← Chapters

အခန်း (၁၉-၂၀)

Vol. 2 Ch. 19-20

အခန်း (၁၉-၂၀)

Vol. 2 Ch. 19-20

အခန်း - ၁၉

သိပ္ပံနှင့်နည်းပညာတက္ကသိုလ်၏ ဆာဗာအတွင်း၌ ရှီလဲ့သည် သူ၏အထူးအခွင့်အာဏာကို အသုံးပြုကာ ဖိုရမ်ရှိ ဒေတာအချက်အလက်အများစုကို ဖျက်ဆီးပစ်လိုက်သည်။ သူသည် သူကိုယ်တိုင်တင်ထားသော ပို့စ်တစ်ခုတည်းကိုသာ ချန်ထားခဲ့ပြီး ၎င်းကို အရောင်ပြောင်းကာ ရှေ့ဆုံးတွင် ပင်ထိုး၍ စာလုံးအကြီးများဖြင့် ပေါ်လွင်အောင် ပြုလုပ်ထားလိုက်သည်။

၎င်းမှာ တစ်ခုတည်းသော ပို့စ်ဖြစ်သော်လည်း အလွန်ပင် သိသာထင်ရှားလှပေသည်။

သိပ္ပံနှင့်နည်းပညာတက္ကသိုလ်၏ လိုဂိုကိုလည်း ရှီလဲ့က နတ်ဆိုးလူစီဖာ ၏ နောက်ခံပုံစံဖြင့် ပြောင်းလဲပစ်လိုက်သည်။ အမည်းရောင် အတောင်ပံကြီး သုံးစုံမှာ ဖိုရမ်တစ်ခုလုံးကို ဝန်းရံထားပြီး မှောင်မိုက်သော အငွေ့အသက်များဖြင့် ပြည့်နှက်နေတော့သည်။

ရှီလဲ့သည် ဖိုရမ်ပေါ်တွင် စောင့်ဆိုင်းနေသည်။ အမျိုးသားနေ့ အားလပ်ရက်ဖြစ်သော်လည်း သိပ္ပံနှင့်နည်းပညာတက္ကသိုလ်တွင် ကျန်ရစ်နေသော ကျောင်းသားများစွာ ရှိနေသေးသည်။ အဝေးမြို့မှ ကျောင်းသားအများစုမှာ အိမ်မပြန်ကြဘဲ အဆောင်၌သာ အင်တာနက်သုံးရင်း ဂိမ်းကစားရင်း အချိန်ဖြုန်းနေကြခြင်း ဖြစ်သည်။

ရှီလဲ့ ဖိုရမ်ကို ပြင်ဆင်ပြီး တစ်မိနစ်ပင် မပြည့်မီမှာပင် အချို့သောကျောင်းသားများမှာ ဖိုရမ်၏ ပုံမှန်မဟုတ်သော အခြေအနေကို သတိပြုမိသွားကြသည်။”ကောင်းကင်နတ်ဆိုး” ဟု အမည်ရသော ကျောင်းသားတစ်ဦးက ရှီလဲ့၏ပို့စ်တွင် တိုက်ရိုက်ပြန်စာရေးလိုက်သည် - “တကယ့်ကို အစွမ်းထက်တဲ့ ဟက်ကာနတ်ဘုရားပဲ၊ ဒီပို့စ်ကတော့ တော်တော်ပေါက်ဦးမှာပဲ..နာမည်လေး အရင်ဦးအောင် လာပေးသွားတာပါ..”

ရှီလဲ့ ကြည့်လိုက်သော်လည်း ထိုသူကို ဂရုမစိုက်ပေ။ သူသည် ဘေးမှကြည့်နေသူသက်သက်သာ ဖြစ်သည်။

ရှီလဲ့အနေဖြင့် သိပ္ပံနှင့်နည်းပညာတက္ကသိုလ် ဖိုရမ်ကို ဟက်ကင်းလုပ်ရခြင်းမှာ သူ့ကွန်ပျူတာကို လာရောက်နှောင့်ယှက်ခဲ့သော ထိုသူကို အပြင်ထွက်လာအောင် မျှားခေါ်ချင်သောကြောင့် ဖြစ်သည်။

ထိုသူသည် ဟက်ကာမဟာမိတ် ဝက်ဘ်ဆိုက်မှတစ်ဆင့် ရွှမ်းချင်းတက္ကသိုလ်ဆာဗာကို ခြေရာခံခဲ့ခြင်းဖြစ်ရာ ရှီလဲ့၏ အိုင်ဒီမှာ ‘လူစီဖာ’ ဖြစ်ကြောင်း သိထားသင့်သည်။

ရှီလဲ့က ဖိုရမ်တွင် လူစီဖာ ဟူသော အမည်ကို ချန်ထားခဲ့ခြင်းမှာ တစ်ဖက်လူကို ပေါ်လာစေရန်နှင့် သူ၏ IP လိပ်စာကို ရှာဖွေနိုင်ရန်အတွက် ဖြစ်သည်။

ဆယ်မိနစ်ကျော် ကြာသောအခါ သိပ္ပံနှင့်နည်းပညာတက္ကသိုလ် ဖိုရမ်ကြီး ဟက်ခံလိုက်ရသည့် သတင်းမှာ တစ်ကျောင်းလုံး ပျံ့နှံ့သွားတော့သည်။ ကြည့်ရှုသူများမှာ ဖိုရမ်ထဲသို့ ပိုမိုဝင်ရောက်လာကြသည်။ ထိုတက္ကသိုလ်မှ ကွန်ပျူတာသိပ္ပံ ကျောင်းသားများသည် ဆာဗာ၏ အခွင့်အာဏာကို ရှီလဲ့လက်ထဲမှ ပြန်လည်ရယူရန် အစွမ်းကုန် ကြိုးစားတိုက်ခိုက်ကြတော့သည်။

သို့သော် ကမ္ဘာ့ထိပ်တန်းဟက်ကာတစ်ဦးဖြစ်သော ရှီလဲ့မှာ တိုက်စစ်တွင် အားသန်သကဲ့သို့ပင် သူ၏ခံစစ်မှာလည်း အလွန်ပင် ခိုင်မာလှသည်။ သိပ္ပံနှင့်နည်းပညာတက္ကသိုလ်မှ ကျောင်းသားများက ဆာဗာကို မည်သို့ ဖောက်ထွင်းနိုင်ပါမည်နည်း။ အရည်အချင်း အနည်းငယ်ညံ့သူများဆိုလျှင် ရှီလဲ့ ချထားသော ဖိုင်းယားဝေါလ် ကိုပင် မကျော်နိုင်ကြပေ။

သိပ္ပံနှင့်နည်းပညာတက္ကသိုလ် ကျောင်းဝင်းအတွင်းရှိ လမ်းကလေးပေါ်တွင် ရုပ်ရည်သာမန် အမျိုးသားတစ်ဦးသည် အဆောင်သို့ ဖြည်းညှင်းစွာ လမ်းလျှောက်လာနေသည်။ သူ၏ရှေ့တွင် ကျောင်းသားနှစ်ဦးမှာ စိတ်အားထက်သန်စွာ စကားပြောနေကြသည် - “ငါတို့ကျောင်းက ကွန်ပျူတာသမားတွေကတော့ တကယ်ကို အသုံးမကျဘူးကွာ.. ကျောင်းဖိုရမ်ကြီး ထပ်ပြီး ဟက်ခံလိုက်ရပြန်ပြီ..”

