← Chapters

မောင်လေးရွှီချင်း၊ အထဲမှာ ရှိလား

Vol. 12 Ch. 175

မောင်လေးရွှီချင်း၊ အထဲမှာ ရှိလား

Vol. 12 Ch. 175

လူအမှာ တုန်ရီနေပြီး ခေါင်းဆောင်က သိချင်စိတ်ပြင်းပြစွာ ကြည့်လိုက်သည်။

ရွှီချင်း၏ မျက်လုံးများ မှေးသွားပါသော်လည်း စကားမဆိုပေ။ သို့သော် အနှီလူငယ်က သူ့အောက်မှ အရိပ်ကိုကြည့်၍ ကြောက်လန့်တုန်ရီနေသည်ကို သူ သတိထားမိသည်။

လူအမှာ ရွှီချင်း၏အကြည့်ကြောင့် ပို၍ပင် တုန်ရီလာသည်။ သူက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး သူ့တစ်ကိုယ်လုံးမှ ချွေးများ စီးကျလာသည်။ သူ့ခြေထောက်နှစ်ချောင်းမှလည်း တဖျစ်ဖျစ်မြည်သံများ ထွက်ပေါ်နေသည်ကို မည်သူမဆို ကြားနိုင်သည်။

ယင်းသည် အရိုးများနှင့် ကြွက်သားများ ပွတ်တိုက်နေသည့်အသံများပင်။

ယင်းသည် သူ့စိတ်နှင့် ပင်ကိုယ်အသိက အပြင်းအထန် တိုက်ခိုက်နေသည့်အလားပင်။

ထိုသို့သာ ဆက်ဖြစ်နေပါက အချိန်များ ကုန်လွန်သွားတိုင်း သူ့အတွက် စိတ်ကူးဖြင့် မှန်းဆမရနိုင်လောက်အောင် ညှဉ်းပန်းနှိပ်စက်ခံနေရသကဲ့သို့ ဖြစ်နေပေမည်။

ရွှီချင်းက အကြည့်လွှဲလိုက်ပြီး မတ်တတ်ရပ်၍ ခေါင်းဆောင်ကို လက်နှစ်ဖက်ဆုပ်ပြလိုက်ပြီး တံခါးဆီသို့ လျှောက်သွားသည်။

သူ အနီးသို့ရောက်သောအခါ လူအမှာ ပို၍ ကြောက်လန့်လာသည်။ သို့သော်လည်း သူ နောက်မဆုတ်ဝံ့ချေ။ ယင်းမှာ ယခင်က တားမြစ်နယ်မြေထဲတွင် မကောင်းဆိုးဝါးကို ရွှီချင်း မြင်ခဲ့ရစဉ်အချိန်ကနှင့် ဆင်တူသည်။

ရွှီချင်း သူ့ဘေးမှ လျှောက်သွားသောအခါ လူအ၏စိတ်ထဲတွင် ကြောက်ရွံ့စိတ်သာ စိုးမိုးထားတော့သည်။ သူ ကြောက်လန့်တုန်ရီလွန်း၍ တစ်ကိုယ်လုံးပင် တွန့်ကွေးလာကာ သူ့ပါးစပ်မှလည်း အမြှုပ်တစီစီထလာတော့သည်။

ရွှီချင်း မျက်မှောင်ကြုတ်သွားသည်။ သူ မည်သည့်ဖိအားကိုမှ မထုတ်ဖော်ထားသလို လူသတ်ငွေ့များကိုလည်း ထုတ်ဖော်မထားချေ။ လူငယ်ကို မျက်နှာရိပ်မျက်နှာကဲဖြင့် ကြည့်လိုက်ပြီးနောက် အခန်းထဲမှ အပြင်သို့ ထွက်သွားသည်။

