အခန်း (၁၃-၁၄)
Vol. 2 Ch. 13-14
အခန်း - ၁၃
တိန့်ရှန့် အီလက်ထရွန်နစ် ပြုပြင်ရေးဆိုင်အပြင်ဘက်တွင် သာမန်ရိုးရိုး လူလတ်ပိုင်းအမျိုးသားတစ်ဦးသည် အသစ်ကပ်ထားသောအေဖိုးစာရွက်ကို လက်ညှိုးထိုးပြနေသည်။
ရှီလဲ့ သည် သူ၏မောက်စ်နှင့် ကီးဘုတ်ကို ဘေးသို့တွန်းပို့လိုက်ပြီး ဆိုင်အပြင်သို့ လမ်းလျှောက်ထွက်လာခဲ့သည်။
“ဟုတ်ပါတယ်၊ ကျွန်တော်တို့ဆီမှာ ကျွမ်းကျင်အဆင့် ဒေတာပြန်လည်ဆယ်ယူတာနဲ့ ပုံပြုပြင်တဲ့ ဝန်ဆောင်မှုတွေ ပေးပါတယ်”
စွန်းဖုန်း က ထိုသာမန်ရိုးရိုး လူလတ်ပိုင်းအမျိုးသားကို ကြည့်ကာ စဉ်းစားနေသည်။
ထိုအမျိုးသားက မိမိကိုယ်ကိုယ် မိတ်ဆက်လိုက်သည် - “ကျွန်တော့်မျိုးရိုးက ဖုန်း ပါ...ကျွန်တော့်ရဲ့ ဒစ်ဂျစ်တယ်ဓာတ်ပုံတချို့ကို ပြန်ဆယ်ပေးဖို့ အကူအညီလိုနေလို့ပါ.. ပြန်ရမယ်ဆိုရင် ငွေကြေးကိစ္စက ပြဿနာမဟုတ်ပါဘူး..”
ရှီလဲ့ စိတ်ထဲမှ ရယ်လိုက်သည်။ ကံတရားက ငါ့ဘက်မှာပဲ။ တံခါးကတောင် ငါ့ကို မတားနိုင်ဘူး။
ယွမ် ၁,၀၀၀ ခုတင်ရရုံရှိသေး၊ နောက်ထပ်ဖောက်သည်တစ်ယောက်က အိမ်တိုင်ရာရောက် တံခါးလာခေါက်နေပြီ မဟုတ်ပါလား။
“တွေ့ရတာ ဝမ်းသာပါတယ် မစ္စတာဖုန်း” ရှီလဲ့သည် ထိုအမျိုးသားနှင့် လက်ဆွဲနှုတ်ဆက်လိုက်သည်။ “မစ္စတာဖုန်း၊ ကျွန်တော် တစ်ခုတော့ ကြိုပြောပါရစေ ကျွန်တော်တို့က ကျွမ်းကျင်အဆင့် ဝန်ဆောင်မှုပေးတာဖြစ်လို့ အခကြေးငွေက မြင့်ပါတယ်..အကယ်၍ ခင်ဗျားက သာမန် ဒေတာဆယ်တာလောက်ပဲဆိုရင်တော့ စတုတ္ထထပ်က တခြားဒေတာပြန်ဆယ်တဲ့ စတူဒီယိုတွေကို သွားကြည့်တာ ပိုကောင်းပါလိမ့်မယ်”
စွန်းဖုန်းသည် ရုတ်တရက် လက်ခုပ်တီးလိုက်ပြီး ထိုအမျိုးသားကို ပြုံးလျက်ကြည့်ကာ - “မန်နေဂျာဖုန်း တွေ့ရတာ ဝမ်းသာပါတယ် ခင်ဗျာ”
ထိုအမျိုးသားမှာ တည်ငြိမ်စွာပင် စွန်းဖုန်းကို ကြည့်နေသည်။ သူ၏မျက်နှာတွင် မကျေနပ်သည့်အရိပ်အယောင် သို့မဟုတ် အပြုံးတစ်ခုမျှ မတွေ့ရပေ။
စွန်းဖုန်းက မိမိကိုယ်ကိုယ် မိတ်ဆက်ပေးလိုက်သည် - “မန်နေဂျာဖုန်း၊ ကျွန်တော် ရှောင်စွန်းပါ ကျွန်တော့်အဖေစွန်းချန်ဟိုင် နဲ့အတူ ပြီးခဲ့တဲ့တစ်ခေါက် မန်နေဂျာဖုန်း ကျင်းပတဲ့ ဂုဏ်ပြုပွဲကို တက်ရောက်ခဲ့ဖူးပါတယ်..”
မန်နေဂျာဖုန်းက ခဏမျှ စဉ်းစားပြီးနောက် ပြုံးလိုက်သည်။ “ဪ... စွန်းအိုကြီးရဲ့ သားကိုး”
စွန်းဖုန်းက ရှီလဲ့၏ ပုခုံးကို ပုတ်ကာ မိတ်ဆက်ပေးသည် - “ရှီထို ဒါက မစ္စတာ ဖုန်းခဲ့ပဲ၊ ရွှမ်းချင်းမြို့ရဲ့ နာမည်ကြီး စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ပေါ့”
ထို့နောက် စွန်းဖုန်းက ရှီလဲ့ကို ဖုန်းခဲ့နှင့် မိတ်ဆက်ပေးပြန်သည် - “မန်နေဂျာဖုန်း၊ ဒါက ကျွန်တော့်သူငယ်ချင်း ရှီလဲ့ပါ.. သူ့ကို ရှောင်ရှီ ဒါမှမဟုတ် ရှီထိုလို့ပဲ ခေါ်နိုင်ပါတယ်”
ဖုန်းခဲ့က ခေါင်းညိတ်ပြသည်။ “မစ္စတာရှီ၊ တွေ့ရတာ ဝမ်းသာပါတယ်”
စွန်းဖုန်းက မေးလိုက်သည် - “ရှီထို၊ မင်း ယုံကြည်ချက်ရှိရဲ့လား..မန်နေဂျာဖုန်းကို မင်း သေချာပေါက် ကူညီပေးရမယ်နော်..”
