← Chapters

အခန်း (၂၉-၃၀)

Vol. 3 Ch. 29-30

အခန်း (၂၉-၃၀)

Vol. 3 Ch. 29-30

အခန်း - ၂၉

ရန်ကျစ်သည် EQ နိမ့်သည်မှလွဲ၍ အခြားအားနည်းချက် မရှိပေ။

ကောလာဟလဖြန့်သူ ချန်မင်မှာမူ နဖူးတွင် ချွေးစေးများထွက်ကာ ရန်ကျစ်ကို ကြည့်နေမိသည်။

‘တောက်.. ရန်ကျစ်ကတော့ တကယ့်ငတုံးပဲ’

ချန်မင်သည် ရန်ကျစ်၏လက်ထဲမှ ဖုန်းကို အမြန်လုယူကာ ရဲစခန်းအော်ပရေတာထံ အခြေအနေကို အမြန်ရှင်းပြလိုက်ရသည်။

နောက်ဆုံးတွင် အော်ပရေတာက တည်တည်တံ့တံ့ဖြင့် “ကျောင်းသား၊ ရဲစခန်းကို နောက်ပြောင်ဖုန်းဆက်တာက ဥပဒေနဲ့မကင်းဘူး... နောက်တစ်ခါ ဒါမျိုးမလုပ်ဖို့ မျှော်လင့်ပါတယ်... မင်းတို့က ကျောင်းသားတွေ ဖြစ်နေလို့ ဒီတစ်ခါတော့ ခွင့်လွှတ်ပေးလိုက်မယ်” ဟု ပြောသည်။

ချန်မင်က ကျေးဇူးအထပ်ထပ်တင်ကာ ဖုန်းချလိုက်သည်။

ရန်ကျစ်က အလျှော့မပေးဘဲ “ချန်မင်၊ မင်း ဘာလုပ်တာလဲ” ဟု အော်သည်။

ချန်မင်၏ နဖူးတွင် အကြောများထောင်တက်လာကာ “ငတုံး” ဟု ခေါင်းငုံ့ကျိန်ဆဲလိုက်ရင်း ရန်ကျစ်၏ဖုန်းကို စားပွဲပေါ်တင်ကာ လှည့်ထွက်သွားတော့သည်။

ကျောက်တံတားခရိုင်။

ယခုတစ်ခေါက်တွင် ရှီလဲ့သည် စွန်းဖုန်းကို အလုပ်မပေးတော့ဘဲ အဆောက်အအုံ၏ ဒုတိယထပ်တွင် ကိုယ်တိုင်လှည့်လည်ကြည့်ရှုသည်။ ထိုအထပ်တွင် ကွန်ပျူတာအစိတ်အပိုင်းများ၊ ဆက်စပ်ပစ္စည်းများနှင့် ရုံးသုံးပစ္စည်းများ ရောင်းချသည်။

HD ကင်မရာများသည် အလွန်ခေတ်မီဆန်းပြားသည့် ပစ္စည်းများမဟုတ်သဖြင့် ဆိုင်အတော်များများတွင် ဝယ်ယူနိုင်သည်။ ရှီလဲ့သည် ဆိုင်အချို့ကို ပတ်ကြည့်ပြီးနောက် ဆုံးဖြတ်ချက်ချလိုက်သည်။

၂၀၀၆ ခုနှစ်တွင် HD ကင်မရာဈေးနှုန်းမှာ ရာဂဏန်းအထက်တွင် ရှိနေဆဲဖြစ်သည်။ ရှီလဲ့သည် pixel ဆယ်သန်းကျော်ပါဝင်သည့် HD ကင်မရာကို ရွေးချယ်ခဲ့သည်။ ၎င်းမှာ လူသုံးကုန်အဆင့်တွင် အကောင်းဆုံးဟု ဆိုနိုင်သည်။

ဈေးဆစ်ပြီးနောက် တစ်လုံးလျှင် ယွမ် ၄၀၀ နှုန်းဖြင့် ငါးလုံးဝယ်ယူလိုက်ရာ ယွမ် ၂၀၀၀ ခန့်မှာ လေထဲသို့ လွင့်ပါးသွားသလို ကုန်သွားတော့သည်။ ကင်မရာများကို ကိုင်ဆောင်ကာ သူ တတိယထပ်သို့ တက်လာခဲ့သည်။

အမျိုးသားနေ့ အားလပ်ရက် ပြီးဆုံးသွားသော်လည်း တိန်းရှန့်အီလက်ထရွန်နစ်ဆိုင်မှာ ပို၍ပင် အလုပ်ရှုပ်နေသည်။ ဝန်ထမ်းများမှာ စက်ပြင်နေကြပြီး ရှောင်လျူမှာလည်း ပြုံးရွှင်စွာဖြင့် ဖောက်သည်များကို ဧည့်ခံနေသည်။ စွန်းဖုန်းမှာမူ ဆိုင်တွင်မရှိပေ။

ရှီလဲ့ ဆိုင်ထဲဝင်လာသည်နှင့် ရှောင်လျူ၏ မျက်နှာမှ အပြုံးများ ပျောက်ကွယ်သွားကာ “အစ်ကိုရှီ၊ သူဌေးမရှိဘူး” ဟု အေးစက်စက် ပြောသည်။

“အေး ငါသိတယ် ပြီးခဲ့တဲ့ရက်တွေက ဒေတာပြန်ရှာတာတို့ ပုံပြင်တာတို့ လာအပ်တဲ့ ဖောက်သည်ရှိလား” ဟု ရှီလဲ့ မေးလိုက်သည်။ ကင်မရာဝယ်ပြီးနောက် သူ၏ပိုက်ဆံအိတ်မှာ ပါးလွှာသွားသဖြင့် ငွေရှာရန် နည်းလမ်းရှာရမည်ဖြစ်သည်။

ရှောင်လျိုက ခေါင်းခါပြကာ “စိတ်မကောင်းပါဘူး၊ အဲဒီလို ဝန်ဆောင်မှုမျိုး အခုလောလောဆယ် မရှိသေးဘူး” ဟု ဆိုသည်။

ရှီလဲ့သည် ရှောင်လျူကို တစ်ချက်ကြည့်ကာ ပြုံးလျက် လှည့်ထွက်လာခဲ့သည်။ လူတစ်ယောက်အတွက် အရေးကြီးဆုံးမှာ မိမိ၏ အတိုင်းအတာကို မိမိသိရန်ပင် ဖြစ်သည်။

