← Chapters

အခန်း (၅၅၃-၅၅၅)

Vol. 37 Ch. 553-555

အခန်း (၅၅၃-၅၅၅)

Vol. 37 Ch. 553-555

အခန်း (၅၅၃) - ထိုက်ရွှီမဟာမိတ် ခေါင်းဆောင် ကျဆုံးခြင်း (၁)

အဆင့်နိမ့် မှော်လက်နက်ဖြစ်သော ရေခဲမီးပုလဲသည် ရှေးဟောင်းကျင့်ကြံသူများ ဖြစ်ကြသည့် တာအိုဆရာ ပင်းယွီနှင့် တာအိုဆရာ ကျဲတို့ ချန်ရစ်ခဲ့သော ရိယွဲ့ကျွန်းမှ အမွေအနှစ် တစ်ခု ဖြစ်သည်။ မူလက ထိုပုဂ္ဂိုလ်နှစ်ဦး ချန်ရစ်ခဲ့စဉ်က မှော်လက်နက်၏ အစပျိုးသန္ဓေအဆင့်မျှသာ ရှိသေးသော်လည်း ရိယွဲ့ကျွန်း၏ ထူးခြားလှသော ပတ်ဝန်းကျင်တွင် နှစ်ပေါင်း မရေမတွက်နိုင်အောင် ကိန်းဝပ်ခဲ့ပြီးနောက် ရေခဲမီး ဝိညာဉ်သွေးကြောများ၏ အနှစ်သာရကို စုပ်ယူကာ စစ်မှန်သော အဆင့်နိမ့် မှော်လက်နက်တစ်ခုအဖြစ်သို့ အသွင်ပြောင်းလဲခဲ့ခြင်း ဖြစ်၏။

ထိုအခိုက်အတန့်တွင် ရေခဲမီးပုလဲသည် တာအို ရုပ်သေး၏ ရှေ့မှောက်၌ ပေါ်ထွက်လာ၏။ တာအို ရုပ်သေးက စတုတ္ထအဆင့် အဆင့်နိမ့် စွမ်းအားများကို ထည့်သွင်းလိုက်သည့်အခါတွင်မူ ပုလဲထံမှ ကောင်းကင်ဘုံ၏ တောက်ပသော အလင်းတန်းများ ဖြာထွက်လာတော့သည်။

အေးစိမ့်သော အပြာရောင်အလင်းနှင့် တောက်လောင်နေသော အနီရောင်မီးလျှံများမှာ ကောင်းကင်ယံထက်တွင် တဖျတ်ဖျတ် လင်းလက်သွားသည်။ ခန္ဓာကိုယ်ကို တုန်လှုပ်စေသော အအေးဓာတ်နှင့် ရင်ဘတ်ကို လောင်မြိုက်စေသော အပူရှိန်တို့မှာ ရေခဲမီးပုလဲထံမှ ဟုန်ခနဲ ပေါက်ကွဲထွက်ပေါ်လာ၏။

“ခွပ်...”

“ဝူး...”

“ဝေါင်း...”

နောက်တစ်စက္ကန့်တွင်မူ ရေခဲဖီးနစ်ငှက်တစ်ကောင်နှင့် ဧရာမ မီးတောက်နဂါးကြီးတစ်ကောင်တို့သည် ဟိန်းဟောက်သံနှင့်အတူ ပေါ်ထွက်လာကြတော့သည်။

ရေခဲမီးပုလဲ၏ စွမ်းအားများသည် စစ်မှန်သော ဝိညာဉ်သဏ္ဌာန်များအဖြစ် အသွင်ပြောင်းလဲသွားကာ ဟင်းလင်းပြင် အကျဉ်းထောင်အတွင်း၌ ပိတ်မိနေသော ထိုက်ရွှီမဟာမိတ် ခေါင်းဆောင်ဆီသို့ သည်းသည်းမည်းမည်း ပြေးဝင်သွားကြလေ၏။

တစ်ဆက်တည်းမှာပင် အဆင့်နိမ့် မှော်လက်နက် ဖြစ်သော ချင်းယွဲ့ဓားသည်လည်း တာအို ရုပ်သေး၏ လက်ထဲသို့ ရောက်ရှိလာ၏။ သူသည်ကိုယ်ဟန်ကို ဖျတ်ခနဲ ပြောင်းလဲလျက် ဟင်းလင်းပြင် အကျဉ်းထောင်အတွင်းသို့ ခုန်ပျံဝင်ရောက်သွားတော့သည်။ ဓားကို တစ်ချက် ဝေ့ယမ်းလိုက်သည့်အခါတွင်မူ အံ့မခန်းလှသော စွမ်းအားများ သက်ဆင်းလာတော့၏။

မျက်တောင်တစ်ခတ်အတွင်းမှာပင် တာအို ရုပ်သေး၏ကိုယ်ပွားပေါင်း မရေမတွက်နိုင်အောင် ပေါ်ထွက်လာပြီး ချင်းယွဲ့ဓားသည်လည်း ဓားပေါင်းသောင်းခြောက်ထောင်အဖြစ် ပွားများသွားကာ ထိုက်ရွှီမဟာမိတ် ခေါင်းဆောင်အား အငြိုးတကြီး ထိုးစိုက်တိုက်ခိုက်ကြတော့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် တာအို ရုပ်သေးသည် သူ၏ လူသတ်လိုသော အငွေ့အသက်များကို အပြည့်အဝ ထုတ်ဖော်လိုက်၏။

ထိုက်ရွှီမဟာမိတ် ခေါင်းဆောင်မှာ ဦးရေပြားများပင် ထုံသွားရ၏။ ကြောက်မက်ဖွယ်ကောင်းလှသော လူသတ်လိုသည့် အရှိန်အဝါများက သူ၏ ရင်ထဲတွင် အန္တရာယ်အချက်ပေးသံများကို တဒိတ်ဒိတ် မြည်ဟည်းစေတော့သည်။ သေခြင်းတရား၏ အရိပ်အယောင်များက သူ၏ စိတ်ထဲတွင် လွှမ်းမိုးလာကာ ကောင်းကင်ဘုံမှ တောင်ကြီးတစ်လုံးက သူ့အပေါ် ဖိထားသကဲ့သို့ ခံစားရပြီး အသက်ရှူပင် ကျပ်လာ၏။

အဆင့်နိမ့် မှော်လက်နက် နှစ်ခုကို မြင်တွေ့လိုက်ရသည့်အခါ ထိုက်ရွှီမဟာမိတ် ခေါင်းဆောင်၏ မျက်ဝန်းအိမ်များမှာ ကျုံ့သွားတော့၏။

'ဒီလူက တကယ်တော့ ဘယ်သူလဲ...'

သူသည် အလွန်အမင်း ထိတ်လန့်သွားသော်လည်း တည်ငြိမ်မှုကိုမူ ဆက်လက် ထိန်းသိမ်းထားနိုင်ဆဲပင်။ အဘယ်ကြောင့်ဆိုသော် တာအို ရုပ်သေး၏ အရှိန်အဝါမှာ ထိုမျှလောက် မပြင်းထန်ကြောင်း သတိထားမိလိုက်သောကြောင့် ဖြစ်သည်။

မူလဝိညာဉ် အစောပိုင်းအဆင့်မျှသာ ရှိသေးသည် မဟုတ်ပါလော။

“သေချင်နေတာပဲ...”

ထိုက်ရွှီမဟာမိတ် ခေါင်းဆောင်၏ စိတ်ပင်လယ်အတွင်း၌ ကိန်းအောင်းနေသော မူလဝိညာဉ်သည် ရုတ်ချည်း မျက်လုံးများကို ဖွင့်လိုက်ရာ တောက်ပသော အလင်းတန်းများ ပေါ်ထွက်လာတော့သည်။ သူသည် တာအို ရုပ်သေး၏ ဝိညာဉ်လျှို့ဝှက်နည်းစနစ်ဖြင့် တိုက်ခိုက်မှုကို သတိထားမိသော်လည်း ထိုအရာကိုများများစားစား ဂရုမစိုက်ပေ။

ဘယ်လိုပဲဖြစ်ဖြစ် ထိုက်ရွှီအင်မော်တယ် မဟာမိတ်အဖွဲ့၏ အကျွမ်းကျင်ဆုံးသော နည်းစနစ်များထဲတွင် ဝိညာဉ်လျှို့ဝှက်နည်းစနစ်များ ပါဝင်နေသည် မဟုတ်ပါလော။

ဒုတိယ အကျွမ်းကျင်ဆုံးမှာမူ လွတ်မြောက်ခြင်း နည်းစနစ် ဖြစ်သည်။

ထိုသို့ တွေးတောရင်း ထိုက်ရွှီမဟာမိတ် ခေါင်းဆောင်၏ မူလဝိညာဉ်သည် သူ၏ စိတ်ထဲတွင် လက်ကွက်များကို ပုံဖော်လိုက်၏။ ဝိညာဉ်စွမ်းအားများ ပေါက်ကွဲထွက်ပေါ်လာခြင်းနှင့်အတူ တောက်ပသော ရွှေရောင် အတားအဆီးတစ်ခုက သူ၏ စိတ်ပင်လယ်ကို လွှမ်းခြုံကာကွယ်လိုက်တော့သည်။

ထိုအခိုက်အတန့်မှာပင် သူ၏ ဝိညာဉ်အာရုံသည် ရွှေရောင်ဝင်းလက်နေသော ရွှေပုစဉ်းတစ်ကောင် သူ၏ စိတ်ပင်လယ်ဆီသို့ အဟုန်ပြင်းစွာ ပျံသန်းလာသည်ကို မြင်တွေ့လိုက်ရ၏။

ရွှေပုစဉ်းကို မြင်လိုက်ရသည့်အခါတွင်မူ ထိုက်ရွှီမဟာမိတ် ခေါင်းဆောင်၏ မျက်နှာမှာ သိသိသာသာ ပျက်သွားကာ မျက်လုံးများမှာလည်း ကျုံ့သွားတော့သည်။

'ဒါ... ဒါက ရွှေပုစဉ်းလား...'

