အခန်း (၅၃၅-၅၃၇)
Vol. 36 Ch. 535-537
အခန်း (၅၃၅) - လေဝူ မင်းဆက် ၊ ကောင်းကင်ထစ်ချုန်းမြို့ နှင့် လေနတ်ဆိုး တောင်တန်း
~(၁) နာရီခန့် ကြာပြီးနောက်၊
ယဲ့ဖုန်းသည် ဘိုးဘေးကြီး နှစ်ဦးနှင့် အသေးစိတ် ဆွေးနွေးမှုများကို အဆုံးသတ်ကာ မြူခိုးဂိုဏ်း သို့ ပြန်လာခဲ့သည်။ သူသည် လောကအတွေ့အကြုံ ရရှိစေရန်အတွက် တပည့်အချို့ကို ခေါ်ဆောင်ကာ လေနတ်ဆိုး တောင်တန်း သို့ သွားရောက်ရန် ပြင်ဆင်လိုက်၏။
သို့သော်လည်း တပည့်အများစုမှာ ပြင်းထန်သော ကျင့်ကြံခြင်းများတွင်သာ နှစ်မြုပ်နေကြသည်။ အခြားသော တပည့်များမှာလည်း ဝိညာဉ်မူလ ကမ္ဘာ အတွင်းရှိ စစ်မြေပြင်၌ လေ့ကျင့်နေကြသဖြင့် ချက်ချင်း လက်ငင်း လိုက်ပါရန် မဖြစ်နိုင်ကြချေ။
ဝိညာဉ်စမ်းရေကန် ဘေး၌ အသည်းအသန် တိုက်ခိုက်နေကြသော ချောင်ကျားရှီး နှင့် လုံထျန်းရှင်း တို့ကို မြင်လိုက်ရသောအခါ ယဲ့ဖုန်း၏ မျက်ဝန်းများမှာ ဝင်းလက်သွားတော့သည်။
"ငါနဲ့ အတူ လိုက်ဖို့ တပည့်တစ်ယောက် ရှာရတာ ဒီလောက်တောင် ခက်ခဲနေရတာလား"
"ထားလိုက်တော့... မင်းတို့ နှစ်ယောက်ပဲ လိုက်ခဲ့ကြတော့"
သူသည် ဝိညာဉ်စမ်းရေကန် ကမ်းစပ်သို့ ဆင်းသက်လိုက်၏။ ချောင်ကျားရှီး နှင့် လုံထျန်းရှင်း တို့သည် ယဲ့ဖုန်းကို မြင်သည်နှင့် တိုက်ခိုက်နေခြင်းကို ချက်ချင်း ရပ်လိုက်ကြကာ ဦးညွှတ်လျက် နှုတ်ဆက်ကြသည်။
"ဂိုဏ်းချုပ်ကို ဂါရဝပြုပါတယ် ခင်ဗျာ"
"ငါ လေဝူ မင်းဆက် မှာရှိတဲ့ လေနတ်ဆိုး တောင်တန်း ကို သွားမလို့... မင်းတို့ နှစ်ယောက် ငါနဲ့အတူ လိုက်ခဲ့ကြ"
"ကျွန်တော်လည်း လိုက်ချင်တယ် ခင်ဗျာ"
ယဲ့ဖုန်း စကားပြောလို့ မဆုံးသေးမီမှာပင် ချုံပုတ်များထဲမှ အနက်ရောင် အိုးကြီးတစ်လုံးကို ကျောပိုးထားသော လူရိပ်တစ်ခုမှာ ထုံအအ အပြုံးကြီးဖြင့် ခုန်ထွက်လာသည်။ ထိုသူမှာ အခြားသူမဟုတ်ဘဲ ဝမ်ဖင်းအန်း ပင် ဖြစ်၏။
"မင်းက... ဘာလို့ ချုံပုတ်ထဲမှာ ပုန်းနေရတာလဲ"
ယဲ့ဖုန်းက မျက်ခုံးပင့်လျက် ဝမ်ဖင်းအန်း ကို အကဲခတ်ကြည့်လိုက်သည်။
"ကျွန်တော်က... ဟို...”
ဝမ်ဖင်းအန်း သည် အကြံအိုက်ဟန်ဖြင့် သူ၏ ခေါင်းကို ကုတ်လိုက်၏။ လီကျောက်ကျောက် ချက်ပြုတ်ထားသော ထမင်းမှာ အလွန်အရသာရှိသဖြင့် စားပြီးသည်နှင့် အိပ်ငိုက်လာကာ မြက်ခင်းပေါ်တွင် အိပ်ပျော်သွားခဲ့သည်ဟု သူ မည်သို့ ပြောဝံ့ပါမည်နည်း။
သူ ဆိတ်ဆိတ်နေသည်ကို မြင်လိုက်ရသောအခါ ယဲ့ဖုန်းက နှုတ်ခမ်းကို မဲ့လိုက်ကာ ပြောလိုက်၏။
"ထားလိုက်တော့... မင်းတို့ (၃) ယောက်လုံး ငါနဲ့အတူ လိုက်ခဲ့ကြ"
"ဟုတ်ကဲ့ပါ ခင်ဗျာ"
ဝမ်ဖင်းအန်း မှာ အလွန်ပင် ဝမ်းသာသွားတော့သည်။ ချောင်ကျားရှီး နှင့် လုံထျန်းရှင်း တို့မှာလည်း တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြကာ သူတို့ သွားရောက်မည့် လေနတ်ဆိုး တောင်တန်း အကြောင်းကို စိတ်ဝင်စားနေကြသည်။
*နောက်တစ်နေ့ နံနက်စောစော၌၊
ယဲ့ဖုန်း ၊ ဟူဖေးဖေး ၊ ချောင်ကျားရှီး ၊ လုံထျန်းရှင်း နှင့် ဝမ်ဖင်းအန်း တို့ (၅) ဦးပါသော အဖွဲ့သည် လျှို့ဝှက်ဆန်းကြယ် မြို့တော် သို့ နေရာရွှေ့ပြောင်းသွားကြကာ တတိယမင်းသား နှင့် ချိန်းဆိုထားသည့်အတိုင်း တွေ့ဆုံလိုက်ကြ၏။
"ဟင်"
လင်ယွဲ့ သည်လည်း တတိယမင်းသား နှင့် မီးခိုးရောင် ဝတ်ရုံဝတ် အဘိုးအိုတို့ နောက်မှ ပါလာသည်ကို ယဲ့ဖုန်း သတိထားမိလိုက်သည်။ ကြည့်ရတာ သူမသည်လည်း အတူ လိုက်ပါရန် ပြင်ဆင်ထားပုံရသည်။
ဤကိစ္စနှင့် ပတ်သက်၍ ယဲ့ဖုန်းမှာ အနည်းငယ် စိတ်ပျက်မိသော်လည်း သူမကို နှင်ထုတ်ရန် ခက်ခဲသဖြင့် လိုက်ပါခွင့်ပြုလိုက်ရုံသာ ရှိတော့၏။ ဘာပဲဖြစ်ဖြစ် အသွားအပြန် ခရီးစရိတ်အားလုံးကို တတိယမင်းသား က အကုန်အကျ ခံထားခြင်း ဖြစ်သဖြင့် သူက များများစားစား ပြောနေရန် မလိုပေ။
"ဂိုဏ်းချုပ် ယဲ့... ကျွန်မတို့ ထပ်တွေ့ကြပြန်ပြီနော်"
လင်ယွဲ့ က ယဲ့ဖုန်းကို ဦးညွှတ် နှုတ်ဆက်လိုက်သည်။ သူမ၏ အရှိန်အဝါမှာ ယခင်ကထက် ပိုမို ကြံ့ခိုင်လာကာ ကျင့်ကြံခြင်း အဆင့် တိုးတက်တော့မည့် အရိပ်အယောင်များ ပြနေ၏။
၎င်းမှာ ယဲ့ဖုန်းကို အံ့အားသင့်သွားစေ၏။ လင်ယွဲ့ သည် နတ်သမီး မင်ယွဲ့ ၏ မှတ်ဉာဏ်များကို ဆက်ခံရရှိပြီးကတည်းက သူမ၏ ကျင့်ကြံခြင်း အရှိန်မှာ သိသိသာသာ မြန်ဆန်လာသည်ကို သူ ရုတ်တရက် သတိပြုမိလိုက်သည်။ ဤအတိုင်းဆိုလျှင် သူမသည် ဝိညာဉ်ပင်လယ် အဆင့် အထွတ်အထိပ်သို့ ရောက်ရှိရန် သိပ်မကြာတော့ပေ။
"ဂိုဏ်းချုပ် ယဲ့... လာဗျ၊ သွားကြစို့"
တတိယမင်းသား က လမ်းပြအဖြစ် လုပ်ဆောင်ပေးသည်။ အဖွဲ့သားအားလုံးသည် နေရာရွှေ့ပြောင်းခြင်း ခန်းမဆောင် အတွင်း၌ ရပ်နေကြကာ ဝိညာဉ်မြူခိုးများ ဖုံးလွှမ်းနေသော ဧရာမ နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါကြီးကို စိတ်ဝင်တစား ကြည့်နေကြ၏။
"ဝင်္ကပါ ပုံစံတွေက တကယ့်ကို ထူးခြားလှပတာပဲ"
နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါကို မြင်လိုက်ရသောအခါ ယဲ့ဖုန်း၏ ပထမဆုံး တုံ့ပြန်မှုမှာ ၎င်း၏ ဒီဇိုင်းကို တွက်ချက်ကာ နားလည်အောင် ကြိုးစားခြင်းပင် ဖြစ်၏။ ဝင်္ကပါ ပုံစံများမှာ အလွန်ပင် ကောင်းမွန်လှပြီး အသေးစား ဝင်္ကပါများထက် များစွာ ပိုမို နက်နဲလှကြောင်း သူ ရှာဖွေတွေ့ရှိလိုက်သည်။
သူသည် ငြိမ်သက်စွာ ရပ်လိုက်ပြီး ပြောလိုက်၏။
"ခဏလောက် စောင့်ပေးကြပါဦး... ကျွန်တော် ဒါကို ခဏလောက် တွက်ချက်ကြည့်ချင်လို့"
မည်သူမျှ ဝင်ရောက် မနှောင့်ယှက်ကြပေ။
(၁) နာရီခန့် ကြာပြီးနောက်၊
ယဲ့ဖုန်းသည် နောက်ဆုံးတွင် ဧရာမ နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါကြီး၏ ပုံစံအားလုံးကို ဖော်ထုတ်နိုင်ခဲ့ကာ ၎င်း၏ ဒီဇိုင်းကို အပြည့်အဝ နားလည်သွားပြီ ဖြစ်သည်။ လုံလောက်သော ပစ္စည်းများ ရှိနေမည်ဆိုလျှင် သူသည် မည်သည့် အချိန်တွင်မဆို ဤကဲ့သို့သော ဧရာမ ဝင်္ကပါကြီးကို တည်ဆောက်နိုင်ပေလိမ့်မည်။
"သွားကြပါစို့"
"ဝှီး…”
ရောင်စုံ အလင်းတန်းများ ကောင်းကင်ယံသို့ ထိုးတက်သွားကာ လူတိုင်း ပျောက်ကွယ်သွားကြတော့၏။ သူတို့ ပြန်လည် ပေါ်လာသောအခါ၌ ကျောင်းယန် သန့်စင်သော မြို့တော် ၏ နေရာရွှေ့ပြောင်းခြင်း ခန်းမဆောင် အတွင်းသို့ ရောက်ရှိနေကြပြီ ဖြစ်သည်။
