်း များသည် နတ်ဆိုးသားရဲ ဂြိုဟ်ပေါ်တွင် နေထိုင်ကြသည်။ ၎င်းတို့၏ သွေးမျိုးဆက်မှာ ဦးချို မွှေးပွ မျိုးနွယ်စု မဟာအကြီးအကဲအတွက် ကမ္ဘာနှစ်ခုကြားရှိ ဟင်းလင်းပြင် အက်ကြောင်းကို ဖွင့်လှစ်ရန် ကြားခံနယ်မြေ ဖြစ်လာခဲ့ခြင်းပင် ဖြစ်တော့၏။
"နတ်ဆိုးသားရဲ ဂြိုဟ်ကို ပြန်လည် စိုးမိုးဖို့ဆိုတာ ငါတို့ ဦးချို မွှေးပွ မျိုးနွယ်စုရဲ့ ရည်မှန်းချက်ပဲ။ ဒီနေရာက အရင်းအမြစ်တွေ ခန်းခြောက်နေတယ်ဆိုတာ သိပေမဲ့လည်း ငါတို့ရဲ့ မူလ အိပ်မက်ကိုတော့ ဘယ်တော့မှ မေ့ဖျောက်မှာ မဟုတ်ဘူး" ဟု မိစ္ဆာဗိုလ်ချုပ်က လေးနက်စွာ ပြောလိုက်သည်။
လွန်ခဲ့သော နှစ်ပေါင်းများစွာက...
ထိုအချိန်က ဦးချို မွှေးပွ မျိုးနွယ်စုသည် နတ်ဆိုးသားရဲ ဂြိုဟ်၏ အရှင်သခင်များ ဖြစ်ခဲ့ကြ၏။ သို့သော် ထိုစဉ်က ဦးချို မွှေးပွ မျိုးနွယ်စု၏ မဟာအကြီးအကဲမှာ နတ်ဆိုး ဧကရာဇ် အဆင့်သို့ စတင် ခြေလှမ်းလှမ်းကာစသာ ရှိသေးသဖြင့် အလွန်အမင်း အစွမ်းထက်သည်ဟု မဆိုနိုင်သေးပေ။
သို့သော်လည်း ကြယ်တာရာ ဟင်းလင်းပြင်ကြားတွင် နှစ်ပေါင်း ထောင်ချီ၍ ပြည်နှင်ဒဏ် ခံခဲ့ရပြီးနောက် ဦးချို မွှေးပွ မျိုးနွယ်စု၏ မဟာအကြီးအကဲမှာ ဟင်းလင်းပြင် ဖြိုခွဲ အဆင့် ရှိသော နတ်ဆိုး ဧကရာဇ် တစ်ဦး ဖြစ်လာခဲ့လေပြီ။ သူသာ ယခင်ကတည်းက ဤအဆင့်သို့ ရောက်ရှိခဲ့ပါက နတ်ဆိုးသားရဲ ဂြိုဟ်ကို အလွယ်တကူပင် စိုးမိုးနိုင်ခဲ့မည် ဖြစ်သည်။
၎င်းတို့သည် နတ်ဆိုးသားရဲ ဂြိုဟ်ကို တစ်သားတည်း ဖြစ်အောင် ပေါင်းစည်းရန် ရည်မှန်းချက်ကို အကောင်အထည်ဖော်လိုကြခြင်းပင် ဖြစ်၏။ အချို့သော စစ်မေးမှုများ ပြုလုပ်ပြီးနောက် ယဲ့ဖုန်းနှင့် အခြားသူများသည် ဤဖြစ်ရပ်၏ နောက်ကွယ်မှ အကြောင်းအရင်းများကို သိရှိသွားကြတော့သည်။
"ဟက်... မင်းက သန်မာတယ်ဆိုပေမဲ့ အများဆုံးရှိမှ နတ်ဆိုး ဧကရာဇ် အဆင့်လောက်ပဲ ရှိမှာပါ။ ငါတို့ ဦးချို မွှေးပွ မျိုးနွယ်စုရဲ့ မဟာအကြီးအကဲကတော့ နတ်ဆိုး ဧကရာဇ်ကြီး ဖြစ်နေပြီ။ မင်း မသေချင်ဘူးဆိုရင် ငါ့ကို အမြန်လွှတ်ပေးတာ ကောင်းလိမ့်မယ်။ ဒါမှမဟုတ်လို့ မဟာအကြီးအကဲ ဒီကို တိုက်ခိုက်ဖို့ ရောက်လာခဲ့ရင် မင်းတို့အားလုံး သေကြရလိမ့်မယ်"မိစ္ဆာဗိုလ်ချုပ်က ခြိမ်းခြောက်လိုက်၏။
"သူ ဒီကို လာနိုင်မှာ မဟုတ်ဘူး" ယဲ့ဖုန်းက တည်ငြိမ်စွာ ပြောလိုက်သည်။
သူသည် နတ်ဆိုးသားရဲ ဂြိုဟ်ကို ရှေးဟောင်း ဝင်္ကပါများဖြင့် ဝန်းရံထားပြီး ကျင့်ကြံခြင်းအဆင့် မြင့်မားလေလေ နယ်ပယ်ဖြတ်ကျော်ရန် ပိုမို ခက်ခဲလေလေ ဖြစ်ကြောင်း တွက်ချက်မိလိုက်ခြင်းပင်။ ဝိညာဉ်ပင်လယ်အဆင့်ထက် မြင့်မားသူများမှာ ဤနေရာသို့ လာရောက်နိုင်စရာ အကြောင်းမရှိပေ။
ဦးချို မွှေးပွ မျိုးနွယ်စု၏ မဟာအကြီးအကဲမှာ မည်မျှပင် ထူးချွန်ပါစေဦးတော့၊ သူသည် ဤနေရာသို့ အထွတ်အထိပ် မိစ္ဆာဗိုလ်ချုပ်များကိုသာ စေလွှတ်နိုင်ပေလိမ့်မည်။ မြူခိုးဂိုဏ်းအတွက်တော့ ထိုသို့သော ခြိမ်းခြောက်မှုမှာ မပြောပလောက်ပေ။ လီဇီလုံကို စစ်မြေပြင် အဆင့် (၁) ၌ ရေရှည် အခြေချ နေထိုင်စေသရွေ့တော့ စိုးရိမ်စရာ တစ်ခုမှ ရှိလိမ့်မည် မဟုတ်ပေ။
"မင်း... မင်းက ဒါကိုလည်း တွက်ချက်မိပြန်ပြီလား"မိစ္ဆာဗိုလ်ချုပ်၏ မျက်လုံးများမှာ ပြူးကျယ်သွားတော့၏။
ယဲ့ဖုန်း၏ နက်နဲလှသော မျက်ဝန်းများကို စိုက်ကြည့်လိုက်သောအခါ မိစ္ဆာဗိုလ်ချုပ်သည် သူ၏ လျှို့ဝှက်ချက် အားလုံးကို တစ်ဖက်လူက သိမြင်နေသကဲ့သို့ ခံစားလိုက်ရကာ ကြက်သီးထသွားရသည်။
"ဒီနေရာမှာ ကန့်သတ်ချက်တွေ ရှိတယ်" ယဲ့ဖုန်းက ခပ်တိုးတိုး ပြောလိုက်သည်။
"မင်းတို့ရဲ့ ဦးချို မွှေးပွ မျိုးနွယ်စု မဟာအကြီးအကဲဟာ ဦးချိုပါ မြင်းတွေရဲ့ သွေးကိုသုံးပြီး နယ်ပယ်ဖြတ်ကျော်ဖို့ နည်းလမ်းကို အတော်လေး ကြိုးစားပြီး ရှာဖွေခဲ့ရတာပဲ။ စိတ်မကောင်းစရာကတော့ သူဟာ အများဆုံး အနေနဲ့ အထွတ်အထိပ် မိစ္ဆာဗိုလ်ချုပ်တွေကိုပဲ လွှတ်ပေးနိုင်တာပဲပေါ့"
ဤစကားကို ကြားလိုက်ရသောအခါ မိစ္ဆာဗိုလ်ချုပ်မှာ ဆွံ့အသွားတော့၏။
ယဲ့ဖုန်း၏ စကားများမှာ သူ၏ ဝိညာဉ်ကို ထိုးနှက်လိုက်သကဲ့သို့ပင် ဖြစ်သည်။ မိမိရှေ့မှောက်ရှိ လူသားလူငယ်မှာ အလွန်ပင် ကြောက်မက်ဖွယ် ကောင်းလှကြောင်း သူ နားလည်သွားရတော့၏။
"ကန့်သတ်ချက်တွေ ရှိနေရင်ရော ဘာဖြစ်လဲ။ ငါတို့ မဟာအကြီးအကဲ နတ်ဆိုးသားရဲ ဂြိုဟ်ကို နေရာပြောင်းရွှေ့လာမယ့် တစ်နေ့မှာ ငါတို့ တစ်မျိုးနွယ်လုံးက မင်းတို့ရဲ့ သက်ရှိမှန်သမျှကို အကုန် သတ်ဖြတ်ပစ်မယ်။ မင်းတို့အားလုံး ပျက်စီးခြင်းကို ရင်ဆိုင်ရလိမ့်မယ်"မိစ္ဆာဗိုလ်ချုပ်က နောက်ထပ် ခြိမ်းခြောက်မှုအသစ်ကို စဉ်းစားလိုက်ပြန်သည်။
သို့သော်၊ ယဲ့ဖုန်းမှာတော့ အကြောက်အလန့် ကင်းမဲ့နေဆဲပင် ဖြစ်၏။ ဂိုဏ်း၏ တံခါးပေါက်မှာ အမြင့်ဆုံးအဆင့် ဝိညာဉ်ရတနာ တစ်ခု ဖြစ်ပြီး ဟင်းလင်းပြင် ဖြိုခွဲ အဆင့် အထွတ်အထိပ်နှင့် နှိုင်းယှဉ်နိုင်သည်။ ဦးချို မွှေးပွ မျိုးနွယ်စု မဟာအကြီးအကဲမှာ ထိုအဆင့်သို့ မရောက်ရှိနိုင်သဖြင့် ကြယ်တာရာ ဟင်းလင်းပြင် မြူခိုးများဖြင့် ဝန်းရံထားသော နတ်ဆိုးသားရဲ ဂြိုဟ်သို့ နေရာပြောင်းရွှေ့လာနိုင်စရာ အကြောင်းမရှိပေ။ ၎င်းတို့ ရှာဖွေတွေ့ရှိသွားခဲ့လျှင်ပင် ယဲ့ဖုန်းမှာ ကြောက်ရွံ့မနေပေ။
'အကယ်လို့ ဦးချို မွှေးပွ မျိုးနွယ်စု မဟာအကြီးအကဲက ကိုယ်တိုင် ရောက်လာခဲ့ရင် ငါ့ရဲ့ မြင့်မြတ်သော နတ်ဘုရား ပုံစံ ရဲ့ စွမ်းအားကို စမ်းသပ်ဖို့ အခွင့်အရေး ရတာပေါ့။'