သူ ထွက်သွားသည်နှင့် လျောကျသွားသော ဒီရေလှိုင်းများအလား လူအ၏စိတ်ထဲမှ ကြောက်ရွံ့စိတ်များ ပျောက်ကွယ်သွားသည်။ မကြာခင် သူ့တစ်ကိုယ်လုံး တုန်ရီနေရာမှ ရပ်သွားပြီး သူ့ပုံစံက ပုံမှန်နီးပါး ပြန်ဖြစ်လာသည်။ သို့သော်လည်း သူ့မျက်လုံးများထဲတွင် ကြောက်ရွံ့နေသည့်အငွေ့အသက်များ ရှိနေဆဲဖြစ်ပြီး ထွက်ခွာသွားသော ရွှီချင်း၏နောက်ကျောကို လှည့်မကြည့်ဝံ့ချေ။

ထိုမြင်ကွင်းကို ခေါင်းဆောင်မြင်သောအခါ သူ့မျက်လုံးများထဲ ထူးဆန်းသော အလင်းတစ်ချက် ဝင်းလက်သွားသည်။ သူက ပန်းသီးကို ကိုက်စားလိုက်ပြီး လူအ၏ ဘေးသို့ လျှောက်သွားသည်။ သူက ပန်းသီးကို ကိုင်၍ လူအကို လှည့်ပတ်လျှောက်လိုက်ပြီး အံ့အားတသင့် ပြောလိုက်သည်။

“ မင်း သူ့ကို သိတာလား ”

လူအက ခေါင်းယမ်းပြလိုက်သည်။

“ သူ့ကို မသိတာကို မင်း ဘာလို့ ကြောက်နေတာတုံး ”

ခေါင်းဆောင်မှာ ပို၍ပင် သိချင်စိတ်ပြင်းပြလာသည်။ လူဆိုးထိန်းဌာနသို့ ထိုလူအ ရောက်လာခဲ့သည်မှာ လဝက်ခန့်ရှိပြီဖြစ်သည်။ ထိုလဝက်တာအတောအတွင်း ရွှီချင်းကဲ့သို့ ရာဇဝတ်ကောင်အများအပြားကို သူ သတ်ခဲ့သည်။

သို့သော်လည်း သူက ဝံပုလွေလိုက်ခွေးကြီးတစ်ကောင်ပမာ ရက်စက်ကြမ်းကြုတ်ပြီး လူအားလုံးကို ရန်လိုသောအကြည့်ဖြင့် ကြည့်တတ်သည်။

ယနေ့မှသာ ထိုလူအလေး အလွန်အမင်း ကြောက်လန့်နေသည်ကို ပထမဆုံးအကြိမ် ခေါင်းဆောင် မြင်ဖူးခြင်း ဖြစ်သည်။

လူအက ခေါင်းဆောင်၏ စကားများကို ကြားပါသော်လည်း ပါးစပ်ကို တင်းတင်းပိတ်ထားသည်။

သူက စကားမပြောလေလေ ခေါင်းဆောင်မှာ ပိုသိချင်လာလေပင်။ ပန်းသီးကို စားရန်ပင် သူ မေ့နေ၏။ သူက လူအကို အနည်းငယ် ကြည့်လိုက်ပြီးနောက် သူ့မျက်လုံးများ ချက်ချင်း ဝင်းလက်သွားပြီး သူ့ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခု ရုတ်ခြည်း ထွက်ပေါ်လာသည်။

ထိုအရှိန်အဝါက ပျံ့နှံ့မသွားဘဲ လူအ အပေါ်တွင် စုစည်းနေသည်။

ထိုအန္တရာယ်အရှိန်အဝါကြောင့် လူအ၏ခန္ဓာကိုယ် တောင့်တင်းသွားသည်။ သူ့မျက်နှာ ဖြူဖပ်ဖြူရော်ဖြစ်သွားပြီး တစ်ကိုယ်လုံး တုန်ရီလာတော့သည်။ သို့သော် သူ့မျက်လုံးများထဲတွင် မကြာသေးခင်က ဖြစ်ပျက်ခဲ့သကဲ့သို့ ကြောက်ရွံ့စိတ်များ စိုးစဉ်းမျှရှိမနေဘဲ အလျော့မပေးဘဲ တင်းခံနေသည့်အရိပ်အယောင်များသာ ရှိနေသည်။

မကြာခင် ခေါင်းဆောင်က သတ်ဖြတ်ချင်သည့်အရှိန်အဝါကို ရုတ်သိမ်းလိုက်ပြီး သက်ပြင်းချ၍ ဆိုလိုက်သည်။