'ရွှေပုစဉ်း နည်းစနစ်ပါလား...'

ထိုက်ရွှီမဟာမိတ် ခေါင်းဆောင်သည် ဒေါသအမျက် ခြောင်းခြောင်းထွက်လျက် တာအို ရုပ်သေးကို ကြည့်ကာ ဟိန်းဟောက်လိုက်တော့၏။

“မင်းလား... တာ့ယွဲ့နယ်နိမိတ်က စုယွီ ဆိုတဲ့ ကောင်လေးလား... နေပါဦး... သူက အမြုတေအဆင့်မှာပဲ ရှိနေသေးတာပဲ... မင်းက တကယ်တော့ ဘယ်သူလဲ...”

သူသည် တာအို ရုပ်သေး၏ စစ်မှန်သော မည်သူမည်ဝါဖြစ်ကြောင်းကို မသိနိုင်သော်လည်း စုယွီနှင့် တစ်စုံတစ်ရာ ပတ်သက်မှု ရှိနိုင်ကြောင်းကိုမူ ခန့်မှန်းမိလိုက်၏။

“ဝူး...”

ထိုက်ရွှီမဟာမိတ် ခေါင်းဆောင်သည် ခုခံရေး ဝိညာဉ်လျှို့ဝှက်နည်းစနစ်ကို ထုတ်ဖော်လိုက်သည်။ ရွှေပုစဉ်း နည်းစနစ်မှာ ရွှေပုစဉ်းတစ်ကောင်အဖြစ် ပြောင်းလဲသွားကာ ဝိညာဉ်အတားအဆီးကို တိုက်ခိုက်လိုက်သဖြင့် အက်ကြောင်းနှစ်ခု ဖြစ်ပေါ်သွားသော်လည်း ထိုက်ရွှီမဟာမိတ် ခေါင်းဆောင်၏ မူလဝိညာဉ်ကိုမူ အန္တရာယ်ပြုနိုင်လောက်အောင် စွမ်းအား မရှိတော့ချေ။

ထိုက်ရွှီမဟာမိတ် ခေါင်းဆောင် နှာခေါင်းတစ်ချက် ရှုံ့လိုက်၏။ နောက်တစ်စက္ကန့်တွင်မူ သူ၏ကိုယ်ဟန်မှာ ဝေဝါးသွားကာ လွတ်မြောက်ခြင်းနည်းစနစ်ကို အသုံးပြုလျက် တာအို ရုပ်သေး၏ အဆင့်နိမ့် မှော်လက်နက် နှစ်ခုဖြင့် တိုက်ခိုက်မှုကို ရှောင်တိမ်းရန် ကြိုးစားလိုက်၏။

သို့သော်လည်း ထိုအခိုက်အတန့်တွင် သူ၏ စိတ်ပင်လယ်အတွင်းသို့ ယင် အင်မော်တယ် စာလုံး၏ အမှတ်အသားတစ်ခုမှာ ဒိုင်းခနဲ ရိုက်နှိပ်ခံလိုက်ရတော့သည်။

၎င်းမှာ သူ၏ ဝိညာဉ်အတားအဆီးမှ အက်ကြောင်းများအတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားကာ ကလေးငယ်တစ်ဦးနှင့် တူလှသော သူ၏ မူလဝိညာဉ် နဖူးထက်သို့ တိုက်ရိုက် ရောက်ရှိသွားခြင်း ဖြစ်၏။

“ဝူး...”

ယင် အင်မော်တယ် စာလုံး၏ စွမ်းအားများမှာ ဟုန်းခနဲ ပေါက်ကွဲထွက်သွားရာ ထိုက်ရွှီမဟာမိတ် ခေါင်းဆောင်သည် သူ၏ အသိစိတ်များ ဝေဝါးသွားကာ အဆုံးမဲ့သော အမှောင်ထုကမ္ဘာကြီးအတွင်းသို့ ပြုတ်ကျသွားသကဲ့သို့ ခံစားလိုက်ရတော့၏။

သူ စုဆောင်းထားသော ကျင့်ကြံခြင်း စွမ်းအားများမှာလည်း ချက်ချင်းပင် ပြိုကွဲပျက်စီးသွားသဖြင့် သူ၏ လွတ်မြောက်ခြင်း နည်းစနစ်ကိုပင် ထုတ်ဖော်ရန် အချိန်မရလိုက်ချေ။

“ဝုန်း...”

နောက်တစ်စက္ကန့်တွင်မူ...

ရေခဲမီးပုလဲ၏ စွမ်းအားများမှ ပေါ်ထွက်လာသော ရေခဲဖီးနစ်နှင့် မီးတောက်နဂါးတို့သည် ထိုက်ရွှီမဟာမိတ် ခေါင်းဆောင်နှင့် အပြင်းအထန် ထိတိုက်မိကြတော့သည်။ ရေခဲမီးလမ်းစဉ်၏ ပြင်းထန်လှသော ခွန်အားများမှာ ထိုက်ရွှီမဟာမိတ် ခေါင်းဆောင်အား မမျှော်လင့်ဘဲ ရိုက်ခတ်သွားသဖြင့် သူသည် ကောင်းကင်ပေါ်မှ မြေပြင်ပေါ်သို့ ဝုန်းခနဲ ပြုတ်ကျသွားတော့၏။

ထိုက်ရွှီမဟာမိတ် ခေါင်းဆောင်၏ ခန္ဓာကိုယ်ပေါ်က ဝတ်ရုံများမှာ စုတ်ပြဲသွား၏။ တဆက်တည်း၌ တစ်ပေခွဲခ အရှည်ရှိ ငွေဖြူရောင် သတ္တုအပိုင်းအစတစ်ခု ပေါ်ထွက်လာပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ကောင်းကင်ဘုံ၏ အလင်းဖျော့ဖျော့ဖြင့် လွှမ်းခြုံလိုက်သည်။

ဤသတ္တုအပိုင်းအစမှာ ရေခဲမီးပုလဲ၏ စွမ်းအားများက သူ့အား တိုက်ခိုက်လိုက်သည့် အချိန်မှာပင် သူ့အား ကာကွယ်ပေးရန် ပေါ်ထွက်လာခြင်းတည်း။ သခင်ကို စောင့်ရှောက်ပေးသော ဝိညာဉ်ရတနာပင်။

ဤအရာ၏ အကာအကွယ်ကြောင့်သာ ထိုက်ရွှီမဟာမိတ် ခေါင်းဆောင်၏ ခန္ဓာကိုယ်မှာ ပျက်စီးမသွားခြင်းပါ။

“ဝုန်း...”

ထိုက်ရွှီမဟာမိတ် ခေါင်းဆောင်သည် ယင် အင်မော်တယ် စာလုံး၏ လွှမ်းမိုးမှုကို ရုန်းကန်ဖယ်ရှားကာ လွတ်မြောက်လာခဲ့၏။ သူ၏ ရင်ထဲတွင် ဒေါသများ ပြည့်နှက်နေသည့် အခိုက်အတန့်မှာပင် သူ့အပေါ်မှနေ၍ ထက်ရှလှသော အလင်းတန်းပေါင်း မရေမတွက်နိုင်အောင် ဖြာထွက်လာတော့သည်။ ကောင်းကင်ယံထက်မှ တာအို ရုပ်သေးသည် အဆင့်နိမ့် မှော်လက်နက် ဖြစ်သော ချင်းယွဲ့ဓားကို ဝေ့ယမ်းလိုက်၏။

မျက်တောင်တစ်ခတ်အတွင်းမှာပင် ဓားနိယာမပေါင်းများစွာမှာ ရူးသွပ်နေသော ဒီရေလှိုင်းကြီးပမာ သူ့ဆီသို့ ထိုးစိုက်ဆင်းသက်လာတော့သည်။

ထိုထက်ရှလှသော ဓားရိပ်များ၏ ကြောက်မက်ဖွယ်ကောင်းမှုမှာ ထိုက်ရွှီမဟာမိတ် ခေါင်းဆောင်အား ဦးရေပြားများပင် ကျဉ်သွားစေ၏။

“ဝူး...”

“ဝုန်း...”

