အခန်း (၅၅၀-၅၅၂)
Vol. 37 Ch. 550-552
အခန်း (၅၅၀) - စတင် လှုပ်ရှားခြင်း(၁)
ဟွမ်ကျူးသည် သူတို့အား တိုက်ခိုက်ချေမှုန်းရန် ရည်ရွယ်ချက် လုံးဝမရှိကြောင်း တွေ့လိုက်ရသောအခါ၊ ထိုက်ရွှီ မဟာမိတ်အဖွဲ့ ခေါင်းဆောင်နှင့် ချင်းရွှမ် ဂိုဏ်းချုပ်တို့၏ ရင်ထဲတွင် အတိုင်းမသိ ဝမ်းသာပီတိ ဖြစ်သွားကြသည်။
'ဟူး... တော်သေးလို့ပေါ့။ ငါတို့ကိုတော့ အသက်ချမ်းသာပေးခဲ့ပြီ။ ဘာစောင့်နေမှာလဲ... လစ်ပြီပေါ့။'
ဟွမ်ကျူးနှင့်တကွ အရှင်သခင်ကြီး ဟွမ်ချန်၊ အရှင်သခင်ကြီး ကျင်းလင်တို့ လုံးဝ ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက်၊ ထိုခေါင်းဆောင်နှစ်ဦးသည် ချက်ချင်းပင် နောက်သို့လှည့်လိုက်ကြ၏။ ထို့နောက် သူတို့၏ လက်များကို တစ်ချက်ဝှေ့ယမ်းလိုက်ရာ၊ ကောင်းကင်နှင့် မြေကြီး တစ်ခွင်လုံးတွင် မန္တန်စွမ်းအားများ ပြည့်နှက်သွားပြီး သူတို့၏ လက်အောက်ငယ်သားများကို ခေါ်ဆောင်ကာ အသီးသီး ထွက်ပြေး လွတ်မြောက်သွားကြတော့သည်။
နတ်မိမယ် လျူရွှီး အနေဖြင့်မူ သူတို့နောက်သို့ လိုက်လံ မတိုက်ခိုက်တော့ရန် ဆုံးဖြတ်လိုက်၏။
အဘယ်ကြောင့်ဆိုသော် သူမ၏ ကျင့်ကြံခြင်း အဆင့်မှာ ထိုက်ရွှီ မဟာမိတ်အဖွဲ့ ခေါင်းဆောင်ထက်များစွာ မသာလွန်သောကြောင့်တည်း။ အကယ်၍ ထိုက်ရွှီ မဟာမိတ်အဖွဲ့ ခေါင်းဆောင်နှင့် ချင်းရွှမ် ဂိုဏ်းချုပ်တို့သာ ပူးပေါင်းသွားခဲ့မည်ဆိုလျှင်၊ သူမ အနေဖြင့် သူတို့ကို တားဆီးထားနိုင်ရန် လုံးဝ ယုံကြည်မှု မရှိခဲ့ချေ။
ထို့ကြောင့်၊ ထိုခေါင်းဆောင် နှစ်ဦး ထွက်ပြေးသွားပြီးနောက်တွင်၊ နတ်မိမယ် လျူရွှီးသည် နတ်မိမယ် ကုယွဲ့ထံသို့ အမိန့်တစ်ခုကို တင်းမာပြတ်သားစွာ ချမှတ်လိုက်၏။
"အမိန့် ထုတ်လိုက်စမ်း။ ဒီကနေ့က စပြီး တာ့ယွဲ့ နယ်နိမိတ်ဟာ ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ကို စစ်ကြေညာတယ်။ ထိုက်ရွှီ အဖွဲ့ အမြစ်ပြတ် မပျက်သုဉ်းသရွေ့ လုံးဝ (လုံးဝ) ရပ်တန့်မှာ မဟုတ်ဘူး.."
နတ်မိမယ် ကုယွဲ့၏ မျက်နှာလေးမှာ ရေခဲပြင်အလား အေးစက်ခက်ထန်နေပြီး၊ သူမ၏ ရင်ထဲတွင်မူ ကြောက်ရွံ့တုန်လှုပ်မှုများက ယခုတိုင် ကျန်ရစ်နေဆဲပင်။
ကံကောင်းထောက်မစွာဖြင့်... ချင်းချွမ်၊ စုယွီနှင့် အခြားသူများသည် မြေကမ္ဘာအင်မော်တယ် နယ်မြေမှ အကြီးအကဲများကို တာ့ယွဲ့ နယ်နိမိတ်သို့ ခေါ်ဆောင်လာခဲ့ကြသည်။ ထိုသို့သာ မဟုတ်ခဲ့လျှင်၊ ဖူလင်း ပင်လယ်ပြင်ရှိ ရွှမ်ထျန်း အင်မော်တယ် ဂိတ်တံခါးမှ ကျူးကျော်ဝင်ရောက်လာသော ဤကြီးမားလှသည့် အန္တရာယ်ကြီးကို ဖြေရှင်းနိုင်ရန်မှာ အလွန်တရာ ခက်ခဲလွန်းလှပေလိမ့်မည်။
နတ်မိမယ် ကုယွဲ့သည် ခေါင်းကိုလေးလေးနက်နက် ညိတ်လိုက်ပြီး ပြန်လည် ဖြေကြားလိုက်၏။
"ဟုတ်ကဲ့ပါ ဘိုးဘေးကြီး။ ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ကို ချေမှုန်းဖို့ အင်အားစုတွေ အားလုံးဆီကို ကျွန်မ ချက်ချင်း အမိန့်ပေးလိုက်ပါ့မယ်"
ထို့နောက်တွင်တော့၊ နတ်မိမယ် ကုယွဲ့၊ သေရည် အင်မော်တယ်၊ သံစာလိပ် အင်မော်တယ် နှင့် တာ့ယွဲ့ နန်းတော်မှ အခြားသော အဆင့်မြင့် တာဝန်ရှိသူများသည် ဤကိစ္စရပ်များကို အသေးစိတ် ဆွေးနွေးတိုင်ပင်ရန်အတွက် ဂိုဏ်း၏ အဓိက ခန်းမဆောင်ကြီးဆီသို့ ဦးတည်သွားကြသည်။
စုယွီ၊ လော့ချန်ယွီ၊ ယွီခယ်အာ၊ မာရှီချင်း နှင့် အခြားသူများကမူ ထိုဆွေးနွေးပွဲတွင် ပါဝင်ခဲ့ခြင်း မရှိကြချေ။ ထိုအစား၊ သူတို့သည် တာ့ယွဲ့ နန်းတော်အတွင်းရှိ သူတို့၏ကိုယ်ပိုင် နေအိမ် အသီးသီးဆီသို့သာ ပြန်သွားခဲ့ကြသည်။
ဤသို့ဖြင့် တာ့ယွဲ့ နန်းတော်ရှိ လူတိုင်းသည် ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့အား စစ်ပွဲဆင်နွှဲရန် အပြင်းအထန် ပြင်ဆင်နေကြတော့သည်။
စုယွီသည် သူ၏ နေအိမ်သို့ ပြန်လည်ရောက်ရှိသွားသောအခါ၊ သူ၏ တာအို ရုပ်သေးကို ခေါ်ထုတ်လိုက်ပြီးနောက် တာ့ယွဲ့ နန်းတော်မှ တိတ်တဆိတ် ထွက်ခွာသွားသည်။ သူ၏ ရည်ရွယ်ချက်မှာ ထွက်ပြေးသွားကြသော ထိုက်ရွှီ မဟာမိတ်အဖွဲ့ ခေါင်းဆောင်နှင့် ချင်းရွှမ် ဂိုဏ်းချုပ်တို့၏ လမ်းကြောင်းနှင့် အရိပ်အယောင်များကို လိုက်လံ ထောက်လှမ်း စုံစမ်းရန်ပင်။
