အခန်း (၉-၁၀)
Vol. 1 Ch. 9-10
အခန်း -၉
ကွန်ပျူတာသိပ္ပံဌာန၊ Level 6၊ အခန်း (၃) ရဲ့ မိတ်ဆက်ခြင်း အစီအစဉ်က ဆက်လက် ဖြစ်ပေါ်နေသည်။
လီချိုင် အလှည့်ရောက်သောအခါ သူက မတ်တတ်ရပ်၍ ချောင်းတစ်ချက် ဟန့်လိုက်ပြီး -
“မင်္ဂလာပါ ဆရာမလီနဲ့ အားလုံးပဲ..ကျွန်တော့်နာမည်က လီချိုင် ပါ.. မူဇီလီ ထဲက ‘လီ’၊ ခန့်မှန်းတာ ဆိုတဲ့ အဓိပ္ပာယ်ရတဲ့ ‘ချိုင်’ ပါ... ဒါပေမဲ့ ကျွန်တော့်ကို ခန့်မှန်းခိုင်းနေတာ မဟုတ်ဘူးနော်”
လီကျစ်ယွဲ့က ပြုံးလျက် လီချိုင်ကို ကြည့်လိုက်သည်။ လီချိုင်ရဲ့ နာမည်က တကယ်ပင် ထူးဆန်းလှပေသည်။ အတန်းထဲမှ ကောင်လေးအချို့ကလည်း ဝိုင်းရယ်ကြသည်။
“လီချိုင် “
“ငါ ခန့်မှန်း ရမလား”
“မင်း ခန့်မှန်းတာကို ငါက ပြန်ခန့်မှန်းရမှာလား”
လီချိုင်က မျက်နှာနီမြန်းလျက် ပြန်ထိုင်လိုက်ရသည်။ သူ့နာမည်အတွက် သူ တကယ်ပင် အားနာနေပုံရသည်။
“ဟက်ဟက်...ကျောင်းသားတို့... ငြိမ်ငြိမ်နေကြဦး.. မိတ်ဆက်တာ ဆက်လုပ်ရအောင်” လီကျစ်ယွဲ့က စနောက်နေတာတွေကို တားလိုက်ပြီး အစီအစဉ်ကို ဆက်စေသည်။
လီချိုင်ရဲ့ ညာဘက်မှာ ထိုင်နေတဲ့ ဆံပင်တိုတိုနဲ့ မိန်းကလေးတစ်ယောက် မတ်တတ်ရပ်လိုက်သည်။ နောက်ကျောဘက်က ကြည့်ရသလောက်တော့ သူမက ရုပ်မဆိုးနိုင်ပေ။
“အားလုံးပဲ မင်္ဂလာပါ။ ကျွန်မနာမည်က ဝမ်မင်း ပါ... ရွှမ်ချင်းမြို့ကပါ...အထက်တန်းတုန်းက အဖွဲ့အတွင်းရေးမှူး လုပ်ခဲ့ဖူးပါတယ်.. တက္ကသိုလ်မှာလည်း အားလုံးကို ဆက်ပြီး အလုပ်အကျွေး ပြုချင်ပါတယ်”
ဝမ်မင်းရဲ့ ရည်မှန်းချက်က အဖွဲ့အတွင်းရေးမှူး ရာထူးပင် ဖြစ်သည်။ ကွန်ပျူတာဌာန အခန်း (၃) မှာ ကျောင်းသား စုစုပေါင်း ၄၀ ရှိသည်။
အားလုံး မိတ်ဆက်ပြီးသောအခါ လီကျစ်ယွဲ့က - “ခုနက မိတ်ဆက်သွားတာတွေထဲမှာ အတန်းအတွက် အနစ်နာခံလိုတဲ့ စိတ်ဓာတ်တွေကို တွေ့ရတယ်...ဒါဟာ တကယ်ကို တန်ဖိုးရှိပါတယ် မင်းတို့ရဲ့ ကိုယ်ရေးမှတ်တမ်းတွေနဲ့ မိတ်ဆက်စကားတွေကို အခြေခံပြီး အခု အတန်းကော်မတီဝင်တွေကို ငါ ခန့်အပ်လိုက်မယ်”
လီကျစ်ယွဲ့က ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။ ဘယ်သူမှ ကန့်ကွက်တာ မရှိတာကြောင့် သူမက ဆက်ပြောသည် - “အခုခန့်အပ်တဲ့ ကော်မတီက ဒီနှစ်တစ်ဝက် အတွက်ပဲ ဖြစ်ပါမယ်.. နောက်တစ်ဝက်ကျရင်တော့ တရားမျှတတဲ့ ရွေးကောက်ပွဲ လုပ်ကြမယ်.. အဲဒီအချိန်ကျရင်တော့ နင်တို့တစ်ဦးနဲ့တစ်ဦး ရင်းနှီးသွားပြီမို့ ပိုပြီး သင့်တော်တဲ့သူကို ရွေးနိုင်ကြလိမ့်မယ်”
ချန်မင် က ဦးဆောင်ပြီး လက်ခုပ်တီးလိုက်ကာ - “ဆရာမလီရဲ့ အစီအစဉ်အတိုင်း လိုက်နာပါ့မယ်” ဟု ဆိုသည်။
