← Chapters

အခန်း (၅၄၁-၅၄၃)

Vol. 37 Ch. 541-543

အခန်း (၅၄၁-၅၄၃)

Vol. 37 Ch. 541-543

အခန်း (၅၄၁) - ပင်လယ် မျိုးနွယ်စု ၏ ဆူပူ အုံကြွမှု(၁)

စုယွီ ၏ ရွှေပုစဉ်း နတ်ဘုရား နည်းစနစ် ၏ စူးစိုက် ကြည့်ရှုမှု အောက်တွင်... လရောင် ကျောက်တုံး သတ္တုရိုင်း အလွှာကြီး ၏ အစစ်အမှန် သရုပ်သဏ္ဌာန် မှာ ထင်းလင်း ရှင်းလင်းစွာ ပေါ်လွင် လာ၏။ မျက်စိကျိန်းမတတ် တောက်ပလှသော အလင်းတန်းကြီးများ ပျောက်ကွယ် သွားသော အခါ၊ စုယွီ ၏ ရင်ထဲတွင် မှင်သက်သွားရသည်။ ဤ လရောင် ကျောက်တုံး သတ္တုရိုင်း အလွှာကြီး ပေါ်တွင်လည်း သိပ်သည်း ရှုပ်ထွေးလှသော အမှတ်အသား ပုံစံများ ဖုံးလွှမ်း နေပြီး၊ ထူးဆန်း ဆန်းကြယ်လှသော ဝိညာဉ် စွမ်းအင်များကို ထုတ်လွှတ် နေသည်။

ဤ ဝိညာဉ် သတ္တုရိုင်းများကို ပဉ္စမအဆင့် ဝိညာဉ် ကျောက်တုံးများထဲမှ အလွန်တရာ ရှားပါးလှသော ရေဓာတ် သဘာဝ ဝိညာဉ် သတ္တု တွင်းထွက် တစ်မျိုး ဖြစ်သည့် 'လရောင် ကျောက်တုံး' အဖြစ် စုယွီ ချက်ချင်းပင် မှတ်မိ လိုက်၏။

၎င်းသည် အာရုံလှည့်စားခြင်း၊ ဝိညာဉ် ဖုံးကွယ်ခြင်း နှင့် အခြားသော ထူးခြားသည့် သတ္တိကိုယ်စီ ပါရှိ၏။ ထို့အပြင် ၎င်း၏ အတွင်း၌ စကားဖြင့် ဖော်ပြရန် ခက်ခဲလှသော သက်စောင့် စွမ်းအားများကိုပင် သိုလှောင် ထားနိုင်စွမ်း ရှိသည်။

ယခင်က စုယွီ သည် မြေကမ္ဘာအင်မော်တယ် နယ်မြေ ၏ သိုင်းကျမ်းတိုက်ကြီး အတွင်း၌ ဝိညာဉ် သတ္တု တွင်းထွက် ပစ္စည်းများ နှင့် ပတ်သက်သော မှတ်တမ်း တစ်ခုကို ဖတ်ရှု ခဲ့ဖူးသည်။ ထို မှတ်တမ်း ထဲတွင် လရောင် ကျောက်တုံး အကြောင်းကို မိတ်ဆက် ဖော်ပြ ထား၏။

လရောင် ကျောက်တုံးကို အသုံးပြု၍ သန့်စင် ဖန်တီးထားသော မှော်လက်နက်များသည် သက်ရှိများ ၏ သက်တမ်းကိုပင် ဆွဲဆန့် ပေးနိုင်စွမ်း ရှိ၏။

ထို့ကြောင့် ရှေးဟောင်း ခေတ် အခါက၊ လရောင် ကျောက်တုံး မှာ အလွန်တရာ နာမည်ကြီး လူကြိုက်များ ခဲ့ပြီး... ကျင့်ကြံသူ အများအပြား ၏ အမြောက်အမြား တူးဖော် စုဆောင်းခြင်းကို ခံခဲ့ရသည်။

ယခု အချိန် အထိ၊ အနည်းဆုံးတော့ တာ့ချန် ၏ ကျင့်ကြံသူ လောက အတွင်း၌... လရောင် ကျောက်တုံး ၏ အရိပ်အယောင်များကို တွေ့ရှိရရန် အလွန်တရာ ရှားပါး ခက်ခဲ လွန်းလှ၏။

ဤအခိုက်အတန့် တွင်..

အထက် ကောင်းကင်ယံ မှနေ၍၊ စုယွီ ၏ ရွှေပုစဉ်း မျက်လုံးများ သည် လျှို့ဝှက် ကောင်းကင် နယ်မြေ ၏ မြေပြင် တစ်ခုလုံးကို စီးမိုး ကြည့်ရှု နေသည်။ မြေကြီး အောက်တွင် မျက်စိကျိန်းမတတ် တောက်ပ နေသော လရောင် အင်မော်တယ် အလင်းတန်း အခြေခံ အခင်းအကျင်းများကို သိပ်သည်းစွာ မြှုပ်နှံ ခင်းကျင်း ထားသည်ကို သူ မြင်တွေ့ လိုက်ရ၏။

ဤ အခင်းအကျင်းများသည် လရောင် ကျောက်တုံးကို အဓိက အူတိုင် ပစ္စည်း အဖြစ် အသုံးပြုကာ... အမည်မသိ ဧရာမ အခင်းအကျင်းကြီး တစ်ခုကို ပုံဖော် တည်ဆောက် ထားခြင်း ပင်။

ကောင်းကင်ယံ မှ ရွာကျ လာသော လရောင် နှင့် ကြယ်တာရာ အနှစ်သာရများ အများစု မှာ ဤ အခင်းအကျင်းကြီး ၏ စုပ်ယူခြင်းကို ဦးစွာ ခံလိုက်ကြရသည်။

ထိုအရာများ အပြင်၊ လျှို့ဝှက် ကောင်းကင် နယ်မြေ တစ်ခုလုံး ရှိ စတုတ္ထအဆင့် ဝိညာဉ် သွေးကြော မှ ထွက်ပေါ်လာသော ကောင်းကင် နှင့် မြေကြီး ၏ ဝိညာဉ် စွမ်းအင် ထက်ဝက် ခန့်ကိုလည်း ဤ အခင်းအကျင်းကြီး က စုပ်ယူ ဝါးမျို ထား၏။

ထို့နောက် ဤ အခင်းအကျင်းကြီး ၏ စွမ်းအင်များ အားလုံး သည်... အလယ်ဗဟို ရှိ လရောင် ကျောက်တုံးများဖြင့် ချိတ်ပိတ် ထားသော သားရဲ ဥကြီး အပေါ်သို့ နောက်ဆုံးတွင် စုစည်း ကျရောက် သွားတော့သည်။

စုယွီ ၏ ပါးစပ်မှာ အနည်းငယ် ဟသွားပြီး၊ အံ့အားသင့်စွာဖြင့် ရေရွတ် လိုက်၏။

"ဒါ... ဒါ ရှေးဟောင်း သားရဲ ဥ တစ်လုံးများလား"

သူ၏ နှလုံးသား မှာ ပြင်းထန်စွာ တုန်လှုပ် သွားသည်။

ရှေးဟောင်း ခေတ် ကနေ အခု အချိန် အထိ ဆိုရင် နှစ်ပေါင်း ဘယ်လောက်တောင် ကြာနေပြီလဲ။

ရှေးဟောင်း မှတ်တမ်း စာအုပ်များ တွင် တိကျသော မှတ်တမ်းများ မရှိသဖြင့် စုယွီ အတိအကျ မသိရှိနိုင်ချေ။ ထို့အပြင်... ရှေးဟောင်း ခေတ် နှင့် လက်ရှိ ကျင့်ကြံခြင်း လောက အကြားတွင် ကြီးမားလှသော ကွာဟချက်ကြီး တစ်ခု ရှိနေသည် ဟူသော ခံစားချက် မျိုးကိုပင် စုယွီ အား ပေးစွမ်း နေသည်။

ရှေးဟောင်း ခေတ် ကတည်းက ချိတ်ပိတ် ထားခဲ့တဲ့ သားရဲ ဥကြီး က အခု အချိန် အထိ အသက်ရှင် နေသေးတာလား။

ဒါမှမဟုတ် ကျောက်ဖြစ် ရုပ်ကြွင်းကြီး အဖြစ် ပြောင်းသွားပြီလား။

အခင်းအကျင်း အတွင်း ချိတ်ပိတ် ထားသော သားရဲ ဥကြီးကို ငေးကြည့်ရင်း၊ ၎င်းကို မည်သို့မည်ပုံ ဆယ်ယူ ရမည် ဆိုသည်ကို စုယွီ မတွေးဘဲ မနေနိုင်အောင် ဖြစ်သွားရသည်။ ရုတ်တရက်... သူ၏ ခေါင်းထဲတွင် အကြံဉာဏ် တစ်ခု လင်းလက် သွားသည်။

'ငါ့ရဲ့ ဟင်းလင်းပြင်ကို ထိန်းချုပ်နိုင်တဲ့ စွမ်းအားကို သုံးပြီး အဲဒီ ဥကြီးကို အပြင် ထုတ်လို့ ရမလား။'

ထိုအခိုက်အတန့် တွင်..

သူသည် အခန်း အတွင်းမှ တိတ်တဆိတ် ထွက်ခွာ လာခဲ့ပြီး၊ ချင်းယွဲ့ တောင်ထွတ် ၏ အထွတ်အထိပ် သို့ သွားရောက် လိုက်၏။

စုယွီ ၏ လက်ရှိ အခင်းအကျင်း ပညာရပ် ဗဟုသုတများဖြင့် ဆိုလျှင်၊ ဤ လျှို့ဝှက် ကောင်းကင် နယ်မြေ အပျက်အစီး ၏ အောက်ဘက် တွင် ရှိသော အခင်းအကျင်းကြီးကို လုံးဝ နားလည် သဘောပေါက် နိုင်စွမ်း မရှိချေ။ ၎င်းသည် စတုတ္ထအဆင့် အဆင့်မြင့် သို့မဟုတ် ထိုထက် ပိုမို မြင့်မားသော ပဉ္စမအဆင့် အခင်းအကျင်းကြီး တစ်ခု ပင် ဖြစ်ကောင်း ဖြစ်နိုင်သည်။

ယခုအခါ သူသည် တတိယအဆင့် အဆင့်မြင့် အခင်းအကျင်း ပညာရှင် တစ်ဦး မျှသာ ရှိသေးသည်။

သူသည် တတိယအဆင့် အဆင့်မြင့် အခင်းအကျင်း ဒါဇင်ပေါင်းများစွာကိုသာ လေ့လာ ထားရသေးပြီး၊ စုံလင် ပြည့်ဝသော အခြေအနေ သို့ ရောက်ရှိရန် အလှမ်းဝေး နေဆဲ ပင်။

ဤ အခင်းအကျင်းကြီးမှာ သူ၏ အခင်းအကျင်း ပညာရပ် ဗဟုသုတများကို အဆပေါင်းများစွာ ကျော်လွန် နေသည်။

သားရဲ ဥကြီးကို ဆယ်ယူရန် အတွက် နည်းလမ်း သုံးသွယ် ရှိ၏။ ပထမ နည်းလမ်း မှာ ဉာဏ်သုံးကာ လိမ္မာပါးနပ်စွာ ဆယ်ယူရန်၊ ဒုတိယ နည်းလမ်း မှာ အခင်းအကျင်း ၏ အဓိက အူတိုင်ကို ရှာဖွေပြီး ထိန်းချုပ်ရန်၊ သို့မဟုတ် တတိယ နည်းလမ်း မှာ သူ၏ကိုယ်ပိုင် အခင်းအကျင်း ပညာရပ်များ သို့မဟုတ် ရိုင်းစိုင်းသော ခွန်အားများကို အသုံးပြုကာ အခင်းအကျင်းကြီးကို ရိုက်ခွဲ ဖျက်ဆီး ပစ်ရန် ပင်။

လောလောဆယ် တွင်၊ စုယွီ အနေဖြင့် ပြုလုပ်နိုင်သော တစ်ခုတည်းသော အရာမှာ ပထမ နည်းလမ်းကို စမ်းသပ် ကြည့်ရန် ပင်။

"ဝီ..."

