အခန်း (၁၁-၁၂)
Vol. 2 Ch. 11-12
အခန်း -၁၁
အရင်ဘဝမှ နောင်တတရားများကို ေဖြေဖျာက်ပြီးနောက် ရှီလဲ့သည် လီချိုင်ထံမှတစ်ဆင့် မိမိစစ်သင်တန်း မတက်ရောက်သည့်အပေါ် လင်းယွီမော့က မကျေမနပ်ဖြစ်နေကြောင်း သိလိုက်ရသည်။
ထို့ကြောင့် ရှီလဲ့သည် ကျောင်းသားသစ်များ၏ စစ်သင်တန်းကို ကြည့်ရှုရန် ကွင်းပြင်သို့သွားရန် ဆုံးဖြတ်လိုက်သည်။
စက်တင်ဘာ ၁၁ ရက် ရာသီဥတုက သာယာနေသည်။
ရွှမ်ချင်း မြို့သည် ပူပြင်းသောမြို့အဖြစ် လူသိများပြီး စက်တင်ဘာလသည်လည်း ပူအိုက်သောလဖြစ်၏။နံနက် ၁၀ နာရီကျော်သည်နှင့် ပူပြင်းသောနေရှိန်ကြောင့် လေထုမှာ ပူလောင်နေပြီဖြစ်သည်။ ရှီလဲ့သည် ရေသန့်တစ်ဘူးကို ကိုင်ကာ ကွင်းပြင်သို့ ဖြည်းညင်းစွာ လမ်းလျှောက်လာခဲ့သည်။
ရွှမ်းချင်းတက္ကသိုလ်၏ စစ်သင်တန်းကို ကျောင်းဝင်းအတွင်း၌ပင် စီစဉ်ထားသော်လည်း အချိန်ကာလမှာ ကြာမြင့်လှပြီး တစ်လနီးပါး ကြာတတ်သည်။ ကွင်းပြင်၌ ကျောင်းသားသစ်အများအပြားသည် ပူပြင်းသောနေရောင်အောက်တွင် စစ်ရေးပြပုံစံဖြင့် မတ်တပ်ရပ်နေကြသည်။ ရှီလဲ့သည် ကွန်ပျူတာသိပ္ပံဘာသာရပ် နယ်မြေသို့ လမ်းလျှောက်သွားပြီး လင်းယွီမော့ကို အလွယ်တကူပင် ရှာတွေ့လိုက်သည်။
စစ်ယူနီဖောင်း ဝတ်ဆင်ထားလျှင်ပင် လင်းယွီမော့မှာ ထူးထူးခြားခြား ပေါ်လွင်နေဆဲပင်။
ရှီလဲ့သည် သစ်ပင်ရိပ်အောက်ရှိ ကွင်းဘေးတစ်ဖက်တွင် ရပ်နေလိုက်ရာ ချက်ချင်းပင် အကြည့်ပေါင်းများစွာကို ဆွဲဆောင်မိသွားသည်။
ထိုအထဲမှ မျက်မှန်တပ်ထားသော ပိန်ပိန်ပါးပါး ကောင်လေးတစ်ယောက်က "သတင်းပို့ပါတယ်" ဟု အော်ပြောလိုက်သည်။
နည်းပြက ထိုကောင်လေးကို တစ်ချက်ကြည့်ပြီးနောက် "ဘာကိစ္စလဲ" ဟု မေးလိုက်သည်။
မျက်မှန်နှင့် ပိန်သောကောင်လေးက ရှီလဲ့ကို လက်ညှိုးထိုးပြကာ "နည်းပြ၊ ဟိုတစ်ယောက်ကလည်း ကျွန်တော်တို့အတန်းက ကျောင်းသားပဲ... သူက ဘာလို့ စစ်သင်တန်းမှာ မပါတာလဲ"
နည်းပြက ရှီလဲ့ဘက်သို့ လှည့်ကြည့်လိုက်သည်။ ရှီလဲ့ကမူ ပြုံးပြပြီး နည်းပြကို လက်ဝှေ့ယမ်းပြလိုက်သည်။ နည်းပြက မျက်မှောင်ကြုတ်ကာ ရှီလဲ့ထံသို့ လျှောက်လာခဲ့သည်။
"ကျောင်းသား၊ မင်းက ဘာလို့ စစ်သင်တန်းမှာ မပါတာလဲ"
ရှီလဲ့သည် အနည်းငယ်မျှပင် မထိတ်လန့်ဘဲ "နည်းပြ၊ ကျွန်တော် နေမကောင်းလို့ပါ..စစ်သင်တန်း တက်ရောက်ခြင်းကနေ ကင်းလွတ်ခွင့် ရထားပါတယ်.." ဟု ပြောလိုက်သည်။
နည်းပြက ခေါင်းညိတ်ကာ လှည့်ထွက်သွားသည်။ ရှီလဲ့က အကြောင်းပြချက် ပေးလိုက်သည့်အတွက် နည်းပြက လုံးဝသံသယ မဖြစ်တော့ပေ။ ၎င်းမှာ ရှီလဲ့က ယုံကြည်ထိုက်သူဖြစ်နေ၍ မဟုတ်ဘဲ ရွှမ်းချင်းတက္ကသိုလ်၏ စီမံခန့်ခွဲမှုစနစ်က ယုံကြည်စိတ်ချရ၍ပင် ဖြစ်သည်။ အကယ်၍ ရှီလဲ့တွင် ကင်းလွတ်ခွင့်လက်မှတ်သာ မရှိခဲ့လျှင် ကျောင်းအာဏာပိုင်များနှင့် ဆရာများက ရှီလဲ့ကို စစ်သင်တန်းတက်ရန် သဘာဝအတိုင်း စီစဉ်ပေးပြီးသား ဖြစ်ပေလိမ့်မည်။
ကွင်းပြင်တွင် "တစ်၊ နှစ်၊ သုံး၊ လေး" ဟု အော်ဟစ်သံများက ကောင်းကင်အထိ ဟိန်းထွက်နေသည်။ ပူပြင်းသောနေရှိန်ကြောင့် ကျောင်းသားသစ်များမှာ ချွေးများ တရွှဲရွှဲဖြစ်နေကြသည်။ တစ်နာရီခန့် မတ်တပ်ရပ်ပြီးနောက် နည်းပြက လက်ဝှေ့ယမ်းကာ "ငါးမိနစ် နားမယ်.." ဟု ပြောလိုက်သည်။
ရှီလဲ့သည် လင်းယွီမော့ထံသို့ အမြန်လျှောက်သွားလိုက်သည်။ လင်းယွီမော့က နှာခေါင်းရှုံ့ကာ ရှီလဲ့ရှိရာမှ မျက်နှာလွှဲလိုက်သည်။ ရှီလဲ့သည် ဘေးပတ်ဝန်းကျင်မှ ရယ်သံများကို ဂရုမစိုက်ဘဲ ရေသန့်ဘူးကို လင်းယွီမော့ထံ ကမ်းပေးလိုက်သည်။ "ရှောင်မော့လာ ရေသောက်လိုက်ဦး.."
လင်းယွီမော့သည် ရေသန့်ကို ယူကာ တစ်ငုံသောက်လိုက်သည်။ "မိစ္ဆာရှီ ဒီရက်ပိုင်း မင်းကို ဘာလို့မတွေ့ရတာလဲ"
ရှီလဲ့က အမှန်တစ်ဝက် အလိမ်တစ်ဝက်ဖြင့် "ပြီးခဲ့တဲ့ ရက်ပိုင်းက အလုပ်များနေလို့ပါ.." ဟု ပြောလိုက်သည်။
လင်းယွီမော့က မျက်စောင်းထိုးကာ "ဘာတွေ အလုပ်များနေတာလဲ.."
