အခန်း (၂၁-၂၂)
Vol. 3 Ch. 21-22
အခန်း - ၂၁
သိပ္ပံနှင့်နည်းပညာတက္ကသိုလ်ကို နှုတ်ဆက်ခဲ့ပြီးနောက် ရှီလဲ့သည် ရွှမ်းချင်းတက္ကသိုလ်၏ ဆာဗာသို့သွားကာ မှတ်တမ်းအားလုံးကို ဖျက်ဆီးပြီး ဆာဗာ၏လုံခြုံရေးကို မြှင့်တင်ပေးခဲ့လိုက်သည်။ထို့နောက် ကုလားထိုင်မှထကာ ကိုယ်လက်ဆန့်ထုတ်ပြီး အစားအစာအချို့ကို သာသာယာယာပင်စားလိုက်သည်။ မျက်နှာပင်မသစ်တော့ဘဲ ကုတင်ပေါ်လှဲကာ အိပ်ပျော်သွားတော့သည်။
နောက်တစ်နေ့နံနက် ကိုးနာရီထိုးခါစတွင် ရှီလဲ့၏ဖုန်းမြည်လာသည်။ ရှီလဲ့သည် ဖုန်းကိုကောက်ကိုင်လိုက်ပြီး မည်သူဆက်သည်ကိုပင် မကြည့်တော့ဘဲ "ခင်ဗျား ဘယ်သူပဲဖြစ်ဖြစ် ဂရုမစိုက်ဘူး၊ သတင်းကောင်းပဲ ပြောဖို့ပြင်ထား..." ဟု ဟောက်လိုက်သည်။
ဖုန်းတစ်ဖက်ခြမ်းမှ ခဏမျှ တိတ်ဆိတ်သွားပြီးနောက် လှောင်ပြောင်သံတစ်ခု ထွက်ပေါ်လာသည် - "အိုး... ရှီထိုး မင်းကတော့ တော်တော်ဒေါသကြီးနေတာပဲ.. အခုထိ အိပ်ရာထဲမှာပဲလား..."
ရှီလဲ့ မျက်လုံးဖွင့်လိုက်သည် - "အစ်ကိုဖုန်းမနက်စောစောစီးစီး ဘာလို့ဖုန်းဆက်တာလဲ... ကျွန်တော့်ကို လာနှုတ်ဆက်တာတော့ မဟုတ်ပါဘူးနော်.."
ဖုန်းဆက်သူမှာ ရှီချောင် ခရိုင်၊ ပါးပေါင်အဆောက်အဦးရှိ တိန်းရှန့်အီလက်ထရောနစ် ပြုပြင်ရေးဆိုင်ပိုင်ရှင် 'စွန်းဖုန်း' ဖြစ်သည်။
စွန်းဖုန်းက လည်ချောင်းရှင်းလိုက်ပြီး - "ရှီထိုး၊ ငါ့မှာ မင်းအတွက် သတင်းကောင်းရှိတယ် မန်နေဂျာဖုန်း ကို မှတ်မိသေးလား.."
ရှီလဲ့ ခဏစဉ်းစားလိုက်ပြီးမှ မှတ်မိသွားသည်။ ဟွမ်ရှီ လုံခြုံရေးကုမ္ပဏီမှ ဖုန်းခဲ့မဟုတ်ပါလား။ "အစ်ကိုဖုန်း၊ မန်နေဂျာဖုန်းက ဘာဖြစ်လို့လဲ"
စွန်းဖုန်းက ရယ်မောရင်း - "မင်းရဲ့အကူအညီ လိုနေတာပေါ့.. ပြီးခဲ့တဲ့တစ်ခေါက်က မန်နေဂျာဖုန်းရဲ့ ဒစ်ဂျစ်တယ်ဓာတ်ပုံအချို့ကို မင်းပြန်ရှာပေးခဲ့တယ်မဟုတ်လား.. ခုနတင်ပဲ မန်နေဂျာဖုန်းက ဖုန်းဆက်တယ်၊ ဆာဗာဒေတာအချို့ ပြန်ရှာချင်လို့တဲ့...မင်းအားလားလို့ မေးနေတယ်..."
ရှီလဲ့ စဉ်းစားလိုက်သည်။ ပြီးခဲ့သည့်တစ်ခေါက်က ဖုန်းခဲ့ကို ကူညီခဲ့စဉ်က သူသည် ဒေတာပြန်ရှာပေးသည့်အတွက် အပိုဆုကြေးများပင် ရခဲ့ဖူးသည်။ ထို့အပြင် နောင်တစ်ချိန်တွင် ဖုန်းခဲ့၏ အကူအညီကိုလည်း သူလိုအပ်နိုင်သေးသည်။ အဓိကကတော့ ဝင်ငွေအပိုရဦးမည် မဟုတ်ပါလား။
ရှီလဲ့က စွန်းဖုန်းကို ငြင်းဆိုခြင်းမပြုဘဲ မေးလိုက်သည် - "အစ်ကိုဖုန်း၊ ဘယ်အချိန်၊ ဘယ်နေရာမှာ တွေ့ရမှာလဲ.."
