အခန်း (၃-၄)
Vol. 1 Ch. 3-4
အခန်း - ၃
မျက်နှာပြင် ပြာသွားသည့် ခဏ၌ ရှီလဲ့သည် ကျောက်ချင်းဟုန်ကို အားနာသလို ကြည့်လိုက်သည်။ သူ၏ လေသံမှာလည်း မိမိကိုယ်ကို အပြစ်တင်နေဟန် အပြည့်ပင်။
“တောင်းပန်ပါတယ်... တောင်းပန်ပါတယ်... အစ်မကြီေကျာက်.. ကျွန်တော်... ကျွန်တော့်ဖုန်းထဲမှာ ဗိုင်းရပ်စ်ရှိနေမှန်း... မသိလိုက်လို့ပါ...”
ကျောက်ချင်းဟုန်က သက်ပြင်းချကာ “ထားလိုက်ပါတော့အေ၊ မျက်နှာပြင်ပြာသွားရုံတင်ပဲဟာ တော်သေးတာပေါ့၊ ဒီနေ့ ဆရာကျန်း ကျောင်းလာလို့” ဟု ပြောရင်း စိတ်သက်သာရာ ရသွားသည်။ “မောင်ရင်တို့နှစ်ယောက် ဒီမှာ ခဏစောင့်နေဦး ငါ ကွန်ပျူတာခန်းကို သွားပြီး ဆရာကျန်းကို သွားခေါ်လိုက်ဦးမယ်”
ကွန်ပျူတာခန်းမှ ဆရာကျန်း၏ အမည်မှာ ကျန်းဆုန့် ဖြစ်သည်။ သူသည် ကွန်ပျူတာခန်းကို တာဝန်ယူရသူဖြစ်ပြီး ကွန်ပျူတာ သီအိုရီနှင့် လက်တွေ့ဘာသာရပ်ကို သင်ကြားသူဖြစ်သည်။
ရှီလဲ့က ခေါင်းညိတ်ပြကာ “အစ်မကြီး စိတ်မပူပါနဲ့၊ ကျွန်တော်တို့ ဒီမှာပဲ စောင့်နေပါ့မယ်” ဟု ကတိပေးလိုက်သည်။
ကျောက်ချင်းဟုန် အနည်းငယ် စိတ်အေးသွားသည်။ အနည်းဆုံးတော့ ရှီလဲ့၏ အမူအရာမှာ အလွန်ပင် ယဉ်ကျေးသိမ်မွေ့နေသည်။ “အေးအေး၊ သိပ်တော့ မစောင့်ရပါဘူး ဆရာကျန်းနဲ့ ငါ ဆယ်မိနစ်အတွင်း ပြန်လာခဲ့မယ်”
ပြောပြောဆိုဆိုနှင့် ကျောက်ချင်းဟုန်သည် ကွန်ပျူတာခန်းဘက်သို့ ထွက်သွားလေသည်။
သူမ ထွက်သွားသည်နှင့် ရှီလဲ့သည် အဆောင်စီမံခန့်ခွဲရေးရုံးရှိ ကွန်ပျူတာရှေ့တွင် ချက်ချင်း ထိုင်လိုက်သည်။ သူ၏ လက်များကို ကီးဘုတ်ပေါ်တင်ကာ Ctrl ခလုတ်ကို သုံးကြိမ်ဆင့် နှိပ်လိုက်သည်။ ထိုအခါ ကွန်ပျူတာ၏ စကရင်ပြာကြီးမှာ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။
ဘေးတွင်ရှိနေသော လင်းယွိီမော့မှာ အံ့အားသင့်ကာ “စီနီယာ... ဒါ... ဒါက ဘယ်လိုဖြစ်တာလဲ” ဟု မေးရှာသည်။
ရှီလဲ့က ရယ်မောရင်း သူ၏ လက်ညှိုးကို နှုတ်ခမ်းပေါ်တင်ကာ “ရှူး “ ဟု အချက်ပြလိုက်သည်။
“ရှောင်မော့၊ မင်းရဲ့ ကျောင်းဝင်ခွင့်နံပါတ်က *** ဟုတ်တယ်မလား” ရှီလဲ့၏ မျက်လုံးများမှာ ကွန်ပျူတာစကရင်မှ မခွာဘဲ လက်များက ကီးဘုတ်ပေါ်တွင် အလုပ်ရှုပ်နေသည်။
လင်ယွိမော့မှာ ဒုတိယအကြိမ် အံ့သြသွားပြန်သည်။ “စီနီယာ... ရှင် ဘယ်လိုသိတာလဲ”
“ဟဲဟဲ.. စောစောက မင်းကျောင်းအပ်တုန်းက ငါ မှတ်ထားလိုက်တာလေ အို မင်းက အဆောင် (၇) ရဲ့ ခြောက်ထပ်မြောက်မှာ ကျနေတာပဲ” ရှီလဲ့၏ လေသံမှာ ခနဲ့တဲ့တဲ့ ဖြစ်နေသည်။
လင်းယွိီမော့က ရှီလဲ့၏ နောက်တွင် ရပ်ကြည့်ရင်း “စီနီယာ... အဆောင် (၇) ရဲ့ ခြောက်ထပ်မြောက်က ဘာဖြစ်လို့လဲ” ဟု မေးလိုက်သည်။
ရှီလဲ့က ကွန်ပျူတာမျက်နှာပြင်ကို လင်းယွိီမော့ဘက်သို့ အနည်းငယ် လှည့်ပေးလိုက်သည်။ “ဒါ မင်းရဲ့ အဆောင်လေ” သူက တည်တည်တံ့တံ့ မျက်နှာပေးဖြင့် “အဆောင် (၇) ဆိုတာ ပြီးခဲ့တဲ့ ရာစုနှစ်က ဆောက်ထားတဲ့ အဆောက်အအုံဟောင်းကြီး ရှစ်ထပ်တောင် ရှိပေမယ့် ဓာတ်လှေကား မရှိဘူး..လှေကားထစ်တွေက မှောင်မည်းနေပြီး စင်္ကြံလမ်းတွေက စိုထိုင်းနေတာ.. အခန်းတွေထဲမှာလည်း ထူးဆန်းတဲ့ အနံ့အသက်တွေ ရှိတယ် အတိုချုပ် ပြောရရင် အဆောင် (၇) က တစ်ကျောင်းလုံးမှာ အဆိုးဆုံး အဆောင်ပဲ”