'ဒီကောင်တွေ ဘယ်လောက်တောင် စွမ်းလဲ ဆိုတာ စမ်းကြည့်ရသေးတာပေါ့။ မူလဝိညာဉ် အဆင့် (၂) လောက်ကို ငါ တကယ်ပဲကိုင်တွယ်နိုင်မလား ဆိုတာ သိချင်နေတာ။'
"မူလဝိညာဉ် အဆင့် (၂) ကျင့်ကြံသူကို ငါ ရှင်းနိုင်မလား၊ မရှင်းနိုင်ဘူးလား ဆိုတာ သွားကြည့်ရမယ်" ဟု သူက တီးတိုး ရေရွတ်လိုက်၏။
သူ၏ စိတ်အာရုံအတွင်း၌ ရွှေပုစဉ်း နိယာမ ကျင့်စဉ် လည်ပတ်သွားသည်နှင့်တကွ၊ စုယွီ၏ ဝိညာဉ်သည် အတောင်ပံ နှစ်ဖက်ပါရှိသော ရွှေရောင် ပုစဉ်းတစ်ကောင်အဖြစ်သို့ အသွင်ပြောင်းသွားသည်။ သူ၏ ရွှေရောင် မျက်ဝန်းများ စူးရှသွားပြီးနောက်၊ မျက်စိ နတ်ဘုရားစွမ်းရည်မှာ ချက်ချင်းဆိုသလို အသက်ဝင်လာတော့၏။
မျက်စိတစ်မှိတ်အတွင်းမှာပင်...
သူ၏ ရှေ့မှောက်ရှိ မြင်ကွင်းများသည် ပုံရိပ်ယောင်များအလား ဝေဝါးသွားခဲ့သည်။ စုယွီ၏ အကြည့်များသည် မိုင်ထောင်ချီ ကွာဝေးသော ဟင်းလင်းပြင် ကွက်လပ်ကို ဖောက်ထွင်းသွားပြီး၊ ထိုက်ရွှီ မဟာမိတ်အဖွဲ့ ခေါင်းဆောင်နှင့် ချင်းရွှမ် ဂိုဏ်းချုပ်တို့ ရှိနေမည့် တည်နေရာနှင့် အကွာအဝေးကို အတိအကျ ပိုင်းခြား သိမြင်နိုင်စွမ်း ရှိသွားသည်။
တာ့ယွဲ့ နန်းတော်မှ ထွက်ခွာလာပြီး ဆံပင်ဖြူ အဖိုးအို ကျင့်ကြံသူ တစ်ဦးအဖြစ် ရုပ်ဖျက်ထားသော တာအို ရုပ်သေးသည် ထိုအရပ်မျက်နှာဆီသို့ မော့ကြည့်လိုက်၏။
"ဝီ..."
နောက်တစ်စက္ကန့်တွင်၊ တာအို ရုပ်သေး၏ ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်တွင် လှိုင်းဂယက်များ ထလာ၏။ ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့်၊ ရုပ်သေးသည် ထိုနေရာမှ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားတော့သည်။
တာ့ယွဲ့ နန်းတော်ရှိ သူ၏ နေအိမ်အတွင်း၌၊ စုယွီသည် သူ၏ အကြည့်များကို ရုပ်သိမ်းလိုက်ပြီး၊ သူ၏ ရင်ထဲတွင် မျှော်လင့်တောင့်တမှု အရိပ်အယောင်လေးတစ်ခု ကိန်းအောင်းနေ၏။
'ငါ တကယ်ပဲ မူလဝိညာဉ် အဆင့် (၂) က အရှင်သခင်ကြီးကို ယှဉ်ပြိုင်နိုင်စွမ်း ရှိပြီလား။'
ယခင်က ဖူလင်း ပင်လယ်ပြင်တွင် ကြုံတွေ့ခဲ့ရစဉ်တုန်းက၊ သူသည် ဟွမ်လင်းကျွန်း အပါအဝင် အင်အားစု သုံးခုမှ မူလဝိညာဉ် အဆင့် အရှင်သခင်ကြီးများနှင့် ရင်ဆိုင်ခဲ့ဖူးသည်။ ထို ဟွမ်လင်းကျွန်း၏ ဘိုးဘေးကြီးသည် မူလဝိညာဉ် အဆင့် (၂) ကျင့်ကြံသူ တစ်ဦး ဖြစ်သည်။
'အဲဒီတုန်းက ဟို ဘိုးဘေးကြီးနဲ့ ချခဲ့တာက အကဲစမ်းရုံ သက်သက်ပဲလေ။ တကယ်တမ်း အသေအလဲ တိုက်ခဲ့ကြတာမှ မဟုတ်တာ။ ဒါပေမဲ့ မုဖုန်း ကုန်သွယ်ရေး အသင်း နဲ့ ထိုက်ယွမ် ကုန်သွယ်ရေး အသင်း က မူလဝိညာဉ် အဆင့် (၁) အရှင်သခင်ကြီး တွေနဲ့တော့ တကယ့် လက်တွေ့ တိုက်ပွဲ အတွေ့အကြုံ ရခဲ့တယ်။'
အကယ်၍သာ သူ အစွမ်းကုန် ထုတ်သုံးခဲ့မည်ဆိုလျှင်၊ ထို မူလဝိညာဉ် အဆင့် (၁) အရှင်သခင်ကြီး နှစ်ပါးစလုံးကို သတ်ဖြတ်နိုင်မည့် အခွင့်အရေး သေချာပေါက် ရှိခဲ့သည်။ သို့သော်၊ ဟွမ်လင်းကျွန်း၏ ဘိုးဘေးကြီးနှင့် ရင်ဆိုင်ရချိန်တွင်တော့ အနည်းငယ် ဖိအားရနေသလို ခံစားခဲ့ရသည်။
'ဒီတစ်ခေါက် အခွင့်အရေး ရရင်တော့... ထိုက်ရွှီ ခေါင်းဆောင် နဲ့ ချင်းရွှမ် ဂိုဏ်းချုပ်ကို ငါ့ရဲ့ လေ့ကျင့်ရေး ပစ်မှတ်တွေ အဖြစ် အသုံးချရတာပေါ့။'
သို့သော်ငြားလည်း၊ အကယ်၍ သူတို့နှစ်ဦးသာ တစ်ပူးတွဲတွဲ အတူတကွ ရှိနေကြမည်ဆိုလျှင်... သူတို့အပေါ် လှုပ်ရှားနိုင်မည့် သူ၏ အခွင့်အရေးမှာ အလွန်တရာ နည်းပါးလှ၏။
'သူတို့ ခွဲသွားမယ့် အချိန်ကို စောင့်ရမယ်။ အဲဒီကျမှ ငါ့ရဲ့ တာအို ရုပ်သေးက သူတို့ကို တစ်ယောက်ချင်းစီ လိုက်ချေမှုန်းလို့ ရမှာ။ အုပ်စုဖွဲ့နေရင်တော့ သွားရှုပ်လို့ မဖြစ်ဘူး။'
ခေတ္တမျှ စဉ်းစားတွေးတောနေပြီးနောက်၊ စုယွီသည် သူ၏ နေ့စဉ် ပုံမှန် ကျင့်ကြံခြင်းများကို ပြုလုပ်ရန် လျှို့ဝှက်ခန်း အတွင်းသို့ ဝင်ရောက်ရန် ပြင်လိုက်စဉ်မှာပင်... အဝါရောင်ဖျော့ဖျော့ ဂါဝန်ရှည်ကို ဝတ်ဆင်ထားသော ပုံရိပ်တစ်ခုသည် သူ၏ မျက်စိရှေ့မှောက်တွင် ရုတ်တရက် ထွက်ပေါ်လာတော့သည်။
ဟွမ်ကျူး ရောက်ရှိလာခြင်းပင်။
ရောက်ရောက်ချင်းမှာပင်၊ ဟွမ်ကျူးသည် သူမ၏ လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်ရာ... အဆင့်နိမ့် မှော်လက်နက် နှစ်ခုသည် စုယွီ၏ ရှေ့မှောက်တွင် ထွက်ပေါ်လာ၏။
တစ်ခုက နဂါးပျံ ကတ်ကြေး..