လီကျစ်ယွဲ့က ပြုံး၍ ခေါင်းညိတ်ပြကာ - “ပထမဆုံး၊ အတန်းခေါင်းဆောင် အဖြစ် ချန်မင် ကို ယာယီခန့်အပ်မယ်...နွေရာသီကျောင်းပိတ်ရက်တုန်းက သူက နာမည်ကြီး ဂျင်းယိုဆော့ဖ်ဝဲ ကုမ္ပဏီမှာ နည်းပညာအဖွဲ့ခေါင်းဆောင် လုပ်ခဲ့ဖူးတယ်.. ချန်မင်က အားလုံးကို စိတ်ပျက်အောင် မလုပ်ဘူးလို့ ငါ ယုံကြည်တယ်”
ချန်မင်က ယုံကြည်မှုရှိရှိ ပြုံးလျက် ထရပ်ကာ ကျောင်းသားအားလုံးကို ဦးညွှတ်ပြလိုက်သည်။ “ကျွန်တော့်ကို ယုံကြည်ပြီး အခွင့်အရေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်.. အားလုံးကို စိတ်မပျက်စေရပါဘူး”
လီချိုင်က တိုးတိုးလေး ရေရွတ်သည် - “ကြည့်ရတာတင် ‘ပြုံးနေတဲ့ ကျား’ (အပြင်ပန်းယဉ်ကျေးသလောက် အတွင်းစိတ် ကောက်ကျစ်သူ) မှန်း သိသာတယ်...သူက လူကောင်း မဟုတ်တာ သေချာတယ်”
ရှီလဲ့က အဲဒါကို ကြားတော့ စိတ်ထဲကနေ ရယ်နေမိသည်။ အတိတ်ဘဝတုန်းက ချန်မင်က တကယ်ပဲ လူကောင်းမဟုတ်ခဲ့ပေ။ သူက ရှောင်မော့ ကို အကြိမ်ကြိမ် နှောင့်ယှက်ခဲ့သော်လည်း နောက်ဆုံးမှာတော့ မအောင်မြင်ခဲ့ချေ။
လီကျစ်ယွဲ့က ဝမ်မင်းကို ကြည့်ကာ - “ဝမ်မင်း... မင်းက အတွေ့အကြုံရှိပြီးသားဆိုတော့ ငါတို့အတန်းရဲ့ အတွင်းရေးမှူးအဖြစ် တာဝန်ယူပါ” ဟု ခန့်လိုက်သည်။ ဝမ်မင်းရဲ့ မျက်နှာက တည်ငြိမ်နေပေမဲ့ မျက်လုံးထဲက ပျော်ရွှင်မှုကိုတော့ ဖုံးမရပေ။
“လင်းဟောင် က အားကစားမှူး၊ ဝမ်ယွဲ့ က လူမှုရေးမှူး အဖြစ် တာဝန်ယူပါ..နင်တို့နှစ်ယောက်မှာ ဘာမေးစရာ ရှိလဲ”
လင်းဟောင်က ခေါင်းကုတ်ရင်း အော်ရယ်သည် - “အစီရင်ခံပါတယ် ဆရာမ ဘာပြဿနာမှ မရှိပါဘူး”
ဝမ်ယွဲ့ကတော့ တိုးတိုးလေးပဲ - “ကျွန်မ... ကျွန်မ...”
လီကျစ်ယွဲ့က အားပေးစကား ဆိုသည် - “ဝမ်ယွဲ့... ငါ မင်းရဲ့ မှတ်တမ်းကို ကြည့်ပြီးပြီ..မင်းကို ဒီရာထူးပေးတာက အတန်းဖော်တွေနဲ့ ပိုပြီး ရင်းနှီးစေချင်လို့ပါ ပိုပြီး ပွင့်လင်းလွှတ်လပ်လာအောင် ကြိုးစားကြည့်ပါ..”
ဝမ်ယွဲ့က အော်တစ်ဇင် အနည်းငယ်ရှိပြီး လူကြောက်တတ်ကာ အပေါင်းအသင်း မလုပ်တတ်သူ ဖြစ်သည်။ ထို့ကြောင့် လီကျစ်ယွဲ့က သူမကို ပြောင်းလဲပေးချင်၍ လူမှုရေးမှူး ရာထူးကို တမင် ပေးလိုက်ခြင်း ဖြစ်သည်။
“ကျောင်းသား လင်းဟောင်... အားကစားမှူးတစ်ယောက်အနေနဲ့ ဝမ်ယွဲ့ကို နောင်ကျရင် ပိုပြီး ကူညီပေးပါ..နားလည်လား” လီကျစ်ယွဲ့က မေးသည်။
ဝမ်ယွဲ့က ရုပ်မဆိုးပေ။ ပြောရရင် ဆင်းရဲတဲ့အိမ်က မိန်းကလေးချောလေးတစ်ယောက်ရဲ့ ပုံစံမျိုး ရှိသည်။ လင်းဟောင်က ဝမ်ယွဲ့ကို ကြည့်ပြီး ပြုံးလျက် - “ဆရာမ စိတ်ချပါ၊ ကျွန်တော် ကတိပေးပါတယ်”
