အခန်း (၇-၈)
Vol. 1 Ch. 7-8
အခန်း - ၇
အနီးနားရှိ တက္ကသိုလ်များမှ ကျောင်းသားသစ်များ ရောက်ရှိလာခြင်းနှင့်အတူ လမ်းမကြီးသည် တစ်ဖန်ပြန်၍ လူသူထူထပ် စည်ကားလာပြန်သည်။
ရှီလဲ့ က ရှေ့ကဦးဆောင်ရင်း မနီးမဝေးရှိ အနီရောင်ဆိုင်းဘုတ်တစ်ခုကို ညွှန်ပြလိုက်သည်။ “မြေကမ္ဘာမီးဟော့ပေါ့ ဒီလမ်းမှာတော့ ရွှမ်ချင်းဟော့ပေါ့ အရသာစစ်စစ်ကို ဒီဆိုင်မှာပဲ ရနိုင်တာ”
လင်းယွီမော့က တခိခိရယ်ကာ - “မြေကမ္ဘာမီး”
မုရွှမ်း က ရှန့်ကျင်းသူဖြစ်သဖြင့် ရွှမ်ချင်းမြို့၏ ဒေသသုံးစကားကို နားမလည်ပေ။ “ညီမလေးယွီမော့... မြေကမ္ဘာမီးဆိုတာ ဘာဖြစ်လို့လဲ”
လီချိုင် ကလည်း နားမလည်နိုင်သော မျက်နှာပေးဖြင့် ကြည့်နေသည်။
လင်းယွီမော့က ရှီလဲ့ကို တစ်ချက်ကြည့်လိုက်ပြီးမှ ရှင်းပြသည် - “မြေကမ္ဘာမီး ဆိုတာက တောသား၊ လူတောမတိုးတဲ့သူလို့ အဓိပ္ပာယ်ရတာ မိစ္စာရှီ... ဒီဟော့ပေါ့ဆိုင်နာမည်က ဘာလို့ ဒီလောက် ထူးဆန်းနေရတာလဲ”
ရှီလဲ့က ပခုံးတွန့်ပြရင်း - “ကိုယ်လည်း မသိဘူးလေ”
သူတို့လေးဦး ‘မြေကမ္ဘာမီး’ ဆိုင်ထဲသို့ ဝင်လာကြရာ လူများဖြင့် ပြည့်နှက်နေသည်ကို တွေ့ရသည်။ ထိုဆိုင်တွင် သီးသန့်ခန်းများမရှိဘဲ ခန်းမကျယ်ကြီးသာ ရှိ၏။ ခန်းမထဲတွင် စားပွဲနှစ်လုံးသာ လွတ်တော့သည်။
စားပွဲထိုးက လုပ်ငန်းခွင်အပြုံးဖြင့် အနားသို့ ရောက်လာကာ - “ဟယ်လို... လေးယောက်ပါလား ခင်ဗျာ”
ရှီလဲ့က ခေါင်းညိတ်ပြလိုက်သည်။ “ဟုတ်တယ်၊ လေးယောက်”
စားပွဲထိုးက သူတို့ကို စတုရန်းပုံစားပွဲတစ်ခုဆီ ခေါ်သွားပြီးနောက် - “ဟော့ပေါ့ရည်ကို အစပ်ချည်းပဲလား၊ ဒါမှမဟုတ် မန်ဒရင်းဘဲ လား ခင်ဗျာ”
ရွှမ်ချင်းမြို့သားမဟုတ်သော မုရွှမ်းနှင့် လီချိုင်တို့ကို အားနာသဖြင့် ရှီလဲ့က ယဉ်ကျေးစွာပင် နှစ်မျိုးပါသောအိုးကိုသာ မှာလိုက်သည်။ ဟော့ပေါ့အိုးနှင့်အတူ သူတို့မှာထားသော ဟင်းလျာများမှာလည်း မကြာမီမှာပင် စုံစုံလင်လင် ရောက်ရှိလာသည်။
ရှီလဲ့သည် မိန်းကလေးချောချောနှစ်ယောက်ရှေ့တွင် ရှိနေသည်ကို ဂရုမစိုက်ဘဲ အားရပါးရ စားသောက်လေသည်။ သူ၏ ပေါ့ပေါ့ပါးပါးနေတတ်မှုကြောင့် ကျန်သုံးယောက်လည်း အားနာမနေတော့ဘဲ စတင်စားသောက်ကြတော့သည်။ ဆိုင်၏ အရသာမှာ တကယ်ပင် ကောင်းမွန်လှသဖြင့် သူတို့အားလုံး အစာစားချင်စိတ် တဟုန်ထိုး တက်ကြွလာကြသည်။
သူတို့ ဗိုက်တော်တော်လေး ပြည့်လာချိန်တွင် ဆံပင်အရောင်မျိုးစုံ ဆိုးထားသော လူမိုက်လေးယောက် သူတို့ဘေးစားပွဲသို့ ရောက်လာသည်။ ဆံပင်ရွှေဝါရောင်နှင့် ဘယ်ဘက်နားတွင် နားကပ်တပ်ထားသော လူမိုက်က မုရွှမ်းနှင့် လင်းယွီမော့တို့ကို မြင်သောအခါ လေချွန်လိုက်ပြီး -
“ဝိုး... လှလှလေးတွေပါလား”
မုရွှမ်းက မျက်မှောင်ကြုတ်ကာ ထိုလူမိုက်ကို အေးစက်စက် စိုက်ကြည့်လိုက်သည်။ သို့သော် ထိုကောင်က နောက်ဆုတ်မသွားသည့်အပြင် ပို၍ပင် ရဲတင်းလာကာ - “ညီမလေး... ဘာကြည့်နေတာလဲ..ကိုယ့်ကို အရမ်းချောတယ်လို့ ထင်လို့လား.. ကိုယ့်ရဲ့ ရည်းစားလုပ်ချင်လို့လား”