"ဒီနေ့ အားလား" စွန်းဖုန်းက ချက်ချင်းမေးသည် - "မန်နေဂျာဖုန်းရဲ့ အသံအရဆိုရင် အရေးကြီးပုံရတယ်..သူ့ကုမ္ပဏီမှာပဲ တွေ့ကြမှာ"
ရှီလဲ့က - "အစ်ကိုဖုန်းရော လိုက်မှာလား" ဟု မေးလိုက်သည်။ အကယ်၍ စွန်းဖုန်းသာ မလိုက်ပါက သူစဉ်းစားရဦးမည်။ စွန်းဖုန်းပါလျှင်မူ ဘာမှပူစရာမရှိတော့ပေ။
"ရှီထိုးရာ... မန်နေဂျာဖုန်းက မင်းကိုစားပစ်မှာ မဟုတ်ပါဘူး..မင်းက လူကြီးဖြစ်နေပြီပဲ၊ အခုထိ ငါ့ကို အဖော်လိုက်ခိုင်းနေတုန်းလား.." စွန်းဖုန်းက နောက်ပြောင်လိုက်သည်။
ရှီလဲ့က ရယ်ကာ - "သူက ဂေးလား၊ ဘာလား ဘယ်သူသိမှာလဲ" ဟု ပြန်ပြောလိုက်သည်။
စွန်းဖုန်းက ဖုန်းကိုလက်ဖြင့်အုပ်ကာ - "ငါ့ကောင်ရေ... ဒါတွေကို လူကွယ်ရာမှာပဲပြော.. မန်နေဂျာဖုန်း ရှေ့မှာတော့ သွားမပြောနဲ့ဦး"
"ဟုတ်ပါပြီဗျာ၊ ကျွန်တော်က အဲ့လောက်မအပါဘူး.." ရှီလဲ့က ပြန်ဖြေလိုက်သည်။
စွန်းဖုန်းက စိတ်အေးသွားပြီး - "ကဲ... ဒါဆို ငါမင်းနဲ့အတူ လိုက်ခဲ့မယ်" ဟု ပြောလိုက်သည်။
သူတို့နှစ်ဦးမှာ ရှီချောင်ခရိုင်တွင် တွေ့ဆုံရန် သဘောတူလိုက်ကြသည်။ ဖုန်းခဲ့၏ ကုမ္ပဏီမှာလည်း ထိုခရိုင်ရှိ ပါးပေါင် အဆောက်အဦးတွင်ပင် ရှိသည်။ ရှီလဲ့တို့ ဘတ်စ်ကားစီးကာ အဆောက်အဦးသို့ ရောက်သောအခါ ၁၁ နာရီပင် ထိုးခါနီးနေပြီဖြစ်သည်။
နယ်မြေတစ်ခုကို ဖြတ်ကျော်ရန် ဘတ်စ်ကားစီးရသည်မှာ တကယ့်ကို ဒုက္ခပင်။ ကားပေါ်တွင် တစ်နာရီကျော်မျှ အချိန်ကုန်သွားခဲ့ရ၏။ ရှီလဲ့အနေဖြင့် ယခင်ဘဝက သူစီးခဲ့သော ပြိုင်ကားလေးကိုပင် လွမ်းဆွတ်မိသွားသည်။
ပါပေါင်အဆောက်အဦးထဲသို့ ဝင်ကာ တိန်းရှန့် အီလက်ထရောနစ် ပြုပြင်ရေးဆိုင်သို့ တိုက်ရိုက်သွားလိုက်သည်။ မထင်မှတ်ဘဲ ဖုန်းခဲ့မှာ ထိုနေရာတွင် စောင့်ဆိုင်းနေသည်ကို တွေ့လိုက်ရသည်။
ဖုန်းခဲ့၏ မျက်နှာတွင် ပြုံးယောင်သန်းနေသော်လည်း မျက်လုံးများတွင်မူ စိုးရိမ်ပူပန်မှုများ ရှိနေသည် - "မစ္စတာရှီ... နောက်ဆုံးတော့ ရောက်လာပြီပဲ"
ရှီလဲ့က ဟန်ဆောင်ကာ ညည်းတွားလိုက်သည် - "မတတ်နိုင်ဘူးလေ၊ ရွှမ်းဟူ ခရိုင်ကနေ ဒီကိုလာတာ တစ်နာရီကျော် ကြာတာကိုး"
ဖုန်းခဲ့က - "ရပါတယ်၊ ကျွန်တော်တို့ စောင့်နိုင်ပါတယ် မစ္စတာရှီ၊ နေ့လယ်စာ အရင်သွားစားကြမလား" ဟု မေးသည်။
ရှီလဲ့က ခေါင်းခါလိုက်သည်။ ဖုန်းခယ်မှာ ဒယ်အိုးပူပေါ်က ပုရွက်ဆိတ်လို ဖြစ်နေသည်ကို သူ ဘယ်မသိဘဲ နေပါမည်နည်း။ "မန်နေဂျာဖုန်း၊ အလုပ်အရင်စလိုက်ကြရအောင် ခင်ဗျားက ကျွန်တော့်ရဲ့ ထမင်းရှင်ပဲလေ ခင်ဗျားဆီက ပိုက်ဆံယူထားမှတော့ ကူညီပေးရမှာပေါ့"
ဖုန်းခဲ့ သက်ပြင်းချလိုက်ပြီး - "ဒီဘက်က ကြွပါ၊ ကျွန်တော့်ကုမ္ပဏီက ဒီအဆောက်အဦးထဲမှာပဲ ရှိပါတယ်" ဟု လမ်းညွှန်လိုက်သည်။ ရှီလဲ့သည် စွန်းဖုန်းကို ကြည့်လိုက်ရာ သူလည်း ဖုန်းခဲ့နှင့်အတူ လိုက်ပါလာသည်ကို တွေ့ရသဖြင့် ပြုံးပြလိုက်သည်။
ဓာတ်လှေကားထဲတွင် ဖုန်းခဲ့က ၂၈ လွှာ ခလုတ်ကို နှိပ်လိုက်သည်။ ၂၈ လွှာ တစ်လွှာလုံးမှာ လုံခြုံရေးကုမ္ပဏီ၏ နယ်မြေပင် ဖြစ်သည်။ ရှီလဲ့သည် ဖုန်းခဲ့နောက်မှ လိုက်ရင်း စိတ်ထဲမှ ချီးကျူးနေမိသည်။ ဤကုမ္ပဏီမှာ တကယ်ပင် ပိုင်ဆိုင်မှု သန်း ၁၀၀ ကျော်ရှိသော ကုမ္ပဏီကြီးတစ်ခု ဖြစ်ပေသည်။
ဖုန်းခဲ့က ရှီလဲ့ကို IT ဌာနသို့ ခေါ်ဆောင်လာရင်း လမ်းတွင် တောင်းပန်စကား ဆိုသည် - "တောင်းပန်ပါတယ် မစ္စတာရှီ၊ ကုမ္ပဏီကို အရင်မလှည့်ပြနိုင်လို့.. အရင်ဆုံး ဆာဗာကို စစ်ဆေးပြီး ဒေတာတွေ ပြန်ရှာလို့ရမလားဆိုတာ ကြည့်ပေးပါဦး.. ပြီးမှ ကျွန်တော် ကုမ္ပဏီကို လိုက်ပြပါ့မယ်.."
ရှီလဲ့က သာမန်ကာလျှံကာပင် - "ဝယ်သူက ဘုရားသခင်ပဲလေ.." ဟု ဖြေလိုက်သည်။
IT ဌာနထဲတွင် ဝန်ထမ်း ၁၀ ဦးကျော်မှာ စာရွက်စာတမ်းများကို အသည်းအသန် စုစည်းနေကြသည်။ ဖုန်းခဲ့ ဝင်လာသောအခါ ထိပ်ပြောင်ပြောင်နှင့် အသက်လတ်ပိုင်း အမျိုးသားတစ်ဦး အပြေးအလွှား ရောက်လာသည် - "မင်္ဂလာပါ ဥက္ကဋ္ဌကြီး"
ဖုန်းခဲ့က လက်ယမ်းပြပြီး ရှီလဲ့နှင့် မိတ်ဆက်ပေးလိုက်သည် - "မစ္စတာရှီ၊ ဒါက IT ဌာနရဲ့ ကြီးကြပ်ရေးမှူး 'မာယုံ' ပါ...မေးစရာရှိတာရှိရင် သူ့ကို မေးလို့ရပါတယ်.."