ရှီလဲ့က ခေါင်းကုတ်ကာ "အချိန်ပိုင်းအလုပ် လိုက်ရှာနေတာလေ..မဟုတ်ရင် ထမင်းစားဖို့ ပိုက်ဆံမရှိတော့ဘူး.." ဟု တိုးတိုးလေး ပြောလိုက်သည်။ သူ လိမ်ပြောနေခြင်း မဟုတ်ပေ။
ရှီလဲ့သည် မိဘမဲ့တစ်ယောက်ပင်။ အတိအကျပြောရလျှင် သူ၏မိဘများမှာ မည်သူမှန်းပင် သူမသိပေ။ ဦးလေးဆိုသူ တစ်ယောက်ရှိသော်လည်း ထိုဦးလေးက ရှီလဲ့ကို အလေးပင်မထားချေ။ ၎င်းတို့နှစ်ဦး၏ ဆက်ဆံရေးမှာ အလွန်ပင် ဆိုးရွားလှသည်။ ရှီလဲ့၏ ဝင်ငွေအရင်းအမြစ်မှာ မိမိကိုယ်ကိုယ်သာ အားကိုးနေရခြင်းဖြစ်သည်။
ယခင်က ရှီလဲ့သည် အင်တာနက်ကဖေးများမှ ပြဿနာများကို ဖြေရှင်းပေးကာ ပိုက်ဆံရှာခဲ့သည်။ ယခု ပြန်လည်မွေးဖွားလာပြီးနောက်တွင်မူ သူသည် ကမ္ဘာ့ထိပ်တန်း ဟက်ကာတစ်ယောက်၏ စွမ်းဆောင်ရည်နှင့် အားကောင်းသော ပရိုဂရမ်းမင်းစွမ်းရည်များကို ပိုင်ဆိုင်ထားပြီဖြစ်သည်။ ရှီလဲ့သည် မိမိကိုယ်ပိုင်လမ်းကြောင်းကို စတင်ရန် ပြင်ဆင်နေပြီဖြစ်၏။
အဆုံးတွင် သူ၏ရန်သူဖြစ်သော ထိုလျှို့ဝှက်ဆန်းကြယ်သည့် အဖွဲ့အစည်းမှာ ကြီးမားသော နိုင်ငံတကာအဖွဲ့အစည်းတစ်ခု ဖြစ်နေသောကြောင့်ပင်။
လင်းယွီမော့က ရှီလဲ့ နောက်ပြောင်နေသည်ဟု ထင်လိုက်သည်။ "သွားစမ်းပါ မိစ္ဆာရှီရဲ့..."
ရှီလဲ့က ပြုံးနေပြီး ဘာမှထပ်မရှင်းပြတော့ပေ။ "ေရှာင်ေမာ့ စစ်သင်တန်းက ပင်ပန်းလား.."
လင်းယွီမော့က ချက်ချင်းပင် ညည်းတွားတော့သည်။ "အရမ်းပင်ပန်းတာပဲ..နေ့တိုင်းကျွေးတဲ့ ထမင်းကလည်း အရမ်းညံ့တာ ပြီးတော့ နေကလည်း အရမ်းပူတော့ အသားအရေ ထိခိုက်တာပေါ့... sunscreen သာ မပြင်ထားရင် ငါ့အသားအရေတော့ သွားပြီ..."
ရှီလဲ့သည် လင်းယွီမော့၏ ညည်းတွားသံများကို နားထောင်ရင်း ပျော်ရွှင်မှုကို ခံစားနေရသည်။ "ယွီမော့ နင်လည်း စစ်သင်တန်းကို ခိုးနားလိုက်ပါလား.."
လင်းယွီမော့ စိတ်လှုပ်ရှားသွားသည်။ "နားချင်တာပေါ့၊ ဒါပေမဲ့... အခုတော့ ခိုးနားလို့ မရသေးဘူး.."
ရှီလဲ့မှာ စကားအဖြစ် ပြောလိုက်ခြင်းသာဖြစ်သည်။ သူ၏ ဟက်ကာစွမ်းရည်မှာ အံ့မခန်းဖြစ်သော်လည်း သူသည် အရာရာကို လုပ်နိုင်သော ဘုရားသခင်တော့ မဟုတ်ပေ။
ငါးမိနစ်အကြာတွင် နည်းပြက လူစုရန် ပြန်ခေါ်လိုက်သည်။
ရှီလဲ့က ကွင်းပြင်၏ အခြားတစ်ဖက်ကို ညွှန်ပြကာ "ငါ မုရွှမ်း ဆီ သွားကြည့်လိုက်ဦးမယ်" ဟု ပြောလိုက်သည်။
လင်းယွီမော့က ခေါင်းညိတ်လိုက်ပြီး ဘာမှ ထူးခြားသည်ဟု မထင်ပေ။ "သွားလေ.."
မုရွှမ်းသည် စီးပွားေရးစီမံခန့်ခွဲမှုဌာန တွင် ရှိသည်။ ရှီလဲ့သည် ရေသန့်ဘူးကို ကိုင်ကာ သူမကို ရှာဖွေရင်း ကွင်းဘေးတစ်လျှောက် လှည့်ပတ်သွားလာနေသည်။ ဆယ်မိနစ်ခန့်အကြာတွင် ရှီလဲ့ နောက်ဆုံးတွင် မုရွှမ်းကို တွေ့သွားသည်။
မုရွှမ်းသည် ၁.၇ မီတာခန့် မြင့်သည်။ စစ်ယူနီဖောင်းဝတ်ထားသည့် သူမ၏ပုံစံမှာ ရဲရင့်ပြတ်သားပုံ ပေါက်နေသည်။ ရှီလဲ့သည် မုရွှမ်း၏ မျက်နှာချင်းဆိုင် ကွင်းဘေးတွင် ရပ်ကာ ပြုံးလျက် လက်ဝှေ့ယမ်းပြလိုက်သည်။ မုရွှမ်းကမူ ရှီလဲ့ကို တစ်ချက်ပင် လှည့်မကြည့်ပေ။
သို့သော် သူမ၏အတန်းထဲမှ ယောက်ျားလေးများမှာမူ မကျေမနပ်ဖြစ်နေကြသည်။ ၁.၉ မီတာခန့် မြင့်သော အရပ်ရှည်ရှည် ကောင်လေးတစ်ယောက်က ရှီလဲ့ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။ "ဆရာ"
စီမံခန့်ခွဲမှုဌာန ၏ နည်းပြမှာ မျိုးရိုးအမည်ကျောက် ဖြစ်သည်။ သူသည် သာမန်စစ်သားတစ်ဦးသာဖြစ်ပြီး အလွန်ငယ်ရွယ်ပုံရသည်။
"ဘာကိစ္စလဲ.."
"ဆရာ၊ ဟိုဘက်က ကောင်က ကျွန်တော်တို့ စစ်သင်တန်းကို လာနှောင့်ယှက်နေပါတယ်.." အရပ်ရှည်သောကောင်လေးမှာ ကျူးရှုဖြစ်သည်။ အတန်းအစည်းအဝေးတွင် မုရွှမ်းနှင့် တွေ့ဆုံပြီးနောက်တွင် သူသည် မုရွှမ်းကို အလွန်အမင်း စွဲလမ်းနေခဲ့ခြင်းဖြစ်သည်။
နည်းပြကျောက်သည် ရှီလဲ့ထံသို့ လျှောက်လာပြီး မျက်မှောင်ကြုတ်လိုက်သည်။ "ကျောင်းသား၊ မင်းက ဘယ်အတန်းကလဲ.. ဘာလို့ စစ်သင်တန်းမှာ မပါတာလဲ.."