ရှီလဲ့က လက်ရှိသုံးနေသော တူကို ချလိုက်ပြီး ထိုလူမိုက်လေးယောက်ကို ကြည့်လိုက်သည်။ အရင်ဘဝကဆိုလျှင် သူ သူတို့ကို ကြောက်ကောင်းကြောက်နိုင်သော်လည်း၊ အခုတော့ သူသည် လျှို့ဝှက်အဖွဲ့အစည်းတစ်ခုတွင် လေ့ကျင့်မှုများ ရထားပြီးသားဖြစ်သည်။ ဒီလိုလူမိုက်လေးယောက်ကို သူ ဘာကြောင့် ကြောက်နေရမည်နည်း။
“ဟေး... အမှိုက်လေးကောင်၊ မင်းတို့ရှေ့မှာ အစ်ကိုရှီ ရှိနေတာ မမြင်ဘူးလား.. အစ်ကိုရှီ့ရဲ့ ရည်းစားကို အစ်ကိုရှီ့ရှေ့မှာတင် လာနှောင့်ယှက်ရဲတယ်ပေါ့လေ... အသက်မရှင်ချင်တော့ဘူးလား”
နားကပ်နှင့်ကောင်က ရှီလဲ့ကို အထင်သေးစွာ ကြည့်ရင်း - “အစ်ကိုရှီ ဟွန့် မင်းက ဘာကောင်မလို့လဲ”
ရှီလဲ့က ထရပ်လိုက်ပြီး မျက်မှန်ကို အသာပင့်တင်ကာ ထိုကောင်ဆီ လျှောက်သွားသည်။ တစ်မီတာခန့်အကွာတွင် ရပ်လိုက်ပြီး မျက်လုံးကို အသာမှေးလျက် - “အမှိုက်လေး... အစ်ကိုရှီ့ရည်းစားကို အခုချက်ချင်း တောင်းပန်လိုက်၊ မဟုတ်ရင်တော့...”
ထိုကောင်က လှောင်ပြုံးပြုံးကာ - “မျက်မှန်နဲ့ကောင်... ငါ တောင်းမပန်ရုံတင်မကဘူး၊ မင်းရဲ့ရည်းစားကို ငါနဲ့အတူ ထမင်းစားဖို့ပါ ခေါ်ဦးမှာ”
ရှီလဲ့က ရယ်မောလိုက်ပြီး - “စားပြီးရင် မင်းနဲ့အတူ ကစားပေးစေချင်သေးတာလား တုန်းဟိုင်နန်းတော် မှာ သီချင်းသွားဆိုချင်သေးလား”
ထိုလူမိုက်၏ မျက်လုံးများ အရောင်တောက်သွားကာ - “အဲဒီအကြံကတော့...”
“ဖြောင်း”
ရှီလဲ့၏ ညာလက်က နားကပ်နှင့်ကောင်၏ ပါးကို အားပါပါ ရိုက်ချလိုက်ရာ ထိုကောင် ကြမ်းပြင်ပေါ်သို့ ခွေကျသွားတော့သည်။
“မင်း မင်း ငါ့ကို ရိုက်ရဲတယ်ပေါ့လေ..ငါ ဘယ်သူလဲဆိုတာ မင်း သိလား”
ရှီလဲ့က ထိုကောင်၏ ဝမ်းဗိုက်ကို အားပြင်းပြင်းဖြင့် တစ်ချက် ကန်လိုက်သည်။ “မင်းကော အစ်ကိုရှီက ဘယ်သူလဲဆိုတာ သိလား”
ကျန်လူမိုက်သုံးယောက် မတုံ့ပြန်နိုင်ခင်မှာပင် ရှီလဲ့က အလျှင်အမြန် လှုပ်ရှားလိုက်ပြီး နောက်တစ်ယောက်၏ နှာခေါင်းကို လက်သီးဖြင့် ထိုးလိုက်ရာ ထိုသူမှာ ချက်ချင်းပင် မူးမေ့သွားတော့သည်။
ကြမ်းပြင်ပေါ်တွင် လဲနေသော နားကပ်နှင့်ကောင်က - “တာ့မောင်၊ အာ့မောင်... ဘာကြည့်နေတာလဲ..သူ့ကို ဝိုင်းချကြလေ..ဘာဖြစ်ဖြစ် ငါ တာဝန်ယူတယ်” ဟု အော်ဟစ်လိုက်သည်။
တာ့မောင်နှင့် အာ့မောင်တို့က တစ်ဦးကိုတစ်ဦး ကြည့်လိုက်ပြီး ရှီလဲ့ဆီသို့ ပြေးဝင်လာကြသည်။ လင်းယွီမော့က ကြောက်လန့်တကြားဖြင့် ပါးစပ်ကို လက်ဖြင့်အုပ်ကာ - “မိစ္စာရှီ... သတိထားဦး”
ရှီလဲ့က အေးအေးဆေးဆေးပင် လင်းယွီမော့ကို ပြန်ဖြေလိုက်သေးသည် - “ရှောင်မော့.. မစိုးရိမ်နဲ့..ဒီအမှိုက်နှစ်ကောင်ကို ရှင်းရတာ ဖုန်ခါရသလောက်ပဲ.. လွယ်ပါတယ်”
ပြောပြောဆိုဆိုပင် ရှီလဲ့က တာ့မောင်နှင့် အာ့မောင်ဆီသို့ တိုးဝင်သွားသည်။ တာ့မောင်က ရှီလဲ့၏ ပေါင်ကို ကန်ရန် ကြိုးစားသော်လည်း ရှီလဲ့က အသာရှောင်ကာ တံတောင်ဖြင့် တာ့မောင့်ရင်ဘတ်ကို တိုက်လိုက်ရာ တာ့မောင်မှာ မျက်စိပြာသွားပြီး လဲကျလုနီးပါး ဖြစ်သွားသည်။