ရှီလဲ့က ပခုံးတွန့်ပြလိုက်သည် - “ကျွန်တော်လည်း မသိသေးဘူးလေမန်နေဂျာဖုန်း၊ အထဲကြွပါ..ခင်ဗျား ဘယ်လိုပုံမျိုးတွေ ပြန်လိုချင်တာလဲ ပြောပြပေးပါ”
စွန်းဖုန်းက ဖုန်းခဲ့ကို ယဉ်ကျေးစွာ ကြိုဆိုလိုက်ပြီး ရှောင်လျူ ကို လက်ဖက်ရည်ဖျော်ခိုင်းလိုက်သည်။
ဖုန်းခဲ့သည် USB တစ်ခုကို ထုတ်ယူကာ ရှီလဲ့ထံသို့ ဂရုတစိုက် ကမ်းပေးလိုက်သည်။ “မစ္စတာရှီ၊ ဒီ USB ထဲမှာရှိတဲ့ ဒေတာတွေနဲ့ ပုံတွေအားလုံးကို ကျွန်တော် ပြန်လိုချင်ပါတယ်”
ဖုန်းခဲ့၏ ရာထူးအဆင့်အတန်းကို ထည့်တွက်ကာ ရှီလဲ့ တွန့်ဆုတ်သွားသည်။ အကယ်၍ ဖုန်းခဲ့တွင် ပြစ်မှုမှတ်တမ်းများ သို့မဟုတ် အိပ်ရာပေါ်တွင် လက်ပူးလက်ကြပ် အမိဖမ်းခံထားရသည့် ဓာတ်ပုံများရှိနေလျှင် ပြဿနာတက်နိုင်သည် မဟုတ်ပါလား။
ဖုန်းခဲ့သည် စီးပွားရေးလောကတွင် ဆယ်စုနှစ်ပေါင်းများစွာ ကျင်လည်ခဲ့သူဖြစ်ရာ ရှီလဲ့၏ မျက်နှာပေးကို ကြည့်ရုံဖြင့် ဘာကိုစိုးရိမ်နေသည်ကို သိလိုက်သည်။ “စိတ်မပူပါနဲ့ မစ္စတာရှီ..ဒီ USB ထဲမှာ ရှက်စရာကောင်းတာ ဘာမှမရှိပါဘူး ကျွန်တော့်ဖခင် သက်ရှိထင်ရှားရှိစဉ်က ရိုက်ထားတဲ့ပုံတွေပါပဲ”
ဖုန်းခဲ့သည် သက်ပြင်းချကာ ဝမ်းနည်းသောမျက်နှာဖြင့် ပြောလိုက်သည် - “အဲဒီတုန်းက ကျွန်တော့်ဖခင်က အလျင်အမြန်ပဲ ဆုံးပါးသွားခဲ့တာဆိုတော့ သူ့ရဲ့ဓာတ်ပုံတွေက ဒစ်ဂျစ်တယ်ပုံတွေပဲ ရှိတာပါ။ ကျွန်တော်က USB ထဲက ဒေတာတွေကို ကွန်ပျူတာထဲ ပြောင်းဖို့ လုပ်ခဲ့ပေမဲ့ ကွန်ပျူတာမှာ တပ်လိုက်တာနဲ့ ဖတ်လို့မရဘူးဆိုတဲ့ သတိပေးချက်ပဲ တက်လာတယ်..USB ရဲ့ ဒေတာတွေမှာ အမှားအယွင်းရှိနေတာပေါ့...စဉ်းစားကြည့်ရသလောက်တော့ ဗိုင်းရပ်စ်တစ်ခုခုကြောင့် ဒါမှမဟုတ် တခြားအကြောင်းကြောင့် ဖြစ်နိုင်ပါတယ်... ကျွန်တော် ဒေတာပြန်ဆယ်တဲ့ စတူဒီယို အတော်များများကို သွားခဲ့ပေမဲ့ ဘယ်သူမှ မတတ်နိုင်ကြဘူး.. မစ္စတာရှီအနေနဲ့ ဒီ USB ထဲက ဒေတာတွေကို ပြန်ရအောင် အစွမ်းကုန် ကူညီပေးမယ်လို့ မျှော်လင့်ပါတယ်..”
စွန်းဖုန်းက ဘေးမှနေ၍ ဝင်ပြောသည် - “ရှီထို၊ မင်း အစွမ်းကုန် ကြိုးစားပေးလိုက်စမ်းပါ..”
ရှီလဲ့သည် USB ကို ယူလိုက်ပြီး နောက်ပြောင်သည့်လေသံဖြင့် - “အစ်ကိုဖုန်း၊ တော်သေးတာပေါ့၊ ခင်ဗျားဆီမှာ သုံးလို့ရမယ့် ကွန်ပျူတာနှစ်လုံး ရှိနေလို့..” ဟု ပြောလိုက်သည်။
ထို့နောက် ရှီလဲ့သည် ပြုပြင်ရေးစားပွဲရှေ့တွင် ထိုင်လိုက်သည်။ ဖုန်းခဲ့ကလည်း စိုးရိမ်တကြီးဖြင့် ရှီလဲ့နောက်သို့ လိုက်လာသည်။
သူသည် ဖုန်းခဲ့၏ USB ကို ကွန်ပျူတာတွင် တပ်လိုက်သည်။
‘ဒင်ဒေါင် ‘
USB ချိတ်ဆက်သံသည် စပီကာမှ ထွက်ပေါ်လာသည်။ ထို့နောက် ညာဘက်အောက်ထောင့်တွင် ဝင်းဒိုးတစ်ခု တက်လာသည်။
‘Unrecognized device!’
ရှီလဲ့သည် Device Manager ကို ဖွင့်ကာ USB ၏ စီမံခန့်ခွဲမှု ရွေးချယ်စရာကို ရှာပြီး ‘Start this device’ ကို နှိပ်လိုက်သည်။
သို့သော်လည်း အသိအမှတ်မပြုနိုင်ကြောင်း ပြနေဆဲပင်။
ဤကဲ့သို့ အခြေအနေမျိုးတွင် ဖြစ်နိုင်ခြေ နှစ်ခုရှိသည်။
ပထမတစ်ခုမှာ USB ၏ ဟာ့ဒ်ဝဲ ပျက်စီးသွားခြင်းဖြစ်သည်။ရေဝင်ခြင်းကြောင့် အတွင်းပတ်လမ်းများ ပျက်စီးခြင်း သို့မဟုတ် အခြားအကြောင်းရင်းများကြောင့်ပင်။ သို့သော် ဟာ့ဒ်ဝဲပျက်စီးနိုင်ခြေမှာ အလွန်နည်းပါးသည်။ထို့အပြင် ဤ USB ထဲတွင် သူ၏ဖခင်ဓာတ်ပုံများ ရှိနေသဖြင့် ဖုန်းခဲ့အနေဖြင့် ၎င်းကို အစွမ်းကုန် ကာကွယ်ထားမည်မှာ သေချာသည်။
ထို့ကြောင့် ဒုတိယဖြစ်နိုင်ခြေမှာ - ဗိုင်းရပ်စ် ကူးစက်ခံရခြင်းကြောင့် USB ကို အသိအမှတ်မပြုနိုင်ခြင်းပင်။
ရှီလဲ့သည် ကွန်ပျူတာတွင် ပါရှိပြီးသား ဗိုင်းရပ်စ်နှိမ်နင်းရေး ဆော့ဖ်ဝဲကို မသုံးပေ။ ၂၀၀၆ ခုနှစ်တွင် ‘Auspicious Star’ ဗိုင်းရပ်စ်နှိမ်နင်းရေး ဆော့ဖ်ဝဲမှာ ခေတ်စားနေဆဲဖြစ်သော်လည်း ၎င်း၏ စွမ်းဆောင်ရည်မှာ သာမန်မျှသာ ရှိသည်။