ရှီလဲ့က ပြုံးကာ "မင်္ဂလာပါ ဆရာ.. ကျွန်တော် ကျန်းမာရေး မကောင်းလို့ စစ်သင်တန်း တက်စရာမလိုပါဘူး" ဟု ပြောလိုက်သည်။
နည်းပြကျောက်က နှာမှုတ်လိုက်သည်။ "မင်း စစ်သင်တန်း မတက်ချင်လည်း နေပါ၊ ဒါပေမဲ့ ငါတို့ စစ်သင်တန်းကိုတော့ လာမနှောင့်ယှက်နဲ့.."
ရှီလဲ့က ခေါင်းခါကာ ငြင်းလိုက်သည်။ "စိတ်မရှိပါနဲ့ ဆရာ၊ ကျွန်တော် သူငယ်ချင်းကို စောင့်နေတာပါ"
နည်းပြကျောက်သည် လောလောဆယ်တွင် ရှီလဲ့ကို အခက်တွေ့အောင် မလုပ်နိုင်သေးပေ။ သို့သော် နည်းပြကျောက်သည်လည်း ငယ်ရွယ်ပြီး စိတ်ဆတ်သူဖြစ်ရာ ရှီလဲ့၏ ပမာမခန့်လုပ်မှုအပေါ် သဘာဝကျကျပင် မကျေမနပ် ဖြစ်သွားသည်။ သူ ကျူးရှုကို မြင်လိုက်သောအခါ စိတ်ထဲမှ ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။
"ကျောင်းသားတို့၊ မိနစ် ၃၀ နားမယ်.."
စီမံခန့်ခွဲမှုဌာနမှ ကျောင်းသားများ ချက်ချင်းပင် အော်ဟစ် အားပေးလိုက်ကြသည်။
'နာရီဝက်တောင် နားရမှာ'
'တကယ့်ကို ခမ်းနားလိုက်တာ'
ကျူးရှုသည် ချက်ချင်းပင် သူ၏ အဆောင်သူငယ်ချင်း သုံးယောက်နှင့်အတူ ရှီလဲ့ထံသို့ လျှောက်သွားသည်။ နည်းပြကျောက်က မမြင်ချင်ယောင်ဆောင်နေသော်လည်း သူ၏မျက်နှာတွင် လှောင်ပြုံးတစ်ခု ပေါ်နေသည်။
မုရွှမ်း၏ မျက်နှာတွင် စိုးရိမ်ရိပ်များ ပေါ်လာသော်လည်း ရှီလဲ့သည် ဟော့ပေါ့သွားစားတုန်းက လူမိုက်လေးယောက်ကို အလွယ်တကူ နှိမ်နင်းခဲ့သည်ကို သတိရသွားသောအခါ မုရွှမ်းက ပြုံးလိုက်သည်။
မုရွှမ်းဘေးတွင် ရပ်နေသော မိန်းကလေးတစ်ယောက်က "ရွှမ်းရွှမ်း၊ အဲဒါ နင့်ကို လာပိုးပန်းတဲ့လူ နောက်တစ်ယောက်လား.." ဟု စနောက်လိုက်သည်။
မုရွှမ်းက ပြန်မဖြေဘဲ မကျေမနပ်ဖြစ်နေသော မျက်နှာပေးကို ပြလိုက်သည်။
ကျူးရှုနှင့် အခြားသုံးယောက်က ရှီလဲ့ကို ကွင်းဘေးတွင် ဝိုင်းထားလိုက်သည်။ "ဟေ့ကောင်၊ မင်း စောစောက တော်တော် မောက်မာနေတယ် မဟုတ်လား..ငါတို့ စစ်သင်တန်းလုပ်နေတာကို လာနောက်ပြောင်ရဲတယ်ပေါ့.."
ရှီလဲ့က အေးအေးဆေးဆေးပင် ပခုံးတွန့်ပြလိုက်သည်။ "မင်းတို့ကို နောက်ပြောင်တာ..ဆောရီးပဲ၊ ငါက အခြောက်မဟုတ်ဘူး..မင်းတို့ကိုယ်တိုင်က အခြောက်တွေဖြစ်နေလို့ တခြားလူတွေကိုလည်း လိုက်မထင်နဲ့"
ကျူးရှု မျက်နှာ ပျက်သွားသည်။ သူ၏ မျက်နှာမှာ ဝမ်းချုပ်နေသော အရောင်ကဲ့သို့ ဖြစ်သွားသည်။ "ဟေ့ကောင်၊ မင်းက ပြဿနာရှာချင်နေတာလား..."
မုရွှမ်းဘေးမှ မိန်းကလေးမှာ ဟုန်ထင်းထင်း ဟု ခေါ်ပြီး ပုံမှန် ပိုက်ဆံမက်သူတစ်ယောက် ဖြစ်သည်။
"ရွှမ်းရွှမ်း၊ ကျူးရှုက နင့်သူငယ်ချင်းကို အလွယ်တကူ လွှတ်ပေးမှာ မဟုတ်ဘူးနော်...နင် မကူညီဘူးလား"
မုရွှမ်းက နှစ်လှမ်းခန့် ရှေ့တိုးသွားပြီး မျက်မှောင်ကြုတ်လိုက်သည်။ "ဟုန်ထင်းထင်း ကျေးဇူးပြုပြီး ငါ့ကို မုရွှမ်းလို့ပဲ ခေါ်ပါ.."
ကွင်းအစွန်းတွင် ရှီလဲ့က ကျူးရှုနှင့် အခြားသူများကို အထင်အမြင်သေးစွာ ကြည့်လိုက်သည်။
"ပြဿနာရှာချင်တာလား.. မင်းတို့လို ငါးစာလေး လေးယောက်ကလေ... "
ကျူးရှုက လက်သီးကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး "ဟေ့ကောင်၊ မင်း အရိုက်ခံချင်နေတာလား" ဟု ကြိမ်းဝါးလိုက်သည်။
ရှီလဲ့က ကျူးရှုကို တစ်ချက်ကြည့်လိုက်ပြီး "စမ်းကြည့်ပါလား.."
"တောက်.. ချကွာ" ကျူးရှု ဆက်ပြီး သည်းမခံနိုင်တော့ဘဲ ဦးဆောင်ကာ ရှီလဲ့ကို လက်သီးဖြင့် ထိုးလိုက်သည်။
ဟုန်ထင်းထင်း၏ မျက်လုံးများ တောက်ပသွားသည်။ သူမက "လုပ်စမ်းကျူးရှု သူ့ကို ပညာပေးလိုက်.." ဟု မပြောဘဲ မနေနိုင် ဖြစ်သွားသည်။
မုရွှမ်းက ဟုန်ထင်းထင်းကို မကျေမနပ်ကြည့်လိုက်သည်။ "ရှီလဲ့ ငါ့ကို စိတ်မပျက်စေနဲ့နော်"
ကြီးမားသော လက်သီးကြီး လာနေသည်ကို မြင်သော်လည်း ရှီလဲ့က အနည်းငယ်မျှ မထိတ်လန့်ပေ။ သူ၏ကိုယ်ကို တိမ်းစောင်းကာ နောက်သို့ တစ်လှမ်းဆုတ်လိုက်သည်။ ထို့နောက် ကျူးရှု၏ လက်မောင်းကို ဖမ်းဆွဲကာ ရှေ့သို့ ဆောင့်ဆွဲလိုက်သည်။
ကျူးရှု ချက်ချင်းပင် ရှေ့သို့ မှောက်ကျသွားသည်။ ရှီလဲ့က ရှေ့သို့ တစ်လှမ်းတိုးကာ ညာဘက်ခြေထောက်ကို ထုတ်လိုက်သည်။ သူ၏ ဒူးခေါင်းက ကျူးရှု၏ ရင်ဘတ်ကို တိုက်မိသွားသည်။ ပြင်းထန်သော နာကျင်မှုကြောင့် ကျူးရှုသည် ကွင်းပြင်ပေါ်တွင် လဲကျသွားကာ လူးလှိမ့်အော်ဟစ်နေတော့သည်။ အရပ်ရှည်ပြီး ဗလကောင်းသော ကျူးရှုမှာ ပထမအချီမှာတင် လဲကျသွားသည်ကို တွေ့သောအခါ ကျန်သုံးယောက်မှာ နောက်ဆုတ်ချင်စိတ် ပေါ်လာကြသည်။
ရှီလဲ့သည် ထိုသုံးယောက်ကို ဂရုမစိုက်ဘဲ မုရွှမ်းထံသို့ တိုက်ရိုက် လျှောက်သွားသည်။ "မုရွှမ်း ပွဲကြည့်လို့ ဝပြီလား.."