အခြားတစ်ယောက်က မေးသည် - “ထပ်ပြီး ဟက်ခံရပြန်ပြီလား..ဘယ်သူလုပ်တာလဲ... ရွှမ်းချင်းတက္ကသိုလ်က ကောင်တွေလား..”

ထိုကျောင်းသားနှစ်ဦး၏ နောက်မှ လိုက်ပါလာသော ရုပ်ရည်သာမန် အမျိုးသားမှာ စာကြည့်တိုက်တွင် ရှီလဲ့၏ကွန်ပျူတာကို ဖောက်ထွင်းရန် ကြိုးစားခဲ့သူ “ချန်ဖုန်း” ပင် ဖြစ်သည်။ သူသည် တတိယနှစ် ကျောင်းသားတစ်ဦးဖြစ်ပြီး ကွန်ပျူတာကလပ်၏ ဒုတိယဥက္ကဋ္ဌလည်း ဖြစ်သည်။ သူသည် ဟက်ကာမဟာမိတ်ဝက်ဘ်ဆိုက်ထဲသို့ ဝင်ရောက်စဉ်က အကျင့်အတိုင်း IP မှတ်တမ်းများကို စစ်ဆေးရာမှ ရွှမ်းချင်းတက္ကသိုလ်၏ IP ကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ကျောင်းနှစ်ကျောင်းကြားရှိ ရန်ငြိုးများကြောင့် ချန်ဖုန်းသည် ဘာမှမစဉ်းစားဘဲ တိုက်ရိုက်ပင် ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ တစ်ဖက်လူမှာ ဤမျှအစွမ်းထက်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။တိုက်ခိုက်မှုကို တားဆီးရုံတင်မကဘဲ သူ၏ကွန်ပျူတာကိုပါ ပြန်လည်ခြေရာခံနိုင်ခဲ့သဖြင့် ချန်ဖုန်းမှာ ချွေးပြန်သွားကာ စာကြည့်တိုက်မှ အမြန်ထွက်ပြေးခဲ့ရခြင်း ဖြစ်သည်။

ချန်ဖုန်းသည် ရှေ့မှကျောင်းသားနှစ်ဦး ပြောနေသည်ကို ကြားလိုက်ရသောအခါ ခြေလှမ်းကို မြှင့်လိုက်ပြီး အဆောင်သို့ ပြေးသွားတော့သည်။ အကြောင်းမှာ ကျောင်းဖိုရမ် ဟက်ခံရခြင်းမှာ သူ့ကြောင့်ဖြစ်ကြောင်း သူ သိနေသောကြောင့်ပင်။

ကျူးကျော်သူသည် ‘လူစီဖာ’ ဟူသော အမည်ကို ချန်ထားခဲ့သည်ဟု သူ ကြားလိုက်ရသည်။ ဟက်ကာမဟာမိတ် တွင် သူ နှောင့်ယှက်ခဲ့သော ID မှာလည်း လူစီဖာ ပင် ဖြစ်ရာ တစ်ဖက်လူမှာ ကလဲ့စားချေရန် ရောက်လာခြင်းဖြစ်ကြောင်း သေချာနေပြီ ဖြစ်သည်။

ချန်ဖုန်း ပြေးရင်းနှင့် စဉ်းစားနေမိသည် - ‘ရွှမ်းချင်းတက္ကသိုလ်မှာ ဒီလောက်တော်တဲ့ ကျွမ်းကျင်သူက ဘယ်တုန်းက ပေါ်လာတာလဲ။ ကျောင်းအုပ်ကြီးကိုယ်တိုင် ပြင်ဆင်ထားတဲ့ ဆာဗာကိုတောင် ခဏလေးအတွင်း ဖောက်သွားနိုင်တာလား..နာရီဝက်တောင် မကြာဘူးလေ’

ချန်ဖုန်း အဆောင်သို့ ပြန်ရောက်သောအခါ ကွန်ပျူတာကို ဖွင့်လိုက်သည်။ သူသည် အခြားမည်သည့် Proxy ကိုမျှ မသုံးတော့ဘဲ အဆောင် IP ဖြင့်သာ ဖိုရမ်ထဲသို့ တိုက်ရိုက်ဝင်လိုက်သည်။ ဤအချိန်တွင် အခြား IP များကို သုံး၍ ဟန်ဆောင်နေပါက တစ်ဖက်မှ ကျွမ်းကျင်သူက သူ့ကို သေချာပေါက် မိသွားလိမ့်မည်ဟု သူ သိနေသည်။ သူ၏ အရည်အချင်းနှင့် တစ်ဖက်လူကို ယှဉ်နိုင်လိမ့်မည်ဟု သူ စိုးစဉ်းမျှ ယုံကြည်ချက် မရှိပေ။

ကျောင်းဖိုရမ်ထဲသို့ ရောက်သောအခါ ရှီလဲ့ ချန်ထားခဲ့သော ပို့စ်ကို ကြည့်ပြီး ချန်ဖုန်း၏ မျက်နှာမှာ ဖြူလိုက်နီလိုက် ဖြစ်သွားသည်။

“ခွေးသားလေး” ချန်ဖုန်း ဒေါသတကြီး ရေရွတ်လိုက်သည်။

ချန်ဖုန်း၏ အခန်းဖော်များမှာ အားလုံး ရွှမ်းချင်းမြို့သားများ ဖြစ်ကြသဖြင့် အမျိုးသားနေ့ အားလပ်ရက်တွင် အခန်းထဲ၌ ချန်ဖုန်း တစ်ယောက်တည်းသာ ရှိနေသည်။

“တီ တီ တီ... “ ချန်ဖုန်း၏ ဖုန်းမြည်လာသည်။

“ဒုဥက္ကဋ္ဌ၊ အခြေအနေကို သိပြီးပြီလား..” စိုးရိမ်တကြီး အသံတစ်သံ ထွက်လာသည်။

ချန်ဖုန်းက - “သိပြီ၊ရှောင်ပိုင် ငါတို့လူတွေကို စုစည်းပြီးပြီလား.. ဆာဗာကို ပြန်တိုက်ပြီး အဲဒီကောင်ကို အပြင်ထုတ်ဖို့ ပြင်ကြ” ဟု ပြောလိုက်သည်။