လင်းယွိီမော့သည် ထိုစကားကို ကြားသောအခါ မျက်မှောင်ကြုတ်သွားသော်လည်း ဘာမှ ပြန်မပြောပေ။
ရှီလဲ့က သူ၏ ခြောက်လှန့်မှု မအောင်မြင်သေးကြောင်း သိလိုက်သဖြင့် လျှို့ဝှက်သော ဟန်ဖြင့် ထပ်ပြောပြန်သည်။ “ရှောင်မော့၊ ငါ မင်းကို ပြောပြစရာ တစ်ခု ကျန်သေးတယ်”
လင်းယွိီမော့က စပ်စုချင်စိတ်ဖြင့် “စီနီယာ... ဘာပြောမလို့လဲ”
“သတင်းတွေအရ အဆောင် (၇) က သရဲခြောက်တယ်တဲ့...အဲဒါလည်း ခြောက်ထပ်မြောက်၊ မင်းနေရမယ့် အခန်းရဲ့ ဘေးခန်းမှာပဲ”
လင်းယွိီမော့၏ မျက်နှာမှာ ဖြူလျော့သွားသည်။ သူမသည် ထိုသို့သော အရာများကို အလွန်ကြောက်တတ်သူ ဖြစ်သည်။ ယခုခေတ်မှာ နည်းပညာခေတ် ဖြစ်သော်လည်း အယူသီးမှုများမှာ ရှိနေဆဲပင်။
“စီနီယာ... ကျွန်မတို့ ဘယ်လိုလုပ်ကြမလဲအဆောင် ပြောင်းခိုင်းလို့ ရမလား..” လင်းယွိီမော့က စိုးရိမ်တကြီး မေးလိုက်သည်။
ရှီလဲ့က ရယ်ကျဲကျဲဖြင့် “အဆောင် (၇) လို အဆောင်မျိုးကို ပုံမှန်နည်းလမ်းနဲ့ ပြောင်းဖို့ဆိုတာ အတော်လေး ခက်လိမ့်မယ်”
လင်းယွိီမော့၏ မျက်နှာမှာ ပို၍ ဖြူလျော့သွားပြီး သူမ၏ လှပသော မျက်ဝန်းများတွင် မျက်ရည်များ ဝဲလာသည်။
ရှီလဲ့က အမြန်ပင် “ရှောင်မော့၊ စိတ်မပူနဲ့ ပုံမှန်နည်းလမ်းက ခက်ပေမယ့် လျှို့ဝှက်နည်းလမ်းနဲ့ ဆိုရင်တော့ အေးဆေးပဲ” ရှီလဲ့၏ မျက်နှာမှာ တည်ကြည်သွားပြီး “ရှောင်မော့၊ တံခါးဝမှာ သွားစောင့်နေပေး အကယ်၍ အစ်မကြီးေကျာက် ပြန်လာတာ တွေ့ရင် အသံကျယ်ကျယ် ချောင်းဟန့်ပြီး ငါ့ဆီကို လျှောက်လာခဲ့၊ နားလည်လား”
လင်းယွိီမော့မှာ နားမလည်သော်လည်း “စီနီယာ... ဘာလုပ်မလို့လဲ” ဟု မေးသည်။
“မင်းရဲ့ အဆောင်ကို ပြောင်းပေးမလို့ပေါ့” ရှီလဲ့က သူ၏ မျက်မှန်ကို ပင့်တင်ကာ အလေးအနက် ပြောလိုက်သည်။
လင်းယွိီမော့က “နားလည်ပါပြီ” ဟု ဆိုကာ တံခါးဝသို့ အပြေးသွားပြီး အဝေးကို စောင့်ကြည့်နေတော့သည်။
ရှီလဲ့သည် သူ၏ ဖုန်းမန်မိုရီကတ်ထဲမှ Scanning Tool တစ်ခုကို ထုတ်ယူကာ ကျောင်း၏ Internal Network ကို ကျွမ်းကျင်စွာ စကင်ဖတ်လိုက်သည်။
“အို... ကျောင်းရဲ့ ဆာဗာလေးရေ၊ ငါ ရှီလဲ့ ပြန်လာပြီဟေ့”
အတိတ်ဘဝတုန်းက ရွှမ်ချင်းတက္ကသိုလ်၏ ဆာဗာမှာ ရှီလဲ့ ကျောင်းသားဘဝ ကတည်းက သူ၏ လက်ထဲတွင် ရှိခဲ့ဖူးသည်။ ရှီလဲ့သည် ထိုဆာဗာ၏ ဟာကွက် များကို သူ၏ ဦးခေါင်းပေါ်ရှိ ဆံပင်အရေအတွက်ထက်ပင် ပို၍ နှံ့စပ်နေသူ ဖြစ်သည်။ Scanning Tool သည် ဆာဗာအတွင်းသို့ လျင်မြန်စွာ ထိုးဖောက်ဝင်ရောက်သွားပြီး ဟာကွက်ကို အောင်မြင်စွာ ရှာဖွေတွေ့ရှိခဲ့သည်။
ကျောင်းဆာဗာကို တွေ့ရှိပြီးနောက် ရှီလဲ့သည် ကျောင်းအုပ်ကြီး အန်းမင်ယဲ့ ၏ အက်ဒမင်အကောင့်ကို အသုံးပြု၍ တိုက်ရိုက် ဝင်ရောက်လိုက်သည်။
“အန်းကြီးရဲ့ Password က တစ်သက်လုံး ဒီအတိုင်းပါပဲလား”
ရှီလဲ့က စိတ်ထဲမှ ကျိတ်ရယ်လိုက်ပြီး ကျောင်းအုပ်ကြီး၏ အကောင့်ဖြင့် ဆာဗာထဲသို့ ရောက်ရှိသွားသည်။
“ဘယ်မှာလဲဟ... ကျောင်းသားသစ်တွေရဲ့ အဆောင်နေရာ ချထားတဲ့ ဖိုင်...”