မူလက ရှီလဲ့သည် ရှောင်လျူကို သဘောကျပြီး ပညာအချို့ သင်ပေးချင်ခဲ့သော်လည်း ရှောင်လျူမှာ အိုရန်ရှန်းကဲ့သို့သော လက်လှမ်းမမီသည့် အမျိုးသမီးတစ်ဦးအတွက် ရှီလဲ့အပေါ် ရန်ငြိုးထားနေသည်။ ၎င်းမှာ ရှောင်လျူက သူ၏ အဆင့်အတန်းကို မသိခြင်းပင် ဖြစ်သည်။

ဂျင်ယာပန်းခြံသို့ ပြန်ရောက်သောအခါ ရှီလဲ့သည် ဆာဗာနှစ်လုံးတွင် ကင်မရာ ငါးလုံးကို တပ်ဆင်လိုက်သည်။

ဆာဗာနံပါတ် (၁) တွင် ကင်မရာလေးလုံး တပ်ဆင်ထားသည်။ ကင်မရာ တစ်လုံးစီတွင် ပါဝါပေးစနစ်၊ စက်ပိတ်ခလုတ်၊ လုံခြုံရေးအတည်ပြု လှုပ်ရှားမှုများနှင့် မျက်နှာအမူအရာများအတွက် သီးခြားစီ စောင့်ကြည့်ရန် သတ်မှတ်ထားသည်။ Graphics Workstation တွင်မူ ပုံရိပ်ဖမ်းယူရန် ကင်မရာတစ်လုံး တပ်ဆင်ထားသည်။

လှုပ်ရှားမှုဖမ်းယူသည့်စနစ်ကို ကင်မရာနှင့် ချိတ်ဆက်ပြီးနောက် သူ သက်ပြင်းချလိုက်သည်။ အချိန်ကိုကြည့်ရာ မွန်းတည့် ၁၂ နာရီ ရှိပြီဖြစ်သည်။ အိုရန်ရှန်းမှာ မွန်းတည့်ချိန်တွင် အိမ်ပြန်လာမည်မဟုတ်သလို မနက်စာလည်း ပြင်ပေးမည်မဟုတ်ပေ။ ညနေ အလုပ်ဆင်းမှသာ အိမ်ပြန်လာပြီး ချက်ပြုတ်ပေးမည်ဖြစ်သည်။

ရှီလဲ့သည် အိပ်ခန်းတံခါးကို လော့ခ်ချကာ ရွှမ်းချင်းတက္ကသိုလ်သို့ ပြန်လာခဲ့သည်။

စီနီယာအဆောင် အခန်း ၅၀၁ သို့ ရောက်သောအခါ ရှီလဲ့မှာ တံခါးဖွင့်လိုက်သည်နှင့် ထိတ်လန့်သွားတော့သည်။ ဧည့်ခန်းရှိ ပရိဘောဂအားလုံးမှာ ထောင့်သို့ ရောက်နေပြီး ဧည့်ခန်းအလယ်တွင် စက်ပစ္စည်းအစိတ်အပိုင်းများ ပြည့်နှက်နေသည်။ စက်ဆီနံ့နှင့် ဓာတ်ဆီနံ့များက တစ်ခန်းလုံးတွင် ပျံ့နှံ့နေသည်။

ရှီလဲ့က “ရှောင်လီ၊ အပြင်ထွက်ခဲ့စမ်း” ဟု ဟိန်းဟောက်လိုက်သည်။

“အမ်” လီချိုင်သည် စက်ဆီများ ပေကျံနေသော တီရှပ်နှင့် ဂျင်းဘောင်းဘီကို ဝတ်လျက် အခန်းထဲမှ ပြေးထွက်လာသည်။ မျက်နှာတွင်လည်း ဆီမည်းများ ပေကျံနေသဖြင့် ကားပြင်ဆရာနှင့် တူနေသည်။

“အစ်ကိုရှီ မင်း ပြန်လာပြီလား” လီချိုင်က အံ့အားသင့်စွာ မေးသည်။

ရှီလဲ့က ခဏကြောင်သွားကာ “ရှောင်လီ၊ ဘာသဘောလဲ ငါက အဆောင်ပြန်လာလို့ မရဘူးလား” ဟု မေးသည်။

လီချိုင်က လက်ကို အမြန်ခါပြရင်း အတန်းထဲတွင် ပျံ့နှံ့နေသည့် ရှီလဲ့ ခြင်္သေ့ကိုက်ခံရ၍ ဆေးရုံတက်နေရသည်ဆိုသော ကောလာဟလကို ပြောပြလိုက်သည်။ “အစ်ကိုရှီ၊ မင်းနေကောင်းနေတာ တကယ်ဝမ်းသာဖို့ကောင်းတယ်”

ရှီလဲ့၏ နဖူးတွင် အကြောများ ထောင်တက်လာသည်။ ‘ဘာတွေလဲဟ တော်တော်လေး ရယ်စရာကောင်းတဲ့ ကောလာဟလပဲ’

“ရှောင်လီ၊ မင်းပြောတာက နောက်ဆုံးတော့ အတန်းခေါင်းဆောင် ချန်မင်ကပဲ ဟိုစာအုပ်ကြီးသမား ရန်ကျစ်ကို ဒုက္ခက ကယ်ထုတ်ပေးလိုက်တယ်ဆိုတာ ဟုတ်လား” ဟု ရှီလဲ့ မေးလိုက်သည်။

“အေး ဟုတ်တယ်” လီချိုင်က ခေါင်းညိတ်သည်။ “ရန်ကျစ်က တကယ်ကြီး ရဲကို ဖုန်းဆက်လိုက်တာလေ.. ချန်မင်သာ မကူညီရင် သူ တိုင်ချက်အမှားဖွင့်မှုနဲ့ ဒုက္ခရောက်တော့မှာ”

ရှီလဲ့၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။

‘တကယ်ပဲလား ချန်မင်... ချန်မင်... ငါ မင်းကို အရင်တစ်ခါ ပညာပေးထားတာ မမှတ်သေးဘူးပေါ့လေ.. ဒီအစ်ကိုကြီးအကြောင်း ကောလာဟလတွေ ဖြန့်ရဲတယ်ပေါ့ သတ္တိရှိလှချည်လား’

“ရှောင်လီ၊ ဒီပစ္စည်းတွေက ဘာတွေလဲဆိုတာ ရှင်းပြဦး” ရှီလဲ့က ဧည့်ခန်းထဲက ပစ္စည်းများကို လက်ညှိုးထိုးပြသည်။

“အစ်ကိုရှီ... ဒါတွေက... ဒါတွေက... ဆီသုံး အဝေးထိန်း ရဟတ်ယာဉ်ရဲ့ အစိတ်အပိုင်းတွေပါ” လီချိုင်က အိုးတိုးအန်းတန်းဖြင့် ပြုံးပြသည်။