ရှီလဲ့သည် သူ၏ ကိုယ်ပိုင် USB ကို ထုတ်ကာ ထိုထဲတွင် ပါရှိသော ဗိုင်းရပ်စ် ခွဲခြမ်းစိတ်ဖြာသည့် ဆော့ဖ်ဝဲကို စတင်လိုက်သည်။ သူသည် ဖုန်းခဲ့၏ USB ကို စတင်စစ်ဆေးသည်။ ခေတ္တအကြာတွင် ရှီလဲ့၏ ဆော့ဖ်ဝဲသည် ဗိုင်းရပ်စ်တစ်ခုကို ချက်ချင်း ရှာတွေ့သွားသည်။
ကုဒ်များကို ခွဲခြမ်းစိတ်ဖြာကြည့်ရာတွင် ဤဗိုင်းရပ်စ်၏ လုပ်ဆောင်ချက်မှာ USB တွင် ပါဝါမလုံလောက်သကဲ့သို့ ဟန်ဆောင်ခြင်းဖြစ်ပြီး၊ ထိုသို့ဖြင့် USB ကို အသိအမှတ်မပြုနိုင်အောင် ပြုလုပ်ထားခြင်းဖြစ်သည်။
ရှီလဲ့သည် ထိုဗိုင်းရပ်စ်ကို ကိုယ်တိုင် ဖျက်ပစ်လိုက်ပြီးနောက် ဖုန်းခဲ့၏ USB ကို ပြန်တပ်လိုက်သည်။
‘ဒင်ဒေါင် ‘
ယခုတစ်ကြိမ်တွင်မူ ဖုန်းခဲ့၏ USB သည် အောင်မြင်စွာ ချိတ်ဆက်သွားသည်။ သို့သော် ရှီလဲ့ USB ကို ဖွင့်ကြည့်လိုက်သောအခါ မျက်မှောင်ကြုတ်သွားသည်။ USB ထဲတွင် ရှုပ်ထွေးနေသော ဖိုင်များစွာ ရှိနေသည်။ အချို့မှာ စနစ်ဖိုင်များဖြစ်ပြီး၊ အချို့မှာ အဓိပ္ပာယ်မရှိသော ကျပန်းဖိုင်များသာ ဖြစ်သည်။ သိသာသည်မှာ USB ထဲမှ ဖိုင်များသည် အကြိမ်ပေါင်းများစွာ အဖျက်ခံထားရပြီး၊ အကြိမ်ပေါင်းများစွာလည်း ထပ်မံ ရေးသားခြင်း ခံထားရသည်။ ဤဒေတာများကို ပြန်ဆယ်ရန်မှာ မယုံနိုင်လောက်အောင် ခက်ခဲပေလိမ့်မည်။
‘EasyRecovery’ ကဲ့သို့သော ဆော့ဖ်ဝဲများဖြင့် လုံးဝ ဆယ်ယူ၍ မရနိုင်တော့ပေ။
သာမန် ဒေတာပြန်ဆယ်ရေး ကုမ္ပဏီများ ဘာမှမတတ်နိုင်ကြသည်မှာလည်း မဆန်းတော့ပေ။
ရှီလဲ့ သက်ပြင်းချလိုက်မိသည်။ တကယ်ပင် ပိုက်ဆံရှာရသည်မှာ မလွယ်ကူပါတကား။
“မန်နေဂျာဖုန်း၊ USB ထဲမှာ ဓာတ်ပုံ စုစုပေါင်း ဘယ်နှစ်ပုံလောက်ရှိလဲ မှတ်မိလား.. ဓာတ်ပုံဖိုင်တွေရဲ့ အမည်က ဘာလဲ တစ်ပုံချင်းစီရဲ့ နာမည်ကိုရော သိလား”
ဖုန်းခဲ့က ခဏစဉ်းစားပြီး မေးလိုက်သည် - “မစ္စတာရှီ၊ ဒီအချက်အလက်တွေက ဒေတာဆယ်ဖို့အတွက် တကယ်ပဲ အသုံးဝင်မှာလား”
“သေချာတာပေါ့” ရှီလဲ့က စတင်ရှင်းပြသည်။ အကယ်၍ ဘာမှမသိဘဲ အဖျက်ခံထားရသော ဖိုင်ပေါင်းများစွာထဲမှ လိုချင်သည့်ဖိုင်ကို ရှာရမည်ဆိုလျှင် အလွန်ခက်ခဲပါလိမ့်မည်။
အဆုံးတွင် သူသည် ဖိုင်တိုင်းကို ပြန်ဆယ်ပြီးမှသာ အတည်ပြုနိုင်မည်ဖြစ်သည်။ ထို့အပြင် ဆယ်ယူနေစဉ်အတွင်း မဆယ်ရသေးသော ဖိုင်များမှာ ဒုတိယအကြိမ် ထပ်မံ ပျက်စီးသွားနိုင်ခြေလည်း ရှိသည်။
ရှီလဲ့က ဆက်ပြောသည် - “အကယ်၍ ကျွန်တော်တို့က ဖိုင်နာမည်နဲ့ ဓာတ်ပုံတွေကို အမည်ပေးထားတဲ့ ပုံစံကို သိမယ်ဆိုရင်၊ အဖျက်ခံထားရတဲ့ ဖိုင်တွေထဲကနေ ကျွန်တော်တို့ လိုချင်တဲ့ဖိုင်ကို ရှာတွေ့နိုင်ပါတယ်..ဒီလိုဆိုရင် ဒေတာဆယ်ရတာ ပိုလွယ်ကူသွားပြီး အောင်မြင်နိုင်ခြေလည်း ပိုမြင့်မားသွားပါလိမ့်မယ်...”
ဖုန်းခဲ့က ခဏစဉ်းစားပြီး ပြောလိုက်သည် - “ကျွန်တော့်ဖခင်ရဲ့ ဓာတ်ပုံ စုစုပေါင်း ၆၂ ပုံ ရှိပါတယ်၊ ပြီးတော့ အဲဒါတွေကို ‘အဖေ’ လို့ အမည်ပေးထားတဲ့ ဖိုင်တွဲ ထဲမှာ သိမ်းထားတာပါ.. အမည်ပေးတဲ့ ပုံစံကိုတော့ ကျွန်တော်လည်း သေချာမသိဘူး..ကိန်းဂဏန်းတွေပဲ ဖြစ်မယ် ထင်တာပဲ”
ရှီလဲ့က မေးသည် - “မန်နေဂျာဖုန်း၊ ဒီဓာတ်ပုံတွေကို ဘယ်လိုပစ္စည်းမျိုးနဲ့ ရိုက်ခဲ့တာလဲ..”
ဖုန်းခဲ့က မျက်မှောင်ကြုတ်ကာ ဖုန်းထုတ်ပြီး တစ်နေရာသို့ ဆက်လိုက်သည်။ “ဟယ်လို... ရှောင်ကျန်း ငါ့အဖေရဲ့ ပုံတွေကို ရိုက်ခဲ့တဲ့ ကင်မရာ အမျိုးအစားနဲ့ မော်ဒယ်က ဘာလဲ”
ဖုန်းခဲ့သည် ဘယ်ဘက်လက်ဖြင့် ဖုန်းကိုကိုင်ကာ ညာဘက်လက်ဖြင့် ဘောပင်ကို ကိုင်ထားကာ “အေး... သိပြီ”
ဖုန်းခဲ့သည် ဖုန်းချလိုက်ပြီး ရှီလဲ့ထံသို့ စာရွက်တစ်ရွက် ကမ်းပေးလိုက်သည်။ ထိုစာရွက်ပေါ်တွင် ကင်မရာ အမျိုးအစားနှင့် မော်ဒယ်ကို ရေးထားသည်။
ရှီလဲ့က စာရွက်ကို တစ်ချက်ကြည့်ပြီး ပြောလိုက်သည် - “ဒီကင်မရာ အမျိုးအစားက အစဉ်လိုက် နံပါတ်တွေ တပ်လေ့ရှိတယ်.. မန်နေဂျာဖုန်း ခဏစောင့်ပါ၊ ကျွန်တော် USB ထဲက အဖျက်ခံထားရတဲ့ ဖိုင်တွေကို တစ်ချက် ကြည့်လိုက်ဦးမယ်”