ချင်းယွဲ့ဓား၏ တိုက်ခိုက်မှု သက်ဆင်းလာသည့် အခိုက်အတန့်မှာပင် ထိုက်ရွှီမဟာမိတ် ခေါင်းဆောင်၏ ပုံရိပ်မှာ အစအနပင် မကျန်ဘဲ ပျောက်ကွယ်သွားတော့သည်။ သူသည် လွတ်မြောက်ခြင်း နည်းစနစ်ကို အသုံးပြုကာ ချင်းယွဲ့ဓား၏ ဓားချက်ကို ရှောင်တိမ်းလိုက်ခြင်း ဖြစ်၏။

မြေပြင်ပေါ်တွင် ယဇ်ကောင်များအလား မတ်တပ်ရပ်နေကြသော ပေသုံးလေးဆယ်ခန့် မြင့်သည့် တောင်ကုန်းငယ် နှစ်ခုမှာမူ ဓားချက်တစ်ချက်တည်းဖြင့်ပင် မြေနှင့်တစ်ပြင်တည်း ဖြစ်သွားရတော့သည်။ မရေမတွက်နိုင်သော မြက်ပင်များ၊ ကျောက်တုံးများနှင့် မြေကြီးများမှာ လေထဲသို့ လွင့်စင်ပျံတက်သွားကြ၏။

ကောင်းကင်ယံမှ တာအို ရုပ်သေးသည် အနည်းငယ် အံ့အားသင့်သွားသည်။

သူသည် စိတ်ကို စုစည်းကာ ဆယ်မိုင်ကျော်ဝေးသော ကောင်းကင်ယံထက်သို့ လှမ်းကြည့်လိုက်သည့်အခါ ထိုက်ရွှီမဟာမိတ် ခေါင်းဆောင်မှာ ဟင်းလင်းပြင် အကျဉ်းထောင်အတွင်းမှ မမျှော်လင့်ဘဲ လွတ်မြောက်သွားသည်ကို တွေ့လိုက်ရ၏။

တာအို ရုပ်သေး၏ မျက်လုံးများအတွင်း၌ ကောင်းကင်ဘုံ၏ အလင်းတန်းများ ပေါ်ထွက်လာ၏။ သူသည် ဝိညာဉ်စွမ်းအားကို အသုံးပြုကာ မျက်စိနတ်ဘုရားစွမ်းအားကို ထုတ်ဖော်လိုက်သည့်အခါ ထိုက်ရွှီမဟာမိတ် ခေါင်းဆောင်၏ကိုယ်ပေါ်က ငွေဖြူရောင် သတ္တုအပိုင်းအစကို မြင်တွေ့လိုက်ရသည်။ ထို့အပြင် ထိုသတ္တုအပိုင်းအစထံမှ ထွက်ပေါ်နေသော အရှိန်အဝါကိုလည်း ခံစားမိလိုက်၏။

တာအို ရုပ်သေးသည် အနည်းငယ် အံ့အားသင့်သွားရင်း...

'ဟင်းလင်းပြင် အငွေ့အသက်လား...'

ဤသတ္တုအပိုင်းအစမှာ ဟင်းလင်းပြင် တာအိုလမ်းစဉ်၏ အငွေ့အသက်များ ကိန်းအောင်းနေပုံ ရ၏။ ထိုအပိုင်းအစအတွင်း၌ တည်ရှိနေသော ဟင်းလင်းပြင် စွမ်းအားသည် ထိုက်ရွှီမဟာမိတ် ခေါင်းဆောင်၏ လွတ်မြောက်ခြင်း နည်းစနစ်နှင့် ပေါင်းစပ်သွားကာ တာအိုရုပ်သေး၏ ဟင်းလင်းပြင် စွမ်းအားဖြင့် ပိတ်ဆို့ထားမှုကို ရှောင်တိမ်းသွားခြင်း ဖြစ်သည်။

“ဝူး...”

ဟင်းလင်းပြင် အကျဉ်းထောင်အတွင်းမှ လွတ်မြောက်သွားပြီးနောက် ထိုက်ရွှီမဟာမိတ် ခေါင်းဆောင်၏ ပုံရိပ်မှာ ဝေဝါးသွားတော့၏။

သူသည် ချဲ့ယွီ မျိုးနွယ်စု၏ လျှို့ဝှက်နယ်မြေဆီသို့ မတွေးဝံ့စရာ ကောင်းလောက်အောင် မြန်ဆန်လှသော အရှိန်အဟုန်ဖြင့် ထွက်ပြေးလိုက်တော့သည်။

သူ၏ အရှိန်မှာ အလွန်ပင် မြန်ဆန်လှသဖြင့် မူလဝိညာဉ် စတုတ္ထအဆင့်ရှိသော အရှင်သခင်ကြီးတစ်ဦးပင်လျှင် လိုက်မှီရန် မလွယ်ကူနိုင်ချေ။

အခန်း (၅၅၄) - ထိုက်ရွှီမဟာမိတ် ခေါင်းဆောင် ကျဆုံးခြင်း (၂)

သို့သော်လည်း ထိုက်ရွှီမဟာမိတ် ခေါင်းဆောင်သည် မိုင်ငါးဆယ်ခန့်ပင် မပြေးရသေးမီမှာပင် တာအို ရုပ်သေးမှာ သူ၏ရှေ့မှောက်၌ တစ်ကျော့ပြန် ပေါ်ထွက်လာပြန်၏။

“ဝုန်း...”

ဟင်းလင်းပြင်စွမ်းအားများ၏ တုန်ခါမှုနှင့်အတူ တာအို ရုပ်သေးသည် နောက်သို့ ချာခနဲ လှည့်ကာ ချင်းယွဲ့ဓားကို တစ်ဖန် ဝေ့ယမ်းလိုက်ပြန်သည်။ ကောင်းကင်ဘုံမှ ဓားရိပ်များမှာ ကောင်းကင်နှင့် မြေကြီးကို တစ်ခဏချင်းအတွင်း လွှမ်းခြုံသွားတော့၏။

ဟင်းလင်းပြင်စွမ်းအားများ၏ တားဆီးမှုကြောင့် ထိုက်ရွှီမဟာမိတ် ခေါင်းဆောင်၏ ပုံရိပ်မှာ ပြန်လည် ပေါ်ထွက်လာရပြီး သူ၏ မျက်နှာမှာလည်း သွေးမရှိတော့သည့်နှယ် ဖြူလျော်နေ၏။

မိမိ၏ လွတ်မြောက်ခြင်း နည်းစနစ်ကို အသုံးပြု၍ လျင်မြန်စွာ မပြေးနိုင်တော့သည့်အတွက် သူ၏ ရင်ထဲတွင် အလွန်အမင်း စိတ်ပျက်အားငယ်နေရ၏။

“မင်းက ငါက မင်းကို ကြောက်နေတယ်လို့ တကယ်ပဲ ထင်နေတာလား... သေရမယ်...”

ထိုက်ရွှီမဟာမိတ် ခေါင်းဆောင်သည် စိတ်ကို စုစည်းလိုက်သည့်အခါ ညစ်ညမ်းသော အနံ့အသက်များ ပြည့်နှက်နေသည့် ရှေးဟောင်း ကြေးဝါဆီမီးခွက်တစ်ခု သူ၏ ရှေ့မှောက်၌ ပေါ်ထွက်လာ၏။ တာအိုနယ်ပယ်မှာ ခိုင်မာလာပြီး ကျင့်ကြံခြင်းစွမ်းအားများမှာလည်း ဝုန်းခနဲ ပေါက်ကွဲထွက်ပေါ်လာကာ ရေဓာတ်ဖြင့် ဖွဲ့စည်းထားသော နဂါးပေါင်း မရေမတွက်နိုင်အောင် ဟိန်းဟောက်ထွက်ပေါ်လာပြီး ကောင်းကင်ဘုံမှ ဓားရိပ်များနှင့် ယှဉ်ပြိုင် တိုက်ခိုက်ကြတော့သည်။

တစ်ဆက်တည်းမှာပင် ထိုက်ရွှီမဟာမိတ် ခေါင်းဆောင်၏ မျက်နှာပေါ်တွင် ရက်စက်သော အပြုံးတစ်ချက် ပေါ်ထွက်လာ၏။ သူသည် တာအို ရုပ်သေးကို စူးစူးဝါးဝါး ကြည့်လျက် လက်ကို ခပ်ဖွဖွ ဝှေ့ယမ်းလိုက်ရာ မျက်လုံးရှေ့တွင် လွင့်မြောနေသော ရှေးဟောင်း ကြေးဝါဆီမီးခွက်ကို အသာအယာ မှုတ်ထုတ်လိုက်၏။

“ဝုန်း...”

ထိုကြေးဝါဆီမီးခွက်မှာ တစ်ပေခန့်မျှသာ မြင့်မားသည်။

၎င်း၏ ပုံသဏ္ဌာန်မှာ ဖားပြုတ်တစ်ကောင်နှင့် တူလှ၏။ ထိုဖားပြုတ်၏ ဦးခေါင်းပေါ်တွင် ရှည်လျားသော မီးစာတိုင်တစ်ခု ရှိနေကာ တစ္ဆေမီးလျှံများမှာ တောမီးပမာ ဟုန်းခနဲ ပွင့်ထွက်လာ၏။

ထိုက်ရွှီမဟာမိတ် ခေါင်းဆောင်၏ ဝိညာဉ်စွမ်းအားများ ပါဝင်သော လေအဟုန်အောက်တွင် ထိုတစ္ဆေမီးလျှံများမှာ တဟုန်းဟုန်း တောက်လောင်လာတော့၏။

“ဝူး...”