နောက်တစ်ခုက ရေခဲ အရိုး လှံရှည်..
ဟွမ်ကျူးသည် စုယွီကို ကြည့်ကာ ပြောလိုက်၏။
"ဒါတွေက ပစ္စည်း သေးသေးမွှားမွှားလေးတွေပါ။ ငါ့ဆီက တွေ့ဆုံခြင်း လက်ဆောင် အနေနဲ့ မင်း တစ်ခု ရွေးယူလိုက်ပါ။ ဒါမှ မင်းရဲ့ ဆရာ က ငါ့ကို ကပ်စေးနှဲတယ်လို့ စွပ်စွဲလို့ မရမှာ"
စုယွီသည် ထို အဆင့်နိမ့် မှော်လက်နက်ကြီး နှစ်ခုကို အံ့အားသင့်စွာဖြင့် ငေးကြည့်နေမိသည်။
ခေတ္တမျှ ဆွံ့အမှင်သက်သွားပြီးနောက်၊ သူသည် ခေါင်းကိုမော့ကာ ဟွမ်ကျူးကို ကြည့်လျက် မေးလိုက်၏။
‘ သူတို့ကို ဓားပြတိုက်လိုက်တာလား။ အကောင်ကြီး နှစ်ကောင် ပစ္စည်းတွေပဲ။'
"ဒါတွေက... ရွှမ်ထျန်း အင်မော်တယ် ဂိတ်တံခါး က အရှင်သခင်ကြီး နှစ်ပါးရဲ့ မှော်လက်နက်တွေ မဟုတ်ဘူးလား ခင်ဗျာ"
ဟွမ်ကျူးက ခေါင်းညိတ်ကာ ပြောသည်။
"အေး... အရင်ကတော့ သူတို့ဟာတွေပေါ့။ ဒါပေမဲ့ ဒီတစ်ခေါက် သူတို့က မြေကမ္ဘာအင်မော်တယ် နယ်မြေ ထဲကို ကျူးကျော်ဝင်ရောက်လာပြီး ငါတို့ရဲ့ တပည့်တွေကို တိုက်ခိုက်ဖို့ ကြံစည်ခဲ့တာလေ။ ငါ က သူတို့ကို အဲဒီနေရာမှာတင် ချက်ချင်း သတ်မပစ်ခဲ့တာကိုက... ရွှမ်ထျန်း အင်မော်တယ် ဂိတ်တံခါးကို အလုံအလောက် မျက်နှာသာ ပေးလိုက်တာပဲ"
"ဒီ အဆင့်နိမ့် မှော်လက်နက် နှစ်ခုကိုတော့ သူတို့ အသက်စွန့်ခဲ့ရတဲ့အတွက် ငါယူတဲ့ အဖိုးအခ လို့ပဲ သဘောထားလိုက်တယ်"
"ခုနလေးတင်ကပဲ... အဲဒီကောင် နှစ်ကောင်စလုံးကို တာ့ယွဲ့ နယ်နိမိတ် အပြင်ဘက်ကို ငါ လွှင့်ပစ်လိုက်ပြီး... မြေကမ္ဘာအင်မော်တယ် နယ်မြေ ထဲကနေ အခုချက်ချင်း ထွက်သွားဖို့ အမိန့်ပေးလိုက်တယ်။ တကယ်လို့ သူတို့များ ပြန်လာရဲရင်တော့၊ သူတို့ အသက်တွေကို ငါ နှုတ်ယူပစ်မယ် လို့လည်း ပြောထားတယ်"
"ဒီလောက် သတိပေးလိုက်ပြီ ဆိုတော့... သူတို့လည်း တာ့ယွဲ့ နယ်နိမိတ် ထဲကို ခြေချရဲတဲ့ သတ္တိ ရှိတော့မှာ မဟုတ်ပါဘူး။ မင်းရဲ့ သူငယ်ချင်းတွေ၊ မိသားစုတွေကိုလည်း လာပြီး အန္တရာယ် ပေးရဲတော့မှာ မဟုတ်ဘူး"
ထိုစကားများကို ကြားလိုက်ရသောအခါ၊ စုယွီသည် ဟွမ်ကျူးအား ဦးညွှတ်ကာ သူ၏ ကျေးဇူးတင်စကားကို ဖော်ပြလိုက်၏။
"အခုလို ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာ ခင်ဗျာ"
"ရပါတယ်... သူစိမ်းမဆန်နေပါနဲ့"
ဟွမ်ကျူးသည် သူမ၏ လက်ကို ဝှေ့ယမ်းလိုက်ပြီး၊ မမျှော်လင့်ဘဲ ရောက်ရှိလာသော ထို အဆင့်နိမ့် မှော်လက်နက် နှစ်ခုကို လက်ညှိုးထိုးပြကာ ပြောလိုက်၏။
"ဘယ်တစ်ခုကို လိုချင်လဲ ဆိုတာ ဆုံးဖြတ်ပြီးပြီလား။ ဒီ နဂါးပျံ ကတ်ကြေး က အရည်အသွေးရော၊ စွမ်းအားရော အတော်လေး သာလွန်တယ်။ အလွန်တရာ အစွမ်းထက်တဲ့ ပင်လယ် သားရဲကြီး တစ်ကောင်ရဲ့ အကြောတွေနဲ့ သန့်စင် ဖန်တီးထားတာ ဖြစ်ရမယ်"
"ဒါပေမဲ့... သူ့ဆီမှာ မိစ္ဆာ အငွေ့အသက်တွေ အရမ်းများလွန်းနေတယ်။ မင်း အဲဒါကို ခံနိုင်ရည် ရှိချင်မှ ရှိလိမ့်မယ်။ မင်း အဲဒါကို သန့်စင်လိုက်နိုင်တယ် ဆိုဦးတော့... အချိန်တိုအတွင်းမှာ အသုံးပြုနိုင်မှာ မဟုတ်ဘူး"
"ဒီ ရေခဲ အရိုး လှံရှည် ကတော့ ပိုကောင်းတယ်။ သူက အသစ်စက်စက် ဖန်တီးထားတဲ့ အဆင့်နိမ့် မှော်လက်နက် တစ်ခုဖြစ်ပြီး၊ ရေခဲ ရိုက်စေနိုင်တဲ့ အာနိသင် ပါဝင်တယ်။ အဲဒီ အာနိသင် က သာမန် မူလဝိညာဉ် အဆင့် အရှင်သခင်ကြီး တစ်ပါးရဲ့ ရေခဲ တာအို နယ်ပယ် စွမ်းအားလောက်ကို အစွမ်းထက်တယ်"