“ သူ့ကို မင်းဘာလို့ ကြောက်နေရတာတုံး ပြောစမ်းပါဦးကွ။ ငါ မင်းကို ညွှန်ကြားရေးမှူးရာထူးပေးမယ် ဘယ်လိုသဘောရလဲ ”

လူအက စကားတစ်ခွန်းပင် မပြောသေးပေ။

“ အာ … မင်း မပြောနိုင်တာကို ငါ မေ့သွားတယ်။ ဒါဆို ချရေးပြကွာ ”

လူအက ဆုံးဖြတ်ချက်ချထားဟန်ဖြင့် ခေါင်းယမ်းပြလိုက်သည်။ သူ့အသက်သေသွားသည့်တိုင်အောင် မပြောဝံ့သည့်အလားပင်။

ခေါင်းဆောင်မှာ ကူကယ်ရာမဲ့စွာဖြင့် လူအကို ထွက်သွားခွင့်ပြုသည့်အနေဖြင့် လက်ကိုသာ ဝှေ့ယမ်းပြလိုက်သည်။ သူက ကုလားထိုင်ပေါ် ထိုင်ချလိုက်ပြီး ပန်းသီးကို စားလိုက်ရင်း တွေးတောနေသည်။

တချိန်တည်းမှာပင် လူဆိုးထိန်းဌာနအပြင်ဘက်သို့ ရောက်သွားပြီဖြစ်သော ရွှီချင်းက ရွှမ်ဌာနခွဲရှိရာအရပ်သို့ လှည့်ကြည့်လိုက်သည်။ ထို့နောက် သူက အရိပ်ကို ငုံ့ကြည့်လိုက်သည်။

အစောပိုင်းက သူ ခံစားမိရသရွေ့ လူအ ကြောက်နေသည်မှာ သူ၏အရိပ်ဖြစ်သည်။

“ ဒီကောင် ငါ့အရိပ်ကို ဘယ်လိုလုပ် အာရုံခံမိနေတာတုံး ”

ရွှီချင်းက တီးတိုးရေရွတ်လိုက်ပြီး သူ့အကြည့်မှာ အေးစက်စက်သွားသည်။

သူက အကြည့်လွှဲလိုက်ပြီး ခေါင်းဆောင်က သူ့အား ဝိညာဉ်ကျောက်တုံးများ အကြွေးလိုက်တင်နေသည့်အကြောင်းကို တွေးမိလိုက်သည်။ ထို့နောက် ကျောက်စိမ်းပေလွှာကို သူ ထုတ်လိုက်ပြီး ခေါင်းဆောင်၏ နာမည်ဘေးမှ မေးခွန်းအမှတ်အသားကို ကြက်ခြေခတ်ခတ်လိုက်သည်။

ကျောက်စိမ်းပေလွှာပေါ်တွင် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး၏ နာမည်ကို ကြက်ခြေခတ်ခတ်ပြီးပြီ ဖြစ်ပြီး ရေသူထီးလူငယ်၏ နာမည်ကိုလည်း ကြက်ခြေခတ် ခတ်ပြီးသွားပြီဖြစ်သည်။ တည်းခိုခန်းမှ အဘိုးအို ရှိနေသေးသော်လည်း ခေါင်းဆောင်ဆိုသည့် စကားလုံးနောက်မှ ကြက်ခြေခတ် ခတ်ခံထားရသော မေးခွန်းအမှတ်အသားပေါင်းများစွာ ရှိသည်။

ကြက်ခြေခတ်အခတ်ခံထားရသော မေးခွန်းအမှတ်အသားများကို ကြည့်၍ ရွှီချင်း ငြိမ်သက်သွားသည်။ ပြီးသည်နှင့် စာရင်းထဲတွင် တတိယမင်းသားကိုပါ ထပ်ထည့်လိုက်ပြီး နာမည်ဘေးတွင် မေးခွန်းအမှတ်အသားကို ရေးလိုက်သည်။