ရှီလဲ့က လီချိုင်ကို ကြည့်ကာ “ရှောင်လီ၊ အဲဒီအရုပ်ကို မြန်မြန်ပြီးအောင်လုပ်.. မဟုတ်ရင် ဒီလိုပတ်ဝန်းကျင်နဲ့ဆိုရင် မိန်းကလေးတွေ ငါတို့အဆောင်ကို လာလည်မှာ မဟုတ်ဘူး” ဟု ဆိုသည်။

“မိန်းကလေးတွေ လာလည်မယ် ဟုတ်လား” လီချိုင် မျက်လုံးများ တောက်ပသွားသည်။

ရှီလဲ့က “ငါတို့အဆောင် အခြေအနေနဲ့ဆိုရင် မိန်းကလေးတွေ ခေါ်လာလို့ ဖြစ်ပါ့မလား” ဟု အရိပ်အမြွက် ပြောလိုက်ရာ လီချိုင်မှာ စိတ်လှုပ်ရှားစွာဖြင့် “အစ်ကိုရှီက တကယ့်ကို ပညာရှိပဲ” ဟု အော်တော့သည်။

ရှီလဲ့က လက်ယမ်းပြကာ “ရှောင်လီ၊ မင်း အလုပ်ဆက်လုပ် ငါ တစ်ဖက်ခန်းကို သွားကြည့်ဦးမယ်” ဟု ပြောလိုက်သည်။ တစ်ဖက်ခန်းဆိုသည်မှာ လင်းယွီမော့နှင့် မုရှန်းတို့ရှိသည့် အခန်း ၅၀၂ ပင် ဖြစ်သည်။

“ဒေါက် ဒေါက် ဒေါက် “

မုရှန်း၏ အေးစက်သော အသံ ထွက်ပေါ်လာသည်။ “ဘယ်သူလဲ”

ရှီလဲ့က “မုရှန်း၊ တံခါးဖွင့်ပါဦး၊ ငါပါ” ဟု ပြန်ဖြေသည်။

မုရှန်းက “မိန်းကလေးဆောင်လေ၊ ယောက်ျားလေး မဝင်ရဘူး” ဟု ဆိုသည်။

ရှီလဲ့က အရှက်မရှိဘဲ “ငါက ရောက်နေပြီပဲဟာ မရှက်ပါနဲ့ မုရှန်းရာ..ရှောင်မော့ ကော ဘယ်မှာလဲ” ဟု မေးလိုက်သည်။

မုရှန်းက သက်ပြင်းချကာ တံခါးဖွင့်ပေးလိုက်သည်။ “ရှီလဲ့၊ နင့်ကို မဝင်စေချင်ပေမယ့် ယွီမော့အတွက်ကြောင့် ဒီတစ်ခါတော့ ခွင့်ပြုလိုက်မယ်.. ယွီမော့ကို သွားချော့လိုက်ဦး”

ရှီလဲ့၏ မျက်နှာထား ပြောင်းလဲသွားသည်။ “မှင်စက်လေး ဘာဖြစ်လို့လဲ”

မုရှန်းက ပိတ်ထားသော တံခါးကို လက်ညှိုးထိုးပြကာ “သူ့ကိုပဲ သွားမေးလိုက်” ဟု ပြောကာ သူမအခန်းထဲ ပြန်ဝင်သွားသည်။

ရှီလဲ့သည် လင်းယွီမော့၏ အခန်းတံခါးကို ခေါက်လိုက်သည်။ “ရှောင်မော့ အစ်ကိုရှီ ရောက်လာပြီနော်”

အခန်းထဲမှ တိုးညင်းသော ရှိုက်သံကို ရှီလဲ့ ကြားလိုက်ရသည်။ “ရှောင်မော့ ဘာဖြစ်တာလဲ တံခါးဖွင့်ပါဦး”

လင်းယွီမော့က ဘာမှပြန်မပြောပေ။

“ရှောင်မော့ဘာဖြစ်လို့လဲ တစ်ယောက်ယောက်က အနိုင်ကျင့်လို့လား ငါ့ကို ပြော၊ ငါ ကလဲ့စားချေပေးမယ်”

ရှိုက်သံက ပိုကျယ်လာပြီး တံခါး အနည်းငယ် ပွင့်လာသည်။ ရှီလဲ့ ဝင်သွားသောအခါ လင်းယွီမော့သည် ကုတင်ပေါ်တွင် မျက်ရည်များဖြင့် ထိုင်နေသည်ကို တွေ့လိုက်ရသည်။

“မိစ္ဆာရှီ ငါ တောင်းပန်ပါတယ်”

ရှီလဲ့ ဇဝေဇဝါ ဖြစ်သွားသည်။ “ဘာလို့ တောင်းပန်တာလဲ”

လင်းယွီမော့က ရှိုက်ကြီးတငင်ဖြင့် ရှင်းပြသည်။ သူမနှင့် ဝမ်မင်တို့ ရှီလဲ့အကြောင်း ပြောနေသည်ကို နောက်မှ ချန်မင်က ကြားသွားပြီး အတန်းထဲတွင် ကောလာဟလများ လျှောက်ဖြန့်လိုက်ခြင်း ဖြစ်သည်။ သူမသည် ရှီလဲ့ စိတ်ဆိုးမည်ကို စိုးရိမ်နေသော်လည်း ရှီလဲ့မှာ အေးအေးဆေးဆေး ပြုံးနေသည်ကို တွေ့လိုက်ရသည်။

“မိစ္ဆာရှီ၊ နင် ငါ့ကို စိတ်မဆိုးဘူးလား”

ရှီလဲ့က လင်းယွီမော့၏ ဘေးသို့ သွားကာ မျက်နှာကို တမင်တည်လိုက်ရင်း “ဆိုးတာပေါ့ အများကြီး စိတ်ဆိုးတာ” ဟု ပြောလိုက်ရာ လင်းယွီမော့၏ မျက်နှာလေး ဖြူလျော့သွားသည်။

ရှီလဲ့က ရယ်လိုက်ပြီး လင်းယွီမော့၏ ပခုံးကို ကိုင်ကာ “ငါ စိတ်ဆိုးတာက အဲဒီ ချန်မင်ဆိုတဲ့ကောင်က ‌‌ေရှာင့်‌ေမာ့ကို ငိုအောင် လုပ်လို့ပဲ ကျောက်ခေါင်းက အရမ်းစိတ်ဆိုးနေပြီ၊ အကျိုးဆက်ကတော့ မတွေးရဲစရာပဲ”

ရှီလဲ့၏ နွေးထွေးသော လက်ဖဝါးများကို ခံစားလိုက်ရသောအခါ လင်းယွီမော့၏ မျက်ရည်များမှာ အပြုံးအဖြစ် ပြောင်းလဲသွားသည်။

