← Chapters

အခန်း (၁၅-၁၆)

Vol. 2 Ch. 15-16

အခန်း (၁၅-၁၆)

Vol. 2 Ch. 15-16

အခန်း - ၁၅

မီးဖိုချောင်ထဲမှ အဘိုးကြီးကျန်း ၏ ဩဇာရှိသော အသံ ထွက်ပေါ်လာသည်။ “ရှောင်ရှီ လာပြီးတစ်ချက် ကြည့်လိုက်ဦး”

အဘိုးကြီးကျန်း၏ ကြက်ချဉ်ဟင်းမှာ လတ်ဆတ်မှုကို အမြင့်ဆုံးထိန်းထားနိုင်ရန်အတွက် ကြက်ကို ချက်ချင်းသတ်၊ ချက်ချင်းချက်ရခြင်းဖြစ်သည်။ ထို့ကြောင့် မသတ်မီတွင် ဖောက်သည်များအား ချိန်ခွင်ကြည့်ခိုင်းလေ့ရှိသည်။

သို့သော် ရှီလဲ့ သိသည်မှာ အဘိုးကြီးကျန်းသည် သူတပါး ချိန်ခွင်လာကြည့်သည်ကို အလွန်မုန်းတီးသည်။ အဘိုးကြီးကျန်းက အလေးခိုးချင်၍ မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူကသာ အမြဲ အပိုထည့်ပေးတတ်သူဖြစ်သည်။ ဖောက်သည်များ ချိန်ခွင်ကြည့်သည်ကို မုန်းခြင်းမှာ အဘိုးကြီးကျန်း၏ ထူးခြားသော စရိုက်တစ်ခုသာ ဖြစ်သည်။

ရှီလဲ့က အသံကျယ်ကျယ်ဖြင့် “အဘိုးကြီးကျန်း၊ အဆင်ပြေသလိုသာ လုပ်လိုက်ပါ ဒါနဲ့... ကျွန်တော်တို့ လေးယောက် စားမှာနော်” ဟု ပြောလိုက်သည်။

ရှီလဲ့သည် ဖုန်းကိုထုတ်ကာ အချိန်ကြည့်လိုက်ရာ ညနေ ၄ နာရီခွဲသာ ရှိသေးသည်။

ကျောင်းသားသစ်များ၏ စစ်သင်တန်းမှာ ၅ နာရီတွင် ပြန်စမည်ဖြစ်သည်။ ကွင်းထဲသို့ ပြန်သွားရန် မိနစ် ၂၀ သာ လိုတော့ပြီး အသေးစား လေ့ကျင့်ခန်းများ ဆက်လုပ်ရပေမည်။ ည ၇ နာရီထိုးမှသာ ကျောင်းသားသစ်များကို အဆောင်ပြန်၍ အနားယူခွင့် ပေးမည်ဖြစ်သည်။

အချိန်တွေ အများကြီး ကျန်ပါသေးသည်။ ရှီလဲ့က ဆက်အော်ပြောလိုက်သည် - “ပြီးတော့ ပေါင်းအိုး မသုံးနဲ့ဦးနော်.. မီးအေးအေးလေးနဲ့ပဲ နှပ်ထားပေး..ကျွန်တော့်မှာ အချိန်တွေ အများကြီး ရှိတယ်၊ စောင့်နိုင်ပါတယ်”

မီးဖိုချောင်ထဲတွင် အဘိုးကြီးကျန်း၏ အရေးအကြောင်းများ ထင်နေသော မျက်နှာထက်၌ အပြုံးတစ်ခု ပေါ်လာသည်။ အဘိုးကြီးကျန်းသည် မီးဖိုချောင်ထဲတွင် နာရီဝက်ကျော်ခန့် အလုပ်ရှုပ်နေပြီးမှ အပြင်သို့ ထွက်လာခဲ့သည်။

ရှီလဲ့သည် သူ၏အိတ်ထဲမှ စွန်းဖုန်း ပေးလိုက်သော ယုရှီးစီးကရက်ဗူးတစ်ဝက်ကို ထုတ်ကာ တစ်လိပ်ကို အဘိုးကြီးကျန်းထံ ကမ်းပေးလိုက်သည်။

အဘိုးကြီးကျန်းက ယုရှီးကို တစ်ချက်ကြည့်ပြီး ပြုံးလျက် - “ယုရှီးလား၊ ဒီစီးကရက်က မပေါ့ဘူးနော်” ဟု ပြောလိုက်သည်။

၂၀၀၆ ခုနှစ်တွင် ရွှမ်းချင်းမြို့၌ ယုရှီးတစ်ဗူးလျှင် ၂၂ ယွမ်အထိ ဈေးရှိသည်။ ထိုခေတ်က ပျမ်းမျှလစာမှာ ယွမ်တစ်ထောင်ဝန်းကျင်သာ ရှိရာ ယုရှီးသောက်နိုင်သော ကျောင်းသားမှာ အလွန်ရှားပါသည်။ ထို့အပြင် ရှီလဲ့ ဝတ်ထားသည်မှာ ဈေးပေါသော တီရှပ်နှင့် ဂျင်းဘောင်းဘီသာ ဖြစ်သည်။ ဘယ်လိုကြည့်ကြည့် သူဌေးသားနှင့် မတူပေ။

ရှီလဲ့က အူကြောင်ကြောင် ပြုံးပြကာ - “လူတစ်ယောက်က လက်ဆောင်ပေးထားတာပါ”

အဘိုးကြီးကျန်းက ထပ်မမေးတော့ဘဲ ပေါ့ပေါ့ပါးပါးပင် - “မင်းက ရွှမ်းချင်းတက္ကသိုလ်က ကျောင်းသားသစ် မဟုတ်လား” ဟု မေးလိုက်သည်။

ရှီလဲ့ အနည်းငယ် လန့်သွားသည် - “အဘိုးကြီးကျန်း၊ ခင်ဗျား ဘယ်လိုသိတာလဲ”

အဘိုးကြီးကျန်းက ဂုဏ်ယူဟန်ဖြင့် - “ငါ ဒီလမ်းကြားထဲမှာ ကြက်ချဉ်ဟင်း ရောင်းလာတာ ၆ နှစ်ရှိပြီ..ကြော်ငြာလည်း မရှိ၊ ဆိုင်းဘုတ်လည်း မရှိဘူး အဘိုးကြီးကျန်းရဲ့ ကြက်ချဉ်ဟင်းအကြောင်း သိတဲ့သူတွေက ဖောက်သည်ဟောင်းတွေချည်းပဲ.. ဒီကိုလာတဲ့ ရွှမ်းချင်းတက္ကသိုလ် ကျောင်းသားအားလုံးကို ငါ သိတယ်”

ရှီလဲ့ အံ့သြသွားသည်။

အဘိုးကြီးကျန်းမှာ ဤကဲ့သို့သော ထူးခြားသည့် အရည်အချင်းရှိသည်လား။

သူက ဖောက်သည်အားလုံးကို မှတ်မိနေတာပဲ။

တကယ့်ကို မယုံနိုင်စရာ ကောင်းသော မှတ်ဉာဏ်ပင်။

ရှီလဲ့၏ မျက်နှာထက်မှ အံ့သြမှုကို တွေ့သောအခါ အဘိုးကြီးကျန်းသည် ယုရှီးကို ဂုဏ်ယူစွာ မီးညှိလိုက်သည်။ “ရှောင်ရှီ ငါလည်း မေးစရာရှိတယ် မင်းက ကျောင်းသားသစ် ဖြစ်နေပြီးတော့ ငါ အဘိုးကြီးကျန်းမှာ ကြက်ချဉ်ဟင်း ရှိမှန်း ဘယ်လိုလုပ် သိတာလဲ..”