ရှောင်ပိုင်က ဖုန်းထဲမှ ငိုသံပါပါဖြင့် - “ဒုဥက္ကဋ္ဌ၊ ကျောင်းမှာရှိတဲ့ ကွန်ပျူတာကလပ် အဖွဲ့ဝင်တွေ အကုန်လုံး ဆာဗာကို တိုက်ခိုက်နေကြပါပြီ..ဒါပေမဲ့ တစ်ဖက်လူရဲ့ ခံစစ်က အရမ်းတောင့်တင်းတယ်...ဖိုင်းယားဝေါလ် ကိုတောင် မဖောက်နိုင်သေးဘဲ အပြင်မှာပဲ တန့်နေရတယ်.. ဒုဥက္ကဋ္ဌ... နည်းလမ်းတစ်ခုခု မြန်မြန်စဉ်းစားပေးပါဦး မဟုတ်ရင် ငါတို့ ကွန်ပျူတာကလပ် သိက္ခာကျတော့မှာ..” ဟု တိုက်တွန်းလေသည်။

ချန်ဖုန်းလည်း ဤအချက်ကို ကောင်းကောင်းနားလည်သည်။ ဤပြဿနာ အားလုံးမှာ သူ၏ လက်ချက်ကြောင့် ဖြစ်ရသည်ကိုလည်း သိနေသည်။

သို့သော် သူ အပြင်ထုတ် မပြောရဲပေ။

လူဆိုသည်မှာ အတ္တရှိကြသည် မဟုတ်ပါလား။ အကယ်၍ ချန်ဖုန်းကသာ အမှန်အတိုင်း ပြောလိုက်ပါက သူသည် ဟက်ကာတစ်ဦးဖြစ်ကြောင်း လူသိသွားပေလိမ့်မည်။

လူသိရှင်ကြား ဖြစ်သွားသော ဟက်ကာတစ်ဦးမှာ အကျယ်ချုပ်ကျနေသော အကျဉ်းသားတစ်ဦးနှင့် မခြားပေ။

ရှီလဲ့ အချိန်ကို ကြည့်လိုက်သည်။ နာရီဝက်တိုင်တိုင် ထိုတက္ကသိုလ်မှ ကျောင်းသားများသည် ဆာဗာကို တိုက်ခိုက်နေကြရုံသာမက ရှီလဲ့၏ ပို့စ်တွင်လည်း ဆဲဆိုနေကြသည်။ သို့သော် ထိုဆဲဆိုမှုများမှာ သာမန်ကာလျှံကာသာ ဖြစ်သဖြင့် ရှီလဲ့က မကြားချင်ယောင် ဆောင်နေလိုက်သည်။ ထို့နောက် ရှီလဲ့က ဆဲဆိုနေသူများ၏ အကောင့်များကို ဖျက်ဆီးပစ်လိုက်ပြီး IP များကိုလည်း ပိတ်ပင်လိုက်သည်။

သူ့ကို လာရောက်နှောင့်ယှက်ခဲ့သော ထိုသူမှာ အခုထိ လှုပ်ရှားမှု မရှိသေးသည်ကို မြင်သောအခါ ရှီလဲ့က မီးလောင်ရာ လေပင့်ရန် ဆုံးဖြတ်လိုက်သည်။

ယခုတစ်ကြိမ်တွင် ရှီလဲ့က ပို့စ်မတင်တော့ဘဲ ဖိုရမ်၏ ပင်မစာမျက်နှာ ပေါ်တွင် အနီရောင် စာလုံးကြီးများဖြင့် တိုက်ရိုက် ရေးသားလိုက်သည် -

“ငါ့ကို လာစိန်ခေါ်တဲ့ ကောင်လေး၊ မင်း ပေါ်လာဖို့ ၁၀ မိနစ် အချိန်ပေးမယ်.. မဟုတ်ရင် နောက်ဆက်တွဲ အကျိုးဆက်ကို ခံစားဖို့သာ ပြင်ထား..”

ရှီလဲ့သည် လူစီဖာ ဟူသော နာမည်ကို ထပ်မံအသုံးပြုလိုက်ပြီး ၁၀ မိနစ် အချိန်ရေတွက်နေသော သတိပေးချက် တစ်ခုကိုလည်း ချထားလိုက်သည်။ သိပ္ပံနှင့်နည်းပညာတက္ကသိုလ်တွင် ကျန်ရှိနေသော ကွန်ပျူတာကလပ် အဖွဲ့ဝင်များမှာ အသံဖြင့် စကားပြောခန်းတစ်ခုထဲတွင် စုစည်းမိသွားကြသည်။

ချန်ဖုန်းသည် သူ၏ နားကြပ်ကို တပ်လိုက်ပြီး - “ညီအစ်ကိုတို့၊ ဆာဗာ အခြေအနေ ဘယ်လိုလဲ..” ဟု မေးလိုက်သည်။

ရှောင်ပိုင်က ပထမဆုံး စပြောသည် - “ဒုဥက္ကဋ္ဌ၊ ဆာဗာရဲ့ ခံစစ်က အရမ်းတောင့်တယ်.. ငါတို့ ဝင်လို့မရဘူး..”

အခြားသူများကလည်း ဆူညံစွာ အော်ဟစ်နေကြသည် -

“ဒုဥက္ကဋ္ဌ၊ တစ်ဖက်လူက ဘယ်သူလဲ.. ဘာလို့ ဒီလောက်တော်နေရတာလဲ..”

“ဒုဥက္ကဋ္ဌ၊ အခု ငါတို့ ဘာလုပ်ကြမလဲ..”

“ဒုဥက္ကဋ္ဌ၊ ဥက္ကဋ္ဌကြီးကို အကြောင်းကြားရမလား”

“ဒုဥက္ကဋ္ဌ၊ ဒါ ရွှမ်းချင်းတက္ကသိုလ်က ကောင်တွေရဲ့ လက်ချက်လား..”

အားလုံးက တစ်ပြိုင်တည်း စကားပြောနေကြသဖြင့် စျေးဗန်းကြီး မှောက်သည့်အလား ဆူညံပွက်လောရိုက်နေတော့သည်။

ချန်ဖုန်း မျက်မှောင်ကြုတ်ကာ အော်လိုက်သည် - “တိတ်တိတ်နေကြစမ်း.. ဘာတွေ ဆူညံနေကြတာလဲ.. အခု ငါ့အမိန့်ကို နားထောင် ငါတို့အားလုံး ဆာဗာကို အတူတူ တိုက်ခိုက်ကြမယ်.. တစ်ဖက်လူက ဘယ်လောက်ပဲ တော်နေပါစေ၊ သူက တစ်ယောက်တည်းပဲ ရှိတာ..ငါတို့ လူအင်အားနဲ့ တိုက်ရင် သူ ခံနိုင်မှာ မဟုတ်ဘူး..”