“မုန်းလိုက်တာ ကျောက်ခဲမိစ္ဆာ၊ သူ့ကို သွားမရိုက်နဲ့ဦးနော်.. ပြဿနာတက်ရင် နင်ပဲ ခံရလိမ့်မယ်”

ရှီလဲ့က ငုံ့ကြည့်ကာ “အစ်ကိုရှီက အဲဒီလို အကြမ်းဖက်တတ်တဲ့လူနဲ့ တူလို့လား” ဟု မေးသည်။

“တူတာပေါ့” လင်းယွီမော့က မျက်ရည်စများကြားမှ နောက်ပြောင်လိုက်သည်။

ရှီလဲ့က မျက်လုံးတစ်ချက် ဝေ့လိုက်ရင်း “ကျောင်းမှာ ဆော့ဖ်ဝဲလ် ပြိုင်ပွဲရှိတယ် မဟုတ်လား..အဲဒီပြိုင်ပွဲမှာ သူ့ကို အပြတ်အသတ် အနိုင်ယူပြီး နင့်အတွက် ကလဲ့စားချေပေးမယ်..”

လင်းယွီမော့က ဝမ်းသာအားရ ခေါင်းညိတ်သည်။ “ချန်မင်က အဲဒီပြိုင်ပွဲမှာ ပထမရမယ်လို့ ကြုံးဝါးထားတာ.... မိစ္ဆာရှီနင် သူ့ကို ကျော်တက်ရမယ်နော်”

ရှီလဲ့က ယုံကြည်မှုအပြည့်ဖြင့် “စိတ်မပူနဲ့! ချန်မင်လို အမှိုက်ကောင်က ငါ့ရဲ့မျက်စိထဲမှာ ပြောပလောက်စရာ မဟုတ်ပါဘူး” ဟု ဆိုသည်။

ညနေပိုင်း ပထမတစ်ချိန်တွင် ရှီလဲ့နှင့် လင်းယွီမော့တို့ အတူတူ ထိုင်ကြသည်။ အပြင်ပန်း အေးစက်လှသော ရှောင်လီမှာမူ အတွင်းရေးမှူး ဝမ်မင်၏ ဘေးသို့ သွားကာ ဖားနေတော့သည်။

ချန်မင်မှာမူ လင်းယွီ‌ေမာ့၏ နောက်တွင် ထပ်မံ ထိုင်နေပြန်သည်။ ရှီလဲ့က ရုတ်တရက် လှည့်ကြည့်ကာ အေးစက်စက် ပြောလိုက်သည်။

“ချန်မင်၊ အမှိုက်ကောင်၊ ငါ သတိပေးမယ်၊ ငါ့ရည်းစားနဲ့ ဝေးဝေးမှာ နေစမ်း”

ချန်မင်က မထေမဲ့မြင်ပုံစံဖြင့် “ရှီလဲ့၊ မင်းက ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေတာ မဟုတ်ဘူးလား..ယွီမော့က မင်းရည်းစားလား... မင်းလို လူမွဲတစ်ယောက်က ယွီ‌ေမာ့နဲ့ တန်တယ်လို့ ထင်နေတာလား” ဟု ပြန်မေးသည်။

ရှီလဲ့က ထူးဆန်းစွာ ရယ်လိုက်သည်။

“ချန်မင်၊ ငါ တန်သလား မတန်ဘူးလားဆိုတာ မင်း ဆုံးဖြတ်ရမှာ မဟုတ်ဘူး”

ချန်မင်၏ မျက်လုံးများ အေးစက်သွားကာ “ရှီလဲ့၊ မင်း ငါနဲ့ လောင်းရဲလား” ဟု မေးလိုက်တော့သည်။

အခန်း - ၃၀

အတန်းထဲတွင် ရှီလဲ့နှင့် ချန်မင်တို့သည် တစ်ဦးကိုတစ်ဦး အလျှော့မပေးဘဲ အခြေအတင် ဖြစ်နေကြသည်။

“ရှီလဲ့၊ ငါတို့ ကွန်ပျူတာသိပ္ပံဌာနက ကျောင်းတွင်း ဆော့ဖ်ဝဲလ်ပြိုင်ပွဲ ကျင်းပတော့မယ်မင်း ဝင်ပြိုင်ရဲလား”

ရှီလဲ့က ခေါင်းညိတ်လိုက်ပြီး မထေမဲ့မြင် အမူအရာဖြင့် “ငါက ဘာလို့ မရဲရမှာလဲ” ဟု ဆိုသည်။

ချန်မင်၏ နှုတ်ခမ်းတွင် လှောင်ပြုံးတစ်ခု ပေါ်လာသည်။ “ရှီလဲ့၊ ကျောင်းတွင်း ဆော့ဖ်ဝဲလ်ပြိုင်ပွဲရဲ့ အဆင့်သတ်မှတ်ချက်အတွက် ငါနဲ့ ယှဉ်ပြိုင်ရဲလား.. ငါက မင်းကို အနိုင်ကျင့်တယ်လို့ မဖြစ်စေရအောင်... ငါသာ ပထမမရရင် မင်းနိုင်တယ်လို့ သတ်မှတ်ပေးမယ်.. ဒါမှမဟုတ် မင်းက ထိပ်ဆုံး သုံးယောက်စာရင်းထဲ ပါရင်လည်း မင်းနိုင်တယ် အကယ်၍ မင်းရှုံးရင်တော့ လင်းယွီ‌ေမာ့က ငါ့အပိုင်ပဲ မင်းကတော့ နောက်ကို လစ်လိုက်တော့”

ရှီလဲ့သည် တစ်ကိုယ်လုံး တုန်ယင်လျက် “ရှောင်မော့ငါ အရမ်းကြောက်နေပြီ” ဟု ပြောလိုက်သည်။

လင်းယွီမော့က တခိခိ ရယ်မောလိုက်သည်။

ရှီလဲ့က ချန်မင်ကို တည်တည်ကြည်ကြည် ကြည့်ကာ ဖြောင့်မတ်လှသော လေသံဖြင့် ပြောလိုက်သည်။ “ချန်မင်၊ မင်းက အတန်းခေါင်းဆောင် ဆိုပေမဲ့ ဒီလောက်အထိတော့ မောက်မာလို့ မရဘူး ပထမအချက်၊ရှောင်မော့က ကုန်ပစ္စည်းလည်း မဟုတ်ဘူး၊ လောင်းကြေးလည်း မဟုတ်ဘူး ဒီအချက်တစ်ချက်တည်းနဲ့တင် မင်းက သူမနဲ့ မတန်ဘူး ဒုတိယအချက်၊ မင်းလို အဆင့်မရှိတဲ့ ပညာနဲ့ ဒီအစ်ကိုကြီးကို လာလောင်းတာလား..ငါက မင်းအဖေတောင် မင်းကို မမှတ်မိနိုင်အောင် နင်းခြေပစ်မှာကို သတိထားဦး”