တစ်ခဏအတွင်းမှာပင် တာအို ရုပ်သေးသည် ပတ်ဝန်းကျင်ရှိ အပူချိန်များမှာ အသက်ရှူကျပ်မတတ် ကျဆင်းသွားသည်ကို ခံစားလိုက်ရပြီး ဝိညာဉ်များ ပြည့်နှက်နေသည့် ကမ္ဘာတစ်ခုအတွင်းသို့ ကျရောက်သွားသကဲ့သို့ ရှိနေတော့သည်။ ထိုကြောက်မက်ဖွယ်ကောင်းသော စိမ်းဖန့်ဖန့် မီးလျှံများသည် ကောင်းကင်ဘုံ ဓားရိပ်များနှင့် ရေဓာတ်စွမ်းအားများကို လျစ်လျူရှုကာ သူ၏ ဝိညာဉ်ကို လောင်မြိုက်စေရန် ဖျက်ဆီးလိုသော အရှိန်အဟုန်ဖြင့် ပြေးဝင်လာ၏။

တစ်ဆက်တည်းမှာပင် တာအို ရုပ်သေးသည် မိမိ၏ ခန္ဓာကိုယ်ကို တိုက်စားလိုသော ညစ်ညမ်းသည့် အငွေ့အသက်များ နီးကပ်လာသည်ကို ခံစားလိုက်ရ၏။

အကယ်၍ ယခုအချိန်တွင် သွေးသားဖြင့် တည်ဆောက်ထားသော ခန္ဓာကိုယ်သာ ဆိုပါက ထိုညစ်ညမ်းသော စွမ်းအားများသည် သူ၏ အသားစများ၊ ကျင့်ကြံခြင်းစွမ်းအားများနှင့် ဒန်ထျန်တို့ကို ဖျက်ဆီးပစ်ကာ ညစ်ညမ်းသော မြေမှုန့်များအဖြစ် ပြောင်းလဲပစ်နိုင်ပေလိမ့်မည်။

သို့သော်လည်း...

ယခုက တာအို ရုပ်သေး ဖြစ်နေ၏။

“ဝူး...”

တာအို ရုပ်သေး၏ ဦးနှောက်အတွင်း၌ ရွှေပုစဉ်း လျှို့ဝှက်နည်းစနစ်ကို ထုတ်ဖော်လိုက်ရာ ဝိညာဉ်အတားအဆီးတစ်ခုက သူ၏ စိတ်ပင်လယ်ကို ချက်ချင်းပင် လွှမ်းခြုံကာကွယ်လိုက်တော့သည်။ တောက်ပသော ရွှေရောင်အလင်းတန်းများနှင့်အတူ ထိုစိမ်းဖန့်ဖန့် မီးလျှံများမှာ တစ်ခဏချင်းအတွင်း သန့်စင်ဖယ်ရှားခံလိုက်ရတော့၏။

ညစ်ညမ်းသော မီးလျှံများက တာအို ရုပ်သေး၏ ခန္ဓာကိုယ်အတွင်းသို့ ကျူးကျော်ဝင်ရောက်လာသည့် အခိုက်အတန့်မှာပင် ထိုက်ရွှီမဟာမိတ် ခေါင်းဆောင်သည် တာအိုရုပ်သေး၏ လျှို့ဝှက်ချက်ကို နောက်ဆုံးတွင် သိရှိသွားတော့သည်။

သူ၏ မျက်နှာမှာ တောင့်တင်းသွားကာ မျက်လုံးများမှာလည်း ကျုံ့သွားတော့၏။ သူသည် အလွန်အမင်း ထိတ်လန့်သွားကာ တာအို ရုပ်သေးကို ကြည့်လျက်...

“မင်း... မင်းက စတုတ္ထအဆင့် ရုပ်သေးတစ်ခုပဲလား...”

ထိုက်ရွှီမဟာမိတ် ခေါင်းဆောင်မှာ အတော်လေး မှင်တက်သွားရ၏။

စတုတ္ထအဆင့် အဆင့်နိမ့် ရုပ်သေးတစ်ခုက အဆင့်နိမ့် မှော်လက်နက် နှစ်ခုကိုကိုင်ဆောင်ပြီး ငါ့ကို သတ်ဖို့ ကြိုးစားနေတာလား။

ဒါဆိုရင် ဒီရုပ်သေးရဲ့ နောက်ကွယ်မှာ...

ထိုက်ရွှီမဟာမိတ် ခေါင်းဆောင်၏ မျက်ဝန်းအိမ်များ ကျုံ့သွားကာ 'စုယွီ' ဆိုသော နာမည်ကို သတိရလိုက်မိတော့သည်။

“ဝုန်း...”

တာအို ရုပ်သေးသည် သူနှင့် စကားပြောပြီး အချိန်ဖြုန်းမနေတော့ပေ။ ကြေးဝါဆီမီးခွက်၏ စွမ်းအားကို ခုခံပြီးနောက်တွင်မူ ဓားဖြင့် နောက်တစ်ကြိမ် တိုက်ခိုက်လိုက်ပြန်သည်။ တစ်ချိန်တည်းမှာပင် ရေခဲမီးပုလဲ၏ စွမ်းအားမှာလည်း တစ်ကျော့ပြန် ပြင်းထန်လာကာ မြေပြင်နှင့် ကောင်းကင်ကို ခဲသွားမတတ် အေးစိမ့်သွားစေတော့၏။

ဟင်းလင်းပြင်စွမ်းအားများ တုန်ခါလာပြီး ထိုက်ရွှီမဟာမိတ် ခေါင်းဆောင်၏ ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်ကို ချိတ်ပိတ်လိုက်သည်။

တစ်ဆက်တည်းမှာပင် တာအို ရုပ်သေးသည် ယင် အင်မော်တယ် စာလုံး အဆောင်လက်ဖွဲ့ကို နောက်တစ်ကြိမ် ပုံဖော်လိုက်ပြန်၏။

ယင် အင်မော်တယ် စာလုံး၏ စွမ်းအားကြောင့် ထိုက်ရွှီမဟာမိတ် ခေါင်းဆောင်မှာ အသိစိတ်များ တစ်ခဏမျှ ဝေဝါးသွားရသည်။

တာအို ရုပ်သေးသည် ရေခဲမီးပုလဲနှင့် ချင်းယွဲ့ဓားကို အသုံးပြုကာ ထိုက်ရွှီမဟာမိတ် ခေါင်းဆောင်အား ပြင်းထန်စွာ ဒဏ်ရာရစေပြန်သဖြင့် သူသည် မြေပြင်ပေါ်သို့ ဝုန်းခနဲ ကျဆင်းသွားရပြီး သွေးများမှာလည်း ကောင်းကင်တစ်ခွင်သို့ ပန်းထွက်သွားတော့၏။

ဤတစ်ကြိမ်တွင်မူ ထိုက်ရွှီမဟာမိတ် ခေါင်းဆောင်မှာ တာအို ရုပ်သေး၏ စွမ်းရည်နှင့် စစ်မှန်သော ခွန်အားကို အတော်လေး သိရှိသွား၏။ သူသည် ထိုသတ္တုအပိုင်းအစ၏ စွမ်းအားဖြင့်ပင် ထပ်မံ လွတ်မြောက်နိုင်ခြင်း မရှိတော့ပေ။

ထိုသူနှစ်ဦး တိုက်ခိုက်နေကြစဉ်အတွင်း ဝိညာဉ်စွမ်းအားများမှာ ကောင်းကင်နှင့် မြေကြီးကို တုန်ခါစေကာ မိုင်နှစ်ဆယ် သုံးဆယ် ပတ်လည်ရှိ တောရိုင်းမြေရိုင်းများကို ဖျက်ဆီးပစ်တော့သည်။

မရေမတွက်နိုင်သော သစ်ပင်များ၊ ကျောက်တုံးကြီးများနှင့် တောင်ကုန်းငယ်များပင် မြေနှင့်တစ်ပြင်တည်း ဖြစ်သွားရကာ အပျက်အစီးများ ဖြစ်ပေါ်ကုန်တော့၏။

“ဝူး... ဝူး... ဝူး...”

အဝေးရှိ ချဲ့ယွီအင်မော်တယ် မြို့တော်အတွင်းမှ အခန်းများနှင့် ဂူစံအိမ်များအတွင်းမှ ကျင့်ကြံသူပေါင်း မရေမတွက်နိုင်အောင် ထွက်ပေါ်လာကြပြီး ကောင်းကင်ယံထက်သို့ ပျံတက်ကာ ကြောက်မက်ဖွယ်ကောင်းလှသော ဝိညာဉ်စွမ်းအားများ တုန်ခါနေသည့် အရပ်သို့ ထိတ်လန့်တုန်လှုပ်စွာ မျှော်ကြည့်နေကြတော့သည်။

“ဟိုဘက်မှာ... အဲ့ဒီမှာ... စစ်မှန်တဲ့ အရှင်သခင် နှစ်ယောက် တိုက်နေကြတာလား... ဒါမှမဟုတ် အရှင်သခင် အဆင့်ကိုတောင် ကျော်လွန်သွားတဲ့ တည်ရှိမှုတွေလား...”

“အရှင်သခင်ကြီးတွေပဲ... မူလဝိညာဉ် အရှင်သခင်ကြီး နှစ်ယောက် တိုက်နေကြတာ...”

“ဘယ်သူတွေလဲ... ဘာလို့ ငါတို့ ချဲ့ယွီနယ်မြေမှာ တိုက်နေကြတာလဲ...”

