အခန်း (၂၅-၂၆)
Vol. 3 Ch. 25-26
အခန်း - ၂၅
အောက်တိုဘာလ ၃ ရက်နေ့ ရာသီဥတုက သာယာနေဆဲ၊ သို့မဟုတ် ပူပြင်းနေဆဲဟု ဆိုရမည်။ ရွှမ်းချင်းမြို့သည် ရှနိုင်ငံ၏ နာမည်ကြီး အပူရှိန်ပြင်းသော မြို့တစ်မြို့ဖြစ်ပြီး အပူချိန်မှာ ၃၀ ဒီဂရီ ဆဲလ်စီးယပ်စ်အထိ မြင့်တက်နေသည်။
မနက် ၉ နာရီကျော်ပြီဖြစ်သည်။ ရှီလဲ့သည် ဝေဝေဝါးဝါးဖြင့် မျက်လုံးပွင့်လာပြီး ကုတင်ပေါ်တွင် ထိုင်လိုက်သည်။
ဒီနေ့ ရှီလဲ့ လုပ်စရာတွေ အများကြီးရှိသည်။ ပထမဆုံး အိမ်ငှားရမည်။ ထို့နောက် မောက်စ် နှင့် ကီးဘုတ် နှစ်စုံ၊ စခရင်အကြီးကြီး နှစ်ခု ဝယ်ယူကာ ဆာဗာကို တပ်ဆင်ရမည်။
ရှီလဲ့သည် ဈေးပေါသော တီရှပ်တစ်ထည်နှင့် ဂျင်းဘောင်းဘီတစ်ထည်ကို ဝတ်ဆင်လိုက်သည်။ ကုတင်ခင်းအောက်ရှိ ယွမ် ၅,၀၀၀ ကို ထုတ်ယူကာ ဂျင်းဘောင်းဘီအိတ်ထဲသို့ ထည့်လိုက်သည်။
သူ ငွေအပိုယူလာခဲ့သည်။ အကယ်၍ သင့်တော်သော အိမ်တွေ့ပါက ချက်ချင်း အခြေချရန် ပြင်ဆင်ထားသည်။ ရွှမ်းဟူခရိုင်ရှိ အိမ်များသည်လည်း ဝယ်လိုအားများလှသည်။ တက္ကသိုလ်ကျောင်းသား အလွန်များသလို၊ အတူနေကြသည့် ကျောင်းသားစုံတွဲများလည်း အိမ်ငှားနေထိုင်မှု များပြားသောကြောင့် ဖြစ်သည်။
လမ်းနောက်ဘက် အဆုံးတွင် အိမ်ခြံမြေအကျိုးဆောင်ရုံးတစ်ခု ရှိသည်။ ရှီလဲ့သည် ညှပ်ဖိနပ်စီးကာ အဆောင်မှ ထွက်လာခဲ့သည်။ အကျိုးဆောင်ရုံးသို့ ရောက်သောအခါ သူ အလိုရှိသော အချက်အလက်များကို အကျဉ်းချုပ် ပြောပြလိုက်သည်။
“ကျွန်တော် အိပ်ခန်းတစ်ခန်း၊ ဧည့်ခန်းတစ်ခန်းပါတဲ့ အိမ်မျိုး လိုချင်တယ်.. ဒီနားမှာဆိုရင် အကောင်းဆုံးပဲ.. အလှဆင်ထားတာကတော့ သိပ်ဂရုမစိုက်ဘူး၊ ရိုးရိုးရှင်းရှင်း အလှဆင်ထားရင် ရပြီ...အဆင်သင့် တက်နေလို့ရမယ့် အိမ်မျိုး ဆိုရင် ပိုကောင်းတာပေါ့”
အကျိုးဆောင်ရုံးမှ အရောင်းဝန်ထမ်း မိန်းကလေးမှာ အလွန် ပါးနပ်သည်။ ရှီလေးကို ကြည့်ရုံဖြင့် အနီးနားက ကျောင်းသားမှန်း သူမ ချက်ချင်း သိလိုက်သည်။
သူမက စိတ်မကောင်းသလို လေသံဖြင့် “စိတ်မကောင်းပါဘူး ကျောင်းသား၊ အခုလောလောဆယ် အိပ်ခန်းတစ်ခန်း၊ ဧည့်ခန်းတစ်ခန်းနဲ့ အိမ်မျိုး အားတာ မရှိဘူးရှင့်” ဟု ပြောသည်။
ရှီလဲ့ အံ့အားသင့်သွားသည်။
‘တောက်... ဟို စုံတွဲတွေက ငါ့ထက် လက်ဦးသွားကြတာလား’
ရှီလဲ့မှာ အခြားရွေးချယ်စရာမရှိသဖြင့် ထပ်မေးလိုက်သည်။ “ဒါဆို အိပ်ခန်းနှစ်ခန်း၊ ဧည့်ခန်းတစ်ခန်းကော ရှိလား”
ထိုမိန်းကလေးက ကွန်ပျူတာထဲတွင် ခေတ္တရှာဖွေပြီးနောက် “အိပ်ခန်းနှစ်ခန်း၊ ဧည့်ခန်းတစ်ခန်းကတော့ ရှိသေးတယ်....ဒါပေမဲ့ ဒီနားမှာ မဟုတ်ဘူး...အနီးဆုံးက ရုပ်သံလွှင့်တက္ကသိုလ် ရဲ့ အနောက်ဘက်ပေါက်နားမှာ”
ရှီလဲ့ နှုတ်ခမ်းမဲ့လိုက်သည်။ ရုပ်သံလွှင့်တက္ကသိုလ်မှ ရွှမ်းချင်းတက္ကသိုလ်သို့ လမ်းလျှောက်လျှင် မိနစ် ၂၀ ခန့် ကြာမည် ဖြစ်သည်။
“ဒါဆို ဒီနားမှာရော ဘယ်လိုအိမ်တွေ ရှိသေးလဲ” ဟု ရှီလဲ့က မကျေမနပ် မေးလိုက်သည်။