မာယုံက ရှီလဲ့ကို အံ့သြတကြီး ကြည့်လိုက်သည်။ အသွင်အပြင်အရ ရှီလဲ့မှာ အသက် ၂၀ ကျော် လူငယ်လေးတစ်ဦးသာ ဖြစ်ပြီး၊ ဝတ်စုံမှာလည်း လမ်းဘေးဆိုင်က ပစ္စည်းများသာ ဖြစ်သည်။ သူသည် ချမ်းသာသော ဒုတိယမျိုးဆက် သို့မဟုတ် အရာရှိသားသမီးနှင့်လည်း မတူပေ။ ဥက္ကဋ္ဌက ဘာကြောင့် သူ့ကို 'မစ္စတာရှီ' ဟု ခေါ်နေသည်ကို မာယုံ နားမလည်နိုင်ပေ။
သို့သော် ဥက္ကဋ္ဌကိုယ်တိုင် ခေါ်ဆိုနေသဖြင့် မာယုံက လက်ကမ်းကာ နှုတ်ဆက်လိုက်သည် - "မစ္စတာရှီ၊ တွေ့ရတာ ဝမ်းသာပါတယ်..."
ရှီလဲ့ကလည်း လက်ဆွဲနှုတ်ဆက်ကာ - "တွေ့ရတာ ဝမ်းသာပါတယ် ကြီးကြပ်ရေးမှူးမာ.." ဟု ပြန်ပြောလိုက်သည်။ မာယုံက ဖုန်းခဲ့ကို ကြည့်လိုက်သော်လည်း ဖုန်းခဲ့မှာ ထပ်မံမိတ်ဆက်ပေးရန် ဆန္ဒမရှိသည်ကို တွေ့ရသဖြင့် ဆက်မမေးတော့ပေ။
"ရှောင်မာ အခြေအနေ ဘယ်လိုလဲ" ဟု ဖုန်းခဲ့က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
"ဥက္ကဋ္ဌကြီး၊ အခြေအနေက မကောင်းပါဘူး" မာယုံက ဆက်ပြောသည် - "ဒီတစ်ခေါက်မှာ ကျွန်တော်တို့ ဆာဗာက ကျူးကျော်ခံရတာ မဟုတ်ပေမယ့်၊ တစ်ဖက်လူရဲ့ ဗိုင်းရပ်စ်ဗုံးကြောင့် ဆာဗာတစ်ခုလုံး ရှုပ်ထွေးသွားရပါတယ်.. အချက်အလက်အားလုံးနီးပါး ခဏချင်းအတွင်း ပျက်စီးသွားပါတယ်"
ဖုန်းခဲ့က မာယုံကို စိုက်ကြည့်ကာ ဒေါသတကြီး မေးလိုက်သည် - "မိတ္တူ ဆာဗာကော ဘယ်လိုလဲ"
မာယုံက ခေါင်းငုံ့ကာ - "မသိရသေးတဲ့ အကြောင်းရင်းတွေကြောင့် မိတ္တူဆာဗာထဲက ဒေတာတွေပါ မှားယွင်းနေပါတယ် ကျွန်တော်တို့ ပြန်ပြင်ဖို့ ကြိုးစားနေပါတယ်.." ဟု ဖြေသည်။
ဖုန်းခဲ့ ဒေါသထွက်သွားသည် - "အသုံးမကျတဲ့ အမှိုက်တွေ"
မာယုံ၏ နဖူးတွင် ချွေးများ ထွက်လာပြီး ခေါင်းမဖော်ရဲတော့ပေ။ ဖုန်းခဲ့က အသက်ပြင်းပြင်းရှူကာ - "မစ္စတာရှီ၊ ခင်ဗျားကိုပဲ အားကိုးရတော့မယ်" ဟု ပြောလိုက်သည်။
ရှီလဲ့မှာ မာန်တက်နေခြင်း မဟုတ်ဘဲ ယုံကြည်မှုအပြည့်ဖြင့် - "မန်နေဂျာဖုန်း၊ ဟာ့ဒ်ဝဲ ပိုင်း ပြဿနာမဟုတ်သရွေ့တော့ ဘာမှစိုးရိမ်စရာမရှိဘူးလို့ ထင်ပါတယ်" ဟု ဖြေလိုက်သည်။
၂၀၀၆ ခုနှစ်၏ နည်းပညာအရ ဟာ့ဒ်ဒရိုက် ထဲမှ ဒေတာများကို လုံးဝပျောက်ကွယ်အောင် ဖျက်ရန်မှာ အလွန်ခက်ခဲလှသည်။ ရှီလဲ့ ပြီးခဲ့သည့်တစ်ခေါက်က ရေးသားခဲ့သော ဆော့ဖ်ဝဲသည် ပျက်သွားသော ဒေတာများကို ပြန်လည်ရှာဖွေပေးနိုင်စွမ်း ရှိသည်။
"ကြီးကြပ်ရေးမှူးမာ၊ ပျက်နေတဲ့ ဆာဗာဆီ ကျွန်တော့်ကို ခေါ်သွားပေးပါဦး.." ရှီလဲ့က မာယုံကို ကြည့်ကာ ပြောလိုက်သည်။
မာယုံက ခေါင်းမော့ကာ ရှီလဲ့ကို တစ်ချက်ကြည့်ပြီး လှောင်ပြောင်သည့်အသံဖြင့် - "မစ္စတာရှီက ဒေတာတွေ ပြန်ရှာတတ်လို့လား.." ဟု မေးသည်။
"ဘာလို့လဲ.." ရှီလဲ့က ပြုံးကာ - "ကျွန်တော့်ရုပ်က မတတ်မယ့်ရုပ် ပေါက်နေလို့လား.." ဟု ပြန်မေးလိုက်သည်။
မာယုံက နှာခေါင်းရှုံ့ကာ - "မစ္စတာရှီ၊ ကျွန်တော်တို့ ဆာဗာထဲက ဒေတာတွေဟာ ကုမ္ပဏီရဲ့ ကံကြမ္မာနဲ့ ဆက်စပ်နေတာပါ.. ဒါဟာ EasyRecovery လို ဆော့ဖ်ဝဲမျိုးနဲ့ အပျော်တမ်း ပြန်ရှာလို့ရတဲ့အရာ မဟုတ်ဘူး.." ဟု ပြောလိုက်သည်။
ရှီလဲ့က ပြန်လည်တိုက်စစ်ဆင်လိုက်သည် - "အို! ကြီးကြပ်ရေးမှူးမာက EasyRecovery အကြောင်းတောင် သိတာပဲလား... အဲဒါဆို ခင်ဗျားလည်း အဲဒါကို သုံးဖူးတာပေါ့ ဟုတ်လား.."
မာယုံ၏ မျက်နှာမှာ မပျက်ဘဲ မာန်တက်စွာဖြင့် - "ဟက် ကျွန်တော်တို့က ကိုယ်ပိုင်ဒေတာပြန်ရှာတဲ့ ဆော့ဖ်ဝဲကို ရေးသားထားပြီးသားပါ... အခုလည်း အဲဒါနဲ့ပဲ ပြန်ရှာနေတာ" ဟု ပြောသည်။
ရှီလဲ့က လှောင်ပြောင်လိုက်သည် - "ကြီးကြပ်ရေးမှူးမာက ကိုယ်ပိုင်ဆော့ဖ်ဝဲတောင် ရေးနိုင်တာလား...တကယ့်ကို ကျွမ်းကျင်သူကြီးပါပဲ..ဒါနဲ့ ဒေတာတွေ ပြန်ရှာလို့ ဘယ်လောက်ရပြီလဲ.."
