အခန်း (၁-၂)
Vol. 1 Ch. 1-2
အခန်း -၁
ရှရေလက်ကြား ဒုန်ဒန်းမြို့ ။
ပင်လယ်ပြင်နှင့် နီးကပ်သော မှောင်မည်းသည့် ဂိုဒေါင်တစ်ခုအတွင်း၌ ကွန်ပျူတာ မိန်းဖရိမ် ခုနစ်လုံး ရှစ်လုံးခန့်၊ မော်နီတာ ဆယ်လုံးကျော်နှင့် အလွန်အဆင့်မြင့်သော အရပ်သုံးဆာဗာ တစ်ခုကို စားပွဲဝိုင်းတစ်ခုပေါ်တွင် တပ်ဆင်ထားသည်။
၎င်းတို့အပြင် အသံတိတ်ပြောင်းတပ်ဆင်ထားသည့် အမည်းရောင် MA41 ကာဘိုင်ရိုင်ဖယ်တစ်လက်နှင့် ကျည်အိမ်လေးခုပါသော ခါးပတ်တစ်ခုလည်း ရှိနေသည်။
မျက်မှန်တပ်ထားပြီး ဖြူဖျော့သောမျက်နှာနှင့် ထက်မြက်သောမျက်လုံးများရှိသည့် လူငယ်တစ်ဦးသည် လည်ပတ်နိုင်သော ကုလားထိုင်ပေါ်တွင် ထိုင်ကာ ကီးဘုတ်ကို စနစ်တကျ ရိုက်နှိပ်နေ၏။
ကီးဘုတ်ဘေးတွင် ပစ္စတိုတစ်လက်က ငြိမ်သက်စွာ လဲလျောင်းနေသည်။ သေနတ်၏ အမည်းရောင်ကိုယ်ထည်နှင့် ပြောင်လက်မှုမရှိသော အသံတိတ်ပြောင်းတို့က အန္တရာယ်အငွေ့အသက်များကို ထုတ်လွှတ်နေသည်။
ထိုလူငယ်၏အမည်မှာ ရှီလဲ့ ဖြစ်သည်။
ရှီလဲ့သည် ဘလူးတုသ် နားကြပ်ကို တပ်ဆင်ထားပြီး သူ၏အကြည့်များက ညာဘက်အစွန်ဆုံးရှိ မော်နီတာေလးခုပေါ်တွင် ဝဲပျံနေသည်။
ထိုေမာ်နီတာများတွင် ဂိုဒေါင်ပတ်ဝန်းကျင် အခြေအနေ၊ ဂိုဒေါင်ထဲသို့ ဝင်ရန် လမ်းကြားနှင့် ဂိုဒေါင်အထက် ကောင်းကင်ယံ မြင်ကွင်းများကို ပြသနေသည်။
မော်နီတာတစ်ခုတွင်မူ ဂိုဒေါင်ဘေးရှိ လမ်းကြားလေးထဲ၌ ရပ်ထားသော အမြန်နှုန်းမြင့် မော်တော်ဆိုင်ကယ်တစ်စီးကို ပြသနေသည်။ ၎င်းမှာ အရေးပေါ်အခြေအနေတွင် ရှီလဲ့ အသုံးပြုရန် ပြင်ဆင်ထားခြင်းဖြစ်သည်။
ဤပုံရိပ်များသည် အလွန်ကြည်လင်ပြတ်သားလှသည်။ ထင်ရှားသည်မှာ အရည်အသွေးကောင်းမွန်သော စောင့်ကြည့်ကင်မရာများကို အသုံးပြုထားခြင်းပင်။
"အားလုံး ပုံမှန်ပဲ"
ရှီလဲ့ စိတ်ထဲမှ ရေရွတ်လိုက်သည်။ မမျှော်လင့်ထားသည့် ဘာတစ်ခုမှ ဖြစ်မလာခဲ့ပေ။
"တီ... တီ... တီ..."
ဘလူးတုသ်နားကြပ်မှ အသံတိုးတိုးလေး ထွက်ပေါ်လာရာ ရှီလဲ့က နားကြပ်ကို နှိပ်လိုက်သည်။
"နံပါတ် (၁)၊ အဆင်သင့်ဖြစ်ပြီလား"
အီလက်ထရွန်းနစ်နည်းဖြင့် ကုဒ်ပြောင်းထားသော အသံတစ်ခုက ရှီလဲ့၏ နားထဲသို့ ရောက်ရှိလာသည်။
"နံပါတ် (၁) အဆင်သင့်ပါ.. ဖယ်လ်ကွန် အမိန့်ပေးပါ"
ရှီလဲ့၏ အသံကိုလည်း တစ်ဖက်သို့ မပို့လွှတ်မီ အီလက်ထရွန်းနစ်ဖြင့် ကုဒ်ပြောင်းထားပြီးဖြစ်သည်။
"နံပါတ် (၁)၊ ဖယ်လ်ကွန်ရဲ့ အမိန့်ကို စောင့်ပါ"
"နားလည်ပါပြီ" ရှီလဲ့ စကားအဆုံးတွင် မနေနိုင်ဘဲ "ဖယ်လ်ကွန်ကို ခေါ်ဆိုပါတယ်" ဟု ပြောလိုက်သည်။
"နံပါတ် (၁)၊ ဘာအခြေအနေရှိလို့လဲ" ဖယ်လ်ကွန်၏အသံမှာ ကုဒ်ပြောင်းထားသော်လည်း မကျေနပ်မှုကို ကြားနေရသည်။
"ဖယ်လ်ကွန်၊ နံပါတ် (၁) က သီးသန့်ဆက်သွယ်မှု တောင်းဆိုပါတယ်"
"တီ... တီ... တီ..."
"နံပါတ် (၁)၊ သီးသန့်ဆက်သွယ်မှု ရပြီ။ ဘာအခြေအနေလဲ" ဖယ်လ်ကွန်၏ လေသံမှာ အလွန်တည်ကြည်သွားသည်။
ရှီလဲ့၏ ဖြူဖျော့နေသောမျက်နှာသည် နာမကျန်းဖြစ်နေသော အနီရောင်အဖြစ်သို့ ပြောင်းလဲသွားသည်။
"ဖယ်လ်ကွန်၊ ဒီကိစ္စပြီးရင် အဖွဲ့အစည်းက ကျွန်တော့်ကို တစ်ကြိမ် ကူညီပေးမယ်လို့ သဘောတူထားတယ်မလား"
"ပါးစပ်ပိတ်ထားစမ်း"
ဖယ်လ်ကွန်က ဒေါသတကြီးဖြင့် "နံပါတ် (၁)၊ ငါတို့ အခု တာဝန်ထမ်းဆောင်နေတာ ဘာပဲရှိရှိ နောက်မှပြော"
"တီ..."
သီးသန့်ဆက်သွယ်မှု ပြတ်တောက်သွားပြီး ရှီလဲ့ကို ပုံမှန်ဆက်သွယ်ရေး ချန်နယ်ထဲသို့ ပြန်ထည့်လိုက်သည်။
ရှလဲ့သည် လက်သီးကို တင်းတင်းဆုပ်ကာ အသက်ပြင်းပြင်း ရှူလိုက်သည်။ သူ၏ ရင်ဘတ်မှာ ဒေါသများကြောင့် နိမ့်ချည်မြင့်ချည် ဖြစ်နေသည်။
'အဖွဲ့အစည်းက ကတိတည်လိမ့်မယ်လို့ ငါမျှော်လင့်တယ်၊ မဟုတ်ရင်တော့...'