ဘေးက ကောင်လေးတွေကတော့ စိတ်ထဲကနေ ကြိတ်ပြီး မြည်တွန်တောက်တီးနေကြသည်။ ‘ဒါကတော့ အလှလေးနဲ့ လူသားစားဘီလူး ပေါင်းဖက်ခြင်းပဲ မဟုတ်လား”
“ကျောင်းသား လီချိုင်... မင်းက စာကြည့်မှူး လုပ်ရမယ်..တို့အတန်းထဲမှာ မင်းက ဝင်ခွင့်စာမေးပွဲ အမှတ်အကောင်းဆုံးပဲ...စာဖတ်တာ ဝါသနာပါမှာ သေချာတယ် မဟုတ်လား”
လီချိုင်တစ်ယောက် ကြောင်တောင်တောင်နဲ့ပဲ သဘောတူလိုက်ရသည်။ နောက်ဆုံးတော့ သူလည်း အရာရှိ ဖြစ်သွားပြီပေါ့။
“ကျောင်းသား ယွီမော့... မင်းက အနုပညာမှူး လုပ်ရမယ်.. ဘယ်လိုလဲ” လီကျစ်ယွဲ့က ရာထူးတွေ ဆက်ပေးနေသည်။
ရှောင်မော့က ရှီလဲ့ကို တစ်ချက်ကြည့်လိုက်သည်။ သူ ဘာမှမပြောတာကို တွေ့တော့မှ - “ကောင်းပါပြီ ဆရာမလီ” ဟု သဘောတူလိုက်သည်။
ရှီလဲ့က တိုးတိုးလေး မေးသည် - “ရှောင်မော့... မင်းက အနုပညာလည်း တတ်တာလား”
ရှောင်မော့က နှာခေါင်းရှုံ့ကာ - “မိစ္စာရှီ... ငါက ပီယာနိုကော၊ တယောကော တီးတတ်တယ်ဟဲ့”
ရှီလဲ့က အံ့အားသင့်သွားပြီး - “ဪ... ငါ့ရဲ့ ရှောင်မော့ က ဆေးပညာတင် မဟုတ်ဘဲ တူရိယာတွေလည်း ကျွမ်းကျင်တာပဲကိုး”
ရှောင်မော့က သူမရဲ့ လည်ပိုင်ဖြူဖြူလေးကို မြင်ရအောင် ခေါင်းလေးမော့ကာ - “ဟွန်. နင့်လို ငတုံးလို့ ထင်နေလား” ထို့နောက် သူမက လျှာလေးထုတ်ပြပြီး - “ဆောရီးနော် မိစ္စာရှီ” ဟု တိုးတိုးလေး တောင်းပန်သည်။
ရှီလဲ့ကတော့ အေးအေးဆေးဆေးပဲ ပြုံးနေသည်။ သူ့မှာလည်း ထူးခြားတဲ့ အရည်အချင်းရှိပါသည်။ ဒါပေမဲ့ သူ့ရဲ့ အရည်အချင်းကတော့ အလွန် ‘ထက်မြက်’ လွန်းလှသည်။
ကော်မတီဝင်တွေ ခန့်အပ်ပြီးနောက် လီကျစ်ယွဲ့က နာမည်တွေ စခေါ်သည် - “ချန်မင်၊ လင်းဟောင်... နင်တို့နှစ်ယောက် ယောကျ်ားလေးအချို့ကို ခေါ်ပြီး အောက်ထပ်မှာ စစ်သင်တန်းပစ္စည်းတွေ သွားထုတ်လိုက်ကြ”
ချန်မင်နဲ့ လင်းဟောင်က ကျောင်းသားတွေကို ချက်ချင်း စတင်ရွေးချယ်သည်။ ချန်မင်က ရှီလဲ့ကို အရင်ဆုံး ကြည့်လိုက်ပြီး သူ့နှုတ်ခမ်းထောင့်မှာ အဓိပ္ပာယ်ပါပါ အပြုံးတစ်ခု ပေါ်လာသည်။
“ရှီလဲ့... မင်း မကန့်ကွက်ဘူးဆိုရင် တို့နဲ့အတူ လိုက်ခဲ့ပြီး အတန်းအတွက် အလုပ်အကျွေး ပြုပါလား”
ရှီလဲ့က ချန်မင်ကို တစ်ချက်ကြည့်ကာ ငြင်းလိုက်သည် - “ငါက ကန့်ကွက်တယ်ဆိုရင်ရော”
“မင်း” ချန်မင်က ရှီလဲ့ရဲ့ အမူအရာကြောင့် ဒေါသထွက်သွားကာ အရှက်ရစွာဖြင့် - “ရှီလဲ့ မင်းက အတန်းအတွက် အနစ်နာမခံချင်ဘူးပေါ့လေ”
ရှီလဲ့က ထရပ်လိုက်ပြီး ချန်မင်ဆီ လျှောက်သွားသည်။ ချန်မင်ကတော့ ရှီလဲ့ဟာ အတန်းခေါင်းဆောင်ရဲ့ အရှိန်အဝါအောက်မှာ နောက်ဆုံးတော့ ဒူးထောက်လာပြီလို့ ထင်ကာ အောင်နိုင်သူအပြုံးဖြင့် စောင့်နေသည်။