ရှောင်ပိုင်က ရှေ့မှ ထောက်ခံသည် - “ဟုတ်တယ် ဒုဥက္ကဋ္ဌ၊ ကျွန်တော်တို့ကို ဦးဆောင်ပြီး အဲဒီကောင်ကို အနိုင်ယူပေးပါ”

ချန်ဖုန်းက - “အားလုံး တိတ်တိတ်နေ..စကားပြောခန်းမှာရှိတဲ့ နံပါတ်စဉ်တွေကိုပဲ နာမည်အဖြစ် သုံးကြမယ်.. နားလည်လား..” ဟု ပြောလိုက်သည်။

ထိုအခန်းထဲတွင် ချန်ဖုန်းက နံပါတ် ၁၊ ရှောင်ပိုင်က နံပါတ် ၂ နှင့် အခြားသူများမှာ နံပါတ် ၃ မှ ၃၂ အထိ အစဉ်လိုက် ရှိနေကြသည်။ “အားလုံး ဆာဗာရဲ့ အားနည်းချက်တွေကို ရှာကြစမ်း..”

ရှောင်ပိုင်က - “ဒုဥက္ကဋ္ဌ၊ တစ်ဖက်လူက ဥက္ကဋ္ဌကြီး ချန်ထားခဲ့တဲ့ နောက်ပေါက်ကို မတွေ့သေးဘူးခင်ဗျ..ဒါပေမဲ့ အဲဒီကနေ ဝင်ရင်တောင် ဖိုင်းယားဝေါလ် ကို ကျော်လို့ မရဘူး ဖြစ်နေတယ်” ဟု ပြောသည်။

ရှီလဲ့သည် ဆာဗာကို သိမ်းပိုက်ပြီးနောက် အားနည်းချက်များကို ပြင်ဆင်ပေးခြင်း သို့မဟုတ် နောက်ပေါက်များကို ပိတ်ပစ်ခြင်း မပြုလုပ်ခဲ့ပေ။ ပြန်လည်မွေးဖွားလာသူတစ်ဦးအနေဖြင့် ရှီလဲ့သည် လူမသိသေးသော အားနည်းချက် များစွာကို သိထားသဖြင့် ဆာဗာများထဲသို့ အလွယ်တကူ ဝင်ရောက်နိုင်ခြင်း ဖြစ်သည်။

ချန်ဖုန်းသည် ကလပ်ဥက္ကဋ္ဌ ချန်ထားခဲ့သော နောက်ပေါက်မှတစ်ဆင့် ဆာဗာထဲသို့ အမြန်ဝင်ရန် ကြိုးစားသည်။ သို့သော် ဝင်လိုက်သည်နှင့် ဖိုင်းယားဝေါလ် နှင့် တိုးတော့သည်။

ရှီလဲ့သည် အားနည်းချက်များကို မပြင်သော်လည်း ဖိုင်းယားဝေါလ် ကိုမူ အသစ်လဲလှယ် တပ်ဆင်ထားခြင်း ဖြစ်သည်။

ချန်ဖုန်းက - “အားလုံး အဲဒီ ဖိုင်းယားဝေါလ် ကို ဝိုင်းတိုက်ကြ.. ငါတို့ လူအင်အားနဲ့ဆိုရင် အဲဒီ ဖိုင်းယားဝေါလ် ပြိုကျသွားမှာ သေချာတယ်..” ဟု အမိန့်ပေးလိုက်သည်။

လူ ၃၂ ဦးမှာ တစ်ပြိုင်တည်း တိုက်ခိုက်ကြတော့သည်။

ချန်ဖုန်း ပြောသကဲ့သို့ပင် ထို ဖိုင်းယားဝေါလ် မှာ သာမန်အဆင့်သာ ဖြစ်သဖြင့် လူ ၃၂ ဦး၏ တိုက်ခိုက်မှုကို မခံနိုင်ပေ။ ရှီလဲ့သည် ရယ်မောရင်း သူတို့ကို ဆာဗာထဲသို့ ပေးဝင်လိုက်သည်။ ထို့နောက် သူတို့အားလုံး၏ IP လိပ်စာများကို ခြေရာခံလိုက်တော့သည်။ IP တစ်ခုကို တွေ့တိုင်း ရှီလဲ့သည် ကျောင်းဆာဗာထဲတွင် ထို IP နှင့် သက်ဆိုင်သော အဆောင်လိပ်စာကို တိုက်ရိုက် ရှာဖွေလိုက်သည်။

အဆောင်တစ်ခုတွင် ကျောင်းသား လေးဦးစီ ရှိသော်လည်း၊ အခန်းအထိ ကျဉ်းမြောင်းသွားပြီ ဖြစ်သောကြောင့် တရားခံကို ရှာရသည်မှာ လွယ်ကူသွားပြီ ဖြစ်သည်။

ချန်ဖုန်းနှင့် ကွန်ပျူတာကလပ် အဖွဲ့ဝင်များသည် ဆာဗာထဲသို့ ရောက်သည်နှင့် ရှီလဲ့ကို စတင်ရှာဖွေကြသည်။ သို့သော် ဤအချိန်တွင် သူတို့မှာ တရားမဝင် ကျူးကျော်သူများသာ ဖြစ်ပြီး၊ ရှီလဲ့မှာမူ အမြင့်ဆုံး အခွင့်အာဏာရှိသော အက်ဒမင် ဖြစ်နေသည်။ သူတို့မှာ ဆာဗာထဲတွင် လက်တစ်လုံးမျှပင် လှုပ်ရှား၍ မရပေ။

ချန်ဖုန်းက - “နံပါတ် ၂ ကနေ ၁၅ အထိက ဆာဗာရဲ့ အခွင့်အာဏာ အုပ်စုကို ရှာကြ.. နံပါတ် ၁၆ ကနေ ၃၂ အထိက ဆာဗာ ခွင့်ပြုမိန့်ကို ချိုးဖောက်ပြီး ဖိုရမ်က ဒေတာတွေကို ပြန်တင်ကြ...” ဟု အမိန့်ပေးလိုက်သည်။

ချန်ဖုန်းမှာ ဦးဆောင်မှု စွမ်းရည် မရှိသော်လည်း၊ ကလပ်ဥက္ကဋ္ဌ၏ လေ့ကျင့်ပေးမှုကြောင့် အဖွဲ့ဝင်များမှာ ညီညွတ်ကြသည်။ ချန်ဖုန်း၏ အမိန့်ကို ကောင်းစွာ လိုက်နာဆောင်ရွက်နေကြသည်။

သို့သော် သူတို့ ဆာဗာအတွင်း ရှာဖွေမှုများ စတင်ချိန်မှာပင်... ရှီလဲ့သည် လူ ၃၂ ဦးလုံး၏ IP လိပ်စာနှင့် အဆောင်လိပ်စာများကို ခြေရာခံပြီးစီးသွားပြီ ဖြစ်သည်။

ရုတ်တရက် ထိုလူ ၃၂ ဦးလုံး၏ ကွန်ပျူတာပေါ်တွင် Message Box လေးတစ်ခု ပေါ်လာသည်။ ထိုအထဲတွင် သူတို့၏ IP လိပ်စာနှင့် လက်ရှိရှိနေသော အဆောင်လိပ်စာများကို အတိအကျ ဖော်ပြထားသည်။