ချန်မင်က ဒေါသတကြီး ရယ်မောကာ “ကောင်းပြီ ကောင်းပြီ ရှီလဲ့၊ မင်း ငါ့ကို ဘယ်လို နင်းခြေမလဲဆိုတာ ငါ စောင့်ကြည့်ချင်သေးတယ်” ဟု ဆိုသည်။

ရှီလဲ့က အံ့ဩသွားဟန်ဖြင့် “အတန်းခေါင်းဆောင်ချန်၊ မင်းက အနှိပ်စက်ခံရတာ ဝါသနာပါလို့လား.. ငါက မင်းကို နင်းခြေမယ်လို့ ပြောတာကို မင်းက ငါ့ကို အားပေးနေတာလား” ဟု ပြောလိုက်သည်။

ချန်မင်က နှာခေါင်းရှုံ့ကာ “ရှီလဲ့၊ စကားမများနဲ့...သတ္တိရှိရင် ကျောင်းတွင်း ဆော့ဖ်ဝဲလ်ပြိုင်ပွဲမှာ ယှဉ်လိုက်လေ”

ရှီလဲ့က တဟားဟား ရယ်ကာ “အတန်းခေါင်းဆောင်ချန်၊ ငါတို့ လောင်းကြေးထဲမှာ တစ်ခုခု ထပ်ပေါင်းထည့်ရင် ဘယ်လိုလဲ” ဟု မေးလိုက်သည်။

ချန်မင်၏ မျက်လုံးများထဲတွင် ဝမ်းသာအားရ ဖြစ်သွားသည့် အရိပ်အယောင်များ ပေါ်လာသည်။ ‘ရှီလဲ့၊ ရှီလဲ့... နတ်ပြည်သွားမယ့်လမ်း ရှိပါလျက်နဲ့ မင်းက မသွားဘဲ၊ တံခါးမရှိတဲ့ ငရဲပြည်ကိုမှ လာတိုးနေတာပဲ..မင်း ကိုယ့်ဘာသာ သေတွင်းတူးနေမှတော့ ငါ့ကို အပြစ်မတင်နဲ့တော့’

ကျောင်းတွင်း ဆော့ဖ်ဝဲလ်ပြိုင်ပွဲတွင် ချန်မင် ပထမရရန် ဆုံးဖြတ်ပြီးသား ဖြစ်သည်။

ချန်မင်သည် ရင်ထဲမှ ဝမ်းသာမှုကို ထိန်းချုပ်ကာ တတ်နိုင်သမျှ တည်ငြိမ်စွာဖြင့် “ရှီလဲ့၊ မင်း ဘာလောင်းချင်တာလဲ” ဟု မေးသည်။

ရှီလဲ့က စဉ်းစားနေဟန် ဆောင်လိုက်သည်။ ‘ဟွန့် ချန်မင်၊ ကျောင်းတွင်း ဆော့ဖ်ဝဲလ်ပြိုင်ပွဲကို မင်းမိသားစုက စီစဉ်တာဆိုတာ ငါမသိဘူးလို့ မမှတ်နဲ့.. ငါ့ကို ရန်စရဲမှတော့ ကလဲ့စားချေခံရဖို့လည်း ပြင်ထားပေဦးတော့’

ရှီလဲ့က ခေါင်းမော့ကာ ချန်မင်ကို ပြုံးပြလိုက်သည်။ “အတန်းခေါင်းဆောင်၊ ငါ့မှာ အကြံကောင်းတစ်ခု ရှိတယ်”

ချန်မင်က မာန်တက်လျက် “ပြောစမ်းပါ” ဟု ဆိုသည်။

“ဒါက လောင်းကြေးဆိုတော့... ရှုံးတဲ့လူက ရေဒီယိုအသံလွှင့်ဌာနကို သွားပြီး သူက ယောက်ျားမပီသပါဘူးလို့ အသံကျယ်ကျယ်နဲ့ ကြေညာရမယ် ...”

သူတို့စကားပြောသည်ကို ခိုးနားထောင်နေကြသော ကျောင်းသားများမှာ အံ့အားသင့်ကာ အသက်ရှူပင် မှားသွားကြသည်။

ရှီလဲ့၏ နည်းလမ်းက တကယ့်ကို ရက်စက်လှသည်။

အကယ်၍ ရှုံးသွားပါက ကျောင်းတစ်ကျောင်းလုံးကို သူ့တွင် ပြဿနာရှိနေကြောင်း ကြေညာရမည်ဖြစ်သည်။ ၎င်းမှာ လုံးဝ ပျော်စရာမကောင်းပေ။သို့သော်လည်း ချန်မင်မှာ မကြောက်ရုံတင်မကဘဲ အောင်ပွဲခံချင်စိတ်ပင် ပေါက်နေသည်။ “ပြဿနာမရှိဘူး..ရှီလဲ့၊ မင်း ပြောပြီးသားစကား ပြန်မရုပ်သိမ်းနဲ့နော်”

ရှီလဲ့က “အတန်းထဲက လူအားလုံးက သက်သေပဲ ရှုံးသွားတဲ့အခါ စကားနောက်ပြန်မလှည့်ဖို့ပဲ ငါ မျှော်လင့်ပါတယ်” ဟု ရယ်မောကာ ပြောလိုက်သည်။

ချန်မင်သည် သူ ပထမရဖို့ သေချာနေကြောင်း အော်ဟစ်ပြောဆိုချင်သော်လည်း နောက်ဆုံးတွင် အောင့်ထားလိုက်သည်။

“အတန်းခေါင်းဆောင်၊ ငါ့မှာ နောက်ထပ် အခြေအနေ တစ်ခုရှိသေးတယ်” ဟု ရှီလဲ့က ရုတ်တရက် ပြောသည်။

ချန်မင်က သဘောထားကြီးဟန် ဆောင်ကာ “ဘာအခြေအနေလဲ၊ ပြောမင်း ရှုံးတဲ့အခါကျမှ ဆင်ခြေပေးနေမှာ ငါ မလိုချင်ဘူး”

ရှီလဲ့က မျက်လုံးကို ကျဉ်းမြောင်းလိုက်ရင်း “အတန်းခေါင်းဆောင်၊ ငါတို့ရဲ့ ရလဒ်တွေကို ဒိုင်လူကြီးတွေရဲ့ အဆုံးအဖြတ်အတိုင်း မတွက်ချက်ရဘူး” ဟု ဆိုသည်။