အချိန်ဆွဲမနေဘဲ ယဲ့ဖုန်းသည် နောက်ထပ် နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါတစ်ခုပေါ်သို့ တက်လိုက်ပြန်ရာ ရောင်စုံ အလင်းတန်းများနှင့်အတူ ထပ်မံ ပျောက်ကွယ်သွားကြပြန်၏။
သူတို့ ပြန်လည် ပေါ်လာသည့် အခါတွင်မူ လေဝူ မင်းဆက် ၏ မင်းနေပြည်တော် ဖြစ်သော ကောင်းကင်ထစ်ချုန်းမြို့ သို့ ရောက်ရှိသွားကြပြီပင်။
"ဘာလို့ ကျောင်းယန် သန့်စင်သော မြို့တော် ကနေ တစ်ဆင့် ပတ်လာရတာလဲ... လျှို့ဝှက်ဆန်းကြယ် မြို့တော် ကနေ ကောင်းကင်ထစ်ချုန်းမြို့ ကို တိုက်ရိုက် နေရာရွှေ့ပြောင်းလိုက်ရင် ဝိညာဉ်ကျောက်တုံးတွေ အများကြီး သက်သာမှာ မဟုတ်ဘူးလား"
ယဲ့ဖုန်းက သိချင်စိတ်ဖြင့် မေးမြန်းလိုက်သည်။
တတိယမင်းသား က ရှင်းပြ၏။
"တည်ဆောက်လို့တော့ ရပါတယ် ခင်ဗျာ... ဒါပေမဲ့ နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါ အတွက် ပစ္စည်းတွေက အရမ်း ရှားပါးသလို တည်ဆောက်ရတာလည်း အလွန် လက်ဝင်ပါတယ်... အင်အားစုကြီး နှစ်ခုကြားမှာ အရမ်း ရင်းနှီးတဲ့ ဆက်ဆံရေး မရှိဘူးဆိုရင်တော့ နှစ်ဖက်သွား နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါတွေကို တည်ဆောက်တာ အရမ်း ရှားပါတယ်"
ယဲ့ဖုန်းက ခေါင်းညိတ်လိုက်ကာ - "ယုတ္တိရှိသားပဲ"
အဖွဲ့သားအားလုံးသည် ကောင်းကင်ထစ်ချုန်းမြို့ ၏ နေရာရွှေ့ပြောင်းခြင်း ခန်းမဆောင်မှ ထွက်ခွာခဲ့ကြပြီး မိုင်ပေါင်း သောင်းချီဝေးသော လေနတ်ဆိုး တောင်တန်း ဆီသို့ တိုက်ရိုက် ဦးတည်ခဲ့ကြသည်။
သူတို့ ထွက်ခွာသွားပြီး နာရီဝက်ခန့် ကြာသောအခါ လေဝူ ဧကရာဇ် ၏ လက်ထဲသို့ အစီရင်ခံစာ တစ်စောင် ရောက်ရှိလာ၏။
"ဘာ”
"မကြာခင်မှာ ငါတို့ရဲ့ လေဝူ မင်းဆက် ဆီကို ဂုဏ်သရေရှိ ဧည့်သည်တော်တစ်ယောက် ရောက်လာလိမ့်မယ်... သူက ကိစ္စတစ်ခုအတွက် လေနတ်ဆိုး တောင်တန်း ကို သွားနေတာတဲ့”
"ဘယ်သူရှိလဲ”
"အမြန်သွားပြီး သူတို့ကို လိုက်ရှာကြစမ်း... အဲဒီ ဂုဏ်သရေရှိ ဧည့်သည်တော်ကို တွေ့တာနဲ့ အကောင်းဆုံး ဧည့်ခံကျွေးမွေးကြရမယ်... ဘယ်သူမဆို အဲဒီ ဧည့်သည်တော်ကို စော်ကားရဲရင် ဒီဧကရာဇ်က သူတို့ရဲ့ ခေါင်းကို ဖြတ်ပစ်ဖို့ ဝန်လေးမှာ မဟုတ်ဘူး”
လေဝူ ဧကရာဇ် ၏ ထစ်ချုန်းသံကဲ့သို့သော အသံကြီးမှာ နန်းတော်တစ်ခုလုံး၌ ပဲ့တင်ထပ်သွားတော့၏။ မကြာမီမှာပင် အစွမ်းထက် တန်ခိုးရှင် အမြောက်အမြားမှာ နန်းတော်မှ ထွက်ခွာရန် အမိန့်ပေးခြင်း ခံလိုက်ရတော့သည်။
...
ကျောင်းယန် သန့်စင်သော မြို့တော် ။
နတ်ဆိုးဘုရားကျောင်း ။
ဘုရားကျောင်း သခင် သည် ရုတ်တရက် မျက်လုံးများကို ဖွင့်လိုက်၏။
"လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော် က လူတစ်ယောက် နေရာရွှေ့ပြောင်းခြင်း ခန်းမဆောင် ဆီကို ရောက်လာခဲ့တယ်... ဒါပေမဲ့ သူက ခဏနေတော့ ပြန်ထွက်သွားပြီ"
သူသည် တစ်ခုခုကို အာရုံခံမိလိုက်ကာ အလျင်စလို ထွက်ခွာသွားတော့၏။
ခဏအကြာတွင် နေရာရွှေ့ပြောင်းခြင်း ခန်းမဆောင် သို့ သူ ရောက်ရှိလာခဲ့သည်။ နတ်ဆိုးဘုရားကျောင်း သခင် သည် လေဝူ မင်းဆက် သို့ ဦးတည်သော ဧရာမ နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါကြီး၏ ရှေ့တွင် ရပ်နေပေရာ သူ၏ မျက်နှာဖုံးအောက်မှ မျက်နှာတွင် စိတ်လှုပ်ရှားမှုများ ပေါ်ပေါက်နေ၏။
"ဒါ မြူခိုးဂိုဏ်း က လူတစ်ယောက်ရဲ့ အရှိန်အဝါပဲ"
သူ၏ နှုတ်ခမ်းဖျားမှာ ကွေးညွတ်သွားကာ နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါပေါ်သို့ ချက်ချင်း တက်လိုက်ပြီး လေဝူ မင်းဆက် ဆီသို့ နေရာရွှေ့ပြောင်း သွားလိုက်တော့သည်။
...
(၁) နာရီခန့် ကြာပြီးနောက်၊
နောက်ထပ် လူရိပ်တစ်ခုမှာ နေရာရွှေ့ပြောင်းခြင်း ခန်းမဆောင် သို့ ရောက်ရှိလာခဲ့ပြန်၏။ သူမ၏ ခန္ဓာကိုယ်မှာ မြူခိုးများဖြင့် ဖုံးလွှမ်းနေသဖြင့် လူများမှာ မြူခိုးများကြားမှ ဝေဝါးသော ပုံရိပ်ကိုသာ မြင်တွေ့နိုင်ကြကာ မိန်းကလေးတစ်ဦး ဖြစ်လိမ့်မည်ဟု ခန့်မှန်းနေကြသည်။
"ငါ့ရဲ့ တွက်ချက်မှု ရလဒ်တွေအရဆိုရင် အဲဒီအရာက လေဝူ မင်းဆက် ရဲ့ အရှေ့ဘက် အစိတ်အပိုင်းမှာရှိတဲ့ လေနတ်ဆိုး တောင်တန်း မှာ ရှိနေတာပဲ... ငါ နောက်တစ်ခေါက် ထပ်သွားရဦးမှာပေါ့"
ဆန်းကြယ်သော မိန်းကလေးသည် နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါပေါ်တွင် ရပ်လိုက်သည်။ နောက်တစ်စက္ကန့်တွင် သူမသည် တောက်ပသော အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ကောင်းကင်ယံသို့ ထိုးတက်သွားပြီး လေဝူ မင်းဆက် ဆီသို့ နေရာရွှေ့ပြောင်း သွားလိုက်တော့၏။
...
ကောင်းကင်ထစ်ချုန်းမြို့ ၏ အရှေ့ဘက် မိုင်ပေါင်း သောင်းချီသော အကွာအဝေးဝယ်၊
မိုင်ပေါင်း သောင်းချီ၍ သွယ်တန်းနေသော ဧရာမ တောင်တန်းကြီး တစ်ခု ရှိ၏။
ပျံသန်းနိုင်သော နတ်ဆိုးသားရဲ အမြောက်အမြား နေထိုင်ကြသဖြင့် ၎င်းကို လေနတ်ဆိုး တောင်တန်း ဟု ခေါ်ဆိုကြခြင်း ဖြစ်သည်။
ဤအခိုက်အတန့်၌ ယဲ့ဖုန်း နှင့် သူ၏ အဖွဲ့သားများသည် တောင်တန်း၏ အစွန်အဖျားသို့ နောက်ဆုံးတွင် ရောက်ရှိလာခဲ့ကြပြီ ဖြစ်၏။
"နောက်ဆုံးတော့ ရောက်လာခဲ့ပြီပဲ"
ဝမ်ဖင်းအန်း သည် ဧရာမ အိုးကြီးတစ်လုံးကို ကျောပိုးထားလျက် အဆုံးမရှိသော တောင်တန်းကြီးကို ကြည့်ကာ ရုတ်တရက် ကြောက်လန့်သွားမိသည်။
"ဂိုဏ်းချုပ်... ကျွန်တော်တို့မှာ ဘာပြဿနာမှ မရှိနိုင်ဘူး မဟုတ်လား"
သူသည် ခပ်တိုးတိုး ရေရွတ်လိုက်မိ၏။
ဝမ်ဖင်းအန်း ၏ ပြောင်းပြန်ဟောတတ်သော ပါရမီကို ကောင်းစွာ သိရှိထားကြသော ချောင်ကျားရှီး နှင့် လုံထျန်းရှင်း တို့မှာ ဤစကားကို ကြားလိုက်ရသောအခါ ထူးဆန်းသော မျက်နှာထားများ ဖြစ်သွားကြတော့သည်။
ဂျူနီယာညီလေး ဝမ် က ငါတို့မှာ ပြဿနာရှိလိမ့်မယ်လို့ တကယ်ပဲ ပြောလိုက်တာလား။
ဒါဆိုရင်တော့ အေးဆေးပဲ။
ငါတို့မှာ ပြဿနာ တစ်ခုမှ ရှိလာနိုင်စရာ အကြောင်းမရှိတော့ဘူး။
သူတို့၏ စိတ်အခြေအနေမှာ ချက်ချင်းပင် လန်းဆန်းသွားကြတော့၏။ ယဲ့ဖုန်းကလည်း မျက်ခုံးပင့်လိုက်ကာ အရေးကြီးသော အချိန်များတွင် ဝမ်ဖင်းအန်း ၏ စကားများမှာ အလွန်ပင် အသုံးဝင်လှကြောင်း စိတ်ထဲမှနေ၍ တိတ်တဆိတ် ချီးကျူးလိုက်မိပြီး လည်ချောင်းကို တစ်ချက် ဟန့်ကာ ပြောလိုက်သည်။
"ကောင်းပြီ... ငါတို့ တောင်ထဲကို သွားပြီး သားရဲတွေကို ဖမ်း... အဲ... သားရဲတွေကို ဉာဏ်အလင်းပွင့်စေဖို့ သွားကြစို့"
သူသည် သူ၏ စကားကို ချက်ချင်းပင် ပြင်လိုက်၏။
"ဝူး..”
