ကျူးရှစ်ကောင်များ ( ၁ )
Vol. 12 Ch. 176
အချိန်များ တဖြည်းဖြည်း ကုန်လွန်သွားသည်။
ယနေ့ ဆည်းဆာရောင်ခြည်က ယမန်နေ့များထက် ပို၍ပင် တောက်ပနေသည်။ အမှန်စင်စစ် ၎င်းကို အချိန်ကြာကြာကြည့်မည်ဆိုပါက ဖော်ပြ၍ မရနိုင်သော ထူးဆန်းမှုတစ်မျိုးကို ခံစားမိမည်ဖြစ်သည်။ လူတစ်ယောက်က ကောင်းကင်ကြီးကို သွေးဖြင့် ခြယ်မှုန်းနေသည့်အလားပင်။
ထို့ပြင် ထိုသွေးများထဲတွင် ရွှေရောင်အမျှင်တန်းတချို့လည်း ရှိနေဟန်တူသည်။ ထိုမြင်ကွင်းက ချီရွှဲ့ထုံဂိုဏ်းသားများ၏ အာရုံကို ဆွဲဆောင်သွားသည်။ တောင်ပေါ်တွင် နေထိုင်သော ကျင့်ကြံသူအများစုက ဂူထဲမှ ထွက်လာကာ မိုးကုတ်စက်ဝိုင်းဆီသို့ နားလည်ရခက်သော အကြည့်များဖြင့် ကြည့်လိုက်ကြသည်။
ဆိပ်ကမ်းအသီးသီးမှ ဂိုဏ်းသားအများစုသည်လည်း ထိုအခြင်းအရာကို သတိထားမိလိုက်သည်။
မှော်လှေပေါ်ရှိ ရွှီချင်းသည်လည်း မိုးကုတ်စက်ဝိုင်းဆီမှ မူမမှန်သော အနီရောင်အလင်းကို သတိထားမိလိုက်သည်။ ကြိမ်ဖန်များစွာ စစ်ဆေးပြီးနောက် ဂိုဏ်းတူအစ်မတင်း၏ မေးခွန်းများကို မြန်မြန်ဖြေပေးလိုက်ပြီး ဝိညာဉ်ကျောက်တုံးတစ်ရာ လက်မှတ်ကို အိတ်ထဲထည့်လိုက်သည်။ ထို့နောက် မိုးကုတ်စက်ဝိုင်းဆီသို့ ထပ်မံ ကြည့်လိုက်၏။
“ ဒီလိုမြင်ကွင်းမျိုး အရင်က ငါ မြင်ဖူးသလိုလိုပဲ ”
ရွှီချင်းက သူ မြင်ခဲ့ဖူးသည့် ပင်လယ်မှတ်တမ်းကို ပြန်တွေးကာ ထိုရင်းနှီးသောအလင်းရောင်၏ ဇစ်မြစ်ကို စဉ်းစားကြည့်လိုက်သည်။
အနီရောင်အလင်းက ကြာရှည်မခံဘဲ တဖြည်းဖြည်း လွင့်ပါးပျောက်ကွယ်သွားပြီး ဝင်လုဆဲနေမင်းကြီးကို ဆွဲဆန့်ထားရန် ၎င်း၏အလှတရားများအား အသုံးပြုချင်နေသည့်အလားပင်။ သို့သော်လည်း နေမင်းက တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ ဂိုဏ်းတူအစ်မတင်းက ထိုအခြင်းအရာကို နောက်မှသာ သတိထားမိလိုက်ပြီး နှုတ်ဆက်စကားပြောလိုက်သည်။
သို့သော်လည်း ဂိုဏ်းတူအစ်မတင်းက ပြန်မသွားခင် ရွှီချင်းကို စေ့စေ့စပ်စပ်ကြည့်လိုက်ပြီး ရုတ်တရက် အကြည့်ရပ်သွားသည်။ ယခင်က ရွှီချင်း၏ ကျင့်ကြံခြင်းအဆင့်ကို သူမ များစွာ အလေးမထားခဲ့ပေ။ ယခုတွင် သူ့ကို စစ်ဆေးကြည့်ပြီးနောက် မျက်နှာအမူအရာ ပြောင်းလဲသွားပြီး လွှတ်ခနဲ ပြောလိုက်သည်။