ချန်မင်က ချက်ချင်းပင် မထေမဲ့မြင် ပြန်ပြောသည်။ “ဒိုင်လူကြီးတွေ အဆုံးအဖြတ်အတိုင်း မဟုတ်ရင် အဆုံးသတ်ရလဒ်ကို မင်းကပဲ ဆုံးဖြတ်မှာလား..မင်း နောင်တရချင်ရင် အခုပဲ ပြောလိုက်လေ”

ရှီလဲ့က ရယ်မောလိုက်သည်။ “အတန်းခေါင်းဆောင်၊ တချို့လူတွေ ခိုးချမှာကို ငါ စိုးရိမ်လို့ပါ...ကျောင်းတွင်း ဆော့ဖ်ဝဲလ်ပြိုင်ပွဲအတွင်းမှာ နာမည်ကြီး ကုမ္ပဏီတွေကို ဒိုင်လူကြီးအဖြစ် ပါဝင်ဖို့ ငါ ဖိတ်ခေါ်မယ်... ငါတို့ရဲ့ ရလဒ်တွေကို အဲဒီ နာမည်ကြီး ကုမ္ပဏီတွေကပဲ ဆုံးဖြတ်ပေးလိမ့်မယ်.. ဘယ်လိုလဲ”

ချန်မင် ကြောင်သွားသည်။ နာမည်ကြီး ကုမ္ပဏီတွေ

ဒီလောက် သေးငယ်တဲ့ ကျောင်းတွင်း ဆော့ဖ်ဝဲလ်ပြိုင်ပွဲကို နာမည်ကြီး ကုမ္ပဏီတွေက လာပါ့မလား။

‘ဒီရှီလဲ့မှာ နောက်ထပ် အထူးအဆင့်အတန်းတစ်ခု ရှိနေလို့လား’ ချန်မင်သည် ရှီလဲ့ကို ခြေဆုံးခေါင်းဆုံး ကြည့်လိုက်သည်။ မည်သို့ကြည့်ကြည့် လူမွဲတစ်ယောက်နှင့်သာ တူနေသဖြင့် သူ ချက်ချင်း စိတ်အေးသွားသည်။ “ရှီလဲ့၊ ကြွားမနေစမ်းပါနဲ့။ ဘယ်လို နာမည်ကြီး ကုမ္ပဏီကို မင်းက ဖိတ်မှာလဲ”

ရှီလဲ့က လျှို့ဝှက်ဆန်းကြယ်ဟန်ဖြင့် “ဒါက လျှို့ဝှက်ချက်ပဲ လျှို့ဝှက်ချက်” ဟု ဆိုသည်။

ချန်မင်က လှောင်ပြုံးဖြင့် “ကောင်းပြီ၊ ငါ သဘောတူတယ် ဒါပေမဲ့ ရှီလဲ့... မင်းပြောတဲ့ နာမည်ကြီး ကုမ္ပဏီတွေ ရောက်မလာရင်တော့ ငါတို့ရဲ့ ရလဒ်တွေက အတူတူပဲ ဖြစ်နေလိမ့်မယ်..အဲဒီကျရင်တော့ ကျောင်းတွင်း ဒိုင်လူကြီးတွေရဲ့ စံနှုန်းအတိုင်းပဲ တွက်ချက်မယ်... ဘယ်လိုလဲ”

ရှီလဲ့က ခေါင်းညိတ်သည်။ “ပြဿနာမရှိဘူး အတန်းခေါင်းဆောင်၊ အခုတော့ လစ်လို့ရပြီ.. ငါနဲ့ ငါ့ရည်းစားကို လာပြီး မနှောင့်ယှက်နဲ့တော့”

ချန်မင်၏ မျက်လုံးများတွင် အရှက်ရမှုနှင့် ဒေါသများ ပြည့်နှက်နေသည်။ သူသည် ဒေါသတကြီး နှာခေါင်းရှုံ့ကာ ထိုင်ခုံနေရာ ပြောင်းရန် ထရပ်လိုက်တော့သည်။

ညနေပိုင်းတွင် အတန်းနှစ်ချိန်သာ ရှိသည်။

ရှီလဲ့သည် လင်းယွီမော့ကို အဆောင်သို့ ပို့ပေးပြီးနောက် ဂျင်ယာပန်းခြံသို့ အမြန်ပြန်လာခဲ့သည်။ အိမ်ရောက်သောအခါ အိပ်ခန်းတံခါးကို အရင်စစ်ဆေးသည်။ ထူးခြားမှု မရှိသည်ကို တွေ့ရသောအခါမှ တံခါးဖွင့်ဝင်လိုက်သည်။

အိပ်ခန်းထဲသို့ ရောက်သောအခါ ရှီလဲ့သည် Graphics Workstation ကို နှိုးလိုက်ပြီး HD ကင်မရာမှ မှတ်တမ်းတင်ထားသော ဗီဒီယိုကို စစ်ဆေးသည်။ ကင်မရာသည် အိပ်ခန်းတံခါးကို မျက်နှာမူထားသဖြင့် တစ်စုံတစ်ယောက် ဝင်လာပါက သေချာပေါက် မှတ်တမ်းတင်မိမည် ဖြစ်သည်။ ရှီလဲ့သည် ဗီဒီယိုကို အမြန်နှုန်းဖြင့် ကြည့်ရှုစစ်ဆေးပြီး ဘာမှ မထူးခြားကြောင်း အတည်ပြုပြီးနောက် ဗီဒီယိုကို ဖျက်ပစ်လိုက်သည်။

ရှီလဲ့သည် ပရိုဂရမ်မင်း ဆော့ဖ်ဝဲလ်ကို ဖွင့်ကာ မပြီးသေးသော ကုဒ်များကို ဆက်လက် ရိုက်တော့သည်။ ၎င်းမှာ ကျောင်းတွင်း ဆော့ဖ်ဝဲလ်ပြိုင်ပွဲအတွက် သူ ရေးသားနေသော ဆော့ဖ်ဝဲလ် ဖြစ်သည်။

မူလက ရှီလဲ့သည် ပုံရိပ်ကောင်းမွန်အောင် ပြုပြင်သည့် ဆော့ဖ်ဝဲလ်တစ်ခုကို ရေးရန် စီစဉ်ထားခြင်း ဖြစ်သည်။ ၎င်းမှာ ဖိုတိုရှော့ဖ် နှင့် တူသော်လည်း ပိုမို ရိုးရှင်းသည်။