ရှီလဲ့က ရယ်မောကာ - “ရွှမ်းချင်းတက္ကသိုလ် ဖိုရမ် ကလေ... ခင်ဗျားရဲ့ စီနီယာတွေက ခင်ဗျားအတွက် ကြော်ငြာပေးထားတာ ဖြစ်မှာပေါ့”

ရှီလဲ့ ဤကိစ္စတွင် လိမ်မပြောခဲ့ပေ။

ယခင်ဘဝက ရှီလဲ့သည် အဘိုးကြီးကျန်း၏ ကြက်ချဉ်ဟင်းအကြောင်းကို တက္ကသိုလ်ဖိုရမ်မှတစ်ဆင့် သိခဲ့ခြင်းဖြစ်သည်။ သို့သော် ယခင်ဘဝက ဆင်းရဲလွန်းလှသဖြင့် လေးနှစ်တာ ကျောင်းတက်ကာလအတွင်း ဤနေရာသို့ လေးကြိမ်သာ လာနိုင်ခဲ့သည်။

အဘိုးကြီးကျန်းက ရယ်မောကာ - “ဒီကောင်လေးတွေက တော်တော်လေး စဉ်းစားတတ်ကြတာပဲ..”

ရှီလဲ့နှင့် အဘိုးကြီးကျန်းတို့ နှစ်နာရီကြာအောင် စကားပြောဖြစ်ခဲ့ကြသည်။ ထိုအတောအတွင်း အဘိုးကြီးကျန်းသည် မီးဖိုချောင်ထဲသို့ ငါးကြိမ်၊ ခြောက်ကြိမ်ခန့် ဝင်လိုက်ထွက်လိုက် လုပ်နေသည်။

ည ၇ နာရီထိုးခါနီးတွင် အဘိုးကြီးကျန်းသည် မြေအိုးအင်တုံကြီး တစ်လုံးကို ကိုင်ကာ မီးဖိုချောင်ထဲမှ ထွက်လာသည်။ မြေထည်အဖုံးက အပူဓာတ်ကို သေချာပိတ်လှောင်ထားသဖြင့် ဟင်းကို အကြာကြီး နွေးနေစေမည်ဖြစ်သည်။

“ရှီထို သေချာကိုင်နော်။ မှောက်မကျစေနဲ့ဦး”

ရှီလဲ့က ရယ်ကာ - “ဟုတ်ကဲ့၊ စိတ်ချပါ! ဒါနဲ့ အဘိုးကြီးကျန်း၊ ဘယ်လောက်ကျလဲ”

အဘိုးကြီးကျန်းက ရှီလဲ့ကို တစ်ချက်ကြည့်ပြီး - “ကြက်သားက သုံးကီလို၊ ချဉ်ဖတ်က တစ်ကီလို... အားလုံးပေါင်း ယွမ် ၂၅၀ ပဲ ပေးတော့..”

ရှီလဲ့ ကြားလိုက်ရသည်နှင့် အဘိုးကြီးကျန်းက အကြွေတွေကို လျှော့ပေးလိုက်မှန်း သိလိုက်သည်။

ကြက်သားက တစ်ကီလို ယွမ် ၄၀၊ ချဉ်ဖတ်က တစ်ကီလို ယွမ် ၂၀ ဆိုလျှင် စုစုပေါင်း ယွမ် ၂၇၆ ကျသင့်မည် ဖြစ်သည်!

ရှီလဲ့က ရယ်ကာ - “ဟုတ်ကဲ့ဗျာ!”

ထို့နောက် သူသည် ယွမ် ၃၀၀ ကို ထုတ်ကာ စားပွဲပေါ် တင်လိုက်သည်။ “ကျန်တဲ့ ယွမ် ၅၀ ကိုတော့ နောက်တစ်ခါ အိုးလာပြန်ပေးတဲ့အခါမှပဲ ယူတော့မယ်..” ဟု အလျင်ဦးအောင် ပြောလိုက်သည်။

အဘိုးကြီးကျန်းကလည်း အချိန်မဆွဲတော့ဘဲ ယွမ် ၃၀၀ ကို သိမ်းလိုက်သည်။

ရှီလဲ့သည် မြေအိုးကို မကာ ထွက်လာခဲ့သည်။ လမ်းကြားထဲမှ မထွက်မီ ရှီလဲ့သည် ဆိုင်သို့ ပြန်လှည့်လာပြန်သည်။

“ဟေ့... ဟေ့... အဘိုးကြီးကျန်း၊ မြန်မြန်ထွက်လာပါဦး”

အဘိုးကြီးကျန်းက ခြေထော့နင်းဖြင့် ထွက်လာကာ - “ရှီထို၊ ဘာဖြစ်လို့လဲ”

ရှီလဲ့က ရှက်ကိုးရှက်ကန်းဖြင့် - “ကျွန်တော့်ကို ပန်းကန် ၄ လုံးနဲ့ တူ ၄ စုံလောက် ငှားပါဦး! အဆောင်မှာ အဲဒါတွေ ဘာမှမရှိလို့”

အဘိုးကြီးကျန်းက ပြုံးကာ ပန်းကန် ၄ လုံးနှင့် တူ ၄ စုံကို ပလတ်စတစ်အိတ်ထဲ ထည့်ပေးလိုက်သည်။

ရှီလဲ့က ကျေးဇူးတင်စွာဖြင့် - “ကျေးဇူးပါ အဘိုးကြီးကျန်း”

အဘိုးကြီးကျန်းက လက်ယမ်းပြကာ - “ကျောင်းတံခါးဝရောက်ရင် သတိထားနော်... ရွှမ်းချင်းတက္ကသိုလ်က အစောင့်တွေက သိပ်အပြောရခက်တာ..”

ရှီလဲ့က ပြုံးလျက် ခေါင်းညိတ်ပြလိုက်သည်။

ရှီလဲ့သည် ပန်းကန်နှင့် တူအိတ်ကို လက်ကောက်ဝတ်တွင် ချိတ်ကာ မြေအိုးကြီးကို မလျက် ကျောင်းထဲသို့ ဝင်လာခဲ့သည်။

ကျောင်းတံခါးဝတွင် မျှော်လင့်ထားသည့်အတိုင်း အတားခံလိုက်ရသည်။ အသက် ၃၀ ကျော်အရွယ် အစောင့်တစ်ဦးက ရှီလဲ့ကို ထူးထူးဆန်းဆန်း ကြည့်နေသည်။

“ကျောင်းသား... စစ်သင်တန်း ကာလအတွင်းမှာ အပြင်က အစားအသောက်တွေကို ကျောင်းထဲ ယူမလာရဘူးလို့ တားမြစ်ထားတယ်...”