မုရွှမ်းက ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။ "ရပါတယ်၊ နင် ဒီလောက် တော်မယ်မှန်း ငါ မသိခဲ့ဘူး.."
ရှီလဲ့က မျက်ခုံးပင့်လိုက်ကာ "ဘာလို့လဲ..ပြီးခဲ့တဲ့တစ်ခေါက်က မတွေ့ခဲ့လို့လား"
မုရွှမ်းက ထိုမေးခွန်းကို ပြန်မဖြေဘဲ "နင် ဒီကို ဘာလာလုပ်တာလဲ.. လင်းယွီမော့ သဝန်တိုမှာ မကြောက်ဘူးလား.."
ရှီလဲ့က ရယ်လိုက်သည်။ "သူ့ဆီက ခွင့်တောင်းပြီးမှ လာတာပေါ့...ပြီးတော့ ငါတို့နှစ်ယောက်ကြားမှာ ဘာမှမရှိပါဘူး၊ ဟုတ်တယ်မလား..."
မုရွှမ်းက ရှီလဲ့ကို မျက်စောင်းထိုးလိုက်သည်။ "ဘာကိစ္စရှိလို့လဲ"
ရှီလဲ့က ခေါင်းခါကာ "ဘာမှမရှိပါဘူး.. လာကြည့်တာပဲ"
မုရွှမ်း တစ်ခုခုကို သတိရသွားပြီး အေးစက်စက် ပြောလိုက်သည်။ "ကြည့်ပြီးပြီဆိုရင်လည်း သွားတော့လေ"
ရှီလဲ့သည် မုရွှမ်း၏ စရိုက်ကို သိသည်။ သူက ဂရုမစိုက်ဘဲ လှည့်ထွက်လာခဲ့သည်။
ပြဿနာ အသေးအဖွဲလေး ရှိခဲ့သော်လည်း စစ်သင်တန်းအပေါ် သက်ရောက်မှု မရှိပေ။ ထို့အပြင် နည်းပြကျောက်ကလည်း ဤကိစ္စကို ကြီးကြီးကျယ်ကျယ် မဖြစ်စေချင်ပေ။ ထို့ကြောင့် ရှီလဲ့သည် ဘာမှမဖြစ်ခဲ့သလိုပင် ထွက်လာခဲ့သည်။
လမ်းလျှောက်လာရင်း ရှီလဲ့သည် ကြွေးကြော်သံများကို ထပ်တလဲလဲ ကြားနေရသည်။ သူ စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။ သူသည် စစ်သင်တန်းတက်ရန် အခွင့်အရေးကို လုံးဝဆုံးရှုံးသွားခဲ့ပြီ။
ဒါဟာ 'တစ်ခုရရင် တစ်ခုဆုံးရှုံးရမယ်' ဆိုသည့် သဘောပင်။
သူ အရင်ဘဝမှ နောင်တတရားကို အဖတ်ဆယ်နိုင်ခဲ့သော်လည်း စစ်သင်တန်း အတွေ့အကြုံကိုတော့ ဆုံးရှုံးလိုက်ရသည်။
သို့သော် ရှီလဲ့ လုံးဝ နောင်တမရပေ။ ရှီလဲ့၏ နှလုံးသားထဲတွင် လီကျစ်ယွဲ့ ၏ အရေးပါမှုမှာ စစ်သင်တန်း အတွေ့အကြုံထက် အဆပေါင်းများစွာ ပိုအရေးကြီးသည်။ သစ်ပင်ရိပ်အောက်တွင် ရှီလဲ့သည် အေးအေးလူလူ ထိုင်နေလိုက်သည်။ ရှီလဲ့၏ ရှေ့တွင် လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှုဌာန မှ ကျောင်းသားများ ရှိနေသည်။
စီမံခန့်ခွဲမှုနှင့် လူ့စွမ်းအားအရင်းအမြစ်များအပြင် ဤဌာနမှ ဘွဲ့ရသော ကျောင်းသားအချို့မှာ အတွင်းရေးမှူးအလုပ်ကို ရွေးချယ်ကြသည်။
လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှုဌာနတွင် မိန်းကလေးဦးရေမှာ ယောက်ျားလေးများထက် အမြဲတမ်း ပိုများလေ့ရှိသည်။ ရှီလဲ့သည် ထိုမိန်းကလေးများကို အေးဆေးစွာ ကြည့်နေသည်။ သူတို့၏ နည်းပြမှာ တပ်ခွဲမှူးတစ်ယောက်ပင် ဖြစ်သည်။
တပ်ခွဲမှူးသည် သူတို့အား ကြွေးကြော်သံများ အော်ခိုင်းနေသည်။ ၎င်းမှာ စစ်သင်တန်း အစီအစဉ်၏ မရှိမဖြစ် အစိတ်အပိုင်းတစ်ခုဖြစ်သည်။
ရှီလဲ့ ရေသောက်ရင်း ကြည့်နေလိုက်သည်။
တပ်ခွဲမှူးက ရှေ့တွင်ရပ်ကာ ကျယ်လောင်စွာ ပြောလိုက်သည်။ "ကျောင်းသားတို့၊ မင်္ဂလာပါ"
ကျောင်းသားများက တညီတညွတ်တည်း ပြန်ပြောသည်။ "မင်္ဂလာပါ အရာရှိကြီး"
တပ်ခွဲမှူးက ဆက်ပြောသည်။ "ကျောင်းသားတို့ ပင်ပန်းနေကြပြီလား"
ကျောင်းသားများက တညီတညွတ်တည်း ထပ်ပြောသည်။ "ပြည်သူ့အတွက် အလုပ်အကျွေးပြုပါ့မည်"
တပ်ခွဲမှူးက ကျောင်းသားများကို ကျေနပ်စွာ ကြည့်လိုက်သည်။ သူက ဆယ်မိနစ် နားချိန်ပေးတော့မည့်ဆဲဆဲတွင် နေပူရှိန်ကြောင့် မူးဝေနေသော မိန်းကလေးတစ်ယောက်က ကြွေးကြော်သံကို နောက်ကျပြီး အော်လိုက်မိသည်။
"အရာရှိကြီးအတွက် အလုပ်အကျွေးပြုပါ့မည်"
"ဖူးးးး "
ရှီလဲ့ ပါးစပ်ထဲမှ ရေသန့်များ ပန်းထွက်သွားတော့သည်။
ထိုမိန်းကလေး၏ အတန်းဖော်များကလည်း အားရပါးရ ဝိုင်းရယ်ကြတော့သည်။
အခန်း - ၁၂
စက်တင်ဘာ ၁၃ ရက်၊ ရာသီဥတုက သာယာနေဆဲပင်။