ထိုမိန်းကလေးက စိတ်ရှည်လက်ရှည်ဖြင့် “အိပ်ခန်းသုံးခန်း၊ ဧည့်ခန်းတစ်ခန်းပါတဲ့ အိမ်နှစ်လုံး ရှိတယ်.. နှစ်လုံးစလုံးက အဆင့်မြင့် အလှဆင်ထားပြီး အထုပ်ဆွဲရုံနဲ့ တက်နေလို့ ရပါတယ်”
ရှီလဲ့စဉ်းစားကြည့်သည်။ ဈေးသိပ်မကြီးလျှင် အိပ်ခန်းသုံးခန်းကလည်း လက်ခံနိုင်စရာပင်။ “တစ်လ ဘယ်လောက်လဲ”
အရောင်းဝန်ထမ်းက ရှီလဲ့ကို တစ်ချက် ပြန်ကြည့်သည်။ ဈေးပေါသော တီရှပ်နှင့် အလျှော်များလွန်း၍ အရောင်လွင့်နေသော ဂျင်းဘောင်းဘီကို မြင်သောအခါ သူမ ခဏတာ တုံ့ဆိုင်းသွားပြီးမှ “အသေးက တစ်လ ၁,၅၀၀ ယွမ်၊ အကြီးက ၁,၈၀၀ ယွမ် ကျမယ်ရှင့်” ဟု ရှင်းပြသည်။
ရှီလဲ့မျက်မှောင်ကြုတ်သွားသည်။ အကျိုးဆောင်မလေးက စိတ်ပျက်သွားသည့် မျက်နှာပေးဖြင့် “ကျောင်းသား၊ အခန်းခွဲပြီး ငှားနေတာမျိုးကော စဉ်းစားမလား” ဟု အမြန်မေးလိုက်သည်။
ရှီလဲ့ ခေါင်းခါရန် ပြင်လိုက်သော်လည်း ထပ်စဉ်းစားကြည့်ရာ အခြားရွေးချယ်စရာ မရှိသလို အခန်းခွဲနေခြင်းကလည်း ဆုံးရှုံးစရာ မရှိပေ။ “ဒီနားမှာ အခန်းခွဲငှားတာမျိုး ရှိလား”
“အိပ်ခန်းနှစ်ခန်း၊ ဧည့်ခန်းတစ်ခန်းပါတဲ့ အခန်းတစ်ခန်း ရှိတယ်...အိမ်ရှင်က အခန်းတစ်ခန်းကို ပြန်ငှားတာ” အကျိုးဆောင်က ထိုအိမ်အကြောင်းကို စတင် ကြော်ငြာတော့သည်။ “ဒီအိမ်ကလည်း အဆင့်မြင့် ပြုပြင်ထားတာပဲ၊ အချိန်မရွေး တက်နေလို့ရတယ်...နောက်ပြီး အိမ်ရှင်က ကိုယ်ပိုင် ရေချိုးခန်း သုံးတာဆိုတော့ ရေချိုးခန်း သုံးရတာလည်း အဆင်ပြေတယ်.. အရေးကြီးဆုံးကတော့ အိမ်ရှင်က အလှလေးတစ်ယောက်ပဲ...ကျောင်းသား၊ ဒီအခွင့်အရေးကို လက်မလွှတ်နဲ့နော်..”
ရှီလေး မျက်လုံးလှန်လိုက်သည်။ “အိမ် သွားကြည့်လို့ ရမလား”
“ရတာပေါ့...” အကျိုးဆောင်က သဘောတူညီချက် စာရွက်တစ်ရွက် ထုတ်ပေးကာ “ကျောင်းသား၊ အိမ်မကြည့်ခင် ဒီစာချုပ်မှာ အရင် လက်မှတ်ထိုးပေးပါဦး” ဟု ယဉ်ကျေးစွာ ပြောသည်။
ထိုစာချုပ်မှာ ရှီလဲ့အနေဖြင့် အိမ်ကို တကယ်ငှားမည်ဆိုပါက အကျိုးဆောင်ကို ကျော်၍ အိမ်ရှင်နှင့် တိုက်ရိုက်မလုပ်ရဘဲ အကျိုးဆောင်ခ ပေးရမည်ဟူသော စည်းကမ်းချက် ဖြစ်သည်။ ရှီလဲ့က ဂရုမစိုက်ဘဲ လက်မှတ်ထိုးပေးလိုက်သည်။
“ကျောင်းသားရှီ၊ ခဏစောင့်ပါဦး... ကျွန်မ သော့သွားရှာလိုက်ဦးမယ်”
သော့တွေ့ပြီးနောက် အကျိုးဆောင်မလေးက လမ်းပြ၍ တိတ်ဆိတ်သော ရပ်ကွက်တစ်ခုသို့ ရောက်လာခဲ့သည်။ ရှီလဲ့ ထိုရပ်ကွက်ကို သိသည်။
ဂျင်ယာပန်းခြံ။
၎င်းသည် ရွှမ်းချင်းတက္ကသိုလ် ကျောင်းသားများကြားတွင် အငှားရဆုံး ရပ်ကွက်ဖြစ်သည်။ အိမ်ငှားခ မသက်သာသော်လည်း ကျောင်းသားများအတွက် အိမ်ငှားရာတွင် ‘အထွတ်အမြတ်နေရာ’ ကဲ့သို့ ဖြစ်နေသည်။
ဂျင်ယာပန်းခြံတွင် ၂၀ ထပ်မြင့်သော အိမ်ရာ ၁၀ လုံး ရှိသည်။ ရှီလဲ့သည် အဆောက်အဦး နံပါတ် ၇၊ အခန်း ၇၀၂ သို့ ရောက်ရှိသွားသည်။
တံခါးဖွင့်လိုက်သောအခါ ရှီလဲ့ အထဲသို့ ဝင်ကာ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။ ဧည့်ခန်းမှာ ရိုးရှင်းလှသည်။ ဆိုဖာ၊ ထမင်းစားစားပွဲ၊ ရေခဲသေတ္တာ၊ အဲယားကွန်းနှင့် တီဗီတို့သာ ရှိသည်။ ကိုယ်ပိုင်ပစ္စည်း သို့မဟုတ် အလှဆင်ပစ္စည်းများ မရှိပေ။