'ငါ့လက်ထဲမှာရှိတဲ့ အချက်အလက်တွေက အဖွဲ့အစည်းကို ပြန်တိုက်ဖို့ လုံလောက်တယ်'
ဒုန်ဒန်းမြို့၏ အရှေ့ဘက်တွင် ဗွိုင်စင် နှင့် လီကျန့်ပြည်နယ် တို့သည် ပူးတွဲရေတပ်စစ်ရေးလေ့ကျင့်မှု ပြုလုပ်နေကြသည်။
ဤကမ္ဘာ့အင်အားကြီးနှစ်နိုင်ငံသည် သူတို့၏ ခန့်ညားထည်ဝါသော စစ်အင်အားကို ကမ္ဘာကို ထုတ်ဖော်ပြသနေခြင်း ဖြစ်သည်။
လီကျန့်ပြည်နယ်၏ လေယာဉ်တင်သင်္ဘော၊ ရေအခြေစိုက် လေယာဉ်များ၊ လူမဲ့ဒရုန်းလေယာဉ်များ၊ ဗွိုင်စင်၏ ကုန်းရေနှစ်သွယ်သွား တိုက်ခိုက်ရေးသင်္ဘောများနှင့် အရန်စနစ်များအားလုံး ဤလေ့ကျင့်ခန်းတွင် ပါဝင်မည်ဖြစ်သည်။
လီကျန့်ပြည်နယ်၏ လေယာဉ်တင်သင်္ဘောပေါ်မှ လူမဲ့ဒရုန်းများသည် ကောင်းကင်ယံသို့ ပထမဆုံး ပျံတက်သွားပြီး ကနဦး ကင်းထောက်ခြင်းနှင့် ပစ်မှတ်များကို ဖယ်ရှားခြင်းတို့ ပြုလုပ်ကြသည်။
ပရီဒေတာ ဒရုန်း စုစုပေါင်း ၁၀ စီးသည် ကောင်းကင်ယံတွင် တိတ်ဆိတ်စွာ ပျံသန်းနေသည်။
သင်္ဘောကုန်းပတ်ပေါ်မှ လေယာဉ်များသည်လည်း စစ်ရေးလေ့ကျင့်မှု အစီအစဉ်အတိုင်း ကောင်းကင်သို့ ပျံတက်သွားကြသည်။
ဗွိုင်စင်၏ ကုန်းရေနှစ်သွယ်သွားသင်္ဘောသည် ရန်သူဟု ယူဆထားသော ကျွန်းအနီးသို့ ချဉ်းကပ်လာပြီး လီကျန့်ပြည်နယ်မှ လေယာဉ်များ၏ အကာအကွယ်အောက်တွင် ကမ်းတက်စစ်ဆင်ရေးကို စတင်သည်။
ဤကမ္ဘာ့အင်အားကြီးနှစ်နိုင်ငံ ပြသနေသော တိုက်ခိုက်ရေးစွမ်းရည်မှာ ကမ္ဘာကို တုန်လှုပ်စေခဲ့သည်။
သို့သော်လည်း ကမ္ဘာကို ပိုမိုတုန်လှုပ်စေမည့် အခြားအရာတစ်ခုမှာ ဖြစ်ပွားနေပြီဖြစ်သည်။
"နံပါတ် (၁) ကို ခေါ်ဆိုတယ်၊ လာဂျီ ရဲ့ ဒေတာလင့်ခ် ကို ဟက်လိုက်တော့"
ရှီလဲ့၏ လက်ချောင်းများသည် ကီးဘုတ်ပေါ်တွင် လိပ်ပြာနှစ်ကောင် ကနေသကဲ့သို့ လျင်မြန်စွာ လှုပ်ရှားနေသည်။
"ဖယ်လ်ကွန်၊ ဒေတာလင့်ခ်ကို အောင်မြင်စွာ ဟက်ပြီးပြီ၊ Shared Connection ကို ဖွင့်လိုက်ပြီ"
လာဂျီ ဆိုသည်မှာ လီကျန့်ပြည်နယ်၏ လေယာဉ်တင်သင်္ဘော ဖြစ်သည်။
ရှီလဲ့သည် ကမ္ဘာ့အဆင့်မြင့် ဟက်ကာ တစ်ဦးဖြစ်သည်။
သူကိုယ်စားပြုသော အဖွဲ့အစည်းသည် ကမ္ဘာ့ထိပ်တန်း စစ်အင်အားကြီးနှစ်နိုင်ငံကိုဟက် ကာ လီကျန့်ပြည်နယ်၏ လေယာဉ်တင်သင်္ဘောကို တစ်စိတ်တစ်ပိုင်း ထိန်းချုပ်ရန်နှင့် အချက်အလက်အချို့ကို ရယူရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။
"နံပါတ် (၁)၊ လာဂျီရဲ့ ပုံမှန်ဆက်သွယ်ရေး အမိန့်ပေးသံကို အတုယူပြီး လုပ်ဆောင်ပါ"
"လက်ခံရရှိပါပြီ၊ နံပါတ် (၁)"ရှီလဲ့သည် ကီးဘုတ်ကို စိုးရိမ်တကြီး ရိုက်နှိပ်နေသည်။ ပုံမှန်အခြေအနေတွင် စူပါကွန်ပျူတာ၏ အကူအညီပါလျှင်ပင် လေယာဉ်တင်သင်္ဘောကို အပြင်မှနေ၍ ဟက်ရန်မှာ မဖြစ်နိုင်သလောက်ပင်။
သို့သော်လည်း ရှီလဲ့ရှိနေသည့် အဖွဲ့အစည်းမှာ လီကျန့်ပြည်နယ် လေယာဉ်တင်သင်္ဘော၏ အဝေးမှ ဝင်ရောက်ခွင့် ကို အတင်းအဓမ္မ ရယူထားပြီးဖြစ်သည်။
ထို့ကြောင့် ကျူးကျော်မှုမှာ ခက်ခဲမှု နည်းပါးသွားခြင်း ဖြစ်သည်။
"ဟဲဟဲ၊ လီကျန့်ပြည်နယ်ရဲ့ လေယာဉ်တင်သင်္ဘော ကာကွယ်ရေးစနစ်က သတင်းတွေထဲကလောက် မမာကျောပါလား"
ဖယ်လ်ကွန်၏ အမိန့်ကို ပြီးမြောက်အောင် ဆောင်ရွက်ပြီးနောက် ရှီလဲ့သည် လေယာဉ်တင်သင်္ဘော၏ လုပ်ငန်းစနစ် ထဲတွင် လှည့်ပတ်ကြည့်ရှုရန် အချိန်ပိုထွက်လာသေးသည်။
"နံပါတ် (၁)၊ ဆက်သွယ်ရေး လျှို့ဝှက်နံပါတ် ကို ဖောက်ထွင်းပါ"
ဖယ်လ်ကွန်၏ နောက်ဆုံးအမိန့် ရောက်လာသောအခါ ရှီလဲ့မှာ ဒေါသထွက်လွန်း၍ သွေးအန်မတတ် ဖြစ်သွားသည်။
ဆက်သွယ်ရေး လျှို့ဝှက်နံပါတ်ကို ဖောက်ထွင်းရမည်။
