အခန်း (၂၃-၂၄)
Vol. 3 Ch. 23-24
အခန်း - ၂၃
ရှီလဲ့က မယုံနိုင်ဖြစ်နေသော မာယုံကို အထင်အမြင်သေးစွာဖြင့် ကြည့်လိုက်သည်။
“မဖြစ်နိုင်တာ ဘာမှမရှိဘူး..ကျွန်တော်တို့ကြားမှာ နည်းပညာကွာဟချက်က အကြီးကြီးပဲ..ခင်ဗျား သင်ယူရဦးမှာတွေ အများကြီး ရှိသေးတယ်..” ရှီလဲ့က ဆက်ပြောသည်မှာ “တကယ်လို့ ခင်ဗျားကသာ ရိုးရိုးသားသားနဲ့ အကူအညီတောင်းမယ်ဆိုရင် ကျွန်တော် ခင်ဗျားကို သင်ပေးဖို့ သဘောတူရင် တူမိမှာပါ..”
မာယုံသည် အလွန်အမင်း တုန်လှုပ်ချောက်ချားသွားကာ တုန်ရင်နေသော သူ၏ညာဘက်လက်ညှိုးဖြင့် ရှီလဲ့ကို ညွှန်ကာ “မင်း... မင်း... မင်း...”
ရှီလဲ့က နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး “မင်း... ဘာဖြစ်လဲ...လောင်းကြေးထပ်ရင် ရှုံးတာကို လက်ခံနိုင်ရမယ်လေ...ဆင်းရဲတဲ့ ကျောင်းသားတစ်ယောက်အနေနဲ့ ယွမ်သုံးသောင်းဆိုတာ ကျွန်တော့်အတွက် အများကြီးပဲ...ဒါကြောင့် မန်နေဂျာမာအနေနဲ့ ပေးထားတဲ့ ကတိအတိုင်း အခုချက်ချင်း ဖြည့်ဆည်းပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်...”
ဖုန်းခဲ့က ဘေးနားရှိ နည်းပညာရှင်များကို တိုးတိုးလေး အမိန့်ပေးလိုက်သည်။ “သွားပြီး ဆာဗာထဲက ဒေတာတွေကို စစ်ဆေးလိုက်ကြဦး”
နည်းပညာရှင်များသည် ၎င်းတို့၏ နေရာများသို့ ပြန်သွားကာ ဆာဗာကို စတင်စစ်ဆေးကြသည်။ ခေတ္တအကြာတွင် နည်းပညာရှင်များအားလုံး အံ့အားသင့်သွားကြသည်။
“ဒါ... ဒါက မယုံနိုင်စရာပဲ... ဒီဒေတာ အပိုင်းအစလေးကို လွန်ခဲ့တဲ့ ခြောက်လကျော်က ရှောင်ချန် မှားဖျက်မိခဲ့တာ ကျွန်တော် မှတ်မိနေတယ်...ခြောက်လကြာပြီးမှ ဒါတွေ ပြန်ရလာလိမ့်မယ်လို့ မထင်ထားမိဘူး..” မုတ်ဆိတ်မွေးနှင့် နည်းပညာရှင်တစ်ဦးက ကွန်ပျူတာစခရင်ကို အံ့သြတုန်လှုပ်စွာ ညွှန်ပြရင်း ပြောလိုက်သည်။
အခြားနည်းပညာရှင်တစ်ဦးကလည်း “ဟုတ်တယ်...လွန်ခဲ့တဲ့ ခြောက်လက ဒေတာတွေတောင် ပြန်ရလာပြီ..” ဟု ဆိုသည်။
မိနစ် ၃၀ ခန့်အကြာတွင် နည်းပညာရှင်များသည် ဒေတာအားလုံးကို စစ်ဆေးပြီးစီးသွားသည်။ ၎င်းတို့၏ သဘောထားများကို စုစည်းပြီးနောက် မုတ်ဆိတ်မွေးနှင့် နည်းပညာရှင်က ဖုန်းခဲ့ထံသို့ အစီရင်ခံလိုက်သည်။
“မန်နေဂျာဖုန်း... ဒေတာအားလုံး ပြန်ရပါပြီ ဖျက်ထားမိတဲ့ ဒေတာအချို့တောင် ပြန်ပါလာပါတယ်..”
ဖုန်းခဲ့၏ တင်းမာနေသော မျက်နှာထက်တွင် နောက်ဆုံး၌ အပြုံးတစ်ခု ပေါ်လာတော့သည်။ သူသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး အားရပါးရ ဝှေ့ယမ်းလိုက်သည်။ “မစ္စတာရှီ... တကယ်ကို ကျေးဇူးတင်ပါတယ်”
ရှီလဲ့က ပခုံးတွန့်လိုက်ပြီး “ခင်ဗျားဆီက ပိုက်ဆံယူထားတာပဲ၊ ကျွန်တော် ကူညီပေးရမှာပေါ့”
ဖုန်းခဲ့သည် ရှီလဲ့၏ အမူအရာကို ဂရုမစိုက်ပေ။ ယင်းအစား သူက လက်ခုတ်သုံးချက် တီးလိုက်သည်။ အသက် ၂၀ ကျော်အရွယ် အမျိုးသမီးတစ်ဦး လမ်းလျှောက်ဝင်လာသည်။ သူမသည် ဆွဲဆောင်မှုရှိသော ဝတ်စုံကို ဝတ်ဆင်ထားပြီး ညှို့ဓာတ်ပြင်းသော မျက်နှာထားရှိသည်။
သူမသည် ရှီလဲ့ကို မျက်စိတစ်ချက် မှိတ်ပြလိုက်ပြီးနောက် ချွဲနွဲ့သောလေသံဖြင့် “မင်္ဂလာပါ သူဌေး” ဟု နှုတ်ဆက်သည်။
ဖုန်းခဲ့က ထိုအမျိုးသမီးထံ လက်ကမ်းလိုက်ရာ သူမက စာအိတ်တစ်အိတ်ကို ကမ်းပေးလိုက်သည်။
“မစ္စတာရှီ... ခင်ဗျား လက်ငင်းငွေသားပဲ လက်ခံတာ မဟုတ်လား..စုစုပေါင်း ယွမ် ၆၀,၀၀၀ ပါ.. ၃၀,၀၀၀ က ဒေတာရှာခဖြစ်ပြီး ကျန်တဲ့ ၃၀,၀၀၀ ကတော့ ခင်ဗျားနဲ့ ရှောင်မာတို့ရဲ့ လောင်းကြေးပါ...မစ္စတာရှီအနေနဲ့ စိတ်သဘောထားကြီးစွာနဲ့ ကျွန်တော့်လူရဲ့ အပြုအမူကို နားလည်ပေးဖို့ တောင်းပန်ချင်ပါတယ်..”