ရှီလဲ့သည် အင်တာနက်မှ ဒေတာဆယ်ယူသည့် ဆော့ဖ်ဝဲများကို ဒေါင်းလုဒ်မဆွဲပေ။ ထိုအစား ပရိုဂရမ်းမင်းတူးလ် တစ်ခုကို ဖွင့်ကာ ကုဒ်များကို ကိုယ်တိုင် လက်ဖြင့် စတင်ရိုက်နှိပ်တော့သည်။ ရှီလဲ့သည် ယခင်ဘဝက ဟက်ကင်းတွင်သာမက ဂရပ်ဖစ်နှင့် ဒေတာပြန်ဆယ်ခြင်းတွင်လည်း ကျွမ်းကျင်သူ ဖြစ်သည်။
ရှီလဲ့၏ စာရိုက်နှုန်းမှာ အလွန်ပင် လျင်မြန်ပြီး တိကျလှသည်။ အမှားအယွင်းဟူ၍ မရှိသလောက်ပင်။ ဖုန်းခဲ့သည် မြန်ဆန်လှသော စာရိုက်သံများကို ကြားရသောအခါ မျှော်လင့်ချက်ရောင်ခြည် သန်းလာခဲ့သည်။
အနည်းဆုံးတော့ ရှီလဲ့သည် USB ကို တစ်ချက်ကြည့်၊ ပိုက်ဆံတောင်းပြီးမှ USB တောင် ဖွင့်မရဘူးဆိုသည့် တခြား စတူဒီယိုများကဲ့သို့ မဟုတ်ပေ။
နာရီဝက်အကြာတွင် ရှီလဲ့သည် ခေါင်းမလှည့်ဘဲ ပြောလိုက်သည် - “အစ်ကိုဖုန်း၊ ကျွန်တော့်ကို ရေသန့်တစ်ဘူးလောက် ပေးပါဦး”
စွန်းဖုန်းက လှည့်ကာ - “ရှောင်လျူ မြန်မြန်သွားပြီး ရေသန့်နည်းနည်း ဝယ်ခဲ့ပါဦး”
ရှောင်လျူက သူ၏အလုပ်ကို ချထားပြီး အောက်ထပ်သို့ ချက်ချင်း ဆင်းသွားသည်။
ပါးပေါင်အဆောက်အအုံအတွင်းတွင် ရေသန့်ရောင်းသည့်နေရာ မရှိပေ၊ အပြင်ဘက်တွင်သာ ရှိသည်။
တစ်နာရီအကြာတွင် ရှီလဲ့၏ စာရိုက်သံမှာ အားကောင်းမောင်းသန် ရှိနေဆဲပင်။
စွန်းဖုန်းနှင့် ဖုန်းခဲ့တို့မှာ ထိုင်ခုံများတွင် ထိုင်နေကြပြီး ပျင်းပျင်းရှိသဖြင့် စကားစမြည် ပြောနေကြသည်။
အထွေထွေအလုပ်လုပ်နေသော ရှောင်လျူမှာ ရှီလဲ့၏နောက်တွင် ရပ်ကာ ကုဒ်များရိုက်နေသည်ကို ကြည့်နေသည်။ သို့သော် ရှောင်လျူတွင် အခြေခံ မရှိရာ ထိုကုဒ်များကို သူ ဘယ်လိုမှ နားမလည်နိုင်ပေ။
ရှီလဲ့သည် သူ့ကို သတိထားမိပြီး ဤပညာလိုလားသော လူငယ်အပေါ် အထင်ကြီးမိသော်လည်း၊ ရှီလဲ့က သူ့ကို သင်ပြပေးလိမ့်မည်ဟုတော့ မဆိုလိုပေ။
ဤလောကတွင် အလကားရသည့် နေ့လယ်စာဟူ၍ မရှိပေ။
တစ်ခုခုကို လိုချင်လျှင် တန်ရာတန်ကြေး ပေးဆပ်ရမည်သာ။
နာရီလက်တံသည် ၁၁ နာရီခွဲသို့ တိတ်တဆိတ် ညွှန်ပြနေသည်။ စွန်းဖုန်းက ရှီလဲ့ကို တစ်ချက်ကြည့်လိုက်ရာ သူသည် အာရုံစူးစိုက်မှုအပြည့်ဖြင့် ကီးဘုတ်ကို တတောက်တောက် ရိုက်နေဆဲပင်။ စွန်းဖုန်းက ဖုန်းခဲ့ကို ကြည့်ကာ - “မန်နေဂျာဖုန်း၊ ကျွန်တော်တို့ အရင်သွားစားကြမလား”
ဖုန်းခဲ့က အသံကိုမြှင့်ကာ - “မစ္စတာရှီ၊ ခဏလောက် နားပြီး အပြင်ထွက် စားကြရအောင်လား”
ရှီလဲ့က ခေါင်းခါကာ ငြင်းလိုက်သည် - “အချိန်မရှိဘူး.. အစ်ကိုဖုန်း၊ ကျွန်တော့်အတွက် ပါဆယ်ပဲ မှာပေးလိုက်ပါ ခင်ဗျား ဝယ်ကျွေးရမှာနော်” ရှီလဲ့သည် ခေါင်းပင်မလှည့်ဘဲ စကားအနည်းငယ် ပြောပြီးနောက် ကွန်ပျူတာမျက်နှာပြင်ဆီသို့ ပြန်လည် အာရုံစိုက်သွားသည်။
နည်းပညာအပေါ် ထားရှိသော စိတ်အားထက်သန်မှုကြောင့်သာ ရှီလဲ့သည် ကမ္ဘာ့ထိပ်တန်း ဟက်ကာတစ်ယောက် ဖြစ်လာခဲ့ခြင်း မဟုတ်ပါလား။
စွန်းဖုန်းက ဖုန်းခဲ့ကို မေးခွန်းထုတ်သလို ကြည့်လိုက်သည်။
ဖုန်းခဲ့က ခေါင်းညိတ်ပြသည်။ သူသည် ရှီလဲ့၏ အကြံပြုချက်ကို သဘောတူလိုက်ခြင်းပင်။
“ရှောင်စွန်း၊ သွားပြီး ပါဆယ်တချို့ မှာလိုက် ဆိုင်ထဲမှာပဲ စားကြတာပေါ့” စွန်းဖုန်းက ချောင်းဟန့်ကာ - “မန်နေဂျာဖုန်းကို ပါဆယ် ဘယ်လိုကျွေးလို့ ဖြစ်မှာလဲ”
ဖုန်းခဲ့က ရယ်မောလိုက်သည် - “ကျွန်တော်လည်း သာမန်လူတစ်ယောက်ပါပဲ... ဘာလို့ ပါဆယ်မစားနိုင်ရမှာလဲ”
မွန်းလွဲ ၁ နာရီ မတိုင်မီမှာပင် အစားအသောက်ပို့သည့် မိန်းကလေး သုံးယောက်က တိန့်ရှန့် အီလက်ထရွန်နစ်ဆိုင်သို့ ခမ်းနားသော နေ့လယ်စာများကို လာပို့ပေးသည်။
စွန်းဖုန်းက ဖုန်းခဲ့ကို ယဉ်ကျေးစွာ စားရန် ဖိတ်ခေါ်လိုက်သည်။
ဖုန်းခဲ့သည် ရှီလဲ့ထံသို့ လျှောက်သွားပြီး တိုးတိုးလေး ပြောလိုက်သည် - “မစ္စတာရှီ၊ အရင်စားလိုက်ရအောင်လေ”
ရှီလဲ့က ဖုန်းခဲ့ကို မကြားချင်ယောင်ဆောင်ကာ ကီးဘုတ်ပေါ်တွင် ကုဒ်များကိုသာ ဆက်ရိုက်နေသည်။
စွန်းဖုန်းမှာမူ မအံ့သြတော့ပေ - “မန်နေဂျာဖုန်း၊ ရှီထိုကို ဂရုမစိုက်ပါနဲ့... သူက အလုပ်မပြီးမချင်း ဘာမှမစားတတ်ဘူး..သူ့ကို ခဏခဏ ခေါ်နေရင် သူ ဒေါသထွက်သွားလိမ့်မယ်..”