အာ့မောင်က စားပွဲပေါ်မှ ဘီယာပုလင်းကို ယူ၍ ရိုက်ရန်ပြင်စဉ် ရှီလဲ့က မတုန်မလှုပ်ဘဲ အာ့မောင့်လက်မောင်းကို ဖမ်းချုပ်ကာ ညာလက်ဖြင့် ဓားကဲ့သို့ ပိုင်းချလိုက်သည်။
“အား”
အာ့မောင်သည် နာကျင်စွာ အော်ဟစ်ရင်း ကြမ်းပြင်ပေါ်တွင် ဆောင့်ကြောင့်ထိုင်ကျသွားသည်။ ရှီလဲ့က အခွင့်အရေးကို လက်လွတ်မခံဘဲ အာ့မောင့်ဝမ်းဗိုက်ကို အားပါပါ ထပ်ကန်လိုက်ရာ အာမောင်မှာ ဗိုက်ထဲမှ ဘီယာများပင် ပြန်အန်ထွက်လာတော့သည်။
စက္ကန့် ၃၀ အတွင်းမှာပင် လူမိုက်လေးယောက်စလုံး ကြမ်းပြင်ပေါ်တွင် ပြားပြားဝပ်သွားကြသည်။ လင်းယွီမော့က ရှီလဲ့ကို မယုံနိုင်လောက်အောင် ကြည့်နေပြီး၊ မုရွှမ်းကမူ တစ်ခုခုကို စဉ်းစားနေဟန်ရှိသည်။ လီချိုင်မှာမူ စိတ်လှုပ်ရှားလွန်း၍ တုန်ရင်နေ၏။ ဗလမတောင့်သော်လည်း ဤမျှ စွမ်းဆောင်နိုင်သော ရှီလဲ့ကို သူ အံ့ဩနေမိသည်။
ရှီလဲ့သည် နားကပ်နှင့်ကောင်၏ လက်ဖဝါးကို ခြေထောက်ဖြင့် နင်းလိုက်ပြီး ငုံ့ကြည့်ကာ - “အမှိုက်လေး... အခုတော့ အစ်ကိုရှီ ဘယ်လောက်စွမ်းလဲ သိပြီလား”
ထိုကောင်သည် ကြောက်လန့်တကြားဖြင့် - “အစ်ကိုရှီ... တောင်းပန်ပါတယ်... ကျွန်တော်တို့ကို လွှတ်ပေးပါ”
ရှီလဲ့က ရယ်မောရင်း - “ငါ့ကို မတောင်းပန်နဲ့..မင်းတို့ ဘယ်သူ့ကို စော်ကားခဲ့တာလဲ၊ အဲဒီလူဆီမှာ သွားတောင်းပန်”
နားကပ်နှင့်ကောင်က မုရွှမ်းကို အားကိုးတကြီး ကြည့်ကာ - “မမချော... တောင်းပန်ပါတယ်...”
မုရွှမ်းက မျက်နှာပျက်သွားပြီး ရှီလဲ့ကို စိုက်ကြည့်လိုက်သည်။ “ရှီလဲ့... နင် သူတို့ကို ဆုံးမပြီးပြီပဲ၊ လွှတ်ပေးလိုက်ပါတော့”
ရှီလဲ့က ခေါင်းညိတ်ပြပြီး ထိုကောင်၏ ပါးကို ခပ်ဖွဖွ ပုတ်ကာ - “အမှိုက်လေး... နောက်တစ်ခါ အစ်ကိုရှီ့လူတွေကို မြင်ရင် ဘယ်လိုနေရမလဲဆိုတာ မှတ်ထားဦး”
“ဟုတ်... ဟုတ်ကဲ့ပါ အစ်ကိုရှီ့ရဲ့ သဘောထားကြီးမှုအတွက် ကျေးဇူးတင်ပါတယ်”
ရှီလဲ့က မတ်တတ်ရပ်လိုက်ပြီး - “လစ်တော့”
လူမိုက်လေးယောက်မှာ တစ်ဦးကိုတစ်ဦး တွဲကာ ဆိုင်ထဲမှ ကသုတ်ကရက် ထွက်ပြေးသွားကြတော့သည်။
သူတို့ ထိုင်ခုံတွင် ပြန်ထိုင်လိုက်သောအခါ လင်းယွီမော့၏ မျက်လုံးများမှာ ကြယ်လေးများပမာ အရောင်တောက်နေသည်။ “မိစ္စာရှီ... နင်... နင် တော်တော်တော်တာပဲ”
ရှီလဲ့က ဂုဏ်ယူဝင့်ကြွားစွာဖြင့် ခေါင်းမော့လိုက်ကာ - “ဒါပေါ့ အစ်ကိုရှီသာ မတော်ရင် ဘယ်သူတော်ရဦးမှာလဲ”
မုရွှမ်းသည်လည်း ရှီလဲ့၏ လူလည်ပုံစံကို ကြည့်ကာ ရယ်ချင်သွားပြီး - “ရှီလဲ့... အရမ်းလည်း ဘဝင်မမြင့်ပါနဲ့ဦး”
လီချိုင်က တစ်ခုခုပြောချင်သော်လည်း ပြန်မျိုသိပ်ထားလိုက်ရသဖြင့် အနေရခက်နေသည်။ ရှီလဲ့က လီချိုင်၏ စရိုက်ကို ကောင်းကောင်းသိသည်။ လီချိုင်သည် ကလေးရုပ်ပေါက်သော်လည်း စိတ်က လူကြီးစိတ်ဖြစ်ပြီး စက်ပစ္စည်းများနှင့် နည်းပညာကို ရူးသွပ်သူဖြစ်သည်။ နည်းပညာရူးသွပ်သူတိုင်း၏ စိတ်ထဲတွင် သူရဲကောင်းဖြစ်လိုသော အိပ်မက်တစ်ခု ရှိတတ်စမြဲပင်။