ခဏအကြာ ဝါးပေလွှာကို သူ သိမ်းဆည်းလိုက်ပြီး မြို့ထဲရှိ ဆေးဆိုင်သို့ သွားလိုက်သည်။

ထိုဆိုင်က သူ သွားနေကျဆိုင်မဟုတ်ဘဲ ပို၍ ကြီးမားသော ဆိုင်ဖြစ်သည်။ ထိုဆိုင်၌ အခြေတည်အဆင့်ဆေးလုံးကို သူ မြင်လိုက်ရသည်။

ဈေးနှုန်းက ခေါင်ခိုက်နေ၍ ယခုအခါတွင် ချမ်းသာနေပြီဖြစ်သော ရွှီချင်းသည်ပင် ပင့်သက်ရှိုက်သွားရသည်။

“ ဝိညာဉ်ကျောက်တုံးတစ်သိန်း ”

ရွှီချင်းက ဆိပ်ကမ်းသို့ တိတ်ဆိတ်စွာ ပြန်သွားသည်။

သူ၏ကျင့်ကြံခြင်းနှင့် အစွမ်းက ကြောက်ခမန်းလိလိအဆင့်သိ့ု ရောက်နေပြီ ဖြစ်ပါသော်လည်း သူ သတိလက်လွတ်မနေပေ။ မှော်လှေကို မထုတ်ခင် ပုံမှန်အတိုင်း ဘေးပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်သည်။

ပြဿနာတစ်စုံတရာ မရှိကြောင်း အတည်ပြုပြီးနောက် မှော်လှေကို ထုတ်၍ ချက်ချင်း အထဲသို့ ဝင်လိုက်သည်။ အကာအကွယ်အလွှာကို အသက်သွင်းပြီးနောက် ရွှီချင်းက ဆေးပင်အခန်းသို့ လျှောက်သွားလိုက်သည်။ သူ ထိုင်ချလိုက်သည့်အခိုက် သူ့ဗိုက်မှ ခရမ်းရောင်ဝင်းလက်သွားသည်။

သူက ခရမ်းရောင်သလင်းကျောက်၏ အစွမ်းကို ထုတ်ဖော်ကာ ပုံမှန်ဖြစ်နေဟန်တူသော အရိပ်ကို ထိန်းချုပ်လိုက်သည်။

ထိုအရိပ်က မည်သည့်အရာဆိုသည်ကို ရွှီချင်း မသိပါသော်လည်း ထိုသည်က အရေးမကြီးပေ။ သူ့အနေဖြင့် ထိုအရိပ်ကို ပုံမှန်သာ ထိန်းချုပ်နေရပေမည်။

ထိုသို့ ပြုလုပ်ပြီးနောက် ရွှီချင်းက အဆိပ်များကို စတင်ဖော်စပ်လိုက်သည်။

“ သတ္တမမြောက်တောင်ထိပ် ပြိုင်ပွဲ ”

ရွှီချင်းက အဆိပ်ဖော်ရင်း ပြိုင်ပွဲအကြောင်း စဉ်းစားလိုက်သည်။

သူ၏ ကျင့်ကြံခြင်းက ချီစုစည်းခြင်းအဆင့် အထွတ်အထိပ်သို့ ရောက်နေပြီ ဖြစ်သည်။ သူ့ဝိညာဉ်ပင်လယ်က ဆက်လက်ကျယ်ပြန့်လာနိုင်သေးသည်ဟု သူ ခံစားနေရပါသော်ငြား ဖြစ်နိုင်သမျှ အခြေတည်အဆင့်ရောက်ရန် လိုအပ်သော ပစ္စည်းများအား ပြင်ဆင်ရမည်ကို သူ နားလည်သည်။

အခြေတည်အဆင့်အကြောင်းကို သူ များစွာ မသိသေးချေ။ အဆင့်တက်ရာတွင် အောင်မြင်နှုန်း မြင့်မားစေရန် အခြေတည်အဆင့်ဆေးလုံးများ လိုအပ်သည်ကိုသာ သူ သိထားပြီး တစ်လုံးဖြင့် အာမ,မခံနိုင်ပေ။

အခြေတည်အဆင့် စည်းမျဉ်းများနှင့် ပတ်သက်၍ ထိုအကြောင်းကို ဂိုဏ်းက ထိန်းသိမ်းထားသည်။ ထိုအကြောင်းကို သိရှိနိုင်ရန် စွမ်းဆောင်မှုရမှတ်အမြောက်အမြား လိုအပ်သည်။