ဖုန်းခဲ့က ဘေးမှနေ၍ အေးစက်စွာ ကြည့်နေသည်။ သူသည် မာယုံကိုလည်း မဆူသလို၊ ရှီလဲ့ဘက်ကလည်း မကူပေ။ ဤသည်မှာ ဖုန်းခဲ့၏ စမ်းသပ်မှုတစ်ခုဖြစ်ကြောင်း ရှီလဲ့ သိလိုက်သည်။
မာယုံ၏ အစီရင်ခံစာအရ ရှီလဲ့သည် အခြေအနေကို အကြမ်းဖျင်း နားလည်သွားပြီဖြစ်သည်။ ကုမ္ပဏီ၏ ဆာဗာမှာ ဗိုင်းရပ်စ်နှင့် ထရိုဂျန် တိုက်ခိုက်မှုကြောင့် ဒေတာများစွာ ဆုံးရှုံးနေခြင်း ဖြစ်သည်။ ဖုန်းခယ်သည်လည်း ရှီလဲ့၏ စွမ်းရည်ကို သံသယရှိနေသဖြင့် မာယုံကို အသုံးချကာ စမ်းသပ်နေခြင်း ဖြစ်သည်။
မာယုံသည် ရှီလဲ့ကို ကြွားချင်သော်လည်း လက်တွေ့တွင်မူ သူတို့ ဘာတိုးတက်မှုမျှ မရှိပေ။ ဆာဗာထဲတွင် ဗိုင်းရပ်စ်များနှင့် မလိုလားအပ်သော ပရိုဂရမ်များက အမှိုက်ဖိုင်များကို တောက်လျှောက် ဖန်တီးလိုက်၊ ဖျက်လိုက် လုပ်နေသဖြင့် ဒေတာများမှာ တစ်ခုပေါ်တစ်ခု ထပ်ကာထပ်ကာ ပျက်စီးနေခြင်း ဖြစ်သည်။ ဤသည်မှာ သာမန်လူများအတွက် ပြန်ရှာရန် အလွန်ခက်ခဲလှသည်။
"အခု ပြန်ရှာနေတုန်းပဲ.." မာယုံက တည်ငြိမ်စွာ ပြောသည် - "ခဏစောင့်၊ အားလုံး ပြန်ရလာလိမ့်မယ်.."
ရှီလဲ့ စိတ်ထဲမှ ရယ်လိုက်သည်။ အကယ်၍ မာယုံတွင် နည်းလမ်းရှိပါက ဖုန်းခဲ့က သူ့ကို ဘာကြောင့် လာရှာပါမည်နည်း။ "ဒီလိုဆိုရင်တော့ မန်နေဂျာဖုန်း၊ ကျွန်တော် ပြန်ပါတော့မယ် ကျောင်းမှာလည်း လုပ်စရာတွေ ရှိသေးလို့၊ ခင်ဗျားတို့ရဲ့ အချိန်ကို မဖြုန်းတော့ပါဘူး"
ဖုန်းခဲ့က ချက်ချင်းပင် မာယုံကို ဟောက်လိုက်သည် - "ရှောင်မာ၊ မစ္စတာရှီကို အခုချက်ချင်း တောင်းပန်စမ်း"
မာယုံမှာလည်း အရှက်ကို ဂရုမစိုက်ဘဲ ဘာမှမဖြစ်သလိုဖြင့် - "မစ္စတာရှီ၊ တောင်းပန်ပါတယ်..ခုနက စော်ကားမိတာကို ခွင့်လွှတ်ပေးပါ" ဟု ချက်ချင်း တောင်းပန်လိုက်သည်။
ရှီလဲ့သည် သူတို့နှစ်ဦး၏ သရုပ်ဆောင်မှုကို ကြည့်မြင်နေရသည်။ စိတ်ထဲတွင် အဖုအထစ် ရှိသော်လည်း ပိုက်ဆံနှင့်တော့ ရန်မဖြစ်လိုပေ။ သို့သော် ဖုန်းခဲ့က သူ့ကို လှည့်စားရန် ကြိုးစားနေမှတော့ သူလည်း အမှန်အတိုင်း လုပ်ပေးရန် မလိုတော့ပေ။
"ရပါတယ် ကြီးကြပ်ရေးမှူးမာ ကဲ... ခင်ဗျားတို့ ဆာဗာကို အရင်သွားကြည့်ကြရအောင်"
မာယုံက ရှေ့မှဦးဆောင်သွားပြီး ရှီလဲ့နှင့် အဖွဲ့မှာ နောက်မှလိုက်လာကြသည်။ စတုရန်းမီတာ ၁၀၀ ကျော် ကျယ်ဝန်းသော အခန်းထဲတွင် ဆာဗာများကို ထားရှိထားသည်။ မျက်မှန်တပ်ထားသော နည်းပညာရှင် အချို့က မာယုံကို မြင်သည်နှင့် - "ကြီးကြပ်ရေးမှူး၊ အဆင်မပြေသေးဘူးခင်ဗျ" ဟု သတင်းပို့ကြသည်။
မာယုံက လက်ယမ်းတားလိုက်ပြီး - "အားလုံး ဖယ်ပေးလိုက်ကြ၊ ဥက္ကဋ္ဌကြီးက ကျွမ်းကျင်သူတစ်ယောက် ခေါ်လာတယ်" ဟု လှောင်သံပါပါ ပြောလိုက်သည်။ သူသည် ရှီလဲ့အပေါ် မကျေမနပ် ဖြစ်နေဆဲပင်။
ရှီလဲ့သည် ဆာဗာဘေးတွင် ထိုင်လိုက်ပြီး မောက်စ် ကို အသုံးပြုကာ ဟိုဟိုဒီဒီ ကြည့်လိုက်သည်။
"ဘယ်လိုလဲ" ဖုန်းခဲ့က အရင်မေးသည်။
ရှီလဲ့သည် ခေါင်းပင်မလှည့်ဘဲ - "အခြေအနေက ဆိုးပေမယ့် ကယ်တင်လို့တော့ ရပါသေးတယ်.. ဒါပေမဲ့..." ရှီလဲ့ စကားကို ရပ်လိုက်ပြီး မာယုံကို ကြည့်လိုက်သည်။
"မစ္စတာရှီ၊ ဒါပေမဲ့ ဘာဖြစ်လို့လဲ.." ဖုန်းခဲ့က စိုးရိမ်တကြီး မေးသည်။
ရှီလဲ့က အေးအေးဆေးဆေးပင် - "မန်နေဂျာဖုန်း၊ ခင်ဗျားရဲ့ ဝန်ထမ်းတွေက တကယ့်ကို ပါရမီရှင်တွေပဲ.. သူတို့က အသိပညာ ရှိကြပေမယ့် ဆာဗာကို မဆင်မခြင် ကိုင်တွယ်တာကတော့ အတတ်ပညာရှင်တွေရဲ့ ကျင့်ဝတ်နဲ့ မညီဘူး.. တကယ်ဆို ဒီပြဿနာက အလွယ်လေး ဖြေရှင်းလို့ရတာကို သူတို့ လျှောက်ကိုင်လိုက်လို့ အခြေအနေက ပိုဆိုးသွားတာ.." ဟု ပြောလိုက်သည်။