နံနက် ၉ နာရီကျော်တွင် ရှီလဲ့တစ်ယောက်အိပ်ရာမှထပြီး သူ၏ပိုက်ဆံအိတ်ကို ကြည့်လိုက်ရာ ယွမ်တစ်ရာခန့်သာ ကျန်တော့သည်။ ထို့ကြောင့် ရှီလဲ့ ပိုက်ဆံရှာရန် ဆုံးဖြတ်လိုက်သည်။
ရှီလဲ့၏ ဟက်ကာစွမ်းရည်မှာ ကမ္ဘာ့ထိပ်တန်းအဆင့်သို့ ရောက်ရှိနေပြီဖြစ်သော်လည်း သူသည် ထိုစွမ်းရည်ကို အသုံးပြု၍ ပိုက်ဆံရှာမည်မဟုတ်ပေ။ အနည်းဆုံးတော့ ပိုက်ဆံအနည်းအကျဉ်းအတွက်နှင့် သူ၏အရည်အချင်းကို အလဟဿ အသုံးချမည်မဟုတ်။
ပထမဦးစွာ ပြောရလျှင် ဟက်ကာစွမ်းရည်ဖြင့် ပိုက်ဆံရှာရန်မှာ မဖြစ်နိုင်သည်တော့ မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် ပိုက်ဆံမှာ အလွန်လျင်မြန်စွာ ရနိုင်ပါသည်။ သို့သော် ကောင်းမွန်သော ဟာ့ဒ်ဝဲအထောက်အပံ့မရှိဘဲ သူ၏စွမ်းရည်မှာ မည်မျှပင်ကောင်းစေကာမူ ခြေရာခံမိရန် လွယ်ကူလွန်းလှသည်။ ကိုယ်ပိုင်ကွန်ပျူတာတစ်လုံးတည်းဖြင့် စူပါကွန်ပျူတာ တစ်လုံးကို ဖောက်ထွင်းရန်ဆိုသည်မှာ စိတ်ကူးယဉ်သက်သက်သာ ရှိပေလိမ့်မည်။
စူပါကွန်ပျူတာတစ်လုံး၏ တွက်ချက်နိုင်စွမ်းဖြင့်ဆိုလျှင် လုံခြုံရေးမရှိသည့်တိုင် ကိုယ်ပိုင်ကွန်ပျူတာဖြင့် တိုက်ခိုက်ခြင်းမှာ အိမ်မက်မက်နေခြင်းသာ ဖြစ်ပေမည်။ အကယ်၍ သူက အဓိကအားနည်းချက် ကို သိထားလျှင်တော့ တစ်မျိုး ကွဲပြားသွားပေမည်။
ထို့ကြောင့် ကောင်းမွန်သော ဟာ့ဒ်ဝဲအထောက်အပံ့မရှိဘဲ ရှီလဲ့သည် အင်တာနက်ပေါ်တွင် အစွမ်းပြရန် မရည်ရွယ်ပေ။ အလွန်ဆုံးရှိလှလျှင် ခိုးကြောင်ခိုးဝှက် လှည့်ကွက်အချို့သာ လုပ်ပေမည်။ ကိုယ်ပိုင်ကွန်ပျူတာ သို့မဟုတ် ကုမ္ပဏီတစ်ခု၏ ဆာဗာကို ဖောက်ထွင်းရန်မှာ ဖြစ်နိုင်သော်လည်း အစိုးရဌာန၊ ထောက်လှမ်းရေးအဖွဲ့၊ နည်းပညာမြင့်ကုမ္ပဏီ သို့မဟုတ် စစ်ဘက်ဆိုင်ရာ ကွန်ရက်များကို တိုက်ခိုက်ရန်ဆိုလျှင်တော့ မေ့ထားလိုက်ခြင်းက အကောင်းဆုံးပင်။
မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီးနောက် ရှီလဲ့သည် USB တစ်ခုကို ယူကာ ရှီချောင် ခရိုင်သို့ ဘတ်စ်ကားစီး၍ ထွက်လာခဲ့သည်။
ရှီချောင်ခရိုင်သည် ရွှမ်ချင်းမြို့၏ ကွန်ပျူတာနှင့် ဆက်စပ်လုပ်ငန်းများ အကြီးဆုံး စုဝေးရာနေရာဖြစ်သည်။ ရွှမ်ချင်းမြို့၏ အကြီးဆုံး ကွန်ပျူတာအရောင်းစင်တာ သုံးခုစလုံးသည် ရှီချောင်ခရိုင်၌ တည်ရှိပေသည်။
ရှီလဲ့သည် ရှီချောင်ခရိုင်ရှိ ကွန်ပျူတာစီးတီးသို့သွားကာ အချိန်ပိုင်း နည်းပညာအလုပ်များ ရနိုင်မလားဟု ကြည့်ရန် ပြင်ဆင်ထားသည်။
နည်းပညာပိုင်းဆိုင်ရာတွင် ရှီလဲ့သည် ဟက်ကင်း၊ ဖျက်ဆီးခြင်း ၊ ကြိုးမဲ့ကွန်ရက်၊ ပုံရိပ်နည်းပညာ နှင့် ဒေတာပြန်လည်ဆယ်ယူခြင်း တို့ကို ပို၍ အားသန်သည်။ ရှီလဲ့သည် ထိုအရာများတွင် အလွန်ကျွမ်းကျင်သူလည်းဖြစ်သည်။ ယခုတစ်ခေါက်တွင် ရှီလဲ့သည် ထိုသို့သော လုပ်ငန်းများနှင့် ပတ်သက်၍ အလုပ်ရှာရန် ရည်ရွယ်ထားသည်။
ရှီချောင်ခရိုင်၏ အကြီးဆုံး ကွန်ပျူတာဈေးမှာ ပါပေါင် ကုန်သွယ်ရေး အဆောက်အအုံ ဖြစ်သည်။ ရှီလဲ့သည် ပါပေါင်အဆောက်အအုံ အပြင်ဘက်ရှိ အလုပ်ခေါ်စာများကို ကြည့်လိုက်သော်လည်း သူကျေနပ်သော အလုပ်တစ်ခုမျှ မရှိပေ။
ပါပေါင်အဆောက်အအုံအတွင်းသို့ လမ်းလျှောက်ဝင်လာပြီးနောက် ရှီလဲ့သည် တတိယထပ်သို့ တိုက်ရိုက်သွားလိုက်သည်။ တတိယထပ်မှာ ပြုပြင်ရေးအတွက် ဖြစ်သည်။ ပထမထပ်နှင့် ဒုတိယထပ်တို့မှာ အီလက်ထရွန်နစ်ပစ္စည်း အမျိုးမျိုးအတွက်ဖြစ်ပြီး စတုတ္ထထပ်နှင့် အထက်မှာမူ ပရော်ဖက်ရှင်နယ် ကုမ္ပဏီအမျိုးမျိုးအတွက် ဖြစ်သည်။ ဥပမာအားဖြင့် အန်နီမေးရှင်းနှင့် ကြော်ငြာဒီဇိုင်း၊ ဒေတာပံ့ပိုးမှု၊ ကုမ္ပဏီဆာဗာ တည်ဆောက်မှု စသည်တို့ဖြစ်သည်။
ပထမထပ်နှင့် ဒုတိယထပ်တို့ထက် တတိယထပ်တွင် လူပိုများနေသည်!