"မင်း အနေနဲ့ သူ့ရဲ့ စွမ်းအားတွေကို အပြည့်အဝ ဖော်ထုတ်နိုင်ဖို့ ထိန်းချုပ်နိုင်စွမ်း မရှိဘူး ဆိုရင်တောင်မှ... သူ့မှာ မူလပါဝင်တဲ့ ရေခဲ စွမ်းအားတွေနဲ့တင် မင်းအတွက် အသုံးဝင်နေဦးမှာပဲ။ ရန်သူကို ရင်ဆိုင်တဲ့ နေရာမှာ သုံးဖို့ အတော်လေး ကောင်းလိမ့်မယ်"
အကယ်၍များ ဤအရာများသည် သူ၏ကိုယ်ပိုင် အဆင့်နိမ့် မှော်လက်နက်များသာ ဖြစ်ခဲ့မည်ဆိုလျှင်... စုယွီ အနေဖြင့် သဘာဝကျကျပင် နှစ်ခုစလုံးကို လိုချင်မိမည် ဖြစ်သည်။
အခန်း (၅၅၁) - စတင် လှုပ်ရှားခြင်း (၂)
သို့သော်လည်း အခြေအနေမှာ ထိုသို့ မဟုတ်ပေ။
ထို့ကြောင့်ပင် စုယွီသည် အဆင့်နိမ့် မှော်လက်နက်အဆင့်မျှသာရှိသော ရေခဲအရိုးလှံရှည်ကို ပါးရည်နပ်ရည်ရှိစွာ ရွေးချယ်လိုက်ပြီး... ပိုမိုစွမ်းအားကြီးသည့် နဂါးပျံကတ်ကြေးကိုမူ အကြီးအကဲ ဟွမ်ကျူးအတွက် ချန်ထားရစ်ခဲ့သည်။
“ဒီလောက် ရက်ရောတဲ့ လက်ဆောင်အတွက် ကျွန်တော်မျိုး ကျေးဇူးတင်ပါတယ် ခင်ဗျာ...”
စုယွီက ကျေးဇူးတင်သော မျက်လုံးများဖြင့် တစ်ချက်ကြည့်ကာ ပြောလိုက်၏။
ဟွမ်ကျူးသည် ရေခဲအရိုးလှံရှည်ကို စုယွီဘက်သို့ တွန်းပို့လိုက်ပြီး နဂါးပျံကတ်ကြေးကို ပြန်လည်သိမ်းဆည်းလိုက်၏။ ထို့နောက် စုယွီကို မမှိတ်မသုန်ကြည့်လျက်...မှာကြားလိုက်၏။
“ကျင့်ကြံခြင်းကို သည်းသည်းမည်းမည်း ကြိုးစားစမ်း... မင်းရဲ့ ဆရာက မင်းအပေါ် ထားရှိတဲ့ မျှော်လင့်ချက်တွေကို အပျက်မခံနဲ့...”
“မင်း ဒီကို ရောက်နေတုန်းမှာပဲ ဒီနယ်မြေထဲက ကိစ္စအချို့ကိုကိုင်တွယ်ဖြေရှင်းရင်း လေ့ကျင့်မှု အချို့ လုပ်သွားတာပေါ့...”
သူမက အကြံပေးစကား ပြောကြားပြီးနောက် မိမိနေထိုင်ရာသို့ ပြန်လည် ထွက်ခွာသွားတော့သည်။
ထိုစဉ် စုယွီသည် အဆင့်နိမ့် မှော်လက်နက်ဖြစ်သော ရေခဲအရိုးလှံရှည်ကို လက်ထဲတွင်ကိုင်ထားရင်း မျက်လုံးများမှာ အရောင်တောက်လျက် ရှိနေ၏။ သူသည် အဆင့်နိမ့် မှော်လက်နက် တစ်ခုကို ထပ်မံ ပိုင်ဆိုင်လိုက်ရပြန်ပြီ မဟုတ်ပါလော။
ပြန်လည် ရေတွက်ကြည့်လျှင် ယခုဆိုလျှင် သူ၏လက်ထဲ၌ အဆင့်နိမ့် မှော်လက်နက်ပေါင်း ငါးခု ခြောက်ခုခန့် ရှိနေ၏။ အကယ်၍ အစပျိုး မှော်လက်နက်များကိုပါ ထည့်သွင်းရေတွက်မည်ဆိုပါက ထိုထက်ပင် ပို၍များပြားနိုင်သေးသည်။
စုယွီသည် ဝိညာဉ်အာရုံကို ရေခဲအရိုးလှံရှည်ထဲသို့ ထိုးဖောက်ဝင်ရောက်စေလိုက်သည့်အခါ ခန္ဓာကိုယ်တစ်ခုလုံး ခဲသွားမတတ် အေးစိမ့်သော ခံစားချက်ကို ရရှိလိုက်သည်။ ဤရေခဲအရိုးလှံရှည်မှာ စစ်မှန်သော မှော်လက်နက်တစ်ခု ဖြစ်သဖြင့် စုယွီ၏ ဝိညာဉ်စွမ်းအား ဝင်ရောက်သွားသည့်တိုင် အနည်းငယ် သက်သောင့်သက်သာ မရှိသလို ခံစားလိုက်ရ၏။
ရေခဲအရိုးလှံရှည်မှာ အပြာရင့်ရောင် ရှိပြီး လှံရိုးမှာ ဖြောင့်တန်းနေခြင်း မဟုတ်ဘဲ ကျောရိုးဆစ်များကို တစ်ခုနှင့်တစ်ခု ဆက်ထားသည့်နှယ် ရှိနေသည်။
စနစ်တကျ သန့်စင်ပြီးနောက်တွင်မူ ရေခဲအရိုးလှံရှည်မှာ တောက်ပသော သံမဏိရောင်များ ဝင်းလက်လာပြီး လက်ထဲတွင်လည်း တော်တော်လေးလေးလံလှသည်။ ပိဿာပေါင်း သောင်းချီ၍ လေးလံနေသကဲ့သို့ ခံစားရပြီး ၎င်းအတွင်း၌ ကြောက်မက်ဖွယ်ကောင်းသော သားရဲကြီးတစ်ကောင်၏ ရက်စက်ကြမ်းကြုတ်မှုများ ကိန်းအောင်းနေသည့်နှယ် ရှိနေတော့၏။
ကံကောင်းထောက်မစွာဖြင့် စုယွီသည် ကောင်းကင်အင်မော်တယ်ကိုယ်ခန္ဓာ သန့်စင်ခြင်း ကျင့်စဉ်ကို ကျင့်ကြံနေသူ ဖြစ်သောကြောင့် အတွင်းအားကို မသုံးလျှင်ပင် အလွန်အမင်း သန်စွမ်းသူ ဖြစ်၏။
ထို့ကြောင့် လှံရှည်ကို ကိုင်ထားသည့်အခါ ၎င်း၏ အလေးချိန်မှာ စုယွီအတွက် အနေတော်ပင် ဖြစ်နေသည်။ သူသည် ဝိညာဉ်ဖြင့် ချိတ်ပိတ်ရန်နှင့် ထိန်းချုပ်နိုင်ရန်အတွက် အတော်လေး အားစိုက်ထုတ်လိုက်ရ၏။