“ မောင်လေးရွှီချင်း … နင် … ချီစုစည်းခြင်းအဆင့် အထွတ်အထိပ်ကို ရောက်သွားပြီလား ”
ဂိုဏ်းတူအစ်မတင်း၏ မျက်နှာက မယုံကြည်နိုင်ခြင်းများဖြင့် ပြည့်နှက်နေသည်။
ရွှီချင်းက သူ့အရှိန်အဝါကို ဖုံးကွယ်ထားခဲ့ပါသော်လည်း တင်းရွှယ် ကျင့်ကြံသည့် ပညာရပ်က အနည်းငယ် ကွဲပြားသည်။ ယင်းပညာရပ်က တခြားလူများ၏ ဝိညာဉ်စွမ်းအားများကို ပို၍ ရှင်းလင်းစွာ အာရုံခံမိစေသည်။ ထို့ကြောင့် ရွှီချင်း၏ ကျင့်ကြံခြင်းအငွေ့အသက်များကို အာရုံခံမိပြီးနောက် တင်းရွှယ်၏စိတ်ထဲ ဝုန်းဒိုင်းကြဲသွားသည်။
ရွှီချင်းက အလွန် အစွမ်းထက်သည်ကို သိထားပါသော်လည်း ယခု သူမ၏အာရုံများအရ သူမ ခန့်မှန်းထက်သည်ထက် ကျော်လွန်နေပြီဖြစ်သည်။ သူမ၏မျက်လုံးများ ဝင်းလက်သွား၏။
“ မောင်လေးရွှီချင်း၊ အခြေတည်အဆင့်ကို ရောက်တော့မှာဆိုတော့ အဲဒီအကြောင်းကို နားလည်ထားလား ”
ရွှီချင်းက ဂိုဏ်းတူအစ်မတင်းကို ဖျတ်ခနဲ လှမ်းကြည့်လိုက်သည်။ သူ၏ကျင့်ကြံခြင်းစွမ်းအားများကို ဖောက်မြင်နေရသည့်အတွက် သူ အနည်းငယ် သတိထားနေ၏။ သူ ခေါင်းယမ်းလိုက်ပြီးနောက် မှော်လှေ၏အကာအကွယ်ကို အလိုလို လည်ပတ်စေလိုက်သည်။
“ အစ်မ နားလည်တယ် ”
ဂိုဏ်းတူအစ်မတင်းက ပျော်ရွှင်နေသည့်အပြုံးလေးနှင့် ပြောလိုက်သည်။
“ အစ်မရဲ့အဒေါ်က အစ်မကို အဲဒီအကြောင်းတွေ ပြောပြတာ ဘယ်နှစ်ကြိမ်မှန်းတောင် မသိဘူး ”
တင်းရွှယ်က ပြောရင်းဆိုရင်း သိုလှောင်အိတ်ထဲ မွှေနှောက်ရှာဖွေကာ ကျောက်စိမ်းပေလွှာသုံးခုကို ထုတ်၍ ရွှီချင်းအား ပေးလိုက်သည်။
ရွှီချင်း ဆွံ့အသွားရသည်။ ဂိုဏ်းထဲတွင် အခြေတည်အဆင့်နှင့် ဆက်နွယ်နေသည့် ပစ္စည်းများအားလုံး၏ တန်ကြေးက အလွန် ခေါက်ခိုက်နေသည်ကို သူ သိထားသည်။ သူ့ရှေ့ရှိ ကျောက်စိမ်းပေလွှာသုံးခုကို ကြည့်၍ သူ အလွန် လိုချင်နေပါသော်လည်း ဤလောကကြီးထဲတွင် အကြောင်းအရင်းမရှိဘဲ မည်သည့်အရာမျှ အလကားမရသည်ကို သူ နားလည်ထားသည်။ အရာအားလုံးတွင် အပြန်အလှန်ရှိပေသည်။
“ ဝိညာဉ်ကျောက်တုံး ဘယ်လောက်လဲ ”
ရွှီချင်းက မေးလိုက်သည်။
တင်းရွှယ်က ထိုစကားကို ကြားသောအခါ ပြုံးလိုက်သည်။