အဖွဲ့သားအားလုံးသည် တိမ်တိုက်များကို နင်းလျက် ကောင်းကင်ယံထက်မှ ပျံသန်းသွားကြကာ လေနတ်ဆိုး တောင်တန်း အတွင်း၌ အေးအေးလူလူ ရှာဖွေနေကြသည်။
"ဝုန်း…”
မိုင်ပေါင်း ထောင်ချီသော အကွာအဝေးမှနေ၍ ရုတ်တရက် ဆိုသလို တုန်ခါမှုတစ်ခု ပေါက်ကွဲထွက်လာ၏။
"နတ်ဆိုး ဧကရာဇ် အဆင့် ရဲ့ အရှိန်အဝါ တစ်ခုပဲ"
"ကြည့်ရတာ တစ်ယောက်ယောက်က နတ်ဆိုး ဧကရာဇ် ကို ဝိုင်းရံ တိုက်ခိုက်နေတာ ဖြစ်ဖြစ်... ဒါမှမဟုတ် နတ်ဆိုး ဧကရာဇ် က လူတစ်အုပ်ကို လိုက်လံ တိုက်ခိုက်နေတာ ဖြစ်ဖြစ် ဖြစ်ရမယ်"
"သွားကြစို့... ဟိုဘက်ကို"
ယဲ့ဖုန်းသည် စိတ်လှုပ်ရှားမှုနှင့် မျှော်လင့်ချက်များဖြင့် အဖွဲ့သားများကို ခေါ်ဆောင်ကာ ထိုနေရာသို့ ဦးတည်လိုက်တော့၏။
ကျယ်ပြောလှသော ချိုင့်ဝှမ်းကြီး တစ်ခုအတွင်း၌၊
မူလနတ်ဘုရား အဆင့် ရှိသော တန်ခိုးရှင် (၅) ဦးသည် လက်ချင်းယှက်လိုက်ကြကာ ဧရာမ အလင်းတံတိုင်းကြီးတစ်ခုကို အတူတူ တည်ဆောက်ထားကြသည်။ ၎င်းကို ထိန်းသိမ်းရန်အတွက် အသည်းအသန် ကြိုးစားနေကြရ၏။
သူတို့၏ ဘေးပတ်လည်၌ ပြင်းထန်သော ဒဏ်ရာများ ရရှိထားကြသည့် ကျင့်ကြံသူ အမြောက်အမြား မြေပြင်ပေါ်တွင် လဲကျနေကြ၏။ သူတို့၏ အဆင့်အတန်းများမှာ ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် မှ ဝိညာဉ်ပင်လယ် အဆင့် အထိ အမျိုးမျိုး ရှိကြသည်။
သူတို့၏ အထက် ကောင်းကင်ယံ၌၊
အတောင်ပံ အလျား (၃၀၀) မီတာခန့် ရှိသော မီးလျှံ ငှက်ကြီး တစ်ကောင်သည် ပြင်းထန်လှသော မီးတောက်များကို မှုတ်ထုတ်နေကာ အောက်ဘက်ရှိ ဒိုင်းကို လောင်ကျွမ်းစေလျက် ရှိနေ၏။ အလင်းတံတိုင်း အတွင်းမှ ခုခံနေသူများမှာ ခံနိုင်ရည် မရှိလောက်သော အပူဒဏ်ကို ခံစားနေကြရပြီး ပြာဖြစ်တော့မည့် အခြေအနေသို့ ရောက်နေကြသည်။
"ဂိုဏ်းချုပ်... ဒီ မီးလျှံ နတ်ဆိုး ဧကရာဇ် က အရမ်း သန်မာတာပဲ... ကျွန်တော်တို့ ဆက်ပြီး တောင့်မခံနိုင်တော့ဘူး"
မူလနတ်ဘုရား အဆင့် (၁) ရှိသော ကျင့်ကြံသူ တစ်ဦးက သွားကို ကြိတ်ကာ အော်ဟစ်လိုက်သည်။
မူလနတ်ဘုရား အဆင့် (၃) အထွတ်အထိပ် ၌ ရှိသော အဖြူရောင် ဝတ်ရုံဝတ် အဘိုးအိုမှာလည်း တောင့်ခံနိုင်ရန်အတွက် အသည်းအသန် ကြိုးစားနေရကာ သူ၏ နဖူးပေါ်တွင် ချွေးစက်ကြီးများ စီးကျနေ၏။
"တောင့်မခံနိုင်ရင်တောင် တောင့်ခံရမှာပဲ"
ဂိုဏ်းချုပ် က သူ၏ မျက်ဝန်းများထဲတွင် ပြတ်သားမှုများ ပြည့်နှက်လျက် လေးနက်စွာ ပြောလိုက်ကာ ဟစ်အော်လိုက်၏။
"ဒါမှမဟုတ်ရင် ငါတို့ရဲ့ ပျံသန်းသော ဝိညာဉ်ဂိုဏ်း တစ်ခုလုံး အမြစ်ပြတ် သုတ်သင်ခံရလိမ့်မယ်"
"ဟမ့်... ငါ့နယ်မြေထဲကို ဝင်လာရဲတဲ့အတွက် မင်းတို့အားလုံး သေကြရမယ်"
မီးလျှံ ငှက်ကြီး သည် လူစကားကို ပြောဆိုလိုက်ပြီး သူ၏ မီးတောက် အသက်ရှူသံကို ရပ်တန့်လိုက်ကာ အတောင်ပံများကို အဆက်မပြတ် ခတ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်မှ မီးတောက်များမှာ ဧရာမ မီးလျှံဓားကြီး တစ်လက်အလား ထွက်ပေါ်လာကာ အောက်ဘက်သို့ လျင်မြန်စွာ ပိုင်းချလိုက်တော့၏။
"ရွှီး…”
ဤတစ်ကြိမ်တွင်မူ ပျံသန်းသော ဝိညာဉ်ဂိုဏ်းချုပ် တည်ဆောက်ထားသော အလင်းတံတိုင်းမှာ အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားကာ လူတိုင်းမှာ လွင့်ထွက်သွားကြပြီး အသက်ငင်နေသော အခြေအနေနှင့်အတူ မြေပြင်ပေါ်သို့ ကျဆင်းသွားကြတော့သည်။
"ကောင်းကင်ဘုံက ငါတို့ ပျံသန်းသော ဝိညာဉ်ဂိုဏ်း ကို ပျက်စီးစေချင်တာပဲ"
အဖြူရောင် ဝတ်ရုံဝတ် အဘိုးအိုသည် ကောင်းကင်ယံကို မော့ကြည့်ကာ မြည်တမ်းလိုက်မိ၏။
---
အခန်း (၅၃၆) - ငါတို့ မြူခိုးဂိုဏ်းက လူတွေကို အမြဲတမ်း မေတ္တာတရားနဲ့ပဲ သိမ်းသွင်းတာပါ
~"ဟမ့်... ဒီနေ့တော့ ငါ အလယ်အလတ်အဆင့် နတ်ဆိုး ဧကရာဇ် အဆင့် ကို အောင်အောင်မြင်မြင် တက်လှမ်းနိုင်ဖို့အတွက် မင်းတို့အားလုံးကို ဝါးမြိုပစ်မယ်"
မီးလျှံ နတ်ဆိုး ဧကရာဇ် က ဟိန်းဟောက်လိုက်ကာ အောက်သို့ ထိုးဆင်းရန် ပြင်လိုက်သည်။
သို့သော်လည်း ထိုအခိုက်အတန့်တွင် ဝေးကွာသော အရပ်ဆီမှနေ၍ လေထုကို ဖြတ်သန်းလာသော စူးရှသည့် အသံများ ထွက်ပေါ်လာကာ ရှိနေသမျှသော သက်ရှိများ၏ အာရုံကို ဖမ်းစားသွားတော့၏။ ၎င်းမှာ ကျင့်ကြံသူ တစ်အုပ်ပင် ဖြစ်သည်။
ရှေ့ဆုံးမှ ဦးဆောင်လာသူမှာ ခန့်ညားထည်ဝါလှသော အသွင်အပြင်ရှိပြီး မည်သည့် အရှိန်အဝါမှ ထုတ်လွှတ်နေခြင်း မရှိသော်လည်း ကြည့်ရုံမျှဖြင့် မြင့်မားလှသော တောင်ကြီးတစ်လုံးကို ရင်ဆိုင်နေရသကဲ့သို့ ခံစားချက်ကို ပေးစွမ်းနေ၏။ သူ၏ နောက်ကွယ်တွင်မူ လူငယ်အချို့နှင့် မီးခိုးရောင် ဝတ်ရုံဝတ် အဘိုးအို တစ်ဦး ပါဝင်ပြီး ၎င်းတို့မှာ မူလနတ်ဘုရား အဆင့် ကျင့်ကြံခြင်းများ ရှိနေကြ၏။
"ဒါ ပျံသန်းသော ဝိညာဉ်ဂိုဏ်းချုပ် ပဲ"
ယဲ့ဖုန်း ၏ ဘေးတွင် ရပ်နေသော တတိယမင်းသား က အလျင်အမြန်ပင် အသံတိုးတိုးဖြင့် မိတ်ဆက်ပေးလိုက်သည်။
"သူတို့က အဖွဲ့ဝင် သိပ်မများတဲ့ ကြယ် (၃) ပွင့် အဆင့် အင်အားစု တစ်ခုပါ... ဒါပေမဲ့ သူတို့ ဂိုဏ်းထဲမှာ မူလနတ်ဘုရား အဆင့် ရှိတဲ့ တန်ခိုးရှင် (၅) ဦး ရှိနေတာကြောင့် ခြုံငုံကြည့်ရင်တော့ သူတို့ရဲ့ အင်အားက တော်တော်လေး ကောင်းတယ်လို့ ပြောလို့ ရပါတယ်"
"ကျွန်တော် ပျံသန်းသော ဝိညာဉ်ဂိုဏ်းချုပ် ကို သိပါတယ်"တတိယမင်းသား က ဆက်လက် ပြောကြားလိုက်၏။
မြေပြင်ပေါ်၌ ရှိနေကြသော ပျံသန်းသော ဝိညာဉ်ဂိုဏ်းချုပ် နှင့် ဘေးပတ်ဝန်းကျင်မှ မူလနတ်ဘုရား အဆင့် တန်ခိုးရှင်များ အားလုံးသည် မီးခိုးရောင် ဝတ်ရုံဝတ် အဘိုးအိုနှင့် တတိယမင်းသား တို့ကို မြင်တွေ့လိုက်ရသောအခါ နှလုံးသားထဲ၌ ဝမ်းသာအားရ ဖြစ်သွားကြတော့သည်။