ယဲ့ဖုန်းသည် မိမိဘာသာ တွေးတောလိုက်မိပြီး မျှော်လင့်ချက်ပင် ထားရှိနေသေး၏။
"ဂျွတ်"
နောက်ဆုံးတွင် ယဲ့ဖုန်းသည် ချောင်ကျားရှီးကို ထိုမိစ္ဆာဗိုလ်ချုပ်၏ ဦးခေါင်းကို ရိုက်ခွဲကာ နေရာမှာတင် သတ်ပစ်ရန် ခိုင်းစေလိုက်တော့သည်။
ကောင်းကင်ယံရှိ ဟင်းလင်းပြင် အက်ကြောင်း (၅) ခုကို မော့ကြည့်လိုက်သောအခါ ယဲ့ဖုန်း၏ မျက်နှာမှာ တဖြည်းဖြည်း တည်ကြည် လေးနက်လာ၏။
"ဘယ်သူက ဒီလောက်တောင် ရဲတင်းနေတာလဲ"
ဆိုးးညစ်ပြီး နက်နဲလှသော အသံတစ်ခုမှာ ဟင်းလင်းပြင် အက်ကြောင်း (၅) ခုလုံးမှ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာသည်။ ထို့နောက် အက်ကြောင်းများမှနေ၍ အနက်ရောင် မြူခိုးတန်းများ လွင့်ထွက်လာကာ လေထဲတွင် ရွှေရောင်ချိုများရှိသည့် ဦးချို မွှေးပွ မျိုးနွယ်စု အဘိုးအို တစ်ဦးအဖြစ် စုစည်းသွားတော့၏။
"ဒါက ဦးချို မွှေးပွ မျိုးနွယ်စု မဟာအကြီးအကဲပဲ"
ယဲ့ဖုန်းသည် သူ၏ အရာရာကို ပုံဖော်နိုင်သော မျက်လုံး ဖြင့် ထိုသူကို ခွဲခြားသိမြင်လိုက်သည်။ အသံများ ထွက်ပေါ်လာသောအခါ တပည့်များ၏ မျက်နှာများမှာလည်း သိသိသာသာ ပြောင်းလဲသွားကြ၏။ သူတို့ရှေ့တွင် ရှိနေသူမှာ ဟင်းလင်းပြင် ဖြိုခွဲ အဆင့် ရှိသော စစ်မှန်သည့် နတ်ဆိုး ဧကရာဇ်ကြီး တစ်ပါးပင် ဖြစ်သည် မဟုတ်ပါလား။
သို့သော်လည်း စစ်မြေပြင် အဆင့် (၁) ၏ ကန့်သတ်ချက်များကြောင့် ဦးချို မွှေးပွ မျိုးနွယ်စု မဟာအကြီးအကဲ၏ ဝိညာဉ်ကိုယ်ပွားမှ ထွက်ပေါ်နေသော အရှိန်အဝါမှာ သိပ်မပြင်းထန်ဘဲ အလွန်အမင်း ကြံ့ခိုင်သော ခံစားချက်ကိုသာ ပေးစွမ်းနေ၏။
"မင်းက ဒီဧကရာဇ်ကို သိနေတာလား”
ဦးချို မွှေးပွ မျိုးနွယ်စု မဟာအကြီးအကဲသည် ယဲ့ဖုန်းကို စိုက်ကြည့်လိုက်၏။ သူ၏ မျက်လုံးများထဲတွင် အံ့အားသင့်မှုများ ပေါ်လာကာ ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါတွင်မူ သူ၏ အကြည့်များမှာ အေးစက်စက် ဖြစ်သွားတော့သည်။
"မင်းတို့ ငါ့မျိုးနွယ်ဝင်တွေကို သတ်လိုက်ပြီပေါ့... မင်းတို့အားလုံး သေကြရမယ်"
သူ၏ အသံမှာ အလွန်ပင် အေးစက်လှသည်။
"မင်းရဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေ ပြောလို့ ပြီးပြီလား"
ယဲ့ဖုန်းက သူ၏ လက်ကို ဆန့်ထုတ်လိုက်ကာ ဦးချို မွှေးပွ မျိုးနွယ်စု မဟာအကြီးအကဲကို လက်ခလယ် ထောင်ပြလိုက်ပြီး ပြောလိုက်၏။
"မင်း ပြောလို့ ပြီးပြီဆိုရင်လည်း ထွက်သွားဖို့ ပြင်တော့"
ယခုတင် တွက်ချက်ပြီးစီးခဲ့သည်အရ သူသည် ဟင်းလင်းပြင် အက်ကြောင်း (၅) ခု၏ လျှို့ဝှက်ချက်ကို ဖော်ထုတ်နိုင်ခဲ့ပြီဖြစ်ရာ အချိန်မရွေး ပိတ်ပစ်နိုင်ပြီ ဖြစ်သည်။
"ရဲတင်းလှချည်လား"ဦးချို မွှေးပွ မျိုးနွယ်စု မဟာအကြီးအကဲသည် ထိုလက်ဟန်၏ အဓိပ္ပာယ်ကို နားမလည်သော်လည်း ယဲ့ဖုန်း၏ စကားကိုတော့ နားလည်သည်။ သူသည် အလွန်ပင် ဒေါသထွက်သွား၏။ ပြင်းထန်လှသော အရှိန်အဝါတစ်ခု ပေါက်ကွဲထွက်လာကာ ယဲ့ဖုန်းကို ဖမ်းဆွဲရန်အတွက် ဧရာမ လက်ဝါးကြီးတစ်ခုအဖြစ် ပစ်ခွင်းသွားတော့သည်။
၎င်း၏ စူးရှလှသော အရှိန်အဝါမှာ ကောင်းကင်နှင့် မြေပြင်ကို လွှမ်းခြုံသွားရာ တပည့်များမှာလည်း အေးစက်လှသော ချောက်ကမ်းပါးကြီးတစ်ခုအတွင်း ပိတ်မိနေသကဲ့သို့ ခံစားလိုက်ရကာ ခန္ဓာကိုယ်များမှာလည်း အေးစက်လာကြ၏။
"ထွက်သွားစမ်း"
ယဲ့ဖုန်းက ရှေ့သို့ တစ်လှမ်း တိုးလိုက်၏။ သူ၏ ကိုယ်တွင်းမှ သူရဲကောင်း ဝိညာဉ် စွမ်းအား များသည် နွေးထွေးသော နေရောင်ခြည်အလား ဖြာထွက်သွားလေရာ တပည့်များမှာလည်း ချက်ချင်းပင် နေသာထိုင်သာ ရှိသွားကြတော့သည်။
"ဝုန်း"
ဦးချို မွှေးပွ မျိုးနွယ်စု မဟာအကြီးအကဲ၏ ဝိညာဉ်ကိုယ်ပွားမှာ ပြန့်ကျဲသွားကာ ဟင်းလင်းပြင် အက်ကြောင်းအတွင်းသို့ ပြန်လည် တွန်းပို့ခံလိုက်ရတော့သည်။
"စောင့်နေလိုက်စမ်းပါဦး... မင်းက မူလနတ်ဘုရား အဆင့် ရှိတာပဲ
ဦးးချို မွှေးပွ မျိုးနွယ်စု မဟာအကြီးအကဲ၏ ဒေါသထွက်နေသော အသံမှာ ဟင်းလင်းပြင် အက်ကြောင်းအတွင်းမှ ထွက်ပေါ်လာသည်။ ယဲ့ဖုန်းမှာတော့ အကြောက်အလန့် မရှိပေ။ သူသည် လက်စွပ်ကို ဝှေ့ယမ်းလိုက်ကာ ဟင်းလင်းပြင် အက်ကြောင်း (၅) ခုလုံးကို ပိတ်ပစ်လိုက်တော့၏။
ထို့နောက် သူသည် လက်ညှိုးဖြင့် ညွှန်ပြလိုက်သည်။ ပြင်းထန်သည့် ရွှေရောင်အလင်းလှိုင်းကြီးတစ်ခုမှာ ဘေးပတ်ပတ်လည်သို့ ဖြာထွက်သွားကာ ထိတွေ့မိသမျှသော ဦးချိုပါ မြင်း အားလုံးကို အမြစ်ပြတ် သုတ်သင်ပစ်လိုက်၏။ ၎င်းတို့၏ အလောင်းများမှာ မြေပြင်ပေါ်တွင် ပြန့်ကျဲနေကြတော့သည်။
"ဂိုဏ်းချုပ်... ဘာလို့ ဦးချိုပါ မြင်းတွေကို အကုန်သတ်ပစ်လိုက်တာလဲ ခင်ဗျာ"လီဇီလုံက သိချင်စိတ်ဖြင့် မေးမြန်းလိုက်သည်။
"ဦးချိုပါ မြင်းတွေရဲ့ သွေးက ဟင်းလင်းပြင် အက်ကြောင်းတွေကို ဖွင့်ပေးနိုင်လို့ပဲ"ယဲ့ဖုန်းက ထိုအမှန်တရားကို ဖွင့်ဟလိုက်လေ၏။
"နားလည်ပါပြီ"
လီဇီလုံသည် ရုတ်တရက် သဘောပေါက်သွားတော့သည်။
ကျယ်ပြောလှသော ဟင်းလင်းပြင်ကြီးအတွင်းရှိ ရှေးဟောင်း ဂြိုဟ်ကြီးပေါ်၌ ဦးချို မွှေးပွ မျိုးနွယ်စု မဟာအကြီးအကဲသည် ဒေါသအမျက် ချောင်းချောင်းထွက်နေတော့သည်။
၎င်းထံမှ မိစ္ဆာစွမ်းအားလှိုင်းကြီးတစ်ခု ပေါက်ကွဲထွက်လာကာ ထိုနယ်မြေတစ်ခုလုံးကို လွှမ်းခြုံသွားသဖြင့် မိစ္ဆာမျိုးနွယ်ဝင် အမြောက်အမြားမှာ ဆွံ့အသွားကြရလေ၏။
---
အခန်း (၅၃၃) - ယဲ့ဖုန်း၏ တွက်ချက်မှုနှင့် ကြယ်တာရာ ဟင်းလင်းပြင်ခရီးစဉ်၏ မျှော်လင့်ချက်များ
~ထိုရှေးဟောင်းဂြိုဟ်ကြီးပေါ်၌...