ရှီလဲ့က ပြုံးပြကာ မြေအိုးကို ဂရုတစိုက် ချထားလိုက်သည်။ ထို့နောက် ယုရှီးစီးကရက်ဗူးကို ထုတ်ကာ တစ်လိပ်ယူ၍ အစောင့်ထံ ကမ်းပေးလိုက်သည်။ “အစ်ကိုချန် ၊ ကျွန်တော့်ကို မမှတ်မိတော့ဘူးလား”

အစောင့်၏ အမည်မှာ ချန်တယ်ခမ်း ဖြစ်သည်။ သူသည် ရွှမ်းချင်းတက္ကသိုလ်၏ နောက်ဘက်တံခါးကို စောင့်ရသူဖြစ်ပြီး မျက်စိအလွန်စူးရှသူ ဖြစ်သည်။ ချန်တယ်ခမ်းက ရှီလဲ့ကို သံသယဖြင့် ကြည့်ကာ - “မင်းက ဘယ်သူလဲ”

ရှီလဲ့က ပြုံးလိုက်သည် - “ကျွန်တော် ရှီထို လေ...ပါရဂူဆောင်ရဲ့ ပထမဆုံး အဆောက်အအုံမှာ နေတာ”

ချန်တယ်ခမ်းက သူ၏ခေါင်းကို ပုတ်လိုက်သည် - “ငါ ဘာလို့ မမှတ်မိပါလိမ့်”

“အစ်ကိုချန်ကလည်း... ကျွန်တော့်ကို တကယ်ကြီး မေ့သွားတာလား” ရှီလဲ့က ပြောပြောဆိုဆိုဖြင့် အဆောင်သော့ကို ထုတ်ပြလိုက်သည်။ သော့ကို ခု‌ေလးတင် ရထားကာစဖြစ်သဖြင့် အဆောင်နံပါတ်မှာ သော့ပေါ်တွင် ရှိနေဆဲပင်။

ချန်တယ်ခမ်းက သော့ကို တစ်ချက်ကြည့်ပြီး မှန်ကန်ကြောင်း တွေ့ရသဖြင့် ပြုံးလိုက်သည် - “ပါရဂူဆောင်က ကျောင်းသားကိုး... ကဲ... မြန်မြန် ဝင်သွားတော့”

ရှီလဲ့သည် ကျန်နေသော ယုရှီးဗူးတစ်ဝက်ကို ချန်တယ်ခမ်းထံ ပေးလိုက်ပြီး - “ကျေးဇူးပါ အစ်ကိုချန်” ဟု ပြောလိုက်သည်။

ချန်တယ်ခမ်းက ပြုံးလျက် စီးကရက်ဗူးကို ယူလိုက်သည် - “ရှီထို၊ မင်းကတော့ အမြဲ ယဉ်ကျေးတာပဲ”

ရှီလဲ့က မြေအိုးကို ပြန်မလိုက်သည် - “ဒါက ကျွန်တော့်တာဝန်ပါဗျာ.. အစ်ကိုချန်လည်း ပင်ပန်းနေပါပြီ”

ထို့နောက် ရှီလဲ့သည် မြေအိုးကို ပိုက်ကာ ပါရဂူဆောင်ဆီသို့ အပြေးကလေး သွားတော့သည်။

လုံခြုံရေးအခန်းထဲတွင် အခြားအစောင့်တစ်ဦးက မေးသည် - “ခုနက ဘယ်သူလဲ”

ချန်တယ်ခမ်းက ပြုံးကာ ရှင်းပြသည် - “ပါရဂူဆောင်က ရှီထို လေ လာ... စီးကရက် သောက်ရအောင်” ပြောပြောဆိုဆိုဖြင့် သူက ယုရှီးကို ကမ်းပေးလိုက်သည်။

“ဟာ... ယုရှီးပါလား” အခြားအစောင့်က အံ့သြတကြီး ပြောလိုက်သည်။

ပါရဂူဆောင်သို့ ပြန်ရောက်သောအခါ ည ၇ နာရီ ကျော်နေပြီဖြစ်သည်။ ရှီလဲ့သည် အခန်း ၅၀၂ တံခါးရှေ့တွင် ရပ်ကာ တံခါးကို ခြေထောက်ဖြင့် ခေါက်လိုက်သည်။ အထဲမှ ရှောင်မော့၏ အသံ ထွက်ပေါ်လာသည်။

“ဘယ်သူလဲ”

ရှီလဲ့က တိုးတိုးလေး ပြောလိုက်သည် - “းအစ်ကိုကြီးရှီလာပါပြီ”

“ဟွန့် မိစ္ဆာရှီ” ရှောင်မော့၏ အသံ တံခါးကြားမှ ထွက်လာသည်။ “မိစ္ဆာရှီ၊ ဘာကိစ္စလဲ”

“တံခါးဖွင့်ပေးပါဦးဗျ” ရှီလဲ့က ညည်းညူလိုက်သည်။

ရှောင်မော့က ငြင်းလိုက်သည် - “မဖွင့်ပေးနိုင်ပါဘူး၊ ကျောက်ခဲမိစ္ဆာ..မုရွှမ်း မမက ပြောတယ်၊ နင့်ကိုရော ဟိုကောင်စုတ် လီချိုင် ကိုရော အထဲပေးမဝင်နဲ့တဲ့”

ရှီလဲ့က မြှူဆွယ်လိုက်သည် - “ရှောင်မော့လေး... မြန်မြန်ဖွင့်စမ်းပါ..အံ့အားသင့်စရာ ပါတယ်”

“ဘာအံ့အားသင့်စရာလဲ” ရှောင်မော့က တံခါးမဖွင့်ဘဲ ဂရုတစိုက် မေးသည်။

ရှီလဲ့က ထူးဆန်းစွာ ရယ်မောလိုက်ပြီး - “မဖွင့်ရင်တော့ ငါ တစ်ယောက်တည်းပဲ စားပစ်တော့မှာနော်..”

အခန်း ၅၀၂ ၏ တံခါးမှာ ဖြည်းညှင်းစွာ ပွင့်လာသည်။ ရှောင်မော့၏ ခေါင်းလေး ပြူထွက်လာကာ - “ဒါက ဘာလဲ..အနံ့က အရမ်းမွှေးတာပဲ”

ရှီလဲ့က မြေအိုးကြီးကို မြှောက်ပြလိုက်သည် - “မီးအေးအေးနဲ့ နှပ်ထားတဲ့ ကြက်ချဉ်ဟင်းလေ ဘယ်လိုလဲ စားချင်လား...”

ရှောင်မော့ ခဏမျှ တွန့်ဆုတ်သွားသော်လည်း တံတွေးများကို အဆက်မပြတ် မျိုချနေမိသည်။

စစ်သင်တန်း ကာလအတွင်း ကန်တင်းမှ အစားအသောက်များမှာ ပုံမှန်ထက် အများကြီး ညံ့လှသည်။ ရှောင်မော့က အစားကြီးသူ မဟုတ်သော်လည်း ဤအနံ့ကိုတော့ မခံနိုင်ပါ။ “မြန်မြန် ဝင်လာခဲ့”

ရှောင်မော့က တံခါးဖွင့်ပေးလိုက်သည်။ အခန်း ၅၀၂ ထဲသို့ ဒုတိယအကြိမ် ဝင်လိုက်ရသည်မှာ ပထမတစ်ခေါက်နှင့် မတူဘဲ အနည်းငယ် ထူးခြားနေသည်။ အပြင်အဆင်လေးများ ပြောင်းလဲသွားပြီး ပို၍ သပ်ရပ်လှပနေသည်။

အခန်း ထဲမှ မုရွှမ်း၏ အသံ ထွက်လာသည် - “ဘယ်သူရောက်နေတာလဲ ရှောင်မော့”

ရှီလဲ့က ထူးဆန်းစွာ ရယ်လိုက်သည် - “အစ်ကိုကြီးရှီ ရောက်နေတာပါဗျ”

မုရွှမ်း အာမေဍိတ်သံ ထွက်လာသည် - “ရှောင်မော့၊ နင် သူ့ကို ဘာလို့ အထဲပေးဝင်လိုက်တာလဲ”

ရှောင်မော့က တိုးတိုးလေး ပြန်ပြောသည် - “မုရွှမ်းမမ၊ တောင်းပန်ပါတယ်..ဒါပေမဲ့ သူက အရသာရှိတဲ့ အစားအသောက်တွေ ယူလာလို့ပါ”