စွမ်းဆောင်မှုရမှတ်များစွာ မသုံးစွဲချင်ပါက တခြားလူများထံမှလည်း ဝယ်ယူနိုင်သည်။

အတန်ငယ် တွေးတောပြီးနောက် ရွှီချင်းက ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးအား လှုပ်နိုးနိုင်မည့်အချိန်ကို ရှာရန်သာ ဆုံးဖြတ်လိုက်သည်။

“ အခြေတည်အဆင့်ဆေးလုံးက ဈေးကြီးလွန်းတယ်။ ငါ မတတ်နိုင်ဘူး။ ဒီတော့ ပြိုင်ပွဲထဲ ဝင်ပါပြီး ဆေးလုံးကို လုယူဖို့ပဲ ရှိတော့တယ် ”

ရွှီချင်း၏ မျက်နှာပေါ်တွင် ပြတ်သားသောအကြည့်တစ်ခု ပေါ်လာသည်။ မှောင်နီပျိုးလာသည်နှင့် အဆိပ်ဆေးဖော်ခြင်းလုပ်ငန်းစဉ်က ပြီးဆုံးသွားပြီး သူ စတင်ကျင့်ကြံလိုက်သည်။

အပြင်ဘက်ရှိ ဝင်လုဝင်ဆဲ နေမင်းကြီးက လိမ္မော်ရောင်ပိတ်သားစပမာ ဆိပ်ကမ်းတစ်ခုလုံးကို လွှမ်းခြုံ၍ ထွန်းလင်းနေသည်။ နေရောင်အောက်တွင် အဆောက်အအုံအားလုံး နီစွေးနေဟန်တူသည်။ ကောင်းကင်ယံရှိ တိမ်များသည်ပင် နီစွေးနေ၏။

ထိုနေဝင်ချိန်၌ ရှေးဟောင်းကြေးညိုရောင်ဓားကြီးတစ်လက်ကို ကျောတွင် လွယ်ပိုးထားသော ခရမ်းရောင်ဖျော့ဖျော့တာအိုဝတ်ရုံဝတ် မိန်းမလှလေးတစ်ဦးက ဆိပ်ကမ်းနံပါတ်ခုနစ်ဆယ့်ကိုးသို့ လျှောက်လာနေသည်။

ထိုမိန်းမပျိုသည် အရပ်မြင့်ကာ လှပသောရုပ်ဆင်းသွင်ပြင်ရှိသည်။ ဆံပင်ကို နောက်တွင် စုချည်ထားပြီး ရှေးဟောင်းဓားကို လွယ်ပိုးထားသည့် သူမကိုကြည့်ရသည်မှာ ရဲရင့်ပြတ်သားဟန်ရှိပြီး အဓိကဂိုဏ်းသားတစ်ယောက်ဆိုသော ဂုဏ်ပုဒ်နှင့် ပေါင်းဖက်လိုက်သောအခါ ထူးခြားစွာ လှပနေတော့သည်။

လမ်းတစ်လျှောက်တွင် ထိုမိန်းမပျိုကိုမြင်သည့် ဂိုဏ်းသားအားလုံး ခေါင်းများငုံ့၍ နှုတ်ဆက်ကြသည်။ ဂိုဏ်းသားအများစု၏ ရင်ထဲတွင် ထိုမိန်းမပျိုနှင့်ပတ်သက်၍ အမျိုးအမည် ခွဲခြားရခက်သော ခံစားချက်များပင် ရှိနေသည်။

ထိုမိန်းမပျိုသည် စိတ်ကောင်းဝင်နေဟန်တူပြီး လမ်းတွင် တွေ့သမျှ ဂိုဏ်းသားအားလုံးကို ခေါင်းညိတ်ပြသည်။ ဆိပ်ကမ်းနံပါတ်ခုနစ်ဆယ့်ကိုးသို့ ရောက်သောအခါမှသာ ထိုမိန်းမပျို၏ ခြေလှမ်းများ ရပ်သွားသည်။ ထိုမိန်းမပျို၏ လှပချောမောသော မျက်နှာလေးက အနည်းငယ် နီမြန်းလာပြီး ရင်ခုန်သံ မြန်လာဟန်တူသည်။