ဖုန်းခဲ့မှာလည်း အခြားရွေးချယ်စရာမရှိဘဲ သူ၏စားပွဲသို့ ပြန်သွားရတော့သည်။
“ဒါဆိုရင်တော့ ခဏလောက် ထပ်စောင့်ကြတာပေါ့”
အခန်း - ၁၄
မွန်းလွဲ ၁ နာရီခွဲခန့်တွင် ရှီလဲ့ ကီးဘုတ်ရိုက်ခြင်းကို ရပ်လိုက်သည်။ သူသည် မတ်တပ်ရပ်ကာ အညောင်းအညာဆန့်လိုက်ပြီးနောက် ရေသန့်ဘူးကိုကောက်ယူကာ တစ်ငုံတည်းဖြင့် အကုန်မော့သောက်လိုက်သည်။ “အစ်ကိုဖုန်း၊ ကျွန်တော် ဗိုက်အရမ်းဆာနေပြီ”
ဖုန်းခဲ့ က စိုးရိမ်တကြီး မေးလိုက်သည် - “မစ္စတာရှီ၊ ဘယ်လိုလဲ”
ရှီလဲ့က ပြုံးပြလိုက်သည် - “မန်နေဂျာဖုန်း၊ ကြည့်လိုက်ပါဦး.. ဒီပုံတွေ ဟုတ်ပါသလား”
ကွန်ပျူတာမျက်နှာပြင်ပေါ်တွင် ဓာတ်ပုံပုံရိပ်အသေးများ ပြည့်နှက်နေသည့် ဖိုင်တွဲတစ်ခု ပေါ်လာသည်။
ဖုန်းခဲ့သည် မောက်စ်ကို အမြန်ဆွဲယူကာ ပုံများကို တစ်ပုံချင်းစီ လိုက်ကြည့်လိုက်သည်။ သူ၏မျက်နှာတွင် စိတ်လှုပ်ရှားမှုများ အထင်းသား ပေါ်လာတော့သည်။
“ဟုတ်တယ် ဒါတွေက ကျွန်တော့်အဖေရဲ့ ပုံတွေပဲ.. မစ္စတာရှီ၊ ကျေးဇူးအများကြီး တင်ပါတယ်” ဖုန်းခဲ့သည် ရှီလဲ့၏ ညာဘက်လက်ကို ဆုပ်ကိုင်ကာ နှုတ်ဆက်လိုက်သည်။ “မစ္စတာရှီ၊ တကယ်ကို ကျေးဇူးတင်ပါတယ်..”
ရှီလဲ့က ပေါ့ပေါ့ပါးပါးပင် ပြန်ပြောလိုက်သည် - “ဘာမှမဟုတ်ပါဘူး.. ခင်ဗျားက ဖောက်သည်တစ်ယောက်ပဲလေ...ဖောက်သည်က အဓိကပါပဲ”
ဖုန်းခဲ့က စိတ်အေးသွားပြီး မေးလိုက်သည် - “မစ္စတာရှီ၊ အားလုံးပေါင်း ဘယ်လောက်ကျလဲ”
ရှီလဲ့ ခေတ္တမျှ စဉ်းစားလိုက်သည်။ ဒေတာပြန်ဆယ်ရန်မှာ မခက်ခဲသော်လည်း အဓိကပြဿနာမှာ သူ၌ လိုအပ်သော ကိရိယာ များ မရှိခြင်းဖြစ်သည်။ ရှီလဲ့အနေဖြင့် ၃ နာရီမှ ၄ နာရီခန့်အထိ အလုပ်လုပ်ခဲ့ရသော်လည်း အချိန်အများစုမှာ ဆော့ဖ်ဝဲရေးသားခြင်းအတွက်သာ ဖြစ်သည်။ အမှန်တကယ် ဒေတာပြန်ဆယ်သည့်အလုပ်မှာ ၁၀ မိနစ်ခန့်သာ ကြာခဲ့သည်။ ထိုဆော့ဖ်ဝဲကိုလည်း နောင်တွင် ထပ်မံအသုံးပြုနိုင်သေးသည် မဟုတ်ပါလား။
စွန်းဖုန်းက တိုးတိုးလေး ကပ်ပြောသည် - “ရှီထို၊ လျှော့ပေးလိုက်ပါဦး...ဒီအလုပ်က ငါ့ဆီကနေ ရတာလေ..”
ရှီလဲ့က ရယ်လိုက်ပြီး - “ကောင်းပါပြီ! အစ်ကို့မျက်နှာကို ထောက်ထားပြီး... မန်နေဂျာဖုန်း၊ တစ်ပုံကို ယွမ် ၁၀၀ ပဲ ယူပါ့မယ်..စုစုပေါင်း ၆၂ ပုံဆိုတော့ ယွမ် ၆,၀၀၀ ပဲ ပေးပါ..”
စွန်းဖုန်းက ပါးစပ်အဟောင်းသားဖြင့် ရှီလဲ့ကို ကြည့်လိုက်သည်။ “ရှီထို... မင်းကတော့... တော်တော် လောဘကြီးတာပဲ”
ရှီလဲ့က ပခုံးတွန့်ပြလိုက်သည်။ “မန်နေဂျာဖုန်း၊ ကျွန်တော် ဒေတာပြန်ဆယ်တဲ့ စတူဒီယို တော်တော်များများကို စုံစမ်းကြည့်ဖူးပါတယ်.. ဒီလိုအဆင့်မျိုး ဒေတာပြန်ဆယ်ဖို့ဆိုရင် သူတို့ ယွမ် ၁၀,၀၀၀ အောက်တော့ ဘယ်တော့မှ မယူပါဘူး နောက်ပြီး ဒေတာဆယ်ယူတာက စိတ်ဆန္ဒပေါ်မှာပဲ မူတည်တာပါ...ခင်ဗျားအတွက် တန်ဖိုးရှိတယ်လို့ ထင်ရင် ပိုက်ဆံအများကြီး အကုန်ခံမှာဖြစ်သလို၊ တန်ဖိုးမရှိဘူးလို့ ထင်ရင်တော့ ဒီဒေတာတွေက တစ်ပြားမှ မတန်ပါဘူး”
စွန်းဖုန်းက အနေခက်စွာ ချောင်းဟန့်လိုက်သည် - “ဒါပေမဲ့... ဒါပေမဲ့ ဒါက ဓာတ်ပုံအနည်းငယ်ပဲလေ.. မင်း တကယ်ပဲ ယွမ် ၆,၀၀...”