"ဒါ လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော် က တတိယမင်းသား လင်လော့ထျန်း ပဲ"
"သူ့ရဲ့ အစောင့်အရှောက်လည်း ရောက်လာပြီဆိုတော့ ငါတို့အတွက် မျှော်လင့်ချက် ရှိသွားပြီ"
"ဟင်... ကြည့်လိုက်ပါဦး... တတိယမင်းသား တောင်မှ ဘေးမှာ ရပ်နေရတာပဲ... အရှေ့ဆုံးက အဖြူရောင် ဝတ်ရုံဝတ် လူငယ်က ဘယ်သူများလဲ... ကြည့်ရတာ သူက တော်တော်လေး အရေးပါတဲ့လူ ဖြစ်ရမယ်"
ပျံသန်းသော ဝိညာဉ်ဂိုဏ်း မှ ကျင့်ကြံသူများ၏ မျက်နှာပေါ်တွင် ဝမ်းသာမှုများ ပျံ့နှံ့သွားပြီး ၎င်းနောက်တွင် အလွန်အမင်း အံ့အားသင့်သော အမူအရာများ ဖြစ်ပေါ်လာကြ၏။
မီးလျှံ နတ်ဆိုး ဧကရာဇ် သည် ယဲ့ဖုန်း နှင့် သူ၏ အဖွဲ့သားများကို မြင်တွေ့လိုက်ရသည်။ သို့သော်လည်း သူသည် အနည်းငယ်မျှပင် မတုန်လှုပ်ဘဲ လှောင်ပြောင်လိုက်၏။
"သတ်ဖို့အတွက် သိုးသူငယ်တွေ ထပ်ရောက်လာတာပဲ... ငါ့ဆီ လာခဲ့ကြစမ်း... အား"
သူ စကားပင် မဆုံးသေးမီမှာပင် သူ၏ ခန္ဓာကိုယ်မှာ ရုတ်တရက် နောက်သို့ လွင့်ထွက်သွားတော့သည်။
နာကျင်မှုကြောင့် အော်ဟစ်လိုက်ရသလို သူ၏ ခန္ဓာကိုယ်မှ မီးတောက်နေသော အမွှေးအတောင် အမြောက်အမြားမှာလည်း ကျွတ်ထွက်သွားကြတော့၏။
"နင်က အထိမခံနိုင်ဘူးပဲ"
ကောင်းကင်ယံထက်၌ ဟူဖေးဖေး သည် ပထမ တိုက်ခိုက်ရေး ပုံစံ သို့ ဝင်ရောက်လိုက်ကာ လက်နှစ်ဖက်ဖြင့် ပေါက်ကွဲစေသော တုတ်တို ကို ကိုင်စွဲလျက် လွှဲယမ်းထားသည့် အနေအထားတွင် ရှိနေ၏။ သူမသည် အမွှေးများ ကျွတ်ထွက်နေသော မီးလျှံ နတ်ဆိုး ဧကရာဇ် ကို ကြည့်ကာ လှောင်ပြောင်လိုက်သည်။
"သေချင်နေတာလား"
မီးလျှံ နတ်ဆိုး ဧကရာဇ် သည် ဒေါသအမျက် ချောင်းချောင်းထွက်သွားကာ သူ၏ ထက်မြက်လှသော လက်သည်းများကို ဝှေ့ယမ်းလိုက်ပြီး ဟူဖေးဖေး ကို တစ်စစီ ဆွဲဖြဲရန် ကြိုးစားလိုက်၏။
"ဝုန်း။ ဝုန်း။ ဝုန်း
ဟူဖေးဖေး သည် လျှပ်တပြက် နေရာရွှေ့ပြောင်းခြင်း ကို အသုံးပြုကာ ရှောင်တိမ်းလိုက်ပြီး မီးလျှံ နတ်ဆိုး ဧကရာဇ် ၏ အထက်၌ ပေါ်လာသည်။ သူမသည် ပေါက်ကွဲစေသော တုတ်တို ဖြင့် မျက်တောင်တစ်ခတ်အတွင်း အကြိမ်ပေါင်း ရာနှင့်ချီ၍ ထိုးနှက်လိုက်တော့၏။ ထိုအခိုက်၊ မီးလျှံ နတ်ဆိုး ဧကရာဇ် ၏ ဦးခေါင်းမှာ ပေါက်ကွဲတော့မည့်အလား ခံစားလိုက်ရကာ နားထဲတွင်လည်း "ဝိန်း... ဝိန်း...” ဟူသော အသံများဖြင့် ပြည့်နှက်သွားတော့၏။
"ဒုန်း"
သူသည် ဆက်လက် တောင့်မခံနိုင်တော့ဘဲ ကောင်းကင်ယံမှနေ၍ မြေပြင်ပေါ်သို့ ကျဆင်းသွားကာ တောင်တန်းအချို့ကို အစိတ်စိတ်အမွှာမွှာ ဖြစ်အောင် ရိုက်ခွဲပစ်လိုက်တော့သည်။
မြေပြင်ပေါ်၌ ရှိနေကြသော ပျံသန်းသော ဝိညာဉ်ဂိုဏ်း မှ ကျင့်ကြံသူများ အားလုံးမှာ ဆွံ့အသွားကြရ၏။
"ဒါ... ဒါက ဘယ်သူလဲ... အရမ်း ကြမ်းတာပဲ"
"ဘယ်သူလဲဆိုတာ ငါတို့ မသိပေမဲ့ သူက လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော် ရဲ့ တတိယမင်းသား နဲ့အတူ ရောက်လာတာဆိုတော့ ရန်သူတော့ မဟုတ်လောက်ပါဘူးနော်"
"ဒါဆို ငါတို့ လွတ်မြောက်ပြီပေါ့"
ပျံသန်းသော ဝိညာဉ်ဂိုဏ်း မှ ကျင့်ကြံသူများမှာ အလွန်ပင် ဝမ်းသာသွားကြတော့သည်။
ကောင်းကင်ယံ၌ ဟူဖေးဖေး သည် ယဲ့ဖုန်း ၏ ဘေးနားသို့ ပြန်လည် ရောက်ရှိလာခဲ့၏။ သူမသည် ပေါက်ကွဲစေသော တုတ်တို ကို ညာဘက်လက်ဖြင့် ကိုင်စွဲကာ ပုခုံးပေါ်တွင် တင်ထားပြီး ဘယ်ဘက်လက်ဖြင့် နှာခေါင်းထိပ်ကို ဂုဏ်ယူစွာ ပွတ်သပ်လိုက်ရင်း ပြောလိုက်သည်။
"ဂိုဏ်းချုပ်... ကျွန်မ တော်တယ် မဟုတ်လား"
"တော်တယ်... အရမ်း ကြမ်းတာပဲ"
ယဲ့ဖုန်း က လက်မထောင်ပြလိုက်၏။
ဟူဖေးဖေး သည် ပုံမှန် အနေအထား၌ မူလနတ်ဘုရား အဆင့် (၃) ဆင့် ၏ အထွတ်အထိပ် ခွန်အား ရှိသည်။ ပထမ တိုက်ခိုက်ရေး ပုံစံ တွင်မူ သူမသည် အဆင့်နိမ့် နတ်ဆိုး ဧကရာဇ် အထွတ်အထိပ် ၌ ရှိသော မီးလျှံ နတ်ဆိုး ဧကရာဇ် ကို အပြည့်အဝ နှိမ်နင်းနိုင်သည်။
"သွားကြစို့... အရင်ဆုံး သွားပြီး... အာ... မဟုတ်ဘူး... မီးလျှံ နတ်ဆိုး ဧကရာဇ် ကို ဖျောင်းဖျဖို့ သွားကြတာပေါ့"
ယဲ့ဖုန်း က သူ၏ စကားမှားသွားသည်ကို အမြန်ပင် ပြင်လိုက်၏။
သူသည် မေတ္တာတရားဖြင့် သိမ်းသွင်းရန် စီစဉ်ထားခြင်းပင် ဖြစ်၏။
"ဝူး"
ယဲ့ဖုန်း သည် မြေပြင်ပေါ်သို့ ဆင်းသက်လိုက်ကာ မူးဝေနေသော မီးလျှံ နတ်ဆိုး ဧကရာဇ် ၏ ရှေ့တွင် ရပ်လိုက်ပြီး ပျံသန်းသော ဝိညာဉ်ဂိုဏ်း မှ လူများကိုတော့ လျစ်လျူရှုထားလိုက်၏။ သို့သော်လည်း တတိယမင်းသား နှင့် မီးခိုးရောင် ဝတ်ရုံဝတ် အဘိုးအိုတို့သည် ပျံသန်းသော ဝိညာဉ်ဂိုဏ်းချုပ် ဆီသို့ ပျံသန်းသွားကြကာ အသံတိုးတိုးဖြင့် စကားပြောဆိုနေကြသည်။ ရံဖန်ရံခါ ယဲ့ဖုန်း ကို လှမ်းကြည့်လိုက်ကြရာ ၎င်းတို့၏ မျက်နှာများမှာ တည်ကြည် လေးနက်နေကြသည်။
"နတ်ဆိုးလေး... ငါက မြူခိုးဂိုဏ်း ရဲ့ ဂိုဏ်းချုပ် ယဲ့ဖုန်း ပဲ။ မင်း ငါ့ဆီမှာ အညံ့ခံပြီးတော့ တောင်စောင့် ဝိညာဉ်သားရဲ တစ်ကောင်အဖြစ် နေထိုင်ချင်သလား" ယဲ့ဖုန်း က မီးလျှံ နတ်ဆိုး ဧကရာဇ် ကို မေးမြန်းလိုက်သည်။
"သွားသေလိုက်... အား"
မီးလျှံ နတ်ဆိုး ဧကရာဇ် သည် တောင်စောင့် ဝိညာဉ်သားရဲ တစ်ကောင် ဖြစ်ရမည်ဟူသော အတွေးကြောင့် ဒေါသထွက်သွားကာ အမွှေးအတောင်များ ထောင်ထွက်လာလျက် ဆဲရေးလိုက်၏။ သို့သော်လည်း ဟူဖေးဖေး ၏ တုတ်တစ်ချက် ဝှေ့ယမ်းလိုက်မှုကြောင့် သူသည် ချက်ချင်းပင် လိမ်မာသွားတော့သည်။
"ဖေးဖေး... အရမ်းကြီး မကြမ်းနဲ့လေ... ငါတို့ မြူခိုးဂိုဏ်း က လူတွေကို အမြဲတမ်း မေတ္တာတရားနဲ့ပဲ သိမ်းသွင်းတာပါ" ယဲ့ဖုန်း က လက်ယမ်းပြလိုက်၏။
မီးလျှံ နတ်ဆိုး ဧကရာဇ် မှာ မျက်လုံးကြီး ပြူးသွားတော့သည်။