အခန်းထဲတွင် မုရွှမ်းမှာ ညဝတ်အင်္ကျီ ဝတ်ထားသည်။ သူမ၏ ပါးပြင်လေးများ နီမြန်းနေကာ - “ဘာအရသာရှိတဲ့ အစားအသောက်လဲ” ဟု မေးလိုက်သည်။

ရှောင်မော့က ရယ်မောကာ - “မုရွှမ်းမမ ထွက်လာရင် သိမှာပေါ့”

မုရွှမ်း ခဏမျှ တွန့်ဆုတ်နေပြီးမှ - “ခဏနေရင် ထွက်လာခဲ့မယ်” ဟု ပြောလိုက်သည်။

မုရွှမ်းသည် ညဝတ်အင်္ကျီကို လဲလိုက်ပြီး အားကစားဝတ်စုံကို ဝတ်ဆင်ကာ ထွက်လာသည်။ “ဟင်..အနံ့က တော်တော်မွှေးတာပဲ”

ရှောင်မော့က မုရွှမ်း၏လက်ကို ဆွဲကာ - “ဟုတ်တယ်မလား မုရွှမ်းမမ၊ အနံ့က တကယ့်ကို မွှေးတာ..”

မုရွှမ်းက ခေါင်းညိတ်ပြပြီး ရှီလဲ့ကို တစ်ချက်ကြည့်လိုက်သည်။ “ရှီလဲ့၊ နင် ဒါကို ဘယ်လိုယူလာတာလဲ..စစ်သင်တန်း ကာလမှာ အစောင့်တွေက အရမ်းတင်းကြပ်တယ် မဟုတ်လား..”

ရှီလဲ့က ဂုဏ်ယူစွာဖြင့် - “ငါက ဘယ်သူလဲ.. အစ်ကိုကြီးရှီပဲလေ..ဒီအစ်ကိုကြီး မလုပ်နိုင်တာ ဘာမှမရှိဘူး”

ရှောင်မော့က နှာခေါင်းရှုံ့လိုက်သည် - “မိစ္ဆာရှီ ကြွားတာကို ရပ်လိုက်စမ်းပါ”

ရှီလဲ့က ရယ်လိုက်သည် - “ခဏစောင့်ဦး၊ ဟိုကောင်စုတ်ကို အရင်ခေါ်လိုက်ဦးမယ်.. သူ့ကို မခေါ်ရင် သူငယ်ချင်းကောင်း မပီသရာ ရောက်နေလိမ့်မယ်..”

ဖုန်းဆက်ပြီး တစ်မိနစ်ပင် မပြည့်မီမှာပင် တံခါးခေါက်သံ ကြားလိုက်ရသည်။ ရှီလဲ့က တံခါးသွားဖွင့်ပေးလိုက်သည်။

လီချိုင် သည် မျက်လုံးများ တောက်ပလျက် ဝင်လာကာ - “အစ်ကိုရှီ အစ်ကိုကတော့ တကယ်ကို အစွမ်းထက်တာပဲ...ကျွန်တော် တကယ်ကို အားကျမိတယ်.. ဒါနဲ့ သူတို့ကို ဘယ်လိုပြောပြီး ကျွန်တော်တို့ကို အထဲပေးဝင်ခိုင်းလိုက်တာလဲ...”

ရှီလဲ့က လီချိုင်၏ ခေါင်းကို တစ်ချက်ပုတ်လိုက်သည် - “လီချိုင်လေး... ပါးစပ်ကို ပိတ်ထားစမ်း.. လာ... အားလုံး စားကြမယ်..”

လီချိုင်မှာ နဂိုကပင် အစားကြိုက်သူ ဖြစ်သည်။ စားစရာရှိသည်ဟု ကြားသည်နှင့် ချက်ချင်း စိတ်လှုပ်ရှားသွားသည် - “ဘာစားစရာလဲ..ဒီနှစ်ရက်အတွင်း စစ်သင်တန်းမှာ ကျွန်တော် ဗိုက်အရမ်း ဆာနေတာ..”

ရှောင်မော့နှင့် မုရွှမ်းတို့က ဆိုဖာပေါ်တွင် ထိုင်ကြပြီး၊ ရှီလဲ့နှင့် လီချိုင်တို့ကမူ သူတို့၏ ဆန့်ကျင်ဘက်တွင် ထိုင်လိုက်ကြသည်။

လီချိုင်က စားရင်းဖြင့် ချီးကျူးနေသည် - “ဒီအရသာက တကယ့်ကို အမိုက်စားပဲ..”

ရှီလဲ့က ကြွားလိုက်သည် - “ငါ မကြွားပါဘူး၊ အဘိုးကြီးကျန်းရဲ့ ကြက်ချဉ်ဟင်းက ရွှမ်းချင်းမြို့မှာ အကောင်းဆုံးပဲ..တောကြက်စစ်စစ်နဲ့ အိမ်လုပ်ချဉ်ဖတ်ဆိုတော့ တကယ့်ကို သဘာဝအစားအစာပေါ့...”

လီချိုင်က ခေါင်းညိတ်ပြပြီး သူ၏တူမှာလည်း အဆက်မပြတ် လှုပ်ရှားနေသည်။ လှပသော မိန်းကလေးများရှေ့တွင်ပင် သူ၏ယဉ်ကျေးမှုကို မထိန်းနိုင်တော့ပေ။

မုရွှမ်းက ဖြည်းဖြည်းချင်း ဝါးစားရင်း ကြက်ပေါင်တစ်ဖက်ကို ယူစားလိုက်သည်။ ထို့နောက် - “ရှီလဲ့၊ ဒီကြက်ချဉ်ဟင်းက ဈေးမနည်းဘူး ထင်တယ်နော်..” ဟု မေးလိုက်သည်။

ရှောင်မော့ကလည်း ရှီလဲ့ကို ကြည့်နေသည်။ ရှီလဲ့၏ အဝတ်အစားကို ကြည့်ရုံဖြင့် သူသည် သူဌေးသား မဟုတ်မှန်း သိသာလှသည်။ အကယ်၍ ဤဟင်းက ဈေးကြီးလျှင် လေးယောက်သား ခွဲပေးရန် စဉ်းစားထားကြသည်။

“မကြီးပါဘူး၊ မကြီးပါဘူး... အဘိုးကြီးကျန်းက ငါ့ကို လျှော့ပေးလိုက်တာ၊ အတိအကျ ယွမ် ၂၅၀ ပဲ”

၂၀၀၆ ခုနှစ်တွင် ပျမ်းမျှလစာ ယွမ် ၁,၀၀၀ သာ ရှိချိန်၌ တစ်နပ်တည်းကို ယွမ် ၂၅၀ ဖိုး စားခြင်းမှာ အနည်းငယ်တော့ များလှသည်။

မုရွှမ်းက ဦးဆောင်ကာ - “ဒီတစ်နပ်ကို ငါပဲ ရှင်းလိုက်မယ်” ဟု ပြောလိုက်သည်။

ရှီလဲ့က ချက်ချင်းပင် - “ချစ်လှစွာသော မုရွှမ်းရယ်... ကျွန်တော့်မှာ ပိုက်ဆံရှိပါ‌ေသးတယ်”

“ တစ်နပ်စာလောက်တော့ ငါလည်း ကျွေးနိုင်ပါသေးတယ်”