မိစ္ဆာမျိုးနွယ်ဝင် အားလုံးမှာ ထိတ်လန့်တုန်လှုပ်နေကြသည်။ အကြောင်းမူကား ထိုဂြိုဟ်ပေါ်ရှိ တစ်ဦးတည်းသော နတ်ဆိုး ဧကရာဇ်ကြီးမှာ အမျက်ဒေါသ ချောင်းချောင်းထွက်နေသောကြောင့်ပင် ဖြစ်၏။
မြေပြင်ပေါ်တွင် ဝပ်စင်းနေကြသော မိစ္ဆာမျိုးနွယ်ဝင် အမြောက်အမြားမှာ ဦးချို မွှေးပွ မျိုးနွယ်စု မဟာအကြီးအကဲ၏ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာသော ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါများကို ခံစားနေရသည်။ မူလနတ်ဘုရား အဆင့်တွင် ရှိကြသော မိစ္ဆာဘုရင်များပင်လျှင် မဟာအကြီးအကဲ၏ ဒေါသကို မဆွမိစေရန်အတွက် မိမိတို့၏ အရှိန်အဝါများကို အစွမ်းကုန် ဖုံးကွယ်ထားကြရ၏။
"ဦးချို မွှေးပွ မျိုးနွယ်စု မဟာအကြီးအကဲ... မင်း ဘာလို့ ဒီလောက်တောင် အမျက်ထွက်နေရတာလဲ...”
ကောင်းကင်ယံထက်မှ နက်နဲဆန်းကြယ်လှသော အသံကြီးတစ်ခု ထွက်ပေါ်လာသည်။
မိစ္ဆာမျိုးနွယ်ဝင် အမြောက်အမြား၏ အံ့အားသင့်နေသော အကြည့်များအောက်တွင် ဧရာမ သစ်ပင်ကြီးတစ်ပင်မှာ ကောင်းကင်ယံထက်၌ ပျံဝဲကာ ရောက်ရှိလာ၏။ ထိုသစ်ပင်ကြီး၏ အထက်တွင်မူ ခန့်ညားထည်ဝါလှသော လူရိပ်အချို့ မတ်တတ်ရပ်နေကြသည်။
"သစ်ပင်နတ်ဆိုး ဘိုးဘေး... မင်း ဒီကို ဘာကိစ္စနဲ့ လာတာလဲ...”
ဦးချို မွှေးပွ မျိုးနွယ်စု မဟာအကြီးအကဲက ခေါင်းမော့ကြည့်ကာ မကျေမနပ် လေသံဖြင့် မေးမြန်းလိုက်၏။
"ငါ လာတာကတော့... ပူးပေါင်းဆောင်ရွက်ဖို့ ကိစ္စ ဆွေးနွေးချင်လို့ပေါ့...”
သစ်ပင်နတ်ဆိုး ဘိုးဘေးက လက်နှစ်ဖက်ကို နောက်ပစ်လျက် ယုတ်မာသော အပြုံးဖြင့် ပြောလာသည်။
"ပူးပေါင်းမယ်...”
"မှန်တယ်...”
"ဘာကိစ္စလဲ...”
"ရှန်ကျိုးတိုက်ကြီးကို ကျူးကျော်ဖို့ပဲ... ပြီးတော့ ဂိုဏ်းချုပ် တစ်ယောက်ကို အတူတူ နှိမ်နင်းကြတာပေါ့... ဒါပေမဲ့ အဲဒီလူကို သတ်တဲ့အခါမှာတော့ ငါ ကိုယ်တိုင် လက်စဖျောက်ချင်တယ်...”
"အဲဒီလူရဲ့ ကျင့်ကြံခြင်း အဆင့်က ဘယ်လောက်လဲ...”
"တစ်ချိန်ကတော့ ဟင်းလင်းပြင် ဖြိုခွဲ အဆင့် တစ်ပိုင်းအထိ ရောက်ခဲ့ဖူးတယ်... အခုတော့ သူ့ရဲ့ ကျင့်ကြံခြင်းက ပျက်စီးသွားပြီလေ... ကြည့်ရတာ သူ သေတောင် သေနေလောက်ပြီ ထင်တယ်...”
"အင်း... သဘောတူတယ်...”
ရှေးဟောင်း တန်ခိုးရှင်ကြီး နှစ်ဦးမှာ အချိန်တိုအတွင်း၌ပင် သဘောတူညီမှု ရရှိသွားကြပြီး ပိုမိုအသေးစိတ်ကျသော အစီအစဉ်များကို စတင်ရေးဆွဲကြတော့သည်။
...
ယဲ့ဖုန်းမှာတော့ ထိုရှေးဟောင်း တန်ခိုးရှင်ကြီး နှစ်ဦးမှာ တစ်ဦးနှင့်တစ်ဦး သိကျွမ်းနေကြသည်ကို မသိရှိပေ။
ဤအချိန်တွင် တပည့်များမှာ စစ်မြေပြင် အဆင့် (၁) ၌ ဆက်လက် ကျင့်ကြံရန်အတွက် လူစုခွဲသွားကြပြီ ဖြစ်၏။ လီဇီလုံမှာတော့ နားနေဆောင်ကို စောင့်ကြပ်နေ၏။ အခြားသူများမှာလည်း မိမိတို့၏ အလုပ်များဖြင့် အလုပ်ရှုပ်နေကြသည်။
ယဲ့ဖုန်းသည် ဦးချိုပါ မြင်းမျိုးနွယ်စုများ နေထိုင်ရာ လွင်ပြင်ကျယ်ကြီးထဲတွင် တစ်ဦးတည်း ရှိနေ၏။
ယခုအခါ ၊ သူသည် လက်ကို ဆန့်ထုတ်လိုက်ရာ လက်ဖဝါးပေါ်တွင် ရှုပ်ထွေးလှသော သင်္ကေတများ စီးဆင်းလာသည်ကို တွေ့မြင်ရ၏။
ဟင်းလင်းပြင် အက်ကြောင်းများကို ပိတ်ပစ်ခဲ့စဉ်က သူသည် လှည့်ကွက်တစ်ခုကို ချန်ထားခဲ့ခြင်းပင် ဖြစ်သည်။ သူသည် ဤနယ်မြေအတွင်း ရှိနေသရွေ့ အချိန်မရွေး ထိုအထူး ဝင်္ကပါပုံစံများကို ပြန်လည် စုစည်းနိုင်ပြီး ဦးချို မွှေးပွ မျိုးနွယ်စု၏ နယ်မြေ တည်နေရာကို ရှာဖွေကာ အက်ကြောင်းအသစ်တစ်ခုကို ပြန်ဖွင့်နိုင်၏။
ထိုအခါကျမှသာ ဦးချို မွှေးပွ မျိုးနွယ်စုကို ပြန်လည် လက်စားချေရန် သူ၏ အလှည့် ရောက်လာပေလိမ့်မည်။
စင်စစ်အားဖြင့် လက်စားမချေမီမှာ သူသည် ‘သန့်ရှင်းသော နတ်ဘုရား ပုံစံ’ ၏ စွမ်းအားကို အရင်ဆုံး စမ်းသပ်ရပေမည်။ သို့မဟုတ်ပါက ဟင်းလင်းပြင် အက်ကြောင်းကို ဖွင့်လှစ်ခြင်းမှာ မိမိကိုယ်ကိုယ် ရန်သူ့လက်ထဲ အပ်လိုက်သကဲ့သို့ ဖြစ်သွားနိုင်သည်။
"ပြန်သိမ်းစမ်း...”
ယဲ့ဖုန်း၏ လက်မောင်းမှာ တုန်ခါသွားကာ သင်္ကေတများ အားလုံး ပျောက်ကွယ်သွားတော့၏။
သူသည် စစ်မြေပြင် အဆင့် (၆) သို့ ပြန်သွားကာ ယခုတင် ဖမ်းဆီးရမိထားသော အထွတ်အထိပ် မိစ္ဆာဘုရင် အဆင့်ရှိ သားရဲ (၅) ကောင်ကို ခေါ်ဆောင်လျက် ဘေးပတ်ဝန်းကျင်ကို ဆက်လက် ရှင်းလင်းကာ သူ၏ ခွန်အားကို မြှင့်တင်ရန်အတွက် သားရဲများကို ထပ်မံ ဖမ်းဆီးနေ၏။
(၃) ရက် ကြာပြီးနောက်...