အိပ်ခန်းတံခါးနှစ်ခုမှာ သစ်သားစစ်စစ် တံခါးများဖြစ်၍ ခိုင်ခံ့သည်။ အိမ်ရှင်သည် အမှန်တကယ် ငှားလိုစိတ်ရှိကြောင်း သိသာသည်။ ရှီလဲ့သည် အခန်းခွဲနေရန် ပို၍ စိတ်ယိုင်သွားသည်။ “ငှားမယ့် အိပ်ခန်းကို ကြည့်လို့ ရမလား”
အိပ်ခန်းထဲတွင် ကုတင်၊ ဘေးစားပွဲ၊ အဲယားကွန်းနှင့် ဗီရိုတစ်လုံး ရှိသည်။ ရိုးရှင်းသော်လည်း အံကိုက်ပင်။ ရှီလဲ့ ခေါင်းညိတ်လိုက်သည်။
“ကျောင်းသားရှီ၊ စိတ်တိုင်းကျရဲ့လား” ဟု အကျိုးဆောင်က ပြုံးလျက် မေးသည်။
ရှီလေးက “တော်တော် စိတ်တိုင်းကျပါတယ်.. ဒါပေမဲ့ တစ်လကို ဘယ်လောက်လဲ” ဟု မေးသည်။
“မများပါဘူး၊ တစ်လကို ယွမ် ၅၀၀ ပဲ.. ဝန်ဆောင်မှုစရိတ်၊ ရေခိုး၊ ဂတ်စ်ခတွေကိုတော့ တစ်ဝက်စီ မျှပေးရမယ်... မီးခကတော့ ကိုယ်ပိုင် မီတာခွဲအတိုင်း လစဉ် ပေးရပါမယ်.. ကျောင်းသားရှီ၊ တခြား သိချင်တာ ရှိသေးလား”
ရှီလဲ့စိတ်ထဲက တွက်ကြည့်လိုက်သည်။ ဈေးက အနည်းငယ် မြင့်သော်လည်း ဂျင်ယာပန်းခြံ၏ စံနှုန်းအရ တန်ပါသည်။ ထို့ပြင် ဒီမှာ မငှားလျှင် တခြားနေရာများမှာ ဝေးလွန်းသည်။
“ပြဿနာမရှိဘူး၊ ဒီအိမ်ကိုပဲ ငှားမယ်” ရှီလဲ့ အတည်ပြုလိုက်သည်။
၎င်းတို့ အကျိုးဆောင်ရုံးသို့ ပြန်ရောက်ပြီးနောက် အိမ်ရှင်ကို ဆက်သွယ်ရာ အိမ်ရှင်မှာ အားနေသဖြင့် မိနစ် ၂၀ အတွင်း လာခဲ့မည်ဟု ဆိုသည်။
ရှီလဲ့ စားပွဲပေါ်ရှိ သတင်းစာကို ဖတ်နေစဉ် သတင်းတစ်ခုက သူ့အာရုံကို ဖမ်းစားသွားသည်။ ‘ဟေကျန်းခရိုင်မှ အဆင့်-A အလိုရှိ ရာဇဝတ်သားတစ်ဦးသည် ရွှမ်းချင်းမြို့သို့ ဝင်ရောက်လာပြီး ရွှမ်းဟူခရိုင်အတွင်း ပုန်းအောင်းနေသည်ဟု ယူဆရသည်’ ဟူသော သတင်းဖြစ်သည်။
ရှီလဲ့ သတင်းစာထဲက ဓာတ်ပုံကို ကြည့်လိုက်သောအခါ တစ်နေရာရာတွင် မြင်ဖူးသလို ခံစားရသည်။
“ဟင်”
သတင်းစာထဲက အလိုရှိတရားခံ၏ ဓာတ်ပုံမှာ တိန်းရှန့်အီလက်ထရောနစ် အရောင်းဆိုင်တွင် တွေ့ခဲ့သော ဂျုံရောင်အသားအရေနှင့် အလှလေး ပေးခဲ့သည့် ပုံပင် ဖြစ်သည်။ ထိုပုံကို ရှီလဲ့ ကိုယ်တိုင် ပြုပြင်ပေးခဲ့ခြင်း မဟုတ်ပါလား။
ကြည့်ရသည်မှာ ထိုအမျိုးသမီးသည် ရဲအရာရှိ ဖြစ်ပုံရသည်။ အကယ်၍ ဤအချက်ကို သူ ကြိုသိခဲ့လျှင် သူမကို အလကား ပြင်ပေးခဲ့မိမှာ ဖြစ်သည်။
သူ၏ အရင်ဘဝတွင် ရှီလဲ့သည် မှောင်မိုက်သော လမ်းစဉ်ကို ရွေးချယ်ခဲ့သော်လည်း ယခုဘဝတွင်မူ သူသည် မှောင်မိုက်သော ကမ္ဘာတွင် ထူးခြားသော ဘုရင်တစ်ပါး ဖြစ်လာရုံသာမက လက်တွေ့ကမ္ဘာတွင်လည်း ကမ္ဘာ့အဆင့်မီ ကုမ္ပဏီကြီးတစ်ခုကို တည်ထောင်ရန် သစ္စာဆိုထားသည်။
ဆယ်မိနစ်ခန့် စောင့်ပြီးနောက် ရဲယူနီဖောင်း ဝတ်ထားသော အမျိုးသမီးတစ်ဦး ဝင်လာသည်။
အကျိုးဆောင်က ပြုံးလျက် နှုတ်ဆက်သည်။ “မင်္ဂလာပါ၊ မစ္စအိုရန်”
ရှီလဲ့ သတင်းစာကို ချကာ မတ်တပ်ရပ်လိုက်သည်။ ရဲယူနီဖောင်းနှင့် အမျိုးသမီးကို ကြည့်လိုက်သောအခါ သူ မျက်ခုံးပင့်သွားသည်။ ဤအမျိုးသမီးသည် တိင်းရှန့်ဆိုင်တွင် ရှီလဲ့ကို မေးခွန်းထုတ်ခဲ့သော ဂျုံရောင်အသားနှင့် အလှလေးပင်။
