အခန်း (၁၇-၁၈)
Vol. 2 Ch. 17-18
အခန်း -၁၇
ချန်မင်၏ ကွန်ပျူတာကို ဟက်ပြီးနောက် ရှီလဲ့သည် အလျင်စလို မလှုပ်ရှားသေးပေ။ အကြောင်းမှာ ယခုအချိန်တွင် ချန်မင်သည် အင်တာနက်အသုံးပြုပြီး စကားပြောနေဆဲဖြစ်သောကြောင့် ဖြစ်သည်။ ရိပ်မိသွားပါက မကောင်းပေ။
သူ့အနေဖြင့် နောက်တစ်ကြိမ် ထပ်မံဖောက်ထွင်းနိုင်သည်ဆိုဦးတော့၊ တစ်ဖက်လူကသာ ကွန်ပျူတာပိတ်လိုက်ရင်ကော၊
အင်တာနက်ကြိုးကို ဆွဲဖြုတ်လိုက်ရင်ကော အဆင်မပြပေ။
ရှီလဲ့သည် ချန်မင်၏ ကွန်ပျူတာထဲတွင် လျှို့ဝှက်ချက်အချို့ ရှိမလားဟု လိုက်လံရှာဖွေကြည့်သည်။ သို့သော် ချန်မင်၏ ကွန်ပျူတာမှာ အလွန်ပင် သန့်ရှင်းနေသည်။ဘာလျှို့ဝှက်ချက်မှ မရှိပေ။
ကိုယ်ရေးကိုယ်တာ ဒိုင်ယာရီများ မရှိရုံတင်မကဘဲ ဂျပန်အပြာကားများပင် တစ်ကားမှ မရှိချေ။
ဘာမှလုပ်စရာမရှိတော့သော ရှီလဲ့သည် တစ်ဖက်လူ၏ စက်ပစ္စည်း အစိတ်အပိုင်းများကို စတင်စစ်ဆေးတော့သည်။
“တောက်...”
ရှီလဲ့ ကျိန်ဆဲလိုက်မိသည်။ ချန်မင်၏ ကွန်ပျူတာမှာလည်း စက်ဘုရင် အဆင့်ပင် ဖြစ်သည်။ စွန်းဖုန်းနှင့် ပြင်ပေးခဲ့သော စက်နှစ်လုံးနှင့် အဆင့်အတန်းချင်း တူညီလုနီးပါး ရှိသည်။ Hard Disk ပမာဏ အနည်းငယ်သေးငယ်သည်မှအပ အခြားကွာခြားချက် မရှိပေ။
“မင်းသုံးတဲ့ ကွန်ပျူတာကတော့ တော်တော်လေး မဆိုးဘူးပဲ”
ရှီလဲ့ ဆက်လက်စစ်ဆေးကြည့်ရာ တစ်ဖက်လူတွင် ကင်မရာ၊ မိုက်ခရိုဖုန်းနှင့် အသံစနစ်များပါ တပ်ဆင်ထားသည်ကို တွေ့လိုက်ရသည်။
ရက်စွဲကို ကြည့်လိုက်ရင်း ရုတ်တရက် ရှီလဲ့၏ ဦးနှောက်ထဲတွင် ယုတ်မာသော အစီအစဉ်တစ်ခု ပေါ်လာတော့သည်။
ရှီလဲ့သည် ဦးစွာ ဆာဗာ (Server) ထဲသို့ ပြန်ဝင်ကာ စစ်သင်တန်းနှင့် ပတ်သက်သော အချက်အလက်များကို ရှာဖွေသည်။
သူ့တွင် အမြင့်ဆုံး အခွင့်အာဏာရှိသဖြင့် တိတ်တဆိတ် လုပ်နေစရာ မလိုပေ။ ခဏချင်းမှာပင် စစ်သင်တန်းနှင့် ပတ်သက်သော အချက်အလက်အားလုံးကို သူ ရှာတွေ့သွားသည်။
နည်းပြများစာရင်းနှင့် ဆက်သွယ်ရန် နံပါတ်များကို ဖွင့်ကြည့်ပြီးနောက် ရှီလဲ့သည် မိတ္တူကူးယူကာ သူ၏ ကွန်ပျူတာထဲသို့ ပို့လိုက်သည်။ ရှီလဲ့သည် ဆာဗာ၏ မှတ်တမ်း များနှင့် သူ၏ လှုပ်ရှားမှုမှတ်တမ်းများကို ဖျက်ဆီးသန့်စင်ပြီးနောက် သူ၏ ကွန်ပျူတာထဲသို့ ပြန်ဝင်လိုက်သည်။
ရှီလဲ့သည် ကုဒ်များ စတင်ရေးသားပြီး လိုအပ်သော ကိရိယာငယ်နှစ်ခုကို ပြုလုပ်လိုက်သည်။ ကုဒ်များ ရိုက်နေစဉ်အတွင်းမှာပင် ချန်မင်၏ အခြေအနေကို စောင့်ကြည့်ရန် သူ မမေ့ပေ။ ချန်မင်မှာ စကားပြောခြင်း ပြီးဆုံးသွားပြီဖြစ်ကာ ရုပ်ရှင်ကြည့်နေသည်။
ရှီလဲ့သည် ယုတ်မာစွာ ပြုံးလိုက်ပြီး ကျောင်းဝင်းဆာဗာကို ထိန်းချုပ်ကာ ချန်မင်၏ အဆောင်အင်တာနက် လိုင်းအကျယ်ကို ခေတ္တမျှ မြှင့်တင်ပေးလိုက်သည်။ ထို့နောက် ရှီလဲ့သည် အင်တာနက်ပေါ်မှ ဂျပန်အပြာကား အချို့ကို ရှာဖွေကာ ချန်မင်၏ ကွန်ပျူတာထဲသို့ အဝေးမှနေ၍ ဒေါင်းလုဒ် (Download) ဆွဲထည့်လိုက်သည်။
ရှီလဲ့သည် ချန်မင်အတွက် ထိုအပြာကားများ သိမ်းထားသော ဖိုင်တွဲကိုလည်း စနစ်တကျ ဝှက်ပေးထားလိုက်သေးသည်။
လိုင်းအကျယ် ခေတ္တတိုးမြှင့်ပေးထားခြင်းကြောင့် ရုပ်ရှင်ကြည့်နေသည်ကို ထိခိုက်မှုမရှိစေပေ။ ချန်မင် ဘာမှရိပ်မိခြင်း မရှိဘဲ ရှီလဲ့၏ ထိန်းချုပ်မှုအောက်တွင် အပြာကားများမှာ ဒေါင်းလုဒ် ဆွဲပြီးသား ဖြစ်သွားသည်။
ရှီလဲ့သည် ဒေါင်းလုဒ်ဆွဲခြင်းကို စောင့်ကြည့်ရင်း ကုဒ်များကို ဆက်ရိုက်နေသည်။ နာရီဝက်ခန့်အကြာတွင် ကုဒ်ရေးခြင်း ပြီးဆုံးသွားပြီး စမ်းသပ်ကြည့်လိုက်သည်။ ဆော့ဖ်ဝဲမှာ ကောင်းမွန်စွာ လည်ပတ်နိုင်ကြောင်း အတည်ပြုပြီးနောက် ရှီလဲ့သည် ကျောင်းဝင်းဆာဗာထဲသို့ တစ်ဖက်ပြန်ဝင်ကာ ကျောင်းဝင်းအတွင်းရှိ မိုဘိုင်းလ်ဖုန်း အချက်ပြတာဝါတိုင်ထဲသို့ ဖောက်ထွင်းဝင်ရောက်လိုက်သည်။
ရှီလဲ့သည် သူကိုယ်တိုင် ပြုလုပ်ထားသော ကိရိယာငယ်ကို ဆာဗာပေါ်သို့ တင်ကာ စတင်လည်ပတ်စေလိုက်သည်။ ၎င်းမှာ ဖုန်းအချက်ပြ တာဝါတိုင်၏ လိုင်းကို အသုံးပြုကာ လူတစ်ဦး၏ တည်နေရာကို တွက်ချက်ဖော်ထုတ်ပေးနိုင်သော ဆော့ဖ်ဝဲဖြစ်သည်။