ဖုန်းခဲ့က မျက်မှောင်ကြုတ်ကာ နည်းပညာရှင်များကို စိုက်ကြည့်လိုက်သည် - "မစ္စတာရှီ၊ ဒေတာတွေ ပြန်ရနိုင်မလား"
ရှီလဲ့ ခေါင်းညိတ်ပြသည် - "ရပါတယ် မပူပါနဲ့ မန်နေဂျာဖုန်း..အခုပဲ ကျွန်တော် စပြီး ပြန်ရှာပေးပါ့မယ်..ဒါပေမဲ့ ကျွန်တော့်မှာ တောင်းဆိုချက်တစ်ခု ရှိတယ်"
ဖုန်းခဲ့က အနည်းငယ် မကျေမနပ်ဖြစ်သွားဟန်ဖြင့် - "ဘာတောင်းဆိုချက်လဲ"
"မန်နေဂျာဖုန်း၊ အခက်ကြီး မဟုတ်ပါဘူး" ရှီလဲ့က ပြုံးကာ ပြန်ဖြေသည် - "ခင်ဗျားရဲ့ နည်းပညာရှင်တွေ အားလုံးကို အပြင်ထွက်ပေးဖို့ပါပဲ.. ကျွန်တော့်ရဲ့ ပညာကို သူတို့ ခိုးသင်သွားမှာ စိုးလို့ပါ"
အခန်း - ၂၂
ဖုန်းခဲ့ ၏ လုံခြုံရေးကုမ္ပဏီအတွင်း၌ မာယုံ နှင့် အခြားနည်းပညာရှင်များ၏ မျက်နှာများသည် အကျည်းတန်စွာ ပျက်ယွင်းနေကြသည်။
'ဒါက အတတ်ပညာနဲ့ စော်ကားလိုက်တာပဲ'
ရှီလဲ့က သူတို့ကို ဒီလိုနည်းနဲ့ အရှက်ခွဲဝံ့တယ်ပေါ့။
ဒီလောကထဲမှာ ဆယ်စုနှစ်တစ်ခုကျော် ကျင်လည်ခဲ့တဲ့ မာယုံလို လူတစ်ယောက်တောင် ဒေါသကို မထိန်းနိုင်တော့ဘဲ "မစ္စတာရှီ... တကယ်လို့ ခင်ဗျားပြောသလိုဆိုရင် ကျွန်တော်တို့ ဆာဗာထဲက ဒေတာ တွေအားလုံးကို ခင်ဗျား အသေအချာ ပြန်လည်ရယူပေးနိုင်တယ်ပေါ့ ဟုတ်လား"
ရှီလဲ့က ဂုဏ်ယူဝင့်ကြွားစွာ ခေါင်းညိတ်ပြလိုက်ပြီး "ဒါပေါ့"
"တကယ်လို့ ခင်ဗျား ဒေတာတွေကို ပြန်မရယူပေးနိုင်ရင်ရော" မာယုံက လှောင်ပြုံးပြုံးရင်း "လူပါးဝတာက အခွန်ဆောင်ရတာမဟုတ်ဘူးနော်..အလကား လေလုံးထွားနေတာက လေလည်တာနဲ့ အတူတူပဲ၊ ထွက်သွားပြီးရင် ပြီးသွားတာ"
ရှီလဲ့က မျက်ခုံးပင့်လိုက်သည်။ "တကယ်လို့ ကျွန်တော် ဒေတာတွေအားလုံးကို ပြန်ရှာပေးနိုင်ရင်ရော ဘာဖြစ်မလဲ.. တောင်းပန်တာတို့ ဘာတို့ လာမပြောနဲ့ဦး.. ခင်ဗျားတို့ရဲ့ တောင်းပန်မှုကို ဂရုမစိုက်ဘူး"
မာယုံ ခေတ္တမျှ တွေဝေသွားသည်။ ရှီလဲ့က ငယ်လွန်းလှသည်။ အလွန်ငယ်လွန်းသည့်အတွက် သူ့တွင် ထူးချွန်သော အရည်အချင်းရှိသည်ဆိုသည်မှာ ယုံကြည်ရန် ခက်ခဲလွန်းလှသည်။ "မစ္စတာရှီ... ခင်ဗျား ဘယ်လိုလုပ်ချင်လဲ.. ဘာပဲဖြစ်ဖြစ် ခင်ဗျားက ကျောင်းသားတစ်ယောက်ပဲ ရှိသေးတာ.."
မာယုံက ရှီလဲ့ကို မျက်စောင်းထိုးကြည့်ရင်း ခနဲ့တဲ့တဲ့ ပြောလိုက်သည်။ သူသည် ရှီလဲ့က ငယ်ရွယ်ပြီး ဆင်းရဲသူဖြစ်သည်ကို အခွင့်ကောင်းယူကာ အနိုင်ကျင့်နေခြင်းမှာ ထင်ရှားလှသည်။
ရှီလဲ့က မျက်လုံးလှန်ကြည့်လိုက်ပြီး ဖုန်းခဲ့ကို လှည့်ကြည့်ကာ "မန်နေဂျာဖုန်း... ခင်ဗျားရဲ့ ဆာဗာထဲက ဒေတာတွေကို ကျွန်တော် ပြန်ရှာပေးနိုင်ပါတယ် ဒါပေမဲ့ ခင်ဗျားတို့ ဆာဗာရဲ့ အခြေအနေကြောင့် ဒေတာပြန်လည်ရယူခကတော့ နည်းနည်းစျေးကြီးလိမ့်မယ်"
ဖုန်းခဲ့က မည်သည့်ခံစားချက်မှမရှိသော မျက်နှာထားဖြင့် "ဘယ်လောက်လဲ"
ရှီလဲ့က လက်ညှိုးသုံးချောင်း ထောင်ပြလိုက်ပြီး အဆမတန်သော စျေးနှုန်းတစ်ခုကို တောင်းဆိုလိုက်သည် "သုံးသောင်း"
"ပြဿနာမရှိဘူး" ဖုန်းခဲ့က မျက်တောင်တစ်ချက်ပင် မခတ်ဘဲ သဘောတူလိုက်သည်။
ရှီလဲ့ စိတ်ထဲကနေ ရေရွတ်လိုက်မိသည်။ 'ငါတောင်းတာ နည်းသွားတာများလား'
သူ နည်းနည်း နောင်တရသွားသော်လည်း ရှီလဲ့သည် စကားကို ပြန်ပြင်ပြီး စျေးတိုးတောင်းမည့်သူမျိုး မဟုတ်ပေ။ သူက မာယုံဘက် လှည့်လိုက်ပြီး "မန်နေဂျာမာ... ဒီ သုံးသောင်းနဲ့ပဲ လောင်းကြေးထပ်ရအောင်..တကယ်လို့ ကျွန်တော် ဒေတာတွေကို ပြန်ရယူပေးနိုင်ရင် ခင်ဗျား ကျွန်တော့်ကို နောက်ထပ် သုံးသောင်း ပေးရမယ်.."