ရှီလဲ့သည် ထိုစာအိတ်ကို ယူလိုက်ပြီး လှည့်ပင်မကြည့်ဘဲ စွန်းဖုန်းထံ ကမ်းပေးလိုက်သည်။ “အစ်ကိုစွန်း... ကျွန်တော့်အတွက် ခဏ သိမ်းထားပေးပါဦး”
စွန်းဖုန်းသည် ပြုံးလျက် စာအိတ်ကို ယူလိုက်ပြီး မဆိုင်းမတွပင် ဖွင့်ကြည့်လိုက်ရာ ချက်လက်မှတ် တစ်စောင်ကို တွေ့လိုက်ရသည်။ ယင်းမှာ ဘဏ်တွင် အချိန်မရွေး လဲလှယ်နိုင်သော ယွမ် ၆၀,၀၀၀ တန် ချက်လက်မှတ် ဖြစ်သည်။
“မန်နေဂျာဖုန်း... ဆာဗာဒေတာတွေလည်း ပြန်ရပြီဆိုတော့ ကျွန်တော်တို့ လုပ်စရာလေးတွေ ရှိသေးလို့ အရင်သွားလိုက်ပါဦးမယ်..” ရှီလဲ့က ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။
ဖုန်းခဲ့က အလောတကြီး တားလိုက်သည်။ “မစ္စတာရှီ... ကျွန်တော် နေ့လယ်စာ ကျွေးပါရစေ.. အတူတူ စားကြရအောင်..”
အချိန်မှာ နေ့လယ် ၁ နာရီနီးပါး ရှိနေပြီဖြစ်သဖြင့် ထမင်းစားချိန် ရောက်နေပြီ ဖြစ်သည်။
ရှီလဲ့က ခေတ္တခေါင်းခါလိုက်ပြီး “မန်နေဂျာဖုန်း... ကျွန်တော်နဲ့ အစ်ကိုစွန်းတို့ ရှင်းစရာလေးတွေ ကျန်သေးလို့ပါ..နောက်တစ်ခေါက်ကျရင်တော့ ကျွန်တော် ပြန်ကျွေးပါ့မယ်..”
အမှန်တော့ ရှီလဲ့တွင် လုပ်စရာ ဘာမှမရှိပေ။သူသည် ဖုန်းခဲ့နှင့် အလွန်အကျွံ မပတ်သက်ချင်ရုံသာ ဖြစ်သည်။ ထို့အပြင် ကုမ္ပဏီ၏ ဆာဗာမှာ ခုလေးတင် ပြန်ကောင်းလာကာစ ဖြစ်သဖြင့် ဖုန်းခဲ့အနေဖြင့် ကိုင်တွယ်ဖြေရှင်းစရာများစွာ ရှိနေဦးမည်ဖြစ်သည်။ သူ ဘယ်မှာ ထမင်းစား သောက်စားချိန် ရှိပါမည်နည်း။
မျှော်လင့်ထားသည့်အတိုင်းပင် ဖုန်းခဲ့က ထပ်မတားတော့ပေ။ သူက သက်ပြင်းချလိုက်ပြီး “ကောင်းပါပြီ... ဒါဆိုရင်တော့ မစ္စတာရှီရဲ့ အလုပ်တွေကို ကျွန်တော် မနှောင့်နှေးစေတော့ပါဘူး..မစ္စတာရှီ... နောက်မှ ပြန်ဆုံကြတာပေါ့”
ရှီလဲ့က ပြုံးပြီး ခေါင်းညိတ်ပြလိုက်သည်။ “အစ်ကိုစွန်း... သွားရအောင်”
စွန်းဖုန်းက ချက်လက်မှတ်ကို တဖျပ်ဖျပ်ခါရင်း မာယုံကို လှမ်းပြောလိုက်သည်။ “ကျေးဇူးပဲနော် ရှောင်မာ”
ဓာတ်လှေကားထဲတွင် စွန်းဖုန်းက ချက်လက်မှတ်ကို ရှီလဲ့ထံ လှမ်းပေးလိုက်သည်။ “ရှီထို... ချက်လက်မှတ်က ဘာပြဿနာမှ မရှိဘူး.. ဘဏ်မှာ အချိန်မရွေး ပိုက်ဆံထုတ်လို့ရတယ်..”
ရှီလဲ့က ရယ်မောလိုက်သော်လည်း ချက်လက်မှတ်ကို ယူရန် လက်မကမ်းပေ။ “ချက်လက်မှတ်က ပြဿနာမရှိမှန်း ကျွန်တော် သိတာပေါ့.. သန်းပေါင်းရာချီတန်တဲ့ ကုမ္ပဏီတစ်ခုရဲ့ စီအီးအို ပဲ၊ ဘာလို့ ချက်လက်မှတ်အတုနဲ့ ကျွန်တော့်ကို လိမ်မှာလဲ... အစ်ကိုစွန်းပဲ သိမ်းထားလိုက်ပါ၊ ဘာပဲဖြစ်ဖြစ် နောက်မှ အစ်ကို့ကို ပေးရမှာပဲ..”
စွန်းဖုန်း ကြောင်သွားသည်။ “ရှီထို... မင်း ငါ့ကို ဝေစုပေးမလို့လား”
“ဟွန့်” ရှီလဲ့က အထင်သေးသလို အသံပြုလိုက်ပြီး “အစ်ကိုစွန်း... အိပ်မက်ယောင်မနေနဲ့ဦး..အစ်ကို့ကို ပစ္စည်းအချို့ ဝယ်ပေးဖို့ အကူအညီတောင်းချင်လို့ပါ..”
စွန်းဖုန်း ချက်ချင်း သဘောပေါက်သွားပြီး စိတ်ဆိုးချင်ယောင်ဆောင်လိုက်သည်။ “ရှီထို... မင်း ပိုက်ဆံတွေ အများကြီးရနေပြီးတော့ ငါ့ကို ဝေစုတောင် မပေးချင်ဘူးပေါ့”
ရှီလဲ့က လက်နှစ်ဖက်ကို ရိုက်လိုက်ပြီး စဉ်းစားခန်းဝင်ဟန် ဆောင်လိုက်သည်။
“ကောင်းပါပြီ... အစ်ကိုစွန်းက အဲလိုပြောမှတော့ ကျွန်တော်ကလည်း...”