သာမန်ကျင့်ကြံသူများမှာ အလွန်အမင်း ထိတ်လန့်နေကြပြီး အမျိုးမျိုး ဆွေးနွေးနေကြ၏။

သို့သော်လည်း ချဲ့ယွီအင်မော်တယ် မြို့တော်၌ ကျန်ရစ်ခဲ့သော ရွှေအမြုတေအဆင့် ကျင့်ကြံသူ တစ်ဦး ပေါ်ထွက်လာသည့် အခါတွင်မူ ထိုသူသည် ထိုဘက်သို့ ထိတ်လန့်တုန်လှုပ်စွာ ကြည့်လျက် တုန်တုန်ရီရီဖြင့် ပြောလိုက်၏။

“မကောင်းတော့ဘူး...”

“ဒါ.. မဟာမိတ် ခေါင်းဆောင်ပဲ... ခေါင်းဆောင်က တစ်ယောက်ယောက်နဲ့ တိုက်နေတာ...”

သူသည် ထိုက်ရွှီမဟာမိတ် ခေါင်းဆောင်ကို မြင်ဖူးသဖြင့် သူ၏ အရှိန်အဝါကိုလည်း ကောင်းစွာ သိရှိထား၏။

ထို့ကြောင့် ထိုက်ရွှီမဟာမိတ် ခေါင်းဆောင်မှာ ပြင်းထန်စွာ တိုက်ပွဲဝင်နေရပြီး သူ၏ အရှိန်အဝါမှာလည်း တည်ငြိမ်မှု မရှိဘဲ ပြိုင်ဘက်၏ ဖိနှိပ်ခြင်းနှင့် ဒဏ်ရာရခြင်းတို့ကို ခံနေရသည်ကို အာရုံခံမိလိုက်သည့်အခါ သူ၏ မျက်နှာမှာ တစ်စထက်တစ်စ ပျက်ယွင်းလာတော့၏။

ဘာလုပ်ရပါ့မလဲ။

အရှင်သခင်ကြီးများကြားက ပြင်းထန်လှသော တိုက်ပွဲတွင် သူကဲ့သို့ ရွှေအမြုတေ အစောပိုင်းအဆင့် ကျင့်ကြံသူ တစ်ဦးမှာ ဝင်ရောက် စွက်ဖက်နိုင်စရာ အကြောင်းမရှိပေ။

သို့သော်လည်း ခေါင်းဆောင်၏ လက်ရှိ အခြေအနေမှာ အလွန်ပင် စိုးရိမ်ရလှ၏။

ချဲ့ယွီမျိုးနွယ်စုမှ ကျင့်ကြံသူ အများအပြား၏ စောင့်ကြည့်နေမှုအောက်တွင် ထိုက်ရွှီမဟာမိတ် ခေါင်းဆောင်နှင့် တာအို ရုပ်သေးတို့၏ တိုက်ပွဲမှာလေးနာရီကျော်မျှ ကြာမြင့်သွားခဲ့ပြီး အစပိုင်းတွင် မန္တန်စွမ်းအားများနှင့် မှော်လက်နက်များကို အသုံးပြုကာ ယှဉ်ပြိုင်ခဲ့ကြ၏။

နောင်တွင်မူ စွမ်းအားများ အလွန်အမင်း ကုန်ခမ်းလာသည့်အတွက် ထိုသူနှစ်ဦးမှာ လက်ရုံးစွမ်းအားဖြင့်ပါ တိုက်ခိုက်လာကြတော့သည်။

စစ်တလင်းမှာ မိုင်ပေါင်း ဆယ်ဂဏန်းမှ ရာဂဏန်းအထိ ကျယ်ပြန့်သွားပြီး ဖြတ်သန်းသွားသမျှ အရာအားလုံးမှာ အစအနပင် မကျန်ဘဲ ပျက်စီးကာ လောင်ကျွမ်းနေသော မြေရိုင်းများအဖြစ် ပြောင်းလဲသွားရတော့သည်။

နောက်ဆုံးတွင်မူ...

ထိုက်ရွှီမဟာမိတ် ခေါင်းဆောင်မှာ ချဲ့ယွီအင်မော်တယ် မြို့တော်မှ မိုင်ပေါင်း ရာနှင့်ချီ ဝေးကွာသော နေရာတွင် အားအင်ကုန်ခမ်းကာ လဲကျသွားတော့သည်။ သူ၏ ခန္ဓာကိုယ်မှာလည်း အပြင်းအထန် ဒဏ်ရာရကာ ပျက်စီးနေ၏။ အသားစတို့မှာ ပျက်စီးကုန်ပြီး ရင်ဘတ်မှာလည်း အတွင်းသို့ ချိုင့်ဝင်သွား၏။ ကျောဘက်တွင်လည်း မရေမတွက်နိုင်သော ဓားဒဏ်ရာများဖြင့် ပြည့်နှက်နေပြီး လက်မောင်းတစ်ဖက်မှာလည်း လုံးဝ ပြတ်တောက်သွားကာ ကျန်ရှိနေသော လက်မှာလည်း လက်ကောက်ဝတ်အောက်ပိုင်း မရှိတော့ချေ။

ခြေထောက် နှစ်ဖက်စလုံးမှာလည်း တစ်ဝက်ခန့် စုတ်ပြဲနေပြီး ယခင်က ခန့်ညားတည်ငြိမ်လှသော သူ၏ မျက်နှာအမူအရာမှာ ယခုအခါတွင်မူ သွေးစိမ်းရှင်ရှင်များဖြင့် ဖုံးလွှမ်းနေကာ ဒဏ်ရာများဖြင့် ပြည့်နှက်နေတော့၏။

ချင်းယွဲ့ဓားချက်များကြောင့် ရရှိသော ဒဏ်ရာများ ရှိသကဲ့သို့ ရေခဲမီးပုလဲ၏ ရေခဲမီးလမ်းစဉ် စွမ်းအားများကြောင့် ခဲသွားခြင်းနှင့် လောင်ကျွမ်းခြင်း ဒဏ်ရာများလည်း ရှိနေ၏။

ထိုက်ရွှီမဟာမိတ် ခေါင်းဆောင်သည် လဲကျနေရင်း ကြေကွဲစွာ ရယ်မောလိုက်ပြီး ဒဏ်ရာအမြောက်အမြား ရထားသော တာအို ရုပ်သေးကို စိုက်ကြည့်ကာ မကျေနပ်မှုများ ပြည့်နှက်နေသည့် အက်ကွဲသော အသံဖြင့် ပြောလိုက်သည်။

“သိပ်ကို အနိုင်ကျင့်လွန်းလှပါလား...”

တာအို ရုပ်သေးသည် သူ့ကို တစ်ချက် ကြည့်လိုက်၏။ စုယွီ၏ အသံဖြင့် ပထမဦးဆုံးအကြိမ် စကားပြောလိုက်၏။

“ခင်ဗျားကတောင် ဒီလို စကားမျိုးကို ပြောရဲသေးတာလား...”

“ဟိုးအရင်တုန်းက ခင်ဗျားတို့ မူလဝိညာဉ် အရှင်သခင်ကြီးတွေက ကျုပ်တို့အပေါ် လက်ဦးမှုယူပြီး တိုက်ခိုက်ခဲ့တုန်းကရော ဒါကို အနိုင်ကျင့်တာလို့ မတွေးမိခဲ့ဘူးလား...”

“ခင်ဗျား.. လမင်းနန်းတော်မှာတုန်းက တာ့ယွဲ့နယ်နိမိတ်ကို ခြေမှုန်းပစ်မယ်လို့ ပြောခဲ့တုန်းကရော ဒါကို အနိုင်ကျင့်တာလို့ မတွေးမိခဲ့ဘူးလား...”

ထိုက်ရွှီမဟာမိတ် ခေါင်းဆောင်မှာ စကားတစ်လုံးမှ ပြန်မပြောနိုင်တော့ပေ။

သို့သော်လည်း တာအို ရုပ်သေးမှာ ပြောစရာ ကျန်နေသေး၏။

“ဘာဖြစ်လို့လဲဆိုတော့... အားနည်းတဲ့သူတွေမှာ စကားပြောခွင့် မရှိလို့ပဲ...”

“အခု ခင်ဗျား... ထိုက်ရွှီမဟာမိတ် ခေါင်းဆောင်ဟာ အားနည်းတဲ့သူ ဖြစ်နေပြီ...”

“ရွှစ်...”

တာအို ရုပ်သေး၏ လက်ထဲမှ ချင်းယွဲ့ဓားသည် လှုပ်ရှားသွားကာ အေးစိမ့်သော အလင်းတန်းတစ်ခု ကောင်းကင်နှင့် မြေကြီးကြား ဖြတ်သန်းသွားပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် ထိုက်ရွှီမဟာမိတ် ခေါင်းဆောင်၏ ဦးခေါင်းမှာ ပြတ်တောက်သွားတော့သည်။

သို့သော်လည်း ထိုက်ရွှီမဟာမိတ် ခေါင်းဆောင်၏ ဦးခေါင်း ပြတ်ကျသွားသည့် အခိုက်အတန့်မှာပင် မူလဝိညာဉ်တစ်ခုသည် မှော်လက်နက် နှစ်ခုနှင့်အတူ အဝေးသို့ အလျင်အမြန် လွတ်မြောက်သွားတော့၏။

သို့ပါသော်လည်း နာရီပေါင်းများစွာ ပြင်းထန်စွာ တိုက်ပွဲဝင်ခဲ့ရပြီးနောက်တွင်မူ ထိုမူလဝိညာဉ်၏ အရှိန်အဝါမှာ အလွန်အမင်း အားနည်းနေ၏။

တာအို ရုပ်သေး၏ ရွှေပုစဉ်း လျှို့ဝှက်နည်းစနစ် သက်ရောက်သွားသည့် အခါတွင်မူ ထိုက်ရွှီမဟာမိတ် ခေါင်းဆောင်၏ မူလဝိညာဉ်သည် ကြေကွဲဖွယ်ရာ အော်ဟစ်လိုက်မိတော့သည်။

“အား...”