ရှီလဲ့သည် ဖိုင်အစီအရင် မကျနသော ဆာဗာအက်ဒမင်ကို စိတ်ထဲမှ ကျိန်ဆဲရင်း သုံးမိနစ်ခန့် ရှာဖွေပြီးနောက် “SP” ဟု အမည်ပေးထားသော ဒေတာဘေ့စ် (Database) ဖိုင်တစ်ခုကို တွေ့လိုက်ရသည်။
“တောက် SP ဆိုတာ ‘စူးဖေ’ ရဲ့ အတိုကောက်လား ပင်းယင်း အတိုကောက်နဲ့ နာမည်ပေးထားတာလား” ရှီလဲ့မှာ ဆာဗာအက်ဒမင်၏ ညံ့ဖျင်းသော အရည်အချင်းကို အံ့သြမဆုံး ဖြစ်သွားသည်။
SP ဖိုင်ထဲသို့ ဝင်ရောက်ပြီးနောက် ရှီလဲ့သည် လင်ယွိမော့၏ အချက်အလက်များကို ရှာဖွေကာ ယခုနှစ်အတွက် အကောင်းဆုံး အဆောင်နေရာကို ရွေးချယ်ပေးလိုက်သည်။
“ဝါး ပါရဂူတန်း တွေနေတဲ့ အဆောင်လား” ရှီလဲ့ အံ့သြသွားသည်။
ရွှမ်ချင်းတက္ကသိုလ်၏ ပါရဂူဆောင်များမှာ များသောအားဖြင့် အိပ်ခန်းတစ်ခန်း၊ ရေချိုးခန်းနှင့် မီးဖိုချောင် ပါဝင်သည့် တစ်ကိုယ်တော် အခန်းများ ဖြစ်သည်။ တစ်ခါတစ်ရံ အိပ်ခန်းနှစ်ခန်းပါသော အဆောင်များပင် ရှိတတ်သည်။
ယခုနှစ်တွင် ကျောင်းသားသစ် များပြားလွန်းသဖြင့် အဆောင်များ အားလုံး ချထားပေးပြီးနောက် ပါရဂူဆောင်တွင် နေရာလွတ် လေးခု ကျန်ရှိနေခဲ့သည်။ ထို့ကြောင့် ထိုနေရာများကို ကျောင်းသားသစ်များကို ပေးရန် စီစဉ်ထားခြင်း ဖြစ်သည်။
ရှီလဲ့သည် ထိုကံကောင်းသူ လေးဦးထဲတွင် လင်းယွိီမော့ကို ဦးဆုံး ထည့်သွင်းလိုက်သည်။ ထို့နောက် သူ၏ အတိတ်ဘဝမှ အရင်းနှီးဆုံး သူငယ်ချင်းများကို နာမည်ဖြင့် ရှာဖွေလိုက်သည်။
“လီချိုင်.. အေး... လီချိုင်... မင်းကတော့ ဒီဘဝမှာလည်း ငါနဲ့အတူ နေရမယ့် ကံကြမ္မာကနေ လွတ်မှာ မဟုတ်ဘူး”
လီချိုင်သည် ချန်အန်းမြို့မှ ဖြစ်ပြီး သူ၏ဖခင်မှာ အလွန်စွမ်းအားကြီးသူ တစ်ဦးဖြစ်သည်။ သူ၏ဖခင် လီအိုက်ကော် မှာ ချန်အန်း လေယာဉ်လုပ်ငန်း သုတေသနဌာန၏ ညွှန်ကြားရေးမှူး ဖြစ်သည်။
“မင်းက အရင်ဘဝတုန်းက ငါ့ကို ကောင်းကောင်း စောင့်ရှောက်ခဲ့တာ..ဒီဘဝမှာတော့ ငါက မင်းကို ပြန်စောင့်ရှောက်ပါ့မယ်”
ရှီလဲ့သည် သူနှင့် လီချိုင်၏ အချက်အလက်များကို အိပ်ခန်းနှစ်ခန်းနှင့် ဧည့်ခန်းပါသော ပါရဂူဆောင်ထဲသို့ ထည့်လိုက်သည်။ လင်းယွိီမော့၏ အခန်းမှာမူ ရှီလဲ့တို့အခန်း၏ မျက်နှာချင်းဆိုင်တွင် ဖြစ်သည်။
“ရှောင်မော့... မင်း ဘယ်သူနဲ့ အတူနေချင်လဲ”
လင်ယွိမော့က ခေါင်းခါပြကာ “စီနီယာ သဘောပါပဲ” ဟု ပြောသည်။
ရှီလဲ့ လုပ်ဆောင်နေသည်မှာ ကျောင်းစည်းကမ်းကို သိသိသာသာ ချိုးဖောက်နေခြင်း ဖြစ်သော်လည်း လင်းယွိီမော့ကဲ့သို့ လိမ္မာသော မိန်းကလေးမှာ စိုးရိမ်စိတ်နှင့်အတူ စိတ်လှုပ်ရှားမှု တစ်ခုကိုပါ ခံစားနေရသည်။
“Ok”
ရှီလဲ့က လက်မထောင်ပြလိုက်သည်။
“နေဦး... အရင်က ကျောင်းအလှမယ်တွေ ဘယ်သူကျန်သေးလဲ... ဪ... ဟုတ်ပြီ၊ မုရွှမ်း ဆိုတဲ့ ရေခဲရုပ်လေး ရှိသေးတာပဲ”