“ မောင်လေးရွှီ၊ နင်က သိပ်သူစိမ်းဆန်တာပဲ။ အရင်တုန်းက ပင်လယ်ထဲမှာ နင်သာ မရှိရင် အနောက်ဘက်ကျောက်တန်းကျွန်းကို ချောချောမောမော ရောက်သွားမှာ မဟုတ်ဘူး။ ပင်လယ်ထဲမှာ အခက်အခဲတွေကို အတူတူ ဖြတ်ကျော်ခဲ့တာနဲ့စာရင် ဒါလေးက ဘာမှမဟုတ်ပါဘူး ”
“ ပြီးတော့ ဆေးပင်တွေအကြောင်းကိုလည်း သင်ပေးခဲ့တာလေ။ ပြီးတော့ နင့်ရဲ့ကျင့်ကြံခြင်းအဆင့်နဲ့ တခြားအဓိကဂိုဏ်းသားတွေဆိုရင်လည်း နင်နဲ့ မိတ်ဆွေဖြစ်ဖို့ ကြိုးစားကြမှာ။ အစ်မက မောင်လေးကို အရင်သိသွားတာလို့ လက်ဦးမှုရသွားတဲ့သဘောလောက်ပဲ။ ဒါကိုယူရမှာ စိတ်မသက်မသာဖြစ်နေရင် နောက်ကျ အစ်မ ဒုက္ခရောက်ရင် တစ်ခါလောက် ကူညီပေးရင်ကော ဘယ်လိုသဘောရလဲ ”
ဂိုဏ်းတူအစ်မတင်းက ပြောပြီးသည်နှင့် လက်ထဲရှိ ကျောက်စိမ်းပေလွှာများကို ဘေးတွင် ချထားလိုက်သည်။
သူမက သူ့ကို နှောင့်ယှက်မနေတော့ဘဲ ပြုံး၍ ပြောလိုက်သည်။
“ ဒါဆိုရင် အစ်မက အခွင့်အရေး ယူတဲ့လူ ဖြစ်သွားမှာပဲ။ မောင်လေးရွှီ၊ အစ်မ သွားတော့မယ်နော် ”
ထိုသို့ဖြင့် ရွှီချင်းက အကာအကွယ်အလွှာကို ဖွင့်ပေးလိုက်ပြီး ဂိုဏ်းတူအစ်မတင်းက မှော်လှေပေါ်မှ ထွက်သွားသည်။
ကမ်းပေါ်သို့ ရောက်သောအခါ ဂိုဏ်းတူအစ်မတင်းမှာ အလွန် ပျော်ရွှင်နေပြီး ထိုအကြောင်းကို ဝေမျှချင်လာသည်။ သူမက အသံလွှင့်ကျောက်စိမ်းပေလွှာကို ထုတ်၍ လမ်းလျှောက်ရင်း ဂိုဏ်းထဲမှ ရင်းနှီးသော သူငယ်ချင်းတချို့နှင့် ပျော်ပျော်ပါးပါး ပြောလိုက်သည်။
ယောက်ျားလေးများနှင့်မတူဘဲ မိန်းကလေးများ၏ ဝေမျှချင်သည့် စိတ်ဆန္ဒမှာ အလွန် အားကောင်းသည်။ အထူးသဖြင့် သူတို့၏အကြည့်ကို ဝင်းလက်သွားစေသည့် ဆန့်ကျင်ဘက်လိင်နှင့် တွေ့သောအခါတွင် ပို၍ ဆိုးပေသည်။
ယင်းသည် ခက်ခဲပင်ပန်းစွာ ရုန်းကန်ရသော လူသားလောကရှိ လူများအတွက် ရှားရှားပါးပါး ဖြစ်သော်လည်း ငယ်စဉ်ကတည်းက ကောင်းမွန်လုံခြုံစွာ နေထိုင်ရသော အဓိကဂိုဏ်းသားများအတွက် သာမန်ကိစ္စသာ ဖြစ်သည်။
ဆိပ်ကမ်းရှိ ဆောင်းရာသီက အနီရောင်လွင်ပြင်မှ ဆောင်းရာသီနှင့် မတူညီသကဲ့သို့ လောကကြီးထဲမှာလည်း လူအမျိုးမျိုးတွင် အခြေအနေအမျိုးမျိုး ရှိကြပေသည်။