ခဏချင်းမှာပင် ထိုလူ ၃၂ ဦးလုံးမှာ သူတို့လုပ်လက်စ အလုပ်များကို ရပ်တန့်သွားကြတော့သည်။

အခန်း - ၂၀

သိပ္ပံနှင့်နည်းပညာတက္ကသိုလ်တွင် ရှီလဲ့သည် လူ ၃၂ ဦး၏ IP လိပ်စာများနှင့် အဆောင်လိပ်စာများကို ထုတ်ပြန်လိုက်သောအခါ ကွန်ပျူတာကလပ်မှ အဖွဲ့ဝင်များမှာ တစ်ပြိုင်နက်တည်း တိုက်ခိုက်မှု ရပ်တန့်သွားကြသည်။

ချန်ဖုန်းသည် အသံလွှင့်ခန်း ထဲတွင် တစ်ယောက်တည်း ရေရွတ်နေမိသည် - “ဒီကောင်က ဘယ်သူလဲ.. ရွှမ်းချင်းတက္ကသိုလ်က ကျောင်းသားတစ်ယောက်တော့ မဖြစ်နိုင်ဘူး.. ကျောင်းသားတစ်ယောက်က ဒီလောက်အထိ လုပ်နိုင်ပါ့မလား...”

ရှောင်ပိုင်ကလည်း ထောက်ခံသည် - “ဒုဥက္ကဋ္ဌ ပြောတာမှန်တယ်...ဒီလောက်တိုတောင်းတဲ့ အချိန်အတွင်းမှာ ငါတို့ ၃၂ ယောက်လုံးရဲ့ IP ကို ခြေရာခံနိုင်တယ်ဆိုတာ မယုံနိုင်စရာပဲ...”

ထို့နောက် ရှောင်ပိုင်က မေးခွန်းထုတ်လိုက်သည် - “ဒါနဲ့ ဒုဥက္ကဋ္ဌ၊ သူက ရွှမ်းချင်းတက္ကသိုလ်ကမှန်း ဘယ်လိုသိတာလဲ...”

ချန်ဖုန်းက တည်ငြိမ်စွာဖြင့် အကွက်ချလိမ်လိုက်သည် - “ရှောင်ပိုင်၊ မင်းဖုန်းမဆက်ခင်ကတည်းက ငါတစ်ဖက်လူရဲ့ IP ကို ခြေရာခံပြီးပြီ။ အဲဒါ ရွှမ်းချင်းတက္ကသိုလ်ရဲ့ ဆာဗာလိပ်စာပဲ..”

ထိုစကားကြောင့် အသံလွှင့်ခန်းထဲတွင် ဒေါသတကြီး အော်ဟစ်သံများ ထွက်ပေါ်လာတော့သည် -

“ရွှမ်းချင်းတက္ကသိုလ်က ခွေးမသားတွေပေါ့လေ..”

“ဒုဥက္ကဋ္ဌ၊ သူတို့က ဘယ်တုန်းက ဒီလောက်တော်သွားတာလဲ..”

“မဖြစ်နိုင်တာ...”

ချန်ဖုန်းက ဆက်ပြောသည် - “ငါလည်း မဖြစ်နိုင်ဘူးလို့ ထင်တာပဲ...ရွှမ်းချင်းတက္ကသိုလ် ကွန်ပျူတာဌာနကကောင်တွေက အမှိုက်တွေချည်းပဲ... ငါတို့ သူတို့ကို နှိပ်ကွပ်လာတာ ၂ နှစ်တောင် ရှိပြီ၊ သူတို့ ဘယ်အဆင့်ရှိလဲဆိုတာ ငါတို့မသိဘဲ နေမလား..”

ရှောင်ပိုင်က တွန့်ဆုတ်စွာဖြင့် - “ဒုဥက္ကဋ္ဌ၊ ရွှမ်းချင်းတက္ကသိုလ်က ကျောင်းသားအသစ်များလား” ဟု မေးသည်။

ချန်ဖုန်း ခဏစဉ်းစားပြီး - “ကျောင်းသားအသစ်... မဖြစ်နိုင်ဘူး... ကျောင်းသားအသစ်က ဒီလောက်မတော်နိုင်ဘူး”

တကယ်တော့ ချန်ဖုန်း၏ စိတ်ထဲတွင် အခြားအတွေးတစ်ခု ရှိနေသည်။

‘ကျွမ်းကျင်သူ တစ်ယောက်ယောက်က ရွှမ်းချင်းတက္ကသိုလ် ဆာဗာကို ဖောက်ထွင်းပြီး၊ အဲဒီကနေတစ်ဆင့် ဟက်ကာမဟာမိတ် ဝက်ဘ်ဆိုက်ကို ဝင်ကြည့်နေတာ ဖြစ်ရမယ်’ ဤသို့တွေးမိသောအခါ ချန်ဖုန်း တစ်ယောက် စိတ်ပျက်သွားသည်။သူ ဘာလို့ ဒီလောက်တုံးရတာလဲ ရွှမ်းချင်းတက္ကသိုလ် IP ကို မြင်တာနဲ့ ဘာမှမစဉ်းစားဘဲ တိုက်ရိုက်သွားတိုက်မိတာကိုး။

ဒါက တကယ့်ကို အလွဲကြီး လွဲသွားတာပင်။

‘ဒီလောက်အစွမ်းထက်တဲ့ ကျွမ်းကျင်သူကိုမှ သွားပြီး ရန်စမိလေခြင်း’

ထိုလူ ၃၂ ဦးထံမှ ဘာတုံ့ပြန်မှုမျှ မရှိသည်ကို မြင်သောအခါ ရှီလဲ့သည် ကျောင်းဖိုရမ်တွင် ကြေညာချက်တစ်ခု ထပ်တင်လိုက်သည် -

“ဟက်ကာမဟာမိတ် မှာ ငါ့ကို လာချောင်းတိုက်တဲ့ အမှိုက်ကောင်လေး၊ ဘာလို့ အပြင်မထွက်ရဲတာလဲ..ငါ မင်းကို နောက်ဆုံးအခွင့်အရေး ပေးမယ်..မင်းရဲ့ ဌာန၊ အတန်းနဲ့ နာမည်ရင်းကို ဖိုရမ်မှာ တင်ပြီး ငါ့ကို တောင်းပန်ပါ မဟုတ်ရင် သိပ္ပံနှင့်နည်းပညာတက္ကသိုလ်ကို ငါ သင်ခန်းစာ ပေးရလိမ့်မယ်..”

ကြေညာချက် တင်ပြီးနောက် ရှီလဲ့သည် ခြေထောက်ချိတ်ကာ သီချင်းလေး တအေးအေးနှင့် စောင့်နေသည် -

“အမှိုက်လေး၊ ဒီအစ်ကိုကြီးကို လာစိန်ခေါ်ရဲတယ်ပေါ့ သင်ခန်းစာ ကောင်း‌ေကာင်းပေးဦးမယ်”

သိပ္ပံနှင့်နည်းပညာတက္ကသိုလ်၏ ကွန်ပျူတာကလပ် အသံလွှင့်ခန်းတွင် ရှောင်ပိုင်က သတင်းပို့သည် - “ဒုဥက္ကဋ္ဌ၊ တစ်ဖက်လူက ထပ်ပြီး ရန်စနေပြန်ပြီ.. ငါတို့ ဘာလုပ်ကြမလဲ..”