စွန်းဖုန်းက နောက်ပြောင်လိုက်သည်။ “မင်း ငါ့ကို ဘယ်လောက် ပေးမှာလဲ”
ရှီလဲ့က လက်ညှိုးတစ်ချောင်း ထောင်ပြလိုက်သည်။
“တစ်သောင်းလား” စွန်းဖုန်းက ပါးစပ်အဟောင်းသားဖြင့် မေးလိုက်သည်။
ရှီလဲ့က မျက်လုံးလှန်ကြည့်လိုက်ပြီး “ထမင်းတစ်နပ် ဒီနေ့ နေ့လယ်စာကို အပြင်စာ ဝယ်ကျွေးမယ်”
စွန်းဖုန်းက ခေါင်းခါလိုက်ပြီး ရှီလဲ့ကို ကြည့်ကာ သက်ပြင်းချလိုက်သည်။ “အရှက်မရှိတာကလည်း ကျင့်စဉ်တစ်ခုပဲပဲ..မင်းက အရှက်မရှိတဲ့နေရာမှာ ကိုယ့်ကိုယ်ကိုယ်တောင် မေ့သွားတဲ့အဆင့် ရောက်နေပြီဆိုတော့ တကယ်ကို အနိုင်မရနိုင်တဲ့သူပဲ.. ရှီထို... ဒီအဆင့်ကို ရောက်သွားတဲ့အတွက် ဂုဏ်ယူပါတယ်”
ရှီလဲ့က ဂုဏ်ယူစွာဖြင့် “ချီးကျူးတဲ့အတွက် ကျေးဇူးတင်ပါတယ် အစ်ကိုစွန်း.. ကျွန်တော် ‘အရှက်မရှိ နတ်ဘုရားကျင့်စဉ်’ ကို ဆက်ပြီး ကြိုးစားကျင့်ကြံသွားပါ့မယ်”
ဓာတ်လှေကားသည် တတိယထပ်တွင် ရပ်သွားသည်။ သူတို့နှစ်ဦး ‘တိန်းရှန့် အီလက်ထရောနစ်’ သို့ ပြန်ရောက်သောအခါ စွန်းဖုန်း၏ လူများက နေ့လယ်စာ အပြင်စာ မှာယူထားသည်ကို တွေ့လိုက်ရသည်။
ရှီလဲ့က ဝမ်းသာအားရ အော်လိုက်သည်။ “အစ်ကိုစွန်း... ထမင်းစားချိန် အမီ ပြန်ရောက်တာပဲ”
စွန်းဖုန်းက ပြုံးလျက် ထိုင်လိုက်ပြီး ဒီနေ့ ရှီလဲ့က ကျွေးမှာဖြစ်ကြောင်း ကြေညာရန် ပြင်သည်။ သို့သော် ရှီလဲ့က စားပွဲပေါ်ကို ကြည့်လိုက်ရာ အသားတစ်မျိုး၊ ဟင်းသီးဟင်းရွက်တစ်မျိုးနှင့် ဟင်းချိုတစ်မျိုးသာ ပါသည်ကို တွေ့လိုက်သဖြင့် မဆိုင်းမတွပင် ပြောလိုက်သည်။ “ရှောင်လျူ... အပြင်စာမှာတဲ့ဆိုင်ကို ဖုန်းဆက်ပြီး ဟင်းတွေ ထပ်မှာလိုက်ဦး.. စားချင်တာ အကုန်မှာ..”
ရှောင်လျူက မသိစိတ်ဖြင့် စွန်းဖုန်းကို လှည့်ကြည့်ရာ စွန်းဖုန်းက ပြုံးလျက် ခေါင်းညိတ်ပြသည်ကို တွေ့ရသည်။ ထို့ကြောင့် သူ ဖုန်းယူပြီး ထပ်မှာလိုက်တော့သည်။
အသားဟင်း သုံးမျိုးနှင့် ဟင်းသီးဟင်းရွက် နှစ်မျိုး ထပ်တိုးလိုက်သောအခါမှ “ခမ်းနားသော” နေ့လယ်စာ တစ်နပ် ဖြစ်သွားတော့သည်။
စွန်းဖုန်းက ထိုင်ခုံပေါ်တွင် ထိုင်လိုက်ပြီး “ညီအစ်ကိုတို့... ဒီနေ့ အားမနာကြနဲ့၊ အဝစားကြ” ဟု ပြောလိုက်သည်။
ရှီလဲ့ကလည်း “အစ်ကိုစွန်း ပြောတာ မှန်တယ်..ဘာပဲဖြစ်ဖြစ် အစ်ကိုစွန်းက ယွမ် လေးငါးသောင်းတန်တဲ့ အရောင်းအဝယ်တစ်ခုကို လက်စသတ်တော့မှာပဲ၊ ဒီလောက် ကျွေးတာက ဘာမှမဟုတ်ပါဘူး”
စွန်းဖုန်းက ရှီလဲ့ကို ကြောင်ကြည့်နေပြီး ဘာမှမပြောပေ။
ရှောင်လျူက စွန်းဖုန်းကို အံ့သြတုန်လှုပ်စွာ ကြည့်လိုက်သည်။
‘တိန်းရှန့် အီလက်ထရောနစ်’ သည် ပြုပြင်ရေးဆိုင်သာ ဖြစ်ပြီး အရောင်းဆိုင် မဟုတ်ပေ။ ယွမ် လေးငါးသောင်းတန် အရောင်းအဝယ်ဆိုသည်မှာ အလွန်များပြားသော ပမာဏ ဖြစ်သည်။ “ဂုဏ်ယူပါတယ် ဆရာ”
ကျန်ရှိသော ပြုပြင်ရေးသမား လေးဦးကလည်း ဝိုင်းပြီး ဖားကြလေသည်။ “ဂုဏ်ယူပါတယ် ဆရာ ဂုဏ်ယူပါတယ် ဆရာ”
စွန်းဖုန်း ထိုအခါမှ သတိဝင်လာသည်။ “တောက် ရှီထို... မင်း လူလည်ပဲ.. ဓာတ်လှေကားထဲမှာတုန်းက မင်းကျွေးမှာလို့ ပြောခဲ့တယ် မဟုတ်လား..”