ယဲ့ဖုန်းသည် စစ်မြေပြင် အဆင့် (၆) ၏ အထက် မိုင်ပေါင်း (၁၀,၀၀၀) အကွာ၌ ပျံဝဲနေ၏။ သူ၏ ဘေးပတ်ပတ်လည်တွင်တော့ မိစ္ဆာဘုရင် အဆင့်ရှိ သားရဲ (၁၅) ကောင် ဝန်းရံလျက် ရှိနေ၏။ လျှို့ဝှက်ဆန်းကြယ်လိပ်ကြီး၊ အစင်းပါမြွေ၊ ပျံသန်းနေသော ကောင်းကင်စာကလေး... စသည်တို့ ဖြစ်ကြသည်။
အစ်ကိုကြီး ခေါင်းပြားနှင့် အခြားသော တောင်စောင့် ဝိညာဉ်သားရဲများကိုပါ ထည့်သွင်း ရေတွက်မည်ဆိုလျှင် နတ်ဆိုးသားရဲဆောင် အတွင်းရှိ ဝိညာဉ်သားရဲ စုစုပေါင်း အရေအတွက်မှာ (၇၀) အထိ ရှိလာခဲ့ပြီ ဖြစ်ရာ ၎င်းမှာ မကြုံစဖူး ထူးကဲလှသော အင်အားစုကြီး တစ်ခုပင် ဖြစ်တော့သည်။
ယဲ့ဖုန်းသည် သားရဲသစ်များကို ထပ်မံ မဖမ်းဆီးတော့ပေ။
'ငါ စစ်မြေပြင် အဆင့် (၇) ဒါမှမဟုတ် အဲဒီထက် မြင့်တဲ့ နေရာကို သွားပြီး နတ်ဆိုး ဧကရာဇ် အဆင့်ရှိတဲ့ သားရဲတွေကို တိုက်ရိုက် ဖမ်းရမယ်... အဲဒီလို သားရဲ တစ်ကောင်က တခြားသားရဲ ဆယ်ကောင်ထက် ပိုတန်ဖိုးရှိတယ်... အဲဒါက ပိုကောင်းလိမ့်မယ်...' ယဲ့ဖုန်းသည် တွက်ချက်လိုက်မိ၏။
အဆင့်နိမ့် နတ်ဆိုးသားရဲများကို ဖမ်းဆီးကာ ကျင့်ကြံခြင်းဖြင့် ၎င်းတို့၏ ခွန်အားကို မြှင့်တင်ပေးရန် ဖြစ်နိုင်သော်လည်း ၎င်းမှာ အလွန်ပင် နှေးကွေးလှသည်။ ပင်ပန်းကြီးစွာ ကျင့်ကြံအားထုတ်နေရမည့်အစား အဆင်သင့်ရှိပြီးသား နတ်ဆိုး ဧကရာဇ် တစ်ကောင်ကို ဖမ်းဆီးလိုက်ခြင်းက ပို၍ ကောင်းမွန်ပေလိမ့်မည်။
ဤသို့ တွေးတောရင်းဖြင့် ယဲ့ဖုန်းသည် အပြင်လောကသို့ ခရီးထွက်ရန် လိုအပ်ကြောင်း ခံစားမိလိုက်၏။
ဥပမာအားဖြင့် မိစ္ဆာမျိုးနွယ်ဝင် အစွမ်းထက် နတ်ဆိုးသားရဲများ အုပ်စုလိုက် နေထိုင်ရာ နေရာတစ်ခုသို့ သွားရောက်ကာ အစွမ်းထက်လှသော နတ်ဆိုးသားရဲများကို ဖမ်းဆီးရန် ကြိုးစားခြင်းမျိုးပင်။ သို့မဟုတ်လျှင်လည်း မြူခိုးဂိုဏ်း အတွင်းသို့ အစွမ်းထက် ပုဂ္ဂိုလ်များကို စည်းရုံး သိမ်းသွင်းခြင်းမျိုး ဖြစ်သည်။
"လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော်က ကြယ် (၄) ပွင့် အဆင့် အင်အားစုအဖြစ် တိုးတက်သွားပြီဆိုတော့ ကျောင်းယန် သန့်စင်သော မြို့တော် ကို သွားနိုင်တဲ့ ဧရာမ နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါကြီး တစ်ခု ရှိနေပြီပဲ... ငါ ကျောင်းယန် သန့်စင်သော မြို့တော်ကို သွားပြီး အစွမ်းထက်တဲ့ နတ်ဆိုးသားရဲတွေ ဘယ်မှာ ရှိနိုင်မလဲဆိုတာ စုံစမ်းရမယ်... ပြီးမှ ငါ့ရဲ့ နောက်ထပ် သွားမယ့်နေရာကို ဆုံးဖြတ်ရမှာပေါ့...” ဟု ယဲ့ဖုန်းက သူ၏ အစီအစဉ်ကို ချမှတ်လိုက်၏။
ထို့နောက် သူသည် လှည့်ကြည့်လိုက်ကာ အနက်ရောင် မြူခိုးများ ဖုံးလွှမ်းနေသော ကြယ်တာရာ ဟင်းလင်းပြင် ကောင်းကင်ဆီသို့ ပျံသန်းသွားတော့၏။
မိုင်ပေါင်း (၁၀,၀၀၀) ခန့် အကွာအဝေးတွင်...
ယဲ့ဖုန်းနှင့် သူနှင့်အတူ ပါလာသော အထွတ်အထိပ် မိစ္ဆာဘုရင် (၁၅) ကောင်မှာ ဟင်းလင်းပြင်ထဲသို့ ရောက်ရှိနေကြပြီ ဖြစ်ရာ ၎င်းတို့၏ ခန္ဓာကိုယ်များမှာ ဆီးနှင်းများဖြင့် ဖုံးလွှမ်းနေပြီး အသက်ရှူရန် မဖြစ်နိုင်တော့ပေ။ သို့သော် မိစ္ဆာဘုရင် အဆင့်၌ ၎င်းတို့သည် ခန္ဓာကိုယ်တွင်း လည်ပတ်မှုကို ထိန်းသိမ်းနိုင်သဖြင့် အသက်မရှူဘဲ (၁၀) နှစ်ခန့် နေလျှင်ပင် မည်သည့် ထိခိုက်မှုမျှ ရှိလိမ့်မည် မဟုတ်ပေ။
မိစ္ဆာဘုရင် တစ်ကောင်ချင်းစီသည် ပြင်းထန်သော မိစ္ဆာစွမ်းအားများကို ထုတ်လွှတ်လိုက်ကြကာ ဆီးနှင်းများကို ခါချပစ်လိုက်ကြပြီး ယဲ့ဖုန်းကို ဗဟိုချက်၌ ထားရှိကာ ကာကွယ်ရေး ဒိုင်းများ ဖန်တီးပေးထားကြ၏။
"နောက်ဆုံးတော့ ငါတို့ ဟင်းလင်းပြင်ထဲကို ရောက်လာခဲ့ပြီပဲ...” ယဲ့ဖုန်းက တွေးတောလိုက်မိသည်။
သူ၏ လက်ရှိ ကိုယ်ခန္ဓာ ကြံ့ခိုင်မှုဖြင့်ဆိုလျှင် ဟင်းလင်းပြင်ထဲတွင် ရှိနေလျှင်ပင် မည်သည့် အန္တရာယ်မှ ကြုံတွေ့ရလိမ့်မည် မဟုတ်ပေ။
သူသည် လျှို့ဝှက်ဆန်းကြယ်လိပ်ကြီး၏ ကျောပေါ်တွင် ရပ်လျက် ရှေ့မှ မြူခိုးများကို ကြည့်လိုက်၏။ ယခင်က သူတို့သည် ထိုမြူခိုးများကို ဖြတ်ကျော်ရန် ကြိုးစားခဲ့ဖူးသည်။ သို့သော် ပြင်းထန်သော တွန်းကန်အားတစ်ခုမှာ အတွင်းဘက်မှနေ၍ ရုတ်တရက် ပေါက်ကွဲထွက်လာသဖြင့် ရှေ့သို့ တစ်လှမ်း တိုးရန်ပင် ခက်ခဲစေခဲ့သည်။ ယဲ့ဖုန်းက ၎င်းမှာ စစ်မြေပြင် အဆင့် (၆) ၏ ကာကွယ်ရေး ကန့်သတ်ချက် ဖြစ်ကြောင်း သိရှိထားသည်။ သူတော်စင် အဆင့်အောက်တွင် ရှိသူ မည်သူမျှ ၎င်းကို မဖြိုခွဲနိုင်ပေ။
"နောက်ဆုံးတော့ ငါ ကြယ်တာရာ ဟင်းလင်းပြင်နဲ့ ကနဦး ထိတွေ့မှု ရခဲ့ပြီပဲ... ငါ တစ်ချိန်က ကြယ်တာရာ ဟင်းလင်းပြင်ကို ဖြတ်သန်းသွားလာဖို့ အိပ်မက်မက်ခဲ့ဖူးတယ်... အခုတော့ ငါ့ရဲ့ ခွန်အားတွေ တိုးတက်လာတာနဲ့အမျှ ဒါက အိပ်မက်တစ်ခု မဟုတ်တော့ဘဲ လက်တွေ့ အကောင်အထည်ဖော်နိုင်မယ့် အစီအစဉ်တစ်ခု ဖြစ်လာပြီပေါ့...”
ယဲ့ဖုန်းသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်၏။
သူ၏ စွမ်းအားများ အနည်းငယ် ပိုမို တိုးတက်လာသည်နှင့် တပြိုင်နက် ကြယ်တာရာ ဟင်းလင်းပြင်ထဲသို့ သွားရောက်ရန် ကြိုးစားမည်ဖြစ်ပြီး သစ်ပင်နတ်ဆိုး ဘိုးဘေး၏ ကမ္ဘာငယ်လေးကို ပြန်လည် တိုက်ခိုက်ကာ ဦးချို မွှေးပွ မျိုးနွယ်စုကိုလည်း အမြစ်ပြတ် သုတ်သင်ပစ်မည်ဟု သူ ဆုံးဖြတ်လိုက်သည်။
"ဘုန်း…”
တစ်နာရီ ကြာပြီးနောက်...
ယဲ့ဖုန်းသည် အထွတ်အထိပ် မိစ္ဆာဘုရင် အဆင့်ရှိ ဝိညာဉ်သားရဲ (၁၅) ကောင်နှင့်အတူ မြူခိုးဂိုဏ်းသို့ ပြန်လည် ရောက်ရှိလာခဲ့ပြီး ၎င်းတို့ကို ဝိညာဉ်သားရဲ စင်မြင့်ပေါ်တွင် နေရာချထားပေးလိုက်၏။
ဧရာမ လျှို့ဝှက်ဆန်းကြယ်လိပ်ကြီးမှာ ကောင်းကင်ယံ မြင့်မားသော နေရာ၌ ပျံဝဲနေကာ မြောက်ပိုင်း မဟာမိတ် နတ်ဘုရား တောင်ထိပ် (၇) လုံးနှင့် တစ်တန်းတည်း ရှိနေသည်။ အဝေးမှ ကြည့်မည်ဆိုလျှင် ပျံဝဲနေသော တောင်ထိပ်အသစ် တစ်ခု ပေါ်ထွက်လာသကဲ့သို့ပင် ဖြစ်၏။
"ဟုတ်ပြီ..”
ယဲ့ဖုန်းသည် လျှို့ဝှက်ဆန်းကြယ်လိပ်ကြီးကို ကြည့်ကာ သူ၏ မျက်ဝန်းများ ဝင်းလက်သွားကသည်။
"ဒီကောင်ရဲ့ ကာကွယ်ရေးကတော့ အံ့သြစရာပဲ... သူ့ရဲ့ ကျင့်ကြံခြင်း အဆင့် တိုးလာတာနဲ့အမျှ သူ့ရဲ့ အရွယ်အစားကလည်း ပိုပြီး ကြီးမားလာဦးမှာပဲ... အဲဒီအခါကျရင် သူ့ရဲ့ ကျောပေါ်မှာ ကောင်းကင်ယံ မြို့တော် အသစ်တစ်ခု တည်ဆောက်နိုင်မှာပေါ့..”