ချန်ဖုန်းသည် ရှီလဲ့၏ ရန်စမှုကို ကြည့်ရင်း စိတ်ထဲတွင် ခံစားချက်မျိုးစုံ ဖြစ်နေသည်။ တစ်ဖက်လူက သူ့မည်သူမှန်း မသိသည့်အတွက် ဝမ်းသာသလို၊ တစ်ဖက်လူက ဒီလောက်တော်တဲ့ ကျွမ်းကျင်သူဖြစ်ပါလျက်နှင့် ဘာကြောင့် သူ့လိုလူကို လိုက်နှောင့်ယှက်နေရသလဲဆိုသည်ကိုလည်း ဒေါသထွက်နေသည်။

ချန်ဖုန်းသည် လည်ချောင်းကို ရှင်းလိုက်ပြီး အရှက်မရှိ ပြောလိုက်သည် - “ခုနက ဟက်ကာမဟာမိတ် မှာ အဲဒီကျွမ်းကျင်သူကို ဘယ်သူသွားပြီး ရန်စလိုက်တာလဲ”

ချန်ဖုန်းဆိုသည့် အရှက်မရှိသော ကောင်မှာ “သူခိုးက လူဟစ်” သည့် ပြယုဒ်ပင် ဖြစ်သည်။

အသံလွှင့်ခန်းတစ်ခုလုံး တိတ်ဆိတ်သွားသည်။

ရှောင်ပိုင်က စမ်းတဝါးဝါးဖြင့် - “ဒုဥက္ကဋ္ဌ၊ ကျွန်တော်တို့ တကယ်ပဲ တောင်းပန်ရမှာလား..ရွှမ်းချင်းတက္ကသိုလ်က ကောင်တွေ ငါတို့ကို လှောင်လို့ သေတော့မှာပဲ..”

ချန်ဖုန်းက ပြတ်သားစွာ ပြောသည် - “ဘယ်လိုလုပ် တောင်းပန်မှာလဲ..ငါက သူ့ရဲ့ ဟက်ကာမဟာမိတ် အိုင်ဒီ ကို သိချင်ရုံပဲ...အဲဒါဆို ငါ့သူငယ်ချင်းကို အကူအညီတောင်းပြီး အဲဒီ အိုင်ဒီပိုင်ရှင်က ဘယ်သူလဲဆိုတာ စုံစမ်းလို့ရတယ်”

ရှောင်ပိုင် သက်ပြင်းချနိုင်တော့သည်။ အကယ်၍သာ သိပ္ပံနှင့်နည်းပညာတက္ကသိုလ်က အရှုံးပေးလိုက်ပါက သူတို့ ၂ နှစ်တိုင်တိုင် တည်ဆောက်ခဲ့သော ဂုဏ်သိက္ခာများ အားလုံး ပျက်စီးသွားပေလိမ့်မည်။

တစ်ဖက်တွင်လည်း ရွှမ်းချင်းတက္ကသိုလ်၏ ကျောင်းဖိုရမ်တွင် အချို့သော အားယားနေသူများက သိပ္ပံနှင့်နည်းပညာတက္ကသိုလ် ဖိုရမ်တွင် ဖြစ်ပျက်နေသည်များကို ပြန်လည်မျှဝေကြသည်။ ရွှမ်းချင်းတက္ကသိုလ် ကွန်ပျူတာဌာန အက်ဒမင်ကလည်း ထိုပို့စ်ကို အရှက်မရှိ ထိပ်ဆုံးတွင် ပင်ထိုးပေးထားလိုက်သည်။

လွန်ခဲ့သော ၂ နှစ်အတွင်း ရွှမ်းချင်းတက္ကသိုလ် ကွန်ပျူတာဌာနသည် အမြဲတမ်း အရှုံးပေးခဲ့ရသဖြင့် ကျောင်းတွင် မျက်နှာငယ်နေခဲ့ရသည်။ ယခုတစ်ကြိမ်တွင် ပြိုင်ဘက်ကျောင်း ဖိုရမ် ဟက်ခံရသည်ဆိုသော သတင်းကြောင့် သူတို့သည် တစ်ကျောင်းလုံး ပျံ့နှံ့အောင် သတင်းဖြန့်တော့သည်။

အခြားဌာနများမှ ကျောင်းသားများကလည်း သူတို့၏ ရန်ဘက်ဟောင်းကြီး ဒုက္ခရောက်နေသည်ကို မြင်သောအခါ ဝိုင်းပြီး နှိပ်ကွပ်ကြတော့သည်။ ရွှမ်းချင်းတက္ကသိုလ် ကျောင်းသားအမြောက်အမြားမှာ သိပ္ပံနှင့်နည်းပညာတက္ကသိုလ် ဖိုရမ်သို့ သွားရောက်ကာ အကောင့်များ ဖွင့်ကြပြီး လှောင်ပြောင်သည့် မှတ်ချက်များ အပြိုင်အဆိုင် ပေးကြတော့သည်။

ရှီလဲ့သည် သူတို့ကို မတားဆီးရုံတင်မကဘဲ မီးလောင်ရာ လေပင့်သည့်အနေဖြင့် ဒုတိယမြောက် ပို့စ်တစ်ခုကိုပါ ထပ်ဖွင့်ပေးလိုက်သည် -

“ရွှမ်းချင်းတက္ကသိုလ်မှ လည်ပတ်ခြင်း၊ မှတ်ချက်ရေးရန်နေရာ”

ရှီလဲ့သည် ထိုပို့စ်တွင် ရွှမ်းချင်းတက္ကသိုလ်၏ IP လိပ်စာရှိသူများကိုသာ မှတ်ချက်ပေးနိုင်ရန် ကန့်သတ်ထားလိုက်သည်။ ဤပို့စ် ပေါ်လာသည်နှင့် ရွှမ်းချင်းတက္ကသိုလ် ကျောင်းသားများမှာ အောင်ပွဲခံကြတော့သည်။ “ဘယ်သူဘယ်ဝါ ရောက်ရှိကြောင်း”၊ “ရွှမ်းချင်းတက္ကသိုလ်က အစွမ်းထက်ပြီး သိပ္ပံနှင့်နည်းပညာတက္ကသိုလ်က အမှိုက်ဖြစ်ကြောင်း” စသည့် မှတ်ချက်များစွာ ရေးသားပြီး ဓာတ်ပုံရိုက် သိမ်းဆည်းကြတော့သည်။

ချန်ဖုန်းမှာ ပျက်စီးနေသော ကျောင်းဖိုရမ်ကို ကြည့်ပြီး ဒေါသထွက်လွန်း၍ သွေးအန်မတတ် ဖြစ်နေသည်။