ဒါပေမဲ့ ရှီလဲ့က သူ့ဘေးကနေ ကျော်ဖြတ်သွားရုံသာ ဖြစ်သည်။ ရှီလဲ့က လီကျစ်ယွဲ့ဆီ လျှောက်သွားရင်း - “ဆရာမလီ” ဟု ခေါ်လိုက်သည်။
လီကျစ်ယွဲ့က ရှီလဲ့ကို ကြည့်လိုက်သည်။ ဒီကျောင်းသားက သူမကို တစ်မျိုးကြီး ခံစားရစေသူဖြစ်သည်။ သူဝတ်ထားတာက ဈေးပေါတဲ့ T-shirt နဲ့ ဂျင်းဘောင်းဘီ၊ လမ်းဘေးဆိုင်က ဝယ်ထားတာ သိသာလှသည်။ ရုပ်ရည်ကလည်း အထူးတလည် ချောမောတာ မဟုတ်သလို အရပ်ကလည်း သိပ်မရှည်ပေ။ ဘာမှ ထူးခြားချက် မရှိသလိုပင်။
ဒါပေမဲ့ ရှီလဲ့ရဲ့ မျက်လုံးတွေက သူမကို တကယ်ပဲ ဆွဲဆောင်နေသည်။
“ရှီလဲ့.. ဘာကိစ္စရှိလို့လဲ. “ လီကျစ်ယွဲ့က တည်တည်ငြိမ်ငြိမ် မေးသည်။
ရှီလဲ့က တံခါးဝကို ညွှန်ပြကာ တိုးတိုးလေး ပြောသည် - “ဆရာမ... အပြင် ခဏလောက် ထွက်ခဲ့ပေးလို့ ရမလား. ပြောစရာလေး ရှိလို့ပါ”
လီကျစ်ယွဲ့ရဲ့ ရင်ထဲမှာ အကြောင်းပြချက်မရှိဘဲ ခုန်သွားသည်။ “အင်း... ကောင်းပြီလေ”
အတန်းထဲက လူအားလုံးရဲ့ အံ့ဩနေတဲ့ အကြည့်တွေအောက်မှာ ရှီလဲ့နဲ့ လီကျစ်ယွဲ့တို့ အပြင်ထွက်သွားကြသည်။
ဒီကောင်စုတ် လီချိုင်ကတော့ မစဉ်းစားမဆင်ခြင်ဘဲ လွှတ်ကနဲ ပြောချလိုက်သည် - “အစ်ကိုရှီ ကတော့ ဟုတ်နေပြီ..ဆရာမလေးကိုတောင် မျက်စိကျနေတာလား”
ရှောင်မော့ကတော့ မျက်မှောင်ကြုတ်သွားသည်။ ကျောင်းအပ်တဲ့နေ့က အဆောင်ဒေတာတွေ ပြင်ပေးတုန်းကတည်းက သူမဟာ ဒီပေပေတေတေ ရှီလဲ့အပေါ်မှာ သဘောကျတဲ့ စိတ်လေး ရှိနေခဲ့တာ သိသာသည်။ သူမက အခန်းပြင်ကို လှမ်းကြည့်ရင်း လက်ကလေးနှစ်ဖက်ကို တင်းတင်းဆုပ်ထားမိသည်။
အခန်းပြင်ရောက်တော့ ရှီလဲ့က ရွှမ်ဟူ အမှတ် (၁) အထွေထွေရောဂါကု ဆေးရုံကြီးက ထုတ်ပေးထားတဲ့ စစ်သင်တန်း ကင်းလွတ်ခွင့် လက်မှတ်ကို ထုတ်ပြလိုက်သည်။
“ဆရာမ... ကျန်းမာရေး အခြေအနေကြောင့် ကျွန်တော် စစ်သင်တန်း မတက်နိုင်လို့ပါ... တကယ်ပဲ တောင်းပန်ပါတယ်”
လီကျစ်ယွဲ့က လက်မှတ်ကို သေချာဖတ်ကြည့်ပြီး ရှီလဲ့ကို သံသယနဲ့ ကြည့်သည် - “ရှီလဲ့... ဒီလက်မှတ်က တကယ်ပဲလား၊ ဒါမှမဟုတ် စစ်သင်တန်းကို ရှောင်ချင်လို့ အကြောင်းပြတာလား”
ရှီလဲ့က ပခုံးတွန့်ရင်း - “ခန့်မှန်းကြည့်လေ”
လီကျစ်ယွဲ့က မျက်လုံးလေး လှန်ကြည့်ကာ - “ဒါဆိုလည်း စစ်သင်တန်းကာလမှာ ဆေးကုသမှု အမြန်ခံယူလိုက်ပါ...ကျောင်းစာတွေ မပြတ်စေနဲ့ဦး”
ရှီလဲ့ရဲ့ ရင်ထဲမှာ နွေးထွေးသွားသည်။ ဒါဟာ လီကျစ်ယွဲ့ပဲ။ လူတိုင်းကို ဂရုစိုက်တတ်တဲ့ လီကျစ်ယွဲ့။ အတိတ်ဘဝမှာသာ သူမ ရုပ်ပျက်ဆင်းပျက် မဖြစ်ခဲ့ရင်...