နောက်တစ်စက္ကန့်တွင်မူ ထိုက်ရွှီမဟာမိတ် ခေါင်းဆောင်၏ မူလဝိညာဉ် မျက်လုံးများမှာ မှောင်မှောက်သွားရပြီး တာအို ရုပ်သေး၏ ချိတ်ပိတ်ခြင်းကို ခံလိုက်ရတော့သည်။

တာအို ရုပ်သေးသည် မလှမ်းမကမ်းရှိ ချဲ့ယွီအင်မော်တယ် မြို့တော်ကို တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် နာရီပေါင်းများစွာ ကြာအောင် တိုက်ပွဲဖြစ်ပွားခဲ့သည့် အပျက်အစီးနေရာများကို ပြန်လည် ကြည့်ရှုလိုက်၏။

ခဏမျှ စဉ်းစားလိုက်ပြီးမှ ထားခဲ့ရန်သာ ဆုံးဖြတ်လိုက်သည်။

ဤမျှလောက်များပြားလှသော ခြေရာလက်ရာများကို သန့်စင်လိုက်သည်ဖြစ်စေ၊ မသန့်စင်လိုက်သည်ဖြစ်စေများစွာ ထူးခြားမည် မဟုတ်တော့ပေ။

သူ သွားတော့မည်။

ထိုက်ရွှီမဟာမိတ် ခေါင်းဆောင်ထံမှ ပစ္စည်းအားလုံးကို သိမ်းဆည်းပြီးနောက် တာအို ရုပ်သေး၏ ပတ်ဝန်းကျင်တွင် လှိုင်းတွန့်များ ပေါ်ထွက်လာပြီး နောက်တစ်စက္ကန့်တွင်မူ သူသည် ပျောက်ကွယ်သွားတော့၏။

လောကကြီးတစ်ခုလုံးသည် သေခြင်းတရားကဲ့သို့ ငြိမ်သက်သွားတော့သည်။

နာရီဝက်ကျော်ခန့် ကြာမှသာ ချဲ့ယွီအင်မော်တယ် မြို့တော်မှ ကျင့်ကြံသူများသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် လာရောက် ရှာဖွေကြလေ၏။

မည်သည့်အန္တရာယ်မျှ မရှိတော့ကြောင်း အတည်ပြုပြီးနောက်တွင်မူ ချဲ့ယွီဘက်တွင် ကျန်ရစ်ခဲ့သော ရွှေအမြုတေအဆင့် ကျင့်ကြံသူမှာ အပြေးအလွှား ရောက်ရှိလာတော့သည်။

ထိုက်ရွှီမဟာမိတ် ခေါင်းဆောင်၏ ကြောက်မက်ဖွယ်ကောင်းလှသော အလောင်းကို မြင်လိုက်ရသည့်အခါ ထိုရွှေအမြုတေအဆင့် ကျင့်ကြံသူ၏ မျက်လုံးများမှာ ပြူးထွက်သွားရပြီး သူ၏ အသိစိတ်များမှာလည်း ဝေဝါးသွားကာ ယိုင်တိယိုင်တိုင်ဖြင့် နောက်သို့ ဆုတ်လိုက်မိရင်း မှင်တက်နေတော့၏။

အတော်လေး ကြာမှသာ ထိုရွှေအမြုတေအဆင့် ကျင့်ကြံသူသည် အသိပြန်ဝင်လာပြီး ခြေထောက်များမှာလည်း အားမရှိတော့ဘဲ မြေပြင်ပေါ်သို့ ပုံလျက်သား လဲကျသွားတော့သည်။

သူသည် တုန်တုန်ရီရီ အသံဖြင့် အော်ဟစ်လိုက်လေ၏။

“မြန်မြန်... မြန်မြန်...”

“ချဲ့ယွီ ခေါင်းဆောင်ကို အကြောင်းကြားလိုက်... သူ့ကို ချက်ချင်း ပြန်လာခဲ့ဖို့ ပြောလိုက်စမ်း...”

သူသည် ထိုက်ရွှီမဟာမိတ် ခေါင်းဆောင်၏ အလောင်းကို လက်ဝှေ့ယမ်းကာ သိမ်းဆည်းလိုက်ပြီး ချဲ့ယွီအင်မော်တယ် မြို့တော်သို့ ကပျာကယာ ပြန်သွားကာ ထိုသတင်းကိုလည်း လျှို့ဝှက်ထားလိုက်တော့သည်။

ခုနစ်ရက်ခန့် ကြာပြီးနောက်...

ချဲ့ယွီ ခေါင်းဆောင်သည် ချဲ့ယွီအင်မော်တယ် မြို့တော်သို့ ပြန်လည်ရောက်ရှိလာပြီး ထိုက်ရွှီမဟာမိတ် ခေါင်းဆောင်၏ အလောင်းကို မြင်တွေ့လိုက်ရသည်။

မြို့တော်တွင် ကျန်ရစ်ခဲ့သော ရွှေအမြုတေအဆင့် ကျင့်ကြံသူမှာ ချဲ့ယွီ ခေါင်းဆောင်၏ ရှေ့တွင် ဒူးထောက်ကျလျက် မျက်ရည်များ စီးကျကာ ငိုယိုအော်ဟစ်လိုက်တော့၏။

“ခေါင်းဆောင်... မဟာမိတ် ခေါင်းဆောင် ကျဆုံးသွားပါပြီ... မဟာမိတ် ခေါင်းဆောင် သေသွားပါပြီ... ဟီး... အီးဟီး...”

ချဲ့ယွီ ခေါင်းဆောင်မှာ မျက်နှာ ဖြူလျော်သွားပြီး အတော်လေး ကြာအောင် မှင်တက်နေမိကာ သူ၏ အသိစိတ်များမှာလည်း ထိတ်လန့်မှုများကြောင့် ပျောက်ဆုံးနေရ၏။

သူသည် ယခင်က အခြားသော အဖွဲ့ခွဲများမှ ကျင့်ကြံသူများနှင့် ပူးပေါင်းကာ တာ့ယွဲ့နယ်နိမိတ်ကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အခြေအနေမှာ တော်တော်လေး အဆင်ပြေချောမွေ့ခဲ့သည် မဟုတ်ပါလော။

သို့သော်လည်း သူ ပြန်လာသည့်အခါတွင် ဘာဖြစ်လို့ မဟာမိတ် ခေါင်းဆောင်ကြီး သေဆုံးနေရသနည်း။

အခန်း (၅၅၅) - ထိတ်လန့်ဖွယ်ရာ အလှည့်အပြောင်း (၁)

ချဲ့ယွီမျိုးနွယ်စု၏ ခေါင်းဆောင်မှာ ကြာရှည်စွာ မှင်တက်နေပြီးနောက်တွင်မူ... ချဲ့ယွီအင်မော်တယ် မြို့တော်၌ ကျန်ရစ်ခဲ့သော သူ၏ လက်အောက်ခံကို ကြည့်ကာ... တုန်တုန်ရီရီ အသံဖြင့် မေးမြန်းလိုက်သည်...

"ဘယ်သူက ရန်သူလဲ... ဘယ်သူက ငါတို့ရဲ့ မဟာမိတ်ခေါင်းဆောင်ကြီးကို သတ်လိုက်တာလဲ..."

ထိုရွှေအမြုတေ အစောပိုင်းအဆင့် ကျင့်ကြံသူမှာ ထိတ်လန့်တုန်လှုပ်စွာဖြင့် ငိုယိုလျက်... ခေါင်းကိုသာ ခါယမ်းနေမိတော့၏...

"ကျွန်တော်မျိုးလည်း အဲ့ဒါကို မသိပါဘူး... မဟာမိတ်ခေါင်းဆောင်ကြီးက အဲ့ဒီလူနဲ့ နာရီပေါင်းများစွာ တိုက်ခိုက်နေခဲ့တာပါ... အနားကိုတောင် မကပ်ရဲပါဘူး... ကျွန်တော်တို့ရဲ့ ကျင့်ကြံခြင်း စွမ်းအားတွေနဲ့ဆိုရင် အရှင်သခင်ကြီးတွေရဲ့ ရှေ့မှာ ဘာမှမဟုတ်ပါဘူး... လွင့်စင်လာတဲ့ စွမ်းအားကတင် ကျွန်တော်တို့ကို သေစေနိုင်တာပါ..."

"ဒါပေမဲ့... ကျွန်တော်မျိုးက တစ်ယောက်ယောက်ကို အန္တရာယ်ကြားကနေ အနားကို ချဉ်းကပ်ခိုင်းခဲ့ပါတယ်... မိုင်ပေါင်း ဆယ်ဂဏန်းလောက် အကွာကနေ တိုက်ပွဲမြင်ကွင်း အချို့ကို ပုံရိပ်ဖမ်း ကျောက်တုံးထဲမှာ မှတ်တမ်းတင်ထားနိုင်ခဲ့ပါတယ်... အဲ့ဒီထဲမှာ ရန်သူ့ရဲ့ မျက်နှာကို မြင်နိုင်ပါလိမ့်မယ်..."