“လီချိုင်လေး... အစ်ကိုရှီကို မင်းက ပညာအချို့ သင်ပေးစေချင်လို့လား” ရှီလဲ့က မေးလိုက်သည်။
လီချိုင်က အလန့်တကြား ခေါင်းညိတ်ကာ - “အစ်ကိုရှီ... အားကိုးထိုက်တဲ့ အစ်ကိုရှီ၊ ဒီညီလေးကို သင်ပေးပါဦး”
လင်းယွီမော့က တခိခိ ရယ်ကာ - “လီချိုင် ရယ်... နင်က တုံးအလိုက်တာ၊ နင် သင်နိုင်မယ် မထင်ပါဘူး”
လီချိုင်၏ မျက်နှာမှာ ချက်ချင်း ညှိုးငယ်သွားသည်။
“ဆောရီးနော်” လင်းယွီမော့က အမြန်တောင်းပန်ရင်း ရှင်းပြသည် - “လီချိုင်... မိစ္စာရှီကို အထင်မကြီးနဲ့ဦး...အခုနက သူလုပ်သွားတာက ရိုးရှင်းတဲ့ လက်သီးချက်တွေနဲ့ တံတောင်ချက်တွေပဲ.. ဒါပေမဲ့ မိစ္စာရှီရဲ့ အချက်တိုင်းက လူ့ခန္ဓာကိုယ်ရဲ့ အားနည်းချက်တွေကိုပဲ ထိတာ” ထိုသို့ပြောရင်း သူမက ရှီလဲ့ကို စူးစမ်းစွာကြည့်ကာ - “မိစ္စာရှီ... နင် ဆေးပညာ တတ်တာလား..လူ့ခန္ဓာကိုယ်ရဲ့ အားနည်းချက်တွေကို ဘာလို့ ဒီလောက် သိနေရတာလဲ”
ရှီလဲ့က ရယ်မောလိုက်သည်။ သူသည် အထူးလေ့ကျင့်မှုများ ခံယူခဲ့ရသည်ဟု အမှန်အတိုင်း ပြော၍ မဖြစ်ပေ။ “ရှောင်မော့... မင်းက ဘယ်လိုသိတာလဲ”
လင်းယွီမော့က ဂုဏ်ယူစွာဖြင့် - “ငါက ဆေးပညာ လေ့လာဖူးတာပေါ့... ငါ့အမေက ဆရာဝန်လေ၊ ငယ်ငယ်ကတည်းက ငါ့ကို ဆေးပညာတွေ အတင်းသင်ခိုင်းတာ”
ရှီလဲ့က ပို၍ စိတ်ဝင်စားသွားကာ - “ဆေးပညာတတ်ရင် ဘာလို့ ဆရာဝန်မလုပ်ဘဲ ကွန်ပျူတာဘာသာရပ်ကို ရွေးခဲ့တာလဲ..”
လင်းယွီမော့က ခေါင်းငုံ့သွားပြီး - “ငါ... ငါက ကွန်ပျူတာကို ဝါသနာပါလို့ပါ”
သူမ၏ စကားနောက်ကွယ်တွင် တခြားအကြောင်းအရင်းများ ရှိနိုင်ကြောင်း ရှီလဲ့ ရိပ်မိသော်လည်း၊ အခုမှ စသိကာစဖြစ်သဖြင့် ဆက်မမေးတော့ဘဲ လီချိုင်ဘက်သို့ ပြန်လှည့်လိုက်သည်။ “လီချိုင်လေး... မင်း တကယ်သင်ချင်တယ်ဆိုရင်တော့ အစ်ကိုရှီက သင်ပေးလို့ရပါတယ်၊ ဒါပေမဲ့...”
လီချိုင်သည် ရှီလဲ့၏ အကြံအစည်ကို မရိပ်မိဘဲ - “ဒါပေမဲ့ ဘာဖြစ်လို့လဲ”
“နောင်ကို အဆောင်သန့်ရှင်းရေးလုပ်တာ၊ အဝတ်လျှော်တာ၊ ခြေအိတ်လျှော်တာတွေအားလုံး မင်း တာဝန်ယူရမယ်” ရှီလဲ့က အရှက်မရှိ ပြောလိုက်သည်။
လီချိုင်က သွားကြိတ်လိုက်သည်။ သူရဲကောင်းဖြစ်လိုသော အိပ်မက်အတွက် သူ အနစ်နာခံရပေတော့မည်။ “အစ်ကိုရှီ... မင်း နိုင်သွားပြီ”
ရှီလဲ့က လီချိုင်၏ ပုခုံးကို ပုတ်ကာ - “စိတ်မပူနဲ့ လီချိုင်လေး... အစ်ကိုရှီက မင်းကို တစ်ခေတ်တစ်ခါက သူရဲကောင်းဖြစ်အောင် လေ့ကျင့်ပေးမယ်”
မုရွှမ်းသည် ရှီလဲ့နှင့် လီချိုင်တို့၏ ရင်းနှီးမှုကို ကြည့်ကာ အနည်းငယ် အားကျမိသွားသည်။
စားသောက်ပြီးသောအခါ ရှီလဲ့က သူကျွေးပါမည်ဟု ဆိုကာ ပိုက်ဆံရှင်းရန် ပြင်သည်။ သို့သော် ပိုက်ဆံအိတ်ကို ဖွင့်ကြည့်လိုက်သောအခါ ယွမ် ၃၀၀ ကျော်သာ ကျန်တော့သည်ကို မြင်ပြီး ရင်ထဲ၌ နာကျင်သွားမိသည်။ ကျောင်းက အခုမှ စဖွင့်ကာစ ရှိသေးသည်။ ပိုက်ဆံမရှိဘဲ ဘယ်လိုလုပ်မလဲ။