စုယွီက ၎င်း၏ သခင်အဖြစ် သတ်မှတ်ပြီးနောက်တွင်မူ ရေခဲအရိုးလှံရှည်၏ အလေးချိန်၊ အရွယ်အစားနှင့် ပုံသဏ္ဌာန်ကို မိမိစိတ်ကြိုက် ပြောင်းလဲနိုင်လာခဲ့ပြီ ဖြစ်သည်။ စုယွီသည် ၎င်းအား တစ်ခဏမျှကိုင်တွယ်ကစားကြည့်ရင်း ဤမှော်လက်နက်ကို ပို၍ပင် သဘောကျလာမိတော့သည်။
ထို့နောက်တွင်မူ ၎င်းကို မိမိ၏ ဒန်ထျန်အတွင်းသို့ သိမ်းဆည်းလိုက်ပြီး ဓာတ်ကြီးငါးပါး တာအိုစွမ်းအားနှင့် ကျင့်ကြံခြင်းစွမ်းအားတို့ဖြင့် အာဟာရဖြည့်တင်းပေးလိုက်၏။ စုယွီသည် ခဏမျှ အတွေးနက်နေရင်း မိမိဘာသာ ရေရွတ်လိုက်၏။
'နောင်ကျရင် ငါက ဒီရေခဲအရိုးလှံရှည်ကို အဆင့်နိမ့် မှော်လက်နက်အဖြစ် သုံးပြီး... ငါ့ရဲ့ တာအို ရုပ်သေးကိုတော့ ရေခဲမီးပုလဲကို ပေးသုံးရမယ်...'
'အော်... ဟုတ်သားပဲ... ငါ့မှာ မိစ္ဆာတာအိုကနေ ရထားတဲ့ လော့သတ်ဖြတ်ခြင်းဓား ဆိုတဲ့ အဆင့်နိမ့် မှော်လက်နက် တစ်ခုလည်း ရှိနေသေးတယ် မဟုတ်လား...'
'ငါ ပြန်ရောက်တဲ့အခါကျရင် ဆရာ့ကို ဒါကို ပြန်သွန်းလုပ်ခိုင်းပြီး စစ်မှန်တဲ့ တာအိုမှော်လက်နက်တစ်ခုအဖြစ် ပြောင်းခိုင်းရမယ်...'
စုယွီ စဉ်းစားလိုက်၏။
ရွှမ်ထျန်း အင်မော်တယ်ဂိတ်တံခါးမှ အရှင်သခင်ကြီး နှစ်ပါးကို မည်သို့ကိုင်တွယ်ဖြေရှင်းလိုက်သလဲ ဆိုသည်ကိုမူ သူ ဝင်ရောက် စွက်ဖက်၍ မရနိုင်ချေ။ အကြီးအကဲ ဟွမ်ကျူး၏ ပြောကြားချက်အရ ထိုသူနှစ်ဦးမှာ မိမိတို့၏ အစွမ်းထက် မှော်လက်နက်များကို သိမ်းဆည်းခံလိုက်ရခြင်းမှာ သင်ခန်းစာပေးခြင်းမျှသာ ဖြစ်၏။ သူသည် ထိုသူတို့ကို သတိပေးကာ မြေကမ္ဘာအင်မော်တယ် နယ်မြေမှ ထွက်ခွာပြီး ပင်လယ်ပြင်သို့ ပြန်သွားရန်သာ အမိန့်ပေးခဲ့ခြင်း ဖြစ်သည်။
ဒါကလည်း ကောင်းသည့် ကိစ္စပင်။ သို့မဟုတ်ပါက ရွှမ်ထျန်း အင်မော်တယ်ဂိတ်တံခါးမှ မူလဝိညာဉ် အဆင့် အကြီးအကဲ နှစ်ပါးသာ ဤနေရာတွင် ကျဆုံးသွားခဲ့လျှင် နောင်နှစ်များစွာအတွင်း ထိုဂိုဏ်းမှ လူများ တာ့ယွဲ့နယ်နိမိတ်သို့ တစ်ကျော့ပြန် ရောက်လာကြမည်မှာ ယုံမှားဖွယ်မရှိပေ။ ထိုအခါ ပြဿနာများမှာ အဆုံးသတ်နိုင်မည် မဟုတ်တော့ချေ။ ဒါဟာ စုယွီ လိုလားတဲ့ အရာ မဟုတ်ပေ။
သို့သော်လည်း... ရွှမ်ထျန်းဂိုဏ်းက ကောင်နှစ်ကောင်ကို မောင်းထုတ်နိုင်ခဲ့သော်ငြားလည်း ထိုက်ရွှီမဟာမိတ် ခေါင်းဆောင်နှင့် ချင်းရွှမ်ဂိုဏ်းချုပ် တို့ကိုမူ အကျေအလည် စာရင်းရှင်းရန် အချိန်တန်လေပြီ။
စုယွီသည် ရေခဲအရိုးလှံရှည်ကို သန့်စင်ပြီးနောက် မိမိအခန်းအတွင်းရှိ လျှို့ဝှက်ခန်းသို့ ဝင်ရောက်သွားခဲ့သည်။ သူသည် နေ့စဉ် ကျင့်ကြံခြင်းများကို ပြုလုပ်ရင်း လှံရှည်ကို အာဟာရဖြည့်တင်းကာ တဖြည်းဖြည်းနှင့် ပိုမိုကျွမ်းကျင်စွာ ထိန်းချုပ်နိုင်လာ၏။
တစ်ဖက်တွင်မူ တာအို ရုပ်သေးများသည် ထိုက်ရွှီမဟာမိတ် ခေါင်းဆောင်နှင့် ချင်းရွှမ်ဂိုဏ်းချုပ်တို့အား မသိမသာ ခြေရာခံလျက် တာ့ယွဲ့နယ်နိမိတ်မှ ထွက်ခွာသွားသည်အထိ နောက်ယောင်ခံ လိုက်ပါသွားကြသည်။
သူတို့နှစ်ဦး ဇီကွမ်နယ်မြေသို့ ပြန်လည်ရောက်ရှိချိန်တွင်မူ ချင်းရွှမ်ဂိုဏ်းချုပ်မှာ ရင်ထဲက ကြောက်စိတ်ကို ဆက်လက် အောင့်အည်းမထားနိုင်တော့ချေ။
သူသည် ထိုက်ရွှီမဟာမိတ် ခေါင်းဆောင်ကို ကြည့်ကာ ပြောလိုက်၏။
“တာအိုမိတ်ဆွေ ထိုက်ရွှီ... ကျွန်တော်ကတော့ နောက်ဆက်တွဲ ကိစ္စတွေမှာ ဆက်မပါတော့ဘူး... ဒီမှာတင်ပဲ နှုတ်ဆက်ခဲ့ပါရစေတော့...”