အိုရန်ရှန်းသည် ညှပ်ဖိနပ်စီးထားသော ရှီလဲ့ကို ကြည့်ကာ မျက်လုံးထဲတွင် အထင်သေးရိပ်များ ပေါ်လာသည်။ “ဟက်၊ ရှင်က အိမ်ငှားချင်တာလား”
ရှီလဲ့ကလည်း သူမကို စွေကြည့်ကာ “မင်းက မငှားချင်လို့လား” ဟု ပြန်မေးလိုက်သည်။
အိုရန်ရှန်းသည် ရဲအရာရှိတစ်ဦး ဖြစ်သည့်အားလျော်စွာ ရှီလဲ့ကို စိတ်ထဲက မနှစ်မြို့ပေ။ သူမ ငြင်းပယ်ရန် ပါးစပ်ပြင်လိုက်သော်လည်း ရုတ်တရက် မျက်လုံးများ တောက်ပသွားကာ ဆွဲဆောင်မှုရှိသော အပြုံးဖြင့် “ဘာလို့ မငှားရမှာလဲ..ကျောင်းသားတစ်ယောက်ကို ငှားရတာ ကျွန်မအတွက် စိတ်မပူရဘူးလေ” ဟု ဆိုသည်။
ရှီလဲ့က “အလှလေးက ငှားမယ်ဆိုရင်လည်း စာချုပ်ချုပ်ကြတာပေါ့...ဒါနဲ့ ကျွန်တော့်နာမည်က ရှီလဲ့ပါ.. အလှလေး နာမည်က ဘယ်သူလဲ”
အိုရန်ရှန်းက မကျေမနပ် ကြည့်လိုက်သော်လည်း “ကျွန်မနာမည်က အိုရန်ရှန်း.. အရာရှိအိုရန်လို့ ခေါ်နိုင်တယ်...” ဟု ပြောသည်။
ရှီလဲ့က “အရာရှိအိုရန်၊ ကျွန်တော်တို့ နောင်ကျရင် အိမ်တစ်လုံးထဲမှာ အတူနေကြရမှာလေ.. အရာရှိအိုရန်လို့ ခေါ်နေရတာက နည်းနည်း စိမ်းမနေဘူးလား” ဟု နောက်ပြောင်လိုက်သည်။
အိုရန်ရှန်းက နှာခေါင်းရှုံ့ကာ “ရှီလဲ့၊ ငါ မင်းကို သတိပေးလိုက်မယ်...အခွင့်အရေးကို အလွဲသုံးမစားနဲ့”
ရှီလဲ့က လေသံပြောင်းကာ “အရာရှိအိုရန်က ရွှမ်းဟူ ရဲစခန်းကလား”
အိုရန်ရှန်းက မဖုံးကွယ်ဘဲ “ဟုတ်တယ်၊ ကျွန်မက ရွှမ်းဟူ တက္ကသိုလ်နယ်မြေကို တာဝန်ယူရတဲ့ ရဲအရာရှိပဲ” ဟု ပြောကာ ရှီလဲ့ကို သတိပေးသလို စူးစိုက်ကြည့်လိုက်သည်။
“ဩော်... ခင်ဗျားတို့ စခန်းက အမှုကြီးနှိမ်နင်းရေးအဖွဲ့က ချန်ကွမ်းလျန် ကို ကျွန်တော် သိတယ်.. သူက အဖွဲ့ခေါင်းဆောင် မဟုတ်လား” ရှီလဲ့က ဂျင်းဘောင်းဘီအိတ်ထဲမှ ချန်ကွမ်းလျန်၏ လိပ်စာကတ်ကို ထုတ်ပြလိုက်သည်။ “ဒီမှာ ကြည့်၊ ဒါ အဖွဲ့ခေါင်းဆောင်ချန်ရဲ့ လိပ်စာကတ်ပဲ”
အိုရန်ရှန်းက သံသယဖြင့် ယူကြည့်ရာ အမှန်တကယ် ချန်ကွမ်းလျန်၏ လိပ်စာကတ် ဖြစ်နေသည်။ “ရှင်က အဖွဲ့ခေါင်းဆောင်ချန်ကို ဘယ်လိုသိတာလဲ”
ရှီလဲ့ ရယ်လိုက်သည်။ “အိုရန်၊ ဒါကိုတော့ မင်း သိဖို့ မလိုပါဘူး....ဒါပေမဲ့ အဖွဲ့ခေါင်းဆောင်ချန်ရဲ့ မျက်နှာကို ထောက်ပြီး ငါ မင်းကို အကူအညီတစ်ခု ပေးနိုင်တယ်..”
အိုရန်ရှန်းက သူမကို ‘အိုရန်’ ဟု မခေါ်ရန် သတိပေးတော့မည့်ဆဲဆဲ၊ ရှီလဲ့၏ ဒုတိယစာကြောင်းကြောင့် မျှော်လင့်ချက် ရောင်ခြည် သန်းသွားသည်။ ရှီလဲ့သည် သူမအား ထိုတရားခံ၏ ဓာတ်ပုံကို ပြင်ပေးနိုင်လိမ့်မည်ဟု သူမ ထင်လိုက်သည်။ “ရှီလဲ့၊ ရှင် အဲဒီဓာတ်ပုံကို ကူပြင်ပေးနိုင်မလား”
ရှီလဲ့က ပြုံးလျက် ခေါင်းညိတ်သည်။ “ရတာပေါ့”
ရှီလေး စိတ်ထဲတွင် ရယ်မောနေမိသည်။ အိုရန်ရှန်းကို စနောက်လိုစိတ်များ တဖွားဖွား ပေါ်ပေါက်လာသည်။ “ဒါပေမဲ့ အရာရှိအိုရန်၊ ကျွန်တော် အခုမှ အိမ်ပြောင်းလာတာဆိုတော့ ဒီည ဘာစားရမလဲ မသိဘူး ဖြစ်နေတယ်...”