ရှီလဲ့က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး စိတ်ထဲကနေ ကျိန်ဆိုလိုက်သည် - “လီကျစ်ယွဲ့... ဒီဘဝမှာတော့ ဘယ်သူမှ မင်းကို နာကျင်အောင် မလုပ်စေရဘူး”
တစ်ပတ်တာ အချိန်က မျက်တောင်တစ်ခတ်အတွင်း ကုန်ဆုံးသွားသည်။ စက်တင်ဘာ ၁၀ ရက်၊ ဆရာများနေ့ ရောက်ပြီ။
အတိတ်ဘဝမှာ လီကျစ်ယွဲ့ ရုပ်ပျက်ဆင်းပျက် ဖြစ်ခဲ့ရတဲ့နေ့! ရှီလဲ့က အဲဒါကို ရှင်းရှင်းလင်းလင်း မှတ်မိနေသည်။
ကျောင်းဝင်းထဲမှာ ကျောင်းသားတွေက စစ်သင်တန်း တက်နေကြပြီး ဆရာတွေကတော့ အားလပ်ရက်မို့ တိတ်ဆိတ်နေသည်။ လီကျစ်ယွဲ့ရဲ့ စီနီယာဖြစ်သူ၊ ကျောင်းမှာပဲ ဆရာပြန်လုပ်နေတဲ့ ဒေါက်တာဘွဲ့ရ ကျန်းဖန် က ဒီအခွင့်အရေးကို သုံးပြီး လီကျစ်ယွဲ့ကို ‘လမင်းတောအုပ်’ ဆီ နောက်ဆုံးအကြိမ်အဖြစ် ခေါ်ထုတ်ခဲ့သည်။
လမင်းတောအုပ်က ရွှမ်ဟူတက္ကသိုလ်ရဲ့ စုံတွဲတွေ ချိန်းတွေ့ရာ နေရာအဖြစ် နာမည်ကြီးသည်။ နွေရာသီညတွေမှာ စုံတွဲတွေ အချစ်စကား ပြောတတ်ကြသလို အထဲထိ ဝင်ပြီး ‘စွန့်စားခန်း’ ဖွင့်သူတွေလည်း ရှိသည်။ အဲဒီမှာ ကျန်ခဲ့တာတွေကို သန့်ရှင်းရေးဦးလေးကြီးတွေက လာသိမ်းတတ်ကြသည်။
ကျန်းဖန်က ကွန်ပျူတာဌာနက ထူးချွန်ကျောင်းသားဟောင်းတစ်ဦး ဖြစ်သည်။ သူက လီကျစ်ယွဲ့ကို ကျောင်းသားဘဝ ကတည်းက အရူးအမူး လိုက်ခဲ့တာ ၇ နှစ်တောင် ရှိပြီ။ ဒါပေမဲ့ လီကျစ်ယွဲ့က သူ့ကို အချစ်စိတ် မရှိခဲ့ပါ။ ကျန်းဖန်က အချစ်ကနေ အမုန်းပြောင်းကာ နောက်ဆုံးအကြိမ် ဖွင့်ပြောဖို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ အကယ်၍ သူမက ငြင်းရင်တော့ ‘ငါမှ မရရင် ဘယ်သူမှ မရစေရဘူး’ ဆိုတဲ့ စိတ်နဲ့ ဖျက်ဆီးပစ်ဖို့ ကြံစည်ထားသည်။
လမင်းရေကန်ဘေးမှာ လီကျစ်ယွဲ့နဲ့ ကျန်းဖန်တို့ ရင်ဆိုင်ရပ်နေကြသည်။
“ကျစ်ယွဲ့... ဒီလောက်နှစ်တွေ ကြာတာတောင် ငါ့ရဲ့ ခံစားချက်ကို နင်နားမလည်ဘူးလား” ကျန်းဖန်က တောင်းပန်တိုးလျှိုးစွာ ပြောသည်။
လီကျစ်ယွဲ့က အေးစက်စွာပင် - “စီနီယာကျန်းဖန်... ကျွန်မကို ‘လီကျစ်ယွဲ့’ လို့ပဲ ခေါ်ပါ”
ကျန်းဖန်က ခါးခါးသီးသီး ရယ်လိုက်သည်။ သူက အသက် ၂၇ နှစ်၊ လီကျစ်ယွဲ့က ၂၆ နှစ်။ ၇ နှစ်လုံးလုံး သူ သူမကို မလှုပ်ခတ်နိုင်ခဲ့ဘူး။ “ဘာလို့လဲ ငါ့မှာ ဘာချို့ယွင်းချက် ရှိလို့လဲ နင် ငါ့ကို နည်းနည်းလေးတောင် မချစ်ဘူးလား”
လီကျစ်ယွဲ့က မလှုပ်မယှက်ဘဲ - “စီနီယာ... ကျွန်မတို့က မလိုက်ဖက်ပါဘူး...စီနီယာက တော်တဲ့သူပဲ၊ နောင်ကျရင် စီနီယာနဲ့ လိုက်ဖက်မယ့်သူကို တွေ့မှာပါ”
ကျန်းဖန်ရဲ့ မျက်နှာက နီရဲလာပြီး အော်ဟစ်တော့သည် - “မဟုတ်ဘူး မဖြစ်နိုင်ဘူး ကျစ်ယွဲ့... ငါက နင့်ကိုပဲ ချစ်တာ”
လီကျစ်ယွဲ့က သက်ပြင်းချကာ - “စီနီယာ... ကျွန်မရဲ့ ဘာကို သဘောကျတာလဲ”