သာမန်အခြေအနေအရဆိုလျှင် ထိုကဲ့သို့သော ဆော့ဖ်ဝဲလ်မှာ ပြိုင်ပွဲတွင် ပထမရရန် လုံလောက်သည်။ သို့သော်လည်း ဤပြိုင်ပွဲမှာ အကာအကွယ် တစ်ခုသာ ဖြစ်ပြီး ပထမဆုကို ကြိုတင်သတ်မှတ်ထားပြီးသား ဖြစ်သည်။ ရှီလဲ့အနေဖြင့် အလွန်ထူးခြားကောင်းမွန်သော ဆော့ဖ်ဝဲလ်တစ်ခု မထုတ်ပြနိုင်ပါက သူ ယှဉ်ပြိုင်နိုင်မည် မဟုတ်ပေ။

ယနေ့ညနေက ရှီလဲ့သည် နာမည်ကြီး ထုတ်လုပ်သူများကို ဒိုင်လူကြီးအဖြစ် ဖိတ်ခေါ်မည်ဟု ကြွားဝါခဲ့သည်။ အကယ်၍ ရှီလဲ့ မလုပ်နိုင်ပါက ရှုံးသည်ဟု သတ်မှတ်ခံရမည်။ထို့ကြောင့် ရှီလဲ့၏ ဆော့ဖ်ဝဲလ်သည် နာမည်ကြီး ထုတ်လုပ်သူများကို ဆွဲဆောင်နိုင်လောက်အောင် စွမ်းဆောင်ရည် ရှိရမည် ဖြစ်သည်။

ည ၇ နာရီကျော်သောအခါ အိုရန်ရှန်းက တံခါးပြင်ပမှ လှမ်းအော်သည်။ “ရှီလဲ့၊ ထမင်းစားချိန်တန်ပြီ”

ရှီလဲ့သည် Graphics Workstation ကိုပင် လော့ခ်မချဘဲ တံခါးဖွင့် ထွက်လာခဲ့သည်။ “ဝါး... နောက်ဆုံးတော့ ထမင်းစားရပြီ အိုရန်၊ နင့်ကို အရမ်းချစ်တာပဲ”

အိုရန်ရှန်းက သူ့ကို မထေမဲ့မြင် ကြည့်ကာ “နင်က အမွေးတောင် မစုံသေးတဲ့ ကလေးပဲ ရှိသေးတာကို” ဟု ဆိုသည်။

ရှီလဲ့က မဟုတ်ကဟုတ်က ရယ်မောကာ “အိုရန်၊ ငါ့အမွေးတွေ မစုံသေးတာကို နင်က ဘယ်လိုသိတာလဲ.. ဒါမှမဟုတ်... အာ ငါ အိပ်နေတုန်း နင် ငါ့ကို ခိုးကြည့်ထားတာလား”

“တွီး” အိုရန်ရှန်းက မျက်မှောင်ကြုတ်ကာ ထွေးလိုက်သည်။ “ထမင်းစားစမ်း ဒီမှာ စားစရာတွေ ဒီလောက်ကောင်းတာတောင် နင့်ပါးစပ်က မပိတ်နိုင်သေးဘူးလား”

ရှီလဲ့က ထမင်းပန်းကန်ကို အမြန်ယူကာ အငမ်းမရ စားတော့သည်။ “အိုရန်၊ နင့်အစ်ကိုအတွက် ထမင်းတစ်ပန်းကန် ထပ်ခတ်ပေးပါဦး”

အိုရန်ရှန်းက ရှီလဲ့ကို လျစ်လျူရှုထားလိုက်သည်။

ရှီလဲ့က အိုးတိုးအန်းတန်းဖြင့် ခေါင်းကုတ်လိုက်သည်။ အိုရန်ရှန်းတွင် သူ့ကို အကူအညီတောင်းစရာ ဘာမှမရှိတော့သည်ကို သူ သတိရသွားသည်။ ထမင်းခတ်ခြင်းကဲ့သို့ သာမန်အလုပ်ကို သူကိုယ်တိုင်ပဲ လုပ်ရတော့မည်။

ရှေးလူကြီးများ ပြောသလိုပင် ကိုယ့်ဘာသာလုပ်မှ စားဝတ်နေရေး အဆင်ပြေမည် ဖြစ်သည်။

နောက်ထပ် ထမင်းတစ်ပန်းကန် စားပြီးနောက် ရှီလဲ့သည် သီချင်းလေး ညည်းကာ အခန်းထဲ ပြန်ဝင်လာသည်။ ခေတ္တနားပြီး စိတ်ကူးများကို ပြန်လည် စုစည်းပြီးနောက် ရှီလဲ့သည် ကီးဘုတ်ပေါ်တွင် ဆက်လက် ရိုက်နှက်ပြန်သည်။

နာမည်ကြီး ထုတ်လုပ်သူများကို ဆွဲဆောင်ရန်မှာ ထင်သလောက် မလွယ်ကူပေ။

မနက် ၁ နာရီ ထိုးခါနီးမှသာ ရှီလဲ့သည် နောက်ဆုံးတွင် လှဲလျောင်း အိပ်ပျော်သွားတော့သည်။

နောက်တစ်နေ့မနက်တွင် ဖုန်းမြည်သံကြောင့် ရှီလဲ့ နိုးလာသည်။

“ဟယ်လို” ရှီလဲ့က မရေမရာ ပြန်ထူးလိုက်သည်။

ဖုန်းထဲမှ လင်းယွီမို၏ ချိုသာနူးညံ့သော အသံလေး ထွက်ပေါ်လာသည်။ “မိစ္ဆာရှီ၊ အတန်းစတော့မယ်လေ.. နင် မထသေးဘူးလား”

ရှီလဲ့ ဖုန်းထဲက အချိန်ကို ကြည့်လိုက်ရာ မနက် ၈ နာရီ ၁၅ မိနစ် ရှိနေပြီ ဖြစ်သည်။ “ရှောင်မော့ ဒီနေ့မနက် ဘာအတန်းလဲ”

လင်းယွီမော့က “ကွန်ပျူတာ သီအိုရီ အတန်း တစ်ချိန်ပဲ ရှိတယ်.. အစပိုင်းမှာတော့ ကွန်ပျူတာသိပ္ပံ နိဒါန်းနဲ့ ကွန်ပျူတာကွန်ရက် သမိုင်းကြောင်းအကြောင်း ဖြစ်မယ် ထင်တယ်” ဟု ပြန်ဖြေသည်။

ရှီလဲ့ ထိုစကားကို ကြားသောအခါ အတန်းလစ်ရန် ဆုံးဖြတ်လိုက်သည်။ ကွန်ပျူတာ သီအိုရီ ဆရာမမှာ နာမည်ကြီး အဘွားကြီးတစ်ဦး ဖြစ်သည်။”ရှောင်မော့ငါ မနက်ပိုင်း မလာတော့ဘူး”

လင်းယွီမော့ကနှာခေါင်းရှုံ့ကာ “နင်ကတော့ အတန်းလစ်ဖို့ပဲ ချောင်းနေတာပဲ”