မေတ္တာတရားနဲ့ သိမ်းသွင်းတယ် ဟုတ်လား။
မင်းရဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေကို ငါ မယုံဘူး။
ယဲ့ဖုန်း က ဆက်လက် ပြောကြားလိုက်၏။
"မြူခိုးဂိုဏ်း ထဲကို ဝင်ပြီး တောင်စောင့် ဝိညာဉ်သားရဲ လုပ်လိုက်ပါ။ နေစရာနဲ့ စားစရာကို ငါတို့ တာဝန်ယူမယ်... အဲဒါအပြင် မင်းအနေနဲ့ နတ်ဆိုး ဧကရာဇ် အဆင့် ရှိတဲ့ မိစ္ဆာမျိုးနွယ် ကျင့်စဉ်တွေကို လေ့ကျင့်ခွင့် ရလိမ့်မယ်... ဘယ်လိုလဲ... စိတ်ဝင်စားသွားပြီလား"
နတ်ဆိုး ဧကရာဇ် အဆင့် ရှိတဲ့ မိစ္ဆာမျိုးနွယ် ကျင့်စဉ်လား။
မီးလျှံ နတ်ဆိုး ဧကရာဇ် သည် ထိုစကားကို အထင်သေးစွာ ကြည့်လိုက်၏။
ဒီလူငယ်က တကယ်ပဲ အဲဒီလို ကျင့်စဉ်မျိုး ရှိနိုင်ပါ့မလား။
"ဂိုဏ်းချုပ်... ကြည့်ရတာ သူက မယုံကြည်သေးတဲ့ ပုံပဲ... သူ့ကို အညံ့ခံလာအောင် ရိုက်နှက်လိုက်ရမလား... မင်းသမီးလေး က တိုက်ခိုက်ရတာကို အရမ်း ဝါသနာပါတာနော်"ဟူဖေးဖေး က သူမ၏ ပေါက်ကွဲစေသော တုတ်တို ကို လွှဲယမ်းလိုက်သည်။
လေထုကို ဖြတ်သန်းသွားသော စူးရှသည့် အသံကို ကြားလိုက်ရသောအခါ မီးလျှံ နတ်ဆိုး ဧကရာဇ် သည် မသိမသာ ဇက်ပုသွား၏။
"မလုပ်ပါနဲ့... ငါတို့က ယုတ္တိတန်တန်နဲ့ အနိုင်ယူမှာပါ"
ယဲ့ဖုန်း က သူမကို တားဆီးရန် လက်ယမ်းပြလိုက်ကာ သူ၏ လက်ချောင်းကို တစ်ချက် ဝှေ့ယမ်းလိုက်ရာ ရှေးဟောင်း ကျင့်စဉ်၏ ပထမဆုံး အစိတ်အပိုင်းမှာ လေထဲ၌ ပေါ်ထွက်လာတော့သည်။ ရင်းနှီးနေသော ရှေးဟောင်း မိစ္ဆာ စာသားများကို မြင်လိုက်ရသောအခါ မီးလျှံ နတ်ဆိုး ဧကရာဇ် ၏ မျက်လုံးများမှာ အံ့အားသင့်မှုကြောင့် ပြူးကျယ်သွားကာ နောက်သို့ပင် လန်ကျမတတ် ဖြစ်သွားတော့၏။
"နတ်ဆိုး ဧကရာဇ် နည်းစနစ်... ဒါ... ဒါက တကယ့်ကို နတ်ဆိုး ဧကရာဇ် အဆင့် ရှိတဲ့ မိစ္ဆာမျိုးနွယ် ကျင့်စဉ်ပဲ။ ဂိုဏ်းချုပ်... အခုကစပြီး င်ဗျားက ကျွန်တော့်ရဲ့ ဂိုဏ်းချုပ် ပါပဲ"
မီးလျှံ နတ်ဆိုး ဧကရာဇ် မှာ အရှက်မရှိတော့ပေ။ သူသည် သူ၏ ခန္ဓာကိုယ်ကို ဆန္ဒအလျောက် ကျုံ့လိုက်ကာ သူ၏ အတောင်ပံများဖြင့် ယဲ့ဖုန်း ၏ ခြေထောက်များကို ဖက်တွယ်လိုက်ပြီး မြေပြင်ပေါ်၌ ဝပ်စင်းလျက် သူ၏ ဗိုက်လုံးလုံးကြီးကို အညံ့ခံသော အနေအထားဖြင့် လှန်ပြလိုက်တော့၏။
"ကောင်းပြီ"
ယဲ့ဖုန်း က ပြုံးလိုက်ကာ မီးလျှံ နတ်ဆိုး ဧကရာဇ် ၏ ဦးခေါင်းကို ချက်ချင်းပင် ပွတ်သပ်လိုက်သည်။ ထိုသတ္တဝါထံမှ မည်သည့် ခုခံမှုမျှ မရှိသဖြင့် နတ်ဆိုးသားရဲဆောင် မှတစ်ဆင့် ချိတ်ဆက်မှုကို လျင်မြန်စွာ အဆုံးသတ်လိုက်ရာ ၎င်းမှာ မြူခိုးဂိုဏ်း ၏ (၇၁) ကောင်မြောက် တောင်စောင့် ဝိညာဉ်သားရဲ ဖြစ်လာခဲ့တော့သည်။
ပြင်းထန်လှသော အရှိန်အဝါတစ်ခုသည် ယဲ့ဖုန်း ၏ ခန္ဓာကိုယ်အတွင်း၌ လျင်မြန်စွာ ပေါက်ကွဲထွက်လာသည်။ အဆင့်နိမ့် နတ်ဆိုး ဧကရာဇ် အထွတ်အထိပ် ၏ အထောက်အပံ့ကြောင့် သူ၏ ကိုယ်ခန္ဓာ ကြံ့ခိုင်မှုမှာ ပိုမို အားကောင်းလာကာ အဆင့်မြင့် မူလနတ်ဘုရား အဆင့် ၏ အဆင့်အတန်းသို့ ရောက်ရှိသွားတော့၏။ သူ၏ လက်သီးတစ်ချက်ဖြင့် တောင်တန်းများနှင့် မြစ်ချောင်းများကို အစိတ်စိတ်အမွှာမွှာ ဖြစ်အောင် ရိုက်ခွဲနိုင်တော့၏။
"အလန်းကြီးပဲ"
ယဲ့ဖုန်း မှာ အလွန်ပင် ဝမ်းသာသွားတော့သည်။
လေနတ်ဆိုး တောင်တန်း ထဲကို စတင် ဝင်ရောက်ရုံရှိသေးသော်လည်း အဆင့်နိမ့် နတ်ဆိုး ဧကရာဇ် အထွတ်အထိပ် တစ်ကောင်ကို ရရှိခဲ့ပြီ ဖြစ်၏။ အကယ်၍ သူ ဤနေရာမှာ ဆက်လက် ရှာဖွေနေဦးမည်ဆိုလျှင် သူ၏ ကိုယ်ခန္ဓာ ကြံ့ခိုင်မှုမှာ မူလနတ်ဘုရား အဆင့် အထွတ်အထိပ်သို့ ရောက်ရှိရန် သိပ်မကြာတော့ပေ။ ဟင်းလင်းပြင် ဖြိုခွဲ အဆင့် သို့ပင် ရောက်ရှိသွားနိုင်ပေသေး၏။
"ဂိုဏ်းချုပ် ယဲ့ ဖြစ်နေတာကိုး... တွေ့ရတာ ဝမ်းသာပါတယ် ခင်ဗျာ"
"ကျွန်တော်တို့ ဒီနေ့ အသက်ဘေးက လွတ်မြောက်ခဲ့တာဟာ ဂိုဏ်းချုပ် ရဲ့ အစောင့်အရှောက် အချိန်မီ ကူညီပေးခဲ့လို့ပါ... မဟုတ်ရင်တော့ ကျွန်တော်တို့ရဲ့ ပျံသန်းသော ဝိညာဉ်ဂိုဏ်း ဟာ ဒီနေ့မှာတင် အမြစ်ပြတ် သုတ်သင်ခံရတော့မှာပါ"
ထိုအခိုက်အတန့်၌ ပျံသန်းသော ဝိညာဉ်ဂိုဏ်းချုပ် နှင့် ၎င်းတို့၏ အကြီးအကဲများ၊ တပည့်များသည် တတိယမင်းသား ၏ နောက်မှ လိုက်ပါလာကြကာ ယဲ့ဖုန်း ကို လက်နှစ်ဖက် ဆုပ်လျက် ဂါရဝပြုလိုက်ကြ၏။
"မတရားမှုကို မြင်ရင် ဓားကို ဆွဲထုတ်ပြီး ကူညီရမှာက လူတိုင်းရဲ့ တာဝန်ပဲလေ... ဒီလောက်အထိ ယဉ်ကျေးနေစရာ မလိုပါဘူး... ပျံသန်းသော ဝိညာဉ်ဂိုဏ်းချုပ် "
ယဲ့ဖုန်း က ခေါင်းညိတ်ပြလိုက်ကာ တတိယမင်းသား ဆီသို့ လှမ်းကြည့်လိုက်ပြီး -
"မီးလျှံ နတ်ဆိုး ဧကရာဇ် ကို ဖျောင်းဖျလို့ ပြီးသွားပြီ။ အခုတော့ နောက်ထပ် သွားမယ့်နေရာကို သွားပြီး တခြား နတ်ဆိုး ဧကရာဇ် တွေကို ဆက်ပြီး ဖျောင်းဖျရအောင်"
"အဲဒီလောက်တောင် မြန်တာလား"
တတိယမင်းသား ၏ မျက်လုံးများမှာ ပြူးကျယ်သွားတော့၏။
လက်ဘက်ရည် တစ်ခွက် သောက်စာမျှသော အချိန်အတွင်းမှာတင် ယဲ့ဖုန်း သည် နတ်ဆိုး ဧကရာဇ် တစ်ကောင်ကို သိမ်းသွင်းနိုင်ခဲ့ပြီလား။ ဤအစွမ်းမှာ အံ့ဩစရာကောင်းလောက်အောင် မြင့်မားနေသည် မဟုတ်ပါလား။
ယဲ့ဖုန်း က မီးလျှံ နတ်ဆိုး ဧကရာဇ် ကို သိမ်းသွင်းလိုက်သည်ကို ကြားလိုက်ရသောအခါ ပျံသန်းသော ဝိညာဉ်ဂိုဏ်း မှ ကျင့်ကြံသူများမှာလည်း အံ့အားသင့်သွားကြရသည်။
"ဂိုဏ်းချုပ် ယဲ့... ကျွန်တော်တို့ လေနတ်ဆိုး တောင်တန်း ထဲက တခြား နတ်ဆိုး ဧကရာဇ် တွေ ဘယ်မှာ နေထိုင်ကြသလဲဆိုတာ သိပါတယ်... ကျွန်တော်တို့ လမ်းပြပေးရမလား ခင်ဗျာ"ပျံသန်းသော ဝိညာဉ်ဂိုဏ်းချုပ် က ကိုယ်တိုင် ကိုယ်ကျ ကမ်းလှမ်းလိုက်သည်။