ထိုက်ရွှီမဟာမိတ် ခေါင်းဆောင်က တားဆီးရန်ပင် အချိန်မရလိုက်မီ ချင်းရွှမ်ဂိုဏ်းချုပ်သည် သူ၏ ပျံသန်းနိုင်သော လှေသင်္ဘောကို အသုံးပြုကာ ချင်းရွှမ်အင်မော်တယ်ဂိုဏ်းမှ ရွှေအမြုတေအဆင့် ကျင့်ကြံသူ ဆယ်ဦးကို ခေါ်ဆောင်လျက် ကပျာကယာ ထွက်ခွာသွားတော့သည်။
မူလကမူ သူသည် ရွှမ်ထျန်း အင်မော်တယ်ဂိတ်တံခါးနှင့် ပူးပေါင်းကာ မှော်လက်နက်များ သို့မဟုတ် အခွင့်အရေးအချို့ကို ရရှိလိုသော မျှော်လင့်ချက်ဖြင့် လိုက်ပါလာခဲ့ခြင်း ဖြစ်၏။ အမြတ်အစွန်းအချို့ ရလိမ့်မည်ဟုလည်း သူ တွေးထားခဲ့၏။ သို့ပါသော်လည်း သူတို့၏ ပစ်မှတ်က မူလဝိညာဉ် အထွတ်အထိပ်အဆင့်တွင် ရှိနေသည့် ခွန်အားကြီးသော စီနီယာကြီး တစ်ဦးကို ဆင့်ခေါ်နိုင်လိမ့်မည်ဟု မည်သူက ထင်ထားပါမည်နည်း။
'တော်သေးတာက အဲဒီလူ... မဟုတ်ဘူး... အဲဒီ မိစ္ဆာက သွေးဆာနေတဲ့ သူ မဟုတ်လို့ပဲ...'
'မဟုတ်ရင်တော့ ဒီတစ်ခါမှာ ငါဟာ ကုန်းမြေပေါ်က အသေကောင် တစ်ခု ဖြစ်သွားရမှာ သံသယ မရှိဘူး...'
ဒါကို တွေးမိသည့်အခါ ချင်းရွှမ်ဂိုဏ်းချုပ်က ကြိတ်၍ ဆဲရေးလိုက်မိပြီး ထိုက်ရွှီမဟာမိတ် ခေါင်းဆောင်နှင့်ပါ အဆက်အသွယ် ဖြတ်ရန် စဉ်းစားလိုက်မိသည်။ သူသည် ထိုက်ရွှီ၏ လှည့်ဖြားမှုကြောင့် အန္တရာယ်ထဲသို့ ရောက်လုနီးပါး ဖြစ်ခဲ့ရသည်ဟု ခံစားနေရ၏။ ဘယ်လိုပဲဖြစ်ဖြစ်... သူ၏ ချင်းရွှမ်ဂိုဏ်းသည် ထိုက်ရွှီမဟာမိတ်အဖွဲ့နှင့် မည်သည့်အခါမျှ ရင်းနှီးသော ဆက်ဆံရေး ရှိတော့မည် မဟုတ်ချေ။
ချင်းရွှမ်ဂိုဏ်းချုပ်သည် တတွတ်တွတ် ဆဲဆိုရင်း သူ၏ တပည့်များကို ဦးဆောင်ကာ ပင်လယ်ဘက်သို့ ဦးတည်လျက် ဇီကွမ်နယ်မြေ၏ နယ်နိမိတ်မှ အမြန်ဆုံး ထွက်ခွာသွားတော့သည်။
ထိုက်ရွှီမဟာမိတ် ခေါင်းဆောင်မှာမူ အနည်းငယ် တုန်လှုပ်နေဆဲဖြစ်ရာ ချင်းရွှမ်ဂိုဏ်းချုပ် ပျောက်ကွယ်သွားသည်အထိ တားဆီးရန်ပင် မစွမ်းသာခဲ့ချေ။ သူ့မျက်နှာမှာ ကွက်ခနဲ ပျက်သွားကာ သက်ပြင်းတစ်ချက်ကိုသာ ချလိုက်မိတော့သည်။ ယခုအခါ သူသည် တစ်ယောက်တည်း ကျန်ရစ်ခဲ့ပြီ ဖြစ်ရာ ရင်ထဲတွင်လည်း အလိုလိုနေရင်း ပျာယာခတ်ကာ စိတ်တိုစရာကောင်းလှ၏။
'သူက ဘာလို့ ဒီကို ရောက်နေတာလဲ... ဒီလို ဖြစ်တည်မှုမျိုးက မြေကမ္ဘာအင်မော်တယ် နယ်မြေရဲ့ တောင်ထွတ်သခင် ဆယ့်ရှစ်ပါးထဲက တစ်ယောက် ဖြစ်နေရင်တောင်မှ ဒီလောက် လွယ်လွယ်ကူကူနဲ့ ဆင့်ခေါ်လို့ မရနိုင်ဘူးလေ...'
'ဟို ကလေး အနည်းငယ်လောက် အတွက်နဲ့ ဒီလောက် အစွမ်းထက်တဲ့သူကို လွှတ်လိုက်စရာ အကြောင်းမရှိပါဘူး...'