ထိုဆော့ဖ်ဝဲကို ရှီလဲ့က “ရှာဖွေသူ” ဟု အမည်ပေးထားသည်။
ရှီလဲ့သည် သူ၏ ဖုန်းနံပါတ်ကို ဦးစွာ ရိုက်ထည့်လိုက်ရာ ဆော့ဖ်ဝဲသည် ရှီလဲ့၏ တည်နေရာကို စတင်တွက်ချက်သည်။ တွက်ချက်မှု ပြီးဆုံးသောအခါ GPS အချက်အလက်များနှင့် တိုက်ဆိုင်စစ်ဆေးကြည့်ရာ ရှီလဲ့၏ လက်ရှိတည်နေရာနှင့် အတူတူပင် ဖြစ်နေကြောင်း တွေ့ရသည်။
ဆော့ဖ်ဝဲ၏ အသုံးဝင်မှုကို အတည်ပြုပြီးနောက် ရှီလဲ့သည် စစ်သင်တန်းကို တာဝန်ယူထားသော ဗိုလ်ကြီး၏ ဖုန်းနံပါတ်ကို ဆော့ဖ်ဝဲထဲသို့ ရိုက်ထည့်လိုက်သည်။ မိနစ်ဝက်ခန့် တွက်ချက်ပြီးနောက် ဗိုလ်ကြီးမှာ ရွှမ်းချင်းတက္ကသိုလ်တွင် မရှိဘဲ ပေကျန်းခရိုင်သို့ ရောက်ရှိနေကြောင်း ရှီလဲ့ ရှာတွေ့သွားသည်။
ယနေ့သည် စစ်သင်တန်း၏ နောက်ဆုံးနေ့ ဖြစ်သည်။ ယခုအချိန်ဆိုလျှင် စစ်သင်တန်း ပြီးဆုံးနေပြီ ဖြစ်သည်။ ကျောင်းအာဏာပိုင်များက ဗိုလ်ကြီးကို အပြင်သို့ ခေါ်ထုတ်ကာ ဧည့်ခံကျွေးမွေးနေကြခြင်း ဖြစ်ရမည်။
‘ကောင်းကင်ကြီးကတောင် ငါ့ကို ကူညီနေတာပဲ’ ဟု ရှီလဲ့ ရေရွတ်လိုက်သည်။
သူသည် စီမံခန့်ခွဲမှုဌာန၊ အတန်း ၆၊ အခန်း ၂ မှ နည်းပြကျောက် ကို ရှာဖွေတွေ့ရှိသွားသည်။ သူသည် မုရွှမ်း တို့ အတန်း၏ နည်းပြလည်း ဖြစ်သည်။ ရှီလဲ့ ယုတ်မာစွာ ပြုံးလိုက်သည်။
လွန်ခဲ့သောတစ်ခေါက်က ကွင်းထဲတွင် နည်းပြကျောက်က ရှီလဲ့ကို ပညာပေးခဲ့သည်ကို ရှီလဲ့ ဘယ်လိုလုပ် မေ့နိုင်ပါမည်နည်း။
သူသည် နည်းပြကျောက်၏ ဖုန်းနံပါတ်ကို ဆော့ဖ်ဝဲထဲ ရိုက်ထည့်ကာ တည်နေရာကို ရှာဖွေလိုက်သည်။ မိနစ်ဝက်ခန့်အကြာတွင် နည်းပြကျောက်၏ တည်နေရာကို အောင်မြင်စွာ ရှာတွေ့သွားသည်။ သူသည် ရွှမ်းချင်းတက္ကသိုလ်ထဲမှာပင် ရှိနေဆဲ ဖြစ်သည်။
ရှီလဲ့သည် မျက်နှာတွင် အပြုံးများဖြင့် လက်နှစ်ဖက်ကို ဝေ့ယမ်းလိုက်သည်။ ပထမဦးစွာ သူသည် ဆော့ဖ်ဝဲကို ခေတ္တပိတ်ကာ နည်းပြကျောက်၏ တည်နေရာကို အဆက်မပြတ် ခြေရာခံနေလိုက်သည်။ ထို့နောက် ဆော့ဖ်ဝဲငယ်တစ်ခုကို ရေးလိုက်ပြန်သည်။ ဤဆော့ဖ်ဝဲမှာ ဖုန်းခေါ်ဆိုသူ၏နံပါတ်ကို ပြောင်းလဲပေးနိုင်သော ဆော့ဖ်ဝဲ ဖြစ်သည်။
ဥပမာအားဖြင့် ရှီလဲ့၏ နံပါတ်ကို စစ်သင်တန်းတာဝန်ခံ ဗိုလ်ကြီး၏ နံပါတ်အဖြစ် ပြောင်းလဲပေးနိုင်သည်။
ရှီလဲ့သည် နံပါတ်ပြောင်းလဲသည့် ဆော့ဖ်ဝဲကို ဆာဗာပေါ်တွင် တိုက်ရိုက် စတင်လိုက်သည်။ ထို့နောက် အင်တာနက်ဖုန်း အကောင့်တစ်ခုကို ခိုးယူကာ ဆော့ဖ်ဝဲထဲသို့ ထည့်သွင်းလိုက်ပြီး အင်တာနက်ဖုန်းကို ဗိုလ်ကြီး၏ နံပါတ်အဖြစ် ပြောင်းလဲလိုက်သည်။ ထို့နောက် ထိုဆော့ဖ်ဝဲကို အသုံးပြုကာ နည်းပြကျောက်ထံသို့ စာတိုတစ်စောင် ပို့လိုက်သည်။
“ကျောက်ဝူ ဒီနေ့ည ၈ နာရီမှာ အဆောင် ၆၊ အခန်း ၃၀၂ ကို ဝင်စစ်စမ်း”
နည်းပြကျောက်သည် ဤစာတိုကို ရရှိသောအခါ အလွန်အံ့အားသင့်သွားသည်။အကြောင်းမှာ စစ်သင်တန်းမှာ ပြီးဆုံးသွားပြီ ဖြစ်သောကြောင့်ပင်။ ထိုစစ်သားများသည် မနက်ဖြန် မနက်အစောကြီးတွင် စစ်တပ်သို့ ပြန်ကြရမည် ဖြစ်သည်။ ဘာဖြစ်လို့ အဆောင်စည်းကမ်းတွေကို လာစစ်ခိုင်းတာလဲ။
နည်းပြကျောက်ဝူသည် ဗိုလ်ကြီး၏ ဖုန်းနံပါတ်သို့ တိုက်ရိုက် ပြန်ခေါ်လိုက်သည်။ သို့သော် ဖုန်းလိုင်းမှာ တာဝါတိုင်သို့ ရောက်သည်နှင့် ရှီလဲ့၏ နံပါတ်ပြောင်းလဲရေး ဆော့ဖ်ဝဲက ကြားဖြတ်ဟန့်တားလိုက်ပြီး “လိုင်းမအားပါ” ဆိုသည့် အချက်ပြသံကိုသာ ပြန်လွှတ်လိုက်သည်။
ရှီလဲ့သည် နောက်ထပ် စာတိုတစ်စောင်ကို အမြန်ပင် ထပ်မံရေးသားလိုက်သည်။ “ဖုန်းပြောဖို့ အဆင်မပြေဘူး..စာပဲ ပို့လိုက်”
ကျောက်ဝူမှာ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။ သူသည် စာတို၏ အဆုံးရှိ ဖုန်းနံပါတ်ကို အကြိမ်ကြိမ် ပြန်ကြည့်သည်။ မိမိ၏ ဗိုလ်ကြီးဖုန်းနံပါတ် အစစ်အမှန်ဖြစ်ကြောင်း အတည်ပြုပြီးနောက် သူ ပြန်စာပို့လိုက်သည် - “ဗိုလ်ကြီး၊ အဆောင်စည်းကမ်းတွေကို စစ်ဖို့ လိုသေးလို့လားခင်ဗျာ..”