ယဲ့ဖုန်းသည် ဤအစီအစဉ်ကို အလွန်ပင် မျှော်လင့်နေ၏။ တစ်နေ့တွင်... အကယ်၍ လျှို့ဝှက်ဆန်းကြယ်လိပ်ကြီးသာ နတ်ဆိုး ဧကရာဇ် အဆင့်သို့ တက်လှမ်းနိုင်ခဲ့လျှင် သူ၏ ခန္ဓာကိုယ်မှာ အလွန်အမင်း ကြီးမားလာမည် ဖြစ်ရာ သူ၏ ကျောပေါ်တွင် မြို့ကြီးတစ်မြို့ တည်ဆောက်နိုင်ရုံသာမက ဂိုဏ်း၏ လက်ခွဲတစ်ခုကိုပင် တည်ထောင်နိုင်ပေလိမ့်မည်။
မည်သည့်နေရာကို သွားချင်သည် ဖြစ်စေ၊ တစ်ချက် အော်လိုက်ရုံဖြင့် လျှို့ဝှက်ဆန်းကြယ်လိပ်ကြီးက ထိုနေရာသို့ ဦးတည်သွားမည် ဖြစ်ရာ အလွန်ပင် အဆင်ပြေလှသည်။
"ဒါနဲ့... ဂိုဏ်းက ကြယ် (၂) ပွင့် အဆင့်ကို တိုးတက်သွားတာ ကြာပြီပဲ... ဘာလို့ တာဝန်သစ်တွေ မပေါ်လာသေးတာလဲ...”
ယဲ့ဖုန်းက ဤအချက်ကို သတိထားမိလိုက်ကာ စနစ်ကို ချက်ချင်းပင် မေးမြန်းလိုက်၏။
(တီ..တီ... ဖြစ်တည်မှုဆိုင်ရာ အခြေအနေများ မပြည့်စုံသေးပါ။) စနစ်က အချက်ပေးလိုက်၏။
ဤသို့ ကြားလိုက်ရသောအခါ ယဲ့ဖုန်းသည် နှုတ်ခမ်းကို မဲ့လိုက်မိ၏။
သူသည် မြူခိုးတောင်ထိပ်၏ အထက်ရှိ နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါပေါ်တွင် ရပ်လိုက်ကာ ဟူဖေးဖေးနှင့်အတူ မင်းနေပြည်တော်သို့ နေရာရွှေ့ပြောင်း သွားလိုက်တော့သည်။
တိတ်ဆိတ်လှသော ရင်ပြင်တစ်ခုအတွင်း၌...
"အို... မိတ်ဆွေလေး ယဲ့... ဘာကိစ္စများ ရှိလို့ ဒီကို ရောက်လာတာလဲ...”
လင်မြောင် ဘိုးဘေးသည် ပျံဝဲနေသော ကော်ဇောပေါ်တွင် ထိုင်နေပြီး ကျင်းလင်း ဘိုးဘေး၏ ဝိညာဉ်ကိုယ်ပွားနှင့် တစ်မီတာခန့် အကွာ၌ ရှိနေ၏။ ၎င်းတို့ ကြားတွင်တော့ လက်ဖက်ရည် ဝိုင်းတစ်ခု ရှိနေသည်။ နတ်ဆိုးဘုရား ပန်းပွင့်မှာလည်း လေထဲတွင် ပျံဝဲလျက် ဖြည်းညှင်းစွာ လည်ပတ်နေ၏။
ထိုမြင်ကွင်းကို တစ်ချက် ကြည့်ပြီးနောက် ယဲ့ဖုန်းက လက်သီးဆုပ်လျက် နှုတ်ဆက်လိုက်၏။
"ကျွန်တော် ကျောင်းယန် သန့်စင်သော မြို့တော် ကို ခရီးထွက်ဖို့ ပြင်နေတာပါ...”
ထို့နောက် သူသည် ဝိညာဉ်သားရဲများကို သိမ်းသွင်းမည့် အစီအစဉ်ကို မျှဝေလိုက်၏။
"မိတ်ဆွေလေး ယဲ့... မင်းက ကျင့်ကြံခြင်း အဆင့်တွေ ဆုံးရှုံးသွားပြီးတော့ မင်းရဲ့ ခွန်အားတွေလည်း သိသိသာသာ လျော့နည်းသွားပြီပဲ... ဂိုဏ်းရဲ့ တံခါးကို စောင့်ကြပ်ဖို့အတွက် အစွမ်းထက်တဲ့ ဝိညာဉ်သားရဲတွေကို စည်းရုံးဖို့ လိုတာပေါ့... ဒါပေမဲ့ မင်းရဲ့ ခွန်အားတွေ ကျဆင်းနေတာကြောင့် သူတို့ကို သိမ်းသွင်းဖို့က ပိုပြီး ခက်ခဲလိမ့်မယ်နော်...” လင်မြောင် ဘိုးဘေးက သတိပေးလိုက်သည်။
ခိုင်မာသော ခွန်အား မရှိဘဲနှင့် ဝိညာဉ်သားရဲများကို သိမ်းသွင်းရန်မှာ အလွန်ပင် ခက်ခဲလှ၏။
"ဘာမှ မဖြစ်ပါဘူး... ကျွန်တော့်ရဲ့ ခွန်အားတွေ လျော့နည်းသွားတယ် ဆိုပေမဲ့ ကျွန်တော့်မှာ မင်းသမီးလေး ရှိနေသေးတာပဲ... ပြီးတော့ ကြက်သွေးရောင် လှံရှည် လည်း ရှိသေးတယ်လေ...”
ယဲ့ဖုန်းက သူ၏ လက်စွပ်ကို ဝှေ့ယမ်းလိုက်ရာ ကြက်သွေးရောင် လှံရှည် ပေါ်ထွက်လာသည်။
"ချွင်…”
ကြက်သွေးရောင် လှံရှည်ထံမှ ပြင်းထန်လှသော အရှိန်အဝါတစ်ခု ချက်ချင်း ပေါက်ကွဲထွက်လာရာ ဘိုးဘေးကြီး နှစ်ဦးပင်လျှင် အံ့အားသင့်သွားကြ၏။
"အို.. ကြက်သွေးရောင် လှံရှည် ကို ပြန်လည် သွန်းလုပ်ထားတာပဲ... သူ့ရဲ့ လက်နက်ဝိညာဉ်ကလည်း ပိုပြီး သန်မာလာတယ်... ဘယ်သူမှ မကိုင်ထားရင်တောင်မှ မူလနတ်ဘုရား အဆင့် (၇) ဆင့်ရဲ့ စွမ်းအားကို ထုတ်ဖော်နိုင်တာပဲ...” ကျင်းလင်း ဘိုးဘေး၏ ဝိညာဉ်ကိုယ်ပွားက အံ့အားသင့်စွာ ပြောလိုက်သည်။
သူ၏ ‘ကောင်းကင်မျက်လုံး’ က သူ့ကို ထူးကဲလှသော အမြင်အာရုံများကို ပေးစွမ်းထားသည်။
"ကျွန်တော်က တွက်ချက်ခြင်း ပိုင်းမှာ ထူးချွန်ပြီးတော့ ဝင်္ကပါ ပိုင်းမှာလည်း အတော်လေး ကျွမ်းကျင်တယ်လေ... အဲဒါကြောင့် အားလပ်နေတဲ့ အချိန်မှာ ကြက်သွေးရောင် လှံရှည် ကို နည်းနည်း ပြုပြင်မွမ်းမံလိုက်တာပါ...” ယဲ့ဖုန်းက ခပ်ပြုံးပြုံးဖြင့် ပြောလိုက်၏။
ဤသို့ ကြားလိုက်ရသောအခါ ဘိုးဘေးကြီး နှစ်ဦးလုံးမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြကာ နှုတ်ခမ်းများ တုန်ခါသွားကြပြီး ယဲ့ဖုန်း၏ မြင့်မားလှသော ဝင်္ကပါ ကျွမ်းကျင်မှုကို စိတ်ထဲမှနေ၍ တိတ်တဆိတ် မှတ်သားလိုက်ကြတော့သည်။ ကြက်သွေးရောင် လှံရှည် ၏ စွမ်းအားကို အလွယ်တကူ ပြုပြင်ပြီး သိသိသာသာ မြှင့်တင်ပေးနိုင်ခြင်းမှာ...
'ဒီကောင်က တကယ့်ကို ရှားပါးတဲ့ ပါရမီရှင်ပဲ..'
ဘိုးဘေးကြီး နှစ်ဦးလုံး စိတ်ထဲမှ နေ၍ မချီးကျူးဘဲ မနေနိုင်ကြတော့ပေ။
ဘိုးဘေးကြီး နှစ်ဦးလုံး ဆွံ့အသွားသည်ကို မြင်လိုက်ရသောအခါ ယဲ့ဖုန်းက
"မိတ်ဆွေတို့... ကြက်သွေးရောင် လှံရှည် နဲ့ အစောင့်အရှောက် မင်းသမီးလေး ကျွန်တော့်ဘေးမှာ ရှိနေသရွေ့တော့ ဒီခရီးစဉ်က ပြဿနာရှိမှာ မဟုတ်ဘူးလို့ ကျွန်တော် ယုံကြည်ပါတယ်...”
"မှန်ပါတယ်... ပြဿနာရှိမှာ မဟုတ်ပါဘူး...”
သူတို့ နှစ်ဦးလုံးက သဘောတူညီစွာဖြင့် ခေါင်းညိတ်လိုက်ကြ၏။
"မိတ်ဆွေလေး ယဲ့ ခရီးထွက်ဖို့ ဆုံးဖြတ်ပြီးပြီဆိုမှတော့ ဒီမြေပုံကို ယူသွားလိုက်ပါ... ဒါက ရှန်ကျိုးတိုက်ကြီး တစ်ခုလုံးရဲ့ အခြေအနေအရပ်ရပ်ကို မှတ်တမ်းတင်ထားတာပါ...” ကျင်းလင်း ဘိုးဘေး၏ ဝိညာဉ်ကိုယ်ပွားက ကျောက်စိမ်းပြား တစ်ခုကို ထုတ်ပေးလိုက်၏။
အကယ်၍ သေသေချာချာ ကြည့်ရှုမည်ဆိုလျှင် ထိုကျောက်စိမ်းပြားပေါ်၌ ထူးဆန်းသော လိုင်းများ ထွင်းထုထားသည်ကို တွေ့မြင်ရမည် ဖြစ်ရာ ၎င်းမှာ ကမ္ဘာကြီး၏ သုံးဖက်မြင် မြေပုံတစ်ခုပင် ဖြစ်တော့သည်။ တောင်တန်းများ၊ မြစ်ချောင်းများ၊ အိုင်များ၊ ပင်လယ်များ၊ အဓိက အင်အားစုများ၏ အမှတ်အသားများ၊ တားမြစ်နယ်မြေများ... ပါဝင်သောအရာများမှာ အလွန်ပင် အသေးစိတ်ကျလှသဖြင့် တကယ့်ကို တန်ဖိုးရှိလှသော ရတနာတစ်ခုပင် ဖြစ်၏။
"ရှန်ကျိုးတိုက်ကြီးရဲ့ မြေပုံပဲ..”