စုယွီ ၏ မန္တန်စွမ်းအားများသည် သူ၏ ခန္ဓာကိုယ် ပတ်လည်တွင် စုစည်း လာ၏။ မျက်စိတစ်မှိတ် အတွင်းမှာပင်၊ ဟင်းလင်းပြင် လှိုင်းဂယက်များသည် သူ၏ ပတ်ဝန်းကျင် တွင် ထွက်ပေါ် လာ၏။ ဟင်းလင်းပြင် ခရီးသွားခြင်း ဆိုသည်မှာ နေရာ တစ်ခု မှ နေရာ တစ်ခု သို့ ရွေ့လျား သွားလာရသော လုပ်ငန်းစဉ် တစ်ခု ဖြစ်ပြီး၊ ယခင် ကမူ သူကိုယ်တိုင် အခြား နေရာ တစ်ခု သို့ ရွေ့လျား သွားလာ ခဲ့ရခြင်း ဖြစ်သည်။

သို့သော် ယခုအခါ တွင်မူ၊ စုယွီ သည် သူ၏ ဝိညာဉ် အာရုံကို အခင်းအကျင်း အတွင်း၌ ချိတ်ပိတ် ထားသော သားရဲ ဥကြီး အပေါ်သို့ ပိတ်လှောင် လိုက်ပြီး၊ သူ၏ ပတ်ဝန်းကျင် ရှိ ဟင်းလင်းပြင် စွမ်းအားများကို ထို နေရာလေး အပေါ်သို့ စုစည်း လိုက်၏။

"ဝုန်း..."

ဟင်းလင်းပြင်ကြီး ပြင်းထန်စွာ တုန်ခါ သွားပြီး လှိုင်းဂယက်များ ရိုက်ခတ် သွားသည် နှင့်အတူ၊ စုယွီ ၏ မျက်နှာ ပေါ်တွင် ဝမ်းသာ ပီတိ ဖြစ်မှု အရိပ်အယောင်များ ထွက်ပေါ် လာ၏။ ထို အခင်းအကျင်းကြီး က သားရဲ ဥကြီးကို အထူး စွမ်းအားများဖြင့် ချိတ်ပိတ် ထားသော်ငြားလည်း... ဟင်းလင်းပြင်ကိုတော့ လုံးဝ ချိတ်ပိတ် ထားနိုင်ခြင်း မရှိခဲ့ချေ။

စိတ်အာရုံ တစ်ချက် လှုပ်ရှား လိုက်သည် နှင့်အတူ၊ အခင်းအကျင်း အတွင်း ချိတ်ပိတ် ထားသော မူလ သားရဲ ဥကြီးမှာ ဟင်းလင်းပြင် အားလှိုင်း တစ်ခု အဖြစ် အခင်းအကျင်း အတွင်းမှ ရုတ်တရက် ပျောက်ကွယ် သွားပြီး... အမည်းရောင် တွင်းပေါက်ကြီး တစ်ခု ထွက်ပေါ် လာကာ ၎င်းကို ဝါးမျို သွားတော့သည်။

နောက်တစ်စက္ကန့် တွင်..

စုယွီ ၏ ရှေ့မှောက် တွင်... အပြာရင့်ရောင် အလင်းတန်း ဖျော့ဖျော့လေးများ ထွက်ပေါ် နေပြီး၊ အရွယ်အစား အားဖြင့် တစ်ပေ ခန့် ရှိကာ ထူးဆန်း ဆန်းကြယ်လှသော အမှတ်အသားများဖြင့် ဖုံးလွှမ်း နေသည့် ဧရာမ သားရဲ ဥကြီး တစ်လုံး ရုတ်တရက် ထွက်ပေါ် လာ၏။

သို့သော် ထို သားရဲ ဥကြီးကို မြင်လိုက်ရသော အခါ၊ စုယွီ ၏ မျက်မှောင်များ မှာ ကြုံ့ဝင် သွားသည်။

အဘယ်ကြောင့်ဆိုသော် ဤ သားရဲ ဥကြီး တွင် မည်သည့် သက်စောင့် စွမ်းအား ၏ အရိပ်အယောင် မျှ ကျန်ရစ် နေခြင်း မရှိတော့သောကြောင့် ပင်။

“သေတောင် သေနေပြီလား”

စုယွီ သည် သားရဲ ဥကြီးကို မြေပြင် ပေါ်သို့ ချထား လိုက်၏။ သူ မည်သည့် စူးစမ်း လေ့လာမှုများကိုမျှ မပြုလုပ်နိုင်မီလေး တွင်ပင်... သူ၏ ပတ်ဝန်းကျင် တွင် အသက်ရှူ သံ အနည်းငယ် ထွက်ပေါ် လာပြီး၊ ဟွမ်ကျူး သည် သူ၏ ဘေးသို့ ဦးစွာ ရောက်ရှိ လာ၏။ သူမ ၏ အဝါရောင်ဖျော့ဖျော့ ဂါဝန်လေးမှာ ညနေခင်း လေပြေလေး တွင် တလူလူ လွင့်ပျံ နေသည်။

သူမ ၏ မျက်ဝန်းအိမ် အနက်ပိုင်း တွင် စူးစမ်းလိုစိတ်များ ပြည့်နှက် နေကာ သားရဲ ဥကြီးကို ငေးကြည့် နေသည်။

ဟွမ်ကျူး သည် သားရဲ ဥကြီးကို အလွန်တရာ စိတ်ဝင်စားစွာ ဖြင့် ကြည့်ကာ မေးလိုက်၏။

"ဒါ က ဘယ်လို မိစ္ဆာကောင် မျိုး ရဲ့ ဥ လဲ"

"ဝှစ်... ဝှစ်... ဝှစ်..."

နောက်တစ်စက္ကန့် တွင်..

ယွီခယ်အာ၊ မာထျန်းလင်၊ လော့ချန်ယွီ နှင့် အခြားသူများ သည်လည်း တောင်ထွတ် ပေါ်သို့ ရောက်ရှိ လာကြပြီး စုယွီ ၏ ပတ်လည်တွင် ဝိုင်းရံ လိုက်ကြသည်။

သူမတို့သည် ယခုလေးတင် ထွက်ပေါ် လာသော... အပြာရင့်ရောင် အလင်းတန်း ဖျော့ဖျော့လေးများ ထွက်ပေါ် နေသည့် ဧရာမ မိစ္ဆာ ဥကြီးကို အံ့အားသင့်သော အကြည့်များ ဖြင့် ဝိုင်းအုံ ကြည့်ရှု နေကြ၏။

'ဟယ်... ဒီလောက်ကြီးတဲ့ မိစ္ဆာ ဥကြီး။ တစ်ခါမှ မမြင်ဖူးဘူး။'

အချိန် အနည်းငယ် အကြာတွင်..

ကောင်းကင်မိုးကြိုး ကြွက် မိစ္ဆာဘုရင် အပြင်၊ အသစ် သိမ်းသွင်း ထားသော မြွေလိပ်အိုကြီး၊ နွားမည်းအိုကြီး နှင့် ဝိညာဉ်ဆိတ်မ တို့ပါ ထိုနေရာ သို့ ရောက်ရှိ လာကြသည်။ မိစ္ဆာဘုရင်လေးကောင် စလုံး သည် မျက်လုံးကြီးများ ပြူးကျယ်စွာ ဖြင့် မိစ္ဆာ ဥကြီးကို စိုက်ကြည့် နေကြပြီး... သူတို့၏ မျက်ဝန်းများ ထဲတွင်ကြီးမားသော ကြောက်ရွံ့ ရိုသေမှု အရိပ်အယောင်များ ထွက်ပေါ် လာ၏။

ဤ မိစ္ဆာ ဥကြီး တွင် သက်စောင့် စွမ်းအားများစွာ ကျန်ရစ်မနေတော့သော်ငြားလည်း... ၎င်း၏ ပေါ်တွင် စွဲကျန် နေဆဲ ဖြစ်သော သွေးကြော အရှိန်အဝါကြီးမှာ မိစ္ဆာဘုရင်များကို အလိုအလျောက် ကြောက်ရွံ့ ရိုသေ သွားစေရန် အတွက် လုံလောက် နေဆဲ ပင်။

မြွေလိပ်အိုကြီး ၏ မျက်ဝန်းအိမ်များမှာ ပြင်းထန်စွာ ကျုံ့ဝင် သွားပြီး၊ အံ့အားသင့်စွာ ဖြင့် အော်ဟစ် လိုက်၏။

"ဒီ အရှိန်အဝါ... ဒီ အသွင်အပြင်... ဒီ သားရဲ ဥကြီး က ရှေးဟောင်း လိပ် သားရဲ ဥကြီးများလား"

မြွေလိပ်အိုကြီး က ၎င်း၏ မျိုးနွယ်စု ဖြစ်သော 'ခွေ' သွေးဆက် မှာ... ရှေးဟောင်း 'ခွေ' မြွေ နှင့် 'ရွှမ်' လိပ် ဝိညာဉ် သားရဲ တို့၏ မျိုးဆက်များ ဖြစ်သည် ဟု အမြဲတမ်း ကြွားလုံး ထုတ်လေ့ ရှိ၏။

ထို့ကြောင့် ၎င်း အနေဖြင့် 'လိပ် မျိုးနွယ်စု' မှ သားရဲ ဥ တစ်လုံး ၏ အသွင်အပြင်ကို သဘာဝကျစွာ ပင် ရင်းနှီး ကျွမ်းဝင် နေခြင်း ဖြစ်သည်။

စုယွီ သည် ခေါင်းကို ညင်သာစွာ ခါယမ်း လိုက်ပြီး၊ သူ၏ ရှေ့ရှိ သားရဲ ဥကြီးကို ကြည့်ကာ ပြောလိုက်၏။