မုရွှမ်းမှာ ရှန့်ကျင်းမြို့မှ ဖြစ်ပြီး သူမ၏ မိသားစုမှာ အလွန်သြဇာကြီးသည်ဟု သတင်းထွက်ဖူးသည်။ ရှီလဲ့ကတော့ အမှန်လား၊ အမှားလား မသိသော်လည်း သူမကိုပါ လင်းယွိီမော့နှင့် အခန်းဖော်အဖြစ် ထည့်သွင်းပေးလိုက်သည်။
“အဟွတ်... အဟွတ်... အဟွတ်”
လင်ယွိမော့က အသံကျယ်ကျယ် ချောင်းဟန့်ကာ ရှီလဲ့ဆီသို့ အပြေးလေး လာခဲ့သည်။ “စီနီယာ... မြန်မြန်လုပ်၊ အစ်မကြီးေကျာက် ပြန်လာပြီ”
ရှီလဲ့သည် အဆောင်ချထားပေးသည့် ဖိုင်ကို ချက်ချင်း Update လုပ်ကာ ကျောင်းအုပ်ကြီး အကောင့်အသုံးပြုခဲ့သည့် အထောက်အထားများကို ဖျက်လိုက်သည်။ ထို့နောက် Scanning Tool ကို ဖျက်ဆီးပြီး Windows System Log များမှ အသုံးပြုခဲ့သည့် မှတ်တမ်းအားလုံးကို ရှင်းလင်းလိုက်သည်။ နောက်ဆုံးတွင် USB ကြိုးကို ဖြုတ်ကာ ဖုန်းနှင့်အတူ အိတ်ကပ်ထဲ ထည့်လိုက်သည်။
ကျောက်ချင်းဟုန်သည် အသက် ၂၀ ကျော်အရွယ် အမျိုးသားတစ်ဦးနှင့်အတူ ရုံးခန်းထဲသို့ ဝင်လာသည်။ ထိုအမျိုးသားမှာ ရိုးရိုးရှင်းရှင်း ဝတ်ဆင်ထားပြီး နူးညံ့သိမ်မွေ့သော မျက်နှာထားရှိသည်။
“အာ... အစ်မကြီး၊ ပြန်လာပြီလား”
ရှီလဲ့က တည်ငြိမ်စွာ မတ်တတ်ရပ်လိုက်ပြီး “အစ်မကြီး... ကွန်ပျူတာက ပြန်ကောင်းသွားပြီ” ဟု ပြောလိုက်သည်။
ကျောက်ချင်းဟုန်က သံသယဖြင့် ထိုင်ချလိုက်ကာ မောက်စ်ကို ရွှေ့ကြည့်သည်။ “မောင်ရင်... ဘယ်လိုလုပ်လိုက်တာလဲ”
ရှီလဲ့က ပြုံးလျက် “ကျွန်တော် ဖုန်းကို ဖြုတ်လိုက်ပြီး Restart ချလိုက်တာ ပြန်ကောင်းသွားတာပဲ”
ကျောက်ချင်းဟုန်က ရှီလဲ့ကို ကြည့်ကာ “ဆရာကျန်း... ကွန်ပျူတာထဲမှာ ဗိုင်းရပ်စ်တွေ ကျန်နေမလားဆိုတာ တစ်ချက်လောက် ကြည့်ပေးပါဦး” ဟု ပြောလိုက်သည်။
ထိုအမျိုးသားမှာ ကွန်ပျူတာခန်းမှ ဆရာကျန်းဆုန့် ပင် ဖြစ်သည်။
ဆရာကျန်းသည် နေရာတွင် ထိုင်ကာ သူအမြဲဆောင်ထားသော USB ကို တပ်လိုက်သည်။ သူသည် အဆင့်မြင့် ဗိုင်းရပ်စ်သတ် ဆော့ဖ်ဝဲလ်တစ်ခုဖြင့် စစ်ဆေးကြည့်သော်လည်း ဗိုင်းရပ်စ်ကြောင့် မဟုတ်ဘဲ System ဟာကွက်ကြောင့် ဖြစ်သဖြင့် ဘာမှ ရှာမတွေ့ပေ။
ထို့ပြင် ဆရာကျန်း၏ အရည်အချင်းမှာလည်း ရှီလဲ့ကို ယှဉ်နိုင်လောက်အောင် မတော်ပေ။
ဆရာကျန်းက ကွန်ပျူတာကို စစ်ဆေးနေစဉ် ရှီလဲ့မှာ စိုးရိမ်ခြင်းမရှိသော်လည်း လင်းယွိီမော့မှာမူ အသက်ရှူသံပင် မြန်လာသည်။ ရှီလဲ့က လင်းယွိီမော့ကို ကြည့်လိုက်ရာ သူမကလည်း သူ့ကို ပြန်ကြည့်နေသည်။
‘စိတ်မပူနဲ့’ ဟု ရှီလဲ့က နှုတ်ခမ်းလှုပ်ရုံဖြင့် ပြောလိုက်သည်။
လင်းယွိီမော့က နှုတ်ခမ်းဖတ်ခြင်းကို နားမလည်သဖြင့် ရှီလဲ့က သူမ၏ အေးစက်နေသော လက်ကလေးကို လှမ်းကိုင်ကာ အနည်းငယ် ညှစ်၍ စိတ်လျှော့ရန် အချက်ပြလိုက်သည်။
“ဆရာကျန်း... ဗိုင်းရပ်စ် တွေ့လား” ကျောက်ချင်းဟုန်က စိုးရိမ်တကြီး မေးသည်။