ကျန်းဖန်က လီကျစ်ယွဲ့ စိတ်ပြောင်းသွားပြီအထင်နဲ့ - “ကျစ်ယွဲ့... နင်က ကမ္ဘာပေါ်မှာ အလှဆုံးပဲဆိုတာ သိလား.. နင့်မှာ ကောင်းကွက်တွေ အများကြီး ရှိတယ်”
လီကျစ်ယွဲ့က ခနဲ့တဲ့တဲ့ ရယ်လိုက်သည် - “ကျွန်မမှာ ဘာကောင်းကွက်တွေ ရှိလို့လဲ စီနီယာ ကြိုက်တာရှိရင် ပြောပါ၊ ကျွန်မ ပြင်ပါ့မယ်”
ကျန်းဖန်ရဲ့ ကိုယ်က တုန်ရီသွားပြီး နောက်ဆုတ်သွားသည်။ သူ့နှလုံးသားက ကွဲကြေသွားပြီး
“ပြင်မယ် နင် တကယ်ပဲ ပြင်ချင်တာလား”
လီကျစ်ယွဲ့က ပြတ်ပြတ်သားသားပင် - “ပြင်ပါ့မယ်”
ကျန်းဖန်ရဲ့ မျက်နှာက ရက်စက်ကြမ်းကြုတ်သွားကာ အိတ်ထဲက ဖန်ပုလင်းငယ်လေးကို ထုတ်လိုက်သည်။
“ကောင်းပြီလေ... ငါ နင့်ကို ပြင်ပေးမယ် ဒါက ဆာလ်ဖျူရစ်အက်ဆစ် ပဲ နင် ရုပ်ပျက်သွားအောင် ငါကိုယ်တိုင် လုပ်ပေးမယ်”
လီကျစ်ယွဲ့ မျက်နှာ ဖြူလျော်သွားပြီး - “စီနီယာ... ဘာလုပ်မလို့လဲ”
ကျန်းဖန်က အရူးတစ်ယောက်လို တိုးဝင်လာစဉ်မှာပင် ရှီလဲ့ရဲ့ အသံက ဟိန်းထွက်လာသည် -
“လူယုတ်မာ... ရပ်လိုက်စမ်း”
အခန်း - ၁၀
လမင်းတောအုပ်၊ လမင်းရေကန်ဘေး...
ရှီလဲ့သည် ဗီဒီယိုကင်မရာတစ်လုံးကို ကိုင်လျက် အမှောင်ထဲမှ ထွက်လာသည်။ ကျန်းဖန်သည် ဆွံ့အသွားပြီး ရှီလဲ့ကို အေးစက်စွာ စိုက်ကြည့်ကာ - “မင်းက ဘယ်သူလဲ” ဟု မေးလိုက်သည်။
ရှီလဲ့က လီကျစ်ယွဲ့ကို အရင်ကြည့်ပြီး - “ဆရာမလီ... အဆင်ပြေရဲ့လား” ဟု မေးရာ၊ လီကျစ်ယွဲ့က - “ရှီလဲ့... အဲဒီပုလင်းထဲမှာ အက်ဆစ်တွေပါတယ်.. နင်က ကျန်းမာရေးလည်း သိပ်မကောင်းဘူး၊ သတိထားဦး..” ဟု စိုးရိမ်တကြီး သတိပေးရှာသည်။
ကျန်းဖန်က နှာခေါင်းရှုံ့လျက် - “ကျန်းမာရေးမကောင်းတဲ့ကောင်က သူရဲကောင်းလုပ်ချင်သေးတယ်ပေါ့လေ..သေပေတော့..” ဟု ဆိုကာ ဘယ်ဘက်လက်က အက်ဆစ်ပုလင်းကို ကိုင်၊ ညာဘက်လက်ကို လက်သီးဆုပ်ကာ ရှီလဲ့ဆီ ပြေးဝင်လာသည်။
လီကျစ်ယွဲ့က ထိတ်လန့်တကြား အော်ဟစ်သည် - “ရှီလဲ့... သတိထား ကျန်းဖန်က တိုက်ကွမ်ဒို တတ်တယ်”
ရှီလဲ့ကတော့ အထင်သေးစွာ ကြည့်လိုက်သည်။ တိုက်ကွမ်ဒို အကပြတာနဲ့ တူလှသည်။ ‘လျှို့ဝှက်အဖွဲ့အစည်း’ မှာ သူသင်ခဲ့ရတဲ့ အထူးလေ့ကျင့်ခန်းတွေနဲ့ ယှဉ်ရင် ဒါဟာ ကလေးကစားစရာမျှသာ။
ကျန်းဖန် နီးကပ်လာချိန်တွင် ရှီလဲ့က ကိုယ်ကို အသာတိမ်းကာ လက်သီးကို ရှောင်လိုက်ပြီး၊ နောက်ဆုတ်မသွားဘဲ ရှေ့သို့တိုးကာ ကျန်းဖန်၏ ဘယ်ဘက်နံရိုးကို အားပါပါ ထိုးချလိုက်သည်။ ပြင်းထန်သော နာကျင်မှုကြောင့် ကျန်းဖန်မှာ ခွေကျသွားတော့သည်။
အတိတ်ဘဝက လီကျစ်ယွဲ့ကို ဖျက်ဆီးခဲ့သော ကျန်းဖန်ကို မြင်ရသဖြင့် ရှီလဲ့သည် ဒေါသအဟုန်ဖြင့် ကျန်းဖန်၏ ရင်ဘတ်ကို ထပ်မံနင်းခြေပစ်သည်။ “မင်းက ကျစ်ယွဲ့ကို နာကျင်အောင် လုပ်ရဲတယ်ပေါ့လေ..မင်းလို အကောင်ကို ငါသတ်ပစ်မယ်” ဟု ဆိုကာ နံရိုးကို ထပ်မံကန်ကျောက်ရာ ကျန်းဖန်မှာ တုန်ရီနေတော့သည်။