"ဒါ.. ဘာ သားရဲ ဥ မျိုး လဲ ဆိုတာတော့ ငါလည်း မသိဘူး။ ဒါပေမဲ့ ဒီ ဥကြီး က တော်တော်လေး ရှေးကျတဲ့ ပုံပဲ။ ဒီ အပျက်အစီး နေရာ ရဲ့ အောက်မှာ ချိတ်ပိတ် ခံထားရတာ... ငါ အခုမှ သွားတွေ့တာပဲ"

ဟွမ်ကျူး သည် သားရဲ ဥကြီးကို ခေတ္တမျှ စိုက်ကြည့် နေပြီး၊ သူမ ၏ မျက်ခုံးများ တဆတ်ဆတ် ခုန်သွားကာ ပြောလိုက်၏။

"နှမြောစရာ ကောင်းလိုက်တာ။ ဒီ ဥကြီးသာ အသက်ရှင် နေသေးရင်... တကယ့်ကို ထူးကဲ အစွမ်းထက်တဲ့ သတ္တဝါကြီး တစ်ကောင် ပေါက်လာမှာ သေချာတယ်”

အခန်း (၅၄၂) - ပင်လယ် မျိုးနွယ်စု ၏ ဆူပူ အုံကြွမှု(၂)

ယွီခယ်အာ နှင့် အခြားသူများ သည်လည်း ခေတ္တမျှ စကားစမြည် ပြောဆို ဆွေးနွေး လိုက်ကြပြီးနောက်၊ နောက်ဆုံးတွင် စုယွီ သည် မိစ္ဆာ ဥကြီးကို သေချာစွာ ပြန်လည် သိမ်းဆည်း လိုက်ပြီး... လူတိုင်း သည် တောင်တန်း ၏ တစ်ဝက်ခန့် တွင် ရှိသော ခြံဝင်းလေး ဆီသို့ ပြန်လည် ဆင်းသက် လာခဲ့ကြသည်။

နောက်တစ်နေ့ နံနက်ခင်း တွင်..

ချင်းယွဲ့ တောင်ထွတ် ၏ အထွတ်အထိပ် ရှိ အင်မော်တယ် နန်းတော် အပျက်အစီး နယ်မြေ၏ အောက်ဘက် တွင်..

စုယွီ သည် မိစ္ဆာ ဥကြီးကို ထုတ်ယူကာ အချိန် အတန်ကြာအောင် စိုက်ကြည့် နေသည်။ ထို့နောက် သူသည် ချီ သန့်စင်အိုးကို ခေါ်ထုတ် လိုက်ပြီး၊ တာအို ရုပ်သေး ထံမှတစ်ဆင့် စုဆောင်း ရရှိထားခဲ့သော ချီ သန့်စင်အိုး ၏ အပိုင်းအစလေးကို အစိမ်းရောင်သစ်သား လက်စွပ် အတွင်းမှ ထုတ်ယူ လိုက်၏။

"ဝီ..."

ချီ သန့်စင်အိုး သည် ထို အပိုင်းအစလေးကို အာရုံခံ မိလိုက်သည့် အခိုက်အတန့် တွင်ပင်၊ ၎င်းမှာ ပြင်းထန်စွာ တုန်ခါ လာတော့သည်။ ၎င်းနှင့် အတူ... ရှေးဟောင်း ဆန်ပြီး နှစ်ပေါင်းများစွာ ကြာမြင့်နေပြီ ဖြစ်သော အချိန်ကာလများ၏ အငွေ့အသက်ကြီးသည် လေထု အတွင်းသို့ လွှမ်းခြုံ ပျံ့နှံ့ သွားသည်။ ထို အပိုင်းအစလေးမှာ မျက်စိတစ်မှိတ် အတွင်း အလင်းတန်း တစ်ခု အဖြစ်သို့ ပြောင်းလဲ သွားပြီး၊ ချီ သန့်စင်အိုး ၏ အတားအဆီး အလွှာ တစ်ခု အတွင်းသို့ တိုးဝင် ပျောက်ကွယ် သွားတော့၏။

မျက်စိတစ်မှိတ် အတွင်းမှာပင်..

ချီ သန့်စင်အိုးကြီး တစ်ခုလုံး မှာ အကြီးအကျယ် တုန်လှုပ် သွားပြီး၊ ၎င်းထံမှ ထုတ်လွှတ် နေသော စွမ်းအင်များ မှာ တစ်စထက်တစ်စ ပိုမိုကြီးမား အစွမ်းထက် လာကာ... စုယွီ ၏ ရှေ့ တစ်ပေခန့် အကွာ လေထဲတွင် လွင့်ပျံ နေသည်။ မျက်စိကျိန်းမတတ် တောက်ပလှသော အင်မော်တယ် အလင်းတန်းကြီးများ သည် အိုးကြီး ထဲမှနေ၍ ပေါက်ကွဲ ထွက်ပေါ် လာတော့၏။

ချီ သန့်စင်အိုး ထံမှ ထွက်ပေါ် လာသော... တစ်စထက်တစ်စ ပိုမို အစွမ်းထက် လာသည့် အရှိန်အဝါကြီးကို ခံစား လိုက်ရသောအခါ၊ စုယွီ ၏ မျက်ဝန်းအိမ်များမှာ အနည်းငယ် ကျုံ့ဝင် သွားသည်။

"ဝုန်း..."

နာရီဝက် နီးပါးခန့် အချိန် ကုန်လွန် သွားပြီးနောက်..

မျက်စိကျိန်းမတတ် တောက်ပလှသော အင်မော်တယ် အလင်းတန်းကြီး တစ်ခု ပေါက်ကွဲ ထွက်ပေါ် လာမှု နှင့်အတူ... ချီ သန့်စင်အိုး ၏ ပတ်ဝန်းကျင် ရှိ ဟင်းလင်းပြင် မှာ ပြင်းထန်စွာ တုန်ခါ သွားပရ၏။ စုယွီ ၏ နှလုံးသားကိုပင် တုန်လှုပ် သွားစေနိုင်လောက်အောင် ကြောက်မက်ဖွယ် ကောင်းလှသည့် အရှိန်အဝါ တစ်ခု သည် ချီ သန့်စင်အိုး ထံမှနေ၍ ပေါက်ကွဲ ထွက်ပေါ် လာတော့သည်။

ဤ အရှိန်အဝါကြီး ၏ စွမ်းအား မှာ... စုယွီ ၏ ဒန်တျန် အတွင်း၌ ပျိုးထောင် ထားသော ရေခဲ မီး ပုလဲ၊ ရေခဲဝိဉာဉ် ပုလဲ နှင့် ချင်းယွဲ့ ဓား ကဲ့သို့သော အဆင့်နိမ့် မှော်လက်နက်များ၏ အရှိန်အဝါ ထက်ပင် သာလွန် နေတော့၏။

ချီ သန့်စင်အိုး ၏ အသွင်ပြောင်းလဲမှု လုပ်ငန်းစဉ်ကြီး အလုံးစုံ ပြီးစီးသွားသော အခါ၊ ၎င်းထံမှ ထွက်ပေါ် နေသော အင်မော်တယ် အလင်းတန်းကြီးများ မှာ တဖြည်းဖြည်း ပြန်လည် ရုပ်သိမ်း သွားပြီး... ၎င်း၏ အရှိန်အဝါများမှာလည်း လိုက်ပါ ရုပ်သိမ်း သွားကာ စုယွီ ၏ လက်ထဲသို့ ညင်သာစွာ ကျဆင်း လာ၏။

အပြင်ပန်း အသွင်အပြင် အားဖြင့်၊ ချီ သန့်စင်အိုး ၏ ကြေးညိုရောင်ကိုယ်ထည်ကြီးမှာ ဘာတစ်ခုမှ ပြောင်းလဲ သွားခြင်း မရှိချေ။ ယခင် ကဲ့သို့ပင် ရိုးရှင်းပြီး ရှေးဟောင်း ဆန်နေဆဲ ပင်။

သို့သော်ငြားလည်း၊ လက်ရှိ ချီ သန့်စင်အိုး ၏ အရှိန်အဝါ မှာ အဆင့်နိမ့် မှော်လက်နက်များနှင့် တန်းတူ အဆင့် သို့ ရောက်ရှိ နေတော့၏။

'ဟားဟား... အောင်မြင်ပြီကွ။ မှော်လက်နက် အစစ် တစ်ခု ဖြစ်သွားပြီ။'

စုယွီ သည် ချီ သန့်စင်အိုးကို ကြည့်ကာ ရင်ထဲတွင် အတိုင်းမသိ ဝမ်းသာ ပီတိ ဖြစ်နေသည်။ သူ၏ မန္တန်စွမ်းအားများကို ချီ သန့်စင်အိုး အတွင်းသို့ ချောမွေ့စွာ စီးဆင်း လောင်းထည့် လိုက်သော အခါ၊ ၎င်းသည် သူ့ကိုပင် ခြိမ်းခြောက် နေသကဲ့သို့ ခံစားရစေသောကြီးမားလှသည့် စုပ်ယူမှု အားကြီး တစ်ခုကို ချက်ချင်းပင် ထုတ်လွှတ် လိုက်၏။ အဆုံးအစမဲ့သော ကောင်းကင် နှင့် မြေကြီး ၏ ဝိညာဉ် စွမ်းအင်များ သည် ချီ သန့်စင်အိုး ဆီသို့ ဒလဟော စီးဆင်း ဝင်ရောက် လာကြပြီး... ၎င်း၏ စုပ်ယူ ဝါးမျိုမှုကို ခံရကာ ဝိညာဉ် အရည်များ အဖြစ်သို့ သန့်စင် ပြောင်းလဲ သွားကြတော့သည်။

တစ်ရက် နီးပါးခန့် အချိန်ယူ အသုံးပြု ပြီးနောက်၊ နောက်ဆုံးတွင် ချီ သန့်စင်အိုး သည် စတုတ္ထအဆင့် အဆင့်နိမ့် ဝိညာဉ် အရည် တစ်စက်ကို အောင်မြင်စွာ သန့်စင် ပုံဖော် နိုင်ခဲ့၏။

ဤသည်မှာ ချီ သန့်စင်အိုး ၏ အကန့်အသတ် အဆုံးစွန် သို့ ရောက်ရှိ နေခြင်း မဟုတ်ချေ။ ဖြစ်နိုင်သည်မှာ... ယခုအခါ ၎င်းသည် စတုတ္ထအဆင့် အလယ်အလတ် အပိုင်း ဝိညာဉ် အရည်များကိုပင် သန့်စင် ပုံဖော် နိုင်စွမ်း ရှိနေနိုင်သည်။

စတုတ္ထအဆင့် အဆင့်နိမ့် ဝိညာဉ် အရည် တစ်စက်ကို အောင်မြင်စွာ သန့်စင် ပုံဖော် ပြီးသွားသော အခါ၊ စုယွီ သည် ၎င်းကို ချီ သန့်စင်အိုး အတွင်းမှ အပြင်သို့ ထုတ်ယူရန် စိတ်အာရုံ ဖြင့် အမိန့်ပေး လိုက်၏။ ထို့နောက် သူ၏ အကြည့်များ သည် သူ၏ ရှေ့မှောက်ရှိ မိစ္ဆာ ဥကြီး ပေါ်သို့ ကျရောက် သွားသည်။

သူသည် အစိမ်းရောင်သစ်သား လက်စွပ် အတွင်းမှ ကောင်းကင် အနှစ်သာရ ဝိညာဉ် အရည် တစ်စက်ကို ထုတ်ယူ လိုက်ပြီး၊ စတုတ္ထအဆင့် အဆင့်နိမ့် ဝိညာဉ် အရည် နှင့် အတူ... မိစ္ဆာ ဥကြီး ပေါ်သို့ အစက်ချ လောင်းထည့် လိုက်၏။

"ဝီ..."