ဖုန်းခဲ့က လက်မြှောက်ကာ စွန်းဖုန်းကို တားလိုက်သည် - “ရှောင်စွန်း၊ တော်တော့! မစ္စတာရှီ ပြောတာ မှန်တယ်..ရွှေစင်အလေးချိန် တစ်ထောင်တန်တဲ့အရာက ဈေးမကြီးသလို၊ တစ်ပြားမှ မတန်တဲ့အရာကတော့ ဈေးများတယ်လို့ ဆိုရမှာပဲ..ကျွန်တော် ဒေတာပြန်ဆယ်တဲ့ နေရာတော်တော်များများကို သွားခဲ့ဖူးတယ်၊ သူတို့တောင်းတဲ့ဈေးက မစ္စတာရှီထက် အများကြီး ပိုများပါတယ်... မစ္စတာရှီရဲ့ဈေးက သင့်တော်ရုံတင်မကဘူး၊ နည်းတောင် နည်းနေပါသေးတယ်”
ပြောပြောဆိုဆိုဖြင့် ဖုန်းခဲ့သည် သူ၏လက်ကိုင်အိတ်ထဲမှ ယွမ်တစ်ရာတန် အနီရောင်ငွေထုပ်ကို ထုတ်ကာ ရှီလဲ့ထံ ကမ်းပေးလိုက်သည်။ “မစ္စတာရှီ၊ နောက်တစ်ခါ ထပ်ပြီး ကျေးဇူးတင်ပါတယ်”
ရှီလဲ့ အံ့အားသင့်သွားသည်။ သူက ခြောက်ထောင်သာ တောင်းခဲ့သော်လည်း ဖုန်းခဲ့က သူ့ကို တစ်သောင်း ပေးလိုက်ခြင်းဖြစ်သည်။ “မန်နေဂျာဖုန်း၊ ဒါက အရမ်းများလွန်းတယ် ခြောက်ထောင်ဆို လုံလောက်ပါပြီ”
ဖုန်းခဲ့က ပြုံးလျက် ငွေကိုချထားလိုက်ပြီး လိပ်စာကတ်တစ်ခုကို ထုတ်ပေးလိုက်သည်။ “မစ္စတာရှီ၊ အားမနာပါနဲ့..နောက်နောင် အကူအညီလိုတာရှိရင်လည်း ကူညီပေးမယ်လို့ မျှော်လင့်ပါတယ်”
ရှီလဲ့ ခဏစဉ်းစားကြည့်လိုက်ပြီး ဖုန်းခဲ့၏ ဆိုလိုရင်းကို နားလည်သွားသည်။ သူသည် ရှီလဲ့နှင့် ရင်းနှီးမှုတစ်ခု တည်ဆောက်ထားလိုခြင်းဖြစ်ပြီး နောင်တွင် အခက်အခဲရှိလာပါက သဘာဝကျကျပင် အကူအညီတောင်းခံနိုင်ရန် ဖြစ်သည်။ အကျိုးအကြောင်းကို တွေးမိသွားသောအခါ ရှီလဲ့သည် အားမနာတော့ဘဲ ယွမ်တစ်သောင်းကို ပြုံးလျက် သိမ်းလိုက်သည်။ ထို့နောက် စားပွဲပေါ်ရှိ ခမ်းနားသော နေ့လယ်စာကို လှမ်းကြည့်လိုက်သည်။
စက်တင်ဘာလဖြစ်သဖြင့် ရွှမ်းချင်းမြို့၏ ရာသီဥတုမှာ အလွန်ပူပြင်းသည်။ ပါးပေါင် အဆောက်အအုံအတွင်းရှိ ဗဟိုလေအေးပေးစက်က အအေးဓာတ်ပေးနေသော်လည်း အစားအသောက်များမှာမူ မအေးစက်သွားပေ။
“အာ... ဗိုက်အရမ်းဆာနေပြီ” ရှီလဲ့က နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်သည်။
ဖုန်းခဲ့က ချက်ချင်းပင် - “မစ္စတာရှီ၊ ကျွန်တော် အပြင်မှာ တစ်နပ်လောက် လိုက်ကျွေးပါရစေလား”
ရှီလဲ့က ခေါင်းခါလိုက်သည် - “ကျေးဇူးတင်ပါတယ် မန်နေဂျာဖုန်း..ကျွန်တော် အစ်ကိုဖုန်းရဲ့ ဆိုင်မှာပဲ စားလိုက်ပါ့မယ်..” အမှန်တကယ် အကြောင်းရင်းမှာ ရှီလဲ့သည် ဖုန်းခဲ့နှင့် အလွန်အမင်း မရင်းနှီးချင်သောကြောင့် ဖြစ်သည်။
ဖုန်းခဲ့သည် USB ကို ယူကာ ယဉ်ကျေးသော စကားအချို့ ပြောပြီးနောက် အလျင်အမြန်ပင် ထွက်ခွာသွားတော့သည်။
စွန်းဖုန်းက သက်ပြင်းချကာ - “ငါ့ညီ ရှီထိုရေ... မင်းကတော့ အခွင့်အရေးကောင်းကြီးကို လက်လွှတ်လိုက်တာပဲ.. မန်နေဂျာဖုန်းရဲ့ ကုမ္ပဏီ က ယွမ်သန်း ၁၀၀ ကျော် တန်ဖိုးရှိတဲ့ ကုမ္ပဏီကြီးကွ”
ရှီလဲ့မှာမူ စိတ်ထဲမှ ရယ်နေမိသည်။
‘ယွမ်သန်း ၁၀၀ ကျော်တန် ကုမ္ပဏီကမှ ကုမ္ပဏီကြီးလား အမေရိကမှာ ဒေါ်လာဘီလီယံ ရာချီတန်တဲ့ ကုမ္ပဏီတွေကို ဘယ်လိုခေါ်ရမလဲ’
“အစ်ကိုဖုန်း၊ အစ်ကို့အဖေက မန်နေဂျာဖုန်းနဲ့ စီးပွားရေး အဆက်အသွယ်ရှိလို့လား..ခင်ဗျားမျက်နှာကို ကြည့်ရတာ သူဌေးကို စောင့်နေရသလိုပဲ” ရှီလဲ့က စနောက်လိုက်သည်။
စွန်းဖုန်းက ခေါင်းညိတ်ကာ မငြင်းပေ။
“ငါတို့ရဲ့ အဓိကစီးပွားရေးက လုံခြုံရေးပစ္စည်းတွေလေ၊ မီးသတ်ပစ္စည်းကနေ အီလက်ထရွန်နစ် စောင့်ကြည့်ရေးပစ္စည်းတွေအထိပေါ့.. စောင့်ကြည့်ရေးနဲ့ လုံခြုံရေးဆိုင်ရာ နည်းလမ်းတွေကိုလည်း ဝန်ဆောင်မှုပေးတယ်...ရွှမ်းချင်းမြို့မှာတော့ ငါတို့က ဩဇာရှိတယ်! မြို့ထဲက အစိုးရစီမံကိန်းတွေနဲ့ စောင့်ကြည့်ရေးကိရိယာ အများစုကို သူတို့ကပဲ ပံ့ပိုးပေးတာ” ရှီလဲ့၏ မျက်လုံးများ တောက်ပသွားသည်။
ဖုန်းခဲ့က အီလက်ထရွန်နစ် စောင့်ကြည့်ရေးပစ္စည်းတွေနဲ့ ပတ်သက်နေတာလား။
‘ဒါဆိုရင် နောင်တစ်ချိန်မှာ သူ့ဆီကနေ ပစ္စည်းတွေ အများကြီး ဝယ်ရမှာပေါ့’
“ဒါဆိုရင်တော့ ငါတို့တွေ ခင်ထားသင့်တာပေါ့” ရှီလဲ့သည် ထိုင်ခုံတွင်ထိုင်ကာ စတင်စားသောက်တော့သည်။
စွန်းဖုန်းက အော်လိုက်သည် - “တောက်... ရှီလဲ့၊ မင်း ငါ့ကိုတောင် မစောင့်ဘူးလား ညီအစ်ကိုတို့၊ အတူတူ စားကြမယ်ဟေ့..”
ဆိုင်ထဲမှ နည်းပညာဝန်ထမ်း သုံးယောက်နှင့် အထွေထွေလုပ်သား ရှောင်လျူတို့ ဝိုင်းဖွဲ့စားသောက်ကြသည်။ ဝဝလင်လင် စားသောက်ပြီးနောက် ရှီလဲ့သည် စွန်းဖုန်း၏ ပုခုံးကို ပုတ်ကာ - “အစ်ကိုဖုန်း၊ ကျွန်တော် ကွန်ပျူတာတစ်လုံး ဝယ်ချင်တယ်၊ လျှော့ပေးဦးနော်”
စွန်းဖုန်းက မျက်စောင်းထိုးလိုက်သည် - “မင်းကတော့ သွေးစုပ်ဖုတ်ကောင်ပဲ.. ခုလေးတင် ယွမ် ၁၁,၀၀၀ ရထားတာတောင် ပိုက်ဆံနည်းနည်းကို နှမြောနေသေးတယ်”
ရှီလဲ့က တွန့်တိုဟန်ဆောင်ကာ - “ကျွန်တော်က ပိုက်ဆံကို ထိန်းသုံးရတာလေ ကျွန်တော် တက္ကသိုလ်တက်ရဦးမှာ.. တက္ကသိုလ်မှာ မိန်းကလေး နှစ်ယောက်လောက် ပိုးဖို့ ပိုက်ဆံစုထားရမှာပေါ့..”