ရှီလဲ့ ပြုံးလိုက်သည်။ ‘အဆောင်စည်းကမ်းကို မစစ်ရင် ဘယ်လိုလုပ်ပြီး အံ့ဩစရာ ကောင်းတာတွေ ဖြစ်လာတော့မှာလဲ’ “ကျောက်ဝူ ငါ မင်းကို စစ်ခိုင်းရင် စစ်လိုက်စမ်းပါ.. စကားအပိုတွေ ပြောမနေနဲ့”
ကျောက်ဝူ အနည်းငယ် ထူးဆန်းနေသော်လည်း အမိန့်ကို နာခံခြင်းမှာ စစ်သားတစ်ယောက်၏ တာဝန် ဖြစ်သည်။ “ဟုတ်ကဲ့ပါ ဗိုလ်ကြီး..”
ည ၇ နာရီ ၃၀ မိနစ်တွင် ကျောက်ဝူသည် အခြားစစ်သားတစ်ဦးနှင့် ကွန်ပျူတာဆရာ ကျန်းစုန့်ကို ခေါ်ကာ အဆောင် ၆ ဆီသို့ ထွက်လာခဲ့သည်။
ကျန်းစုန့်မှာ အနည်းငယ် အံ့အားသင့်နေပြီး - “နည်းပြကျောက်၊ စစ်သင်တန်းက ပြီးသွားပြီ မဟုတ်လား.. ဘာဖြစ်လို့ အဆောင်စည်းကမ်းတွေကို စစ်နေရသေးတာလဲ..” ဟု မေးလိုက်သည်။
ကျောက်ဝူလည်း အကြောင်းရင်းကို မသိသော်လည်း တည်ကြည်သော မျက်နှာဖြင့် - “စစ်သင်တန်းက ဒီနေ့ည ၁၂ နာရီထိုးမှ တရားဝင် ပြီးမှာပါ..” ဟု ပြောလိုက်သည်။
“ဟားဟား..” ကျန်းစုန့်က ရယ်မောကာ ရှေ့မှ ဦးဆောင်ပြီး လမ်းပြလိုက်သည်။
ရှီလဲ့သည် ချန်မင်၏ ကွန်ပျူတာကို စောင့်ကြည့်နေပြီး အပြာကား အချို့ ဒေါင်းလုဒ်ဆွဲပြီးသွားသည်ကို တွေ့လိုက်ရသည်။ သူသည် ချက်ချင်းပင် ကျောင်းဝင်းဆာဗာမှတစ်ဆင့် ချန်မင်၏ အဆောင်အင်တာနက် လိုင်းအကျယ်ကို မူလအတိုင်း ပြန်ပြင်လိုက်သည်။
ဤသို့လုပ်ဆောင်ပြီးနောက် ရှီလဲ့သည် တိတ်တဆိတ် ပုန်းကွယ်နေပြီး ချန်မင်၏ ကွန်ပျူတာမှ မိုက်ခရိုဖုန်းကို သူ၏ ကွန်ပျူတာနှင့် ချိတ်ဆက်ကာ တိတ်တဆိတ် ဖွင့်လိုက်သည်။
ည ၇ နာရီ ၅၀ မိနစ်ခန့်တွင် တံခါးခေါက်သံ ကြားလိုက်ရသည်။ ရှီလဲ့သည် ချက်ချင်းပင် စိတ်လှုပ်ရှားသွားသည် - “ပြကွက်ကောင်းကြီး စတော့မယ်..”
မိုက်ခရိုဖုန်းမှတစ်ဆင့် ချန်မင်၏ အသံ ထွက်လာသည် - “ဘယ်သူလဲ...”