ဝိညာဉ် အရည် နှင့် ကောင်းကင် အနှစ်သာရ ဝိညာဉ် အရည် တို့သည် မိစ္ဆာ ဥကြီး ပေါ်သို့ ကျဆင်း သွားသည့် အခိုက်အတန့် တွင်ပင်... ဥ ပေါ်ရှိ ထူးဆန်း ဆန်းကြယ်လှသော အမှတ်အသားများသည် အပြာရင့်ရောင် အင်မော်တယ် အလင်းတန်း ဖျော့ဖျော့လေးများ ဖြင့် လင်းလက် တောက်ပ လာကြပြီး၊ ဝိညာဉ် အရည် နှင့် ကောင်းကင် အနှစ်သာရ ဝိညာဉ် အရည် တို့၏ စွမ်းအင်များကို ဖြည်းညင်းစွာ စုပ်ယူ ဝါးမျို တော့သည်။

ဤ မြင်ကွင်းကို မြင်လိုက်ရသောအခါ စုယွီ ၏ မျက်ဝန်းအိမ်များမှာ အနည်းငယ် ကျုံ့ဝင် သွားသည်။ သူ၏ ရင်ထဲတွင် ဝမ်းသာ ပီတိ ဖြစ်မှု အရိပ်အယောင်လေး တစ်ခု ထွက်ပေါ် လာပြီး၊ စိတ်ထဲမှ တွေးလိုက်၏။

'ငါ မျှော်လင့် ထားတဲ့ အတိုင်းပဲ... သူ က ပြင်ပ က စွမ်းအင် တွေကို စုပ်ယူ နိုင်စွမ်း ရှိသေးတယ်... ပြီးတော့ တုံ့ပြန်မှု တွေလည်း ရှိနေသေးတယ်။'

ဒါက မိစ္ဆာ ဥကြီး အမှန်တကယ် သေဆုံး သွားခြင်း မရှိသေးကြောင်း အထင်းသား သက်သေပြ နေသည်။

ယခင်က သူသည် အမည်မသိ နေရာ ၏ အလယ်ဗဟို ရှိ ဧရာမ အခင်းအကျင်းကြီး ၏ စွမ်းအင်များကို ဤ ဥကြီး က စုပ်ယူ နေသည်ကို မြင်တွေ့ ခဲ့ရစဉ် က... အခင်းအကျင်းကြီး ၏ စွမ်းအင်များ မှာ လျှံကျ နေဆဲ ဖြစ်ပြီး အဆက်မပြတ် ဝါးမျို စုပ်ယူ ခံနေရဆဲ ပင်။

အကယ်၍များ ဤ မိစ္ဆာ ဥကြီး သာ တကယ် သေဆုံး နေခဲ့ပြီ ဆိုလျှင်... ၎င်း အနေဖြင့် မည်သည့် တုံ့ပြန်မှု မျှ ပြသနိုင်စွမ်း ရှိမည် မဟုတ်ချေ။

ယခု ၎င်း တွင် တုံ့ပြန်မှုများ ရှိနေသေးသည် ဆိုကတည်းက... ဤသည်မှာ အလွန်တရာ ကောင်းမွန်သော လက္ခဏာ တစ်ရပ် ပင်။

မိစ္ဆာ ဥကြီး သည် စတုတ္ထအဆင့် အဆင့်နိမ့် ဝိညာဉ် အရည် နှင့် ကောင်းကင် အနှစ်သာရ ဝိညာဉ် အရည် တို့၏ စွမ်းအင်များကို ဖြည်းညင်းစွာ စုပ်ယူ ဝါးမျို နေသည်ကို ငေးကြည့် ရင်း၊ စုယွီ သည် ၎င်း၏ အပေါ်သို့ လက်တစ်ဖက်ကို တင်လိုက်၏။ နောက်တစ်စက္ကန့် တွင်... သူသည် သူ၏ သစ်သားစိမ်း သက်တမ်း လက်စွပ် ကျင့်စဉ်ကို လည်ပတ် အသက်သွင်း လိုက်ရာ၊ သူ၏ ဓာတ်ကြီးငါးပါး မန္တန်စွမ်းအားများ အားလုံး သည် မျက်စိတစ်မှိတ် အတွင်း သစ်သားစိမ်း မန္တန်စွမ်းအားများ အဖြစ်သို့ အသွင်ပြောင်း သွားကြပြီး... ၎င်းတို့ကို မိစ္ဆာ ဥကြီး အတွင်းသို့ ဒလဟော လောင်းထည့် လိုက်တော့သည်။

သစ်သားစိမ်း မန္တန်စွမ်းအား တွင် အလွန်တရာကြီးမား ကျယ်ပြန့်လှသော သက်စောင့် စွမ်းအားများ ပါဝင် နေသည်။ အကယ်၍ ဤ မိစ္ဆာ ဥကြီး သာ အသက်ရှင် နေသေးသည် ဆိုပါက... သစ်သားစိမ်း မန္တန်စွမ်းအားများသည် ၎င်း၏ အားနည်း နေသော သက်စောင့် စွမ်းအားများကို သေချာပေါက် အာဟာရ ဖြည့်တင်း ပေးနိုင်စွမ်း ရှိ၏။

၎င်း၏ အသက်ဓာတ် နှင့် ခွန်အားများကို ပြန်လည် နိုးဆွ ပေးနိုင်စွမ်း ရှိ၏။

တစ်ရက် ကြာမြင့် သွားပြီးနောက်..

မိစ္ဆာ ဥကြီး သည် စတုတ္ထအဆင့် အဆင့်နိမ့် ဝိညာဉ် အရည် နှင့် ကောင်းကင် အနှစ်သာရ ဝိညာဉ် အရည် တို့၏ စွမ်းအင်များကို သာမက... စုယွီ ၏ သစ်သားစိမ်း မန္တန်စွမ်းအား အမြောက်အမြားကိုပါ အလုံးစုံ စုပ်ယူ ဝါးမျို သွားခဲ့သည်။

သို့သော်ငြားလည်း၊ မိစ္ဆာ ဥကြီး ၏ မျက်နှာပြင် ပေါ်ရှိ အရှိန်အဝါ မှာမူ မည်သည့် ပြောင်းလဲမှု မျှ မရှိသေးချေ။

ခေတ္တမျှ စဉ်းစား တွေးတော ပြီးနောက်..

စုယွီ သည် သူ၏ တံခါးပိတ် ကျင့်ကြံခြင်း မှ ထွက်ခွာ လာခဲ့သည်။ အားလပ်ချိန်များတွင် သာ သူသည် မိစ္ဆာ ဥကြီးကို သစ်သားစိမ်း မန္တန်စွမ်းအားများဖြင့် အာဟာရ ဖြည့်တင်း ပေးမည် ဖြစ်ပြီး၊ ကျန်ရှိသော အချိန်များတွင်မူ... ၎င်းကို ချီ သန့်စင်အိုး အတွင်း၌ သိမ်းဆည်း ကာ ဝိညာဉ် အရည်များဖြင့် ဆက်လက် အာဟာရ ဖြည့်တင်း ထားမည် ဖြစ်သည်။

လော့ယွဲ့ မဟာမိတ် အဖွဲ့ ၏ လျှို့ဝှက် နယ်မြေ အတွင်းသို့ ဝင်ရောက် လာပြီးနောက် တစ်လ အကြာတွင်... စုယွီ သည် ယခင် မဟာမိတ် အဖွဲ့ ၏ ခေါင်းဆောင် နေထိုင်ခဲ့သော အဓိက တောင်ထွတ် ပေါ်ရှိ ဧရာမ အခင်းအကျင်းကြီး ၏ အခင်းအကျင်း မျက်စိကို ရှာဖွေ တွေ့ရှိ ခဲ့သည်။ ထို့နောက် သူသည် အတောင်ပံ နှစ်ဖက် ပါရှိသော ရွှေပုစဉ်း ၏ နတ်ဘုရား စွမ်းရည်များကို အသုံးပြုကာ လဝက်ခန့် အချိန် အတွင်း ၎င်းကို အောင်မြင်စွာ ထိန်းချုပ် နိုင်ခဲ့သည်။

ဤ လုပ်ငန်းစဉ် တွင် အဓိက အကျဆုံး အထောက်အကူ ပေးခဲ့သည်မှာ... ရွှေပုစဉ်း ၏ မျက်လုံးများ မှ ရရှိသော နတ်ဘုရား စွမ်းရည်များ ပင်။

'တကယ်လို့သာ အခင်းအကျင်း တွေရဲ့ အူတိုင်ကို ဖောက်ထွင်း မြင်နိုင်တဲ့ ဒီ နတ်ဘုရား စွမ်းရည် သာ မရှိခဲ့ဘူး ဆိုရင်... ဒီလို စတုတ္ထအဆင့် လျှို့ဝှက် ကောင်းကင် နယ်မြေ အပျက်အစီးကြီးကို ထိန်းချုပ် ဖို့ ဆိုတာ ငါ့အတွက် လုံးဝ မဖြစ်နိုင်သလောက် ပါပဲ။'

လော့ယွဲ့ မဟာမိတ် အဖွဲ့ ၏ လျှို့ဝှက် နယ်မြေကို အောင်မြင်စွာ ထိန်းချုပ် နိုင်ပြီး သွားသောအခါ၊ စုယွီ သည် လျှို့ဝှက် ကောင်းကင် နယ်မြေ အတွင်းသို့ အဝင်အထွက် ပြုလုပ် နိုင်သော တံဆိပ်ပြား အချို့ကိုကိုယ်တိုင် ဖန်တီး သန့်စင် လိုက်၏။

ထို့အပြင် သူသည် လျှို့ဝှက် နယ်မြေ ၏ အခင်းအကျင်း မျက်စိကြီး ၏ ထိန်းချုပ်ခွင့်ကို ယွီခယ်အာ နှင့် မာထျန်းလင် တို့ထံသို့ လွှဲပြောင်း ပေးအပ် လိုက်၏။