အိုရန်ရှန်းသည် အရှက်မရှိသော ရှီလဲ့ကို မယှဉ်နိုင်ပါ။ ရှီလဲ့၏ စကားမှာ ရိုးသားသလို ရှိသော်လည်း အမှန်တကယ် ရည်ရွယ်ချက်မှာ အိုရန်ရှန်းနှင့်အတူ ညစာ စားလိုခြင်းပင်။
အိုရန်ရှန်းသည် စိတ်ကို ထိန်းချုပ်ကာ အသက်ပြင်းပြင်း ရှူလိုက်ပြီး “ဒီည ကျွန်မ အိမ်မှာပဲ ချက်စားမှာ.. ရှီလဲ့ စိတ်မရှိရင် အတူတူ စားလို့ ရပါတယ်” ဟု ပြောလိုက်သည်။
ရှီလဲ့က အံ့အားသင့်ဟန်ဆောင်ကာ “အိုရန်၊ မင်းကလည်း အားနာစရာကြီး.. မင်းရဲ့ စေတနာကို အလဟဿ မဖြစ်စေဖို့အတွက် ကျွန်တော် သဘောတူလိုက်ပါ့မယ်”
အိုရန်ရှန်းသည် ရှီလဲ့၏ အရှက်မရှိမှုကို တစ်ကြိမ် မြင်ဖူးထားသဖြင့် စကားမပြောနိုင်ဘဲ မျက်လုံးလှန်ပြရုံမှတစ်ပါး အခြားမတတ်နိုင်တော့ပေ။
အရောင်းဝန်ထမ်း မိန်းကလေးမှာမူ ရှီလဲ့၏ တတ်နိုင်စွမ်းကို ကြည့်ကာ ပါးစပ်အဟောင်းသားဖြင့် အံ့အားသင့်နေတော့သည်။
အခန်း - ၂၆
နေလယ်ခင်းတွင် ရှီလဲ့သည် ဆာဗာနှစ်လုံးကို ဂျင်ယာပန်းခြံရှိ အခန်းသို့ ရွှေ့ပြောင်းလိုက်သည်။ ဝယ်စရာရှိသည်များကိုလည်း အကုန်ဝယ်ယူခဲ့ပြီးပြီ ဖြစ်သည်။
အိပ်ခန်းထဲတွင် ရှီလဲ့သည် ဆာဗာများကို တပ်ဆင်နေသည်။ အသစ်ဝယ်လာသော ကွန်ပျူတာစားပွဲကို ကုတင်ဘေး၊ အခန်းတံခါးနှင့် မျက်နှာချင်းဆိုင်တွင် ထားရှိသည်။ ၂၂ လက်မ LCD မော်နီတာ နှစ်လုံးမှာ အခန်းတံခါးဘက်သို့ မျက်နှာမူလျက် ရှိသည်။
LCD မော်နီတာနှစ်လုံး၊ စားပွဲနှင့် တစ်နှစ်စာ အိမ်ငှားခများ ပေးပြီးနောက်တွင် ရှီလဲ့၏ လက်ထဲ၌ ငွေယွမ် ၁၀,၀၀၀ ခန့်သာ ကျန်တော့သဖြင့် သူ၏ ဘဏ္ဍာရေးအခြေအနေမှာ တစ်ဖန် ပြန်လည် နွမ်းပါးသွားခဲ့ရပြန်သည်။
ဆာဗာနှစ်လုံးကို တပ်ဆင်ပြီးနောက် ရှီလဲ့သည် မတ်တပ်ရပ်ကာ နဖူးမှ ချွေးများကို သုတ်လိုက်ရင်း “ဟူး တော်တော်ပင်ပန်းတာပဲ” ဟု ညည်းတွားလိုက်မိသည်။
“ဒေါက် ဒေါက် ဒေါက် “
အိပ်ခန်း၏ သစ်သားတံခါးဆီမှ ခေါက်သံ ထွက်ပေါ်လာသည်။
“ရှီလဲ့” အိုရန်ရှန်းက အပြင်ဘက်မှ လှမ်းခေါ်လိုက်သည်။
ရှီလဲ့သည် တံခါးဆီသို့ လျှောက်သွားပြီး အနည်းငယ်ဟကာ ခေါင်းပြူထွက်၍ ကြည့်လိုက်သည်။ “ဘာကိစ္စလဲ”
အိုရန်ရှန်းက မျက်မှောင်အနည်းငယ်ကြုတ်ကာ အခန်းထဲသို့ ချောင်းကြည့်သော်လည်း ရှီလဲ့၏ ကိုယ်လုံးက ကွယ်ထားသဖြင့် ဘာမှမမြင်ရပေ။ “ရှီလဲ့၊ နင် အဲဒီဓာတ်ပုံကို ကူညီပြင်ပေးမယ်လို့ ပြောထားတယ်မဟုတ်လား”
ရှီလဲ့က စိတ်မရှည်သလိုဖြင့် “ဘာတွေ လောနေတာလဲ.. အရင်ဆုံး အစ်ကိုရှီအတွက် ညစာ သွားပြင်လိုက်ဦး.. အခု ဒီအစ်ကိုကြီး အလုပ်ရှုပ်နေတယ်” ဟု ပြောကာ တံခါးကို ပြန်ပိတ်လိုက်သည်။ ထို့နောက် ကွန်ပျူတာစားပွဲတွင် ထိုင်ကာ ဆာဗာနှစ်လုံးကို စတင် လည်ပတ်စေလိုက်သည်။
“ဝိန်း “
ဆာဗာနှစ်လုံး၏ အလွန်တိတ်ဆိတ်သော ပန်ကာများ စတင် လည်ပတ်လာသည်။