အမှန်စင်စစ် ဂိုဏ်းတူအစ်မတင်းက အနောက်ဘက်ကျွန်းမှ ပြန်ရောက်လာပြီးနောက် ရွှီချင်းနှင့် တွေ့ဆုံခဲ့သည့်အကြောင်းကို သူမ၏သူငယ်ချင်းများကို ရှည်လျားထွေပြားစွာ ပြောပြထားခဲ့ပြီး ဖြစ်သည်။ ယခုတစ်ခေါက် ရွှီချင်းထံ သွားခဲ့ခြင်းသည် သူမအချစ်ဆုံး သူငယ်ချင်းများ၏ သွေးထိုးလှုံ့ဆော်ခြင်းကြောင့်သာ ဖြစ်သည်။
“ နင်တို့တွေ စောင့်ကြည့်နေလိုက်။ ငါ ရွှီလေးကို သေချာပေါက် ကြွေဆင်းလာအောင် လုပ်ပြမယ် ”
ဂိုဏ်းတူအစ်မတင်းက ဝင့်ကြွားစွာ အသံလွှင့်နေစဉ် နောက်ဆုံးတွင် ဆိပ်ကမ်းနံပါတ်ခုနစ်ဆယ့်ကိုး၌ ကျောက်ကျုံးဟန် ပေါ်လာပြီး သူမထံ ပြေးသွားသည်။
“ ဂိုဏ်းတူအစ်မတင်း၊ အဲဒီကောင်ရွှီက အစ်မကို ဘာမှမလုပ်လိုက်ဘူး မလား။ အစ်မကို ကျနော် ကူညီပေးမယ်ဗျ ”
သူ မရောက်ခင် အသံက တင်းရွှယ်၏နားထဲ ဝင်ရောက်သွားပြီ ဖြစ်သည်။
တင်းရွှယ်မှာ မျက်မှောင်ကြုတ်သွားပြီး ကျောက်ကျုံးဟန်ကို စိတ်မရှည်စွာဖြင့် ကြည့်၍ အဝေးသို့ လျှောက်သွားသည်။
ကျောက်ကျုံးဟန်က နောက်မှ ခပ်သွက်သွက်လိုက်ပါသွားသည်။ တင်းရွှယ်က သူ့ကို လျစ်လျူရှုထားပါသော်လည်း ဆုံးဖြတ်ချက်ပြတ်သားစွာဖြင့် နောက်မှ လိုက်ပါသွားသည်။
“ တင်းရွှယ် … မင်းဘဝမှာ လူတော်တော်များများက ငှက်ကလေးတွေလို ဖြတ်သွားဖြတ်လာလောက်ပဲဆိုတာ သိလာမှာပါ ”
“ ကျောက်ကျုံးဟန်ဆိုတဲ့ ငါတစ်ယောက်ပဲ မင်းကို စွန့်မသွားဘဲ မင်းဘေးမှာ အဖော်ပြုပေးနေမှာ။ မင်းဘေးမှာ ငါရှိနေတာကို မင်း အသားကျသွားရင် ငါ့တန်ဖိုးကို မင်းနားလည်လာမှာပါ။ ဒီတော့ ဖြတ်သွားဖြတ်လာတွေ များနေတော့ကော ဘာဖြစ်တုံး။ ငါက အဲဒီဖြတ်သွားဖြတ်လာကောင်တွေနဲ့ မတူဘူး ”
ကျောက်ကျုံးဟန်၏ မျက်နှာပေါ်တွင် မြဲမြံခိုင်မာသော အမူအရာတစ်ခု ရှိနေသည်။ သူက ရွှီချင်း ရှိနေသည့် မှော်လှေကို ကြည့်လိုက်ပြီး ရင်ထဲတွင် မနာလိုစိတ်များ ပြင်းထန်လာသည်။ သို့သော်လည်း ရွှီချင်းက မည်မျှ အစွမ်းထက်ပြီး အမှတ်ခြောက်အသင်းခေါင်းဆောင်က အလွန် ကြောက်စရာကောင်းသည်ကို တွေးမိသောအခါ စိတ်ထဲမှသာ အံတင်းတင်းကြိတ်လိုက်သည်။
“ မင်းက ရုပ်ရည်ပဲ ရှိတာပါကွ။ ငါ ဇွဲရှိရှိနဲ့ လိုက်ရင် အဲဒါက ဘာမှမဟုတ်ပါဘူး။ အချိန်က သက်သေပြသွားမှာပဲ ”