လူအများအပြားမှာ ကွန်ပျူတာများကို ပိုက်ကာ မိမိတို့ကျွမ်းဝင်သော ပြုပြင်ရေးဆိုင်များကို အပြေးအလွှား ရှာဖွေနေကြသည်။
ရှီလဲ့သည် တစ်ပတ်ပတ်ကြည့်သော်လည်း ဘာမှမတွေ့ပေ။ သူသည် စီးပွားရေးတစ်ခုကို အလွယ်တကူ ရှာတွေ့လိမ့်မည်ဟုတော့ မမျှော်လင့်ထားခဲ့ပါ။
၂၀၀၆ ခုနှစ်တွင် ကွန်ပျူတာ ခေတ်စားမှုမှာ ယခုလောက် မမြင့်မားသေးပေ။ ယေဘုယျအားဖြင့် ကွန်ပျူတာ ပျက်စီးသွားလျှင် သတ်မှတ်ထားသော ပြုပြင်ရေးနေရာများသို့သာ ပို့ကြလေ့ရှိသည်။
ရှီလဲ့သည် “တိန့်ရှန့် အီလက်ထရွန်နစ်” ဟု ခေါ်သော ပြုပြင်ရေးဆိုင်တစ်ဆိုင်သို့ လမ်းလျှောက်သွားကာ လူငယ်တစ်ဦးကို နှုတ်ဆက်လိုက်သည်။
“အစ်ကိုဖုန်း မတွေ့တာ ကြာပြီနော်”
ထိုလူငယ်မှာ စွန်းဖုန်းဖြစ်သည်။ သူသည် တိန့်ရှန့် အီလက်ထရွန်နစ် ပြုပြင်ရေးဆိုင်၏ ပိုင်ရှင်ဖြစ်သည်။ သူ၏မိသားစုက ထိုဆိုင်ကို ဖွင့်ပေးထားခြင်းဖြစ်သည်။
ရှီလဲ့သည် သူ၏ထူးချွန်သော အရည်အချင်းများကြောင့် ဤနေရာတွင် အပိုဝင်ငွေများစွာ ရရှိခဲ့ဖူးသည်။
စွန်းဖုန်းသည်လည်း ရှီလဲ့ကို အပိုဝင်ငွေရှာခွင့်ပေးရန် ဝမ်းသာနေသည်။ အဆုံးတွင် ရှီလဲ့သည် သူ့အတွက် ပြဿနာများစွာကို ဖြေရှင်းပေးခဲ့ဖူးသည် မဟုတ်ပါလား။”ဟေ့... ရှီထို မတွေ့တာ ကြာပြီပဲ”
ရှီလဲ့က ရယ်လိုက်ကာ “အစ်ကိုဖုန်း၊ စီးပွားရေး တော်တော်ကောင်းနေပုံပဲ”
စွန်းဖုန်း၏ မျက်နှာမှာ ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေသည်။ သူသည် ယုရှီးစီးကရက်တစ်ဗူးကို ထုတ်ကာ တစ်လိပ်ယူလိုက်ပြီး ဗူးတစ်ခုလုံးကို ရှီလဲ့ထံ ပစ်ပေးလိုက်သည်။
“ရှီထို၊ စကားတွေ အများကြီး မပြောနဲ့ဦး..လာပြီး ဒီကွန်ပျူတာ နှစ်လုံးကို ကြည့်ပေးပါဦး..”
ရှီလဲ့သည် စီးကရက်မသောက်သော်လည်း ကျန်ရှိသော ယုရှီးဗူးတစ်ဝက်ကို သူ၏အိတ်ကပ်ထဲသို့ ထည့်လိုက်သည်။ “အစ်ကိုဖုန်း၊ ဒီညီလေးအတွက် ဘာအလုပ်ရှိလို့လဲ”
စွန်းဖုန်းသည် ရှီလဲ့ကို ပြုပြင်ရေးအခန်းထဲသို့ ခေါ်သွားသည်။ စက်ကိုယ်ထည်အသစ်စက်စက် နှစ်လုံးကို ပြုပြင်ရေးစားပွဲပေါ်တွင် တင်ထားသည်။ စက်၏ ကိုယ်ထည်ပုံစံမှာ အလွန်တောင့်တင်းခိုင်မာပုံရသည်။ ထိုစက်ကိုယ်ထည်ကို ကြည့်ရုံဖြင့် ဤကွန်ပျူတာ နှစ်လုံးမှာ လုံးဝမပေါ့ပါးကြောင်း သိနိုင်သည်။
ရှီလဲ့က “အစ်ကိုဖုန်း၊ ဒီကွန်ပျူတာ နှစ်လုံးက ဘာဖြစ်လို့လဲ..အရမ်းဆိုးရင် ဝင်းဒိုး ပြန်တင်လိုက်ရင် မရဘူးလား” ဟု ပေါ့ပေါ့ပါးပါး မေးလိုက်သည်။
စွန်းဖုန်းက ခေါင်းခါကာ “ပြန်တင်လို့ မရဘူး..စက်က လုံးဝတက်မလာတာ...စက်ဖွင့်ပြီးတာနဲ့ ပြန်ပိတ်ပိတ်သွားတာပဲ”
ရှီလဲ့သည် မော်နီတာတစ်ခုကို ဆွဲယူကာ စက်ကိုယ်ထည်နှင့် ချိတ်ဆက်လိုက်သည်။ ကြိုးများ တပ်ဆင်ပြီးနောက် ပါဝါခလုတ်ကို နှိပ်လိုက်သည်။
“တီး “
“ဝုန်း ဝုန်း “
ပန်ကာလည်သံ သဲ့သဲ့လေး ကြားလိုက်ရသည်။ သေချာနားမထောင်လျှင် ကြားရမည်မဟုတ်ပေ။ သိသာသည်မှာ ၎င်းမှာ အဆင့်မြင့် အသံတိတ်ပန်ကာ ဖြစ်သည်။ မော်နီတာပေါ်တွင် စက်စစ်ဆေးမှု ပြသပြီးနောက် ချက်ချင်းပင် ပြန်ပိတ်ကာ ပြန်ပွင့်လာသည်။ ထိုသို့ပင် စစ်ဆေးမှုအဆင့်မှာတင် အဆုံးမရှိ ပြန်လည်စတင်နေတော့သည်။
ရှီလဲ့က နှုတ်ခမ်းကို တွန့်လိုက်ပြီး ပါဝါကြိုးကို ဆွဲဖြုတ်လိုက်သည်။ စက်ကိုယ်ထည်မှာ ချက်ချင်း ပါဝါပြတ်တောက်သွားသည်။ စက်ကိုယ်ထည် ဘူးခွံကို ဖွင့်ကြည့်လိုက်သောအခါ ရှီလဲ့ အံ့အားသင့်သွားသည်။
သူသည် ဤကွန်ပျူတာ နှစ်လုံးမှာ အနည်းငယ် ပိုကောင်းလိမ့်မည်ဟုသာ ထင်ထားခဲ့သော်လည်း ဤမျှအထိ အဆင့်မြင့်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
၂၀၀၆ ခုနှစ်၏ ကွန်ပျူတာ စွမ်းဆောင်ရည်မှာ သူ ပြန်လည်မွေးဖွားခြင်း မတိုင်မီ ခေတ်နှင့်ယှဉ်လျှင် အလှမ်းဝေးလှပါသေးသည်။
ဂရပ်ဖစ်ကတ် မှာ GeForce 7900 GX2 နှစ်ခုဖြင့် ဖွဲ့စည်းထားပြီး ၎င်းသည်လည်း ၂၀၀၆ ခုနှစ်၏ အစွမ်းထက်ဆုံး ဂရပ်ဖစ်ကတ် ဖြစ်သည်။
သို့သော် စီပီယူ မှာမူ အမိုက်ဆုံးပင်။
၂၀၀၆ ခုနှစ်၏ ပြိုင်ဘက်ကင်း ဧကရာဇ် စီပီယူ ဟု လူသိများသော AMD Dragon 64, FX62 ပရိုဆက်ဆာ ဖြစ်သည်။ဤ CPU တစ်ခုတည်းတင် ယွမ် ၉,၀၀၀ ကျော် တန်ဖိုးရှိပေသည်။
ရှီလဲ့၏ ခန့်မှန်းချက်အရ ကွန်ပျူတာတစ်လုံးလုံး၏ တန်ဖိုးမှာ ယွမ် ၁၆,၀၀၀ နှင့် ၁၈,၀၀၀ ကြားတွင် ရှိနိုင်သည်။
“အစ်ကိုဖုန်း၊ ဒါ ဘယ်သူဌေးသားရဲ့ ကွန်ပျူတာလဲ တော်တော် အဆင့်မြင့်တာပဲ”
စွန်းဖုန်းက ခါးသက်သက် ပြုံးလိုက်သည်။ “ငါလည်း မသိဘူး၊ ဒါပေမဲ့ သူတို့က မာစီးဒီးစ် စီးလာပြီး ဒီကွန်ပျူတာ နှစ်လုံးကို လာပို့တာ...ပြင်နိုင်မယ်ဆိုရင် ကျသင့်ငွေကို ညှိနှိုင်းလို့ရတယ်လို့လည်း ပြောသွားတယ်”
ရှီလဲ့၏ မျက်နှာတွင် မကောင်းဆိုးဝါးဆန်သော အပြုံးတစ်ခု ပေါ်လာသည်။ “အစ်ကိုဖုန်း၊ သူတို့ ခင်ဗျားကို ဘယ်လောက်ပေးလဲ”
စွန်းဖုန်းက ဝမ်းနည်းဟန်ဆောင်ကာ “ရှီထို၊ အစ်ကိုဖုန်းက အမှန်အတိုင်း ပြောပြမယ်..ကွန်ပျူတာ တစ်လုံးစီအတွက် ပြုပြင်ခ ယွမ် ၁,၀၀၀ စီ ယူဖို့ စဉ်းစားထားတယ်... ငါတို့ တစ်ယောက်တစ်ဝက် ခွဲကြမယ်၊ ဘယ်လိုလဲ...”