ဒါက လူသိရှင်ကြား ပါးရိုက်ခံလိုက်ရခြင်းပင်။

ကွန်ပျူတာကလပ် အဖွဲ့ဝင်များမှာ တိတ်ဆိတ်သွားကြသည်။ သိပ္ပံနှင့်နည်းပညာတက္ကသိုလ် ကျောင်းသားများကမူ သူတို့၏ ဒေါသကို မိမိတို့ကျောင်းသားများဘက်သို့ ပြန်လှည့်လိုက်ပြီး၊ အရည်အချင်းမရှိဘဲ သူများကို သွားရန်စမိသည့် ကွန်ပျူတာဌာနကို ဝိုင်းပြီး ဆဲဆိုကြတော့သည်။

ရှီလဲ့ အချိန်ကို ကြည့်လိုက်သည်။ သူ သတ်မှတ်ထားသော အချိန်ကျော်လွန်သွားပြီ ဖြစ်သော်လည်း တစ်ဖက်လူမှာ ပေါ်မလာသေးပေ။

“တကယ်ကို သူရဲဘော်ကြောင်တဲ့ ကောင်ပဲ” ရှီလဲ့ ရေရွတ်ရင်း ကီးဘုတ်ပေါ်တွင် လက်ကို လှုပ်ရှားလိုက်ပြန်သည်။

သိပ္ပံနှင့်နည်းပညာတက္ကသိုလ်တွင် ကျောင်း၏ နည်းပညာအဆင့်အတန်း မြင့်မားကြောင်း ပြသရန် နေရာအများအပြားတွင် ကွန်ပျူတာကွန်ရက်များကို အသုံးပြုထားသည်။ ဥပမာ- အဆောင်တစ်ခုချင်းစီ၏ အင်တာနက်စနစ်ကို ကျောင်းဆာဗာမှတစ်ဆင့် ကွန်ယက် ဖြင့် ထိန်းချုပ်ထားခြင်း ဖြစ်သည်။

ကျောင်းသားများ အင်တာနက်သုံးရန် ငွေပေးချေမှုပုံစံ နှစ်မျိုးရှိသည်။ တစ်ခုမှာ လစဉ်ကြေးပေးသွင်းစနစ်ဖြစ်ပြီး၊ အခြားတစ်ခုမှာ နာရီအလိုက် ပေးချေသည့်စနစ် ဖြစ်သည်။ ကျောင်းသားတိုင်း၏ အင်တာနက်အကောင့်မှာ သူတို့၏ ကျောင်းသားကတ် နံပါတ်ပင် ဖြစ်သည်။

ရှီလဲ့သည် ကျောင်း၏ အင်တာနက် ငွေကောက်ခံရေးစနစ် ထဲသို့ ဖောက်ထွင်းဝင်ရောက်ကာ ယုတ်မာစွာ ပြုံးလိုက်သည်။

ယခင်ဘဝက သိပ္ပံနှင့်နည်းပညာတက္ကသိုလ်မှ ကောင်တစ်ယောက်သည် ရွှမ်းချင်းတက္ကသိုလ် ဖိုရမ်တွင် အပြာကား တင်ခဲ့သော်လည်း ကျောင်းအာဏာပိုင်များက ဘာမှ အရေးမယူခဲ့ပေ။ထိုစဉ်က ရှီလဲ့ အလွန်ဒေါသထွက်ခဲ့ရသည်။

သို့သော် ထိုစဉ်က ရှီလဲ့၏ နည်းပညာမှာ ယခုလောက် မစွမ်းသေးပေ။ ယခုမူ သူသည် အရာအားလုံးကို ထိန်းချုပ်နိုင်စွမ်း ရှိနေပြီ ဖြစ်သည်။

ရှီလဲ့သည် ဆာဗာ၏ ဒေတာဘေ့စ် ထဲမှ အင်တာနက် ငွေကောက်ခံရေးစနစ်ကို ရှာဖွေတွေ့ရှိသွားသည်။

သူသည် အချက်အလက်များကို ဖျက်ဆီးပစ်ခြင်း မလုပ်ဘဲ၊ ကျောင်းသားအားလုံး၏ အင်တာနက်စနစ်ကို “လစဉ်ကြေးစနစ်” သို့ ပြောင်းလဲလိုက်ပြီး၊ လူတိုင်း၏ ကြိုတင်ငွေပေးသွင်းမှုကို “၃ လစာ” အဖြစ် ပြောင်းလဲပစ်လိုက်သည်။

တစ်ကျောင်းလုံးတွင် ကျောင်းသား ၂၀,၀၀၀ ကျော် အင်တာနက်သုံးစွဲနေသည်။ လူတိုင်း၏ အချက်အလက်များမှာ ၃ လစာ ကြိုပေးပြီးသား ဖြစ်သွားသည်။ ထို့နောက် ရှီလဲ့သည် ဒေတာဘေ့စ်၏ မိတ္တူ များကိုပါ ဖျက်ဆီးပစ်လိုက်သည်။

ဤသို့လုပ်ဆောင်ပြီးနောက် ရှီလဲ့သည် ကျောင်းဖိုရမ်တွင် သူလုပ်ခဲ့သည်ကို လူသိရှင်ကြား ကြေညာလိုက်သည်။ ရှီလဲ့ကို ဆဲဆိုနေကြသော သိပ္ပံနှင့်နည်းပညာတက္ကသိုလ် ကျောင်းသားများမှာ ရုတ်တရက် အောင်ပွဲခံကာ ဟေးခနဲ ဖြစ်သွားကြတော့သည်။

၃ လစာ အင်တာနက် အလကား သုံးရမည်ဆိုသည်မှာ သတင်းကောင်း မဟုတ်ပါလား။

ကျောင်းသားများ ပျော်နေကြသော်လည်း ကွန်ပျူတာကလပ်မှ ချန်ဖုန်းမှာမူ မျက်နှာပြာနှမ်းသွားသည်။

ရှီလဲ့၏ ဤလုပ်ရပ်မှာ အလွန်ပင် ရက်စက်လှသည်။

သိပ္ပံနှင့်နည်းပညာတက္ကသိုလ်၏ အင်တာနက်လစဉ်ကြေးမှာ တစ်လလျှင် ယွမ် ၉၀ ရှိသည်။ ကျောင်းသား ၂၀,၀၀၀ ကျော်အတွက် ၃ လစာဆိုလျှင် ယွမ် ၅ သန်းကျော် ဆုံးရှုံးသွားခြင်း ဖြစ်သည်။

ကျောင်းအနေဖြင့် ဤငွေကို ပြန်ရရန်မှာ မဖြစ်နိုင်သလောက်ပင်။

လူဦးရေက အလွန်များလွန်းလှသည်။ သက်ရောက်မှုကလည်း အလွန်ကျယ်ပြန့်လှသည်။ အကယ်၍ ကျောင်းအာဏာပိုင်များက ထိုအစီအစဉ်ကို ဖျက်သိမ်းမည်ဆိုလျှင် ကျောင်းသား ၂၀,၀၀၀ ၏ ဆန္ဒပြမှုကို ခံရပေလိမ့်မည်။