'ဒါက ဘယ်လို နိုင်ငံတကာ ပြက်လုံးမျိုးလဲ'
လေယာဉ်တင်သင်္ဘော၏ ဆက်သွယ်ရေး လျှို့ဝှက်ကုဒ် မှာ အလွန်မြင့်မားသော လုံခြုံရေးအဆင့်ရှိသည်။ သူ၏ ပျက်စီးလုနီးပါး ကွန်ပျူတာအနည်းငယ်နှင့် အရပ်သုံးဆာဗာတစ်ခုကို အားကိုးပြီး လျှို့ဝှက်ကုဒ် ကို ဖောက်ထွင်းရန် ကြိုးစားခြင်းမှာ စိတ်ကူးယဉ်အိပ်မက်သာ ဖြစ်သည်။
"ဖယ်လ်ကွန်၊ အမိန့်ကို ထပ်မံအတည်ပြုပေးပါ"
ဖယ်လ်ကွန်၏ အမိန့်မှာ အမှားအယွင်းပါနေပြီး အခြားအဖွဲ့ဝင်များ၏ အမိန့်က သူ့ထံ ရောက်လာခြင်း ဖြစ်မည်ဟု ရှီလဲ့ ထင်လိုက်သည်။
သူရှိနေသည့် အဖွဲ့အစည်းမှာ အလွန်စွမ်းအားကြီးပြီး အရင်းအမြစ် ကြွယ်ဝလှသည်။ ထို့ကြောင့်လည်း ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ပစ်မှတ်ထားရဲခြင်း ဖြစ်သည်။
"နံပါတ် (၁)၊ ဗလာဒီမာ လေယာဉ်တင်သင်္ဘောရဲ့ ဆက်သွယ်ရေး စနစ် ကို ဖောက်ထွင်းပါ။ အမိန့်ကို ထပ်လောင်းပြောတယ်၊ ဗလာဒီမာရဲ့ ဆက်သွယ်ရေးစနစ်ကို ဖောက်ထွင်းပါ"
ရှီလဲ့၏ နဖူးပေါ်တွင် ချွေးများ ချက်ချင်းထွက်လာသည်။
"ငါ သေရမယ်ဆိုလည်း သေပါစေတော့"
ရှီလဲ့၏ လက်ချောင်းဆယ်ချောင်းမှာ ကီးဘုတ်ပေါ်တွင် ရိပ်ခနဲ ရိပ်ခနဲ ဖြစ်နေအောင် လျင်မြန်စွာ ရိုက်နှိပ်နေသည်။
ဂိုဒေါင်အတွင်း၌ ကွန်ပျူတာပန်ကာ လည်ပတ်သံနှင့် ကီးဘုတ်ရိုက်သံများသာ ကျန်ရှိတော့သည်။
"တီ... တီ... တီ"
ဘလူးတုသ်နားကြပ်မှ အချက်ပေးသံတစ်ခု ပြင်းထန်စွာ မြည်လာသည်။
အလယ်ကွန်ပျူတာ မျက်နှာပြင်တွင် အနီရောင် သတိပေးချက်တစ်ခု ပေါ်လာသည်။
ဗလာဒီမာ လေယာဉ်တင်သင်္ဘော၏ လုံခြုံရေးဝန်ထမ်းများသည် ဖောက်ထွင်းမှုကို သိရှိသွားပြီး လမ်းကြောင်းပြန်လိုက် နေပြီဖြစ်သည်။
အခြားအချိန်များတွင် ဖြစ်ပါက ရှီလဲ့သည် ကျူးကျော်ခဲ့သည့် အထောက်အထားများကို ချက်ချင်းဖျက်ဆီးပြီး ထွက်ပြေးမည် ဖြစ်သည်။
သို့သော် ဤသည်မှာ အဖွဲ့အစည်း၏ စုပေါင်းစစ်ဆင်ရေး ဖြစ်သည်။ သူ၏ အပိုင်းသာ ကျရှုံးပါက အခြားအဖွဲ့ဝင်များပါ ကျရှုံးမည် ဖြစ်သည်။
အကယ်၍ အဖွဲ့က တာဝန်ယူမှုကို စစ်ဆေးလာပါက ရှီလဲ့မှာ အပြစ်မှ လွတ်နိုင်မည် မဟုတ်ပေ။
ရှီလဲ့သည် ထိုလျှို့ဝှက်ဆန်းကြယ်သော အဖွဲ့အစည်းကို အလွန် ကြောက်ပေသည်။
သူသာ ဤတစ်ကြိမ် မှားယွင်းသွားပါက ဧကန်မုချ 'လျှို့ဝှက်စွာ ပျောက်ကွယ်' သွားရပေလိမ့်မည်။
"တောက်... အကုန်ပုံအောလိုက်တော့မယ်"
ရှီလဲ့သည် ကြိုတင်ပြင်ဆင်ထားသော ဆာဗာနောက်တစ်ခုနှင့် အဝေးမှ ချိတ်ဆက်လိုက်ပြီး သူ၏ အရှိန်မြှင့်တင်ကာ ပိုမိုပြင်းထန်စွာ တိုက်ခိုက်လိုက်သည်။
"ဖယ်လ်ကွန်ကို ခေါ်ဆိုတယ်၊ အကူအညီ တောင်းခံပါတယ်"
ဖယ်လ်ကွန်၏ အသံတွင်လည်း ထိတ်လန့်မှု အငွေ့အသက်များ ပါဝင်နေသည်။
"တောင့်ခံထားစမ်း"
"နံပါတ် (၁)၊ စက္ကန့် ၃၀ လောက် တောင့်ခံထား"
ရှီလဲ့ ခါးသီးစွာ ပြုံးလိုက်မိသည်။ ဗလာဒီမာ လေယာဉ်တင်သင်္ဘောကို အမှိုက်ဟု သူ ခနဲ့ခဲ့မိသည်။ ယခု တစ်ဖက်က သူ့ကို ပြန်လည်ခြေရာခံမိသောအခါမှ သူတို့မည်မျှ စွမ်းအားကြီးကြောင်း သိလိုက်ရသည်။
တစ်ဖက်လူများသည် ကျူးကျော်တိုက်ခိုက်မှုတွင် သူ့ကို မယှဉ်နိုင်သော်လည်း ခြေရာခံသည့် နည်းပညာမှာမူ အထွတ်အထိပ်သို့ ရောက်နေသည်။
"နောက်ထပ် ဆာဗာတစ်ခု ပျက်သွားပြီ"
"ဆာဗာ သုံးခုပဲ ကျန်တော့တယ်"
"အလွန်ဆုံး တောင့်ခံနိုင်ရင် ၁၅ စက္ကန့်ကနေ ၂၀ စက္ကန့်ပဲ"
ရှီလဲ့ သူ့ဘာသာ ရေရွတ်လိုက်သည်။ သူ၏ ဖြူဖျော့နေသော မျက်နှာမှာ ပို၍ပင် ဖြူလျော့သွားပြီး နဖူးတွင် ချွေးစက်များ စို့လာသည်။
"ဖောက်... ဖောက်... ဖောက်..."