သူတို့သည် ယဲ့ဖုန်း တို့ အဖွဲ့ကြောင့် အသက်ဘေးမှ လွတ်မြောက်ခဲ့ရသဖြင့် ဤနည်းဖြင့် ကျေးဇူးဆပ်လိုကြခြင်းပင် ဖြစ်၏။
မီးလျှံ နတ်ဆိုး ဧကရာဇ် က နှာခေါင်းရှုံ့လိုက်ကာ - "ဖူး... မင်းတို့က ဘာသိလို့လဲ... မင်းတို့က ငါ့ထက် ပိုသိမယ်လို့ ထင်နေတာလား"
သူသည် လေနတ်ဆိုး တောင်တန်း ၏ ဌာနေ နတ်ဆိုး တစ်ကောင် ဖြစ်သဖြင့် ဤနယ်မြေအကြောင်းကို သူထက် ပိုသိသူ မရှိပေ။ အိမ်နီးချင်းတွေကို ရောင်းစားဖို့ ကိစ္စမှာတော့ သူက အတော်ဆုံးပင် ဖြစ်ရာ လုံးဝ မှားယွင်းစရာ အကြောင်းမရှိပေ။
ဤသည်ကို ကြားလိုက်ရသောအခါ ပျံသန်းသော ဝိညာဉ်ဂိုဏ်းချုပ် မှာ ထပ်မံ စကားမပြောဝံ့တော့ပေ။
"အားနာစရာ မလိုပါဘူး... ပျံသန်းသော ဝိညာဉ်ဂိုဏ်းချုပ် ။ မီးလျှံ နတ်ဆိုး ဧကရာဇ် ရဲ့ အကူအညီနဲ့တင် တခြား နတ်ဆိုး ဧကရာဇ် တွေကို ရှာဖို့ လုံလောက်နေပါပြီ"
ယဲ့ဖုန်း ကလည်း ယဉ်ကျေးစွာဖြင့်ပင် ငြင်းပယ်လိုက်သည်။
မကြာမီမှာပင် အဖွဲ့သားများမှာ လူစုခွဲခဲ့ကြ၏။
ယဲ့ဖုန်း နှင့် သူ၏ အဖော်များသည် မီးလျှံ နတ်ဆိုး ဧကရာဇ် ၏ ကျောပေါ်တွင် ထိုင်လျက် မိုင်ပေါင်း ထောင်ချီဝေးသော တောင်တန်းများကြားရှိ ကျယ်ပြောလှသော ကန်ကြီးတစ်ခုဆီသို့ ပျံသန်းသွားကြတော့သည်။ ထိုနေရာ၌ ရေဓာတ် နတ်ဆိုး ဧကရာဇ် တစ်ကောင် နေထိုင်သည်။
မြေပြင်ပေါ်၌ ရှိနေကြသော ပျံသန်းသော ဝိညာဉ်ဂိုဏ်း မှ ကျင့်ကြံသူ အမြောက်အမြားမှာ ယဲ့ဖုန်း ပျံသန်းသွားသည်ကို အားကျစိတ်များဖြင့် ငေးကြည့်နေကြ၏။
"လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော် ရဲ့ တတိယမင်းသား ဆီက ငါ..ကြားတာကတော့... ဂိုဏ်းချုပ် ယဲ့ ရဲ့ မြူခိုးဂိုဏ်း ဟာ အခုမှ အသစ်တက်လာတဲ့ ကြယ် (၂) ပွင့် အဆင့် အင်အားစု တစ်ခုပဲတဲ့... ဒါပေမဲ့ ဂိုဏ်းချုပ် ယဲ့ ကိုယ်တိုင်ကတော့ အံ့ဩစရာကောင်းလောက်အောင် ထူးချွန်တဲ့သူပဲ... လင်မြောင် ဘိုးဘေး တောင်မှ သူ့ကို ညီအစ်ကို တစ်ယောက်လို ဆက်ဆံတာတဲ့"
"အဲဒီလောက်တောင် သန်မာတာလား"
"ဟုတ်တယ်... အဲဒီလောက်တောင် သန်မာတာ။ ငါ ကြားတာကတော့ ကျောင်းယန် သန့်စင်သော မြို့တော် က ကျင်းလင်း ဘိုးဘေး တောင်မှ ဂိုဏ်းချုပ် ယဲ့ ကို အရမ်း အလေးထားတာတဲ့"
"ကျင်းလင်း ဘိုးဘေး ဟုတ်လား... လေဝူ ဘိုးဘေး ကို တာအို မိတ်ဆွေလို့ ခေါ်တဲ့... ဟင်းလင်းပြင် ဖြိုခွဲ အဆင့် ရှိတဲ့ ဝါရင့် တန်ခိုးရှင်ကြီး မဟုတ်လား"
"ဟုတ်တယ်... သူပဲလေ"
"ဝိုး"
"ဒါဆိုရင်တော့ ဂိုဏ်းချုပ် ယဲ့ ရဲ့ နောက်ခံက တော်တော်လေးကို နက်နဲတာပဲ"
ပျံသန်းသော ဝိညာဉ်ဂိုဏ်း မှ လူများမှာ တစ်ဦးနှင့်တစ်ဦး ဆွေးနွေးနေကြတော့ သည်။
ဝေးကွာသွားသော ယဲ့ဖုန်း ကို ကြည့်ရင်း သူတို့မှာ မချီးကျူးဘဲ မနေနိုင်ကြတော့ပေ။
တစ်ချိန်တည်းမှာပင် လေနတ်ဆိုး တောင်တန်း ၏ အပြင်ဘက်၌ ကျင့်ကြံသူ တစ်အုပ်မှာ လျင်မြန်စွာ ချဉ်းကပ်လာနေကြပြီး ရှိနေသမျှသော လူတိုင်း၏ အာရုံကို ဖမ်းစားလိုက်ကြတော့၏။
---
အခန်း (၅၃၇) - ငါးကြင်း နတ်ဆိုး ဧကရာဇ်ကို သိမ်းသွင်းခြင်းနှင့် တစ်ဟုန်ထိုး တိုးတက်လာသော ကိုယ်ခန္ဓာ ကြံ့ခိုင်မှု
~"ဂိုဏ်းချုပ်... နန်းတော်က နန်းတွင်း အစေခံတွေ ဘာလို့ ရောက်လာကြတာလဲ ခင်ဗျာ"မူလနတ်ဘုရား အဆင့် ရှိသော အကြီးအကဲ တစ်ဦးက ရောက်ရှိလာသူများကို ကြည့်ကာ မနေနိုင်ဘဲ မေးမြန်းလိုက်သည်။
"ငါလည်း သေချာ မသိဘူး"ပျံသန်းသော ဝိညာဉ်ဂိုဏ်းချုပ် က ခေါင်းကို ခါယမ်းလိုက်၏။
"ဝူး"
ခဏအကြာတွင် ထို မူလနတ်ဘုရား အဆင့် ရှိသော နန်းတွင်း အစေခံများမှာ မြေပြင်ပေါ်သို့ ဆင်းသက်လာကြသည်။ ရှေ့ဆုံးမှ ဦးဆောင်လာသူက ပျံသန်းသော ဝိညာဉ်ဂိုဏ်းချုပ် ကို ဦးညွှတ်လိုက်ကာ ပြောလိုက်၏။
"ပျံသန်းသော ဝိညာဉ်ဂိုဏ်းချုပ် ဖြစ်နေတာကိုး။ ကျွန်တော်တို့က ဂုဏ်သရေရှိ ဧည့်သည်တော် တစ်ယောက်ကို လိုက်ရှာနေတာပါ... အဲဒီလိုလူမျိုးကို မြင်မိသေးလား ခင်ဗျာ"
"ဂုဏ်သရေရှိ ဧည့်သည်တော် ဟုတ်လား"
ပျံသန်းသော ဝိညာဉ်ဂိုဏ်းချုပ် မှာ အံ့အားသင့်သွားကာ ယဲ့ဖုန်း ထွက်ခွာသွားသော လမ်းကြောင်းဆီသို့ မသိမသာ လှမ်းကြည့်လိုက်ပြီး မေးလိုက်၏။
"ဂိုဏ်းချုပ် ယဲ့ ကို ပြောတာလား"
ဒီမေးခွန်းကို ကြားလိုက်ရသောအခါ နန်းတွင်း အစေခံ၏ မျက်ဝန်းများမှာ ဝင်းလက်သွားတော့သည်။
"ဟုတ်ပါတယ်... အဲဒီပုဂ္ဂိုလ်ရဲ့ မျိုးရိုးနာမည်က ‘ယဲ့’ ပါ... သူက လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော် က ဂိုဏ်းတစ်ခုရဲ့ ဂိုဏ်းချုပ် ဖြစ်ပြီးတော့ အရမ်းကို မြင့်မြတ်တဲ့ အဆင့်အတန်းရှိသူပါ…”
ရှေ့ဆုံးမှ အစေခံက ကပျာကယာ ပြောလိုက်သည်။
"ဒါဆိုရင်တော့ ဂိုဏ်းချုပ် ယဲ့ ပဲ ဖြစ်ရမယ်"
ပျံသန်းသော ဝိညာဉ်ဂိုဏ်းချုပ် က အကြိမ်ကြိမ် ခေါင်းညိတ်လိုက်ကာ လေနတ်ဆိုး တောင်တန်း ၏ အနက်ရှိုင်းဆုံး အရပ်ဆီသို့ လက်ညွှိုးညွှန်ပြလျက် ပြောလိုက်၏။
"သူတို့က အတွင်းဘက်ကို ဆက်သွားကြပြီ"
"တကယ်လား။ ကျေးဇူးပြုပြီး လမ်းပြပေးပါဦး"နန်းတွင်း အစေခံများမှာ စိတ်လှုပ်ရှားသွားကြတော့သည်။
ယဲ့ဖုန်း ဟူသော ဂုဏ်သရေရှိ ဧည့်သည်တော်ကို ရှာဖွေတွေ့ရှိပြီး ကောင်းကင်ထစ်ချုန်းမြို့ ရှိ နန်းတော်သို့ ကောင်းမွန်စွာ ဧည့်ခံကျွေးမွေးရန် ခေါ်ဆောင်သွားနိုင်သရွေ့ သူတို့၏ တာဝန်မှာ အပြည့်အဝ ပြီးမြောက်ပေလိမ့်မည်။
"ကောင်းပါပြီ... ပြဿနာ မရှိပါဘူး"
ပျံသန်းသော ဝိညာဉ်ဂိုဏ်းချုပ် က ခေါင်းညိတ်လိုက်ကာ ကျန်ရှိနေသော မူလနတ်ဘုရား အဆင့် အကြီးအကဲ (၄) ဦးကို ဂိုဏ်းသားများကို ခေါ်ဆောင်လျက် ဂိုဏ်းသို့ အရင်ပြန်ရန် အချက်ပြလိုက်ပြီး သူကိုယ်တိုင်ကတော့ လမ်းပြအဖြစ် လုပ်ဆောင်ပေးလိုက်တော့၏။
...