လီကျစ်ယွဲ့က အမြန်တားဆီးရသည် - “ရှီလဲ့... တော်ပါတော့..သူ့ကို ထပ်မရိုက်နဲ့တော့၊ တစ်ခုခုဖြစ်သွားရင် နင်ပါ ပြဿနာတက်လိမ့်မယ်”
ရှီလဲ့သည် ကျန်းဖန် မေ့လဲသွားသည့်တိုင် မျက်နှာကို ပါးရိုက်ကာ ဆုံးမပြီးမှ လီကျစ်ယွဲ့အနားသို့ လျှောက်သွားသည်။ သူသည် ညာဘက်လက်ဖြင့် လီကျစ်ယွဲ့၏ လှပသော မျက်နှာလေးကို အသာအယာ အုပ်ကိုင်ကာ - “ကျစ်ယွဲ့... အဆင်ပြေရဲ့လား” ဟု နူးညံ့စွာ မေးလိုက်သည်။
ရှီလဲ့၏ အကြည့်များတွင် ကာမဂုဏ်စိတ်မရှိဘဲ စစ်မှန်သော စိုးရိမ်မှုများသာ ပြည့်နှက်နေသည်။ လီကျစ်ယွဲ့သည် ရှီလဲ့၏ လက်ဖဝါးနွေးနွေးကို ခံစားမိရာမှ သတိဝင်လာကာ သူ့ကို အသာတွန်းထုတ်လိုက်ပြီး - “ကျွန်မ... ကျွန်မ အဆင်ပြေပါတယ်” ဟု ခေါင်းငုံ့ကာ ပြန်ဖြေသည်။
ရှီလဲ့က - “ဆောရီး... ငါ ရိုင်းသွားတယ်” ဟု အားနာစွာ ဆိုကာ၊ လီကျစ်ယွဲ့က - “ရှီလဲ့... နင် ဒီကို ဘယ်လိုရောက်နေတာလဲ” ဟု မေးလာသည်။
ရှီလဲ့သည် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် လေးနက်သော လေသံဖြင့် စတင်ရှင်းပြသည် -
“ကျစ်ယွဲ့... မင်း အတိတ်ဘဝကို ယုံသလား..ငါ မင်းကို အတိတ်ဘဝကတည်းက သိနေခဲ့တယ်လို့ ပြောရင်ရော မင်းယုံမလား.. မင်းကို မြင်လိုက်ရတဲ့ ပထမဆုံး အခိုက်အတန့်မှာပဲ ငါ့ခေါင်းထဲမှာ မရင်းနှီးတဲ့ ပုံရိပ်တွေ ပေါ်လာတယ်။ အထူးသဖြင့် ဒီ ‘လမင်းတောအုပ်’ နဲ့ ‘လမင်းရေကန်’ ပုံရိပ်တွေပေါ့။ အဲဒါကြောင့် ငါက ဗီဒီယိုကင်မရာ ငှားပြီး ဒီနေရာကို လာမှတ်တမ်းတင်နေတာ... ဒါပေမဲ့ ဒီနေ့ မင်းကို ကယ်တင်ခွင့်ရလိမ့်မယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး.. ဒါဟာ ကောင်းကင်ဘုံရဲ့ အလိုတော်ပဲ ထင်တယ်”
လီကျစ်ယွဲ့က ရှီလဲ့ကို သံသယဖြင့် ကြည့်သည်။ ပညာတတ် တစ်ယောက်အနေဖြင့် ရှီလဲ့ရဲ့ စကားတွေက ဆန်းကြယ်လွန်းနေသည်။ ရှီလဲ့က ဆက်ပြောသည် - “ကျစ်ယွဲ့... မင်း မယုံဘူးဆိုတာ ငါသိပါတယ်...ဒါပေမဲ့ မင်းကို တစ်ခုမေးမယ် မင်းကို ၁၉၈၀၊ မတ်လ ၂၀ ရက်နေ့မှာ မွေးတာ မဟုတ်လား”
“နင် ဘယ်လိုသိတာလဲ” လီကျစ်ယွဲ့ အံ့ဩသွားသည်။
“ကျောင်းမှတ်တမ်းမှာ ကြည့်ရင် သိနိုင်တာပဲလေ.. ဒါပေမဲ့... မင်းကို မတ်လ ၂၀ ရက် သန်းခေါင်ယံမှာ မွေးတာ မဟုတ်လား..အဲဒီအချိန်မှာ လပြည့်နေတာမို့လို့ မင်းနာမည်ကို ‘လီဇီယွဲ့’ လို့ ပေးခဲ့တာဒါပေမဲ့ မင်းအမေက ဇွတ်အတင်း ပြောင်းခိုင်းလို့ ‘လီကျစ်ယွဲ့’ ဖြစ်သွားတာ မဟုတ်လား”
လီကျစ်ယွဲ့မှာ ပါးစပ်အဟောင်းသား ဖြစ်သွားရတော့သည်။ မွေးသက္ကရာဇ်ကို ကျောင်းမှာ သိနိုင်သော်လည်း၊ မွေးချိန်နှင့် အမည်ပြောင်းခဲ့သည့် ကိုယ်ရေးကိုယ်တာ ကိစ္စရပ်များကို သူမနှင့် သူမမိဘများကလွဲ၍ ဘယ်သူမှ မသိနိုင်ပေ။