ကီးဘုတ် ရိုက်သံမှာ အဆက်မပြတ် ထွက်ပေါ်နေသည်။
"ဖယ်လ်ကွန်ကို ခေါ်ဆိုတယ်၊ နောက် ၅ စက္ကန့်အတွင်းမှာ ကျွန်တော်တို့ တည်နေရာ ပေါ်သွားတော့မယ်"
ဖယ်လ်ကွန်က ဘာမှပြန်မပြောဘဲ ဘလူးတုသ်နားကြပ်ကို တိုက်ရိုက် အဆက်အသွယ် ဖြတ်လိုက်သည်။
"ဝီ... ဝီ... ဝီ..."
နားကြပ်ထဲမှ အဆက်အသွယ်ပြတ်တောက်သွားသည့် အသံသာ ကြားရတော့သည်။
"သတိပေးချက် အမည်မသိ အရာဝတ္ထုတစ်ခုကို တွေ့ရှိသည်၊ အလွန်မြန်သော အရှိန်ဖြင့် ချဉ်းကပ်လာနေသည်"
ဂိုဒေါင်၏ အမိုးပေါ်ရှိ စောင့်ကြည့်ကင်မရာသည် ကောင်းကင်ယံမှ အမည်းရောင် အစက်လေးတစ်ခုကို ဖမ်းယူမိသွားသည်။
ရှီလဲ့သည် ကွန်ပျူတာမျက်နှာပြင်ကို စိုက်ကြည့်ရင်း မျက်နှာမှာ ပို၍ပို၍ ပျက်ယွင်းလာသည်။
ဤစောင့်ကြည့်ရေးပရိုဂရမ်မှာ ရှီလဲ့ကိုယ်တိုင် ရေးသားထားခြင်း ဖြစ်သည်။ ပုံရိပ်စီမံခြင်းတွင် ရှီလဲ့၌ ထူးခြားသော အမြင်ရှိသည်။
ဥပမာအားဖြင့်၊ စောင့်ကြည့်ကင်မရာသည် ယခုအခါ အမည်းရောင်အစက်၏ အရွယ်အစား ပြောင်းလဲမှုကို ကြည့်၍ အကွာအဝေးနှင့် အရှိန်ကို တွက်ချက်ပေးနိုင်သည်။
ဗလာဒီမာ လေယာဉ်တင်သင်္ဘောပေါ်တွင် အီလက်ထရွန်းနစ် လုံခြုံရေးဝန်ထမ်းများသည် ရှီလဲ့ကို အောင်မြင်စွာ ခြေရာခံမိသွားသည်။
လေယာဉ်တင်သင်္ဘောသည် အာကာသထဲရှိ ဂြိုဟ်တုနှင့် ချိတ်ဆက်ကာ GPS စနစ်ကို အသုံးပြု၍ ရှီလဲ့၏ တည်နေရာကို တိကျစွာ သတ်မှတ်လိုက်သည်။
"အိုး... ရှစ်"
"ဂျင်မီ၊ ဟိုမှာကြည့်စမ်း၊ အဲဒါ ဘာလဲ"
လုံခြုံရေးရုံးခန်းအတွင်းရှိ ဝန်ထမ်းများမှာ ဂြိုဟ်တုပုံရိပ်ကို ကြည့်ရင်း အံ့အားသင့်နေကြသည်။
ရုတ်တရက် ရုံးခန်းတံခါး ပွင့်သွားသည်။
ဒရုန်းထိန်းချုပ်သူတစ်ဦးမှာ ဖြူဖျော့သောမျက်နှာဖြင့် ပြေးဝင်လာကာ "မြန်မြန်စစ်ဆေးပေးပါ၊ ဒရုန်းရဲ့ ထိန်းချုပ်ခွင့် ပြောင်းလဲသွားပြီ" ဟု အော်ဟစ်လိုက်သည်။
ဂျင်မီမှာ နဖူးကို လက်ဖြင့်အုပ်ကာ ညည်းလိုက်မိသည်။
"အိုး... ရှစ် "
ဂိုဒေါင်အတွင်း၌ ရှီလဲ့သည် ပိုမိုနီးကပ်လာသော အမည်းစက်ကို ကြည့်နေသည်။ စောင့်ကြည့်ကင်မရာသည် နောက်ဆုံးတွင် ထိုအမည်းစက်၏ ပုံရိပ်အပြည့်အစုံကို ရှီလဲ့ရှေ့တွင် ပြသလိုက်သည်။
သူ ထိုအရာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည့် ခဏမှာပင် တစ်ကိုယ်လုံးရှိ အင်အားများ ဆုတ်ယုတ်သွားသလို ခံစားလိုက်ရသည်။
"ဒရုန်း"
"ဒုံးကျည်"
"တောက်..."
နှစ်စက္ကန့်အကြာတွင် ဂိုဒေါင်အတွင်း၌ ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သည်။
ရှီလဲ့သည် အဖွဲ့အစည်း၏ စွန့်ပစ်ခြင်းကို ခံလိုက်ရပြီ ဖြစ်သည်။
သူပြင်ဆင်ထားသော လက်နက်များမှာ အသုံးမဝင်တော့ပေ။ သူပြင်ဆင်ထားသော ထွက်ပြေးလမ်းကြောင်းမှာလည်း အလကားဖြစ်သွားပြီ။
သေခါနီးအချိန်တွင် ရှီလဲ့ အများကြီး တွေးလိုက်မိသည်။
သူသည် မိဘမဲ့တစ်ဦးဖြစ်ပြီး မိဘများ၏ သတင်းကို ရှာဖွေရန်အတွက် ဟက်ကာအလုပ်ကို စွဲလန်းခဲ့ခြင်း ဖြစ်သည်။ ယခုလည်း ထိုဟက်ကာအလုပ်ကြောင့်ပင် သူ သေရတော့မည်။
ရှီလဲ့သည် သူ၏ မိခင်နိုင်ငံဖြစ်သော ရှနိုင်ငံ နှင့် လီကျန့်ပြည်နယ်၊ ဗွိုင်စင်တို့၏ ဆက်ဆံရေး ပိုမိုဆိုးရွားသွားနိုင်ကြောင်းကိုလည်း တွေးမိသည်။
ဤအရာအားလုံးမှာ ထိုလျှို့ဝှက်ဆန်းကြယ်သော အဖွဲ့အစည်းကြောင့်ပင်!
အစမှ အဆုံးထိ သူသည် နယ်ရုပ်လေးတစ်ရုပ်သာ ဖြစ်ခဲ့သည်။
လက်စားချေခွင့် မရလိုက်ခြင်းမှာသာ ဝမ်းနည်းစရာပင်။
သူ၏ အသိစိတ်များ ပျောက်ကွယ်သွားသည့် ခဏတွင် ရှီလဲ့သည် စကားပုံတစ်ခုကို သတိရလိုက်သည်။
"ငါက လူကောင်းတစ်ယောက်ပဲ ဖြစ်ချင်တာပါ၊ ဘာလို့ ငါ့ကို အခွင့်အရေး မပေးတာလဲ"
ရှီလဲ့ သေဆုံးသွားပြီ။ ရှနိုင်ငံ၊ လီကျန့်ပြည်နယ်နှင့် ဗွိုင်စင်တို့ကြား ဖြစ်ပေါ်လာမည့် သံတမန်ရေးရာ အငြင်းပွားမှုများကိုလည်း သူ ဂရုမစိုက်နိုင်တော့ပေ။ လီကျန့်ပြည်နယ်၏ ဒုံးကျည်က ရှနိုင်ငံ၏ မြို့တစ်မြို့ကို ဗုံးကြဲလိုက်သည့် သတင်းဆိုးကိုလည်း သူ မကြားနိုင်တော့ပေ။
အာကာသဟင်းလင်းပြင်ထဲတွင် အမည်းရောင် အာကာသ အက်ကြောင်းတစ်ခု တိတ်ဆိတ်စွာ ပွင့်လာသည်။
လျှို့ဝှက်ဆန်းကြယ်သော ခရမ်းရောင်အလင်းတန်းတစ်ခုသည် အက်ကြောင်းထဲမှ ထွက်ပေါ်လာပြီး အပြာရောင် ကမ္ဘာမြေဆီသို့ ဦးတည်ပျံသန်းသွားသည်။
"အံ့ဖွယ်မြို့တော်ကို ရှာဖွေနေသည်..."