တံခါးအပြင်ဘက်တွင်မူ အိုရန်ရှန်းသည် အံကြိတ်ကာ တိုးတိုးလေး ကျိန်ဆဲနေတော့သည်။ “ဒီကောင်စုတ် ရှီလဲ့.. စောင့်နေလိုက်ဦး၊ နင့်ကို နောက်ကျရင် ဘယ်လို ပညာပေးရမလဲဆိုတာ ကြည့်သေးတာပေါ့”
အိုရန်ရှန်း၏ စိတ်ထဲတွင် ရှီလဲ့ကို နှိပ်စက်နေသည့် ပုံရိပ်ပေါင်းများစွာ ပေါ်လာသော်လည်း နောက်ဆုံးတွင် စိတ်ကူးနှင့်သာ ကျေနပ်လိုက်ရပြီး ညစာပြင်ရန် မီးဖိုချောင်ထဲသို့ ဝင်သွားတော့သည်။
အိပ်ခန်းထဲတွင် ရှီလဲ့သည် ဆာဗာများ၏ စွမ်းဆောင်ရည်ကို စစ်ဆေးနေသည်။ ၂၀၀၆ ခုနှစ်၏ ဆာဗာစွမ်းဆောင်ရည်မှာ ယခုခေတ်နှင့် ယှဉ်လျှင် နိမ့်ပါးသော်လည်း ထိုခေတ်ကာလ အနေအထားအရမူ Workstation များထက်ပင် ပိုမိုကောင်းမွန်နေပြီ ဖြစ်သည်။
“မဆိုးဘူး... အစ်ကိုဖုန်းကတော့ တကယ့်ကို အားကိုးရတာပဲ” ဟု ရှီလဲ့က တိုးတိုးလေး ရေရွတ်လိုက်သည်။
သူသည် ဂျင်းဘောင်းဘီအိတ်ထဲမှ ယူအက်စ်ဘီဒရိုက် ကို ထုတ်ကာ ဆာဗာတွင် ထိုးလိုက်သည်။ ရှီလဲ့သည် ဆာဗာတွင် တပါတည်းပါလာသော မိုက်ခရိုဆော့ဖ် ၏ ဝင်းဒိုးဆာဗာ ၂၀၀၃ ကို ဖျက်ထုတ်ပစ်ရန် ဆုံးဖြတ်ထားသည်။ သာမန်လူများအတွက် ထိုစနစ်က ကောင်းမွန်သော်လည်း ရှီလဲ့၏ မျက်စိထဲတွင်မူ အသုံးမဝင်ပေ။
သူသည် မိုက်ခရိုဆော့ဖ် စနစ်ထက် စနစ်ကို ကိုယ်တိုင် တည်ဆောက်အသုံးပြုလိုသည်။ ဤဆာဗာကို သူ အရေးကြီးသော ကိစ္စများအတွက် သုံးမည်ဖြစ်ရာ ဖိုင်းယားဝေါလ် ပရိုဂရမ်မှစ၍ ကင်မရာလုံခြုံရေး စနစ်အထိ အစအဆုံး ကိုယ်တိုင် ရေးသားတည်ဆောက်ရန် ပြင်ဆင်နေသည်။
ကမ္ဘာ့ထိပ်တန်း ဟက်ကာတိုင်းတွင် ကိုယ်ပိုင် စူပါကွန်ပျူတာ တစ်လုံးစီ ရှိကြသည်။ စူပါကွန်ပျူတာကို မထိန်းချုပ်နိုင်သော ဟက်ကာတစ်ဦးသည် ကမ္ဘာ့ထိပ်တန်းဟု ခေါ်ရန် မထိုက်တန်ပေ။
အရင်ဘဝ ၂၀၀၈ ခုနှစ်တုန်းက ရှီလဲ့သည် စူပါကွန်ပျူတာ တစ်လုံးကို မတော်တဆ ထိန်းချုပ်ခွင့် ရခဲ့ဖူးသည်။ ထိုစူပါကွန်ပျူတာသည် ၂၀၀၆ ခုနှစ်ကတည်းက ပေါ်ပေါက်နေပြီ ဖြစ်ရာ ယခုအချိန်တွင်လည်း ရှီလဲ့အနေဖြင့် ၎င်းကို ထိန်းချုပ်ရန် အခွင့်အရေး ရှိနေသည်။ ထိုစူပါကွန်ပျူတာသည် ၂၀၀၆ ခုနှစ်တွင် ကမ္ဘာ့အဆင့် ၉ ရှိသော စက်ပစ္စည်း ဖြစ်သည်။
သို့သော် ရှီလဲ့၏ လှုပ်ရှားမှုများ ပေါက်ကြားသွားပါက အလွန် ဒုက္ခရောက်နိုင်သဖြင့် သူသည် အလွန်ပင် ဂရုစိုက်နေရသည်။ သူသည် ယူအက်စ်ဘီ ထဲမှ လီနက်ဖ် စနစ်ကို ဆာဗာထဲသို့ ထည့်သွင်းကာ မိုက်ခရိုဆော့ဖ် စနစ်ကို အစားထိုးပစ်လိုက်သည်။ ထို့နောက် အခြေခံကုဒ်များကို ပြင်ဆင်ကာ ကိုယ်ပိုင် စနစ်တစ်ခုအဖြစ် စတင် ပုံဖော်တော့သည်။
ညနေ ၆ နာရီတွင် တံခါးခေါက်သံ တစ်ဖန် ထပ်မံ ထွက်ပေါ်လာသည်။
“ရှီလဲ့၊ ညစာစားဖို့ ထွက်လာခဲ့တော့...” အိုရန်ရှန်းက ခေါ်လိုက်ခြင်း ဖြစ်သည်။
ရှီလဲ့သည် အလုပ်များကို ရပ်နားကာ Screen lock ချပြီး အခန်းပြင်သို့ ထွက်လာခဲ့သည်။ သူ အခန်းပြင်သို့ ရောက်သောအခါ မွှေးကြိုင်လှသော ဟင်းနံ့များကို ရလိုက်သည်။ မှန်ထမင်းစားစားပွဲပေါ်တွင် ဟင်းနှစ်ခွက်နှင့် စွပ်ပြုတ်တစ်ခွက်သာ ရှိသော်လည်း ရနံ့မှာ တကယ့်ကို ဆွဲဆောင်မှု ရှိလှသည်။