ရှီလဲ့က လက်ဖျောက်တီးလိုက်သည်။ “ပြဿနာမရှိဘူး..”
ဤကွန်ပျူတာ နှစ်လုံးမှာ ကြီးမားသော ပြဿနာရှိနေသည် မဟုတ်ပေ။ ဟာ့ဒ်ဝဲအတွင်းရှိ အချက်အလက်များကို တစ်စုံတစ်ယောက်က ပြင်ဆင်ထားခြင်းသာ ဖြစ်သည်။ ၎င်းမှာ ဗိုင်းရပ်စ်တစ်ခုကြောင့် ပြောင်းလဲသွားပြီး စက်စစ်ဆေးမှုအဆင့်ကို ကျရှုံးစေကာ အဆုံးမရှိ ပြန်လည်စတင်နေစေခြင်း ဖြစ်သည်။
ဤသို့သော ပြဿနာမျိုးမှာ ရှီလဲ့အတွက် လမ်းဘေးက မုန်လာထုပ်တစ်ထုပ်ကဲ့သို့ပင်။ သို့သော် နားမလည်သူများအတွက်မူ ကောင်းကင်ဘုံသို့ တက်လှမ်းရသကဲ့သို့ ခက်ခဲလှပေလိမ့်မည်။
“အစ်ကိုဖုန်း၊ ခင်ဗျားရဲ့ ပရင်တာကို ခဏလောက် ငှားပေးပါဦး” ရှီလဲ့က မေးစေ့ကို ကိုင်ကာ ပြောလိုက်သည်။
စွန်းဖုန်း နားမလည် ဖြစ်သွားသည်။ “ဟမ် ဒီကွန်ပျူတာ နှစ်လုံး ပြင်ဖို့ ပရင်တာ လိုလို့လား”
ရှီလဲ့က သူ့ကို စွံ့အစွာ ကြည့်လိုက်မိသည်။
စွန်းဖုန်းသည် လက်မြှောက်ကာ အရှုံးပေးလိုက်ရုံသာ ရှိတော့သည်။ သူသည် ကွန်ပျူတာပြုပြင်ရေးဆိုင် ဖွင့်ထားသော်လည်း သူကိုယ်တိုင်မှာမူ နည်းပညာပိုင်းတွင် မကျွမ်းကျင်ပေ။ သူသည် လူမှုဆက်ဆံရေးကောင်းပြီး ကျွမ်းကျင်သော လက်အောက်ငယ်သားများကို စုစည်းထားနိုင်ခြင်းကြောင့်သာ လူကြိုက်များနေခြင်းဖြစ်သည်။
“ရွှီး ရွှီး ရွှီး “
အင်ဂျက်ပရင်တာ က စာကြောင်းတစ်ကြောင်းချင်းစီ ရိုက်ထုတ်နေသည်။ ခေတ္တအကြာတွင် ရှီလဲ့သည် ရိုက်နှိပ်ထားသော အေဖိုး စာရွက်ကို စွန်းဖုန်းထံ ကမ်းပေးလိုက်သည်။
ထိုအေဖိုး စာရွက်ပေါ်တွင် ကြော်ငြာအသေးစားလေး တစ်ခု ရေးထားသည်။
“ကျွမ်းကျင်အဆင့် ဒေတာပြန်လည်ဆယ်ယူခြင်း
ကျွမ်းကျင်အဆင့် ပုံပြင်ခြင်း”
စာသားက နှစ်ကြောင်းတည်း ဖြစ်သော်လည်း အလွန်ပင် မောက်မာသော လေသံကို ဖော်ပြနေသည်။
စွန်းဖုန်းက ရှီလဲ့ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။ “ရှီထို၊ မင်း ဒါတွေလည်း တတ်တာလား”
ရှီလဲ့က ပြုံးကာ ခေါင်းညိတ်ပြလိုက်သည်။ “ဟုတ်တယ်..အစ်ကိုဖုန်း၊ ခင်ဗျားမှာ မိတ်ဆက်ပေးစရာ လုပ်ငန်းတွေ ရှိလား ကြိုပြောထားမယ်နော်၊ ကျွန်တော်က ကျွမ်းကျင်အဆင့် လုပ်ငန်းတွေကိုပဲ လုပ်မှာ၊ ပြီးတော့ အခကြေးငွေကလည်း ပိုကြီးမယ်...အစ်ကိုဖုန်း၊ ဒီကြော်ငြာကို ခင်ဗျားဆိုင်တံခါးမှာ ကပ်ထားလို့ ရတယ်မလား..”
စွန်းဖုန်းက ခေါင်းညိတ်ကာ “ရှောင်လျူ မြန်မြန်သွားပြီး ရှီထိုအတွက် ဒါကို ကပ်ပေးလိုက်စမ်း”
ရှောင်လျူမှာ တိန့်ရှန့် အီလက်ထရွန်နစ်မှ ပြုပြင်ရေး သင်တန်းသားသစ် တစ်ဦးဖြစ်သည်။ ဤသို့သော အထွေထွေအလုပ်များကို သူကသာ လုပ်ပေးရသည်။
“ဟုတ်ကဲ့ သူဌေး” ရှောင်လျူက ပြုံးလျက် ပြန်ထူးလိုက်သည်။
“ရှီထို၊ အဲဒီကွန်ပျူတာ နှစ်လုံးကို မြန်မြန်သွားပြင်လိုက်ပါဦး..” စွန်းဖုန်းမှာ အလွန်ပင် စိတ်လှုပ်ရှားနေပုံရသည်။ “တော်သေးတာပေါ့ မင်း ဒီနေ့ လာလို့၊ မဟုတ်ရင် ငါ မင်းကို ဖုန်းဆက်ခေါ်ရတော့မှာ...”