အခန်း - ၁၆

ကြက်ချဉ်ဟင်းတစ်နပ်သည် ရှီလဲ့နှင့် အလှလေးနှစ်ဦးကြားက အကွာအဝေးကို နီးကပ်သွားစေခဲ့သည်။ သနားစရာ လီချိုင်မှာမူ တစ်ဖန်ပြန်၍ ထောင့်တစ်နေရာတွင် မေ့လျော့ခြင်း ခံလိုက်ရပြန်သည်။ သူသည် ကြမ်းပြင်ပေါ်တွင် စက်ဝိုင်းများဆွဲရင်း ထိုသုံးယောက်ကို ကျိန်ဆဲနေရုံမှတစ်ပါး အခြားမရှိတော့ပေ။

အချိန်တွေက မြန်မြန်ဆန်ဆန် ကုန်ဆုံးသွားခဲ့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် စက်တင်ဘာလကုန်သို့ ရောက်ရှိလာပြီး စစ်သင်တန်းမှာလည်း ပြီးဆုံးတော့မည်ဖြစ်သည်။ စက်တင်ဘာလကုန်ပိုင်း ဖြစ်သော်လည်း ရွှမ်းချင်းမြို့၏ ရာသီဥတုမှာ မီးဟုန်းဟုန်းတောက်သကဲ့သို့ ပူပြင်းနေဆဲပင်။

ညနေခင်းတစ်ခုတွင် ရှီလဲ့နှင့် လီကျစ်ယွဲ့ တို့သည် ကျောင်းဝင်းအတွင်းရှိ လမ်းကလေးတစ်ခုပေါ်တွင် လမ်းလျှောက်နေကြသည်။

“ရှီလဲ့၊ နင့်ခန္ဓာကိုယ် အခြေအနေက ဘယ်လိုလဲ..”

ရှီလဲ့က လီကျစ်ယွဲ့ကို ပြုံးလျက်ကြည့်ကာ - “ကျစ်ယွဲ့၊ နင်က အမှန်တရားကို ကြားချင်တာလား ဒါမှမဟုတ် အလိမ်အညာကိုလား..”

လီကျစ်ယွဲ့သည် သူမ၏ မျက်မှန်အနက်လေးကို ပင့်တင်လိုက်သည်။ သူမ၏ ဆံပင်အရှည်များမှာ လေထဲတွင် ဝေ့ဝဲနေသည်။ “အဲဒီ ဆေးမှတ်တမ်းက အတုကြီး မဟုတ်လား..”

ရှီလဲ့က ခေါင်းခါပြလိုက်သည် - “ဆေးမှတ်တမ်းက အစစ်ပါ... ဒါပေမဲ့ ရောဂါကတော့ အတုပေါ့..”

လီကျစ်ယွဲ့က ခေါင်းယမ်းကာ - “နင်ကတော့လေ... ကျောင်းက သိသွားပြီး ထုတ်ပစ်မှာကို မကြောက်ဘူးလား..” သူမ၏ လေသံတွင် ချွဲနွဲ့ဟန်လေး ပါနေသည်။

ရှီလဲ့က နောက်ပြောင်လိုက်သည် - “ဆရာမလီ၊ နင်လည်း သိနေပြီပဲ မဟုတ်လား...ကျောင်းအုပ်ကြီးတွေကို သွားတိုင်တော့မလို့လား..”

“ဟွန့်...” လီကျစ်ယွဲ့က နှာခေါင်းရှုံ့လိုက်သည် - “ရှီလဲ့၊ နင်သာ စာကိုသေချာမသင်ရင် ငါ တကယ်သွားတိုင်မှာနော်..”

ရှီလဲ့သည် နားနှစ်ဖက်ကို လက်ဖြင့် အမြန်ပိတ်ကာ သနားစဖွယ် ဟန်ဆောင်လိုက်သည် - “မလုပ်ပါနဲ့ဗျာ၊ ကျွန်တော် စာကို ကြိုးကြိုးစားစား သင်ပါ့မယ်..”

လီကျစ်ယွဲ့သည် နောက်ပြောင်နေသော ရှီလဲ့ကိုကြည့်ကာ စိတ်ထဲတွင် ဝေခွဲမရဖြစ်နေမိသည်။ နောက်ဆုံးတွင် သက်ပြင်းချခြင်းဖြင့်သာ အဆုံးသတ်လိုက်ရသည်။

ရှီလဲ့သည် ထိုသက်ပြင်းချသံကို ကြားသော်လည်း မကြားချင်ယောင် ဆောင်နေလိုက်သည်။

သူတို့နှစ်ဦးကြားက ဆက်ဆံရေးမှာ အဓိပ္ပာယ်ဖွင့်ဆိုရန်ရော၊ ကိုင်တွယ်ရန်ရော မလွယ်ကူလှပေ။ ဝေဝေဝါးဝါး ထားရှိခြင်းကသာ အကောင်းဆုံးဖြစ်လိမ့်မည်။

“ရှီလဲ့၊ အောက်တိုဘာ အမျိုးသားနေ့ အားလပ်ရက်ပြီးရင် ငါတို့ ကွန်ပျူတာသိပ္ပံဌာနက ဆော့ဖ်ဝဲကုမ္ပဏီ နှစ်ခုနဲ့ ပူးပေါင်းပြီး ကွန်ပျူတာဆော့ဖ်ဝဲ ဒီဇိုင်းပြိုင်ပွဲတစ်ခု ကျင်းပဖို့ရှိတယ်..” လီကျစ်ယွဲ့က သူမ၏ ဆံနွယ်များကို နားနောက်သို့ သပ်တင်ရင်း ဆက်ပြောသည် - “ရှီလဲ့၊ နင့်ရဲ့ ပရိုဂရမ်းမင်း အရည်အချင်းက ကောင်းတယ်ဆိုရင် ဒီအခွင့်အရေးကို အရယူစမ်းပါ...ပြိုင်ပွဲမှာ ပထမရတဲ့သူက ဆုငွေ ယွမ် ၁၀,၀၀၀ နဲ့ ရွှမ်းချင်းတက္ကသိုလ်ရဲ့ ထူးချွန်ကျောင်းသားဘွဲ့ကို ရမှာ...ဒုတိယနဲ့ တတိယကလည်း ယွမ် ၅,၀၀၀ နဲ့ ၃,၀၀၀ စီ အသီးသီး ရကြမှာ”

ဤပြိုင်ပွဲအကြောင်းကို ရှီလဲ့ သေချာပေါက် သိပြီးသားဖြစ်သည်။

ယခင်ဘဝက ဤပြိုင်ပွဲတွင် ပထမဆုကို အတန်းခေါင်းဆောင် ချန်မင်က ရရှိခဲ့သည်။

ချန်မင်၏ အရည်အချင်းကြောင့် မဟုတ်ဘဲ ဤပြိုင်ပွဲကို ကျောင်းနှင့် ပူးပေါင်းကျင်းပသည့် ကုမ္ပဏီမှာ ချန်မင်တို့ မိသားစုပိုင် ‘ကျင်းယူ’ ဆော့ဖ်ဝဲကုမ္ပဏီ ဖြစ်နေသောကြောင့် ဖြစ်သည်။ ဤအဆက်အသွယ်ဖြင့် ချန်မင်မှာ ချန်ပီယံဆုကို တိုက်ရိုက် ရယူသွားနိုင်ခဲ့ခြင်းပင်။

ရှီလဲ့သည် ဤပြိုင်ပွဲအပေါ် အထင်မကြီးသော်လည်း လီကျစ်ယွဲ့က အလေးအနက်ထား ပြောနေသည်ကို မြင်သောအခါ - “ကျစ်ယွဲ့၊ ငါ အစွမ်းကုန် ကြိုးစားပါ့မယ်..” ဟု ပြောလိုက်ရသည်။

လီကျစ်ယွဲ့က ပြုံးလိုက်သည်။ သူမ၏ အပြုံးမှာ ပွင့်အာနေသော ပန်းတစ်ပွင့်ကဲ့သို့ လှပလွန်းလှသည်။”ကြိုးစားနော် ရှီလဲ့..”