ယဲ့ဖုန်းသည် ကျောက်စိမ်းပြားကို လက်ခံလိုက်ရာ သူ၏ မျက်နှာမှာ ဝမ်းသာအားရ ဖြစ်သွားတော့သည်။ သူ၏ အတွက်တော့ ဤမြေပုံမှာ အလွန်ပင် အရေးပါလှသည်။ ဤမြေပုံရှိနေခြင်းဖြင့် သူသည် ရှန်ကျိုးတိုက်ကြီး တစ်ခုလုံး၏ အခင်းအကျင်းကို သေသေချာချာ နားလည်နိုင်မည် ဖြစ်ပြီး ဝိညာဉ်သားရဲများကို ဖမ်းဆီးရန်အတွက် သင့်တော်သော နေရာများကို ရှာဖွေနိုင်ပေလိမ့်မည်။
---
အခန်း (၅၃၄) - ရှန်ကျိုးတိုက်ကြီး၏ မြေပုံနှင့် အဓိက အင်အားစုများ၏ အခင်းအကျင်း
~ကျင်းလင်း ဘိုးဘေး၏ ဝိညာဉ်ကိုယ်ပွားသည် သူ၏ ရှည်လျားလှသော မုတ်ဆိတ်ကို ပွတ်သပ်လိုက်ကာ ပြောလိုက်၏။
"ဒီမြေပုံက တော်တော်လေး အသေးစိတ်ကျတယ်... ဒါကို ဝယ်ဖို့အတွက် ငါ အဆင့်မြင့်ဆုံး ဝိညာဉ်ကျောက်တုံး တစ်တုံးတောင် ပေးခဲ့ရတာ"
"အဲဒီလောက်တောင် တန်ဖိုးကြီးတာလား"
ယဲ့ဖုန်း၏ မျက်ခုံးများ ပင့်တက်သွားသည်။
သူသည် မြေပုံကို သိမ်းဆည်းလိုက်ပြီး ကျင်းလင်း ဘိုးဘေးကို လက်နှစ်ဖက် ဆုပ်လျက် ပြောလိုက်၏။
"ဒါအတွက်တော့ တာအို မိတ်ဆွေ ကျင်းလင်းကို ကျေးဇူးတင်ရမှာပဲ"
"ကျေးဇူးတင်စရာ မလိုပါဘူး"ကျင်းလင်း ဘိုးဘေး၏ ဝိညာဉ်ကိုယ်ပွားက လက်ကို ဝှေ့ယမ်းလျက် ဆိုလိုက်သည်။
"ဒါနဲ့ မိတ်ဆွေလေး ယဲ့... ဒီမြေပုံကို နောက်ဆုံး အဆင့်မြှင့်ထားတာက လွန်ခဲ့တဲ့ နှစ်ပေါင်း (၁၀၀) ကပေါ့... အမှတ်အသား အချို့ကတော့ နည်းနည်း ဟောင်းနေနိုင်ပေမဲ့ ယေဘုယျအားဖြင့်တော့ သိပ်ပြီး အပြောင်းအလဲ မရှိပါဘူး... ဒါကြောင့် မင်းအတွက် ရည်ညွှန်းစရာအနေနဲ့ သုံးလို့ ရပါသေးတယ်"ကျင်းလင်း ဘိုးဘေး၏ ဝိညာဉ်ကိုယ်ပွားက ထပ်လောင်း ပြောကြားလိုက်၏။
"ကောင်းပါပြီ"
ယဲ့ဖုန်းက ခေါင်းညိတ်ပြလိုက်သည်။
သူတို့ (၃) ဦးသည် ပေါ့ပေါ့ပါးပါးပင် ဆက်လက် စကားပြောဆိုနေကြ၏။
ထိုအတောအတွင်း ကျင်းလင်း ဘိုးဘေး၏ ဝိညာဉ်ကိုယ်ပွားနှင့် လင်မြောင် ဘိုးဘေးတို့သည် ဟင်းလင်းပြင် ကျောက်စိမ်းခန္ဓာကိုယ် ကျင့်စဉ် နှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို အခွင့်ကောင်းယူကာ မေးမြန်းကြသည်။ ယဲ့ဖုန်းသည်လည်း သူ သိထားသမျှကို ဖုံးကွယ်ထားခြင်း မရှိဘဲ စိတ်အားထက်သန်စွာဖြင့် ရှင်းပြပေးလိုက်၏။
နာရီဝက်ခန့် ကြာပြီးနောက်...
မြူခိုးတောင်ထိပ်၏ အထက်ပိုင်း၌...
ယဲ့ဖုန်းသည် ကျောက်စိမ်းမြေပုံကို လက်ထဲတွင် ကိုင်ထားသည်။ သူ၏ ဝိညာဉ်အာရုံမှာ မြေပုံအတွင်းသို့ တိုးဝင်သွားရာ ၎င်းမှာ သီးခြား ဟင်းလင်းပြင် နယ်ပယ်တစ်ခုအတွင်းသို့ ဝင်ရောက်သွားသကဲ့သို့ပင် ဖြစ်ပြီး ကျယ်ပြောလှပလှသော ကမ္ဘာကြီးတစ်ခုကို မြင်တွေ့လိုက်ရတော့၏။
တောင်တန်းများ၊ မြစ်ချောင်းများနှင့် အိုင်များမှာ သဘာဝအတိုင်း ဖြစ်တည်နေကြသည်။ ၎င်းမှာ တကယ့် ကမ္ဘာစစ်စစ်တစ်ခုအလား ထင်မှတ်ရ၏။
ရှန်ကျိုးတိုက်ကြီးအတွက်မူ နှစ်ပေါင်း (၁၀၀) ဆိုသည်မှာ မျက်တောင်တစ်ခတ်စာမျှသာ ရှိသည်။ အထူးသဖြင့် မြင့်မြတ်သော နယ်မြေများစွာနှင့် ကြယ် (၅) ပွင့် အဆင့်၊ ကြယ် (၄) ပွင့် အဆင့် အင်အားစုများအတွက်မူ ရာစုနှစ်တစ်ခုအတွင်း ၎င်းတို့၏ ဩဇာလွှမ်းမိုးမှုမှာ များစွာ ပြောင်းလဲခြင်း မရှိပေ။
စင်စစ်အားဖြင့် နှစ်ပေါင်း (၁၀၀) အတွင်းမှာ ပျက်စီးသွားသော သို့မဟုတ် နေရာပြောင်းရွှေ့သွားသော နိုင်ငံငယ်လေးများနှင့် အင်အားစုငယ်လေးများတော့ ရှိနိုင်သည်။ သို့သော်လည်း ထိုသို့သော ဖြစ်ရပ်မျိုးမှာ အတော်လေး ရှားပါးလှ၏။
နှစ်ပေါင်း (၁၀၀) တိုင်းမှာ ရှန်ကျိုးတိုက်ကြီး၏ မြေပုံကို ဖန်တီးသော ဆန်းကြယ်သည့် အင်အားစုသည် နောက်ဆုံးရ သတင်းများအပေါ် အခြေခံ၍ မြေပုံကို အဆင့်မြှင့်တင်လေ့ရှိရာ ၎င်းမှာ ခေတ်မီပြီး အကျိုးသက်ရောက်မှု ရှိစေရန် လုပ်ဆောင်ပေးခြင်းပင် ဖြစ်သည်။ ဤအချက်အလက်များကို ကျင်းလင်း ဘိုးဘေး၏ ဝိညာဉ်ကိုယ်ပွားက ယနေ့ စကားပြောဆိုစဉ်အတွင်း ရှင်းပြခဲ့ခြင်း ဖြစ်၏။
ယဲ့ဖုန်းသည် မြေပုံကို စတင် ကြည့်ရှုလိုက်သည်။ ရှန်ကျိုးတိုက်ကြီးမှာ အတိုင်းအဆ မရှိအောင် ကျယ်ပြောလှ၏။ အတိအကျ အရွယ်အစားကိုမူ ထိုဆန်းကြယ်သော အင်အားစုမှ မြေပုံဖန်တီးသူများပင်လျှင် သိရှိခြင်း မရှိကြပေ။
မြေပုံအရ ယဲ့ဖုန်းသည် ရှန်ကျိုးတိုက်ကြီး တစ်ခုလုံး၏ ယေဘုယျ အခင်းအကျင်းကို သိရှိလိုက်ရ၏။ ရှန်ကျိုးတိုက်ကြီးမှာ အရှေ့မှ အနောက်သို့ ရှည်လျားပြီး တောင်မှ မြောက်သို့ အနည်းငယ် ကျဉ်းမြောင်းသည်။
ဗဟိုချက်၌ မိုင်ပေါင်း ကုဋေ ကုဋာ ကျယ်ဝန်းသော အတွင်းပိုင်း ပင်လယ်ကြီး တစ်ခု ရှိပြီး ၎င်းကို ထျန်းယွမ် ပင်လယ် ဟု ခေါ်ဆိုကြကာ တိုက်ကြီးတစ်ခုလုံး၏ စည်ကား အစည်ပင်ဆုံး နယ်မြေပင် ဖြစ်သည်။