ဆရာကျန်းက ခေါင်းညိတ်ကာ “ဗိုင်းရပ်စ်တော့ ရှိတယ်၊ ဒါပေမယ့် ဒီဗိုင်းရပ်စ်တွေက စကရင်ပြာအောင် လုပ်နိုင်တဲ့ အမျိုးအစား မဟုတ်ဘူး အင်တာနက် အကောင့်တွေကို ခိုးယူတဲ့ အမျိုးအစားတွေပါ.. အစ်မကြီးကျောက် စိတ်မပူပါနဲ့၊ စောစောကပြာသွားတာက ကွန်ပျူတာရဲ့ မှတ်ဉာဏ် ပြည့်လျှံသွားလို့ ဖြစ်တာပါ” ဟု ရှင်းပြသည်။
ကျောက်ချင်းဟုန်က သက်ပြင်းချကာ “ဒါဆို ဘာမှ မဖြစ်တော့ဘူးပေါ့နော်”
ဆရာကျန်းက ပြုံး၍ “စိတ်ချပါ၊ ဘာမှ မဖြစ်ပါဘူး”
ရှီလဲ့ကလည်း ရင်ဘတ်ကို ပုတ်ကာ “အူးရား... တော်သေးတာပေါ့၊ ကျွန်တော်ဖြင့် ကြောက်လိုက်ရတာ” ဟု ဟန်ဆောင်ပြောလိုက်သည်။
“ကဲ... ကွန်ပျူတာလည်း ပုံမှန်ပြန်ဖြစ်ပြီ ကျောင်းသား... ဖုန်းကို ပြန်ချိတ်ဦးမလား” ကျောက်ချင်းဟုန်က ရှီလဲ့ကို မေးသည်။
ရှီလဲ့က လက်ခါပြကာ “မချိတ်တော့ပါဘူး၊ အင်တာနက်ဆိုင် သွားပြီးပဲ လုပ်တော့မယ်အစ်မကြီး... ရှောင်မော့ရဲ့ အဆောင်နံပါတ်လေး အရင်စစ်ပေးလို့ ရမလား”
ကျောက်ချင်းဟုန်က ခေါင်းညိတ်ကာ လင်းယွိီမော့၏ ကျောင်းဝင်ခွင့်စာရွက်ကို ယူ၍ နံပါတ်ရိုက်ထည့်ကာ စစ်ဆေးလိုက်သည်။
“ဟယ်”
ကျောက်ချင်းဟုန်က အံ့သြတကြီး ပြောလိုက်သည် “ရှောင်မော့... မင်းရဲ့ ကံကတော့ တကယ့်ကို ကောင်းတာပဲ ဒီနှစ် ပါရဂူဆောင်မှာ နေရာလွတ် လေးခုပဲ ရှိတာ၊ အဲဒါကို မင်းက တစ်နေရာ ရသွားတာပဲ”
ရှီလဲ့က သွားဖြဲပြကာ “ရှောင်မော့... ဂုဏ်ယူပါတယ်” ဟု ပြောရင်း ဆရာကျန်းဘက်သို့ လှည့်ကြည့်လိုက်သည်။
ဆရာကျန်းကလည်း ရှီလဲ့ကို အဓိပ္ပာယ်ပါသော အပြုံးဖြင့် ပြန်ကြည့်နေသည်။
ရှီလဲ့က မျက်တောင်တစ်ချက် ခတ်ပြလိုက်ရာ ဆရာကျန်းက သူ့ကို ချီးကျူးသည့်အနေဖြင့် လက်မထောင်ပြလိုက်လေတော့သည်။
အခန်း - ၄
သော့ရရှိပြီးနောက် သူတို့နှစ်ဦး အဆောင်စီမံခန့်ခွဲရေးရုံးခန်းမှ ထွက်လာခဲ့ကြသည်။ လင်းယွိီမော့က တိုးတိုးလေး မေးရှာသည် - “စီနီယာ... ပါရဂူဆောင် ဆိုတာ ဘာလဲဟင်”
“ရှောင်မော့... ခဏနေရင် မင်းမျက်စိနဲ့ကိုယ်တိုင် မြင်ရမှာပါ” ရှီလဲ့က လင်းယွိီမော့ကို ပါရဂူဆောင်ရှိရာဘက်သို့ ကျွမ်းကျင်စွာ ခေါ်ဆောင်သွားသည်။
ပါရဂူဆောင်တွင် အဆောက်အအုံ နှစ်လုံးရှိပြီး တစ်လုံးလျှင် ၁၉ ထပ်စီ ရှိသည်။ တစ်ထပ်လျှင် အခန်း ၆ ခန်းစီ ရှိရာ အခန်းနံပါတ် (၁) နှင့် (၂) မှာ အိပ်ခန်းနှစ်ခန်းနှင့် ဧည့်ခန်းပါသော အခန်းများဖြစ်ပြီး၊ နံပါတ် (၃) မှ (၆) အထိမှာမူ အိပ်ခန်းတစ်ခန်းနှင့် ဧည့်ခန်းပါသော အခန်းများ ဖြစ်သည်။ ပါရဂူတန်း ကျောင်းသားများအပြင် ကျောင်းတွင်နေထိုင်သည့် ဆရာအချို့လည်း ထိုနေရာတွင် နေထိုင်ကြသည်။
လင်းယွိီမော့နှင့် မုရွှမ်းတို့၏ အခန်းမှာ အခန်းအမှတ် ၅၀၂ ဖြစ်ပြီး ရှီလဲ့နှင့် လီချိုင်တို့၏ အခန်းမှာမူ ၎င်းနှင့် မျက်နှာချင်းဆိုင်ရှိ ၅၀၁ ဖြစ်သည်။ နှစ်ခန်းလုံးမှာ ပထမအဆောက်အအုံတွင် ဖြစ်သည်။
ဓာတ်လှေကားထဲတွင် လင်ယွိမော့မှာ အနည်းငယ် စိုးရိမ်နေပုံရသည်။ “စီနီယာ... ကျွန်မ...”