မိန်းမပျိုက ရပ်လိုက်ပြီး အသက်ဝဝရှူသွင်းကာ ရွှီချင်း၏ လှေရပ်နားရာနေရာသို့ တန်းတန်းမတ်မတ် သွားလိုက်သည်။

မကြာခင် လှေရပ်နားရာနေရာသို့ ရောက်သွားပြီး ရင်းနှီးနေသလိုလို ရှိသည့် မှော်လှေကို ကြည့်၍ ပျော်စရာအမှတ်တရများဖြင့် ပြည့်နှက်လာကာ အော်ပြောလိုက်သည်။

“ မောင်လေးရွှီချင်း၊ ဒီမှာ ရှိလား ”

ဆိပ်ကမ်းနံပါတ်ခုနစ်ဆယ့်ကိုးက ပုံမှန်အားဖြင့် စည်စည်ကားကား မဟုတ်ပါသော်လည်း ဝင်ထွက်သွားလာကြသည့် လူများစွာ ရှိသည်။ ထို့ကြောင့် ထိုမိန်းမပျို၏ ခရမ်းရောင်တာအိုဝတ်ရုံက ဤဆိပ်ကမ်းတွင် ပေါ်လွင်နေပြီး အထဲသို့ ဝင်သွားသည်နှင့် လူများစွာ၏ အာရုံစိုက်ခြင်း ခံလိုက်ရသည်။

ထိုမိန်းမပျိုက ရွှီချင်း၏ နာမည်အား အော်ခေါ်လိုက်သည်ကို ဂိုဏ်းသားများ မြင်သောအခါ မျက်လုံးများ ပြူးကျယ်သွားသည်။

ပုစွန်ဆီရောင်လဲ့နေသော နေရောင်ခြည်တန်းများအောက်တွင် ဆိပ်ကမ်း၌ ရပ်နေသော မိန်းမပျို၏ နက်မှောင်သော ဆံကေသာများက လေထဲ တဖျပ်ဖျပ်လွင့်နေသည်။ ထိုမိန်းမပျို၏ တာအိုဝတ်ရုံသည်လည်း လေနှင်ရာ လွင့်နေပြီး ဝတ်ရုံအောက်မှ လှပကြော့ရှင်းသော ခန္ဓာကိုယ်အလှအပများ သိသိသာသာ ပေါ်လွင်နေသည်။

ပြစ်မျိုးမှဲ့မထင် လှပသော မျက်နှာလေးပေါ် လင်းရောင်ခြည်ဖြာကျလာသောအခါတွင် ရှက်သွေးဖြာနေသည့်အတွက်ကြောင့်လော၊ သို့တည်းမဟုတ် ဆည်းဆာရောင်ခြည်ကြောင့်ပေလော၊ နှင်းဆီရောင်ဖြန်းနေသည်။ မျက်လုံးလေးများသည်ပင် တဖျပ်ဖျပ်ဝင်းလက်နေ၏။

“ အဲဒါ ဂိုဏ်းတူအစ်မတင်းကွ ”

“ သူက ဘာလို့ဂိုဏ်းတူအစ်ကိုရွှီချင်းကို လာရှာတာတုံး။ ဟူး … သူသာ ငါ့ကို လာရှာလို့ကတော့ … ”

ဘေးပတ်လည်ရှိ လူအားလုံး အနည်းနှင့်အများ စိတ်ပျက်လက်ပျက်ဖြစ်နေကြစဉ် မှော်လှေပေါ်တွင် ကျင့်ကြံနေသော ရွှီချင်းမှာ အသံကိုကြားလိုက်ရပြီး မဆိုစလောက် မျက်မှောင်ကြုတ်သွားသည်။ သူ မတ်တတ်ရပ်လိုက်ပြီး အပြင်ထွက်၍ ဆိပ်ကမ်းပေါ်မှ မိန်းမပျိုကို ကြည့်လိုက်သည်။

“ အစ်မတင်း ”