ဤသို့ ပြုလုပ်ထားခြင်း အားဖြင့်၊ နောင်တစ်ချိန် တွင် သူတို့ သည် လျှို့ဝှက် ကောင်းကင် နယ်မြေ အတွင်းသို့ လွတ်လွတ်လပ်လပ် သွားလာ အဝင်အထွက် ပြုလုပ် နိုင်မည် ဖြစ်ပြီး... စုယွီ မရှိသော အချိန်များတွင်လည်း ဤ အပျက်အစီး နေရာကြီး ထဲတွင် လှောင်ပိတ် ခံနေရတော့မည် မဟုတ်ချေ။

လျှို့ဝှက် ကောင်းကင် နယ်မြေ အပျက်အစီးကြီး ၏ အပြည့်အဝ ထိန်းချုပ်ခွင့်ကို ရရှိ သွားပြီးနောက်၊ စုယွီ သည် လူတိုင်းကို ဦးဆောင်ကာ တာ့ယွဲ့ တောင်တန်း မှ ထွက်ခွာ ခဲ့ပြီး... သူ၏ မိသားစု နှင့် ယွင်ကျန်းဂိုဏ်း ဆီသို့ ပြန်လည် သွားရောက် ခဲ့သည်။

မိသားစု နှင့် ယွင်ကျန်းဂိုဏ်း တွင် တစ်လကျော်ခန့် နေထိုင် ပြီးနောက်၊ လူတိုင်း သည် လော့ယွဲ့ မဟာမိတ် အဖွဲ့ ၏ လျှို့ဝှက် ကောင်းကင် နယ်မြေ သို့ ပြန်လည် ရောက်ရှိ လာခဲ့ကြသည်။

စုယွီ သည် လော့ယွဲ့ မဟာမိတ် အဖွဲ့ ၏ လျှို့ဝှက် ကောင်းကင် နယ်မြေ အပျက်အစီးကြီး အတွင်း၌ တံခါးပိတ် ကျင့်ကြံ နေရင်း... ထိုက်ရွှီ မဟာမိတ် အဖွဲ့ ခေါင်းဆောင် ပြန်လည် ရောက်ရှိ လာမည့် အချိန်ကို စောင့်ဆိုင်း နေသည်။ကိုးဝိညာဉ် မိစ္ဆာ တောင်တန်း ရှိ ဆူပူ အုံကြွမှုများနှင့် အပြောင်းအလဲများမှာ သူ့အတွက် သိပ်ပြီး အရေးစိုက်စရာ မလိုသော ကိစ္စများ သာ ဖြစ်သည်။

'အရေးအကြီးဆုံး က... ပင်လယ်ပြင် ဒေသ က အင်အားစု တွေ က တကယ်ပဲ ကုန်းမြေမကြီး ပေါ်က အင်မော်တယ် နန်းတော် တွေရဲ့ တိုက်ပွဲ တွေ ထဲမှာ လာပြီး ဝင်စွက်ဖက် ကြတော့မှာလား ဆိုတာပဲ။ အဲဒါကို သေချာ စောင့်ကြည့် ရမယ်။'

စုယွီ မိစ္ဆာ ဥကြီးကို အာဟာရ ဖြည့်တင်း ပေးနေခဲ့သည်မှာ နှစ်ဝက် နီးပါးခန့် အချိန် ကုန်လွန် သွားပြီးနောက်၊ ရုတ်တရက် အလွန်တရာ ပြင်းထန် အားကောင်း လှသော သက်စောင့် စွမ်းအားကြီး တစ်ခု သည် မိစ္ဆာ ဥကြီး ၏ အတွင်းပိုင်း မှနေ၍ ပေါက်ကွဲ ထွက်ပေါ် လာ၏။

မျက်စိတစ်မှိတ် အတွင်းမှာပင်၊ ကောင်းကင် နှင့် မြေကြီး ၏ ဓာတ်ကြီးငါးပါး တာအိုများမှာ အနည်းငယ် ပြောင်းလဲ သွားသကဲ့သို့ စုယွီ ခံစား လိုက်ရသည်။

ကောင်းကင် နှင့် မြေကြီး ၏ ရေ ဓာတ်သဘာဝ စွမ်းအား အမျှင်တန်းလေးများသည် မိစ္ဆာ ဥကြီး ဆီသို့ စုစည်း ဝင်ရောက် သွားကြပြီး၊ ၎င်း၏ စုပ်ယူ ဝါးမျို ခြင်းကို ခံလိုက်ကြရသည်။

စုယွီ မှာ အကြီးအကျယ် အံ့အားသင့် သွားရသည်။

'ဒီ သတ္တဝါ က မမွေးဖွားခင် ကတည်းက ကောင်းကင် နဲ့ မြေကြီး ရဲ့ ရေ ဓာတ်သဘာဝ တာအို စွမ်းအား တွေကို စုပ်ယူ ဝါးမျို နိုင်စွမ်း ရှိနေတာလား။'

သူသည် ထို ဥကြီးကို ဆက်လက် အာဟာရ ဖြည့်တင်း ပေးနေခဲ့ပြီး၊ တစ်ချိန်တည်း မှာပင်... လော့ယွဲ့ မဟာမိတ် အဖွဲ့ ၏ အပျက်အစီးများ ထဲမှ ရရှိခဲ့သော ဝိညာဉ် ကျင့်ကြံသူ အမွေအနှစ် ၏ လမ်းညွှန်မှုများ အတိုင်း လိုက်နာကာ... ဤ မိစ္ဆာ ဥကြီးကို စတင် သန့်စင် ပျိုးထောင် တော့သည်။

အချိန်များ တစ်နေ့ပြီး တစ်နေ့ ကုန်လွန် သွားသည် နှင့်အမျှ၊ မိစ္ဆာ ဥကြီး ၏ အရှိန်အဝါ မှာ တစ်စထက်တစ်စ ပိုမိုကြီးမား အစွမ်းထက် လာခဲ့၏။

"တကယ်လို့များ ဒီကောင် သာ မွေးဖွား လာမယ် ဆိုရင်... သေချာပေါက် နောက်ထပ် ကြောက်စရာ ကောင်းတဲ့ မိစ္ဆာကောင်ကြီး တစ်ကောင် ဖြစ်လာတော့မှာပဲ"

စုယွီ မှာ အံ့အားသင့် တုန်လှုပ် နေမိသည်။ သူသည် ၎င်းကို သူ၏ အိမ်မွေး သားရဲ အဖြစ် အသိအမှတ် ပြုရန် အတွက် ကြိုတင် ပြင်ဆင်မှုများကို စတင် ပြုလုပ် နေလေပြီ။ မြေကမ္ဘာ

မီးလျှံမျောက်ဝံ နှင့် အမွှေးနက် လင်းယုန် တို့ ကဲ့သို့သော ယဉ်ပါးအောင် သွန်သင် ထားသည့် သားရဲ အချို့ကို သူ၏ မိသားစု ထံသို့ ပြန်လည် စေလွှတ် လိုက်ပြီး နေရာလွတ်များကို ရှင်းလင်း ဖန်တီး လိုက်၏။

သားရဲများကို ယဉ်ပါးအောင် သွန်သင် ခြင်း ဆိုသည်မှာ အကန့်အသတ် မရှိ ကျေးကျွန် အဖြစ် ဖမ်းဆီး ခိုင်းစေ နိုင်ခြင်း မျိုး မဟုတ်ချေ။ ယဉ်ပါးအောင် သွန်သင် ထားသော သားရဲ တစ်ကောင်စီ တိုင်း သည် သခင် ဖြစ်သူ ၏ နှလုံးသား နှင့် ဝိညာဉ် အပေါ်သို့ ဖိအားများ ကျရောက် စေသည်။

အကယ်၍ တစ်နေ့နေ့ တွင် သခင် ဖြစ်သူ အနေဖြင့် သားရဲ ၏ ဝိညာဉ်ကို ဖိနှိပ် ချုပ်ချယ် နိုင်စွမ်း မရှိတော့လျှင်... သားရဲ ၏ ပြန်လည် တိုက်ခိုက်မှု ဒဏ်ကို အကြီးအကျယ် ခံစား ရနိုင်ချေ ရှိ၏။

ကံကောင်း ထောက်မစွာ ဖြင့်၊ စုယွီ ၏ ဝိညာဉ် စွမ်းအား မှာ အတော်လေး ကြီးမား တောင့်တင်း နေပြီး၊ ရွှေအမြုတေ အဆင့်ကိုပင် ကျော်လွန် နေတော့၏။

အဲဒီလိုမှ မဟုတ်ရင်... ရှေးဟောင်း ခေတ် ကတည်းက တည်ရှိခဲ့နိုင်တဲ့ ဒီလို ဝိညာဉ် သားရဲ မျိုးကို ယဉ်ပါးအောင် သွန်သင် ဖို့ ဆိုတာ... စုယွီ အတွက် တကယ့်ကို ကြီးမားတဲ့ ဖိအားကြီး တစ်ခု ဖြစ်လာနိုင်တယ်။

မြွေလိပ်အိုကြီး၊ နွားမည်းအိုကြီး နှင့် ဝိညာဉ်ဆိတ်မ... ဤ မိစ္ဆာဘုရင် သုံးကောင် နှင့် ပတ်သက်၍မူ။ စုယွီ သည် သူတို့ကို သူ၏ အိမ်မွေး သားရဲများ အဖြစ် ယဉ်ပါးအောင် သွန်သင် ခြင်း မျိုး မပြုလုပ် ခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် သူတို့၏ ဝိညာဉ် အသိဉာဏ်များမှာ မိစ္ဆာ မျိုးနွယ်စုများ နှင့် လုံးဝ (လုံးဝ) ခြားနားမှု မရှိသောကြောင့် ပင်။

လောလောဆယ် တွင်တော့၊ သူ အနေဖြင့် သူတို့ကို အလွယ်တကူ ဖိနှိပ် ချုပ်ချယ် ထားနိုင်စွမ်း ရှိနေဆဲ ပင်။

'လောလောဆယ် တော့ ဒီအတိုင်းလေး ပဲ ထားကြည့်ရအောင်။'

သို့သော်ငြားလည်း.. စုယွီ သည် လုံးဝ (လုံးဝ) မသိရှိခဲ့သော အချက် တစ်ခု ရှိနေသည်။ မိစ္ဆာ ဥကြီး ထံမှ ပြင်းထန် အားကောင်း လှသော သက်စောင့် စွမ်းအားကြီး ရုတ်တရက် ပေါက်ကွဲ ထွက်ပေါ် လာသည့် အခိုက်အတန့် တွင်ပင်... ဖူလင်း ပင်လယ်ပြင် ဒေသ ၏ အနက်ပိုင်း၊ မှိုင်းညို့ နေပြီး အလင်းရောင် လုံးဝ မရှိသော ပင်လယ် ကြမ်းပြင် ဧရိယာ တစ်ခု ၏ အောက်ဘက် တွင်..

"ဝုန်း..."