ရှီလဲ့သည် လီကျစ်ယွဲ့ကို ဆရာ၊ ဆရာမများ အဆောင်အထိ လိုက်ပို့ပေးခဲ့သည်။ ထို့နောက်မှ နှမြောတသစွာဖြင့် လမ်းခွဲခဲ့သည်။

အမှတ် ၅၀၁ အဆောင်သို့ ပြန်ရောက်သောအခါ လီချိုင်သည် ဧည့်ခန်းထဲတွင် စက်မှုပိုင်းဆိုင်ရာ ပစ္စည်းအချို့ကို ကလိနေသည်ကို တွေ့လိုက်ရသည်။

“လီချိုင်၊ မင်း ဘာလုပ်နေတာလဲ..”

လီချိုင်က မော့ကြည့်ကာ - “ဟင်.. အစ်ကိုရှီ ပြန်လာပြီလား.. ကျွန်တော် ရီမုဒ်ကွန်ထရိုး ရဟတ်ယာဉ်တစ်စီးကို ဆင်နေတာဗျ..”

ရှီလဲ့က အထင်မကြီးဟန်ဖြင့် - “တောက်... မင်း အသက်ဘယ်လောက်ရှိပြီလဲ..အခုထိ ရီမုဒ်ယာဉ်တွေနဲ့ ဆော့နေတုန်းလား..”

လီချိုင်က အားမလိုအားမရ ပြန်ပြောသည် - “အစ်ကိုရှီကလည်း၊ ဒါက လောင်စာဆီသုံး ရဟတ်ယာဉ်ဗျ၊ ဈေးကွက်ထဲက လျှပ်စစ်အရုပ်တွေနဲ့ မတူဘူး..”

“ဘာကွာလို့လဲ..” ရှီလဲ့သည် ဟက်ကင်းတွင် အလွန်တော်သော်လည်း အရာအားလုံးကိုတော့ မသိပေ။

“အများကြီး ကွာတာပေါ့..” လီချိုင်က ရှင်းပြသည် - “လျှပ်စစ်ရဟတ်ယာဉ်က ကလေးကစားစရာပဲ ရှိတာ.. လောင်စာဆီသုံး ရဟတ်ယာဉ်က ပျံသန်းမှုအမြင့်၊ အကွာအဝေး၊ ဝန်တင်ဆောင်နိုင်မှုနဲ့ လိုင်းနှောင့်ယှက်မှုကို ခံနိုင်ရည်ရှိတဲ့နေရာမှာ လျှပ်စစ်ထက် အများကြီး သာတယ်ဗျ..”

ရှီလဲ့က စိတ်ဝင်တစား မေးလိုက်သည် - “လီချိုင်၊ ဒီပစ္စည်းတွေက ဝယ်ရလွယ်တာ မဟုတ်ဘူး ထင်တယ်နော်..”

လောင်စာဆီသုံး ရဟတ်ယာဉ်တစ်စီးဆိုလျှင် အနည်းဆုံး ယွမ်ထောင်ချီ ကုန်ကျမည် မဟုတ်ပါလား။

လီချိုင်က ရယ်မောကာ - “ကျွန်တော့်အဖေ အလုပ်လုပ်တဲ့နေရာကနေ ယူလာတာလေ!”

ရှီလဲ့ လန့်သွားသည်။

လီချိုင်၏ ဖခင် လီအိုက်ကော် အလုပ်လုပ်သည့်နေရာမှာ ချန်အန်း လေယာဉ်ထုတ်လုပ်ရေး လုပ်ငန်းစု၏ နံပါတ်တစ် သုတေသနဌာန မဟုတ်ပါလား။

‘ဒီကောင်လေးက ပစ္စည်းတွေကို ဒီလောက် လွယ်လွယ်ကူကူ ယူလာနိုင်တာလား’

“လီချိုင်၊ ဒီရဟတ်ယာဉ်နဲ့ မင်း ဘာလုပ်မှာလဲ..” ရှီလဲ့က မေးသည်။

လီချိုင်က ခေါင်းကုတ်ကာ ရှက်ကိုးရှက်ကန်း ပြောသည် - “ကျောင်းက စက်မှုကလပ်ကို ဝင်မလို့...ဟို လူတောမတိုးတဲ့ကောင်တွေကို စက်မှုပညာရဲ့ အစစ်အမှန် စွမ်းအားကို ပြပေးရမှာပေါ့...သူတို့ရဲ့ ကစားစရာတွေနဲ့ မတူကြောင်းလေ”

ရှီလဲ့က ပေါ့ပေါ့ပါးပါးပင် - “ပြီးသွားရင်တော့ ငါ့ကို အရင်ပေးဆော့နော်..” ဟု ပြောလိုက်သည်။

လီချိုင်က မျက်နှာငယ်လေးဖြင့် - “အစ်ကိုရှီက ဆော့တတ်လို့လား.. ရဟတ်ယာဉ်ကြီး ပျက်ကျပြီး ပျက်စီးသွားဦးမယ်”

ရှီလဲ့က အထင်မကြီးဟန်ဖြင့် - “ငါ မဆော့တတ်တော့ မင်းက မသင်ပေးဘူးလား..”

“မသင်ပေးရဲပါဘူးဗျာ..” လီချိုင်က ခေါင်းယမ်းကာ လက်လျှော့လိုက်သည်။

ရှီလဲ့က ရယ်မောကာ - “ကောင်းပြီ လီချိုင်၊ မင်းဘာသာမင်း ဆော့နေတော့.. ငါတော့ အလုပ်လုပ်လိုက်ဦးမယ်..”

ရှီလဲ့သည် သူ၏အခန်းသို့ ပြန်လာပြီး ကွန်ပျူတာကို ဖွင့်လိုက်သည်။ ကွန်ပျူတာ ပွင့်လာပြီး XP ကြိုဆိုရေး မျက်နှာပြင်သို့ ရောက်သွားသည်။ ရှီလဲ့သည် Desktop ပေါ်ရှိ ‘ကျူကျူ’ ပရိုဂရမ်ကို နှိပ်လိုက်သည်။

သို့သော် ရှီလဲ့သည် သူ၏ အကောင့်နံပါတ်ကို မရိုက်ဘဲ အင်္ဂလိပ်စာလုံး အကောင့်တစ်ခုကို ရိုက်ထည့်ကာ လျှို့ဝှက်နံပါတ် မထည့်ဘဲ လော့ဂ်အင်ကို နှိပ်လိုက်သည်။ ထိုအခါ XP မျက်နှာပြင်မှာ ချက်ချင်း ပြောင်းလဲသွားကာ စနစ်တစ်ခုထဲဝင်သွားတော့သည်။

ရှီလဲ့၏ ကွန်ပျူတာတွင် စနစ်နှစ်ခု ထည့် ထားခြင်းဖြစ်သည်။ သို့သော် လျှို့ဝှက်နံပါတ်ကို မသိလျှင် ထိုစနစ်ထဲသို့ မည်သူမျှ မဝင်နိုင်ပေ။

စနစ်ထဲတွင် စကင်နာ တစ်ခု လည်ပတ်နေသည်။ ဤစကင်နာမှာ ရွှမ်းချင်းတက္ကသိုလ် တစ်ခုလုံး၏ ကွန်ရက် ကို စစ်ဆေးနေခြင်း ဖြစ်သည်။