မာယုံ တွေဝေသွားသည်။
ရှီလဲ့က နှာခေါင်းရှုံ့လိုက်သည်။ "မန်နေဂျာမာ... ခင်ဗျား မေလာင်းရဲဘူးမလား"
"ဘာလို့ မလောင်းရဲရမှာလဲ" မာယုံက ခေါင်းမော့လိုက်ပြီး လှောင်ပြောင်သော လေသံဖြင့် "ဒါပေမဲ့ မစ္စတာရှီ... ခင်ဗျားသာ ဆာဗာကို ပြန်မပြင်နိုင်ရင် ဆင်းရဲတဲ့ ကျောင်းသားတစ်ယောက်ဖြစ်တဲ့ ခင်ဗျားက ကျွန်တော့်ကို သုံးသောင်း ဘယ်လိုပေးမှာလဲ"
ရှီလဲ့ ဘာမှမပြောရသေးခင်မှာပင် စွန်းဖုန်းက ဦးအောင် ဝင်ပြောလိုက်သည်။ "ရှီထို အတွက် ကျွန်တော် ပေးမယ်..ကျွန်တော်က အောက်ထပ်မှာ ပြင်ဆင်ရေးဆိုင်လေးပဲ ဖွင့်ထားတာဆိုပေမဲ့ ယွမ်သုံးသောင်းတော့ တတ်နိုင်ပါသေးတယ်..."
ရှီလဲ့သည် စွန်းဖုန်းကို စိတ်လှုပ်ရှားစွာ ကြည့်လိုက်ပြီး "အစ်ကိုဖုန်း... ကျေးဇူးတင်ပါတယ်"
"ရှီထို... ငါတို့ သိလာတာလည်း နှစ်အတော်ကြာပြီ..တကယ်လို့ မင်း ဒီတစ်ခါ ရှုံးရင်တော့ နောင်ကို ငါ့ဆီမှာ အလကား အလုပ်အကျွေးပြုရမယ်နော်.." စွန်းဖုန်းက နောက်ပြောင်လိုက်သည်။
ရှီလဲ့က လေးလေးနက်နက် ခေါင်းညိတ်လိုက်ပြီး "မန်နေဂျာဖုန်း... ခင်ဗျားတို့အားလုံး အပြင်ထွက်ပေးလို့ ရပါပြီ.. ကျွန်တော် ဒေတာတွေကို စပြီး ပြန်ယူပါတော့မယ်.."
ဖုန်းခဲ့က မတွေဝေတော့ပေ။ သူသည် အိုင်တီဌာနမှ လူများနှင့် စွန်းဖုန်းကိုပါ ခေါ်ပြီး အပြင်သို့ ထွက်သွားရန် ပြင်သည်။
ရှီလဲ့က သူ့ကို တားလိုက်သည်။ "အစ်ကိုဖုန်း... အစ်ကိုက ဘာလို့ အပြင်ထွက်မှာလဲ.."
စွန်းဖုန်း ကြောင်သွားသည်။ ထို့နောက် သူက တဟားဟား ရယ်မောပြီး ကျန်ရစ်ခဲ့သည်။
ဖုန်းခဲ့က အိုင်တီဌာနကို အပြင်သို့ ခေါ်သွားသောအခါ စွန်းဖုန်းက မေးလိုက်သည်။ "ရှီထို... မင်း တကယ် လုပ်နိုင်မှာ သေချာရဲ့လား"
ရှီလဲ့က ရယ်မောရင်း သူ၏ ယူအက်စ်ဘီဒရိုက်တစ်ခုကို ထုတ်လိုက်သည်။ "အစ်ကိုဖုန်း... ပြီးခဲ့တဲ့တစ်ခေါက်က ကျွန်တော့်ရဲ့ စွမ်းဆောင်ရည်ကို မတွေ့ခဲ့ဘူးလား"
စွန်းဖုန်းက တံတွေးထွေးလိုက်ပြီး "ပြီးခဲ့တဲ့တစ်ခေါက်..ပြီးခဲ့တဲ့တစ်ခေါက်က ဓာတ်ပုံ ၆၂ ပုံ ပြန်ရဖို့ မင်း ၄ နာရီနီးပါး အချိန်ပေးခဲ့ရတယ် မဟုတ်လား..ဒါက ဘာစွမ်းဆောင်ရည်လဲ.."
ရှီလေ မျက်လုံးလှန်လိုက်သည်။ "အစ်ကိုဖုန်း... အစ်ကို့လို လူတစ်ယောက်က ဘာအရည်အချင်းမှ မရှိဘဲနဲ့ ဒီပြင်ဆင်ရေးဆိုင်ကို ဘယ်လိုများ ရပ်တည်နေလဲဆိုတာ ကျွန်တော် တကယ် နားမလည်တော့ဘူး... ပြောပြရဦးမယ်... ပြီးခဲ့တဲ့တစ်ခေါက်က အချိန်အကြာကြီး ပေးခဲ့ရတာက ကျွန်တော့်မှာ အဆင်သင့်သုံးလို့ရတဲ့ ဒေတာရှာဖွေရေး ဆော့ဖ်ဝဲလ်မရှိလို့... အဲဒီ ၄ နာရီရဲ့ ၉၀ ရာခိုင်နှုန်းကျော်က ကျွန်တော် ဒေတာရှာဖွေရေး ဆော့ဖ်ဝဲလ်တစ်ခုကို ကိုယ်တိုင် ရေးနေခဲ့တာ.."
စွန်းဖုန်းက သံသယဖြင့် မေးလိုက်သည်။ "ရှီထို... မင်းပြောချင်တာက ဒီတစ်ခါ ဒေတာပြန်ရှာတာက အချိန်အများကြီး မပေးရဘူးပေါ့ ဟုတ်လား.."
ရှီလဲ့က ပေါ့ပေါ့ပါးပါးပင် ခေါင်းညိတ်လိုက်သည်။ "အစ်ကိုဖုန်း... ကွန်ပျူတာတစ်လုံး ယူပြီး ဂိမ်းပဲ သွားကစားနေလိုက်..ကျွန်တော် ဒေတာတွေကို အရင် ပြန်ရှာလိုက်ဦးမယ်.."