အချိန် ဘယ်လောက်ကြာအောင် အိပ်စက် နေခဲ့မှန်း မသိသော ဧရာမ သားရဲကြီး တစ်ကောင် သည် ရုတ်တရက် မျက်လုံးများကို ဖွင့်လိုက်၏။ ၎င်း၏ ခေါင်း တစ်ခုတည်း ပင်လျှင် ဧရာမ အင်မော်တယ် တောင်ထွတ်ကြီး တစ်ခု နီးပါးခန့်ကြီးမား ကျယ်ပြန့် လှ၏။

၎င်းသည် ၎င်း၏ ခေါင်းကို ဖြည်းညင်းစွာ မော့တင် လိုက်သော အခါ၊ ၎င်း၏ နဖူး ပေါ်တွင် စုပုံ နေသော သန္တာကျောက်တန်းများ နှင့် ကျောက်ဆောင်များမှာ ချက်ချင်းပင် ကွဲအက် ပြိုကျ သွားကြသည်။ ပင်လယ်ပြင် ဒေသ တစ်ခုလုံးကို ပြင်းထန်စွာ တုန်လှုပ် သွားစေကာ၊ အနီးအနား ရှိ ပင်လယ် သားရဲများကို အကြီးအကျယ် ထိတ်လန့် ပျာယာခတ် သွားစေခဲ့သည်။

၎င်းသည် ၎င်း၏ ခေါင်းကို ကုန်းမြေမကြီး ရှိရာ အရပ်ဆီသို့ လှည့်လိုက်ပြီး၊ မျက်မှောင်များ ကြုံ့ဝင် သွားကာ... ၎င်း၏ အတွင်းပိုင်း ၌ ထူးဆန်း ဆန်းကြယ်လှသော သွေးကြော ခုန်လှုပ်မှု တစ်ခု ပေါ်ပေါက် လာ၏။

"ဒီ သွေးကြော ခုန်လှုပ်မှု က..."

'ဖြစ်နိုင်ပါ့မလား... ငါတို့ ရှေးဟောင်း ရွှမ်လိပ် မျိုးနွယ်စု ရဲ့ သွေးဆက် က ဒီလောကကြီး ထဲမှာ ကျန်ရှိ နေသေးတာလား။'

နာရီ အနည်းငယ် ကြာမြင့် သွားပြီးနောက်..

ဧရာမ သားရဲကြီး ၏ ခန္ဓာကိုယ် အတွင်းရှိ သွေးကြော ခုန်လှုပ်မှု မှာ တဖြည်းဖြည်း ငြိမ်သက် သွားသည်။ ၎င်း၏ မျက်ဝန်းများ ထဲတွင် ဝမ်းသာ ပီတိ ဖြစ်မှု အရိပ်အယောင်လေး တစ်ခု ထွက်ပေါ် လာပြီး၊ ဤ ကာလ အတွင်း ၎င်း၏ ခေါင်းထဲတွင် မရေမတွက်နိုင်သော အတွေးများ ပေါ်ပေါက် လာခဲ့သည်။

မွေးရာပါ လောဘတက်မှု အရိပ်အယောင် အချို့ ပင်လျှင် ထွက်ပေါ် လာခဲ့သော်ငြားလည်း၊ ၎င်းကို ချက်ချင်းပင် ပြန်လည် ဖိနှိပ် ချေဖျက် လိုက်၏။

‘ဒီကိစ္စ တွေကို တွေးတောဖို့ ဆိုတာ စောလွန်း နေပါသေးတယ်။

အခု လောလောဆယ် မှာ အရေးအကြီးဆုံး က... အဲဒီ သွေးဆက်ကို အရင် ရှာတွေ့ဖို့ပဲ’

"ဂါး..."

ဧရာမ သားရဲကြီး သည် တိုးညင်းစွာ ဟိန်းဟောက် လိုက်ရာ... အဝေးရှိ ရေအောက် မြို့တော်ကြီး တစ်ခု မှ ပင်လယ် မျိုးနွယ်စု ဝင် အားလုံး သည် သူတို့၏ ဘိုးဘေးကြီး ထံမှ အမိန့်ပေးချက်များကို အသီးသီး ကြားသိ လိုက်ကြရသည်။

မျက်စိတစ်မှိတ် အတွင်းမှာပင်၊ ရေအောက် မြို့တော်ကြီး အတွင်းရှိ မရေမတွက်နိုင်သော ပင်လယ် မျိုးနွယ်စု ဝင် အားလုံး မှာ အကြီးအကျယ် အံ့အားသင့် ထိတ်လန့် သွားကြ၏။ အချိန် အတန်ကြာ ငြိမ်သက် သွားပြီးနောက်၊ သူတို့ အားလုံး သည် မြေပြင် ပေါ်တွင် ရိုသေ ကျိုးနွံစွာ ဖြင့် ဝပ်တွား ခယ လိုက်ကြပြီး ပြိုင်တူ အော်ဟစ် လိုက်ကြသည်။

"ဘိုးဘေးကြီး ရဲ့ အမိန့် အတိုင်း လိုက်နာ ဆောင်ရွက် ပါ့မယ်”

အခန်း (၅၄၃) - အလှည့် ခုနစ်ကြိမ် ရွှေအမြုတေ၊ အနှစ် တစ်ထောင် အထိ အသက်ရှင် နိုင်သေးတယ်(၁)

လော့ယွဲ့ မဟာမိတ် အဖွဲ့ ၏ လျှို့ဝှက် ကောင်းကင် နယ်မြေ အပျက်အစီး။

ချင်းယွဲ့ တောင်ထွတ် ၏ အထွတ်အထိပ် ရှိ ကျောက်ဂူ စံအိမ် အတွင်း၌..

စုယွီ သည် သစ်သားစိမ်း လက်စွပ်ကို ထုတ်ယူ လိုက်ပြီး၊ တာအို ရုပ်သေး က ပိုးစာပင် နယ်မြေ သို့ သွားရောက် ခဲ့သည့် ခရီးစဉ် နှင့် ဟွမ်လင်း ကျွန်းကို သိမ်းပိုက် ခဲ့စဉ် က စုဆောင်း ရရှိခဲ့သော တိုက်ပွဲဝင် ရတနာများကို ရှင်းလင်း စီတန်း နေ၏။ ၎င်းတို့ ထဲတွင် အမျိုးမျိုးသော တတိယအဆင့် အဆောင်လက်ဖွဲ့ ရေးဆွဲရာတွင် သုံးသည့် ကုန်ကြမ်း ပစ္စည်းများ၊ ဝိညာဉ် သတ္တု တွင်းထွက် ပစ္စည်းများ ပါဝင်သလို... တာအို ရုပ်သေး ပုံမှန် အားဖြင့် ရေးဆွဲ ဖန်တီးထားခဲ့သော တတိယအဆင့် အဆောင်လက်ဖွဲ့များ လည်း အများအပြား ပါဝင် နေသည်။

'ဒီကောင်... အပြင်ထွက်ပြီး တော်တော်များများ စုဆောင်း လာခဲ့တာပဲ။ ငါ့အတွက်တော့ အားရစရာ တွေချည်းပဲ။'

လက်ရှိ အချိန်တွင်၊ စုယွီကိုယ်တိုင် အနေဖြင့် အရည်အသွေးမြင့် တတိယအဆင့် အဆောင်လက်ဖွဲ့ အချပ်ရေလေးရာ တောင် မပြည့်သေးသည့် ပမာဏကိုသာ စုဆောင်း ရရှိ ထားသေးသည်။

ကိုယ်စားပြုကိုယ်ပွား အဆောင်လက်ဖွဲ့ အတွက် လိုအပ်သော ကုန်ကြမ်း ပစ္စည်းများမှာ အတော်လေး ထူးခြား ဆန်းကြယ်လှပြီး၊ အဆောင်လက်ဖွဲ့ စက္ကူ နှင့် မှင်ကို ဖန်တီးရန် အတွက် မှော် မိစ္ဆာ သားရဲများ၏ သားရေ နှင့် အနှစ်သာရ သွေးများကို အသုံးပြု ရသည်။ လိုအပ်ချက်များမှာ အလွန်တရာ မြင့်မားလွန်းလှပြီး၊ ရေးဆွဲ ဖန်တီးရန် မှာလည်း အလွန် ခက်ခဲ လှ၏။

စုယွီ ၏ လက်ထဲတွင်... အရည်အသွေး အထွတ်အထိပ် ရောက်နေသော တတိယအဆင့်ကိုယ်စားပြုကိုယ်ပွား အဆောင်လက်ဖွဲ့ ဆိုသည်မှာ ကိုးချပ် တိတိ သာ ရှိ၏။

အခြား တိုက်ခိုက်ရေး အဆောင်လက်ဖွဲ့ တစ်မျိုး ဖြစ်သော 'လျှို့ဝှက် ဓားခုနစ်လက် အဆောင်လက်ဖွဲ့'ကိုမူ ရေးဆွဲ ဖန်တီးရန် အတော်လေး ပိုမို လွယ်ကူလှ၏။ လောလောဆယ် တွင် စုယွီ ထံ၌ ၎င်း အဆောင်လက်ဖွဲ့ အချပ်ရေ တစ်ရာ ကျော်ခန့် ရှိနေပြီး၊ ထိုအထဲမှ အချပ်လေးဆယ် ကျော်မှာ အရည်အသွေး အထွတ်အထိပ် အဆင့် သို့ ရောက်ရှိ နေသည်။

အရည်အသွေး အထွတ်အထိပ် ရောက်နေသော လျှို့ဝှက် ဓားခုနစ်လက် အဆောင်လက်ဖွဲ့ တစ်ချပ်စီ ၏ စွမ်းအား မှာ... ရွှေအမြုတေ အဆင့် (၉) သို့ ရောက်ရှိနေသော ကျင့်ကြံသူ တစ်ဦး ၏ တိုက်ခိုက်မှု စွမ်းအား နှင့် အကြမ်းဖျင်း အားဖြင့် ညီမျှ နေသည်။

စုယွီကိုယ်တိုင် နှင့် နှိုင်းယှဉ်လိုက်ပါက၊ တာအို ရုပ်သေး ထံတွင် အဆောင်လက်ဖွဲ့များ ပိုမိုများပြားစွာ ရှိနေသည်။ အဘယ်ကြောင့်ဆိုသော် ရုပ်သေး ခန္ဓာကိုယ် သည် ကျင့်ကြံခြင်း အတွက် တံခါးပိတ် တရားထိုင်ရန် လုံးဝ မလိုအပ်သောကြောင့် ပင်။ ၎င်းသည် ၎င်းကိုယ်၎င်း ပြုပြင် မွမ်းမံရန် အတွက် စုဆောင်း ရရှိထားသော ဝိညာဉ် သတ္တု တွင်းထွက် ပစ္စည်းများ၏ အနှစ်သာရများကို သန့်စင် ဝါးမျိုရန် အတွက်သာ တံခါးပိတ် အနားယူ ရလေ့ ရှိ၏။