ချဲ့ယွီခေါင်းဆောင်၏ မျက်ဝန်းအိမ်များမှာ တွန့်ကျုံ့သွားပြီး ချက်ချင်းပင် အမိန့်ပေးလိုက်တော့သည်...

"ငါ့ကို အဲ့ဒါ အခုချက်ချင်း ပြစမ်း..."

သူ၏ လက်အောက်ခံဖြစ်သူမှာ ပုံရိပ်ဖမ်း ကျောက်တုံးကို ထုတ်ယူလိုက်ရာ... ချဲ့ယွီခေါင်းဆောင်သည် သူ၏ ဝိညာဉ်အာရုံကို ထည့်သွင်းလျက် လွန်ခဲ့သော ရက်အနည်းငယ်က ဖြစ်ပွားခဲ့သည့် ကြောက်မက်ဖွယ်ကောင်းလှသော တိုက်ပွဲမြင်ကွင်းများကို ကြည့်ရှုလိုက်လေ၏။

အနီရင့်ရောင်နှင့် အပြာရင့်ရောင် လူရိပ်နှစ်ခုမှာ ကောင်းကင်နှင့် မြေကြီးကြားတွင် ရောယှက်ကာ တိုက်ခိုက်နေကြသည်မှာ မြင်မကောင်းအောင်ပင်။

ကောင်းကင်ယံထက်မှ မြေပြင်သို့... မြေပြင်ပေါ်မှတစ်ဖန် ကောင်းကင်ယံထက်သို့...

၎င်းတို့ ဖြတ်သန်းသွားရာ နေရာတိုင်းတွင် ကောင်းကင်နှင့် မြေကြီးကြားရှိ အရာအားလုံးမှာ အစအနပင် မကျန်တော့ဘဲ ပျက်စီးသွားရတော့၏။

ပေပေါင်း ရာနှင့်ချီ၍ မြင့်မားသော တောင်ကြီးတစ်လုံးပင်လျှင် ထိုသူတို့၏ မန္တန်စွမ်းအားများအောက်တွင် ချက်ချင်းပင် ချေမှုန်းခံလိုက်ရပြီး ဧရာမ ကျင်းကြီးတစ်ခုသာ ကျန်ရစ်တော့သည်ကို မြင်လိုက်ရသည့်အခါ ချဲ့ယွီခေါင်းဆောင်မှာ ဦးရေပြားများပင် ကျဉ်သွားရတော့သည်။

ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦးနှင့် နှိုင်းယှဉ်လျှင်... မူလဝိညာဉ် အဆင့်ရှိသော အရှင်သခင်ကြီးတစ်ဦးမှာ လောကကို ကျော်လွန်နေသူဟုပင် တင်စားနိုင်၏။

ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုး၏ လှုပ်ရှားမှုတိုင်းတွင် ကြီးမားလှသော စွမ်းအားများ ပါဝင်နေသည် မဟုတ်ပါလော။

ဒါဟာ ရွှေအမြုတေအဆင့် ကျင့်ကြံသူ တစ်ဦး လုံးဝ မလုပ်ဆောင်နိုင်သည့် အရာပင် ဖြစ်သည်။

ချဲ့ယွီခေါင်းဆောင်ကိုယ်တိုင်ပင်လျှင်... သူ၏ မှော်လက်နက်ကို အသုံးပြုကာ တောင်ကုန်းတစ်ခုကို ဖြိုချနိုင်မည်ဟု ယုံကြည်သော်လည်း... ပေပေါင်း ရာနှင့်ချီ မြင့်မားသော တောင်ကြီးတစ်လုံးကို ချက်ချင်း ချေမှုန်းနိုင်ရန်မှာမူ ဝေးစွပင်။

ပုံရိပ်ဖမ်း ကျောက်တုံးထဲမှ အပြာရင့်ရောင် လူရိပ်မှာ သူတို့၏ ထိုက်ရွှီမဟာမိတ် ခေါင်းဆောင် ဖြစ်ရမည်။

မဟာမိတ်ခေါင်းဆောင်ကို သတ်လိုက်သည့် လူသတ်သမားမှာမူ အနီရင့်ရောင် လူရိပ်ပင် ဖြစ်ရပေမည်။

ချဲ့ယွီခေါင်းဆောင်သည် အသေအချာ စိုက်ကြည့်လိုက်သော်လည်း... ပုံရိပ်ထဲတွင် ဆံပင်ဖြူဖြူနှင့် အဘိုးအို တစ်ဦးကိုသာ မရေမရာ မြင်တွေ့လိုက်ရပြီး... သူ၏ ရုပ်ရည်သွင်ပြင် အသေးစိတ်ကိုမူ မမြင်တွေ့နိုင်ချေ။

ပုံရိပ်ဖမ်း ကျောက်တုံးအတွင်း မှတ်တမ်းတင်ထားသမျှ အရာအားလုံးကို အသေအချာ ပြန်လည်ကြည့်ရှုပြီးနောက်တွင်မူ ချဲ့ယွီခေါင်းဆောင်မှာ ငြိမ်သက်သွားတော့၏။

တိုက်ပွဲတစ်ခုလုံးတွင် ထိုက်ရွှီမဟာမိတ် ခေါင်းဆောင်မှာ ဖိနှိပ်ခံထားရသည်သာ ဖြစ်သည်။

ကောင်းကင်ယံထက်မှ မြေပြင်သို့... မြေပြင်မှတစ်ဖန် ကောင်းကင်ယံသို့... ဤသို့ ဖြစ်ပျက်နေရခြင်းမှာ သူတို့၏ ခေါင်းဆောင်မှာ ပြိုင်ဘက်၏ အပြင်းအထန် ရိုက်နှက်မှုကို ခံနေရခြင်းကြောင့်ပင်။ ၎င်းမှာ တိုက်ပွဲတစ်ခုထက် ညှဉ်းပန်းနှိပ်စက်မှုကို ခံနေရခြင်းနှင့်ပင် တူလှတော့၏။

သူတို့၏ ခေါင်းဆောင်ကို သတ်ဖြတ်သွားသည့် ထိုလူသတ်သမား... ထိုမဟာရန်သူတော်ကြီးမှာ...

သူသာမကဘဲ ယခုအခါ ခေါင်းဆောင်မဲ့နေသည့် ထိုက်ရွှီမဟာမိတ်အဖွဲ့ကြီး တစ်ခုလုံးပင်လျှင် မရဲတရဲ စော်ကားရန် မသင့်သော တည်ရှိမှုမျိုး ဖြစ်နေသည်။

ဤကဲ့သို့သော အငြိုးအတေးမျိုးမှာ လက်စားချေရန် လုံးဝ မဖြစ်နိုင်တော့ချေ။

ထို့အပြင်...

မဟာမိတ်ခေါင်းဆောင် မရှိတော့သည့်အတွက် သူတို့သည် တာ့ယွဲ့နယ်နိမိတ်၏ ပြန်လည်တိုက်ခိုက်မှုကြောင့် မျိုးတုံးပျောက်ကွယ်သွားရမည့် ဘေးဒုက္ခနှင့် ရင်ဆိုင်ရတော့မည် မဟုတ်ပါလော။

ဘယ်လို လုပ်ရပါ့မလဲ။

ချဲ့ယွီခေါင်းဆောင်သည် မျက်လုံးများကို မှိတ်ထားလိုက်ပြီး အသက်ကို အကြိမ်ကြိမ် ခပ်ပြင်းပြင်း ရှူသွင်းလိုက်၏။ သူ၏ စိတ်ကို အတင်းအကျပ် တည်ငြိမ်အောင် ထိန်းချုပ်လိုက်ပြီးနောက် ရှေ့ဆက်ရမည့် လမ်းစဉ်ကို အတွေးနက်နေမိတော့သည်။ တာ့ယွဲ့နယ်နိမိတ်မှာ ယခုအခါတွင် ထိုက်ရွှီမဟာမိတ်အဖွဲ့ကို ပြန်လည်တိုက်ခိုက်ရန် ပြင်ဆင်နေကြမည်မှာ မြေကြီးလက်ခတ်မလွဲပင်။

ထိုက်ရွှီမဟာမိတ် ခေါင်းဆောင် မရှိတော့ခြင်းမှာ သူတို့ မျိုးတုံးပျောက်ကွယ်သွားတော့မည်ကို အချက်ပေးနေခြင်းပင် ဖြစ်တော့သည်။

မိမိတို့မှာ တခြား ရွေးချယ်စရာ ဘာကျန်သေးလို့လဲ။

အတော်လေး ကြာအောင် စဉ်းစားပြီးနောက်တွင်မူ...

ချဲ့ယွီခေါင်းဆောင်သည် မျက်လုံးများကို ဖွင့်လိုက်ပြီး သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်မိတော့သည်။

'ဒီလို အကျပ်အတည်းကြားမှာ ပြန်လည် တိုက်ခိုက်နေတာက ငါတို့ကို သေလမ်းဆီပဲ ပို့ဆောင်လိမ့်မယ်...'