ရှီလဲ့က သူ၏ညာလက်ဖြင့် ခေါင်းနောက်ဘက်ကို ကုတ်လိုက်ပြီး ရိုးသားဟန်ရှိသော အပြုံးဖြင့် “ဟုတ်လို့လား ဓာတ်လှေကားထဲမှာ ကျွန်တော်က ဆာဗာနှစ်လုံး ဝယ်ဖို့ အစ်ကို့ကို အကူအညီတောင်းခဲ့တာ မဟုတ်လား”
စွန်းဖုန်းက ရှီလဲ့ကို ဝေခွဲမရစွာ ကြည့်လိုက်သည်။ “ရှီထို... မင်းက ဆာဗာတွေကို ဘာလုပ်မလို့လဲ..ဆာဗာစျေးက မသက်သာဘူးနော်”
စွန်းဖုန်း၏ တပည့်ငါးဦးစလုံးက ရှီလဲ့နှင့် စွန်းဖုန်းကို စပ်စုချင်စိတ်ဖြင့် ကြည့်နေကြသည်။ သူတို့ ဘာတွေ ပြောနေသည်ကို အတိအကျ မသိသော်လည်း အလွန် အထင်ကြီးစရာကောင်းသည်ဟု ခံစားနေရသည်။
“အစ်ကိုစွန်း... ကျွန်တော်က ဌာနဆိုင်ရာသုံး ဒါမှမဟုတ် လုပ်ငန်းစုအဆင့် ဆာဗာမျိုး မလိုချင်ပါဘူး.. သာမန် လုပ်ငန်းသုံး ဆာဗာတစ်လုံးပဲ လိုချင်တာ..” ဟု ရှီလဲ့က ရှင်းပြလိုက်သည်။
စွန်းဖုန်းက လက်နှစ်ဖက်ကို ပွတ်လိုက်ရင်း “လုပ်ငန်းသုံးအဆင့် ဆာဗာနှစ်လုံးဆိုရင်တော့ တကယ်ကို ယွမ် လေးငါးသောင်းလောက် ကျမှာပဲ”
ရှီလဲ့ ခေတ္တစဉ်းစားပြီးနောက် “အစ်ကိုစွန်း... ကျွန်တော့်အတွက် တွက်ချက်ပေးပါဦး... စျေးနှုန်းနဲ့ စွမ်းဆောင်ရည် မျှတတာမျိုး ရှာပေးပါ..တစ်လုံးကိုတော့ ဂရပ်ဖစ်ပိုကောင်းတာလေး ယူပေးပါ..ကျန်တဲ့ တစ်လုံးကတော့ တွက်ချက်နိုင်စွမ်း အသင့်အတင့် ရှိရင် ရပါပြီ..အော်... ဒါနဲ့ အစ်ကိုစွန်း၊ စျေးနှုန်းအတိုင်းပဲ ရောင်းပေးပါ.. ဒီတစ်ခါတော့ ကျွန်တော့်ကို အထူးလျှော့စျေးတွေ ပေးစရာမလိုပါဘူး.. “
ရှီလဲ့နှင့် စွန်းဖုန်းတို့မှာ ရင်းနှီးသော ဆက်ဆံရေး ရှိသော်လည်း ရှီလဲ့က အမြဲတမ်း စွန်းဖုန်းကို ဒုက္ခပေးနေမည်ဆိုလျှင် သူတို့၏ ဆက်ဆံရေးမှာ တင်းမာလာနိုင်သည်။
ထို့အပြင် ယခုတစ်ကြိမ်တွင် စွန်းဖုန်းက ရှီလဲ့နှင့် မာယုံတို့၏ လောင်းကြေးအတွက် ရှေ့ထွက် ကူညီပေးခဲ့သည်ကို ရှီလဲ့က အလွန်စိတ်လှုပ်ရှားသွားပြီး ကျေးဇူးတင်လိုသည်။ တကယ်လို့ စွန်းဖုန်းကို ဝေစုတိုက်ရိုက်ပေးလျှင်လည်း လက်ခံမည်မဟုတ်သဖြင့် ရှီလဲ့က စျေးလျှော့ပေးရန် မလိုကြောင်း ပြောလိုက်ခြင်း ဖြစ်သည်။
နေ့လယ်စာ စားပြီးနောက် ရှီလဲ့သည် ‘တိန်းရှန့် အီလက်ထရောနစ်’ ဆိုင်တွင် ထိုင်နေခဲ့သည်။ စွန်းဖုန်းမှာမူ ရှီလဲ့အတွက် ဆာဗာဝယ်ရန် ရင်းနှီးသူများကို လိုက်လံရှာဖွေရန် ပထမထပ်နှင့် ဒုတိယထပ်သို့ ဆင်းသွားခဲ့သည်။
ရှီလဲ့အနေဖြင့် ဆာဗာနှစ်လုံး ဝယ်ရသည့် အကြောင်းရင်း နှစ်ချက် ရှိသည်။
ရွှမ်းချင့် တက္ကသိုလ်၏ ကျောင်းတွင်း ဆော့ဖ်ဝဲလ် ပြိုင်ပွဲသည် ယခုလ ၂၅ ရက်နေ့တွင် စတင်တော့မည်ဖြစ်သည်။ ရှီလဲ့သည် လီကျစ်ယွဲ့ ကို အကောင်းဆုံး အဆင့်တစ်ခု ရအောင် ကြိုးစားမည်ဟု ကတိပေးထားခဲ့သည်။
ရှီလဲ့သည် ရုပ်ပုံ ဒီဇိုင်းဆွဲသည့် ဆော့ဖ်ဝဲလ် တစ်ခု ရေးသားလိုသော်လည်း သူ၏ အဆောင်ရှိ ကွန်ပျူတာမှာ ဂရပ်ဖစ်မကောင်းေပ။
ရှီလဲ့သည် လီကျစ်ယွဲ့ကို စိတ်မပျက်စေချင်ပါ။
လီကျစ်ယွဲ့၏ မိဘများသည် ရွှမ်းချင့်တက္ကသိုလ်မှ ပါမောက္ခများ ဖြစ်ကြသည်။ သူမ၏ ဖခင်တွင် နိုဘယ်ဆုရှင် တစ်ဦးကို လေ့ကျင့်ပေးရန် အိပ်မက်တစ်ခု ရှိခဲ့သည်။
သို့သော် ယခုအချိန်အထိ မအောင်မြင်ခဲ့ပေ။ ထိုအိပ်မက်သည် လီကျစ်ယွဲ့ထံသို့ လက်ဆင့်ကမ်း ရောက်ရှိလာခဲ့သည်။ ထို့ကြောင့် လီကျစ်ယွဲ့သည် ပညာရေးလောကထဲသို့ ဝင်ရောက်ကာ ကျောင်းသားတိုင်းကို အစွမ်းကုန် လေ့ကျင့်ပေးရန် ဆုံးဖြတ်ခဲ့သည်။ သူမ၏ ကျောင်းသားတစ်ဦးဦးက နိုဘယ်ဆု ရရှိလိမ့်မည်ဟု သူမ မျှော်လင့်နေခဲ့သည်။
ယခင်ဘဝက ရှီလဲ့နှင့် လီကျစ်ယွဲ့တို့၏ ပတ်သက်မှုကြောင့် ရှီလဲ့က ဤအကြောင်းကို သိနေခြင်း ဖြစ်သည်။