စွန်းဖုန်းက အားကျစွာဖြင့် - “ရှီလဲ့... မင်းကတော့ တကယ် အမိုက်စားပဲ..”
“တခြားလူတွေက တစ်ယောက်ပဲ ပိုးတာ၊ မင်းက နှစ်ယောက်တောင်လား”
ရှီလဲ့က မောက်မာစွာ ပြောလိုက်သည် - “ရှီလဲ့ဆိုတာ နှစ်ယောက်နဲ့ တန်တဲ့လူဗျ”
စွန်းဖုန်းက မေးလိုက်သည် - “ရှီလဲ့၊ ဘယ်လိုကွန်ပျူတာမျိုး လိုချင်တာလဲ”
“အလယ်အလတ်အဆင့်လောက်ပေါ့” ရှီလဲ့ ခဏစဉ်းစားပြီး ပြန်ဖြေလိုက်သည်။ ၂၀၀၆ ခုနှစ်တွင် ကွန်ပျူတာတစ်လုံးကို ယွမ် ၁၀,၀၀၀ သို့မဟုတ် ၂၀,၀၀၀ အကုန်ခံဝယ်လျှင်ပင် ကောင်းမွန်သော စွမ်းဆောင်ရည် ရနိုင်ရန် ခဲယဉ်းသေးသည်။
ရှီလဲ့သည် ရရှိထားသော ယွမ် ၁၁,၀၀၀ စလုံးကို အကုန်မခံလိုပေ။ ၎င်းမှာ သူ၏ လူမှုရေးစရိတ်များ မဟုတ်ပါလား။ ရှီလဲ့သည် ပစ္စည်းစာရင်းကို ကြည့်လိုက်ပြီးနောက် ယွမ် ၇,၀၀၀ ကျော် တန်ဖိုးရှိသော ကွန်ပျူတာတစ်လုံးကို ရွေးချယ်လိုက်သည်။ “အစ်ကိုဖုန်း၊ ခင်ဗျားဈေးက အရမ်းကြီးတယ်..”
၂၀၀၆ ခုနှစ်တွင် ကွန်ပျူတာလုပ်ငန်း၏ အမြတ်အစွန်းမှာ ကြီးမားနေဆဲပင်။
စွန်းဖုန်းသည် ဂဏန်းပေါင်းစက်ကို အနည်းငယ်နှိပ်ပြီး ရှီလဲ့အား ကမ်းပေးလိုက်သည်။ ဂဏန်းပေါင်းစက်တွင် ယွမ် ၅,၂၀၀ ဟု ပြနေသည်။
ရှီလဲ့သည် ဂဏန်းပေါင်းစက်မှ ယွမ် ၂၀၀ ကို နှုတ်လိုက်ပြီး ပိုက်ဆံကို စတင်ရေတွက်တော့သည်။ “အစ်ကိုဖုန်း၊ ယွမ် ၅,၀၀၀ နဲ့ပဲ အပြတ်ဖြတ်လိုက်ရအောင်လေ၊ ရတယ်မလား..”
စွန်းဖုန်းက သက်ပြင်းချလျက် ပြုံးလိုက်သည် - “မင်း ပြောမှတော့ ငါက မရဘူးလို့ ပြောလို့ရဦးမှာလား”
ဆယ်မိနစ်ခန့်အကြာတွင် စွန်းဖုန်းသည် လူလွှတ်၍ ကွန်ပျူတာကို ဆင်ခိုင်းလိုက်ပြီး XP စနစ်ကိုလည်း ထည့်သွင်းပေးလိုက်သည်။
“ရှီလဲ့၊ ဝင်းဒိုးကိုတော့ မင်းဘာသာမင်း ပြန်ပြင်လိုက်တော့..”
ရှီလဲ့က ခေါင်းညိတ်လိုက်သည် - “ကျေးဇူးပါ အစ်ကိုဖုန်း”
ရှီလဲ့သည် ဖုန်းကိုထုတ်ကာ အချိန်ကြည့်လိုက်ရာ ညနေ ၃ နာရီ ရှိနေပြီဖြစ်သည်။ ရှီလဲ့ ကျောင်းသို့ ပြန်ရန် ပြင်ဆင်လိုက်သည်။
စွန်းဖုန်းက ချက်ချင်းပင် အမိန့်ပေးလိုက်သည် - “ရှောင်လျူ၊ ရှီလဲ့ကို လိုက်ပို့ပေးလိုက်ဦး”
ရှောင်လျိုသည် ကွန်ပျူတာနှင့် မော်နီတာကို ချက်ချင်းမယူလိုက်ပြီး ယဉ်ကျေးစွာ ပြောလိုက်သည် - “ရှီထို၊ ကျွန်တော် လိုက်ပို့ပေးပါ့မယ်”
ရှီလဲ့ စိတ်ထဲမှ ခိုးရယ်မိသည်။ ရှောင်လျူသည် သူ့ထက် အသက်အနည်းငယ် ပိုကြီးသည် မဟုတ်ပါလား။
ဒါဟာ လူမှုလောကရဲ့ မတတ်သာတဲ့ အခြေအနေပင်။
အောင်မြင်တဲ့လူတစ်ယောက်ရှေ့မှာဆိုရင် အသက်ပိုကြီးနေရင်တောင်မှ သူ့ကို လေးစားမှု ပေးကြရတာပင်။
ရှီလဲ့က ဂရုမစိုက်ဘဲ ရှေ့မှ ဦးဆောင်လမ်းလျှောက်သွားသည်။ အိတ်ကပ်ထဲတွင် ယွမ် ၆,၀၀၀ ပါလာသဖြင့် သူခိုးရန်ကို ကြောက်သောကြောင့် ရှီလဲ့သည် ဘတ်စ်ကား မစီးတော့ပေ။ ထို့အပြင် ကွန်ပျူတာနှင့် ဘတ်စ်ကားစီးရန်မှာလည်း အဆင်မပြေလှပေ။
သူသည် တက္ကစီတစ်စီးကို ငှားကာ ရှောင်ဟူ တက္ကသိုလ်နယ်မြေသို့ တိုက်ရိုက်သွားလိုက်သည်။ ရှီချောင်ခရိုင်မှ ရှောင်ဟူခရိုင်အထိ ယွမ် ၁၂၀ ကုန်ကျသည်။ ပိုက်ဆံအများကြီး ရှာထားသော်လည်း ရှီလဲ့ စိတ်ထဲမှ နှမြောနေမိသေးသည်။
ဘယ်ဘက်လက်တွင် ကွန်ပျူတာ၊ ညာဘက်လက်တွင် မော်နီတာကို ကိုင်ကာ ရှီလဲ့သည် အဆောင်သို့ ပြန်ရောက်လာခဲ့သည်။ လီချိုင် မှာမူ အဆောင်တွင် မရှိပေ။ သနားစရာကောင်းသော လီချိုင်မှာ စစ်သင်တန်း တက်နေရသည် မဟုတ်ပါလား။
ရှီလဲ့သည် ကွန်ပျူတာကို ချထားပြီး အိမ်သာထဲတွင် မျက်နှာသစ် သန့်စင်လိုက်သည်။ ထို့နောက်မှ ယွမ် ၅,၀၀၀ ကို ထုတ်ကာ အိပ်ရာခင်းအောက်တွင် ဝှက်ထားလိုက်သည်။
သူ၏ကိုယ်ပေါ်တွင် ယွမ် ၁,၀၀၀ ကျော်သာ ချန်ထားပြီး ရှီလဲ့သည် အဆောင်ပြင်သို့ ထွက်လာခဲ့သည်။ ပိုက်ဆံရထားသဖြင့် သူ သေချာပေါက် ဂုဏ်ပြုစားသောက်ရပေမည်။