ပိုက်ဆံ... ဒီကောင်စုတ်။ လိုအပ်တဲ့အချိန်ကျရင် နည်းလွန်းလို့ စိတ်တိုဖို့ကောင်းလိုက်တာ။
အခန်း - ၈
အချိန်တွေက မြန်မြန်ဆန်ဆန်ပဲ ကုန်ဆုံးသွားခဲ့သည်။ စက်တင်ဘာလ ၃ ရက်နေ့သည် ကျောင်းအပ်လက်ခံသည့် နောက်ဆုံးရက်ဖြစ်သလို အတန်းအစည်းအဝေးပြုလုပ်မည့် နေ့လည်း ဖြစ်သည်။
ရှီလဲ့၊ လင်းယွီမော့ နှင့် လီချိုင် တို့သည် ကွန်ပျူတာသိပ္ပံဌာန၊ Level 6၊ အခန်း (၃) မှ ကျောင်းသားများ ဖြစ်ကြသည်။ မုရွှမ်း ကမူ စီးပွားရေးစီမံခန့်ခွဲမှုဌာန၊ Level 6၊ အခန်း (၂) တွင် ဖြစ်သည်။
ကွန်ပျူတာသိပ္ပံဌာန အဆောက်အအုံ C ၏ ဒုတိယထပ်တွင်ရှိသော သူတို့အတန်းမှာ ဒေါက်တာဘွဲ့ယူအဆောင်နှင့် အနည်းငယ်ဝေးပြီး ၁၀ မိနစ်ခန့် လမ်းလျှောက်ရသည်။
နံနက် ၈ နာရီတွင် လီချိုင်က ရှီလဲ့၏တံခါးကို လာခေါက်သည် - “အစ်ကိုရှီ၊ အစ်ကိုရှီ... အမြန်ထတော့ ဒီနေ့ အတန်းကော်မတီဝင်တွေ ရွေးချယ်ဖို့ အစည်းအဝေးရှိတယ်ဟ”
ရှီလဲ့က ပျင်းရိပျင်းတွဲဖြင့် တံခါးဖွင့်ပေးကာ - “အတန်းကော်မတီဝင် အဲဒါက ဘာလုပ်ရတာလဲ”
လီချိုင်၏ မျက်လုံးများမှာ နီရဲနေပြီး ညက ကောင်းကောင်းအိပ်မပျော်ကြောင်း သိသာနေသည်။ “အတန်းကော်မတီဝင်ဆိုတာ အရာရှိပေါ့ကွ”
ရှီလဲ့က လှောင်ပြုံးပြုံးကာ - “လီလေး... မင်းက အရာရှိဖြစ်ချင်တဲ့ ဝါသနာပါမှန်း ငါမသိခဲ့ဘူး”
လီချိုင်က ကန့်ကွက်သည် - “အစ်ကိုရှီ... ငါ့ကို လီလေး လို့ မခေါ်နဲ့”
“ဘာဖြစ်လို့လဲ” ရှီလဲ့က တမင်မေးလိုက်သည်။
“လီလေး... အစ်ကိုရှီ... အဲဒါက တစ်ခုခုနဲ့ သွားဆင်တူနေတယ်လို့ မထင်ဘူးလား” ရှီလဲ့က ဘာမှမသိသလို မျက်နှာပေးလုပ်နေသဖြင့် လီချိုင်က သွားကြိတ်ကာ - “’လီလေး’ ဆိုတာ မိန်းမစိုး တွေရဲ့ နာမည်ကွ ငါက ယောကျ်ားစစ်စစ်ပါ”
ရှီလဲ့က ‘ရုတ်တရက် သဘောပေါက်သွားဟန်’ ဖြင့် - “ဪ... မင်းက မိန်းမစိုး ဖြစ်ချင်တာကိုး လီလေး... မင်းကတော့ တကယ်ပါပဲ” ဟု နောက်ပြောင်လိုက်သည်။
လီချိုင်က ဒေါသတကြီးဖြင့် - “အစ်ကိုရှီ... ငါ မင်းကို သတ်တော့မယ်”
ရှီလဲ့က ထူးဆန်းစွာ ရယ်မောရင်း - “လီလေး... မင်း သေချာလို့လား”
“ဟာ... ဟားဟား... အစ်ကိုရှီ ရယ်၊ ငါက နောက်တာပါ၊ နောက်တာ” လီချိုင်တစ်ယောက် လက်လျှော့လိုက်ရတော့သည်။
သူတို့နှစ်ယောက် ပြင်ဆင်ပြီး အပြင်ထွက်လာချိန်တွင် မိန်းကလေးနှစ်ယောက်လည်း အခန်းပြင်သို့ ထွက်လာကြသည်။ ရှီလဲ့က မျက်မှန်ကို ပင့်တင်ကာ အနုပညာဆန်သော လူငယ်တစ်ဦးကဲ့သို့ ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည် - “ပျိုမေတို့ရေ... တို့တွေက ဆုံဆည်းဖို့ ကံပါလာတာပဲနော်”
လင်းယွီမော့က မျက်လုံးလှန်ကြည့်ကာ - “မိစ္စာရှီ... နင်က ဘာလို့ ဒီလောက်တောင် နှေးနေရတာလဲ”
ရှီလဲ့က လီချိုင်ကို လက်ညှိုးထိုးပြကာ - “လီချိုင်ကြောင့်ပါ.. သူက ယောကျ်ားကြီးတန်မဲ့ ဘာလို့ မိတ်ကပ်လိမ်းနေရတာလဲ မသိဘူး”