တံခါးအပြင်ဘက်မှ ကျောက်ဝူက - “အဆောင်စည်းကမ်း စစ်ဆေးရေး..” ဟု ပြောလိုက်သည်။
ချန်မင် လန့်သွားသည်။
‘စစ်သင်တန်းက ပြီးသွားပြီ မဟုတ်လား ဘာဖြစ်လို့ အဆောင်စည်းကမ်း စစ်တာလဲ’
သို့သော်လည်း သူ တံခါးဖွင့်ပေးရမည်သာ ဖြစ်သည်။
ချန်မင်သည် ကွန်ပျူတာကို ပိတ်ရန် အချိန်မရလိုက်ဘဲ အိပ်ရာကိုသာ အမြန် သပ်ရပ်အောင် ပြင်လိုက်သည်။ သူ၏ အခန်းဖော် သုံးယောက်မှာလည်း အိပ်ရာပြင်ရန် အလုပ်ရှုပ်သွားကြသည်။
“ဘာလို့ တံခါး မဖွင့်တာလဲ..” ကျောက်ဝူ၏ အသံမှာ အခန်းထဲသို့ ရောက်လာပြီး မိုက်ခရိုဖုန်းမှတစ်ဆင့် ရှီလဲ့၏ နားကြပ်ထဲသို့ ရောက်လာသည်။
ချန်မင်က အမြန်ပင် - “လာပါပြီ၊ လာပါပြီ..” ဟု ပြောလိုက်သည်။
ရှီလဲ့ ထိုအသံကို ကြားသည်နှင့် လက်နှစ်ဖက်ဖြင့် ကီးဘုတ်ကို ရိုက်နှိပ်ကာ ချန်မင်၏ ကွန်ပျူတာရှိ ကင်မရာကို အဝေးမှနေ၍ ဖွင့်လိုက်သည်။ ၂၀၀၆ ခုနှစ်ဝန်းကျင်က ကင်မရာများတွင် LED မီးလုံးများ မပါရှိသေးသဖြင့် ကင်မရာဖွင့်လိုက်သည်ကို ရိပ်မိသွားလိမ့်မည်ဟု ရှီလဲ့ မစိုးရိမ်ပေ။ ကင်မရာမှတစ်ဆင့် ချန်မင် တံခါးဖွင့်လိုက်သည်ကို ရှီလဲ့ မြင်တွေ့နေရသည်။
ရှီလဲ့သည် ချန်မင်၏ ကွန်ပျူတာကို အဝေးမှ ထိန်းချုပ်ကာ အပြာကားများ၏ စာရင်းကို ထည့်သွင်းလိုက်သည်။
ကျောက်ဝူ ကျန်းစုန့်နှင့် ကျောက်ဝူ၏ ရဲဘော်တို့သည် အခန်း ၃၀၂ ထဲသို့ အတူတကွ ဝင်လာခဲ့ကြသည်။
ချန်မင်က တည်ငြိမ်စွာဖြင့် - “မင်္ဂလာပါ နည်းပြ..မင်္ဂလာပါ ဆရာ..” ဟု နှုတ်ဆက်လိုက်သည်။
ကျောက်ဝူက ချန်မင်ကို တစ်ချက်ကြည့်ပြီး - “ဒီနေ့ကတော့ နောက်ဆုံးအကြိမ် အဆောင်စည်းကမ်း စစ်ဆေးတာပဲ... မင်းတို့အားလုံး အဆောင်မှာ ရှိနေကြတာကို ငါ အရမ်းဝမ်းသာတယ်..” ဟု ပြောလိုက်သည်။
ချန်မင်သည် အပြင်သို့ ခိုးမထွက်မိသည့်အတွက် စိတ်ထဲမှ ကံကောင်းသည်ဟု မှတ်ယူနေသည်။ မဟုတ်ပါက အစစ်ခံရလျှင် ဒုက္ခရောက်ပေလိမ့်မည်။ “နည်းပြခင်ဗျာ၊ အတိအကျ ပြောရရင် စစ်သင်တန်းက နောက်နေ့ မနက်အစောကြီးမှာ ပြီးမှာပါ..”
ကျောက်ဝု၏ မျက်နှာတွင် အပြုံးအနည်းငယ် ပေါ်လာသည်။ ဤအဖြေမှာ ခုနက သူ ကျန်းစုန့်ကို ပေးခဲ့သော အကြောင်းပြချက်နှင့် အတူတူပင် ဖြစ်နေသည်။
ရှီလဲ့သည် ချန်မင်၏ အကြောင်းပြချက်ကို ကြားသောအခါ လှောင်ပြုံးပြုံးလိုက်သည်။ “ဒီကောင်က တော်တော်လေးကို ဉာဏ်ပြေးတာပဲ..ဒါပေမဲ့ မင်း ဘယ်လိုများ ဖုံးကွယ်ဦးမလဲဆိုတာ ငါ ကြည့်ချင်သေးတယ်...”
ရှီလဲ့သည် ချန်မင်၏ ကွန်ပျူတာကို အဝေးမှ ထိန်းချုပ်ကာ ဗီဒီယိုဖွင့်စက်ကို ချုံ့ထားရာမှ ပြန်ဖွင့်လိုက်သည်။ သူသည် အပြာကားတစ်ကားကို စတင်ဖွင့်လိုက်ပြီး ကွန်ပျူတာ၏ အသံကို အမြင့်ဆုံးအထိ မြှင့်လိုက်တော့သည်။
အခန်း ၃၀၂ ထဲတွင် ဂန္ထဝင် အသံကြီး တစ်သံ ရုတ်တရက် ကျယ်လောင်စွာ ထွက်ပေါ်လာသည် - “ခဏလေးပါ”
ချန်မင်၏ မျက်နှာ အရောင်ပြောင်းသွားပြီး သူ၏ ကွန်ပျူတာကို လှမ်းကြည့်လိုက်သည်။ အခန်းဖော် သုံးယောက်မှာလည်း မျက်နှာများ နီမြန်းကာ ခေါင်းငုံ့သွားကြသည်။
ကျန်းစုန့်သည် ချန်မင်ကို အပြုံးအနည်းငယ်ဖြင့် ကြည့်လိုက်ပြီး ကျောက်ဝူမှာမူ မျက်မှောင်ကြုတ်သွားသည် - “ဒါက ဘာလဲ”
ချန်မင်က အမြန်ပင် ခေါင်းခါပြကာ - “ကျွန်တော်လည်း ဘာဖြစ်တာလဲ မသိဘူး.. အင်တာနက် ကြော်ငြာတွေ ဖြစ်မှာပါ..” ဟု ဖြေလိုက်သည်။
ရှီလဲ့သည် ချန်မင်၏ ရှင်းပြချက်ကို နားထောင်ပြီး ဗီဒီယိုဖွင့်စက်ကို မျက်နှာပြင်အပြည့် ချဲ့လိုက်သည်။ ၁၉ လက်မ မျက်နှာပြင်ပေါ်တွင် အမျိုးမျိုးသော အပြာကားပြကွက်များမှာ ထင်းနေအောင် ပေါ်လာတော့သည်။
ချန်မင်သည် မျက်နှာပြာနှမ်းသွားကာ ကွန်ပျူတာဆီသို့ ပြေးသွားပြီး ဗီဒီယိုဖွင့်စက်ကို ပိတ်ရန် မောက်စ်ကို ထိန်းချုပ်ရန် ကြိုးစားသည်။ သို့သော် မောက်စ်မှာ အလုပ်မလုပ်တော့ဘဲ ဘာမှတုံ့ပြန်မှု မရှိတော့ပေ။
ယခုအချိန်တွင် ချန်မင်မှာ မြေကြီးထဲသို့သာ ငုပ်လျှိုးဝင်သွားချင်စိတ် ပေါက်နေတော့သည်။
ကျောက်ဝူက အေးစက်စွာဖြင့် - “ပိတ်စမ်း” ဟု အမိန့်ပေးလိုက်သည်။
“နည်းပြကို အစီရင်ခံပါတယ်၊ မောက်စ်က အလုပ်မလုပ်တော့လို့ပါ..” ချန်မင် ဇဝေဇဝါ ဖြစ်နေသည်။ မောက်စ်က လှုပ်မရသလို ကွန်ပျူတာကို ဘယ်လိုပိတ်ရမှန်းလည်း သူ မသိတော့ပေ။