ကျယ်ပြောလှသော ကန်ကြီးတစ်ခု၏ ဘေး၌၊
"ဂိုဏ်းချုပ်... ကျွန်တော် ပြောခဲ့တဲ့ ရေဓာတ် နတ်ဆိုး ဧကရာဇ် က ဒီကန်ထဲမှာ ရှိတာပါ။ သူက ရေအောက်မှာ ပုံဆောင်ခဲ နန်းတော် တစ်ခုကို တည်ဆောက်ထားတယ်လေ။ ကျွန်တော့် အကြံကတော့ အထဲကို အတင်းဝင်ပြီး သူ အညံ့ခံတဲ့အထိ တိုက်ကြတာပေါ့"
မီးလျှံ နတ်ဆိုး ဧကရာဇ် က စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသော မျက်နှာဖြင့် ပြောလိုက်၏။
ယဲ့ဖုန်း သည် ဤကောင်မှာ ကန်ထဲရှိ ရေဓာတ် နတ်ဆိုး ဧကရာဇ် အပေါ်တွင် ရန်ငြိုးတစ်ခုခု ရှိနေသည်မှာ သေချာကြောင်း သတိပြုမိလိုက်သည်။ မဟုတ်လျှင် သူ ဤမျှအထိ စိတ်အားထက်သန်နေစရာ အကြောင်းမရှိပေ။
"ကောင်းပြီလေ... မင်း အရင် ဆင်းသွားလိုက်" ယဲ့ဖုန်း က ပြုံးလျက် ပြောလိုက်၏။
ဤစကားကို ကြားလိုက်ရသောအခါ မီးလျှံ နတ်ဆိုး ဧကရာဇ် ၏ နှုတ်ခမ်းဖျားမှာ တုန်ခါသွားကာ သူ၏ မျက်နှာမှာ ခါးသီးလှသော ဗူးခါးသီးတစ်လုံးအလား ပြောင်းလဲသွားတော့သည်။
"ဂိုဏ်း... ဂိုဏ်းချုပ်... ကျွန်တော် သူ့ကို မယှဉ်နိုင်ပါဘူး"
ခဏမျှ ဝေခွဲမရ ဖြစ်နေပြီးနောက် မီးလျှံ နတ်ဆိုး ဧကရာဇ် မှာ အမှန်တရားကို ကပျာကယာ ဖွင့်ဟလိုက်ရတော့၏။
"ရေက မီးကို အနိုင်ယူနိုင်တယ်လေ... ပြီးတော့ အဲဒီ ရေဓာတ် နတ်ဆိုး ဧကရာဇ် က တော်တော်လေး သန်မာတာပါ။ တစ်ယောက်ချင်း တိုက်မယ်ဆိုရင် ကျွန်တော်က သူ့ထက် အနည်းငယ် နိမ့်ကျပါတယ်"
"မင်း သူ့ကို အပြင်ထွက်လာအောင် မျှားခေါ်လိုက်ရုံပဲ... ကျန်တာကို ငါတို့ လက်ထဲ ထားလိုက်"
"အမိန့်အတိုင်းပါ ခင်ဗျာ"
ရန်သူကို ဆွဲထုတ်ရုံသာ ဖြစ်သည်ဟု သိလိုက်ရသောအခါ မီးလျှံ နတ်ဆိုး ဧကရာဇ် သည် သူ၏ ဧရာမ မူလပုံစံသို့ ချက်ချင်း အသွင်ပြောင်းလိုက်သည်။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးတွင် ပြင်းထန်သော မီးလျှံများ လောင်ကျွမ်းနေလျက် ကန်ထဲသို့ ခုန်ဆင်းသွားတော့၏။
"ဂျီး...ဂျီး"
အပူချိန် မြင့်မားမှုကြောင့် ကန်ရေ အမြောက်အမြားမှာ အငွေ့ပျံသွားကာ ထူထပ်လှသော မြူခိုးများအဖြစ် ကောင်းကင်ယံသို့ လွင့်တက်သွားပြီး နေရောင်ခြည်ကိုပင် ဖုံးကွယ်သွားစေတော့သည်။
"မီးလျှံ နတ်ဆိုး ဧကရာဇ်... မင်းလို အရှုံးသမားက ငါ့အိမ်ကို တိုက်ခိုက်ရဲတယ်ပေါ့။ ဒီနေ့တော့ မင်းကို အေးခဲပြီး သေသွားအောင် လုပ်ပစ်မယ်"
ဒေါသထွက်နေသော အသံတစ်ခုမှာ ကန်ရေအောက်မှ ထွက်ပေါ်လာ၏။
နောက်တစ်စက္ကန့်တွင် "အား" ဟူသော နာကျင်စွာ အော်ဟစ်သံနှင့်အတူ မီးလျှံ နတ်ဆိုး ဧကရာဇ် မှာ တစ်ကိုယ်လုံး ဆီးနှင်းများ ဖုံးလွှမ်းလျက်၊ အမွှေးအတောင်များ ကျွတ်ထွက်ကာ အလွန်အမင်း သနားစရာကောင်းလှသော ပုံစံဖြင့် ရေထဲမှ ထွက်ပေါ်လာပြီး ကမ်းစပ်သို့ လဲကျသွားတော့၏။
"ဝုန်း"
၎င်းနောက်တွင် ငါးကြီး တစ်ကောင်မှာ ရေထဲမှ ခုန်ထွက်လာသည်။ ၎င်းမှာ (၁၀) မီတာခန့် ရှည်လျားပြီး ကြည့်လိုက်လျှင် တောက်ပသော လခြမ်းကွေးတစ်ခုနှင့် ဆင်တူလှသည်။ ၎င်း၏ ခန္ဓာကိုယ်မှာ ထူထပ်လှသော ရွှေရောင်နှင့် ငွေရောင် နဂါးအကြေးခွံများဖြင့် ဖုံးလွှမ်းနေကာ ပါးစပ်ထောင့်တွင်လည်း မုတ်ဆိတ်နှစ်ပင် ရှိနေသဖြင့် ဧရာမ ငါးကြင်းကြီးတစ်ကောင်နှင့် အလွန်တူလှ၏။
၎င်းထံမှ အေးစက်စက် အရှိန်အဝါတစ်ခု ပေါက်ကွဲထွက်လာသည်။
"အဆင့်နိမ့် နတ်ဆိုး ဧကရာဇ် အထွတ်အထိပ် ငါးကြင်းကြီးပဲ... မဆိုးဘူး"
ယဲ့ဖုန်း သည် ရေထဲမှ ခုန်ထွက်လာသော အစွမ်းထက် နတ်ဆိုး ဧကရာဇ် ကို ကြည့်ကာ သူ၏ မျက်ဝန်းများမှာ ဝင်းလက်သွားပြီး မင်းသမီးလေး ဟူဖေးဖေး ကို ချက်ချင်းပင် အမိန့်ပေးလိုက်တော့၏။
"ဟတ်ချိုး"
တိုက်ပွဲတွင် ပါဝင်နိုင်ပြီဟု ကြားလိုက်ရသောအခါ မင်းသမီးလေး ဟူဖေးဖေး သည် အစ်ကိုကြီး ခေါင်းပြား ကဲ့သို့ပင် စိတ်လှုပ်ရှားသွားကာ ပေါက်ကွဲစေသော တုတ်တို ကို ကိုင်စွဲလျက် ရှေ့သို့ ပြေးဝင်သွားတော့သည်။
သူမ၏ ပထမ တိုက်ခိုက်ရေး ပုံစံ တွင် သူမ၏ တိုက်ခိုက်ရေး စွမ်းအားမှာ ကြောက်မက်ဖွယ်ကောင်းလှသည်။ အပြန်အလှန် တိုက်ခိုက်မှု အချို့ ပြုလုပ်ပြီးနောက် သူမသည် ငါးကြင်း နတ်ဆိုး ဧကရာဇ် ၏ နဖူးကို တုတ်ဖြင့် ရိုက်ချလိုက်ရာ ကမ်းစပ်ပေါ်သို့ လဲကျသွားစေကာ ပါးစပ်မှ အမြှုပ်များ ထွက်လာစေတော့၏။
"မင်းတို့က ဘယ်သူတွေလဲ"
ငါးကြင်း နတ်ဆိုး ဧကရာဇ် မှာ အလွန်ပင် ဒေါသထွက်နေသည်။ သူသည် အောင်နိုင်သူ အနေအထားဖြင့် ကြည့်နေသော မီးလျှံ နတ်ဆိုး ဧကရာဇ် ကို စိုက်ကြည့်ကာ ကြိမ်းမောင်းလိုက်၏။
"မင်း ငါ့ကို မနိုင်လို့ တခြားလူတွေ ခေါ်လာတာလား... မင်းက... တကယ့်ကို ယုတ်မာပြီး အရှက်မရှိတဲ့ကောင်ပဲ”
"ငါ မင်းကို အတူတူ ပူးပေါင်းပြီး တိုက်နိုင်နေတာကို ဘာလို့ တစ်ယောက်ချင်း တိုက်နေရမှာလဲ”
မီးလျှံ နတ်ဆိုး ဧကရာဇ် မှာ အရှက်မရှိဘဲ ကျယ်လောင်စွာ လှောင်ပြောင်လိုက်သည်။ သူ၏ စကားများမှာ မောက်မာမှုများဖြင့် ပြည့်နှက်နေ၏။
ယဲ့ဖုန်း သည် လက်နှစ်ဖက်ကို နောက်ပစ်လျက် ငါးကြင်း နတ်ဆိုး ဧကရာဇ် ၏ ရှေ့သို့ လှမ်းတက်လိုက်ကာ ခေါင်းကို အနည်းငယ် မော့လျက် နူးညံ့စွာ ပြုံးပြပြီး ခပ်တိုးတိုး ပြောလိုက်၏။
"ငါက မြူခိုးဂိုဏ်း ရဲ့ ဂိုဏ်းချုပ် ယဲ့ဖုန်း ပဲ။ မင်းကို တောင်စောင့် ဝိညာဉ်သားရဲ တစ်ကောင် ဖြစ်စေချင်တယ်။ နေစရာနဲ့ စားစရာလည်း ပါမယ်... ပြီးတော့ နတ်ဆိုး ဧကရာဇ် အဆင့် ရှိတဲ့ မိစ္ဆာမျိုးနွယ် ကျင့်စဉ်ကိုလည်း လေ့ကျင့်ခွင့် ရလိမ့်မယ်... မစိုးရိမ်ပါနဲ့... ငါတို့က မင်းကို အဓမ္မ မခိုင်းပါဘူး။ ဘာလို့လဲဆိုတော့ မြူခိုးဂိုဏ်း ဆိုတာ မေတ္တာတရားနဲ့ပဲ လူတွေကို သိမ်းသွင်းတာမို့လို့ပဲ"
ထိုအခါ၊ ငါးကြင်း နတ်ဆိုး ဧကရာဇ် သည် ပေါက်ကွဲစေသော တုတ်တို ကို ကိုင်ထားသည့် မင်းသမီးလေး ဟူဖေးဖေး ကို တစ်ချက် ကြည့်လိုက်ကာ ထို့နောက် ပြုံးနေသော ယဲ့ဖုန်း ကို ကြည့်လိုက်ပြီး သူ၏ နှုတ်ခမ်းဖျားမှာ တုန်ခါသွားတော့၏။
မေတ္တာတရားနဲ့ သိမ်းသွင်းတယ် ဟုတ်လား။
မင်းရဲ့ ယုတ်မာမှုတွေကို ငါ တကယ့်ကို လက်ဖျားခါသွားပြီ။
ဆန္ဒမရှိသော်လည်း မီးလျှံ နတ်ဆိုး ဧကရာဇ် တောင်မှ အညံ့ခံခဲ့သည်ကို တွေးတောမိသောအခါ ငါးကြင်း နတ်ဆိုး ဧကရာဇ် မှာ အညံ့ခံရန် ဆုံးဖြတ်လိုက်ရတော့၏။
"ကျွန်တော် ဝိညာဉ်သားရဲ တစ်ကောင် ဖြစ်နိုင်ပါတယ်... ဒါပေမဲ့ နတ်ဆိုး ဧကရာဇ် အဆင့် ရှိတဲ့ မိစ္ဆာမျိုးနွယ် ကျင့်စဉ် က အစစ်အမှန် ဖြစ်ရမယ်နော်"
"သေချာတာပေါ့... အစစ်အမှန်ပါ"
ယဲ့ဖုန်း သည် ‘နတ်ဆိုး ဧကရာဇ် နည်းစနစ်’၏ နတ်ဆိုးစစ်သည်တော် အခန်းကဏ္ဍ ကို ချက်ချင်းပင် ထုတ်ဖော်ပြလိုက်ရာ နက်နဲလှသော ရှေးဟောင်း မိစ္ဆာ စာသားများမှာ ငါးကြင်း နတ်ဆိုး ဧကရာဇ် ၏ အာရုံကို ချက်ချင်း ဖမ်းစားသွားတော့သည်။
"ဘုရားရေ... ဒါ တကယ့်ကို နတ်ဆိုး ဧကရာဇ် အဆင့် ရှိတဲ့ ကျင့်စဉ်ပဲ"
ငါးကြင်း နတ်ဆိုး ဧကရာဇ် မှာ အလွန်ပင် ဝမ်းသာသွားတော့သည်။
ဤသည်ကို မြင်လိုက်ရသောအခါ ယဲ့ဖုန်း သည် သူ၏ လက်ကို ဆန့်ထုတ်လိုက်ကာ ငါးကြင်း နတ်ဆိုး ဧကရာဇ် ၏ နဖူးကို ခပ်ဖွဖွလေး ထိလိုက်ပြီး နတ်ဆိုးသားရဲဆောင် ၏ (၇၂) ကောင်မြောက် ဝိညာဉ်သားရဲအဖြစ် သိမ်းသွင်းလိုက်တော့၏။
"မဆိုးဘူး... တော်တော်လေး ချောချောမွေ့မွေ့ ရှိလှတယ်"
ဒုတိယမြောက် နတ်ဆိုး ဧကရာဇ် အဆင့်ရှိ ဝိညာဉ်သားရဲ၏ ခွန်အား အထောက်အပံ့ကြောင့် ယဲ့ဖုန်း သည် မိမိကိုယ်ကိုယ် သိသိသာသာ ပိုမို သန်မာလာကြောင်း အာရုံခံလိုက်ရသည်။
ဤ လေနတ်ဆိုး တောင်တန်း ခရီးစဉ် အဆုံးသတ်တွင် သူ၏ ကိုယ်ခန္ဓာ ကြံ့ခိုင်မှုမှာ အနည်းဆုံး မူလနတ်ဘုရား အဆင့် အထွတ်အထိပ် အထိ တိုးတက်နိုင်လိမ့်မည်။
"လေနတ်ဆိုး တောင်တန်း မှာ မဟာ နတ်ဆိုး ဧကရာဇ်ကြီး (၅) ပါး ရှိတယ်။ အခု ငါ (၂) ပါးကို သိမ်းသွင်းပြီးပြီဆိုတော့ ကျန်တာ (၃) ပါး ရှိသေးတာပေါ့။ မီးလျှံ နတ်ဆိုး ဧကရာဇ်... ဆက်ပြီး လမ်းပြဦး"
"နားလည်ပါပြီ"
မီးလျှံ နတ်ဆိုး ဧကရာဇ် မှာ အစေခံ တစ်ဦးအလား ရှေ့ဆုံးမှနေ၍ တစ်ဟုန်ထိုး ပြေးထွက်သွားတော့၏။ သူသည် သူ၏ အိမ်နီးချင်းများကို ရောင်းစားရသည်ကို အလွန်ပင် နှစ်သက်လှသည်။
"ဒီကောင်ကတော့"
ငါးကြင်း နတ်ဆိုး ဧကရာဇ် သည် ခွေးတစ်ကောင်အလား ရှေ့ဆုံးမှ ပြေးထွက်သွားသော မီးလျှံ နတ်ဆိုး ဧကရာဇ် ကို အထင်သေးစွာ ကြည့်လိုက်ပြီး၊ ကောင်းကောင်း ဆုံးမပေးချင်စိတ် ပေါက်နေ၏။
နာရီဝက်ခန့် ကြာပြီးနောက်၊
မိုင်ပေါင်း သိန်းချီသော အကွာအဝေးဝယ်၊
ပေတစ်သောင်း မြင့်မားသော ဧရာမ တောင်ထိပ်ကြီး၏ အထက်ပိုင်း၌ ဟူဖေးဖေး သည် ပထမ တိုက်ခိုက်ရေး ပုံစံ သို့ ဝင်ရောက်လိုက်သည်။ သူမ၏ ပေါက်ကွဲစေသော တုတ်တို ကို လွှဲယမ်း၍ ကျောဘက်တွင် အတောင်ပံများပါသော လူသားပုံသဏ္ဍာန် နတ်ဆိုး ဧကရာဇ် တစ်ကောင်ကို မြေပြင်ပေါ်သို့ ရိုက်ချလိုက်သည်။
"ငါက မြူခိုးဂိုဏ်း ရဲ့ ဂိုဏ်းချုပ် ပါ...”