ရွှီချင်းက တည်ငြိမ်စွာ ပြောသည်။ တခြားလူများက သူ့ကျင့်ကြံခြင်းအား နှောင့်ယှက်လာသည်ကို သူ သဘောမကျပေ။

“ မောင်လေးတင်း၊ အစ်မ ပြန်ရောက်တာတော့ နည်းနည်းကြာနေပြီ။ ဒါပေမဲ့ အရင်ရက်က ဒီနေရာကိုလာတော့ မောင်လေးကို မတွေ့ဘူး။ ဒါက နည်းနည်းတော့ ကို့ရိုးကားယားနိုင်တယ်ဆိုပေမဲ့ အပင်နဲ့ ပတ်သက်ပြီး အစ်မမှာ မေးခွန်းတွေ အများကြီး ရှိနေလို့ အဲဒါ မောင်လေးကို လာမေးတာ ”

တင်းရွှယ်က ရွှီချင်းကို ကြည့်လိုက်ပြီး ခပ်သွက်သွက် ပြောလိုက်သည်။ သူမက ပြောရင်းဆိုရင်း ညာလက်ကို မြှောက်လိုက်ရာ လက်ထဲတွင် ဝိညာဉ်လက်မှတ်တစ်စောင် ချက်ချင်း ပေါ်လာသည်။

“ မောင်လေးကို ဒုက္ခလာပေးနေရတာ အားလဲ နာပါတယ် ”

အစက ရွှီချင်းသည် ငြင်းဆန်ရန်တွေးထားသော်လည်း ဝိညာဉ်လက်မှတ်ကို မြင်ပြီး တွေဝေသွားသည်။ ယခုတွင် သူ့မှာ ဝိညာဉ်ကျောက်တုံး အလုံအလောက် ရှိနေပြီဖြစ်သော်လည်း အခြေတည်အဆင့်အတွက် ပစ္စည်းများစွာ လိုအပ်ပြီး ထိုပစ္စည်းအားလုံးက အလွန် ဈေးကြီးသည်။ ထို့ပြင် ဝိညာဉ်ကျောက်တုံးတစ်ရာဆိုသော ပမာဏက နည်းနည်းနောနော မဟုတ်ပေ။

သူ ခေါင်းညိတ်လိုက်ပြီး နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်၍ အကာအကွယ်အလွှာကို အသက်သွင်းလိုက်သည်။

မှော်လှေအပြင်ဘက်တွင် ရွှီချင်းမှာ စိတ်ချလက်ချ မနေနိုင်ပေ။ နတ်တိုက်ကွက်နှင့် အဆိပ်များစွာ ရှိနေသော မှော်လှေသည်သာ သူ့အတွက် ဘေးအကင်းဆုံး ဖြစ်သည်။

ရွှီချင်းက မှော်လှေ၏ အကာအကွယ်အလွှာအား ဖွင့်ပေးသည်ကို မြင်၍ တင်းရွှယ်မှာ အလွန် ပျော်ရွှင်သွားသည်။ သူက လှပကြော့ရှင်းစွာ မှော်လှေပေါ် ခုန်တက်သွားပြီး ရွှီချင်း၏ ရှေ့တွင် ရပ်လိုက်သည်။

“ မောင်လေးရွှီ၊ အရင်ရက်က ဘယ်တွေသွားနေတာလဲ။ မောင်လေး ပြန်ရောက်တာကြာပြီလို့ အစ်မ ကြားထားတာ ”

တင်းရွှယ်က ရွှီချင်းကို ကြည့်၍ အပြုံးကလေးဖြင့် ဆိုသည်။

“ ဂိုဏ်းတူအစ်မတင်း၊ ဆေးပင်တွေနဲ့ ပတ်သက်ပြီး မေးခွန်းတွေရှိရင် အဲဒီအကြောင်းကိုပဲ မေးပေးပါ ”