လီချိုင်က တဟွတ်ဟွတ် ချောင်းဆိုးသွားပြီး - “အဲဒါ... အဲဒါ... ကလေးလိမ်းပေါင်ဒါ ပါကွ”
လင်းယွီမော့နှင့် မုရွှမ်းတို့ အတူတူ ရယ်မောလိုက်ကြသည်။ ရှီလဲ့ကတော့ သူတို့ကို ကြည့်ကာ ငေးမောနေမိသည်။ ‘အမွှေးနံ့သာ ချိုင့်ဝှမ်းနှင်းပန်း’ (လင်းယွီမော့) နှင့် ‘ဆီးနှင်းကြာပန်း’ (မုရွှမ်း) တို့မှာ ပန်းအမျိုးအစား မတူသော်လည်း နှစ်ယောက်စလုံးမှာ အလွန်ပင် ဆွဲဆောင်မှုရှိပြီး လှပလွန်းလှသည်။
လင်းယွီမော့က ဂုဏ်ယူဝင့်ကြွားသော အမူအရာဖြင့် - “မိစ္စာရှီ... သတိပြန်ကပ်ဦး၊ သတိပြန်ကပ်ဦး.. အမြန် လမ်းပြတော့”
ရှီလဲ့က “ဪ... အေးအေး” ဟု ပြန်ဖြေကာ ရှေ့ကနေ လျှောက်သွားသည်။
လမ်းတွင် ရှီလဲ့က မုရွှမ်းဘက် လှည့်ကာ - “မုရွှမ်း... စီးပွားရေးစီမံခန့်ခွဲမှုဌာန ဘယ်မှာလဲဆိုတာ မင်းသိလား”
မုရွှမ်းက ခေါင်းညိတ်ပြီး အေးစက်စက်ပင် - “သိတယ်” ဟု ပြန်ဖြေသည်။
ရှီလဲ့က သူမ၏ အေးစက်မှုကို ဂရုမစိုက်ဘဲ ရယ်မောကာ - “မင်းသိရင်တော့ လိုက်ပို့နေဖို့ မလိုတော့ဘူးပေါ့” စီးပွားရေးဌာနက ငတ်မွတ်နေတဲ့ ဝံပုလွေတွေရဲ့ အကြည့်နဲ့ အသတ်မခံချင်ဘူးလေ။
သူတို့လေးဦး လမ်းခွဲလိုက်ကြသည်။ ရှီလဲ့၊ လင်းယွီမော့နှင့် လီချိုင်တို့ သုံးယောက်က သူတို့ဌာနဆီသို့ အတူသွားကြသည်။
ကွန်ပျူတာဌာန၊ အဆောက်အအုံ C၊ ဒုတိယထပ်၊ အခန်း (၃) သို့ လင်းယွီမော့က အရင်ဆုံး ဝင်သွားသည်။ ဆူညံနေသော အတန်းထဲမှာ ရုတ်တရက် ငြိမ်သက်သွားပြီး ယောကျ်ားလေးအားလုံးက လင်းယွီမော့ကို ဝိုင်းကြည့်ကြသည်။ လင်းယွီမော့မှာ ရှက်ကိုးရှက်ကန်းဖြင့် အားလပ်သော ခုံတစ်ခုတွင် အမြန်ဝင်ထိုင်လိုက်သည်။ ရှီလဲ့ကလည်း သူမနောက်က ကပ်လိုက်လာပြီး အားလုံးရဲ့ အကြည့်အောက်မှာ လင်းယွီမော့ ဘေးနားမှာ ဝင်ထိုင်လိုက်သည်။
သနားစရာ လီချိုင်မှာတော့ ရှီလဲ့၏ ပစ်ပယ်ခြင်းကို ခံလိုက်ရပြီး သူတို့နှစ်ယောက်ရှေ့ခုံတွင်သာ ဝင်ထိုင်လိုက်ရတော့သည်။
နံနက် ၉ နာရီ ၁၀ မိနစ်တွင် ခေါင်းလောင်းသံ မြည်လာသည်။ ထို့နောက် ဖိနပ်ဒေါက်မြင့်သံများ အဝေးမှ ကြားလာရပြီး မကြာမီမှာပင် အနက်ရောင်ဝတ်စုံနှင့် ဘောင်းဘီရှည်ကို ဝတ်ဆင်ကာ မျက်မှန်အနက်ရောင်တပ်ပြီး ဆံပင်ကို စည်းထားသော အမျိုးသမီးတစ်ဦး အတန်းထဲသို့ ဝင်လာသည်။
ရှီလဲ့သည် ထိုအမျိုးသမီးကို ကြည့်ရင်း မှင်တက်သွားမိသည်။ သူ၏ အတွေးများမှာ အတိတ်ဘဝဆီသို့ အလိုလို ပြန်ရောက်သွား၏။ အတိတ်ဘဝတွင် မိဘမဲ့တစ်ဦးဖြစ်သော ရှီလဲ့၏ ဘဝမှာ အလွန် ခက်ခဲခဲ့သည်။ အတန်းထဲတွင် လီချိုင်မှလွဲ၍ သူငယ်ချင်း မရှိသလို အမျိုးသမီးများနှင့်လည်း မပတ်သက်ခဲ့ရပေ။
ဒါပေမဲ့ အမျိုးသမီး တစ်ယောက်တော့ ရှိခဲ့ဖူးသည်။ အဲဒါကတော့ အခု စင်မြင့်ပေါ်မှာ ရပ်နေတဲ့သူ - လီကျစ်ယွဲ့ ပင်ဖြစ်သည်။