ပုံမှန် အချိန်များတွင်မူ၊ ၎င်းသည် ၎င်း၏ အချိန်များကို အဆောင်လက်ဖွဲ့များ ရေးဆွဲ ဖန်တီးရန် အတွက်သာ အသုံးပြု နိုင်သည်။

'ရုပ်သေးလေး ကတော့ တကယ့် အလုပ်သမားကောင်း ပဲ။ မအိပ်မစား နဲ့ အလုပ်ချည်း လုပ်နေတာ... ငါ့အတွက်တော့ ရွှေဥ ဥတဲ့ ငန်းလေး ပဲ။'

ခေတ္တမျှ စဉ်းစား တွေးတော ပြီးနောက်၊ စုယွီ သည် သစ်သားစိမ်း လက်စွပ် အတွင်းမှ အရည်အသွေးမြင့် တတိယအဆင့် အဆောင်လက်ဖွဲ့ ကုန်ကြမ်း ပစ္စည်း အစုံလေးရာလောက်အား ထုတ်ယူ လိုက်ပြီး၊ အခင်းအကျင်း အခြေခံများ တည်ဆောက် ဖန်တီးနိုင်စွမ်း ရှိသော ဝိညာဉ် သတ္တု တွင်းထွက် အချို့ကိုပါ တစ်ပါတည်း ထုတ်ယူ လိုက်၏။

"ထိုက်ရွှီ မဟာမိတ် အဖွဲ့ ခေါင်းဆောင်၊ ရွှမ်ထျန်း အင်မော်တယ် ဂိတ်တံခါး နဲ့ ချင်းရွှမ် အင်မော်တယ် ဂိတ်တံခါး က လူတွေ ဘယ်အချိန် ပြန်ရောက် လာမလဲ... ဒါမှမဟုတ် သူတို့ တွေ တာ့ယွဲ့ နန်းတော် အပေါ်ကို ဘယ်အချိန် စတင် လှုပ်ရှား လာမလဲ ဆိုတာကိုတော့ အတိအကျ မသိရသေးဘူး"

စုယွီ သည် သူ့ဘာသာ တီးတိုး ရေရွတ် ခန့်မှန်း နေမိသည်။

"နောက်လာမယ့် အချိန် ကာလ တွေ အတွင်းမှာ... ပုံမှန် ကျင့်ကြံခြင်း တွေ၊ ရွှေအမြုတေကို သန့်စင်တာ တွေ အပြင်... ငါ့အနေနဲ့ အရည်အသွေးမြင့် တတိယအဆင့် အဆောင်လက်ဖွဲ့ အမျိုးမျိုးကို ရေးဆွဲ ဖန်တီး တဲ့ နေရာမှာ ကျွမ်းကျင်မှု ပိုမို တိုးတက် လာအောင် အဆောင်လက်ဖွဲ့ တွေ ရေးဆွဲ တဲ့ အပေါ်ကို အဓိက အာရုံစိုက် သင့်တယ်"

ဤတစ်ကြိမ် တွင်... သူ ဤနေရာ ၌ ဆယ်နှစ်ခန့် ဆက်လက် နေထိုင် သွားမည် ဆိုလျှင်ပင် ပြဿနာ မရှိနိုင်ချေ။

သူသည် အင်မော်တယ် ဂိတ်တံခါး ၏ စီမံခန့်ခွဲရေး ခန်းမဆောင် ထံသို့ ကြိုတင် သတင်းပို့ ခွင့်ပန် ထားပြီး ဖြစ်သဖြင့်၊ သူ ပြန်ရောက် သွားချိန် တွင်မှ သူ၏ ပုံမှန် တာဝန်များကို အစားထိုး ပြန်လည် ထမ်းဆောင် လိုက်မည် ဆိုလျှင်လည်း ဘာပြဿနာ မှ ရှိမည် မဟုတ်ချေ။

ကောင်းကင် နှင့် မြေကြီး ၏ ဝိညာဉ် စွမ်းအင်များ အလွန်တရာ ကြွယ်ဝ သိပ်သည်းလှသော လော့ယွဲ့ မဟာမိတ် အဖွဲ့ ၏ စတုတ္ထအဆင့် လျှို့ဝှက် နယ်မြေကြီး အတွင်း၌ ဆက်လက် နေထိုင် ရခြင်း က... သူ၏ ကိုယ်ပိုင် ကျင့်ကြံခြင်း အတွက် မည်သည့် အနှောင့်အယှက်၊ မည်သည့် အဟန့်အတား မျှ ဖြစ်စေမည် မဟုတ်ချေ။

တာအို ရုပ်သေး ၏ တိုက်ပွဲဝင် ရတနာများကို ရှင်းလင်း စီတန်း ပြီးစီး သွားသော အခါ၊ စုယွီ သည် အစိမ်းရောင်သစ်သား လက်စွပ် အတွင်းမှ ကောင်းကင် အနှစ်သာရ ဝိညာဉ် အရည် ဆယ်စက် တိတိကို ထုတ်ယူ လိုက်ပြီး တာအို ရုပ်သေး ထံသို့ ကမ်းပေး လိုက်၏။ ဤ ဝိညာဉ် အရည်များသည် ရုပ်ပိုင်းဆိုင်ရာ ရုပ်သေး ခန္ဓာကိုယ် အပေါ် တွင်ကြီးကြီးမားမား သက်ရောက်မှု မရှိနိုင်သော်ငြားလည်း၊ ဝိညာဉ် ရုပ်သေး အတွက်မူ အတော်လေး အသုံးဝင် နိုင်စွမ်း ရှိပေလိမ့်မည်။

'တကယ်လို့များ ဝိညာဉ် ရုပ်သေး က သာ သူ့ရဲ့ စွမ်းအား တွေကို မြှင့်တင် နိုင်ပြီး... မူလဝိညာဉ် အဆင့် (၂)ကို ရောက်သွားမယ် ဆိုရင်တော့...'

သူ၏ တောင့်တင်း ခိုင်မာလှသော အခြေခံ အုတ်မြစ်ကြီးမှာ အရည်အသွေး ပိုင်း ဆိုင်ရာ တွင် နောက်ထပ်ကြီးမားလှသည့် အဆင့်တက် ခုန်ပျံ ကျော်လွှားမှုကြီး တစ်ခုကို သေချာပေါက် ကြုံတွေ့ ရပေလိမ့်မည်။

တာအို ရုပ်သေးကို ဂူ စံအိမ် ၏ ဘေးဘက်သို့ သွားရောက်ကာ ကောင်းကင် အနှစ်သာရ ဝိညာဉ် အရည်များကို သန့်စင် ဝါးမျို စေလိုက်ပြီးနောက်... စုယွီကိုယ်တိုင် လည်း ကျောက်စိမ်း ကုတင် ပေါ်တွင် ဝင်ထိုင် လိုက်ပြီး၊ သူ၏ ပုံမှန် နေ့စဉ် ကျင့်ကြံခြင်းကို စတင် လိုက်တော့သည်။

"ဓာတ်ကြီးငါးပါး ကျင့်စဉ် နဲ့ ပတ်သက်လို့ ကတော့... အခု ငါ က ရွှေအမြုတေ အဆင့် (၈) ရဲ့ ကျင့်ကြံခြင်း နည်းလမ်း တွေကို အပြည့်အဝ နားလည် သဘောပေါက် နေပြီ... ပြီးတော့ အဆင့် (၉) ရဲ့ လျှို့ဝှက်ချက် တွေကိုလည်း နည်းနည်းပါးပါး တော့ အာရုံခံ နားလည် နေပြီ"

စုယွီ ၏ စိတ်အာရုံ သည် ရွှေပုစဉ်း နည်းစနစ်ကို လည်ပတ် အသက်သွင်း လိုက်ရာ... မျက်စိတစ်မှိတ် အတွင်းမှာပင်၊ သူ၏ ဝိညာဉ် အာရုံများမှာ အလွန်တရာ ရှင်းလင်း ကြည်လင် လာ၏။ သူ၏ အတွေးများ မှာ အံ့မခန်း မြန်ဆန် လာသကဲ့သို့ ရှိပြီး၊ လျင်မြန်သော အရှိန်နှုန်း ဖြင့် စီးဆင်း နေသည့် ထိတွေ့ကိုင်တွယ်၍ ရနိုင်သော စဉ်းစား တွေးတောမှု လမ်းကြောင်းများကို အဆက်မပြတ် ထုတ်လုပ် ပေးနေသည်။

"အထက်ဘုံ သန့်စင်သော မူလ တာအို နိယာမကို အသုံးပြုပြီး ဓာတ်ကြီးငါးပါး တာအိုကို အာရုံခံ လေ့လာ တာက... ဓာတ်ကြီးငါးပါး ကျင့်စဉ် အပေါ် ငါ့ရဲ့ နားလည် သဘောပေါက် မှု တွေကို အများကြီး ပိုပြီး နက်ရှိုင်း သွားစေတယ်။ အခု လက်ရှိ ဓာတ်ကြီးငါးပါး ကျင့်စဉ် ရဲ့ စွမ်းအား က... ငါ မြေကမ္ဘာအင်မော်တယ် နယ်မြေကို မသွားခင် တုန်းက ထက် အနည်းဆုံး နှစ်ဆ ကျော်လောက် ပိုပြီး အစွမ်းထက် နေလောက်ပြီ"

"ဒါပေမဲ့..."

စုယွီ သည် မျက်မှောင် အနည်းငယ် ကြုံ့ကာ တွေးတော လိုက်၏။

"ငါ့ရဲ့ ရွှေအမြုတေကို သန့်စင် တဲ့ လုပ်ငန်းစဉ် က... တစ်နေ့ထက် တစ်နေ့ ပိုပိုပြီး ခက်ခဲ ပင်ပန်း လာသလိုပဲ။ ပြီးတော့ အထက်ဘုံ သန့်စင်သော မူလ တာအို နိယာမ အပေါ် ငါ့ရဲ့ နားလည် သဘောပေါက် မှု တွေကလည်း အကန့်အသတ် အဆုံးစွန် တစ်ခု ဆီကို ရောက်နေပြီ လို့ ခံစားနေရတယ်"

'ဟူး... ခက်လိုက်တာ။ ဒီထက် ပိုပြီး နားလည်အောင် လုပ်ဖို့က ခေါင်းထဲကို မဝင်တော့ဘူး။ အတားအဆီးကြီး တစ်ခု က ပိတ်နေသလိုပဲ။'

သူသည် သူ၏ ဒန်တျန် အတွင်းပိုင်း သို့ လှမ်းကြည့် လိုက်ပြီး၊ကြီးမား ကျယ်ပြန့်လှသော အင်မော်တယ် အရှိန်အဝါများ ရစ်သိုင်းနေသည့် တောက်ပလှသော ရွှေရောင် အမြုတေကြီးကို စူးစိုက် ကြည့်ရှု နေသည်။