စစ်သင်တန်းကာလအတွင်း ကျောင်းသားသစ်များသည် နေ့ဘက်တွင်သာမက ညဘက်တွင်လည်း လေ့ကျင့်ခန်း လုပ်ကြရသည်။ ထို့အပြင် ကျောင်းအာဏာပိုင်များက အဆောင်တွင်း စည်းကမ်းများကိုလည်း အချိန်မရွေး လာရောက် စစ်ဆေးတတ်သည်။
ထို့ကြောင့် ညဘက်တွင် စစ်သင်တန်း ပြီးဆုံးသွားလျှင်ပင် ကျောင်းသားသစ်များသည် အပြင်သို့ မထွက်ရဲကြပေ။ အကယ်၍ စစ်ဆေးချိန်တွင် အဆောင်၌ မရှိပါက ခရက်ဒစ် ၃၀ အဖြတ်ခံရမည် ဖြစ်သည်။
တစ်နှစ်ပတ်လုံးတွင် ခရက်ဒစ် ၆၀ အောက် ရောက်သွားပါက အခြေအနေမှာ အလွန်ပင် ဆိုးရွားသွားပေလိမ့်မည်။
ရှောင်ဟူတက္ကသိုလ်၏ ထူးခြားချက်မှာ ခရက်ဒစ် ၆၀ အောက် ရောက်သူများသည် ဒုတိယနှစ်ဝက်တွင် “လူမှုကျင့်ဝတ်နှင့် ကိုယ်ကျင့်တရား မြှင့်တင်ရေး” သင်တန်းကို မတက်မနေရ တက်ရခြင်းဖြစ်သည်။ ထိုအတန်းတွင် အချိန်တိုင်း လူစာရင်းစစ်ဆေးပြီး တစ်ရက်မျှ ပျက်ကွက်ခွင့် မရှိပေ။
ရှောင်ဟူတက္ကသိုလ်၏ ဖိုရမ် ပေါ်တွင် စီနီယာများစွာသည် စစ်သင်တန်းကာလအတွင်း မည်သည့်အမှားမျှ မလုပ်ရန် ဂျူနီယာများကို မျက်ရည်လည်ရွဲဖြင့် သတိပေးထားကြသည်။
စစ်သင်တန်းကာလတွင် ခရက်ဒစ် ၃၀ အဖြတ်ခံရသည်နှင့် ဒုတိယနှစ်ဝက်တွင် ထိုသင်တန်းကြောင့် ဒုက္ခရောက်မည်မှာ သေချာလှသည်။
စစ်သင်တန်း မတက်ရသော ရှီလဲ့သည်မူ သပ်သပ်ရပ်ရပ် ဝတ်ဆင်ကာ တက္ကသိုလ်၏ နောက်ဘက်တံခါးဆီသို့ လမ်းလျှောက်သွားသည်။ နောက်ဘက်တံခါး အပြင်ဘက်တွင်မူ ဆူညံအော်ဟစ်သံများနှင့် စည်ကားနေသော အစားအသောက်လမ်းမကြီး ရှိသည်။
တက္ကသိုလ်ကျောင်းသား အမြောက်အမြားမှာ စားသောက်ရန် နေရာဦးနေကြသည်။
ရှီလဲ့သည် ထိုလမ်းမတစ်လျှောက် လှည့်ပတ်ကြည့်ရှုပြီးနောက် လမ်းကြားလေးတစ်ခုထဲသို့ ဝင်သွားလိုက်သည်။ သူသည် ဆိုင်းဘုတ်မရှိသော “ကြက်ချဉ်ဟင်း” ဆိုင်လေးတစ်ဆိုင်ကို တွေ့ရှိကာ အထဲသို့ ဝင်သွားသည်။
“အဘိုးကြီးကျန်း ၊ ဧည့်သည်လာနေပြီဗျို့..မြန်မြန် ထွက်ကြိုပါဦး” ရှီလဲ့က အကျယ်ကြီး အော်ပြောလိုက်သည်။
အသက် ၅၀ ကျော်ခန့်ရှိပြီး ဆံပင်ဖြူဖြူနှင့် အဘိုးကြီးတစ်ဦးသည် ခြေထော့နင်းဖြင့် ထွက်လာသည်။ သူ၏အမည်မှာ အဘိုးကြီးကျန်း ဖြစ်သည်။ ရှီလဲ့ပင် သူ၏ နာမည်ရင်းကို မသိပေ။ အဘိုးကြီးကျန်းသည် ခြေမသန်သူ ဖြစ်သော်လည်း သူ၏ “ကြက်ချဉ်ဟင်း” မှာမူ ထိုလမ်းမပေါ်တွင် အကောင်းဆုံး ဟင်းလျာတစ်ခု ဖြစ်သည်။ အဘိုးကြီးကျန်း၏ အဆိုအရ သူသည် ဤဟင်းကို လုပ်လာသည်မှာ ၁၅ နှစ်ကျော်ပြီဟု ဆိုသည်။
အဘိုးကြီးကျန်းသည် သံသယအပြည့်ဖြင့် ရှီလဲ့ကို ကြည့်လိုက်သည်။
ရှီလဲ့က ရယ်မောကာ - “အဘိုးကြီးကျန်း၊ ကျွန်တော့်ကို ကြက်ချဉ်ဟင်း တစ်ပွဲပေးပါ..ဪ... ဟင်းသီးဟင်းရွက်နဲ့ ကြက်သား များများထည့်ပေးနော်၊ ပါဆယ်ထုတ်သွားမှာမို့လို့..”
အဘိုးကြီးကျန်း၏ ဩဇာရှိသော အသံ ထွက်ပေါ်လာသည် - “မင်းက ဘယ်သူလဲ”
ရှီလဲ့က သူ၏ခေါင်းကို ပုတ်လိုက်ပြီး - “ကျွန်တော့်နာမည် ရှီလဲ့ပါ..ရှီက ကျောက်ခဲ၊ လဲ့ကလည်း ကျောက်ခဲပဲ အဘိုးကြီးကျန်း၊ ကျွန်တော့်ကို ရှောင်ရှီလို့ပဲ ခေါ်ပါ ကျွန်တော်က ရှောင်ဟူတက္ကသိုလ်က ကျောင်းသားပါ..ကျွန်တော်တို့တွေ အခုကစပြီး သူငယ်ချင်းတွေ ဖြစ်သွားပြီနော်..”
အဘိုးကြီးကျန်းသည် ပွင့်လင်းသူဖြစ်ပြီး ပွင့်လင်းသောသူများကို ခင်မင်တတ်သူ ဖြစ်သည်။ ထို့ကြောင့် ရှီလဲ့၏ သူငယ်ချင်းဖွဲ့မှုကို သဘောကျသွားသည်။
“ဪ... ရှောင်ဟူတက္ကသိုလ်ကလား.. အေး... မင်းက ငါ့သူငယ်ချင်းပဲ”
ရှီလဲ့သည် ထိုင်ခုံတစ်ခုကို ဆွဲယူကာ ထိုင်လိုက်သည်။
“အဘိုးကြီးကျန်း၊ အရသာကို ခပ်ပြင်းပြင်းလေး လုပ်ပေးနော်”
အဘိုးကြီးကျန်းက ခေါင်းညိတ်ကာ မီးဖိုချောင်ထဲသို့ ခြေထော့နင်းဖြင့် ဝင်သွားတော့သည်။