လီကျစ်ယွဲ့မှာ အလွန်လှပပြီး ပညာတတ်အမျိုးသမီးတစ်ဦး၏ ဆွဲဆောင်မှုမျိုး ရှိသည်။ သို့သော် သူမကို စွဲလမ်းနေသော လူတစ်ယောက်မှာ စိတ်မမှန်သူတစ်ဦး ဖြစ်သည်။ အတိတ်ဘဝတွင် ထိုလူမှာ လီကျစ်ယွဲ့၏ အချစ်ကို မရရှိသောကြောင့် အမုန်းပွားကာ ကျောင်းသားသစ်များ စစ်သင်တန်းတက်နေစဉ်အတွင်း သူမ၏ မျက်နှာကို ဆာလ်ဖျူရစ်အက်ဆစ် နှင့် ပက်ကာ ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် လုပ်ခဲ့သည်။
မျက်နှာ ပျက်စီးသွားသော်လည်း လီကျစ်ယွဲ့သည် အတန်းပိုင်ဆရာမအဖြစ်မှ မနုတ်ထွက်ဘဲ ဆက်လက် တာဝန်ထမ်းဆောင်ခဲ့သည်။ ရုပ်ပျက်သွားသော လီကျစ်ယွဲ့၏ စိတ်မှာ အလွန် ထိခိုက်လွယ်နေခဲ့ပြီး လီချိုင်အပါအဝင် အတန်းထဲက ကောင်လေးအားလုံးမှာ သူမ၏မျက်နှာကို မြင်လျှင် ကြောက်လန့်ရွံရှာသော အမူအရာများ ပြသခဲ့ကြသည်။
ရှီလဲ့ မှလွဲ၍ပေါ့။
ရှီလဲ့သည် သူမကို မရွံရှာသည့်အပြင် သူငယ်ချင်းဖြစ်အောင် ကြိုးစားခဲ့သည်။ တက္ကသိုလ် လေးနှစ်တာအတွင်း လီကျစ်ယွဲ့က ရှီလဲ့ကို များစွာ ကူညီခဲ့သည်။ သူတို့နှစ်ဦးမှာ သူငယ်ချင်းထက်ပိုသော၊ တစ်ဦးကိုတစ်ဦး နားလည်ပေးနိုင်သည့် စိတ်ဝိညာဉ်အဖော်များ ဖြစ်ခဲ့ကြသည်။
အခု သူ တစ်ကျော့ပြန် ပြန်လည်မွေးဖွားလာချိန်တွင် စစ်သင်တန်းကို ရှောင်လွှဲချင်ရသည့် အဓိက အကြောင်းရင်းမှာ လီကျစ်ယွဲ့ကြောင့်ပင်။ဒီလို ဝမ်းနည်းစရာ ဖြစ်ရပ်ဆိုးမျိုး တစ်ကြိမ်ပဲ ဖြစ်သင့်သည်။ ဒီဘဝမှာတော့ သူ ဘယ်တော့မှ အဖြစ်ခံမည်မဟုတ်။
ရှီလဲ့သည် လီကျစ်ယွဲ့ကို ငေးကြည့်နေမိရာ လီကျစ်ယွဲ့၏ အာရုံစိုက်ခြင်းကို ခံလိုက်ရသည်။ သူမသည် ရှီလဲ့ကို တစ်ချက် ကြည့်လိုက်သော်လည်း ရှီလဲ့၏ မျက်လုံးထဲတွင် ကာမဂုဏ်စိတ်များ မရှိဘဲ သနားကရုဏာစိတ်နှင့် အချိန်အကြာကြီးကြာမှ ပြန်ဆုံရသူ၏ ဝမ်းသာပီတိများသာ ရှိနေသည်ကို တွေ့လိုက်ရသည်။ လီကျစ်ယွဲ့သည် ထိုအကြည့်ကို အဘယ်ကြောင့် နားလည်သွားသည်ကို မသိသော်လည်း သူမ ထိုအကြည့်ကို မမုန်းမှန်းတော့ သိလိုက်သည်။
ဘေးနားမှ လင်းယွီမော့က မကျေမနပ်လေသံဖြင့် - “ငါတို့ ဆရာမလေးက အရမ်းလှတယ် မဟုတ်လား”
“ဟုတ်တယ်”
လင်းယွီမော့က လက်သီးလေးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ - “သူက ငါ့ထက် ပိုလှတယ်ပေါ့လေ”
“ဟုတ်တယ်” ရှီလဲ့က အမှတ်တမဲ့ ပြန်ဖြေလိုက်မိသည်။
လင်းယွီမော့က နှာမှုတ်လိုက်သည်။ ရှေ့ခုံက လီချိုင်ကတော့ စိတ်ထဲမှ ရေရွတ်နေသည် - “အစ်ကိုရှီ... မင်းကတော့ လူစွမ်းကောင်းထဲက လူစွမ်းကောင်းပဲ.. မိန်းကလေးတစ်ယောက်ရဲ့ ရှေ့မှာ နောက်မိန်းကလေးတစ်ယောက်က ပိုလှပါတယ်လို့ ဘယ်လိုတောင် ဝန်ခံရဲရတာလဲ”
စင်မြင့်ပေါ်တွင် လီကျစ်ယွဲ့က ကျောက်သင်ပုန်းပေါ်၌ သူမ၏ နာမည်ကို ရေးလိုက်သည်။
“လီကျစ်ယွဲ့... ဆရာမနာမည်က လီကျစ်ယွဲ့ ပါ...ဘာမှ မထူးခြားရင် နောက် လေးနှစ်လုံးလုံး မင်းတို့နဲ့အတူ ရှိနေမှာပါ.. ဆရာမက နင်တို့ထက် သိပ်မကြီးပါဘူး၊ ဒီနှစ်မှ ရွှမ်ချင်းတက္ကသိုလ်က ဘွဲ့ရထားတာမို့လို့ မင်းတို့ရဲ့ စီနီယာလို့လည်း ပြောလို့ရပါတယ်... ဒါကြောင့် ဘာအခက်အခဲရှိရှိ ပွင့်ပွင့်လင်းလင်း ပြောလို့ရပါတယ်”