ထိုက်ရွှီသည် ထိတ်လန့်ကြောက်ရွံ့နေသကဲ့သို့ပင် ဒေါသလည်း ထွက်ကာ စိတ်ပျက်နေရသည်။ ဟွမ်ကျူး ပေါ်လာခြင်းက သူ နှစ်ပေါင်းများစွာ ချမှတ်ထားသော အစီအစဉ်ကို ဖျက်ဆီးပစ်လိုက်ခြင်းပင် ဖြစ်၏။ သူ၏ ထိုက်ရွှီအင်မော်တယ် မဟာမိတ်အဖွဲ့အနေဖြင့် တာ့ယွဲ့နယ်နိမိတ်နှင့် ဖီးနစ်နယ်မြေတို့ကို ထိန်းချုပ်နိုင်ရန်မှာ မဖြစ်နိုင်တော့သလိုပင် ရှိတော့သည်။
ထိုအခိုက်အတန့်တွင် ထိုက်ရွှီမဟာမိတ် ခေါင်းဆောင်သည် ရွှမ်ထျန်းဂိုဏ်းမှ အကြီးအကဲများ ဖြစ်ကြသော အရှင်သခင်ကြီး ဟွမ်ချန်နှင့် အရှင်သခင်ကြီး ကျင်းလင်တို့ကို သတိရလိုက်မိပြီး မျက်မှောင်ကြုတ်လိုက်၏။
'အင်း... အဲဒီ နှစ်ယောက်များ ပြဿနာ တက်နေမလား မသိဘူး...'
သူ တွေးတောနေစဉ်မှာပင် ထိုက်ရွှီမဟာမိတ် ခေါင်းဆောင်၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာ၏။ မူလကမူ သူသည် သူ၏ မဟာမိတ်အဖွဲ့မှ ပါရမီရှင် အချို့ကို ရွှမ်ထျန်းဂိုဏ်းသို့ ပို့ထားခဲ့ပြီး ဖြစ်သောကြောင့် အရှင်သခင်ကြီး ဟွမ်ချန်နှင့် ကျင်းလင်တို့၏ ဘေးကင်းလုံခြုံရေးအတွက် အနည်းငယ် စိုးရိမ်နေမိသည်။
ယခုအချိန်သည် လမ်းခင်းရမည့် အချိန်ပင် ဖြစ်တော့သည်။
အခန်း (၅၅၂) - စတင် လှုပ်ရှားခြင်း (၃)
သို့သော်လည်း ထိုအခိုက်အတန့်တွင် ထိုက်ရွှီမဟာမိတ် ခေါင်းဆောင်သည် အတွေးနက်သွားလေ၏။ အကယ်၍ အရှင်သခင်ကြီး ဟွမ်ချန်နှင့် အရှင်သခင်ကြီး ကျင်းလင်တို့သာ ဤနေရာတွင် အသက်ပျောက်သွားခဲ့လျှင် ရွှမ်ထျန်းအင်မော်တယ်ဂိတ်တံခါးမှာ ဒေါသအမျက် ချောင်းချောင်းထွက်လာမည် မဟုတ်ပါလော။ ထိုသို့ဆိုလျှင် ပို၍ အစွမ်းထက်သော တည်ရှိမှုများ ပေါ်ထွက်လာပြီး တာ့ယွဲ့နန်းတော်ကိုသာမက မြေကမ္ဘာအင်မော်တယ် နယ်မြေကိုပါ လက်ဝါးကြီးအုပ် ခြေမှုန်းလာနိုင်ပေလိမ့်မည်။
'တကယ်လို့သာ အဲ့ဒီလို ဖြစ်လာခဲ့မယ်ဆိုရင် အဲ့ဒီ နှစ်ယောက်က ဒီမှာတင် အလောင်းဖြစ်သွားတာကမှ ပိုကောင်းဦးမယ်...'
ထိုက်ရွှီမဟာမိတ် ခေါင်းဆောင်၏ မျက်လုံးများအတွင်းမှ အရိပ်အယောင်များမှာ ပိုမိုလေးလံလာ၏။ ကံဆိုးသည်မှာ မြေကမ္ဘာအင်မော်တယ် နယ်မြေမှ ပုဂ္ဂိုလ်၏ အမူအရာကို ကြည့်ရသည်မှာ သူတို့အပေါ် တစ်စုံတစ်ရာ အရေးယူရန် အစီအစဉ် မရှိပုံပင်။ သို့မဟုတ်ပါက မည်သည့်စကားမျှ ပြောဆိုနေလိမ့်မည် မဟုတ်ပေ။ သူတို့လေးဦးစလုံးမှာလည်း လွတ်မြောက်နိုင်ရန် လမ်းစရှိမည် မဟုတ်ချေ။
ခဏအကြာတွင် ထိုက်ရွှီမဟာမိတ် ခေါင်းဆောင်မှာ စိတ်သက်သာရာ အနည်းငယ် ရသွားသည်။ သူသည် တာ့ယွဲ့နယ်နိမိတ် ရှိရာဘက်သို့ လှမ်းကြည့်ကာ မျက်မှောင်ကြုတ်လျက် စဉ်းစားနေမိ၏။
'မြေကမ္ဘာအင်မော်တယ် နယ်မြေ... ဒါမှမဟုတ် သူတို့ရဲ့ အရှိန်အဝါက ငါ့ရဲ့ ထိုက်ရွှီအင်မော်တယ် မဟာမိတ်အဖွဲ့နဲ့ တာ့ယွဲ့နန်းတော်ကြားက ကိစ္စတွေမှာ ဝင်မပါဘူးဆိုရင်တော့ ငါ့မှာ စိုးရိမ်စရာ ဘာမှ မရှိတော့ဘူး... လျူရွှီး ဆိုတဲ့ မိန်းမ တစ်ယောက်တည်းနဲ့တော့ ငါ့ကို ဘယ်လိုမှ အသာစီးမရနိုင်ဘူး...'