“ကျစ်ယွဲ့... မင်းရဲ့ အိပ်မက်ကို ငါ အကောင်အထည်ဖော်ပေးပါ့မယ်” ရှီလဲ့က ထိုင်ခုံပေါ်တွင် ထိုင်ရင်း တိတ်ဆိတ်စွာ စဉ်းစားနေမိသည်။
ကျောင်းတွင်း ဆော့ဖ်ဝဲလ် ပြိုင်ပွဲကို ရွှမ်းချင့်တက္ကသိုလ် ကွန်ပျူတာသိပ္ပံဌာန၊ ကျင်းယူ ဆော့ဖ်ဝဲလ် ကုမ္ပဏီနှင့် ကျစ်ရှန့် ကွန်ရက်လုံခြုံရေး ကုမ္ပဏီတို့က ပူးပေါင်းကျင်းပခြင်း ဖြစ်သည်။ ထို့အပြင် ပြိုင်ပွဲကုန်ကျစရိတ်နှင့် ဆုကြေးများအားလုံးကို ကျင့်ယူနှင့် ကျစ်ရှန့် ကုမ္ပဏီတို့ကပင် စပွန်ဆာပေးထားခြင်း ဖြစ်သည်။
ပြိုင်ပွဲ၏ နောက်ဆုံးရလဒ် အဆင့်သတ်မှတ်ချက်ကို ဤကုမ္ပဏီနှစ်ခုကသာ အဓိက ဆုံးဖြတ်မည်ဖြစ်သည်။
ထိုကုမ္ပဏီနှစ်ခုထဲတွင် ကျစ်ရှန့် လုံခြုံရေးကုမ္ပဏီမှာ အားဖြည့်ပေးရုံသာ ဖြစ်ပြီး လုပ်ငန်းဆောင်တာ အားလုံးကို ကျင့်ယူ ဆော့ဖ်ဝဲလ်ကသာ ကိုင်တွယ်သည်။ ပွင့်ပွင့်လင်းလင်း ပြောရလျှင် ဤပြိုင်ပွဲမှာ ချန်မင်း မျက်နှာပွင့်စေရန် ပြုလုပ်ပေးခြင်းသာ ဖြစ်သည်။
ရှီလဲ့က ချန်မင်းအကြောင်းကို သိထားသဖြင့် သူ ကောင်းမွန်သော အဆင့်တစ်ခု ရရန်မှာ အလွန်ခက်ခဲလိမ့်မည်။တကယ်လို့ ရှီလဲ့က တကယ့်ကို တန်ဖိုးရှိတဲ့ ဆော့ဖ်ဝဲလ်တစ်ခုကို မထုတ်ပြနိုင်ဘူးဆိုရင် ထိပ်ဆုံး ဆယ်ယောက်စာရင်းထဲတောင် ဝင်နိုင်မှာ မဟုတ်ပါ။
ထို့ကြောင့် ရှီလဲ့အနေဖြင့် အခြားသူများကို အနိုင်ယူနိုင်မည့် ဂရပ်ဖစ်ဆော့ဖ်ဝဲ တစ်ခု ဒီဇိုင်းဆွဲလိုခြင်း ဖြစ်သည်။ သာမန် ဆာဗာအတွက်မူ ရှီလဲ့သည် သူ၏ယခင်ဘဝက ချန်ထားခဲ့သော ရတနာများကို ပြန်လည် ရယူရန်အတွက် အသုံးပြုမည်ဖြစ်သည်။
ကမ္ဘာပေါ်ရှိ ထိပ်တန်း ဟက်ကာ တိုင်းတွင် စူပါကွန်ပျူတာ တစ်လုံးစီ ရှိတတ်ကြသည်။
တစ်နည်းအားဖြင့် ပြောရလျှင် စူပါကွန်ပျူတာ မရှိသော ဟက်ကာတစ်ဦးသည် ကမ္ဘာ့ထိပ်တန်း ဟက်ကာတစ်ဦးဟု ခေါ်ဆိုရန် မထိုက်တန်ပေ။
ယခင်ဘဝက ရှီလဲ့၏ လက်ထဲတွင် စူပါကွန်ပျူတာများစွာ ရှိခဲ့သည်။
၂၀၀၆ ခုနှစ်တွင် ပေါ်ပေါက်ခဲ့သော စူပါကွန်ပျူတာများထဲမှ တစ်လုံးကို ရှီလဲ့က ထိန်းချုပ်ထားနိုင်ခဲ့သည်။ ယခုအခါ ရှီလဲ့သည် ၎င်းကို သူ့လက်တွင်းသို့ ပြန်လည် ခေါ်ဆောင်လာလိုနေခြင်း ဖြစ်သည်။
ရှီလဲ့၏ အတွေးများ လွင့်ပျံ့နေစဉ်မှာပင် ကြည်လင်ပြတ်သားသော အသံတစ်ခု ထွက်ပေါ်လာသည်။
“ဒီမှာ ပုံတွေ ပြင်လို့ ရလားရှင်”
အခန်း - ၂၄
တိန်းရှန့်အီလက်ထရောနစ် အရောင်းဆိုင်အတွင်း ရှီလဲ့သည် ကုလားထိုင်တစ်လုံးကို မှီလျက် စားပွဲပေါ်သို့ ခြေထောက်တင်ကာ ပျင်းရိပျင်းတွဲ ထိုင်နေသည်။ သူ၏ ပုံစံကို ကြည့်ရသည်မှာ လုံးဝ စည်းစနစ်မကျပေ။ ဆိုင်အပြင်ဘက်တွင်မူ မိုးပြာရောင် အားကစားဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးသည် မျက်မှောင်ကြုတ်လျက် ရှီလဲ့ကို ကြည့်နေသည်။
ထိုအမျိုးသမီး၏ မျက်လုံးများမှာ ပြတ်သားပြီး အသားအရေမှာညိုညက်ညက်ရှိသည်။ အရပ်အမောင်းမှာ မုရွှမ်း ခန့် ရှိပြီး ၁.၇ မီတာခန့် ရှိကာ ဖိနပ်အပြားကို စီးထား၏။
ရှီလဲ့ဘက်မှ မည်သည့်တုံ့ပြန်မှုမျှ မရှိသည်ကို မြင်သောအခါ ရှောင်လျူက အစပြု၍ ရှေ့သို့ တိုးသွားကာ “မင်္ဂလာပါခင်ဗျာ၊ ဘာများ ကူညီပေးရမလဲ” ဟု နှုတ်ဆက်လိုက်သည်။
“မင်္ဂလာပါ၊ ဒီမှာ ဓာတ်ပုံတွေ ပြုပြင်ပေး ပါသလား” ဟု အမျိုးသမီးက မေးသည်။
ရှောင်လျူက မြန်မြန်ဆန်ဆန်ပင် ခေါင်းညိတ်ပြကာ “ဟုတ်ပါတယ်ခင်ဗျာ... ကျွန်တော်တို့က ကျွမ်းကျင်တဲ့ ပုံပြင်ခြင်း ဝန်ဆောင်မှုကို ပေးနေတာပါ.. ကျေးဇူးပြုပြီး ထိုင်ပါဦး.. ကျွန်တော် ရေတစ်ခွက်လောက် ယူပေးပါ့မယ်”
ထိုအမျိုးသမီးက လက်ကာပြကာ “မလိုပါဘူး၊ ကျွန်မက...”