ထိုအခါ ကောင်လေးများမှာ ဝမ်းသာအားရ အော်ဟစ်ကြတော့သည်။ ကောင်လေးတစ်ယောက်က သူမ၏ ဖုန်းနံပါတ် သို့မဟုတ် QQ နံပါတ်ကို မေးရာ လီကျစ်ယွဲ့က အတန်းအတွက် QQ Group တစ်ခု ထောင်ထားပေးမည်ဖြစ်ကြောင်း ပြုံး၍ ပြန်ဖြေလိုက်သည်။
လင်းယွီမော့က ရှီလဲ့ကို တိုးတိုးလေး မေးသည် - “မိစ္စာရှီ... နင်ကော ဆရာမလေးရဲ့ ဖုန်းနံပါတ်ကို သိချင်နေတာလား”
ရှီလဲ့မှာ အတိတ်ကို သတိရနေဆဲမို့ အမှတ်တမဲ့ဖြင့် - “ကျစ်ယွဲ့ ရဲ့ ဖုန်းနံပါတ်ကို ငါ သိပြီးသားပါ” ဟု ဆိုလိုက်သည်။
“ကျစ်ယွဲ့ ဟုတ်လား” လင်းယွီမော့က နှာခေါင်းရှုံ့ကာ - “နာမည်ကို တရင်းတနှီး ခေါ်နေတာပဲ..နင်တို့က ဘာပတ်သက်မှု ရှိနေတာလဲ”
ရှီလဲ့မှာ အခုမှ သတိပြန်ဝင်လာပြီး လင်းယွီမော့၏ စိတ်ကောက်နေသော မျက်နှာကို မြင်မှ - “ရှောင်မော့...မင်းထင်သလို မဟုတ်ပါဘူး” ဟု တောင်းပန်တိုးလျှိုးစွာ ပြောလိုက်ရသည်။
သို့သော် လင်းယွီမော့က အလွယ်တကူ မယုံပေ။ “ဒါဆို ဘာလဲ ပြောလေ”
ရှီလဲ့မှာ စကားလုံးများ ပျောက်ရှသွားတော့သည်။ အတိတ်ဘဝက သူတို့မှာ တစ်ဦးကိုတစ်ဦး ချစ်မြတ်နိုးခဲ့ကြသော်လည်း ယခုဘဝတွင်မူ ဘာပတ်သက်မှုမှ မရှိသေးပေ။ လင်းယွီမော့က ရှီလဲ့၏ တိတ်ဆိတ်မှုကို ကြည့်ကာ - “ထားလိုက်ပါတော့၊ နင့်ကို ကြည့်ရတာ ဆရာမလေးနဲ့ ပတ်သက်စရာ ဘာအကြောင်းမှ မရှိပုံရပါတယ်” ဟု အလျှော့ပေးလိုက်သည်။
လီကျစ်ယွဲ့သည် စင်မြင့်ပေါ်မှနေ၍ ရှီလဲ့၏ ထိုင်ခုံဘက်ကို ခဏခဏ လှမ်းကြည့်မိသည်။ ရှီလဲ့ဘေးတွင် လင်းယွီမော့ ရှိနေသည်ကို မြင်သောအခါ သူမ၏ ရင်ထဲတွင် အကြောင်းပြချက်မရှိဘဲ တစ်မျိုးကြီး ခံစားလိုက်ရသည်။
ထို့နောက် လီကျစ်ယွဲ့က - “မနက်ဖြန်မှာ စစ်သင်တန်း စတင်ပါမယ်...အခု အတန်းခေါင်းဆောင်တွေကို အရင်ရွေးကြမယ်..ပြီးရင် အတန်းခေါင်းဆောင်တွေက ကျောင်းသားတွေကို ခေါ်ပြီး စစ်သင်တန်းဝတ်စုံနဲ့ ပစ္စည်းတွေ သွားထုတ်ရပါမယ်.. အခု တစ်ယောက်ချင်းစီ မိတ်ဆက်ကြရအောင်” ဟု ဆိုလိုက်သည်။
ကျောင်းသားများ တစ်ယောက်ချင်းစီ မိတ်ဆက်ကြသည်။ ချန်မင် ဆိုသော ချမ်းသာသည့် ဒုတိယမျိုးဆက် ကျောင်းသားတစ်ဦးမှာ အတန်းခေါင်းဆောင်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် မိမိကိုယ်ကို ယုံကြည်မှုရှိရှိ မိတ်ဆက်သွားသည်။
ရှီလဲ့၏ အလှည့်ရောက်သောအခါ သူက ရယ်မောရင်း - “ကျွန်တော့်နာမည်က ရှီလဲ့ ပါ အော်... ဒါကတော့ လင်းယွီမော့၊ သူက အစ်ကိုရှီ ရဲ့...”
ရှီလဲ့ စကားမဆုံးခင်မှာပင် လင်းယွီမော့က ရှီလဲ့၏ အင်္ကျီလက်ကို ဆွဲကာ အတင်းပြန်ထိုင်ခိုင်းလိုက်သည်။ ရှီလဲ့ကတော့ ဘာမှမဖြစ်သလို ပြုံးနေဆဲပင်။ လင်းယွီမော့မှာ မျက်နှာလေး နီရဲလျက် မတ်တတ်ရပ်ကာ - “ကျွန်မ နာမည်က လင်းယွီမော့ ပါ” ဟု အမြန်မိတ်ဆက်လိုက်ရသည်။
အတန်းထဲရှိ လူတိုင်းမှာ ရှီလဲ့နှင့် လင်းယွီမော့ကို ကောလာဟလ သတင်းတစ်ခုလို စိတ်ဝင်တစား ကြည့်နေကြစဉ် ချန်မင် ၏ မျက်လုံးများထဲတွင်မူ မနာလိုဝန်တိုမှု ရိပ်ယောင်များ ပေါ်လာတော့သည်။