သူသည် မိမိ၏ အင်မော်တယ်ဂိတ်တံခါး ရှိရာသို့ ဦးတည်ကာ ပျံသန်းလာခဲ့သည်။ သို့သော်လည်း ချဲ့ယွီ မျိုးနွယ်စု၏ နယ်မြေသို့ ရောက်ရှိချိန်တွင်မူ သူ၏ မျက်နှာအမူအရာမှာ ရုတ်ချည်း ကွက်ခနဲ ပျက်သွားတော့၏။ ယခုအခါတွင် ထိုက်ရွှီမဟာမိတ် ခေါင်းဆောင်မှာ ခြောက်လှန့်ခံထားရသော ငှက်ငယ်လေးတစ်ကောင်ပမာ တုံ့ပြန်မှုများမှာ အလွန်အမင်း ထက်မြက်နေ၏။
သူ့ရှေ့မှ ကောင်းကင်နှင့် မြေကြီးကြားတွင် ဟင်းလင်းပြင် တွန့်လိမ်လာသော အခိုက်အတန့်၌ ထိုက်ရွှီမဟာမိတ် ခေါင်းဆောင်သည် နောက်ထပ် စဉ်းစားမနေတော့ဘဲ လွတ်မြောက်ခြင်း နည်းစနစ်ကို အသက်သွင်းလျက် ချဲ့ယွီနယ်မြေရှိ ဟင်းလင်းပြင် အပေါက်ဆီသို့ ဒရောသောပါး ထွက်ပြေးတော့သည်။ သို့သော်လည်း သူသည် တစ်မိုင်ခန့်မျှပင် မပြေးရသေးမီမှာပင် ရှေ့တွင် နံရံကြီးတစ်ခုကို အရှိန်နှင့် ဝင်တိုက်မိသကဲ့သို့ ခံစားလိုက်ရ၏။
မျက်စိဖြင့် မမြင်နိုင်သော ဟင်းလင်းပြင်ထဲတွင် နံရံတစ်ခု ရှိနေ၏။ အရှိန်အဟုန်ပြင်းစွာ ပြေးထွက်လာသော ထိုက်ရွှီမဟာမိတ် ခေါင်းဆောင်သည် ထိုအတားအဆီးကို ဖောက်ထွက်နိုင်ခြင်း မရှိသည့်အပြင် မိမိ၏ ဦးခေါင်းနှင့် ခန္ဓာကိုယ်ကိုသာ ပြင်းထန်စွာ တိုက်မိသဖြင့် ခေါင်းမူးဝေသွားကာ အရိုးအချို့ပင် ကျိုးသွားတော့သည်။
“အား...”
ထိုက်ရွှီမဟာမိတ် ခေါင်းဆောင်မှာ မမျှော်လင့်ဘဲ နာကျင်စွာ အော်ဟစ်လိုက်မိ၏။
ဒါက ဘာကြီးလဲ။
သူသည် အလွန်အမင်း ထိတ်လန့်သွားကာ ခန့်ညားလှသော ကျင့်ကြံခြင်း စွမ်းအားများကို ထုတ်ဖော်လျက် သူ၏ တာအိုနယ်ပယ်ကို ကောင်းကင်နှင့် မြေကြီးကြား ဖြန့်ကျက်လိုက်သည်။ ထိုအခါမှသာ သူ့ရှေ့မှ ဟင်းလင်းပြင်၏ ပြောင်းလဲမှုများကို မြင်တွေ့လိုက်ရတော့၏။
မဟုတ်ပေ။ ရှေ့တွင်သာမကဘဲ တစ်မိုင်ပတ်လည်ရှိ ဟင်းလင်းပြင် တစ်ခုလုံးမှာ နံရံတစ်ခုအဖြစ် ပြောင်းလဲသွားကာ အတားအဆီးတစ်ခု ဖြစ်ပေါ်နေ၏။ ၎င်းမှာ သူ၏ ဖြစ်တည်မှုကို အတွင်း၌ ချုပ်နှောင်ထားသည့် ငရဲခန်းတစ်ခုနှင့်ပင် တူလှတော့သည်။ ထိုက်ရွှီမဟာမိတ် ခေါင်းဆောင်၏ မျက်ဝန်းအိမ်များမှာ ကျုံ့သွားကာ ရင်ထဲတွင်လည်း ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်သွားတော့၏။
'ဟင်းလင်းပြင် စွမ်းအားလား...'
ထိုအခိုက်အတန့်၌ ဟင်းလင်းပြင် အကျဉ်းထောင်နှင့် မလှမ်းမကမ်းတွင် လူရိပ်တစ်ခု ပေါ်ထွက်လာပြီး ဟင်းလင်းပြင်တစ်ခွင် လှိုင်းတွန့်များမှာလည်း တရိပ်ရိပ် ပျံ့လွင့်သွားသည်။ ထိုသူမှာ ဆံပင်ဖြူဖြူနှင့် သာမန်အရပ်သား အဘိုးအိုတစ်ဦးပမာ ရိုးရှင်းသော ရုပ်ရည်ရှိ၏။ အရပ်မှာ အနည်းငယ် ပုပြီး မီးခိုးရောင် ဝတ်ရုံအိုကြီးကို ဝတ်ဆင်ထားကာ ဖြူဖွေးသော ဆံပင်များကိုမူ သာမန် ဆံထိုးတစ်ခုဖြင့်သာ ထုံးဖွဲ့ထား၏။
တာအို ရုပ်သေး ပေါ်လာသည်နှင့် တစ်ပြိုင်နက် ထိုက်ရွှီမဟာမိတ် ခေါင်းဆောင်သည် ချာခနဲ လှည့်ကြည့်ကာ မသင်္ကာစိတ်၊ ရန်လိုစိတ်တို့ဖြင့် မမှိတ်မသုန် စိုက်ကြည့်လျက် အော်ဟစ်လိုက်တော့သည်။
“မင်းက ဘယ်သူမို့လို့ ငါ့ကို ဒီလိုလုပ်ရဲတာလဲ...”
တာအို ရုပ်သေးမှာမူ သူ၏ စကားများကို လျစ်လျူရှုလျက် ပေါ်လာသည်နှင့် တစ်ပြိုင်နက် ရွှေပုစဉ်း နည်းစနစ်ကို ထုတ်ဖော်လိုက်၏။ သူ၏ ဝိညာဉ်မှာ ချက်ချင်းပင် အတောင်ပံ နှစ်ဖက်ပါသော ရွှေရောင်ပုစဉ်းကြီးအဖြစ် ပြောင်းလဲသွားကာ ဝိညာဉ်စွမ်းအားများမှာ ထိုက်ရွှီမဟာမိတ် ခေါင်းဆောင်၏ စိတ်ပင်လယ်ကို ဦးတည်လျက် အဟုန်ပြင်းစွာ ထိုးစိုက်ကျဆင်းသွားတော့၏။
တစ်ဆက်တည်းမှာပင် တာအို ရုပ်သေးသည် စိတ်ကို တည်ငြိမ်စွာ စုစည်းလျက် တာအို ရုပ်သေးအတွင်းမှ စွမ်းအားများကို တစ်ဟုန်ထိုး ထုတ်လွှတ်လိုက်၏။ သူသည် မိမိ၏ ဝိညာဉ်စွမ်းအားကို အသုံးပြုကာ ယင် အင်မော်တယ် စာလုံး၏ အမှတ်အသားကို ပုံဖော်လိုက်၏။ မျက်တောင်တစ်ခတ်အတွင်းမှာပင် လျှပ်စီးကြောင်းတစ်ခုနှင့် တူလှသော ထိုအမှတ်အသားမှာ ထိုက်ရွှီမဟာမိတ် ခေါင်းဆောင်၏ နဖူးထက်သို့ ရိုက်နှိပ်ခံလိုက်ရတော့၏။
ထို့အပြင် တာအို ရုပ်သေး၏ လက်ထဲတွင်လည်း အဆင့်နိမ့် မှော်လက်နက် နှစ်ခု ပေါ်ထွက်လာ၏။ ၎င်းတို့မှာ ရေခဲမီးပုလဲနှင့် ချင်းယွဲ့ဓားတို့ပင် ဖြစ်တော့သည်။