ရွှီချင်းက တင်းရွှယ်၏မေးခွန်းကို မဖြေပေ။ တင်းရွှယ်ကို သူ မမုန်းပေ။ တင်းရွှယ်က သင်ယူရသည်ကို အလွန် စိတ်အားထက်သန်သူတစ်ယောက်ပင် မဟုတ်ပါလား။ သို့သော်လည်း တင်းရွှယ်နှင့် ခပ်လှမ်းလှမ်းတွင်သာ အလိုလို နေလိုက်ပြီး ကြည်လင်ပြတ်သားသောလေသံဖြင့် ဖြေလိုက်သည်။

ဂိုဏ်းတူအစ်မတင်းက ရွှီချင်း၏ စိုးရိမ်စိတ်ကို စိတ်ထဲမထားပေ။ ဆေးပင်များအကြောင်း ပြင်ဆင်ထားခဲ့ပြီဖြစ်သည့် မေးခွန်းများကို ခပ်သွက်သွက် မေးမြန်းလိုက်သည်။

ထိုမေးခွန်းများကို ရွှီချင်း ကြားသောအခါ စဉ်းစား၍ အလေးအနက် ဖြေပေးလိုက်သည။

ထိုအချိန်၌ ပင်လယ်လေပြေက တဟူးဟူး တိုက်ခတ်လာသည်။ ကြမ်းတမ်းခက်ထန်ဟန်ရှိသော ဆည်းဆာအလင်းတန်းများနှင့် လေပြေက မှော်လှေကလေးပေါ် ကျူးကျော်ဝင်ရောက်လာကာ မှော်လှေထဲရှိ လုလင်ပျိုနှင့် မိန်းမပျိုတို့နှစ်ဦးကို နေရောင်ခြည်ဖြန်းပက်ပေးလိုက်ရာ မြင်ရသူအဖို့ ထူးခြားသော စွဲဆောင်မှုတစ်ရပ် ဖြစ်နေတော့သည်။

ထိုမြင်ကွင်းကြောင့် ဘေးပတ်လည်ရှိ ဂိုဏ်းသားများနှင့် ဆိပ်ကမ်းပေါ်မှ ကင်းလှည့်နေသော ကျင့်ကြံသူများမှာ ပို၍ပင် စိတ်ပျက်လက်ပျက် ဖြစ်နေရသည်။

တချိန်တည်းမှာပင် ပင်မမြို့ကြီး၏ လမ်းများပေါ်တွင် ခရမ်းရောင်ဖျော့ဖျော့ တာအိုဝတ်ရုံကို ဝတ်ဆင်ထားသည့် လူငယ်တစ်ယောက်သည် အဓိကဂိုဏ်းသားဆိုသည့် ပုံရိပ်ကိုပင် ဂရုမစိုက်နိုင်ဘဲ ဒေါသထွက်နေသည့်အမူအရာဖြင့် ဆိပ်ကမ်းနံပါတ်ခုနစ်ဆယ့်ကိုးသို့ အရူးအမူး ပြေးသွားသည်။

“ အစ်မတင်းရယ် … အစ်မက ဘာလို့ ဒီလောက်တောင် စိတ်ရှုပ်ဖို့ကောင်းနေရတာလဲဗျာ။ အရင်ရက်တွေတုန်းက ကျနော်တို့နှစ်ယောက် အဆင်ပြေနေခဲ့တာလေ။ အစ်မဗျာ … အစ်မ … အစ်မ ဘာလို့ အဲဒီကောင်ကို ထပ်သွားရှာနေရတာတုံး ”

ထိုလူက ကျောက်ကျုံးဟန်ပင်။

သူ အလွန် ဒေါသထွက်နေရသည်။ အထူးသဖြင့် ပင်လယ်ပြင်၌ အစ်မတင်း၏ ရွှီချင်းကို ကြည့်သောအကြည့်နှင့် ခရီးအဆုံးတွင် ရွှီချင်းက အခကြေးငွေ မယူခဲ့သည့်အကြောင်းကို စဉ်းစားမိသောအခါတွင် ဖြစ်သည်။

ယင်းသည် ခံစားချက်များ ပေါက်ဖွားလာခြင်းသာ ဖြစ်မည်ဖြစ်ပြီး သူ့ကို အလွန်အမင်း ဒေါသထွက်သွားစေသည်။

“ မဖြစ်သေးပါဘူး။ ငါ မြန်မြန်သွားကြည့်မှရမယ် ”

All Chapters