ရှီလဲ့က လက်ညှိုးလေးထောင်ကာ “ရှူး...” ဟု အချက်ပြလိုက်သည်။
ဓာတ်လှေကားမှာ ငါးထပ်မြောက်တွင် ရပ်သွားသည်။ အခန်း ၅၀၂ မှာ ဘယ်ဘက်ခြမ်းတွင် ရှိသည်။ “ရှောင်မော့... တံခါးဖွင့်လိုက်လေ”
လင်းယွိီမော့၏ မျက်နှာလေးမှာ အနည်းငယ် နီမြန်းနေသည်။ ရှီလဲ့ကို အခန်းထဲ ပေးဝင်သင့်၊ မဝင်သင့် သူမ စိတ်ထဲတွင် ဒွိဟဖြစ်နေရှာသည်။ ထိုစဉ် လင်းထိန်နေသော စင်္ကြံလမ်းတွင် အလုပ်လုပ်နေသည့် စောင့်ကြည့်ကင်မရာ နှစ်လုံးကို မြင်လိုက်ရမှ သူမ အနည်းငယ် စိတ်အေးသွားသည်။
“ဪ... ဟုတ်ကဲ့”
လင်းယွိီမော့သည် သော့ထုတ်ကာ တံခါးကို ဖွင့်လိုက်သည်။ ရှီလဲ့ကတော့ အိမ်ရှင်တစ်ယောက်လိုပင် ခရီးဆောင်အိတ်ကို ဆွဲကာ အထဲသို့ အရင်ဝင်သွားတော့သည်။ လင်းယွိီမော့ နောက်ကလိုက်ဝင်လာပြီး ဧည့်ခန်းထဲသို့ ရောက်သောအခါ မှင်တက်သွားရသည်။
ဧည့်ခန်းထဲတွင် ရိုးရှင်းသော ဆိုဖာအိအိလေးနှင့် မှန်ကော်ဖီစားပွဲတစ်ခု ရှိသည်။ LCD တီဗွီမှာ ပလတ်စတစ်အကာဖြင့် အုပ်ထားဆဲဖြစ်ပြီး ထောင့်တစ်နေရာတွင် အဲယားကွန်း တစ်လုံး ရှိနေသည်။ နံရံတွင် ကပ်ထားသော ရေခဲသေတ္တာတစ်လုံးလည်း ရှိသေးသည်။ မျက်နှာကြက်မှ မီးဆိုင်းလေးများနှင့် နောက်ခံနံရံကပ်စက္ကူတို့မှာ နွေးထွေးသော အငွေ့အသက်ကို ပေးစွမ်းနေသည်။
လင်းယွိီမော့က အံ့အားသင့်စွာရေရွတ်သည် - “စီနီယာ... ရှင် ဘာတွေလုပ်လိုက်တာလဲ ဒါ... ဒါက ကျောင်းသားဆောင် ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
ရှီလဲ့က ရယ်ရုံသာ ရယ်နေပြီး အဖြေမပေးပေ။ ထိုအစား “မင်းရဲ့ အိပ်ခန်းကို သွားကြည့်ရအောင်” ဟု ဆိုလိုက်သည်။
လင်းယွိမော့သည် သံသယစိတ်များဖြင့် ‘A’ ဟု ရေးထားသော အိပ်ခန်းတံခါးကို ဖွင့်လိုက်သည်။ စတုရန်းမီတာ ၂၀ ခန့်ရှိပြီး ဝရန်တာလေးပါသော အိပ်ခန်းတစ်ခု ပေါ်ထွက်လာသည်!
အခန်းထဲတွင် နံရံကပ်အဲယားကွန်း၊ သက်သောင့်သက်သာရှိသော ကုတင်ကြီးတစ်လုံး၊ ဗီရိုအကြီးကြီး၊ အိပ်ရာဘေး စားပွဲလေးနှင့် မီးအိမ်လေးတို့ ရှိနေသည်။ ကုတင်ခြေရင်းတွင်မူ မှန်သားအမည်းဖြင့် ပြုလုပ်ထားသော ကွန်ပျူတာစားပွဲနှင့် အင်တာနက်လိုင်း ချိတ်ဆက်စရာ နေရာတို့လည်း အဆင်သင့် ရှိနေသည်။
ဒါဟာ ကျောင်းသားဆောင်ထက် ဟိုတယ်အခန်းတစ်ခုနှင့် ပိုတူနေသည်။လင်းယွိီမော့မှာ အံ့သြလွန်း၍ ဆွံ့အသွားရသည်။
ရှီလဲ့က လက်ဖျောက်တစ်ချက်တီးကာ မျက်မှန်ကို ပင့်တင်လိုက်သည် - “ရှောင်မော့... မီးဖိုချောင်နဲ့ ရေချိုးခန်းကိုလည်း လာကြည့်ဦးလေ”
မီးဖိုချောင်တွင် အဝတ်လျှော်စက် ပါဝင်သော ဝရန်တာလေး ရှိပြီး မိုက်ခရိုဝေ့ဗ် နှင့် လျှပ်စစ်မီးဖို အပါအဝင် မီးဖိုချောင်သုံးပစ္စည်း အစုံအလင် ရှိသည်။ ရေချိုးခန်းက ပို၍ပင် အံ့သြစရာကောင်းသည်။ အလွန်ကျယ်ဝန်းသော ရေချိုးခန်းထဲတွင် ရေချိုးကန် တစ်ခုပင် ရှိနေသည်။
လင်းယွိီမော့မှာ ဒါကိုမြင်သောအခါ ရယ်ရမလို၊ ငိုရမလို ဖြစ်သွားပြီး ဧည့်ခန်းထဲ ပြန်လာကာ ဆိုဖာပေါ်တွင် ထိုင်ချလိုက်သည်။