ရွှမ်းချင်းတက္ကသိုလ်၏ ဆာဗာ ကို ရှီလဲ့က သိမ်းပိုက်ထားပြီး ဖြစ်သော်လည်း သူသည် လုံခြုံရေး အားနည်းချက်များကို ပြင်ဆင်ခြင်းနှင့် လုံခြုံရေးစနစ်များ တပ်ဆင်ခြင်းကို မပြီးသေးပေ။

ရွှမ်းချင်းတက္ကသိုလ်၏ ဆာဗာကို တိတ်တဆိတ် ထိန်းချုပ်ရန်မှာ ရှီလဲ့အတွက် မခက်ခဲပေ။ သို့သော် ထိန်းချုပ်ပြီးနောက် ထိုဆာဗာကို ဖောက်ထွင်း၍မရအောင် ပြုလုပ်ထားရန်နှင့် ကျောင်းက တာဝန်ရှိသူများ သို့မဟုတ် တခြားသော အပျော်တမ်း ဟက်ကာများကို ဤဆာဗာတွင် အပေါက်အပြဲတွေ များနေသေးသည်ဟု ထင်ရအောင် ပြုလုပ်ထားရန်မှာ အစစ်အမှန် ခက်ခဲသော အလုပ်ဖြစ်သည်။

ရှီလဲ့၏ ကွန်ပျူတာ စွမ်းဆောင်ရည်မှာ အနည်းငယ် အားနည်းနေသေးသလို၊ ရွှမ်းချင်းတက္ကသိုလ်၏ ဆာဗာမှာလည်း အလွန်မြင့်မားသည့် အဆင့်တွင် မရှိပေ။ သာမန် အရပ်သားသုံး နယ်ပယ်တွင်တော့ ရှေ့တန်းကရှိသည်ဟု ဆိုရမည်။

ရှီလဲ့သည် ထိုင်ခုံတွင်ထိုင်ကာ ဆာဗာထဲသို့ ဝင်ရောက်ပြီး သူ၏ နယ်မြေကို စတင်လှည့်ကင်း စစ်ဆေးတော့သည်။

မှတ်တမ်းများအရ ရွှမ်းချင်းတက္ကသိုလ်၏ ဆာဗာမှာ တစ်ရက်အတွင်း အကြိမ်ပေါင်း တစ်ထောင်ကျော် တိုက်ခိုက်ခံခဲ့ရသည်။ ဖိုင်းယားဝေါလ် က ၉၉ ရာခိုင်နှုန်းကို တားဆီးနိုင်ခဲ့သော်လည်း အချို့သော တိုက်ခိုက်မှုများမှာ ဆာဗာထဲအထိ ရောက်ရှိလာခဲ့သည်။

သို့သော်လည်း သူတို့တွင် အမြင့်ဆုံး စီမံခန့်ခွဲခွင့် မရှိကြပေ။ ရှီလဲ့သည် ဆာဗာကို အသေးစိတ် ခွဲခြမ်းစိတ်ဖြာပြီးနောက် အမြင့်ဆုံး အခွင့်အာဏာရှိသော အကောင့်နှစ်ခုကို တွေ့ရှိခဲ့သည်။ တစ်ခုမှာ ကျောင်းအုပ်ကြီး အန်းမင်းယဲ့ ဖြစ်ပြီး၊ နောက်တစ်ခုမှာ ကွန်ပျူတာသိပ္ပံဌာနမှူး ကျိမင်ယီ ဖြစ်သည်။

ကျောင်းအုပ်ကြီးအန်းမှာ ကွန်ပျူတာနှင့် ပတ်သက်လျှင် ဘာမှမသိသူ ဖြစ်ရာ သူ၏ အကောင့်ကို အသုံးမပြုသလောက်ပင်။ သို့သော် ကျိမင်ယီမှာမူ မတူပေ၊ သူသည် အလွန်တော်သူ ဖြစ်သည်။သို့သော် ကျိမင်ယီမှာလည်း ကျောင်း၏ အများသုံးဆာဗာကို ဂရုမစိုက်ဘဲ ဓာတ်ခွဲခန်း ဆာဗာကိုသာ အာရုံစိုက်လေ့ရှိသည်။

ထို့ကြောင့် ရှီလဲ့သည် အများသုံးဆာဗာထဲသို့ စိတ်ကြိုက်ဝင်ရောက်ကာ အထူး အခွင့်အာဏာရှိသော အကောင့်တစ်ခုကို ဖန်တီးပြီး ဝှက်ထားလိုက်သည်။ ဆာဗာကို ပိတ်ပြီး သေချာ စစ်ဆေးခြင်း မပြုလုပ်သရွေ့ ဤဝှက်ထားသော အကောင့်ကို ရှာတွေ့ရန် မဖြစ်နိုင်ပေ။

သူ၏ကိုယ်ပိုင် အကောင့်ကို ပြုလုပ်ပြီးနောက် ရှီလဲ့သည် ဟက်ကင်းလုပ်စရာမလိုဘဲ ပွင့်ပွင့်လင်းလင်းပင် ဆာဗာထဲသို့ ဝင်ရောက်နိုင်ပြီ ဖြစ်သည်။ သူသည် ဆာဗာ၏ လုံခြုံရေး မူဝါဒများကို စတင်ပြင်ဆင်တော့သည်။

ကျောင်းသားများ၏ သာမန်တိုက်ခိုက်မှုများကိုတော့ ရှီလဲ့ ဂရုမစိုက်ပေ။ ဖိုင်းယားဝေါလ် ရှိရုံနှင့် လုံလောက်သည်။

ရှီလဲ့ တားဆီးလိုသည်မှာ တခြားသော ကျွမ်းကျင်သူများ ဆာဗာ၏ အဓိက အစိတ်အပိုင်းထဲသို့ ဝင်ရောက်လာပြီး အမြင့်ဆုံး အခွင့်အာဏာကို ခိုးယူရန် ကြိုးစားခြင်းကိုပင် ဖြစ်သည်။

နှစ်နာရီခန့် အချိန်ယူပြီးနောက် ရှီလဲ့သည် ဆာဗာ၏ လုံခြုံရေးကို အဆင့်မြှင့်တင်ပြီး လုံခြုံရေးစနစ်များစွာကိုလည်း ချထားလိုက်သည်။

အကယ်၍ မသမာသောသူများက ရှီလဲ့ဆီမှ ဆာဗာကို လုယူရန် ကြိုးစားလာပါက သူတို့သည် ရှီလဲ့ ချထားသော ထောင်ချောက်ထဲသို့ တိုးဝင်မိမည်ဖြစ်ပြီး၊ ထိုအခါ ဆာဗာသည် ရှီလဲ့၏ ကွန်ပျူတာသို့ သတိပေးချက် ပို့မည်ဖြစ်သည်။ ထိုမှတစ်ဆင့် ရှီလဲ့၏ ဖုန်းသို့လည်း သတင်းရောက်လာမည် ဖြစ်သည်။

လုပ်ဆောင်ခဲ့သော မှတ်တမ်း များကို သေချာစွာ ဖျက်ဆီးပြီးနောက် ရှီလဲ့သည် အညောင်းအညာ ဆန့်လိုက်သည်။

“ချစ်လေးရေ... အစ်ကိုကြီးရှီရဲ့ ရင်ခွင်ထဲကို ပြန်လာတာ ကြိုဆိုပါတယ်” ရှီလဲ့က သူ့ဘာသာသူ ပြောလိုက်သည်။