"မတွေ့ရှိပါ..."
"မှော်ကွန်ရက်ကို ရှာဖွေနေသည်..."
"မတွေ့ရှိပါ..."
"ကိုယ်တိုင်ဖျက်ဆီးရေးစနစ်ကို တင်ပို့နေသည်..."
"ဆက်ခံသူကို တွေ့ရှိပါပြီ..."
ထိုလျှို့ဝှက်သောအလင်းတန်းသည် အမည်မသိ သတင်းစကားတစ်ခုကို ပေးပို့နေသည်။ အကယ်၍ ကလန်ဒီယာ ကမ္ဘာ၏ လူသားဘာသာစကားကို တတ်ကျွမ်းသူရှိပါက အထက်ပါ အချက်အလက်များကို တိကျစွာ သိရှိနိုင်မည်ဖြစ်သည်။
၂၀၀၆ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်၊ ရှနိုင်ငံ၊ ရွှမ်ချင်းမြို့ ၊ ရွှမ်ချင်းတက္ကသိုလ်။
ရှီလဲ့သည် ငွေရောင်ကိုင်းပါသော မျက်မှန်အဝိုင်းလေးကို တပ်ဆင်ထားပြီး၊ ဈေးပေါပေါတီရှပ်နှင့် ဂျင်းဘောင်းဘီကို ဝတ်ဆင်ကာ ထူးဆန်းသော အမူအရာဖြင့် တက္ကသိုလ်ဂိတ်ပေါက်ဝတွင် ရပ်နေသည်။
'ငါမေသဘူးလား'
အခန်း -၂
“ဘုရားသခင်က ငါ့ကို လူကောင်းတစ်ယောက်ဖြစ်ဖို့ အခွင့်အရေး ပေးလိုက်ပြီပဲ”
“ငါက လူကောင်းတစ်ယောက်ပဲ ဖြစ်ချင်တာပါ.. မင်းတို့ကရော ဘာလို့ ငါ့ကို အခွင့်အရေး မပေးနိုင်ရတာလဲ”
ရှီလဲ့သည် ရွှမ်ချင်းတက္ကသိုလ်ရှေ့တွင် ရပ်နေရင်း သူ၏ခရီးဆောင်အိတ်ကို လွှတ်ချလိုက်သည်။ ထို့နောက် လက်နှစ်ဖက်ကို ဘေးသို့ဆန့်တန်း၊ ခေါင်းကို အနည်းငယ်မော့ကာ မျက်လုံးများကို မှိတ်လျက် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်သည်။
“ဘုရားသခင်က ငါ့ကို လူကောင်းတစ်ယောက်ဖြစ်ဖို့ အခွင့်အရေး ပေးလိုက်ပြီ”
စင်စစ်တွင် ဤအခွင့်အရေးမှာ ဘုရားသခင်ပေးသကဲ့သို့ ရှီလဲ့ ထင်မှတ်နေသော်လည်း ၎င်းမှာ ထိုလျှို့ဝှက်ဆန်းကြယ်သော ခရမ်းရောင်အလင်းတန်းကြောင့် ဖြစ်သည်ကို သူ မသိရှိသေးပေ။
“အား...”
ရှီလဲ့တစ်ယောက် ကောင်းကင်ကြီးကို ရင်ဖွင့်ကာ တစ်ကျော့ပြန်ရှင်သန်ခြင်းကို အရသာခံနေစဉ် တစ်စုံတစ်ယောက်က သူ့ကို ဝင်တိုက်မိသွားပြီး မိန်းကလေးတစ်ဦး၏ အော်သံ ထွက်ပေါ်လာသည်။
ရှီလဲ့ ချက်ချင်းလှည့်ကြည့်လိုက်ရာ မြေပြင်ပေါ်တွင် လဲကျထိုင်နေသော မိန်းကလေးတစ်ဦးကို တွေ့လိုက်ရသည်။
ထိုမိန်းကလေးမှာ ပုခုံးအထိရောက်သော ဖြောင့်စင်းသည့် ဆံပင်အနက်ရောင်ရှိပြီး ညီမလေးတစ်ယောက်ကဲ့သို့ ချစ်စရာကောင်းသော ဆံပင်ပုံစံရှိသည်။ သူမ၏ တောက်ပသော မျက်ဝန်းအစုံမှာ ကြောက်ရွံ့မှုနှင့် ရှက်ရွံ့မှုတို့ ရောယှက်နေသည်။ မျက်ခုံးလေးများမှာ အနည်းငယ်တွန့်ချိုးနေပြီး နုနယ်သောမျက်နှာလေးမှာ နာကျင်မှုကို ဖော်ပြနေသည်။ သူမသည် အဖြူရောင် ဝါဂွမ်းရှပ်အင်္ကျီနှင့် ဂျင်းဘောင်းဘီကို ဝတ်ဆင်ထားသည်။
ရှီလဲ့ ထိုမိန်းကလေးကို မြင်လိုက်ရသောအခါ မျက်လုံးများ တောက်ပသွားသည်။
‘သူမပဲ’
ရွှမ်ချင်းတက္ကသိုလ် ကွန်ပျူတာသိပ္ပံဌာန၏ အလှပဂေးသာမက တစ်ကျောင်းလုံး၏ ကျောင်းအလှမယ်ဖြစ်သူ လင်းယွိီမော့ ပင် ဖြစ်သည်။
ရှီလဲ့ အားနာသည့်ဟန်ဖြင့် “အဆင်ပြေရဲ့လား” ဟု မေးလိုက်သည်။
လင်းယွိီမော့က ချက်ချင်းခေါင်းခါပြကာ “စိတ်မရှိပါနဲ့... ကျွန်မ... မြေပုံကို ကြည့်နေရင်းနဲ့ ရှင့်ကို... မမြင်လိုက်လို့ပါ” ဟု ကြောင်ပေါက်လေးတစ်ကောင်ကဲ့သို့ တုန်တုန်ယင်ယင် ပြောရှာသည်။ ရှီလဲ့မှာမူ သူမရှေ့တွင် ရက်စက်သော ဝံပုလွေကြီးတစ်ကောင်ကဲ့သို့ ဖြစ်နေသည်။
ရှီလဲ့ ခေတ္တမျှ မှင်တက်သွားသည်။ သူ၏ အရင်ဘဝက လင်းယွိီမော့အကြောင်း သိထားသည်များကို ပြန်တွေးကြည့်မိသည်။ လင်းယွိီမော့သည် လမ်းညွှန်မှုအပိုင်းတွင် အလွန်ညံ့ဖျင်းသူဖြစ်သည်။ ပွင့်ပွင့်လင်းလင်း ပြောရလျှင် သူမတွင် ဦးတည်ချက် လုံးဝမရှိပေ။
ရွှမ်ချင်းတက္ကသိုလ်မှာ အလွန်ကျယ်ဝန်းပြီး ဌာနတစ်ခုနှင့်တစ်ခုမှာလည်း အလှမ်းဝေးလှသည်။