အခြားတစ်ဖက်တွင်မူ ကျန်းစုန့်သည် ကင်မရာနှင့် မိုက်ခရိုဖုန်းကို ကြည့်လိုက်ကာ၊ ထို့နောက် ဖွင့်နေသော အပြာကားကို ကြည့်ရင်း စဉ်းစားစရာတစ်ခု ရသွားဟန် တူသည်။
ကျောက်ဝူ၏ မျက်နှာမှာ မည်းမှောင်သွားပြီး - “ကွန်ပျူတာကို ပိတ်လိုက်စမ်း” ဟု ဟောက်လိုက်သည်။
ရှီလဲ့ ထိုအသံကို ကြားသည်နှင့် ရယ်မောကာ ‘Enter’ ခလုတ်ကို နှိပ်လိုက်သည်။
အခန်း ၃၀၂ ထဲတွင် ချန်မင်တစ်ယောက် ကွန်ပျူတာကို မပိတ်နိုင်သေးမီမှာပင် သူ၏ ကွန်ပျူတာ မျက်နှာပြင်မှာ ရုတ်တရက် မည်းမှောင်သွားပြီး မီးအဆက်မပြတ် လင်းလာတော့သည်။
ချန်မင်က ကွန်ပျူတာကို အတင်းပိတ်ရန် ကြိုးစားစဉ် ကျန်းစုန့်က တားလိုက်သည် - “နေဦး! မင်းရဲ့ ကွန်ပျူတာကို မပျက်စီးစေချင်ရင် မပိတ်နဲ့ဦး’ဒေတာအားလုံး အမြစ်ပြတ်ဖျက်ဆီးခြင်း’လုပ်နေတာ.. အတင်းပိတ်လိုက်ရင် Hard Drive တစ်ခုလုံး ပျက်စီးသွားလိမ့်မယ်”
သို့သော်လည်း မပိတ်လျှင်လည်း Hard Drive ထဲမှ ဒေတာများမှာ ပျက်စီးသွားပြီ ဖြစ်သည်။
Hard Drive ထဲမှ ဒေတာအားလုံးကို ဖျက်ဆီးပစ်ရုံတင်မကဘဲ Hard Drive ကိုလည်း ထိခိုက်စေနိုင်သည်။
ဤသို့သော လုပ်ဆောင်ချက်မျိုးကို ပုံမှန်အားဖြင့် ပြုလုပ်သူများကသာ စက်ရုံမှ မထွက်မီ ပြုလုပ်လေ့ရှိသည်။ သာမန်လူများမှာမူ ထိုသို့လုပ်လေ့မရှိပေ။
ရှီလဲ့သည် သူကျူးကျော်ဝင်ရောက်ခဲ့သည့် အထောက်အထား အားလုံးကို ဖျက်ဆီးပစ်လိုက်ခြင်းပင် ဖြစ်သည်။
အခန်း - ၁၈
ချန်မင်ကို ပညာပေးပြီးနောက် ရှီလဲ့သည် စိတ်ကြည်လင်စွာဖြင့် ကုတင်ပေါ်လှဲကာ အိပ်ပျော်သွားတော့သည်။
အောက်တိုဘာလ ၁ ရက်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အမျိုးသားနေ့။ ၂၀၀၆ ခုနှစ်တွင် အမျိုးသားနေ့ အားလပ်ရက်မှာ ၇ ရက်တိုင်တိုင် ရှည်လျားဆဲဖြစ်သည်။
လင်းယွီမော့သည် အိမ်ပြန်သွားပြီဖြစ်ကာ မုရွှမ်းမှာလည်း လွန်ခဲ့သောညကပင် လေယာဉ်ဖြင့် ရှန်ကျင်းသို့ ပြန်သွားခဲ့သည်။
ဒုက္ခအိုး လီချိုင်မှာလည်း ချန်အန်းသို့ ပြန်သွားပြီ ဖြစ်သည်။ သူပြောပုံအရဆိုလျှင် သူ့အဖေ အလုပ်လုပ်သည့်နေရာမှ ပစ္စည်းအချို့ကို သွားခိုးဦးမည်ဟု ဆိုသည်။ ‘ဒီကလေးကတော့ တကယ်ကို မပြုပြင်နိုင်တော့ဘူးပဲ’
ရှီလဲ့မှာ မိဘမဲ့တစ်ဦးဖြစ်ပြီး မည်သည့်ဆွေမျိုးမှ မရှိပေ။ ထိုထူးဆန်းသော ဦးလေးဖြစ်သူမှာလည်း ရှီလဲ့ကို မကြည်သလို၊ ရှီလဲ့ကလည်း သူ့ကို မကြိုက်ပေ။ သူတို့မတွေ့ဖြစ်ကြသည်မှာ ၃ နှစ်ကျော်ပင် ရှိခဲ့ပြီ ဖြစ်သည်။
အဆောင်တွင် တစ်ယောက်တည်း ကျန်ရစ်သော ရှီလဲ့သည် ပြဿနာအချို့ကို စတင်စဉ်းစားမိသည်။ သူ၏မိဘများက ဘယ်သူတွေလဲ ပြီးတော့ ယခင်ဘဝက သူပါဝင်ခဲ့သော အဖွဲ့အစည်း၏ ရည်ရွယ်ချက်က ဘာလဲ သူတို့ ဘာလျှို့ဝှက်ချက်တွေ ဖုံးကွယ်ထားတာလဲ
ထိုအဖွဲ့အစည်းသည် ရှီလဲ့ကို ရက်ရက်စက်စက် စွန့်ပစ်ခဲ့ပြီး သေဆုံးစေခဲ့သည်။ ရှီလဲ့အနေဖြင့် သူတို့ကို မည်သို့လွှတ်ပေးနိုင်ပါမည်နည်း။ သို့သော် ထိုအဖွဲ့အစည်းမှာ အလွန်အင်အားကြီးလွန်းလှသည်။ ရှီလဲ့အနေဖြင့် လောလောဆယ်တွင် သူတို့ကို သွားရောက်ထိတွေ့ရန် မစွမ်းသာသေးပေ။
ယခင်ဘဝက ကမ္ဘာ့ထိပ်တန်း ဟက်ကာတစ်ဦးအနေဖြင့် ရှီလဲ့သည် အင်တာနက်ပေါ်တွင် လေပြင်းမုန်တိုင်းများ တိုက်ခတ်စေနိုင်ခဲ့သော်လည်း၊ လက်တွေ့လောကတွင်မူ သူသည် ဘာမှမဟုတ်သော လူသာမန်တစ်ဦးသာ ဖြစ်ခဲ့သည်။ သူ့တွင် ကိုယ်ပိုင်အင်အားစု မရှိခဲ့ပေ။
ပြန်လည်မွေးဖွားလာပြီးနောက် ရှီလဲ့သည် အမြဲတမ်း နောက်ပြောင်နေတတ်သော်လည်း၊ သူသည် အင်တာနက်ပေါ်တွင်သာမက လက်တွေ့လောကတွင်ပါ မိမိအလိုရှိရာကို လုပ်ဆောင်နိုင်သူတစ်ဦး ဖြစ်လာစေရမည်ဟု တိတ်တဆိတ် သန္နိဋ္ဌာန်ချထားသည်။
ရှီလဲ့သည် ကွန်ပျူတာကိုဖွင့်ကာ ရွှမ်းချင်းတက္ကသိုလ်၏ ဆာဗာကို အခြေပြု ထားပြီး “ဟက်ကာမဟာမိတ်” ဝက်ဘ်ဆိုက်ထဲသို့ ဝင်ရောက်လိုက်သည်။ ဟက်ကာမဟာမိတ် ဆိုသည်မှာ ဒုတိယမျိုးဆက် ဟက်ကာများ စုစည်းထားသော နာမည်ကျော် အဖွဲ့အစည်းတစ်ခု ဖြစ်သည်။
ဒုတိယမျိုးဆက် ဟက်ကာများသည် ၁၉၉၈ မှ ၂၀၀၀ ခုနှစ်အတွင်း ထွန်းကားလာသူများ ဖြစ်သည်။ လက်ရှိ ဟက်ကာလောက၏ ကျောရိုးများဖြစ်သည့်အပြင် အဆင့်မြင့် နည်းပညာနှင့် အရည်အသွေးများ ရှိကြသူများ ဖြစ်သည်။
ပထမမျိုးဆက် ဟက်ကာအများစုမှာမူ ကွန်ရက်လုံခြုံရေး နယ်ပယ်သို့ ပြောင်းလဲအခြေချကုန်ကြပြီး ကိုယ်ပိုင်ကုမ္ပဏီများပင် တည်ထောင်နေကြပြီ ဖြစ်သည်။