'လက်ရှိအချိန်မှာ ငါ့အတွက်ရော... ထိုက်ရွှီမဟာမိတ်အဖွဲ့ တစ်ခုလုံးအတွက်ပါ ရွေးချယ်စရာ သုံးခုပဲ ရှိတော့တယ်... ပထမတစ်ခုကတော့ တာ့ယွဲ့နယ်နိမိတ်ဆီမှာ အညံ့ခံပြီး နောင်ကျရင် သူတို့ရဲ့ လက်အောက်ခံအဖြစ် နေထိုင်ဖို့ပဲ...'

'ဒုတိယတစ်ခုကတော့ ငါတို့ကို အကာအကွယ်ပေးနိုင်မယ့် တခြား အစွမ်းထက်တဲ့ နောက်ခံတစ်ခုကို ရှာဖို့ပဲ... ဥပမာအားဖြင့် သွေးဖီးနစ်ဂိုဏ်းလား... ဒါမှမဟုတ် မိစ္ဆာတွေလား...'

'တတိယတစ်ခုကတော့ ထွက်ပြေးဖို့ပဲ... ဇီကွမ်နယ်မြေကနေ ထွက်ခွာပြီး ပင်လယ်ဘက်ကို သွားဖို့ပဲ...'

ဘယ်အရာကို ရွေးချယ်ရမလဲ။

ချဲ့ယွီခေါင်းဆောင်မှာ ယတိပြတ် မဆုံးဖြတ်နိုင်ဘဲ ဖြစ်နေရ၏။ ထိုက်ရွှီမဟာမိတ် ခေါင်းဆောင်၏ ကိစ္စမှာလည်း အခြားသော အဖွဲ့ခွဲများနှင့် မဟာမိတ်အဖွဲ့ချုပ်ဆီသို့ သတင်း မရောက်သေးသဖြင့်... သူကိုယ်တိုင် အရင်ဆုံး ထွက်ပြေးရမလားဟုလည်း စဉ်းစားနေမိသည်။

"ဝူး..."

ချဲ့ယွီခေါင်းဆောင်မှာ ဆုံးဖြတ်ချက် မချနိုင်ဘဲ ဖြစ်နေစဉ်မှာပင် လူရိပ်တစ်ခုမှာ ချဲ့ယွီအင်မော်တယ် မြို့တော်သို့ ရုတ်ချည်း သက်ဆင်းလာပြီး သူ၏ ရှေ့မှောက်သို့ ရောက်ရှိလာတော့၏။ ထိုသူ၏ လက်ထဲတွင် ချင်းရွှမ်ဂိုဏ်းချုပ်၏ ပြတ်တောက်နေသော ဦးခေါင်းတစ်ခုကိုကိုင်ဆောင်ထားသည်။

သူသည် ချင်းရွှမ်ဂိုဏ်းချုပ်၏ ဦးခေါင်းကို ချဲ့ယွီခေါင်းဆောင်၏ ခြေရင်းသို့ ပစ်ချလိုက်ပြီး မထီမဲ့မြင် ပြုသော မျက်လုံးများဖြင့် ကြည့်ကာ ပြောလိုက်၏။

"ထိုက်ရွှီမဟာမိတ်အဖွဲ့ရဲ့ ကျန်နေတဲ့လူတွေကို စုစည်းလိုက်.. ငါ့ဆီမှာ အညံ့ခံရင်... ငါ မင်းအတွက် လက်စားချေပေးပါ့မယ်..."

ချဲ့ယွီခေါင်းဆောင်သည် ရောက်ရှိလာသူ၏ အရှိန်အဝါကို ခံစားလိုက်ရပြီး သူ၏ မျက်နှာပေါ်မှ ကြေးဝါ တိရစ္ဆာန်မျက်နှာဖုံးကို မြင်တွေ့လိုက်ရသည့်အခါ အလွန်အမင်း ထိတ်လန့်သွားရတော့၏။

မူလဝိညာဉ် အဆင့်ရှိသော အရှင်သခင်ကြီးပေလား။

ခြေရင်းသို့ ပစ်ချလိုက်သော ပြတ်တောက်နေသည့် ဦးခေါင်းကို မြင်လိုက်ရသည့်အခါ ချဲ့ယွီခေါင်းဆောင်မှာ ခြေထောက်များပင် အားမရှိတော့ဘဲ ထိုသူ၏ ရှေ့တွင် ချက်ချင်းပင် ဒူးထောက်ကျသွားတော့သည်။

ချဲ့ယွီခေါင်းဆောင်သည် ထိတ်လန့်တုန်လှုပ်စွာဖြင့် ဦးတိုက်လျက် တုန်တုန်ရီရီ အသံဖြင့် ပြောလိုက်သည်...

"ကျွန်တော်..အရှင်သခင်ကြီးကို အလုပ်အကျွေး ပြုပါ့မယ်... အရှင်သခင်ကြီး..."

....

တစ်ချိန်တည်းမှာပင်..

တာအို ရုပ်သေးသည် ချဲ့ယွီမျိုးနွယ်စု၏ နယ်မြေမှ ထွက်ခွာလာခဲ့ပြီ ဖြစ်၏။ သူသည် မူလက ချင်းရွှမ်ဂိုဏ်းချုပ်နှင့် အဖွဲ့၏ ခြေရာကို နောက်ယောင်ခံလိုက်ကာ ချင်းရွှမ်ဂိုဏ်းချုပ်ကို မြေကမ္ဘာအင်မော်တယ် နယ်မြေမှ လုံးဝ ရှင်းလင်းပစ်ရန် ရည်ရွယ်ထားခဲ့ခြင်း ဖြစ်၏။

သို့သော်လည်း သူသည် ချဲ့ယွီမျိုးနွယ်စု၏ နယ်မြေမှ ထွက်ခွာလာစဉ်မှာပင် သူ၏ ခြေလှမ်းများမှာ ရုတ်တရက် တုံ့ခနဲ ရပ်တန့်သွားကာ မျက်မှောင်ကြုတ်လိုက်မိတော့၏။

သူသည် တစ်ဖက်သို့ အံ့အားသင့်ဟန်ဖြင့် လှမ်းကြည့်လိုက်ပြီး...

'အမှတ်အသားက ပျောက်ကွယ်သွားပြီလား...'

သူသည် ယခင်က ချင်းရွှမ်ဂိုဏ်းချုပ်၏ကိုယ်ပေါ်တွင် နောက်ယောင်ခံလိုက်နိုင်ရန်အတွက် လျှို့ဝှက် ဟင်းလင်းပြင် အမှတ်အသားတစ်ခုကို ထည့်သွင်းထားခဲ့ခြင်း ဖြစ်၏။

အလွန်ဝေးကွာသော အကွာအဝေးတွင် ရှိနေလျှင်ပင် တစ်ဖက်လူ၏ ဦးတည်ရာကို မရေမရာ အာရုံခံနိုင်သည် မဟုတ်ပါလော။

သို့သော်လည်း ယခုလေးတင်မှာပင် ချင်းရွှမ်ဂိုဏ်းချုပ်၏ကိုယ်ပေါ်က ဟင်းလင်းပြင် အမှတ်အသားမှာ ပျောက်ကွယ်သွားတော့၏။

သူက ဒါကို သိသွားတာလား... ဒါမှမဟုတ် မမျှော်လင့်တဲ့ အဖြစ်အပျက်တစ်ခုခု ဖြစ်သွားတာလား...

တာအို ရုပ်သေးသည် ခဏမျှ စဉ်းစားလိုက်ပြီးနောက်... လူသူကင်းမဲ့သော တောင်တန်းတစ်ခုကို ရွေးချယ်ကာ မြေအောက် ပေပေါင်း ရာနှင့်ချီသော နေရာတွင် ဂူစံအိမ်တစ်ခုကို တည်ဆောက်လိုက်၏။ ထို့နောက် အကာအကွယ်ပေးမည့် အခင်းအကျင်းပေါင်းများစွာကို ခင်းကျင်းလိုက်ပြီး မိမိ၏ စွမ်းအားများကို ပြန်လည် ပြုပြင်ရန် စတင်လိုက်တော့၏။

အလတ်စား ဝိညာဉ်ကျောက်စိမ်းပေါင်း သောင်းနှင့်ချီ၍ ဖုန်မှုန့်များအဖြစ် ပြောင်းလဲကုန်ဆုံးသွားပြီးနောက်... နာရီဝက်ခန့် ကြာသည့်အခါတွင်မူ တာအို ရုပ်သေး၏ အရှိန်အဝါမှာ အပြည့်အဝ ပြန်လည် နိုးထလာ၏။

သို့သော်လည်း ယခင် တိုက်ပွဲတွင် သူ၏ ခန္ဓာကိုယ်ပေါ်၌ ကျန်ရစ်ခဲ့သော အမာရွတ်များနှင့် အက်ကြောင်းများကိုမူ ဝိညာဉ်သတ္တု အဆီအနှစ်များကို အသုံးပြုကာ ပြုပြင်ရန် အချိန်ယူရပါဦးမည်။

လတ်တလောတွင်မူ ထိုအရာက သူ့အားများစွာ ထိခိုက်မှု မရှိနိုင်ပေ။

သို့ပါသော်လည်း ယခင် တိုက်ပွဲတွင် သူသည် ထိုက်ရွှီမဟာမိတ် ခေါင်းဆောင်အား တားဆီးရန်အတွက် ရုပ်သေးဝိညာဉ်၏ စွမ်းအားများကို အသုံးပြုခဲ့ရလေ၏။

All Chapters