ရှီလဲ့က ရယ်မောကာ “မနေ့က နင် ကြားသားပဲ ငါ အတန်းခေါင်းဆောင်နဲ့ လောင်းထားတာလေ... ငါ ပြိုင်ပွဲဝင် ဆော့ဖ်ဝဲလ်ကို အမြန်ရေးရမယ်..မဟုတ်ရင် ငါရှုံးသွားတဲ့အခါ ကျောင်းတစ်ကျောင်းလုံးကို ငါက ဂေးပါလို့ ကြေညာရလိမ့်မယ် အဲဒီကျရင် ငါတို့... “

ရှီလဲ့ စကားမဆုံးခင်မှာပင် လင်းယွီမော့က ကြားဖြတ်ပြောလိုက်သည်။ “ကဲပါ... ငါ သိပြီ နင် နေမကောင်းလို့ဆိုပြီး ဆရာမကို ပြောပေးလိုက်မယ်”

ဖုန်းချပြီးနောက် ရှီလဲ့သည် ကုတင်ပေါ်တွင် လှဲလျောင်းကာ မျက်စိမှိတ် စဉ်းစားနေသည်။

အခုတလော လုပ်စရာတွေက အများကြီးပဲ။

ကမ္ဘာ့အဆင့် ၉ ရှိသော စူပါကွန်ပျူတာကို သိမ်းပိုက်ဖို့၊ ပြိုင်ပွဲဝင် ဆော့ဖ်ဝဲလ် ရေးဖို့နဲ့ လှုပ်ရှားမှု ဖမ်းယူသည့် စနစ်ကို ပြည့်စုံအောင် လုပ်ဖို့။

အခုလောလောဆယ် အရေးကြီးဆုံးကတော့ ကျောင်းတွင်း ဆော့ဖ်ဝဲလ်ပြိုင်ပွဲအတွက် ဆော့ဖ်ဝဲလ် ရေးဖို့ပဲ ဖြစ်သည်။ စူပါကွန်ပျူတာကို သိမ်းပိုက်ဖို့ ကိစ္စကိုတော့ ခေတ္တ ဆိုင်းငံ့ထားတာ ပိုကောင်းလိမ့်မည်။

ရှီလဲ့ အဆင်သင့် မဖြစ်သေးပေ။

အကယ်၍ သူ ပထမအကြိမ်တွင် မအောင်မြင်ပါက တစ်ဖက်လူက ဟာကွက်ကို ပိတ်ပစ်မည်ဖြစ်ပြီး ရှီလဲ့အတွက် စူပါကွန်ပျူတာကို ထိန်းချုပ်နိုင်မည့် မျှော်လင့်ချက်အားလုံး ပျောက်ဆုံးသွား ပေလိမ့်မည်။ လှုပ်ရှားမှု ဖမ်းယူသည့် စနစ်မှာမူ ယခုလောလောဆယ် လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်သည်။ ၎င်းကို ပြည့်စုံအောင် လုပ်မည့် အလုပ်ကိုလည်း နောက်ဆိုင်းထားနိုင်သည်။

ရှီလဲ့သည် ဧည့်ခန်းရှိ ရေခဲသေတ္တာထဲမှ အိုရန်ရှန်း ဝယ်ထားသော နို့နှင့် သစ်သီးအချို့ကို ယူကာ မနက်စာအဖြစ် စားလိုက်သည်။ ထို့နောက် အခန်းထဲပြန်ဝင်ကာ ပြိုင်ပွဲဝင် ဆော့ဖ်ဝဲလ်ကို ဆက်လက် ရေးသားတော့သည်။

ရှီလဲ့ ရေးသားနေသော ဆော့ဖ်ဝဲလ်မှာလည်း ပုံရိပ်ပြုပြင်သည့် ဆော့ဖ်ဝဲလ် တစ်ခုပင် ဖြစ်သည်။ အတိအကျ ပြောရလျှင် ၎င်းမှာ ‘အချိန်နှင့်တစ်ပြေးညီ ပုံရိပ်ပြုပြင်သည့် ဆော့ဖ်ဝဲလ်’ ဖြစ်သည်။

သုံးနာရီကျော် အချိန်ပေးပြီးနောက် မွန်းတည့်ခါနီးတွင် ရှီလဲ့သည် နောက်ဆုံး ကုဒ်ကို ရိုက်၍ပြီးစီးသွားသည်။ ပရိုဂရမ်ကို စမ်းသပ်ကြည့်ပြီး ကောင်းမွန်စွာ လည်ပတ်နိုင်ကြောင်း အတည်ပြုပြီးနောက် ရှီလဲ့သည် သက်ပြင်းချလိုက်သည်။

ရှီလဲ့ ရေးသားထားသော ‘ဆော့ဖ်ဝဲလ်’ သည် ပြန်လည်မွေးဖွားလာသော သူ့အတွက် ခက်ခဲသောအရာ မဟုတ်ပေ။ တစ်ခုတည်းသော အခက်အခဲမှာ နာမည်ကြီး ကုမ္ပဏီများကို ရွှမ်းချင်းမြို့သို့ လာရောက်ကာ သေးငယ်သော တက္ကသိုလ် ဆော့ဖ်ဝဲလ်ပြိုင်ပွဲတွင် ပါဝင်ရန် မည်သို့ ဖိတ်ခေါ်ရမည်နည်း ဆိုသည့် အချက်ပင် ဖြစ်သည်။

ရှီလဲ့ ဖိတ်ခေါ်ရန် စီစဉ်ထားသော ကုမ္ပဏီ ငါးခုစလုံးသည် ကမ္ဘာကျော် ထိပ်တန်း ကုမ္ပဏီကြီးများ ဖြစ်ကြသည်။ သူတို့ကို ဆွဲဆောင်ရန်မှာ မလွယ်ကူပေ။

သို့သော်လည်း ရှီလဲ့တွင် အတော်အတန် ယုံကြည်မှု ရှိနေသည်။

ဘာကြောင့်လဲဆိုတော့ သူ တီထွင်ထားသော ဆော့ဖ်ဝဲလ်သည် ထိုဖိတ်ခေါ်ခံရမည့် ထုတ်လုပ်သူများအတွက် မတွန်းလှန်နိုင်သော ဆွဲဆောင်မှု တစ်ခု ရှိနေသောကြောင့် ဖြစ်သည်။ ထိုကဲ့သို့သော ထူးကဲသည့် နည်းပညာကို သူတို့ လုံးဝ လက်လွှတ်ခံမည် မဟုတ်ပေ။

ထို့ကြောင့် ရှီလဲ့သည် အလွန်ပင် ယုံကြည်မှု ရှိနေခြင်း ဖြစ်သည်။

All Chapters