ရှီလဲ့သည် အေးအေးဆေးဆေးပင် ထိုင်ချလိုက်ပြီး လင်းယွိီမော့၏ လက်မောင်းနှစ်ဖက်ကို ကိုင်ကာ ထူပေးလိုက်သည်။ ထိုခဏ၌ သူမ၏ နွေးထွေးနုနယ်သော အထိအတွေ့ကြောင့် ရှီလဲ့၏ ရင်ခုန်သံများ မြန်လာသည်။
လင်းယွိီမော့၏ မျက်နှာလေးမှာ ရှက်သွေးဖြန်းကာ နီမြန်းသွားသည်။
ရှီလဲ့က သဘာဝကျကျပင် လက်ကိုလွှတ်လိုက်ပြီး “ငါထင်တာ မမှားဘူးဆိုရင် မင်းက ကွန်ပျူတာသိပ္ပံဌာနက ကျောင်းသားသစ်မလား” ဟု မေးလိုက်သည်။
“ရှင်... ရှင် ဘယ်လိုသိတာလဲ” လင်းယွိီမော့က အံ့သြတကြီးဖြင့် မေးလိုက်သည်။
ရှီလဲ့ကတော့ သူသည် အတိတ်က ပြန်လည်မွေးဖွားလာသူဖြစ်ကြောင်းနှင့် သူမကို သိနေသည်မှာ ကြာပြီဖြစ်ကြောင်း ထုတ်ပြော၍ မဖြစ်ပေ။
“ရွှမ်ချင်းတက္ကသိုလ်ရဲ့ ကွန်ပျူတာသိပ္ပံဌာနက ကျောင်းဝင်းရဲ့ အနက်ဆုံးနေရာမှာ ရှိတာလေ။ ကွန်ပျူတာဌာနက ကျောင်းသားသစ်တိုင်းလိုလိုကတော့ ဟိုဘက်က လူလည်ခေါင်းပုံဖြတ်သမားဆီကနေ ကျောင်းမြေပုံ ဝယ်ကြတာချည်းပဲ!” ရှီလဲ့က မလှမ်းမကမ်းတွင် မြေပုံရောင်းနေသော လူလတ်ပိုင်းတစ်ဦးကို ညွှန်ပြလိုက်သည်။
လင်းယွိီမော့က ခေါင်းညိတ်လိုက်ပြီး သူမ၏ မျက်လုံးလေးများမှာ အထင်ကြီးအားကျရိပ်များဖြင့် တောက်ပနေသည်။
“ရှင်က တော်လိုက်တာ”
ရှီလဲ့က ပခုံးတွန့်ပြရင်း သူ၏မျက်မှန်ကို အပေါ်သို့ ပင့်တင်လိုက်သည်။ ထို့နောက် လက်ကမ်းပေးကာ “နေကောင်းလား၊ ငါ့နာမည်က ရှီလဲ့ပါ ကျောက်ခဲလို့ အဓိပ္ပာယ်ရတဲ့ ရှီ နဲ့ ကျောက်ခဲလို့ပဲ အဓိပ္ပာယ်ရတဲ့ လဲ့ ပေါင်းထားတာ.. “ ဟု မိတ်ဆက်လိုက်သည်။
လင်ယွိမော့၏ နှုတ်ခမ်းလေးများက လှပသော အပြုံးတစ်ခုအဖြစ် ကွေးညွတ်သွားသည်။
“စီနီယာ ရှီလဲ့၊ တွေ့ရတာ ဝမ်းသာပါတယ်.. ကျွန်မက လင်းယွိီမော့ပါ.. အမ်... ကျွန်မကို ‘ရှောင်မော့’ လို့ပဲ ခေါ်ပါ...” သူမ၏ မျက်နှာတွင် ရှက်သွေးများ ထပ်မံဖြန်းသွားပြန်သည်။
ရှီလဲ့က ပြုံးလိုက်ပြီး သူကိုယ်တိုင်လည်း ကျောင်းသားသစ်တစ်ဦး ဖြစ်သည်ကို ထုတ်မပြောဘဲ ဖုံးကွယ်ထားလိုက်သည်။
“ရှောင်မော့၊ မင်းက ငါ့ကို စီနီယာလို့ ခေါ်မှတော့ စီနီယာကပဲ မင်းကို ကျောင်းအပ်ဖို့ လိုက်ပို့ပေးပါ့မယ်”
လင်းယွိီမော့က ခေါင်းညိတ်ကာ “ကျေးဇူးတင်ပါတယ် စီနီယာ” ဟု တိုးတိုးလေး ပြောရှာသည်။
ရှီလဲ့က လင်းယွိီမော့၏ ခရီးဆောင်အိတ်ကို ကူဆွဲပေးလိုက်ပြီး “ရှောင်မော့၊ ဒီဘက်က လာ ကွန်ပျူတာဌာနကို သွားမယ်ဆိုရင် ဒီလမ်းက သွားတာ ပိုနီးတယ်၊ ဟိုလူလည်ရောင်းတဲ့ မြေပုံထဲက လမ်းထက် အများကြီး သာတယ်”
ရှီလဲ့သည် လင်ယွိမော့ကို ဖြတ်လမ်းမှ ခေါ်သွားသော်လည်း ကျောင်းအပ်သည့်နေရာသို့ ရောက်ရန် မိနစ်နှစ်ဆယ်ခန့် ကြာမြင့်ခဲ့သည်။
ရွှမ်ချင်းတက္ကသိုလ်၏ ကျောင်းအပ်စနစ်မှာ ဌာနတစ်ခုချင်းစီ၏ လက်ခံရေးနေရာများတွင် အပ်ရခြင်းဖြစ်သည်။ ကွန်ပျူတာဌာန၌ လက်ခံရေး စားပွဲလေးလုံးရှိရာ တစ်လုံးမှာ စီနီယာမမကြီး တစ်ဦးဖြစ်ပြီး ကျန်သုံးလုံးမှာ စီနီယာအစ်ကိုများ ဖြစ်ကြသည်။
ကျောင်းသားသစ်များကို ကြိုဆိုသည့် အဓိကရည်ရွယ်ချက်မှာ ကျောင်းသားသစ် အလှလေးများကို အပိုင်စီးရန်ပင် ဖြစ်သည်။
ထိုစီနီယာအစ်ကိုများမှာ ဤကိစ္စတွင် အလွန်တက်ကြွကြသည်။
အကြောင်းမှာ ကျောင်းအပ်လွှာတွင် ကိုယ်ရေးအချက်အလက်များစွာ ပါဝင်နေသောကြောင့်ပင်။
လက်ခံရေး စားပွဲလေးလုံးအနက် စီနီယာအစ်မကြီး၏ ရှေ့တွင်သာ မိန်းကလေး အယောက်နှစ်ဆယ်၊ သုံးဆယ်ခန့် တန်းစီနေကြပြီး ကျန်စည်နီယာအစ်ကို သုံးဦးရှေ့တွင်မူ လူအနည်းငယ်သာ ရှိသည်။