ရှန်ကျိုးတိုက်ကြီး၌ စုစုပေါင်း မြင့်မြတ်သော နယ်မြေကြီး (၉) ခု ရှိပြီး ထိုနယ်မြေများမှာ ထျန်းယွမ် ပင်လယ်ကို ဝန်းရံထားကြ၏။ ၎င်းတွင် ကျောင်းယန် သန့်စင်သော မြို့တော် နှင့် ၎င်းကို အထောက်အပံ့ပေးသော ကျောင်းယန် သန့်စင်သော နယ်မြေ လည်း ပါဝင်သည်။
ထျန်းယွမ် ပင်လယ်နှင့် ၎င်းကို ဝန်းရံထားသော မြင့်မြတ်သော နယ်မြေကြီး (၉) ခုကို စုပေါင်း၍ ထျန်းယွမ် နယ်မြေ ဟု ခေါ်ဆိုကြပြီး ၎င်းမှာ ရှန်ကျိုးတိုက်ကြီး တစ်ခုလုံး၏ နှလုံးသားပင် ဖြစ်တော့သည်။
ထျန်းယွမ် နယ်မြေ၏ အပြင်ဘက်တွင်မူ အခြားသော အင်အားစုများစွာ ရှိနေကြ၏။ လက်ရှိတွင် ရှန်ကျိုးတိုက်ကြီး တစ်ဝန်း၌ ကြယ် (၅) ပွင့် အဆင့် အင်အားစုပေါင်း (၁၀၀) နီးပါး၊ ကြယ် (၄) ပွင့် အဆင့် အင်အားစုပေါင်း ထောင်ချီနှင့် ကြယ် (၃) ပွင့် အဆင့် အင်အားစုပေါင်း (၁၀၀၀၀) ကျော် ရှိနေ၏။ ကြယ် (၂) ပွင့် အဆင့်နှင့် ကြယ် (၁) ပွင့် အဆင့် အင်အားစုများမှာမူ မြစ်ကို ဖြတ်ကူးနေသော ငါးများအလား၊ နွားတစ်ကောင်ပေါ်ရှိ အမွှေးအမျှင်များအလား ရေတွက်၍ မကုန်အောင် များပြားလှသည်။
ထိုအင်အားစုများမှာ တစ်နေရာတည်းတွင် အတည်တကျ ရှိနေခြင်း မဟုတ်ဘဲ ရှန်ကျိုးတိုက်ကြီး တစ်ခုလုံး၌ ပြန့်ကျဲနေကြခြင်း ဖြစ်၏။
၎င်းတို့အပြင် ရှန်ကျိုးတိုက်ကြီး၌ မဟာ တားမြစ်နယ်မြေကြီး (၅) ခုနှင့် မဟာ တောင်တန်းကြီး (၁၀) ခု ရှိနေကြပြီး တစ်ခုချင်းစီတွင် ကြောက်မက်ဖွယ်ကောင်းလှသော နတ်ဆိုး ဧကရာဇ် အဆင့်ရှိ တည်ရှိမှုများ ရှိနေကြသည်။
"မဟာ တားမြစ်နယ်မြေကြီး (၅) ခုလား... စိတ်ဝင်စားစရာပဲ"ယဲ့ဖုန်းက မြေပုံကို ကြည့်ရင်း ခပ်ပြုံးပြုံး ပြောလိုက်၏။
သူ၏ လက်ရှိ ခွန်အားဖြင့်ဆိုလျှင် တားမြစ်နယ်မြေများအတွင်းသို့ ဝင်ရောက်ရန် မဝံ့ရဲသည်မှာ အမှန်ပင် ဖြစ်သည်။ အကြောင်းမူကား ထိုနေရာများမှာ အင်အားကြီး နတ်ဆိုး ဧကရာဇ် အဆင့်ရှိ တည်ရှိမှုများမှ စောင့်ကြပ်နေကြသဖြင့် မဆင်မခြင် ဝင်ရောက်ခြင်းမှာ အလွန်ပင် အန္တရာယ်များလှသည်။
မဟာ တားမြစ်နယ်မြေကြီး (၅) ခု၏ တည်နေရာ ပျံ့နှံ့ပုံမှာ သိပ်ပြီး ညီညာခြင်း မရှိပေ။ တိုက်ကြီး၏ အနောက်ဘက်တွင် တစ်ခု၊ တောင်ဘက်တွင် တစ်ခု၊ မြောက်ဘက်တွင် တစ်ခုနှင့် အရှေ့ဘက်တွင် နှစ်ခု ရှိနေကြပြီး တစ်ခုချင်းစီမှာ မိုင်ပေါင်း ကုဋေ ကုဋာ ကျယ်ဝန်းလှ၏။
"ဟင်... မဟာ တောင်တန်းကြီး (၁၀) ခု ရှိတယ်လို့ ပြောထားပေမဲ့ တစ်ခု လိုနေသလိုပဲ"
ယဲ့ဖုန်းသည် မြေပုံကို လေ့လာရင်း ဇဝေဇဝါ ဖြစ်သွားသည်။
မဟာ တောင်တန်းကြီး (၁၀) ခုမှာ မဟာ တားမြစ်နယ်မြေကြီး (၅) ခုကဲ့သို့ပင် ကျော်ကြားလှသော်လည်း ၎င်းတို့ကို တားမြစ်နယ်မြေများဟု မခေါ်ဆိုကြပေ။ အကြောင်းမူကား ထိုနေရာရှိ သတ္တဝါများသည် ရံဖန်ရံခါ အပြင်သို့ ထွက်လာတတ်ကြပြီး ကမ္ဘာလောကကြီးကို ဒုက္ခပေးလေ့ ရှိကြသဖြင့် ဆိုးဝါးလှသော နာမည်ကျော်ကြားမှုမျိုး ရှိနေခြင်းကြောင့်ပင် ဖြစ်၏။ သို့သော်လည်း မဟာ တောင်တန်းကြီး (၁၀) ခုမှ သတ္တဝါများသည် ပြင်ပသို့ ကျူးကျော်ခြင်း မပြုဘဲ ကြားနေ အနေအထားမျိုးတွင် ရှိနေကြသည်။
မြေပုံအရ...
ရှန်ကျိုးတိုက်ကြီး၏ တောင်ဘက်နှင့် မြောက်ဘက် အစိတ်အပိုင်းများတွင် အရှေ့မှ အနောက်သို့ သွယ်တန်းနေသော တောင်တန်းကြီး တစ်ခုစီ ရှိ၏။ အနောက်ဘက်တွင် တောင်နှင့် မြောက် သွယ်တန်းနေသော တောင်တန်းကြီး (၄) ခု ရှိ၏။ အရှေ့ဘက်တွင် အရှေ့နှင့် အနောက် သွယ်တန်းနေသော တောင်တန်းကြီး (၃) ခု ရှိသည်။ စုစုပေါင်း (၉) ခုသာ ရှိသည်။
သို့ပေမဲ့လည်း မြေပုံပေါ်ရှိ မိတ်ဆက်စာသား၌ ရှန်ကျိုးတိုက်ကြီးတွင် မဟာ တောင်တန်းကြီး (၁၀) ခု ရှိကြောင်း ဖော်ပြထားသဖြင့် ယဲ့ဖုန်းကို ဇဝေဇဝါ ဖြစ်စေခဲ့ခြင်းပင် ဖြစ်သည်။
"အို... မှတ်စုတွေကို တွေ့ပြီ"
ယဲ့ဖုန်းသည် မြေပုံ၏ ဘယ်ဘက် အောက်ခြေ ထောင့်ရှိ စာသား အမှတ်အသားများကို ကြည့်လိုက်၏။
"ရှန်ကျိုးတိုက်ကြီးရဲ့ (၁၀) ခုမြောက် တောင်တန်းဟာ ပျံဝဲနေတဲ့ တောင်တန်းတစ်ခု ဖြစ်ပြီးတော့ ကောင်းကင်ယံ အထက်ပိုင်းမှာ အမြဲလိုလို ဖုံးကွယ်နေတတ်ကာ ရံဖန်ရံခါမှသာ ပေါ်ထွက်လာလေ့ ရှိတယ်"
ဤမှတ်ချက်ကို မြင်လိုက်ရသောအခါ ယဲ့ဖုန်းမှာ ရုတ်တရက် သဘောပေါက်သွားတော့၏။
"ခြုံငုံသုံးသပ်ကြည့်ရင် ရှန်ကျိုးတိုက်ကြီးရဲ့ ဖွဲ့စည်းပုံဟာ မြင့်မြတ်သော နယ်မြေကြီး (၉) ခု၊ မဟာ တားမြစ်နယ်မြေကြီး (၅) ခု၊ မဟာ တောင်တန်းကြီး (၁၀) ခု၊ ကြယ် (၅) ပွင့် အဆင့် အင်အားစု (၁၀၀) ပေါ့...”
ယဲ့ဖုန်းသည် နောက်ဆုံးတွင် ရှန်ကျိုးတိုက်ကြီး တစ်ခုလုံးကို အပြည့်အဝ နားလည်သွားပြီ ဖြစ်သည်။ ထို့နောက် သူသည် စိတ်အားထက်သန်စွာဖြင့် စတင် ရှာဖွေလိုက်တော့၏။
နာရီဝက်ခန့် ကြာပြီးနောက်...