ဒုတိယမျိုးဆက်နှင့် နှိုင်းယှဉ်လျှင် ပထမမျိုးဆက်များမှာ ပို၍ပင် လေးစားဖွယ်ကောင်းလှသည်။
သူတို့သည် ကွန်ပျူတာနှင့် အင်တာနက်ကို ပထမဆုံး စတင်ထိတွေ့ခွင့်ရသူများဖြစ်ပြီး ဗဟုသုတနှင့် နည်းပညာပိုင်းတွင် အလွန်ပင် ကျွမ်းကျင်ကြသူများ ဖြစ်သည်။ ဒုတိယမျိုးဆက်များမှာ သူတို့ခင်းထားသော လမ်းအတိုင်း လိုက်လာကြသူများသာ ဖြစ်သည်။
ခုနှစ် နှစ်ထောင်နောက်ပိုင်း ဟက်ကာများကိုမူ တတိယမျိုးဆက်ဟု ခေါ်ဆိုကြသည်။
တတိယမျိုးဆက်ထဲတွင် ပါရမီရှင်များ ရှိသော်လည်း၊ အများစုမှာ ယခင်လူများ ချန်ထားခဲ့သော နည်းလမ်းများနှင့် တိုက်ခိုက်ရေး ကိရိယာများကိုသာ ကူးယူအသုံးပြုတတ်ကြသူများ ဖြစ်သည်။ ထို့ကြောင့် ပထမနှင့် ဒုတိယမျိုးဆက်လောက် အစွမ်းမထက်ကြပေ။
ဟက်ကာမဟာမိတ်ကို ဒုတိယမျိုးဆက်၏ နာမည်ကျော် ဟက်ကာ “အနက်ရောင်ဓါးသွား” က တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ ထိုခေတ်တွင် ၎င်းမှာ ထိပ်တန်းအဖွဲ့အစည်းတစ်ခု ဖြစ်သည်။
ရှီလဲ့သည် ယခင်က ဤအဖွဲ့၏ အဖွဲ့ဝင်တစ်ဦး ဖြစ်ခဲ့ဖူးသည်။ နောက်ပိုင်းတွင် ထွက်ခွာခဲ့သော်လည်း ဟက်ကာမဟာမိတ်က သူ့ကို အများကြီး ကူညီခဲ့ဖူးသည်။
ရှီလဲ့သည် “လူစီဖာ” ဟူသော အိုင်ဒီတစ်ခုကို ယာယီမှတ်ပုံတင်ကာ ဝက်ဘ်ဆိုက်ထဲတွင် လှည့်လည်ကြည့်ရှုနေသည်။
ယခုအချိန်တွင် ဟက်ကာမဟာမိတ်မှာ နောက်ဆယ်စုနှစ်တစ်ခုလောက်မှာကဲ့သို့ ငွေမက်သူများ မဟုတ်ကြသေးဘဲ အရာအားလုံးနီးပါးမှာ အခမဲ့ ဖြစ်နေဆဲဖြစ်သည်။ မိနစ်အနည်းငယ်ကြာ လှည့်ကြည့်နေစဉ် ရှီလဲ့၏ ကွန်ပျူတာမှ သတိပေးချက်တစ်ခု တက်လာသည်။
ဟက်ကာမဟာမိတ်ထဲတွင် ရှိနေသော လူအချို့က ရှီလဲ့၏ IP မှတစ်ဆင့် ရွှမ်းချင်းတက္ကသိုလ် ဆာဗာကို ခြေရာခံမိသွားပြီး တိုက်ခိုက်နေကြခြင်း ဖြစ်သည်။
ရွှမ်းချင်းတက္ကသိုလ်၏ အများသုံးဆာဗာကို ရှီလဲ့က အဆင့်မြှင့်တင်ထားသဖြင့် လုံခြုံရေးမှာ အဆပေါင်းများစွာ မြင့်မားနေပြီ ဖြစ်သည်။ ဒီလောက်လွယ်လွယ်နှင့် ဘယ်ဖောက်နိုင်ပါမည်နည်း။
ရှီလဲ့သည် ထိုကျူးကျော်သူကို ပြန်လည်ခြေရာခံ လိုက်သည်။ ခဏချင်းမှာပင် ကျူးကျော်သူ၏ IP လိပ်စာကို အလွယ်တကူ ရှာတွေ့သွားသည်။ ကျူးကျော်သူမှာ ဟက်ကင်းလုပ်ခြင်းကိုသာ အာရုံစိုက်နေ၍လား သို့မဟုတ် အရည်အချင်း ညံ့ဖျင်း၍လား မသိ၊ ရှီလဲ့က သူ့ကို ပြန်ခြေရာခံနေသည်ကိုပင် မသိလိုက်ပေ။
အင်တာနက်လောကတွင် IP လိပ်စာဆိုသည်မှာ လက်တွေ့လောကရှိ အိမ်လိပ်စာနှင့် အတူတူပင် ဖြစ်သည်။
အကယ်၍ ကျူးကျော်သူ၏ IP ကို သိသွားပြီဆိုလျှင် ရဲတပ်ဖွဲ့၏ ဝိုင်းထားခြင်းကို ခံလိုက်ရပြီး အဖမ်းခံရရန် စောင့်နေရသကဲ့သို့ ဖြစ်နေပေလိမ့်မည်။
IP လိပ်စာကို ရရှိပြီးနောက် ရှီလဲ့သည် ချက်ချင်း မတိုက်ခိုက်သေးဘဲ ထို IP နှင့် သက်ဆိုင်သော လက်တွေ့လိပ်စာကို ရှာဖွေလိုက်သည်။
ရှီလဲ့ ပြုံးလိုက်သည်။ ဟက်ကာတစ်ဦး၏ တည်နေရာကို သိသွားပြီး လူသိရှင်ကြား ထုတ်ဖော်လိုက်ခြင်းမှာ ထိုဟက်ကာကို သေဒဏ်ပေးလိုက်ခြင်းနှင့် အတူတူပင် ဖြစ်သည်။
“ဟင်”
IP နှင့် သက်ဆိုင်သော လိပ်စာကို ကြည့်ပြီး ရှီလဲ့ အံ့သြသွားသည်။ ထိုကျူးကျော်သူမှာ “ရွှမ်းချင်း သိပ္ပံနှင့် နည်းပညာ တက္ကသိုလ်” မှ ဖြစ်နေသည်။
ရွှမ်းချင်းတက္ကသိုလ်နှင့် သိပ္ပံနှင့်နည်းပညာ တက္ကသိုလ်တို့၏ ကွန်ပျူတာသိပ္ပံဌာနများမှာ အမြဲတမ်း တကျည်ကျည် ဖြစ်နေကြသူများ ဖြစ်သည်။ ကျောင်းသားအချင်းချင်း ဆာဗာများကို အပြန်အလှန် ဖောက်ထွင်းကြသည်မှာ ပုံမှန်ပင် ဖြစ်နေပြီး၊ ဆရာများကပင် ကျောင်းသားများ ပညာပိုတတ်လာစေရန်အတွက် မျက်ကွယ်ပြုထားလေ့ရှိသည်။
ရှီလဲ့သည် နောက်တစ်ဆင့် ထပ်တက်ရန် ပြင်လိုက်စဉ်မှာပင် ကျူးကျော်သူနှင့် အဆက်အသွယ် ပြတ်တောက်သွားသည်။
သိပ္ပံနှင့်နည်းပညာ တက္ကသိုလ်၏ စာကြည့်တိုက်ထဲတွင် ရုပ်ရည်သာမန် အမျိုးသားတစ်ဦးသည် ကွန်ပျူတာကို အတင်းအဓမ္မ ပိတ်ပစ်လိုက်သည်။ ကွန်ပျူတာ ပိတ်သွားပြီဖြစ်ကြောင်း သေချာမှသာ သူ သက်ပြင်းချနိုင်တော့သည်။
သူက တိုးတိုးလေး ရေရွတ်သည် - “မိုက်လှချည်လား..အသံမထွက်ဘဲ ငါ့ IP ကို ခြေရာခံနိုင်တာပဲ..ကံကောင်းလို့ စာကြည့်တိုက်က ကွန်ပျူတာကို သုံးမိတာ၊ မဟုတ်ရင် ငါတော့ သေပြီ..”