ရှီလဲ့နှင့် လင်းယွိီမော့တို့သည် စီနီယာအစ်ကို တစ်ဦးထံသို့ လျှောက်သွားကြသည်။ ထိုစီနီယာမှာ လင်းယွိီမော့ကို မြင်လိုက်ရသောအခါ သိုးငယ်လေးကို ကြည့်နေသည့် ဗိုက်ဆာနေသော ဝံပုလွေတစ်ကောင်ကဲ့သို့ ဖြစ်သွားသည်။
“ဟေ့ကောင်တွေ၊ ငါနဲ့ မလုနဲ့နော် ဒီအလှလေးက ငါ့ဆီကို တန်းတန်းမတ်မတ် လာနေတာ”
ကျန်စီနီယာနှစ်ဦးက နှုတ်ခမ်းမဲ့ကာ “သူ့ဘေးကလူကို ကြည့်ဦး၊ အဲဒါ သူမရဲ့ ရည်းစားမဟုတ်ဘူးလို့ မင်း သေချာလား” ဟု ပြောလိုက်ကြသည်။
ရှီလဲ့က ခရီးဆောင်အိတ်များကို ချလိုက်ပြီး “ကဲ... အလှလေးကိုပဲ ကြည့်မနေနဲ့၊ မြန်မြန် ကျောင်းအပ်လက်ခံပေးစမ်းပါ” ဟု ပြောလိုက်သည်။
ထိုစီနီယာက ရှီလဲ့ကို တစ်ချက်ကြည့်ကာ “မင်း ပြောစရာ မလိုပါဘူးကွာ” ဟု နှာခေါင်းရှုံ့လိုက်သည်။
ရှီလဲ့က ဂရုမစိုက်ဘဲ လင်းယွိီမော့ဘက် လှည့်ကာ “ရှောင်မော့၊ လာ... ကျောင်းအပ်လွှာ ဖြည့်လိုက်ဦး” ဟု ပြောလိုက်သည်။
“ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ် စီနီယာ”
လင်ယွိမော့က ပြင်ဆင်ထားသော ကုလားထိုင်တွင် ထိုင်ကာ ကျောင်းအပ်လွှာကို သေချာဖတ်နေသည်။
မျက်နှာချင်းဆိုင်ရှိ စီနီယာမှာလည်း လင်းယွိီမော့ကို စိုက်ကြည့်နေသည်။
ရှီလဲ့က ချောင်းတစ်ချက်ဟန့်ကာ “ဟေ့ လူလေး၊ ငါ့ရည်းစားကို အဲဒီလို စိုက်ကြည့်နေတာ မယဉ်ကျေးဘူးလို့ မထင်ဘူးလား” ဟု မေးလိုက်သည်။
စီနီယာမှာ မှင်တက်သွားပြီး ရှီလဲ့ကို မယုံကြည်နိုင်သလို ကြည့်လိုက်သည်။
လင်းယွိီမော့မှာလည်း မျက်နှာနီမြန်းသွားကာ “စီနီယာ... ဘာတွေ လျှောက်ပြောနေတာလဲ” ဟု ရှက်ကိုးရှက်ကန်း ပြောရှာသည်။
ရှီလဲ့က လင်းယွိီမော့၏ နောက်တွင် ရပ်လိုက်ပြီး သူမ ဖောင်ဖြည့်နေသည့် လက်ကို လှမ်းတားလိုက်သည်။
“ရှောင်မော့၊ ဒီကျောင်းအပ်လွှာမှာ အသေးစိတ်တွေ အများကြီး ဖြည့်စရာ မလိုဘူး”
လင်းယွိီမော့က နားမလည်ဘဲ “စီနီယာ၊ ဘာလို့လဲ” ဟု မေးလိုက်သည်။
မျက်နှာချင်းဆိုင်ရှိ စီနီယာဖြစ်သူ ဝူမင် ကတော့ စိတ်ထဲမှ ကြိတ်မကျေမနပ် ဖြစ်နေသည်။ ‘တောက်... ဒီကောင်လေးက ငါ့ထက် အရင်ဦးသွားပြီ’
“ဟဲဟဲ၊ ဒီဖောင်မှာ ဖြည့်ဖို့ လိုတာက နာမည်နဲ့ ကျောင်းဝင်ခွင့် နံပါတ်ပဲ.. ကျန်တဲ့ မှတ်ပုံတင်နံပါတ်၊ ဖုန်းနံပါတ်၊ QQ အကောင့်၊ ဝါသနာ စတာတွေက ကျောင်းသားသစ်တွေကို လှည့်စားဖို့ လုပ်ထားတာတွေပဲ”
ဘေးက စီနီယာနှစ်ယောက်က ရယ်မောကာ “ဟေး ဝူမင်၊ မင်းတော့ ဝါရင့်ကျောင်းသားတစ်ယောက်နဲ့ တိုးပြီဟေ့” ဟု စလိုက်ကြသည်။
ဝူမင်က ရှီလဲ့ကို ကြည့်ကာ “ဟေ့ လူ၊ မင်းက ဘယ်ဌာနကလဲ” ဟု မေးလိုက်သည်။
ရှီလဲ့က ပြုံးလျက် “ကွန်ပျူတာသိပ္ပံ၊ အဆင့် ၀ နဲ့ ၄ (Level 0 and 4) ကပါ” ဟု လိမ်လိုက်သည်။
“စီနီယာကြီးကိုး” ဝူမင်က ဒုတိယနှစ် ကျောင်းသားဖြစ်ပြီး ရှီလဲ့ကို မလိုတမာဟန်ဖြင့် “စီနီယာကြီး၊ ကျောင်းသားသစ် အလှလေးတွေကို စီနီယာတို့ကပဲ အကုန်ယူထားတော့ ကျွန်တော်တို့အတွက် ဘာကျန်တော့မှာလဲ” ဟု ပြောလိုက်သည်။
ရှီလဲ့က ပခုံးတွန့်ပြကာ ဝူမင်၏ ပခုံးကို ပုတ်လျက် “ညီလေး၊ ကြိုးစားပါဦး” ဟု ပြောကာ လင်းယွိီမော့ကို ခေါ်ထုတ်လာခဲ့သည်။
လင်းယွိီမော့က ရှီလဲ့ကို မျက်စောင်းလေးထိုးကာ “စီနီယာ... အခု ကျွန်မတို့ ဘယ်သွားမှာလဲ” ဟု တိုးတိုးလေး မေးလိုက်သည်။
ရှီလဲ့က လူယုတ်မာ အပြုံးလေး ပြုံးလိုက်ပြီး “ရှောင်မော့၊ မင်းက ကျောင်းဆောင်မှာ နေမှာလား ဒါမှမဟုတ် အပြင်မှာလား”
လင်းယွိီမော့က ရှီလဲ့၏ မရိုးသားသော အကြံကို မရိပ်မိဘဲ “ဘာကွာလို့လဲ” ဟု ပြန်မေးသည်။
“ကျောင်းဆောင်မှာ နေမယ်ဆိုရင် အဆောင်ကို သွားမယ်။ အပြင်မှာ အိမ်ငှားနေမယ်ဆိုရင်တော့...”