ယဲ့ဖုန်းသည် နောက်ဆုံးတွင် လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော်၏ တည်နေရာကို ရှာတွေ့သွားပြီး သူ မှတ်မိထားသမျှနှင့် ထပ်တူကျနေသော အမှတ်အသား အမျိုးမျိုးကို တွေ့မြင်လိုက်ရ၏။
"ငါ အခု ရှိနေတဲ့ နေရာက ဒီမှာကိုး"
ယဲ့ဖုန်း၏ မျက်နှာတွင် သဘောပေါက်သွားသော အသွင် ပေါ်လာသည်။
လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော်သည် ရှန်ကျိုးတိုက်ကြီး၏ တောင်ဘက် အစိတ်အပိုင်းတွင် တည်ရှိပြီး အတိုင်းအဆမရှိ ကျယ်ပြောလှသော တောင်ပိုင်း သမုဒ္ဒရာနှင့် မိုင်ပေါင်း သန်းချီ၍သာ ဝေးကွာသည်။ လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော်မှ မြောက်ဘက်သို့ ခရီးနှင်မည်ဆိုပါက မဟာ တားမြစ်နယ်မြေကြီး (၅) ခုထဲမှ တစ်ခု၊ မဟာ တောင်တန်းကြီး (၁၀) ခုထဲမှ တစ်ခုနှင့် အရွယ်အစား အမျိုးမျိုးရှိသော မရေမတွက်နိုင်သည့် အင်အားစုများကို ဖြတ်သန်းသွားရမည် ဖြစ်၏။
ခရီးစဉ်မှာ အလွန်ပင် ရှည်လျားလှသလို အလွန်လည်း အန္တရာယ်များလှသည်။ သာမန် ကျင့်ကြံသူ တစ်ဦးအနေဖြင့် ၎င်းတို့၏ ပုံမှန် အရှိန်ဖြင့် ပျံသန်းမည်ဆိုလျှင် တစ်သက်လုံး ပျံသန်းလျှင်ပင် ဗဟိုချက်ရှိ ထျန်းယွမ် နယ်မြေသို့ ရောက်ရှိနိုင်လိမ့်မည် မဟုတ်ပေ။
"ဒါကြောင့်လည်း သူတို့က ဧရာမ နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါတွေကို တည်ဆောက်ကြတာကိုး... ဒီလို ကိရိယာမျိုး မရှိရင် မူလနတ်ဘုရား အဆင့် ရှိတဲ့ ကျင့်ကြံသူ တစ်ယောက်တောင်မှ ကျောင်းယန် သန့်စင်သော နယ်မြေ တည်ရှိတဲ့ ထျန်းယွမ် နယ်မြေကို ရောက်ဖို့ နှစ်ပေါင်း ဘယ်လောက်တောင် ပျံသန်းရမလဲ မသိနိုင်ဘူး"ယဲ့ဖုန်းက မိမိဘာသာ ခပ်တိုးတိုး ရေရွတ်လိုက်၏။
လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော် တည်ရှိရာ နယ်မြေကို ဖော်ထုတ်ပြီးနောက် သူသည် နတ်ဆိုး ဧကရာဇ် အဆင့်ရှိ ဝိညာဉ်သားရဲ တစ်ကောင်ကို ဖမ်းဆီးရန် သင့်တော်သော နေရာတစ်ခုကို ရွေးချယ်ရန်အတွက် မြေပုံကို ဆက်လက် လေ့လာလိုက်သည်။
"အို... ဒီနေရာက ကြည့်လို့ ကောင်းသားပဲ"
(၁၀) မိနစ်ခန့် ကြာပြီးနောက် ယဲ့ဖုန်းသည် ရှာဖွေတွေ့ရှိမှု တစ်ခု ပြုလုပ်လိုက်၏။
မြူခိုးဂိုဏ်း၏ မြောက်ဘက် မိုင်ပေါင်း သန်းချီသော အကွာအဝေးတွင် လေဝူ မင်းဆက် ဟု သိကြသော ကြယ် (၄) ပွင့် အဆင့် အင်အားစု တစ်ခု ရှိသည်။ ဤအင်အားစု၏ အရှေ့ဘက် နယ်စပ်တွင် မိုင်ပေါင်း သောင်းချီ၍ သွယ်တန်းနေသော တောင်တန်းကြီး တစ်ခု ရှိ၏။ ၎င်းမှာ မဟာ တောင်တန်းကြီး (၁၀) ခုနှင့် နှိုင်းယှဉ်လျှင် သေးငယ်လှသော်လည်း ထိုနေရာ၌ နတ်ဆိုး ဧကရာဇ် အဆင့်ရှိ တန်ခိုးရှင် တစ်ဦး ရှိနေ၏။
ဤနေရာသည် ဝိညာဉ်သားရဲများကို ဖမ်းဆီးရန်အတွက် သူ၏ အတွက် အလွန်ပင် သင့်တော်လှသည်။
"ဒီနေရာပဲ"ယဲ့ဖုန်းသည် သူ၏ ဆုံးဖြတ်ချက်ကို ချလိုက်တော့၏။
သူသည် ချက်ချင်းပင် ဟူဖေးဖေးကို ခေါ်ဆောင်ကာ မင်းနေပြည်တော်သို့ သွားရောက်လိုက်ပြီး မြောင်းယင်း လက်ဖက်ရည်ဆိုင် အနီးသို့ နေရာရွှေ့ပြောင်း သွားလိုက်၏။
"ဂိုဏ်းချုပ် ယဲ့... ရှင်.. ဒီကို ဘယ်လို ဖြစ်ပြီး ရောက်လာတာလဲ"
လင်ယွဲ့သည် အပေါ်ထပ်၌ ထိုင်နေစဉ် ကောင်းကင်ယံ၌ ယဲ့ဖုန်းနှင့် ဟူဖေးဖေးကို မြင်တွေ့လိုက်ရသဖြင့် သူမ၏ မျက်ဝန်းများမှာ ဝင်းလက်သွားကာ
"ရှင် ကျွန်မကို လာတွေ့တာလား"
သူမ၏ စကားကြောင့် ယဲ့ဖုန်း၏ နှုတ်ခမ်းဖျားမှာ တုန်ခါသွားတော့၏။
'မင်းကို လာတွေ့တယ် ဟုတ်လား... အိပ်မက်ယောင်နေတာပဲ။'
သူသည် စိတ်ထဲမှနေ၍ မကျေမနပ် ရေရွတ်လိုက်ပြီး ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်၏။
"ကျွန်တော်.. လင်မြောင် ဘိုးဘေးကို လာရှာတာပါ"
"အာ...”
လင်ယွဲ့၏ အသံမှာ အနည်းငယ် စိတ်ပျက်သွားသည့်အသွင် ပေါ်နေ၏။
သူမသည် ခေါင်းငုံ့လိုက်ကာ သူမ၏ အဝတ်အစား အနားသတ်များကို ဆုပ်ကိုင်လျက် ခဏမျှ ပွတ်သပ်နေပြီးနောက် မော့ကြည့်လိုက်သော်လည်း ယဲ့ဖုန်းနှင့် ဟူဖေးဖေးကို မမြင်တွေ့ရတော့ပေ။
*
တိတ်ဆိတ်လှသော ရင်ပြင်တစ်ခုအတွင်း၌...
ယဲ့ဖုန်းသည် လင်မြောင် ဘိုးဘေးနှင့် ကျင်းလင်း ဘိုးဘေး၏ ဝိညာဉ်ကိုယ်ပွားကို မြင်တွေ့လိုက်ရ၏။ ယဲ့ဖုန်းကို အံ့အားသင့်စေသည်မှာ တတိယမင်းသား လင်လော့ထျန်း၊ မီးခိုးရောင် ဝတ်ရုံဝတ် အစောင့်အရှောက်နှင့် လင်မြောင် ဧကရာဇ် တို့လည်း ထိုနေရာ၌ ရှိနေကြပြီး အလွန်အမင်း ရိုသေစွာဖြင့် မြေပြင်ပေါ်တွင် မတ်တတ်ရပ်နေကြကာ အသက်ပင် ပြင်းပြင်း မရှူရဲကြပေ။
"မိတ်ဆွေလေး ယဲ့... မင်း နောက်တစ်ခါ ရောက်လာပြန်ပြီပဲ"
"ဘယ်နေရာကို သွားမလဲဆိုတာ ဆုံးဖြတ်ပြီးပြီလား"
ဘိုးဘေးကြီး နှစ်ဦးက ပြိုင်တူ.. မေးမြန်းလိုက်ကြ၏။
"ကျွန်တော် ဆုံးဖြတ်ပြီးပါပြီ... ကျွန်တော် လေဝူ မင်းဆက် ရဲ့ အရှေ့ဘက်မှာ ရှိတဲ့ လေနတ်ဆိုး တောင်တန်း ကို သွားမယ်... အဲဒီမှာ ပျံသန်းနိုင်တဲ့ နတ်ဆိုးသားရဲ အမြောက်အမြား ရှိနေသလို စီးနင်းစရာ သားရဲတွေအနေနဲ့ သိမ်းသွင်းဖို့ သင့်တော်မယ်လေ"ယဲ့ဖုန်းက ပြောလိုက်သည်။
"လေဝူ မင်းဆက် ဟုတ်လား... ငါ အဲဒီနေရာနဲ့ ရင်းနှီးတယ်လေ"တတိယမင်းသားက ခပ်တိုးတိုး ရေရွတ်လိုက်၏။
ယဲ့ဖုန်းမှာ အံ့အားသင့်သွားကာ - "တတိယမင်းသား... ခင်ဗျားက လေဝူ မင်းဆက် အကြောင်းကို သိနေတာလား"
လင်မြောင် ဘိုးဘေးက ရယ်လိုက်ကာ - "ဒီကောင်လေးက လေဝူ မင်းဆက် အကြောင်းကို သိရုံတင်မကဘူး... လွန်ခဲ့တဲ့ နှစ်အနည်းငယ်က အဲဒီမှာ အတော်လေး ကြာကြာ လေ့ကျင့်ခဲ့ဖူးတယ်လေ... ဒါကြောင့် သူက အဲဒီနေရာနဲ့ တော်တော်လေး ရင်းနှီးပါတယ်"
"ကျွန်တော် ဂိုဏ်းချုပ် ယဲ့ကို လမ်းပြပေးရမလား ခင်ဗျာ"
တတိယမင်းသားက ရှေ့သို့ လှမ်းတက်လိုက်ကာ ရိုသေစွာဖြင့် မေးမြန်းလိုက်၏။
"အင်း... ရတာပေါ့"
ယဲ့ဖုန်းက ကန့်ကွက်ခြင်း မရှိပေ။ နေရာကို ရင်းနှီးသူ တစ်ဦး လမ်းပြပေးခြင်းမှာ အလွန်ပင် ကောင်းမွန်လှသည်။
"လေဝူ မင်းဆက် ဟာ ဟောင်းနွမ်းနေတဲ့ ကြယ် (၄) ပွင့် အဆင့် အင်အားစု တစ်ခု ဖြစ်ပေမဲ့ ဟင်းလင်းပြင် ဖြိုခွဲ အဆင့် ရှိတဲ့ ဘိုးဘေး တစ်ဦးတည်းသာ ရှိတာပါ... ပြီးတော့ အဲဒီလူက လေဝူ မင်းဆက် မှာ နေတာ မဟုတ်ဘူး... သူက ကျောင်းယန် သန့်စင်သော မြို့တော် ကို ပြောင်းရွှေ့သွားတာလေ... အဲဒီလူနဲ့ ငါလည်း သိကျွမ်းပါတယ်"
ကျင်းလင်း ဘိုးဘေး၏ ဝိညာဉ်ကိုယ်ပွားက ခပ်ပြုံးပြုံးဖြင့် ဆက်လက် ပြောကြားလိုက်၏။
"မိတ်ဆွေလေး ယဲ့က လေဝူ မင်းဆက် ကို သွားမယ်ဆိုမှတော့... မင်းအတွက် အခက်အခဲတွေ သက်သာအောင် ငါ မင်းကိုယ်စား စကားပါးလိုက်မယ်"
"ဒါဆိုရင်တော့ မိတ်ဆွေကို အားနာရမှာပဲဗျ"
ယဲ့ဖုန်းက ကျေးဇူးတင်စကား ပြောကြားလိုက်၏။
အဆက်အသွယ် ရှိနေခြင်းက အရာရာကို ပိုမို လွယ်ကူစေသည် မဟုတ်ပါလား။
---