သူမ စကားမဆုံးခင်မှာပင် ရှောင်လျူက ရေခွက်ယူရန် ထွက်သွားနှင့်လေပြီ။
အမျိုးသမီး၏ မျက်ဝန်းများတွင် အားကိုးရာမဲ့သည့် အရိပ်အယောင်များ ပေါ်လွင်နေသည်။ သူမ၏ အသားသည် ဖြူဝင်းမနေသလို အသံမှာလည်း နူးညံ့မနေသော်လည်း ညိုစိမ့်စိမ့်အသားအရေနှင့် ပြတ်သားသော မျက်နှာထားမှာ တကယ့်ကို ဆွဲဆောင်မှု ရှိလှသည်။
ရှောင်လျူသည် သူမကို သဘောကျသွားပြီး မျက်နှာသာရရန် ကြိုးစားနေခြင်းမှာ သိသာလှသည်။
သူမ၏ အမည်မှာ အိုရန်ရှန်း ဖြစ်ပြီး ရဲအရာရှိတစ်ဦး ဖြစ်သည်။ သူမသည် အမျိုးသားနေ့ အားလပ်ရက်တွင် မိခင်နှင့်အတူ အိမ်မှာရှိနေသင့်သော်လည်း မမျှော်လင့်ဘဲ ပေါ်ပေါက်လာသော အမှုတစ်ခုကြောင့် အားလပ်ရက်များ ဖျက်သိမ်းကာ ရဲစခန်းသို့ ပြန်လာခဲ့ရခြင်း ဖြစ်သည်။
အိုရန်ရှန်း၏ တာဝန်မှာ ရာဇဝတ်တရားခံဟု သံသယရှိသူ၏ ဝေဝါးနေသော ပုံရိပ်ကို ကြည်လင်အောင် ပြုပြင်ပေးနိုင်မည့် အရပ်သား ကွန်ပျူတာကျွမ်းကျင်သူတစ်ဦးကို ရှာဖွေရန် ဖြစ်သည်။
ရှောင်လျူသည် ရေသန့်တစ်ခွက်ကို ကိုင်ဆောင်လာပြီး အိုရန်ရှန်း၏ ရှေ့တွင် ဂရုတစိုက် ချပေးလိုက်ကာ “မင်္ဂလာပါ၊ ဘယ်လိုပုံမျိုးကို ပြုပြင်ချင်တာလဲခင်ဗျာ”
အိုရန်ရှန်းက “ကျွန်မမှာ ဝေဝါးနေတဲ့ပုံတစ်ပုံရှိတယ်၊ အဲဒါကို ပိုပြီး ကြည်လင်ချင်တာပါ.. ရှင့်တို့ လုပ်ပေးနိုင်မလား” ဟု အကျဉ်းချုံး ပြောပြလိုက်သည်။
ရှောင်လျူက တစ်ခုခုကို နက်နက်နဲနဲ စဉ်းစားနေသည့် ပုံဖမ်းလိုက်သော်လည်း အမှန်တကယ်တွင်မူ သူ ဘာမှမသိပါ။
ခဏကြာ စဉ်းစားဟန် ပြုပြီးနောက် ရှောင်လျူက “ခဏလောက် စောင့်ပေးပါဦး..ကျွန်တော် နည်းပညာရှင်ကို အရင်တိုင်ပင်လိုက်ပါဦးမယ်” ဟု ဆိုကာ ရှီလဲ့ဆီသို့ လျှောက်သွားပြီး တိုးတိုးလေး ခေါ်လိုက်သည်။ “အစ်ကိုရှီ”
ရှီလဲ့မှာမူ မည်သည့်ဆော့ဖ်ဝဲလ်မျိုးကို ဒီဇိုင်းဆွဲရမလဲဟု ကိုယ်ပိုင် အတွေးကမ္ဘာထဲတွင် နစ်မြောနေဆဲ ဖြစ်သည်။
“အစ်ကိုရှီ” ရှောင်လျူက အသံကို အနည်းငယ် မြှင့်၍ ထပ်ခေါ်လိုက်သည်။
အိုရန်ရှန်းသည် ရှောင်လျူနှင့် ရှီလဲ့ကို အံ့အားသင့်စွာ ကြည့်နေမိသည်။ အပြင်ပန်းကြည့်ရုံဖြင့် ရှောင်လျူက ရှီလဲ့ထက် အသက်ကြီးမှန်း သိသာသော်လည်း ရှောင်လျူက ရှီလဲ့ကို ‘အစ်ကို’ဟု ခေါ်ဝေါ်နေခြင်းက သူမကို အနည်းငယ် ဇဝေဇဝါ ဖြစ်စေသည်။
“အာ” ရှီလဲ့ တကိုယ်လုံး တုန်တက်သွားပြီး ကုလားထိုင်ပေါ်မှ နောက်ပြန် ပြုတ်ကျလုနီးပါး ဖြစ်သွားသည်။ “ရှောင်လျူ၊ ဘာကိစ္စလဲ”
ရှောင်လျူက ကပျာကယာ တောင်းပန်လိုက်သည်။ “အစ်ကိုရှီ၊ ဆောရီး၊ ဆောရီးပါ”
ရှီလဲ့က လက်ကာပြကာ “ဘာလို့ ငါ့ကို ခေါ်တာလဲ”
ရှောင်လျူက အိုရန်ရှန်းဘက်ကို လက်ညှိုးထိုးပြရင်း “ဟိုက အလှလေးက ပုံတစ်ပုံကို ပြုပြင်ချင်လို့တဲ့”
ရှီလဲ့က အိုရန်ရှန်းကို ခြေဆုံးခေါင်းဆုံး ကြည့်လိုက်သည်။ အိုရန်ရှန်း၏ ဂျုံရောင် အသားအရေမှာ ချောမွေ့နေပြီး ရှည်လျားသွယ်လျသော ခြေတံများမှာ တကယ့်ကို ဆွဲဆောင်မှု ရှိလှသည်။ “ဟေး ညီမလေး၊ ဘယ်လိုပုံကို ပြန်ပြင်ချင်တာလဲ”
အိုရန်ရှန်း မျက်မှောင်ကြုတ်သွားသည်။ သူမ ရဲအရာရှိ ဖြစ်လာကတည်းက မည်သည့်အမျိုးသားမျှ သူမကို ဤကဲ့သို့ ရိုင်းစိုင်းသော လေသံဖြင့် မဆက်ဆံဖူးပေ။ သူမထက် အဆင့်နိမ့်သူများက သူမ၏ ရဲအရာရှိ ရာထူးကို ကြောက်ကြပြီး၊ သူမထက် အဆင့်မြင့်သူများကလည်း သူမ၏ တိုက်ခိုက်ရေးစွမ်းရည်ကို ကြောက်ကြသည်။
“ရှင်က ပုံတွေကို ပြုပြင်ပေးမယ့် နည်းပညာရှင်လား” အိုရန်ရှန်းက မကျေနပ်မှုကို အောင့်အည်းထားကာ မေးလိုက်သည်။