အသားဟင်းမှာ ငရုတ်ပွစိမ်းနှင့် ဝက်သားမျှင်ကြော် ဖြစ်သည်။ ဝက်သားမျှင်နှင့် ငရုတ်ပွစိမ်းများကို အရွယ်အစား တူညီအောင် လှီးဖြတ်ထားပုံမှာ အိုရန်ရှန်း၏ ဓားကျွမ်းကျင်မှုကို ပေါ်လွင်စေသည်။ ကျန်တစ်ခွက်မှာ ဂေါ်ဖီထုပ်ကြော်ဖြစ်ပြီး နောက်ဆုံးတစ်ခုမှာ ခရမ်းချဉ်သီး ကြက်ဥစွပ်ပြုတ် ဖြစ်သည်။
“မဆိုးဘူး၊ မဆိုးဘူး” ရှီလဲ့က လက်ဖြင့် ဂေါ်ဖီထုပ်ကြော် တစ်ဖတ်ကို ကောက်စားလိုက်သည်။
ထိုအချိန်တွင် အိုရန်ရှန်းက ထမင်းပန်းကန်နှစ်လုံးကို ကိုင်ကာ မီးဖိုချောင်ထဲမှ ထွက်လာပြီး ရှီလဲ့ ခိုးစားနေသည်ကို မြင်သွားသည်။ “ရှီလဲ့”
ရှီလဲ့ ပါးစပ်ထဲက ဂေါ်ဖီထုပ်ကို မမြိုရသေးမီမှာပင် အဆူခံလိုက်ရခြင်း ဖြစ်သည်။
“ရှီလဲ့၊ နင် ဘယ်လိုဖြစ်လို့ ခိုးစားရတာလဲ! လက်နဲ့တောင် နှိုက်စားတယ်” အိုရန်ရှန်းက နှာခေါင်းရှုံ့ကာ ပြောသည်။
ရှီလဲ့က အိုးတိုးအန်းတန်းဖြင့် မြိုချလိုက်ကာ “မတတ်နိုင်ဘူးလေ အရာရှိအိုရန်ရဲ့.. ခင်ဗျားက ဟင်းချက်တာ ကောင်းလွန်းတာကိုး” ဟု ပြန်ချော့လိုက်သည်။
အိုရန်ရှန်း၏ နှုတ်ခမ်းဖျားတွင် မသိမသာ အပြုံးရိပ်လေးတစ်ခု ပေါ်လာသည်။ ဤခေတ်ကာလတွင် ဟင်းချက်တတ်သော မိန်းကလေးများမှာ အလွန်ပင် ရှားပါးလှသည် မဟုတ်ပါလား။
“ရှီလဲ့၊ သွား... လက်ဆေးပြီးမှ လာစားတော့” ဟု ရှီလဲ့၏ ညစ်ပတ်နေသော လက်များကို ကြည့်ကာ ပြောလိုက်သည်။
ရှီလဲ့ကလည်း ဘာမှပြန်မပြောဘဲ လိမ္မာပါးနပ်စွာဖြင့် လက်သွားဆေးသည်။ အိုရန်ရှန်းက ရှီလဲ့၏ ကျောပြင်ကို ကြည့်ကာ စိတ်ထဲမှ ကြုံးဝါးနေမိသည်။ “ကောင်လေး၊ နင့်ရဲ့ အစာအိမ်ကို ငါ ထိန်းချုပ်ထားပြီးပြီဆိုတော့ နင် ငါ့လက်ထဲက ဘယ်ပြေးမလဲ ကြည့်သေးတာပေါ့”
အိုရန်ရှန်းသည် ရှီလဲ့ကို သဘောကျနေခြင်း မဟုတ်ဘဲ သူ၏ နည်းပညာ အကူအညီကို လိုချင်ရုံသာ ဖြစ်သည်။
ထမင်းစားပွဲတွင်မူ ရှီလဲ့သည် ဘာကိုမှ ဂရုမစိုက်ဘဲ စားသောက်နေတော့သည်။ မိနစ်အနည်းငယ်အတွင်း ထမင်းတစ်ပန်းကန် ကုန်သွားပြီး အိုရန်ရှန်းကို လှမ်းပေးလိုက်သည်။ “အိုရန်ရှန်း၊ ဒီအစ်ကိုကြီးအတွက် နောက်တစ်ပန်းကန်လောက် ထည့်ပေးဦး”
အိုရန်ရှန်းသည် မငြင်းဘဲ ပန်းကန်ကို ယူကာ ထမင်းထည့်ပေးလိုက်သည်။ ရှီလဲ့မှာ စားသောက်ပြီးနောက် အလွန် ကျေနပ်နေပုံရသည်။ “အိုရန်ရှန်း၊ မင်းရဲ့ လက်ရာက တကယ်ကောင်းတာပဲ”
အိုရန်ရှန်းက ပြုံးစစဖြင့် “ရှီလဲ့၊ မနက်ဖြန်ရော ထပ်စားချင်သေးလား” ဟု မေးသည်။
ရှီလဲ့က ခေါင်းညိတ်ကာ “စားချင်တာပေါ့...ဒါပေမဲ့ မင်းက အလကား ကျွေးမှာ မဟုတ်ဘူးဆိုတာ ငါ သိပါတယ်...ငါ ကိုယ့်ကိုယ်ကိုယ် သိပါတယ်...မင်း ဘာတောင်းဆိုချင်လဲ ပြောသာပြော”