ရှီလဲ့က ဆိုဖာတစ်ဖက်တွင် ပျင်းရိပျင်းတွဲ ထိုင်ကာ ခြေထောက်ကို မှန်စားပွဲပေါ် တင်လိုက်သည် - “ရှောင်မော့... ကျေနပ်ရဲ့လား”
လင်းယွိီမော့က အနည်းငယ် စိတ်ဆိုးမာန်ဆိုးဖြင့် “စီနီယာ... ရှင် ဘာတွေလုပ်လိုက်တာလဲ ကျွန်မအဆောင်က ဒီမှာဆိုတာ သေချာလို့လား ဒီလောက်ကောင်းတဲ့ အဆောင်က ဆရာတွေအတွက် ပြင်ထားတာ ဖြစ်ရမယ်”
ရှီလဲ့က ပခုံးတွန့်ပြသည် - “မင်းပြောတာ မှန်တယ် ဒါက တကယ်တော့ အိမ်ထောင်သည် ဆရာတွေအတွက် ပြင်ဆင်ထားတဲ့ အဆောင်ပဲ”
လင်းယွိီမော့က ထိတ်လန့်တကြား ဆိုသည် - “ဒါဆို... အစ်မကြီးကေျာက်ဆီ အမြန်သွားပြီး အကျိုးအကြောင်း ရှင်းပြရအောင်လေ”
ရှီလဲ့က ရယ်မောကာ “ရှောင်မော့... မလောပါနဲ့ ဒီနှစ် ကျောင်းသားသစ်တွေ များလွန်းလို့ အဆောင်မလောက်လို့ ဒီလို ကျောင်းသားဆောင် နှစ်ဆောင်ကို ယာယီ စီစဉ်ပေးထားတာပါ” ဟု လိမ်ညာလိုက်သည်။
လင်းယွိီမော့က သံသယဖြင့် ကြည့်ကာ “စီနီယာ... တကယ်ပြောနေတာလား”
“တကယ်ပေါ့” ရှီလဲ့က ရင်ဘတ်ကို ပုတ်ကာ “ငါ့ရဲ့ သိက္ခာနဲ့ အာမခံတယ်”
လင်းယွိီမော့က တိုးတိုးလေး ရေရွတ်သည် - “ရှင့်မှာ သိက္ခာရှိမရှိ ဘယ်သူသိမှာလဲ”
ရှီလဲ့က ခေါင်းစောင်းကြည့်ကာ “ရှောင်မော့... မင်း ဘာပြောလိုက်တာလဲ”
လင်းယွိီမော့က တခိခိရယ်ကာ “ဘာမှမဟုတ်ပါဘူး... ဒါနဲ့ စီနီယာ၊ ကျွန်မရဲ့ အခန်းဖော်က ဘယ်သူလဲဟင်”
ရှီလဲ့က မျက်ခုံးပင့်ကာ ထူးဆန်းသော အပြုံးဖြင့် “ခန့်မှန်းကြည့်လေ”
လင်းယွိီမော့က မျက်မှောင်ကြုတ်ကာ “စီနီယာ... ရှင်တော့... မဟုတ်ပါဘူးနော်”
“ဂုဏ်ယူပါတယ် မင်း ခန့်မှန်းတာ မှန်သွားပြီ” ရှီလဲ့က လက်ခုပ်တီးကာ ပြောလိုက်သည်။
လင်းယွိီမော့၏ မျက်နှာမှာ ချက်ချင်း ပျက်ယွင်းသွားသည် - “စီနီယာ... ဒါကတော့... ဒါကတော့...” သူမ ရှီလဲ့အပေါ် ထားရှိခဲ့သော အထင်ကြီးမှုအားလုံးမှာ ဆိုက်ဘေးရီးယားသို့ လွင့်စင်သွားသလို ခံစားလိုက်ရသည်။
ရှီလဲ့က မတ်တတ်ရပ်ကာ လူမိုက်ဟန်ဖြင့် “ကောင်မလေး... မင်း ငါနဲ့အတူတူ နေရတော့မှာ” ဟု စနောက်လိုက်သည်။
လင်းယွိီမော့၏ မျက်ဝန်းများ အေးစက်သွားကာ “စီနီယာ... ကျေးဇူးပြုပြီး ကိုယ့်ကိုယ်ကိုယ် လေးစားပါဦး” ဟု နှာခေါင်းရှုံ့ပြောလိုက်သည်။
ရှီလဲ့က ရယ်မောကာ ပြန်၍ ချော့မော့လိုက်သည် - “အိုကေ... အိုကေ... မစတော့ဘူး မင်းရဲ့ အခန်းဖော်က စီးပွားရေးစီမံခန့်ခွဲမှုဌာန က အလှလေးတစ်ယောက်ပါ”
လင်းယွိီမော့မှာ ရှီလဲ့ကို စိတ်တိုသွားသော်လည်း သူမ၏ အထင်ကြီးမှုများမှာ ဆိုက်ဘေးရီးယားမှ ပြန်လည်ရောက်ရှိလာခဲ့သည်။
“တကယ်လား”
“တကယ်ပေါ့” ရှီလဲ့က သူ၏ ခရီးဆောင်အိတ်ကို ဖွင့်ကာ လက်တော့ပ် ကို ထုတ်လိုက်သည်။ “ရှောင်မော့... မင်း ဒီမှာပဲ လိမ္မာပါးနပ်စွာ အဆောင်ကို သန့်ရှင်းရေးလုပ်နေဦး ငါကတော့ အခု အရေးကြီးကိစ္စ ရှိလို့ မင်းကို ကူမပေးနိုင်တော့ဘူး..ငါ့အိတ်တွေကို ခဏထားခဲ့မယ်၊ နောက်မှ ပြန်လာယူမယ်... ဪ... ဒါနဲ့၊ အဆောင်အကြောင်းကို ဘယ်သူ့ကိုမှ မပြောနဲ့ဦးနော်..”