ရှီလဲ့က ခေါင်းညိတ်လျက် “ငါ မဟုတ်ရင် မင်း ဖြစ်မလား” ဟု ပြန်ဖြေသည်။
ရှောင်လျူက ဘေးမှနေ၍ လက်မထောင်ပြလိုက်သည်။ ‘ ဒီလို အလှလေးနဲ့ ရင်ဆိုင်ရတာတောင် တည်တည်ငြိမ်ငြိမ် ရှိနေနိုင်သေးတယ်’ ဟု သူက တွေးနေသည်။
“ဘာကို ပြန်ပြင်ချင်တာလဲ၊ ငါ့ကို ပေးကြည့်” ဟု ရှီလဲ့က မေးသည်။
အိုရန်ရှန်း စိတ်တိုနေသော်လည်း ၎င်းမှာ သူမ၏ အလုပ်ဖြစ်သောကြောင့် ယူအက်စ်ဘီဒရိုက် တစ်ခုကို ပစ်ပေးလိုက်ကာ “အထဲမှာ ပုံရှိတယ်..အဲဒီပုံကို ပိုကြည်အောင် လုပ်ပေးစေချင်တယ်” ဟု ဆိုသည်။
ရှီလဲ့က ယူအက်စ်ဘီဒရိုက်ကို လေထဲမှာပင် ဖမ်းယူလိုက်ပြီး နောက်ဘက်ရှိ ပြုပြင်ရေး စားပွဲဆီသို့ လျှောက်သွားသည်။
“ရှောင်လျူ၊ ငါ့ကို ရေတစ်ခွက်လောက် ယူပေးဦး” ဟု USB ကို ကွန်ပျူတာတွင် ထိုးရင်း ခိုင်းလိုက်သည်။
ရှောင်လျူက အိုရန်ရှန်းကို အားနာသလို ကြည့်လိုက်ပြီးနောက် ရေစက်ဆီသို့ သွားကာ ရှီလဲ့အတွက် ရေတစ်ခွက် ခပ်ပေးလိုက်သည်။
ယူအက်စ်ဘီ ထဲတွင် ‘1.jpg’ အမည်ရှိ ဖိုင်တစ်ခုသာ ပါရှိသည်။ ရှီလဲ့ ထိုပုံကို ဖွင့်ကြည့်လိုက်သောအခါ ပုံမှာ အလွန်ပင် ဝေဝါးနေပြီး အစက်အပြောက်များနှင့် ပြည့်နေကာ အလင်းရောင်မှာလည်း အလွန်မှောင်နေသည်။ ညဘက်တွင် ရိုက်ကူးထားသည့် ပုံဖြစ်ပုံရသည်။
အိုရန်ရှန်းက ရှီလဲ့၏ နောက်သို့ လျှောက်လာပြီး “ဘယ်လိုလဲ၊ ပိုကြည်အောင် လုပ်ပေးနိုင်မလား” ဟု မေးသည်။
ရှီလဲ့က လက်ဖျောက်တစ်ချက် တီးလိုက်ရင်း “ရတာပေါ့”
အိုရန်ရှန်း၏ တည်ကြည်သော မျက်နှာတွင် အပြုံးရိပ်လေးတစ်ခု ပေါ်လာပြီး သူမကို ပို၍ပင် လှပသွားစေသည်။ ရှောင်လျူမှာမူ ငေးမောသွားတော့သည်။ “တကယ်လား”
ရှီလဲ့က ပျင်းရိပျင်းတွဲနှင့် ခေါင်းညိတ်ပြကာ “တကယ်ပေါ့.. ဒါပေမဲ့ ဒီလိုပုံမျိုးကို ပြန်ပြင်ဖို့က အားအများကြီး စိုက်ရတယ်.. အခကြေးငွေက နည်းနည်း များမယ်နော်”
အိုရန်ရှန်း ခဏတာ တုံ့ဆိုင်းသွားပြီး “ဘယ်လောက်လဲ” ဟု မေးသည်။ ရဲစခန်းတွင် ရန်ပုံငွေ မလုံလောက်မှုမှာ အမြဲတမ်း ပြဿနာတစ်ခုဖြစ်ပြီး သူမတွင်လည်း ငွေအများကြီး မပါလာပေ။
ရှီလဲ့က ကုလားထိုင်ကို လှည့်ကာ အိုရန်ရှန်းကို ခြေဆုံးခေါင်းဆုံး ကြည့်လိုက်သည်။ ထို့နောက် ညာဘက်လက်ဖြင့် မေးစေ့ကို ပွတ်သပ်ကာ လူမိုက်ပုံစံဖြင့် ပြောလိုက်သည်။ “မင်းက အလှလေး ဖြစ်နေလို့ ငါ ၅၀ ရာခိုင်နှုန်း လျှော့ပေးလိုက်မယ်”
အိုရန်ရှန်းသည် ရှီလဲ့၏ အမူအရာကို မကြိုက်သော်လည်း သူမ၏ အလှအပကို အသိအမှတ်ပြုခြင်း ဖြစ်သောကြောင့် မသိမသာ ဂုဏ်ယူမိသွားသည်။ “ကျေးဇူးပဲ”
ရှီလဲ့က ခေါင်းညိတ်ကာ နောက်ပြောင်သော အပြုံးဖြင့် ပြောလိုက်သည်။ “ဒါဆိုရင် ယွမ် ၁,၀၀၀ ပဲ ယူတော့မယ်”
အိုရန်ရှန်း၏ မျက်နှာပေါ်မှ အပြုံးများ အေးခဲသွားသည်။ “ဘယ်လောက်”
ရှီလဲ့က တည်တည်ငြိမ်ငြိမ်ပင် “ယွမ် ၁,၀၀၀ ပါ”
အိုရန်ရှန်းက ချက်ချင်းပင် ကွန်ပျူတာထဲမှ USB ကို ဆွဲနှုတ်ကာ မဆိုင်းမတွပင် လှည့်ထွက်သွားတော့သည်။ သူမ၏ လှုပ်ရှားမှုများမှာ သွက်လက်ပြတ်သားလှသည်။
ရှောင်လျူက ဘေးမှနေ၍ စိုးရိမ်တကြီးဖြင့် “ကျောက်ခေါင်း၊ ဒါက... ဒါက... ပြီးခဲ့တဲ့ တစ်ခါက မန်နေဂျာဖုန်းရဲ့ ဓာတ်ပုံကို ပြင်ပေးတုန်းက တစ်ပုံမှ ယွမ် ၁၀၀ ပဲ ယူတာလေ.. အခု ဘာလို့ ဒီလောက် ဈေးကြီးရတာလဲ”
ရှီလဲ့က ရှောင်လျူကို ကြည့်ကာ “ဘာလဲ၊ မင်းက အလှလေးအတွက် ရင်နာနေတာလား”
ရှောင်လျူမျက်နှာနီသွားပြီး “ကျွန်တော်... ကျွန်တော်က...”