၎င်း၏ အပေါ်တွင် တာအို အမှတ်အသား ခြောက်ခုကို နက်ရှိုင်းစွာ ထွင်းထု ခတ်နှိပ် ထား၏။

ထို တာအို အမှတ်အသား တစ်ခုစီ တိုင်း ထံမှ... စကားဖြင့် ဖော်ပြရန် ခက်ခဲလှသော တာအို စည်းချက်များ ၏ ခံစားချက်ကို ထုတ်လွှတ် နေသည်။

၎င်းတို့သည် တံတားများ အလား၊ စုယွီ နှင့် ကောင်းကင် နှင့် မြေကြီး ၏ တာအို တို့ကို တိုက်ရိုက် ဆက်သွယ် ပေးထားသကဲ့သို့ ပင်။

ဤအခိုက်အတန့် တွင်၊ ရွှေအမြုတေကြီး ၏ အပေါ်၌... သတ္တမမြောက် တာအို အမှတ်အသား ၏ အရိပ်အယောင်ကြီး တစ်ခု သည် ပုံရိပ်ယောင် တစ်ခု အဖြစ် ထွက်ပေါ် နေလေပြီ။

သို့သော် ယခင် အကြိမ်များ က ပြုလုပ်ခဲ့သော သန့်စင်မှုများနှင့် နှိုင်းယှဉ်လိုက်ပါက၊ သတ္တမမြောက် တာအို အမှတ်အသား နှင့် ပတ်သက်လာလျှင်... စုယွီ သည် မျက်စိဖြင့် မမြင်နိုင်သော 'ခုခံ တားဆီးမှု'ကြီး တစ်ခုကို သိသိသာသာ အာရုံခံနေရသည်။

ထို ခုခံ တားဆီးမှုကြီး မှာ အခြားသူများ ထံမှ မဟုတ်ဘဲ၊ သူ့ကိုယ်သူ ထံမှသာ မြစ်ဖျားခံ လာခြင်း ပင်။

ဥပမာအားဖြင့် သူ၏ ဝိညာဉ် သွေးကြော ပါရမီ နှင့် အာရုံခံ နားလည်နိုင်စွမ်း စသည်တို့ ပင်။

ကျင့်ကြံခြင်း လောကကြီးမှာ အလွန်တရာ လက်တွေ့ဆန် ပြီး ရက်စက် ကြမ်းကြုတ် လွန်းလှ၏။ တရားမျှတမှု ဆိုသည်မှာ လုံးဝ (လုံးဝ) မရှိခဲ့ချေ။ လူတစ်ယောက်ချင်းစီ မွေးဖွား လာသည့် အခိုက်အတန့် ကတည်းက... သူတို့၏ အနာဂတ် နှင့် ကံကြမ္မာ မှာ ကြိုတင် သတ်မှတ် ပြဋ္ဌာန်း ပြီးသား ဖြစ်နေတော့၏။

ဥပမာအားဖြင့်၊ အကယ်၍ လူတစ်ယောက် သည် ဝိညာဉ် သွေးကြော လုံးဝ မပါဘဲ မွေးဖွား လာခဲ့မည် ဆိုပါက... သူသည် သာမန် လူသား တစ်ဦး အဖြစ်သာ သေဆုံး သွားရမည် မှာ မလွဲမသွေ သေချာ နေသည်။

အကယ်၍ လူတစ်ယောက် သည် အဆင့်နိမ့် ဝိညာဉ် သွေးကြော တစ်ခုတည်း ဖြင့်သာ မွေးဖွား လာခဲ့မည် ဆိုပါက... သူသည် သူ၏ တစ်သက်တာ လုံးတွင် ချီ စုစည်းမှု အဆင့် သို့သာ ရောက်ရှိနိုင်ရန် ရာခိုင်နှုန်း အများဆုံး ဖြစ်၏။

အခြေခံ တည်ဆောက်ခြင်း အဆင့် သို့ ရောက်ရှိရန် ပင် အလွန် ခက်ခဲ ပင်ပန်း လှပေလိမ့်မည်။

ထို့နောက်တွင်တော့... ရှေးဟောင်း သွေးမျိုးဆက်များ၊ ဝိညာဉ် ခန္ဓာကိုယ်များ၊ နှင့် တာအို ခန္ဓာကိုယ်များ ဖြင့် မွေးဖွား လာသူများ လည်း ရှိနေသေးသည်။ ဤကဲ့သို့သော ကောင်းကင်ဘုံ ၏ အထူး မျက်နှာသာ ပေးခြင်းကို ခံရသူများ သည်... မွေးရာပါ ကံကောင်းခြင်းများကို စုဆောင်း ရရှိထားပြီး၊ အင်မော်တယ်များ ဖြစ်လာနိုင်သည့် အရည်အချင်းများကို အပြည့်အဝ ပိုင်ဆိုင် ထားကြ၏။

ဥပမာအားဖြင့်... ရှေးဟောင်း ခေတ် က မြေကမ္ဘာအင်မော်တယ် နယ်မြေ ၏ 'ကျဲ့ထျန်း တာအို' သခင်လေး နှင့်... ဝိညာဉ် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသော မာထျန်းလင် တို့ ကဲ့သို့ ပင်။

ကောင်းကင်ဘုံ ၏ အချစ်တော်လေးများ သည် သူတို့ မွေးဖွား လာသည့် အခိုက်အတန့် ကတည်းက အခြားသူများ နှင့် လုံးဝ ကွဲပြား ခြားနား နေခဲ့ကြသည်။

'ငါကတော့ အဲဒီလောက် ပါရမီရှင် မဟုတ်ဘူးလေ။ ရိုးရိုး သာမန် ဝိညာဉ် သွေးကြောလေး နဲ့ စခဲ့ရတာ။ အခု ဒီအဆင့် ရောက်အောင် သွေးထွက်အောင် ရုန်းကန်ခဲ့ရတာ။'

လက်ရှိ အချိန်တွင် စုယွီကိုယ်တိုင် သည် အကြိမ်ကြိမ် အလီလီ အသွင်ပြောင်းလဲမှုများကို ဖြတ်သန်း ခဲ့ရပြီးနောက်၊ နောက်ဆုံးတွင် ဓာတ်ကြီးငါးပါး အဆင့်မြင့် ဝိညာဉ် သွေးကြောကို ပိုင်ဆိုင် နိုင်ခဲ့လေပြီ။ သို့သော်ငြားလည်း... ထို ဓာတ်ကြီးငါးပါး အဆင့်မြင့် ဝိညာဉ် သွေးကြော မှလွဲ၍၊ သူ၏ အခြားသော မွေးရာပါ ပါရမီများမှာ သိပ်ပြီး ထူးခြား ဆန်းပြား နေခြင်း မရှိချေ။

သူ့ထံတွင် ဝိညာဉ် ခန္ဓာကိုယ် သို့မဟုတ် တာအို ခန္ဓာကိုယ် လုံးဝ မရှိချေ။ သူသည် ရိုးရှင်းပြီး သာမန် ထက် မပိုသော လူတစ်ဦး သာ ဖြစ်သည်။

သူ အားကိုး အားထား ပြုနိုင်သော တစ်ခုတည်းသော အရာမှာ... သူ၏ ကျွမ်းကျင်မှု အဆင့် သတ်မှတ်ချက် မျက်နှာပြင်ကြီး မျှသာ ဖြစ်၏။

သူ၏ မွေးရာပါ ပါရမီ နှင့် အာရုံခံ နားလည်နိုင်စွမ်းများမှာ အကန့်အသတ် ရှိနေသည်။

ထိုအကြောင်းကို တွေးမိလိုက်သောအခါ၊ စုယွီ သည် သူ၏ မျက်မှောင်များကို ဖြေလျှော့ လိုက်ပြီး၊ သက်ပြင်း တစ်ချက်ကို ဖွဖွလေး ချလိုက်၏။

"ထားလိုက်ပါတော့လေ... ပုံမှန် အတိုင်းပဲ စနစ်တကျ ဆက်ကျင့်ကြံ နေတာပဲ ကောင်းပါတယ်။ ကျွမ်းကျင်မှု အမှတ် တွေကို နည်းနည်းချင်းစီ စုဆောင်းပြီး တိုးတက်အောင် လုပ်တာပေါ့။ ကျွမ်းကျင်မှု အမှတ် တွေ သတ်မှတ်ထားတဲ့ အဆင့် တစ်ခုကို ရောက်သွားတဲ့ အချိန်ကျရင်... ငါ လေ့လာဖို့ လိုအပ်တဲ့ အရာတွေ အားလုံးကို အလိုအလျောက် နားလည် သဘောပေါက် သွားမှာပါ"

'ဉာဏ် မကောင်းရင် အလုပ် ကြိုးစားရမှာပေါ့။ ငါ့မှာ စနစ်ကြီး ရှိနေတာပဲ... အချိန် ပေးရင် အကုန် ရလာမှာပါ။'

အကယ်၍ သူ၏ ပါရမီ နှင့် အာရုံခံ နားလည်နိုင်စွမ်းများမှာ မလုံလောက်ခဲ့ဘူး ဆိုလျှင်... သူသည် ထို ကွက်လပ်များကို ကျွမ်းကျင်မှု အမှတ်များဖြင့် အစားထိုး ဖြည့်တင်း လိုက်မည် ပင်။

ကျွမ်းကျင်မှု အမှတ်များ ပြည့်ဝ သွားသော အခါ၊ သူသည် ၎င်းကို 'ပြောင်းပြန် အင်ဂျင်နီယာ' လုပ်နည်း ဖြင့် ဖန်တီးကာ... အရာအားလုံးကို သဘာဝကျကျ ပင် အလိုအလျောက် နားလည် သဘောပေါက် သွားလိမ့်မည်။

ထို့အပြင် ထိုသို့ ပြုလုပ်ခြင်း က ဦးနှောက် စားရန် လည်း သိပ်မလိုအပ်လှချေ။

ထိုသို့ တွေးတော လိုက်ပြီးနောက်၊ စုယွီ သည် သူ၏ စိတ်အာရုံကို အနားပေးလိုက်ပြီး၊ ဘာတစ်ခုကိုမျှ ဆက်လက် စဉ်းစား တွေးတော မနေတော့ချေ။ သူသည် ရွှေအမြုတေကို သန့်စင်ရန် အတွက် အထက်ဘုံ သန့်စင်သော မူလ တာအို နိယာမကိုသာ အပြည့်အဝ အာရုံစိုက်ကာ လည်ပတ် အသက်သွင်း နေ၏။ အထက်ဘုံ သန့်စင်သော မူလ တာအို နိယာမ ၏ ကျွမ်းကျင်မှု အမှတ်များကို မြှင့်တင် ပြီးစီးသွားသော အခါ... သူသည် ဓာတ်ကြီးငါးပါး ကျင့်စဉ် နှင့် ကောင်းကင် အင်မော်တယ်ကိုယ်ခန္ဓာ သန့်စင်ခြင်း ကျင့်စဉ် တို့ကို ဆက်လက် ကျင့်ကြံရန် အတွက် ကူးပြောင်း သွားတော့သည်။

All Chapters