အိုရန်ရှန်းသည် ရှီလဲ့၏ ပွင့်လင်းမှုကို အံ့သြသွားပြီးမှ တည်တည်တံ့တံ့ဖြင့် ပြောလိုက်သည်။ “နင် နားလည်တယ်ဆိုရင်လည်း တည့်တည့်ပဲ ပြောမယ်...နောက်ကျရင် အတူတူ ညစာစားချင်တယ်ဆိုရင် ရပါတယ်.. ဒါပေမဲ့ ငါ ပေးတဲ့ ပုံပြင်တာတွေနဲ့ ဒေတာ ပြန်ရှာတာတွေကိုတော့ နင် မငြင်းဘဲ ကူညီပေးရမယ်”
ရှီလဲ့က ချက်ချင်းပင် ငြင်းဆန်လိုက်သည်။
အိုရန်ရှန်းက သူ့ကို အလုပ်တွေ ဘယ်လောက်တောင် ပုံပေးဦးမလဲဆိုတာ ဘယ်သူသိနိုင်မှာလဲ။ “အိုရန်ရှန်း၊ မင်း အိပ်မက်ယောင်နေတာလား.. ဒီအချက်က မတန်လွန်းဘူး...တခြားဟာ ပြောင်း”
အိုရန်ရှန်းကလည်း လျှော့မပေးဘဲ “ငါ့မှာ ဒီတစ်ချက်ပဲ ရှိတယ်” ဟု ဆိုသည်။
ရှီလဲ့ စဉ်းစားကြည့်သည်။ အိုရန်ရှန်း၏ လက်ရာကို သူ မစွန့်လွှတ်နိုင်ပေ။ အမျိုးသားတစ်ဦး၏ နှလုံးသားကို သိမ်းပိုက်လိုလျှင် သူ၏ အစာအိမ်ကို အရင်သိမ်းပိုက်ရမည်ဟူသော စကားမှာ အမှန်ပင် ဖြစ်သည်။
“အိုရန်ရှန်း၊ ငါ သဘောတူမယ်... ဒါပေမဲ့ ငါ့ဘက်က အချက်တစ်ချက် ထပ်တိုးမယ်”
“ပြောကြည့်လေ”
ရှီလဲ့က လည်ချောင်းတစ်ချက် ဟန့်ကာ “ငါ မင်းကို တစ်လမှာ နှစ်ကြိမ်ပဲ ကူညီမယ်...ပုံပြင်တာဖြစ်ဖြစ်၊ ဒေတာပြန်ရှာတာဖြစ်ဖြစ် တစ်လမှာ နှစ်ခါပဲ...တစ်ပုံပြင်ရင် တစ်ခါ၊ တစ်ခါ ဒေတာပြန်ရှာရင် တစ်ခါပဲ...ဒါက တကယ်တော့ မနည်းဘူးနော်...မနေ့ကဆိုရင် ငါ ကုမ္ပဏီတစ်ခုကို ဒေတာပြန်ရှာပေးလို့ ယွမ် ၃၀,၀၀၀ ရခဲ့တာ... ဒါကို မင်း ထည့်စဉ်းစားကြည့်ဦး”
အိုရန်ရှန်းသည် ခေါင်းငုံ့ကာ စဉ်းစားနေသည်။ မနေ့က ရှီလဲ့၏ ကျွမ်းကျင်မှုကို သူမ တွေ့ခဲ့ရပြီးပြီ ဖြစ်သည်။ သူမ အခြားနေရာများတွင် သွားပြင်သော်လည်း မည်သူမျှ စိတ်တိုင်းကျအောင် မလုပ်ပေးနိုင်ခဲ့ကြပေ။
“ကောင်းပြီ ရှီလဲ့၊ နင့်အချက်ကို ငါ လက်ခံတယ်... ဒါပေမဲ့ ငါ့မှာလည်း အချက်တစ်ချက် ရှိသေးတယ်..”
ရှီလဲ့က ထိုင်ခုံကို မှီလိုက်ရင်း “ငါ့ကို ခက်ခဲစေမယ့် အချက်မျိုးတော့ မဟုတ်ဖို့ မျှော်လင့်တယ်နော်”
အိုရန်ရှန်းက ခေါင်းညိတ်ကာ “ရှီလဲ့၊ မနေ့က ငါပေးတဲ့ ဗီဒီယိုထဲက ပုံကို အခု ပြင်ပေး...အဲဒီပုံက ငါ့စိတ်တိုင်းကျ ဖြစ်မှသာ နင့်ရဲ့ အချက်ကို ငါ သဘောတူမယ်..”
ရှီလဲ့က ပြုံးလိုက်သည်။ “အကယ်၍ မင်း စိတ်တိုင်းမကျရင် နောင်ကျရင် မင်းရဲ့ လက်ရာကို ငါ စားခွင့်မရှိတော့ဘူးပေါ့၊ ဟုတ်လား”
အိုရန်ရှန်းက ခေါင်းညိတ်ပြသည်။
“ကောင်းပြီ..အခုပဲ ဗိုက်လည်း နည်းနည်း ကယ်နေတာနဲ့ အစာကြေအောင် သွားလုပ်ပေးလိုက်မယ်..” ရှီလဲ့သည် မတ်တပ်ရပ်ကာ အိပ်ခန်းထဲသို့ လျှောက်သွားသည်။
အိုရန်ရှန်းသည် ရှီလဲ့နောက်သို့ လိုက်သွားရမလားဟု ခဏတာ တွေဝေနေမိသည်။
အခန်းထဲရောက်သောအခါ ရှီလဲ့သည် ကုတင်စောင်းတွင် ထိုင်ကာ ကွန်ပျူတာ မောက်စ်ကို လှုပ်ရှားလိုက်သည်။ ထို့နောက် တံခါးဝတွင် ရပ်နေဆဲဖြစ်သော အိုရန်ရှန်းကို လှမ်းအော်လိုက်သည်။
“ဟေး အိုရန်ရှန်း၊ ဘာလို့ အထဲမဝင်လာတာလဲ...”