ထိုအခိုက်အတန့်၌ ယဲ့ဖုန်း သည် ဖြည်းညှင်းစွာ လျှောက်လှမ်းလာ၏။
သူ၏ ချိုသာသော စကားများနှင့် ခြိမ်းခြောက်မှုများအောက်တွင် "ကောင်းကင်ထစ်ချုန်း ဧကရာဇ်” ဟု သိကြသော ပျံသန်းနိုင်သည့် မိုးကြိုးဓာတ် နတ်ဆိုး ဧကရာဇ် မှာလည်း အညံ့ခံသွားတော့သည်။
(၃) နာရီခန့် ကြာပြီးနောက်၊
မိုင်ပေါင်း သောင်းချီသော အကွာအဝေးဝယ်၊
ဤနေရာ၌ ခြောက်သွေ့လှသော သဲကန္တာရကြီးတစ်ခု ရှိနေ၏။ ၎င်းမှာ လေနတ်ဆိုး တောင်တန်း ၏ အနောက်မြောက်ဘက်တွင် ရှိပြီး မိုင်ပေါင်း ထောင်ချီ၍ ကျယ်ဝန်းလှကာ "မုန်တိုင်း နတ်ဆိုး ဧကရာဇ်” ဟု သိကြသော မူလနတ်ဘုရား အဆင့် နတ်ဆိုး ဧကရာဇ် ၏ နယ်မြေပင် ဖြစ်သည်။
ဤတစ်ကြိမ်တွင်မူ ဟူဖေးဖေး မှာ ဝင်ရောက် မတိုက်ခိုက်ခဲ့ပေ။ မီးလျှံ နတ်ဆိုး ဧကရာဇ် ၊ ငါးကြင်း နတ်ဆိုး ဧကရာဇ် နှင့် ကောင်းကင်ထစ်ချုန်း ဧကရာဇ် ဟူသော အဆင့်နိမ့် နတ်ဆိုး ဧကရာဇ် အထွတ်အထိပ် (၃) ပါးလုံးမှာ တစ်ပြိုင်နက်တည်း တိုက်ခိုက်ခဲ့ကြကာ မုန်တိုင်း နတ်ဆိုး ဧကရာဇ် ကို လျင်မြန်စွာပင် နှိမ်နင်းလိုက်ကြတော့၏။
"မင်းတို့လို သစ္စာဖောက်တွေက... ငါ့ကို ရန်မူရဲတယ်ပေါ့"
မုန်တိုင်း နတ်ဆိုး ဧကရာဇ် မှာ မြေပြင်ပေါ်၌ လဲကျနေလျက် နတ်ဆိုး ဧကရာဇ် (၃) ပါး၏ ပူးပေါင်း ဖိနှိပ်မှုအောက်တွင် လှုပ်ရှား၍ မရဘဲ ကျယ်လောင်စွာ ဆဲရေးနေရှာသည်။
"ခွီးခွီခွီး..အမြန်သာ မြူခိုးဂိုဏ်း ထဲကို ဝင်လိုက်ပါဟ... ငါတို့ အိမ်နီးချင်းတွေအဖြစ် ပြန်နေလို့ ရတာပေါ့" မီးလျှံ နတ်ဆိုး ဧကရာဇ် က တခိခိ ရယ်လိုက်၏။
"မှန်တယ်... မှန်တယ်... အိမ်နီးချင်းတွေအဖြစ် ဆက်နေကြတာပေါ့"ကျန်ရှိနေသော ငါးကြင်း နတ်ဆိုး ဧကရာဇ် နှင့် ကောင်းကင်ထစ်ချုန်း ဧကရာဇ် တို့ကလည်း ထပ်တလဲလဲ ခေါင်းညိတ်လိုက်ကြသည်။
ဤသည်ကို ကြားလိုက်ရသောအခါ မုန်တိုင်း နတ်ဆိုး ဧကရာဇ် မှာ အတိုင်းအဆ မရှိအောင် ဒေါသထွက်သွားတော့၏။ သူ၏ ဧရာမ မူလပုံစံ ဖြစ်သော ကျောဘက်တွင် ဧရာမ ပုစဉ်းအတောင်ပံ (၁၂) စုံ ပါရှိသည့် ကောင်ကောင် ကြီးအဖြစ် ပြောင်းလဲလိုက်ကာ အတောင်ပံအားလုံးကို ခတ်လိုက်ရာ မဟာ မိစ္ဆာကြီး (၃) ပါးမှာ လွင့်ထွက်သွားကြပြီး သူကတော့ ထွက်ပြေးရန် ပြင်လိုက်တော့သည်။
"ထွက်ပြေးချင်လို့လား"
ဟူဖေးဖေး သည် သူမ၏ ပေါက်ကွဲစေသော တုတ်တို ကို ကိုင်စွဲလျက် လိုက်လံ တိုက်ခိုက်ကာ မုန်တိုင်း နတ်ဆိုး ဧကရာဇ် ၏ ဦးခေါင်းကို ရိုက်ချလိုက်တော့၏။
"အင့်"
ကြောက်မက်ဖွယ်ကောင်းလှသော ထိုးနှက်ချက် ကျရောက်သွားရာ မုန်တိုင်း နတ်ဆိုး ဧကရာဇ် မှာ ခုခံနိုင်ခြင်း မရှိဘဲ မြေပြင်ပေါ်သို့ ပြန်လည် ကျဆင်းသွားကာ ပါးစပ်မှ အမြှုပ်များ ထွက်လာစေတော့သည်။
သူ၏ မူးဝေနေသော အာရုံထဲ၌...
မုန်တိုင်း နတ်ဆိုး ဧကရာဇ် သည် အဖြူရောင် ဝတ်ရုံဝတ် ခန့်ညားသော လူငယ်တစ်ဦးမှာ သဲမုန်တိုင်းများကို ဖြတ်ကျော်ကာ သူ၏ အနားသို့ ချဉ်းကပ်လာသည်ကို မြင်တွေ့လိုက်ရပြီး ထိုလူငယ်၏ နှုတ်ခမ်းဖျားတွင် အပြုံးတစ်ခုနှင့်အတူ သူ၏ ထုံးစံအတိုင်း စကားကို ပြောဆိုလိုက်တော့သည်။
"ငါက မြူခိုးဂိုဏ်း ရဲ့ ဂိုဏ်းချုပ် ယဲ့ဖုန်း ပဲ...”
‘နတ်ဆိုး ဧကရာဇ် နည်းစနစ်’ ကို ထုတ်ဖော်ပြလိုက်သည့် ခဏမှာပင် မုန်တိုင်း နတ်ဆိုး ဧကရာဇ် သည် မည်သည့် ဝေခွဲမှုမျှ မရှိဘဲ နေရာမှာတင် အညံ့ခံလိုက်တော့၏။ ၎င်းမှာ ယဲ့ဖုန်း ကိုလည်း အံ့အားသင့်သွားစေသည်။
"ကြည့်ရတာ ငါက မိစ္ဆာမျိုးနွယ်တွေအပေါ် နတ်ဆိုး ဧကရာဇ် အဆင့် ရှိတဲ့ ကျင့်စဉ် တစ်ခုရဲ့ ဆွဲဆောင်မှုကို အများကြီး လျှော့တွက်ထားခဲ့မိတာပဲ"
သူက ခပ်တိုးတိုး ရေရွတ်လိုက်ကာ သိမ်းသွင်းခြင်းကို လျင်မြန်စွာ အဆုံးသတ်လိုက်၏။
မုန်တိုင်း နတ်ဆိုး ဧကရာဇ် သည် နတ်ဆိုးသားရဲဆောင် ထဲသို့ ဝင်ရောက်လာသည်နှင့် တစ်ပြိုင်နက် သူ၏ ကိုယ်ခန္ဓာ ကြံ့ခိုင်မှုမှာ မူလနတ်ဘုရား အဆင့် (၉) ဆင့် သို့ တိုက်ရိုက် ရောက်ရှိသွားကြောင်း ရှာဖွေတွေ့ရှိလိုက်သည်။
ကျယ်ပြောလှသော ခွန်အားများမှာ သူ့ကို လက်သီးတစ်ချက်ဖြင့် ကြယ်တစ်စင်းကို ရိုက်ခွဲပစ်နိုင်သည်ဟူသော ယုံကြည်မှုကို ပေးစွမ်းနေတော့၏။
---