‘ချစ်လေး’ ဆိုသည်မှာ ဤဆာဗာကို ရှီလဲ့ ပေးထားသော ချစ်စနိုး အမည်ဖြစ်၏။ ယခင်ဘဝကလည်း ဤဆာဗာကို ရှီလဲ့ လေးနှစ်တိုင်တိုင် ထိန်းချုပ်ထားခဲ့ဖူးသည်။

အလုပ်ပြီးသွားသောအခါ ရှီလဲ့သည် ကျောင်း၏ ဖိုရမ် ထဲသို့ ဝင်ကြည့်လိုက်သည်။ ထိုနေရာတွင် အတင်းအဖျင်းများ၊ ကောလာဟလများနှင့် ပျင်းစရာကောင်းသော ပို့စ်များစွာ ရှိနေသည်။

ရှီလဲ့သည် ပို့စ်အချို့ကို လိုက်ဖတ်ကြည့်သော်လည်း စိတ်ဝင်စားစရာ မတွေ့ရပေ။ ဖိုရမ်ကို ရီဖရက်ရှ် လုပ်လိုက်သောအခါ ပို့စ်တစ်ခုကို တွေ့သွားသည် -

[ကျောင်းတွင်း ဆော့ဖ်ဝဲ ပြိုင်ပွဲ]

ထိုပို့စ်ထဲတွင် ရွှမ်းချင်းတက္ကသိုလ် ကွန်ပျူတာသိပ္ပံဌာန၊ ကျင်းယူဆော့ဖ်ဝဲကုမ္ပဏီနှင့် ကျိရှန့် ကွန်ရက်လုံခြုံရေး ကုမ္ပဏီတို့ ပူးပေါင်း၍ ပထမဆုံးအကြိမ် ကျောင်းတွင်း ဆော့ဖ်ဝဲပြိုင်ပွဲ ကျင်းပမည့်အကြောင်း အသေးစိတ် ရေးသားထားသည်။

ရွှမ်းချင်းတက္ကသိုလ်မှ မည်သည့်ဌာနက ကျောင်းသားမဆို ဝင်ရောက်ယှဉ်ပြိုင်နိုင်သည်။

လျှောက်လွှာတင်ရမည့် ကာလမှာ အောက်တိုဘာ ၁ ရက်မှ ၁၀ ရက်အထိ ဖြစ်သည်။

ပြိုင်ပွဲကို အောက်တိုဘာ ၂၅ ရက်တွင် စတင်မည်ဖြစ်သည်။

ပထမဆုမှာ ယွမ် ၁၀,၀၀၀ နှင့် ထူးချွန်ကျောင်းသားဘွဲ့။

ဒုတိယဆုမှာ ယွမ် ၅,၀၀၀။

တတိယဆုမှာ ယွမ် ၃,၀၀၀။

ထို့အပြင် ထူးချွန်သော ဆော့ဖ်ဝဲများကို ကုမ္ပဏီများက ဈေးကြီးပေး၍ ဝယ်ယူသွားမည်ဟုလည်း ပါရှိသည်။

ဤပြိုင်ပွဲတွင် ကုမ္ပဏီနှစ်ခုမှ ဒိုင်လူကြီးများအပြင် နာမည်ကြီး နည်းပညာဂျာနယ်မှ အယ်ဒီတာများနှင့် နယ်ပယ်အသီးသီးမှ ပညာရှင်များကိုလည်း ဖိတ်ကြားထားသည်ဟု ဆိုသည်။

ရှီလဲ့သည် ထိုပို့စ်ကိုကြည့်ကာ လှောင်ပြုံး ပြုံးလိုက်သည်။ ထို့နောက် ပို့စ်တင်သူ၏ အိုင်ဒီ ကို ကြည့်လိုက်ရာ “မင်ကျန့်” ဟု တွေ့ရသည်။

‘မင်ကျန့်’ ဆိုသည်မှာ ဖိုရမ်ပေါ်တွင် ချန်မင် အသုံးပြုသော အိုင်ဒီ ပင် ဖြစ်သည်။

ရှီလဲ့သည် သူ၏ အထူးအခွင့်အာဏာကို သုံး၍ ထို အိုင်ဒီ၏ မှတ်တမ်းကို ဆွဲထုတ်လိုက်သည်။

“ကောင်လေး... ငါ မင်းကို ဘယ်လို ပညာပေးမလဲဆိုတာ စောင့်ကြည့်နေလိုက်”

ယခင်ဘဝက ချန်မင်သည် ရှီလဲ့ကို အကြိမ်ကြိမ် အရှက်ခွဲခဲ့ဖူးသော်လည်း ရှီလဲ့တွင် ပြန်လည်ခုခံရန် အင်အားမရှိခဲ့ပေ။ ရှီလဲ့သည် ချန်မင်၏ IP လိပ်စာကို စစ်ဆေးလိုက်သည်။

စစ်ဆေးချက်အရ ရှီလဲ့သည် အထင်မကြီးဟန်ဖြင့် ပြုံးလိုက်သည် - “ဆော့ဖ်ဝဲကုမ္ပဏီပိုင်ရှင်ရဲ့ သားဆိုတော့လည်း ဟုတ်တာပေါ့.. မလိုအပ်တဲ့ အပေါက် တွေ အားလုံးကို ပိတ်ထားတာပဲ.. တော်တော်လေးတော့ သတိဝီရိယ ရှိသားပဲ..”

ချီးကျူးစကား ဆိုသော်လည်း ရှီလဲ့၏ လေသံမှာ ရွဲ့လိုဟန် ပေါ်နေသည်။

ရှီလဲ့သည် ဝင်ပေါက် 80 ကို ရွေးချယ်လိုက်သည်။ ၎င်းမှာ ကွန်ပျူတာတိုင်း ဖွင့်ထားလေ့ရှိသော အပေါက်တစ်ခု ဖြစ်သည်။ ရှီလဲ့သည် HTTP စနစ်မှတစ်ဆင့် လမ်းကြောင်းကို ရှာဖွေပြီးနောက် တစ်ဖက်လူ၏ ဖိုင်းယားဝေါလ် ကို စစ်ဆေးရန် ကုဒ်အချို့ ရေးလိုက်သည်။

ထို့နောက် သူသည် ချန်မင်၏ ဖိုင်းယားဝေါလ် ကို ခေတ္တပိတ်ပစ်လိုက်ပြီး ချန်မင်၏ ကွန်ပျူတာထဲသို့ တိတ်တဆိတ် ဝင်ရောက်သွားတော့သည်။ စောင့်ကြည့်ရေး စနစ်မှတစ်ဆင့် ချန်မင်သည် အခြားလူတစ်ဦးနှင့် စကားပြောနေသည်ကို ရှီလဲ့ တွေ့လိုက်ရသည်။

စကားပြောနေသည့် အကြောင်းအရာမှာ ဤဆော့ဖ်ဝဲပြိုင်ပွဲအကြောင်းပင် ဖြစ်သည်။

ချန်မင်၏ အမူအရာအရ သူသည် ပထမဆုကို သူရမည်ဟု ကြိုတင် ကြေညာထားသကဲ့သို့ ဖြစ်နေသည်။

ရှီလဲ့ မျက်လုံး လှန်လိုက်မိသည်။

တောက်... တော်တော်လေးကို အရှက်မရှိတဲ့ကောင်ပဲ..

“မင်းက ဒီလောက်တောင် အရှက်မရှိမှတော့ ငါ့လက်ချက်ကို မမြည်းစမ်းကြည့်ပဲမနေနဲ့တော့”

All Chapters