“ရှီလဲ့... နင် ဘယ်လိုလုပ် ဒါတွေကို သိနေတာလဲ”
ရှီလဲ့က လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးကာ - “ကျစ်ယွဲ့... ငါ ပြောပြီးပြီလေ၊ တို့တွေက အတိတ်ဘဝကတည်းက သိခဲ့ကြတာလို့”
လီကျစ်ယွဲ့က မျက်နှာလေး နီမြန်းသွားကာ - “အတိတ်ဘဝ... အတိတ်ဘဝမှာ တို့တွေက ဘာပတ်သက်မှု ရှိခဲ့တာလဲ” ဟု တိုးတိုးလေး မေးရှာသည်။
ရှီလဲ့သည် လီကျစ်ယွဲ့၏ နားနားသို့ တိုးကပ်သွားကာ - “ကျစ်ယွဲ့... မင်း တကယ် သိချင်တာလား” ဟု မေးလိုက်ရာ ရှီလဲ့၏ ထွက်သက်နွေးနွေးကြောင့် လီကျစ်ယွဲ့၏ နားရွက်လေးများ သွေးရောင်လွှမ်းသွားသည်။
ရှီလဲ့က ရယ်မောလျက် နောက်ဆုတ်လိုက်ကာ - “အခုတော့ မပြောပြသေးဘူး” ဟု ဆိုကာ ရဲတပ်ဖွဲ့ကို ဖုန်းဆက် အကြောင်းကြားလိုက်သည်။
ခေတ္တအကြာတွင် ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာသည်။ ရှီလဲ့သည် သူရိုက်ကူးထားသော ဗီဒီယိုအထောက်အထားကို ရဲတပ်ဖွဲ့ထံ ပေးအပ်လိုက်ရာ၊ ရဲအရာရှိ ချန်ကွမ်လျန် က ကျန်းဖန်ကို ၅ နှစ်မှ ၁၀ နှစ်အထိ ထောင်ဒဏ် ကျခံရနိုင်ကြောင်း ပြောဆိုကာ ကျန်းဖန်ကို ဖမ်းဆီးခေါ်ဆောင်သွားသည်။
ရဲစခန်းတွင် ထွက်ဆိုချက်ပေးပြီးနောက် အရာရှိချန်က ရှီလဲ့၏ သူရဲကောင်းဆန်သော လုပ်ရပ်ကို ကျောင်းသို့ အစီရင်ခံပေးမည်ဟု ကတိပေးကာ သူတို့နှစ်ဦးကို ကျောင်းသို့ ပြန်ပို့ပေးခဲ့သည်။
ကျောင်းဝင်းအတွင်း ရှီလဲ့နှင့် လီကျစ်ယွဲ့တို့ အတူ လမ်းလျှောက်လာကြသည်။
“ရှီလဲ့... ကျောင်းထဲမှာဆိုရင် ငါ့ကို ‘ကျစ်ယွဲ့’ လို့ မခေါ်နဲ့နော်” ဟု လီကျစ်ယွဲ့က မှာသည်။
“ဘာလို့လဲ” ဟု ရှီလဲ့က လူလည်လုပ်မေးရာ၊ လီကျစ်ယွဲ့က ရှီလဲ့၏ ခါးကို အားပါပါ ဆွဲလိမ်ပစ်လိုက်သည်။
“အားးးးး” ရှီလဲ့ နာကျင်စွာ အော်ဟစ်လိုက်ရသည်။
“ခုနက ဘာလို့လဲလို့ မေးတယ် မဟုတ်လား ဘာလို့လဲဆိုတော့ ငါက နင့်ရဲ့ ဆရာမ ဖြစ်နေလို့ပေါ့” ဟု လီကျစ်ယွဲ့က နှာမှုတ်ကာ ပြောသည်။
ရှီလဲ့က အခွင့်အရေးယူကာ - “ကျစ်ယွဲ့... ဒါဆို ကျောင်းပြင်ပမှာဆိုရင်ရော” ဟု မေးလိုက်ရာ လီကျစ်ယွဲ့မှာ ခေတ္တမျှ တိတ်ဆိတ်သွားသည်။ သူမသည် အသက် ၂၆ နှစ်၊ ရှီလဲ့က ၁၉ နှစ်။ အသက်ကွာခြားမှုက ရှိနေပေသည်။
“ဘာဖြစ်လို့လဲ ကျစ်ယွဲ့”
လီကျစ်ယွဲ့က အားယူပြုံးကာ - “ဘာမှမဟုတ်ပါဘူး.. လာ... ငါ့ကို အိမ်လိုက်ပို့ပေးဦး”
ရှီလဲ့က သဘောတကျ ရယ်မောလျက် - “ကောင်းပါပြီ ကျစ်ယွဲ့ ရဲ့ အိမ်ဘယ်မှာလဲဆိုတာကိုလည်း ငါ သိပြီးသားပါ” ဟု ဆိုကာ ဆရာမများ အဆောင်ဆီသို့ အတူတူ လျှောက်လှမ်းသွားကြသည်။
ရှီလဲ့သည် လမ်းတလျှောက် သီချင်းတညည်းညည်းဖြင့် ပျော်ရွှင်နေသည်။ အတိတ်ဘဝက နောင်တတွေကို ဒီဘဝမှာတော့ သူ အောင်မြင်စွာ ကုစားနိုင်ခဲ့ပြီ မဟုတ်ပါလား။