စွန်းဖုန်းက မတတ်သာဘဲ ခေါင်းညိတ်လိုက်သည်။
ရှီလဲ့က လည်ပတ်နိုင်သော ထိုင်ခုံပေါ်တွင် ထိုင်လိုက်သည်။ ပထမဦးစွာ သူသည် ဆာဗာ၏ လုံခြုံရေးမူဝါဒ ကို ဖွင့်လိုက်သည်။ အပြောင်းအလဲ အချို့ ပြုလုပ်ပြီးနောက်၊ သူသည် ဗိုင်းရပ်စ်နှိမ်နင်းရေး ဆော့ဖ်ဝဲလ်ကို အသုံးပြု၍ ပုန်းကွယ်နေသော ဗိုင်းရပ်စ်ကို အောင်မြင်စွာ ဖမ်းဆီးလိုက်သည်။ ထို့နောက် ယူအက်စ်ဘီ ကို ဆာဗာပေါက်ထဲသို့ ထိုးထည့်လိုက်ပြီး သူကိုယ်တိုင် ရေးသားထားသော 'Deep Recovery' ဆော့ဖ်ဝဲလ်ကို တိုက်ရိုက် စတင်လိုက်သည်။
အမှန်အတိုင်းပြောရလျှင် ဖုန်းခဲ့၏လုံခြုံရေးကုမ္ပဏီ၏ ဆာဗာထဲတွင် ဒေတာဖိုင် မည်မျှ ဖျက်ဆီးခံထားရသည်ကို ရှီလဲ့ကိုယ်တိုင်လည်း မသိပေ။ မာယုံကို မေးလျှင်ပင် ထိုလူက ရှီလဲ့ကို ပြောပြမည်မဟုတ်ဘဲ လှောင်ပြောင်နေဦးမည်ဖြစ်သည်။ သို့သော် ရှီလဲ့က မေးရန် အစီအစဉ် မရှိပေ။
မည်သည့်ဖိုင်များကို ပြန်လည်ရယူလိုသည်ကို မသိသော်လည်း ရှီလဲ့တွင် သူ့နည်းသူ့ဟန် ရှိသည်။ ရှီလဲ့သည် Deep Recovery ဆော့ဖ်ဝဲလ်ကို ကိုယ်တိုင် ရေးသားခဲ့ခြင်းဖြစ်သည်။ အချို့သော အပိုင်းများတွင် ၂၀၂၀ ခုနှစ်၏ သီအိုရီအသစ်များကို အသုံးချထားသည်။
၂၀၀၆ ခုနှစ် ကာလအပိုင်းအခြားအတွက်မူ ၎င်းမှာ စိတ်ကူးယဉ်စရာပင် ဖြစ်နေလိမ့်မည်။
အမှိုက်ဖိုင်များကို ထပ်ခါတလဲလဲ ကူးယူလိုက်၊ ဖျက်လိုက် လုပ်နေတတ်သည်။ အမှိုက်ဖိုင်များကို မဖျက်မီတွင် ဆာဗာပေါ်တွင် သိမ်းဆည်းထားသမျှ ဖိုင်အားလုံးကို အရင် ဖျက်ဆီးပစ်မည်ဖြစ်သည်။ ပထမဆုံးအကြိမ် အကြီးအကျယ် ဖိုင်ဖျက်ဆီးခံရသည့် အချိန်အတိအကျကို ရှာတွေ့ရုံဖြင့် ထိုအချိန်ကို အခြေခံထားကာ ယခင်က ဖျက်ဆီးခံခဲ့ရသမျှ ဖိုင်အားလုံးကို ပြန်လည် ရယူနိုင်မည်ဖြစ်သည်။
ထိုအချိန်နောက်ပိုင်းမှ ဖျက်ဆီးခံရသော မှတ်တမ်းများအတွက်မူ ရှီလဲ့က အချို့ကို ကျပန်းရွေးချယ်ပြီး ပြန်လည်ရယူကာ ၎င်းတို့သည် အမှိုက်ဖိုင်များ ဟုတ်မဟုတ်ကို ဆုံးဖြတ်ချက် မချမီ စစ်ဆေးမည်ဖြစ်သည်။
အခြေခံအဆင့် ဆာဗာများမှာ စွမ်းဆောင်ရည်ပိုင်းအရ သာမန် PC တစ်လုံးနှင့် သိပ်မကွာခြားလှပေ။
ကုမ္ပဏီအသေးစားအချို့မှာ စွမ်းဆောင်ရည်မြင့် PC တစ်လုံးကိုပင် ဆာဗာအဖြစ် အသုံးပြုကြသည်။
ဥပမာအားဖြင့် ရှီလဲ့သည် စွန်းဖုန်း၏ ပြင်ဆင်ရေးဆိုင်တွင် ပြီးခဲ့သည့်အပတ်က တွေ့ခဲ့သော စက်နှစ်လုံးမှာ အခြေခံအဆင့် ဆာဗာအဖြစ် အသုံးပြုနိုင်သည်။
ဒုတိယအဆင့်မှာ လုပ်ငန်းသုံးဆာဗာဖြစ်သည်။ လုပ်ငန်းသုံးဆာဗာသည် အခြေခံအဆင့်ထက် ပိုမိုအစွမ်းထက်သော်လည်း ၎င်းမှာ အနိမ့်စား ဆာဗာအဆင့်သာ ရှိသေးသည်။
တတိယအဆင့်မှာ အလတ်စား ဆာဗာ ဖြစ်သည်။ ၎င်းမှာ လက်ရှိအသုံးပြုနေသည့် ဌာနဆိုင်ရာသုံး ဆာဗာမျိုးဖြစ်သည်။ ဤဆာဗာမျိုးသည် စွမ်းဆောင်ရည် ပိုမြင့်ပြီး စျေးလည်း ပိုကြီးသည်။ အလတ်စား လုပ်ငန်းများ သို့မဟုတ် ကုမ္ပဏီကြီးများ၏ သီးခြားဌာနများတွင် အသုံးပြုလေ့ရှိသည်။
စတုတ္ထအဆင့်ဖြစ်သော လုပ်ငန်းစုအဆင့် ဆာဗာများမှာမူ အမှန်တကယ် အဆင့်မြင့်လှသည့် ဆာဗာများဖြစ်သည်။ ဤအဆင့်ရှိ ဆာဗာများသည် ယေဘုယျအားဖြင့် Non-X86 ဆာဗာများ ဖြစ်ကြသည်။ အများစုမှာ Linux သို့မဟုတ် Unix စနစ်ကို အသုံးပြုကြသည်။
၂၀၀၆ ခုနှစ်တွင် လုပ်ငန်းစုအဆင့် ဆာဗာများကို အဆင့်မြင့် နည်းပညာလုပ်ငန်းကြီးများကသာ အသုံးပြုကြသည်။
ရှီလေသည် ဖျက်ဆီးခံထားရသော ဖိုင်များ၏ အချိန်ကာလမျဉ်းကို ကြည့်ရင်း အထင်သေးစွာဖြင့် တစ်ယောက်တည်း ရေရွတ်လိုက်သည်။ "တကယ်ကို ကပ်စေးနှဲတဲ့လူပဲ.. အဆင့်မြင့်နည်းပညာနဲ့ ပတ်သက်နေတဲ့ ကုမ္ပဏီကြီးတစ်ခုက ဌာနဆိုင်ရာသုံး ဆာဗာကိုပဲ သုံးနေတယ်ပေါ့...အဆင့်မြင့် ဆာဗာဖြစ်နေရင် ဝင်ပေါက်.. တစ်ခုလောက် ချန်ထားခဲ့ပြီး သူတို့ရဲ့ ကွန်ပျူတာစွမ်းအားကို ငှားသုံးမလို့ပါ၊ အခုတော့ ဒီလို အမှိုက်ထုတ်လေး ဖြစ်နေလိမ့်မယ်လို့ မထင်ထားမိဘူး.."