“ရပါပြီ ရှောင်လျူ၊ မင်းအလုပ် မင်းသွားလုပ်တော့” ရှီလဲ့က လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။
ရှီလဲ့သည် သူ၏ယူအက်စ်ဘီ ထဲသို့ ထိုဓာတ်ပုံကို ကူးယူလိုက်ပြီးနောက် မတ်တပ်ရပ်ကာ “ရှောင်လျူ၊ အစ်ကိုဖုန်းကို ပြောလိုက်ဦး၊ ငါ့မှာ ကိစ္စရှိလို့ သွားပြီလို့.. နောက်ကျလို့ ငါ ပြန်မလာဖြစ်ရင် ဆာဗာနှစ်လုံးကို မင်းဆီမှာပဲ အပ်ခဲ့မယ်”
ရှောင်လျူက ခေါင်းညိတ်ပြလိုက်သော်လည်း အရင်ကလို တက်တက်ကြွကြွ လိုက်မပို့တော့ပေ။ အလှလေးကို နှင်ထုတ်လိုက်သည့်အတွက် စိတ်ကောက်နေပုံရသည်။
ပိုင်ရှုအဆောက်အဦးမှ ထွက်လာပြီးနောက် ရှီလဲ့သည် အိမ်ငှားရန် ပြင်ဆင်တော့သည်။ ကျောင်းရှိ ဒေါက်တာဘွဲ့ယူကျောင်းသား အဆောင်တွင် နေရသည်မှာ အခန်းသီးသန့် ရှိသော်လည်း ဆရာများ စစ်ဆေးလာပါက ရှင်းပြရန် ခက်ခဲလိမ့်မည်။ ထို့ပြင် ဆာဗာများသည် ၂၄ နာရီပတ်လုံး လည်ပတ်နေရမည်ဖြစ်ရာ လျှပ်စစ်ဓာတ်အား သုံးစွဲမှု များပြားခြင်းက ကျောင်း၏ အာရုံစိုက်မှုကို ခံရနိုင်သည်။
ရှီချောင် ခရိုင်သည် ရွှမ်းချင်းမြို့၏ အချက်အချာကျသော နေရာဖြစ်သဖြင့် စည်ကားလှသလို အိမ်ငှားခများမှာလည်း အလွန်ကြီးလှသည်။
ရှီလဲ့သည် အိမ်ခြံမြေ အကျိုးဆောင်အချို့ထံ သွားကြည့်ရာ အနည်းငယ် ဝေးလံသော နေရာရှိ အခန်းတစ်ခန်းတောင်မှ ယွမ် ၈၀၀ ခန့် ပေးရသည်။ ၂၀၀၆ ခုနှစ်တွင် ပျမ်းမျှလစာမှာ ယွမ် ၁,၀၀၀ ခန့်သာ ရှိသေးသည်။
ရှီလဲ့တွင် ငွေအသင့်အတင့် ရှိသော်လည်း ဤမျှကြီးမားသော အိမ်ငှားခကို ပေးရန် နှမြောမိသည်။
“ထားလိုက်ပါတော့၊ ရွှမ်းဟူ ခရိုင်ဘက်ကိုပဲ ပြန်သွားပြီး ငှားတော့မယ်.. ကျောင်းနဲ့လည်း နီးသလို အိမ်ငှားခလည်း ပိုသက်သာတယ်.. အရေးအကြီးဆုံးကတော့ ကောင်မလေးတွေကို အိမ်ခေါ်လာလို့ ရတာပေါ့” ရှီလဲ့သည် သူ့ဘာသာ ရေရွတ်ရင်း ပိုင်ရှုအဆောက်အဦးသို့ ပြန်လာခဲ့သည်။
စွန်းဖုန်းမှာ ဆာဗာနှစ်လုံးကို ဝယ်ယူပြီးစီးကာ ရေသန့်သောက်နေသည်။ “ဟေ့ အစ်ကိုဖုန်း၊ မြန်လှချည်လား”
ရှီလဲ့က စားပွဲပေါ်ရှိ ရေသန့်တစ်ပုလင်းကို ဆွဲယူကာ မောမောနှင့် သောက်လိုက်သည်။ အောက်တိုဘာလ၏ ရွှမ်းချင်းမြို့ ရာသီဥတုမှာ ပူပြင်းလှသဖြင့် ရှီလဲ့မှာ ချွေးများ ရွှဲနစ်နေသည်။
“ရှီထို၊ လာကြည့်ဦး” စွန်းဖုန်းက ဆာဗာများ ထည့်ထားသည့် သေတ္တာကို ပုတ်ပြလိုက်သည်။
ရှီလေးက သေတ္တာကို ဖွင့်ကာ ကြိုးများကို ချိတ်ဆက်ပြီး ဆာဗာနှစ်လုံးကို စတင်လည်ပတ်စေကာ စစ်ဆေးကြည့်သည်။ “အစ်ကိုဖုန်း၊ ဘယ်လောက် ကျသွားလဲ”
“မများပါဘူး၊ ၄၈,၀၀၀ ယွမ်” စွန်းဖုန်းက ဈေးနှုန်းကို ပြောလိုက်သည်။
ရှီလဲ့က ခေါင်းညိတ်ကာ “အစ်ကိုဖုန်း၊ ပေးထားတဲ့ ၆၀,၀၀၀ ထဲက ငါ့ကို ၁၀,၀၀၀ ပဲ ပြန်ပေးပါ.. ကျန်တဲ့ ၂,၀၀၀ ကို အစ်ကိုယူထားလိုက်..အလကားတော့ ခိုင်းလို့ မကောင်းဘူးလေ”
၄၈,၀၀၀ ယွမ်ဆိုသည်မှာ အရင်းဈေးနီးပါး ဖြစ်ပြီး စွန်းဖုန်းမှာ အကျိုးအမြတ် မယူထားမှန်း ရှီလဲ့ သိသည်။ ထို့ကြောင့် သူက အကျိုးအမြတ်အဖြစ် ၂,၀၀၀ ယွမ်ကို ပေးခဲ့ခြင်း ဖြစ်သည်။
စွန်းဖုန်းက “ဒါက... မင်းကလည်း အားနာစရာကြီး”
ရှီလဲ့က ဇွတ်အတင်း ပေးသောကြောင့် စွန်းဖုန်းက လက်ခံလိုက်ပြီး အွန်လိုင်းမှတစ်ဆင့် ငွေလွှဲပေးလိုက်သည်။
ကျောင်းသို့ တက္ကစီဖြင့် ပြန်လာသောအခါ ရှီလဲ့၏ နှလုံးသားမှာ တစ်ဖန် နာကျင်ရပြန်သည်။ ၁၂၀ ယွမ်ကျော် ထပ်မံ ကုန်ဆုံးသွားခဲ့ပြီ မဟုတ်ပါလား။
အဆောင်သို့ ရောက်သောအခါ ဆာဗာများကို မတပ်ဆင်ရသေးဘဲ ကွန်ပျူတာဖွင့်ကာ ကျောင်းဖိုရမ် ကို ကြည့်လိုက်သည်။ မနေ့က သူပြုလုပ်ခဲ့သော ကိစ္စကြောင့် ကျောင်းအနေဖြင့် ယွမ် ၅ သန်းကျော် ဆုံးရှုံးခဲ့ရသည်။ ထို့နောက် သူသည် လင်းယွီမော့နှင့် ကျူကျူတွင် စကားပြောရန် ကြိုးစားသော်လည်း သူမ အွန်လိုင်းပေါ်တွင် မရှိပေ။
ရှီလဲ့သည် အလုပ်မရှိသဖြင့် သီချင်းအေးအေးလေး နားထောင်ကာ ကုတင်ပေါ်တွင် လှဲလျောင်းရင်း မနက်ဖြန် ဘယ်မှာ အိမ်ငှားရမလဲဟု တွေးတောနေတော့သည်။
“အိမ်ရှိရင်၊ ကောင်မလေးရှိပြီပေါ့” ဟု ရှီလဲ့တိုးတိုးလေး ရေရွတ်လိုက်သည်။