ရှီလဲ့သည် သူယူလာသော ယူအက်စ်ဘီကို ထုတ်ကာ သာမန်ကွန်ပျူတာတစ်လုံးတွင် တပ်လိုက်သည်။ ထို့နောက် စွန်းဖုန်းကို “အစ်ကိုဖုန်း၊ ယူအက်စ်ဘီ တစ်ခုလောက် ငှားပါဦး...” ဟု ပြောလိုက်သည်။
“ရော့၊ ဒီမှာ..” စွန်းဖုန်းက အနက်ရောင် တစ်ခုကို လှမ်းပေးလိုက်သည်။
ရှီလဲ့သည် သူ၏ ယူအက်စ်ဘီ ထဲမှ ဆော့ဖ်ဝဲတစ်ခုကို ဖွင့်လိုက်ပြီး ပြုပြင်ထားသော အချက်အလက်များကို ပြန်လည်ကောင်းမွန်စေရန် ကုဒ် စတင်ရေးသားတော့သည်။
နာရီဝက်ပင် မပြည့်မီတွင် ရှီလဲ့သည် သူ့ဟာ ကို ဖြုတ်ကာ စွန်းဖုန်း၏ ယူအက်စ်ဘီ ကို တပ်ဆင်လိုက်သည်။
ရှီလဲ့သည် စွန်းဖုန်း၏ ယူအက်စ်ဘီ ကို ယူကာ ပြုပြင်ရန်လိုအပ်သော အဆင့်မြင့်ကွန်ပျူတာတွင် တပ်လိုက်သည်။ ထို့နောက် စက်ကို ပြန်ဖွင့်လိုက်သည်။ ယခုတစ်ကြိမ်တွင် ကွန်ပျူတာသည် စစ်ဆေးမှုအဆင့်၌ ပြန်ပိတ်မသွားတော့ဘဲ ယူအက်စ်ဘီ ထဲသို့ တိုက်ရိုက် ဝင်ရောက်သွားသည်။ မော်နီတာပေါ်တွင် အင်္ဂလိပ်ကုဒ် အမြောက်အမြားမှာ အဆက်မပြတ် ပြေးနေသည်။ မကြာမီတွင် မျက်နှာပြင်မှာ သာမန် XP တက်လာသည့် ပုံစံသို့ ပြောင်းလဲသွားသည်။
ရှီလဲ့သည် အခြားကွန်ပျူတာကိုလည်း ထိုနည်းအတိုင်းပင် လုပ်ဆောင်ပြီးနောက် USB ကို စွန်းဖုန်းထံ ပြန်ပေးလိုက်သည်။ သူသည် စက်ဘုရင် ဟု ခေါ်ဆိုနိုင်သော ကွန်ပျူတာကို အသုံးပြုကြည့်ပြီး စွမ်းဆောင်ရည်ကို စမ်းသပ်ကြည့်လိုက်သည်။
သို့သော် ဤကဲ့သို့သော စွမ်းဆောင်ရည်မှာ သူ့ကို စိတ်ပျက်စေဆဲပင်။
စက်ဘုရင်ဖြစ်သော်လည်း ၂၀၂၀ ကျော်နှစ်များမှ ကွန်ပျူတာများနှင့် နှိုင်းယှဉ်လျှင် ကွာဟချက်မှာ ကြီးမားလွန်းလှသည်။
ပျင်းရိပျင်းတွဲဖြင့် ရှီလဲ့သည် ဂိမ်းတစ်ခု ကို ဖွင့်ကာ အဆင့်မြင့်ဆုံး သို့ ပြောင်းလဲပြီး ပေါ့ပေါ့ပါးပါး ကစားနေလိုက်သည်။
စွန်းဖုန်းကမူ USB ကို ရတနာတစ်ခုလို ကိုင်ထားသည်။ “ရှီထို၊ နောက်ဆိုရင် ဒီလိုပြဿနာမျိုး တက်လာရင် ဒီ USB က ဖြေရှင်းပေးနိုင်မလား...”
ရှီလဲ့က ခေါင်းမလှည့်ဘဲ ကွန်ပျူတာမျက်နှာပြင်ပေါ်တွင်သာ အာရုံစိုက်ကာ မောက်စ်ကို ရွှေ့၍ မိုင်းများကို ရှင်းနေသည်။
“အစ်ကိုဖုန်း၊ ကျွန်တော် အကြံပေးပါရစေ၊ လျှောက်မလုပ်ပါနဲ့... အဲဒီ USB က ဒီကွန်ပျူတာ နှစ်လုံးအတွက်ပဲ သုံးလို့ရတာ...တခြားကွန်ပျူတာတွေကို ပြင်ပေးနိုင်မှာ မဟုတ်တဲ့အပြင် ပြဿနာပါ ပိုတက်သွားလိမ့်မယ်...”
စွန်းဖုန်းသည် ချက်ချင်းပင် USB ကို စိတ်ပျက်လက်ပျက် ပြန်ချထားလိုက်သည်။ “ငါ သိသားပဲ...မင်းလိုလူမျိုးက အရှုံးခံမယ့်လူ မဟုတ်ဘူးဆိုတာ”
ရှီလဲ့က အကြိမ်အနည်းငယ် ရယ်လိုက်သည်။
စွန်းဖုန်းသည် သော့ကိုထုတ်ကာ ငွေကောင်တာမှ ယွမ်တစ်ရာတန် ဆယ်ရွက်ကို ရေတွက်ထုတ်လိုက်သည်။ ထို့နောက် ရှီလဲ့ရှေ့ရှိ ပြုပြင်ရေးစားပွဲပေါ်တွင် တင်ပေးလိုက်သည်။
“ရှီထို၊ ဒါက ပြုပြင်ခ မင်းက တကယ့်ကို လူထူးဆန်းပဲ နာရီဝက်တောင် မပြည့်သေးဘူး၊ မင်း ယွမ်တစ်ထောင် ရသွားပြီ..”
ရှီလဲ့က ပြန်ချေပလိုက်သည်။ “အစ်ကိုဖုန်း၊ ဘာပဲဖြစ်ဖြစ် ကျွန်တော်က အပင်ပန်းခံ လုပ်ထားတာ...ခင်ဗျားကတော့ ဒီမှာရပ်ပြီး စကားပဲပြောနေတာလေ... ခင်ဗျားလည်း ယွမ်တစ်ထောင် ရတာပဲ မဟုတ်လား...ပြောရရင် အစ်ကိုဖုန်းကမှ တကယ့် ဆရာကြီးပါ”
စွန်းဖုန်းသည် အရှုံးပေးလိုက်ရပြီးနောက် “ရှီထို၊ မင်း ဒါထက် ပိုကောင်းတဲ့ အလုပ် မရှိတော့ဘူးလား..တကယ်ပဲ ဂိမ်းကစားနေတာလား” ဟု လှောင်လိုက်သည်။
ရှီလဲ့က နှာခေါင်းရှုံ့ကာ “အစ်ကိုဖုန်း၊ ခင်ဗျား မကစားတတ်ဘူး မဟုတ်လား..ကျွန်တော် သင်ပေးရမလား... စိတ်မပူပါနဲ့၊ ကျွန်တော် အခမဲ့ သင်ပေးပါ့မယ်”
စွန်းဖုန်းသည် နောက်တစ်ကြိမ် ထပ်မံ အရှုံးပေးလိုက်ရပြန်သည်။
စွန်းဖုန်းက နောက်တစ်ခါ ထပ်မံ စနောက်ရန် ပြင်နေစဉ်မှာပင် လူလတ်ပိုင်း အမျိုးသားတစ်ဦး၏ အသံကို ကြားလိုက်ရသည်။
“ဒီမှာ ကျွမ်းကျင်အဆင့် ဒေတာပြန်လည်ဆယ်တင်တာနဲ့ ပုံပြင်တာတွေ လုပ်ပေးတယ်ဆိုတာ ဟုတ်ပါသလား..”