စွန်းဖုန်းက ဘေးနားတွင် မိုင်းရှင်းဂိမ်းကို အာရုံစိုက်ကစားနေရင်း ရှီလဲ့၏ ရေရွတ်သံကို ကြားသောအခါ "ရှီထို... မင်း ဘာတွေ ပြောနေတာလဲ" ဟု လှမ်းမေးသည်။
ရှီလဲ့က အမြန်ပင် "ဘာမှမဟုတ်ပါဘူး... ဒေတာတွေ ပြန်ရခါနီးပြီ.." ဟု ပြန်ပြောလိုက်သည်။
စွန်းဖုန်း အံ့သြသွားသည်။ သူသည် ကွန်ပျူတာ၏ ညာဘက်အောက်ထောင့်ရှိ အချိန်ကို ကြည့်လိုက်ရာ ၁၀ မိနစ်သာ ရှိသေးသည်။ "ဒီလောက်တောင် မြန်တာလား"
ရှီလဲ့ စကားပင် မဆိုနိုင်တော့ပေ။ "ဒါက မြန်တာလား.. အမှိုက်ဆာဗာသာ မဟုတ်ရင် အလွန်ဆုံး ၅ မိနစ်ပဲ ကြာမှာ..သူတို့ဆီက ဒေတာတွေက နည်းနည်းလေးပါ..ဖောက်သည်အချက်အလက်တွေနဲ့ ဘဏ္ဍာရေး အစီရင်ခံစာ အချို့ပဲ ရှိတာ၊ ဒေတာ အများကြီး မရှိဘူး.."
စွန်းဖုန်းသည် ဆာဗာ၏ ယူအက်စ်ဘီ ပေါက်တွင် ထိုးထားသည့် ယူအက်စ်ဘီ တံကို မျက်လုံးများ အရောင်တောက်ကာ ကြည့်လိုက်သည်။ အလွန်လှပသော မိန်းမပျိုတစ်ဦးကို ကြည့်နေသည့်အလားပင်။ "ရှီထို... ဒါက တကယ်ကို အလုပ်လွယ်လေးပဲ၊ အဲဒါကို မင်းက သုံးသောင်းတောင် တောင်းဝံ့တယ်နော်.."
ရှီလဲ့က နှာခေါင်းရှုံ့လိုက်သည်။ "အစ်ကိုဖုန်း... 'မတတ်တဲ့လူအတွက် ခက်တယ်၊ တတ်တဲ့လူအတွက် လွယ်တယ်' ဆိုတဲ့ စကား ရှိတယ်လေ.. ကျွန်တော်က ဒီနည်းပညာကို ကျွမ်းကျင်နေလို့ အစ်ကို့မျက်စိထဲမှာ လွယ်နေတာ.. တခြား ဒေတာရှာဖွေရေး စတူဒီယိုတွေကိုသာ ပေးကြည့်လိုက်၊ သူတို့ ပြန်ရှာပေးနိုင်ရင်တောင် အနည်းဆုံး တစ်ပတ်လောက် ကြာလိမ့်မယ်၊ စျေးနှုန်းကလည်း ကျွန်တော့်ထက် ပိုတောင်းမှာ သေချာတယ်... ကျွန်တော့်ရဲ့ ဒေတာပြန်ရှာချိန်က သူတို့ထက် မြန်သလို စျေးနှုန်းကလည်း သူတို့ထက် သက်သာတယ်၊ ကျွန်တော်က တကယ်ကို ရက်ရောတဲ့လူပါ..."
စွန်းဖုန်းက ရှီလဲ့ကို အားကျစွာ ကြည့်ရင်း "ရှီထို... မင်းတို့လို လူတွေကတော့ အနာဂတ်မှာ တောက်ပြောင်တော့မှာပဲ"
ရှီလဲ့က ရယ်မောရင်း "အစ်ကိုဖုန်း... ခဏနေရင် အစ်ကို့အတွက် ဝေစုကိုလည်း ကျွန်တော် မမေ့ပါဘူး.." ဟု ဆိုလိုက်သည်။
မော်နီတာမျက်နှာပြင်ပေါ်တွင် Deep Recovery ဆော့ဖ်ဝဲလ်က ဒေတာပြန်လည်ရယူခြင်း ပြီးဆုံးကြောင်း ပြသလာသည်။ ရှီလေက ယူအက်စ်ဘီ ကို ဖြုတ်ပြီး အိတ်ကပ်ထဲ ထည့်လိုက်သည်။ သူသည် တံခါးဝသို့ လျှောက်သွားပြီး အော်ပြောလိုက်သည်။ "မန်နေဂျာဖုန်း... ပြီးပါပြီ"
ဖုန်းခဲ့က အမြန် လျှောက်လာသည်၊ သို့သော် ဖုန်းခဲ့ထက် ပိုမြန်သူ တစ်ယောက် ရှိနေသည်။ ထိုသူမှာ မာယုံ ဖြစ်သည်။
မာယုံသည် ပြေးဝင်လာပြီးသည်နှင့် သူ၏ ကွန်ပျူတာရှေ့တွင် ချက်ချင်းထိုင်ကာ ဆာဗာထဲမှ အချက်အလက် အမျိုးမျိုးကို အတွင်းပိုင်းစီမံခန့်ခွဲမှု ဆော့ဖ်ဝဲလ် ဖြင့် စတင်ရှာဖွေတော့သည်။
သူ ဘာကိုပဲ ရှာရှာ၊ ဒေတာအားလုံးသည် မော်နီတာပေါ်တွင် ရှင်းလင်းစွာ ပေါ်လာတော့သည်။
"ဒါ... ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ.. မိနစ် ၂၀ ပဲ ရှိသေးတာလေ.. မဖြစ်နိုင်ဘူး.."
မာယုံသည် မယုံကြည်နိုင်စွာဖြင့် အော်ဟစ်လိုက်ပါတော့သည်။