ရှီလဲ့သည် ကွန်ပျူတာကလပ်မှ လူ ၃၂ ဦးကို လှောင်ပြောင်စာ ရေးလိုက်သည် -

“ငါ့စနစ်ကို ဖောက်ထွင်းခဲ့တဲ့ကောင်ဟာ မင်းတို့ထဲက တစ်ယောက်ဆိုတာ ငါသိတယ်.. ဝန်မခံလည်း ရတယ်.. ငါ မင်းတို့ကို အပြစ်ပေးလိုက်ပြီ..ပျော်ပျော်ကြီး သုံးဆောင်ကြပါ”

ထိုလူ ၃၂ ဦးနှင့် အဆက်အသွယ်ဖြတ်ပြီးနောက် ရှီလဲ့သည် ဆာဗာအတွင်း သူချန်ထားခဲ့သော ခြေရာလက်ရာများကို ဂရုတစိုက် ဖျောက်ဖျက်တော့သည်။

ယခုတစ်ကြိမ်တွင် သူသည် သိပ္ပံနှင့်နည်းပညာတက္ကသိုလ်ကို ယွမ် ၅ သန်းကျော် ဆုံးရှုံးအောင် လုပ်ခဲ့ခြင်း ဖြစ်သည်။ အကယ်၍ ခြေရာကျန်ခဲ့ပြီး အမိခံရပါက ကျောင်းထုတ်ခံရရုံတင်မကဘဲ ပြည်သူ့စည်းကမ်း နှောင့်ယှက်မှုဖြင့် ထောင်နံရံနောက်တွင် “ထောင်ဝင်စာမျက်ရည်” သီချင်း ဆိုရပေလိမ့်မည်။

ထို့ကြောင့် ရှီလဲ့သည် အလွန်ဂရုတစိုက် ရှင်းလင်းလိုက်သည်။ ရှင်းလင်းပြီးနောက် သူသည် ယုတ်မာစွာဖြင့် “သတင်းအချက်အလက် ဗုံး” တစ်လုံးကိုပါ ထောင်ထားခဲ့လိုက်သည်။ တစ်ဖက်လူက ဆာဗာကို အပြည့်အဝ စစ်ဆေးရန် ကြိုးစားသည်နှင့် ထိုဗုံးမှာ ပေါက်ကွဲပြီး ဆာဗာတစ်ခုလုံး ရှုပ်ထွေးသွားပေလိမ့်မည်။

ရှီလဲ့ ထွက်ခွာသွားပြီးနောက် သိပ္ပံနှင့်နည်းပညာတက္ကသိုလ်မှ ကွန်ပျူတာဌာန အကြီးအကဲများမှာ အားလပ်ရက်ကို ဖျက်သိမ်းပြီး ကျောင်းသို့ အပြေးအလွှား ပြန်လာကြသည်။

ကွန်ပျူတာဌာန၏ ဌာနမှူးအမည်မှာ “ဟွမ်ချူလင်း” ဖြစ်သည်။ သူသည် အလွန်တော်သောသူ တစ်ဦးဖြစ်သည်။ ရွှမ်းချင်းတက္ကသိုလ်က သိပ္ပံနှင့်နည်းပညာတက္ကသိုလ်ကို မနိုင်ရခြင်းမှာ ဤဟွမ်ချူလင်း၏ နောက်ကွယ်မှ လမ်းညွှန်မှုများကြောင့်လည်း ပါဝင်သည်။

ယခင်ဘဝက ဟွမ်ချူလင်းမှာ ရှီလဲ့ အမုန်းဆုံး လူများထဲမှ တစ်ဦးပင် ဖြစ်သည်။

အစည်းအဝေးခန်းမထဲတွင် ကွန်ပျူတာဌာန ဆရာများနှင့် ကလပ်အဖွဲ့ဝင် ၃၂ ဦးလုံး ရှိနေသည်။ ဟွမ်ချူလင်းမှာ ဒေါသထွက်လွန်းသဖြင့် စားပွဲကို ရိုက်ကာ ဟောက်လိုက်သည် - “ဒါတွေက ဘာတွေလဲ.. ဘာတွေ ဖြစ်နေကြတာလဲ..”

ဟွမ်ချူလင်းမှာ အမျိုးသားနေ့ အားလပ်ရက်တွင် ဟောင်ကောင်သို့ သွားရန် လေယာဉ်လက်မှတ်များပင် အဆင်သင့် လုပ်ထားပြီးသား ဖြစ်သည်။ ယခုမူ ကျောင်းတွင် ဤကဲ့သို့ ပြဿနာတက်လာသဖြင့် အရာအားလုံး ပျက်စီးသွားရပြီ ဖြစ်သည်။

ဆရာများမှာလည်း အားလပ်ရက် ခံစားနေရသဖြင့် ဘာဖြစ်သည်ကို မသိဘဲ ခေါင်းငုံ့နေကြရသည်။

ဟွမ်ချူလင်း၏ ရှေ့တွင် လက်ပ်တော့ တစ်လုံး ရှိနေသည်။ သူသည် ကျောင်းဖိုရမ်ကို ကြည့်နေခြင်း ဖြစ်သည်။ ရှီလဲ့ ထွက်သွားပြီ ဖြစ်သော်လည်း ချန်ဖုန်းနှင့် အဖွဲ့မှာ ဖိုရမ်ကို ပြန်ပြင်ရန် သို့မဟုတ် ဆာဗာကို ထိတွေ့ရန် မဝံ့မရဲ ဖြစ်နေကြသဖြင့် ဟွမ်ချူလင်း လာစစ်ဆေးသည်ကိုသာ စောင့်နေကြခြင်း ဖြစ်သည်။

ဟွမ်ချူလင်း ဖိုရမ်ကို ဖတ်ပြီးသောအခါ ဒေါသထွက်လွန်းသဖြင့် လက်ထဲမှ ခွက်ကို ကြမ်းပြင်ပေါ်သို့ ရိုက်ခွဲပစ်လိုက်သည် -

“ရွှမ်းချင်းတက္ကသိုလ်..မင်းတို့က တော်တော်ရဲတင်းတာပဲ... ငါတို့ သိပ္ပံနှင့်နည်းပညာတက္ကသိုလ်ကို လာပြီး အနိုင်ကျင့်ရဲတယ်ပေါ့”

ရှီလဲ့၏ အင်တာနက်စနစ် ပြောင်းလဲမှုကြောင့် ကျောင်းမှာ ယွမ် ၅ သန်းကျော် ဆုံးရှုံးသွားရခြင်းမှာ အလွန်ကြီးမားသော ပမာဏ ဖြစ်သည်။ ဟွမ်ချူလင်းမှာ နားထင်ကို ပွတ်ရင်း ဘာဆက်လုပ်ရမည်ကိုပင် မစဉ်းစားနိုင်တော့ပေ။

All Chapters