ရှီလဲ့သည် လက်တော့ပ်ကို ဘယ်ဘက်ဂျိုင်းကြားတွင် ညှပ်ကာ နှုတ်ဆက်၍ ထွက်ခွာသွားသည်။ လင်းယွိီမော့မှာ ထွက်သွားသော ရှီလဲ့ကို ကြည့်ရင်း အနည်းငယ် ဟာတာတာ ဖြစ်ကျန်ခဲ့သော်လည်း ဇိမ်ခံအဆောင်ကို မြင်ကာ ပြန်လည်ပျော်ရွှင်သွားရှာသည်။
ရှီလဲ့သည် ကျောင်းစာကြည့်တိုက်သို့ သွားခဲ့သည်။ ကျောင်းသားကတ် မရှိသေးသဖြင့် အထဲသို့ ဝင်ရန် မကြိုးစားဘဲ အနီးနားရှိ ခုံတန်းတစ်ခုတွင် ထိုင်ကာ လက်တော့ပ်ကို ဖွင့်လိုက်သည်။ သူသည် ကျောင်းဆာဗာထဲသို့ ထပ်မံဝင်ရောက်ကာ သူ၏ အမည်နှင့် ကျောင်းဝင်ခွင့်နံပါတ်ကို ကျောင်းအပ်စနစ်ထဲသို့ ထည့်သွင်းလိုက်သည်။
အတိတ်ဘဝက ကမ္ဘာ့ထိပ်တန်း ဟက်ကာတစ်ဦးဖြစ်သော ရှီလဲ့အတွက် ဤကျောင်းစနစ်မှာ ဟာကွက်များစွာ ရှိနေသော ငါးဖမ်းပိုက်တစ်ခုကဲ့သို့ပင်။ သူ၏ အချက်အလက်များကို အောင်မြင်စွာ ထည့်သွင်းပြီးနောက် ရှီလဲ့မှာ လေချွန်ရင်း ထွက်ခွာလာခဲ့သည်။
ကျောင်းသားသစ်များ ကျောင်းအပ်ရန် နောက်ဆုံးရက်မှာ စက်တင်ဘာလ ၃ ရက် ဖြစ်ပြီး ၄ ရက်နေ့မှစ၍ ၂၆ ရက်ကြာ စစ်ပညာသင်တန်း တက်ရောက်ရမည် ဖြစ်သည်။ ရှီလဲ့ကတော့ ထိုသင်တန်းကို မတက်ချင်ပေ။
ပင်ပန်းမှာ ကြောက်၍ မဟုတ်ဘဲ သင်တန်းကာလအတွင်း ကျောင်းတစ်ခုလုံးကို တုန်လှုပ်စေမည့် ကိစ္စတစ်ခု ဖြစ်ပွားရန် ရှိနေသောကြောင့်ပင်။ ရှီလဲ့သည် ထိုကိစ္စကို တားဆီးရမည် ဖြစ်သဖြင့် သင်တန်းတက်နေ၍ မဖြစ်ပေ။
သို့သော် သင်တန်းကို မတက်ဘဲ ရှောင်ရန်မှာ ဆေးစာရှိမှသာ ဖြစ်နိုင်သည်။ ထို့ကြောင့် ရှီလဲ့သည် အတုလုပ်၍ မရသော၊ ခိုင်လုံသော ဆေးစာတစ်ခု ရရှိရန် စီစဉ်ရတော့သည်။
သူသည် ရွှမ်ချင်းမြို့ရှိ နာမည်ကြီး တိုင်းရင်းဆေးရုံကြီးသို့ သွားခဲ့သည်။ ထိုဆေးရုံမှာ နည်းပညာအသစ်များ အသုံးပြုနေပြီဖြစ်ရာ ရှီလဲ့သည် ဆေးရုံ၏ ဆာဗာကို အလွယ်တကူ ဖောက်ထွင်းဝင်ရောက်လိုက်သည်။
သူသည် တိုင်းရင်းဆေးဌာနမှ အတွေ့အကြုံရင့် ဆရာဝန်ကြီးတစ်ဦးကို ပစ်မှတ်ထားကာ ဆေးမှတ်တမ်းကို အတုပြုလုပ်ရန် ဆုံးဖြတ်လိုက်သည်။ အကြောင်းမှာ ဆရာဝန်ကြီးများမှာ လူနာများလွန်းသဖြင့် လူနာတိုင်းကို မမှတ်မိနိုင်သောကြောင့်ပင်။
ရှီလဲ့ ရွေးချယ်လိုက်သော ရောဂါမှာ ‘မီနီယာ ရောဂါစု’ ဖြစ်သည်။ ထိုရောဂါ၏ လက္ခဏာများမှာ ခေါင်းမူးခြင်း၊ နားအူခြင်းနှင့် ပျို့အန်ခြင်းတို့ ဖြစ်သည်။ ထိုရောဂါမှာ ဖြစ်ရသည့်အကြောင်းရင်းကို တိကျစွာ မသိရသလို၊ စက်ကိရိယာများဖြင့် စစ်ဆေးလျှင်လည်း တိကျစွာ ရောဂါရှာမတွေ့နိုင်ပေ။ လူနာ၏ ပြောပြချက်အပေါ်တွင်သာ အဓိက မူတည်သည်။
ရှီလဲ့သည် လွန်ခဲ့သော ခြောက်လကတည်းက ဆေးရုံတွင် ဆေးကုသမှု ခံယူနေခဲ့သည့်ပုံစံမျိုးဖြင့် ဆေးမှတ်တမ်းကို ဆာဗာအတွင်း၌ ဖန်တီးလိုက်သည်။
“အဟဲ... ဒီရောဂါပဲ”