ရွှမ်းချင်းတက္ကသိုလ်၊ အမှတ် ၁ အဆောင်၌ ရှီလဲ့က နှာခေါင်းရှုံ့လိုက်သည် - “ကွန်ပျူတာ ပိတ်လိုက်တာလား... အင်တာနက်ကြိုး ဆွဲဖြုတ်လိုက်တာလား... မင်း အခုတော့ လွတ်ရင်လွတ်မယ်၊ တစ်သက်လုံးတော့ မလွတ်နိုင်ပါဘူး..”
တကယ့် ဟက်ကာအဆင့်ရှိသူတစ်ဦးမှာ ဤကဲ့သို့သော မိုက်မဲသည့်အလုပ်မျိုးကို မလုပ်ပေ။ အင်တာနက်ကြိုး ဆွဲဖြုတ်လိုက်သဖြင့် အဆက်အသွယ် ပြတ်သွားသော်လည်း၊ တကယ့်ကျွမ်းကျင်သူက IP လိပ်စာမှတစ်ဆင့် လက်တွေ့တည်နေရာကို ခြေရာခံပြီး အိမ်အထိ လိုက်ဖမ်းနိုင်သောကြောင့် ဖြစ်သည်။
ထို့ကြောင့် ကျွမ်းကျင်သော ဟက်ကာများမှာ ကွန်ပျူတာကို မပိတ်ဘဲ ခြေရာခံခံရခြင်းမှ လွတ်အောင်သာ နည်းလမ်းမျိုးစုံဖြင့် ကြိုးစားလေ့ရှိကြသည်။
ရှီလဲ့ မှတ်မိနေသည်မှာ ယခင်ဘဝက ကမ္ဘာကျော် ဟက်ကာတစ်ဦးသည် FBI ၏ အတွင်းပိုင်း သတင်းစနစ်ကို တစ်ဦးတည်း ဖောက်ထွင်းခဲ့ဖူးသည်။ သူ သတင်းအချက်အလက်များစွာ ရရှိခဲ့သော်လည်း FBI ၏ ခြေရာခံအဖွဲ့က သူ့နောက်သို့ ကမ္ဘာပတ်၍ လိုက်ခဲ့သည်။ အင်တာနက်နှင့် လက်တွေ့လောကကို ပေါင်းစပ်ပြီး ခြေရာခံရာ နောက်ဆုံးတွင် ထိုဟက်ကာကို ဂလန်တွင် ဖမ်းမိသွားခဲ့သည်။
ခြေရာခံကျွမ်းကျင်သူများသည် ဟက်ကင်း သို့မဟုတ် ခုခံခြင်းတွင် မတော်သော်လည်း ခြေရာခံခြင်းတွင်မူ တုနှိုင်းမရပေ။ အထူးသဖြင့် အင်အားကြီးသော နိုင်ငံတော် အထောက်အပံ့ဖြင့် IP ကို သိသည်နှင့် ရဲတပ်ဖွဲ့က တံခါးဝသို့ ရောက်လာမည် ဖြစ်သည်။ ထိုအခါမျိုးတွင် ထွက်ပြေးရန်မှာ မလွယ်ကူတော့ပေ။
ထို့ကြောင့် ကွန်ပျူတာပိတ်ခြင်းနှင့် အင်တာနက်ကြိုး ဆွဲဖြုတ်ခြင်းမှာ တကယ့်ကို အညံ့စား နည်းလမ်းပင် ဖြစ်သည်။
ကျူးကျော်သူ၏ IP ကို သိထားပြီးဖြစ်သဖြင့် ရှီလဲ့သည် အားမနာတော့ဘဲ သိပ္ပံနှင့်နည်းပညာ တက္ကသိုလ်၏ ဆာဗာကို စတင်တိုက်ခိုက်တော့သည်။
ရှီလဲ့သည် အကြမ်းပတမ်း မတိုက်ခိုက်ဘဲ အသာအယာသာ ဖောက်ထွင်းဝင်ရောက်ခဲ့သည်။ စစ်ဆေးကြည့်ရာတွင် သိပ္ပံနှင့်နည်းပညာ တက္ကသိုလ်၏ ဆာဗာမှာ ရွှမ်းချင်းတက္ကသိုလ်ထက်ပင် ပိုမိုခိုင်မာနေသည်ကို တွေ့ရသည်။
ယခင်ဘဝက ဒီလိုမဟုတ်ပါဘူး။ကျောင်းနှစ်ကျောင်းလုံး၏ အရည်အချင်းမှာ အတူတူပင် ဖြစ်ခဲ့သည်။
‘ဒါက ဘယ်လိုဖြစ်တာလဲ ငါရောက်လာခြင်းက ဒီလောက်အထိ အကျိုးသက်ရောက်မှု ရှိသွားတာလား’
သို့သော်လည်း ရှီလဲ့အတွက်မူ ထိုဆာဗာမှာ စက္ကူတစ်ချပ်ကဲ့သို့သာ ဖြစ်သည်။
ရှီလဲ့သည် ဆာဗာထဲသို့ ဝင်ရောက်ပြီးနောက် အမြင့်ဆုံးအခွင့်အာဏာကို ရှာဖွေသည်။ ထိုကျောင်းတွင် ကျောင်းအုပ်ကြီး၌ အမြင့်ဆုံးအခွင့်အာဏာ မရှိဘဲ အက်ဒမင် တစ်ဦးတည်းကသာ ထိန်းချုပ်ထားခြင်း ဖြစ်သည်။ ထိုအချိန်တွင် အက်ဒမင်မှာ ရှီလဲ့ကို ခြေရာခံရန် ကြိုးစားနေသည်။
ရှီလဲ့က အထင်မကြီးဟန်ဖြင့် ကြည့်ကာ ကုဒ်များကို ရိုက်နှိပ်လိုက်သည် - “ဒီကနေ ထွက်သွားစမ်း”
စက္ကန့်အနည်းငယ်အတွင်းမှာပင် ရှီလဲ့သည် ထိုအက်ဒမင်၏ အကောင့်ကို ဆာဗာထဲမှ ကန်ထုတ်ပစ်လိုက်ပြီး သူ၏ ကိုယ်ပိုင်အကောင့်ကို ဖန်တီးလိုက်သည်။ ထို့နောက် ကျောင်း၏ IP ခွဲဝေမှု မှတ်တမ်းများကို စတင်စစ်ဆေးတော့သည်။
“လူယုတ်မာလေးရေ... အစ်ကိုကြီး လာဖမ်းပြီဟေ့”