လင်ယွိမော့က နှုတ်ခမ်းစူကာ “စီနီယာကလည်း... ကျွန်မက အဆောင်မှာ နေမှာပါ” ဟု ပြောလိုက်သည်။
“အိုကေ၊ ဒါဆို ဒီဘက်က လာ”
ရှီလဲ့သည် ခရီးဆောင်အိတ်များကို ပြန်သယ်ကာ အဆောင်ဘက်သို့ ထွက်လာခဲ့သည်။ လမ်းခုလတ်တွင် ရှီလဲ့က ရပ်လိုက်ပြီး “ရှောင်မော့၊ ခဏလေးနော်၊ ငါ မက်ဆေ့ခ်ျတစ်ခု ပြန်လိုက်ဦးမယ်”
၂၀၀၆ ခုနှစ်တွင် Nokia ဖုန်းများမှာ ခေတ်စားနေဆဲဖြစ်သည်။ ရှီလဲ့၏ လက်ထဲတွင် Nokia စမတ်ဖုန်းတစ်လုံး ရှိနေသည်။ သူသည် ဖုန်းကိုထုတ်ကာ Notepad ထဲတွင် ကုဒ်အချို့ကို လျင်မြန်စွာ ရိုက်ထည့်လိုက်သည်။ တစ်မိနစ်မပြည့်ခင်မှာပင် ဖုန်းကို ပြန်သိမ်းလိုက်ပြီး “စောင့်ရတာ ကြာသွားလား” ဟု ပြုံး၍ မေးလိုက်သည်။
“ရပါတယ် စီနီယာ” လင်ယွိမော့က အလိုက်တသိဖြင့် “စီနီယာက ဘယ်အဆောင်မှာ နေတာလဲ” ဟု မေးလိုက်သည်။
ရှီလဲ့က စိတ်ပျက်ဟန်ဆောင်ကာ “ငါလည်း မသိဘူး”
လင်းယွိီမော့က နားမလည်ဘဲ “စီနီယာ... ကျောင်းပိတ်ရက်မှာ ကိုယ့်အဆောင်ကို မေ့သွားတာလား”
“မဟုတ်ပါဘူး” ရှီလဲ့က ရှင်းပြသည် “တကယ်တော့ ကျောင်းပိတ်ရက်မှာ ဆရာက အီးမေးလ် ပို့ထားတယ်.. ငါ့အဆောင်ကို ပြောင်းလိုက်ပြီတဲ့၊ ကျောင်းဖွင့်မှ ပြန်စစ်ကြည့်ပါတဲ့..”
လမ်းလျှောက်လာရင်း ရှစ်မိနစ်ခန့်အကြာတွင် အဆောင်ဧရိယာသို့ ရောက်ရှိလာသည်။ ပထမဆုံး အဆောင်၏ ပထမဆုံးအခန်းမှာ အဆောင်စီမံခန့်ခွဲရေးရုံး ဖြစ်သည်။
ရုံးခန်းအတွင်း၌ သွေးဆုံးကိုင်စအရွယ် အမျိုးသမီးတစ်ဦး ကွန်ပျူတာရှေ့တွင် ထိုင်နေသည်။
ထိုအမျိုးသမီးက သူတို့ကို ကြည့်ကာ “ကျောင်းဝင်ခွင့်စာရွက် ပေးပါ” ဟု ပြောလိုက်သည်။
လင်းယွိီမော့က စာရွက်ပေးရန် ပြင်လိုက်စဉ် ရှီလဲ့က ချက်ချင်း ရှေ့တိုးလိုက်ပြီး “နေကောင်းလား အစ်မကြီးကျောက်” ဟု ပြုံးရွှင်စွာ နှုတ်ဆက်လိုက်သည်။
အဆောင်မှူး၏ အမည်မှာ ကျောက်ချင်းဟုန် ဖြစ်သည်။
သူမကို ‘အစ်မကြီး’ ဟု ခေါ်လိုက်သောကြောင့် ကျောက်ချင်းဟုန်သည် ရှီလဲ့အပေါ် အထင်ကြီးသွားသည်။
“ဘာကိစ္စလဲ ကျောင်းသား ကျောင်းဝင်ခွင့်စာရွက် ပျောက်သွားလို့လား”
ရှီလဲ့က ခေါင်းခါကာ “မဟုတ်ပါဘူး အစ်မကြီး၊ ကျောင်းပိတ်ရက်မှာ ဆရာကြီးက ကျွန်တော့်အဆောင် ပြောင်းသွားပြီလို့ ပြောတယ်။ ဒါပေမယ့် ကျွန်တော် အဆောင်နံပါတ်ကို မမှတ်မိတော့လို့ပါ”
ကျောက်ချင်းဟုန်က မျက်မှောင်ကြုတ်ကာ “မင်းက စီနီယာလား ဒါက မဖြစ်သင့်ဘူးလေ.. ကျောင်းသားကတ် နံပါတ် ဘယ်လောက်လဲ”
ရှီလဲ့က ခေါင်းကို ကုတ်လိုက်ပြီး “အစ်မကြီး... ကျွန်တော့်ကျောင်းသားကတ် ပျောက်သွားလို့ပါ”
ကျောက်ချင်းဟုန်က စိတ်ပျက်လက်ပျက်ဖြင့် “ကျောင်းသား... မင်းကတော့ လုပ်ပြီ” ဟု ညည်းလိုက်သည်။
“မမကြီး... ကျွန်တော့်ဖုန်းထဲက ဖိုင်တစ်ခုထဲမှာ အဆောင်နံပါတ်ကို သိမ်းထားမိတယ်” ရှီလဲ့က ပြုံးကာ ပြောသည် “မမကြီး... ကျွန်တော့်ဖုန်းကို ဒီကွန်ပျူတာမှာ ချိတ်ပြီး အဲဒီဖိုင်လေး ခဏထုတ်ကြည့်လို့ ရမလားခင်ဗျ”
ကျောက်ချင်းဟုန်က ခဏစဉ်းစားပြီး “ဖုန်းထဲမှာ ဗိုင်းရပ်စ် ပါနေရင် ဘယ်လိုလုပ်မလဲ ဒီနေ့က ကျောင်းအပ်တဲ့နေ့ဆိုတော့ လူတွေ အများကြီး လာစစ်ကြမှာ၊ စက်ပျက်သွားရင် ဒုက္ခပဲ!”
ရှီလဲ့က စိတ်မကောင်းဟန်ဖြင့် “အင်း... အစ်မကြီးေပြာတာလည်း ဟုတ်တာပဲ၊ ဒါဆိုရင်တော့ မကြည့်တော့ပါဘူး...”
ကျောက်ချင်းဟုန်က စိတ်ပျော့သွားကာ “ရပါတယ်၊ ထားလိုက်ပါတော့၊ ဗိုင်းရပ်စ်ပါရင်လည်း ဘာဖြစ်လဲ”
“ကျေးဇူးတင်ပါတယ် အစ်မကြီး အစ်မကြီးက တကယ့်ကို စိတ်ကောင်းရှိတဲ့သူပဲ” ရှီလဲ့က မြှောက်ပင့်ပြောဆိုရင်း သူ၏ဖုန်းကို USB ကြိုးဖြင့် ကွန်ပျူတာတွင် ချိတ်ဆက်လိုက်သည်။
“ဒင်ဒေါင် “
USB ချိတ်ဆက်သံ ထွက်ပေါ်လာပြီးနောက်...
ကွန်ပျူတာ မျက်နှာပြင်ကြီးမှာ အပြာရောင် ပြောင်းသွားကာ ပျက်သွားလေတော့သည်။