ကျောင်းတွင်းကွန်ရက် ဖြစ်သဖြင့် IP တိုင်းတွင် လက်တွေ့တည်နေရာ ရှိနေသည်။ အကယ်၍ IP ကို သိလျှင် အဆောင်နံပါတ် သို့မဟုတ် အခန်းနံပါတ်ကို သိနိုင်ပြီး၊ ထိုမှတစ်ဆင့် မည်သူဖြစ်ကြောင်းကို အလွယ်တကူ သိရှိနိုင်သည်။
ရှီလဲ့သည် ခုနက လူကို ဤနည်းဖြင့် ရှာဖွေရန် ပြင်ဆင်လိုက်သည်။ ထိုသူမှာ ဟက်ကာမဟာမိတ် မှတစ်ဆင့် ရှီလဲ့ကို ခြေရာခံရန် ကြိုးစားခဲ့သော်လည်း ဖိုင်းယားဝေါလ် ကိုပင် မကျော်နိုင်ခဲ့သူ ဖြစ်သည်။
သို့သော် ရှီလဲ့သည် မိမိအိမ်တံခါးဝအထိ လာစိန်ခေါ်သူကို အသာကြည့်နေမည့်သူ မဟုတ်ပေ။
ရှီလဲ့သည် ထိုသူ၏ IP ကို ရှာဖွေတွေ့ရှိခဲ့သော်လည်း၊ ၎င်းမှာ ကျောင်း၏ စာကြည့်တိုက်မှ အများသုံး ကွန်ပျူတာ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
ဤသို့ဖြင့် ခြေရာမှာ ပြတ်တောက်သွားခဲ့သည်။
သာမန် ဟက်ကင်းတစ်ခု ဖြစ်သည့်အပြင် ဆာဗာထဲအထိ မဝင်နိုင်ခဲ့သဖြင့် ရှီလဲ့အနေဖြင့် ဆက်လက် စုံစမ်းရန် ခက်ခဲသွားသည်။ အကယ်၍သာ အစိုးရဌာနတစ်ခုကို ဖောက်ထွင်းခြင်း ဖြစ်ပါက စာကြည့်တိုက်ရှိ လူအားလုံးကို စစ်ဆေးမေးမြန်းပြီး တရားခံကို ရှာဖွေနိုင်မည် ဖြစ်သည်။ သို့သော် ရှီလဲ့မှာမူ ထိုကဲ့သို့ လုပ်ပိုင်ခွင့် မရှိပေ။
“ဟူး... စိတ်ပျက်စရာပဲ..ကွန်ပျူတာပိတ်ပြီး အင်တာနက်ကြိုး ဖြုတ်တာက အောက်တန်းကျပေမယ့် တကယ်ပဲ ထိရောက်သားပဲ..” ဟု သူ ဝန်ခံလိုက်ရသည်။ “မင်းက ဘယ်သူလဲဆိုတာ ငါ မသိနိုင်ပေမယ့်၊ မင်းက သိပ္ပံနှင့်နည်းပညာ တက္ကသိုလ်ကဆိုတာတော့ သေချာသွားပြီ..”
ယခင်ဘဝကလည်း သိပ္ပံနှင့်နည်းပညာ တက္ကသိုလ်တွင် ကျွမ်းကျင်သူတစ်ဦး ရှိခဲ့ပြီး ရှီလဲ့နှင့် အမြဲတိုက်ခိုက်ခဲ့ဖူးသည်။ သူတို့နှစ်ဦးကြောင့်ပင် ကျောင်းနှစ်ကျောင်းမှာ အမြဲတမ်း စစ်ဖြစ်နေခဲ့ကြခြင်း ဖြစ်သည်။
အဆိုးရွားဆုံး ဖြစ်ရပ်မှာ ရှီလဲ့ ကျောင်းမှာမရှိစဉ် ထိုကျောင်းမှ ကောင်တစ်ယောက်က ရွှမ်းချင်းတက္ကသိုလ် ဖိုရမ်ပေါ်တွင် ဂျပန်အပြာကားတစ်ကား တင်ခဲ့ခြင်းပင်။ ရှီလဲ့ ပြန်ရောက်လာသောအခါ သိပ္ပံနှင့်နည်းပညာ တက္ကသိုလ်၏ ဆာဗာကို အမြစ်ပြတ် တိုက်ခိုက်ပြီး ဒေတာအားလုံးကို အကြိမ်ကြိမ် ဖျက်ဆီးပစ်ခဲ့ဖူးသည်။ နောက်ဆုံးတွင် ထိုဆာဗာမှာ လုံးဝ အသုံးမရတော့အောင် ပျက်စီးသွားခဲ့ရသည်။
ယခုတစ်ကြိမ်တွင်မူ ရှီလဲ့သည် သိပ္ပံနှင့်နည်းပညာ တက္ကသိုလ်၏ ဖိုရမ်ပေါ်တွင် ရန်စသော ပို့စ်တစ်ခု တင်လိုက်သည် -
“ငတုံးလေး... မင်းမှာ ဟက်ကင်းလုပ်နိုင်တဲ့ စွမ်းရည်မရှိရင် ဘာဖြစ်လို့ ကွန်ပျူတာပိတ်ပြီး အင်တာနက်ကြိုး ဖြုတ်ပြေးရတာလဲ..ရှက်ဖို့ကောင်းလိုက်တာ..မင်းတို့ သိပ္ပံနှင့်နည်းပညာ တက္ကသိုလ်ရဲ့ ကွန်ပျူတာသိပ္ပံဌာနက လူတွေအားလုံးဟာ အမှိုက်တွေချည်းပဲ..”
ထိုပို့စ်၏ အဆုံးတွင် ရှီလဲ့သည် “လူစီဖာ” ဟူသော အမည်ကို ချန်ထားခဲ့သည်။
သူ့ကို ခြေရာခံခဲ့သော ထိုသူအနေဖြင့် ဤပို့စ်ကို မြင်လျှင် သေချာပေါက် သိလိမ့်မည်ဟု သူ ယုံကြည်သည်။ ကျောင်းနှစ်ကျောင်းကြား စစ်ဖြစ်မလား၊ မဖြစ်ဘူးလားဆိုတာကိုတော့ သူ ဂရုမစိုက်ပေ။
ဘာပဲဖြစ်ဖြစ်... ရှီလဲ့ကတော့ မကြောက်ပါ။